← Chapters

အဆိပ်မိသွားသော ကျားကြီး

Vol. 5 Ch. 72

အဆိပ်မိသွားသော ကျားကြီး

Vol. 5 Ch. 72

သွေးရောင်တောကြောင်၏ လည်ပင်းမှာ ကျား၏ ကိုက်ခဲမှုကြောင့် ပြတ်တောက်သွားပြီး ရွှီရှင်းထံသို့ သတ်ဖြတ်မှု အောင်မြင်ကြောင်း အကြောင်းကြားစာ ရောက်ရှိလာသည်။

ခပ်လှမ်းလှမ်းမှနေ၍ ထိုကျားကြီးသည် သွေးရောင်ပုံစံများ ဖုံးလွှမ်းနေသော အဝါနှင့် အဖြူရောင် စပ်နေသော တောကြောင်အလောင်းကို အားရပါးရ ကိုက်ခဲဝါးမြိုနေသည်ကို မြင်တွေ့နေရသည်။

"ငါ့ရဲ့ သားရဲအရေခွံလေး..."

ရွှီရှင်း နှမြောတသဖြစ်သွားမိသည်။

တောကြောင်အသားကို သူ ဂရုမစိုက်သော်လည်း သားရဲအရေခွံမှာမူ စုတ်ပြဲသွားပါက ပျက်စီးနေသော ကုန်ကြမ်းအဖြစ် ပြောင်းလဲသွားမည်ဖြစ်ရာ အဖိုးတန် အပြာရောင်အဆင့် ကုန်ကြမ်းတစ်ခု ဆုံးရှုံးရခြင်းပင် ဖြစ်သည်။

ကျားကြီးမှာမူ ရပ်တန့်မည့် အရိပ်အယောင်မရှိဘဲ ဆက်လက်စားသောက်နေဆဲပင်။

အဝေးမှပင် သွေးနံ့များမှာ လေထဲတွင် လွှမ်းမိုးနေသဖြင့် သူ၏ဘေးက ငွေရောင်ဘုရင်မှာ ဂနာမငြိမ် ဖြစ်နေတော့သည်။

ဘာပဲဖြစ်ဖြစ် ဤဗီဇပြောင်းအသားမှာ သားရဲများအတွက် မတွန်းလှန်နိုင်သော ဆွဲဆောင်မှုတစ်ခု မဟုတ်ပါလား။

"ဒါပေမဲ့ သူ ဘာလို့ မသေသေးတာလဲ"

ရွှီရှင်းသည် လန်းဆန်းတက်ကြွနေဆဲဖြစ်သော ကျားကြီးကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။

"ဒါက အသားခွဲဓားနဲ့ ခွဲထုတ်လိုက်မှပဲ အဲဒီအဆိပ်အာနိသင် ရှိတာလား။ မဖြစ်နိုင်ပါဘူး၊ ခွဲမထုတ်ခင်မှာလည်း ဒါဟာ ဗီဇပြောင်းသားရဲအသားပဲလေ။"

"အီးးး"

ခဲခဲ က ရုတ်တရက် ဇဝေဇဝါအသံလေး ပြုလိုက်သည်။

"ဘာဖြစ်လို့လဲ ခဲခဲ"

ခဲခဲ က ကျားကြီးကို လက်ညှိုးထိုးပြပြီးနောက် ရွှီရှင်း၏ ပုခုံးပေါ်တွင် ပျော့ခွေသွားသည့် ပုံစံမျိုး လုပ်ပြသည်။

"ဒီကျားကြီး သေတော့မယ်လို့ မင်းပြောချင်တာလား"

"အီးးး"

ခဲခဲ က ခေါင်းလေးကို ညိတ်ပြသည်။

ရွှီရှင်း လှမ်းကြည့်လိုက်သော်လည်း ကျားကြီးထံတွင် ထူးခြားတာ ဘာမှမတွေ့ရချေ၊ ၎င်းမှာ ဆက်လက် စားသောက်နေဆဲပင်။

ခဲခဲ ၏ အာရုံခံစားမှု မှားနေပြီဟု ရွှီရှင်း ထင်လိုက်မိခါနီးမှာပင်၊ ရုတ်တရက် ကျားကြီး၏ စားသောက်နေသော လှုပ်ရှားမှုများ ရပ်တန့်သွားသည်။

ရုန်းကန်ခြင်းမရှိ၊ ဟိန်းဟောက်ခြင်းမရှိ၊ ရူးသွပ်ခြင်းမရှိဘဲ ၎င်းသည် ရှေ့သို့ ခြေလှမ်းအနည်းငယ် ယိုင်တိယိုင်ထိုး လျှောက်လှမ်းသွားပြီးနောက် မြေပြင်ပေါ်သို့ အရှိန်ဖြင့် မှောက်လျက်လဲကျသွားကာ လုံးဝ ငြိမ်သက်သွားတော့သည်။

[တောအုပ်ကျားကို အောင်နိုင်သဖြင့် အမှတ် ၂၀၀ ရရှိသည်။]

ကောင်းလိုက်တာ။

ကျားရဲ့အမှတ်ကိုပါ သူ့ဆီ ထည့်ပေးလိုက်တာပဲ။

သို့သော် ဤအမှတ်မှာ ဗီဇပြောင်းသတ္တဝါများထံမှ ရရှိသည့်အမှတ်ထက် များစွာနည်းပါးလှသည်။

သွေးရောင်တောကြောင်ကို နှစ်ချက်တည်းနှင့် ကိုက်သတ်နိုင်စွမ်းရှိသည့်တိုင်အောင် အမှတ်မှာ ၂၀၀ သာ ရခြင်းဖြစ်သည်။

ကြည့်ရသည်မှာ ထိုလျှို့ဝှက်ဆန်းပြားသော အသံပိုင်ရှင်သည် သူတို့ကို ဗီဇပြောင်းသတ္တဝါများကိုသာ အဓိကရန်သူအဖြစ် ရင်ဆိုင်စေလိုပုံရသည်။

မှန်ပါသည်၊ အကယ်၍ ရွှီရှင်းသာ သွေးရောင်တောကြောင်ကို အားကုန်သွားအောင် မလုပ်ခဲ့သလို ဒဏ်ရာအချို့ မပေးခဲ့လျှင် ကျားကြီးအနေဖြင့် ဤမျှလွယ်လွယ်ကူကူ ကိုင်တွယ်နိုင်လိမ့်မည် မဟုတ်ချေ။

အကယ်၍ သွေးရောင်တောကြောင်သာ မသေခင် တစ်ချက်ပြန်တိုက်နိုင်ခဲ့ပါက ကျား၏ ခြေထောက်တစ်ဖက်ကို အပိုင်းပိုင်းပြတ်သွားအောင် လုပ်နိုင်စွမ်း ရှိသည်။

ဘာပဲဖြစ်ဖြစ် ၎င်း၏ ဗီဇပြောင်းလက်သည်းများသည် သစ်ပင်ပင်စည်ကိုပင် အပိုင်းပိုင်း ဖြတ်တောက်နိုင်သည် မဟုတ်ပါလား။

ရွှီရှင်းက ခဲခဲ ကို စပ်စုသည့်မျက်လုံးများဖြင့် ကြည့်လိုက်သည်။

" ခဲခဲ၊ သူ သေတော့မယ်ဆိုတာ မင်း ဘယ်လိုသိတာလဲ"

"အီးးး"

ခဲခဲ ကတော့ ရွှီရှင်းကို ခေါင်းလေးစောင်းကာ ကြည့်နေဆဲပင်။

ကြည့်ရတာ ဤကောင်လေးကို မေးနေလည်း ဘာမှထူးခြားလာမှာ မဟုတ်တော့ချေ။

၎င်းမှာ တကယ့်ကို လျှို့ဝှက်ချက်တစ်ခုပင်။

ရွှီရှင်း ခံစားလိုက်ရသည်မှာ ယခုအချိန်တွင် သူ လုံးဝယုံကြည်နိုင်သည်မှာ ဘေးက ဝံပုလွေစုတ်သာ ရှိတော့သည်ဟူ၍ ဖြစ်သည်။

၎င်းမှာ တောကြောင်အလောင်းကို သွားရည်တမြားမြားဖြင့် စိုက်ကြည့်နေပြီး ၎င်းကိုယ်တိုင် တစ်ချိန်က ဝံပုလွေဘုရင် ဖြစ်ခဲ့သည်ကိုပင် မေ့နေပုံရသည်။

"မင်း အဲဒါကို သွားမစားနဲ့ဦးနော်၊ မဟုတ်ရင် ဟိုကျားကြီးလို နေရာမှာတင် အသက်ပျောက်သွားလိမ့်မယ်"

ရွှီရှင်းက ငွေရောင်ဘုရင်ကို သတိပေးလိုက်သည်။

သူသာ တားမထားလျှင် ၎င်းမှာ ရှေ့သို့ ပြေးတက်ပြီး သွားကိုက်တော့မည့်အလား ရှိနေသောကြောင့် ဖြစ်သည်။

"အူးးး..."

ငွေရောင်ဘုရင်မှာ မြေတွင်ဝပ်ချလိုက်ပြီး ၎င်း၏ ရှေ့ခြေဖဝါးများဖြင့် နှာခေါင်းနှင့် မျက်လုံးများကို အုပ်ထားလိုက်တော့သည်။

မင်းက တကယ့် ခွေးကြီးလား မမြင်ရရင်၊ အနံ့မရရင် မစားချင်တော့ဘူးဆိုတဲ့ သဘောလား။

ရွှီရှင်းသည် ငွေရောင်ဘုရင်၏ အာသာပြေစေရန် အသားအချို့ ပစ်ပေးလိုက်ပြီးနောက် တောကြောင်နှင့် ကျားအလောင်းများဆီသို့ လမ်းလျှောက်သွားခဲ့သည်။

"တစ်ဖက်နဲ့တစ်ဖက် တိုက်ခိုက်နေတုန်း အသာလေး အမြတ်ထုတ်ရတာ တကယ်တန်တာပဲ။ ဒီဗီဇပြောင်းတောကြောင်က ငါ့ရဲ့ ရန်သူတော်ကြီးကို ရှင်းပစ်ပေးသွားတာပဲ။"

ရွှီရှင်း မြေပုံကို စစ်ဆေးကြည့်လိုက်ရာ ယဇ်ပလ္လင်နားက တောက်ပသော အနီစက် သုံးစက်မှာ ယခုအခါ နှစ်စက်သာ ကျန်တော့သည်ကို တွေ့ရသည်။

နှမြောစရာကောင်းသည်မှာ ကျားဆီက ကုန်ကြမ်းတွေ ဖြုန်းတီးသွားရခြင်းပင်။

ရွှီရှင်းသည် အသားခွဲဓား ကို ထုတ်ကာ သွေးရောင်တောကြောင်၏ အကြွင်းအကျန်များကို စတင်ခွဲစိတ်လိုက်သည်။

သူရရှိခဲ့သည်မှာ

ပျက်စီးနေသော ဗီဇပြောင်းတောကြောင်အရေခွံ (အစိမ်းရောင်အဆင့်)၊ ဗီဇပြောင်းတောကြောင်အကြော (အပြာရောင်အဆင့်)၊ ဗီဇပြောင်းတောကြောင်အရိုး (အပြာရောင်အဆင့်)၊ ညစ်ညမ်းနေသော သွေးရောင်တောကြောင်သား (မီးခိုးရောင်အဆင့်) ၃၀ ကီလိုဂရမ်၊ ဗီဇပြောင်းတောကြောင်လက်သည်း (အပြာရောင်အဆင့်) ၂ ခု တို့ ဖြစ်ကြသည်။

တောကြောင်အရေခွံမှာ စုတ်ပြဲသွားသဖြင့် အစိမ်းရောင်အဆင့် သို့ လျော့ကျသွားပြီး၊ အသားမှာလည်း ကျားကြီးက စားသောက်သွားသဖြင့် ၃၀ ကီလိုဂရမ်သာ ကျန်တော့သည်။

သို့သော် ဒါတွေက သိပ်အရေးမကြီးလှချေ။

ရွှီရှင်း စိတ်ဝင်စားသည်မှာ ဗီဇပြောင်းတောကြောင်၏ လက်သည်းများ ဖြစ်သည်။

[ဗီဇပြောင်းတောကြောင်လက်သည်း (အပြာရောင်အဆင့်): လက်နက်ဖန်တီးရာတွင် သံတုံးများအစား အသုံးပြုနိုင်သည့် ကုန်ကြမ်းဖြစ်သည်။ ၎င်းဖြင့် ပြုလုပ်ထားသော လက်နက်များမှာ အလွန် ခိုင်ခံ့ပြီး ထက်မြက်လှသည်။]

မျှော်လင့်ထားသည့်အတိုင်းပင်၊ ယုန်နားရွက်ကဲ့သို့ပင် အဆင့်မြင့်လက်နက်များ ဖန်တီးရာတွင်သာ အသုံးပြုနိုင်သည့် အထူးကုန်ကြမ်း ဖြစ်သည်။

ရွှီရှင်း အနည်းငယ် စိတ်ပျက်သွားမိသည်၊ သူက အဆင့်မြင့် ချပ်ဝတ်တန်ဆာ တစ်စုံကိုသာ ဖန်တီးချင်နေခြင်းဖြစ်သည်။

အပြာရောင်အဆင့် သံချပ်ကာမှာ ဤဗီဇပြောင်းသတ္တဝါများကို ရင်ဆိုင်ရာတွင် အလွန်ထိရောက်မှု မရှိလှချေ။

အကယ်၍ သူ၏လှံကဲ့သို့ မာကျောပြီး ဗီဇပြောင်းသတ္တဝါများ၏ တိုက်ခိုက်မှုကို တောင့်ခံနိုင်သော ချပ်ဝတ်တန်ဆာမျိုး ဖန်တီးနိုင်လျှင် သူ၏ ရှင်သန်နိုင်စွမ်းမှာ များစွာ တိုးတက်လာပေလိမ့်မည်။

ကုန်ကြမ်းများကို သိမ်းဆည်းပြီးနောက် ကျားအလောင်းဆီသို့ သူ သွားကြည့်သည်။

ကျားဆီက ကုန်ကြမ်းတွေ အသုံးမဝင်နိုင်သော်လည်း သူ စမ်းကြည့်ချင်သေးသည်။

အသားခွဲဓား ဖြင့် ကျားကို အတော်ကြာ ခွဲစိတ်သော်လည်း ရရှိကြောင်း အကြောင်းကြားစာ ပေါ်မလာချေ။

ကျားအသားများကို လှီးဖြတ်လိုက်သောအခါ မကောင်းတဲ့ ခရမ်းရောင်သန်းနေသည့် အသားများကို တွေ့ရပြီး ၎င်းမှာ သေချာပေါက် အဆိပ်ရှိနေခြင်းပင်။

ဤအဆိပ်ရှိသောအသားများက တခြားသားရဲတွေကို ထပ်ပြီး ဆွဲဆောင်နိုင်မလား။

ရွှီရှင်းသည် မြေပြင်ပေါ်က အဆိပ်သင့်အသားများကို ညွှန်ပြကာ ခဲခဲ ကို မေးလိုက်သည်။

"ခဲခဲ ၊ မင်း ဒီအသားကို စားချင်လား"

"အီးးး"

ခဲခဲ က ခေါင်းလေးကို ခါယမ်းပြပြီး ၎င်း၏ နှာခေါင်းကို လက်ကလေးဖြင့် အုပ်ကာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။

ကြည့်ရသည်မှာ ထိုအသားမှ မကောင်းသော အနံ့တစ်ခု ထွက်ပေါ်နေပုံရသည်။

"ကြည့်ရတာ ဒီလို အဆိပ်မိပြီး သေသွားတဲ့ သားရဲတွေဆီက ဘာမှအသုံးဝင်တဲ့ ကုန်ကြမ်းမျိုး ရနိုင်မှာ မဟုတ်ဘူးပဲ။ ဒါတွေက သာမန်အသားနဲ့ အရေခွံတွေပဲ ဖြစ်ကုန်ပြီ။"

ရလဒ်ကို ကြိုတင်ခန့်မှန်းထားသော်လည်း ၎င်းမှာ ကျားတစ်ကောင် ဖြစ်နေသဖြင့် သူ နှမြောမိသည်။

ယခင်က သူတစ်ခါမှ မရဖူးသေးသော ကုန်ကြမ်းတွေ ပါလာနိုင်သည် မဟုတ်ပါလား။

ရွှီရှင်း မတ်တပ်ရပ်ကာ ငွေရောင်ဘုရင်ပေါ်သို့ တက်စီးလိုက်ပြီး ခဲခဲ ကလည်း လိုက်ပါလာသည်။

"အရင်ဆုံး အမဲလိုက်ထွက်ကြစို့။ နေ့တစ်ဝက် ကျန်သေးတယ်၊ အချိန်အလဟသ မဖြစ်စေနဲ့။"

လောလောဆယ်တွင် ယဇ်ပလ္လင်၌ သွေးရောင် လုံးဝမလွှမ်းရသေးသော ကျောက်တိုင် နှစ်တိုင် ကျန်သေးသည်။

၎င်းတို့မှာ တောဝက်ရုပ်တုနှင့် ဝံပုလွေရုပ်တုတို့ ဖြစ်ကြသော်လည်း၊ ရွှီရှင်းသည် ယနေ့တွင် ဤဗီဇပြောင်းသတ္တဝါများကို ဆက်လက် မရင်ဆိုင်လိုတော့ချေ။

တောဝက်နှင့် ဝံပုလွေတို့မှာ တောကြောင်နှင့် ယုန်တို့ထက် များစွာ ကြီးမားလှသည်။

သူ ပိုမို သန်မာမလာမချင်း ၎င်းတို့ကို ဆင့်ခေါ်ရန်မှာ မဖြစ်နိုင်သေးချေ။

အရေးကြီးဆုံးမှာ သွေးရောင်ဘီလူး ဖြစ်စဉ်အပြီးတွင် ရွှီရှင်းသည် ဤအရင်းအမြစ်နယ်မြေရှိ တောင်ကုန်းများအနီးတွင် မနေလိုတော့ခြင်းပင်။

မလိုအပ်ဘဲ ဤနေရာတွင် သူ ဆက်မနေချင်တော့ချေ။

မထွက်ခွာမီ သူသည် ဝံပုလွေကိုစီးကာ အရင်းအမြစ်နယ်မြေကို လှည့်လည်ရင်း အမဲလိုက်သလို၊ ဤနေရာရှိ အပြာရောင်အရင်းအမြစ်များကိုပါ ရှာဖွေခဲ့သည်။

အံ့သြစရာကောင်းသည်မှာ သူသည် အရင်းအမြစ်သစ် အတော်များများကို တွေ့ရှိခဲ့ခြင်းပင်။

"ဒါက... အက်ပရီကော့ အပင်လား"

အပြာရောင် တောက်ပနေသော အက်ပရီကော့ပင်ကို ကြည့်ရင်း ရွှီရှင်း၏ မျက်လုံးများ ဝင်းခနဲ ဖြစ်သွားကာ မှည့်နေသော အသီးတစ်လုံးကို အမြန်ခူးလိုက်သည်။

[အက်ပရီကော့ (အပြာရောင်အဆင့်): စားသုံးနိုင်သော အသီးဖြစ်သည်။ ချိုချဉ်အရသာရှိပြီး၊ စားသုံးပြီး တစ်နာရီအတွင်း လူ၏ ခွန်အား ကို တဖြည်းဖြည်း ပြန်လည် ပြည့်ဖြိုးစေသည်။]

အို...ခွန်အား ပြန်ဖြည့်ပေးတဲ့ အသီးပါလား။

အနီရောင်အသီးငယ်လေးတွေက ညကြည့်မျက်လုံး ပေးတယ်၊ လိမ္မော်သီးက စိတ်စွမ်းအားကို ပြန်ဖြည့်ပေးတယ်၊ အခု ဒီအက်ပရီကော့က ခွန်အားကို ပြန်ဖြည့်ပေးတာပဲ။

အကယ်၍ ဒီအရင်းအမြစ်တွေသာ အများကြီးရှိရင် ဘယ်တော့မှ အနားယူစရာ မလိုတော့ဘူးပေါ့။

တကယ့်ကို အံ့သြစရာပဲ။

နှမြောစရာကောင်းသည်မှာ ဤအပင်အောက်က မြေကြီးမှာ မြေသြဇာကောင်းသော မြေဆီလွှာ မဟုတ်ခြင်းပင်။

ရွှီရှင်းသည် ဤနယ်မြေတွင် ထိုမြေမျိုးကို မတွေ့ရသေးချေ။

ထိုအပင်လေးပေါ်မှ အသီးအားလုံးကို အမြန်ခူးလိုက်ရာ စုစုပေါင်း အသီး ၁၂၀ ရရှိခဲ့သည်။

"တော်တော်များတာပဲ ဒီအပင်တွေက ဘယ်လောက်ကြာရင် တစ်ခါ သီးလဲ မသိဘူး၊ ကိုယ်တိုင်စိုက်ထားတာ မဟုတ်တော့ မသိနိုင်ဘူး။"

ရွှီရှင်းသည် ဤအပင်ကို သူ၏ အရင်းအမြစ်နယ်မြေသို့ ပြောင်းစိုက်ချင်သော်လည်း သူ၏ ဂေါ်ပြားမှာ ပြောင်းရွှေ့စိုက်ပျိုးနိုင်စွမ်း မရှိချေ။

နေဦး...အပြာရောင်အဆင့် သံဂေါ်ပြားမှာ ပြောင်းရွှေ့စိုက်ပျိုးနိုင်တဲ့ စွမ်းရည် များရှိမလား။

သံကိရိယာများသည် ပုံစံပြ သော့ဖွင့်ရန် မလိုချေ။

သူ၏ အကင်စင်နှင့် လက်နက်ဖန်တီးရာစင်များကဲ့သို့ပင် ရွှေရောင်သေတ္တာ မရခင်ကတည်းက ပြုလုပ်နိုင်သည်။

ရွှီရှင်းသည် လီဝမ်ရှီးအနေဖြင့် သူမ၏ ကိရိယာအားလုံးကို သံကိရိယာများအဖြစ် ပြောင်းလဲထားပြီးဖြစ်လိမ့်မည်ဟု ယူဆလိုက်သည်။

ထို့ကြောင့် ရွှီရှင်း လီဝမ်ရှီးထံသို့ စာပို့လိုက်သည်။

"မင်း သံဂေါ်ပြား လုပ်ပြီးပြီလား။ သံဂေါ်ပြားက အပင်တွေကို ပြောင်းစိုက်လို့ ရလား"

လီဝမ်ရှီး ချက်ချင်း ပြန်မဖြေချေ၊ သူမ အမဲလိုက်နေဆဲ ဖြစ်ရပေမည်။

"အီးးး အီးးး"

ရွှီရှင်း၏ ပုခုံးပေါ်တွင် ငိုက်မြည်းနေသော ခဲခဲ မှာ နိုးလာပြီး သူ့ပါးကို လျှာဖြင့် လာယက်ကာ ချော့မြူနေတော့သည်။

"ဘာလဲ... မင်း စားချင်လို့လား"

ရွှီရှင်းက လက်ထဲက အက်ပရီကော့ကို ပြလိုက်သည်။

"အီးးး"

ခဲခဲ က အားရပါးရ ခေါင်းညိတ်ပြသလို၊ ငွေရောင်ဘုရင်ကလည်း လျှာတန်းလန်းဖြင့် ထိုင်ချလိုက်ပြီး ရွှီရှင်းကို စိုက်ကြည့်နေတော့သည်။

ရွှီရှင်း ခေါင်းခါယမ်းကာ ခဲခဲ ရှေ့ကို တစ်လုံးချပေးပြီး၊ ငွေရောင်ဘုရင်ဆီကိုလည်း တစ်လုံး ပစ်ပေးလိုက်ရာ ၎င်းက ကွက်တိပင် ဖမ်းယူလိုက်သည်။

အက်ပရီကော့ကို ပျော်ပျော်ကြီး စားနေသော ခဲခဲ ကို ပုတ်ပေးရင်း၊ ရွှီရှင်းကိုယ်တိုင်လည်း အသီးတစ်လုံးကို ပါးစပ်ထဲ ထည့်လိုက်သည်။

နွေးထွေးသော ခံစားချက်တစ်ခုမှာ သူ၏ နှလုံးသားမှတစ်ဆင့် ခြေလက်များဆီသို့ စီးဆင်းသွားသည်။

၎င်းမှာ ခန္ဓာကိုယ်ထဲက ပင်ပန်းနွမ်းနယ်မှုအားလုံးကို ချက်ချင်း ဖယ်ရှားပေးခြင်းမျိုး မဟုတ်သော်လည်း၊ ရွှီရှင်းမှာ နူးညံ့သော ဆိုဖာတစ်ခုပေါ်တွင် လှဲနေရသကဲ့သို့ ခံစားလိုက်ရပြီး သူ၏ ခွန်အားများမှာ တစ်စစချင်း ပြန်လည် ပြည့်ဖြိုးလာသည်ကို လက်တွေ့ ခံစားနေရသည်။

ဤခွန်အား ပြန်လည်ပြည့်ဖြိုးသည့် အရှိန်မှာ ဖြည်းဖြည်းချင်း အပြေးလေ့ကျင့်နေစဉ် ကုန်ဆုံးသွားသည့် အင်အားကို ကာမိစေရန် လုံလောက်လှသည်။

"အကယ်၍ ငါ အပြင်မထွက်ခင် အက်ပရီကော့ တစ်လုံး စားထားရင်၊ အရမ်းပြင်းထန်တဲ့ အလုပ်တွေ မလုပ်သရွေ့ ငါ့ရဲ့ ခွန်အားနဲ့ အခြေအနေကို အကောင်းဆုံး ထိန်းထားနိုင်မှာပဲ။"

အက်ပရီကော့ကြောင့် လန်းဆန်းသွားသော ရွှီရှင်းသည် အမဲလိုက်ခြင်းကို ပြန်လည် စတင်လိုက်ပါတော့သည်။

အခန်း ၇၂ ပြီး။

All Chapters