← Chapters

ပိုင်ရွှယ်ချင်း နှင့် တူကူလျန်ရှင်း- ပြန်လည်ဆုံတွေ့ခြင်း

Vol. 26 Ch. 383

ပိုင်ရွှယ်ချင်း နှင့် တူကူလျန်ရှင်း- ပြန်လည်ဆုံတွေ့ခြင်း

Vol. 26 Ch. 383

ပိုင်ကျီဟန်ကို ကျော်ဖြတ်လာနိုင်သည့် ထောင်ပေါင်းများစွာသော မိစ္ဆာကျင့်ကြံသူများကို ရင်ဆိုင်ရန် ပိုင်မျိုးနွယ်စုက အသင့်ပြင်ထားကြသည်။

သူတို့သည် မိစ္ဆာသားရဲများကိုလည်း တိုက်ခိုက်နေရသဖြင့် တစ်ဖက်တွင် အလုပ်များနေကြသည်ဟု ဆိုနိုင်သည်။

သို့သော် ပိုင်မျိုးနွယ်စုဝင်များသည် အလွန်အမင်း စိုးရိမ်ပူပန်ခြင်း မရှိကြပေ။

အကြောင်းမှာ သူတို့သည်လည်း သူတို့၏ စွမ်းအားအစစ်အမှန်ကို ထုတ်မသုံးရသေးသောကြောင့် ဖြစ်သည်။

ပိုင်ကျီဟန်က မျိုးနွယ်စုထံသို့ ကောင်းကင်ဘုံအဆင့် ကျင့်စဉ်တစ်ခုကို ပေးအပ်ခဲ့ပြီးနောက်၊ ယခင်က ပိုင်မျိုးနွယ်စု၏ အထူးရွေးချယ်ထားသော အထက်တန်းလွှာများသာ သင်ယူခွင့်ရှိသည့် ကမ္ဘာမြေအဆင့်ကျင့်စဉ်ဖြစ်သော "မြစိမ်းရောင်နဂါး အသက်ရှူသွင်းခြင်း နည်းစနစ်" ကို မျိုးနွယ်စုဝင်တိုင်းအား သင်ကြားပေးထားခဲ့သည်။

ထို့ကြောင့် ကောင်းကင်အင်ပါယာတွင် အင်အားအကြီးဆုံး ဖြစ်နှင့်နေပြီးသားဖြစ်သော သူတို့သည် ယခုအခါ မည်သူမျှ မယှဉ်နိုင်လောက်အောင် အစွမ်းထက်လာခဲ့ကြသည်။

ကျင့်ကြံခြင်းအဆင့် တူညီပါက သူတို့ကို ယှဉ်နိုင်သူမှာ အလွန်ပင် ရှားပါးလှသည်။ သူတို့သည် ပြင်ပရန်သူများသာမက မဟာမိတ်များကိုလည်း သတိထားနေရသဖြင့် သူတို့၏ စွမ်းအားအစစ်အမှန်ကို ဖုံးကွယ်ထားခဲ့ကြခြင်း ဖြစ်သည်။

လီ-ကျောက် မိသားစုများနှင့် အခြားသော မဟာမိတ်အတွင်းမှ ရန်သူများကို အလွန်အကျွံ စွမ်းအားမပြလိုသဖြင့် အင်အားအပြည့် မသုံးဘဲ တိုက်ခိုက်နေခဲ့ကြခြင်း ဖြစ်သည်။

ထို့ကြောင့် သူတို့သည် မိစ္ဆာသားရဲများနှင့် တိုက်ခိုက်နေရသော်လည်း အမှန်တကယ်တွင် ရုန်းကန်နေရခြင်းမျိုး မဟုတ်ပေ။

ထို့အပြင် ပိုင်ကျီဟန်သည် စိတ်အနှောင့်အယှက်ဖြစ်စရာ မိစ္ဆာအကြီးအကဲများကို တားဆီးပေးထားသဖြင့် ပိုင်မျိုးနွယ်စု အကြီးအကဲများသည် ပိုမိုအားနည်းသော ရန်သူများကို အလွယ်တကူ သတ်ဖြတ်ရန် အာရုံစိုက်နိုင်ကြသည်။

ပိုင်ကျီဟန်ကို ကျော်ဖြတ်လာနိုင်သူ အရေအတွက်မှာလည်း မိစ္ဆာကျင့်ကြံသူများ မူလက စီစဉ်ထားသည်ထက် များစွာ လျော့နည်းသွားခဲ့သည်။

ထိုသို့ လွတ်မြောက်လာသည့် လူနည်းစုမှာလည်း ငရဲခန်းသို့ တည့်တည့်မတ်မတ် လျှောက်လှမ်းမိသွားကြသကဲ့သို့ ဖြစ်နေတော့သည်။

"လက်တွန့်မနေကြနဲ့..ဒီမိစ္ဆာသားရဲတွေကို အမြန်သတ်ပြီး မိစ္ဆာကျင့်ကြံသူတွေကိုပဲ အာရုံစိုက်တိုက်ကြ”

အကြီးအကဲတစ်ဦးက အမိန့်ပေးလိုက်သည်။

သူတို့၏ စွမ်းအားနှင့်ဆိုလျှင် နှစ်ဖက်ညှပ်တိုက်ခြင်းကို ခံနိုင်ရည်ရှိသော်လည်း တစ်ခုချင်းစီကို အပြတ်ရှင်းပစ်ခြင်းက ပို၍ ထိရောက်ပေလိမ့်မည်။

အမိန့်ပေးလိုက်သည်နှင့် တစ်ပြိုင်နက် မိစ္ဆာသားရဲများကို ခက်ခက်ခဲခဲ ရင်ဆိုင်နေရသယောင် ရှိသော ပိုင်မျိုးနွယ်စုဝင်များသည် သူတို့၏ ချီ အရှိန်အဝါကို ရုတ်တရက် မြှင့်တင်လိုက်ပြီးနောက်—

ရွှပ်! ရွှပ်

တိုက်ခိုက်နေသော ထောင်ပေါင်းများစွာ မိစ္ဆာသားရဲများသည် မြေပြင်ပေါ်သို့ ပြိုင်တူ လဲကျသွားကြတော့သည်။

ဤအခြင်းအရာက မိစ္ဆာကျင့်ကြံသူများကို ထိတ်လန့်သွားစေသည်မှာ သိသာလှသည်။ သို့သော် သူတို့သည် နောက်ဆုတ်၍ မရတော့သည့် အနေအထားသို့ ရောက်နေပြီ ဖြစ်သည်။

ထို့အပြင် ပိုင်မျိုးနွယ်စုဝင်များသည် သားရဲများကို ရှင်းလင်းရန် ချီအမြောက်အမြား အသုံးပြုထားရသဖြင့် အားကုန်နေလောက်ပြီဟု သူတို့က တွေးထင်နေကြသည်။

ပထမဆုံး ထိပ်တိုက်တွေ့ဆုံမှုမှာ မိုးကြိုးမုန်တိုင်းတစ်ခုသဖွယ် ပေါက်ကွဲထွက်လာသည်။

"သတ်ကြစမ်း သူတို့ကို မလွှတ်”

ဂျွတ်

ဦးဆောင်လာသော မိစ္ဆာကျင့်ကြံသူ၏ အမိန့်ပေးသံမှာ လေထဲတွင်ပင် ရပ်တန့်သွားသည်။

ပို၍ တိကျစွာ ပြောရလျှင်—

သူသည် ခဲသွားခြင်း ဖြစ်သည်။

အရာအားလုံး အေးခဲသွားသည်။

ပိုင်ရွှယ်ချင်းသည် သူမ၏ လက်ချောင်းများကို အသာအယာ ခါလိုက်သည့်အခါ အေးစက်လှသော အလင်းလှိုင်းတစ်ခုက စစ်တလင်းကို ဖြတ်သန်းသွားသည်။

"ကောင်းကင်ဘုံနှင်းခဲ ပိတ်ဆို့ခြင်း -အဆုံးမဲ့ အေးခဲခြင်း နယ်ပယ်”

အပူချိန်မှာ ရုတ်ချည်း ထိုးဆင်းသွားသဖြင့် မြေပြင်ပေါ်တွင် နှင်းခဲပန်းပွင့်များသဖွယ် ပွင့်လန်းလာသည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် ရာနှင့်ချီသော မိစ္ဆာကျင့်ကြံသူများသည် ဒူးဆစ်အထက်အထိ ကြည်လင်သော ရေခဲပြာရောင်အတွင်း ပိတ်မိသွားကြတော့သည်။

သူတို့၏ ခြေလက်များမှာ လှုပ်ရှားနေဆဲ အနေအထားအတိုင်း အေးခဲသွား၏

ချီ လည်ပတ်မှုမှာလည်း ရပ်တန့်သွားသည်။

ထို့နောက်—

ဂျွတ်... ဂျွတ်... ဂျွတ်

ရေခဲများမှာ ပိုမိုကျယ်ပြန့်လာပြီး သူတို့၏ ခန္ဓာကိုယ်များကို အပိုင်းပိုင်း ကွဲအက်သွားစေရာ အချို့မှာ ချက်ချင်းပင် ပျက်စီးသွားကြသည်။

အသက်ရှင်ကျန်ရစ်သူများမှာလည်း လက်ချောင်းတစ်ချောင်းပင် မလှုပ်နိုင်တော့ပေ။

ပိုင်မျိုးနွယ်စု၏ ရှေ့တန်းတပ်ဖွဲ့ကမူ တွန့်ဆုတ်မနေဘဲ

"ရှင်းပစ်ကြ”

ဝိညာဉ်ခွဲခြမ်းစိတ်ဖြာခြင်းနှင့် ဝိညာဉ်ဖွဲ့စည်းခြင်း အဆင့်ရှိ ပိုင်မျိုးနွယ်စု ကျင့်ကြံသူများသည် ပုပ်ပွနေသော အသားကို လှီးဖြတ်သည့် ဓားသွားသဖွယ် ရှေ့သို့ တိုးဝင်သွားကြသည်။

အေးခဲနေသော ရုပ်အလောင်းများမှာ ကြွပ်ဆတ်သော ရုပ်တုများကဲ့သို့ ကြေမွကုန်ကြသည်။

ခြေလက်များ လွင့်စင်ကုန်၏

သွေးမြူများ လေထဲတွင် ပျံ့လွင့်သွားသည်။

ထို့အပြင် ပိုင်မျိုးနွယ်စု အကြီးအကဲများမှာလည်း မည်သည့်အကူအညီမှ မပါဘဲ ဝိညာဉ်ခွဲခြမ်းစိတ်ဖြာခြင်းအဆင့် ၅ ဦးကို တစ်ကိုယ်တည်း သတ်ဖြတ်နိုင်စွမ်း ရှိကြသည်။

ဗလာသန့်စင်ခြင်းအဆင့် မိစ္ဆာအကြီးအကဲ အများစုမှာ ပိုင်ကျီဟန်နှင့် ပိတ်မိနေသဖြင့် သူတို့ကို တားဆီးနိုင်သူမှာ မရှိသလောက်ပင် ဖြစ်သည်။

ပိုင်မျိုးနွယ်စုကို သတ်ဖြတ်ရန် ရည်ရွယ်ချက်ဖြင့် ရောက်လာသော မိစ္ဆာကျင့်ကြံသူများသည် တိုက်ပွဲဝင် တန်းမစီနိုင်ခင်မှာပင် ပျောက်ကွယ်သွားကြရတော့သည်။

စစ်တလင်းတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့သည်။

ပိုင်ကျီဟန်ကို ကျော်ဖြတ်လာနိုင်ခဲ့သည့် မိစ္ဆာကျင့်ကြံသူများသည် သူတို့၏ အောင်ပွဲခံမှုကို သုံးစက္ကန့်မျှသာ ခံစားလိုက်ရပြီး

ပိုင်မျိုးနွယ်စုသည် တိတ်ဆိတ်ပြီး အေးစက်လှသော ဒီရေလှိုင်းကြီးတစ်ခုသဖွယ် ရှေ့သို့ တိုးဝင်လာခဲ့သည်။

ဓားအလင်းတန်းများ လင်းလက်သွားသည်။

ပိတ်ဆို့မှုများ တောက်လောင်လာသည်။

နှင်းခဲများ ပွင့်လန်းလာသည်။

ဝိညာဉ်ဖွဲ့စည်းခြင်းမှသည် အခြေတည်ဝိညာဉ်အဆင့်အထိရှိသော ပိုင်မျိုးနွယ်စု ကျင့်ကြံသူတိုင်းသည် ကြောက်မက်ဖွယ်ကောင်းသော တိကျမှုဖြင့် လှုပ်ရှားနေကြသည်မှာ— သူတို့၏ လှုပ်ရှားမှုတိုင်းသည် ကြီးမားပြီး ညီညွတ်သော သတ်ဖြတ်ရေးဗျူဟာကြီးတစ်ခု၏ အစိတ်အပိုင်းတစ်ခု ဖြစ်နေသယောင်ပင်။

လှည့်လည်သွားလာနေသော မိစ္ဆာသားရဲများကို ခုခံနေရစဉ်မှာပင် သူတို့၏ စစ်ဗျူဟာမှာ သေစေနိုင်လောက်သော ထိရောက်မှုဖြင့် ပိုမိုတင်းကျပ်လာသည်။

ထိုစဉ်—

ယုတ်မာကောက်ကျစ်သော ချီအရှိန်အဝါတစ်ခု လှိုင်းထသွားသည်။

လိမ်ယှက်နေသော မိစ္ဆာမန္တန်များ၏ စူးရှသံတစ်ခု ထွက်ပေါ်လာသည်။

မိစ္ဆာကျင့်ကြံသူများ အုပ်စုထဲမှ ကြက်သွေးရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး သူမ၏ အမှတ်အသားဖြစ်သော အနက်ရောင် တံစဉ်ကို ကိုင်ဆောင်ထားသည့် အမျိုးသမီးတစ်ဦး ထွက်ပေါ်လာသည်။

သူမ၏ မျက်လုံးများမှာ ခရမ်းရောင် တောက်နေသည်။

သူမ၏ အရှိန်အဝါက လေထုကိုပင် လိမ်ရှုံ့သွားစေသည်။

သူမကား—တူကူလျန်ရှင်းပါတကား

အပြစ်တစ်ရာခန်းမ၏ သူတော်စင်မပင် ဖြစ်သည်။

သူမ ရောက်ရှိလာခြင်းကြောင့် စစ်တလင်းတစ်ခုလုံး မှောင်မိုက်သွားသယောင် ထင်ရသည်။

သူမ၏ နှုတ်ခမ်းများ တွန့်ကွေးသွား၏

"ပိုင်ရွှယ်ချင်း”

နှင်းခဲများ ဖုံးလွှမ်းနေသော မြေပြင်ထက်တွင် ပျံလွင့်နေဆဲဖြစ်သော ပိုင်ရွှယ်ချင်းသည် သူမ၏ အကြည့်ကို အေးစက်စွာ မြှောက်ကြည့်လိုက်သည်။

လွန်ခဲ့သော အချိန်က ရှေးဟောင်းအပျက်အစီးများထဲတွင် သူတို့၏ ထိပ်တိုက်တွေ့ဆုံမှုမှာ ခေတ္တခဏသာ ဖြစ်သော်လည်း အကြိတ်အနယ် ရှိခဲ့သည်။

သို့သော် ယခု ပိုင်ရွှယ်ချင်းသည် ယခင်က ပိုင်ရွှယ်ချင်း မဟုတ်တော့သလို တူကူလျန်ရှင်းသည်လည်း အရင်ကထက် ပြောင်းလဲနေပြီ ဖြစ်သည်

တူကူလျန်ရှင်းသည် ဟိန်းဟောက်လိုက်ပြီး အရင်ဆုံး စတင်တိုက်ခိုက်လိုက်သည်။

သူမ၏ တံစဉ်သည် စစ်တလင်းကို ခွဲခြမ်းပစ်မည့် စူးရှသံနှင့်အတူ လေထုကို ထိုးခွဲသွားသည်။

ဝါးးးး

မိစ္ဆာချီများသည် အပြင်ဘက်သို့ ပေါက်ကွဲထွက်လာပြီး မြေပြင်ကို ကုတ်ခြစ်နေသည့် ဝိညာဉ်သရဲများအဖြစ် ပြောင်းလဲသွားသည်။ သူမ၏ လက်နက်ကို ဝှေ့ယမ်းလိုက်တိုင်း ညှဉ်းပန်းနှိပ်စက်ခံထားရသော ဝိညာဉ်များ၏ အော်ဟစ်သံများ ပါလာသယောင်ပင်။

"ကိုးထပ်အပြစ်သား ကွပ်မျက်ခြင်း - ဝိညာဉ်ဖြတ်တောက်ခြင်း ရိုက်ချက်”

ခရမ်းပုပ်ရောင် အလင်းလခြမ်းကွေးတစ်ခုသည် ပိုင်ရွှယ်ချင်းထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားပြီး မထိတွေ့ခင်မှာပင် မြေပြင်တွင် ကန့်လန့်ဖြတ် မြောင်းကြီးတစ်ခု ဖြစ်ပေါ်သွားစေသည်။

ပိုင်ရွှယ်ချင်းက မျက်တောင်တစ်ချက်ပင် မခတ်ပေ။

ကျွမ်းကျင်သော လှုပ်ရှားမှုတစ်ခုဖြင့်

ရှပ်

သူမ၏ ဓားကို အပေါ်သို့ ပင့်တင်လိုက်သည်။

သူမ၏ ဓားတွင် ရေခဲချီများ ပြည့်နှက်နေပြီး သာမန်ဓားသိုင်းကိုသာ သုံးနေသော်လည်း ရေခဲမန္တန်တစ်ခုကို အသုံးပြုနေသကဲ့သို့ပင်။

ရှူးးးး

အေးစက်သော အလင်းတန်းနှင့် မိစ္ဆာအပြစ်ချီတို့ တည့်တည့် တိုးမိကြသည်။

တိုက်ကွက်နှစ်ခု ထိပ်တိုက်တွေ့ဆုံသွားသည့်အခါ

ဘုန်းးးး

အဖြူရောင်နှင့် ခရမ်းရောင် လုံးထွေးနေသော တုန်ခါမှုလှိုင်းကြီးသည် အပြင်ဘက်သို့ ပြင်းထန်စွာ ရိုက်ခတ်သွားသည်။

ဤတိုက်ပွဲနှင့် မသက်ဆိုင်သော မိစ္ဆာကျင့်ကြံသူများပင်လျှင် စစ်တလင်းတစ်လျှောက် လွင့်စင်သွားကြရသည်။

အချို့မှာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျရောက်ကာ သွေးအန်ကုန်ကြပြီး သူတို့၏ ခန္ဓာကိုယ်များမှ နှင်းခဲငွေ့များ ထွက်ပေါ်နေသည်။

တူကူလျန်ရှင်း၏ ခြေဖဝါးအောက်ရှိ မြေပြင်မှာ ကွဲအက်သွားသော မှန်ကဲ့သို့ ဖြစ်သွားသည်။

သူမသည် နောက်သို့ ခြေတစ်လှမ်းခန့် ယိုင်သွားရ၏။

ခြေတစ်လှမ်း၏ တစ်ဝက်မျှသာ။

သို့သော် ပိုင်ရွှယ်ချင်း ကမူ... လုံးဝ မတုန်မလှုပ်ပေ

တူကူလျန်ရှင်း၏ သူငယ်အိမ်များ ကျုံ့သွားတော့သည်။

"မဖြစ်နိုင်တာ...! နင်”

ပိုင်ရွှယ်ချင်းက ရှေ့သို့ တစ်လှမ်းတိုးလိုက်ပြီး အေးစက်သော လေထုမှာ သူမ၏ ပတ်ပတ်လည်တွင် နတ်ဘုရားမတစ်ပါး၏ ဝတ်ရုံသဖွယ် ဝဲလည်နေ၏။

တူကူလျန်ရှင်းသည် သွားကို တင်းတင်းကြိတ်ကာ ထပ်မံ ခုန်ဝင်တိုက်ခိုက်ပြန်သည်။

"မာနမကြီးစမ်းနဲ့”

သူမ၏ တံစဉ်ကြီးမှာ သေမင်းအက ကသကဲ့သို့ ဝှေ့ယမ်းကာ ဆုတ်ဖြဲနေပြီး လှုပ်ရှားမှုတိုင်းမှာ အသက်ကို နှုတ်ယူမည့် တိုက်ကွက်များ ဖြစ်သည်။

သူမ၏ မိစ္ဆာချီများမှာ မုန်တိုင်းတစ်ခုသဖွယ် ဟိန်းဟောက်နေ၏။

"အပြစ်တစ်ရာ - ထာဝရ ငရဲကျခြင်း သံကြိုးများ”

မြေပြင်မှ အမှောင်သံကြိုးများ ရုတ်ချည်းထွက်ပေါ်လာပြီး အဆိပ်ပြင်းမြွေများကဲ့သို့ လိမ်တွန့်ကာ ပိုင်ရွှယ်ချင်းကို အရပ်မျက်နှာအနှံ့မှ ချည်နှောင်ရန် ဦးတည်လာကြသည်။

သို့သော် ပိုင်ရွှယ်ချင်း၏ အကြည့်မှာ တုန်လှုပ်ခြင်း မရှိပေ။

ပိုင်ရွှယ်ချင်း၏ မျက်လုံးများ စူးရှသွားသည်။

"အရိပ်ကိုးပါးစီးဆင်းနေတဲ့ အလင်းဓား”

ဝူးးးး

သူမ၏ ခန္ဓာကိုယ်မှ ပုံရိပ်ယောင် ကိုးခုမှာ ရုတ်တရက် ပွင့်ထွက်လာပြီး ပိုင်ရွှယ်ချင်း၏ ပုံရိပ် ကိုးခုစလုံးမှာ တစ်ပုံစံတည်း တူညီနေကာ ရေခဲချီများ လွှမ်းခြုံထားသည့် ဓားများကိုယ်စီ ကိုင်ဆောင်ထားကြသည်။

သူတို့သည် စီးဆင်းနေသော လရောင်သဖွယ် လှုပ်ရှားသွားကြပြီး မိစ္ဆာသံကြိုးများကြားတွင် အလွန်ပင် ချောမွေ့စွာ တိုးဝင်သွားရာ အရိပ်များပင်လျှင် သူတို့ကို ဖမ်းဆီးနိုင်ခြင်း မရှိပေ။

တူကူလျန်ရှင်း၏ မျက်နှာမှာ ပုံပျက်သွားတော့သည်။

"ဘာလဲ”

သံကြိုးများက ပိုင်ရွှယ်ချင်း တစ်ဦးကို ထိုးဖောက်လိုက်သော်လည်း

၎င်းမှာ ပျောက်ကွယ်သွားသည်။

နောက်ထပ် တစ်ဦးကို သူမ၏ တံစဉ်ဖြင့် ခါးပြတ်အောင် ပိုင်းလိုက်ပြန်သော်လည်း—

ထပ်မံ ပျောက်ကွယ်သွားပြန်သည်။

အစစ်အမှန် ပိုင်ရွှယ်ချင်းမှာမူ ထိုရုတ်ရုတ်သဲသဲ အခြေအနေကြားမှ ဝိညာဉ်တစ်ခုသဖွယ် လျှောတိုက်ထွက်လာသည်။

ခြေတစ်လှမ်း။

ခြေနှစ်လှမ်း။

သုံးလှမ်း

သူမသည် တူကူလျန်ရှင်း၏ နောက်ကျောတွင် ပေါ်လာသည်။

ဓားအလင်းတန်းမှာ လင်းခနဲ ဖြစ်သွား၏။

ရွှပ်

တူကူလျန်ရှင်းသည် သူမ၏ လည်ပင်းသို့ ရေခဲစင်တစ်ခု လာထိသကဲ့သို့ ခံစားလိုက်ရသည်။

ဗီဇစိတ်က သူမကို ကယ်တင်လိုက်ခြင်း ဖြစ်သည်— သူမသည် တစ်ကိုယ်လုံးကို လိမ်ယှက်ကာ အသည်းအသန် တံစဉ်ကို နောက်သို့ ဝှေ့ယမ်းလိုက်သည်။

"သေစမ်း”

ချွမ်းးးး

ဓားနှင့် တံစဉ် ထိတွေ့သံနှင့်အတူ အမျိုးသမီး နှစ်ဦးစလုံးမှာ လွင့်စင်သွားကြသည်။

တူကူလျန်ရှင်းမှာ မီတာ ဆယ်ဂဏန်းခန့် အရှိန်ဖြင့် နောက်ဆုတ်သွားရပြီး သူမ၏ ဖိနပ်များမှာ နှင်းဖုံးနေသော မြေပြင်ထက်တွင် နက်ရှိုင်းသော မြောင်းကြီးများ ဖြစ်ပေါ်သွားစေသည်။

သူမ၏ အသက်ရှူသံမှာ ပြတ်တောင်းပြတ်တောင်း ဖြစ်လာသည်။ နှင်းခဲများက သူမ၏ လက်မောင်းတွင် ကပ်ငြိနေပြီး အရေပြားအောက်တွင် ပုံဆောင်ခဲ သွေးကြောများသဖွယ် ဖြစ်ပေါ်နေသည်။

"နင်... နင် ဘယ်လိုလုပ် ဒီလောက်တောင် အစွမ်းထက်နေရတာလဲ...?"

သူမ၏ အသံသည် ဒေါသနှင့် မယုံကြည်နိုင်မှုတို့ကြောင့် တုန်ရင်နေသည်။ ပိုင်ရွှယ်ချင်းကို ကျော်ဖြတ်နိုင်ရန် မျှော်လင့်ချက်ဖြင့် သူမသည် မနားမနေ ပြင်းထန်သော လေ့ကျင့်မှုများကို ပြုလုပ်ခဲ့သည် မဟုတ်ပါလော

ပိုင်ရွှယ်ချင်းမှာမူ မောဟိုက်ခြင်းပင် မရှိပေ။

သူမ၏ အသက်ရှူငွေ့များသည် လေထဲတွင် တည်ငြိမ်စွာ လွင့်ပျံနေသည်။

ပိုင်ရွှယ်ချင်း၏ ဓားမှာ မြင့်တက်လာသည်

"အရိပ်ကိုးပါးစီးဆင်းနေတဲ့ အလင်းဓား”

ရွှပ်

သူမ၏ ခန္ဓာကိုယ်မှာ ဝေဝါးသွားသည်။

ထို့နောက် အပိုင်းပိုင်း ကွဲထွက်သွား၏။

တုန်ခါနေသော ပုံရိပ်ယောင် ကိုးခုသည် ကြယ်တာရာ အလင်းတန်းများသဖွယ် အပြင်ဘက်သို့ ပွင့်ထွက်သွားပြီး မိစ္ဆာသံကြိုးတောအုပ်ကြားတွင် အားစိုက်စရာမလိုဘဲ တိုးဝင်သွားကြသည်။

ဝိညာဉ်ခွဲခြမ်းစိတ်ဖြာခြင်အဆင့် ပညာရှင်တစ်ဦးပင်လျှင် မည်သည့်အရာက အစစ်အမှန်ဖြစ်သည်ကို မခွဲခြားနိုင်တော့ပေ။

တူကုလျန်ရှင်းသည် သူမ၏ တံစဉ်ကို ရမ်းရမ်းကားကား ဝှေ့ယမ်းလိုက်သည်။

"အားလုံးကို ပိုင်းဖြတ်ပစ်စမ်း”

ဘုန်း

သူမ၏ တံစဉ်သည် ပုံရိပ်ယောင် နှစ်ခုကို ဖြတ်သန်းသွားသော်လည်း—

၎င်းတို့မှာ အလင်းတန်းများအဖြစ် အရည်ပျော်သွားကြသည်။

အေးစက်လှသော တိုးတိုးလေး ပြောသံတစ်ခုက သူမ၏ နားစည်ကို လာ၍ ရိုက်ခတ်သွားသည်။

"နင် တိုက်ခိုက်တာ မှားသွားပြီ။"

ဒုကုလျန်ရှင်း ချက်ချင်း လှည့်ကြည့်လိုက်စဉ်—

ရှပ်

သူမ၏ ပါးပြင်ပေါ်တွင် သေးငယ်လှသော ဓားရာတစ်ခု ထင်ကျန်ရစ်ခဲ့ပြီး ၎င်းမှာ အလွန်ပင် ပါးလွှာလွန်းသဖြင့် တစ်စက္ကန့်မျှ သွေးပင် မထွက်သေးပေ။

ထို့နောက်—

တောက်...

သွေးတစ်စက်မှာ စီးကျလာတော့သည်။

"နင်...”

တူကုလျန်ရှင်းမှာ နောက်သို့ ဆုတ်လိုက်ပြီး သူမ၏ မျက်လုံးများတွင် ဒေါသများ တောက်လောင်လာသည်။

သူမက ဟိန်းဟောက်လိုက်ရာ မိစ္ဆာချီများ ထပ်မံလျှံထွက်လာပြီး ခြေဖဝါးအောက်မှ မြေပြင်ကိုပင် ကြေမွသွားစေသည်။

"တိုးတက်လာတာ နင်တစ်ယောက်တည်းလို့ မထင်နဲ့”

သူမ၏ တံစဉ်သည် ကွပ်မျက်သူ၏ ဘီးတစ်ခုသဖွယ် လည်ပတ်သွားပြီး တံစဉ်အနားသတ်တစ်လျှောက်တွင် အနက်ရောင် ရှေးဟောင်းအက္ခရာများ လင်းထိန်လာသည်။

"အပြစ်တစ်ရာ - ဝိညာဉ်ခွာထုတ် ရိတ်သိမ်းခြင်း”

ထိုတိုက်ကွက်သည် ပုံရိပ်ယောင် အတော်များများကို တစ်ပြိုင်နက်တည်း ထိုးခွဲလိုက်ပြီး ၎င်းတို့ကို ဓားအလင်းအပိုင်းအစများအဖြစ် ဆုတ်ဖြဲပစ်လိုက်သည်။

သို့သော်—

ပိုင်ရွှယ်ချင်းသည် သူမ၏ နောက်ကျောတွင် ရောက်နှင့်နေပြီ ဖြစ်သည်။

ချွမ်းးးး

တူကုလျန်ရှင်းသည် မနည်းမီအောင် ကာကွယ်လိုက်ရသည်။

မီးပွားများ လွင့်စင်သွား၏။

တိုက်ခိုက်မှု၏ ဒဏ်ကြောင့် တံစဉ်မှာ တုန်ခါသွားပြီး ယခုတစ်ကြိမ်တွင် သူမမှာ နောက်သို့ သုံးလှမ်းခန့် ဆုတ်လိုက်ရသည်။

"ဘာ...? နင် အရင်က ဒီလောက်မသန်မာပါဘူး”

ပိုင်ရွှယ်ချင်းသည် သူမ၏ စကားများကို ပြန်မဖြေဘဲ ရှေ့သို့သာ ဆက်တိုးလာသည်။

ပိုင်ရွှယ်ချင်းက အနီးကပ် ဝင်ရောက်လာပြီး—

ရွှပ်! ရွှပ်! ရွှပ်

လှုပ်ရှားမှုတိုင်းက တူကုလျန်ရှင်းကို နောက်ဆုတ်သွားစေသည်။

တိုက်ချက်တိုင်းသည် တံစဉ်လည်ပတ်မှု၏ အားနည်းချက်များကိုသာ ပစ်မှတ်ထားနေသည်။

တူကုလျန်ရှင်းသည် သွားကို တင်းတင်းကြိတ်ကာ ထပ်မံ ဟိန်းဟောက်လိုက်ပြန်သည်။

သူမ၏ ခန္ဓာကိုယ်မှ မိစ္ဆာချီများသည် ပြင်းထန်သော မုန်တိုင်းတစ်ခုသဖွယ် ပေါက်ကွဲထွက်လာ၏။

"ထာဝရ ငရဲကျခြင်း သံကြိုးများ - သူမကို ချည်နှောင်စမ်း”

ရာနှင့်ချီသော အမှောင်သံကြိုးများမှာ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာပြီး ဆာလောင်နေသော မြွေများသဖွယ် ပိုင်ရွှယ်ချင်းထံသို့ လိမ်တွန့်တိုးဝင်သွားကြသည်။

သို့သော် ပိုင်ရွှယ်ချင်းမှာ ထိုနေရာတွင် မရှိတော့ပေ။

သူမသည် ပေါ့ပါးစွာ ခြေလှမ်းလိုက်ပြီး—

ချက်ချင်း ပျောက်ကွယ်သွားသည်။

နှလုံးခုန်သံတစ်ချက်အကြာတွင်—

သူမသည် တူကုလျန်ရှင်း၏ အထက်ကောင်းကင်တွင် ပေါ်လာပြီး မျက်စိကျိန်းမတတ် လင်းလက်တောက်ပနေသော ဓားချက်ဖြင့် ဒေါင်လိုက် ခုတ်ချလိုက်သည်။

"ရေခဲပိတ်ဆို့ ဖြတ်တောက်ခြင်းဓား”

တူကုလျန်ရှင်းသည် သူမ၏ တံစဉ်ကို အသည်းအသန် မြှောက်၍ ကာကွယ်လိုက်ရသည်။

ဘုန်းးးးးးး

သူမ၏ ခြေဖဝါးအောက်ရှိ မြေပြင်မှာ ချိုင့်ခွက်ကြီးတစ်ခု ဖြစ်သွားတော့သည်။

သူမ၏ လက်မောင်းများ တုန်ရင်လာ၏

ဒူးများ ညွှတ်ကျသွားရသည်။

သူမ၏ တံစဉ်မှာလည်း အက်ကြောင်းများ ပင့်ကူအိမ်သဖွယ် ပေါ်လာသည်အထိ တုန်ခါနေသည်။

ထိုပြင်းထန်လှသော အားကြောင့် သူမသည် မီတာ ဆယ်ဂဏန်းခန့်အထိ နောက်သို့ လွင့်စင်သွားရပြီး သူမ၏ ဖိနပ်များမှာ မြေကြီးပေါ်တွင် မြောင်းကြီးများ ထင်ကျန်ရစ်ခဲ့သည်။

သူမ သွေးအန်လိုက်ရ၏။

သူမသည် နှုတ်ခမ်းမှ စီးကျနေသော သွေးများကို သုတ်ရင်း မော့ကြည့်လိုက်သည့်အခါ— သူမ ဘယ်သောအခါမှ မဖြိုခွဲနိုင်သည့် တံတိုင်းကြီးတစ်ခု၊ ဘယ်သောအခါမှ မကျော်လွန်နိုင်သည့် တောင်ထိပ်ကြီးတစ်ခုရှေ့တွင် မတ်တပ်ရပ်နေရသကဲ့သို့ ခံစားလိုက်ရတော့သည်။

All Chapters