မိုကျွင်း (မိစ္ဆာအရှင်သခင်)
Vol. 26 Ch. 390
နောက်တစ်နေ့သည် နိမိတ်မကောင်းသော ကောင်းကင်ယံအောက်တွင် ရောက်ရှိလာခဲ့သည်။
အရုဏ်ဦး စတင်ပျိုးသည့် အချိန်မှစ၍ မိစ္ဆာသားရဲများ ရောက်ရှိလာကြောင်း သတိပေးခေါင်းလောင်းသံများ ဟိန်းထွက်လာခဲ့သည်။
တိုက်ပွဲနယ်မြေ၏ တစ်လျှောက်လုံးတွင် ကျင့်ကြံသူများသည် လက်နက်များကိုယ်စီကိုင်စွဲလျက် တင်းမာသော တိတ်ဆိတ်မှုဖြင့် ရပ်နေကြသည်။
လူအများစုမှာ တစ်ညလုံး အိပ်မပျော်ခဲ့ကြပေ။ အိပ်စက်ခွင့်ရခဲ့သူများမှာလည်း အနည်းငယ်သော လှုပ်ရှားမှုကြောင့်ပင် လန့်နိုးနေကြပြီး၊ သူတို့၏ စိတ်အစဉ်မှာ သွေးချောင်းစီးသံများနှင့် အော်ဟစ်သံများကြားတွင် ပိတ်မိနေဆဲ ဖြစ်သည်။
သူတို့သည် အလောင်းများကို ရှင်းလင်း၍ပင် မပြီးသေးပေ။
သေဆုံးသူစာရင်းကိုပင် အကုန်အစင် မရေတွက်ရသေး...
သို့သော်လည်း—
မိစ္ဆာသားရဲများ ထပ်မံ ရောက်ရှိလာပြန်ပြီ ဖြစ်သည်။
ဝေါးးးးးးးး
နိမ့်ရှိုင်းပြီး တုန်ခါနေသော ဟိန်းဟောက်သံကြီးက မိုးကုပ်စက်ဝိုင်း တစ်လျှောက် လှိမ့်တက်လာပြီး ဝေးကွာသော မိုးခြိမ်းသံကဲ့သို့ မြေပြင်ကို တုန်ခါသွားစေသည်။ အသက်ရှုသံ တစ်ချက်ချင်းစီတိုင်းတွင် ထိုအသံမှာ ပိုမိုကျယ်လောင်လာပြီး နောက်ဆုံးတွင် မြေပြင်ကြီးကိုယ်တိုင် သိသိသာသာ တုန်ခါလာတော့သည်။
"သူတို့ ထပ်ပြီး တိုက်ခိုက်လာပြန်ပြီလား”
ဒေါသနှင့် မယုံကြည်မှုများ ရောပြွမ်းနေသော အော်ဟစ်သံများက တပ်ရင်းများအတွင်း ပျံ့နှံ့သွားသည်။
"တစ်ရက်တည်းနဲ့လား”
"သူတို့ ရူးသွားကြပြီလား”
ဤတစ်ကြိမ်တွင်တော့ မကျေနပ်ချက်များမှာ ပွင့်ပွင့်လင်းလင်းပင် ထွက်ပေါ်လာတော့သည်။ ကျင့်ကြံသူများသည် နွမ်းနယ်မှုကြောင့် ဖြူဖျော့နေသော မျက်နှာများ၊ အိပ်ရေးပျက်မှုကြောင့် နီရဲနေသော မျက်လုံးများဖြင့် သူတို့၏ လက်နက်များကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားကြသည်။
"ငါတို့ နားဖို့တောင် အချိန်မရသေးဘူး”
"ငါတို့ရဲ့ ကျင့်စဉ်စွမ်းအင်ချီတွေတောင် ပြန်ပြီး မတည်ငြိမ်သေးဘူးလေ”
အချို့က ကျိန်ဆဲနေကြပြီး၊ အချို့ကမူ ခါးသီးစွာ ရယ်မောနေကြသည်။
"သူတို့က ငါတို့ကို အသက်ရှုဖို့တောင် အချိန်ပေးဖို့ အစီအစဉ် မရှိဘူးပဲ..."
သို့သော် ထိုနွမ်းနယ်မှုများ၏ အောက်တွင်—
ပြင်းထန်သော ဒေါသများ ကိန်းအောင်းနေသည်။ ကျူးကျော်မှုကြောင့် ဒေါသထွက်နေကြသည့်အပြင် အခုကဲ့သို့ အနားယူချိန်ပင် မပေးဘဲ ထပ်မံတိုက်ခိုက်လာခြင်းကြောင့် သူတို့ ပို၍ပင် ပေါက်ကွဲနေကြပြီဖြစ်သည်။
"ကောင်းတယ်.. ငါလည်း ဒေါသထွက်နေတာနဲ့ အတော်ပဲ။"
"မနေ့က ကိစ္စအတွက် သူတို့ ပြန်ပေးဆပ်ရမယ်။ တစ်ကောင်မကျန် ပြန်ပေးဆပ်ရမယ်။"
သို့သော် ၎င်းတို့မှာ သားရဲများချည်းသာ မဟုတ်ပေ။
မိစ္ဆာကျင့်ကြံသူများသည်လည်း ဖုံးကွယ်ထားခြင်း အလျဉ်းမရှိဘဲ မြင်ကွင်းထဲသို့ လှမ်းဝင်လာကြလေတော့သည်။
ခဏတာမျှ တိုက်ပွဲမြေပြင်တစ်ခုလုံးမှာ အံ့အားသင့်ဖွယ်ရာ တိတ်ဆိတ်မှုက လွှမ်းမိုးသွားသည်။
ထို့နောက်—
တစ်စုံတစ်ဦးက နှာခေါင်းရှုံ့ကာ လှောင်ရယ်လိုက်သည်။
"အို... နောက်ဆုံးတော့ သူတို့မျက်နှာတွေ ပြရဲပြီပေါ့?"
"ဒီလူကြောက်တွေက ပုန်းမနေတော့ဖို့ ဆုံးဖြတ်လိုက်ကြတာလား?"
တင်းမာမှုများရှိနေသော်လည်း အခြားအသံများစွာကလည်း ထက်ရှသော လှောင်ပြောင်သံများဖြင့် ပါဝင်လာကြသည်။
"ဘာလဲ... မနေ့က မင်းတို့ကို ငါတို့ သတိမထားမိမှာ ကြောက်နေတာလား?"
"နောက်ဆုံးတော့ ထွက်လာပြီပေါ့ ဟုတ်လား?"
"ပုန်းတမ်းကစားရတာ ငြီးငွေ့သွားလို့ ဖြစ်မှာပါ”
သူတို့ကိုယ်သူတို့ ထုတ်ဖော်ပြသလိုက်သော်လည်း မိစ္ဆာကျင့်ကြံသူများသည် ချက်ချင်း တိုက်ခိုက်ခြင်းမရှိသေးပေ။
၎င်းတို့သည် တစ်စုံတစ်ခုကို စောင့်ဆိုင်းနေသကဲ့သို့ ငြိမ်သက်စွာ ရပ်နေကြသည်။
ထိုအခြေအနေကပင် စိုးရိမ်ထိတ်လန့်မှုကို အမှန်တကယ် ပျံ့နှံ့စေခဲ့သည်။
ကောင်းကင်အင်ပါယာ၏ တပ်ရင်းများအတွင်းတွင် စိုးရိမ်တကြီး တိုးတိုးတိတ်တိတ် ပြောသံများ ထွက်ပေါ်လာသည်။
"သူတို့ ဘာလို့ မလှုပ်ရှားကြတာလဲ?"
"အချိန်ဆွဲနေတာလား?"
"မိစ္ဆာကျင့်ကြံသူတွေက အကွက်ချပြီး နောက်ဆုတ်နေတာက ဖြစ်နိုင်ပေမဲ့၊ မိစ္ဆာသားရဲတွေကပါ ဘာလို့ အတင်းဝင်မတိုက်တာလဲ?"
၎င်းမှာ အဆန်းကြယ်ဆုံး အချက်ပင် ဖြစ်သည်။
သွေးဆာမှုနှင့် ဗီဇစိတ်တို့ဖြင့် မောင်းနှင်နေသော မိစ္ဆာသားရဲများသည် ပုံမှန်မဟုတ်ဘဲ ထိန်းချုပ်ခံထားရသည့်အလား ငြိမ်သက်နေကြသည်။
သူတို့၏ ထွားကြိုင်းလှသော ကိုယ်ထည်ကြီးများသည် တိုက်ပွဲမြေပြင်တစ်ခွင်တွင် မိုးမောက်နေပြီး လက်သည်းများမှာ မြေကြီးထဲသို့ နစ်ဝင်နေကာ အစွယ်များကို ထုတ်ပြထားသော်လည်း လုံးဝ မလှုပ်ရှားကြပေ။
သူတို့သည်လည်း တစ်စုံတစ်ခုကို စောင့်ဆိုင်းနေကြသည့်အလား။
ထို့နောက်—
အရာအားလုံး ပြောင်းလဲသွားတော့သည်။
လေထုကြီးတစ်ခုလုံး အက်ကွဲသွားသကဲ့သို့ ခံစားလိုက်ရသည်။ သတိပေးချက်မရှိဘဲ ကျရောက်လာသော ဖိအားမှာ ကြီးမားလွန်းပြီး အသက်ရှုကျပ်မတတ် အကြွင်းမဲ့ လွှမ်းမိုးထားသည်။
၎င်းမှာ အင်မော်တယ်အဆင့် စွမ်းအင်ပင် ဖြစ်သည်။ အားနည်းသော စွမ်းအင်မျိုး မဟုတ်ပေ။ ထိန်းချုပ်ထားသော စွမ်းအင်မျိုးလည်း မဟုတ်ပေ။ အစွမ်းကုန် လွှမ်းမိုးချုပ်ကိုင်ထားသည့် စွမ်းအင်မျိုး ဖြစ်သည်။
ကောင်းကင်ယံကြီးမှာ နိမ့်ဆင်းလာသကဲ့သို့ ထင်ရပြီး တိမ်တိုက်များမှာလည်း မမြင်ရသော လက်ကြီးတစ်ဖက်ဖြင့် ဖိခြေခံလိုက်ရသလို ကျုံ့ဝင်သွားသည်။
ရေတွက်၍မရသော ကျင့်ကြံသူအများအပြားမှာ ဒူးများ ညွတ်ခွေသွားကြပြီး မမြင်ရသော တောင်ကြီးတစ်လုံးက သူတို့အပေါ် ဖိချထားသကဲ့သို့ ရင်ဘတ်များ ကျပ်တည်းလာကြလေတော့သည်။
မည်သူမျှ တုံ့ပြန်နိုင်ခြင်းမရှိမီမှာပင်—
မိစ္ဆာသားရဲများ စတင်လှုပ်ရှားလာကြသည်။ ၎င်းတို့သည် သူတို့၏ ဦးခေါင်းများကို နှိမ့်ချလိုက်ကြသည်။
အထူးတပ်ဖွဲ့ဝင်များကိုပင် ထိုးဖွဲဖျက်ဆီးပစ်နိုင်သည့် ထွားကြိုင်းကြမ်းတုတ်သော ထိုသားရဲကြီးများသည် ဘုရင်တစ်ပါးကို ဂါရဝပြုသည့် လက်အောက်ခံများကဲ့သို့ တစ်ညီတစ်ညွတ်တည်း ဦးညွှတ်လိုက်ကြသည်။
မိစ္ဆာသားရဲအုပ်ကြီး၏ နောက်ကွယ်မှ ကြီးမားထွားကျိုင်းလှသော အရိပ်အယောင်များ ထွက်ပေါ်လာသည်။ ၎င်းတို့၏ စွမ်းအင်အရှိန်အဝါများမှာ ရှေးကျပြီး ရက်စက်ကြမ်းကြုတ်ကာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် သန့်စင်နေသည်။
အင်မော်တယ်အဆင့် မိစ္ဆာသားရဲများ!
ခြေတစ်လှမ်းချင်းစီတိုင်းက တိုက်ပွဲမြေပြင်ကို တုန်ခါသွားစေပြီး ၎င်းတို့၏ ကိုယ်အလေးချိန်အောက်တွင် မြေပြင်မှာ အက်ကွဲသွားသည်။
၎င်းတို့၏ မျက်လုံးများတွင် သာမန်သားရဲများထက် သာလွန်သော အသိဉာဏ်များဖြင့် တောက်ပနေပြီး အေးစက်ကာ တွက်ချက်တတ်သည့် သားရဲကြီးများ၏ အရိပ်အယောင်များ ပေါ်လွင်နေသည်။
တီးတိုးပြောဆိုသံများ ချက်ချင်း ငြိမ်သက်သွားသည်။
သို့သော် တုန်လှုပ်စရာများက ထိုမျှနှင့် မပြီးသေးပေ။
မိစ္ဆာကျင့်ကြံသူများ၏ တန်းစီထားသော အဆင့်များထဲမှလည်း လူရိပ်အချို့ ရှေ့သို့ တိုးထွက်လာကြသည်။
သူတို့၏ လှုပ်ရှားမှုများမှာ တည်ငြိမ်ပြီး အေးဆေးလှသည်။ မိစ္ဆာစွမ်းအင်များမှာလည်း သူတို့၏ ပတ်ဝန်းကျင်တွင် ကြမ်းတမ်းစွာ လှည့်ပတ်နေခြင်း မရှိတော့ဘဲ၊ အာကာသကိုပင် ပုံပျက်သွားစေနိုင်လောက်အောင် အထူးပင် သိပ်သည်းကာ အပြည့်အဝ ထိန်းချုပ်ထားနိုင်သည့် အခြေအနေသို့ ရောက်ရှိနေသည်။
အင်မော်တယ်အဆင့် မိစ္ဆာကျင့်ကြံသူများ
ထိုအမှန်တရားကို သိရှိသွားခြင်းက လူတိုင်းကို တူဖြင့် အထုခံလိုက်ရသကဲ့သို့ ခံစားသွားစေသည်။
"ဒါကြောင့်... သူတို့ ဒါကို စောင့်နေကြတာကိုး။"
တိုက်ပွဲမြေပြင်တစ်ခုလုံးတွင် သတိပေးသံများ ဟိန်းထွက်သွားသည်။ မြင့်မားသော ကောင်းကင်ယံထက်တွင်လည်း ပြန်လည်တုံ့ပြန်သည့် အနေဖြင့် အားကောင်းသော စွမ်းအင်အရှိန်အဝါများ မြင့်တက်လာသည်။
ကောင်းကင်အင်ပါယာဘက်မှလည်း တစ်ဦးပြီးတစ်ဦး ဝေဟင်ထက်သို့ ပျံတက်လာကြသည်။
အင်မော်တယ်အဆင့် ကျင့်ကြံသူများ မိမိတို့၏ ကိုယ်ယောင်ကိုယ်ဝါများကို ထုတ်ဖော်ပြသလိုက်သည့်အခါ တရားသော ချီနှင့် မိစ္ဆာစွမ်းအင်တို့ ထိပ်တိုက်တွေ့ဆုံကာ တုန်ခါနေသော တိုက်ပွဲမြေပြင်ကို ပြန်လည်တည်ငြိမ်သွားစေသည်။
"ကြည့်ရတာ သူတို့ အတည်ကြီး လုပ်တော့မယ့်ပုံပဲ" ပိုင်ရမ်သည် သူ၏ မျက်နှာပေါ်တွင် ပြုံးစိစိဖြင့် ရေရွတ်လိုက်သည်။
သူသည် ယခင်က ရင်ဆိုင်ခဲ့ဖူးသော ကုံးယောင်အပါအဝင် မိစ္ဆာကျင့်ကြံသူများကို စိုက်ကြည့်နေသည်။
ကုံးယောင်၏ ဘေးတွင် အခြားသော အင်မော်တယ်အဆင့်ရှိသူ နှစ်ဦးလည်း ရှိနေပြီး ထိုအထဲတွင် မိစ္ဆာကျင့်ကြံသူများ၏ အရှင်သခင်ကိုယ်တိုင်ဖြစ်သော — မိုကျွင်း
၎င်းက မိစ္ဆာကျင့်ကြံသူများဘက်က အင်အားသာရှိသေးသည်။
မိစ္ဆာသားရဲများဘက်တွင်လည်း အင်မော်တယ်အဆင့် သားရဲအများအပြား ထွက်ပေါ်လာသည်။ ထိုအထဲတွင် အထင်ရှားဆုံးတစ်ခုမှာ ဧရာမ ချီလင်းသားရဲတစ်ပိုင်း သတ္တဝါကြီးဖြစ်သည်။
၎င်းမှာ ချီလင်းနှင့် ဆင်တူသော်လည်း သွေးစစ်မဟုတ်သည်မှာ သိသာလှသည် — ချီလင်းသွေးနှော စီးဆင်းနေသော ကောင်းကင်သားရဲတစ်မျိုးပင်။ ၎င်း၏ တည်ရှိမှုကပင် လူသားရော သားရဲများကိုပါ တုန်လှုပ်ခြောက်ခြားသွားစေရန် လုံလောက်လှသည်။
ထွားကျိုင်းလှသော မိစ္ဆာသားရဲတိုင်းသည် ထိုသတ္တဝါကြီး၏ ရှေ့တွင် ဦးညွှတ်လိုက်ကြသည်မှာ ဘာသာရေးအရ ရိုသေကိုင်းရှိုင်းမှုတစ်ခုကဲ့သို့ပင် အလွန်တရာ စည်းစနစ်ကျလှသည်။
ဤကဲ့သို့သော စည်းကမ်းရှိမှုမျိုးမှာ အလွန်ရှားပါးသော်လည်း၊ အင်အားကြီးသားရဲများက ဘာကြောင့် မေးခွန်းထုတ်စရာမလိုဘဲ အမိန့်နာခံနေကြသနည်းဆိုသည့် အဖြေမှာ ရှင်းလင်းသွားသည်။
သူတို့အလယ်တွင် ရှိနေသော သတ္တဝါမှာ သာမန်သားရဲမဟုတ်ဘဲ ချီလင်းသွေးမျိုးဆက် တစ်ခုဖြစ်ပြီး၊ အရိုင်းအစိုင်းများကိုပင် ၎င်း၏အလိုကျ ညွှတ်တွဲသွားစေနိုင်သည့် ဘုန်းအာနုဘော်နှင့် အာဏာစက်များ ထွက်ပေါ်နေသောကြောင့်ပင်။
မိစ္ဆာသားရဲများဟူသည် သွေးမျိုးဆက်ပေါ်မူတည်၍ သတ်မှတ်ခံရသော သတ္တဝါများဖြစ်သည်။
ခွန်အား၊ ဗီဇနှင့် လွှမ်းမိုးချုပ်ကိုင်မှုအားလုံးမှာ ကျင့်စဉ်စွမ်းအားကဲ့သို့ပင် မျိုးရိုးသွေးမှ စီးဆင်းလာခြင်းဖြစ်သည်။
၎င်းတို့ထဲမှ အင်အားအကြီးဆုံးသော သားရဲများသည် မိမိတို့၏ တည်ရှိမှုနှင့် မျိုးရိုးဂုဏ်ကြောင့်ပင် နိမ့်ကျသော သားရဲများကို အလိုအလျောက် အမိန့်နာခံစေနိုင်သည်။
ယခု သူတို့ရှေ့မှ ချီလင်းတစ်ပိုင်း သတ္တဝါကြီးမှာမူ...
၎င်း၏ သွေးမျိုးဆက်မှာ အရာအားလုံးပင်။ ၎င်း၏ အာဏာစက်မှာ အကြွင်းမဲ့ဖြစ်ပြီး ခွန်အားမှာလည်း တိုင်းတာ၍မရနိုင်ပေ။ ထို့ကြောင့်လည်း ကြောက်မက်ဖွယ်ကောင်းလှသော အခြားမိစ္ဆာသားရဲများမှာ ဝေခွဲမနေဘဲ နာခံကြခြင်းဖြစ်ပြီး ၎င်း၏ အမိန့်အောက်တွင် အထူးတပ်ဖွဲ့ဝင် စစ်သည်များကဲ့သို့ စည်းစနစ်ကျကျ လှုပ်ရှားနေကြခြင်း ဖြစ်သည်။
ဟိန်းဟောက်သံမရှိ၊ တုံ့ဆိုင်းမှုမရှိ၊ ပုန်ကန်မှုမရှိ — မဆန့်ကျင်နိုင်သော၊ မလွန်ဆန်နိုင်သော အရှင်သခင်တစ်ပါးအောက်တွင် သတ္တဝါများ၏ တိတ်ဆိတ်ပြီး သေမင်းတမျှ ကြောက်မက်ဖွယ်ကောင်းသော ညီညွတ်မှုသာ ရှိတော့သည်။
ထို့နောက် ထိုသတ္တဝါကြီးက စကားပြောလာသည်။
ဟိန်းဟောက်သံ သို့မဟုတ် ဟောက်သံမျိုးဖြင့် မဟုတ်ဘဲ နက်ရှိုင်း၍ ပဲ့တင်ထပ်ကာ ကြောက်မက် ဖွယ်ကောင်းလောက်အောင် အသိဉာဏ် မြင့်မားလှသော အသံဖြင့် တိုက်ပွဲမြေပြင်တစ်ခုလုံးသို့ ပျံ့လွင့်သွားသည်။
ထိုအသံမှာ အရိုးများ၊ မြေပြင်နှင့် ကောင်းကင်ယံတို့ကို တုန်ခါသွားစေပြီး ကြားရသူတိုင်း၏ နှလုံးသားကို အေးခဲသွားစေသည်။
"လူသားတို့..."
ထိုစကားလုံးများမှာ မလွှဲမရှောင်သာသော ကံကြမ္မာနှင့် အပြီးသတ် စီရင်ချက်ကဲ့သို့ အလေးအနက် ရှိလှသည်။
"မင်းတို့ရဲ့ အသက်တွေ၊ သွေးတွေ၊ မြေတွေ... အားလုံးဟာ ငါသိမ်းပိုက်ဖို့အတွက်ပဲ..."
တင်းမာလှသော ခေတ္တရပ်နားမှုတစ်ခု ဖြစ်ပေါ်သွားသည်။ ကျင့်ကြံသူများသည် မျက်လုံးများ ပြူးကျယ်လျက် လက်နက်များကို တင်းတင်းဆုပ်ကာ တောင့်တင်းသွားကြသည်။ တိုက်ပွဲပေါင်းများစွာ ကြုံဖူးသော စစ်သည်တော်များပင်လျှင် မိမိတို့အပေါ် ဖိနှိပ်ထားသော အာဏာစက်၏ ဖိအားကို ခံစားနေရသည်။
"ဒါပေမဲ့ ငါ မင်းတို့ကို နောက်ဆုံးအခွင့်အရေးတစ်ခု ပေးမယ်" ချီလင်းမျိုးဆက်က ဆက်ပြောလိုက်ပြီး ၎င်း၏ အကြည့်မှာ လူသားအုပ်ကြီးအပေါ်သို့ မုန်တိုင်းတစ်ခုကဲ့သို့ ဝေ့ဝဲသွားသည်။
"လက်နက်ချရင် အသက်ချမ်းသာခွင့် ပေးနိုင်တယ်။ ခုခံမယ်ဆိုရင်တော့ နောက်နေ့ နေထွက်တာကို ဘယ်သူမှ မြင်ခွင့်ရမှာ မဟုတ်ဘူး။"