လျစ်လျူရှု၍ မရတော့သော ပုဂ္ဂိုလ်တစ်ဦး
Vol. 26 Ch. 378
လူသားများနှင့် မိစ္ဆာသားရဲများအကြား ဖြစ်ပွားသော ကမ္ဘာပျက်မတတ် စစ်ပွဲကြီးမှာ အနည်းဆုံးတော့ ယနေ့အတွက် အဆုံးသတ်သွားခဲ့ပြီ ဖြစ်သည်။
ကျန်ရှိနေသော မိစ္ဆာသားရဲများ ဆုတ်ခွာသွားသည်နှင့်အမျှ စစ်မြေပြင်တစ်ခုလုံးမှာ ထူးဆန်းစွာ တိတ်ဆိတ်သွားတော့၏။ ထွက်ပြေးနေသည့် သားရဲများကို လိုက်လံသတ်ဖြတ်နေသော ပိုင်ကျီဟန်၏ ဓားသံများမှလွဲ၍ ကျန်နေရာများတွင် တိတ်ဆိတ်မှုက စိုးမိုးသွားသည်။ တစ်နေ့တာလုံး သတ်ဖြတ်မှုများအတွင်း ပထမဆုံးအကြိမ်အဖြစ် လူသားကျင့်ကြံသူများ အသက်ဝဝ ရှူနိုင်ကြတော့သည်။
အချို့မှာ ဒူးထောက်လဲကျသွားကြသည်။
အချို့မှာမူ ကျောက်တုံးကျိုးများပေါ်တွင် ထိုင်ကာ အမောတကော အသက်ရှူနေကြ၏။
အချို့ကတော့ မိမိတို့ အသက်ရှင်နေဆဲ ဖြစ်သည်ကို မယုံကြည်နိုင်ဘဲ စစ်မြေပြင်ရှိ အလောင်းပုံကြီးများကို ငေးကြည့်နေကြသည်။
"ငါတို့ အသက်ရှင်တယ်”
"ငါတို့ တကယ်ကြီး သူတို့ကို ပြန်တိုက်ထုတ်နိုင်ခဲ့တာပဲ”
ကျဆုံးသွားသော ရဲဘော်ရဲဘက်များနှင့် မိစ္ဆာသားရဲများ၏ အလောင်းများသည် နေရာအနှံ့ ပျံ့နှံ့နေသော်လည်း ရှင်ကျန်ရစ်သူများမှာ ဂုဏ်ယူဝင့်ကြွားမှုများကို ခံစားနေကြရသည်။
သူတို့ အောင်ပွဲရခဲ့ပြီ။
ပေးဆပ်မှုများစွာ ရှိခဲ့သော်လည်း အောင်ပွဲကတော့ အထင်အရှားပင်။
စစ်သည်များအကြား စိတ်လှုပ်ရှားမှုများဖြတ်သွား၏
စိတ်သက်သာရာရမှုများနှင့် ဝမ်းသာမျက်ရည်များ စီးဆင်းလာကြသည်။
အားလုံး သေဆုံးသွားနိုင်သည့် တိုက်ပွဲကြီးမှ အသက်ရှင်လွတ်မြောက်လာခြင်းမှာ ပြောမပြတတ်အောင် ကြည်နူးစရာပင်။
သို့သော် တစ်ဦးတည်းသော ပုဂ္ဂိုလ်မှာမူ ထိုခံစားချက်များကို မမျှဝေနိုင်ခဲ့ပေ။
စစ်မြေပြင်တစ်ခုလုံး စိတ်အေးသွားချိန်တွင် ကောင်းကင်ယံမှ ပုံရိပ်တစ်ခုသည် ကျောက်တုံးကြီးတစ်ခုပေါ်သို့ သာသာယာယာ ဆင်းသက်လိုက်သည်။
ပိုင်ကျီဟန်သည် စစ်မြေပြင်ကို ကြည့်ကာ မျက်မှောင်ကြုတ်နေပြီး သိသိသာသာပင် မကျေမနပ် ဖြစ်နေ၏။
သူသည် ဓားကို အိမ်ထဲသို့ ချောက်ခနဲ မြည်အောင် ပြန်ထည့်လိုက်ရင်း ဒေါသတကြီး ရေရွတ်လိုက်သည်။
"တောက်!... လွတ်သွားပြန်ပြီ"
သူသည် လက်ထဲမှ လွတ်ထွက်သွားသော သားကောင်ကို ကြည့်နေသည့်အလား တောရိုင်းမြေရိုင်းများဘက်သို့ စိုက်ကြည့်နေသည်။
"အဆင့် (၉) ကောင်တွေကို ဒီထက်ပိုပြီး သတ်ခဲ့သင့်တာ..."
သူသည် မေးကြောများ တင်းနေအောင် စေ့ထားပြီး အကြီးအကျယ် စိတ်ပျက်နေပုံရသည်။
အခြားသူများအတွက် ယနေ့မှာ အသက်ရှင်ရေးအတွက် အသည်းအသန် တိုက်ပွဲဝင်ခဲ့ရသည့် နေ့ဖြစ်သော်လည်း...
သူ့အတွက်မူ ၎င်းမှာ မပြီးဆုံးသေးသော အမဲလိုက်ပွဲတစ်ခုသာ ဖြစ်နေသည်။
လက်လွတ်သွားသော အခွင့်အရေး
ဆုံးရှုံးသွားသော စနစ်အမှတ်များ
ထိုစဉ် သူ၏ ဘေးနားသို့ အရိပ်တစ်ခု ကျဆင်းလာသည်။
ပိုင်ထျန်းဟမ် ဖိနပ်များသည် ပြန့်ကျဲနေသော ကျောက်တုံးပေါ် ဖိချေနေ၏
ပိုင်ထျန်းဟမ်သည် တည်ငြိမ်စွာ ဆင်းသက်လိုက်ပြီး ပျက်စီးနေသော တောင်ကြားကို တစ်ချက်ကြည့်ကာ ထွက်ပြေးသွားသော သားရဲများကို ရန်သူလို စိုက်ကြည့်နေသည့် သူ့သားကို ကြည့်လိုက်သည်။
ပိုင်ကျီဟန်၏ နှုတ်ခမ်းများ လှုပ်ရှားနေသည်ကို သူ မြင်လိုက်ရ၏။
"မင်းက ဒီတစ်ခါ ဘာကို မကျေမနပ် ဖြစ်နေပြန်တာလဲ?"
ပိုင်ကျီဟန်က နောက်တစ်ကြိမ် တောက်ခေါက်လိုက်ရင်း ဒေါသထွက်နေသည်။
"ဒီမိစ္ဆာသားရဲတွေက... တောက်..ဘာခံယူချက်မှ မရှိကြဘူး"
သူက လက်ပိုက်လိုက်ရင်း မျက်မှောင်ကို ပို၍ ကြုတ်၏
"အခြေအနေ နည်းနည်း ဆိုးတာနဲ့ ဘယ်လိုလုပ် ထွက်ပြေးနိုင်ကြတာလဲ? မိစ္ဆာသားရဲဆိုတာ ရက်စက်ကြမ်းကြုတ်ရမှာ မဟုတ်ဘူးလား? အခုတော့ ယုန်တွေထက်တောင် ပိုမြန်အောင် ပြေးနေကြပြီ"
သူ့အသံသည် တကယ့်ကို နစ်နာသွားသည့် လူတစ်ယောက်၏ အသံမျိုးပင်။
" အရှိန်ရခါစပဲ ရှိသေးတယ်၊ သူတို့က လွင့်စင်ပြေးသွားကြပြီ။ အရှက်မရှိတဲ့ သတ္တဝါတွေ... ဆုတ်ခွာတော့မယ်ဆိုရင်လည်း အရင် အသေသတ်ခွင့် ပေးခဲ့သင့်တာပေါ့"
ပိုင်ကျီဟန်က သူရရှိထားသော စနစ်အမှတ် များကို ကြည့်ရင်း ပြန်ပြောလိုက်သည်။ ဗလာခြေလှမ်း ဦးချိုသားရဲကို သတ်ဖြတ်ခြင်းမှရသည့် အမှတ်များအပါအဝင် စုစုပေါင်း အမှတ် ၈၀၀၀ တိတိ ရရှိထားလေပြီ။
ပိုင်ထျန်းဟမ်သည် မယုံကြည်နိုင်မှုနှင့် စိတ်ပျက်အားလျော့မှုတို့ ရောယှက်နေသော မျက်နှာဖြင့် သူ့သားကို ဖြည်းညှင်းစွာ လှည့်ကြည့်လိုက်သည်။
"...သား" သူက မျက်တောင်တခတ်ခတ်ဖြင့် "မင်း ဘယ်လိုအဓိပ္ပာယ်မရှိတဲ့ စကားတွေ ပြောနေတာလဲ?"
သူသည် ကျီဟန်ကို စေ့စေ့စပ်စပ် ကြည့်နေမိသည်။ ဒီမိစ္ဆာသားရဲများသည် သူ့သားအပေါ် တစ်ခုခုများ လုပ်ထားခဲ့သလားဟု တွေးမိသော်လည်း ဘာမှမရှိခဲ့မှန်း သူသိသည်။
ထို့ကြောင့် ပိုင်ကျီဟန်သည် သတ်ဖြတ်ခြင်းအပေါ် အဘယ်ကြောင့် ဤမျှ စွဲလန်းနေရသည်ကို သူ လုံးဝနားမလည်နိုင်တော့ပေ။
သူ့ ဒေါသကြောင့် တခြားလူတွေကို နှိပ်စက်တတ်သည့် အကျင့်နဲ့ယှဉ်ရင်တော့ ဒါက အများကြီး ပိုကောင်းပါသေးသည်။
ထို့ပြင် သူကိုယ်တိုင်ပင် သတ်ဖြတ်ရန် ခဲယဉ်းလှသည့် အဆင့် (၁၀) မိစ္ဆာသားရဲတစ်ကောင်ကို သူ့သားက သတ်ဖြတ်နိုင်ခဲ့သည်။
ပိုင်ထျန်းဟမ် ကိုယ်တိုင်ပင် ထိုဓားချက်သာ သူ့ကို ထိမှန်ခဲ့လျှင် သေဆုံးသွားနိုင်သည်ဟု ခံစားရစေသည့် ကောင်းကင်တုန်ဟည်းစေသော ဓားသိုင်းနည်းစနစ်
ထိုနည်းစနစ်က ဘာလဲဟု သူ မေးချင်နေမိသည်။
သို့သော် ၎င်းသည် တစ်ဦးတစ်ယောက်၏ လျှို့ဝှက်ချက်ကို ကျူးကျော်ရာ ရောက်မည်ဟု ခံစားရသလို ကျီဟန်သည်လည်း အများကြီး ကူညီပေးခဲ့ပြီးသား ဖြစ်သည်။
ဘာပဲဖြစ်ဖြစ် ထိုစွမ်းအားရှိသူမှာ သူ့သားဖြစ်နေခြင်းက ပိုင်မျိုးနွယ်စု အတွက်တော့ အကောင်းဆုံးပင် မဟုတ်ပါလော။
ပိုင်ထျန်းဟမ်၏ စိတ်ထဲတွင် မေးခွန်းများစွာ ရှိနေသော်လည်း ဤနေရာမှာ မေးရန် မသင့်တော်မှန်း သူသိသည်။
သူသည် ပိုင်ကျီဟန်၏ ဆံပင်များကိုသာ အသာအယာ ပွတ်သပ်ပေးလိုက်၏
"မင်း တကယ်ကို တော်တယ်”
သူက ချီးကျူးလိုက်သည်။
ထို့နောက် သူသည် တောရိုင်းမြေရိုင်းကြီးကို တည်ကြည်သော မျက်နှာထားဖြင့် ကြည့်လိုက်၏။
ထိုသားရဲများ ဆုတ်ခွာသွားခြင်းမှာ အပြီးအပိုင် ရှုံးနိမ့်၍ ဆုတ်ခွာခြင်းမျိုး မဟုတ်ပေ။ တစ်ခုခုကို ကြံစည်နေပုံရပြီး မကြာခင် ပြန်လာကြဦးမည်ကို သူ ကောင်းကောင်း သိနေသည်။
ပိုင်ထျန်းဟမ်နှင့် ပိုင်ကျီဟန်တို့ ပြန်လာကြသောအခါ ပျက်စီးနေသော စစ်မြေပြင်ရှိ လူတိုင်း၏ အကြည့်များမှာ သူတို့ဆီသို့ ဖြည်းဖြည်းချင်း ရောက်ရှိလာကြသည်။
တိုးတိုးတိတ်တိတ် ပြောဆိုသံများ ပျံ့နှံ့သွား၏
ဖခင်နှင့် သားဖြစ်သူတို့ မြေပြင်ပေါ်သို့ ဆင်းသက်လိုက်ချိန်တွင် လေးစားကြောက်ရွံ့မှုတို့ဖြင့် လွှမ်းမိုးထားသော တိတ်ဆိတ်မှုကြီးက စိုးမိုးသွားတော့သည်။
မျက်လုံးအားလုံးသည် ပိုင်ကျီဟန်ဆီသို့သာ စုပြုံရောက်ရှိနေ၏။
သူ၏ သတ်ဖြတ်မှုများကို အနည်းငယ်မျှ မြင်တွေ့ခဲ့ရသူများပင်လျှင် တုန်လှုပ်နေကြသည်။
"မင်း မြင်လိုက်လား? သူတစ်ယောက်တည်းနဲ့ အဆင့် (၉) သားရဲ အကောင်ပေါင်း ဒါဇင်နဲ့ချီပြီး ခုတ်ပိုင်းပစ်တာ”
"ဒါဇင်တင်မကဘူး... ငါးဆယ်ကျော်တယ်..တချို့ဆို ခြောက်ဆယ်လောက် ရှိမယ်လို့တောင် ပြောနေကြတာ”
"မဟုတ်သေးဘူး... စဉ်းစားကြည့်ဦး၊ သူက အဆင့် (၁၀) မိစ္ဆာသားရဲကိုပါ သတ်ခဲ့တာလေ..အဲ့ဒီလို တစ်ကောင်တည်း သတ်ရုံနဲ့တင် ဒီစစ်ပွဲရဲ့ အကြီးမားဆုံး အကျိုးပြုသူ ဖြစ်သွားပြီ”
"ဟုတ်တယ်... အဲ့ဒီအဆင့်ကို တစ်ကောင် သတ်နိုင်ရင်ကို တစ်သက်စာ ဂုဏ်ယူလို့ ရနေပြီ... အခုတော့ သူက အဆင့် (၁၀) ကိုလည်း သတ်တယ်၊ အဆင့် (၉) ကောင်တွေကိုလည်း ငါတို့ အားလုံးပေါင်း သတ်တာထက် ပိုသတ်ခဲ့တယ်"
"မိစ္ဆာပဲ... တကယ့်ကို မိစ္ဆာလို လူပဲ"
သူတို့သည် မနာလိုစိတ်ဖြင့် ပြောနေကြခြင်း မဟုတ်ပေ။
ကြောက်ရွံ့အားကျမှုများဖြင့် ပြောနေကြခြင်း ဖြစ်သည်။
လူသားနှင့် ဒဏ္ဍာရီကြား နယ်နိမိတ်တွင် တည်ရှိနေသော ပုဂ္ဂိုလ်တစ်ဦးကိုသာ ပေးအပ်လေ့ရှိသည့် လေးစားသမှုမျိုးဖြင့် ငေးကြည့်နေကြခြင်း ဖြစ်လေတော့သည်။
သူ့ အကြည့်တွေ ရောက်ရှိလာတဲ့အခါ တပည့်အချို့ကတော့ မျက်လုံးချင်း မဆုံရဲဘဲ ခေါင်းငုံ့သွားကြ၏
အချို့ကတော့ တုန်ယင်နေသော စိတ်ကို ဖုံးကွယ်ဖို့ အတင်းအကျပ် ရင်ကော့ရပ်နေကြ၏
အချို့ကတော့ ချဉ်းကပ်ပြီး ကျေးဇူးတင်စကား ပြောချင်ကြပေမဲ့ မဝံ့မရဲ ဖြစ်နေကြပြန်သည်။
ပိုင်မျိုးနွယ်စု အကြီးအကဲတွေကတော့ ပိုင်ကျီဟန်ကို ကြည့်ရင်း စိတ်သက်သာရာရမှု၊ ဂုဏ်ယူမှုနဲ့အတူ မယုံကြည်နိုင်မှုတွေ ရောပြွမ်းနေကြပေသည်။
လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း၌ ပိုင်ကျီဟန်သည် မျိုးနွယ်စုရဲ့ အရှက်ရစရာ ဖြစ်ခဲ့ရာကနေ အတောက်ပြောင်ဆုံး ဂုဏ်ဆောင်သူ ဖြစ်လာလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း?
သူဟာ အရင်လို ပြဿနာရှာတတ်သော ကောင်လေး မဟုတ်တော့ဘဲ မျိုးနွယ်စုခေါင်းဆောင်နဲ့ ရင်ဘောင်တန်းနိုင်သည့်အရှိန်အဝါမျိုး ပိုင်ဆိုင်နေပြီပင်
လီမျိုးနွယ်နှင့် ကျောက်မျိုးနွယ်၏တုံ့ပြန်မှုကတော့ ထူးခြားနေ၏
သူတို့ရဲ့ မျက်နှာတွေက ရှုံ့တွနေကြချေသည်။
မေးရိုးတွေ တင်းနေအောင် အံကြိတ်ထားကြ၏
သူတို့ အကြည့်တွေထဲ၌ ဒေါသ၊ အရှက်ရမှုနဲ့အတူ မဖုံးကွယ်နိုင်သော "ကြောက်ရွံ့မှု" တွေ ကိန်းအောင်းနေ၏
ယခင်က ပိုင်ကျီဟန်ကို လူငယ်လေးတစ်ယောက်လို သဘောထားခဲ့သော လီနဲ့ ကျောက်မျိုးနွယ်စုသည် အခုတော့ သူ့ကို စစ်မြေပြင်တစ်ခုလုံးကို ပြောင်းလဲပစ်နိုင်သော အဆင့်မြင့်အကြီးအကဲတစ်ယောက်လို သတ်မှတ် ကြည့်မြင်နေကြပြီ။
ပိုင်ကျီဟန်ကို နှိမ်နင်းချင်ပါက ကွယ်ရာမှာ လုပ်ကြံတာမျိုး ဒါမှမဟုတ် လူသတ်သမားအချို့ စေလွှတ်တာမျိုးနဲ့ မလုံလောက်တော့ဘူးဆိုတာ သူတို့ ကောင်းကောင်း သိသွားကြချေပြီ။
သူတို့အနေနဲ့ ပိုင်ကျီဟန်ကို ပိုင်ထျန်းဟမ်လိုပဲ အထူးဂရုစိုက်ပြီး ရင်ဆိုင်ရတော့မည်။
သူတို့ အကြည့်များ ပိုမိုအေးစက်လာပေမဲ့ အင်္ကျီလက်စွပ်အောက်က လက်တွေကတော့ တုန်ယင်နေကြသည်။
လီကျန်းဟုန်နှင့် ကျောက်ဝူထျန်းတို့သည် ပိုင်ကျီဟန် အစွမ်းမရှိခင်ကတည်းက အမြစ်ဖြတ်မရှင်းခဲ့မိတာကို အကြီးအကျယ် နောင်တရနေကြပေသည်။
သို့တိုင် ပိုင်ကျီဟန်ကတော့ သူတို့ကို လျစ်လျူရှုထားခဲ့သည်။
သူတို့ မုန်းတီးမှုများသည် သူ့အတွက် အသိအမှတ်ပြုစရာတောင် မလိုပေ။
သူကတော့ အောင်နိုင်သူတစ်ယောက် ပုံစံထက် ပျင်းရိငြီးငွေ့နေသော ပုံစံနဲ့ သမ်းဝေရင်း ရှေ့ကို ဆက်လျှောက်သွားနေသည်။
ယာယီစခန်းဆီကို လျှောက်လှမ်းရင်း ပိုင်ကျီဟန်က ပခုံးကို အကြောဆန့်ကာ သက်ပြင်းတစ်ချက် ဖွဖွချလိုက်၏
တိုက်ပွဲက ပြီးသွားပြီ။
သားရဲတွေလည်း ဆုတ်ခွါသွားကြချေပြီ။
သတ်ဖြတ်စရာ ဘာမှမကျန်တော့ပေ
ဆိုလိုတာကတော့...
"အင်း...
ငါ အနားယူလို့ ရပြီပေါ့" သူက တိုးတိုးလေး ရေရွတ်လိုက်သည်။
သူ မောပန်းနေလို့ မဟုတ်ချေ.. သူ့ ချီအင်အားတွေက အခုထိ မလျော့ပါးဘဲ ပြည့်လျှံနေဆဲပင်။
သူ့ချီအင်အား ၂၀ ရာခိုင်နှုန်းလောက်ပဲ ကျန်တော့သည့်တိုင် သတ်ဖြတ်မှုတွေ ထပ်လုပ်ဖို့ လုံလောက်ရုံတင်မကဘဲ အံ့မခန်း အရှိန်အဟုန်နဲ့ပါ ပြန်လည် ပြည့်ဖြိုးလာနေတာ ဖြစ်၏
သို့တိုင် အခုလောလောဆယ်မှာတော့ အနားယူဖို့ကလွဲလို့ တခြားလုပ်စရာ မရှိတော့ပေ။
ခဏလောက် တစ်ရေးတမော အိပ်စက်လိုက်ဖို့က အကောင်းဆုံး ရွေးချယ်မှုဟု သူ ခံစားလိုက်ရသည်။
သူသည် ပိုင်မျိုးနွယ်စုရဲ့ စခန်းဘက်ကို လှည့်လိုက်ပြီး တဲတစ်ခုထဲ၌ နာရီအနည်းငယ်လောက် လှဲလျောင်း အနားယူဖို့ ပြင်လိုက်စဉ်မှာပဲ...
ကံကြမ္မာက သူ့ကို အေးအေးဆေးဆေး နေခွင့်မပေးခဲ့ပေ
ကောင်းကင်ယံကနေ စူးရှတောက်ပသော အလင်းတန်းတစ်ခု ကျဆင်းလာသည်။
ပိုင်ကျီဟန် ခြေလှမ်းတွေ ရပ်တန့်သွားခဲ့ရသည်။
အဖြူရောင် အလင်းတန်းများ မှိန်ဖျော့သွားသည့်အခါမှာတော့ ကောင်းကင်ယံကနေ လူရိပ် ဒါဇင်ပေါင်းများစွာ ဆင်းသက်လာကြသည်။
ပိုင်မျိုးနွယ်စု၏ မဟာအကြီးအကဲများ ရောက်လာကြချေပြီ။
သူတို့ ရောက်ရှိလာမှူက ကျယ်လောင်လှသည်။
အတော်ကျယ်၏
ပထမဆုံး ဆင်းသက်လာသူကတော့ အသက်အကြီးဆုံး၊ အသံအကျယ်ဆုံးနဲ့ အရှက်အနည်းဆုံး ဖြစ်သည့် ပိုင်ချူပင်။
သူသည် ခေါင်းကိုမော့ပြီး တောင်စောင်းမှ ဖုန်မှုန့်တွေ လွင့်စင်သွားရလောက်အောင် ကျယ်လောင်သည့် ရယ်မောသံကြီးနဲ့ ရယ်မောလိုက်လေ၏
"ဟားဟားဟားဟား! ကောင်းတယ်၊ သိပ်ကောင်းတာပဲ။ ဒီအဖိုးကြီးရဲ့ သွေးတွေတောင် ဆူပွက်လာပြီဟေ့”
သူက နတ်မင်းကြီး၏ ရတနာတစ်ပါးကို ညွှန်ပြနေသလိုမျိုး ပိုင်ကျီဟန်ကို လက်ညှိုးထိုးပြလိုက်၏
"ကြည့်ကြစမ်း! သေသေချာချာ ကြည့်ထားကြ၊ ဟိုအောက်က ထူးခြားဆန်းပြားတဲ့ ပါရမီရှင်လေးက ငါ့ရဲ့ မြေးကွ”
တခြား မဟာအကြီးအကဲတွေလည်း သူ့ဘေးမှာ ဆင်းသက်လာကြသည်။
"ဟားဟားဟား၊ ကျီဟန်လေး... ငါ့မြေးရာ..မင်း အဲဒီသားရဲတွေကို သတ်လိုက်တာ တကယ်ကို လှပလွန်းတယ်။ တကယ့်ကို ပြကွက်ကောင်းပဲကွာ၊ လာ... လာ... မတ်မတ်ရပ်စမ်း၊ တကယ့် ပါရမီရှင်ဆိုတာ ဘယ်လိုမျိုးလဲဆိုတာ သူတို့အားလုံးကို ပြလိုက်စမ်း”
ပိုင်ကျီဟန်ကတော့ သူ့အဖိုးကို ကြောင်တောင်တောင် ကြည့်နေမိ၏
သူ့မျက်နှာမှာ ဇဝေဇဝါဖြစ်မှု၊ လက်လျှော့အရှုံးပေးမှုနဲ့ စိတ်ပျက်မှုတွေ ရောပြွမ်းနေသည်။
"အဖိုးကြီးရာ... အဲဒီလောက်ကြီး မလုပ်ပါနဲ့လား"
သို့တိုင် မဟာအကြီးအကဲကတော့ ပိုလို့တောင် ကျယ်ကျယ်လောင်လောင် ရယ်မောလိုက်သေး၏။
"မလုပ်နဲ့ ဟုတ်လား? ငါ ဘယ်လိုလုပ် မလုပ်ဘဲ နေနိုင်မှာလဲ? ဒီလိုနေ့မျိုး ရောက်လာဖို့ ငါ ဘယ်လောက်တောင် စောင့်ခဲ့ရလဲဆိုတာ မင်းသိလား? ကိုယ့်ကိုကိုယ် အထင်ကြီးနေတဲ့ အဲဒီ ရုပ်ကြွင်းအိုကြီးတွေရဲ့ ပါးကို ရိုက်နိုင်မယ့်သူ ပိုင်မျိုးနွယ်စုမှာ ပေါ်ထွန်းလာဖို့ ငါ ဘယ်လောက် စောင့်ခဲ့ရလဲ”
သူသည် တခြားမျိုးနွယ်စုမှ အင်မော်တယ် ပညာရှင်များဘက်ကို သိသိသာသာ လှည့်ပြီး ပြောလိုက်ပြန်၏
"မြင်ကြပြီမလား? ဒါက ပိုင်မျိုးနွယ်စုရဲ့ မျိုးဆက်သစ်ပဲ၊ အနာဂတ်ရဲ့ အင်မော်တယ်ဧကရာဇ်ဖြစ်လာမယ့် ငါ့မြေးကွ”
စစ်မြေပြင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။
လီနဲ့ ကျောက်မျိုးနွယ်မှ ပညာရှင်တွေ ဆွံ့အသွားကြသလို၊ အဝေးက ပိုင်ထျန်းဟမ်တောင်မှ မျက်ခုံးတစ်ချက် ပင့်လိုက်မိသည်။
နောက်ထပ် ပိုင်မျိုးနွယ်စု မဟာအကြီးအကဲတစ်ယောက်ကတော့ ချောင်းတစ်ချက် ဟန့်လိုက်၏
"အကြီးအကဲ... ဒီလိုကြီးကျယ်တဲ့ ကြေညာချက်မျိုးကို ပေါ့ပေါ့ပါးပါးကြီး မပြောပါနဲ့ဦး..."
ဒါပေမဲ့ မဟာအကြီးအကဲ ပိုင်ချူကတော့ ထိုလူကျောကို အားပြင်းပြင်းနဲ့ ရိုက်လိုက်တာကြောင့် ရှေ့ကို ယိုင်သွားရသည်။
"ဘာ ပေါ့ပေါ့ပါးပါးလဲ?ကြည့်လိုက်ဦး။ အဆင့် (၁၀) မိစ္ဆာသားရဲတောင် သူ့ဓားအောက်မှာ ကျဆုံးသွားတာကွ..ငါက နှိမ့်ချပြီး ပြောနေတာ”
တခြားမျိုးနွယ်စုတွေကတော့ စုပေါင်းပြီး
"........"
မဟာအကြီးအကဲကတော့ အရှက်မရှိသည် ဂုဏ်ယူမှုတွေနဲ့ ဆက်ပြောနေတုန်းပင်။
"မင်းတို့ ရုပ်ကြွင်းအိုကြီးတွေ... အခုကစပြီး မင်းတို့ရဲ့ နောက်ပေါက်တွေကို ယဉ်ယဉ်ကျေးကျေးဆက်ဆံကြနော်၊ မင်းတို့မျိုးနွယ်စုက တစ်ယောက်ယောက်ကသာ ငါ့မြေးကို ထပ်ပြီး ရန်စလို့ကတော့... ငါ့မြေးက သူတို့ကို မြေကြီးထဲ ခေါင်းစိုက်သွားအောင် ရိုက်နှက်တဲ့အခါ ငါတို့ကို လာမအပြစ်တင်နဲ့..သူက မင်းတို့ရဲ့ အကြီးအကဲတွေထက်တောင် အစွမ်းထက်နေပြီကွ”
ကျောက်မျိုးနွယ် မဟာအကြီးအကဲဆိုလျှင် ဒေါသထွက်လွန်းလို့ သွေးအန်မတတ် ဖြစ်နေ၏
လီမျိုးနွယ် မဟာအကြီးအကဲ မျက်ခွံတွေကတော့ တဆတ်ဆတ် တုန်နေချေ၏
တစ်ဖက်မှာတော့ ပိုင်ကျီဟန်၏ ခေါင်းကိုက်ဝေဒနာက ပိုဆိုးလာသည်။ သူကတော့ အနားယူဖို့ ကြံစည်ထားပေမဲ့ အခုပုံစံအတိုင်းဆိုရင်တော့ အိပ်စက်ဖို့ဆိုတာ ဝေးလံလွန်းသည့် အိပ်မက်တစ်ခု ဖြစ်နေ၏