မိစ္ဆာချီများ ပွင့်လန်းလာခြင်း
Vol. 26 Ch. 382
"ကောင်းပြီ၊ အဲဒါက တကယ်ကို အဆင်ပြေသွားမှာပဲ"
ပိုင်ကျီဟန်က တိုးတိုးလေး ရေရွတ်လိုက်သည်။
မည်သို့ပင်ဆိုစေကာမူ ခဏအကြာတွင် မိစ္ဆာကျင့်ကြံသူများနှင့် စတင်ထိတွေ့မှု ဖြစ်ပွားခဲ့သည်။
၎င်းမှာ အလွန်ပင် ပျက်စီးခြင်းကြီးစွာ ဖြစ်ပေါ်စေခဲ့၏။
အရိပ်မည်းကြီးများသဖွယ် ပုံရိပ်များသည် အင်အားချည့်နဲ့နေပြီဖြစ်သော ကောင်းကင်အင်ပါယာ၏ တပ်သားများဆီသို့ အလုံးအရင်းနှင့် တိုးဝင်လာရာ အရှေ့ဘက်ခြမ်းမှာ ချက်ချင်းဆိုသလို ပြိုလဲသွားတော့သည်။
မိစ္ဆာချီများသည် အင်ပါယာ ကျင့်ကြံသူများနှင့် ထိပ်တိုက်တွေ့ဆုံကြ၏
ပြင်းထန်သော ပေါက်ကွဲမှုများသည် စစ်တလင်းတစ်ခုလုံးတွင် မီးရှူးမီးပန်းများသဖွယ် လင်းထိန်သွားစေခဲ့သည်။
မိစ္ဆာသားရဲများကို တိုက်ခိုက်ရာတွင် လက်မလည်အောင် ဖြစ်နေရသော ကောင်းကင်အင်ပါယာမှ ကျင့်ကြံသူများမှာ မိစ္ဆာကျင့်ကြံသူများကိုပါ ရင်ဆိုင်ဖြေရှင်းရန် အာရုံမစိုက်နိုင်တော့ပေ။
အကယ်၍ သူတို့သည် မိစ္ဆာကျင့်ကြံသူများဘက်သို့ အာရုံလှည့်လိုက်ပါက မိစ္ဆာသားရဲများက သူတို့ကို အပိုင်းပိုင်း အစစ ဆုတ်ဖြဲပစ်မည် ဖြစ်သည်။
သို့သော်လည်း ဤကဲ့သို့သော ရွှေရောင်အခွင့်အရေးကို လက်လွှတ်မည်မဟုတ်သည့် မိစ္ဆာကျင့်ကြံသူများကိုလည်း လျစ်လျူရှုထား၍ မရပြန်ပေ။
မိစ္ဆာသားရဲလှိုင်းကြီးသည် ရပ်တန့်သွားခြင်း သို့မဟုတ် နှေးကွေးသွားခြင်းမရှိဘဲ ပိုမိုပြင်းထန်စွာ အရှိန်တက်လာပြီး ကျင့်ကြံသူများ၏ နောက်ကျောဘက်မှ ဝင်ရောက်တိုက်ခိုက်နေကာ မိစ္ဆာကျင့်ကြံသူများကမူ ရှေ့မျက်နှာစာမှ ခုတ်ထစ်နေကြသည်။
ရလဒ်မှာ -
သတ်ဖြတ်ပွဲ။
ချက်ချင်းပင်..သွေးချောင်းစီးသော သတ်ဖြတ်ပွဲကြီး ဖြစ်ပွားလာတော့သည်။
စူးစူးဝါးဝါး အော်ဟစ်သံများသည် မိစ္ဆာမန္တန်များ၏ ဟိန်းဟောက်သံများအောက်တွင် နစ်မြုပ်ပျောက်ကွယ်သွားသည်။
ရုပ်အလောင်းများမှာ လေထဲသို့ လွင့်စင်သွား၏
အခင်းအကျင်းမှာလည်း ကြေမွပျက်စီးကုန်သည်။
မိစ္ဆာကျင့်ကြံသူများသည် မည်သူမျှ မရိပ်မိလိုက်ခင် ရုတ်ချည်းဆိုသလို ပေါ်ထွက်လာသောကြောင့် နောက်ဘက်တွင် အရန်ထားရှိသော တပ်ဖွဲ့များမှာ အချိန်မီ တုံ့ပြန်နိုင်စွမ်း မရှိခဲ့ကြပေ။
စစ်သေနာပတိ ဝေကျုံးယွမ်၏ မျက်နှာမှာ ထိုသတ်ဖြတ်ပွဲကြီးကို မြင်လိုက်ရသည့်အခါ ရှုံ့မဲ့သွားတော့သည်။
သူတို့အနေဖြင့် ကျူးကျော်ဝင်ရောက်လာမှုကို ကြိုတင်တွက်ဆထားခဲ့ပြီးပင်။
တန်ပြန်ကာကွယ်မှုများ ပြင်ဆင်ထားခဲ့၏
မိစ္ဆာကျင့်ကြံသူများသည် ဤမျှအနီးကပ်အထိ မရိပ်မိအောင် ချဉ်းကပ်လာနိုင်
လိမ့်မည်ဟု သူပင်လျှင် မမျှော်လင့်ထားခဲ့မိပေ
ယခု ပထမပိုင်း မိနစ်အနည်းငယ်အတွင်းမှာပင် ကောင်းကင်အင်ပါယာသည် ဤခြုံခိုတိုက်ခိုက်မှုမတိုင်မီ တိုက်ပွဲတစ်ခုလုံး၌ ဆုံးရှုံးခဲ့သမျှထက် ပိုမိုများပြားသော ကျင့်ကြံသူများကို ဆုံးရှုံးလိုက်ရပြီ ဖြစ်သည်။
ပိုင်ကျီဟန်သည် သူ့ဘေးမှ ရုပ်အလောင်းတစ်ခု လွင့်ထွက်သွားသည်ကို ကြည့်ကာ လျှာတစ်ချက်သပ်လိုက်သည်။
"တောက်... စိတ်ပျက်စရာပဲ"
သူသည် အဆင့်-၉ သားရဲများကို သတ်ဖြတ်ရန်သာ အာရုံစိုက်နေ၍ မရတော့ပေ။
အကယ်၍ ဤမိစ္ဆာကျင့်ကြံသူများသည် သူ့ကို ကျော်ဖြတ်သွားပါက သူတို့သည် ပိုင်မျိုးနွယ်စု တပ်စွဲထားသည့် နေရာသို့ တိုက်ရိုက် ရောက်ရှိသွားမည် ဖြစ်သည်။
ပိုင်မျိုးနွယ်စုဝင်များမှာ အလွယ်တကူ ကျရှုံးမည်မဟုတ်သော်လည်း သေကျေဒဏ်ရာရမှုများ သေချာပေါက် ရှိလာမည်ဖြစ်ရာ ၎င်းမှာ မကောင်းသော အချက်ပင်။
သူသည် ရှေ့သို့တိုးနေခြင်းကို ချက်ချင်းရပ်တန့်လိုက်ပြီး နောက်သို့ မီတာအနည်းငယ် ဆုတ်လိုက်သည်။
သွေးချင်းချင်းနီနေသော မြေပြင်ပေါ်သို့ သူ့ခြေထောက်က ပေါ့ပါးစွာ နင်းလိုက်သည့်အခါ -
ဘုန်း
သူ့ခြေဖနောင့်အောက်မှ ထွက်ပေါ်လာသော တုန်ခါမှုလှိုင်းကြောင့် သူသည် နောက်သို့ လွင့်ပျံဆုတ်ခွာသွားပြီး သားရဲများနှင့် ရန်သူများကြားတွင် လမ်းကြောင်းတစ်ခု ထွင်းဖောက်သွားခဲ့သည်။
လှုပ်ရှားနေဆဲဖြစ်သော သားရဲအလောင်းပုံကြီးပေါ်တွင် ဆင်းသက်လိုက်ပြီးနောက် သူ၏ အနေအထားကို ပြင်လိုက်သည်။
မိစ္ဆာကျင့်ကြံသူများသည် အနက်ရောင် ဆူနာမီလှိုင်းကြီးတစ်ခုသဖွယ် သူ့ထံသို့ တိုးဝင်လာကြသည်။
သူက သူတို့၏ အဆင့်အတန်းများကို အေးစက်စွာ ဝေ့ကြည့်လိုက်သည်။
ယခုအခါ သူသည် မိစ္ဆာသားရဲလှိုင်းထဲသို့ ပိုမိုနက်ရှိုင်းစွာ ဝင်ရောက်မည့်အစား တိုးဝင်လာသော မိစ္ဆာစစ်တပ်နှင့် သူ့နောက်ကွယ်ရှိ ပိုင်မျိုးနွယ်စု၏ အနေအထားကြားတွင် တည့်တည့်မတ်မတ် ပိတ်ဆို့နေရာယူထားလိုက်သည်။
သို့သော်လည်း မိစ္ဆာကျင့်ကြံသူများသည် သူ့ထံသို့ အတင်းတိုးမလာကြပေ။
မိစ္ဆာသားရဲများကဲ့သို့ တရကြမ်း ပြေးမလာကြခြင်း ဖြစ်သည်။
ယင်းအစား
သူတို့၏ အရှိန်မှာ တုံ့ဆိုင်းသွားသည်။
ခြေလှမ်းများမှာ နှေးကွေးသွားသည်။
အများစုမှာ မီတာအနည်းငယ်အကွာတွင် မမြင်ရသော နံရံတစ်ခုကို တိုက်မိသကဲ့သို့ ရုတ်တရက် ရပ်တန့်သွားကြသည်။
သူတို့၏ အဆင့်များကြားတွင် တိုးတိုးလေး ပြောသံများ ပျံ့လွင့်သွားသည်။
"သူ... သူ့အနားကို မသွားနဲ့..."
"ဟိုမှာ ပိုင်ကျီဟန်ပဲ”
တိုက်ပွဲကို အရူးအမူး ဆာလောင်နေကြသည့် မိစ္ဆာကျင့်ကြံသူများပင်လျှင် လက်တွေ့အခြေအနေနှင့် ရင်ဆိုင်ရသောအခါ သူတို့၏ အသက်ကို တန်ဖိုးထားတတ်ကြသည်။
အကြောင်းမှာ ပိုင်ကျီဟန်သည် သာမန်ပါရမီရှင်တစ်ဦး မဟုတ်သောကြောင့်ပင်။
သူသည် လမ်းလျှောက်နေသော ကပ်ဘေးဒုက္ခတစ်ခုနှင့် တူလှသည်။
ပိုင်ကျီဟန် ဘာတွေလုပ်ခဲ့သလဲဆိုသည်ကို မသိလောက်အောင် သူတို့က လူအတွေ မဟုတ်ကြပေ။
အဆင့်-၁၀ မိစ္ဆာသားရဲများကို သတ်ဖြတ်ခဲ့သည့် သတင်းများကြောင့်သာမက ကုံးယောင်၏ လက်သီးချက်ကို ခံနိုင်ရည်ရှိခဲ့သည်ဟူသော ကောလာဟလများကြောင့်
လည်း ဖြစ်သည်။
၎င်းမှာ အင်မော်တယ်အဆင့်ပညာရှင်တစ်ဦး၏ လက်သီးချက် ဖြစ်သော်လည်း သူက အသက်ရှင်ကျန်ရစ်ခဲ့သည်။
လူတစ်ယောက်တည်းသာ ရှိသော်လည်း...
အင်အားထောင်ချီရှိသော မိစ္ဆာကျင့်ကြံသူ အုပ်စုကြီးမှာ တုံ့ဆိုင်းသွားကြသည်။
ပိုင်ကျီဟန်၏ အကြည့်သည် သူတို့ဆီသို့ ဝေ့ဝဲလာသည့်အခါ အချို့မှာ အလိုလို နောက်ဆုတ်သွားမိကြပြီး သူ၏ မျက်လုံးများကပင် သူတို့၏ ခေါင်းများကို ဖြတ်ချနိုင်စွမ်း ရှိနေသယောင်။
ဗလာသန့်စင်ခြင်း အဆင့်ရှိသော အကြီးအကဲများပင်လျှင် မျက်နှာများ တင်းမာကာ ရပ်တန့်သွားကြသည်။
သူတို့သည် မူလက ရှေ့သို့ အဟုန်ဖြင့် တိုးဝင်ကာ တရားသောဘက်မှ အင်အားစုများကို ခုတ်ထစ်ပစ်ရန် စီစဉ်ထားခြင်း ဖြစ်သည်။
သို့သော် ယခုမူ?
လူငယ်လေး တစ်ယောက်တည်းက သူတို့၏ ချီတက်မှုကို ဟန့်တားထားနိုင်ခဲ့သည်။
လူတစ်ယောက်တည်း...
ပိုင်ကျီဟန်
အရှေ့ဘက်ခြမ်းကို ဦးဆောင်နေသော ဗလာသန့်စင်ခြင်းအဆင့် အကြီးအကဲသည် နားထင်မှ သွေးကြောများ ထောင်တက်လာသည်အထိ သွားကြိတ်လိုက်မိသည်။
"ဒီကောင်လေး ငါတို့ကို ဒီမှာ တားထားတာကို ခွင့်မပြုနိုင်ဘူး”
သူ၏ ဟိန်းဟောက်သံကြောင့် လူအများမှာ ကြောက်ရွံ့မှုမှ နိုးထလာသော်လည်း သတိထားမှုကိုမူ မလျော့ချရဲကြပေ။
သူသည် ရှုပ်ထွေးနေသော စစ်တလင်းကို အမြန်သုံးသပ်ကာ ဆုံးဖြတ်ချက် တစ်ခုကို ချက်ချင်း ချလိုက်သည်။
"လူစုခွဲလိုက်ကြ! အဖွဲ့တစ်ဖွဲ့က သူ့ကို ပတ်သွားပြီး နောက်တန်းကို တိုက်ခိုက်”
သူသည် ပိုင်မျိုးနွယ်စု တပ်စွဲထားသည့် အဝေးတစ်နေရာကို ညွှန်ပြလိုက်သည်။
"ငါတို့ အကြာကြီး စောင့်နေရင် စစ်ကူတွေ ရောက်လာလိမ့်မယ်၊ အဲဒီကျရင် ငါတို့ရဲ့ ခြုံခိုတိုက်ခိုက်မှု ရှုံးနိမ့်သွားလိမ့်မယ်”
သူ၏ အသံမှာ ဓားကဲ့သို့ ထက်ရှလာသည်။
"အဲဒါ မဖြစ်လာခင် သူတို့ရဲ့ အတောင့်တင်းဆုံး အင်အားစုဖြစ်တဲ့ ပိုင်မျိုးနွယ်စုကို ငါတို့ အရင်ချေမှုန်းရမယ်”
အကြီးအကဲ အချို့က ခက်ထန်စွာ ခေါင်းညိတ်ကြသည်။
၎င်းမှာ ရိုးရိုး တိုက်ခိုက်မှု မဟုတ်ပေ။
အင်ပါယာကို ဒုက္ခိတဖြစ်သွားစေရန် ရည်ရွယ်သည့် အဆုံးအဖြတ် တိုက်ကွက်တစ်ခု ဖြစ်သည်။
သူတို့အနေဖြင့် တုံ့ဆိုင်းနေ၍ မဖြစ်ပေ။
"အဖွဲ့သုံးဖွဲ့က ပိုင်ကျီဟန်ကို ကျော်သွားပြီး နောက်တန်းကို တိုက်ခိုက်ကြ..မဖြစ်မနေ လိုအပ်တာမျိုး မဟုတ်ရင် သူ့ကို ရင်မဆိုင်နဲ့”
"ပြီးတော့ ကျန်တဲ့လူတွေက—"
သူ၏ မျက်လုံးများက မာနကြီးမှုနှင့် မတုန်မလှုပ် တည်ငြိမ်မှုတို့ဖြင့် ထုဆစ်ထားသည့် တောင်ကြီးတစ်လုံးသဖွယ် တစ်ကိုယ်တည်း ရပ်နေသော လူငယ်လေးထံသို့ စိုက်ကြည့်လိုက်သည်။
"—သူ့ကို ဒီမှာတင် တားထားကြ”
ထိုအမိန့်ကြောင့် တပ်ဖွဲ့များကြားတွင် ကြောက်ရွံ့မှုများ ပျံ့နှံ့သွားသော်လည်း အမိန့်ကို နာခံမှုကသာ အနိုင်ရရှိသွားသည်။
ဗလာသန့်စင်ခြင်းအဆင့် ပညာရှင် ဒါဇင်ပေါင်းများစွာမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။
မည်သူမျှ ပထမဆုံး မဖြစ်လိုကြပေ။
သားရဲများကို ပေါင်းပင်များကဲ့သို့ သတ်ဖြတ်ခဲ့သည့် ဓားသွားကို မည်သူမျှ စမ်းသပ်မကြည့်လိုကြချေ။
သို့သော် သူတို့တွင် ရွေးချယ်စရာ မရှိပေ။
"သူ့ကို အချိန်ဆွဲထား။ မဟာကောင်းကင်ဘုံတက်ခြင်းအဆင့် အကြီးအကဲတွေ ရောက်လာတဲ့အထိ သူ့ကို တားထားကြ”
၎င်းမှာ အသည်းအသန် ကြိုးစားရမည့် အစီအစဉ်တစ်ခုသာ ဖြစ်တော့သည်။
စွန့်စားရာကျလွန်းသည်။
အခြေအနေက မိုက်မဲရာပင် ကျနေပေလိမ့်မည်။
သို့သော် ၎င်းမှာ သူတို့အတွက် တစ်ခုတည်းသော ရွေးချယ်ခွင့် ဖြစ်နေသည်။
ဗလာသန့်စင်ခြင်း အဆင့်ရှိ မိစ္ဆာကျင့်ကြံသူ ပထမလှိုင်းသည် သူတို့၏ လက်နက်များကို တင်းတင်းဆုပ်ကိုင်ကာ ပိုင်ကျီဟန်ထံသို့ တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် ဖြည်းညှင်းစွာ တိုးကပ်လာကြသည်။
လေထုမှာ လေးလံထူထပ်လာ၏။
ပိုင်ကျီဟန်က ခေါင်းကို အသာစောင်းကာ မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။
"အော်..."
သူ၏ နှုတ်ခမ်းဖျားတွင် လှောင်ပြောင်လိုသော အပြုံးတစ်ခု ပေါ်လာသည်။
"မင်းတို့ နောက်ဆုံးတော့ လှုပ်ရှားဖို့ ဆုံးဖြတ်လိုက်ပြီပေါ့။"
သူ၏ ဓားကို အသာအယာ မြှောက်လိုက်သည့်အခါ အေးစက်သော အလင်းတန်းများနှင့်အတူ တုန်ခါသံ ထွက်ပေါ်လာသည်။
"ဒါပေမဲ့ ငါ့ကို ကျော်သွားဖို့ ဆိုတာကတော့..."
သူ၏ အသံမှာ အန္တရာယ်ရှိလှသော တိုးတိုးလေး ရေရွတ်သံအဖြစ် ပြောင်းလဲသွားသည်။
"... အဲဒါကို ငါက ခွင့်ပြုလိမ့်မယ်လို့ တကယ်ပဲ ထင်နေတာလား?"
မြေပြင်မှာ သိသိသာသာ တုန်ခါသွားသည်
ပိုင်ကျီဟန် လှုပ်ရှားလိုက်ပြီ ဖြစ်သည်။
ပိုင်ကျီဟန် အနေအထား ပြောင်းလိုက်သည်နှင့် တစ်ပြိုင်နက် ဗလာသန့်စင်ခြင်းအဆင့်ရှိ အကြီးအကဲ တစ်ဆယ်ဦးမှာ ရှေ့သို့ အဟုန်ဖြင့် တိုးဝင်လာကြသည်။
"အကျဉ်းထောင် ဖန်တီးကြ”
မိစ္ဆာချီများသည် အနက်ရောင် မီးတောက်တိုင်ကြီး ဆယ်တိုင်သဖွယ် တောက်လောင်လာပြီး ပိုင်ကျီဟန်၏ ပတ်ပတ်လည်တွင် သတ်ဖြတ်ခြင်း အရှိန်အဝါများဖြင့် လွှမ်းခြုံထားသော အမိုးခုံးတစ်ခုအဖြစ် ရစ်ပတ်သွားကြသည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် လူငယ်လေးသည် အရပ်မျက်နှာ အနှံ့မှ ဝိုင်းရံပိတ်ဆို့ခြင်း ခံလိုက်ရသည်။ အပြည့်အဝ ဝိုင်းရံလိုက်နိုင်ပြီဟု ဆိုရမည်။
သို့မဟုတ် သူတို့က ထိုသို့ ဖြစ်စေချင်ခဲ့ကြသည်။
အကြီးအကဲများသည် သူတို့၏ ကြောက်ရွံ့မှုကို အတင်းအဓမ္မ ဟန်ဆောင်ကာ သရော်ပြုံး ပြုံးလိုက်ကြသည်။
"သူ ပိတ်မိသွားပြီ”
"ကောင်းတယ်! သူ့ကို ဒီမှာတင် တားထားလိုက်”
သို့သော်—
ပိုင်ကျီဟန်က မျက်ခုံးတစ်ချက်သာ ပင့်လိုက်၏။
"ပိတ်မိနေတယ် ဟုတ်လား?"
သူက အေးအေးဆေးဆေး နေပြီး ချက်ချင်း တုံ့ပြန်ခြင်း မရှိသည်ကို ကြည့်ကာ လူတွေက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲလာကြသည်ကို သူ အမြဲတမ်း ရယ်ချင်မိသည်။
ရှူးးး
မိစ္ဆာကျင့်ကြံသူ တစ်ဒါဇင်ခန့်မှာ အုပ်စုကြီးထဲမှ ခွဲထွက်ကာ ပိုင်မျိုးနွယ်စု တပ်စွဲထားသည့် နောက်တန်းဆီသို့ ပြေးထွက်သွားကြသည်။
"ဟိုမှာ..သူ့ကို ကျော်သွားကြ”
"ပိုင်မျိုးနွယ်စုရဲ့ တခြားကျင့်ကြံသူတွေကို အရင်သတ်”
"ဟီးဟီး... သူတို့တွေ မိစ္ဆာသားရဲတွေကို တိုက်နေရလို့ လက်မလည်ဖြစ်နေတာ။ သူတို့ ပြန်မတိုက်နိုင်တော့ဘူး။"
သူတို့မှာ အလွန်လျင်မြန်ကြသည်။
သို့သော်...
ပိုင်ကျီဟန်၏ လက်ချောင်းများက ဓားရိုးကို တင်းတင်းဆုပ်ကိုင်လိုက်သည်။
"အရိပ်ကိုးပါးစီးဆင်းနေတဲ့ အလင်းဓား “
ဓားသွားမှာ လင်းခနဲ ဖြစ်သွားပြီး
ချက်ချင်း ပျောက်ကွယ်သွားသည်။
ထို့နောက်
ရွှမ်
ရွှမ်
ရွှမ်
မျက်စိကျိန်းမတတ် ငွေရောင်အလင်းတန်း ကိုးခုသည် လေထုကို ခွဲခြမ်းကာ သူ့ကို ဝိုင်းရံထားသော အကြီးအကဲများကြားမှ လျှပ်စီးသဖွယ် ထိုးဖောက်ထွက်သွားတော့သည်။
ထွက်ပြေးရန် ကြိုးစားနေသည့် မိစ္ဆာကျင့်ကြံသူများသည် ခြေလှမ်းတဝက်ဖြင့်ပင် တောင့်တင်းသွားကြသည်။
နှလုံးခုန်သံတစ်ချက်စာ အကြာတွင်—
သူတို့၏ ခန္ဓာကိုယ်များသည် လှီးဖြတ်ခံရသော သစ်သီးများကဲ့သို့ အပိုင်းပိုင်း ပြတ်ကျသွားတော့သည်။
သွေးများသည် စုံလင်လှသော လှပသည့် အဝန်းအဝိုင်း ကိုးခုအဖြစ် ပန်းထွက်သွားပြီး စစ်တလင်းတစ်ခုလုံးကို ကြက်သွေးရောင် လွှမ်းသွားစေသည်။
ပိုင်ကျီဟန်ကို ဝိုင်းထားသော အကြီးအကဲများမှာ မျက်လုံးများ ပြူးကျယ်သွားကြ၏။
"ဒီ... ဒီအရှိန်အဝါက...”
"သူက တကယ်ပဲ ဝိညာဉ်ခွဲခြမ်းစိတ်ဖြာခြင်း အဆင့်ပဲ ရှိတာ ဟုတ်ရဲ့လား”
သူ့ကို ပတ်ပြီး ထွက်ပြေးရန် ကြိုးစားနေသည့် နောက်ထပ် ဝိညာဉ်ခွဲခြမ်းစိတ်ဖြာခြင်းနှင့် အခြေတည်ဝိညာဉ်အဆင့် မိစ္ဆာကျင့်ကြံသူများသည်လည်း တုန်တုန်ရင်ရင်ဖြင့် ချက်ချင်း ရပ်တန့်သွားကြသည်။
ကြောက်ရွံ့နေကြသော်လည်း ဗလာသန့်စင်ခြင်းအဆင့် အကြီးအကဲ တစ်ဆယ်ဦးမှာ ဒေါသတကြီး ဟိန်းဟောက်လိုက်ကြသည်။
"မင်း... သေစမ်း”
"သူ့ကို တားကြ”
သူတို့အားလုံး တစ်ပြိုင်နက်တည်း ခုန်ဝင်တိုက်ခိုက်လိုက်ရာ မြေပြင်မှာ တုန်ခါသွားပြီး ကောင်းကင်ယံပင် ပုံပျက်သွားသယောင် ထင်မှတ်ရသည်။
သို့သော် ပိုင်ကျီဟန်မှာ မျက်တောင်တစ်ချက်ပင် မခတ်ပေ။
သူ၏ ဓားမှာ သေသပ်လှသော အဝန်းအဝိုင်းများအတိုင်း လှုပ်ရှားနေပြီး ခုခံခြင်း၊ ခုတ်ထစ်ခြင်းနှင့် တိုက်ကွက်လွှဲခြင်းတို့ကို ပြုလုပ်နေသည်။
ထိတွေ့မှုတိုင်းတွင် အကြီးအကဲ တစ်ဦး သို့မဟုတ် နှစ်ဦးမှာ သွေးအန်ကာ နောက်သို့ ယိုင်လဲသွားကြရသည်။
ဝိုင်းရံပိတ်ဆို့ခံထားရသော်လည်း သူသည် အထိအခိုက်မရှိပေ။
သူ ရှေ့သို့ တစ်လှမ်း တိုးလိုက်သည်နှင့်—
ဘုန်း
အကြီးအကဲ သုံးဦးမှာ မီတာ ဆယ်ဂဏန်းခန့်အထိ လွင့်ထွက်သွားတော့သည်။
"တား... တားကြစမ်း”
"သူ့ကို စစ်ဗျူဟာထဲကနေ ထွက်မသွားစေနဲ့”
သို့သော် ပိုင်ကျီဟန်က လှုပ်ရှားနေပြန်ပြီ ဖြစ်သည်။
သူ့ကို ကျော်ဖြတ်ပြီး ပိုင်မျိုးနွယ်စုဆီသို့ တိုက်ခိုက်ရမည့် ကျန်ရှိသော မိစ္ဆာကျင့်ကြံသူများမှာ လုံးဝ ရပ်တန့်သွားကြသည်။
မည်သူမှ ခြေတစ်လှမ်းမတိုးရဲပေ
သတ်ဖြတ်ရေးရုံထဲမှ ကြက်များကဲ့သို့ သူတို့၏ ရဲဘော်ရဲဘက် ဒါဇင်ပေါင်းများစွာ အသတ်ခံရသည်ကို မြင်လိုက်ရပြီးနောက် မည်သူမျှ တစ်လှမ်းပင် မတိုးရဲကြတော့ပေ။
ကြောက်ရွံ့မှုများက သူတို့ကို မြေပြင်တွင် အမြစ်တွယ်သွားစေသည်။
တိုက်ခိုက်မှုကို ဦးဆောင်နေသော ဗလာသန့်စင်ခြင်းအဆင့် အကြီးအကဲသည်ပင် တိုက်ပွဲအလယ်တွင် သူတို့၏ တုံ့ဆိုင်းမှုကို သတိထားမိသွားသည်။
သူ၏ မျက်နှာမှာ ဒေါသကြောင့် ရှုံ့မဲ့သွားတော့သည်။
"ဒီအကြောက်သမားတွေ”
သူသည် သူ့ခြေဖဝါးအောက်ရှိ မြေပြင်များ ပင့်ကူအိမ်သဖွယ် အက်ကွဲသွားစေသော တိုက်ကွက်ကို မနည်းခုခံရင်း ဟိန်းဟောက်လိုက်သည်။
"မင်းတို့ ဘာလုပ်နေကြတာလဲ”
သူသည် သူ၏ ဓားကို အားကုန်လွှဲယမ်းလိုက်ရာ ကျန်အကြီးအကဲ နှစ်ဦးသည် သူနှင့်အတူ ဝိုင်းကူခုခံပေးမှသာ မလဲဘဲ ရပ်တည်နိုင်တော့သည်။
"ငါတို့ ဖန်တီးပေးထားတဲ့ အဖိုးတန် အခွင့်အရေးကို ဖြုန်းတီးမပစ်ကြနဲ့၊ သူ့ကို ပတ်သွားပြီး စစ်ကူတွေ မရောက်ခင် ပိုင်မျိုးနွယ်စုကို အရင်သတ်ကြ”
သူတို့ သေဘေးနှင့် ရင်ဆိုင်ပြီး ဖန်တီးပေးထားသော ဖိအားများကို ဂရုမစိုက်ဘဲ တပ်သားများက တွန့်ဆုတ်နေသည်ကို တွေးမိသောအခါ ထိုအကြီးအကဲမှာ အလွန်ဒေါသထွက်သွားသည်။
သူ၏ အမိန့်ကြောင့် တပ်သားများမှာ နောက်ဆုံးတွင် သတိကြီးစွာဖြင့် ဖြည်းဖြည်းချင်း စတင်လှုပ်ရှားလာကြသည်။
ပိုင်ကျီဟန်သည် ထိုအုပ်စုကို တားရန် ရုန်းထွက်ခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ ယခုတစ်ကြိမ်တွင် မိစ္ဆာအကြီးအကဲများသည် သူတို့၏ ရှိသမျှ အင်အားအားလုံးကို အသုံးပြု၍ သူ့ကို အသည်းအသန် ပိတ်ဆို့ထားကြသည်။
"တောက်”
သူ မလိုလားသော်လည်း ဗလာသန့်စင်ခြင်းအဆင့် အကြီးအကဲ ဆယ်ဦးကို တစ်ပြိုင်နက် ကိုင်တွယ်ရန်မှာ သူ၏ လက်ရှိ အင်အားနှင့် များလွန်းနေသည်ဟူသော အချက်ကို ပိုင်ကျီဟန် လက်ခံလိုက်ရသည်။ ကြယ်ကြွေအင်ပါယာတွင် ဗလာသန့်စင်ခြင်းအဆင့် အကြီးအကဲ ခုနစ်ဦးနှင့် တိုက်ခိုက်စဉ်က သူ အသာစီးရခဲ့ခြင်းမှာ ထိုစဉ်က ကျင့်ကြံသူများ၏ နည်းစနစ်များမှာ အနိမ့်စားများ ဖြစ်သောကြောင့် ဖြစ်သည်။
ယခုမူ မိစ္ဆာအကြီးအကဲများမှာ အနည်းဆုံး ကမ္ဘာမြေအဆင့်နည်းစနစ်များကို ပိုင်ဆိုင်ထားကြပြီး အရေအတွက်ကလည်း ပိုများသည်။
ပိုင်ကျီဟန်အနေဖြင့် သူ သေဆုံးလိမ့်မည်ဟု မထင်သော်လည်း သူတို့ကို ခုခံထားရုံမှအပ အခြားဘာမှ လုပ်နိုင်မည်မဟုတ်ပေ။
(ကောင်းပြီ... ငါ တတ်နိုင်သမျှတော့ လုပ်ခဲ့ပြီးပြီပဲ)