← Chapters

အစိမ်းရင့်ရောင်ဝါးကိုင်းကိုထပ်မံသန့်စင်ခြင်း

Vol. 29 Ch. 407

အစိမ်းရင့်ရောင်ဝါးကိုင်းကိုထပ်မံသန့်စင်ခြင်း

Vol. 29 Ch. 407

အခန်း (၄၀၇) အစိမ်းရင့်ရောင်ဝါးကိုင်းကိုထပ်မံသန့်စင်ခြင်း

ယွမ်ကျန်းဖုန်း ညွှန်ကြားသည့်အတိုင်း ရန်တိက ရန်ကျောက်ကဲအတွက် အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖို အသစ်တစ်ခု ချက်ချင်းပင် ပြုလုပ်ပေးသည်။

ရန်ကျောက်ကဲက အသစ်ရလာသည့် အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုကို စစ်ဆေးကြည့်သည့်အခါ မဟာကပ်ဘေးကြီးမတိုင်ခင်က မီးပြင်းဖိုနှင့် အတော်လေးတူညီလာပြီကို တွေ့ရသည်။

ချို့ယွင်းချက်များ ရှိနေဆဲဖြစ်သော်လည်း တဖြည်းဖြည်းနှင့် ပိုမိုကောင်းမွန်လာပေပြီ။

လိုအပ်သည့်ရင်းမြစ်ပစ္စည်းများ အလုံအလောက်ရှိမည်ဆိုလျှင် အလယ်ဆင့်မှော်ဝင်ပစ္စည်းများကိုသာမက အဆင့်မြင့်မှော်ဝင်ပစ္စည်းများကိုပါ အများအပြား ပြုလုပ်နိုင်မည် ဖြစ်သည်။

သို့သော် လူအင်အားနှင့် ရင်းမြစ်ပစ္စည်းလိုအပ်ချက်များကြောင့် အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုမှ ပစ္စည်းအမြောက်အမြား ထုတ်လုပ်ရန်ကတော့ အခက်အခဲများရှိနေဆဲပင်။

ဘာပဲဖြစ်ဖြစ် ရန်ကျောက်ကဲကတော့ လက်ရှိအခြေအနေကို အလွန်ကျေနပ်နေပြီ ဖြစ်၏။

အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခုကတော့ ပြုလုပ်ရန်ကတော့ အလွန်တရာခဲယင်းသေးသည်။ ထိုသို့သောပစ္စည်းတစ်ခု ပြုလုပ်ရန်က အလွန်တရာ အဖိုးတန်ပြီး ရှားပါးပစ္စည်းများစွာ လိုအပ်သည်။ ရင်းမြစ်ပစ္စည်းအလုံအလောက်ရှိမည်ဆိုလျှင်တော့ အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခု ထပ်မံပြုလုပ်နိုင်မည်ဖြစ်ပြီး ဝါဒတောင်သည်လည်း အဆမတန် အင်အားကြီးမားလာပေလိမ့်မည်။

မီးတောက်မိစ္ဆာများ ကျူးကျော်စစ်ဆင်နွှဲပြီးနောက် အစွန်းရောက်ရှစ်ပါးကမ္ဘာ၏ အတွင်းရေး အခြေအနေကလည်း အနည်းငယ် သိမ်မွေ့လာခဲ့သည်။

ဝါဒတောင် ၊ ကျောက်စိမ်းပင်လယ်မြို့တော်နှင့် အဆုံးမဲ့တောင်တန်း မဟာမိတ် (၃)ဖွဲ့တွင် ‘ကျောက်စိမ်းပင်လယ်နတ်ဆေးဓား’ မွေးဖွားလာခဲ့ပြီဖြစ်လေရာ နေသူတော်စင်ဂိုဏ်းနှင့် ကောင်းကင်မိုးကြိုးခန်းမတို့၏ ‘နေမိုးကြိုးမဟာမိတ်’ အဖွဲ့က ပိုမိုအားလျော့သွားသည်မှာ ထင်ရှားသည်။

သို့သော် မီးတောက်မိစ္ဆာများနှင့်တိုက်ပွဲတွင် မြို့တော်သခင် ‘စုန့်ဝူလျန်’ ဒဏ်ရာရခဲ့သလို ကျောက်စိမ်းပင်လယ် ပင်မအစီအရင်ကြီးသည်လည်း ပျက်ဆီးသွားခဲ့သဖြင့် ပြန်လည်တည်ဆောက်ရန် လိုအပ်သည်။

ထို့ကြောင့် ဤကာလအတွင်း မဟာမိတ် (၃)ဖွဲ့၏ အလုံးစုံအင်အားက ခဏမျှတန့် သွားမည်ဖြစ်သည်။

နေသူတော်စင်ဂိုဏ်းနှင့် ကောင်းကင်မိုးကြိုးခန်းမက ဤသည်ကို သေချာပေါက် အခွင့်အရေး ယူပေလိမ့်မည်။

မဟုတ်ပါက ကျောက်စိမ်းပင်လယ်မြို့တော် ပြန်လည်အားကောင်းလာချိန်တွင် နေမိုးကြိုးမဟာမိတ်များ၏ အခြေအနေက ပိုမိုဆိုးရွားလာပြီး ဖိစီးမှုများကိုလည်း ခံစားရပေမည်။

ထို့ကြောင့် ကျောက်စိမ်းပင်လယ်မြို့တော် ပြန်လည်တည်ဆောက်နေစဉ်ကာလတွင် ဝါဒတောင်နှင့် အဆုံးမဲ့တောင်တန်းတို့သည်လည်း စဉ်ဆက်မပြတ် သတိရှိနေကြရမည် ဖြစ်သည်။

အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖို တိုးတက်လာခြင်း ၊ ကောင်းကင်ဘုံနန်းတော်ထောက်တိုင်ကြီးနှင့် သွေးနီရောင်စေတီငယ်တို့၏ အကူအညီများကြောင့် ဝါဒတောင်ကတော့ အားကောင်းသည်ထက် အားကောင်းလာပေလိမ့်မည်။

“ရန်သူကိုအားနည်းသွားအောင်လုပ်ရမည် ၊ မဟုတ်လျှင် ကိုယ်ကိုယ်ကိုယ် အားကောင်းအောင်လုပ်ရမည်” ဆိုသော ရှေးဆိုရိုးစကားရှိသည် မဟုတ်ပါလား။

ရန်ကျောက်ကဲက မြောက်ဖျားသို့သွားရောက်က ‘ပကတိရေခဲသွေးကြော’ ကို ထိခိုက်စေပြီး အဝေးတစ်နေရာမှ နေသူတော်စင်ဂိုဏ်း ပြန်လည်နားလန်ထူမလာအောင် ဒုက္ခလှလှ ပေးနိုင်ခဲ့သည်။

ယွမ်ကျန်းဖုန်း၏ဒဏ်ရာများ ပျောက်ကင်းသွားစေရန် ‘ကောင်းကင်ပြောင်းပြန်ဆေးလုံး’ ဖော်စပ်ခဲ့သည်မှအစ ၊ အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုကို ပြုလုပ်နိုင်ခြင်းအလယ် ၊ နောက်ဆုံး ရေခဲနဂါးသူတော်စင်၏ အမွေအနှစ်များစွာကိုလည်း ရယူနိုင်ခဲ့သည်။

မရပ်မနား ကြိုးစားလာခဲ့ရာမှ ယခုတော့ ဝါဒတောင်သည် ယခင်ကရရှိခဲ့ဖူးသော ‘လောကပထမ’ နေရာကို မကြာခင် ပြန်လည်သိမ်းပိုက်နိုင်ရန် အရှိန်အဟုန် ရနေပေပြီ။

အလွန်ကြီးမားသည့် မမြင်ရသောအပြောင်းအလဲများသာ ပေါ်ပေါက်မလာပါက ပုံမှန်အတိုင်းဆက်သွားရင်း ဝါဒတောင်က ပိုမိုအားကောင်းလာကာ နေသူတော်စင်ဂိုဏ်းနှင့် ကောင်းကင်မိုးကြိုးခန်းမ မဟာမိတ်နှစ်ဂိုဏ်းထက်ပင် ကျော်လွန်သွားမည် ဖြစ်သည်။

သို့သော် ရန်သူများကလည်း လူသေများမဟုတ်ကြလေရာ လှည့်ဖြားရန်လွယ်ကူမည်မဟုတ်သလို အခြေအနေအရပ်ရပ်ကိုလည်း လျစ်လျူရှုထားမည် မဟုတ်ပေ။

ထို့ကြောင့် ယခုအချိန်က အားလုံးအတွက် အစိုးရိမ်ရဆုံးကာလတစ်ခုအဖြစ် ခင်းကျင်းထားသည်။

ရန်ကျောက်ကဲက အသစ်ရလာသည့် အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုကို ပွတ်သပ်လိုက်ပြီး ခပ်သာသာ တစ်ချက်ပုတ်လိုက်သည်။ မီးပြင်းဖိုအဖုံးပွင့်သွားသည့်အခါ ခရမ်းရောင်အလင်းတန်များတောက်ပနေသည့် အစိမ်းရင့်ရောင်ဝါးကိုင်းကို မီးပြင်းဖိုအတွင်းသို့ ထည့်လိုက်သည်။

ယခင်ကတည်းက ရတနာပစ္စည်းများစွာ ၊ မှော်ဝင်ပစ္စည်းများစွာကို စွန့်လွှတ်ပြီး သူ့အတွက် ထူးဆန်းထင်ရှားသော ရတနာပစ္စည်းတစ်ခု ရန်ကျောက်ကဲ ပြုလုပ်ထားခဲ့သည်။ ယခု ထိုပစ္စည်းက သန္ဓေတည်စအသွင် ထွက်ပေါ်လာပြီ ဖြစ်၏။

မြောက်ဖျားနှင်းလွင်ပြင်ဒေသတွင်တစ်ခါ ၊ အရှေ့ပင်လယ်တိုက်ပွဲတွင်တစ်ခါ သူ ဤပစ္စည်းကို စမ်းသပ်ကြည့်ဖူးသည်။

ဝါးကိုင်းကိုဝှေ့ယမ်းလိုက်သည်နှင့် မရပ်တန့်နိုင်သော အတွေ့အကြုံတစ်ခုကို ရရှိပြီး ပိုမိုကောင်းမွန်သော အနာဂတ်သန့်စင်ခြင်းများကိုလည်း ခံစားသိရှိခဲ့ရသည်။ ထိုရတနာပစ္စည်းကို ကိုင်ဆောင်ထားစဉ် ရန်ကျောက်ကဲသည် အနာဂတ်တစ်ခုကို တွေ့မြင်ရသဖြင့် အဆက်မပြတ် စမ်းသပ်ကြည့်ချင်နေခဲ့သည်။

အစိမ်းရင့်ရောင်ဝါးကိုင်းကို အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုအတွင်း ထည့်သွင်းပြီးသည်နှင့် ရန်ကျောက်ကဲက တစ်ချက်စဉ်းစားလိုက်ပြီးနောက် မဟာနေမင်းဘီးနှင့် ပျံသန်းမိုးကြိုးတစ်ဖက်သွားဓားကို မီးပြင်းဖိုထဲသို့ ပစ်ထည့်လိုက်သည်။

အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖို ပြင်းထန်စွာလှုပ်ခါလာပြီး မီးဖိုအဝမှ အလင်းတန်းနှစ်ခု ထွက်ပေါ်လာသည်။

ထို့နောက် ရှင်းတုန်းဖင်းထံမှ ရရှိခဲ့သော မြေကမ္ဘာနယ်မြေမှ ကြီးကျယ်ခမ်းနားသော ရတနာပစ္စည်းများစွာအပြင် ရေခဲနဂါးသိုင်းသူတော်စင်ထံမှ ရရှိခဲ့သော အမွေအနှစ်ပစ္စည်းများစွာကိုလည်း မီးပြင်းဖိုထဲ ပစ်ထည့်လိုက်သည်။

ထိုအခါ အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုအတွင်းမှ အခိုးအငွေ့များထွက်ပေါ်လာပြီး ရတနာအလင်းတန်းများက ဖြာလင်းထွက်ပေါ်လျှက် အံ့မခန်းထိတ်လန့်ဖွယ် မြင်ကွင်းတစ်ခု ထွက်ပေါ်လာသည်။

ရန်ကျောက်ကဲက အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖို၏ ဘေးတစ်ဖက်တစ်ချက်အား လက်ဖဝါးဖြင့် ဖိကပ်ထားပြီး ကြယ်တာရာချီစွမ်းအားအနှစ်သာရကို ဖြန့်ကျက်ကာ မီးပြင်းဖိုကို တည်ငြိမ်စေလိုက်သည်။

အချိန်အတန်ကြာမှ မီးပြင်းဖိုကိုယ်ကို တစ်ချက်ပုတ်လိုက်ပြီး အဖုံးကို ပိတ်လိုက်သည်။

အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုမှ ငြိမ်သက်သွားဟန်ရှိသော်လည်း အဆက်မပြတုန်ခါနေပြီး အတွင်းထဲမှ ဆူညံသံများလည်း ထွက်ပေါ်နေဆဲပင်။

ရန်ကျောက်ကဲ ပြုံးလိုက်၏။

အစိမ်းရင့်ရောင်ဝါးကိုင်းကို လုံလုံလောက်လောက် ခံနိုင်ရည်ရှိသည်အထိ သန့်စင်ရန်မှာ အချိန်လိုအပ်လေသည်။

အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖို အနည်းငယ်တည်ငြိမ်သွားသည်နှင့် ရန်‌ကျောက်ကဲ အခန်းထဲမှ ထွက်ခွာလာခဲ့သည်။

တောင်ပေါ်လမ်းအတိုင်းလမ်းလျှောက်လာရင်း သူ၏ဦးတည်ရာနေရာက ဖန်းယွင်ရှန်းထံသို့ မဟုတ်သလို ယင်လုန်ထူထံသို့လည်း မဟုတ်ခဲ့ပေ။

သူက အခြားနေရာတစ်ခုသို့ သွားနေခြင်းဖြစ်သည်။ ထိုနေရာက အရင်က ရှီတိနေထိုင်ခဲ့ရာ နေရာဖြစ်သည်။

အိမ်တံခါးဝသို့ရောက်သည်နှင့် ရန်ကျောက်ကဲက အာရုံစူးစိုက်နားထောင်လိုက်ရာ ခပ်တိုးတိုးအသံတစ်သံကို ကြားရသည်။

“မဟာမိုးမြေဓားသိုင်းက အရမ်းရှုတ်ထွေးတယ်လို့ ထင်ရပေမယ့် ရှုတ်ထွေးမှုကနေ ရိုးရှင်းမှုကို ပြောင်းလဲပေးတယ် ၊ ခုနစ်စဉ်ကြယ်ဓားသိုင်းကတော့ အရမ်းရိုးရှင်းတယ် ထင်ရပေမယ့် ရှုတ်ထွေးလွန်းတယ် ၊ အဲဒီဓားသိုင်းနှစ်ခုက လုံးဝမတူဘူးလို့ ထင်ရပေမယ့် တူညီတဲ့အချက်တွေလည်း အများကြီး ရှိတယ်”

“ကမ္ဘာပေါ်မှာ ကြီးကျယ်ခမ်းနားတဲ့ သိုင်းတာအိုတွေအများကြီးရှိတယ် ၊ အဲဒီသိုင်းတာအိုတွေမှာ တူညီတဲ့အချက်တွေ အများကြီးရှိတယ်ဆိုတာ မင်း သိထားဖို့လိုတယ်”

ထိုစကားသံကိုကြားတော့ ရန်ကျောက်ကဲ ပြုံးလိုက်သည်။ အသံက ရွှီဖေးအသံပင်။

တကယ်တော့ ရွှီဖေးက ဤနေရာတွင် နေထိုင်သူမဟုတ်ပေ။ သူက ရှီကျွင်းလေးကို သိုင်းပညာသင်ပေးရန် ဤနေရာသို့ ရောက်နေဟန် ရှိသည်။

ပုံမှန်ဆိုလျှင် ပညာသင်ယူမည့်တပည့်ဖြစ်သူက ဆရာနေထိုင်သည့်နေရာသို့ သွားရောက်ရမည် ဖြစ်သည်။ သို့သော် ရွှီဖေးကတော့ ဆရာဖြစ်သူ ရှီတိ နေထိုင်ခဲ့ရာနေရာသို့ ကိုယ်တိုင်လာရောက်ရသည်ကို သဘောကျလေသည်။

ရန်ကျောက်ကဲက ကွယ်ဝှက်မနေတော့ဘဲ အဆောင်နားသို့ ခြေသံကျယ်ကျယ်ဖြင့်င် တိုးကပ်သွားလေရာ ရွှီဖေးက သင်ပြပေးနေသည်ကို ရပ်နားပြီး အော်မေးလိုက်သည်။

“ဂိုဏ်းတူညီလေး’ရန်’ လားဟေ့...”

ရန်ကျောက်ကဲက ရယ်မောရင်း...

“ဟုတ်ပဗျာ... ငါ ရောက်လာလို့ အနှောက်အယှက် မဖြစ်ဘူးမဟုတ်လား”

သူ့ရှေ့မှတံခါးပွင့်သွားချိန် အဆောင်တွင်းသို့ လှမ်းကြည့်လိုက်တော့ တံခါးဝသို့ ပြေးလာသည့် ရှီကျွင်းလေးကို တွေ့လိုက်ရသည်။

ရှီကျွင်းလေးက အသက် (၁၀)နှစ်ဝန်းကျင်ဖြစ်ပြီး သူ၏မျက်ခုံးမျက်ဖန်က ရှီတိ ၊ ရှီစုန်းထောင်းတို့ဖြင့် (၇၀)မှ (၈၀) ရာနှုန်းအထိ တူညီသည်။ သို့သော် သူ၏မျက်နှာကျနှင့် မေးစေ့ချွန်ချွန်လေးကတော့ မိခင်ဖြစ်သူ ယင်ယွီကျန်းနှင့် ဆင်တူလေသည်။

သူက ရန်ကျောက်ကဲကို ပြုံးရယ်နှုတ်ဆက်ရင်း...

“ဆရာဦးလေး’ရန်’”

ရန်ကျောက်ကဲက...

“အခု ဘယ်လိုနေသေးလဲ ၊ နေမကောင်းတာ ရှိသေးလား”

ရှီကျွင်းကိုအကဲခတ်ရင်း သူ့နှလုံးသားထဲတွင် မရေမတွက်နိုင်သော ခံစားချက်များ လှုပ်ခတ်သွားသည်။

အစောပိုင်းက သူ့အဖေ ရန်တိနှင့် စကားပြောနေစဉ် ဖခင်ဖြစ်သူက ရှီကျွင်းအကြောင်း ပြောပြသေးသည်။

ရန်ကျောက်ကဲ မြောက်ဖျားဒေသသို့ ခရီးထွက်ခဲ့ခြင်းတွင် ရှီကျွင်းနှင့် ယင်ယွီကျန်းကို ကယ်တင်နိုင်ခဲ့ခြင်းက အကျေနပ်ဆုံးကိစ္စတစ်ခု ဖြစ်ခဲ့သည်။

ရန်ကျောက်ကဲကိုယ်တိုင်လည်း ထိုသို့ပြုလုပ်နိုင်ခဲ့ခြင်းအတွက် အလွန်ပင် ဝမ်းသာမိပါ၏။

ရှီကျွင်းက ခေါင်းခါယမ်းရင်း...

"ကျွန်တော်နေကောင်းပါတယ် ၊ ဒါပေမဲ့ အမေက အခုထိ သတိရမလာသေးဘူး”

ရန်ကျောက်ကဲက သူ့ပခုံးကို ညင်သာစွာပုတ်လိုက်ရင်း...

“စိတ်မပူနဲ့ ၊ ကံကြမ္မာက သူ့ကို မျက်နှာသာပေးမှာပါ”

ရှီကျွင်းက တိတ်ဆိတ်စွာ ခေါင်းညိတ်လေသည်။

ရန်ကျောက်ကဲက ရွှီဖေးကိုလှည့်ကြည့်လိုက်ပြီး ညာလက်ကိုဆန့်တန်းကာ လက်သီးဆုပ်လိုက်သည်။ ရွှီဖေးကလည်း အလားတူပင်ပြုမူလိုက်ရာ လက်သီးနှစ်ဖက်လေထဲတွင် ပေါ့ပါးစွာ ရိုက်ခတ်မိသွားသည်။ သူတို့နှစ်ယောက်ကြားမှ ခံစားချက်များကို စကားဖြင့်ဖော်ပြနေစရာ မလိုပေ။

ထို့နောက် ရွှီဖေးက အသံပို့လွှတ်စနစ်ဖြင့် စကားပြောလာသည်။

“ကျွင်းအာက စောစောစီးစီးပဲ ဉာဏ်ရည်မီလာတဲ့ လူငယ်လေးတစ်ယောက် ဖြစ်လာတယ် ၊ သူ ဉာဏ်ရည်ပြန်မီသွားတာ ငါခန့်မှန်းထားတာထက်ပိုမြန်တယ် ၊ အခုဆိုရင် သူက လူကြီးလေးတစ်ယောက်လိုပါပဲ”

ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...

“ငါ ရိပ်မိပါတယ်”

ရွှီဖေးက...

“ငါ ပြောစရာရှိတာတွေအကုန်လုံး သူ့ကို ပြောပြီးပြီ”

ရန်ကျောက်ကဲက မျက်လုံးထောင့်ကပ်ကာ ရှီကျွင်းကို ကြည့်လိုက်ရင်း...

“ကြည့်ရတာ သူ အခြေအနေကောင်းပုံရပါတယ်”

“အင်း ငါ အဲဒီအကြောင်းတွေကို စပြီးပြောကတည်းက သူ့ပုံစံက အဲဒီအတိုင်းပဲ”

ရွှီဖေးက နှုတ်ခမ်းတင်းတင်းစေ့ထားရင်း...

“လောလောဆယ်တော့ သူက အရမ်းအကဲဆတ်တယ် ၊ သူ စောစောစီးစီး ပြန်ကောင်းလာတာ မကောင်းတဲ့အချက် မဟုတ်ပါဘူး ၊ ဒါပေမဲ့ ဆရာ့မိသားစုမှာ ဖြစ်ပျက်ခဲ့တာတွေက အရမ်းနက်ရှိုင်းလွန်းတော့ သူ့အတွက် အဲဒီအကြောင်းတွေအကုန်လုံးကို တစ်ပြိုင်တည်းနားလည်ဖို့ လွယ်ကူမှာ မဟုတ်ဘူး ၊ လောလေဆယ်တော့ သူ့အမေအကြောင်းကိုပဲ ခေါင်းထဲထည့်ထားပုံရတယ်”

All Chapters