ကောင်းကင်တစ်ဖက်ခြမ်းကကောင်းကင်
Vol. 29 Ch. 406
အခန်း (၄၀၆) ကောင်းကင်တစ်ဖက်ခြမ်းကကောင်းကင်
ရန်ကျောက်ကဲကတော့ မိခင်ဖြစ်သူ ရွှယ်ချူးချင်အကြောင်း သိပ်မသိသဖြင့် ခံစားချက်သိပ်မရှိပေ။
သို့သော် ရန်တိမျက်နှာထက်မှ လွမ်းဆွတ်တမ်းတ ပူဆွေးဝမ်းနည်းခြင်းများကို တွေ့ရသည့်အခါ အနည်းငယ် စိတ်မကောင်းဖြစ်မိသွားသည်။
ဖခင်ဖြစ်သူကိုကြည့်ရင်း ရန်ကျောက်ကဲ ခဏမျှတိတ်ဆိတ်သွားသော်လည်း ချက်ချင်းပင် မချိုမချဉ်ပြုံးရင်း ဖခင်ဖြစ်သူရှေ့သို့ လျှောက်သွားလိုက်၏။
“အဖေ... အဖေနဲ့အမေဆိုရင် ဘယ်သူကပိုပြီး အစွမ်းထက်လဲ”
ထိုစကားကိုကြားတော့ ရန်တိတစ်ယောက် ငိုရမလို ၊ ရယ်ရမလို ဖြစ်သွားသည်။
“ဒီကောင်စုတ်လေးကတော့... အဲဒီကိစ္စ စိတ်ဝင်စားရသလားဟ”
ရန်ကျောက်ကဲက...
“အရင်က အဖေက အမေ့ထက်ပိုပြီး နာမည်ကြီးတာမဟုတ်လား ၊ ဒါပေမဲ့ အဖေပြောသလိုဆိုရင် အမေ လေ့ကျင့်ခဲ့တဲ့သိုင်းပညာက အဖေ့ထက်ပိုပြီး အဆင့်မြင့်တယ်လေ ၊ ပြီးတော့ အမေကလည်း အရမ်းလျှို့ဝှက်တယ်ဆိုတော့... ကျွန်တော်သိချင်တာ ဘာဆန်းလို့လဲ”
ရန်ကျောက်ကဲ၏စကားက ဆီလျော်သည်ပင်။
“ကြည့်ရတာ လူရှေ့သူရှေ့ အဖေမျက်နှာမပျက်ရအောင် အမေက တမင်သက်သက် အလျှော့ပေးထားတာ ဖြစ်နိုင်တယ်”
ရန်တိက ရန်ကျောက်ကဲကို လက်ညှိုးတထိုးထိုးဖြင့် ခေါင်းခါယမ်းရင်း...
“မင်း... မင်း...
ရန်ကျောက်ကဲက တဟားဟားရယ်မောရင်း...
“ပြောကြည့်လိုက် ပြောကြည့်လိုက်...”
ရန်တိက မည်သို့မှမတတ်နိုင်စွာ ပြုံးလိုက်ရင်း တစ်ချိန်က အမှတ်တရများစွာကို သတိရနေဟန် ရှိသည်။
“ငါတို့တွေက သိုင်းမယှဉ်ပြိုင်ခဲ့ဖူးတော့ အသေအချာတော့ မပြောတတ်ဘူး ၊ အဖေက သူ့ထက်နည်းနည်းသာမယ်ထင်တာပဲ ၊ ဒါပေမဲ့...”
သူ့မျက်ဝန်းများ အနည်းငယ်ကျဉ်းမြောင်းသွားပြီး...
“ချူးချင်က ဒုတိယဂိုဏ်းတူအစ်ကို ‘ဖန်ကျွင်း’ နဲ့ လက်ရှိ နေသူတော်စင်ဂိုဏ်းချုပ်’ဟွမ်ရှု’ ထက်တော့ သာတာအမှန်ပဲ ၊ သူ့ရဲ့ ရုပ်ခန္ဓာထိန်းချုပ်နိုင်စွမ်းက ရှုတ်ထွေးတယ် ၊ အဖေတွေ့ဖူးသမျှတွေထဲမှာ ထိပ်တန်းအကျဆုံးပဲ”
ထိုစကားကိုကြားတော့ ရန်ကျောက်ကဲက ပြုံးလိုက်ရင်း...
“အမေက အဖေ့ထက်တော်တာလား...”
ရန်တိက အေးဆေးစွာဖြင့်...
“အင်း... အဲဒီနယ်ပယ်မှာတော့ သူက ငါ့ထက်သာတယ်ကွာ ၊ ငါတို့က စွမ်းအားတစ်ချက်ထုတ်တယ်ဆိုရင် အဲဒီစွမ်းအားလောက်ပဲ သိုင်းကွက်ထဲမှာ ဖိအားပါသွးတယ် ၊ ဒါပေမဲ့ ချူးချင်ကတော့ အဲဒီထက် ပိုပြီး ဖိအားကိုအသုံးပြုနိုင်တယ် ၊ အဲဒါက ကျင့်ကြံခြင်းနဲ့မဆိုင်ဘူး ၊ ပင်ကိုယ်အရည်အချင်းနဲ့ပဲဆိုင်တယ် ထင်တာပဲ”
ရန်ကျောက်ကဲက...
“ပင်ကိုယ်အရည်အချင်းဆိုလို့... ဟန်လုန်အာရော အခြေအနေဘယ်လိုရှိလဲ အဖေ”
ယင်လုန်ထူက ကွယ်လွန်ခဲ့ပြီဖြစ်သောရှီတိ၏ နောက်ဆုံးတပည့် ဖြစ်သည်။ သူက အသက်အငယ်ဆုံးလည်းဖြစ်သလို ဆရာဖြစ်သူ ရင်အုပ်မကွာ သင်ပြပေးရမည့်အရွယ်လည်း ဖြစ်၏။
သို့ဖြစ်ရာ ဝါဒတောင်မှ အကြီးအကဲများ စည်းဝေးတိုင်ပင်ကြပြီးနောက် ယင်လုန်ထူကို ဆက်လက်ပညာသင်ပေးရန်အတွက် ရန်တိအား တာဝန်ပေးအပ်ခဲ့ကြသည်။
သို့သော် ဂိုဏ်း၏ဆုံးဖြတ်ချက်အရ ယင်လုန်ထူသည် ရှီတိ၏တပည့်သာဖြစ်ပြီး ရန်တိက ရှီတိကိုယ်စား သင်ပြပေးသူအဖြစ်သာသတ်မှတ်ခံရသည်။
ယင်လုန်ထူကို စတွေ့ကတည်းက သူ့ကို သင်ပြပေးရန် အသင့်တော်ဆုံးသူမှာ ပထမဆရာဦးလေး’ရှီတိ’ မဟုတ်ဘဲ သူ့ဖခင် ‘ရန်တိ’ သာ ဖြစ်သင့်သည်ဟု ရန်ကျောက်ကဲ ခံစားခဲ့ရဖူးသည်။
ဟန်လုန်အာက စိတ်ထားဖြူစင်ရိုးသားသော်လည်း သိုင်းတာအိုကို နားလည်မှုတွင်တော့ ထူးထူးခြားခြား ဉာဏ်ကောင်းသူဖြစ်ပြီး အရာအားလုံးကို လျှင်မြန်စွာသင်ယူတတ်မြောက်နိုင်စွမ်းရှိသည်။
အခြားသူများသာ ယင်လုန်ထူလိုသင်ယူလေ့လာမည်ဆိုပါက စားနိုင်သည်ထက်ပိုကိုက်မိသလိုဖြစ်ကာ သိုင်းပညာတွင် တိုးလက်လာမည့်အစား ဆုတ်ယုတ်မှုများသာ ဖြစ်လာနိုင်သည်။
သို့သော် ဟန်လုန်အာကတော့ အရာအားလုံးကို သင်ယူတတ်မြောက်ခဲ့ပြီးသိုင်းပညာများကိုပင် အချင်းချင်း ချိတ်ဆက်လေ့ကျင့်နိုင်စွမ်းရှိကာ ပိုမိုစွမ်းအားမြင့်မားလာခဲ့သည်။
အမှန်တော့ သူ၏ပင်ကိုယ်အရည်အသွေးအရ ဟန်လုန်အာသည် ရန်တိ ၊ သို့မဟုတ် ဖန်ကျွင်း၏ လမ်းစဉ်အတိုင်းလိုက်ရန် ပိုမိုသင့်တော်သူဖြစ်သည်။
သို့သော် ရန်တိက တပည့်မွေးရခြင်းကို သဘောကျသူ မဟုတ်ပေ။
အားဟူကို ထည့်မတွက်ဘူးဆိုလျှင် သူ့တွင် တပည့်ဆို၍ နှစ်ယောက်သာရှိသည်။ တစ်ယောက် သူ၏ တစ်ဦးတည်းသောသား ‘ရန်ကျောက်ကဲ’ ဖြစ်ပြီး နောက်တစ်ယောက်တော့ သူ၏ ဂိုဏ်းတူအစ်ကိုလည်းဖြစ် ၊ မိတ်ဆွေကောင်းတစ်ယောက်လည်းဖြစ်သော ‘ဖုန်းချီ’ ၏သား ဖုန်းမော့ယန် ဖြစ်သည်။
ဖုန်းမော့ယန်ကို တပည့်အဖြစ် လက်ခံလိုက်ခြင်းမှာ အဂ္ဂိရတ်ပညာတွင် ပါရမီရှိခြင်းကြောင့် ပျိုးထောင်ပေးလိုသောကြောင့် ဖြစ်သည်။
ဖန်ကျွင်းကတော့ တာဝန်ခန်းမတွင် စတင်တာဝန်ထမ်းဆောင်စဉ် အချိန်ကပင် တပည့်လက်မခံတော့ပေ။ လုဝမ်က သူ၏နောက်ဆုံးတပည့် ဖြစ်၏။
ရှီတိကတော့ တပည့်များကို သင်ပြပေးရာတွင် အလွန်ကျွမ်းကျင်သူ ဖြစ်သည်။ သူက သူကျင့်ကြံသည့်နည်းလမ်းအတိုင်းသင်ပြပေးခြင်းမဟုတ်ဘဲ တပည့်များနှင့် သင့်တော်သည့်နည်းလမ်းကို ရှာဖွေသင်ပြပေးသူ ဖြစ်သည်။
ရွှီဖေးကတော့ ဆရာဖြစ်သူအတိုင်း သိုင်းပညာတစ်ခုတည်းကိုသာ အာရုံစိုက်လေ့ကျင့်သူဖြစ်သည်။ သို့သော် ရှီတိက ယင်လုန်ထူကိုတော့ မတူကွဲပြားသောပုံစံဖြင့် သင်ပြပေးရင်း ကောင်းမွန်သည့်သိုင်းပညာအခြေခံအုတ်မြစ်ကို ချမှတ်ပေးခဲ့သည်။
ထို့ကြောင့် ရန်တိက ရှီတိနေရာတွင်အစားထိုးပြီး ယင်လုန်ထူအား သင်ပြပေးသည့်အခါ ဆရာအပြောင်းအလဲကြောင့် ယင်လုန်ထူအနေဖြင့် အဆင်မပြေခြင်း ၊ စိတ်မသက်မသာခံစားရခြင်းမျိုး မရှိခဲ့ပေ။
ဂိုဏ်းတူအစ်ကိုကြီး’ရှီတိ’ ၏ မျိုးဆက်မှဆင်းသက်လာသော တပည့်ငယ် ယင်လုန်ထူကို သင်ပြပေးရာတွင် ရန်တိကလည်း ငြိုငြင်ခြင်းမရှိဘဲ အလွန်တရာစေတနာထားကာ သင်ပြပေးခဲ့သည်။
ရန်ကျောက်ကဲက ဟန်လုန်အာအကြောင်းမေးမြန်းတော့ ရန်တိကပြုံးရင်း...
“မင်း သူနဲ့တွေ့ရင် သိလိမ့်မပေါ့”
ရန်ကျောက်ကဲက မျက်တောင်တစ်ချက်ခတ်ရင်း...
“ဟုတ်လား... ၊ ကြည့်ရတာ သူ အများကြီး အခြေအနေကောင်းတယ်ထင်တယ်”
သားအဖနှစ်ယောက် ရယ်မောလိုက်ကြသည်။
ပြီးမှ ရန်ကျောက်ကဲက တည်ကြည်လေးနက်သည့်မျက်နှာထားဖြင့်...
“အဖေ... ဆရာဦးလေး’ဖုန်းချီ’ တို့နဲ့ ကျွန်တော် ထည့်ပေးလိုက်တာကိုရော ကြည့်ပြီးပြီလား”
ထိုစကားကိုကြားတော့ ရန်တိမျက်နှာသည်လည်း တည်ကြည်လေးနက်သွားသည်။
“ငါ သူတို့နဲ့ တွေ့ပြီးပါပြီ ၊ ဒီလိုထူးဆန်းတဲ့ကိစ္စမျိုး ကမ္ဘာပေါ်မှာ ရှိမယ်လို့တောင် ထင်မထားမိဘူး”
ရန်ကျောက်ကဲက စစ်ခုန်ချင်းနှင့် တစ်ပုံစံတည်းဆင်တူသော ချွိယန်ချီနှင့် သေဆုံးသွားပြီဖြစ်သော ချန်နင်ကို ရည်ရွယ်ပြီး ပြောလိုက်ခြင်းပင်။
သူက ချွိယန်ချီကိုသာမက ချန်နင်၏ရုပ်အလောင်းကိုပါ လျှို့ဝှက်ပညာတစ်ရပ်အသုံးပြုပြီး ပျက်ဆီးမသွားအောင် ထိန်းသိမ်းကာ ဖုန်းချီတို့သားအဖနှင့် ထည့်ပေးလိုက်ခြင်းဖြစ်၏။
ရန်တိနှင့် အခြားအကြီးအကဲများ သူတို့ကိုတွေ့မြင်သည့်အခါ အတော်လေး ဆွံ့အပြီး အံ့အားသင့်ခဲ့ကြရသည်။ ဤဖြစ်ရပ်က မျှော်လင့်မထားလောက်အောင် ထူးဆန်းသည့် ဖြစ်ရပ်တစ်ခု မဟုတ်လား။
“အခု စစ်ခုန်ချင်းလည်း တောင်ပေါ်ပြန်ရောက်လာပြီဆိုတော့... သူ့ကိုလည်း စစ်ဆေးကြည့်ရမယ် ၊ ဒီကိစ္စက လုံးဝ မရိုးရှင်းဘူး”
ရန်တိက လေးနက်စွာဆိုသည်။
ရန်ကျောက်ကဲ ခေါင်းညိတ်လိုက်သည်။
ထို့နောက် သားအဖနှစ်ယောက် အတူတူ လမ်းလျှောက်လာရင်း ခရီးစဉ်တစ်လျှောက်နှင့် အရှေ့ပင်လယ်တိုက်ပွဲအတွင်း အတွေ့အကြုံများကို ဆွေးနွေးကြသည်။
ရန်တိမျက်ဝန်းများထဲတွင် သားဖြစ်သူအတွက် ချီးကျူးခြင်းနှင့် ဂုဏ်ယူခြင်းများ ပြည့်လျှမ်းနေသော်လည်း နောက်ဆုံးတော့ ရန်ကျောက်ကဲ၏ ချို့ယွင်းချက်များကို ထောက်ပြရင်း အားမလိုအားမရ ဆူပူကြိမ်းမောင်းခြင်းများနှင့်သာ အဆုံးသတ်သွားလေရာ ချီးကျူးဂုဏ်ယူခြင်းများကို ထုတ်ဖော်ပြသခြင်းပင် မပြုလုပ်လိုက်နိုင်ပေ။
ဤသည်က ဖခင်များ၏သဘာဝပင်ဖြစ်သည်။
ဖခင်တစ်ယောက်က သားတစ်ယောက်အပေါ် ကျေနပ်သဘောကျလေ ပိုမိုထက်မြက်ကောင်းမွန်စေရန်မျှော်လင့်ချက်ဖြင့် ဆူပူကြိမ်းမောင်းလေသာဖြစ်ပြီး ချီးမွမ်းစကား မပြောနိုင် ဖြစ်ရသည်သာပင်။
***
ဖခင်ဖြစ်သူနှင့် လမ်းခွဲခဲ့ပြီးနောက် ရန်ကျောက်ကဲတစ်ယောက် တောင်ပေါ်လမ်းအတိုင်း အေးအေးဆေးဆေး လမ်းလျှောက်လာသည်။ သို့သော် သူ့မျက်နှာအမူအရာကတော့ တည်ကြည်လေးနက်လျှက် ရှိ၏။
ပုံရိပ်ယောင်ပင်လယ်စိမ့်စမ်းတောမှ ပုံယောင်ယောင်များ အားနည်းသွားပြီး ‘ကောင်းကင်သက်တံ့နှစ်လွှာ’ ပေါ်ထွက်လာမည့်အချိန်ရောက်ရှိရန်က အချိန်အတန်ကြာ စောင့်ရဦးမည်ဖြစ်သည်။ ထိုကြောင့် ရန်ကျောက်ကဲက အလျင်စလိုမရှိဘဲ တောင်ပေါ်တွင် ကျင့်ကြံရန် ဆုံးဖြတ်လိုက်၏။
ရန်တိထံမှ သိခဲ့ရသော မိခင်ဖြစ်သူနှင့်ပတ်သက်သည့် ခန့်မှန်းချက်များနှင့် သက်သေပြချက်များမှတစ်ဆင့် သူလိုချင်သည့် သတင်းအချက်အလက်အချို့ကို ရရှိခဲ့သည်။
ကြည့်ရသည်မှာ မဟာကပ်ဘေးကြီးက မူလကမ္ဘာကို အပိုင်းပိုင်းကွဲထွက်သွားစေခဲ့ဟန်တူသည်။
အစွန်းရောက်ရှစ်ပါးကမ္ဘာနှင့် မီးတောက်မိစ္ဆာကမ္ဘာများက ကွဲထွက်သွားသောမူလကမ္ဘာ၏ အစိတ်အပိုင်းများ ဖြစ်နိုင်သည်။ နောက်ထပ်ကွဲထွက်သွားသော ကမ္ဘာများစွာလည်း ရှိနိုင်သေးသည်ကို မိခင်ဖြစ်သူ ရွှယ်ချူးချင်၏ဖြစ်ရပ်က သက်သေပြနေသည်။
တစ်ချိန်တည်းမှာပင် ထိုအချက်က စစ်ခုန်ချင်း၏ထူးခြားမှုနှင့်ပတ်သက်သော ဖြေရှင်းချက်တစ်ခုလည်း ဖြစ်နိုင်၏။
‘ကောင်းကင်သက်တံ့နှစ်လွှာ’ ကို ဖြတ်ကျော်သွားနိုင်လျှင် မည်သို့သောနေရာသို့ ရောက်ရှိသွားမည်နည်း။ထိုနေရာက မဟာကပ်ဘေးမတိုင်ခင်က ပြီးပြည့်စုံမှုများအားလုံး ပေါင်းစည်းပါဝင်သွားသည့် ကမ္ဘာအပိုင်းအစတစ်ခုများ ဖြစ်နေမည်လား။
ရန်ကျောက်ကဲ၏စိတ်ထဲတွင် မရေမတွက်နိုင်သောအတွေးများ ထွက်ပေါ်လာသည်။
သူ့အမေ ကျင့်ကြံခဲ့သော သိုင်းညာက အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် တစ်ခါမှ မကြုံဘူးသော သိုင်းပညာ ဖြစ်သည်။ မဟာကပ်ဘေးကြီးမတိုင်ခင်က အလုံးစုံပြီးပြည့်စုံခဲ့သော အထွတ်ထိပ်သိုင်းပညာတစ်ရပ် ဖြစ်သည်။ ဤသည်က တိုက်ဆိုင်သည်လား ၊ သို့မဟုတ် မဟာကပ်ဘေးကြီးမတိုင်ခင်က အသက်ရှင်လွတ်မြောက်သွားသူများထံမှ လက်ဆင့်ကမ်း ရရှိခဲ့သည်လား မပြောတတ်ပေ။
ကောင်းကင်ဘုံနန်းတော်ထောက်တိုင်ကြီးကို သန့်စင်ပေးစဉ်က ထူးကဲယင်သရဖူကိုဆောင်းထားသည့် အလွန်တရာ လျှို့ဝှက်ဆန်းကျယ်သော မိန်းမပျိုတစ်ယောက်၏ပုံရိပ်ကို ရန်ကျောက်ကဲ တွေ့မြင်ခဲ့ရဖူးသည်။ ထိုမိန်းမပျိုသည် မဟာကပ်ဘေးကြီးကာလအတွင်း ထူးခြားစွာ အသက်ရှင်သန်ကျန်ရစ်ခဲ့သူ ဖြစ်နိုင်လေသလား။
အချိန်များစွာကြာမြင့်ခဲ့ပြီးဖြစ်ရာ ထိုသူများသည်လည်း သေဆုံးသွားပြီလား မပြောတတ်ပေ။ သူတို့ချန်ထားခဲ့သော သိုင်းပညာအမွေအနှစ်များသည်လည်း မည်သည့်နေရာသို့ ရောက်ရှိသွားပါသနည်း။ ဆက်ခံသူ ရှိခဲသလား ၊ မရှိခဲ့ဘူးလား။
ရန်ကျောက်ကဲ မျက်လုံးများကို ကျဉ်းမြောင်းလိုက်စဉ် မျက်ဝန်းများက အလင်းရောင်မှိန်ဖျော့ဖျော့ တောက်ပလျှက် ရှိသည်။
“ဒီလိုလူမျိုးတွေသာ အမှန်တကယ် ရှိနေခဲ့မယ်ဆိုရင်... မဟာကပ်ဘေးကြီး ဖြစ်ပေါ်လာရတဲ့အကြောင်းရင်းကိုလည်း အတိအကျ သိနိုင်မှာပဲ”
တောင်ပေါ်လမ်းအတိုင်းတစ်ယောက်တည်းလျှောက်လာရင်း ရန်ကျောက်ကဲ နှုတ်ခမ်းများ တွန့်ကွေးသွားသည်။
“အင်း... စိတ်ဝင်စားစရာပဲ”
ကောင်းကင်တစ်ဖက်ခြမ်းတွင် အခြားသောကောင်းကင်များရှိနေသေးကြေင်း သိရှိလိုက်သ့်အခါ ရန်ကျောက်ကဲက ထိတ်လန့်တခြားမဖြစ်သည့်အပြင် စိတ်ဓာတ်များတက်ကြွလာပြီး လောကကြီး ပိုမိုကျယ်ပြန့်လာသလိုပင် ခံစားရသည်။
သူ ကောင်းကင်ထက်သို့ မော့ကြည့်လိုက်သည့်အခါ ဝါဒတောင်၏ တောင်ထွတ်များကြား ထွန်းလင်းတောက်ပနေသည့် နေရောင်ခြည်ကို တွေ့မြင်ရသည်။
နေရောင်ခြည်ကိုခံစားရင်း ရန်ကျောက်ကဲ ပျင်းကြောတစ်ချက်ဆန့်လိုက်၏။
ထို့နောက် ဆက်လက်ထွက်ခွာသွားလေတော့သည်။