← Chapters

အခန်း (၆၇၅-၆၇၆)

Vol. 68 Ch. 675-676

အခန်း (၆၇၅-၆၇၆)

Vol. 68 Ch. 675-676

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၆၇၅ + ၆၇၆

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

Characters – 15843

မြို့တော်ကြီးတစ်ခုလုံးသည် အဖြူရောင် ဝမ်းနည်းခြင်းပင်လယ်ပြင်ကြီးအလား ဖြစ်နေ၏။ မရေမတွက်နိုင်သော လူအုပ်ကြီးသည် ဧကရာဇ်ဟောင်း၏ ဝိညာဉ်ကို စောင့်ရှောက်ရန် နန်းတော်သို့ ရောက်ရှိလာကြသည်။ ပြည့်စုံကြွယ်ဝသူများက အဖြူရောင်ဝတ်စုံများကို သေသပ်စွာ ဝတ်ဆင်ထားကြသော်လည်း ၊ ဆင်းရဲနွမ်းပါးသူများမှာမူ ရှိသမျှအဝတ်အစားများကို ထုံးဖြူသုတ်ကာ ဝတ်ဆင်လာကြလေသည်။

လူသောင်းချီသော လူအုပ်ကြီးသည် ဖြူလွလွ ဝတ်စုံများဖြင့် ဧကရာဇ်ဟောင်းအား ဝမ်းနည်းခြင်း အထိမ်းအမှတ် ပြုလုပ်နေကြသည်မှာ ကြေကွဲဖွယ်ရာ မြင်ကွင်းတစ်ခုပင်။ ဧကရာဇ်ထျန်ယွင်သည် ပညာရှိသော ဘုရင်တစ်ပါး မဟုတ်ခဲ့သည့်တိုင် ဖန်းမိသားစု မြို့တော်ကို ပိတ်ဆို့ထားစဉ်ကသာ သူ မရှိခဲ့လျှင် ပြည်သူပေါင်း ၂ သိန်း ၊ ၃ သိန်း မက ငတ်မွတ်သေဆုံးကြရပေလိမ့်မည်။

မြို့တော်ရှိ သန်းပေါင်းများစွာသော ပြည်သူများ၏ အသက်ကို ကယ်တင်ခဲ့သော ကျေးဇူးတရားကြောင့် ပြည်သူတိုင်းသည် ဤကြင်နာတတ်သော ဧကရာဇ်ကို ထာဝရ အောက်မေ့ သတိရနေကြမည်မှာ မလွဲဧကန်ပင်။

တုပိုင် မြင်းပေါ်မှ ဆင်းလိုက်ပြီး ဧကရာဇ်အတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ် ပြုလုပ်နေကြသော လူအုပ်ကြီးကို ဦးညွှတ် ဂါရဝပြုလိုက်သည်။ လူသောင်းပေါင်းများစွာကလည်း တုပိုင်အား ပြန်လည် ဦးညွှတ်ကြလေ၏။

ထိုပြည်သူများကို ကြည့်ရင်း တုပိုင် စိတ်ထဲမှ ကတိစကားတစ်ခွန်းကို တိုးတိတ်စွာ ရေရွတ်လိုက်သည်။

“ရှန်ဟိုင်ကွမ်ကို အကျမခံဘူး။ မြို့တော်ကိုလည်း အကျမခံဘူး။ ဒီကံကြမ္မာ အဆုံးအဖြတ် တိုက်ပွဲကို ကျုပ်သေချာပေါက် နိုင်အောင် တိုက်မယ်။ တာ့နင်အင်ပါယာ ပျက်သုဉ်းသွားမှာ မဟုတ်ဘူး။ ဒါက ခင်ဗျားတို့အားလုံးကို ကျုပ်ပေးတဲ့ ကတိပဲ”

ထို့နောက် တုပိုင် မြင်းပေါ်သို့ ပြန်တက်ကာ မြို့တော်မှ ထွက်ခွာလာခဲ့လေသည်။ လမ်းတစ်လျှောက်လုံးတွင် အဖြူရောင်ဝတ်စုံများ ဝတ်ဆင်ထားသော လူအများအပြားက တုပိုင်ကို ဦးညွှတ် နှုတ်ဆက်ကြ၏။ ယမန်နေ့က မငြိမ်မသက် ဖြစ်နေသော မြို့တော်ကြီးသည် ဧကရာဇ်ဟောင်း နတ်ရွာစံသွားမှုကြောင့် လုံးဝ တိတ်ဆိတ်ငြိမ်သက်သွားပြီး လေထုတစ်ခုလုံးသည် ဝမ်းနည်းပူဆွေးမှုများတွင် နှစ်မြုပ်နေလေတော့သည်။

တုပိုင် မြို့တော်တံခါးမှ မြင်းကို ဒုန်းစိုင်း နှင်ထွက်လာခဲ့လိုက်သည်။

“ဒေါင်... ဒေါင်... ဒေါင်...”

မြို့တော်အတွင်း၌ ခေါင်းလောင်းသံများ တုန်ခါစွာ မြည်ဟည်းလာပြီး ဧကရာဇ်ထျန်ယွင် နတ်ရွာစံသွားကြောင်း ကမ္ဘာလောကကို တရားဝင် ကြေညာလိုက်လေတော့၏။

သုံးနာရီခွဲခန့် ကြာမြင့်ပြီးနောက် ရှန်ဟိုင်ကွမ်နှင့် မိုင် ၃၀ ခန့် အကွာတွင် တုပိုင်၏ အရှိန်သည် ရုတ်တရက် နှေးကွေးသွားပြီး မြင်းပေါ်မှ ခုန်ဆင်းလိုက်သည်။

ပင်လယ်ပြင်ပေါ်တွင် သင်္ဘောတစ်စင်း ပေါလောပေါ်နေ၏။ ထိုသင်္ဘောပေါ်တွင် ပေမင်ဓားဂိုဏ်းမှ မဟာဆရာသခင်အဆင့်ရှိ အားကောင်းသည့် သိုင်းပညာရှင်လေးဦး ပါလာလေသည်။

“ရွှီး... ရွှီး... ရွှီး...”

လေတိုးသံများနှင့်အတူ လူရိပ်များ လှုပ်ရှားသွားကြသည်။ နောက်တစ်ခဏတွင် သင်္ဘောသည် ကောင်းကင်ယံသို့ ရောက်ရှိလာ၏။ ပေမင်ဓားဂိုဏ်းမှ မဟာဆရာသခင်လေးဦးသည် အရှေ့တောင် ၊ အနောက်မြောက် စသည့် အရပ်မျက်နှာ လေးဖက်မှနေ၍ တုပိုင်ကို ဝိုင်းရံလိုက်ကြသည်။

“ပေမင်ဂိုဏ်းချုပ်ရဲ့ အမိန့်အတိုင်း... ဝိညာဉ်မိစ္ဆာတုပိုင်ကို အပြစ်ပေးမယ်”

ပေမင်ဓားဂိုဏ်းမှ မဟာဆရာသခင်လေးဦးသည် ဓားများကို အသီးသီး ဆွဲထုတ်လိုက်ကြပြီး သူတို့၏ စွမ်းအားများကို စုစည်းကာ တုပိုင်အား ခက်ထန်စွာ တိုက်ခိုက်လိုက်ကြတော့သည်။

“အချိန်ကို တွက်ကြည့်လိုက်တော့ ခင်ဗျားတို့ ရောက်လာသင့်နေပြီပဲ” တုပိုင်က အေးဆေးစွာပင် ပြောလိုက်သည်။ “ကောင်းပြီလေ... ကျုပ်ရဲ့ ဝမ်းနည်းပူဆွေးမှုတွေကို ခင်ဗျားတို့ဆီ ပုံချပေးလိုက်မယ်”

ထို့နောက် သူသည် ဓားကို ရုတ်တရက် ဆွဲထုတ်လိုက်ပြီး ရွှေရောင်အလင်းတန်းတစ်ခုအသွင် ပြောင်းလဲကာ ရန်သူများကို သတ်ဖြတ်ရန် ပြေးဝင်သွားလိုက်လေ၏။

တုပိုင်သည် ဒုတိယအဆင့် ဆရာသခင်မျှသာ ဖြစ်ပြီး မဟာဆရာသခင်အဆင့် လေးဦးကို ရင်ဆိုင်နေရခြင်း ဖြစ်သည်။ ယှဉ်ပြိုင်တိုက်ခိုက်ရန် မဖြစ်နိုင်ပေ။ သာမန်အားဖြင့်ဆိုလျှင် ချက်ချင်း အသတ်ခံလိုက်ရမည့် အနေအထားသာ ဖြစ်၏။

သို့သော် သူ ဤကမ္ဘာသို့ ရောက်လာပြီးကတည်းက အမှန်တကယ် တစ်ယောက်ချင်း တိုက်ခိုက်ခြင်းမျိုး တစ်ခါမှ မပြုလုပ်ဖူးသေးပေ။ တစ်ကြိမ်သာ ရှိဖူးပြီး ယင်းမှာ ထန်ယန်နှင့် ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်သည်။ ယခု သူသည် မျက်နှာချင်းဆိုင် တိုက်ခိုက်ကြည့်လိုပြီး သူ၏ စွမ်းရည် မည်မျှရှိသည်ကို စမ်းသပ်လိုနေသည်။

“ဝိညာဉ်ခွင်းအရိပ်တိုက်ခိုက်မှု”

ပထမဆုံးအနေဖြင့် တုပိုင်သည် ပေမင်မဟာဆရာသခင်တစ်ဦးထံသို့ ပြင်းထန်သော စိတ်စွမ်းအင်တိုက်ခိုက်မှုကို လွှတ်ထုတ်လိုက်၏။ သို့သော် အရာမထင်ပေ။ အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူသည် အထူးပြုလုပ်ထားသော မျက်နှာဖုံးကို ဆောင်းထားပြီး ဝိညာဉ်တိုက်ခိုက်မှုကို ခုခံကာကွယ်နိုင်သောကြောင့် ဖြစ်သည်။

တုပိုင်တွင် စိတ်စွမ်းအင် တိုက်ခိုက်နိုင်စွမ်းရှိကြောင်း သိကြသဖြင့် ထိုမျက်နှာဖုံးသည် စံသတ်မှတ်ချက်တစ်ခု ဖြစ်လာပြီး တုပိုင်ကို သတ်လိုသူတိုင်း ဝတ်ဆင်လာကြစမြဲပင်။

“ငရဲမီးတောက်”

တုပိုင် လက်ဖဝါးအတွင်းတွင် ငရဲမီးတောက်ကို ကိုင်ဆောင်ထားပြီး ပေမင်မဟာဆရာသခင်တစ်ဦးထံသို့ ပစ်လွှတ်လိုက်သည်။ သို့သော် တစ်ဖက်လူသည် မဟာဆရာသခင်အဆင့် ဖြစ်သဖြင့် လျင်မြန်စွာ ရှောင်တိမ်းလိုက်နိုင်၏။

“ဝုန်းးးး”

ငရဲမီးတောက်သည် မြေကြီးပေါ်သို့ ကျရောက်သွားပြီး ချက်ချင်းပင် ကြီးမားသော တွင်းနက်ကြီးတစ်တွင်း ဖြစ်ပေါ်သွားလာစေသည်။

“ရွှပ်...”

“ရွှပ်...”

“ရွှပ်...”

တစ်ချိန်တည်းမှာပင် ပေမင်မဟာဆရာသခင်လေးဦး၏ ဓားချီများသည် တုပိုင်၏ ခန္ဓာကိုယ်ပေါ်သို့ ရက်စက်စွာ ကျရောက်လာလေ၏။ ချက်ချင်းဆိုသလိုပင် တုပိုင်၏ ခန္ဓာကိုယ်ပေါ်တွင် တစ်ပေကျော် ရှည်သော ဓားရာကြီးလေးခု ဖြစ်ပေါ်လာ၏။ အရိုးများ ကျိုးပဲ့ကုန်ပြီး အတွင်းကလီစာများ စုတ်ပြဲကုန်သည်။ တုပိုင်တွင် နဂါးအကြေးခွံများ ရှိပြီး ဓားပြီးသော်လည်း ပေမင်မဟာဆရာသခင်များ၏ ဓားချီကိုမူ တားဆီးနိုင်စွမ်း မရှိသေးပေ။

မှန်ပေသည်။ တုပိုင် ယခုအချိန်တွင် ယခင်ကထက် များစွာ တိုးတက်နေပြီးသား ဖြစ်လေ၏။ ယခင်ကသာဆိုလျှင် ဤဓားချက်တစ်ချက်တည်းနှင့်ပင် တစ်ကိုယ်လုံး ပြတ်တောက်သွားပြီး အပိုင်းပိုင်းအစစ ဖြစ်သွားပေလိမ့်မည်။

“ရွှီး... ရွှီး... ရွှီး...”

တုပိုင်၏ သွေးကြောခြောက်သွယ် ဓားသိုင်းက ရူးသွပ်စွာ ထွက်ပေါ်လာသည်။ ရုတ်တရက် လေဆာသေနတ်တစ်လက်ကဲ့သို့ မုန်တိုင်းသဖွယ် ပစ်ခတ်လိုက်ခြင်း ဖြစ်သည်။ ရန်သူ မဟာဆရာသခင်လေးဦးသည် ဓားများကို ဆုပ်ကိုင်ထားပြီး လျင်မြန်စွာ ကာကွယ်လိုက်ကြ၏။ တုပိုင်၏ သွေးကြောခြောက်သွယ် ဓားချက်တိုင်းကို သူတို့ အလွယ်တကူပင် ပိတ်ဆို့လိုက်နိုင်ကြသည်။

ပေမင်မဟာဆရာသခင်တစ်ဦးက ချီးကျူးလိုက်သည်။ “တုပိုင်... မင်း တကယ်ပဲ အံ့သြစရာ ကောင်းတာပဲ။ တခြားလူသာဆိုရင် ဒီတိုက်ခိုက်မှုကြောင့် အပိုင်းပိုင်းအစစ ဖြစ်သွားလောက်ပြီ။ မင်းခန္ဓာကိုယ်မှာ ဓားရာလေးခုပဲ ဖြစ်ပြီး အသက်ရှင်နေသေးတယ် ဆိုတော့ မဆိုးဘူးပဲ”

တုပိုင်သည် ကွဲအက်နေသော သူ၏ ခန္ဓာကိုယ်နှင့် ထက်ပိုင်းပြတ်လုနီးပါး ဖြစ်နေသော အတွင်းကလီစာများကို ငုံ့ကြည့်လိုက်သည်။

“ဒါပေမဲ့ တုပိုင်... ကျင့်ကြံမှုအဆင့် ကွာခြားချက်က ဖြတ်ကျော်လို့မရတဲ့ ကွာဟချက်ကြီးတစ်ခုလို ဖြစ်နေတုန်းပဲ” ပေမင်မဟာဆရာသခင်က အေးစက်စွာ ပြောလိုက်၏။ “မင်းရဲ့ သိုင်းပညာက ငါတို့အတွက် ဘာမှ မဟုတ်ဘူး။ ဓားတစ်ချက်တည်းနဲ့ မသေဘဲ ခံနိုင်ရည် ရှိတာတော့ ကောင်းပါရဲ့။ ဒါပေမဲ့ ဒုတိယဓားချက်ကိုရော တားနိုင်ဦးမလား ကြည့်ကြသေးတာပေါ့”

ထို့နောက် ပေမင်မဟာဆရာသခင်လေးဦးသည် ဒုတိယအကြိမ် သေစေနိုင်သော တိုက်ခိုက်မှု ပြုလုပ်ရန် ခန္ဓာကိုယ်အတွင်းမှ ရွှမ်းချီအတွင်းအားများကို ထပ်မံ စုစည်းလိုက်ကြသည်။ တုပိုင်သည် မဟာဆရာသခင်လေးဦး၏ ဒုတိယဓားချက်ကို တားဆီးနိုင်မည်လား။

မတားဆီးနိုင်ပေ။ ပထမဓားချက်က တုပိုင်၏ ခန္ဓာကိုယ်ကို တစ်ဝက်ခန့် ပြတ်တောက်သွားစေခဲ့သည်။ ဒုတိယဓားချက်တွင်မူ တုပိုင်၏ ခန္ဓာကိုယ်သည် အပိုင်းပိုင်းအစစ ဖြစ်သွားပေလိမ့်မည်။ တုပိုင်၏ သွေးစွမ်းအင်သည် အလွန် အားကောင်းပြီး ခန္ဓာကိုယ် နှစ်ပိုင်းပြတ်သွားလျှင်ပင် ယေဘုယျအားဖြင့် မသေနိုင်သော်လည်း ခန္ဓာကိုယ် အပိုင်းပိုင်းအစစ ဖြစ်သွားလျှင် မသေဟု မဆိုလိုနိုင်ပေ။

ပေမင်မဟာဆရာသခင်တစ်ဦးက လှောင်ပြောင်လိုက်သည်။ “တုပိုင်... မင်းက အရင်တုန်းကလို မိန်းမစိုး ပုံစံလေးက ပိုကြည့်ကောင်းသေးတယ်။ အခု မင်းရဲ့ အောက်ပိုင်းက သိပ်ကြီးမားလွန်းနေတော့ ငါတို့လို သာမန် ယောကျ်ားတွေတောင် မနာလို ဖြစ်မိတယ်ကွာ”

တုပိုင်က ပြန်မေးလိုက်၏။ “ပေမင်ဓားဂိုဏ်းက မဟာဆရာသခင်တွေလည်း မနာလို ဖြစ်တတ်သေးတာလား”

“ဒါပေါ့” ပေမင်မဟာဆရာသခင်က ဝန်ခံလိုက်သည်။ “ငါတို့လည်း သာမန်လူတွေပဲလေ။ ငါတို့မှာလည်း ခံစားချက်တွေ ၊ ဆန္ဒတွေ ရှိတာပဲ။ ဂိုဏ်းချုပ် နင်တောက်ရွှမ် လက်ထက်မှာ ပေမင်ဓားဂိုဏ်းက ပိုပြီး လောကီဆန်လာတာ မင်း မသတိထားမိဘူးလား”

ထို့နောက် မဟာဆရာသခင်က ဆက်ပြောလိုက်၏။ “တုပိုင်... ဒါကြောင့် ငါ့ရဲ့ နောက်ထပ်ဓားချက်က မင်းကို အပြီးတိုင် သင်းကွပ်ပစ်လိုက်မယ်။ မင်းကို မိန်းမစိုးတစ်ယောက် အနေနဲ့ပဲ ငရဲပြည်ကို ပြန်ပို့ပေးလိုက်မယ်။ မင်း စိတ်မရှိလောက်ပါဘူးနော်”

“ငါ စိတ်ရှိတယ်” တုပိုင် ပြုံးလျက် ပြန်ပြောလိုက်သည်။

ပေမင်မဟာဆရာသခင်လေးဦးသည် ရွှမ်းချီအတွင်းအားများကို ဆက်လက် စုစည်းနေပြီး တုပိုင်ကို အသေအလဲ တိုက်ခိုက်ရန် စောင့်ဆိုင်းနေကြသည်။ တုပိုင်ကို တစ်ချက်တည်းနှင့် အပိုင်းပိုင်းအစစ ဖြစ်သွားစေရန်နှင့် လုံးဝ သင်းကွပ်ပစ်ပြီး မိန်းမစိုးဘဝသို့ ပြန်ပို့ရန် ရည်ရွယ်ထားကြခြင်း ဖြစ်၏။

“ဝူးးးး”

ရုတ်တရက် တုပိုင်၏ ခန္ဓာကိုယ်အနှံ့အပြားရှိ ဒဏ်ရာများမှ သွေးများ ပန်းထွက်လာပြီး နေရာအနှံ့ သွေးမှုန်များ ပြန့်ကျဲသွားသည်။ ငရဲမီးတောက်သည် ထိုသွေးမှုန်များကို ပြင်းထန်စွာ လောင်ကျွမ်းစေလိုက်၏။

“ဝုန်းးးးး”

ခဏအတွင်းမှာပင် တုပိုင်တစ်ကိုယ်လုံးသည် မီးတောက်ကြီးတစ်ခုအသွင် ပြောင်းလဲသွားပြီး အဖြူရောင်နီးပါး ဖြစ်နေသော ငရဲမီးတောက်များ ဖြစ်လာလေသည်။

တစ်ချိန်တည်းမှာပင်

“ရွှပ်... ရွှပ်... ရွှပ်...”

ပေမင်မဟာဆရာသခင်လေးဦး၏ သေစေနိုင်သော ဓားချက်များ ကျရောက်လာသည်။ ဤဓားချက်လေးချက်သည် မူလက တုပိုင်၏ ခန္ဓာကိုယ်ကို အပိုင်းပိုင်းအစစ ဖြစ်သွားစေရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။ သို့သော် ယခုအခါ ဤသေစေနိုင်သော ဓားချီများသည် တုပိုင်၏ ခန္ဓာကိုယ် မျက်နှာပြင်ပေါ်ရှိ ငရဲမီးတောက်များကို ခုတ်ပိုင်းမိလိုက်ပြီး ချက်ချင်းပင် အစအနမကျန် ပျောက်ကွယ်သွားလေတော့သည်။

ငရဲမီးတောက်သည် ခုတ်ပိုင်းလိုက်သော ဓားချီများ အပါအဝင် အရာအားလုံးကို လောင်ကျွမ်းပစ်လိုက်ခြင်း ဖြစ်သည်။

“ဝုန်း... ဝုန်း... ဝုန်း...”

ငရဲမီးတောက်လူသားအဖြစ် ပြောင်းလဲသွားသော တုပိုင်သည် အမှန်ပင် ငရဲမိစ္ဆာတစ်ကောင်နှင့် တူနေလေသည်။ သူသွားလေရာ နေရာတိုင်း ပျက်စီးခြင်းသို့ ရောက်ရလေ၏။ ပေမင်မဟာဆရာသခင်လေးဦးသည် ထိုမြင်ကွင်းကို ကြည့်ပြီး လုံးဝ ကြောင်အမ်းသွားကြသည်။ တုပိုင်တွင် ဤမျှ ကြောက်မက်ဖွယ်ကောင်းပြီး ရူးသွပ်သည့် သိုင်းပညာမျိုး ရှိနေ၏။

မဟာဆရာသခင်လေးဦးသည် လင်းပိုဝေပုသိုင်းကွက်ကို အသုံးပြုကာ တုပိုင်ကို အချိန်တိုင်း ဝိုင်းရံထားသော်လည်း အနားသို့ မကပ်ရဲကြပေ။ ဤငရဲမီးတောက်သည် အလွန် ကြောက်စရာကောင်းပြီး အလောင်ခံရသည်နှင့် ပျက်စီးခြင်းသို့ ရောက်ရမည် ဖြစ်သည်။

တုပိုင်သည် ငရဲမီးတောက်မိစ္ဆာအဖြစ် ပြောင်းလဲကာ ပင်လယ်ဘက်သို့ ဦးတည် ပြေးသွားသည်။ သရဲမီးတောက်တစ်ခုကဲ့သို့ ပင်လယ်ပြင် နက်ရှိုင်းရာသို့ ဦးတည်သွားနေခြင်း ဖြစ်သည်။ ခဏအတွင်းမှာပင် သူ့ပတ်ဝန်းကျင်ရှိ ပင်လယ်ရေများ လုံးဝ အငွေ့ပျံကုန်၏။

ပေမင်မဟာဆရာသခင်လေးဦးသည် ပင်လယ်ပြင်ပေါ်သို့ လိုက်ပါလာကြပြီး လင်းပိုဝေပုသိုင်းကွက်ကို အသုံးပြုကာ ရေပြင်ပေါ်တွင် နင်းလျောက်ရင်း တုပိုင်ကို ဝိုင်းရံထားဆဲ ဖြစ်သည်။

မိုင်ပေါင်းများစွာ ပြေးပြီးနောက် တုပိုင် နောက်ဆုံးတွင် ရပ်တန့်လိုက်သည်။ မဟာဆရာသခင်လေးဦးသည် တုပိုင်ကို ဆက်လက် ဝိုင်းရံထားကြဆဲပင်။

“တုပိုင်... မင်းက တကယ်ကို အရမ်း အရမ်း ထူးခြားတာပဲ” ပေမင်မဟာဆရာသခင်တစ်ဦးက ချီးကျူးလိုက်ပြန်၏။ “မင်းက မီးတောက်လူသားအဖြစ် ပြောင်းလဲလိုက်တော့ ငါတို့ရဲ့ တိုက်ခိုက်မှုတွေ အားလုံး အရာမထင် ဖြစ်ကုန်တယ်။ ပြီးတော့ မင်းကို ထိတောင် မထိရဲဘူး။ မဟုတ်ရင် ပြာကျသွားမှာကိုး”

“ဒါပေမဲ့ တုပိုင်... ငရဲမီးတောက် လောင်ကျွမ်းနေဖို့ ဘာကို အရင်းအနှီး ပြုထားရသလဲ။ မင်းရဲ့ သွေးနဲ့ မင်းရဲ့ ရွှမ်းချီအတွင်းအားကို သုံးထားရတာ။ ဒီနှစ်ခု ပေါင်းစပ်ပြီးမှ ငရဲမီးတောက်အတွက် လောင်စာ ဖြစ်လာတာ” ပေမင်မဟာဆရာသခင်က ထောက်ပြလိုက်သည်။ “မင်းရဲ့ ခန္ဓာကိုယ်ထဲက အတွင်းအားနဲ့ သွေး ပမာဏနဲ့ဆိုရင် ငရဲမီးတောက်ကို ဘယ်လောက်ကြာကြာ ထိန်းထားနိုင်မှာလဲ”

ထိုသည်ကား အမှန်ပင်။

“မင်းက ငါတို့ကို တိုက်ခိုက်ဖို့ မင်းရဲ့ သွေးနဲ့ ရွှမ်းချီအတွင်းအားကို လောင်ကျွမ်းခံလိုက်တာ။ တကယ်ကို အံ့သြစရာပဲ” ပေမင်မဟာဆရာသခင်က တွက်ချက်ပြလိုက်၏။ “ဒါပေမဲ့ ငါတို့က စောင့်နေလို့ ရတယ်။ မင်းရဲ့ သွေးနဲ့ အတွင်းအား ကုန်ခမ်းသွားတဲ့အထိ စောင့်နေလိုက်မယ်။ အဲဒီအချိန်ကျရင် ငရဲမီးတောက်က ငြိမ်းသွားမှာပဲ။ ငါတို့ ဘာမှ လုပ်စရာတောင် မလိုဘဲ မင်း သေသွားလိမ့်မယ် မဟုတ်လား”

ထိုသည်လည်း အမှန်ပင်။ တုပိုင်သည် သွေးနှင့် ရွှမ်းချီအတွင်းအားကို အမှန်တကယ် လောင်ကျွမ်းခံနေခြင်း ဖြစ်သည်။ ထို့အပြင် သူ၏ အတွင်းအားသည် အများဆုံး ၁၅ မိနစ်ခန့်သာ လောင်ကျွမ်းနိုင်ပြီး ထို့နောက် ငရဲမီးတောက် အလိုအလျောက် ငြိမ်းသွားပေလိမ့်မည်။ သူ၏ သွေးသည်လည်း ၁၅ မိနစ်ထက် အနည်းငယ်သာ ပို၍ ခံနိုင်မည် ဖြစ်ပြီး သွေးကုန်သွားသည်နှင့် သေလုနီးပါး ဖြစ်သွားပေလိမ့်မည်။

တုပိုင်က ပြုံးကာ ပြောလိုက်သည်။ “ပေမင်ဓားဂိုဏ်းက မဟာဆရာသခင်လေးယောက်... ခင်ဗျားတို့ကို သတ်ဖို့ ကျွန်တော့်မှာ အစီအစဉ် နှစ်ခု ရှိတယ်။ တစ်ခုက ကမ္ဘာမြေကို တုန်လှုပ်စေမယ့် နည်းလမ်း ၊ နောက်တစ်ခုက တိတ်ဆိတ်ငြိမ်သက်တဲ့ နည်းလမ်း။ ကမ္ဘာမြေကို တုန်လှုပ်စေမယ့် နည်းလမ်းက ဒီပင်လယ်ပြင်ရဲ့ ဂေဟစနစ်ကို အရမ်း ထိခိုက်စေနိုင်လို့ ကျွန်တော် တိတ်ဆိတ်ငြိမ်သက်တဲ့ နည်းလမ်းကိုပဲ ရွေးလိုက်တယ်”

ပေမင်မဟာဆရာသခင်က ကဲ့ရဲ့လိုက်၏။ “ရယ်စရာ ကောင်းလိုက်တာ တုပိုင်ရာ... သေခါနီး လူတစ်ယောက်က ဒီလို ဟာသမျိုး မလုပ်ပါနဲ့ကွာ”

“ငါတို့က စောင့်နေရုံပဲ။ မင်းရဲ့ အတွင်းအား ကုန်ခမ်းသွားတဲ့အထိ စောင့်ပြီး မင်းရဲ့ ခန္ဓာကိုယ်ကို အလွယ်တကူ အပိုင်းပိုင်း ခုတ်ဖြတ်ပစ်လိုက်မယ်”

တုပိုင်က သတိပေးလိုက်သည်။ “ဟုတ်လား... ခင်ဗျားတို့ နောက်ကျောဘက်ကို လှည့်ကြည့်လိုက်ပါဦး”

ပေမင်မဟာဆရာသခင်က လှောင်ပြောင်လိုက်သည်။ “ဒီလို ကလေးကစားကွက်မျိုးက စိတ်ဝင်စားစရာ ကောင်းလို့လား”

ပေမင်မဟာဆရာသခင်တစ်ဦးသည် ခေါင်းလှည့်ကြည့်လိုက်ရာ ကြောက်လန့်ပြီး ဆံပင်မွေးများပင် ထောင်သွားလေသည်။ အဘယ်ကြောင့်ဆိုသော် သူသည် မရေမတွက်နိုင်သော မျက်လုံးများကို တွေ့လိုက်ရသောကြောင့်ပင်။ ပေမင်မဟာဆရာသခင်လေးဦးက တုပိုင်ကို ဝိုင်းရံထားသလို တစ်စုံတစ်ခုကလည်း သူတို့လေးဦးကို ပြန်လည် ဝိုင်းရံထားလေသည်။

မရေမတွက်နိုင်သော မျက်လုံးများက သူတို့ကို စိုက်ကြည့်နေခြင်း ဖြစ်သည်။ ရေဘဝဲ သားရဲကြီး၏ မျက်လုံးများက သူတို့ကို စိုက်ကြည့်နေကြ၏။

ဧရာမ ရေဘဝဲကြီးတစ်ကောင် ဖြစ်သည်။ ယင်း၏ ခြေတံလက်တံတစ်ခုစီသည် မီတာ ၁၀၀ ရှည်လျားပြီး ပါးစပ်ပေါက်များနှင့် မျက်လုံးများဖြင့် ဖုံးလွှမ်းထားသည်။ ဤနေရာသည် ရေဘဝဲသားရဲကြီး၏ နယ်မြေ ဖြစ်သည်။ ထို့ပြင် ဤရေဘဝဲသားရဲကြီးက ယခုအချိန်တွင် တုပိုင်၏ အိမ်မွေးတိရစ္ဆာန် ဖြစ်နေလေပြီ။

ပေမင်မဟာဆရာသခင်လေးဦး၏ ကျောပြင်များ ကျဉ်ဆိမ့်သွားပြီး သွားကိုတင်းတင်းကြိတ်ကာ တုန်လှုပ်စွာ ရေရွတ်လိုက်သည်။ “ပင်လယ်အောက်က သားရဲဆန်းလား... ကြောက်စရာတော့ ကောင်းသားပဲ... ဒါပေမဲ့ ငါတို့ကို နိုင်ချင်မှ နိုင်မှာပါ”

တုပိုင်က မေးလိုက်၏။ “သေချာလို့လား”

ထို့နောက် သူသည် ငရဲမီးတောက်များကို ပြန်သိမ်းလိုက်ပြီး ပုံမှန် ခန္ဓာကိုယ် အနေအထားသို့ ပြန်ပြောင်းလိုက်သည်။ သူ့ခန္ဓာကိုယ်ပေါ်တွင် ကြီးမားသော ဓားရာအက်ကွဲကြောင်းကြီး ရှိနေသေးသည်။

ပေမင်မဟာဆရာသခင်လေးဦးက အေးစက်စွာ ကြိမ်းဝါးလိုက်သည်။ “ဒီရေဘဝဲကို ကျောထောက်နောက်ခံ ပြုထားရုံနဲ့ မင်းက ဘာမှ မကြောက်တော့ဘူးပေါ့လေ... သေစမ်း”

ကျယ်လောင်သော ဟိန်းဟောက်သံနှင့်အတူ မဟာဆရာသခင်လေးဦးသည် တုပိုင်ဆီသို့ ပြေးဝင်လာကြသည်။ သေစေနိုင်သော ဒုတိယဓားချက်ဖြင့် တိုက်ခိုက်ရန် ဖြစ်သည်။ သို့သော် နောက်တစ်စက္ကန့်တွင်ပင် လေးယောက်စလုံး လေထဲတွင် အေးခဲသွားကြလေ၏။

ရေဘဝဲကြီး၏ အစွမ်းထက်ဆုံး တိုက်ခိုက်မှုသည် ခြေတံလက်တံများဖြင့် ရစ်ပတ်ခြင်း မဟုတ်ဘဲ အာရုံကြောအဆိပ် ဖြစ်သည်။ မဟာဆရာသခင်လေးဦးသည် ယင်း၏ ဝိုင်းရံခြင်းကို ခံထားရပြီး ၎င်းထုတ်လွှတ်သော အာရုံကြောအဆိပ်များသည် ဤဧရိယာတစ်ဝိုက်တွင် ပြည့်နှက်နေကာ အရောင်မရှိ ၊ အနံ့မရှိပေ။

ပင်လယ်ရေနှင့် လေထုမှတစ်ဆင့် ပျံ့နှံ့သွားခြင်း ဖြစ်သည်။ ယင်းသည် မဟာဆရာသခင်လေးဦး၏ ခန္ဓာကိုယ်ထဲသို့ အလွယ်တကူ ထိုးဖောက် ဝင်ရောက်သွားလေသည်။ ထို့နောက် သူတို့လေးဦး၏ ခန္ဓာကိုယ်များသည် လုံးဝ လှုပ်မရတော့ဘဲ သေဆုံးသွားသကဲ့သို့ ဖြစ်သွားတော့၏။

တုပိုင်သည် ပေမင်မဟာဆရာသခင်တစ်ဦး၏ ရှေ့သို့ ရောက်လာပြီး လှောင်ပြောင်လိုက်သည်။ “ခင်ဗျားတို့ အကုန်ကြားရတယ် ၊ ခံစားရတယ် ဆိုတာ ကျွန်တော် သိတယ်။ ဒါပေမဲ့ နည်းနည်းလေးမှ မလှုပ်ရှားနိုင်ကြဘူး မလား”

ထိုသူ၏ ခြေထောက်ကြားသို့ ညွှန်ပြရင်း တုပိုင်သည် ဓားကို ပြင်းထန်စွာ ဝှေ့ယမ်းလိုက်သည်။ ရုတ်တရက် ပေမင်ဓားဂိုဏ်း၏ မဟာဆရာသခင်တစ်ဦး သင်းကွပ်ခံလိုက်ရသည်။

“ရွှပ်... ရွှပ်...”

မကြာမီ အခြားသုံးဦးလည်း သင်းကွပ်ခံလိုက်ရသည်။

“အ... အား... အား...”

သူတို့ အသံမထွက်နိုင်ကြသော်လည်း သူတို့၏ နှလုံးသားများက အော်ဟစ်နေကြသည် ၊ ညည်းတွားနေကြသည် ၊ မျှော်လင့်ချက်မဲ့နေကြလေသည်။ ပေမင်ဓားဂိုဏ်းတွင် သူတို့၌ လှပသော ဇနီးမယားများ ၊ ကိုယ်လုပ်တော်များစွာ ရှိကြသော်လည်း ယခုအခါ အားလုံး အသုံးမဝင်တော့ပေ။

တုပိုင်က ဆက်ပြောလိုက်၏။ “ခင်ဗျားတို့က ကျွန်တော့် ခန္ဓာကိုယ်ကို ခုတ်ပိုင်းခဲ့တယ်။ ပြီးတော့ ငရဲမီးတောက်မိစ္ဆာ ဖြစ်လာဖို့အတွက် ကျွန်တော့် သွေး လေးပုံတစ်ပုံလောက်ကို လောင်ကျွမ်းခဲ့ရတယ်။ ခင်ဗျားတို့ ဘယ်လို ပြန်ပေးဆပ်ကြမလဲ။ ဒါကြောင့် စိတ်မကောင်းပါဘူး... ခင်ဗျားတို့ဆီကနေပဲ ပြန်ယူရတော့မှာပေါ့”

မဟာဆရာသခင်နှစ်ဦး၏ ရင်ဘတ်ပေါ်သို့ လက်တင်လိုက်ပြီး ကြယ်တာရာစုပ်ယူခြင်း မဟာအတတ်ကို ရူးသွပ်စွာ အသုံးပြုလိုက်သည်။

“ရူးသွပ်စွာ ဝါးမျိုခြင်း”

“အ... အား... အားးးးး”

မဟာဆရာသခင်နှစ်ဦးသည် ပို၍ သနားစဖွယ် အော်ဟစ်လိုက်ကြသည်။ ယခုလေးပင် တုပိုင် ယူဆောင်သွားသည်မှာ သူတို့၏ ယောကျ်ားပီသမှု ပျော်ရွှင်ခြင်းသာ ဖြစ်သည်။ သို့သော် ယခု တုပိုင် ယူဆောင်နေသည်မှာ သူတို့၏ ရွှမ်းချီအတွင်းအား ၊ အသက်စွမ်းအင်နှင့် သွေးစွမ်းအင်များပါ မကျန် ဖြစ်သည်။

မှန်ပေသည်... သွေးလည်း ပါဝင်သည်။ အဘယ်ကြောင့်ဆိုသော် သူတို့၏ ခန္ဓာကိုယ်များသည် မျက်စိရှေ့မှောက်တွင်ပင် ကျုံ့ဝင်သွားသောကြောင့် ဖြစ်သည်။ မရေမတွက်နိုင်သော ရွှမ်းချီစွမ်းအင်များသည် တုပိုင်၏ သွေးကြောများနှင့် ဒန်တျန်ထဲသို့ မြစ်ရေစီးဆင်းသကဲ့သို့ စီးဝင်လာသည်။

မရေမတွက်နိုင်သော သွေးစွမ်းအင်များသည် တုပိုင်၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်လာသည်။ ရုတ်တရက် သူ့ခန္ဓာကိုယ်ပေါ်ရှိ ကြောက်မက်ဖွယ်ရာ ဓားရာအက်ကွဲကြောင်းများသည် လျင်မြန်စွာ ပြန်လည် ကောင်းမွန်လာပြီး ဖြူဖျော့နေသော မျက်နှာသည်လည်း နီရဲလာလေသည်။

၁၅ မိနစ် ကုန်လွန်ပြီးနောက် ထိုမဟာဆရာသခင်နှစ်ဦးသည် အရှင်လတ်လတ် ခြောက်သွေ့သော အလောင်းကောင်များအဖြစ် ပြောင်းလဲသွားကြသည်။ ထိုမြင်ကွင်းသည် သွေးစုပ်မိစ္ဆာတစ်ကောင်နှင့် အမှန်တကယ် တူနေပေသည်။

“ဝုန်းးးး”

သူတို့၏ ဒန်တျန် တည်ရှိရာ နေရာများ ရုတ်တရက် ပေါက်ကွဲထွက်သွားသည်။ မတတ်သာတော့သဖြင့် တုပိုင်သည် အခြားနှစ်ဦးကို စတင် ဝါးမျိုလိုက်သည်။

ဝါးမျိုသည် ၊ ဝါးမျိုသည်။ မကြာမီ သူ့ခန္ဓာကိုယ်ပေါ်ရှိ ကြောက်မက်ဖွယ်ရာ အမာရွတ်များသည် အစအနမကျန် ပျောက်ကွယ်သွားလေသည်။ ဆုံးရှုံးသွားသော သွေးစွမ်းအင်များကို ပြန်လည် ဖြည့်တင်းနိုင်လိုက်ရုံသာမက အာဏာစက်ပြင်းသော စွမ်းအားများဖြင့်ပါ ပြည့်နှက်လာလေသည်။

“ဝုန်းးး ဝုန်းးး ဝုန်းးး”

ဒန်တျန်အတွင်း၌ နိဗ္ဗာန်စံဝင်ခြင်း နောက်ဆုံးတစ်ကြိမ် ထပ်မံ ပေါက်ကွဲသွားသည်။ တုပိုင် ဒုတိယအဆင့် ဆရာသခင်မှ တတိယအဆင့် ဆရာသခင်သို့ ချိုးဖျက် ဝင်ရောက်သွားသည်။ တုပိုင်သည် မဟာဆရာသခင်နှစ်ဦး၏ သွေးနှင့် စွမ်းအင်များကို ဆက်လက် ဝါးမျိုခြင်း မပြုတော့ပေ။ အဘယ်ကြောင့်ဆိုသော် ထိုသို့ ဆက်လုပ်ပါက သူတို့ စောစီးစွာ သေဆုံးသွားမည် ဖြစ်သည်။ သေဆုံးသွားသည်နှင့် ဒန်တျန်အတွင်းရှိ ရွှမ်းချီအတွင်းအားများကို ဆက်လက် ဝါးမျို၍ မရနိုင်တော့ပေ။

ထို့ကြောင့် တုပိုင်၏ ကြယ်တာရာစုပ်ယူခြင်း မဟာအတတ်သည် ရွှမ်းချီအတွင်းအားကိုသာ အဓိကထား ဝါးမျိုလိုက်သည်။ နောက်ဆုံးတွင် ရင်းနှီးသော ခံစားမှုတစ်ခု ထပ်မံ ရောက်ရှိလာသည်။

“ဝုန်းးးး”

ဒန်တျန် ထပ်မံ ပေါက်ကွဲသွားသည်။ ကျင့်ကြံမှုအဆင့် ထပ်မံ တက်လှမ်းသွားပြီး စတုတ္ထအဆင့် ဆရာသခင်သို့ ရောက်ရှိသွားလေသည်။ တစ်ချိန်တည်းမှာပင် မဟာဆရာသခင်နှစ်ဦး၏ ပျက်စီးလွယ်သော ဒန်တျန်များသည် နောက်ဆုံးတွင် မခံနိုင်တော့ဘဲ ရုတ်တရက် ပေါက်ကွဲထွက်သွားလေသည်။

ဝါးမျိုခြင်း ပြီးဆုံးသွားလေပြီ။ ရုတ်တရက် ရေဘဝဲသားရဲကြီးသည် တုပိုင်ကို မျက်လုံးများဖြင့် ကြည့်လိုက်သည်။ ဤမျှ ကြမ်းကြုတ်သော သားရဲကြီးက ချစ်စရာကောင်းသော ပုံစံမျိုး လုပ်ပြနေသည်မှာ အမှန်ပင် မလိုက်ဖက်လှပေ။

တုပိုင် ခေါင်းညိတ်ပြလိုက်သည်။

ထို့နောက်... ရေဘဝဲကြီးသည် ပါးစပ်ပေါက်များကို ဖွင့်လိုက်ပြီး ပေမင်ဓားဂိုဏ်း၏ မဟာဆရာသခင်လေးဦး၏ အလောင်းများကို ဝါးမျိုပစ်လိုက်လေတော့သည်။ ထိုသို်ဖြင့် ပေမင်ဓားဂိုဏ်းမှ မဟာဆရာသခင်လေးဦးသည် အငွေ့ပျံသွားသကဲ့သို့ ပျောက်ကွယ်သွားလေတော့၏။

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၆၇၅ + ၆၇၆ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

Characters – 15843

All Chapters