← Chapters

အခန်း (၆၇၇-၆၇၈)

Vol. 68 Ch. 677-678

အခန်း (၆၇၇-၆၇၈)

Vol. 68 Ch. 677-678

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၆၇၇ + ၆၇၈

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

Characters – 16389

တုပိုင်သည် ရေဘဝဲကြီး၏ ခြေတံလက်တံတစ်ချောင်းအား ပွတ်သပ်ပေးလိုက်ရင်း ဆိုလိုက်လေ၏။

“ဒီနေ့အတွက် ကျေးဇူးပဲ... အိမ်ပြန်တော့လေ... မင်းပိုင်နက်နဲ့ သိပ်ဝေးတဲ့အထိ ထွက်မလာနဲ့... နောက်ဆို မင်းဆီ ငါမကြာခဏ လာလည်ပါ့မယ်”

ရေဘဝဲကြီး၏ လက်တံများက တုပိုင်အား တစ်ပတ်ခန့် ရစ်ပတ်လိုက်ပြီးနောက် မလိုလားဟန်ဖြင့် ပြန်လွှတ်ပေးလိုက်သည်။ ထို့နောက် ရေအောက်ကြမ်းပြင်ဆီသို့ ပြန်လည် တိုးဝင်သွားပြီး ယင်းနေထိုင်ရာ ရေအောက်အက်ကွဲကြောင်းကြီးထဲသို့ ဝင်ရောက် ပျောက်ကွယ်သွားလေတော့သည်။

တုပိုင်သည် တဖန် ကိုယ်လုံးတီးအဖြစ်သို့ ရောက်ရှိသွားပြန်၏။ နဂါးအကြေးခွံများ တစ်ကိုယ်လုံး ဖုံးအုပ်ထားလျက် ရှန်ဟိုင်ကွမ် မြို့ထဲသို့ ဝင်ရောက်လာခဲ့သည်။

ဖူဟုန်ပင်း မြင်လိုက်သောအခါ ကြောင်အမ်း မှင်သက်သွားရသည်။ အရှင်သခင်သည် ယခုတလော အဝတ်အစား ဝတ်ဆင်ရသည်ကို မနှစ်သက်တော့ပုံရ၏။

မင်းသမီးနင်းရွှဲ့၏ ချစ်စရာကောင်းသော အပျိုတော်လေးမှာ မျက်နှာတစ်ခုလုံး နီရဲသွားပြီး ဝတ်ရုံတစ်ထည်ကို အမြန် ယူဆောင်လာကာ တုပိုင်အား ကမ်းပေးလိုက်လေ၏။

“အရှင်သခင်... ဒီလိုလုပ်လို့ မဖြစ်ဘူးလေ... အရှင်သခင်က မင်းသမီးလေးရဲ့ ခင်ပွန်းပါ... အရှင်သခင်ရဲ့ ခန္ဓာကိုယ်ကို တခြားလူတွေကို အမြဲ ပြနေရင် မင်းသမီးလေး ခံစားရမှာပေါ့”

တုပိုင် အဝတ်အစား လဲလှယ်လိုက်ကာ မြေပုံကြီးရှိရာသို့ ရောက်ရှိလာခဲ့သည်။

ဖူဟုန်ပင်းက မေးမြန်းလိုက်၏။ “အရှင်သခင်... စောစောက တစ်ခုခု ဖြစ်ခဲ့သေးလား”

“ပေမင်ဓားဂိုဏ်းကကောင်တွေ လိုက်သတ်ကြသေးတယ်... ဒါပေမဲ့ သူတို့ အကုန် သေကုန်ပါပြီ” တုပိုင်က ပေါ့ပါးစွာပင် ပြန်ဖြေလိုက်သည်။

ထို့နောက် တုပိုင် ဆက်ပြောလိုက်၏။ “အရှင်မင်းမြတ် နတ်ရွာစံသွားပြီ... ရှန်ဟိုင်ကွမ် တပ်မတော် တစ်ခုလုံး အရှင်မင်းမြတ်အတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ် အဖြစ် ဦးထုပ်တွေမှာ အဖြူရောင် အဝတ်စတွေ စည်းနှောင်ထားကြပါ”

“ဟုတ်ကဲ့ပါ အရှင်” ဖူဟုန်ပင်းက လေးစားစွာ တုံ့ပြန်လိုက်သည်။

လီလင်းမူကား စကားတစ်ခွန်းမျှ မဆိုနိုင်ရှာဘဲ မြို့တော်ရှိရာ ဘက်သို့ လှည့်ကာ ဒူးထောက် ဦးညွှတ်လိုက်လေတော့သည်။ ဖူဟုန်ပင်းသည် ဧကရာဇ်အပေါ် သံယောဇဉ် မရှိသော်လည်း လီလင်း၌မူ ရှိနေသည်။

တုပိုင်က တည်ငြိမ်စွာပင် ပြောလိုက်သည်။

“မြို့တော်က သိန်းပေါင်းများစွာသော ပြည်သူတွေ ၊ ဧကရာဇ်ဟောင်းနဲ့ ကွယ်လွန်သူ ဘိုးဘေး လီလျန်တင်းတို့ကို ငါ ကတိပေးခဲ့ပြီးပြီ... ရှန်ဟိုင်ကွမ် စစ်ပွဲကို ငါတို့ သေချာပေါက် နိုင်ရမယ်... လုံးဝ မရှုံးစေရဘူး”

ဖူဟုန်ပင်းသည် အခြေအနေကို ဆက်လက် လျှောက်တင်လိုက်၏။ “ကျွန်မတို့ရဲ့ သူလျှိုတွေ အဆိုအရ ဂျာချင်အင်ပါယာ စစ်တပ်ထဲမှာ ရှာမန်တွေ အများကြီး ရောက်နေကြတယ်တဲ့”

“ငါ နဂါးသတ်နည်းစနစ်ကို သုံးလိုက်တာ ဂျာချင်စစ်တပ်ကို တော်တော် လန့်သွားစေခဲ့တယ်... ဒါကြောင့် သူတို့က စစ်သည်တွေကို ဦးနှောက်ဆေးဖို့နဲ့ ငါ့ကို ကြောက်ရွံ့တာတွေ ပျောက်သွားအောင် ရှာမန်တွေကို ငှားရမ်းလိုက်တာပဲ”

“အသုံးဝင်ပါ့မလား အရှင်”

“အသုံးဝင်မှာပါ... အဲဒီ ရှာမန်တွေက စိတ်စွမ်းအင် ပညာရပ်မှာ တော်တော် ကျွမ်းကျင်ကြတယ်... နောက်တစ်ခါ ဂျာချင်စစ်သည်တွေ ငါ့ကို မြင်ရင် ကြောက်တော့မှာ မဟုတ်ဘူး... ငါ့ကို မိစ္ဆာဆိုး တစ်ကောင်လို့ သတ်မှတ်ပြီး တစ်ယောက်ပြီးတစ်ယောက် ဝင်တိုက်ကြလိမ့်မယ်”

ဖူဟုန်ပင်းသည် ဆက်လက်တင်ပြပြန်သည်။ “အခုအချိန်မှာ နင်းယွမ်မြို့မှာ စုဝေးနေတဲ့ ဂျာချင်စစ်တပ်က ၂ သိန်းခွဲ ကျော်သွားပြီ... ဆက်ပြီးတော့လည်း တိုးလာနေတုန်းပဲ... ဒါ့အပြင် ရန်သူ့ရဲ့ အမြောက် ၂၀၀ လည်း ရောက်ရှိနေပြီ”

“အဲဒီလောက် မြန်လား” တုပိုင် အံ့ဩသွားရလေ၏။

ထိုအချိန်က အနောက်တောင်ပိုင်းနှင့် မိုင်ပေါင်းရာချီသာ ဝေးကွာသော်လည်း ၁၂ ပေါင် အမြောက် ဒါဇင်အနည်းငယ် ရောက်ရှိလာရန် အနည်းဆုံး ၁၀ ရက် ကြာမြင့်ခဲ့ဖူးသည်။ နင်းယွမ်မြို့နှင့် ရှန်းယန်မြို့သည် မိုင်ထောင်ချီ ဝေးကွာပြီး ၁၀ ရက်အတွင်း ရောက်လာခြင်းဆိုသည်မှာ အတော်လေးကို မြန်လှ၏။

“မြေပြင်ပေါ်မှာ နှင်းတွေက အရမ်း ထူထပ်နေပြီး မြစ်တွေကလည်း ရေခဲနေတော့ အမြောက်တွေကို စွတ်ဖားနဲ့ ဆွဲလာတာ အရမ်း မြန်ပါတယ်”

ဟုတ်ပေသည်။ လျောင်တုန်းဒေသ၏ မြေမျက်နှာသွင်ပြင်သည် ကျယ်ပြောပြီး ပြန့်ပြူးကာ သယ်ယူပို့ဆောင်ရေး အခြေအနေများသည် အနောက်တောင်ပိုင်းထက် များစွာ သာလွန်ပေသည်။ ရန်သူ၏ ကြီးမားသော အမြောက် ၂၀၀ ရောက်ရှိနေပြီ ဖြစ်ပြီး စစ်သည် ၂ သိန်းခွဲ စုဝေးနေကာ နောက်ထပ် စစ်သည်များလည်း အဆက်မပြတ် ရောက်ရှိလာနေသည်။

အကယ်၍ မည်သည့်အနှောင့်အယှက်မျှ မရှိခဲ့လျှင် ရန်သူသည် စစ်သည် ၃ သိန်း စုမိသည်နှင့် တိုက်ခိုက်လာပေလိမ့်မည်။ ဆိုလိုသည်မှာ ရှန်ဟိုင်ကွမ်တိုက်ပွဲသည် အလွန် နီးကပ်နေပြီ ဖြစ်သည်။

တုပိုင်၏ စစ်သည် ၄ သောင်းနှင့် အမြောက် ၃၀ ကို အားကိုးပြီး ဂျာချင်စစ်သည် ၃ သိန်းနှင့် ကြီးမားသော အမြောက် ၂၀၀ ကို အနိုင်ယူရန်မှာ မဖြစ်နိုင်ပေ။ ထို့အပြင် ရှန်ဟိုင်ကွမ် မြို့ရိုးသည် ရှည်လျားလွန်းလှသည်။ မိုင် ၂၀ ကျော် ရှည်လျားသော မြို့ရိုး၏ မည်သည့်နေရာမဆို ကျိုးပေါက်သွားပါက ဂျာချင်စစ်တပ်သည် ဒလဟော ဝင်ရောက်လာပြီး မြို့တော်သို့ သွားရောက် သတ်ဖြတ်ကြပေလိမ့်မည်။

သို့သော် တုပိုင်သည် ရှန်ဟိုင်ကွမ် မကျစေရဟု ကတိပေးထားပြီးပြီဖြစ်၏။ ဤတိုက်ပွဲကြီးကို သေချာပေါက် အနိုင်ယူရမည်။

သူ၏ သတ်ကွင်းသတ်ကွက်မှာ ရွှေဧကရာဇ်ထယ်မူဂျင်၏ ဂူသင်္ချိုင်းစစ်တပ် ဖြစ်သည်။ မြေအောက်ဂူသင်္ချိုင်းထဲတွင် မြှုပ်နှံထားသော အင်အားကြီး စစ်တပ်ကြီးပင်။ ရွှေဧကရာဇ်၏ ဝိညာဉ်မှတ်ဉာဏ်ကို သူ ရှာဖွေပြီးရာ နှစ်ပေါင်း ၃၀၀ ကြာ မြှုပ်နှံထားသော်လည်း ထိုအင်အားကြီး စစ်တပ်သည် တည်ရှိနေဆဲ ဖြစ်သည်။

သို့သော်... ထိုစစ်တပ်က အသက်ရှင်နေနိုင်သေးသလော ၊ တိုက်ခိုက်နိုင်စွမ်း ရှိသေးသလော ဆိုသည်ကိုမူ မသိရပေ။ အမှန်စင်စစ်... ထိုသည်က မည်သို့သော စစ်တပ်မျိုးလဲ ဆိုသည်ကိုမူ တုပိုင် အမှန်တကယ် မသိရှိပေ။ အဘယ်ကြောင့်ဆိုသော် ရွှေဧကရာဇ်၏ ဝိညာဉ်မှတ်ဉာဏ်သည် အမှန်တကယ် အကွဲကွဲအပြားပြား ဖြစ်နေသောကြောင့်ပင်။

အနည်းဆုံးတော့ ရွှေဧကရာဇ် မသေဆုံးခင် အချိန်ထိ ဤစစ်တပ်ကို တစ်ခါမှ ထုတ်မသုံးခဲ့ဖူးပေ။ ထိုအချိန်က သူသည် ကမ္ဘာမြေ၏ သုံးပုံတစ်ပုံကို အုပ်စိုးထားပြီး ဖြစ်သည်။ ရွှေဧကရာဇ်၏ ဤလျှို့ဝှက်ဆန်းကြယ်သော ဂူသင်္ချိုင်းစစ်တပ်နှင့် ဆိုလျှင် တုပိုင်သည် ရှန်ဟိုင်ကွမ်တိုက်ပွဲကို အနိုင်ယူနိုင်ပေလိမ့်မည်။

“ငါ မြောက်ဘက်က ရေခဲပြင် ဒေသတစ်ခုဆီ သွားစရာ ရှိတယ်... စိတ်မပူပါနဲ့... စစ်ပွဲ မစခင် ငါ ပြန်ရောက်ပါ့မယ်... ဒီရက်ပိုင်းအတွင်း စစ်သူကြီးဖူဟုန်ပင်းနဲ့ စစ်သူကြီးလီလင်းတို့ စစ်ပွဲအတွက် အချိန်ရှိသမျှ အကုန်ယူပြီး ပြင်ဆင်ထားကြပါ”

“ဟုတ်ကဲ့ပါ”

“ဟုတ်ကဲ့ပါ”

ထို့နောက် တုပိုင်သည် အချိန်ကြာမြင့်စွာ နေထိုင်ခြင်း မပြုတော့ပေ။ အမှောင်ထုကို အခွင့်ကောင်းယူပြီး ရွှေဧကရာဇ်၏ ဂူသင်္ချိုင်းရှိရာ မြောက်ဘက်သို့ ဦးတည် ထွက်ခွာသွားလေ၏။ ရွှေဧကရာဇ် သေဆုံးပြီးနောက် ချန်ထားခဲ့သော အားကောင်းပြီး လျှို့ဝှက်ဆန်းကြယ်သည့် စစ်တပ်ကို ရှာဖွေရန် ဖြစ်သည်။

ရွှေဧကရာဇ်၏ ဂူသင်္ချိုင်းက မည်သည့်နေရာတွင် ရှိသနည်း။ ရာစုနှစ်ပေါင်းများစွာ ကြာအောင် ယင်းသည် ပဟေဠိတစ်ခု ဖြစ်ခဲ့သည်။ အရူးအမူးဆုံး ရှာဖွေခဲ့သူမှာ ယခင် ဝါတန်ခန်း ဖြစ်ပြီး လက်ရှိ ဝါန ခန်းနိတ်နိုင်ငံနှင့် ကျွန်းကော် ခန်းနိတ်နိုင်ငံတို့ ဖြစ်သည်။

အမှန်စင်စစ်... နောက်ထပ် လူတစ်ယောက် ရှိသေးသည်။ သူကတော့ တာ့ဂျင်အင်ပါယာ၏ ဧကရာဇ် ဂျင်ထိုက်ဂျိပင် ဖြစ်သည်။ သူသည် ရွှေဧကရာဇ်၏ ဂူသင်္ချိုင်းကို ရှာဖွေနေသည်မှာ ၁၀ နှစ်ကျော်ခဲ့ပြီ ဖြစ်၏။ ထို့အပြင် သူ၏ လက်အောက်တွင် ရှာမန် ရာပေါင်းများစွာ ရှိပြီး အများစုမှာ မွန်ဂိုရှာမန်များ ဖြစ်ကြသည်။ ဤရှာမန်များ၏ ဘိုးဘေးများသည် ရွှေဧကရာဇ်၏ လက်အောက်မှ ရှာမန်များ ဖြစ်ကြသည်။

**--**--**--**--**--**--**--**

ရှန်းတူး မြို့တော်။

ဂျင်ထိုက်ဂျိသည် နန်းတက်ပွဲ အခမ်းအနား မကျင်းပရသေးသော်လည်း မူလ ဘုရင်ခံရုံးကို နန်းတော်အဖြစ် ပြောင်းလဲထားပြီး ဖြစ်သည်။ အမှန်စင်စစ်... ယခုအချိန်တွင်မူ ဆိုင်းဘုတ်နှင့် ရွှေဆေးများ ပြောင်းလဲလိုက်ခြင်းသာ ဖြစ်ပေသည်။ သူသည် ရှန်းတူးတွင် နန်းတော် ဆောက်လုပ်မည် မဟုတ်ပေ။

နန်းတက်ပွဲ အခမ်းအနားကို ရှန်းတူးတွင် ကျင်းပမည် ဖြစ်သည်။ သို့သော် သူ အမှန်တကယ် လိုချင်သော နန်းတော်သည် တာ့နင်အင်ပါယာ၏ မြို့တော်ရှိ တောက်ပသော တားမြစ်နန်းတော်ပင် ဖြစ်သည်။ ထိုနေရာကသာလျှင် ဧကရာဇ် နေထိုင်သင့်သည့် နေရာ ဖြစ်သည်။ ယခုအချိန်တွင် သူသည် တားမြစ်နန်းတော်နှင့် အလွန် နီးကပ်နေပြီး ဧကရာဇ် ဖြစ်မည့်လမ်းကြောင်းနှင့်လည်း အလွန် နီးကပ်နေပြီ ဖြစ်သည်။

သူ့ရှေ့တွင် အလွန် အိုမင်းသော ရှာမန်ကြီး တစ်ဦး ရှိနေသည်။ ခန္ဓာကိုယ် တစ်ခုလုံး ကိုင်းညွတ်နေပြီး အသက်ဘယ်လောက် ရှိမှန်း ပြောဖို့ ခက်လောက်အောင် အိုမင်းနေ၏။ အမှန်စင်စစ် သူသည် အသက် ၁၅၀ ရှိနေပြီ ဖြစ်သည်။

ဂျင်ထိုက်ဂျိက ပြောလိုက်သည်။ “တုပိုင်က နဂါးသတ်နည်းစနစ်ကို တတ်မြောက်ထားပြီး လေဆင်နှာမောင်းနဲ့ နှင်းထုပြိုကျမှုကို ထိန်းချုပ်ပြီးတော့ ငါ့ရဲ့ စစ်သည် ၁ သိန်းကို ခြောက်လှန့်ခဲ့တယ်”

အသက် ၁၅၀ ရှိသော ရှာမန်ကြီးက ပြန်လျှောက်တင်လေ၏။

“ကိစ္စမရှိပါဘူး... နောက်တစ်ခါ အရှင်မင်းမြတ်ရဲ့ စစ်တပ်က တုပိုင်ကို တွေ့ရင် သူ့ကို မိစ္ဆာဆိုး တစ်ကောင်လို့ပဲ မြင်ကြတော့မှာပါ... ပိုးဖလံမျိုး မီးကိုတိုး သလိုမျိုး သေရမှာ မကြောက်ဘဲ ဝင်တိုက်ကြပါလိမ့်မယ်”

အမှန်စင်စစ်... သူတို့သည် တုပိုင်ကို ဒူးထောက်တော့မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ဤအလွန် အစွမ်းထက်သော ရှာမန်ကြီးသည် အခြား ရှာမန် ရာပေါင်းများစွာနှင့် ပူးပေါင်းပြီး ဂျာချင်စစ်သည် အားလုံးအတွက် အံ့သြဖွယ် ကောင်းလောက်အောင် စိတ်ပိုင်းဆိုင်ရာ ပုံရိပ်ယောင် တစ်ခု ဖန်တီးပေးထားသောကြောင့် ဖြစ်သည်။

ဂျင်ထိုက်ဂျိကို ကောင်းကင်ယံတွင် ပျံသန်းနေသော ရွှေနဂါးကြီး တစ်ကောင်အဖြစ် ပုံဖော်ထားသည်။ တုပိုင်ကိုမူ ရုပ်ဆိုးအကျည်းတန်သော အနက်ရောင် နဂါးငယ်လေး တစ်ကောင်အဖြစ် ပုံဖော်ထားပြီး ရွှေနဂါးကြီး၏ ခြေသည်းလောက်သာ အရွယ်အစား ရှိလေသည်။

“သူ့ရဲ့ နဂါးသတ်နည်းစနစ်က အကန့်အသတ်မရှိ စွမ်းအားကြီးပေမယ့် တစ်ကြိမ်ပဲ သုံးလို့ရတာ... ပျက်စီးမှုကလည်း အကန့်အသတ် ရှိတယ်... ငါ စိုးရိမ်တာက သူ ရွှေဧကရာဇ်ရဲ့ ဂူသင်္ချိုင်းထဲက လျှို့ဝှက်ဆန်းကြယ်တဲ့ စစ်တပ်ကို ရှာတွေ့သွားမှာကိုပဲ”

အစွမ်းထက်သော ရှာမန်ကြီးသည် အမှုန့်တစ်ဆုပ်ကို ယူပြီး မီးတောက်ထဲသို့ ပစ်ထည့်လိုက်သည်။ ရုတ်တရက် မရေမတွက်နိုင်သော မီးတောက်ငယ်လေးများသည် လေထဲတွင် ထူးဆန်းသော မြို့တစ်မြို့အသွင် ပုံဖော်လိုက်ကြသည်။

“ရွှေဧကရာဇ်ရဲ့ ဂူသင်္ချိုင်း ဘယ်မှာရှိလဲဆိုတာ ကမ္ဘာပေါ်မှာ ဘယ်သူမှ မသိကြဘူး... ဒါပေမဲ့ ကျွန်တော်မျိုးရဲ့ အဘိုးက ရွှေဧကရာဇ်ရဲ့ ဂူသင်္ချိုင်း တည်ဆောက်ရာမှာ ပါဝင်ခဲ့ဖူးပါတယ်... ဒီဂူသင်္ချိုင်းရဲ့ တည်နေရာကို ရှာဖွေဖို့ ကျွန်တော်မျိုး နှစ်ပေါင်း ၈၀ အချိန်ယူခဲ့ရပါတယ်... ပြီးတော့ အရှင်မင်းမြတ်ကို ဆက်သခဲ့တာပါ”

“တာ့ဂျင်အင်ပါယာက နိုင်ငံတော်ဆရာသခင်ရဲ့ ကျေးဇူးတရားကို ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး”

“ကံဆိုးစွာနဲ့ပဲ... လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ရွှေဧကရာဇ်ရဲ့ ဂူသင်္ချိုင်း ဝင်ပေါက်ကို တွေ့ခဲ့ပေမယ့် ကျွန်တော်မျိုးတို့ ဝင်လို့ မရခဲ့ပါဘူး... အစွမ်းကုန် ကြိုးစားခဲ့ပေမယ့် ဝင်လို့ မရခဲ့ပါဘူး”

“အကယ်၍ တုပိုင်က ရွှေဧကရာဇ်ရဲ့ ဝိညာဉ်အမွေအနှစ်ကို ရထားတယ်ဆိုရင် သူက ရွှေဧကရာဇ်ရဲ့ ဂူသင်္ချိုင်းထဲ ဝင်နိုင်လောက်တယ်”

“အရှင်မင်းမြတ် စိတ်ချပါ... ကျွန်တော်မျိုးက ရွှေဧကရာဇ်ရဲ့ ဂူသင်္ချိုင်း ဝင်ပေါက်မှာ ရှာမန်သခင် ဒါဇင်ပေါင်းများစွာကို ကင်းပုန်းဝပ်ခိုင်းထားပြီးပြီ... တုပိုင် ထောင်ချောက်ထဲ ဝင်လာမယ့်အချိန်ကို စောင့်နေကြတာပါ... သူက ဂူသင်္ချိုင်း ဝင်ပေါက်ကို ဖွင့်ပေးနိုင်လိမ့်မယ်... ကျွန်တော်မျိုးတို့ကတော့ ထိုင်ပြီး အသီးအပွင့်ကို ခူးဆွတ်ရုံပါပဲ... မဟာဧကရာဇ်ရဲ့ ဂူသင်္ချိုင်းထဲကို ဝင်နိုင်သလို တုပိုင်ကိုလည်း အပိုင်းပိုင်းအစစ ဖြစ်အောင် လုပ်ပစ်လိုက်လို့ ရပါတယ်”

ရှာမန်အိုကြီး ပြုံးပြီး ပြောလိုက်သည်။ “အဲဒီအချိန်ကျရင် ရွှေဧကရာဇ်ရဲ့ ဂူသင်္ချိုင်းထဲက အရာအားလုံးက အရှင်မင်းမြတ် ပိုင်ဆိုင်တာတွေ ဖြစ်လာပါလိမ့်မယ်”

“အရာအားလုံးက နိုင်ငံတော်ဆရာသခင်ရဲ့ စွမ်းဆောင်မှုကြောင့်ပါ”

**--**--**--**--**--**--**--**

တုပိုင်သည် မြောက်ဘက် ၊ မြောက်ဘက်အရပ်ဆီသို့ ဦးတည်ကာ မရပ်မနား ခရီးဆက်ခဲ့လေသည်။

ဤနေရာတွင် အပူချိန်သည် တစ်စထက်တစ်စ နိမ့်ကျလာပြီး အနှုတ် ၆၀ ၊ ၇၀ ဒီဂရီအထိ ရောက်ရှိနေသည်။ ဤနေရာရှိ အရာအားလုံးသည် ရေခဲနှင့် နှင်းများသာ ဖြစ်သည်။ ရွှေဧကရာဇ်ထယ်မူဂျင်၏ ဝိညာဉ်မှတ်ဉာဏ် အပိုင်းအစများကို အခြေခံပြီး တုပိုင်သည် လူသူမရှိသော ဤဒေသသို့ ရောက်ရှိလာခြင်း ဖြစ်သည်။

ဤနေရာသည် ဆိုက်ဘေးရီးယား ဖြစ်နေလေ၏။ ဆိုက်ဘေးရီးယားရှိ ကုန်းမြေတစ်ခုမှ ထွက်ခွာပြီး ပင်လယ်ထဲသို့ ဝင်ရောက်ခဲ့သည်။ ဤနေရာရှိ ပင်လယ်သည်လည်း လုံးဝ ရေခဲနေပြီး အဆုံးမဲ့ ရေခဲပြင်ကြီး ဖြစ်နေ၏။ သူ့စိတ်ထဲမှ လမ်းညွှန်မှုအတိုင်း တုပိုင်သည် ပင်လယ်ရေခဲပြင်ပေါ်တွင် ဆက်လက် ပျံသန်းနေခဲ့သည်။

“ရောက်ပြီ...”

အိပ်မက်စနစ်က ပြောလိုက်သည်။ “ရွှေဧကရာဇ်ရဲ့ ဂူသင်္ချိုင်း ဝင်ပေါက်က ပင်လယ်ကြမ်းပြင် အောက်မှာ”

တစ်ချိန်တည်းမှာပင်... တာ့ဂျင်အင်ပါယာမှ အစွမ်းထက်သော ရှာမန် ဒါဇင်ပေါင်းများစွာသည် ရေခဲပြင်အောက်ရှိ ပင်လယ်ကြမ်းပြင်တွင် တိတ်တဆိတ် ကင်းပုန်းဝပ်နေကြပြီး သူတို့၏ ခန္ဓာကိုယ်မှ မည်သည့် အငွေ့အသက်မျှ ထွက်ပေါ်ခြင်း မရှိပေ။

တုပိုင်သည် ရေခဲများကို အရည်ဖျော်လျက် အောက်သို့ ဆင်းသက်သွားသည်။ မကြာမီ ပင်လယ်ထဲသို့ ရောက်ရှိသွား၏။ ထို့နောက် အောက်သို့ ၊ အောက်သို့ ဆက်လက် ဆင်းသွားသည်။

နောက်ဆုံးတော့ သူမြင်တွေ့လိုက်ရ၏။ ရွှေဧကရာဇ်၏ ဂူသင်္ချိုင်း ဝင်ပေါက်သည် ဧကရာဇ်လမ်းမကြီး တစ်ခု ဖြစ်သည်။ ရွှေဧကရာဇ်၏ တည်နေရာသည် အလွန် လျှို့ဝှက်သည်။ တစ်နှစ်ပတ်လုံး ရေခဲနေသော ပင်လယ်ကြမ်းပြင်တွင် ဝင်ပေါက် ရှိနေသဖြင့် မည်သူမျှ လာရောက်ရန် မဖြစ်နိုင်သလောက်ပင်။

သို့သော် ဤဝင်ပေါက်သည် အလွန် ထင်ရှားလှသည်။ ဝင်ပေါက်သို့ တိုက်ရိုက် သွားရောက်နိုင်ရန် ဧကရာဇ်လမ်းမကြီး တစ်ခုပင် ဖောက်လုပ်ထားသည်။ အဘယ်ကြောင့် ဧကရာဇ်လမ်းမကြီးနည်း။ အဘယ်ကြောင့်ဆိုသော် ဤလမ်းမကြီးတွင် နဂါးရုပ်များ ထွင်းထုထားပြီး ရွှေရောင်များလည်း သုတ်လိမ်းထားသောကြောင့် ဖြစ်သည်။ အခြားသူများ မတွေ့ရှိမည်ကို စိုးရိမ်နေသကဲ့သို့ပင်။

အမှန်စင်စစ်... ဤအရာတွင် တုပိုင် မှားနေသည်။ မူလက ဤဧကရာဇ်လမ်းမကြီးကို ကျောက်တုံးများဖြင့် ဖုံးအုပ်ထားခြင်း ဖြစ်သည်။ အသက် ၁၅၀ ရှိသော အစွမ်းထက် ရှာမန်ကြီးက ဂျင်ထိုက်ဂျိကို ရွှေဧကရာဇ်၏ ဂူသင်္ချိုင်း လျှို့ဝှက်ချက်ကို ပြောပြပြီးနောက် ဂျင်ထိုက်ဂျိသည် ကြီးမားသော တန်ဖိုးပေးဆပ်ကာ ပင်လယ်ကြမ်းပြင်ရှိ ဤဧကရာဇ်လမ်းမကြီးကို တူးဖော်ခဲ့ခြင်း ဖြစ်သည်။

ဤဧကရာဇ်လမ်းမကြီးသည် မြေအောက်သို့ မီတာ ၃၀၀ ခန့် ရှည်လျားသည်။ ဧကရာဇ်လမ်းမကြီး၏ အဆုံးတွင် ဧရာမ နဂါးပါးစပ်ကြီး တစ်ခု ရှိနေ၏။ ဧကရာဇ် ဂူသင်္ချိုင်း၏ ဝင်ပေါက်သည် ဤနဂါးပါးစပ်ကြီး ဖြစ်သင့်သည်။

သို့သော် ဂျင်ထိုက်ဂျိနှင့် ရှာမန်သခင်များသည် နည်းလမ်းပေါင်းစုံ ကြိုးစားခဲ့သော်လည်း ဤဝင်ပေါက်ကို မဖွင့်နိုင်ခဲ့ကြပေ။ တကယ်ကို နည်းလမ်းပေါင်းစုံ ကြိုးစားခဲ့ကြသော်လည်း နဂါးပါးစပ်ကြီး အတွင်းရှိ တံခါးသည် မပျက်မစီး ရှိနေဆဲ ဖြစ်သည်။

တုပိုင်သည် ဧကရာဇ်လမ်းမကြီးအတိုင်း နဂါးပါးစပ်ကြီး ဆီသို့ လျှောက်လှမ်းသွားလိုက်သည်။ နဂါးပါးစပ်ကြီး အတွင်းရှိ တံခါးသည် ရွှေဧကရာဇ်၏ ဂူသင်္ချိုင်းသို့ ဦးတည်သွားသင့်သည်။ သို့သော် ဤတံခါးတွင် မည်သည့် ခလုတ်မျှ မရှိ ၊ မည်သည့် ဟာကွက်မျှ မရှိပေ။ တုပိုင် လက်ကို ဆန့်ထုတ်ကာ တံခါးကို တွန်းဖွင့်ရန် ကြိုးစားလိုက်သော်လည်း မည်သည့် တုံ့ပြန်မှုမျှ မရှိပေ။

သူသည် ရွှေဧကရာဇ်၏ ဝိညာဉ်အမှတ်အသားကို ထပ်မံ စုစည်းလိုက်ပြီး အေးစက်စွာ အမိန့်ပေးလိုက်သည်။

“တံခါးပွင့်လော့... ငါ ရောက်လာပြီ”

ထိုသို့ ပြုလုပ်သည့်တိုင် မည်သည့် ထူးခြားမှုမျှ မရှိပေ။ အရာအားလုံး တိတ်ဆိတ်ပြီး ငြိမ်သက်နေသည်။ ထို့နောက် တုပိုင်သည် မရေမတွက်နိုင်သော နည်းလမ်းများကို ကြိုးစားကြည့်သော်လည်း တံခါးကို မဖွင့်နိုင်သေးပေ။ ရွှေဧကရာဇ်၏ ဝိညာဉ်အမှတ်အသားထဲရှိ မှတ်ဉာဏ်များသည် မပြည့်စုံသဖြင့် ဤတံခါးနှင့် ပတ်သက်သော မှတ်ဉာဏ် မရှိပေ။

တုပိုင် အရှုံးမပေးဘဲ အခြား နည်းလမ်း ဒါဇင်ပေါင်းများစွာကို ထပ်မံ ကြိုးစားကြည့်သည်။ တံခါးမှ မည်သည့် တုံ့ပြန်မှုမျှ မရှိသေးပေ။ သူသည် လျှို့ဝှက်ရွှေသံဓားကို ဆွဲထုတ်လိုက်ပြီး ခေါက်တံခါးကို ပြင်းထန်စွာ ခုတ်ပိုင်းလိုက်သည်။

လျှို့ဝှက်ရွှေသံဓား၏ ဓားသွားများ တွန့်လိပ်သွားသော်လည်း တံခါးမှာမူ အကောင်းပကတိ ရှိနေဆဲပင်။

တုပိုင် လုံးဝ မှင်သက်သွားလေသည်။ ဤဓားသည် မိုထျန်နန်၏ ရတနာသိုက်မှ ရရှိခဲ့သော ဓားတစ်လက် ဖြစ်ပြီး ဖျက်ဆီး၍ မရနိုင်သော ဓားဖြစ်သည်။ ယခုအခါ ဤတံခါးကို ခုတ်လိုက်ရာ ဓားသွားပင် တွန့်လိပ်သွားရသည်။

တုပိုင် ထိုင်ချလိုက်ကာ မျက်လုံးများ မှိတ်လျက် စဉ်းစားလိုက်သည်။ ဤတံခါးကို မည်သို့ ဖွင့်ရမည်နည်း... ရွှေဧကရာဇ်၏ ဂူသင်္ချိုင်းထဲသို့ မည်သို့ ဝင်ရမည်နည်း...။

မကြာမီ တုပိုင် အကြံတစ်ခု ရရှိသွားသည်။ နဂါးမျက်လုံးကို အစက်ချခြင်း။ ရွှေဧကရာဇ်၏ သွေးမျိုးဆက်သည် ရာစုနှစ်တစ်ခုအတွင်း မမြင်ဖူးသော ရွှေသွေးမျိုးဆက် ဖြစ်သည်။ ထိုသို့ဆိုလျှင် ဤဧရာမ ကျောက်နဂါးကြီး၏ မျက်လုံးများတွင် ရွှေသွေးကို သုတ်လိမ်းလိုက်ပါက တံခါးပွင့်လာနိုင်မည်လော။

တုပိုင်သည် ဤဧရာမ ကျောက်နဂါးကြီး၏ အပေါ်သို့ ချက်ချင်း ခုန်တက်လိုက်ကာ နဂါးတွင် မျက်လုံး မရှိသည်ကို တွေ့လိုက်ရသည်။ သူ့လက်ချောင်းကို ကိုက်ဖောက်ပြီး ဤဧရာမ ကျောက်နဂါးကြီး၏ မျက်လုံးနေရာ နှစ်ခုတွင် သူ့သွေးများကို သုတ်လိမ်းလိုက်သည်။

တစ်ခဏချင်းမှာပင် တုပိုင် သုတ်လိမ်းလိုက်သော သွေးစက်များ ပျောက်ကွယ်သွားသည်။ ထို့နောက် ဤဧရာမ ကျောက်နဂါးကြီး၏ မျက်လုံးများ ဖြည်းညှင်းစွာ ပွင့်လာပြီး တောက်ပသော ရွှေရောင်အလင်းတန်းများ ဖြာထွက်လာသည်။

နောက်တစ်စက္ကန့်။

“ဂျိန်းးး ဂျိန်းးးး”

ကျယ်လောင်သော အသံကြီးများနှင့်အတူ နဂါးပါးစပ်ကြီး အတွင်းရှိ တံခါး ပွင့်လာလေသည်။ နှစ်ပေါင်း ၃၀၀ ကြာ ဖုန်အလိမ်းလိမ်း တက်နေသော ရွှေဧကရာဇ်၏ ဂူသင်္ချိုင်း ပွင့်လာပြီ ဖြစ်သည်။

ထူးဆန်းသည်မှာ ဤနေရာသည် ပင်လယ်ကြမ်းပြင် ဖြစ်ပြီး နေရာတိုင်းတွင် ပင်လယ်ရေများ ရှိနေသည်။ သို့သော် တံခါးပွင့်သွားပြီးနောက် ပင်လယ်ရေများသည် ဂူသင်္ချိုင်း လမ်းကြောင်းထဲသို့ ဝင်မလာပေ။

တုပိုင် ဝင်ရောက်သွားသည်။ ရုတ်တရက် ခြေဖဝါးအောက်တွင် ရောင်စုံအလင်းတန်းများ ဖြာထွက်လာသည်။ ရင်းနှီးသော မြင်ကွင်းတစ်ခုပင်။

ဂူသင်္ချိုင်း တစ်ခုလုံးတွင် အထူးရေညှိ တစ်မျိုး ထူထပ်စွာ ပေါက်ရောက်နေပြီး အသည်းအသန် အသက်ရှူနေကာ လေများကို ထုတ်လွှတ်ပေးနေသည်။ ခြေထောက်ဖြင့် ထိလိုက်သောအခါ ထိကရုန်းပင်ကဲ့သို့ ရှက်ရွံ့စွာဖြင့် ပြန်လည် ကျုံ့ဝင်သွားကြသည်။

တုပိုင်သည် ဂူသင်္ချိုင်း လမ်းကြောင်းအတိုင်း မြေအောက်သို့ နက်ရှိုင်းစွာ ဆင်းသွားသည်။ ထင်ထားသလောက် မနက်ရှိုင်းပေ။ ဂူသင်္ချိုင်း လမ်းကြောင်းထဲသို့ ဝင်ပြီးနောက် မီတာ ၄၀၀ ကျော်ခန့်သာ ဆင်းသွားရပြီး လမ်းဆုံးသို့ ရောက်ရှိသွားသည်။

လမ်းတစ်လျှောက်တွင် မည်သည့် ယန္တရားမျှ မရှိပေ။ ဂူသင်္ချိုင်း အဆုံးတွင် တံခါးတစ်ချပ် ရှိသည်။

တုပိုင် လက်ကို ဆန့်ထုတ်ပြီး တံခါးကို တွန်းလိုက်ရာ တံခါးပေါက်ထဲမှ မြွေငယ်လေး နှစ်ကောင် ထွက်လာသည်။ နှစ်ပေခန့်သာ ရှည်သော်လည်း ရွှေရောင်အလင်းတန်းများဖြင့် ပြည့်နှက်နေသည်။

ရွှေရောင်မြွေငယ်လေး နှစ်ကောင်သည် တုပိုင်၏ လည်ပင်းသို့ တိုက်ရိုက် တွားသွားပြီးနောက် သူတို့၏ သေးငယ်သော မျက်လုံးများဖြင့် တုပိုင်ကို ကြည့်လိုက်ကြသည်။ တုပိုင်သည် ရွှေဧကရာဇ်ထယ်မူဂျင်၏ ဝိညာဉ်အငွေ့အသက်ကို ထုတ်လွှတ်လိုက်သည်။

ရွှေဧကရာဇ်၏ စွမ်းအင် အငွေ့အသက်ကို အာရုံခံမိပုံရသည်။ သို့သော် ရွှေရောင်မြွေငယ်လေး နှစ်ကောင်သည် ရုတ်တရက် ကိုက်ချလိုက်ပြီး တုပိုင်၏ နဖူးကို ပေါက်လိုက်ကြသည်။ တုပိုင်၏ သွေးကို မြည်းစမ်းကြည့်ပြီးနောက် ရွှေရောင်မြွေငယ်လေး နှစ်ကောင်သည် တုပိုင်၏ လည်ပင်းမှ ဆင်းသွားပြီး တံခါးပေါက်ထဲသို့ ပြန်ဝင်သွားကြသည်။

“ဂျိန်းးး ဂျိန်းးး”

ခဏကြာသောအခါ ဒုတိယ တံခါး ပွင့်လာသည်။ အကယ်၍ တုပိုင်သာ ရွှေသွေးမျိုးဆက် မဟုတ်ခဲ့လျှင် ၊ တခြားလူသာဆိုလျှင် အဆိပ်မိပြီး သေဆုံးသွားပေလိမ့်မည်။ အကယ်၍ ရွှေသွေးမျိုးဆက် ဖြစ်ပါက ရွှေရောင်မြွေငယ်လေး နှစ်ကောင်သည် ဝင်ပေါက်အပေါက်ထဲသို့ ဝင်ရောက်သွားပြီး တံခါးဖွင့်ရန် သော့အဖြစ် အသုံးပြုကြမည် ဖြစ်သည်။

ဒုတိယ တံခါး ပွင့်သွားပြီးနောက် အတွင်းဘက်တွင် မှောင်မိုက်နေသည်။ သို့သော် နောက်တစ်ခဏတွင်... မီးတောက်တစ်ခု လောင်ကျွမ်းလာပြီး နေ့ခင်းဘက်ကဲ့သို့ ချက်ချင်း လင်းထိန်သွားသည်။ အဘယ်ကြောင့်ဆိုသော် ဂူသင်္ချိုင်း တစ်ခုလုံးတွင် ကြီးမားသော မှန်များစွာ ရှိနေသောကြောင့် ဖြစ်သည်။ ဤမှန်များသည် ဖန်မဟုတ် ၊ သလင်းကျောက် မဟုတ်ဘဲ ရွှေများ ဖြစ်ကြသည်။

မီးတောက်၏ အလင်းရောင်သည် ရွှေမှန်များအပေါ်သို့ ကျရောက်ပြီး တစ်ခုနှင့်တစ်ခု အပြန်အလှန် ရောင်ပြန်ဟပ်ကာ ဂူသင်္ချိုင်း တစ်ခုလုံး ရွှေရောင်အလင်းတန်းများ ဖြာထွက်လာစေသည်။

ထို့နောက် တုပိုင်သည် သူ့ရှေ့မှောက်ရှိ မြင်ကွင်းကြောင့် လုံးဝ မှင်သက်သွားရသည်။

ကြီးမားသော ဂူသင်္ချိုင်းထဲတွင် စစ်သည်များ ပြည့်နှက်နေပြီး သပ်ရပ်စွာ ရပ်နေကြသည်။ လူတိုင်းသည် အရပ် နှစ်မီတာနီးပါး ရှိကြပြီး လက်နက်အပြည့်အစုံ တပ်ဆင်ထားကာ ဝံပုလွေ သံချပ်ကာဝတ်စုံများ ဝတ်ဆင်ထားကြသည်။ ဦးထုပ်သည်ပင်လျှင် ဧရာမ ဝံပုလွေ ခေါင်းပုံစံ ဖြစ်ပြီး ဝံပုလွေ နှုတ်သီးများ ထွက်နေကာ ချွန်ထက်သော အစွယ်များ ပါရှိသည်။

မတော်တဆ ကြည့်မိလျှင် မှော်ဆန်သော အငွေ့အသက်များ ပြည့်နှက်နေသည့် ဝံပုလွေလူသား စစ်တပ်ဟု အမှန်တကယ် ထင်မှတ်ရပေမည်။

စုစုပေါင်း စစ်သည် ၄ သောင်း။

တုပိုင် အမှန်တကယ် တုန်လှုပ်သွားသည်။ နှစ်မီတာ မြင့်ပြီး တစ်ကိုယ်လုံးကို ဖုံးအုပ်ထားသော ဝံပုလွေ သံချပ်ကာဝတ်စုံ ဝတ်ဆင်ထားသည့် ဝံပုလွေလူသား စစ်သည် ၄ သောင်း။ အမှန်တကယ် ထူထပ်ပြီး အဆုံးအစမဲ့ကာ မှော်စစ်တပ် ၊ သံမဏိစစ်တပ် တစ်ခုလို ခံစားရစေသည်။

တုပိုင်သည် အရပ် ၁.၉ မီတာ ရှိနေပြီ ဖြစ်သော်လည်း ဤစစ်သည်များ၏ ရှေ့တွင် ရပ်လိုက်သောအခါ ၃ လက်မခန့် ပုနေသေးသည်။

ဤစစ်သည်များ၏ မျက်နှာဖုံးများကို ဖယ်ရှားလိုက်သည်။ အတွင်းဘက်ရှိ မျက်နှာများသည် အသက်ဝင်နေဆဲ ဖြစ်သည်။ အသားဝါ ၊ အသားမည်း ၊ အသားဖြူ လူမျိုးပေါင်းစုံ ပါဝင်သည်။ သို့သော် တစ်ယောက်ချင်းစီသည် အလွန် သန်မာကြပြီး ကြွက်သားများသည် သံတုံးများကဲ့သို့ပင်။

သိသာထင်ရှားသည်မှာ ဤစစ်သည်များသည် လုံးဝ ပြုပြင်ပြောင်းလဲထားခြင်း ခံရပြီး ကြောက်မက်ဖွယ်ရာ ခွန်အားနှင့် လျင်မြန်ဖျတ်လတ်မှုများကို ပိုင်ဆိုင်ထားကြသည်။

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၆၇၇ + ၆၇၈ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

Characters – 16389

All Chapters