နောက်ထပ် တိုက်ခိုက်မှုအတွက် ပြင်ဆင်ခြင်း
Vol. 26 Ch. 388
စစ်တပ်ပြင်တစ်ခုလုံး တဖြည်းဖြည်း တိတ်ဆိတ်သွားသည်။
၎င်းမှာ ငြိမ်းချမ်းသွားခြင်းမျိုး မဟုတ်ဘဲ နုံးချိသွားခြင်းကြောင့်သာ ဖြစ်၏။
ကောင်းကင်ထက်ဝယ် ပျက်စီးခြင်းစွမ်းအင် များ ဖုံးလွှမ်းနေဆဲ ဖြစ်သည်။
မြေပြင်မှာလည်း အက်ကွဲကြောင်းများ၊ ကျင်းကြီးများဖြင့် ပြည့်နှက်နေပြီး သွေးများဖြင့် စိုရွှဲနေကာ ကျိုးပဲ့နေသော လက်နက်များနှင့် အသက်မဲ့နေသော ရုပ်အလောင်းများ ပြန့်ကျဲနေသည်။
လေထုကိုယ်နှိုက်ကပင် လေးလံထိုင်းမှိုင်းနေ၏။
အသက်ရှင်ကျန်ရစ်သူများသည် ရင်ဘတ်များ နိမ့်ချည်မြင့်ချည်ဖြင့် မောဟိုက်နေကြပြီး အရှိန်အဟုန်များ လျော့ကျသွားသည်နှင့်အမျှ လက်ချောင်းများ တုန်ယင်လာကြသည်။
အချို့မှာ သူတို့၏ လက်နက်များကို အားပြု၍ မတ်တပ်ရပ်နေကြပြီး အချို့မှာမူ ဘေးပတ်ဝန်းကျင်မှ အစုလိုက်အပြုံလိုက် သေဆုံးမှုများကို ကြည့်ကာ ဒူးထောက်လျက် ငေးမောနေကြသည်။
တိုက်ပွဲ အမှန်တကယ် ခေတ္တရပ်နားသွားချိန်မှသာ လူတိုင်းက အသေအပျောက်စာရင်းကို စတင်တွက်ချက်မိကြတော့သည်။
ထိုအခါ ကွာခြားချက်မှာ လျစ်လျူရှု၍ မရနိုင်လောက်အောင် သိသာထင်ရှားနေတော့သည်။
ကောင်းကင်ဘုံ အင်ပါယာ၏ တပ်ဖွဲ့များတွင် အထိအခိုက် အကျအဆုံးများမှာ အလွန်ပင် ပြင်းထန်လှသည်။
များစွာသော ဂိုဏ်းများနှင့် မျိုးနွယ်စုများသည် မိစ္ဆာကျင့်ကြံသူများ၏ ရုတ်တရက် တိုက်ခိုက်မှုအတွင်း သူတို့၏ ထိပ်သီးအင်အားစု အများအပြားကို ဆုံးရှုံးခဲ့ရသည်။
ခုခံစစ်ကြောင်းများ ပြိုလဲကာ စစ်ဗျူဟာများ ပျက်စီးခဲ့ရပြီး စစ်ကူများ မရောက်လာမီ ကျင့်ကြံသူ အမြောက်အမြား ကျဆုံးခဲ့ရခြင်း ဖြစ်သည်။
သို့သော် ထိုသူအားလုံးထဲတွင် လီမျိုးနွယ်စုနှင့် ကျောက်မျိုးနွယ်စုတို့မှာ အထင်ရှားဆုံး ဖြစ်နေသည်။
သူတို့၏ တပ်ဖွဲ့များမှာ လုံးဝ ပျက်စီးလုနီးပါး ဖြစ်နေချေပြီ။
သူတို့ အင်အား၏ လေးပုံတစ်ပုံခန့်မှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
၂၅ ရာခိုင်နှုန်းသော အင်အားမှာ သေဆုံးသွားခဲ့ပြီ
လီ နှင့် ကျောက် မျိုးနွယ်စုဝင်များ၏ မျက်နှာထက်တွင် စကားလုံးဖြင့် ဖော်ပြရန်မလိုသော ခံစားချက်များ အရိပ်ထင်နေသည်။
တုန်လှုပ်မှု
ဒေါသ
နောင်တ
အချို့မှာ လက်သီးများကို တင်းတင်းဆုပ်ထားသဖြင့် လက်ဖဝါးမှ သွေးများ ယိုစီးလာသည့်တိုင် မြေပြင်ကို စိုက်ကြည့်နေကြသည်။
အချို့မှာမူ ကျောက်တုံးများကို မှီကာ မျက်ဝန်းများသည် အသက်မဲ့လျက် ထိုင်နေကြပြီး ဝမ်းနည်းပူဆွေးဖို့ပင် အင်အားမရှိတော့သယောင် ရှိနေသည်။
တစ်ချိန်က သူတို့ ဆုပ်ကိုင်ထားခဲ့သော ဂုဏ်သိက္ခာများမှာလည်း မည်သည့်နေရာတွင်မှ ရှာမရတော့ပေ။
သူတို့သည်လည်း ပိုင်မျိုးနွယ်စုကဲ့သို့ပင် ပစ်မှတ်ထား တိုက်ခိုက်ခြင်း ခံခဲ့ရသည်။
သို့သော် ပိုင်မျိုးနွယ်စုနှင့် မတူသည်မှာ....
သူတို့သည် ထိုတိုက်ခိုက်မှုကို ကြံ့ကြံ့မခံနိုင်ခဲ့ခြင်းပင်။
လီ နှင့် ကျောက် မျိုးနွယ်စုတို့ ခံစားခဲ့ရသည့် ပျက်စီးဆုံးရှုံးမှုများနှင့် နှိုင်းယှဉ်လျှင် ပိုင်မျိုးနွယ်စုမှာ လုံးဝခြားနားသော တိုက်ပွဲတစ်ခုကို တိုက်ခိုက်ခဲ့သည့်အတိုင်းပင် ဖြစ်သည်။
သူတို့၏ အဆင့်အတန်းအတွင်းတွင် စိတ်လှုပ်ရှားမှုလှိုင်းလုံးများ ရိုက်ခတ်နေလေသည်။
တပည့်များမှာ မယုံကြည်နိုင်လောက်အောင်ပင် ရယ်မောနေကြပြီး တစ်ဦးနှင့်တစ်ဦး ပုခုံးချင်းပုတ်ကာ အားပေးနေကြသည်။ အချို့မှာ ပိုင်ကျီဟန်ကို အားကိုးတကြီး ကြည့်နေကြပြီး သူတို့၏ မျက်ဝန်းများတွင် ဂုဏ်ယူဝင့်ကြွားမှုများဖြင့် တောက်ပနေလေသည်။
ထိုအတောအတွင်း လီ နှင့် ကျောက် မျိုးနွယ်စုဝင်များမှာမူ ငေးကြည့်နေရုံမှအပ ဘာမျှမတတ်နိုင်ခဲ့ပေ။
သူတို့၏ အကြည့်များသည် ပိုင်မျိုးနွယ်စုဘက်သို့ ရောက်ရှိသွားပြီး မျက်နှာများမှာ မှောင်မှောင်မှိုင်းမှိုင်းနှင့် ရှုပ်ထွေးနေကြသည်။
မနာလိုမှုနှင့် ခါးသီးမှုတို့ ရောယှက်နေသလို၊ မယုံကြည်နိုင်မှုနှင့် နာကျည်းမှုတို့ကလည်း ရောထွေးနေ၏။
သူတို့၏ မျက်နှာကို ကြည့်ရုံဖြင့် မည်သူမဆို ခွဲခြားသိမြင်နိုင်သည်။
တစ်ဖက်မှာ အောင်ပွဲကို ဆင်နွှဲနေကြသော်လည်း...
အခြားတစ်ဖက်မှာမူ ဆုံးရှုံးမှုနှင့် နာကျင်မှုဒဏ်ရာများတွင် နစ်မြုပ်နေကြသည်။
တိုက်ပွဲအပြီး နောက်ဆက်တွဲအခြေအနေများက ကြာရှည်မခံခဲ့ပေ။
မကြာမီမှာပင် အမိန့်များ ကျလာတော့သည်။
ခေါင်းဆောင်များကို အရေးပေါ်အစည်းအဝေးအတွက် ဆင့်ခေါ်လိုက်သည်။
ဂိုဏ်းချုပ်များနှင့် မျိုးနွယ်စုခေါင်းဆောင်များသည် တည်ကြည်လေးနက်သော မျက်နှာထားများဖြင့် တစ်ဦးပြီးတစ်ဦး စုရုံးလာကြသည်။
သူတို့၏ ဝတ်ရုံများပေါ်တွင် သွေးစွန်းရာများ ထင်ကျန်နေဆဲဖြစ်ပြီး ကိုယ်ပေါ်မှ သွေးညှီနံ့များမှာလည်း လွင့်ပြယ်မသွားသေးပေ။
မကျေနပ်မှုများမှာလည်း အထင်အရှားပင် ဆူပွက်နေကြသည်။
အကြောင်းရင်းကတော့ ရှင်းလှပါသည်။
မိစ္ဆာကျင့်ကြံသူများ၏ လက်ချက်ဖြင့် သူတို့ခံစားလိုက်ရသော အကျအဆုံးများမှာ အလွန်တရာ ကြီးမားလွန်းသောကြောင့် ဖြစ်သည်။
အကြည့်များစွာသည် အရှေ့ဘက်ဆီသို့ ဦးတည်သွားကြသည်။
စစ်သေနာပတိ ဝေဆီသို့ပင်။
ထိုသူမှာ မတ်မတ်ရပ်နေပြီး သူ၏ မျက်နှာထားမှာ တည်ကြည်သော်လည်း လေးလံထိုင်းမှိုင်းနေကာ လက်နှစ်ဖက်ကို နောက်ပစ်ထားသည်။ သူသည် ထိုအကြည့်များကို ရှောင်တိမ်းရန် မကြိုးစားခဲ့ပေ။
ဤကဲ့သို့ ကြီးမားလှသော ကျူးကျော်အင်အားစုကို ကြိုတင်မသိရှိခဲ့ခြင်းမှာ သူ၏ ပျက်ကွက်မှုနှင့် တိုက်ရိုက်သက်ဆိုင်နေကြောင်း သူ ကောင်းကောင်းသိသည်။
သူသည် တွန့်ဆုတ်မနေဘဲ ရှေ့သို့တစ်လှမ်းတိုးကာ လက်သီးဆုပ်ပြီး အောက်သို့ ခါးညွှတ်ကာ အလေးအနက် တောင်းပန်လိုက်သည်။
"ဒီကျရှုံးမှုက ကျွန်တော့်အပြစ်ပါ" စစ်သေနာပတိ ဝေက ခိုင်မာစွာ ပြောလိုက်သည်။ "ဒီအတွက် တာဝန်အားလုံးကို ကျွန်တော် ယူပါတယ်။"
သူ ပြန်မတ်တပ်ရပ်လိုက်သည့်အခါ အကြည့်များမှာ တည်ငြိမ်နေသည်။
"သူတို့ရဲ့ ကျူးကျော်ဝင်ရောက်မှုကို ကျွန်တော်တို့ မရိပ်မိခဲ့ဘူး။ ဒါကိုတော့ ငြင်းလို့မရပါဘူး။"
ထို့နောက် သူ၏ လေသံမှာ ပိုမိုလေးလံပြီး အေးစက်သွား၏
"ဒါပေမဲ့..." သူက ဆက်ပြောသည်။ "မိစ္ဆာကျင့်ကြံသူတွေက ကျွန်တော်တို့ ကြိုတင်မခန့်မှန်းနိုင်တဲ့ နည်းလမ်းတစ်ခုကို အသုံးပြုခဲ့ကြတယ်။"
"သူတို့က မဟာကောင်းကင်ဘုံတက်ခြင်းအဆင့်ရဲ့ အာရုံခံနိုင်စွမ်းကိုတောင် ပိတ်ဆို့ထားနိုင်တဲ့ ကိုယ်ယောင်ဖျောက်နည်းစနစ်တစ်ခုကို သုံးသွားတာပဲ။"
ထိုစကားကြောင့် အစည်းအဝေးခန်းမအတွင်း တုန်လှုပ်မှုလှိုင်းလုံးများ ပျံ့နှံ့သွားတော့သည်။
စစ်သေနာပတိ ဝေသည် ချဲ့ကားပြောဆိုနေခြင်း မဟုတ်ပေ။
"မဟာကောင်းကင်ဘုံတက်ခြင်းအဆင့် ကျင့်ကြံသူတွေတောင် တိုက်ခိုက်မှု မစတင်
ခင်အထိ သူတို့ ရှိနေမှန်း မသိခဲ့ကြဘူး" သူက တည်ငြိမ်စွာ ပြောလိုက်သည်။ "သူတို့ရဲ့ မိစ္ဆာစွမ်းအင် တွေ ပေါ်ထွက်လာတဲ့အချိန်မှာတော့ အားလုံးက နောက်ကျသွားခဲ့ပြီ”
ထိုစကားအဆုံးတွင် တိတ်ဆိတ်မှုက လွှမ်းမိုးသွားသည်။
လီကျန်းဟုန်၏ တင်းတင်းဆုပ်ထားသော လက်သီးများမှာ အနည်းငယ် ပြေလျော့သွား၏။
အခြားသော ခေါင်းဆောင်များသည်လည်း တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး သူတို့၏ မျက်နှာထက်မှ ဒေါသရိပ်များမှာ မယုံကြည်နိုင်မှုများအဖြစ်သို့ ပြောင်းလဲသွားကြသည်။
အကယ်၍ မဟာကောင်းကင်ဘုံတက်ခြင်းအဆင့် ကျင့်ကြံသူများပင် အာရုံမခံနိုင်ခဲ့လျှင် သာမန်ကင်းထောက်များက ဘာလုပ်နိုင်မည်နည်း။
သူတို့အနေဖြင့် မည်သို့သော တန်ပြန်ကာကွယ်မှုမျိုးကို လက်တွေ့ကျကျ ပြင်ဆင်ထားနိုင်မည်နည်း။
ထို့အပြင်... မိစ္ဆာကျင့်ကြံသူများသည် ထိုကဲ့သို့ကြီးမားသာ အင်အားစုကြီးကို အရိပ်အယောင်မပြဘဲ ဘယ်လိုများ ဖုံးကွယ်ထားနိုင်ခဲ့သနည်း။
မကျေနပ်မှုများမှာ ပျောက်ကွယ်မသွားသော်လည်း ဦးတည်ရာ ပျောက်ဆုံးသွားခဲ့သည်။
အကယ်၍ သူတို့ ခံစားခဲ့ရသော ဆုံးရှုံးမှုများအတွက် အမှန်တကယ် အပြစ်တင်ရမည်ဆိုလျှင် မိမိတို့ကိုယ်တိုင်၏ အင်အားချို့တဲ့မှုကိုသာ အပြစ်တင်ရမည် ဖြစ်သည်။
စစ်သေနာပတိ ဝေသည် ခေတ္တမျှ ငြိမ်သက်နေပြီးမှ ပြန်လည်ပြောကြားလိုက်သည်။
သူ၏ လေသံမှာ မိမိကိုယ်ကို ကာကွယ်ပြောဆိုခြင်း သို့မဟုတ် တာဝန်ရှောင်လွှဲခြင်းမျိုး လုံးဝမပါဝင်ပေ။
"အစီအစဉ်တွေ ဆွဲတုန်းက ဒါကို ကျွန်တော် ကြိုမမြင်ခဲ့ဘူး" သူက ပွင့်ပွင့်လင်းလင်း ပြောသည်။ "ဒါဟာ ကျွန်တော့်ရဲ့ ပျက်ကွက်မှုပါပဲ။"
သူသည် လက်သီးဆုပ်၍ ထပ်မံဂါရဝပြုလိုက်သည်။
"ဒါပေမဲ့ ဖြစ်ပျက်ခဲ့ပြီးတာတွေကိုပဲ တွေးတောနေတာက သေဆုံးသွားသူတွေကို ပြန်ရှင်လာအောင် မလုပ်ပေးနိုင်ဘူး"
စစ်သေနာပတိ ဝေက ဆိုသည်။
"အခု အရေးကြီးတာက ကျွန်တော်တို့ နောက်ထပ် ဘာလုပ်မလဲဆိုတာပဲ”
အစည်းအဝေးခန်းမအတွင်း ပိုမိုတိတ်ဆိတ်သွားသည်။
"မိစ္ဆာကျင့်ကြံသူတွေက အာရုံခံမှုကို ကျော်ဖြတ်ပြီး အတွင်းထဲကနေ တိုက်ခိုက်နိုင်တယ်ဆိုရင်..." သူက ဖြည်းဖြည်းချင်း ပြောလိုက်သည်။ "...ကျွန်တော်တို့ အရင်အစီအစဉ်တွေကို ဆက်ပြီး အားကိုးလို့ မရတော့ဘူး”
လူအတော်များများ မျက်မှောင်ကြုတ်သွားကြသည်။
"ဒါမျိုး နောက်တစ်ကြိမ် ထပ်ဖြစ်မယ်ဆိုရင် သူတို့ တိုက်ခိုက်ပြီးတဲ့အထိ ကျွန်တော်တို့ သိမှာမဟုတ်တဲ့ အခြေအနေမျိုး တကယ်ရှိနေတယ်"
စစ်သေနာပတိ ဝေက ဆက်ပြောလိုက်သည်။
"တကယ်လို့ အဲဒီလိုသာဆိုရင် ကျွန်တော်တို့မှာရှိတဲ့ အင်အားအားလုံးကို ထုတ်သုံးပြီး သူတို့ကို ထိပ်တိုက်ရင်ဆိုင်ဖို့ အသင့်ပြင်ထားရုံပဲ ရှိတော့မယ်။"
သူသည် အကြည့်ကို မြှင့်တင်လိုက်ပြီး
"တပ်ဖွဲ့အားလုံးက မိစ္ဆာကျင့်ကြံသူတွေ ပေါ်လာတာနဲ့တစ်ပြိုင်နက် ချက်ချင်း တုံ့ပြန်နိုင်မယ့် နေရာတွေမှာ အသင့်ရှိနေရမယ်။"
ခေါင်းဆောင်အချို့က ဗီဇအရပင် ခေါင်းညိတ်ထောက်ခံကြသည်။
"ရန်သူဟာ အချိန်မရွေး အတွင်းထဲအထိ ထိုးဖောက်ဝင်ရောက်နေနိုင်တယ်လို့ ကျွန်တော်တို့ ယူဆထားရမယ်။ သူတို့ တိုက်ခိုက်လာတာနဲ့ တစ်ပြိုင်နက်... ကျွန်တော်တို့ဘက်က တွန့်ဆုတ်မနေဘဲ တုံ့ပြန်ရမယ်။ ဒါကို ကန့်ကွက်မယ့်သူ ရှိပါသလား။"
ခေတ္တမျှ မည်သူမျှ စကားမပြောဘဲ တိတ်ဆိတ်သွားသည်။
ထိုစဉ်... ကျောက်ဝူထျန်းမတ်တပ်ရပ်လိုက်၏။
သူ၏ မျက်နှာထားမှာ တည်ငြိမ်နေသော်လည်း မျက်လုံးများကမူ စူးရှထက်မြက်နေသည်။
"အဲဒီအချက်ကိုတော့ ကျွန်တော် မကန့်ကွက်ပါဘူး" ကျောက်ဝူထျန်းက ခေါင်းညိတ်ရင်း ပြောသည်။ "ရန်သူကို ကြိုတင်အာရုံမခံနိုင်ဘူးဆိုရင် ထိပ်တိုက်တွေ့ဖို့ ပြင်ထားတာကလွဲလို့ တခြားရွေးချယ်စရာ မရှိတော့တာ အမှန်ပဲ။"
ခေါင်းဆောင်အချို့ကလည်း သဘောတူသည့်အလား တိုးတိုးသာသာ ရေရွတ်ကြသည်။
"ဒါပေမဲ့..." သူ၏ လေသံမှာ သိသိသာသာ ပြောင်းလဲသွားကာ "...ကျွန်တော်တို့ ဖြေရှင်းရမယ့် ပိုကြီးမားတဲ့ ပြဿနာတစ်ခု ရှိနေသေးတယ်။"
စစ်သေနာပတိ ဝေက သူ့ဘက်သို့ လှည့်ကြည့်လိုက်၏
"ဘာပြဿနာလဲ။"
ကျောက်ဝူထျန်း၏ အကြည့်မှာ စုရုံးနေသော ခေါင်းဆောင်များထံသို့ တစ်ဦးချင်းစီ ဝေ့ဝဲသွားပြီး ပိုင်ထျန်းဟမ်ထံတွင် အခြားသူများထက် ပို၍ ကြာရှည်စွာ ရပ်တန့်နေခဲ့သည်။
ထို့နောက် သူက ပြောလိုက်သည်။
"ကျွန်တော်တို့ထဲမှာ သူလျှိုတစ်ယောက် ရှိနေတယ်။"
ထိုစကားလုံးများမှာ ဓားတစ်လက်ကဲ့သို့ စူးရှစွာ ကျရောက်လာသည်။
လေထုမှာ ချက်ချင်းပင် တင်းမာသွားတော့၏။
ခေါင်းဆောင်အချို့မှာ ကိုယ်ကို တောင့်မတ်သွားကြပြီး အချို့မှာမူ မျက်မှောင်ကြုတ်ကာ အကဲခတ်လိုက်ကြသည်။
"အဆင့်မြင့် အမိန့်ပေးဌာနကပဲ သိထားတဲ့ စစ်ဗျူဟာတစ်ခု ပေါက်ကြားသွားခဲ့တယ်" ကျောက်ဝူထျန်းက အေးစက်စွာ ဆက်ပြောသည်။
"မိစ္ဆာကျင့်ကြံသူတွေက ဘယ်အချိန်မှာ တိုက်ရမလဲ၊ ဘယ်နေရာကို တိုက်ရမလဲ၊ ပြီးတော့ ကျွန်တော်တို့ရဲ့ ခံစစ်တွေကို ဘယ်လိုကျော်ဖြတ်ရမလဲဆိုတာကို ကောင်းကောင်းသိနေကြတယ်။"
သူသည် စကားကို ခေတ္တရပ်ကာ လူတိုင်းကို စဉ်းစားချိန်ပေးလိုက်သည်။
"ဒါဟာ တိုက်ဆိုင်မှုတစ်ခုတော့ လုံးဝမဖြစ်နိုင်ဘူး။"
မည်သူမျှ သူ့ကို ပြန်လည်မချေပနိုင်ခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် သူပြောသည်မှာ မှန်ကန်နေကြောင်း သူတို့အားလုံး စိတ်ထဲတွင် သိနေကြသောကြောင့် ဖြစ်သည်။
အကယ်၍ မိစ္ဆာကျင့်ကြံသူများသည် စစ်တပ်အတွင်းသို့ ထိုးဖောက်နိုင်ခဲ့လျှင်...
သူတို့သည် အမိန့်ပေးဌာန၏ အချက်အချာနေရာအထိပင် ရောက်ရှိနေနိုင်သည်မှာ လုံးဝဖြစ်နိုင်ချေ ရှိနေပေသည်။