← Chapters

အခန်း (၂၉-၃၀)

Vol. 2 Ch. 29-30

အခန်း (၂၉-၃၀)

Vol. 2 Ch. 29-30

​အခန်း (၂၉) - မှင်သားရဲ

​ဂူမုန်းကျုံးဟာ အစအဆုံး အကုန်မြင်တွေ့နေခဲ့တာ ဖြစ်၏။ အစပိုင်းမှာ သူလည်း လင်းကျင်းကို အနည်းငယ် အထင်သေးခဲ့ပေမဲ့ ဒီနေ့ လင်းကျင်း လုပ်ပြသွားတာတွေက သူ့ကို မှားကြောင်း သက်သေပြလိုက်တာပင်။ တစ်လုပ်တည်း မြည်းစမ်းရုံနဲ့ ငါးရဲ့ အမျိုးအနွယ်တင်မကဘဲ အဖိုအမကိုပါ လင်းကျင်းက ခွဲခြားပြနိုင်ခဲ့သည်။ ဂူမုန်းကျုံးဟာ သူ့ကိုယ်သူ အစားအသောက် ဝါသနာအိုးလို့ သတ်မှတ်ထားပေမဲ့ သူတောင် ဒီလောက်အထိ မလုပ်နိုင်ပါဘူး။

​ဒါက လင်းကျင်းအပေါ် သူ့ရဲ့ အမြင်ကို အနည်းငယ် ပြောင်းလဲသွားစေသည်။

​“ဆရာကြီးဂူ”

လျောင်ကုက ဂူမုန်းကျုံးကို မြင်တော့ ရယ်မောရင်း နှုတ်ဆက်လိုက်၏။ သူက စားဖိုမှူးကြီး တစ်ယောက် ဖြစ်ပေမဲ့ ဒီလို လူ့အဖွဲ့အစည်းမှာတော့ လက်ရေးလှ ပညာရှင်တစ်ယောက်ရဲ့ အဆင့်အတန်းက စားဖိုမှူးထက် အများကြီး သာလွန်ပေသည်။

​ဂူမုန်းကျုံးက အမြန်ပဲ လက်ကာပြလိုက်ပြီး-

“ညီလေးလျောင်... သူစိမ်းတွေလို လုပ်မနေပါနဲ့”

​လျောင်ကုက အကျယ်ကြီး ရယ်မောလိုက်ပြီး သူ့ကို ‘မုန်းကျုံး’ လို့ပဲ ပြောင်းခေါ်လိုက်၏။

​“ဒါမှ ဟုတ်တာပေါ့”

ဂူမုန်းကျုံး ခေါင်းညိတ်လိုက်သည်။

​သူတို့နှစ်ယောက်က သူငယ်ချင်းဟောင်းတွေ ဖြစ်ကြပြီး သူငယ်ချင်းဟောင်းတွေ ဆုံမိတဲ့အခါ စကားတွေကလည်း အဆုံးမရှိတော့ပါဘူး။ လင်းကျင်းက အလိုက်သိတဲ့သူမို့လို့ သူတို့ကြားကနေ ထွက်သွားဖို့ ပြင်လိုက်လေသည်။

​ဂူမုန်းကျုံးက ဘာမှ မပြောပါဘူး။ သူ့ရဲ့ အမြင်က ပြောင်းလဲသွားတယ်ဆိုပေမဲ့ လင်းကျင်းရဲ့ သားရဲအကဲဖြတ် စွမ်းရည်ကတော့ သတင်းတွေထဲကအတိုင်း အသုံးမကျဘူးလို့ပဲ သူ ယူဆထားတုန်းပင်။

​ဒါပေမဲ့ လျောင်ကုက သူ့ကို လှမ်းခေါ်လိုက်၏။

“ဆရာလင်း... ခဏလောက် နေပါဦး”

​“ဘာကိစ္စ ရှိလို့လဲ ဆရာကြီးလျောင်”

လင်းကျင်းက နားမလည်သလို မေးလိုက်သည်။

​လျောင်ကုက ပြုံးရင်း-

“မင်းက ငါ့ဟင်းတွေကို မှာထားပေမဲ့ ကောင်းကောင်း မြည်းစမ်းခွင့် မရလိုက်ဘူး။ အခု ငါးဟင်းတွေကလည်း အကုန် အေးကုန်ပြီ။ အဆင်ပြေမယ်ဆိုရင် ငါ့အိမ်ကို လိုက်ခဲ့ပါလား။ ငါ့မှာ ပါဝင်ပစ္စည်း တချို့ ရှိတယ်။ အဲဒါလေးတွေနဲ့ မင်းအတွက် ဟင်းတချို့ ချက်ပေးချင်သေးတယ်။ မင်းရဲ့ မှတ်ချက်တွေကိုလည်း ကြားချင်ပါသေးတယ်”

​ဒါက တကယ့်ကို ခင်မင်ရင်းနှီးမှု ပြတဲ့ ဖိတ်ခေါ်ချက်ပင်။

​မိမိတို့ နယ်ပယ်မှာ ထိပ်တန်း ရောက်နေသူတွေဟာ သာမန်လူတွေ မဟုတ်ဘူးဆိုတာ လင်းကျင်း သိပါသည်။ လျောင်ကုဟာ စားဖိုမှူး တစ်ယောက်ပဲ ဖြစ်ပေမဲ့ ‘စားဖိုမှူးကြီး’ ဆိုတဲ့ ဘွဲ့ကတင် သူ့ရဲ့ အဆင့်အတန်းကို ဖော်ပြနေတာ ဖြစ်၏။

​လင်းကျင်းက ယုံယုံကြည်ကြည်နဲ့ပဲ ခေါင်းညိတ်ပြီး လက်ခံလိုက်သည်။ ဒီလို ခင်မင်မှုမျိုးကို ငြင်းပယ်တဲ့သူက လူအပဲ ဖြစ်မှာပေါ့။ ဒါ့အပြင် လင်းကျင်းလည်း ဗိုက်မဝသေးပါဘူး။

​လျောင်ကုရော လင်းကျင်းပါ ပွင့်လင်းတဲ့ စရိုက်ရှိသူတွေမို့ သူတို့နှစ်ယောက်ဟာ မထင်မှတ်ဘဲ အပေးအယူ တည့်နေကြ၏။

​တစ်ဖက်မှာတော့ ဂူမုန်းကျုံးက ပိုပြီး တည်ငြိမ်လှသည်။ လင်းကျင်း ပါလာတာကို သူ အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်သော်လည်း လျောင်ကုက ဖိတ်ခေါ်ထားတာမို့ သူ ဘာမှ မပြောနိုင်ပါဘူး။

​ကျားချန်းနဲ့ ကျန်းဟယ်တို့ကတော့ ပါးစပ်အဟောင်းသား ဖြစ်ကျန်ခဲ့ကြ၏။

“ဆရာကြီးဂူ... အဲ... ဟိုလေ...”

​ကျားချန်း စကားမဆုံးခင်မှာပဲ ဂူမုန်းကျုံးက လက်ကာပြလိုက်ပြီး-

“ငါ သူငယ်ချင်းဟောင်းနဲ့ စကားပြောလိုက်ဦးမယ်။ မင်းတို့ ပြန်နှင့်ကြတော့... လိုက်လာဖို့ မလိုဘူး”

​ဟင်...

​ကျားချန်းက နှုတ်ခမ်းကို တင်းတင်းစေ့ထားရင်း လျောင်ကုနဲ့အတူ ထွက်သွားတဲ့ လင်းကျင်းရဲ့ ကျောပြင်ကို ကြည့်ပြီး ကျန်ရစ်ခဲ့၏။ သူမရဲ့ စိတ်ထဲက ခံစားချက်ကို ဘယ်လို စကားလုံးနဲ့မှ ဖော်ပြလို့ မရနိုင်တော့ပါဘူး။

​ကျန်းပိုင်လီက တမင် ဉာဏ်နီဉာဏ်သစ်တွေ ထုတ်ပြီး အကွက်ရွှေ့ဖို့ ကြိုးစားခဲ့တာကို သူမ ရိပ်မိလိုက်သည်။ ဒါပေမဲ့ လင်းကျင်းက အစားအသောက်တွေအကြောင်း ဒီလောက်အထိ နှံ့နှံ့စပ်စပ် သိနေလိမ့်မယ်လို့ သူမ မထင်ထားခဲ့ဘူး။ လင်းကျင်းက ကျန်းပိုင်လီရဲ့ လှည့်ကွက်ကို ခြေဖျက်နိုင်ရုံတင်မကဘဲ စားဖိုမှူးကြီးလျောင်နဲ့တောင် သူငယ်ချင်း ဖြစ်သွားခဲ့လေသည်။

​ကျားချန်းဟာ ဘဝမှာ အရာရာ ပြည့်စုံခဲ့ပေမဲ့ ဒီလို အခွင့်အရေးမျိုး တစ်ခါမှ မရခဲ့ဖူးပါဘူး။

​အပြင်ရောက်တဲ့အခါ လင်းကျင်းက ကျောက်ရင်းနဲ့ လုရှောင်ယွန်းတို့ကို အရင်ပြန်လွှတ်လိုက်ပြီး နောက်တစ်ခါမှ ပြန်ကျွေးမယ်လို့ ကတိပေးလိုက်၏။

​လျောင်ကုရဲ့ အိမ်က အေးချမ်းတဲ့ ရပ်ကွက်တစ်ခုမှာ ရှိသည်။ သူ့စကားအရဆိုရင် မြေပုံမြို့ကို ခရီးထွက်လာရင်း ဒီအိမ်ကို စိတ်ကူးပေါက်ပြီး ဝယ်လိုက်တာ ဖြစ်၏။ သူက နေ့တိုင်း ပါဝင်ပစ္စည်းတွေ ဝယ်ပြီး ဟင်းလျာအသစ်တွေကို သုတေသန လုပ်တတ်သလို သူ့ဘာသာ ချက်ပြုတ် စားသောက်တတ်သည်။ တကယ့်ကို သက်တောင့်သက်သာရှိတဲ့ ဘဝလေးပင်။

​အိမ်ကတော့ အရမ်းကြီး မခမ်းနားပါဘူး။ သစ်သားစားပွဲလေး တစ်လုံးနဲ့ ထိုင်ခုံ အနည်းငယ်သာ ရှိ၏။ လျောင်ကုက လက်ဖက်ရည် တည်ပေးပြီးနောက် မီးဖိုချောင်ထဲ ဝင်သွားသဖြင့် လင်းကျင်းနဲ့ ဂူမုန်းကျုံးတို့ နှစ်ယောက်တည်း ကျန်ခဲ့လေသည်။

​ဂူမုန်းကျုံးကတော့ ပါးစပ်ကို ပိတ်ပြီး မတ်မတ် ထိုင်နေ၏။ သူက လင်းကျင်းကို လျစ်လျူရှုထားတာကြောင့် လင်းကျင်းကလည်း သူ့ကို ပြန်ပြီး လျစ်လျူရှုထားလိုက်သည်။ တခြားသူတွေကတော့ နာမည်ကြီး လက်ရေးလှ ပညာရှင်ကို ပေါင်းချင်ကြပေမဲ့ လင်းကျင်းကတော့ အဲဒီလို ရည်ရွယ်ချက် မရှိပါဘူး။

​သူက လက်ရေးလှ ပညာရပ်ကိုလည်း နားမလည်သလို စိတ်လည်း မဝင်စားပါဘူး။

​ဒါကြောင့် သူတို့နှစ်ယောက်ဟာ တိတ်ဆိတ်စွာနဲ့ပဲ တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်နေကြ၏။ လေထုက တကယ့်ကို အနေရခက်စရာ ကောင်းလှပေသည်။

​အဲဒီအချိန်မှာပဲ ဂူမုန်းကျုံးက ကောင်းကင်ကို တစ်ချက်ကြည့်ပြီး အိတ်ထဲကနေ တစ်ခုခုကို ထုတ်လိုက်၏။

​၎င်းမှာ လက်ဝါးအရွယ်လောက်ရှိတဲ့ ဝါးပြွန်လေး တစ်ခုပင်။ လက်ဆောင်ပေးတဲ့ စုတ်တံအိမ်လေးနဲ့ တူပေသည်။

​ဂူမုန်းကျုံးက ဒီပစ္စည်းကို အလွန် တန်ဖိုးထားတာ သိသာလှ၏။ သူ အဲဒါကို စားပွဲပေါ် တင်လိုက်တဲ့အခါ ဝါးပြွန်ပေါ်မှာ ‘သားရဲထိန်းချုပ်ခြင်း ဂါထာ’ (Beast Quelling Talisman) တစ်ခု ကပ်ထားတာကို လင်းကျင်း သတိထားမိလိုက်သည်။

​ဒီလို ဂါထာမျိုးကို မယဉ်ပါးသေးတဲ့ ရှားပါးသားရဲတွေကို ထိန်းချုပ်ဖို့ အသုံးပြုတတ်ကြတာ ဖြစ်၏။ ဒီဂါထာတွေက ဈေးကြီးတာကြောင့် ဒါကို သုံးနိုင်တဲ့သူဟာ ချမ်းသာတဲ့သူ ဖြစ်မှာ အသေအချာပင်။

​သားရဲနဲ့ ပတ်သက်လာပြီဆိုရင် လင်းကျင်းက စိတ်ဝင်စားသွားတတ်သည်။ သူက အနီးကပ် ကြည့်လိုက်ပြီး ‘ဒီဝါးပြွန်ထဲမှာ ကြမ်းတမ်းတဲ့ သားရဲတစ်ကောင် ရှိနေတာလား’ လို့ တွေးမိလိုက်၏။

​ဒါပေမဲ့ ဒါက သေးသေးလေးပါပဲ။

​ဂူမုန်းကျုံးက ဝိညာဉ်ကျောက်တုံး တစ်တုံးကို ထုတ်လိုက်သည်။ လင်းကျင်း ကြည့်လိုက်တာနဲ့ ဒါက အလတ်တန်းစား အရည်အသွေး ရှိတယ်ဆိုတာ သိလိုက်၏။ သူဟာ တကယ်ပဲ ချမ်းသာတဲ့သူပင်။

​ဝါးပြွန်ရဲ့ အပေါ်မှာ သစ်သားအဆို့လေး ရှိနေ၏။ ဂူမုန်းကျုံးက အဲဒါကို သေသေချာချာ ဖွင့်လိုက်ပြီး ဝိညာဉ်ကျောက်တုံးကို အထဲကို အမြန် ထည့်လိုက်သည်။

​ဝါးပြွန်ဟာ တစ်စုံတစ်ခု ပိတ်မိနေသလိုမျိုး တလှုပ်လှုပ် ဖြစ်လာ၏။ တလှုပ်လှုပ် ဖြစ်နေတဲ့ ကြားကနေ ဝါးပြွန်ထဲက သေးငယ်တဲ့ ဟိန်းသံတစ်ခု ထွက်ပေါ်လာတာကို လင်းကျင်း ကြားလိုက်ရသည်။

​ဝါးပြွန်ဟာ ပိုပြီး ပြင်းပြင်းထန်ထန် လှုပ်ရှားလာ၏။ ဂူမုန်းကျုံးရဲ့ မျက်လုံးတွေက ပြူးထွက်နေပြီးနောက်မှာပဲ ‘ဖြောက်’ ဆိုတဲ့ အသံတစ်ခု ထွက်ပေါ်လာလေသည်။

​ဒါက သေးငယ်တဲ့ အသံလေး ဖြစ်ပေမဲ့ ဂူမုန်းကျုံးရဲ့ နားထဲမှာတော့ မိုးကြိုးပစ်သလို ဟိန်းသွား၏။

​“ကျိုးသွားပြီ”

သူ့ရဲ့ မျက်နှာ အမူအရာက ချက်ချင်း ပြောင်းလဲသွားပြီး နောက်ထပ် သားရဲထိန်းချုပ်ခြင်း ဂါထာတစ်ခုကို ထုတ်ကာ ကပ်ဖို့ ကြိုးစားလိုက်ပေမဲ့ နောက်ကျသွားပါပြီ။ နောက်ထပ် အသံတစ်ခုနဲ့အတူ ဝါးပြွန်က အက်ကွဲသွားလေတော့သည်။

​အက်ကြောင်းထဲကနေ မှင်ရည်အိုင်တစ်ခု စီးထွက်လာ၏။

​“ဟာ... ငါ့ရဲ့ မှင်သားရဲလေး”

ဂူမုန်းကျုံးရဲ့ တည်ငြိမ်မှုတွေ အကုန် ပျောက်ကွယ်သွားပြီး သူဟာ ပျာယာခတ်သွားတော့သည်။ သူဟာ ထိုင်ရာကနေ ဝုန်းခနဲ ထရပ်လိုက်၏။

​အခြေအနေက ရှင်းနေပါပြီ။ ဂူမုန်းကျုံးက သားရဲတစ်ကောင်ကို မွေးထားတာ ဖြစ်သော်လည်း ၎င်းက မယဉ်ပါးသေးဘဲ စကားနားမထောင်တာ ဖြစ်၏။ သူက ၎င်းနဲ့ သွေးကတိကဝတ် မလုပ်နိုင်သေးတာကြောင့် ဝါးပြွန်ထဲမှာ ခေတ္တ ထည့်ထားပြီး ဂါထာနဲ့ ဖိနှိပ်ထားတာ ဖြစ်ပေသည်။ စောစောက ဝိညာဉ်ကျောက်တုံး ကျွေးတဲ့အခါ တစ်ခုခု မှားယွင်းသွားပြီး သားရဲက ဂါထာကို ကျော်ဖြတ်ကာ ဝါးပြွန်ကို ဖျက်ဆီးပြီး ထွက်ပြေးဖို့ ကြိုးစားနေခြင်း ဖြစ်၏။

​ဂူမုန်းကျုံးက လက်ရေးလှ ပညာရှင် တစ်ယောက်သာ ဖြစ်ပြီး သားရဲအကဲဖြတ်ဆရာ မဟုတ်ပါဘူး။ သူ ဘယ်လောက်ပဲ ဗဟုသုတ ရှိပါစေ ဒီလို အခြေအနေမျိုးကိုတော့ သူ မကိုင်တွယ်နိုင်ပါဘူး။

​သူက ဂါထာကို သွားကပ်ဖို့ လက်လှမ်းလိုက်ပေမဲ့ မှင်ရည်က ဓားတစ်လက်လိုမျိုး သူ့ဆီကို ရုတ်တရက် ပစ်ထွက်လာ၏။ ကံကောင်းလို့ သူ အမြန် ရှောင်လိုက်နိုင်ပေမဲ့ မဟုတ်ရင်တော့ သူ့ရဲ့ လက်ဝါးက ဒီမှင်ရည်နဲ့ ပြတ်သွားနိုင်ပါသည်လေ။

​ဂူမုန်းကျုံး မျှော်လင့်ချက် ကင်းမဲ့စွာနဲ့ ဘာလုပ်ရမှန်း မသိ ဖြစ်နေစဉ်မှာပဲ လက်တစ်ဖက်က ရုတ်တရက် ထွက်လာပြီး အဲဒီ မှင်ရည်ခဲကို ဖမ်းကိုင်လိုက်လေသည်။

​“မလုပ်နဲ့”

ဂူမုန်းကျုံးက အော်လိုက်၏။ ဒီမှင်သားရဲက ဘယ်လောက် ကြမ်းလဲဆိုတာ သူ သိသည်။ ဒီလက်တော့ ပြတ်သွားတော့မှာပဲ။

​ဒါပေမဲ့ သူ ပြောတာက တစ်စက္ကန့်လောက် နောက်ကျသွားခဲ့ပြီ။ မှင်ရည်ခဲဟာ လက်ဝါးပေါ်ကို ရောက်နေပြီ ဖြစ်၏။

​ဒါပေမဲ့ ထူးဆန်းတာက အဲဒီ ကြမ်းတမ်းတဲ့ မှင်သားရဲဟာ တွန့်လိမ်သွားပြီး အေးခဲသွားသလို ဖြစ်သွားကာ လက်ထဲမှာ ငြိမ်ကျသွားလေသည်။ အဲဒီလက်ကတော့ လင်းကျင်းရဲ့ လက်ပဲ ဖြစ်ပါသည်လေ။

​လင်းကျင်းဟာ ဟင်းချက်တာ ဒါမှမဟုတ် အနုပညာမှာ ဗဟုသုတ မရှိပေမဲ့ သားရဲတွေနဲ့ ပတ်သက်လာရင်တော့ သူက တကယ့် အတော်ဆုံးတွေထဲက တစ်ယောက် ဖြစ်ပေသည်။

​သူ အဲဒီ အေးစက်စက်နဲ့ မှင်ရည်လိုမျိုး သားရဲကို ကိုင်ထားလိုက်စဉ်မှာပဲ သားရဲပြတိုက်ထဲမှာ မှတ်တမ်းအသစ်တစ်ခု တက်လာ၏။ သတ္တဝါရဲ့ ပုံစံနဲ့ ဖော်ပြချက် ကျောက်စာချပ်က ပေါ်လာလေသည်။

​“မှင်သားရဲ ... ရှားပါး သားရဲ အမျိုးအစား။ အရည်ပုံစံ ရှိတယ်။ စရိုက်ကြမ်းပြီး ယဉ်ပါးအောင် လုပ်ဖို့ ခက်ခဲတယ်။ ရေဓာတ်နဲ့ မြေဓာတ် နှစ်မျိုးလုံး ပါဝင်တဲ့ အဆင့် (၃) သားရဲအဖြစ် မွေးဖွားလာတာ ဖြစ်တယ်”

​“သွေးကတိကဝတ် မရှိသေးပါ”

​“အလားအလာ အဆင့်က (၅) ဖြစ်တယ်။ အလားအလာ တိုးတက်အောင် လုပ်နိုင်တဲ့ နည်းလမ်း (၃) မျိုးကတော့...”

​“ဆင့်ကဲပြောင်းလဲမှု ဖြစ်အောင် လုပ်နိုင်တဲ့ နည်းလမ်း (၅) မျိုးကတော့...”

​“ဒီသားရဲကို ယဉ်ပါးအောင် လုပ်နိုင်တဲ့ နည်းလမ်း (၄) မျိုးကတော့...”

​အမှန်အတိုင်း ပြောရရင် ဒီသားရဲဟာ လင်းကျင်း အခုအထိ ကြုံဖူးသမျှထဲမှာ အရှားပါးဆုံးနဲ့ အလားအလာ အကောင်းဆုံး သားရဲတစ်ကောင် ဖြစ်ပေသည်။ သူ့ရဲ့ ပုံစံကလည်း မှင်ရည်လို ဖြစ်နေတာမို့ တကယ့်ကို ထူးဆန်းလှ၏။

​ကျယ်ပြောလှတဲ့ ကမ္ဘာကြီးမှာ အံ့သြစရာတွေက နေရာတိုင်းမှာ ရှိနေတာပါပဲလား။

အခန်း (၃၀) - ထိတ်လန့်သွားသော ဂူမုန်းကျုံး

​ရုတ်တရက် လင်းကျင်းသည် ရှောင်ဟော့ကို သတိရသွား၏။

​မွေးဖွားလာစဉ်ကတည်းက အဆင့် (၃) ဖြစ်နေသည့် ဤမှင်သားရဲနှင့် နှိုင်းယှဉ်လျှင် ရှောင်ဟော့မှာ သာမန်ကာလျှံကာဟု ထင်ရသော်လည်း ‘ပြီးပြည့်စုံသော ဆင့်ကဲပြောင်းလဲခြင်း’ အပြီးတွင်တော့ ရှောင်ဟော့သည်လည်း ဤမှင်သားရဲနှင့် ရင်ပေါင်တန်းနိုင်သည့် အဆင့် (၃) သားရဲတစ်ကောင် ဖြစ်နေပြီ ဖြစ်သည်။

​သာမန်လူများအတွက်တော့ ဤသားရဲမှာ အဖိုးဖြတ်မရနိုင်သော ရှားပါးပစ္စည်းပင်။ စောစောက ဂူမုန်းကျုံး ပျာယာခတ်သွားသည်မှာလည်း မဆန်းပါဘူး။ တကယ်လို့သာ ထွက်ပြေးသွားရင် မျက်ရည်ချောင်းစီးအောင် ငိုရင်တောင် ပြန်ရမှာ မဟုတ်တော့ပေ။

​လင်းကျင်း ပြတိုက်ကနေ ရထားတဲ့ ‘သားရဲခြောက်လှန်နိုင်စွမ်း' ဟာ ဒီသတ္တဝါလေးအပေါ်မှာတော့ အနည်းငယ်ပဲ အစွမ်းပြနိုင်တာ ဖြစ်၏။ ဒီထက်သာ နည်းနည်းလေး ပိုသန်မာရင် လင်းကျင်းလည်း ယဉ်ပါးအောင် လုပ်နိုင်မှာ မဟုတ်ပါဘူး။

​သူ ခေါင်းမော့ကြည့်လိုက်တဲ့အခါ ဂူမုန်းကျုံးရဲ့ ပါးစပ်က ကြက်ဥတစ်လုံး အသာလေး ထည့်လို့ရလောက်အောင်ကို အဟောင်းသား ဖြစ်နေတာကို တွေ့လိုက်ရသည်။

​ဂူမုန်းကျုံးဟာ ငယ်စဉ်ကတည်းက လက်ရေးလှ ပညာကို လေ့ကျင့်ခဲ့သူ ဖြစ်လို့ သူ့ရဲ့ ပါရမီက အဲဒီကတည်းက ပျိုးထောင်ခံခဲ့ရတာ ဖြစ်၏။ နောက်ပိုင်းမှာ နာမည်ကြီး ဆရာသမားတွေဆီမှာ သင်ယူခဲ့ပြီး ဆယ်စုနှစ်ပေါင်းများစွာ အတွေ့အကြုံတွေ ရလာတဲ့အခါမှာတော့ သူ့မျိုးဆက်မှာ ဆရာတစ်ဆူ ဖြစ်လာခဲ့သည်။ ဂူမုန်းကျုံးဟာ သူ့လုပ်ငန်းနယ်ပယ်မှာ တကယ့်ကို ထူးခြားတဲ့ တည်ရှိမှုတစ်ခုပင်။

​လက်ရေးလှ ပညာရှင်တွေလည်း သားရဲနဲ့ ကတိကဝတ် လုပ်လို့ရတာပေါ့။

​သူ့ရဲ့ အရင်နှစ်တွေတုန်းက ဂူမုန်းကျုံးမှာ သွေးကတိကဝတ် လုပ်ထားတဲ့ သားရဲတစ်ကောင် ရှိခဲ့ဖူးပေမဲ့ ကံမကောင်းစွာနဲ့ မတော်တဆမှုတစ်ခုမှာ သေဆုံးသွားခဲ့ရသည်။ အဲဒီနောက်မှာတော့ သူ ဘယ်သားရဲနဲ့မှ သွေးကတိကဝတ် မလုပ်ခဲ့တော့ပါဘူး။ အရာရှိကြီးတွေက သူ့ကို ရှားပါးသားရဲတွေ လာပေးကြပေမဲ့ ဂူမုန်းကျုံးကတော့ စိတ်မဝင်စားခဲ့ဘူး။

​ဒါပေမဲ့ မကြာသေးခင်ကမှ မထင်မှတ်ဘဲ အင်မတန် ရှားပါးလှတဲ့ ‘မှင်သားရဲ’ လေးကို သူ ဝယ်ယူရရှိခဲ့ခြင်း ဖြစ်သည်။

​စာပေပညာရှင် တစ်ယောက်အနေနဲ့ သားရဲကို ရွေးချယ်တဲ့အခါမှာ သာမန်လူတွေနဲ့ ကွာခြားတာပေါ့။ လူရိုင်းတွေသာ ဝံပုလွေတွေ၊ သစ်ကျားတွေနဲ့ သွေးကတိကဝတ် လုပ်ကြတာပါ။ ယဉ်ကျေးတဲ့ ပညာတတ်တွေကတော့ အဲဒီလောက်အထိ ရိုင်းစိုင်းတဲ့ သားရဲမျိုးတွေကို မွေးလေ့မရှိပါဘူး။

​ဒါဆိုရင် ပညာတတ်တွေက ဘယ်လို သားရဲမျိုးကို မွေးကြသလဲ။

​ကြိုးကြာငှက်တွေ၊ စာကလေးတွေ၊ ပျံလွှားငါးတွေ စသဖြင့်ပေါ့။ သူတို့အတွက်တော့ တိုက်ခိုက်နိုင်စွမ်း ရှိမရှိက အရေးမကြီးပါဘူး။ ထူးခြားဖို့ရယ်၊ အဆင့်အတန်း မြင့်မားဖို့ရယ်ကသာ ပဓာန ဖြစ်သည်။

​ရှားပါးမျိုးစိတ်တွေဆိုရင်တော့ ဘယ်သူမဆို လိုချင်ကြတာပဲ။ ပညာတတ်တွေရဲ့ လိုချင်စရာ သားရဲစာရင်းမှာ ‘မှင်သားရဲ’ ဟာ အိပ်မက်တစ်ခုပင်။ ဒီသားရဲက လက်ရေးလှ ရေးတဲ့ မှင်ရည်လိုမျိုး အရည်ပုံစံ ရှိတာကြောင့် ပညာတတ်တွေ လိုချင်တဲ့ အဆင့်အတန်းနဲ့ ကိုက်ညီနေရုံတင် မကပါဘူး... ထူးခြားတာက သူဟာ အလှပြရုံတင် မဟုတ်ဘဲ တိုက်ခိုက်နိုင်စွမ်းမှာလည်း ပြိုင်ဘက်ကင်းတာ ဖြစ်၏။

​လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ရာလောက်က ‘ကြာပန်းစိမ်းရဟန်း’ လို့ လူသိများတဲ့ ပညာရှိ လီမိုဟာ ဒီသားရဲတစ်ကောင်တည်းနဲ့တင် တစ်လောကလုံးကို လှည့်လည်သွားလာပြီး မတရားမှုတွေကို နှိမ်နင်းခဲ့ဖူးသည်။

​သူဟာ တကယ်တမ်း ဓားလည်း မကိုင်သလို ဓားသိုင်းလည်း မတတ်ပါဘူး။ ဒါပေမဲ့ သူ့ရဲ့ သားရဲဖြစ်တဲ့ မှင်သားရဲရဲ့ စွမ်းအားကို သူ အသုံးချခဲ့တာ ဖြစ်၏။ မှင်သားရဲဟာ ပုံစံအမျိုးမျိုး ပြောင်းလဲနိုင်စွမ်း ရှိတာကြောင့် ဓားတစ်လက်အဖြစ်လည်း ပြောင်းလဲနိုင်ပေသည်။

​Invincible ဖြစ်တဲ့ ဒီမှင်သားရဲဟာ သက်ဆိုင်ရာ ‘ဓားကျင့်စဉ်’ တွေနဲ့ ပေါင်းစပ်လိုက်ရင် ပျံလွှားဓားအဖြစ် ပြောင်းလဲသွားပြီး မိုင်ပေါင်းများစွာ အကွာအဝေးက ရန်သူရဲ့ ခေါင်းကို ဖြတ်နိုင်စွမ်း ရှိပေသည်။

​အဲဒီလောက်အထိကို ကျော့ရှင်းပြီး စွမ်းအားကြီးတာ ဖြစ်၏။

​စဉ်းစားကြည့်ပါဦး... ဝတ်ရုံရှည်ကြီး ဝတ်ပြီး လေထဲမှာ တလူလူ လွင့်နေတဲ့ ကမ္ဘာလှည့် ခရီးသည်တစ်ယောက်ပေါ့။ လူဆိုးနဲ့ တွေ့တဲ့အခါ တစ်ချက်ပဲ လက်ဟန်ပြလိုက်ရုံနဲ့ မင်းရဲ့ မှင်ဓားက လေထဲကို ပျံထွက်သွားပြီး လူဆိုးရဲ့ ခေါင်းကို ဖြတ်ယူလာမှာပါ။ တစ်ကမ္ဘာလုံးက မင်းကို ချီးကျူးကြမှာဖြစ်ပြီး မင်းရဲ့ နာမည်ကလည်း သမိုင်းတွင်ကျန်ရစ်မှာ ဖြစ်ပေသည်။

​ဒါက ပညာတတ် တစ်ယောက်ရဲ့ အမြင့်ဆုံး ရည်မှန်းချက်ပဲပေါ့။

​တချို့လူတွေကတော့ နာမည်ဂုဏ်သတင်းကို စိတ်မဝင်စားဘူးလို့ ပြောကြပေမဲ့ အမှန်တကယ်တော့ သူတို့က ငြင်းလေလေ၊ ပိုပြီး ထူးခြားဆန်းပြားတာကို လိုချင်လေလေပါပဲ။

​ဂူမုန်းကျုံးဟာ ပညာတတ်တစ်ယောက် ဖြစ်ပေမဲ့ သူ့ရဲ့ စိတ်ထဲမှာတော့ သူဟာ လောကဓံကို ခံစားနေရသူ တစ်ယောက်ပင်။ သူ ဒါကို ဝန်ခံချင်မှ ဝန်ခံလိမ့်မယ်၊ ဒါပေမဲ့ ဒါက အမှန်တရားပဲ။

​သူ ဒီမှင်သားရဲလေးကို ရကတည်းက ဂူမုန်းကျုံးဟာ ကလေးတစ်ယောက်လို ဂရုစိုက်ခဲ့၏။ နေ့တိုင်း ဝိညာဉ်ကျောက်တုံးတွေ ကျွေးသလို သားရဲနဲ့ သွေးကတိကဝတ် လုပ်နိုင်ဖို့ နာမည်ကြီး အကဲဖြတ်ဆရာ အားလုံးဆီကို လိုက်ပြခဲ့သည်။

​အားလုံး သိကြတဲ့အတိုင်း မျိုးစိတ်က ရှားလေလေ သွေးကတိကဝတ် လုပ်ဖို့ ခက်လေလေပါပဲ။

​အရင်တုန်းက ဂူမုန်းကျုံးဟာ နည်းလမ်းမျိုးစုံ သုံးခဲ့ဖူးသလို အကဲဖြတ်ဆရာတွေဆီမှာလည်း အကူအညီ တောင်းခဲ့ဖူးပေမဲ့ ဘာနည်းလမ်းမှ မတွေ့ခဲ့ရပါဘူး။ အဆင့် (၃) အကဲဖြတ်ဆရာ တစ်ယောက်က သူ့ကို ‘ကျောက်စိမ်းဝါးပြွန်’ ထဲမှာ မှင်သားရဲကို ထည့်ထားဖို့၊ သားရဲထိန်းချုပ်ခြင်း ဂါထာ ကပ်ထားဖို့နဲ့ နေ့တိုင်း ဝိညာဉ်ကျောက်တုံး ကျွေးပြီး တဖြည်းဖြည်း ယဉ်ပါးအောင် လုပ်ဖို့ အကြံပေးခဲ့သည်။

​ပြဿနာက သူ ဒီနည်းလမ်းကို သုံးနေတာ တစ်လကျော်ပြီ ဖြစ်ပေမဲ့ ဘာတိုးတက်မှုမှ မရှိတာပဲ ဖြစ်၏။ အခုဆိုရင် ကျောက်တုံး ကျွေးရင်းနဲ့ မတော်တဆမှု ဖြစ်ပြီး မှင်သားရဲက ထွက်ပြေးဖို့ ကြိုးစားခဲ့တာ ဖြစ်သည်။

​ဂူမုန်းကျုံး တကယ့်ကို ထိတ်လန့်သွားခဲ့ရတာပါ။ မှင်သားရဲသာ ထွက်ပြေးသွားရင် သူ့ရဲ့ ကြိုးစားမှုတွေ အကုန်လုံး သဲထဲရေသွန် ဖြစ်သွားတော့မှာ မဟုတ်ပါလား။

​ဒါပေမဲ့ သူ အထင်သေးထားပြီး အသုံးမကျဘူးလို့ ယူဆထားတဲ့ လင်းကျင်းက ဒီအရေးကြီးတဲ့ အချိန်မှာ မှင်သားရဲကို လက်ဗလာနဲ့ ဖမ်းပြလိုက်တာကြောင့် ဂူမုန်းကျုံး အံ့သြလွန်းလို့ မှင်တက်သွားရတော့သည်။

​ဒီလို အရည်ပုံစံရှိတဲ့ သတ္တဝါကို လက်နဲ့ ဖမ်းလို့ မရဘူး၊ အထူးပြုလုပ်ထားတဲ့ ပစ္စည်းတွေနဲ့ပဲ ဖမ်းလို့ရတယ်လို့ ပြောခဲ့ကြတာ မဟုတ်လား။

​မှင်သားရဲက သဘာဝအတိုင်း ကြမ်းတမ်းပြီး မယဉ်ပါးသေးရင် သူ့ရဲ့ တိုက်ခိုက်မှုတွေက အန္တရာယ် များလွန်းလို့ မထိတွေ့သင့်ဘူးလို့ ပြောခဲ့ကြတာ မဟုတ်လား။

​လင်းကျင်းဆိုတာ မြေပုံမြို့ သားရဲအကဲဖြတ်အသင်းချုပ်ရဲ့ အရှက်ရစရာ ဖြစ်ပြီး သူ့ရဲ့ လက်မှတ်ကလည်း ကံကောင်းလို့ ရခဲ့တာလို့ ပြောခဲ့ကြတာ မဟုတ်လား။

​ဒါဆိုရင် အခု မြင်နေရတာက ဘာလဲ။

​အဆင့် (၃) အကဲဖြတ်ဆရာ တစ်ယောက်တောင် ထိတွေ့ဖို့ ကြောက်ရတဲ့ ဒီမှင်သားရဲဟာ လင်းကျင်းရဲ့ လက်ထဲမှာတော့ အေးအေးဆေးဆေး ငြိမ်နေပါလား။ ပြန်လည် ခုခံတာမျိုး ဒါမှမဟုတ် ရန်လိုတဲ့ အရိပ်အယောင်တောင် မရှိပါဘူး။

​ဂူမုန်းကျုံးဟာ သူ့ရဲ့ သိမြင်နားလည်မှုတွေ ဝေဝါးသွားသလို ခံစားလိုက်ရ၏။

​အရင်က သူနဲ့ တွေ့ခဲ့တဲ့ အကဲဖြတ်ဆရာတွေကပဲ အသုံးမကျတာလား၊ ဒါမှမဟုတ် ဒီလင်းကျင်းကပဲ တကယ့်ကို ထူးချွန်တဲ့ အကဲဖြတ်ဆရာကြီး တစ်ယောက်လား။

​အတွေးမျိုးစုံ ဂူမုန်းကျုံးရဲ့ ခေါင်းထဲမှာ လှည့်ပတ်နေစဉ် လင်းကျင်းက သူ့ကို လက်တွေ့လောကထဲ ပြန်ခေါ်လိုက်၏။

​“ဆရာကြီးဂူ... ဆရာကြီးဂူ... ရော့... ဒါက ဆရာကြီးရဲ့ ပစ္စည်းလို့ ကျွန်တော် ထင်တယ်”

လင်းကျင်းက သူ့ရဲ့ လက်ကို ဆန့်ထုတ်ပြီး မှင်ရည်ခဲလေးကို ဂူမုန်းကျုံးဆီ ကမ်းပေးလိုက်သည်။ ဒါပေမဲ့ ဂူမုန်းကျုံးကတော့ သားရဲကို လှမ်းယူဖို့ ကြောက်နေသဖြင့် ခေါင်းကို ဘယ်ပြန်ညာပြန် ခါယမ်းနေ၏။

​“အဲ... လင်း... လင်းကျင်း... မင်း ဒါကို ဘယ်လို လုပ်လိုက်တာလဲ”

ဂူမုန်းကျုံးက စကားတွေ ထစ်ထစ်အအနဲ့ မေးလိုက်သည်။

​သူ တကယ်ကို သိချင်နေတာပါ။ သူ့ရဲ့ သိချင်စိတ်ထဲမှာ မျှော်လင့်ချက် ရောင်ခြည်လေး တစ်ခုကိုလည်း မြင်လိုက်ရသည်။ ဒီနေ့ဟာ ဒီမှင်သားရဲလေးနဲ့ သွေးကတိကဝတ် လုပ်နိုင်မယ့် နည်းလမ်းကို သူ ရှာတွေ့မယ့်နေ့ ဖြစ်နိုင်မလား။

​လူတကာ ရယ်စရာ ဖြစ်နေတဲ့ အဆင့် (၁) အကဲဖြတ်ဆရာ တစ်ယောက်ဆီကနေ အကူအညီ ယူရမှာက ရယ်စရာကောင်းတယ်လို့ ထင်ရပေမဲ့ ဂူမုန်းကျုံးရဲ့ စိတ်ထဲမှာတော့ ဒီတစ်ခါတော့ လူမှန်ကို ရှာတွေ့ပြီလို့ ခံစားနေရ၏။

​လင်းကျင်းက ရှက်ပြုံးလေး ပြုံးပြီး ပြန်ဖြေလိုက်သည်။

“ဆရာကြီးဂူ... သားရဲတွေကို ယဉ်ပါးအောင် လုပ်တာက အကဲဖြတ်ဆရာ တစ်ယောက်အတွက် အခြေခံ စွမ်းရည်တစ်ခုပါပဲ။ ထူးထူးခြားခြားတော့ မရှိပါဘူး”

​အခြေခံ စွမ်းရည် ဟုတ်လား...။

​ထူးထူးခြားခြား မရှိဘူး ဟုတ်လား...။

​ဂူမုန်းကျုံးရဲ့ မျက်ခွံတွေက တလှုပ်လှုပ် ဖြစ်နေပြီး သူဟာ ပါးစပ်အဟောင်းသား ဖြစ်နေရပြန်၏။ ကံကောင်းလို့ သူ စိတ်ကို ပြန်ထိန်းလိုက်နိုင်ပြီး အရင်က သူ့ရဲ့ အစွဲတွေကို ပြန်လည် ဆင်ခြင်မိသွားသည်။

​သူဟာ လင်းကျင်းရဲ့ စွမ်းရည်ကို ကိုယ်တိုင် မြင်တွေ့ခဲ့ရတာ မဟုတ်ဘဲ သူများပြောတာတွေကိုပဲ နားယောင်ခဲ့တာ ဖြစ်၏။

​‘မမြင်ရရင် မယုံနဲ့’ ဆိုတဲ့ စကားအတိုင်း သူ အခုတော့ အမှန်တရားကို သိမြင်သွားပြီ ဖြစ်သည်။ သတင်းတွေက လင်းကျင်းကို လုံးဝ မှားယွင်းစွာ ဖော်ပြခဲ့တာပင်။

​လောကကြီးက အဲဒီလိုပဲ ထူးဆန်းတတ်တာပါ။ ဂူမုန်းကျုံးဟာ သူ့ရဲ့ အမြင်ကို ပြောင်းလဲလိုက်ပြီး သူများပြောတာကို လွယ်လွယ်ယုံမိတဲ့ သူ့ကိုယ်သူ ပြန်ပြီး သုံးသပ်နေမိသည်။ သူ လင်းကျင်းကို ပြန်ကြည့်တဲ့အခါ အထင်သေးတဲ့ စိတ်တွေ ပျောက်ကွယ်သွားရုံတင်မကဘဲ သူ့ရဲ့ စိတ်ထဲမှာ လေးစားမှုတွေတောင် ဖြစ်ပေါ်လာ၏။

​နိုင်ရင်လည်း မောက်မာမှု မရှိ၊ ရှုံးရင်လည်း အားငယ်မှု မရှိတာက ဂုဏ်သရေရှိ လူကြီးလူကောင်း တစ်ယောက် ထားရှိသင့်တဲ့ စိတ်ထားမျိုး ဖြစ်ပေသည်။

​ဂူမုန်းကျုံးက မေးလိုက်၏။

“အကဲဖြတ်ဆရာလင်း... ဒီသတ္တဝါက ဘာလဲဆိုတာ ဆရာ သိပါသလား”

​‘ငါ့ကို စမ်းသပ်ချင်တာလား’

​လင်းကျင်းက ပြတိုက်ရဲ့ ကျောက်စာချပ်ထဲက အချက်အလက်တွေကို ရွတ်ပြလိုက်တော့သည်။ မှင်သားရဲရဲ့ အခြေခံ အချက်အလက်တွေကနေ စပြီး သူ့ရဲ့ အဆင့်၊ စွမ်းရည်၊ ဇာစ်မြစ်နဲ့ နောက်ဆုံးမှာတော့ သူ့ရဲ့ သွေးနှော မျိုးရိုးအထိ အသေးစိတ် ရှင်းပြလိုက်၏။ သူ့ရဲ့ ပြောစကားတွေက တကယ့်ကို ပြည့်စုံလွန်းလှပေသည်။

​ဂူမုန်းကျုံးဟာ နားထောင်ရင်းနဲ့ မျက်နှာက ပိုပြီး ဝင်းပလာ၏။ သူ့ရဲ့ မျက်လုံးထဲမှာလည်း အရောင်တွေ တောက်ပလာပြီး စိတ်လှုပ်ရှားစွာနဲ့ လက်ချောင်းလေးတွေကို ပွတ်နေမိသည်။

​လင်းကျင်းရဲ့ အကဲဖြတ်ချက်ဟာ သူ တစ်သက်လုံး ကြားဖူးသမျှထဲမှာ အသေးစိတ်ဆုံး အကဲဖြတ်ချက်ပင်။ ဒီတစ်ခါ သူ မြေပုံမြို့ကို လာခဲ့တာက ဥက္ကဋ္ဌ ဝမ်ကျိဆီမှာ အကဲဖြတ်ဖို့ လာတာ ဖြစ်ပေမဲ့ အခုတော့ သူ့ကို လိုအပ်တော့မှာ မဟုတ်ပါဘူး။

​ဒါ့အပြင် ဥက္ကဋ္ဌ ဝမ်ကျိဟာလည်း ဒီလောက်အထိ ပြည့်စုံတဲ့ အကဲဖြတ်ချက်မျိုးကို ဘယ်တော့မှ ပေးနိုင်မှာ မဟုတ်ပါဘူး။

​အခုတော့ ဂူမုန်းကျုံး တစ်ယောက် လင်းကျင်းရဲ့ နာမည်ပျက် သတင်းတွေဟာ တမင် လုပ်ကြံထားတာ ဖြစ်မယ်ဆိုတာကို ပိုပြီး ယုံကြည်သွားလေသည်။ လင်းကျင်းရဲ့ စွမ်းရည်ကို သူ မြင်လိုက်ရပြီ မဟုတ်ပါလား။ လောကဓံကို ကြုံဖူးတဲ့ လူတစ်ယောက် အနေနဲ့ ဂူမုန်းကျုံးဟာ ဒီလို နာမည်ဖျက်ခံရတာဟာ ဒေသခံ အကဲဖြတ်အသင်းချုပ်ထဲက အတွင်းရေး ပြဿနာတွေကြောင့် ဖြစ်မယ်လို့ ကောက်ချက်ချလိုက်၏။

​အသက်ကို ပြင်းပြင်းရှူပြီးနောက်မှာတော့ ဂူမုန်းကျုံးဟာ သူ ဒီကို လာခဲ့တဲ့ အဓိက ရည်ရွယ်ချက်ကိုပဲ မေးလိုက်ပါတော့သည်။

​“အကဲဖြတ်ဆရာလင်း... ဒီမှင်သားရဲလေးကို ယဉ်ပါးအောင် လုပ်ပြီး သွေးကတိကဝတ် လုပ်ဖို့ကော ဖြစ်နိုင်ပါသလား”

All Chapters