← Chapters

ပိုင်ကျီဟန် နှင့် မိစ္ဆာကျင့်ကြံသူ အကြီးအကဲ တစ်ဆယ်ဦး

Vol. 26 Ch. 384

ပိုင်ကျီဟန် နှင့် မိစ္ဆာကျင့်ကြံသူ အကြီးအကဲ တစ်ဆယ်ဦး

Vol. 26 Ch. 384

ထိုအချိန်တွင်

မိစ္ဆာချီနှင့် ဓားချီတို့၏ မုန်တိုင်းမှာ အထပ်ထပ် အခါခါ ရိုက်ခတ်နေပြီး ထိတွေ့မှုတိုင်းက ကောင်းကင်ယံမှ တိမ်တိုက်များကိုပင် ဆုတ်ဖြဲနေသယောင် ရှိသည်။

ထိုရုတ်ရုတ်သဲသဲ အခြေအနေ၏ အလယ်ဗဟိုတွင်—

ပိုင်ကျီဟန်သည် တစ်ကိုယ်တည်း မတ်တပ်ရပ်နေ၏။

သူ့ရှေ့တွင် ရန်သူတစ်ယောက်တည်း မဟုတ်ပေ။

နှစ်ယောက်လည်း မဟုတ်၊ သုံးယောက်လည်း မဟုတ်။

ယင်းအစား—

သတ်ဖြတ်လိုသော အရှိန်အဝါများ အပြည့်ရှိသည့် ဗလာသန့်စင်ခြင်းအဆင့် မိစ္ဆာအကြီးအကဲ ဆယ်ဦးပင် ဖြစ်သည်။

သို့သော် ပိုင်ကျီဟန်၏ မျက်နှာတွင်မူ ထိတ်လန့်တုန်လှုပ်သည့် အရိပ်အယောင်မျှပင် မရှိပေ။

ဦးချိုများပါရှိပြီး အရိုးခြောက်သဖွယ် ပိန်လှီသော အကြီးအကဲတစ်ဦးသည် သူ၏ ပတ်ပတ်လည်တွင် အပြစ်သားချီများသည် ရေဘဝဲလက်တံများကဲ့သို့ လိမ်တွန့်နေရင်း ဟိန်းဟောက်လိုက်သည်။"ပိုင်ကျီဟန်... မင်းက တကယ်ကို သန်မာတာပဲ။ ကောလာဟလတွေထက်တောင် အများကြီး ပိုသန်မာသေးတယ်"

အခြားတစ်ဦးသည် လျှာနှစ်ခွဖြင့် သူ၏ နှုတ်ခမ်းကို လျက်ရင်း ရှေ့သို့ တိုးလာသည်။

"ဒါပေမဲ့ မင်း ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းသွားပြီ။ ငါတို့ ဆယ်ယောက်... မင်း တစ်ယောက်တည်းကို"

ခရမ်းရောင် မိစ္ဆာမီးတောက်များ ဝန်းရံနေသည့် တတိယမြောက် အကြီးအကဲက သရော်ပြုံး ပြုံးလိုက်သည်။"မင်း ဝိုင်းရံပိတ်ဆို့ခံထားရပြီ။ ခုခံနေတာက အလကားပဲဆိုတာ မင်းကိုယ်တိုင်လည်း သိမှာပါ"

ထို့နောက် အကြီးအကဲတစ်ဦးက ရယ်မောလိုက်၏။

"ပိုင်ကျီဟန်... မင်း ငါတို့နဲ့ ပူးပေါင်းဖို့ စဉ်းစားဖူးလား?"

ကျန်သော မိစ္ဆာအကြီးအကဲများမှာလည်း တစ်ဦးပြီးတစ်ဦး ဖြီးပြလိုက်ကြသည်။

"မင်းရဲ့ လုပ်ရပ်တွေကို ငါတို့အားလုံး သိတယ်။ ငါတို့ကြားထဲမှာဆိုရင် မင်းက အတော်လေး ထွန်းတောက်လာမှာပဲ" နောက်ဆုံးတွင် ဦးဆောင်လာသော အကြီးအကဲက ရယ်မောရင်းပြော၏

"ငါတို့ မင်းကို သူတော်စင် ဒါမှမဟုတ် သူတော်စင်မ တွေထက်တောင် မြင့်မားတဲ့ ဂုဏ်ဒြပ်ကို ပေးနိုင်တယ်။ အနာဂတ်မှာ မင်းက ခေါင်းဆောင်တစ်ယောက်ဖြစ်လာပြီး လူတိုင်းကို အကြွင်းမဲ့ အုပ်ချုပ်သူအဖြစ် ဦးဆောင်နိုင်လိမ့်မယ်”

သူက ဆွဲဆောင်မှုရှိသော ကမ်းလှမ်းချက်တစ်ခုကို ပေးလိုက်ခြင်း ဖြစ်သည်။

သူတို့တွင် ဗလာသန့်စင်ခြင်းအဆင့် ပညာရှင် ဆယ်ဦးရှိနေ၍ အသာစီးရထားသည်ဟု ထင်ရသော်လည်း သူတို့ကိုယ်တိုင်လည်း ပေါ့ပေါ့ဆဆ မနေရဲကြပေ။

ပိုင်ကျီဟန်သည် အဆင့်-၁၀ မိစ္ဆာသားရဲများကိုပင် သတ်ဖြတ်နိုင်သူ ဖြစ်သည်။

ထို့အပြင် လူအများက ပိုင်ကျီဟန်သည် မိစ္ဆာကျင့်ကြံသူ ဖြစ်လာရန် အသင့်တော်ဆုံးသူဟု ယူဆကြသည်။

အာဏာနှင့် စွမ်းအားကို အရာအားလုံးထက် မြတ်နိုးသူတစ်ဦး— ၎င်းမှာ လူအများ၏ အမြင်တွင် မြင်တွေ့ရသော ပိုင်ကျီဟန်၏ ပုံရိပ်ဖြစ်သည်။

အကယ်၍ သူ့ကို စည်းရုံးနိုင်ပါက သူ၏ ပါရမီဖြင့် မိစ္ဆာကျင့်ကြံသူများ၏ ခေါင်းဆောင် ဖြစ်လာစေရန်မှာ အိပ်မက်မဟုတ်ပေ။

တိတ်ဆိတ်သွား၏။

ပိုင်ကျီဟန်က ခေါင်းကို အသာစောင်းလိုက်သည်။

"မင်းတို့ ပြောတာ မှန်တယ်။"

ပိုင်ကျီဟန်က ခပ်မှိန်မှိန် ပြုံးလိုက်သည်။

"ငါလည်း မင်းတို့ကြားမှာ ထွန်းတောက်လာလိမ့်မယ် ဆိုတာကို သဘောတူတယ်"

သူတို့၏ အပြုံးများ ပိုမိုကျယ်ပြန့်သွားသော်လည်း ပိုင်ကျီဟန်က ဆက်ပြောလိုက်

သည်။

"ဒါပေမဲ့..."

သူ၏ ဓားမှာ တစ်လက်မခန့် ရွေ့လျားသွားသည်။

"ငါ့ထက် အားနည်းတဲ့သူတွေရဲ့ စကားကို နားထောင်ရတာ ငါ သိပ်မကြိုက်ဘူး"

သူတို့၏ အပြုံးများမှာ ခဲသွားတော့သည်။

"—ဘာလဲ?"

ပိုင်ကျီဟန်၏ အကြည့်မှာ စူးရှသွား၏။

သူသည် သူ၏ ဓားကို မြှောက်လိုက်သည်။

"ငါနဲ့ တိုက်ရမှာ ကြောက်နေရင်လည်း အဲဒီအတိုင်းပဲ ပြောပြီး ငါ့လမ်းက ဖယ်ပေးကြစမ်းပါ။ ဘာလို့ ငါ့ရဲ့ အမဲလိုက်ပွဲကို လာပြီး အနှောင့်အယှက် ပေးနေကြတာလဲ?"

ပိုင်ကျီဟန်က စိတ်ပျက်လက်ပျက်ဖြင့် မေးလိုက်သည်။

"မာနကြီးတဲ့ ကောင်လေး...”

"မင်းက တစ်ယောက်တည်းပဲ ရှိတာ၊ ငါတို့က ဗလာသန့်စင်ခြင်းအဆင့် ကျင့်ကြံသူ ဆယ်ယောက်ကွ”

"ဘယ်သူက အားနည်းလဲဆိုတာ မင်းဘာသာမင်း စမ်းကြည့်လိုက်”

အကြီးအကဲ ဆယ်ဦးထံမှ ဒေါသတကြီးဖြင့် မိစ္ဆာချီများ ပေါက်ကွဲထွက်လာသည်။

သတ်ဖြတ်လိုသော အရှိန်အဝါလှိုင်းကြီးမှာ ပိုင်ကျီဟန်ထံသို့ တရကြမ်း တိုးဝင်လာသော်လည်း ပိုင်ကျီဟန်ကမူအသက်ကို ပြင်းပြင်းတစ်ချက် ရှူထုတ်လိုက်သည်။

အေးအေးဆေးဆေးပင်

ပိုင်ကျီဟန် ဓားကို မြှောက်လိုက်သည့်အခါ သူ၏ အရှိန်အဝါမှာ ပေါက်ကွဲထွက်လာ၏

သူ၏ အသံမှာ မိုးကြိုးသံကဲ့သို့ ဟိန်းထွက်သွားချေသည်။

"လာကြစမ်း”

အကြီးအကဲ ဆယ်ဦးသည် အဟုန်ဖြင့် ပြေးဝင်လာကြပြီ ဖြစ်သည်။

သူတို့၏ မိစ္ဆာချီများမှာ မုန်တိုင်းတစ်ခုသဖွယ် ဖြစ်ပေါ်လာကာ တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြ၏

"ပိုင်ကျီဟန်— သေစမ်း”

ဗလာသန့်စင်ခြင်းအဆင့် အကြီးအကဲ ဆယ်ဦးသည် ပြိုကျလာသော ကောင်းကင်ယံကဲ့သို့ ဆင်းသက်လာကြသည်။

ပိုင်ကျီဟန်သည် ရှေ့သို့ တစ်လှမ်းတိုးလိုက်သည်။

သူ၏ မျက်လုံးများမှာ ကြောက်ရွံ့မှုကြောင့် မဟုတ်ဘဲ အာရုံစူးစိုက်မှုကြောင့် ကျုံ့သွား၏။

"အရိပ်ကိုးပါးစီးဆင်းနေတဲ့ အလင်းဓား”

ရှူးးး

သူ၏ ပုံရိပ်သည ပုံရိပ်ယောင် ကိုးခုအဖြစ် ကွဲထွက်သွားပြီး တစ်ခုချင်းစီက မယုံနိုင်လောက်အောင် ချောမွေ့စွာ လှုပ်ရှားသွားကြသည်။

ပိုင်ကျီဟန် ကိုးယောက်သည် သူ့ဆီမှ ထွက်ပေါ်လာသကဲ့သို့ ဖြစ်နေပြီး တစ်ယောက်ချင်းစီသည် တိုက်ခတ်နေသော လေညင်းကဲ့သို့ ပေါ့ပါးကာ မျက်စိတစ်မှိတ်အတွင်းထက်ပင် ပိုမိုမြန်ဆန်လှသည်။

ပထမဆုံး

အကြီးအကဲက ခုတ်ချလိုက်သော်လည်း သူ၏ ဓားသွားမှာ ပိုင်ကျီဟန်၏ ပုံရိပ်ယောင်ကိုသာ ဖြတ်သန်းသွားသည်။

ဒုတိယမြောက် အကြီးအကဲက ရှေ့သို့ ထိုးစိုက်လိုက်စဉ်မှာပင်

ပိုင်ကျီဟန်သည် သူ့ကို ပတ်၍ လှည့်ထွက်သွားပြီး သူ၏ ပါးပြင်ပေါ်တွင် ဓားရာတစ်ခု ထင်ကျန်ရစ်စေကာ ပျောက်ကွယ်သွားသည်။

"တောက်! ဒါလည်း အစစ်မဟုတ်ဘူး”

တတိယမြောက် အကြီးအကဲသည် ဟိန်းဟောက်ရင်း မိစ္ဆာဝဲဂယက်တစ်ခုကို ထုတ်လွှတ်လိုက်သော်လည်း

ပိုင်ကျီဟန်သည် ထိုသုံးဦးကို ထိုဝဲဂယက်ကြားမှ တစ်ပြိုင်နက်တည်း ဖြတ်သန်းသွားကြပြီး ဓားအလင်းတန်းများဖြင့် သူ့ကို မီတာ ဆယ်ဂဏန်းခန့် နောက်သို့ လွင့်စင်သွားစေသည်။

သူတို့ တိုက်ခိုက်လိုက်တိုင်း ပိုင်ကျီဟန်သည် ထိုနေရာတွင် မရှိတော့ပေ။

သူတို့ ကာကွယ်လိုက်တိုင်းမှာမူ

ပိုင်ကျီဟန်က ထိုနေရာသို့ ရောက်ရှိနေတတ်သည်။

သူ၏ ဓားမှာ ကသကဲ့သို့ လင်းလက်နေပြီး—

ချွမ်း

ချွမ်း

အသက်ရှူတစ်ချက်စာအတွင်းမှာပင် အကြီးအကဲ သုံးဦး၏ ဝတ်ရုံများ ဆုတ်ပြဲသွားပြီး ပုခုံး၊ နံရိုး သို့မဟုတ် လက်မောင်းများတွင် ဓားရာများမှ သွေးများ ပန်းထွက်လာတော့သည်။

ထို့နောက်—

"လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့် မပေးနဲ့! စစ်ဗျူဟာ ခင်းကြ”

မိစ္ဆာအကြီးအကဲ ဆယ်ဦးသည် သူတို့၏ နောက်ဆုံးလက်နက်ကို ထုတ်သုံးလိုက်ကြပြီး လေထုထဲတွင် အကြီးစား သတ်ဖြတ်ရေး အခင်းအကျင်းတစ်ခုကို ဖော်ဆောင်လိုက်ကြသည်။

သူတို့အကြားတွင် ကတ္တရာစေးကဲ့သို့ မည်းနက်သော ရှေးဟောင်းအက္ခရာ အလင်းတန်းများ ပေါ်ထွက်လာပြီး ပိုင်ကျီဟန်ကို လည်ပတ်နေသော မိစ္ဆာချီ အကျဉ်းအိမ်ထဲ၌ ပိတ်လှောင်လိုက်တော့သည်။

အောက်ခြေမှ ကြည့်မည်ဆိုလျှင် ကောင်းကင်ယံ၌ အမှောင်နေမင်းတစ်စင်း ပေါ်ထွက်လာသကဲ့သို့ပင်။

အခင်းအကျင်းသည် ပိုမို တင်းကျပ်လာသည်။

ပိုင်ကျီဟန်ပင်လျှင် ၎င်းကို ခံစားမိသည်။

ဤသည်မှာ မိစ္ဆာသားရဲများနှင့် လူသားများ၏ ကွာခြားချက်ပင် ဖြစ်သည်။

မိစ္ဆာသားရဲများ မည်မျှပင် စုစည်းပါစေ၊ လူသားများကဲ့သို့ စနစ်တကျ ပူးပေါင်းဆောင်ရွက်နိုင်ခြင်း မရှိပေ။

ဗလာသန့်စင်ခြင်းအဆင့် မိစ္ဆာအကြီးအကဲ ဆယ်ဦးမှာ တစ်ပြိုင်နက်တည်း ဟိန်းဟောက်လိုက်ကြပြီး မိစ္ဆာအက္ခရာများ တောက်လောင်လာစဉ်

အရပ်မျက်နှာအနှံ့မှ မည်းနက်သော သတ်ဖြတ်လိုစိတ် အရှိန်အဝါ လှိုင်းကြီးသည် ပိုင်ကျီဟန်ထံသို့ တရကြမ်း တိုးဝင်လာသည်။

သိပ်သည်းလှသော မိစ္ဆာချီ လှံတံများ၊

ချီဖြင့် ပြုလုပ်ထားသော ဓားသွားများ၊

ဝါးမျိုမည့် အမှောင်အစွယ်များနှင့် ဝိညာဉ်လက်နက်များကိုပင် တိုက်စားနိုင်သည့် ထူထပ်သော အဆိပ်ငွေ့ လက်သည်းများ။

စစ်မှန်သော သတ်ဖြတ်ရေးအခင်းအကျင်းပင် ဖြစ်သည်။

အရာအားလုံးကို အမှတ်တစ်ခုတည်းသို့ ပစ်မှတ်ထားထားသည် —

သူကတော့ ပိုင်ကျီဟန်ပင်

ဤတိုက်ကွက်မှာ ဝိညာဉ်ခွဲခြမ်းစိတ်ဖြာခြင်းအဆင့်အတွက် လိုအပ်သည်ထက် ပိုလွန်နေပြီး သာမန် မဟာကောင်းကင်ဘုံတက်ခြင်း အဆင့် ကျင့်ကြံသူများအတွက်ပင် အသုံးမပြုလောက်သော ပြင်းအားမျိုး ဖြစ်သည်။

ဤတိုက်ကွက်ပြီးနောက် မိစ္ဆာအကြီးအကဲ ဆယ်ဦးမှာလည်း သူတို့၏ ချီများ ကုန်ခမ်းသွားသဖြင့် ဆက်လက် တိုက်ခိုက်နိုင်မည် မဟုတ်တော့ပေ။

သို့သော် ၎င်းကပင် မိစ္ဆာကျင့်ကြံသူများဘက်မှ ပိုင်ကျီဟန်ကို မည်မျှအထိ ခြိမ်းခြောက်မှုကြီးတစ်ခုအဖြစ် မြင်နေသနည်းဆိုသည်ကို သက်သေပြနေခြင်း ဖြစ်သည်။

လူတစ်ယောက်တည်းကို ဦးတည်နေသော သတ်ဖြတ်လိုစိတ်များကြောင့် ကောင်းကင်ယံပင် မှောင်မိုက်သွားစဉ်—

"ထာဝရစီးဆင်းနေတဲ့ ရေလှိုင်းဓား”

လေထုကိုယ်တိုင်ကပင် ကွေးညွှတ်သွားသယောင် ရှိသည်။

တောက်ပသော ဓားအလင်းတန်းသည် သူ၏ ပတ်ပတ်လည်တွင် စမ်းရေအိုင်တစ်ခုမှသည် ကျယ်ပြောလှသော ဒီရေလှိုင်းကြီးတစ်ခုအဖြစ် ပြောင်းလဲကာ ပွင့်လန်းလာသည်။

ဝူးးးးး—

စက်ဝိုင်းပုံစံ ဓားချီလှိုင်းကြီးမှာ အပြင်ဘက်သို့ ပေါက်ကွဲထွက်လာသည်။

၎င်းမှာ အကြမ်းပတမ်း မဟုတ်သော်လည်း မည်သူမျှ မတားဆီးနိုင်သော အရှိန်မျိုး ဖြစ်သည်။

သူ့ထံသို့ ထိုးစိုက်လာသော မိစ္ဆာလှံတံတိုင်းသည် စီးဆင်းနေသော ဓားအလင်းနှင့် ထိသည်နှင့် ပြာအဖြစ် အရည်ပျော်သွားသည်။

အပြစ်ချီ လက်သည်းတိုင်းသည် ဘေးသို့ ဖယ်ထုတ်ခြင်း ခံလိုက်ရပြီး အန္တရာယ်မရှိသော လမ်းကြောင်းများသို့ လွဲဖယ်သွားသည်။

မိစ္ဆာမီးတောက်တိုင်းမှာလည်း ပိုင်ကျီဟန်ထံသို့ မရောက်မီမှာပင် ငြိမ်းသတ်ခြင်း ခံလိုက်ရသည်။ပိုင်ကျီဟန်၏ အေးချမ်းသော်လည်း ရပ်တန့်၍မရသော မြစ်ရေကဲ့သို့ ဓားချီကြောင့် ပူးပေါင်းသတ်ဖြတ်ရေးဗျူဟာကြီးပင်လျှင် ပြင်းထန်စွာ တုန်ခါသွားရသည်။

အကြီးအကဲ ဆယ်ဦး၏ မျက်လုံးများမှာ ပြူးကျယ်သွားကြ၏။

ပိုင်ကျီဟန် ရှေ့သို့ တစ်လှမ်းတိုးလိုက်သည်။

အခင်းအကျင်းထဲ၌ ရှိနေဆဲ ဖြစ်သော်လည်း သူသည် တိုက်ကွက်များကို ဒီအတိုင်းခံယူပြီး စောင့်နေရန် အစီအစဉ်မရှိပေ။

သူက သူ၏ ဓားကို ဘေးစောင်းလိုက်ပြီး ပြန်လည်တိုက်စစ်ဆင်ရန် ပြင်လိုက်သည်။

သို့သော်

"အခုပဲ”

ဘုန်းးးး—

မိစ္ဆာအကြီးအကဲများသည် ဤအခွင့်အရေးကို စောင့်နေခဲ့ခြင်း ဖြစ်သည်။ ပိုင်ကျီဟန်သည် သူတို့ တမင်ပြထားသော ဟာကွက်ကို ဝင်တိုက်သည့်အချိန်တွင် သူတို့က ပြန်လည်တိုက်ခိုက်လိုက်ကြသည်။

လက်သည်းချက်တစ်ခုက သူ၏ နံဘေးကို ခြစ်မိသွားပြီး သွေးများ လေထဲသို့ ပန်းထွက်သွားသည်။

မိစ္ဆာအကြီးအကဲ ဆယ်ဦးမှာ အောင်ပွဲခံသည့် အော်ဟစ်သံများဖြင့် ဆူညံသွားကြသည်။

"အဲဒါပဲ! သူ့ကို တည့်တည့်ထိသွားပြီ”

"ဖိအားပေးထားကြ..သူ ဒါကို ဆက်ပြီး မထိန်းထားနိုင်တော့ဘူး”

"ဟားဟားဟား၊ ငါတို့ သူ့ကို ထိသွားပြီ! နောက်ဆုံးတော့ ငါတို့—"

စကားမဆုံးမီမှာပင်—

တိုက်ခိုက်ခံရသည့် နေရာမှ ပိုင်ကျီဟန်၏ ပုံရိပ်ယောင်က ထွက်ပေါ်လာပြီး မျက်လုံးများမှာ အေးစက်နေ၏။

သူ၏ ဓားက အကြီးအကဲ၏ ရင်ဘတ်ကို အလွန်ပင် သေသပ်စွာ လှီးဖြတ်လိုက်သဖြင့် ဒဏ်ရာမှ သွေးပင် ချက်ချင်း ထွက်မလာပေ။

ထို့နောက်

ဖူး

သွေးများမှာ ရေပန်းတစ်ခုသဖွယ် ပန်းထွက်လာတော့သည်။

"အားးး”

ထိုအကြီးအကဲမှာ အော်ဟစ်ကာ နောက်သို့ လဲကျသွားသည်။

ပိုင်ကျီဟန်ကမူ သူ့ကို ကြည့်ပင်မကြည့်ပေ။ ကျန်ရှိသော အကြီးအကဲ ကိုးဦးမှာ တောင့်တင်းသွားကြသည်။ သူတို့၏ ရယ်သံများမှာ လည်ချောင်းထဲတွင်ပင် ပျောက်ကွယ်သွား၏။

ခဏတာမျှ— အရာအားလုံး တိတ်ဆိတ်သွားသည်။

"ဘယ်လိုလုပ်ပြီး...?"

"မဖြစ်နိုင်တာ... အဲဒီတိုက်ကွက်ကို သူက ထိပ်တိုက်ရင်ဆိုင်လိုက်တာလား”

သူတို့၏ ထိတ်လန့်မှုသည် အခင်းအကျင်းအတွင်း မိုးကြိုးသံကဲ့သို့ ပဲ့တင်ထပ်သွားသည်။

ပိုင်ကျီဟန်ကို တိုက်ခိုက်လိုက်သည့် အကြီးအကဲမှာ နောက်သို့ ယိုင်လဲသွားပြီး သူ၏ ရင်ဘတ်မှ ဒဏ်ရာကြီးကို ဖိထားရသည်။

သို့သော် ပိုင်ကျီဟန်မှာမူ?

သူသည် နဂိုရှိနေသည့် နေရာတွင်ပင် မတ်တပ်ရပ်နေ၏။

တုန်ယင်ခြင်း မရှိပေ

နာကျင်သည့် အရိပ်အယောင်မျှပင် မျက်နှာတွင် မရှိပေ။

သူ၏ ဝတ်ရုံမှာ တုန်ခါမှုလှိုင်းကြောင့် လွင့်နေသော်လည်း သွေးတစ်စက်ပင် စွန်းထင်ခြင်း မရှိပေ။

သူတို့ ပေးလိုက်နိုင်ပြီဟု ထင်ထားသော ဒဏ်ရာမှာ—

ပျောက်ကွယ်သွားပြီ ဖြစ်သည်။

လုံးဝ ပျောက်ကွယ်သွားပြီ။

ဘာမှ မထိခဲ့သကဲ့သို့ပင်။

ပိုင်ကျီဟန်သည် သာမန်လူများကို ငုံ့ကြည့်နေသော မရှုံးနိမ့်နိုင်သည့် ဧကရာဇ်တစ်ပါးကဲ့သို့ မတ်တပ်ရပ်နေ၏။

"လာလေ၊" ပိုင်ကျီဟန်က စိန်ခေါ်လိုက်သည်။

"ငါတို့ ဆက်တိုက်ရအောင်”

All Chapters