← Chapters

အခန်း (၆၇၉-၆၈၀)

Vol. 68 Ch. 679-680

အခန်း (၆၇၉-၆၈၀)

Vol. 68 Ch. 679-680

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၆၇၉ + ၆၈၀

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

Characters – 17771

တုပိုင်သည် သူတို့၏ ခန္ဓာကိုယ်ရှိ ကြွက်သားမျှင်များနှင့် အာရုံကြောကွန်ရက်များကို စေ့စေ့စပ်စပ် လေ့လာကြည့်ရှုလိုက်၏။ သို့သော် ရလဒ်ကား စိတ်ပျက်ဖွယ်ရာပင်။ သူတို့၏ ခန္ဓာကိုယ်များထဲတွင် သက်မဲ့စွမ်းအင်များသာ ပြည့်နှက်နေလေ၏။

“ရွှေဧကရာဇ်ရဲ့ လျှို့ဝှက်စစ်သည်တွေရဲ့ တစ်ဦးချင်း တိုက်ခိုက်နိုင်စွမ်းက ပြိုင်ဘက်ကင်းမြေအောက်မြို့တော်က စစ်သည်တွေထက် သာလွန်တယ်။ ခွန်အားရော ၊ အမြန်နှုန်းရော အများကြီး သာလွန်ပါတယ် စနစ်ရှင်” အိပ်မက်စနစ်၏ အေးစက်စက်အသံ ထွက်ပေါ်လာ၏။ “အကယ်၍သာ ဒီစစ်သည်တွေ အသက်ရှင်နေမယ်ဆိုရင် ဒီစစ်သည် ၄ သောင်းက ရန်သူ့စစ်သည် သိန်းချီကို အလွယ်တကူ ချေမှုန်းနိုင်လိမ့်မယ်”

အကယ်၍သာ သူတို့ အသက်ရှင်နေပါက မည်မျှ ကောင်းလိုက်မည်နည်း။ တစ်နည်းအားဖြင့် ဆိုရလျှင် သူတို့အားလုံး သေဆုံးနေကြပြီ ဖြစ်သည်။ မှန်ပေသည်။ အားလုံးက အသက်မဲ့နေကြပြီ ဖြစ်၏။ နှလုံးခုန်သံ မရှိ။ အသက်ရှူသံ မရှိ။ သွေးခုန်နှုန်း မရှိသလို အသက်ဓာတ်ဆိုသည်မှာလည်း ရှာမတွေ့ချေ။ သို့သော် ထူးဆန်းစွာဖြင့် ခန္ဓာကိုယ်များမှာမူ အကောင်းပကတိအတိုင်း ရှိနေလေသည်။

တုပိုင်သည် စစ်သည် ရာပေါင်းများစွာကို ကျပန်းရွေးချယ်၍ စစ်ဆေးကြည့်လိုက်သော်လည်း ရလဒ်မှာ အတူတူပင်ဖြစ်နေပြီး အားလုံး သေဆုံးနေကြသည်ကို တွေ့ရှိလိုက်ရ၏။

ရွှေဧကရာဇ်၏ ဂူသင်္ချိုင်းအတွင်းရှိ လျှို့ဝှက်စစ်တပ်သည် အမှန်တကယ်ပင် အစွမ်းထက်ပြီး ကမ္ဘာကြီးကို လွှမ်းမိုးနိုင်စွမ်း ရှိပေသည်။ သို့သော် ကံဆိုးစွာဖြင့် အားလုံး သေဆုံးနေကြ၏။

“သောက်ကျိုးနည်း...” တုပိုင် ကျိန်ဆဲလိုက်မိသည်။ သူ ဤနေရာသို့ လာရောက်ခြင်းမှာ ဤလျှို့ဝှက်စစ်တပ်ကို လိုချင်၍ ဖြစ်သည်။ ယခု သူတို့ သေဆုံးနေပါက မည်သို့ လုပ်ရမည်နည်း။ သူတို့အားလုံး သေဆုံးနေပါက ရှန်ဟိုင်ကွမ်စစ်ပွဲကို တုပိုင် မည်သို့ အနိုင်တိုက်မည်နည်း။

တုပိုင်သည် ထူထပ်စွာ ရပ်တန့်နေကြသော လျှို့ဝှက်စစ်တပ်ကြီးကို ဖြတ်ကျော်ပြီး ကြီးမားသော ဂူသင်္ချိုင်း၏ အခြားတစ်ဖက်သို့ လျှောက်သွားလိုက်၏။ ထိုနေရာ၌ သေတ္တာနှစ်လုံး ရှိနေလေသည်။

လက်ဝဲဘက်တွင် သေဆုံးခြင်းဟု ရေးသားထားသော အနက်ရောင်သေတ္တာတစ်လုံးနှင့် လက်ယာဘက်တွင် ပြောင်းလဲခြင်းဟု ရေးသားထားသော အနီရောင်သေတ္တာတစ်လုံးတို့ ဖြစ်သည်။ သေတ္တာများတွင် သော့ခလောက် မရှိဘဲ လက်ချောင်းတစ်ချောင်းစာ ထည့်နိုင်သော အပေါက်တစ်ခုသာ ပါရှိ၏။

တုပိုင်သည် သူ၏ လက်ညှိုးကို ထိုးထည့်လိုက်ရာ သေတ္တာမှာ တုန်ခါသွားပြီး စူးခနဲ နာကျင်မှုနှင့်အတူ သွေးများ စီးကျလာလေသည်။

“ကလစ်”

သေတ္တာ ပွင့်သွား၏။ အတွင်းဘက်တွင် အနက်ရောင်အရည်များ ထည့်ထားသော ကျောက်သလင်းပြွန်များ စီတန်းနေပြီး မကောင်းဆိုးဝါး အငွေ့အသက်များ ထွက်ပေါ်နေသည်။ ဤသည်မှာ ပျက်စီးခြင်းမြှားတိုများ ဖန်တီးရာတွင် သုံးသော အမှောင်ဒြပ်စင် မဟုတ်ဘဲ အခြား ကြောက်မက်ဖွယ်ကောင်းသော အရာတစ်ခု ဖြစ်လေသည်။ မည်သည့်အရာအတွက် အသုံးပြုသည်ကိုမူ မသိရှိပေ။

တုပိုင်သည် အနီရောင်သေတ္တာကိုလည်း အလားတူ နည်းလမ်းဖြင့် ဖွင့်လိုက်သည်။ ထင်မှတ်ထားသည့်အတိုင်းပင် အနီရောင်အရည်များ ထည့်ထားသော ကျောက်သလင်းပြွန်များ စီတန်းနေ၏။ အနီရောင်အရည်များသည် အတော်လေး လှုပ်ရှားသက်ဝင်နေပုံရပြီး ဤမျှ အေးသော အပူချိန်တွင်ပင် ပွက်ပွက်ဆူနေသကဲ့သို့ ခံစားရသည်။

ဤအရည်နှစ်မျိုးကို မည်သည့်နေရာတွင် အသုံးပြုသနည်း။ အစုလိုက်အပြုံလိုက် သေစေနိုင်သော လျှို့ဝှက်လက်နက်လော။ သို့တည်းမဟုတ် ဤနေရာရှိ လျှို့ဝှက်စစ်သည်များနှင့် သက်ဆိုင်နေသည်လော။

အကယ်၍သာ ဤလျှို့ဝှက်စစ်သည်များ မသေဆုံးသေးပါက သူတို့သည် ပြိုင်ဘက်ကင်း မြေအောက်မြို့တော်မှ စစ်သည်များထက် များစွာ ပိုမိုသန်မာမည်ဖြစ်ပြီး တစ်စုံတစ်ရာသော မိစ္ဆာဒြပ်စင်များဖြင့် ဖန်တီးထားခြင်း ဖြစ်ပေလိမ့်မည်။ သို့ဆိုလျှင် ဤအနက်ရောင်နှင့် အနီရောင်အရည်များသည် ထိုဒြပ်စင်များလော။ သံသယဖြစ်ဖွယ် မလိုသည်မှာ ဤသေတ္တာနှစ်လုံးထဲမှ အရည်များသည် ကြောက်မက်ဖွယ် ကောင်းလှသည် ဆိုခြင်းပင်။

သို့သော် ရွှေဧကရာဇ်၏ မြေအောက်လျှို့ဝှက်စစ်တပ်မှာမူ... ဤကဲ့သို့ပင် အားလုံး သေဆုံးနေပြီလော။ မည်သည့်အရာမျှ မကျန်ရှိတော့ပြီလော။

ထိုအချိန်၌ပင် ရုတ်တရက် တုပိုင်၏ ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားပြီး လှုပ်ရှား၍ မရတော့ချေ။ မျက်စိအာရုံတို့ ကွယ်ပျောက်ကာ မည်သည့်အရာကိုမျှ ခံစား၍ မရတော့ဘဲ ပတ်ဝန်းကျင်တစ်ခုလုံး အမှောင်ကျသွားလေသည်။

ပတ်ဝန်းကျင်မှ အရာအားလုံး ပြောင်းလဲသွားခြင်း မဟုတ်ဘဲ... ရန်သူ ရောက်ရှိလာခြင်း ဖြစ်၏။ တာ့ဂျင်အင်ပါယာကို သစ္စာစောင့်သိသော ရှာမန်များ ဖြစ်ကြသည်။ ရှာမန် ဆယ်နှင့်ချီတို့သည် ကြီးမားသော ဂူသင်္ချိုင်းအတွင်းသို့ ဝင်ရောက်လာကြလေသည်။

အခြားကမ္ဘာတစ်ခု၏ မင်မင်းဆက် နှောင်းပိုင်းကာလတွင် မွန်ဂိုလီးယား မြက်ခင်းပြင်၌ ရှာမန်များ ရှိကြသော်လည်း အများစုမှာ နတ်ဆရာ ၊ ဆေးဆရာများသာ ဖြစ်ကြသည်။ သို့သော် ဤကမ္ဘာမှ ရှာမန်များကိုမူ အရှေ့အာရှတိုက်ကြီး၏ လျှို့ဝှက်ဆန်းကြယ်သည့်လူသားအုပ်စုအဖြစ် သတ်မှတ်ထားကြသည်။

သူတို့၌ အခြားသူများ မသိရှိသော ဗဟုသုတများ ရှိကြပြီး အခြားကမ္ဘာမှ စွမ်းအင်များနှင့် ပတ်သက်သော ဗဟုသုတများသည် သာမန်လူများထက် များစွာ သာလွန်ကာ အံ့သြဖွယ်ကောင်းသော စိတ်စွမ်းအင်များကို ပိုင်ဆိုင်ထားကြ၏။ ရှာမန်တိုင်းသည် အစွမ်းထက်သော ဝိညာဉ်ဆရာသခင်များ ဖြစ်ကြသည်။

ထိုစဉ်က ရွှေဧကရာဇ်ထယ်မူဂျင်သည် အိပ်မက်စနစ်ကို ထိန်းချုပ်ရန်အတွက် အစွမ်းထက်သော ရှာမန်ရာပေါင်းများစွာကို အသုံးပြုခဲ့ပြီး အိပ်မက်စနစ်ကို ဦးနှောက်နှင့် အဆက်အသွယ် ဖြတ်တောက်နိုင်ခဲ့သည်။ ယခုအချိန်တွင် သူတို့သည် စိတ်စွမ်းအင်ပညာရပ်များကို အသုံးပြုပြီး တုပိုင်ကို ပုံရိပ်ယောင်ကမ္ဘာတစ်ခုအတွင်းသို့ ကျရောက်သွားစေခဲ့၏။

ယခင်က ခွေးအိမ်သခင်ကြီးနှင့် တျန်ကျီကျွန်းသခင် မိစ္ဆာအိုကြီးကျန်းတို့ ဆောင်ရွက်ခဲ့သကဲ့သို့ပင် ဖြစ်သည်။ သူတို့၏ စိတ်စွမ်းအင် ပုံရိပ်ယောင်ထဲတွင် ပိတ်မိသွားသည်နှင့် လွတ်မြောက်ရန် မလွယ်ကူပေ။ ယခုအချိန်တွင် တုပိုင်သည် လုံးဝ မှောင်မိုက်နေသော ပုံရိပ်ယောင်ကမ္ဘာတစ်ခုထဲတွင် ပိတ်မိနေပြီး မည်သည်ကိုမျှ မမြင်ရ ၊ မကြားရတော့ပေ။

ရှာမန် ဆယ်နှင့်ချီတို့သည် လက်ထဲတွင် ထူးဆန်းသော တောင်ဝှေးများကို ကိုင်ဆောင်ထားကြပြီး ဂူသင်္ချိုင်းကြီးအတွင်း၌ စီတန်းနေသော လျှို့ဝှက်စစ်တပ်ကို ကြည့်ကာ လုံးဝ တုန်လှုပ်နေကြသည်။

“နှမြောစရာပါပဲ... ဒီလျှို့ဝှက်စစ်တပ်က သေကုန်ပြီ။ အကယ်၍သာ အသက်ရှင်နေသေးရင် ကမ္ဘာကြီးကို လွှမ်းမိုးဖို့ လုံလောက်တယ်” ရှာမန်တစ်ဦးက ရေရွတ်လိုက်သည်။ “ရွှေဧကရာဇ်ရဲ့ တွက်ချက်မှုက မှားယွင်းသွားခဲ့ပုံပဲ”

“ကံကောင်းလို့ သူတို့ အကုန် သေနေကြတာ” အခြားရှာမန်တစ်ဦးက ဝင်ပြောလိုက်သည်။ “မဟုတ်ရင် သူတို့ သစ္စာစောင့်သိမှာက သခင်လေးတုပိုင် ဖြစ်သွားလိမ့်မယ်”

ထို့နောက် အသက်ကြီးသော ရှာမန်အိုကြီးတစ်ဦးသည် တုပိုင်၏ အနီးသို့ ရောက်လာပြီး ပြောလိုက်လေသည်။ “ကျေးဇူးအများကြီး တင်ပါတယ် တုပိုင်။ မင်းသာမရှိရင် ငါတို့ ရွှေဧကရာဇ်ရဲ့ ဂူသင်္ချိုင်းထဲကို ဘယ်တော့မှ ဝင်လို့ရမှာ မဟုတ်ဘူး”

သူသည်လည်း အသက် ၁၀၀ ကျော်နေပြီ ဖြစ်သည်။ တုပိုင်သည် မည်သည့် တုံ့ပြန်မှုမျှ မရှိဘဲ မှောင်မိုက်နေသော ပုံရိပ်ယောင်ထဲတွင် ပိတ်မိနေဆဲပင်။

ရှာမန်ငယ်တစ်ဦးသည် အနက်ရောင်အရည် ပါဝင်သော ပြွန်တစ်ခုကို ထုတ်ယူလိုက်ပြီး မေးလိုက်သည်။ “ဒါ ဘာကြီးလဲ”

မှန်ပေသည်။ ငယ်ရွယ်သည် ဆိုသော်လည်း အသက် ၆၀ ကျော်နေပြီ ဖြစ်၏။

“ဒါက ဘိုးဘေး ပြောခဲ့တဲ့ အနက်ရောင်မိစ္ဆာအရည်နဲ့ အနီရောင်မိစ္ဆာအရည် ဖြစ်လောက်တယ်” ရှာမန်အိုကြီးက ပြန်ဖြေလိုက်သည်။ သူတို့ ပြောနေသော ဘိုးဘေးဆိုသည်မှာ ဂျင်ထိုက်ဂျိ၏ ဘေးနားရှိ နိုင်ငံတော်ဆရာသခင် ၊ အသက် ၁၅၀ ရှိသော ရှာမန်အိုကြီးပင် ဖြစ်သည်။

ရှာမန်သည် ကျောက်သလင်းပြွန်ကို ဖွင့်လိုက်ပြီး အနံ့ခံကြည့်လိုက်ရာ အနက်ရောင် မိစ္ဆာအရည်၏ စွမ်းအင်အငွေ့အသက်ကို ခံစားမိသွားသည်။

“မလုပ်နဲ့” ရှာမန်အိုကြီး ရုတ်တရက် အော်ဟစ်လိုက်သည်။

ကျောက်သလင်းပြွန်ကို ဖွင့်လိုက်သော ရှာမန်ငယ်က တီးတိုးရေရွတ်လိုက်၏။ “ထူးဆန်းတဲ့ အနံ့ပဲ... အရမ်း အေးတာပဲ... အရမ်း အေး...”

ထို့နောက် ထူးဆန်းသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးသည် ချက်ချင်းပင် အနက်ရောင်ရေခဲများဖြင့် ဖုံးလွှမ်းသွားပြီး တစ်ကိုယ်လုံး ခဲသွားလေသည်။ ဖြစ်စဉ်တစ်ခုလုံးသည် အလွန် လျင်မြန်ပြီး တုံ့ပြန်ချိန်ပင် မရလိုက်ပေ။ ဘေးနားရှိ အခြားရှာမန်တစ်ဦးသည် ရှေ့တိုးသွားပြီး သူ့ကို တွန်းလိုက်သည်။

“မထိနဲ့... သူ့ကို မထိနဲ့” ရှာမန်အိုကြီး ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ သို့သော် နောက်ကျသွားခဲ့ပြီ ဖြစ်၏။

ရှေ့တိုးပြီး တွန်းလိုက်သော ရှာမန်၏ ညာလက်သည် အနက်ရောင်ရေခဲများဖြင့် လျင်မြန်စွာ ဖုံးလွှမ်းသွားပြီး မကြာမီ တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားတော့မည် ဖြစ်သည်။

“ရွှပ်”

အသက် ၁၀၀ ကျော် ရှာမန်အိုကြီးသည် ချွန်ထက်သော ဓားတစ်လက်ဖြင့် ပိုင်းချလိုက်ရာ ထိုရှာမန်၏ ညာလက် ပြတ်တောက်သွားပြီး လက်ထဲမှ ဓားကို လွှင့်ပစ်လိုက်သည်။

“အ... အားးးး”

လက်ပြတ်သွားသော ရှာမန်သည် နာကျင်စွာ အော်ဟစ်လိုက်ပြီး မျက်နှာတစ်ခုလုံး ဖြူဖျော့သွားသည်။ သူသည် သေလုနီးပါး ဖြစ်သွားခဲ့ပြီး ဂိုဏ်းတူညီငယ်ကဲ့သို့ အနက်ရောင်ရေခဲများ ဖုံးလွှမ်းကာ လုံးဝ အေးခဲသွားတော့မလို ဖြစ်ခဲ့သည်။

“ဘာကိုမှ မထိနဲ့။ သေတ္တာထဲက ပစ္စည်းတွေကိုရော ၊ ရေခဲရိုက်သွားတဲ့ ၂၅ ယောက်မြောက် ညီငယ်ကိုရော မထိနဲ့။ သူ သေသွားပြီ။ ထိလိုက်တဲ့ ဘယ်သူမဆို သူ့နောက်ကို လိုက်သွားရလိမ့်မယ်” ရှာမန်အိုကြီးက သတိပေးလိုက်သည်။

“ဒီမိစ္ဆာအရည်နှစ်မျိုးက ငါတို့ နားလည်နိုင်တဲ့အရာ မဟုတ်ဘူး။ ပြန်ယူသွားပြီး ဘိုးဘေးဆီ ပေးလိုက်ရုံပဲ”

ထို့နောက် သူသည် အနက်ရောင်မိစ္ဆာအရည်ပါသော ပြွန်ကို ဂရုတစိုက် ပြန်ပိတ်လိုက်ပြီး သေတ္တာထဲသို့ ပြန်ထည့်ကာ အဖုံးပိတ်လိုက်သည်။

“၁၉ ယောက်မြောက် ညီငယ် ၊ ၂၁ ယောက်မြောက် ညီငယ်... မင်းတို့နှစ်ယောက် သေတ္တာနှစ်လုံးကို တစ်ယောက်တစ်လုံး သယ်ခဲ့ကြ။ လမ်းလျှောက်ရင် သတိထား။ လှုပ်ခါတာမျိုး မဖြစ်စေနဲ့” ရှာမန်အိုကြီးက အမိန့်ပေးလိုက်သည်။

ရုတ်တရက် အသက် ၆၀ အရွယ် ရှာမန်နှစ်ဦး ထွက်လာပြီး ရန်သူကို ရင်ဆိုင်နေရသကဲ့သို့ သေတ္တာတစ်လုံးစီကို သတိကြီးစွာ ကိုင်ဆောင်လိုက်ကြသည်။

“သွားကြစို့... ဘိုးဘေးဆီ ပြန်ကြမယ်” ရှာမန်အိုကြီးက ပြောလိုက်သည်။ “ငါတို့ လိုချင်တာ ရပြီပဲ”

“တုပိုင်ကိုရော ဘယ်လို လုပ်မလဲ” အခြားရှာမန်တစ်ဦးက မေးလိုက်သည်။

ရှာမန်အိုကြီးသည် ဓားတစ်လက်ကို ဆွဲထုတ်လိုက်ပြီး ရေခဲရိုက်နေသော ညီငယ်၏ အလောင်းကို တစ်ချက် ထိုးလိုက်သည်။

“ဝုန်းးးးး”

ရုတ်တရက် အနက်ရောင်ရေခဲများ ဖုံးလွှမ်းနေသော ရှာမန်ငယ်သည် မြေပြင်ပေါ်သို့ ပြိုကျသွားပြီး ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းသည် အနက်ရောင်ရေခဲတုံးများအဖြစ် ပြောင်းလဲသွားလေသည်။ ရှာမန်အိုကြီး၏ လက်ထဲမှ ဓားသည် အနက်ရောင်မိစ္ဆာအရည်များဖြင့် စွန်းထင်းသွားပြီးနောက် တုပိုင်၏ ရင်ဘတ်ကို ထိုးစိုက်လိုက်သည်။

“ဖောက်”

လုပ်ရပ်တစ်ခုလုံးသည် ရိုးရှင်းပြီး ပြတ်သားကာ တုံ့ဆိုင်းခြင်း အလျဉ်းမရှိပေ။ နောက်တစ်စက္ကန့်တွင် တုပိုင်၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ချက်ချင်းပင် အနက်ရောင်ရေခဲများဖြင့် ဖုံးလွှမ်းသွားပြီး ရှာမန်ငယ် ဖြစ်သွားသကဲ့သို့ပင် ဖြစ်သွားသည်။ ခဏကြာသောအခါ တုပိုင်သည် သက်မဲ့ရေခဲလူသားတစ်ဦးအဖြစ် ပြောင်းလဲသွားလေသည်။

“ကျေးဇူးတင်ပါတယ် တုပိုင်... လမ်းပြပေးလို့လေ။ မင်းအတွက် အလောင်းကောင်ကိုတော့ အကောင်းအတိုင်း ချန်ထားခဲ့ပါ့မယ်” ရှာမန်အိုကြီးက လှောင်ပြောင်သလို ပြောလိုက်သည်။

ထို့နောက် သူသည် ရှာမန် အများအပြားနှင့်အတူ ပြန်လှည့်ထွက်ခွာသွားကြကာ ရွှေဧကရာဇ်၏ ဂူသင်္ချိုင်းမှ ထွက်ခွာသွားကြသည်။

“ဂျိန်းးး ဂျိန်းးး ဂျိန်းးး”

ကျယ်လောင်သော အသံကြီးများ ထွက်ပေါ်လာ၏။ ရွှေဧကရာဇ်ဂူသင်္ချိုင်း၏ တံခါးနှစ်ချပ် လုံးဝ ပိတ်သွားလေသည်။ ရှာမန်တို့သည် သေတ္တာနှစ်လုံး ၊ အနက်ရောင်မိစ္ဆာအရည်သေတ္တာတစ်လုံးနှင့် အနီရောင်မိစ္ဆာအရည်သေတ္တာတစ်လုံးတို့ ဂရုတစိုက် ကာကွယ်ရင်း ပင်လယ်ဘက်သို့ ကူးခပ်သွားကြသည်။ သူတို့ ပင်လယ်အတွင်းမှ ထွက်လာပြီးနောက် တာ့ဂျင်အင်ပါယာ၏ မြို့တော်ကြီးဆီသို့ အမြန်ဆုံး အရှိန်ဖြင့် ပြေးထွက်သွားကြလေ၏။

**--**--**--**--**--**--**--**

ရွှေဧကရာဇ်၏ ဂူသင်္ချိုင်းအတွင်းတွင်။

တုပိုင်၏ ခန္ဓာကိုယ်သည် အနက်ရောင်ရေခဲများဖြင့် ဖုံးလွှမ်းနေဆဲဖြစ်ပြီး တိတ်ဆိတ်ငြိမ်သက်ကာ မလှုပ်မယှက် ရှိနေသည်။

ရုတ်တရက်...

“ဝုန်းးးး”

အနက်ရောင်ရေခဲများ ကွဲအက်သွားပြီး တုပိုင်သည် ၎င်းမှ ရုန်းထွက်လာခဲ့သည်။

“ဟူး...”

လက်ဖဝါးထဲမှ ငရဲမီးတောက်ကို ပြန်လည် ရုပ်သိမ်းလိုက်သည်။ ထို့နောက် မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော အနက်ရောင်ရေခဲစများကို ကြည့်ရှုပြီး ခဏမျှ တုံ့ဆိုင်းနေပြီးနောက် ငရဲမီးတောက်ဖြင့် အားလုံးကို လောင်ကျွမ်းပစ်လိုက်၏။ ခဏအတွင်းမှာပင် ရှာမန်ငယ်၏ ကွဲအက်နေသော ရေခဲခန္ဓာကိုယ် အပိုင်းအစများသည် အငွေ့ပျံပြီး ပျောက်ကွယ်သွားလေသည်။

“သေစမ်း... နောက်ဆုံးတော့ ဒီကောင်တွေကို ရှင်းထုတ်နိုင်ခဲ့ပြီ” တုပိုင် စိတ်ပျက်လက်ပျက် ပြောလိုက်သည်။ “သူတို့က ရွှေဧကရာဇ်ရဲ့ ဂူသင်္ချိုင်းတည်နေရာကို သိနေပြီး ဝင်ပေါက်မှာ ငါ့ကို စောင့်နေကြလိမ့်မယ်လို့ မထင်ထားဘူး။ အဲဒီ ဘိုးဘေးရှာမန်ဆိုတဲ့ကောင်က တော်တော် ယုတ်မာတာပဲ”

အိပ်မက်စနစ်က တုံ့ပြန်လိုက်၏။ “စနစ်ရှင်... ခင်ဗျားက ပိုယုတ်မာပါတယ်။ သူတို့ကို လှည့်စားဖို့ ဟန်ဆောင်ရုံတင် မကဘဲ... သူများလက်နဲ့ မြွေဖမ်းခိုင်းတဲ့ လှည့်ကွက်ကိုပါ သုံးချင်နေတာပဲ”

“ငါ့ဘာသာ သယ်သွားလို့ မရဘူးလေဟ။ ဒီလှည့်ကွက်က အောင်မြင်မယ် ထင်လား”

“မသိဘူး”

“ဘာလို့ မသိရတာလဲဟ” တုပိုင် မေးလိုက်သည်။

“အဲဒီတုန်းက ရွှေဧကရာဇ်ထယ်မူဂျင်က အစွမ်းထက်တဲ့ ရှာမန်ရာပေါင်းများစွာကို စုဆောင်းပြီး စိတ်စွမ်းအင် အတားအဆီးတစ်ခု တည်ဆောက်ခဲ့တယ်။ ကျွန်တော်တို့ သူ့ကို လုံးဝ မထိန်းချုပ်နိုင်ခဲ့သလို သူ့ပတ်ဝန်းကျင်မှာ ဘာတွေ ဖြစ်ပျက်နေလဲ ဆိုတာတောင် မသိခဲ့ရဘူး”

တုပိုင်က ခေါင်းညိတ်လိုက်သည်။ “ငါ ရွှေဧကရာဇ်ရဲ့ ဂူသင်္ချိုင်းကို လာတာက လျှို့ဝှက်စစ်တပ်ကို လိုချင်လို့။ ဒီလျှို့ဝှက်စစ်တပ် ရှိမှသာ ရှန်ဟိုင်ကွမ် စစ်ပွဲကို ငါနိုင်မှာ။ ဒါပေမဲ့ ဒီလျှို့ဝှက်စစ်တပ်က အကုန် သေနေကြပြီ”

“စနစ်ရှင်... ခင်ဗျားက မြို့တော်က သိန်းပေါင်းများစွာသော ပြည်သူတွေနဲ့ ကွယ်လွန်သွားတဲ့ ဧကရာဇ်ထျန်ယွင်ကို ကတိပေးခဲ့တယ်။ ရှန်ဟိုင်ကွမ်စစ်ပွဲကို နိုင်စေရမယ်လို့ ကြွားလုံးထုတ်ခဲ့တယ်။ ဘာကြောင့်လဲ”

တုပိုင် ခဏမျှ တိတ်ဆိတ်နေပြီး ပြန်ဖြေလိုက်၏။ “ပင်ကိုယ်အသိစိတ်... သေချာတဲ့ ပင်ကိုယ်အသိစိတ်ကြောင့်ပဲ”

“ဒါပေမဲ့ မျက်စိရှေ့က လျှို့ဝှက်စစ်သည် ၄ သောင်းက တကယ် သေဆုံးနေကြတာပါ။ နှမြောစရာ ကောင်းလိုက်တာ။ အကယ်၍ သူတို့ အသက်ရှင်နေရင် သိပ်ကို အစွမ်းထက်မှာ”

“လုံးဝ သေဆုံးနေတာလား။ ပြန်လည် အသက်သွင်းလို့ မရနိုင်တဲ့ သေဆုံးခြင်းမျိုးလား”

“ဒါပေါ့... လုံးဝ သေဆုံးနေတာပါ။ ဒီကမ္ဘာပေါ်မှာ သေရာကနေ ပြန်ရှင်နိုင်တာ ခင်ဗျားတစ်ယောက်ပဲ ရှိတယ်။ ပြီးတော့ ခင်ဗျားက တကယ် သေဖူးတာမှ မဟုတ်တာ။ အခု မျက်စိရှေ့က လျှို့ဝှက်စစ်သည် ၄ သောင်းကတော့ တကယ် သေဆုံးနေတာပါ”

တုပိုင် ရုတ်တရက် ပြောလိုက်သည်။ “ထူးဆန်းတယ်”

“အရမ်း ထူးဆန်းတယ်။ ဒီဂူသင်္ချိုင်းထဲမှာ ရွှေဧကရာဇ်ထယ်မူဂျင်အတွက် နေရာမရှိဘူး”

မှန်ပေသည်။ ဤသည်မှာ ရွှေဧကရာဇ်၏ ဂူသင်္ချိုင်းဖြစ်သော်လည်း အဘယ်ကြောင့် သူ့အတွက် နေရာမရှိရသနည်း။ သူ ဤနေရာ၌ မသေဆုံးခဲ့သော်လည်း ခေါင်းတလား သို့မဟုတ် ပလ္လင်တစ်ခုခုတော့ ရှိသင့်သည်။ ထို့ကြောင့် တုပိုင် သေချာ လိုက်လံရှာဖွေကြည့်လိုက်သည်။

ဂူသင်္ချိုင်းတစ်ခုလုံး၏ နံရံများပေါ်တွင် ရုပ်ကြွများ ထွင်းထုထားပြီး သတ္တဝါတစ်မျိုးတည်းသာ ရှိသည်။ ယင်းမှာ နဂါးဖြစ်သည်။ နဂါးအမျိုးမျိုး ၊ နဂါးထောင်ပေါင်းများစွာဖြစ်၏။ မကြာမီ တုပိုင် တစ်စုံတစ်ခု မှားယွင်းနေကြောင်း တွေ့ရှိလိုက်သည်။

အဘယ်ကြောင့်ဆိုသော် ဤနဂါးရုပ်ကြွများကြားတွင် ကျောင်းဟူသော ရေနဂါးတစ်ကောင် ပါဝင်နေသောကြောင့် ဖြစ်၏။ အမှန်တကယ် ထူးဆန်းလှသည်။ နံရံပေါ်တွင် နဂါးထောင်ပေါင်းများစွာ ထွင်းထုထားပြီး ရေနဂါးတစ်ကောင်က ကြားညှပ် ပါဝင်နေသည်လော။

ထို့အပြင် ဤရေနဂါးသည် အလွန် အသက်ဝင်နေပြီး ကြောက်မက်ဖွယ် မျက်နှာထားနှင့် ခန္ဓာကိုယ်ပေါ်ရှိ အကြေးခွံများသည် အသက်ရှင်နေသကဲ့သို့ ဖြစ်နေသည်။ အထူးသဖြင့် ယင်း၏ မျက်လုံးနှစ်လုံး... တုပိုင် စိုက်ကြည့်လိုက်သောအခါ ရေနဂါး၏ မျက်လုံးများသည် မလှုပ်ရှားသော်လည်း ထူးဆန်းသော ခံစားမှုတစ်ခု ခံစားလိုက်ရသည်။ ထို့နောက် ယင်း၏ အစွယ်များသည် ကျောက်သားအရောင် မဟုတ်ဘဲ အဖြူရောင် ဖြစ်နေသည်။

တုပိုင်သည် ရေနဂါးရုပ်ကြွ၏ အစွယ်ပေါ်သို့ လက်တင်လိုက်ပြီး ဖြည်းညှင်းစွာ ပွတ်ဆွဲလိုက်သည်။ ချွန်ထက်သော အစွယ်သည် တုပိုင်၏ လက်ဖဝါးကို ရှသွားပြီး သွေးများ စွန်းထင်းသွား၏။

“ဂျိန်းးး”

ကျယ်လောင်သော အသံကြီးတစ်ခု ထွက်ပေါ်လာသည်။ ဤရေနဂါးသည် ရုတ်တရက်ဆိုသလိုပင် အသက်ဝင်လာပြီး နံရံပေါ်မှ တိုက်ရိုက် ဆင်းသက်လာ၏။ အမှန်စင်စစ် သူသည် ရုပ်ထုမဟုတ်ဘဲ အစစ်အမှန် ရေနဂါးတစ်ကောင် ဖြစ်နေသည်။

ထို့အပြင် ယင်းသည် အရောင်ပြောင်းလဲနိုင်သော ရေနဂါးဖြစ်ပြီး ကျောက်သားအရောင်နှင့် တစ်သားတည်းဖြစ်အောင် ပြီးပြည့်စုံစွာ ဖုံးကွယ်ထားနိုင်သဖြင့် ရုပ်ကြွအသွင်ဆောင်ထားရာတွင် အပြစ်အနာအဆာ မရှိပေ။

“ရွှီး... ရွှီး... ရွှီး...”

ရေနဂါးသည် တုပိုင်နှင့် မည်သည့်စကားမျှ မပြောဘဲ တိုက်ရိုက် ထွက်ခွာသွားသည်။ ယင်း ထွက်ခွာသွားပြီးနောက် ကြီးမားသော ဂူသင်္ချိုင်းနံရံတွင် အပေါက်တစ်ပေါက် ပေါ်လာပြီး လမ်းကြောင်းသစ်တစ်ခု ဖြစ်လာလေ၏။

တုပိုင်သည် ထိုလမ်းကြောင်းအတိုင်း တက်သွားပြီး ပို၍ နက်ရှိုင်းသော နေရာသို့ ဝင်ရောက်သွားလိုက်သည်။ ထို့နောက် ဒုတိယဂူသင်္ချိုင်းအတွင်းသို့ ဝင်ရောက်သွား၏။ ဤနေရာကမှ ရွှေဧကရာဇ်၏ ဂူသင်္ချိုင်းအစစ် ဖြစ်လောက်သည်။

မှန်ပေသည်။ ဤသည်မှာ ရွှေဧကရာဇ်၏ ဂူသင်္ချိုင်း အစစ်အမှန် ဖြစ်သည်။ ဂူသင်္ချိုင်းတစ်ခုလုံးသည် သေးငယ်ပြီး စတုရန်းမီတာ ထောင်ပေါင်းများစွာသာ ကျယ်ဝန်းသည်။ ဂူသင်္ချိုင်းအတွင်းတွင် ခေါင်းတလားများ သပ်ရပ်စွာ စီတန်းပြီး ပြည့်နှက်နေသည်။ အလယ်တွင် ပိရမစ်ငယ်တစ်ခု ရှိပြီး ပိရမစ်ထိပ်တွင် ရွှေပလ္လင်တစ်ခု ရှိလေသည်။

ထိုသည်မှာ ရွှေဧကရာဇ်၏ နေရာပင်ဖြစ်လေ၏။

တုပိုင်သည် ပိရမစ်ငယ်၏ လှေကားထစ်များအတိုင်း ပိရမစ်ငယ်၏ ထိပ်ဆုံးသို့ တက်သွားလိုက်၏။ ဤနေရာမှနေ၍ ဂူသင်္ချိုင်းတစ်ခုလုံးရှိ ခေါင်းတလားအားလုံးကို အပေါ်စီးမှ မြင်တွေ့နေရသည်။ လှည့်ကြည့်လိုက်ပြီး ရွှေပလ္လင်ကို တစ်ချက် ကြည့်လိုက်သည်။

တုပိုင် ထိုင်ချလိုက်ပြီး ပလ္လင်၏ လက်ရန်းပေါ်သို့ လက်တင်လိုက်၏။ ရုတ်တရက် လက်ရန်းပေါ်ရှိ ရွှေနဂါးအစွယ်သည် တုပိုင်၏ လက်ဖဝါးကို ထပ်မံ ရှမိသွားပြီး သွေးများ စီးကျလာလေသည်။

ရွှေပလ္လင်တစ်ခုလုံးသည် တောက်ပသော အလင်းရောင်များ ဖြာထွက်လာပြီး တုပိုင်ကို လုံးဝ လွှမ်းခြုံထားလိုက်သည်။ ခန့်ညားထည်ဝါပြီး အားကောင်းသော စွမ်းအင်အရှိန်အဝါသည် တစ်နေရာလုံးကို လွှမ်းမိုးသွား၏။ တစ်ခဏချင်းမှာပင် တုပိုင်သည် ရွှေဧကရာဇ် အစစ်အမှန်တစ်ပါး ဖြစ်လာသကဲ့သို့ ခံစားလိုက်ရသည်။

“ဂျိန်းးး”

ဂူသင်္ချိုင်းတစ်ခုလုံး စတင် တုန်ခါလာပြန်ကာ ကျယ်လောင်သော အသံကြီးများ ထွက်ပေါ်လာ၏။ ဤတုန်ခါမှုများနှင့် ဤအသံကျယ်ကြီးများသည် ခေါင်းတလားများအတွင်းမှ ထွက်ပေါ်လာခြင်း ဖြစ်၏။ မရေမတွက်နိုင်သော ခေါင်းတလားများ ၊ သပ်ရပ်စွာ စီတန်းထားသော ခေါင်းတလားများသည် ဂူသင်္ချိုင်းတစ်ခုလုံး ပြည့်နှက်နေသည်။

“ဘုန်းးး ဘုန်းးး ဘုန်းးးး”

ရုတ်တရက် မရေမတွက်နိုင်သော ခေါင်းတလားအဖုံးများ ပွင့်ကန်ထွက်သွားကြပြီး ခေါင်းတလားများအတွင်းမှ ခြေသည်းလက်သည်းများ ဆန့်ထွက်လာကြသည်။

ဤသည်မှာ ရွှေဧကရာဇ်ထယ်မူဂျင်၏ လျှို့ဝှက်စစ်တပ်ပင်ဖြစ်၏။ အစွမ်းထက်သော လျှို့ဝှက်စစ်တပ်ကြီးပင်ဖြစ်လေ၏။

“ဘုန်းးး ဘုန်းးး ဘုန်းးး”

ပို၍ များပြားသော ခြေသည်းလက်သည်းများ ခေါင်းတလားထဲမှ ထွက်လာကြသည်။ ဤမြင်ကွင်းသည် အလွန် တုန်လှုပ်စရာ ကောင်းနေသည်။ မရေမတွက်နိုင်သော ခြေသည်းလက်သည်းများ ခေါင်းတလားထဲမှ ညီညာစွာ ဆန့်ထွက်လာကြသည်။ ထို့အပြင် ခေါင်းတလားအဖုံးများသည် အတော်လေး ထူထဲသော်လည်း ခြေသည်းလက်သည်းများဖြင့် ထိုးဖောက် ဆွဲဖြဲခြင်း ခံလိုက်ရသည်။

ဤလျှို့ဝှက်စစ်တပ်မှာ မည်သည့် သတ္တဝါများနည်း။ နောက်တစ်ခဏတွင် ဤသတ္တဝါများသည် ခေါင်းတလားထဲမှ တစ်ကောင်ပြီးတစ်ကောင် ထထိုင်လိုက်ကြသည်။ တုပိုင် သူတို့၏ ပုံပန်းသဏ္ဍာန်ကို နောက်ဆုံးတွင် မြင်တွေ့လိုက်ရပြီ ဖြစ်သည်။

သံသယဖြစ်ဖွယ် မလိုဘဲ ထိုအရာများသည် လူသားများ မဟုတ်ချေ။ လူသားပုံသဏ္ဍာန် သတ္တဝါများပင် မဟုတ်ပေ။ ဝံပုလွေနှင့် တူသည်။ ခန္ဓာကိုယ်တစ်ခုလုံး ဝံပုလွေလက္ခဏာများဖြင့် ပြည့်နှက်နေသည်။

သို့သော် ဝံပုလွေနှင့် လုံးဝ ကွာခြားသည်။ ပထမဆုံးအနေဖြင့် သူတို့၏ ခန္ဓာကိုယ်ပေါ်တွင် အမွှေးအမျှင် မရှိဘဲ အကြေးခွံများသာ ရှိပြီး မည်းနက်သော အရောင်များ တောက်ပနေသည်။ ထို့အပြင် သူတို့၏ ခြေသည်းလက်သည်းများသည် ဝံပုလွေနှင့် မတူဘဲ အလွန် ချွန်ထက်ပြီး ကွေးကောက်ကာ အလွန် ထက်မြက်သည်။

ခန္ဓာကိုယ်ပေါ်ရှိ ကြွက်သားများသည် ပေါက်ကွဲထွက်လုမတတ် ဖောင်းကြွနေပြီး သာမန်ဝံပုလွေများနှင့် မယှဉ်နိုင်သလို ပြိုင်ဘက်ကင်းမြေအောက်မြို့တော်မှ ဧရာမဝံပုလွေကြီးများနှင့်လည်း နှိုင်းယှဉ်၍ မရပေ။ သူတို့၏ ခါး ၊ လည်ပင်းနှင့် ပေါင်ကြွက်သားများသည် အလွန် ဖွံ့ဖြိုးပြီး အားကောင်းသော ခွန်အားများဖြင့် ပြည့်နှက်နေသည်။

ဝံပုလွေတိုင်းသည် ကြီးမားပြီး စစ်မြင်းတစ်ကောင်ထက် ပိုမြင့်သော်လည်း ခွန်အားနှင့် အမြန်နှုန်းမှာမူ မည်မျှ သာလွန်သည်ကို မခန့်မှန်းနိုင်ပေ။

“အာဝူးးးးးးးး”

ကျယ်လောင်သော ဟိန်းဟောက်သံကြီး ထွက်ပေါ်လာသည်။ ဝံပုလွေဟောင်သံနှင့် မတူဘဲ သားရဲဆန်းတစ်ကောင်၏ အသံနှင့် ပိုတူသည်။

“ဝုန်းးးးးးး”

ရုတ်တရက် ကြီးမားသော ကျောက်ခေါင်းတလားကြီးတစ်လုံး ပေါက်ကွဲထွက်သွားကာ သုံးမီတာကျော် မြင့်ပြီး ခြောက်မီတာ ရှည်သော ဝံပုလွေဘုရင်တစ်ကောင် ပြေးထွက်လာသည်။ ယင်းသည် ခေါင်းငဲ့ကြည့်လိုက်ရာ ပိရမစ် ရွှေပလ္လင်ပေါ်ရှိ တုပိုင်ကို တွေ့လိုက်ရပြီး တစ်ဆင့်ချင်း တက်လာလေသည်။

တုပိုင်၏ ခြေရင်းသို့ ရောက်သောအခါ ယင်း၏ ကြီးမားသော ခန္ဓာကိုယ်ကြီး ဝပ်ဆင်းလိုက်ပြီး တုပိုင်ကို ပါးစပ်ဟပြလိုက်ရာ ဆူးချွန်များဖြင့် ပြည့်နှက်နေသော လျှာကြီး ပေါ်ထွက်လာသည်။ ဝံပုလွေလျှာတွင် ဆူးချွန်များ မပါရှိသင့်ပေ။ သို့သော် ဤဧရာမဝံပုလွေကြီး၏ လျှာပေါ်တွင်မူ ချွန်ထက်ပြီး ကြောက်စရာကောင်းသော ဆူးချွန်များဖြင့် ပြည့်နှက်နေသည်။ ယင်း၏ မျက်လုံးများသည် တုပိုင်ကို ကြည့်နေပြီး တစ်စုံတစ်ခုကို စောင့်မျှော်နေသကဲ့သို့ပင်။

တုပိုင်သည် သူ၏ လက်ဖဝါးကို လျှာပေါ်တင်ပြီး ညင်သာစွာ ပွတ်သပ်လိုက်သည်။ သွေးစက်အနည်းငယ် လျှာပေါ်သို့ ကျသွားပြီး တစ်ခဏချင်းမှာပင် ပျောက်ကွယ်လုနီးပါး ဖြစ်သွားသည်။

ရုတ်တရက် ဤဝံပုလွေဘုရင်၏ မျက်လုံးများမှ သွေးရောင်အလင်းတန်းများ တောက်ပလာသည်။

“အာဝူးးးးးး”

ထို့နောက် တုပိုင်၏ မျက်စိရှေ့မှောက်တွင်ပင် ဤဝံပုလွေဘုရင်၏ ခန္ဓာကိုယ် ပြောင်းလဲသွားသည်ကို တွေ့လိုက်ရသည်။ ခန္ဓာကိုယ်ပေါ်ရှိ အကြေးခွံများ ပိုမို တောက်ပလာပြီး ခန္ဓာကိုယ်အရွယ်အစား ပိုမို ကြီးမားလာသည်။ မူလကတည်းက အလွန် ကြီးမားပြီး ကြောက်စရာ ကောင်းနေပြီ ဖြစ်သော်လည်း ယခုအခါ တစ်ပတ်လည်မျှ ပိုကြီးလာသည်။ တကယ့်ကို ဧရာမသားရဲကြီးတစ်ကောင်နှင့် တူပြီး တုပိုင်ကိုပင် တုန်လှုပ်လာစေသည်။

ခဏကြာအောင် ဟိန်းဟောက်ပြီးနောက် ဧရာမဝံပုလွေကြီးသည် လုံးဝ ဝပ်ဆင်းလိုက်ပြီး ယင်း၏ ကြီးမားသော ခေါင်းကြီးကို တုပိုင်၏ ခြေဖဝါးအောက်တွင် ထားလိုက်ကာ လုံးဝ အညံ့ခံကြောင်း ပြသလိုက်လေသည်။

တုပိုင်သည် ပလ္လင်ပေါ်တွင် ထိုင်ပြီး ယင်း၏ ခေါင်းကို ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။ ရုတ်တရက် သူ့ဦးနှောက်ထဲရှိ ရွှေဧကရာဇ်၏ မှတ်ဉာဏ်အပိုင်းအစများ အနည်းငယ် ဆက်စပ်သွား၏။

ရွှေဧကရာဇ်သည် ကမ္ဘာမြေ၏ သုံးပုံတစ်ပုံကို ပေါင်းစည်းပြီးနောက် ကမ္ဘာအနှံ့မှ ရှာမန်များ ၊ မှော်ဆရာများ ၊ အဂ္ဂိရတ်ဆရာများ စသဖြင့် လူပေါင်း ၁ သောင်းကျော်ကို ဆင့်ခေါ်ခဲ့သည်။

သူ့၌ ရည်မှန်းချက်တစ်ခုတည်းသာ ရှိသည်။ အသန်မာဆုံးနှင့် သစ္စာအရှိဆုံး စစ်တပ်ကို ဖန်တီးရန် ဖြစ်သည်။ ကမ္ဘာပေါ်တွင် ပြိုင်ဘက်ကင်းသော မြင်းတပ်။ ကမ္ဘာကြီးကို လွှမ်းမိုးမည့် ကောင်းကင်အစောင့်အရှောက်များအတွက် ကြီးမားသော တန်ဖိုးများကိုပေးဆပ်ခဲ့ရပြီး လူသန်းပေါင်းများစွာ သေဆုံးခဲ့ရသည်။ နောက်ဆုံးတွင် ရွှေဧကရာဇ်သည် ပထမဂူသင်္ချိုင်းတွင် တုပိုင် တွေ့ခဲ့ရသော သွေးမိစ္ဆာစစ်သည်များကို ဖန်တီးနိုင်ခဲ့လေ၏။

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၆၇၉ + ၆၈၀ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

Characters – 17771

All Chapters