အရန်တပ်ဖွဲ့များ ချီတက်လာချိန်
Vol. 26 Ch. 385
တူကုလျန်ရှင်း တစ်ကိုယ်လုံး ယိုင်နဲ့သွားတော့သည်။
သူမ၏ အမြင်အာရုံများ ဝေဝါးနေ၏။
သူမ၏ အကြောအခြင်များထဲသို့ စိမ့်ဝင်နေသော ရေခဲချီများကြောင့် လက်ချောင်းများ ထုံကျင်လာကာ တံစဉ်ကို ကိုင်ထားသည့် လက်မှာ အားလျော့သွားရသည်။
ပိုင်ရွှယ်ချင်းသည် သူမ၏ရှေ့တွင် တည်ငြိမ်အေးစက်စွာဖြင့် အသာအယာ ဆင်းသက်လိုက်သည်။
သူမသည် အဆုံးသတ်တိုက်ကွက်အတွက် ဓားကို မြှောက်လိုက်၏။
"နင် ရှုံးပြီ”
တူကုလျန်ရှင်း၏ သူငယ်အိမ်များ တုန်လှုပ်သွားသည်။
သူမသည် မိစ္ဆာချီကို ဆင့်ခေါ်ရန် ကြိုးစားသော်လည်း သူမ၏ စွမ်းအင်စုရပ်မှာ ပိုင်ရွှယ်ချင်း၏ နောက်ဆုံးတိုက်ကွက်ကြောင့် အေးခဲနေပြီ ဖြစ်သည်။
သူမ၏အပေါ်တွင် သေမင်း၏အရိပ်က လွှမ်းမိုးလာတော့သည်။
ပိုင်ရွှယ်ချင်း၏ ဓားသွားမှာ ပြတ်သားစွာ ကျဆင်းလာခဲ့သည်
ရွှမ်
သို့သော် ဓားသွားမှာ သူမ၏ ပစ်မှတ်သို့ ရောက်မသွားခဲ့ပေ။
ဘုန်းးးးး
သူမတို့နှစ်ဦးကြားတွင် ကြီးမားလှသော စွမ်းအားတစ်ခု ပေါက်ကွဲထွက်လာပြီး ပိုင်ရွှယ်ချင်းကို မီတာ ဆယ်ဂဏန်းခန့်အထိ လွင့်ထွက်သွားစေသည်။ မြေပြင်မှာ အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားပြီး ကြီးမားသော ချိုင့်ခွက်ကြီးတစ်ခု ဖြစ်ပေါ်သွားတော့သည်။
သတ်ဖြတ်ခြင်းဝိညာဉ်တစ်ခုကဲ့သို့ ထွားကြိုင်းသော ပုံရိပ်တစ်ခုမှာ သူတော်စင်မ၏ ရှေ့တွင် ပေါ်ထွက်လာသည်။
သူကား အပြစ်တစ်ရာခန်းမ၏ ဗလာသန့်စင်ခြင်းအဆင့် အကြီးအကဲတစ်ဦးပင် ဖြစ်သည်။
တူကုလျန်ရှင်း သွေးအန်လိုက်ရ၏။
"အ... အကြီးအကဲ..."
ထိုအကြီးအကဲ၏ အသံမှာ နာရေးစည်တော်သံကဲ့သို့ ဟိန်းထွက်လာသည်။
"သူတော်စင်မ၊ နောက်ဆုတ်လိုက်ပါ”
ထို့နောက် သူ၏အကြည့်မှာ ပိုင်ရွှယ်ချင်းထံသို့ ရောက်ရှိသွားပြီး သတ်ဖြတ်လိုသော အရှိန်အဝါမှာ ဒီရေလှိုင်းကဲ့သို့ မြင့်တက်လာသည်။
သူသည် စကားဖြင့် ဖော်ပြ၍မရလောက်အောင် ထိတ်လန့်သွားရ၏။ သူတို့၏ အတော်ဆုံး ပါရမီရှင်တစ်ဦးသည် သူမထက် ငယ်ရွယ်သူတစ်ဦးကို အချိန်အကြာကြီးပင် မခံနိုင်ဘဲ ရှုံးနိမ့်သွားသည် မဟုတ်ပါလော။
ပိုင်ရွှယ်ချင်းက သူတို့၏ သူတော်စင်မ တူကုလျန်ရှင်းကို ဤမျှတိုတောင်းသော အချိန်အတွင်း သတ်လုနီးပါးအထိ လုပ်နိုင်လိမ့်မည်ဟု မိစ္ဆာကျင့်ကြံသူ မည်သူမျှ မထင်မှတ်ထားခဲ့ကြပေ။
ပိုင်ကျီဟန်ကတော့ တစ်ကဏ္ဍထားဦး၊ ပိုင်ရွှယ်ချင်းကပါ ဤမျှ စွမ်းအားကြီးနေသည်ကို သိလိုက်ရသည့်အတွက် ဤမိစ္ဆာအကြီးအကဲမှာ သူမကို ယခုပင် သတ်ပစ်ရမည်ဟု ဆုံးဖြတ်လိုက်သည်။ မဟုတ်ပါက သူမသည် နောက်ထပ် ပိုင်ကျီဟန် တစ်ယောက် ဖြစ်လာနိုင်သောကြောင့်ပင်။
သူ ရှေ့သို့ တစ်လှမ်းတိုးလိုက်ရာ သူ၏ပတ်ပတ်လည်ရှိ လေထုမှာ မိစ္ဆာချီများကြောင့် လိမ်ရှုံ့သွားတော့သည်။
သူ၏ ပုံရိပ်မှာ ဝေဝါးသွားပြီး—
လက်သည်းပုံစံ ပြုလုပ်ထားသော လက်တစ်ဖက်က ပိုင်ရွှယ်ချင်း၏ လည်ပင်းထံသို့ ထိုးထွက်လာသည်။
ထိုလက်သည်းနှင့် ထိတွေ့သော ဟင်းလင်းပြင်မှာပင် ဆုတ်ပြဲသွားရ၏။
သို့သော်
ချွမ်းးးးး
အခြားသော စွမ်းအားတစ်ခုက မိစ္ဆာအကြီးအကဲ၏ တိုက်ကွက်ကို ပြင်းထန်စွာ ဝင်ရောက်တားဆီးလိုက်ရာ ကောင်းကင်ယံပင် အက်ကွဲသွားသယောင် ရှိသည်။
သူတို့နှစ်ဦးကြားတွင် ပုံရိပ်တစ်ခု ပေါ်လာသည်— သူကား ပိုင်မျိုးနွယ်စု၏ အကြီးအကဲ ပိုင်ဝေ ပင် ဖြစ်သည်။
သူက သူ၏လက်ကောက်ဝတ်ကို တစ်ချက်ခါလိုက်ရာ ဓားတစ်လက်မှာ ဝင်းခနဲ ပေါ်ထွက်လာတော့သည်။
သွယ်လျရှည်လျားသော ဓားရှည်တစ်လက်ဖြစ်ပြီး ၎င်း၏ ဓားသွားသည် ရစ်ပတ်နေသော နဂါးချီများကြောင့် တုန်ခါမြည်ဟီးနေသည်။
မိစ္ဆာအကြီးအကဲ တုံ့ပြန်ရန် အချိန်မရမီမှာပင်—
ရွှမ်
ဓားအလင်းတန်း တစ်ချက် ဝေ့ယမ်းထွက်လာသည်။
မိစ္ဆာအကြီးအကဲ၏ သူငယ်အိမ်များ ကျုံ့သွားတော့သည်။
သို့သော် သူသည် နောက်ဆုံးစက္ကန့်တွင် အကာအကွယ်အတားအဆီးတစ်ခုကို အတင်းအဓမ္မ ဖန်တီးလိုက်နိုင်၏။
ဘုန်းးးးး
ရိုက်ခတ်မှုမှာ ကြယ်တစ်စင်း ပြိုကွဲသွားသကဲ့သို့ ပြင်းထန်လှသည်။
မိစ္ဆာအကြီးအကဲမှာ နောက်သို့ လွင့်စင်ဆုတ်ခွာသွားရပြီး—
ခြေလှမ်းသုံးလှမ်းအထိ ယိုင်သွားသည်။
သူ၏ ဖိနပ်များမှာ အေးခဲနေသော မြေပြင်ထက်တွင် မြောင်းကြီးများ ထင်ကျန်ရစ်စေပြီးမှ အနိုင်နိုင် ပြန်လည်တည်ငြိမ်သွားသော်လည်း သူ၏ အကြောအခြင်များထဲတွင် မိစ္ဆာချီများမှာ ကစဉ့်ကလျား တုန်ခါနေတော့သည်။
ပိုင်ဝေက သူ၏ ဓားကို အောက်သို့ အသာအယာ ချလိုက်ပြီး ဓားဦးဖျားမှ လေထုကို ပုတ်ခတ်နေပုံမှာ ထိထိရောက်ရောက် မတိုက်ခိုက်လိုက်ရသဖြင့် စိတ်ပျက်နေသယောင်ပင်။
"မျိုးဆက်သစ် လူငယ်တွေရဲ့ တိုက်ပွဲကို ဝင်နှောင့်ယှက်တာလား?"
သူက လှောင်ပြောင်သည့် လေသံဖြင့် မေးလိုက်သည်။
"အဘိုးကြီး... မင်းမှာ အရှက်ဆိုတာရော ကျန်သေးရဲ့လား?"
မိစ္ဆာအကြီးအကဲ၏ မျက်နှာမှာ ရှုံ့မဲ့သွားတော့သည်။
"မင်း..”
ပိုင်မျိုးနွယ်စု အကြီးအကဲက လှောင်ပြောင်မှုများ အပြည့်ဖြင့် ဆက်ပြောလိုက်သည် -
"ဒီမိန်းကလေး နှစ်ယောက်စလုံးက သူတို့မျိုးဆက်ရဲ့ အထွတ်အထိပ် ပါရမီရှင်တွေပဲ။ ဒါကို မင်းတို့ရဲ့ သူတော်စင်မက မယှဉ်နိုင်တာနဲ့ပဲ မင်းက ဝင်ရှုပ်တာလား?"
သူက နားတွင် လက်ဝါးကပ်ကာ ပြက်လုံးထုတ်သကဲ့သို့ လုပ်ပြလိုက်သည်။
"ပြောစမ်းပါဦး... မင်းတို့ မိစ္ဆာကျင့်ကြံသူတွေက ဒီလောက်တောင် အားနည်းသွားကြတာလား?"
ပတ်ဝန်းကျင်ရှိ မိစ္ဆာကျင့်ကြံသူများထံမှ ဒေါသတကြီး အော်ဟစ်သံများ ထွက်ပေါ်လာသည်။
"မင်း ရဲလှချည်လား—“
"ပိုင်မျိုးနွယ် ခွေးအိုကြီး”
"သေချင်နေတာပဲ”
မိစ္ဆာအကြီးအကဲ၏ သတ်ဖြတ်လိုသော အရှိန်အဝါမှာ ပေါက်ကွဲထွက်လာပြီး သူ၏ အသံမှာ မိုးကြိုးသံကဲ့သို့ ဟိန်းထွက်လာသည်။
"ငါတို့ရဲ့ သူတော်စင်မက အပြစ်တစ်ရာခန်းမရဲ့ ပင်မမဏ္ဍိုင်ပဲ၊ မင်းတို့ လူငယ်ရဲ့ အပေါစား လှည့်ကွက်ကြောင့် ငါတို့ သူတော်စင်မ အလစ်အငိုက်မိသွားတာကို ကြည့်ပြီး ငါက အသေခံလိမ့်မယ်လို့ ထင်နေတာလား?"
ပိုင်ဝေက နှာခေါင်းတစ်ချက် ရှုံ့လိုက်၏
"အေးပါ၊ အေးပါ။ လမ်းဘေးက ခွေးတစ်ကောင်တောင် မင်းထက် ပိုကောင်းတဲ့ ဆင်ခြေမျိုး ပေးနိုင်လိမ့်ဦးမယ်။"
မိစ္ဆာအကြီးအကဲ၏ သတ်ဖြတ်လိုစိတ်မှာ မီးတောင်ပေါက်ကွဲသကဲ့သို့ ပြင်းထန်လာသည်။
"မင်း သေလမ်းကို ရှာနေတာပဲ။"
ပိုင်ဝေက ပြုံးရုံသာ ပြုံးလိုက်ပြီး သူ၏ ဓားဖြင့် ပုခုံးကို ခပ်ဖွဖွ ပုတ်ရင်း အေးအေးဆေးဆေးပင် ပြောလိုက်သည်။
"ရယ်စရာပဲ။"
"အဲဒါ ငါပြောမလို့ ရှိသေးတာပဲ။ မင်းက ဘယ်လိုသတ္တိမျိုးနဲ့ ရွှယ်ချင်း ကို လက်ဖျားနဲ့ ထိဖို့ ကြိုးစားရတာလဲ”
မိစ္ဆာအကြီးအကဲ ပြန်လည်မတုံ့ပြန်နိုင်မီမှာပင်— ဟိန်းဟောက်သံကြီးတစ်ခုက စစ်တလင်းတစ်ခုလုံးကို တုန်ခါသွားစေသည်။
ဝူးးးးးးးးး
ထိုဟိန်းဟောက်သံမှာ သားရဲတစ်ကောင်ထံမှ မဟုတ်ပေ။
၎င်းမှာ စစ်တလင်းသို့ ဝင်ရောက်လာသော ထောင်ပေါင်းများစွာသော ကျင့်ကြံသူများ၏ အသံပင် ဖြစ်သည်။
မိစ္ဆာကျင့်ကြံသူများ အားလုံး တောင့်တင်းသွားကြ၏။
"... မဖြစ်နိုင်တာ..."
"သူတို့... သူတို့တွေ ဒီကို ရောက်နေပြီလား?”
"တောက်! ငါ တစ်ယောက်မှတောင် မသတ်ရသေးဘူး”
အရှေ့ဘက်ခြမ်းမှ အရိပ်များမှာ တရကြမ်း တိုးဝင်လာသည်— ပိုင်မျိုးနွယ်စု၏ အရန်တပ်ဖွဲ့ ရောက်ရှိလာပြီ ဖြစ်သည်။
သူတို့၏ ညီညာလှသော ချီတက်သံကြောင့် မြေပြင်မှာ တုန်ခါနေပြီး ခြေလှမ်းတိုင်းမှာ စစ်ဗုံတီးသံကဲ့သို့ ပဲ့တင်ထပ်နေသည်။
"အရန်တပ်ဖွဲ့— ရှေ့သို့ ချီတက်”
"မင်းတို့ရှေ့က မိစ္ဆာကျင့်ကြံသူ မှန်သမျှကို အပြတ်ချေမှုန်းကြ”
သောင်းနှင့်ချီသော တပ်သားများက တစ်ပြိုင်နက်တည်း ပြန်လည်ဟိန်းဟောက်လိုက်ရာ သူတို့၏ တိုက်ပွဲဝင်စိတ်ဓာတ်မှာ ကောင်းကင်ယံအထိ ပွင့်ထွက်သွားတော့သည်။
"ချီတက်ကြ! အဲဒီမိစ္ဆာကျင့်ကြံသူတွေကို သတ်ပစ်ကြ”
"ဒါ ငါတို့စောင့်နေခဲ့တဲ့ အချိန်ပဲ”
"နောက်ဆုံးတော့ ရောက်လာပြီပဲ။ ညစ်ပတ်တဲ့ မိစ္ဆာခွေးတွေ— ငါ့ဓားရဲ့ အရသာကို မြည်းစမ်းကြည့်ကြစမ်း”
"ငါ ဒီကို ဒီအတိုင်းကြည့်နေဖို့ ရောက်လာတာ မဟုတ်ဘူး— သူတို့ကို အကုန်သတ်ပစ်ကြ”
"ပိုင်မျိုးနွယ်စုအတွက်”
အရန်တပ်ဖွဲ့သည် ပြိုကျလာသော တောင်ကြီးတစ်လုံးသဖွယ် စစ်တလင်းအတွင်းသို့ ဝင်ရောက်တိုက်ခိုက်လိုက်သည်။ လေထုထဲတွင် တုန်ခါမှုလှိုင်းများ ပေါက်ကွဲထွက်လာ၏။
မိစ္ဆာကျင့်ကြံသူများမှာ အရှိန်ဖြင့် လွင့်စင်ကုန်ကြသည်။
ပိုင်မျိုးနွယ်စုသည် သူတို့၏ အထက်တန်းလွှာ ၂၀ ရာခိုင်နှုန်းဖြင့် ဖွဲ့စည်းထားသော အရန်တပ်ဖွဲ့ကို အဆင်သင့် ပြင်ထားခဲ့ခြင်းဖြစ်ပြီး၊ သူတို့မှာ မိစ္ဆာသားရဲများနှင့် တိုက်ခိုက်ထားရခြင်းမရှိသေးသဖြင့် အင်အားအပြည့် ရှိနေကြသည်။
ယခုကဲ့သို့ အဆုံးအဖြတ်ပေးမည့် အချိန်တွင်...
သူတို့သည် နောက်ဆုံး၌ စစ်ကူအဖြစ် ရောက်ရှိလာခဲ့ပြီဖြစ်သည်။
ပိုင်ဝေက အေးစက်စွာ ပြုံးလိုက်သည်။
"မိစ္ဆာအညစ်အကြေးတွေ၊" သူက မိုးကုတ်စက်ဝိုင်းဘက်ကို မေးထိုးပြရင်း ပြောလိုက်သည်။
"မင်းတို့အတွက် တစ်ခုတည်းသော အခွင့်အရေးကို လက်လွှတ်လိုက်ရပြီ။"
သူသည် သူ၏ ဓားဖြင့် မိစ္ဆာအကြီးအကဲကို ချိန်ရွယ်လိုက်သည်။
"မင်းတို့ရဲ့ ခြုံခိုတိုက်ခိုက်မှုကြီး ကျရှုံးသွားပြီ။ အခု အဲဒီအတွက် တန်ဖိုးပေးရတော့မယ်”
သူက လှောင်ပြောင်သည့်အမူအရာဖြင့် ခေါင်းကိုအသာစောင်းလိုက်သည်။
ထို့နောက် နိမ့်ရှိုင်းပြီး ရက်စက်လှသော ရယ်သံတစ်ခု ထွက်ပေါ်လာ၏။
"မင်းတို့အားလုံး အဆုံးသတ်သွားပြီ”
သတ်ဖြတ်ပွဲကြီး စတင်လေတော့သည်။
တိုက်ပွဲ၏ အလှည့်အပြောင်းမှာ မျက်စိတစ်မှိတ်အတွင်း ပြောင်းပြန်ဖြစ်သွားခဲ့သည်။
လွန်ခဲ့သော စက္ကန့်ပိုင်းကပင် မိစ္ဆာကျင့်ကြံသူများသည် ရှေ့သို့တိုးဝင်ကာ တပ်သားများကို ဆုတ်ဖြဲရင်း သွေးဆာနေသော အသံများဖြင့် ရယ်မောနေခဲ့ကြသည်။
ယခုမူ— သူတို့ကိုယ်တိုင် အမဲလိုက်ခံရသူများ ဖြစ်သွားကြချေပြီ။
ဘုန်းးးးး
အရန်တပ်ဖွဲ့၏ ပထမဆုံး ထိတွေ့မှုမှာ နတ်ဘုရားတို့၏ တူကြီးဖြင့် ထုနှက်လိုက်သကဲ့သို့ ပြင်းထန်လှသည်။
ညီညွတ်သော စစ်ဗျူဟာကြီးက မိစ္ဆာတပ်ဖွဲ့များအတွင်းသို့ အရှိန်အဟုန်ဖြင့် တိုးဝင်သွားရာ ခန္ဓာကိုယ်များ၊ အရိုးများနှင့် စိတ်ဓာတ်များမှာ တစ်ပြိုင်နက်တည်း ကြေမွပျက်စီးသွားတော့သည်။
သူတို့၏ အော်ဟစ်သံများသည် ပိုင်မျိုးနွယ်စု၏ မိုးကြိုးသံကဲ့သို့ ချီတက်သံများအောက်တွင် နစ်မြုပ်ပျောက်ကွယ်သွားရ၏။
သို့သော် နောက်ကျသွားခဲ့ပြီ။
အနားယူထားသဖြင့် အင်အားအပြည့်ရှိနေပြီး ဒဏ်ရာအနာတရမရှိသော၊ တရားသောဒေါသများ တောက်လောင်နေသည့် ပိုင်မျိုးနွယ်စု အထက်တန်းလွှာများသည် ထောင့်ပိတ်မိနေသော သိုးအုပ်ကို ဝံပုလွေများကဲ့သို့ ဝိုင်းအုံတိုက်ခိုက်ကြတော့သည်။
လှံကိုင်ကျင့်ကြံသူတစ်ဦးသည် သူ၏လှံဖြင့် တစ်ချက်တည်း ဝှေ့ယမ်းထိုးနှက်လိုက်ရာ မိစ္ဆာတပည့်သုံးဦးမှာ အရုပ်ကျိုးပျက်များကဲ့သို့ လွင့်စင်သွားကြသည်။
ပိုင်မျိုးနွယ်စု၏ လေးသည်တော်အဖွဲ့ကလည်း မြှားမိုးများ ရွာချလိုက်ရာ မြှားတံတိုင်းတွင် သိပ်သည်းလှသော ဝိညာဉ်အလင်းတန်းများ တောက်လောင်နေသည်။
ကောင်းကင်ယံမှာ သေမင်းတမန် မြှားတံတားကြီးတစ်ခုအဖြစ် ပြောင်းလဲသွား၏။
ရာနှင့်ချီသော မိစ္ဆာကျင့်ကြံသူများသည် ဘာဖြစ်သွားမှန်းပင် မသိလိုက်ရဘဲ သူတို့၏ခန္ဓာကိုယ်များတွင် မြှားတံများ ဗလပွဖြင့် လဲကျသေဆုံးကုန်ကြသည်။
ပိုင်မျိုးနွယ်စု၏ စစ်ဗျူဟာမှာ စစ်ယန္တရားကြီးတစ်ခုကဲ့သို့ စနစ်တကျ ရှိလှသည်။
အခြားတစ်ဖက်တွင်မူ မိစ္ဆာတပ်ဖွဲ့မှာ ဖရိုဖရဲဖြစ်ကာ ထိတ်လန့်တုန်လှုပ်နေကြပြီး သတ္တိရှိရှိ ဟိန်းဟောက်သံများအစား ကြောက်ရွံ့မှုအပြည့်ဖြင့် အော်ဟစ်နေကြရသည်။
စစ်တလင်းမှာ တုန်ခါနေသော သွေးပင်လယ်ကြီးအဖြစ် ပြောင်းလဲသွားချေပြီ
ပိုင်မျိုးနွယ်စုက... အခြေအနေအားလုံးကို အပြည့်အဝ ထိန်းချုပ်လိုက်နိုင်ပြီ ဖြစ်သည်။
လုံးဝ ဥဿုံ ပြောင်းပြန်လှန်လိုက်ခြင်းပင်။
၁၈၀ ဒီဂရီ အလှည့်အပြောင်းကြီး ဖြစ်သည်။
ရှောင်လွှဲ၍မရသော ရှုံးနိမ့်မှုဟု ထင်ရသည့် အခြေအနေမှသည် လွှမ်းမိုးချုပ်ကိုင်နိုင်သည့် အောင်ပွဲဆီသို့။
စစ်တလင်းမှာ သတ်ဖြတ်သံများဖြင့် တုန်ဟီးနေတော့သည်။
အောင်ပွဲကတော့ အသေအချာပင်။
အရန်တပ်ဖွဲ့သည် ရှေ့သို့ ဆက်လက်တိုးဝင်နေပြီး သူတို့၏ အရှိန်အဟုန်က လမ်းကြောင်းပေါ်ရှိ အရာအားလုံးကို ကြေမွသွားစေသည်။
ကောင်းကင်သည် ဝဲလည်နေသော ချီများကြောင့် မှောင်မိုက်နေပြီး မြေပြင်မှာလည်း သောင်းနှင့်ချီသော ခြေလှမ်းများကြောင့် တုန်ခါနေ၏။
ပိုင်မျိုးနွယ်စုသည် စစ်တလင်းကို ငရဲခန်းအဖြစ် ပြောင်းလဲပစ်ခဲ့သည်။
သို့သော်
ကျယ်ပြောလှသော လွင်ပြင်ကြီး၏ အခြားတစ်ဖက်တွင်မူ အခြားသော စစ်မျက်နှာများမှာ ဤကဲ့သို့ ကောင်းမွန်သောအခြေအနေတွင် ရှိမနေခဲ့ပေ။