← Chapters

အဆုံးမဲ့ဒီရေလှိုင်းများ ပြန်လည်ရောက်ရှိလာခြင်း

Vol. 26 Ch. 379

အဆုံးမဲ့ဒီရေလှိုင်းများ ပြန်လည်ရောက်ရှိလာခြင်း

Vol. 26 Ch. 379

နောက်ထပ်ရက်အနည်းငယ်မှာတော့ စိတ်မသက်မသာဖြစ်ဖွယ်ရာ ကောင်းလောက်အောင်ပင် တိတ်ဆိတ်ငြိမ်သက်စွာ ကုန်ဆုံးသွားခဲ့သည်။

လွန်ကဲလှသော ငြိမ်သက်ခြင်းမျိုးပင်။

တစ်ချိန်က မီးခိုးငွေ့များ၊ သွေးညှီနံ့များနှင့် ဟိန်းဟောက်သံများ ပြည့်နှက်နေသည့် သေမင်းတမန် စစ်တလင်းပြင်ကြီးသည် ယခုအခါ မီးခိုးရောင် နံနက်ခင်းကောင်းကင်အောက်တွင် တိတ်ဆိတ်ငြိမ်သက်လျက် ရှိနေသည်။

ကောင်းကင်အင်ပါယာမှ ကျင့်ကြံသူများသည် အလှည့်ကျစနစ်ဖြင့် ကင်းလှည့်နေကြပြီး၊ သူတို့၏မျက်နှာထက်တွင် တင်းမာမှုများ အထင်အသား ပေါ်လွင်နေသည်။

သစ်ကိုင်းကျိုးသံကလေးတစ်ခု ကြားရုံမျှဖြင့် လက်နက်များကို အသင့်ပြင်လိုက်ကြပြီး မြက်တောထဲမှ လှုပ်ရှားမှုကလေးတစ်ခုကပင် ကင်းစောင့်များကို မျက်မှောင်ကြုတ် အကဲခတ်သွားစေသည်။

အဘယ်ကြောင့်ဆိုသော် သားရဲဒီရေလှိုင်း ဆိုသည်မှာ ဤကဲ့သို့ အဆုံးသတ်လေ့မရှိမှန်း လူတိုင်းသိကြသောကြောင့်ပင်။

ရင်းနှီးပေးဆပ်မှု မရှိဘဲနှင့် မပြီးဆုံးနိုင်။

နောက်ဆုံးအဆင့် ရူးသွပ်မှုမျိုး မရှိဘဲနှင့် မပြီးဆုံးနိုင်။

နောက်ဆုံး အသည်းအသန် တိုက်စစ်ဆင်မှုမျိုး မရှိဘဲနှင့် မပြီးဆုံးနိုင်ပေ။

သို့သော်လည်း မဟာတောရိုင်းမြေ ကြီးမှာတော့ တိတ်ဆိတ်နေ၏။

ဤကဲ့သို့ ရှားရှားပါးပါး ငြိမ်သက်နေခြင်းမှာ ကင်းစောင့်များကို စိတ်လျှော့စေမည့်အစား ပို၍ပင် သတိကြီးစွာ ထားလာစေသည်။

ကင်းစောင့်အင်အားကို နှစ်ဆတိုးလိုက်ပြီး ကင်းထောက်များကို သုံးဆအထိ တိုးမြှင့်ချထားလိုက်သည်။

သို့သော်လည်း ဟိန်းဟောက်သံများနှင့်အတူ ရောက်ရှိလာမည့် ဒီရေလှိုင်းများ ပေါ်မလာခဲ့ပေ။

သားရဲများ ချီတက်လာခြင်း မရှိပေ။

တောရိုင်းမြေ၏ ပထမဆယ်မိုင်အတွင်း မည်သည့်အရာမျှ လှုပ်ရှားမှု မရှိချေ။

ကျင့်ကြံသူများကြား…အထူးသဖြင့် အတင်းအဖျင်းပြောရသည်ကို ဝါသနာပါသော လူငယ်များကြားတွင် အမျိုးမျိုးသော ထင်မြင်ချက်များ ပျံ့နှံ့နေသည်။

အချို့ကလည်း ပိုင်ကျီဟန်၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြောင့် မိစ္ဆာသားရဲများ ကြောက်လန့်သွားကြပြီဟု ထင်ကြသည်။

အချို့ကလည်း သူတို့ သတိလက်လွတ်ဖြစ်မည့်အချိန်ကို စောင့်ဆိုင်းကာ အလစ်အငိုက် တိုက်ခိုက်ရန် ပြင်ဆင်နေခြင်းဖြစ်မည်ဟု တွေးတောနေကြသည်။

မည်သို့ပင်ဆိုစေကာမူ သုံးရက်မြောက်သောအခါတွင် သားရဲဒီရေလှိုင်းကြီး ပြန်လည်စတင်လာခဲ့သဖြင့် ထပ်မံခန့်မှန်းနေစရာ မလိုတော့ပေ။

ဤတစ်ကြိမ်တွင်မူ အဆင့် (၁၀) မိစ္ဆာသားရဲများသည်အစကတည်းက ပါဝင်လာပြီး သားရဲဒီရေလှိုင်းကြီးကို ဦးဆောင်လာခဲ့သည်။

ထိုနည်းတူစွာပင် လူသားတို့ဘက်မှလည်း မဟာကောင်းကင်ဘုံတက်ခြင်းအဆင့် ကျင့်ကြံသူများက အစကတည်းက ပါဝင်တိုက်ခိုက်ခဲ့ကြသည်။

သားရဲဒီရေလှိုင်း ပြန်လည်ရောက်ရှိလာပုံမှာ ရုတ်ခြည်းကြီး ဖြစ်မလာခဲ့ပေ။

မြေကမ္ဘာတုန်ဟည်းသွားစေမည့် ဟိန်းဟောက်သံများ မကြားရပေ။

မိုးကြိုးပမာ ပြင်းထန်သော မြင်းခွာသံများ မကြားရပေ။

ကင်းထောက်များသည် ထိတ်လန့်တုန်လှုပ်နေသော မျက်နှာများဖြင့် တောအုပ်အတွင်းမှ ပြေးထွက်လာကြသည်။

"သူတို့ လာနေကြပြီ”

"သားရဲဒီရေလှိုင်းတွေ ပြန်လာပြီ”

"အဆင့် (၁၀) သားရဲတွေ... အဆင့် (၁၀) သားရဲ အများအပြားက ရှေ့ဆုံးကနေ ဦးဆောင်လာနေတယ်”

ချက်ချင်းပင် ကောင်းကင်အင်ပါယာမှ ကျင့်ကြံသူများသည် သားရဲဒီရေလှိုင်းကို ရင်ဆိုင်ရန် ထွက်လာကြပြန်သည်။

အဆင့် (၁၀) မိစ္ဆာသားရဲများ ပါဝင်လာသောကြောင့် အင်ပါယာဘက်မှလည်း သူတို့၏ မဟာကောင်းကင်ဘုံတက်ခြင်းအဆင့် ပညာရှင်များကို စစ်မြေပြင်သို့ စေလွှတ်လိုက်သည်။

မိစ္ဆာသားရဲများ၏ အရေအတွက်မှာ ယခင်အကြိမ် အမြီးကုပ်ကာ ထွက်ပြေးသွားစဉ်ကနှင့် ဆင်တူနေသည်။

ထူးခြားချက်မှာ ပိုင်ကျီဟန် သတ်ဖြတ်ခဲ့သော အဆင့် (၉) မိစ္ဆာသားရဲများနေရာတွင် အသစ်များ ထပ်မံဖြည့်တင်း ထားပုံရခြင်းပင်။

ပိုင်ကျီဟန်၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုသည် သားရဲဒီရေလှိုင်းကြီးအပေါ် မည်သို့မျှ သက်ရောက်မှု မရှိသလို ဖြစ်နေသောကြောင့် အခြားသူများမှာ အနည်းငယ် စိုးရိမ်လာကြသော်လည်း ပိုင်ကျီဟန်ကမူ ထိုထက်မက ပျော်ရွှင်နေမိသည်။

အဆင့် (၉) မိစ္ဆာသားရဲများ များလေလေ၊ သူရမည့် အမှတ်တွေ ပိုများလေလေပင်။

အဆုံးမဲ့ အဆင့် (၉) မိစ္ဆာသားရဲများဆိုသည်မှာ အဆုံးမဲ့ အမှတ်များပင် မဟုတ်ပါလော။

၎င်းက ကိစ္စကြီးတော့ မဟုတ်ပေ။ အနည်းဆုံးတော့ ပိုင်ကျီဟန် သတ်လိုက်သော အဆင့် (၁၀) မိစ္ဆာသားရဲတစ်ကောင်သည် ပြန်လည်အစားထိုးနိုင်ခြင်း မရှိသေးပေ။

လူသားတို့ဘက်တွင်လည်း အရေးပါသော မဏ္ဍိုင်တစ်ခု ပျောက်ဆုံးနေသည်။

မြစိမ်းရောင်နေမင်းသန့်စင်သောဂိုဏ်း၏ ဂိုဏ်းချုပ်သည် အဆင့် (၁၀) သားရဲတစ်ကောင်ကို ဟန့်တားနိုင်သည့် အနည်းငယ်သော မဟာကောင်းကင်ဘုံတက်ခြင်းအဆင့် ပညာရှင်များထဲမှ တစ်ဦးဖြစ်သော်လည်း ယခုအချိန်အထိ သတိမရသေးဘဲ ကုသမှုခံယူနေရဆဲဖြစ်သည်။

သို့သော် ထူးဆန်းသည်မှာ စစ်သည်များ၏ စိတ်ဓာတ်မှာမူ လုံးဝကျဆင်းမသွားခဲ့ပေ။

အနည်းငယ်မျှပင်။

အဘယ်ကြောင့်ဆိုသော် လူတိုင်း၏စိတ်ထဲတွင် ပုံရိပ်တစ်ခုက လတ်လတ်ဆတ်ဆတ် ရှိနေဆဲဖြစ်သောကြောင့်ပင်။

ထိုပုံရိပ်ကား ပိုင်ကျီဟန် ပင် ဖြစ်သည်။

အခြေအနေသည် ယခင်အတိုင်းဆိုလျှင် ဤတိုက်ပွဲသည် အရင်တစ်ခေါက်ကအတိုင်း ပြန်ဖြစ်သွားမည် မဟုတ်ပါလော။

အဆင့် (၁၀) မိစ္ဆာသားရဲများပင် သူ့ကို မတားဆီးနိုင်ခဲ့ရာ ပိုင်ကျီဟန်အဖို့ ထိုမိစ္ဆာသားရဲများကို မြက်ခုတ်သလို တရစပ် သတ်ဖြတ်တော့မည်မှာ မြင်သာလှသည်။

ဒုတိယလှိုင်းမှာ ပထမလှိုင်းကဲ့သို့ပင် စတင်ခဲ့သည်—မဟာတောရိုင်းမြေအတွင်းမှ ထွက်ပေါ်လာသော လူသတ်ငွေ့များနှင့် စွမ်းအင်လှိုင်းများမှာ သမုဒ္ဒရာပမာပင်။

စကားလုံးဖြင့် ပြောစရာမလိုဘဲ ကျင့်ကြံသူတိုင်း ခံစားနေရသည်။

သားရဲဒီရေလှိုင်းမှာ စနစ်တကျ အလွှာလိုက် ချီတက်လာသည်။

အားနည်းသော သားရဲများသည် ရှေ့တန်းမှနေ၍ သက်ရှိ ဒီရေလှိုင်းကြီးကဲ့သို့ ပြေးဝင်လာကြသည်။

သူတို့နောက်တွင်မူ အဆင့် (၈) နှင့် အဆင့် (၉) သားရဲများက တစ်စုံတစ်ဦး၏ စနစ်တကျ စီမံထားမှုအောက်တွင် ရှိနေသကဲ့သို့ ကြောက်မက်ဖွယ်ကောင်းစွာ ချီတက်လာကြသည်။

အဆင့် (၁၀) မိစ္ဆာသားရဲများကမူ နောက်တန်းတွင် ကျန်ရစ်နေပြီး သူတို့၏ ဖိနှိပ်ချုပ်ချယ်သော အရှိန်အဝါများသည် မိစ္ဆာမျက်လုံးကြီးတစ်လုံးကို ဖြည်းညှင်းစွာ ဖွင့်လိုက်သကဲ့သို့ ပျံ့လွင့်နေသည်။

လူသားစစ်တပ်ကလည်း တုံ့ပြန်ရန် ပြင်ဆင်လိုက်ကြသည်။

တပ်မှူးများက အချက်ပြကြပြီး အကြီးအကဲများက ရှေ့သို့ တက်လာကြကာ စစ်မြေပြင်တစ်ခွင်တွင် စစ်အစီအရင် များ လင်းထိန်သွားသည်။

မဟာကောင်းကင်ဘုံတက်ခြင်းအဆင့် ပညာရှင်များသည် ကောင်းကင်သို့ ပျံတက်သွားကြပြီး သားရဲအုပ်ကြီး၏ ခေါင်းဆောင်များကို ကြားဖြတ်တိုက်ခိုက်ရန် ပြင်ဆင်လိုက်ကြသည်။

ပိုင်ကျီဟန်မှာ ယခင်အတိုင်းပင် တည်ရှိနေသော်လည်း သူသည် ပိုင်လုမိန်တို့အဖွဲ့နှင့် ပူးပေါင်းမည်မဟုတ်သည်မှာ ရှင်းလင်းနေသည်။

သူတို့က သူ့ကို ရင်ဘောင်တန်းနိုင်မည် မဟုတ်သောကြောင့်လည်း ပါသည်။ ဗလာသန့်စင်ခြင်းအဆင့် အကြီးအကဲတစ်ဦးပင်လျှင် သူ့နောက်ကို လိုက်ရန် ခဲယဉ်းနေသည်ဖြစ်ရာ၊ ပူးပေါင်းဆောင်ရွက်ခြင်းသည် သူ့ကို နှောင့်နှေးစေရုံသာ ရှိပေလိမ့်မည်။

မဟာကောင်းကင်ဘုံတက်ခြင်းအဆင့် ပညာရှင်များသာလျှင် ပိုင်ကျီဟန်နှင့် ကောင်းမွန်စွာ ပူးပေါင်းနိုင်ပေလိမ့်မည်။

သို့သော် ယခုအချိန်တွင်မူ ပိုင်ကျီဟန်တစ်ယောက်တည်း လှုပ်ရှားခြင်းက ပို၍ကောင်းမွန်ပေသည်။

ပြီးခဲ့သည့် တိုက်ပွဲအပြီးတွင်လည်း သူ့ကို တားဆီးရန် မည်သူမျှ အရည်အချင်း မရှိတော့ချေ။

သူသည် အဆင့် (၉) သားရဲပေါင်း ၅၀ ကျော်ကို တစ်ဦးတည်း သတ်ဖြတ်ခဲ့သည်။

စစ်တပ်တစ်ခုလုံး၏ ရှေ့မှောက်တွင် အဆင့် (၁၀) သားရဲတစ်ကောင်ကို ခေါင်းဖြတ်သတ်ပြခဲ့သည်။

သူ ရှိနေရုံမျှဖြင့် ထောင်ပေါင်းများစွာ၊ သောင်းပေါင်းများစွာသော လူများကို ကယ်တင်နိုင်ခဲ့သည်။

ထို့ကြောင့် ပိုင်ကျီဟန်သည် သူ၏အဖွဲ့မှ ခွဲထွက်ကာ တစ်ကိုယ်တော် လှုပ်ရှားမည်ဆိုလျှင်ပင် မည်သူမျှ တားဆီးနိုင်မည်မဟုတ်သလို၊ ဤမျှကြီးမားသော စွမ်းဆောင်ရည်မျိုး ပြသနေသူကို တားဆီးရန် အကြောင်းပြချက်လည်း မရှိချေ။

သူ့နောက်ကွယ်ရှိ ကျင့်ကြံသူများသည် ယခင်က ခံစားခဲ့ရသော စိုးရိမ်ပူပန်မှုများ လျော့ပါးသွားသည်ကို ခံစားလိုက်ရသည်။

သားရဲဒီရေလှိုင်းကြီး အားနည်းသွား၍ မဟုတ်ပေ—

အမှန်စင်စစ် အားမနည်းသွားသည့်အပြင် ယခုတစ်ကြိမ်တွင် အဆင့် (၉) သားရဲများ ပို၍ပင် များပြားလာသေးသည်။

သို့သော် လူတိုင်း စိတ်အေးသွားရခြင်းမှာ ပိုင်ကျီဟန် ရှိနေသောကြောင့်ပင်။

ယခင်တစ်ခေါက်ကကဲ့သို့ပင်။

ယခုလည်း သူ ရှိနေဆဲပင် ဖြစ်သည်။

ထိတွေ့မှု စတင်ချေပြီ

ပထမလှိုင်းအနေဖြင့် အဆင့် (၆) နှင့် အဆင့် (၇) သားရဲပေါင်း ရာနှင့်ချီ၍ ပါဝင်လာပြီး၊ ၎င်းတို့နောက်တွင် ပိုမိုအစွမ်းထက်သော သားရဲများက မိုးကြိုးပမာ ပြင်းထန်သော အရှိန်အဟုန်ဖြင့် တစ်ဟုန်ထိုး ပြေးဝင်လာကြသည်။

ပိုင်ကျီဟန် လှုပ်ရှားလိုက်သည်။

သို့မဟုတ်—

သူ ပျောက်ကွယ်သွားသည်ဟု ဆိုရမည်။ အေးစက်တောက်ပသော အလင်းတန်းတစ်ခုသည် ရှေ့တန်းစစ်မျက်နှာကို ဖြတ်ကျော်သွားပြီး လမ်းကြောင်းတစ်လျှောက်ရှိသမျှ အရာအားလုံးကို ပိုင်းဖြတ်ခြေမှုန်းသွားခဲ့သည်။

သားရဲအလောင်းများသည် လေပြင်းတိုက်ခတ်ခံရသော သစ်ရွက်ခြောက်များပမာ ကောင်းကင်ယံသို့ လွင့်စင်တက်သွားကြသည်။

တိုက်ပွဲအစတွင်ပင် နှစ်ဦးနှစ်ဖက် အပြန်အလှန် တိုက်ခိုက်မှု၏ ပြင်းထန်လှသော အရှိန်အဟုန်ကြောင့် စစ်တလင်းပြင်ကြီး တစ်ခုလုံး တုန်ဟည်းသွားခဲ့ရသည်။

လူသားကျင့်ကြံသူများသည် သားရဲအုပ်ကြီးအတွင်း လမ်းကြောင်းများ ဖောက်၍ တိုက်ခိုက်နေကြသော်လည်း သူတို့၏ အကြည့်များမှာမူ ရန်သူ့တပ်ဦးထဲသို့ နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်နေပြီဖြစ်သော ထိုတစ်ကိုယ်တော် ပုံရိပ်ထံသို့သာ ခဏခဏ ရောက်ရှိသွားကြသည်။

ဝေးကွာသောနေရာမှပင် သူတို့ ရှင်းလင်းစွာ မြင်နေရသည်မှာ

ပိုင်ကျီဟန် ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် သားရဲဒီရေလှိုင်းကြီး ပြိုကွဲပျက်စီးသွားရသည်ကိုပင်။

စစ်ကြောင်းများ ပြိုလဲကုန်သည်။

တိုက်စစ်အရှိန်အဟုန်များ ရစရာမရှိအောင် ပျက်စီးသွားရသည်။

အဆင့် (၈) သားရဲများသည် သူ ရောက်ရှိလာသည်ကိုပင် မသိလိုက်ဘဲ အသက်ပျောက်ကုန်ကြသည်။

အဆင့် (၉) သားရဲများကမူ အန္တရာယ်ရှိနေပြီဟု သူတို့၏ ဗီဇစိတ်က အော်ဟစ်သတိပေးနေသဖြင့် ခေါင်းမော့ကြည့်ကြသော်လည်း သူတို့၏ တုံ့ပြန်မှုများမှာ အမြဲတမ်း အချိန်အနည်းငယ် နောက်ကျနေခဲ့သည်။

ဤသည်ကား အစုလိုက်အပြုံလိုက် သတ်ဖြတ်ပွဲကြီး၏ အစပင် ဖြစ်သည်။

ယခင်တိုက်ပွဲကကဲ့သို့ပင်။ သို့သော်လည်း မိစ္ဆာသားရဲများသည် ပြီးခဲ့သည့် တိုက်ပွဲမှ သင်ခန်းစာအချို့ ရရှိထားပုံရသည်။

ယခင်ကကဲ့သို့ မာန်မာနထောင်လွှားသော အဆင့် (၉) သားရဲတစ်ကောင်တည်း တစ်ကိုယ်တော် ပြေးဝင်လာခြင်းမျိုး မဟုတ်ဘဲ ယခုတစ်ကြိမ်တွင်မူ အဆင့် (၉) မိစ္ဆာသားရဲ ငါးကောင်သည် သူတို့၏ ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါများကို မုန်တိုင်းတစ်ခုကဲ့သို့ ပေါင်းစည်းကာ အတူတကွ ပြေးဝင်လာကြသည်။

သူတို့သည် မည်သည့်လှည့်ကွက်မျှ မသုံးဘဲ တိုက်ရိုက်ပင် လာကြသည်။

သူတို့၏ ပစ်မှတ်မှာ ပိုင်ကျီဟန် တည့်တည့်ပင်။

သားရဲဒီရေလှိုင်းတစ်ခုလုံးသည် ပိုင်ကျီဟန်ကို သတ်ရန်ဟူသော ရည်ရွယ်ချက်တစ်ခုတည်းအပေါ်တွင် ပြန်လည်ဖွဲ့စည်းထားသကဲ့သို့ပင် ရှိနေသည်။

သူတို့၏ ပေါင်းစပ်ထားသော ဖိအားများကြောင့် မြေပြင်မှာ အက်ကွဲသွားပြီး လှိုင်းလုံးများပမာ တုန်ခါမှုများ ပျံ့နှံ့သွားသည်။

လူသားကျင့်ကြံသူများမှာ နောက်သို့ ယိုင်ထွက်သွားကြပြီး သွေးလေများပင် တုန်လှုပ်

ကုန်ကြကာ ဝါရင့်အကြီးအကဲများပင်လျှင် တောရဲတိရစ္ဆာန် ငါးကောင်၏ တညီတညွတ်တည်း လှုပ်ရှားလာသော ဖိနှိပ်မှုအောက်တွင် ရင်တုန်ပန်းတုန် ဖြစ်ခဲ့ကြရသည်။

သို့သော် ပိုင်ကျီဟန်ကမူ?

သူကတော့ ထိုနေရာမှာပင် ငြိမ်သက်စွာ ရပ်နေဆဲ။

အဆင့် (၉) သားရဲများ အုပ်စုလိုက် ဝိုင်းသတ်ရန် လာနေခြင်းကြောင့် ထွက်ပြေးမည့်အစား ဤကဲ့သို့သော အစီအစဉ်ကို ကြံစည်ခဲ့သူကိုပင် သူက လက်မထောင်၍ ချီးကျူးချင်နေသေးသည်။

အဆင့် (၉) သားရဲများကို တစ်ကောင်ချင်း လိုက်လံရှာဖွေ သတ်ဖြတ်နေရခြင်းမှာ အလွန်ငြီးငွေ့စရာကောင်းသည့်အပြင် အချိန်ကုန်စေသည် မဟုတ်ပါလော။

အကယ်၍ သူတို့က အချိန်ကုန်သက်သာအောင် အတူတကွ စုပေါင်းလာပေးကြမည်ဆိုလျှင် ပို၍ပင် ကောင်းသေးသည်။

ထို့ကြောင့် ကြီးမားလှသော သားရဲကြီးငါးကောင် သူရှိရာသို့ ပြေးဝင်လာကြချိန်တွင်၊ ပိုင်ကျီဟန်သည် စိတ်ရင်းဖြင့် ကျေးဇူးတင်ရှိသော အမူအရာဖြင့် ရှေ့သို့ လှမ်းတက်

လိုက်လေတော့သည်။

"သားရဲကောင်းလေးတွေပဲ" ဓားကိုအသာအယာမြှောက်ရင်း သူက တိုးတိုးလေးဆိုလိုက်သည်။ "လာကြ... သေမင်းထံကို လှမ်းခဲ့ကြစမ်း”

ထို့နောက်တွင်တော့ သွေးချောင်းစီးသတ်ပွဲကြီးက တစ်ကျော့ပြန် စတင်လေတော့သည်။

ထိပ်တိုက်တွေ့ဆုံမှုက လျှပ်တစ်ပြတ်အတွင်းမှာပင် ဖြစ်ပွားသွားခဲ့သည်။

တောင်တန်းများကိုပင် ပြိုလဲစေနိုင်လောက်သော အရှိန်အဝါများဖြင့် မိစ္ဆာသားရဲကြီးငါးကောင်က ဝုန်းကနဲ ခုန်အုပ်လာကြသည်။

သို့သော် ပိုင်ကျီဟန်၏ ဓားချက်ကတော့ ထိုဒေါသတကြီး ရိုက်ခတ်လာသော နောက်ဆက်တွဲလှိုင်းများကို ပါးလွှာသော မြူနှင်းများကို ခွင်းသကဲ့သို့ အပိုင်းပိုင်းဖြတ်

တောက်သွားခဲ့သည်။

သားရဲသွေးများ ကောင်းကင်ယံထက်သို့ ပန်းထွက်သွားသည်။

ပိုင်ကျီဟန်၏ ပထမဆုံး တန်ပြန်တိုက်စစ်သည် ပြင်းထန်လွန်းလှသဖြင့် ဧရာမသားရဲကြီးများမှာ ဟန်ချက်ပျက်ကာ နောက်သို့ လွင့်စင်သွားကြသည်။ အချို့မှာ မြေပြင်ပေါ်တွင် ဒရွတ်တိုက်ပါသွားပြီး၊ အချို့မှာမူ နာကျင်စွာ အော်ဟစ်နေကြကာ၊ အချို့မှာ ထိုမျှလောက် စူးရှလှသော ဓားအရှိန်အဝါကြောင့် ကြောင်စီစီပင် ဖြစ်ကျန်ရစ်ခဲ့သည်။

ထိုစဉ်မှာပင် အဆင့် (၁၀) မိစ္ဆာသားရဲကြီးများကလည်း လှုပ်ရှားလာကြသလို လူသားဘက်မှ မဟာကောင်းကင်ဘုံတက်ခြင်း အဆင့်ပညာရှင်ကြီးများကလည်း တုံ့ပြန်လိုက်ကြသည်။

၎င်းတို့သည် စစ်တလင်းတစ်ပြင်လုံးရှိ အဆင့် (၁၀) သားရဲကြီးများကို ကောင်းကင်ယံထက်တွင် ပိတ်ဆို့တားဆီးလိုက်ကြရာ ထွက်ပေါ်လာသော တိုက်ခိုက်မှု အရှိန်အဝါများကြောင့် မြေကမ္ဘာနှင့် ကောင်းကင်ကြီးပင် တုန်ဟည်းသွားရလေသည်။

အလင်းနှင့် အမှောင်များ ယှက်နွယ်ကပြနေသကဲ့သို့ပင် ဧရာမ စွမ်းအင်အရှိန်အဝါများ ထိပ်တိုက်တွေ့ဆုံမှုကြောင့် ကောင်းကင်ပြင်ကြီးပင် ပုံပျက်ရှုံ့တွသွားသည်။

၎င်းသည် ယခင်ကအတိုင်း ပျက်သုဉ်းခြင်းအကနှင့် တူညီနေဆဲပင်။

မဟာကောင်းကင်ဘုံတကိခြင်းအဆင့် နှင့် အဆင့် (၁၀) မိစ္ဆာသားရဲများ

တိုက်ပွဲအများစုမှာ အပြန်အလှန် အကြိတ်အနယ်ရှိနေပြီး အခြေအနေမှာ တန့်နေသယောင် ရှိသော်လည်း...

ပိုင်ကျီဟန်ကတော့ ထိုသူများနှင့် မတူပေ။

မိစ္ဆာသားရဲများဘက်က ယခင်ကထက် ပိုမိုများပြားလှသော အဆင့် (၉) သားရဲများ ကို အဆုံးမဲ့စေလွှတ်ထားသည်။

ထူးဆန်းသည်မှာ ၎င်းတို့အနက် အလွန်များပြားသော အရေအတွက်က ပိုင်ကျီဟန်တစ်ဦးတည်းကိုသာ ဝိုင်းအုံတိုက်ခိုက်နေခြင်းဖြစ်သည်။

ငါးကောင်တစ်အုပ် သေသွားလျှင်

နောက်ထပ် ငါးကောင်က ချက်ချင်း နေရာဝင်ယူသည်။

ထို့နောက် နောက်ထပ်တစ်အုပ်...

တစ်အုပ်ပြီးတစ်အုပ်...။

၎င်းတို့တွင် တွန့်ဆုတ်မှု လုံးဝမရှိ။

ကြောက်ရွံ့ခြင်းကင်းမဲ့ကာ ရှင်သန်လိုသည့် ဗီဇပင် ပျောက်ဆုံးနေသယောင်

ပိုင်ကျီဟန်၏ သတ်ဖြတ်မှုကြောင့် ဖြစ်ပေါ်လာရမည့် ထိတ်လန့်တုန်လှုပ်မှုများ ၎င်းတို့တွင် မရှိဘဲ၊ နောက်မဆုတ်တမ်း အဆက်မပြတ် တိုးဝင်လာကြသည်။

တစ်နာရီမျှသာ ကြာသေးသော်လည်း ပိုင်ကျီဟန်လက်ချက်ဖြင့် အဆင့် (၉) သားရဲပေါင်း သုံးဆယ်ကျော် အသက်ပျောက်ခဲ့ပြီဖြစ်သည်။

သို့သော် ၎င်းတို့က အဆုံးမရှိ ဆက်တိုက် တိုးဝင်လာနေဆဲ။

ပိုင်ကျီဟန်၏ ခေါင်းက အနည်းငယ် စောင်းသွားသည်။

စိုးရိမ်၍မဟုတ်ဘဲ ဇဝေဇဝါဖြစ်သွားခြင်းကြောင့်ပင်။

မိစ္ဆာသားရဲများဆိုသည်မှာ မည်မျှပင် ရိုင်းစိုင်းကြမ်းကြုတ်စေကာမူ တိရစ္ဆာန်ဗီဇအရ အသက်အန္တရာယ်ကို ကြောက်တတ်ကြစမြဲဖြစ်သည်။ ၎င်းတို့၏ အမျိုးအနွယ်များ အသားပုံကြီးများသဖွယ် အသတ်ခံနေရသည်ကို မြင်ပါက ထွက်ပြေးရမည်ဖြစ်သော်လည်း ယခုမူ မီးပုံထဲသို့ တိုးဝင်သည့် ပိုးဖလံများနှယ် သူ၏ဆီသို့သာ အတင်းဝင်တိုးနေကြသည်။

သူ့ကို အသက်ရှူချိန်မပေးဘဲ ပင်ပန်းနွမ်းနယ်သွားအောင် လုပ်ဆောင်နေခြင်းဖြစ်မည်ဟု သူ ခေတ္တမျှ ထင်မိလိုက်သည်။

အမှန်တရားကတော့ ထိုထက်မက အလွန်ဝေးကွာလှသော်လည်း ပိုင်ကျီဟန်ကတော့ ငြိုငြင်ခြင်းမရှိပေ။

အနည်းငယ်မျှပင် မငြိုငြင်သည့်အပြင် သူ၏နှုတ်ခမ်းထောင့်က ကွေးညွတ်ကာ ပြုံးလိုက်မိသည်။

ဒါက တကယ်ကို ကောင်းတယ်။

အရမ်းကို ကောင်းလွန်းနေပြီ

All Chapters