← Chapters

မြှားသေနတ်အသစ်နှင့် လဲလှယ်ခြင်း

Vol. 5 Ch. 67

မြှားသေနတ်အသစ်နှင့် လဲလှယ်ခြင်း

Vol. 5 Ch. 67

"မင်းကိုယ်မင်း တော်တော် ညှဉ်းဆဲတာပဲ... သွေးတိတ်မြက် လေး ဘာလေး မအုပ်ဘူးလား"

လီဝမ်ရှီး၏ သွေးစွန်းနေသော လက်များကို ကြည့်ပြီး ရွှီရှင်းက မေးလိုက်သည်။

"ယူဖို့ မေ့သွားလို့ပါ၊ ပြန်ရောက်တာနဲ့ ချက်ချင်း အုပ်မလို့ပဲ..."

လီဝမ်ရှီးက အနည်းငယ် ရှက်ကိုးရှက်ကန်းဖြင့် ပြောသည်။

"ဆေးယူဖို့ မေ့တယ် ဟုတ်လား... လေးဆွဲရတာ အဲဒီလောက်တောင် ခက်သလား"

"အရမ်းခက်တာပဲ၊ ကျွန်မ အရင်က လေးတစ်ခါမှ မဆွဲဖူးဘူးလေ။"

လီဝမ်ရှီးသည် ဒဏ်ရာရထားသော သူမ၏ ညာဘက်လက်ကို အသာအယာ ပွတ်သပ်ရင်း စိတ်လှုပ်ရှားစွာ ဆက်ပြောသည်။

"ဒီနေ့ ကျွန်မ ဝံပုလွေ အတော်များများကို သတ်နိုင်ခဲ့တယ် အပြာရောင်အဆင့် သံချပ်ကာက တကယ် အစွမ်းထက်တာပဲ၊ အဲဒီဝံပုလွေတွေ ကုတ်တာက ကျွန်မ ကို ဘာမှ မဖြစ်စေဘူး"

"တော်တယ်၊ တော်တယ်။ ဝံပုလွေတွေကိုတောင် သတ်နိုင်နေပြီပဲ။"

"ဟဲဟဲ၊ ဒါနဲ့... ရှင့် ရဲ့ မြှားသေနတ် ကို ကျွန်မ ဝယ်ချင်တယ်။ ဈေးပြောလိုက်တော့။"

"မြှားသေနတ် တစ်လက်အတွက် အပြာရောင်အဆင့် သံတုံး ၃ တုံး၊ ပြီးတော့ မြှား အစင်း ၂၀ နဲ့ ဝန်ဆောင်မှု ပါ ပေးမယ်။"

မြှားအစင်း ၂၀ အတွက် သံတုံး (အစိမ်းရောင်အဆင့်) ၂ တုံး၊ သစ်သား ၂ ခုနဲ့ ငှက်မွေး ၂ ခု လိုအပ်သည်။

ရွှီရှင်းသည် ယခင်က မြှားများကို အစိမ်းရောင်အဆင့် သစ်သားဖြင့် ပြုလုပ်လေ့ရှိသော်လည်း ထူးထူးခြားခြား ကွာခြားမှု မရှိလှချေ။

ဖြစ်နိုင်သည်မှာ ပိုမိုခိုင်ခံ့သဖြင့် အကြိမ်ရေ ပိုမိုသုံးစွဲနိုင်ခြင်းသာ ဖြစ်ပေလိမ့်မည်။

"ဝန်ဆောင်မှု အဲဒါက ဘာလဲ"

"အကယ်၍ မင်း မြှားကုန်သွားရင် ငါ့ဆီမှာ ထပ်ဝယ်လို့ ရတယ်လို့ ပြောတာ။"

"သဘောတူတယ်"

သူမ ဤမျှ အလွယ်တကူ သဘောတူလိမ့်မည်ဟု ရွှီရှင်း မထင်ထားခဲ့ချေ။

မြှားသေနတ် တစ်လက်ကို သံတုံး ၂ တုံးနှင့် လဲလျှင်ပင် လုံလောက်ပြီဟု သူ ထင်ထားခြင်းဖြစ်သည်။

ယခင်က သံချပ်ကာ တစ်စုံလုံးကိုပင် အပြာရောင်အဆင့် သွေးတိတ်မြက် ၂ ပင်နှင့်သာ လဲခဲ့သည် မဟုတ်ပါလား။

အပြာရောင်အဆင့် သံတုံး တစ်တုံးလျှင် အပြာရောင်အဆင့် လက်နက် တစ်ခု ပြုလုပ်နိုင်သဖြင့် ၎င်း၏ တန်ဖိုးမှာ ဆေးမြက်ပင်ထက် သိပ်မနိမ့်လှချေ။

ကြည့်ရသည်မှာ သူမတွင် သံသတ္တုရိုင်းများ အမြောက်အမြား ရှိနေပုံရသည်။

"နေဦး"

လီဝမ်ရှီးက ရုတ်တရက် ထပ်ပြောပြန်သည်။

"ဘာလဲ... စိတ်ပြောင်းသွားလို့လား"

"မဟုတ်ပါဘူး၊ မြှားသေနတ် ကိုကော အပြာရောင်အဆင့် လုပ်လို့ မရဘူးလား။ ကျွန်မ သံတုံး တစ်တုံး ထပ်ပေးမယ်၊ ကျွန်မ ကို အပြာရောင်အဆင့် တစ်လက်လောက် လုပ်ပေးပါလား။"

"မရဘူး၊ အပြာရောင်အဆင့် မြှားသေနတ် အတွက် အပြာရောင်အဆင့် သားရဲအကြော လိုတယ်၊ အဲဒါ ငါ့မှာ မရှိဘူး။"

အမှန်စင်စစ် ရွှီရှင်းတွင် အပြာရောင်အဆင့် သားရဲအကြော ၂ ချောင်း ရှိသည်။

သို့သော် တစ်ချောင်းမှာ သူ၏ မြှားသေနတ် အတွက်ဖြစ်ပြီး၊ နောက်တစ်ချောင်းမှာ အလိုအလျောက် မြှားပစ်စက် အတွက် ဖြစ်သဖြင့် သူမကို မပေးနိုင်ခြင်း ဖြစ်သည်။

သူမတွင်သာ ထိုကုန်ကြမ်းရှိပါက သူ လုပ်ပေးနိုင်ပေသည်။

"အော်... အပြာရောင်အဆင့် သားရဲအကြော လား... ကျွန်မ ဆီမှာလည်း မရှိဘူး၊ ဒါဆိုရင်တော့ မတတ်နိုင်ဘူးပေါ့။"

ရွှီရှင်းက ခပ်ပေါ့ပေါ့ပင် မေးလိုက်သည်။

"မင်းဆီမှာ အပြာရောင်အဆင့် သံတုံးတွေ အများကြီး ရှိတာလား။"

"အများကြီးတော့ မဟုတ်ပါဘူး၊ ရှင် တောင်းတဲ့အချိန် ပေးနိုင်ရုံလောက်ပါပဲ"

လီဝမ်ရှီးက ရွှီရှင်းကို ပြုံးစိစိဖြင့် မျက်စိတစ်ဖက် မှိတ်ပြလိုက်သည်။

"ကျွန်မ က ရှင့် ကို အမြဲတမ်း သံတုံးတွေ ထောက်ပံ့ပေးနိုင်တယ်၊ ဒါကြောင့် ရှင့် မှာ ရောင်းစရာ တစ်ခုခုရှိရင် ကျွန်မ ကို အရင်ဆုံး သတိရပေးနော်။"

အမြဲတမ်း ထောက်ပံ့ပေးနိုင်မယ် ဟုတ်လား။

တော်တော်လေး ယုံကြည်မှု ရှိနေတာပဲ။

"တကယ် ချမ်းသာတာပဲ။ မင်းမှာ သတ္တုတွင်းတွေ ရှာနိုင်တဲ့ စွမ်းရည် များ ရှိနေတာလား"

ရွှီရှင်းက နောက်ပြောင်သည့် လေသံဖြင့် မေးလိုက်သည်။

"... ဟင်.. မဟုတ်ပါဘူး၊ မဟုတ်ပါဘူး။ ကဲ... လဲမှာလား မလဲဘူးလားသာ ပြော၊ ကျွန်မ မြှားသေနတ်ကို မြန်မြန် လေ့ကျင့်ချင်နေပြီ"

ထိုမိန်းကလေး၏ မျက်နှာအမူအရာမှာ ပြောင်းလဲသွားခြင်း မရှိသော်လည်း သူမ၏ လေသံထဲတွင် တုန့်ဆိုင်းမှုနှင့် အလျင်စလိုဖြစ်မှုတို့ ပါဝင်နေသည်။

မျှော်လင့်ထားသည့်အတိုင်းပင် သူမတွင် ထိုအလုပ်နှင့် ပတ်သက်သည့် စွမ်းရည်တစ်ခု ရှိနေပေလိမ့်မည်။

ရွှီရှင်း သိသည်မှာ သူတစ်ယောက်တည်းသာ ကံကောင်းနေခြင်း မဟုတ်ဘဲ၊ အခြားသူများတွင်လည်း အလားတူ ထူးခြားသော စွမ်းရည်များ ရှိနိုင်သည်ဟူ၍ ဖြစ်သည်။

ဘာမှ သတိမထားမိသလို ဟန်ဆောင်ကာ ရွှီရှင်း ပြုံးလိုက်သည်။

"ခဏစောင့်ဦး၊ ငါ မြှားတွေ လုပ်ပေးမယ်။ ဒါနဲ့... မင်းဆီမှာ မြွေအဆိပ်အိတ် ရှိလား။ အဲဒါရှိရင် အဆိပ်မြှား လုပ်လို့ ရတယ်။"

"အဆိပ်အိတ်လား ရှိတယ်၊ ရှိတယ် ခဏလေးနော်"

လီဝမ်ရှီးသည် သူမ၏ ကျောပိုးအိတ် ထဲတွင် မွှေနှောက် ရှာဖွေကာ ရွှီရှင်းထံသို့ မြွေအဆိပ်အိတ် တစ်အိတ် ပို့ပေးလိုက်သည်။

ရွှီရှင်းသည် အဆိပ်မြှား အစင်း ၂၀ ကို ဖန်တီးလိုက်ပြီး၊ သူ အသုံးမပြုတော့သော မြှားသေနတ် (အစိမ်းရောင်အဆင့်) နှင့်အတူ လီဝမ်ရှီးထံသို့ ပေးပို့လိုက်သည်။

လီဝမ်ရှီးက သံတုံးများနှင့် ငှက်မွေးများကို သာမန်မြှား အစင်း ၂၀ နှင့် လဲလှယ်လိုက်ပြီးမှသာ ဗီဒီယိုခေါ်ဆိုမှုကို အဆုံးသတ်လိုက်ကြသည်။

လှမ်းကြည့်လိုက်ရာ ခဲခဲ နှင့် ငွေရောင်ဘုရင်တို့မှာ ထောင့်တစ်နေရာတွင် ခွေခေါက်ကာ အိပ်ပျော်နေကြပြီ ဖြစ်သည်။

ရွှီရှင်းက အားမလိုအားမရ ခေါင်းခါယမ်းလိုက်သည်။

"စားပြီးရင် အိပ်ကြတာပဲ၊ ဝလာလိမ့်မယ်နော်။"

နောက်တစ်ဆင့်မှာမူ သူ၏ မြှားသေနတ် ကို ပြုလုပ်ရန် အချိန်ကျပြီဖြစ်သည်။

အပြာရောင်အဆင့်မြှားသေနတ် အတွက် အပြာရောင်အဆင့် ကုန်ကြမ်း သုံးမျိုး လိုအပ်သည်။

သံတုံး၊ သစ်သားနှင့် သားရဲအကြောပင်။

ရွှီရှင်းသည် အပြာရောင်အဆင့် သံတုံးနေရာတွင် သွေးရောင် ယုန်ဆီမှ ရရှိထားသော အထူးကုန်ကြမ်းကို အသုံးပြုလိုက်သည်။

အပြာရောင်အလင်းတန်း ဝင်းခနဲ ဖြစ်သွားပြီးနောက် သူ၏လက်ထဲတွင် မြှားသေနတ် တစ်လက် ပေါ်လာသည်။

ယခင်က လှံကဲ့သို့ပင်၊ သစ်သားကိုယ်ထည်မှာ ထူးခြားမှု မရှိသော်လည်း၊ သံထည်အစိတ်အပိုင်းများနှင့် ယန္တရားများပေါ်တွင် အဖြူနှင့် အနီရောင် ပုံစံများ ပါဝင်နေသဖြင့် ဂိမ်းထဲမှ လက်နက်စကင် တစ်ခုနှင့်ပင် တူလှသည်။

[ဗီဇပြောင်းယုန်နားရွက်မြှားသေနတ် (အပြာရောင်အဆင့်): ဗီဇပြောင်းယုန်၏ နားရွက်ဖြင့် ပြုလုပ်ထားသော မြှားသေနတ် ဖြစ်သည်။ သာမန် အပြာရောင်အဆင့် မြှားသေနတ်များထက် ပိုမိုအားပြင်းပြီး ခရမ်းရောင်အဆင့်အောက်ရှိ အစွမ်းအထက်ဆုံး လက်နက်ဖြစ်သည်။ ကြံ့ခိုင်မှု ၁၀၀၀။]

ရွှီရှင်းသည် သာမန်မြှားတစ်စင်းကို တင်ကြည့်လိုက်သည်။

ပိုမိုအားပြင်းလာသော်လည်း မြှားကြိုးတင်ရန်မှာ အရင်ကထက် ပို၍ပင် လွယ်ကူနေသလို ခံစားရသည်။

ပြတင်းပေါက်အပြင်ဘက်က သစ်ပင်ပင်စည်ကို ချိန်ရွယ်ကာ ခလုတ်ကို ဆွဲလိုက်သည်။

"ရှူးးး"

"ဖောက်"

ရင်းနှီးနေသော မြင်ကွင်းဖြစ်သော်လည်း ယခုတစ်ကြိမ်တွင် မြှား၏ အရှိန်နှင့် အားမှာ လုံးဝ ကွဲပြားနေသည်။

မြှားမှာ လျင်မြန်စွာ ပြေးထွက်သွားပြီး သစ်ပင်ပင်စည်ကို ဖောက်ထွက်ကာ မျက်စိရှေ့မှ ပျောက်ကွယ်သွားသည်။

ရွှီရှင်း အောက်သို့ အပြေးဆင်းကြည့်လိုက်ရာ၊ မြှားမှာ ပထမသစ်ပင်ကို ဖောက်ထွက်သွားပြီး ဒုတိယသစ်ပင်၏ ပင်စည်ထဲသို့ တစ်ဝက်ကျော်ခန့် မြုပ်ဝင်နေသည်ကို တွေ့လိုက်ရသည်။

"တော်တော် အားပြင်းတာပဲ ဒီမြှားသာ အသက်အန္တရာယ်ရှိတဲ့ နေရာကို ထိရင် ဟိုဝက်ဝံညိုတောင် ခံနိုင်မှာ မဟုတ်ဘူး"

ရွှီရှင်း ခံစားလိုက်ရသည်မှာ ဤမြှား၏ ဖောက်ထွင်းအားမှာ သာမန် ပစ္စတိုသေနတ်တစ်လက်ထက်ပင် ပိုမိုအားကောင်းနေသည်ဟူ၍ ဖြစ်သည်။

မြှားကို ပြန်နှုတ်လိုက်သောအခါ မြှားဦးရော မြှားတံပါ ပွတ်တိုက်မှုဒဏ်ကြောင့် ပျက်စီးနေသည်ကို တွေ့ရသည်။

"အားပြင်းလွန်းတော့ မြှားတွေ ပိုပြီး ပျက်စီးလွယ်တာပဲ။ ဒါပေမဲ့ ကိစ္စမရှိပါဘူး၊ ငါ့မှာ ငှက်မွေးတွေ အများကြီး ရှိနေပြီပဲ၊ ပြီးတော့ လီဝမ်ရှီး ရှိနေသရွေ့ သံတုံးတွေကလည်း ပြဿနာ မဟုတ်တော့ဘူး။ ဒါပေမဲ့ ငါကိုယ်တိုင်လည်း သံသတ္တုရိုင်း ရှာထားမှ ဖြစ်မယ်၊ မဟုတ်ရင် အရေးကြီးတဲ့အချိန်ကျရင် သူများလက်ထဲက ယူနေရလိမ့်မယ်။"

ယခုဆိုလျှင် ရွှီရှင်းသည် အပြာရောင်အဆင့် သံချပ်ကာအပြည့်စုံ၊ အပြာရောင်အဆင့် ထဲတွင် အသန်မာဆုံး လှံနှင့် အစွမ်းအထက်ဆုံး မြှားသေနတ် တို့ကို ပိုင်ဆိုင်ထားပြီ ဖြစ်ရာ၊ လက်ရှိအခြေအနေတွင် သူ့ကို ယှဉ်နိုင်သူ ရှိလိမ့်မည် မဟုတ်ချေ။

နှိုင်းယှဉ်နိုင်သူ တစ်ဦးဦး ရှိမည်ဆိုပါက ၎င်းမှာ ဗီဇပြောင်း သတ္တဝါများကို သတ်ဖြတ်၍ ကုန်ကြမ်းများ ရရှိနိုင်သော ကျိချောင်းယန်သာ ဖြစ်ပေလိမ့်မည်။

သစ်ပင်အိမ်ထဲသို့ ပြန်ဝင်လာချိန်တွင် သူ၏ နာရီမှာ ရုတ်တရက် တုန်ခါလာပြန်သည်၊ ၎င်းမှာ ကျိချောင်းယန်ထံမှ စာ ဖြစ်သည်။

"ရွှီရှင်း... မင်း အဲဒီ ဗီဇပြောင်း သတ္တဝါကို သတ်နိုင်ခဲ့လား"

ဒါဟာ သတင်းအချက်အလက် လဲလှယ်ချင်လို့ ဖြစ်ရမယ်...

ရွှီရှင်းတွင်လည်း ထိုအကြံ ရှိနေသည် မဟုတ်ပါလား။

အကယ်၍ သူတို့နှစ်ဦးမှာ မတူညီသော ဗီဇပြောင်းသတ္တဝါများကို သတ်ခဲ့ကြသည်ဆိုလျှင်၊ အချင်းချင်း မလိမ်ညာသရွေ့ သတင်းအချက်အလက် လဲလှယ်ခြင်းက နှစ်ဦးစလုံးအတွက် အကျိုးရှိပေလိမ့်မည်။

ရွှီရှင်းက ပြန်ဖြေလိုက်သည်။

"အင်း... သတ်နိုင်ခဲ့တယ်။ မင်းရော သတ်နိုင်ခဲ့လား"

ချက်ချင်းပင် အသံဖြင့် ခေါ်ဆိုမှုတစ်ခု ဝင်လာသည်။

"ရွှီရှင်း... မင်း သတိထားမိမှာပါ၊ ယဇ်ပလ္လင် ရုပ်တုတွေဆီက ထွက်လာတဲ့ ဗီဇပြောင်းသတ္တဝါတွေဟာ မြေအောက်က သတ္တဝါတွေရဲ့ ပုံစံတွေနဲ့ တော်တော်လေး ဆင်တူတယ်။"

ကျိချောင်းယန်က လိုရင်းကို တိုက်ရိုက်ပြောသည်။

"မှန်တယ်၊ ဒါနဲ့... မင်း ဗီဇပြောင်းသတ္တဝါကို သတ်နိုင်ခဲ့လား"

ရွှီရှင်းက မေးလိုက်သည်။

"မင်းဆီ စာမပို့ခင်လေးတင်ပဲ အပြီးရှင်းလိုက်တာ။ အဲဒီ တောကြောင်က တော်တော်လေး သန်မာတာပဲ၊ ငါ့မှာ တော်တော်လေး အထိနာသွားတယ်"

ကျိချောင်းယန်က ဗီဇပြောင်း တောကြောင်ကို သတ်နိုင်ခဲ့ခြင်း ဖြစ်သည်။

ဒါဟာ တကယ်ကို အဆင်ပြေလှသည်။

"မင်းရဲ့ အမဲလိုက်နိုင်စွမ်းက တကယ့်ကို မြန်တာပဲ။"

ရွှီရှင်း အနည်းငယ် အံ့သြသွားမိသည်၊ သူကတော့ မြေပုံနှင့် ခဲခဲ ကို အသုံးပြုပြီးမှသာ အမဲလိုက်နိုင်ခြင်း ဖြစ်သည်။

ကျိချောင်းယန်က ဆက်သွယ်ရေးလိုင်းတွင် သားရဲအမျိုးမျိုး၏ တည်နေရာများကို မျှဝေထားသည်ကို သူ သတိရလိုက်သည်၊ ထိုလူ၏ ဗဟုသုတမှာ တကယ့်ကို အထင်ကြီးစရာပင်။

"အဲလောက်လည်း မမြန်ပါဘူး၊ ငါ တစ်နေကုန် တောကြောင်တွေကိုပဲ အာရုံစိုက်ပြီး အမဲလိုက်ခဲ့တာလေ။ သူတို့က ရန်လိုတဲ့ကောင်တွေဆိုတော့ လိုက်ဖမ်းနေစရာ မလိုဘူး" ဟု ကျိချောင်းယန်က ရှင်းပြသည်။

"ဒါတွေ ထားလိုက်ပါတော့။ ရွှီရှင်း... မင်းလည်း တောကြောင်ကိုပဲ အမဲလိုက်ခဲ့တာလား။"

ရွှီရှင်းက မျက်ခုံးပင့်လိုက်ရင်း ပြန်ဖြေသည်။

"မဟုတ်ဘူး၊ ငါ ယုန်ကို သတ်ခဲ့တာ။"

"အတော်ပဲကွာ"

ကျိချောင်းယန်က ဖုန်းတစ်ဖက်မှနေ၍ လက်ခုပ်တီးလိုက်သည်။

"ရွှီရှင်း... လောလောဆယ် ယဇ်ပလ္လင်မှာ ပူဇော်နိုင်စွမ်းရှိတာ ငါတို့နှစ်ယောက်ပဲ ရှိတာ။ မင်းလည်း မြင်တဲ့အတိုင်းပဲ၊ ယဇ်ပလ္လင်က ခေါ်ယူလိုက်တဲ့ ဗီဇပြောင်းသတ္တဝါတွေက အမှတ်တွေ အများကြီး ပေးသလို၊ ထူးခြားတဲ့ အဆင့်မြင့်ကုန်ကြမ်းတွေလည်း ရနိုင်တယ်။

ဒါကြောင့် ငါတို့ သတင်းအချက်အလက် လဲလှယ်ကြရအောင်။ ငါက ဗီဇပြောင်း တောကြောင်ရဲ့ အကြောင်းတွေကို ပြောပြမယ်၊ မင်းက ဗီဇပြောင်း ယုန်ရဲ့ အကြောင်းတွေကို ပြောပြပေါ့။ ဒါဆိုရင် မနက်ဖြန်ကျရင် ငါတို့နှစ်ယောက်စလုံး အားစိုက်စရာ မလိုဘဲ ပိုပြီး လွယ်လွယ်ကူကူ ကိုင်တွယ်နိုင်လိမ့်မယ်၊ ဘယ်လိုလဲ။"

---

အခန်း ၆၇ ပြီး။

All Chapters