← Chapters

ဆရာဘိုးဘိုး၏ဝိညာဉ်စွမ်းအား

Vol. 2 Ch. 182

ဆရာဘိုးဘိုး၏ဝိညာဉ်စွမ်းအား

Vol. 2 Ch. 182

နှင်းများ ကျဆင်းနေလေသည်။

ချင်းရွှမ် နတ်တံခါး၏ တောင်ထိပ်ငါးခုတွင် တိမ်ရိပ်များ ဖုံးလွှမ်းနေလေသည်။ အရောင် ပေါင်းစုံဖြင့် ရောင်စဉ်တန်းများက ကောင်းကင်တွင် ပြေးလွှား နေကြပြီး တိမ်များကို ပျောက်ကွယ် သွားစေလေသည်။ အလင်းတန်းများမှာ ကောင်းကင်ထက်တွင် ဟိုမှ ဒီမှ ပျံသန်း နေကြလေသည်။

ထိုရောင်စဉ်တန်း များကြောင့် တိတ်ဆိတ်နေသည့် ချင်းရွှမ်တောင် တစ်ခွင်မှာ ပြန်လည် အသက် ဝင်လာသကဲ့သို့ပင်။ ချင်းရွှမ် နတ်တံခါး ထိုသို့ အသက် မဝင်သည်မှာ ကြာပြီ ဖြစ်လေသည်။

အမှန်တော့ ချင်းရွှမ် နတ်တံခါးမှ ကျင့်ကြံသူများမှာ အနေအေးပြီး သီးသန့် နေတတ်ကြသည်။ ထိုအချက်မှာလည်း ချင်းရွှမ် နတ်တံခါး တဖြည်းဖြည်း ကျဆင်းလာရသည့် အချက်တွင် ပါဝင်လေသည်။

ထျန်းယွမ်တောင်နှင့် ကျီဖူတောင်မှ ရောက်လာသော အလင်းတန်းများ ကတော့ အနည်းငယ်သာ ရှိလေသည်။ ထိုတောင် နှစ်ခုမှာ ချင်းရွှမ်နတ်တံခါး၏ အမြင့်မားဆုံး ကျင့်ကြံသူများ နေထိုင်ရာ နေရာနှစ်ခု ဖြစ်လေသည်။ အလင်းတန်းများမှာ ပေါ့ပါးနေပြီး အများစုက လေကို စီးပြီး လာကြခြင်း ဖြစ်လေသည်။ ချင်းလန်တောင်နှင့် ယွိယန်တောင်မှ တပည့်များကတော့ ဝိညာဉ်စွမ်းအား ပစ္စည်းများကို စီးနင်းရန် အသုံးပြုကြလေသည်။ ချင်းလန်တောင်မှာ ရှယွမ့်အဆောင် တည်ရှိရာ တောင်ဖြစ်ပြီး တပည့် များများစားစား မရှိလှပေ။ ယွိယန်တောင်တွင်တော့ စန့်ယွမ့် အဆောင်ရှိပြီး တပည့်များလည်း များပြား လေသည်။ စန့်ယွမ့် အဆောင်မှ တပည့်များက အုပ်စုလိုက် လာလေ့ ရှိကြလေသည်။

တပည့် အရေအတွက်မှာ လူပေါင်း တစ်ရာ့ငါးဆယ်ပင် မရှိပေ။ ထိုအချက်မှာ အဓိက နတ်ဘုရား ကျောင်းတော်ကြီး လေးခုတွင် ဖြစ်လေ့မရှိသည့် အခြေအနေ ဖြစ်လေသည်။

အလင်းတန်းများမှာ ချင်းရွှမ် ခန်းမဆောင်သို့ ရောက်ရှိ လာကြလေသည်။ အဝတ်အစား များလည်း မျိုးစုံ ဝတ်ဆင် ထားကြသည်။

တပည့်များနှင့် ဆရာသခင်များ ခန်းမထဲသို့ အသီးသီး ဝင်ရောက် လာကြလေသည်။ အချို့ကလည်း အိုမင်းနေပြီး အချို့ကလည်း ငယ်ရွယ် နုပျိုကြလေသည်။ အသက်အရွယ် ကြီးရင့်တိုင်းလည်း ဆရာသခင်များ မဟုတ်ကြသလို အသက်အရွယ် နုပျိုနေတိုင်းလည်း တပည့်လေးများ မဟုတ်ကြပေ။

အတော်ဆုံး ကျင့်ကြံသူများမှာ သူတို့အသက် နှစ်ပေါင်းမည်မျှပင် ရှည်ပါစေ အလွန်ဆုံး အသက် လေးဆယ်အောက်ဟုပင် ထင်မှတ် ကြရလေသည်။ ထိုအချက်မှာ ပုံမှန်ဖြစ်ပြီး သူတို့ တန်ခိုးစွမ်းအား သုံးထားပါက ဆယ်ကျော်သက်လေး အသွင်သဏ္ဌာန်ပင် ဖြစ်နိုင် လေသည်။

သို့သော် ကျင့်ကြံသူ အများစုက သူတို့၏ ရုပ်ပုံ မည်သို့ ဖြစ်သည်ကို သိပ်ပြီး ဂရုမစိုက်ကြပါ။ သဘာဝအတိုင်းပင် နေကြသည့်တိုင် တန်ခိုးစွမ်းအား ကြီးမားမှုများကြောင့် အသက်အရွယ် ကြီးရင့်မလာဘဲ ရှိခြင်း ဖြစ်လေသည်။

အသက်အရွယ် ကြီးရင့်ပုံ ပေါက်နေသည့် ဟိုင်သန်း အဆင့် ကျင့်ကြံသူများမှာ အသက်ကြီးမှ ဟိုင်သန်းအဆင့် တက်ရောက် နိုင်ခဲ့သောကြောင့် ဖြစ်လေသည်။ သူတို့၏ တန်ခိုးစွမ်းအားနှင့် သွေးလည်ပတ်မှု များကို မူလအတိုင်း ထိန်းသိမ်းထားပြီး ရုပ်သွင်ကိုတော့ အိုမင်းသည့် အတိုင်းပင် နေကြလေသည်။ ဟိုင်သန်း အဆင့် အောင်မြင်ပြီးသည့် အတွက် သူတို့၏ ရုပ်သွင်ကို ပြန်လည် ငယ်ရွယ်အောင် ဖန်ဆင်းခြင်း မပြုလုပ်တော့ပေ။ တန်ခိုးစွမ်းအားနှင့် သွေးလည်ပတ်မှုများကို ထိန်းသိမ်းထားနိုင်သည့် အကြောင်းမှာ ဟိုင်သန်း အဆင့်တွင် မိုးမြေစွမ်းအားနှင့် ယင်ဝိညာဉ် စွမ်းအားကို ပေါင်းစပ် ရသောကြောင့် ဖြစ်လေသည်။

ဟိုင်သန်းအဆင့် တန်ခိုးစွမ်းအားမှာ သာမန် ကျင့်ကြံသူ တန်ခိုးစွမ်းအားနှင့် မတူညီတော့ပေ။ စွမ်းအား အနှစ်သာရနှင့် အသက်ဓာတ် စွမ်းအားများ ပါဝင်လေသည်။ မိုးမြေစွမ်းအား မလုံလောက်ပါက ယင်ဝိညာဉ် စွမ်းအားမှာ တန်ခိုးစွမ်းအားနှင့် ပေါင်းစပ်၍ မရနိုင်ပေ။ ထိုသို့ မပေါင်းစပ်နိုင်ပါက ဟိုင်သန်းအဆင့် တက်ရောက်နိုင်ခြင်း မရှိပေ။

ကျင့်ကြံသူ အများစုမှာ နောက်ဆုံး အချိန်ထိ ဟိုင်သန်းအဆင့် တက်ရောက်နိုင်ရန် မရမနေ ကြိုးစားလေ့ ရှိကြလေသည်။ အဘယ်ကြောင့် ဆိုသော် သူတို့၏ မိုးမြေ စွမ်းအားနှင့် သွေးလည်ပတ်မှုကို ထိန်းသိမ်း ထားနိုင်ပါက အသက်ရှည်အောင် ဆွဲဆန့် ထားနိုင်သောကြောင့် ဖြစ်လေသည်။

ဟိုင်သန်းအဆင့် တက်ရောက်နိုင်ခြင်း မရှိသည့် သာမန် တပည့်များလည်း များစွာရှိသလို အသက်ကြီးမှ ဟိုင်သန်းအဆင့် တက်ရောက်နိုင်သူ များလည်း ရှိကြလေသည်။

စန့်ယွမ့်အဆောင်မှာ ရှယွမ့်အဆောင်ထက် တပည့် အရေအတွက် ဆယ်ဆခန့် ပိုမို များပြား လေသည်။ သို့သော် စန့်ယွမ့် အဆောင်မှ ချူးစန်းအဆင့်နှင့် ရုဟွအဆင့် တက်ရောက် နိုင်သူမှာ ရှယွမ့် အဆောင်လောက် များပြားခြင်း မရှိပေ။

ရှယွမ့် အဆောင်မှ တပည့်များမှာ အရည်အချင်းရော၊ ကျင့်ကြံမှုပိုင်းတွင်ပါ စန့်ယွမ့် အဆောင်မှ တပည့်များထက်သာလွန်ကြလေသည်။ လွန်ခဲ့သည့် နှစ်ပေါင်းရာနှင့် ချီသည့်အချိန်၊ ချင်းရွှမ် နတ်တံခါး၏ ကြေကွဲဖွယ်ရာ ဖြစ်ရပ်ကြီး မဖြစ်သေးမီ ကာလက ပြောင်းလဲခြင်း အဆင့် ခြောက်ဆင့်နှင့် ဟိုင်သန်းအဆင့် တက်ရောက်နိုင်သည့် ကျင့်ကြံသူ အများစုမှာ ရှယွမ့်အဆောင်မှသာ ဖြစ်ကြလေသည်။

အဘယ်ကြောင့် ဆိုသော် ရှယွမ့် အဆောင်မှ တပည့်များမှာ ချင်းရွှမ် နတ်တံခါးနှင့် ပါရမီပါသူများ ဖြစ်ကြသလို ယခင် ဘ၀ ဘဝများစွာကပင် နတ်ဘုရား ကျင့်စဉ်များနှင့် ပတ်သက်ပြီး ပါရမီ ရှိကြသည့်သူများ ဖြစ်ကြလေသည်။

ချင်းရွှမ် နတ်တံခါး၏ သမိုင်းကို ပြန်ကြည့်မည် ဆိုလျှင် ဆရာဘိုးဘိုး ယွမ်ချင်း လက်ထက်ကတည်းက မျိုးဆက်ပေါင်း သုံးဆယ် ဖြတ်သန်းခဲ့ပြီး ဖြစ်လေသည်။ ထိုအချိန်မှစ၍ ယခုအချိန်ထိ နတ်ဘုရား အပါးလေးဆယ်တိတိ မွေးထုတ် ပေးနိုင်ခဲ့လေသည်။ ထိုနတ်ဘုရားများတွင် ခြောက်ယောက်၊ ခုနစ်ယောက်ခန့်မှာ လွန်ခဲ့သည့် ဘဝများစွာက လောကနတ်ဘုရားနှင့် ဝိညာဉ်နတ်ဘုရားများ ဖြစ်သည်အထိ ကျင့်ကြံခဲ့ကြသူများ ဖြစ်လေသည်။ သို့သော် သူတို့က လူပြန်ဝင်စားကာ သံသရာလည်ပြီး သူတို့၏ အတိတ်ဘဝကို မမှတ်မိကြတော့ဘဲ လက်ရှိဘဝတွင် ချင်းရွှမ် နတ်တံခါးတွင် တပည့်အဖြစ် ပြန်လည် ကျင့်ကြံခဲ့ကြသူများ ဖြစ်သည်။

အတိတ်ဘဝကို မမှတ်မိကြသည့် အတွက် သူတို့၏ ကျင့်စဉ်လမ်းက ပိုပြီး လွယ်ကူချောမွေ့ အဆင် ပြေခဲ့ကြလေသည်။

အဓိက နတ်ဘုရားဂိုဏ်းကြီး လေးဂိုဏ်းတွင် ချင်းရွှမ် နတ်တံခါး အဆင့် ကျသွားပြီးသည့် နောက်ပိုင်း ကံကြမ္မာကလည်း ဆိုးဝါးခဲ့လေသည်။ ချင်းရွှမ် နတ်တံခါးသို့ အလားအလာ ကောင်းသည့် တပည့်များလည်း ရောက်မလာ ကြတော့ပေ။

ရှယွမ့် အဆောင်အတွက် နှစ်ငါးဆယ်လျှင် တစ်ကြိမ် နတ်တံခါးဖွင့်ကာ တပည့်ရွေးခြယ်သည့်ပွဲ ကျင်းပလေသည်။ တစ်ခါ ရွေးခြယ်လျှင် တပည့် ဆယ်ယောက်သာ လက်ခံလေသည်။

အဘယ်ကြောင့် ဆိုသော် တစ်ဆယ် ဆိုသည့် ဂဏန်းမှာ ဂဏန်းအားလုံး၏ အဆုံးသတ် အရေအတွက် ဖြစ်သလို အခြေခံကျသည့် ဂဏန်း တစ်ခုဖြစ်ပြီး မိုးနှင့်မြေတွင် ရှေးအကျဆုံး သင်္ကေတ တစ်ခုလည်း ဖြစ်လေသည်။ ပြည့်စုံခြင်း ဟူ၍လည်း အဓိပ္ပာယ် ဖွင့်ဆို နိုင်လေသည်။

ချင်းရွှမ် နတ်တံခါးတွင် နှစ်ငါးဆယ် တစ်ကြိမ် တပည့်ရွေးပွဲ ကျင်းပရသည့် အကြောင်း အရင်းကတော့ ငါးဆယ် ဆိုသည့် ဂဏန်းမှာ "တာ့ယန်" ဂဏန်း ဖြစ်သောကြောင့် ဖြစ်လေသည်။ "တာ့ယန်" ဆိုသည်မှာ မိုးနှင်မြေတွင် ပြောင်းလဲခြင်း ဖြစ်ပေါ်သည့် သင်္ကေတ ဖြစ်လေသည်။ ထို့ကြောင့် ချင်းရွှမ် နတ်တံခါးတွင် အပြောင်းအလဲ ပြုလုပ်သည့်အချိန်ကို "တာ့ယွမ်" ဂဏန်းဖြစ်သည့် ငါးဆယ်ဖြင့် ဆုံးဖြတ်ခြင်း ဖြစ်လေသည်။

ထို့ကြောင့် နှစ်ငါးဆယ် တစ်ခါ အပြောင်းအလဲ ဖြစ်သည့် အချိန်တွင် လူဆယ်ယောက်သာ ရွေးခြယ်ခြင်း ဖြစ်လေသည်။ ချင်းရွှမ် နတ်တံခါးအတွက် အလှည့် အပြောင်းများစွာ ဖြစ်ပေါ်မည့် အဓိပ္ပာယ်ပင် ဖြစ်လေသည်။ ဆရာဘိုးဘိုး ယွမ်ချင်းမှာ ထိုဥပဒေကို စတင် ပြဌာန်းခဲ့သူ တစ်ယောက် ဖြစ်ပြီး လွန်စွာမှ ထူးချွန်သည့် ဆရာသခင်တစ်ပါး ဖြစ်လေသည်။ ထို့ပြင် ဆရာဘိုးဘိုး ယွမ်ချင်းမှာ မရမနေ ကြိုးစားတတ်သည့် ဇွဲလုံ့လနှင့် ပြည့်စုံသူလည်း ဖြစ်လေသည်။

"လူတစ်ယောက်သည် ပြည့်စုံ အောင်မြင်မှုကို မိမိ တစ်ယောက်တည်း ရယူမည့်အစား မျှဝေ ပေးသင့်သည်။ လူတစ်ယောက်သည် ဘဝတွင် အောင်မြင်မှုကို ကြာရှည် ထိန်းသိမ်းရန်မှာ ခက်ခဲ လှလေသည်။ ထို့ကြောင့် အောင်မြင်မှု အတွက် ထောင်လွှား မောက်မာမည် ဆိုလျှင် ဒုက္ခရောက်ရန် နီးစပ်နေပြီ ဖြစ်လေသည်။ အခြားသူ တစ်ယောက်၏ အောင်မြင်မှုကို မုဒိတာပွားပြီး လက်ခံနိုင်မှ သာလျှင် သဘာဝ ကျပေမည်"

ဆိုသည့် တာအို အယူအဆကို လက်ကိုင် ထားသူ ဖြစ်လေသည်။

ထိုသို့သော ရည်ရွယ်ချက်ကောင်းဖြင့် နတ်တံခါးကို ဖွင့်ကာ တပည့်အသစ်များ လက်ခံရန် အတွက် ဝမ့်ရှင်းလမ်းကိုလည်း ဆရာဘိုးဘိုး ယွမ်ချင်းက တည်ဆောက် ခဲ့လေသည်။ ချင်းရွှမ်၏ အနာဂတ် အတွက် ရေရှည် တည်တံ့ ခိုင်မြဲရန်နှင့် ပုံရိပ် ကောင်းမွန်မှု ရှိစေရန် စီစဉ်သွားခဲ့ခြင်း ဖြစ်လေသည်။

ဂိုဏ်းချုပ် ဆရာသခင်အဖြစ် ဆန်းလျန် ဆက်ခံသည့် အချိန်တွင် ထိုအကြောင်းအရာများ အားလုံးကို ထျန်းတိကျန်းမှ တစ်ဆင့် သိမြင်ခဲ့ ရလေသည်။

အခြားသူများက ထိုရည်ရွယ်ချက်ကို သတိ မပြုမိသည့်တိုင် ဂိုဏ်းချုပ် အဆက်ဆက်ကတော့ ထိုအကြောင်းအရာများ အားလုံးကို အလေး ထားခဲ့ကြလေသည်။

ချန်ကျန့်မေ၏ ဟိုင်သန်းအဆင့် တက်ရောက်ပြီးသည့် နောက်ပိုင်း ဟိုင်သန်းအဆင့် ထပ်မံ တက်ရောက်နိုင်သူ ငါးဦး ရှိခဲ့လေသည်။ သို့သော် သူတို့ ငါးယောက်လုံးမှာ တတိယ နည်းလမ်း ဖြစ်သည့် ကိုယ်ပိုင်ကျင့်စဉ် စွမ်းအားကို အသုံးပြုကာ ဝိညာဉ်နှင့် ရွှေပြဒါးအမြုတေ ဟန်ချက်ညီအောင် ပေါင်းစပ်ပြီး ဟိုင်သန်း အဆင့် တက်ရောက်နိုင်သူ တစ်ယောက်မှ မပါရှိပေ။ သူတို့မှာ ဟိုင်သန်း အဆင့်ကို ပုံပြောင်းခြင်း အဆင့် လေးခုမျှလောက်ဖြင့်သာ တက်လှမ်း နိုင်ခဲ့ကြသည့် သူများ ဖြစ်လေသည်။

ဆန်းလျန်က ထိုအချက်အလက်များ အားလုံးကို တစ်ခဏ အတွင်းမှာပင် နှလုံးသားထဲတွင် နားလည်အောင် မှတ်သား နေလေသည်။ ဆန်းလျန် အနေဖြင့် ထျန်းတိကျန်းဖြင့် ဆက်သွယ်ရန် စိတ်စွမ်းအားသုံး ပြုစရာပင် မလိုပေ။ ထျန်းတိကျန်းမှာ သူ့စိတ်ထဲမှ မတူညီသည့် ဝိညာဉ်စွမ်းအား တုန်ခါမှုကို ရောင်ပြန် ဟပ်စေသည့် ရေဒါကိရိယာ တစ်ခုအလား ဖြစ်လေသည်။ ဝိညာဉ်စွမ်းအား ကောင်းမွန်ခြင်း မရှိပါက ထျန်းတိကျန်း မှာလည်း သူ့စိတ်ကို ရောင်ပြန်ဟပ်မည် မဟုတ်ပေ။ ထို့ကြောင့် ဝိညာဉ်စွမ်းအား အဆင့် မြင့်မားခြင်း မရှိပါက ထျန်းတိကျန်းမှ အချက်အလက်များကိုလည်း လက်ခံ ရယူနိုင်မည် မဟုတ်ပေ။ ထိုသို့ အချက်အလက်များကို လက်ခံရယူနိုင်ခြင်း မရှိပါက ဂိုဏ်းချုပ် နေရာကိုလည်း ဆက်ခံနိုင်မည် မဟုတ်ပေ။

ဆန်းလျန်မှာ ထျန်းတိကျန်းနှင့် ပတ်သက်သည့် ထူးခြား ဆန်းကျယ်မှု အားလုံးကို သိရှိခြင်း မရှိသေးပါ။ ဂိုဏ်းချုပ် တစ်ယောက် အဖြစ် အသိအမှတ်ပြု ပေးအပ်ထားသည့် အစိတ်အပိုင်းမျှကိုသာ သိရှိပြီး အသုံးပြုနိုင်ခြင်း ဖြစ်လေသည်။ ထျန်းတိကျန်းမှာ အသုံးပြုရ လွယ်ကူသော ရတနာပစ္စည်း တစ်ပါး မဟုတ်သလို တစ်ယောက်တည်း ကိုယ်ကျိုး အတွက်လည်း အသုံးပြု၍ မရပေ။

ထျန်းတိကျန်းမှာ တန်ခိုးစွမ်းအား ကြီးမားလွန်းသည့် မှော်ဝင်ပစ္စည်း တစ်ခု ဖြစ်သည့် အတွက် ဆက်ခံသူကို လွှဲပေးရန် မှာလည်း လွန်စွာမှ ခက်ခဲလေသည်။

ထို့ပြင် မှော်ဝင်ပစ္စည်း ဆိုသည်မှာ ဝိညာဉ်စွမ်းအား ပစ္စည်းနှင့် မတူညီပေ။ သူက စတင်ဖြစ်တည် ကတည်းကပင် ဝိညာဉ်စွမ်းအား ပါရှိပြီး လွတ်လပ်သည့် သက်ရှိ တစ်ယောက်အလား ဖြစ်တည်နေသော ပစ္စည်းတစ်ခု ဖြစ်လေသည်။

မည်မျှ တန်ခိုးစွမ်းအား ကြီးမားသည့် ဝိညာဉ်စွမ်းအား ပစ္စည်းဖြစ်ပါစေ ထိုပစ္စည်းမှ ဝိညာဉ်စွမ်းအားကို ဝိညာဉ်အလင်း တရားရအောင် ပြောင်းလဲပေး၍ မရနိုင်ပေ။ ဝိညာဉ်အလင်း တရားမရှိလျှင် သက်ရှိတစ်ခု အလား ဖြစ်တည်နိုင်မည် မဟုတ်ပေ။ ထို့ကြေင့် ဝိညာဉ်စွမ်းအား ပစ္စည်းတစ်ခုသည် မှော်ဝင် ပစ္စည်းတစ်ခု မည်သည့် အခါမှ ဖြစ်မလာ နိုင်ပေ။

ဂိုဏ်းချုပ်အဖြစ် အသိအမှတ် ပြုခံရခြင်းသည့် သင်္ကေတ ရရှိပြီးဖြစ်လျှင် ထျန်းတိကျန်း ကလည်း ထိုသူကို ဂိုဏ်းချုပ်အဖြစ် အသိအမှတ် ပြုလေသည်။ ထျန်းတိကျန်း ကိုယ်တိုင်က ဂိုဏ်းချုပ်အဖြစ် အသိအမှတ်ပြု ခံရပြီးလျှင်တော့ ထျန်းတိကျန်းက ဂိုဏ်းချုပ်ကို ငြင်းဆန်ခြင်း မရှိတော့ပေ။

ဆန်းလျန်သည် ဆရာသခင် ကျန်းရော့ရွှီး၏ ဘေးတွင် ရပ်နေလေသည်။ သူ၏မျက်ခုံးနှစ်ခု ကြားတွင် ပြဒါးရောင်က တလက်လက် တောက်ပ နေလေသည်။ ဆန်းလျန်၏ ပုံစံက တည်ငြိမ် လွန်းနေလေသည်။ ဆံပင်ရှည်များက လွင့်ဝဲနေပြီး သူ၏ပုံသဏ္ဌာန်မှာ ခမ်းနား လှပလွန်းလေသည်။ သူ့ထံမှ ထူးခြား ဆန်းကျယ်သည့် တန်ခိုးစွမ်းအား အငွေ့အသက်များ ထွက်ပေါ်နေသည်။

ချင်းရွှမ်ခန်းမ၏ ထူးခြားချက်မှာ လူများ ဝင်ရောက် လာသလောက် နေရာ ချဲ့ပေးနိုင်သည့် အစွမ်းရှိလေသည်။ ဆန်းလျန် ဂိုဏ်းချုပ်အဖြစ် အသိအမှတ်ပြုခြင်း ခံရပြီးသည့် နောက်ပိုင်း ချင်းရွှမ် ခန်းမဆောင်မှာလည်း ဝိညာဉ်စွမ်းအား ရှိသည့် ခန်းမတစ်ခု ဖြစ်ကြောင်း နားလည်ခဲ့ရသည်။

ချင်းရွှမ် ခန်းမဆောင် ဖြစ်တည် လာရခြင်းမှာ ဆရာဘိုးဘိုး ယွမ်ချင်း ဖန်ဆင်းခဲ့၍ ဖြစ်ကြောင်းကို ဆန်းလျန်က သိရှိခဲ့ပြီး ဖြစ်လေသည်။ သို့သော် နှစ်ပေါင်းထောင်ချီ ကြာမြင့် ခဲ့ပြီးသည့်နောက် ချင်းရွှမ် ခန်းမဆောင်မှာ ထိပ်တန်းအဆင့် ဝိညာဉ်စွမ်းအား ရှိသည့် ခန်းမဆောင် တစ်ခု ဖြစ်လာခဲ့လေသည်။ အဘယ်ကြောင့် ဆိုသော် ဂိုဏ်းချုပ် အဆက်ဆက်၏ ဝိညာဉ်စွမ်းအားများ ပေါင်းစပ် စီးဆင်းနေသောကြောင့် ဖြစ်လေသည်။

ယခု အချိန်တွင်တော့ ဆန်းလျန်၏ ဝိညာဉ် စွမ်းအားမှာလည်း ချင်ရွှမ် ခန်းမဆောင်နှင့် ပေါင်းစပ် မိသွားပြီ ဖြစ်လေသည်။ ရေနှင့် ငါးကဲ့သို့ သဘာဝကျစွာ တစ်ဦးနှင့်တစ်ဦး တိတ်တဆိတ် အသိအမှတ် ပြုလိုက်ကြပြီ ဖြစ်လေသည်။

***

All Chapters