အခန်း (၃၃-၃၄)
Vol. 2 Ch. 33-34
အခန်း (၃၃) - အဆင့် (၃) ဟုတ်လား
လူဗားမှာ မုန်တိုင်းခြင်္သေ့ သွေးပါသည့် သားရဲတစ်ကောင် ဖြစ်၏။ ‘လု’ မှာ လုယွင်ဟယ်၏ မျိုးရိုးအမည်ဖြစ်ပြီး ‘ဗား’ မှာ သူပေးထားသော အမည်ဖြစ်သည်။
လုရှောင်ယွန်း၏ စကားကို ကြားပြီးနောက် သေချာကြည့်လိုက်မိသောအခါမှ လုယွင်ဟယ်မှာ သူမပြောသည်မှာ မှန်ကန်ကြောင်း သိလိုက်ရသည်။
မီးဝံပုလွေ၏ လက်သည်းဖြင့် သုံးချက်မျှ ကုတ်ခြစ်ခံလိုက်ရသော လူဗားမှာ သူ၏ မောက်မာသော အရှိန်အဝါများ ပျောက်ကွယ်နေပြီ ဖြစ်၏။ ၎င်းမှာ လက်ရှိတွင် အနိုင်ကျင့်ခံထားရသော မုဆိုးမတစ်ဦးကဲ့သို့ ဖြစ်နေပြီး ရှောင်ဟော့ကို ဝိုင်းစက်နေသော မျက်လုံးကြီးများဖြင့် မျက်ရည်ဝဲကာ ကြောက်လန့်တကြား ကြည့်နေတော့သည်။
လုယွင်ဟယ်၏ ခန္ဓာကိုယ်မှာ တုန်ရင်သွားပြီး မြေပြင်ပေါ်သို့ပင် လဲကျမတတ် ဖြစ်သွားရ၏။ သူ၏ စိတ်ထဲတွင်တော့ မေးခွန်းပေါင်းများစွာနှင့် ပြည့်နှက်နေလေသည်။
ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ သူ့ရဲ့ ခြင်္သေ့က အဆင့် (၂) သားရဲ ဖြစ်သလို ‘သွေးဆာခြင်း’ နဲ့ ‘ရူးသွပ်ခြင်း’ ဂါထာတွေရဲ့ အစွမ်းကြောင့် အဆင့်တူ သားရဲတွေထဲမှာတောင် သူက ပြိုင်ဘက်ကင်း ဖြစ်ရမှာ မဟုတ်လား။
ဒါပေမဲ့ ဒီလောက် သန်မာတဲ့ သတ္တဝါက ရှုံးနိမ့်သွားခဲ့ရသည်။ ၎င်းမှာ အလွန် လျင်မြန်လွန်းလှသဖြင့် ဘာဖြစ်သွားသည်ကိုပင် လုယွင်ဟယ် မသိလိုက်ရပါဘူး။
သူ မသိသော်လည်း လင်းကျင်းကတော့ သိပါသည်။ အဆင့် (၂) သားရဲက အဆင့် (၃) ကို အနိုင်ယူနိုင်ဖို့ဆိုတာ အံ့သြစရာကြီး ဖြစ်နေလိမ့်မည် မဟုတ်လား။
ဒါ့အပြင် ရှောင်ဟော့က သာမန် အဆင့် (၃) မျိုးမဟုတ်ပါဘူး။ သူက ‘ပြီးပြည့်စုံသော ဆင့်ကဲပြောင်းလဲခြင်း’ ကနေတစ်ဆင့် အဆင့်တက်လာတာ ဖြစ်သလို စောစောလေးကတင် ‘သားရဲစွမ်းအင် ဖွဲ့စည်းခြင်း အပိုင်း ၁’ကျင့်စဉ်ကိုလည်း လေ့ကျင့်ပြီးစီးသွားခဲ့ပြီ ဖြစ်၏။
ဒီကျင့်စဉ်က သားရဲပြတိုက်ကနေ သားရဲတွေအတွက် အထူး ဖန်တီးပေးထားတဲ့ ကျင့်စဉ်တစ်ခု ဖြစ်သည်။ ဒီကမ္ဘာမှာ ဒီကျင့်စဉ်နဲ့ ယှဉ်နိုင်တဲ့ သားရဲကျင့်စဉ်မျိုး ရှိနိုင်မှာ မဟုတ်ပါဘူး။
ဒီကျင့်စဉ်ကြောင့် စွမ်းအားတွေ သိသိသာသာ တိုးလာတဲ့ ရှောင်ဟော့အတွက်တော့ အဆင့် (၂) ခြင်္သေ့ကို အနိုင်ယူဖို့က အေးဆေးပါပဲ။ သူ့ရဲ့ ကိုယ်ထည် ပုံသဏ္ဌာန်ကိုတောင် ပြောင်းလဲနေဖို့ မလိုပါဘူး။
လင်းကျင်းက သမ်းဝေလိုက်ပြီး ထိုင်နေရာမှ ထကာ အခန်းနောက်ဘက်သို့ ဦးတည်သွားရင်း ပြောလိုက်၏။
“ငါ ခဏလောက် အိပ်လိုက်ဦးမယ်... ငါ့ကို လာမနှောင့်ယှက်ကြနဲ့ဦး”
အဲဒီနောက်မှာတော့ သူ အိပ်ဖို့ ထွက်သွားတော့သည်။
လုယွင်ဟယ်အတွက်ကတော့ လုရှောင်ယွန်းကိုပဲ လွှဲထားလိုက်ရုံပါပဲ။ အစ်ကိုနဲ့ ညီမက စရိုက်ချင်း တူကြတာ မဟုတ်လား။ အရင်တုန်းက လုရှောင်ယွန်းလည်း သူ့ကို စိန်ခေါ်ဖို့ ဇွတ်လုပ်ခဲ့တာပဲလေ။ လုယွင်ဟယ်လည်း အတူတူပါပဲ... နောက်ကျရင်တော့ သူ နားလည်သွားမှာပါ။
အကဲဖြတ်ခန်းထဲမှာတော့ ကျောက်ရင်းနဲ့ သူမရဲ့ သားရဲက ပျက်စီးသွားတဲ့ တံခါးကို မကူညီပေးနေကြရသည်။ တံခါးက ပျက်သွားပြီမို့ အခန်းကို လိုက်ကာ အကြီးကြီးတစ်ခုနဲ့ပဲ ဖုံးထားလိုက်ရ၏။
တစ်ဖက်မှာလည်း လုယွင်ဟယ်မှာ စိတ်ပျက်အားငယ်နေလေသည်။ အသုံးမကျတဲ့သူ တစ်ယောက်ကို သူ ရှုံးသွားတယ်ဆိုတာကို သူ လက်မခံနိုင်သေးပါဘူး။ ဒါ့အပြင် သူ့ရဲ့ ပြိုင်ဘက်က ကျင့်ကြံသူများအသင်းက မဟုတ်ဘဲ သားရဲအကဲဖြတ်ဆရာ တစ်ယောက် ဖြစ်နေတာကလည်း သူ့အတွက် ခံရခက်စေသည်။
ဘယ်လိုလုပ်ပြီး ဒီလိုလူမျိုးကို ရှုံးသွားရတာလဲ
လုယွင်ဟယ်ရဲ့ ယုံကြည်ချက်တွေ စတင် ပြိုလဲနေပြီ ဖြစ်၏။
လုရှောင်ယွန်းက သူမရဲ့ အစ်ကို ဖြစ်သူ စိတ်လိုက်မာန်ပါ လုပ်ခဲ့တာကို အပြစ်တင်နေပေမဲ့ အခုက ဆူပူနေရမယ့် အချိန် မဟုတ်ပါဘူး။ အဲဒီအစား သူ့ရဲ့ စိတ်ဓာတ်တွေ ပြိုလဲမသွားအောင် ဖျောင်းဖျပေးဖို့ပဲ လိုအပ်လေသည်။ မဟုတ်ရင်တော့ ဒုက္ခရောက်ကုန်လိမ့်မည်။ လုရှောင်ယွန်းက သူမရဲ့ မြေခွေးနီလေးကို ခေါ်လိုက်ပြီး လုယွင်ဟယ်ကို ကြည့်ခိုင်းရင်း ပြောလိုက်၏။
“အစ်ကို... မနေ့က ကိစ္စတွေ အများကြီး ဖြစ်ခဲ့တာ။ ညီမလေးမှာ အစ်ကို့ကို ပြောပြဖို့ အချိန် မရှိလိုက်တာနဲ့ပဲ အကဲဖြတ်ဆရာလင်းဆီကို ပြောင်းလိုက်မိတာ။ အပြင်က ထွက်နေတဲ့ သတင်းဆိုးတွေကို အစ်ကို နားမယောင်ပါနဲ့။ အကဲဖြတ်ဆရာလင်းက တကယ့်ကို တော်တဲ့သူပါ။ ညီမလေးရဲ့ သားရဲအကြောင်းကို အစ်ကို သိတယ် မဟုတ်လား... အခု သူ့ကို ကြည့်လိုက်ပါဦး”
တစ်ချက် ကြည့်လိုက်ရုံနဲ့တင် လုယွင်ဟယ်မှာ စကားပြောဖို့ အသံ ပျောက်ဆုံးသွားရတော့သည်။ သူက မေးလိုက်၏။
“အဆင့် (၂) ဟုတ်လား... ဒါ ဘယ်လို ဖြစ်တာလဲ။ ဒီမြေခွေးနီက ဘယ်တုန်းက အဆင့်တက်သွားတာလဲ။ ဒီနှစ်ထဲမှာ အဆင့်တက်ဖို့ မဖြစ်နိုင်ဘူးလို့ ပြောခဲ့ကြတာ မဟုတ်လား... ဒါဆိုရင်...”
အတွေးတစ်ခုက သူ့ခေါင်းထဲ ဝင်လာပြီး လုယွင်ဟယ်ရဲ့ မျက်နှာ အမူအရာက ချက်ချင်း ပြောင်းလဲသွားတော့သည်။ လုရှောင်ယွန်းက ခေါင်းညိတ်ပြလိုက်ပြီး သူ့အစ်ကိုကို ထောင့်တစ်နေရာကို ဆွဲခေါ်သွားကာ ဘာတွေ ဖြစ်ခဲ့လဲဆိုတာကို စပြီး ပြောပြလိုက်လေသည်။
အကဲဖြတ်ခန်းထဲက ဒီပြဿနာဟာ လေပြင်းတစ်ချက် တိုက်သွားသလိုမျိုးပဲ ခဏလေးအတွင်းမှာတင် ပြီးဆုံးသွားခဲ့တာ ဖြစ်၏။ ဒါ့အပြင် ကျောက်ရင်းက လိုက်ကာနဲ့ အချိန်မီ ပိတ်လိုက်တာကြောင့် အပြင်က လူတွေကတော့ ဘာတွေ ဖြစ်သွားမှန်း မသိလိုက်ကြပါဘူး။
အပြင်ဘက်မှာ လူအုပ်ကြားထဲ ပုန်းနေတဲ့ ကျန်းဟယ်ကတော့ ဇဝေဇဝါ ဖြစ်နေလေသည်။
စောစောလေးတင် သူ မြင်လိုက်တာကတော့ ဒေါသတကြီးနဲ့ အခန်းထဲကို ဝင်သွားတဲ့ လုယွင်ဟယ်နဲ့ သူ့ရဲ့ ခြင်္သေ့ကိုပဲ ဖြစ်၏။ အဲဒီနောက်မှာတော့ ဘာမှ ဖြစ်မလာတော့ပါဘူး။ အထဲမှာ ဘာတွေ ဖြစ်နေလဲဆိုတာ သူ မမြင်ရသလို ပတ်ဝန်းကျင်က ဆူညံသံတွေကြောင့်လည်း ဘာသံမှ မကြားရပေ။
ဒါပေမဲ့ ကျန်းဟယ်ကတော့ လင်းကျင်း သွားပြီလို့ပဲ ခံစားနေရ၏။ သူက တွေးနေမိသည်။
မင်းက ဘယ်လိုလူလဲဆိုတာတောင် ကိုယ့်ကိုယ်ကိုယ် မသိဘဲ အကဲဖြတ်ဆရာ ဂေါင်ရဲ့ တပည့်ကိုတောင် ဆွဲယူရဲတယ်ပေါ့။ ဒါက ပြဿနာကို ဖိတ်ခေါ်နေတာပဲ မဟုတ်လား။ လင်းကျင်း... အကဲဖြတ်ဆရာ ဂေါင်က မင်းကို အသာလေး ခြေနင်းဖတ် လုပ်ပစ်နိုင်တယ်
ကျန်းဟယ်ရဲ့ အမြင်မှာတော့ အထဲမှာ ဘာအသံမှ ထွက်မလာတာက ပုံမှန်ပါပဲ။
လုယွင်ဟယ်က ဘယ်သူလဲ။ သူက ကျင့်ကြံသူများအသင်းရဲ့ ထင်ရှားတဲ့ လူငယ်တစ်ယောက်ပဲ မဟုတ်လား။ မျက်စိတစ်မှိတ်အတွင်းမှာတင် သူက လင်းကျင်းကို အသာလေး နှိမ်နင်းနိုင်မှာ ဖြစ်ပြီး လင်းကျင်းကတော့ အခုလောက်ဆို သတိလစ်နေလောက်ပြီလို့ သူ ထင်နေခြင်း ဖြစ်သည်။
နှမြောစရာ ကောင်းတာက တစ်ယောက်ယောက်က လိုက်ကာ ချထားလိုက်လို့ ကျန်းဟယ် မကြည့်ရတော့တာပါပဲ။ လုယွင်ဟယ်ကို စိတ်အနှောင့်အယှက် ဖြစ်မှာ ကြောက်တာကြောင့် သူ အထဲကိုလည်း မဝင်ရဲပါဘူး။
အတော်ကြာတဲ့အခါမှာတော့ လူတစ်ယောက် ထွက်လာ၏။ ၎င်းမှာ လုယွင်ဟယ်ပင် ဖြစ်သည်။
ဒါပေမဲ့ ဒီလူက အရင်လို ဒေါသထွက်နေတဲ့ ပုံစံ မဟုတ်တော့ပါဘူး။ သူက အရင်ကထက် အများကြီး တည်ငြိမ်သွားသလို ရှိနေပြီး သူ့ရဲ့ သားရဲကလည်း နားရွက်တွေ ကျပြီး သူ့ဘေးမှာ ကပ်ပါလာလေသည်။ လုရှောင်ယွန်းကလည်း သူ့နောက်ကနေ လိုက်ထွက်လာ၏။
ကျန်းဟယ်က စိတ်လှုပ်ရှားစွာနဲ့ သူ့ရဲ့ ပေါင်ကို ရိုက်ပြီး တွေးနေမိသည်။
ဟားဟား... လုယွင်ဟယ်က သူ့ညီမကို ခေါ်သွားပြီး အကဲဖြတ်ဆရာ ဂေါင်ကို တောင်းပန်ခိုင်းတော့မှာပဲ။ အိုး... လင်းကျင်းရေ... မင်း ဘယ်လိုများ လူတောတိုးရဲတော့မှာလဲ
ဒါပေမဲ့ လုယွင်ဟယ်ရဲ့ နောက်ထပ် တုံ့ပြန်မှုက သူ့ကို ကြောင်သွားစေသည်။ လုယွင်ဟယ်က လေသံအေးအေးနဲ့ ပြောလိုက်၏။
“ညီမလေး... အစ်ကိုက စိတ်လိုက်မာန်ပါ လုပ်မိသွားတယ်။ အစ်ကို့ အကြောင်းကိုလည်း ညီမ သိတာပဲ။ အစ်ကိုက စာတစ်စောင်ကြောင့် လှည့်ဖျားခံလိုက်ရပြီး ဒီမှာ ပြဿနာ ရှာမိတော့မလို့။ အခု အကဲဖြတ်ဆရာလင်းက အိပ်နေတယ်ဆိုတော့ အစ်ကိုက သူ့ကို မနှောင့်ယှက်ချင်တော့ဘူး။ သူ နိုးလာတဲ့အခါ ညီမလေး ပြောပေးပါဦး... နောက်တစ်ခါကျရင် သူ့ကို ထမင်းတစ်နပ်လောက် ကျွေးပါရစေလို့ပေါ့”
သူ့ရဲ့ လေသံက တိုးပေမဲ့ ကျန်းဟယ်ကတော့ အကုန်လုံးကို ကြားလိုက်ရ၏။
ဘာ...
လင်းကျင်း အိပ်နေတာကို မနှောင့်ယှက်ချင်ဘူး ဟုတ်လား...
သူ့ကို ထမင်းတောင် ကျွေးချင်သေးတယ် ဟုတ်လား..
လုယွင်ဟယ် တကယ်ပဲ နိုးနေရဲ့လား။ သူ ဘာတွေ လျှောက်ပြောနေတာလဲ
လုရှောင်ယွန်းက ခေါင်းညိတ်ပြီး ပြောလိုက်၏။
“အစ်ကို... ရပါတယ်။ အကဲဖြတ်ဆရာလင်းက အဲဒီလောက် စိတ်ပုပ်တဲ့သူ မဟုတ်ပါဘူး။ ဒါပေမဲ့ နောက်တစ်ခါကျရင်တော့ သတင်းတွေကို လွယ်လွယ်နဲ့ မယုံပါနဲ့ဦး”
လုယွင်ဟယ်က ရှက်ကိုးရှက်ကန်း ဖြစ်သွားပြီးမှ တစ်ခုခုကို သတိရသွားသလိုမျိုး ပြောလိုက်၏။
“အေးပါ... တံခါးကို ငါပဲ ဖျက်လိုက်တာဆိုတော့ နောက်မှ လက်သမားတစ်ယောက် ခေါ်ပြီး ပြင်ခိုင်းလိုက်မယ်။ ငါပဲ ပိုက်ဆံ ပေးလိုက်ပါ့မယ်။ ပြီးတော့ နောက်ထပ် ညီမလေးကို အကူအညီ တောင်းစရာ ရှိသေးတယ်”
“ဘာလဲ အစ်ကို”
“လူဗား အကြောင်းပါ။ အကဲဖြတ်ဆရာလင်းကို သူ့ကို တစ်ချက်လောက် ကြည့်ပေးဖို့ ပြောချင်လို့ပါ...”
ဒါကို ကြားတော့ ကျန်းဟယ် တကယ့်ကို ရူးသွားတော့မတတ် ဖြစ်သွားရသည်။ ဒီနေ့ မွန်းလွဲပိုင်းမှာ လင်းကျင်းက စားသောက်ဆိုင်မှာ ပြဿနာ ရှာခဲ့တာတောင် ဘာမှ မဖြစ်ခဲ့တဲ့အပြင် စားဖိုမှူးကြီး လျောင်နဲ့တောင် သူငယ်ချင်း ဖြစ်ခဲ့သေးသည်။
အခုလည်း လုယွင်ဟယ်က လင်းကျင်းကို သင်ခန်းစာ ပေးလိမ့်မယ်လို့ သူ ထင်ထားခဲ့ပေမဲ့ ဒါကလည်း ကျရှုံးသွားခဲ့ရပြန်ပြီ မဟုတ်ပါလား။ ကျန်းဟယ်မှာ ဘာလုပ်ရမှန်း မသိတော့ပါဘူး။
တစ်ဖက်မှာလည်း လုရှောင်ယွန်းက ဒါကို သဘောတူလိုက်၏။ ဒါက သားရဲအကဲဖြတ်တာပဲလေ... သူ့အစ်ကို အနေနဲ့ ဆွေးနွေးမှုလက်မှတ် တစ်စောင် ယူလိုက်ရုံပါပဲ။ အခုဆိုရင် သူမက လင်းကျင်းအကြောင်းကို အတော်လေး နားလည်နေပြီ ဖြစ်သည်။
လုယွင်ဟယ်က သူ့ညီမကို တိုးတိုးလေး မေးလိုက်၏။
“ညီမလေး... အစ်ကို့ကို အမှန်အတိုင်း ပြောစမ်းပါ။ အကဲဖြတ်ဆရာလင်းရဲ့ မီးဝံပုလွေက... အဆင့် (၃) လား”
လုရှောင်ယွန်းကလည်း တကယ် မသိတာကြောင့် ပြောလိုက်၏။
“အကဲဖြတ်ဆရာလင်းက အဲဒီအကြောင်း ဘာမှ မပြောဘူး။ ဒါပေမဲ့ ညီမလေးရဲ့ မြေခွေးနီကော ကျောက်ရင်းရဲ့ သင်းခွေချပ်ကော သူ့ကို ဘယ်လိုမှ မယှဉ်နိုင်တာတော့ အမှန်ပဲ။ အဆင့် (၃) မဟုတ်ရင်တောင် အဲဒီအဆင့်ကို ရောက်တော့မှာ သေချာတယ်”
ဒါကို ကြားတော့ လုယွင်ဟယ်က အသက်ကို ပြင်းပြင်းရှူပြီး လက်သီးကို တင်းတင်းဆုပ်လိုက်၏။ သူ့ရဲ့ မျက်လုံးထဲမှာ အရောင်တစ်ခု လက်သွားသည်။
သူက သွေးကတိကဝတ်ကို ကျင့်ကြံနေတဲ့ ကျင့်ကြံသူတစ်ယောက် ဖြစ်၏။ ဒါပေမဲ့ သားရဲရဲ့ အဆင့်ကသာ တကယ့် စွမ်းအားအတွက် အဓိက သော့ချက် ဖြစ်သည်။ သူ့ရဲ့ သားရဲ အဆင့်တက်ဖို့အတွက်ဆိုရင် လုယွင်ဟယ်က ဘာကိုမဆို စတေးဖို့ အသင့်ပါပဲ။
ဒါပေမဲ့ အဆင့် (၂) ကနေ အဆင့် (၃) ကို တက်ဖို့ဆိုတာ တကယ့်ကို ခက်ခဲလှ၏။ မေပယ်မြို့ ကျင့်ကြံသူများအသင်းမှာတောင် အဆင့် (၃) သားရဲတွေက အလွန် ရှားပါးလှသည်။
အဆင့် (၃) သားရဲဆိုတဲ့ အတွေးနဲ့တင် သူ တကယ့်ကို လိုချင်တက်မက်နေမိသည်။
သေချာတဲ့ အဖြေ မရသေးပေမဲ့ လုယွင်ဟယ်ကတော့ သူ့ရဲ့ ခြင်္သေ့ကို အလွယ်တကူ အနိုင်ယူသွားတဲ့ မီးဝံပုလွေဟာ အဆင့် (၂) မဟုတ်ဘူးလို့ပဲ ခံစားနေရ၏။ ၎င်းဟာ အနည်းဆုံးတော့ အဆင့် (၃) ဖြစ်ရမည်။
လင်းကျင်းက သူ့ရဲ့ သားရဲကို အဆင့် (၃) အထိ တင်ပေးနိုင်တယ်ဆိုရင် လုယွင်ဟယ်ကိုလည်း ကူညီပေးနိုင်မယ့် နည်းလမ်း ရှိရပါလိမ့်မည်။
ဒါကို တွေးမိတဲ့အခါ လုယွင်ဟယ် ရုတ်တရက် စိုးရိမ်သွားရသည်။ သူက လူမိုက်တစ်ယောက်လို ပြဿနာ လာရှာခဲ့တာ မဟုတ်လား။ ကံကောင်းလို့ ဘာမှ ဆိုးဆိုးရွားရွား မဖြစ်ခဲ့လို့သာပေါ့... မဟုတ်ရင်တော့ အကျိုးဆက်ကို သူ စဉ်းစားတောင် မဝံ့ပါဘူး။
တစ်ချိန်တည်းမှာပဲ သူ တကယ့်ကို မျှော်လင့်ချက်တွေ ကြီးမားလာခဲ့သည်။ သူက အကဲဖြတ်ဆရာလင်းကို သူ့ရဲ့ သားရဲကို အကဲဖြတ်ခိုင်းဖို့ ဆုံးဖြတ်လိုက်၏။
“ဒီနေ့တော့ မဖြစ်နိုင်တော့ဘူး... မနက်ဖြန်ကျရင် ဆွေးနွေးမှုလက်မှတ် တစ်စောင် သေချာပေါက် ယူရမယ်”
အခန်း (၃၄) - ပူလောင်လှတဲ့ အာလူးပူ
သားရဲအကဲဖြတ်အသင်းချုပ်ရှိ အကဲဖြတ်ဆရာ ဂေါင်ကျန်း၏ အကဲဖြတ်ခန်းအတွင်းမှာ ဖြစ်၏။
ဂေါင်ကျန်းက ထိုင်နေရာမှ ထရပ်လိုက်ပြီး သူ့ကို လာသတင်းပို့နေသော ကျန်းဟယ်ကို မေးလိုက်၏။
“ဘာ... မင်းပြောတာ တကယ်လား။ လုယွင်ဟယ်တောင် လင်းကျင်းကို ဘာမှ မလုပ်နိုင်ဘူး ဟုတ်လား”
ကျန်းဟယ်က အသေအချာပဲ ပြန်ပြောလိုက်၏။
“တကယ်ပါ အကဲဖြတ်ဆရာဂေါင်။ ကျွန်တော် ကိုယ်တိုင် မြင်ခဲ့တာပါ။ ကျွန်တော်လည်း တကယ့်ကို စိတ်ပျက်မိပါတယ်။ လုယွင်ဟယ်က လင်းကျင်းရဲ့ အခန်းတံခါးကိုတောင် ကန်ဖွင့်ပြီး ဒေါသတကြီး ဝင်သွားတာပါ။ ဒါပေမဲ့ အထဲမှာ ဘာဖြစ်ခဲ့လဲဆိုတာတော့ ကျွန်တော် မသိဘူး။ သူ ပြန်ထွက်လာတဲ့အခါ လင်းကျင်းကို စိတ်မဆိုးတဲ့အပြင် ‘အကဲဖြတ်ဆရာလင်း’ လို့တောင် လေးလေးစားစား ခေါ်သွားတာ။ ကျွန်တော်တောင် ကြောင်သွားရတယ်”
ဂေါင်ကျန်းက ခဏလောက် စဉ်းစားပြီးမှ လက်ယမ်းပြကာ ပြောလိုက်၏။
“ဒါက ဘာမှ မဟုတ်ပါဘူး။ လုယွင်ဟယ်က စိတ်မြန်လက်မြန်ရှိပြီး တုံးအတဲ့သူပဲ။ သူ လင်းကျင်းရဲ့ အပြောကောင်းတာကို ခံလိုက်ရတာ ဖြစ်မှာပါ။ ဒါပေမဲ့ အပြောကောင်းတာက တကယ့် အရည်အချင်းကို မယှဉ်နိုင်ပါဘူး။ လင်းကျင်းရဲ့ အဆင့်အတန်းအစစ်က မကြာခင်မှာ ပေါ်လာတော့မှာပါ”
ကျန်းဟယ်က တစ်ခုခု လွဲနေသလို ခံစားရပေမဲ့ ဆက်ပြီးတော့ မပြောရဲတော့ပါဘူး။ ဂေါင်ကျန်းက ထပ်ပြောလိုက်၏။
“ကျန်းဟယ်... မင်းက အရင်က လင်းကျင်းနဲ့ နီးနီးကပ်ကပ် ရှိခဲ့သူဆိုတော့ သူ့ရဲ့ အရည်အချင်းကို အသိဆုံး ဖြစ်မှာပေါ့။ တကယ်လို့ သူက တကယ်သာ တော်တယ်ဆိုရင် မင်း သူ့ဆီကနေ ဆရာပြောင်းမှာ မဟုတ်ဘူး မဟုတ်လား”
ကျန်းဟယ်ကလည်း ချက်ချင်း ခေါင်းညိတ်ပြီး သဘောတူလိုက်၏။ ဒီမေးခွန်းကပဲ သူ့ရဲ့ ယုံကြည်မှုကို ပြန်ရစေတာ ဖြစ်နိုင်ပါတယ်။ သူက တစ်ချိန်က လင်းကျင်းရဲ့ အယုံကြည်ရဆုံးလူ ဖြစ်ခဲ့တာ မဟုတ်လား။ လင်းကျင်းနဲ့အတူ နေရာတိုင်းကို လိုက်ခဲ့သူမို့ သူ့ရဲ့ အရည်အချင်းကို ကျန်းဟယ်က အသိဆုံး ဖြစ်၏။
ရိုးရိုးလေး ပြောရရင်တော့ လင်းကျင်းဆိုတာ ဘာမှ မဟုတ်တဲ့ လူတစ်ယောက်ပါပဲ။ ဒါကိုတော့ သူ လုံးဝ သံသယ မရှိပါဘူး။ ကျန်းဟယ်က ဆက်ပြောလိုက်၏။
“ဥက္ကဋ္ဌ ဝမ်ကျိက လင်းကျင်းရဲ့ အကဲဖြတ်ဆရာ ဘွဲ့ကို ရုပ်သိမ်းဖို့အတွက် ဘုတ်အဖွဲ့ကို တရားဝင် တင်ပြထားပြီးပါပြီ။ မကြာခင်မှာ ရလဒ် ထွက်လာတော့မှာပါ။ အဲဒီအချိန်ကျရင်တော့ ဒီလို အသားထဲက လောက်ထွက်တဲ့ လင်းကျင်းဟာ အထုပ်အပိုးပြင်ပြီး ဒီကနေ ထွက်သွားရတော့မှာပါ”
ဂေါင်ကျန်းရဲ့ မျက်လုံးတွေ တောက်ပသွား၏။ ဒါက တကယ့် လျှို့ဝှက်သတင်းပဲ မဟုတ်လား။ တကယ်လို့ ဒါသာ အမှန်ဆိုရင် လင်းကျင်းရဲ့ နေ့ရက်တွေက ရေတွက်လို့ ရနေပါပြီ။ အဲဒီအချိန်မှာပဲ အပြင်ဘက်ကနေ ကမန်းကတန်း လျှောက်လာတဲ့ ခြေသံတွေကို ကြားလိုက်ရ၏။
“အကဲဖြတ်ဆရာ ဂေါင်ကျန်း... ဥက္ကဋ္ဌ ဝမ်ကျိက ခင်ဗျားကို အရေးတကြီး တွေ့ချင်နေပါတယ်”
သားရဲအကဲဖြတ်အသင်းချုပ်ရဲ့ ဥက္ကဋ္ဌ အကဲဖြတ်ခန်းထဲမှာတော့ နှုတ်ခမ်းမွှေး ပါးပါးနဲ့ ဝမ်ကျိဟာ အသက်ကြီးကြီး လူတစ်ယောက်နဲ့ စကားကောင်းနေလေသည်။
“မန်နေဂျာကြီးကျောက်... ခင်ဗျားက အရင်လိုပဲ ကျန်းမာသန်စွမ်းနေတုန်းပဲ။ အခုဆို မြို့တော်ဝန်က ခင်ဗျားကို အားကိုးနေတာဆိုတော့ သူ အဆင့်တက်တဲ့အခါ ခင်ဗျားလည်း အဆင့်တက်မှာ သေချာပါတယ်”
ဝမ်ကျိက ဒီလူကြီးကို အတော်လေး လေးစားနေတာ ဖြစ်၏။ သူ့နာမည်က ကျောက်ဝမ်ထန်ဖြစ်သည်။ လူငယ်ဘဝမှာ စစ်တပ်မှာ ဗိုလ်ကြီးတစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး အခုတော့ မေပယ်မြို့ မြို့တော်ဝန်ရဲ့ အဓိက မန်နေဂျာကြီး ဖြစ်လေသည်။ မေပယ်မြို့မှာဆိုရင် သူက ဒုတိယ အာဏာအရှိဆုံးလူလို့တောင် ပြောလို့ ရပါသည်။
ကျောက်ဝမ်ထန်ရဲ့ ဘေးမှာတော့ လူတစ်ရပ်လောက် မြင့်တဲ့ သက်တံကျားတစ်ကောင် ထိုင်နေပြီး ၎င်းဆီကနေ သားရဲဘုရင် တစ်ကောင်ရဲ့ အရှိန်အဝါတွေ ထွက်ပေါ်နေ၏။ ကျောက်ဝမ်ထန်က ပြောလိုက်၏။
“ဥက္ကဋ္ဌဝမ်ရဲ့ စကားတွေအတွက် ကျေးဇူးတင်ပါတယ်။ အခုလို ရုတ်တရက် ရောက်လာရတာကတော့ မြို့တော်ဝန်က ဒီမနက်တင် ရှေးဟောင်းနေရာ တစ်ခုကနေ နှစ်ပေါင်း ရာချီနေပြီဖြစ်တဲ့ သားရဲဥတချို့ကို တူးဖော်ရရှိခဲ့လို့ပါ။ ဥက္ကဋ္ဌဝမ်က ဒီနယ်ပယ်မှာ ကျွမ်းကျင်သူဆိုတော့ အဲဒီဥတွေကို အကဲဖြတ်ပေးစေချင်လို့ပါ”
ကျောက်ဝမ်ထန်ဟာ အသက်ကြီးပေမဲ့ တကယ့်ကို ဇွဲရှိပြီး အရှိန်အဝါ ကြီးမားသူ ဖြစ်၏။ သူက သူ့ရှေ့မှာ တင်ထားတဲ့ ဥ အလုံးပေါင်း ဆယ်ဂဏန်းလောက်ကို ညွှန်ပြရင်း ပြောနေတာ ဖြစ်သည်။
အဲဒီဥတွေဟာ အရွယ်အစား အမျိုးမျိုး ဖြစ်ပြီး အကြီးဆုံးက ဖရဲသီးလောက် ရှိကာ အငယ်ဆုံးကတော့ လက်သီးဆုပ်လောက်ပဲ ရှိ၏။ အလင်းရောင် အောက်မှာ ကြည့်လိုက်ရင် ဥရဲ့ အတွင်းထဲမှာ အရည်တွေ လှုပ်ရှားနေတာကိုတောင် မထင်မရှား မြင်နေရသည်။
ဒါဟာ ဥတွေထဲမှာ သက်ရှိ ရှိနေသေးတယ်ဆိုတာ ထင်ရှားလှ၏။ ဒီကမ္ဘာမှာ သားရဲဥ မပေါက်ခင်ကတည်းက သွေးကတိကဝတ် ပြုနိုင်ရင် သားရဲရဲ့ အလားအလာနဲ့ ကတိကဝတ် အဆင့်က ပိုပြီး မြင့်မားလာတတ်သည်။ ဒါပေမဲ့ အရင်ဆုံးတော့ ဒါက ဘယ်လို သားရဲမျိုးလဲဆိုတာကို အကဲဖြတ်ဖို့ လိုအပ်လေသည်။
တချို့လူတွေကတော့ ဒီဥတွေရဲ့ ပုံသဏ္ဌာန်က ပုံမှန်မဟုတ်တာကြောင့် ဒါတွေက သားရဲဥတွေ မဟုတ်ဘူးလို့ ပြောကြလိမ့်မည်။ ဒါပေမဲ့ ဝမ်ကျိကတော့ အတွေ့အကြုံရှိသူ တစ်ယောက် ဖြစ်တာကြောင့် ပြောလိုက်၏။
“သားရဲတွေအကြောင်း လေ့လာမှုတွေအရ ကမ္ဘာမြေပေါ်က ဓာတ်ကြီးငါးပါးအပြင် အလင်းနဲ့ အမှောင်ဓာတ်တွေက ဥထဲကို စီးဝင်သွားတဲ့အခါ အမျိုးမျိုးသော မျိုးစိတ်တွေ ဖြစ်လာတတ်ပါတယ်။ အခု ဒီမှာက အရွယ်အစားတွေ မတူကြသလို အထဲမှာ ဘာရှိလဲဆိုတာ ပြောဖို့ တကယ့်ကို ခက်ပါတယ်။ အထူးသဖြင့် မြေကြီးရဲ့ ဝိညာဉ်စွမ်းအင်နဲ့ လရောင်ရဲ့ အနှစ်သာရတွေကို စုပ်ယူထားတဲ့အပြင် တခြား စွမ်းအင်တွေလည်း ရောနှောနေတော့... မန်နေဂျာကြီးကျောက် ခင်ဗျား ကျွန်တော့်ကို တကယ့် အလုပ်ခက်ကြီး ပေးလိုက်တာပဲ”
ဝမ်ကျိက စကားကိုသာ အဲဒီလို ပြောနေပေမဲ့ စိတ်ထဲမှာတော့ ကျိန်ဆဲနေမိသည်။
ဒီလိုမျိုး ပုံစံပြောင်းနေတဲ့ ဥတွေကို အကဲဖြတ်ဖို့က တကယ့်ကို ခက်ခဲတယ်ဆိုတာ ခင်ဗျားလည်း သိသားပဲ။ ဒါကိုမှ ကျွန်တော့်ဆီ ယူလာပြီး အကဲဖြတ်ခိုင်းနေတာက ကျွန်တော့်ကို ဒုက္ခပေးတာ မဟုတ်လား လို့ သူ တွေးနေမိသည်။ ဒါပေမဲ့ မြို့တော်ဝန်ရဲ့ ကိုယ်စားလှယ်ဖြစ်တဲ့ ဧည့်သည်ကိုတော့ သူ ဒါမျိုး မပြောရဲပါဘူး။
ကျောက်ဝမ်ထန်က ဉာဏ်ကောင်းသူမို့ သူက ရယ်မောပြီး ပြန်ပြောလိုက်၏။
“ခက်ခဲလို့လည်း ခင်ဗျားကိုပဲ လာရှာရတာပေါ့။ မြို့တော်ဝန်က ဒီဥတွေကို သူ့တစ်ယောက်တည်း သိမ်းထားဖို့ မရည်ရွယ်ပါဘူး။ နောက်ရက်အနည်းငယ်ဆိုရင် မင်းသားရုံရဲ့ မွေးနေ့ ရှိတယ်။ မြို့တော်ဝန်က ဒီဥတွေကို လက်ဆောင်အဖြစ် ပေးချင်တာပါ။ ဒါပေမဲ့ ဒီအတိုင်းကြီး ပေးလိုက်လို့တော့ မဖြစ်ဘူး မဟုတ်လား။ အကဲဖြတ် အစီရင်ခံစာ ပါမှသာ ဒါတွေက တန်ဖိုးရှိမှာပါ”
သူက ဒီကိစ္စရဲ့ အရေးကြီးပုံကို အတိအလင်း ပြောလိုက်တာ ဖြစ်၏။ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ခက်တယ်ဆိုတာ ငါသိတယ်၊ ဒါကြောင့်မို့လည်း ခင်ဗျားကို လာရှာတာပေါ့ ဆိုတဲ့ သဘောပင်။ ဝမ်ကျိကလည်း ရယ်မောပြီး တုံ့ပြန်လိုက်ပေမဲ့ စိတ်ထဲမှာတော့ တကယ့်ကို ပေါက်ကွဲနေပြီ ဖြစ်၏။
ဘာပဲဖြစ်ဖြစ် သူကတော့ ထပြီး သွားကြည့်လိုက်ရသည်။ တစ်ခုခုတော့ ရှာတွေ့နိုင်ကောင်းပါရဲ့ လို့ သူ မျှော်လင့်နေမိသည်။ သူက သားရဲလက်ဖွဲ့တွေ၊ တံဆိပ်ခတ်နှိပ်တာတွေနဲ့ အကဲဖြတ်တဲ့ ကိရိယာတွေ အားလုံးကို ထုတ်သုံးလိုက်လေသည်။
ခဏအကြာမှာတော့ ဝမ်ကျိရဲ့ နဖူးမှာ ချွေးတွေ စိုရွှဲနေပြီ ဖြစ်၏။ ကျောက်ဝမ်ထန်က ဒါကို မြင်တဲ့အခါ ဒီအလုပ်က တကယ့်ကို ခက်ခဲမှန်း သိလိုက်ရသည်။ ဒါပေမဲ့ သူကလည်း လုပ်စရာတွေ ရှိသေးတာကြောင့် ဝမ်ကျိ အကဲဖြတ်နေတာကို စောင့်မနေနိုင်တော့ပါဘူး။ သူက ပြောလိုက်၏။
“ဥက္ကဋ္ဌဝမ်... ဒီပုံစံပြောင်းနေတဲ့ ဥ ၁၁ လုံးကို ဒီမှာပဲ ထားခဲ့ပါ့မယ်။ မနက်ဖြန် မနက်ကျရင်တော့ ကျွန်တော် ပြန်လာယူမယ်။ အဲဒီအချိန်ကျရင်တော့ ရလဒ် တစ်ခုခု ရလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ခင်ဗျားကိုပဲ အပ်ခဲ့ပါ့မယ်”
ကျောက်ဝမ်ထန်က အလုပ်ကို လွှဲပေးပြီး ထွက်သွားတော့သည်။ ဝမ်ကျိကတော့ စိတ်ထဲမှာ အကြီးအကျယ် ကျိန်ဆဲနေမိ၏။ သူ့မှာ ရွေးချယ်စရာ မရှိပါဘူး။ ကျောက်ဝမ်ထန်ကို လိုက်ပို့ပြီးတဲ့နောက် ဝမ်ကျိဟာ ဒီနေ့အတွက် တခြား အကဲဖြတ် ဝန်ဆောင်မှုတွေ အားလုံးကို ရပ်နားလိုက်ရသည်။ ဒီကိစ္စက ပိုပြီး အရေးကြီးတာ မဟုတ်လား။
ဒါပေမဲ့ သူ့ရဲ့ ဗဟုသုတက ဒီအလုပ်အတွက် မလုံလောက်ဘူးဆိုတာ သူ သိနေလေသည်။ ချွေးတွေကို သုတ်လိုက်ရင်း ဝမ်ကျိဟာ ဂေါင်ကျန်းကို အမြန် ခေါ်ခိုင်းလိုက်၏။ သူ့ရဲ့ အတွေးကတော့ ရိုးရိုးလေးပါပဲ။ တကယ်လို့ တာဝန်ယူရမယ်ဆိုရင်တောင် သူ တစ်ယောက်တည်း မယူချင်ပါဘူး။
ဒါကြောင့်ပဲ ဂေါင်ကျန်းက အရေးတကြီး အခေါ်ခံလိုက်ရတာ ဖြစ်၏။ အခြေအနေကို သိသွားတဲ့အခါ ဂေါင်ကျန်းကလည်း စိတ်ထဲမှာ ‘အဘိုးကြီး ယုတ်မာလိုက်တာ’ လို့ ကျိန်ဆဲလိုက်မိသည်။
ဒါက တကယ့်ကို ပူလောင်လှတဲ့ အာလူးပူတစ်ခုပါပဲ။ ဒီလို ပုံစံပြောင်းနေတဲ့ ဥတွေကို အကဲဖြတ်ဖို့က အခက်ဆုံးဆိုတာ ဘယ်သူမသိဘဲ နေမှာလဲ။ ပြီးတော့ မနက်ဖြန်ကျရင် ပြန်ပေးရမယ် ဆိုတာက သူတို့ကို ကစားနေတာ မဟုတ်လား။ ဒါပေမဲ့ သူကလည်း ငြင်းလို့ မရပါဘူး။ ဝမ်ကျိက သူ့ကို ဆွဲထည့်လိုက်တာဆိုတော့ သူ ဘယ်လိုမှ ထွက်ပြေးလို့ မရတော့ပေ။
ဝမ်ကျိက အမိန့်ပေးလိုက်၏။
“သွား... သန့်စင်တဲ့ ညွှန်ပြရေကို ယူခဲ့”
“ဝိညာဉ်မှန် ကိုလည်း ယူခဲ့ဦး... သတိထားပြီး ယူခဲ့နော်”
အချိန်မဆွဲတော့ဘဲ ဝမ်ကျိနဲ့ ဂေါင်ကျန်းတို့ဟာ အတူတူ အလုပ်လုပ်ကြတော့သည်။ ဒီအကဲဖြတ်မှုရဲ့ ခက်ခဲမှုက တကယ့်ကို ကြောက်စရာ ကောင်းလှ၏။ သူတို့ အစွမ်းကုန် ကြိုးစားကြည့်ရုံမှတစ်ပါး အခြားမရှိပေ။ သူတို့ နှစ်ယောက်လုံးမှာ သားရဲအကဲဖြတ်ဖို့အတွက် ရှားပါးတဲ့ ကိရိယာတွေ ရှိကြသည်။
ဥပမာအားဖြင့် သန့်စင်တဲ့ ညွှန်ပြရေဆိုတာ တကယ့်ကို တန်ဖိုးကြီးတဲ့ ပစ္စည်း ဖြစ်၏။ ဂေါင်ကျန်းမှာ အနည်းငယ်ပဲ ရှိပြီး အခုလို အခြေအနေမျိုးမှာတော့ သုံးလိုက်ရတော့သည်။ ဝိညာဉ်မှန်ကတော့ ဝမ်ကျိရဲ့ တန်ဖိုးအကြီးဆုံး ကိရိယာ ဖြစ်၏။ ဒီပစ္စည်းက အဖိုးဖြတ်လို့ မရပါဘူး။ ဒါက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက သူ့ဆရာဆီက ရခဲ့တဲ့ လက်ဆောင် ဖြစ်သည်။ ဒီမှန်လေးက သားရဲတွေရဲ့ အတွင်းပိုင်း အရည်အသွေးတွေကို ရောင်ပြန်ဟပ်ပြနိုင်တာကြောင့် အကဲဖြတ်တဲ့ နေရာမှာ အလွန် အသုံးဝင်သည်။
ပစ္စည်းတွေ ရောက်လာတဲ့အခါ သူတို့ နှစ်ယောက်လုံးဟာ ဆွေးနွေးရင်းနဲ့ အကဲဖြတ်ခြင်းကို စတင်လိုက်ကြ၏။ ဒါပေမဲ့ ညရောက်တဲ့အထိ ဥ ၁၁ လုံးထဲက ၂ လုံးကိုပဲ သူတို့ အကဲဖြတ်နိုင်ပါသေးသည်။ ဒါကလည်း သူတို့ကို တကယ့်ကို ပင်ပန်းနွမ်းနယ်သွားစေပြီး နှစ်ယောက်လုံးရဲ့ နဖူးမှာ ချွေးတွေနဲ့ ပြည့်နေတော့သည်။
မနက်ဖြန် မနက်အထိ မအိပ်မစားဘဲ လုပ်မယ်ဆိုရင်တောင် ကျန်တဲ့ ၉ လုံးကို အကဲဖြတ်နိုင်ဖို့က မဖြစ်နိုင်ပါဘူး။ ဒီအလုပ်က ရှုံးနိမ့်ဖို့ သေချာနေပြီ ဖြစ်၏။ မြို့တော်ဝန်က သူတို့ကို အပြစ်ပေးမှာ မဟုတ်ပေမဲ့ မကျေမနပ်တော့ ဖြစ်မှာ သေချာပါသည်။ ဝမ်ကျိကတော့ ဒါကြောင့်ပဲ စိတ်တိုနေရတာ ဖြစ်၏။ ဂေါင်ကျန်းက ဖျောင်းဖျလိုက်၏။
“ဥက္ကဋ္ဌ... ကျွန်တော်တို့ ဒါကို အတင်းလုပ်လို့ မရပါဘူး။ ပုံစံပြောင်းနေတဲ့ ဥတွေကို အကဲဖြတ်ဖို့ ခက်တယ်ဆိုတာ အကဲဖြတ်ဆရာတိုင်း သိကြပါတယ်။ ဒါက အချိန်နဲ့ အတွေ့အကြုံ အများကြီး လိုတာပါ။ ကျွန်တော်တို့ ၂ လုံး အကဲဖြတ်နိုင်တာတောင် တော်တော်လေး ဟန်ကျနေပါပြီ။ အနည်းဆုံးတော့ ပြစရာ ရလဒ် တစ်ခု ရှိတာပေါ့”
သူက ‘တကယ်လို့ ဒါက ရှုံးနိမ့်မှု ဖြစ်ခဲ့ရင်တောင် ဥက္ကဋ္ဌဝမ် ခင်ဗျားပဲ အဓိက တာဝန်ယူရမှာလေ’ လို့ စိတ်ထဲမှာ တွေးနေတာ ဖြစ်၏။ ဝမ်ကျိက ချွေးတွေကို သုတ်လိုက်ပြီး မျက်နှာပျက်ပျက်နဲ့ ပြောလိုက်၏။
“ဒါက မှန်ပေမဲ့ ကျွန်တော်တို့ အလုပ်ကို အပြီးမသတ်နိုင်သေးဘူး။ နောက်ထပ် အနည်းငယ်လောက် ထပ်ပြီး အကဲဖြတ်နိုင်ရင်တော့ မျက်နှာရတာပေါ့။ ဟုတ်ပြီ... ဒီ ၂ လုံးရဲ့ အစီရင်ခံစာမှာ ကျွန်တော်တို့ နှစ်ယောက်လုံးရဲ့ နာမည်ကို ထည့်လိုက်မယ်”
ဂေါင်ကျန်းကတော့ စိတ်ထဲမှာ ကျိန်ဆဲနေမိ၏။ တကယ်လို့ အကဲဖြတ်ချက် မှားသွားရင် သူလည်း တာဝန်ယူရမှာ မဟုတ်လား။ ဒါပေမဲ့ မှန်သွားရင်တော့ ဂုဏ်ပြုခံရမှာ ဖြစ်သည်။ ဒါပေမဲ့ အခုချိန်မှာတော့ ဂုဏ်ပြုခံရဖို့က မဖြစ်နိုင်ပါဘူး။ ၁၁ လုံးမှာ ၂ လုံးတည်း အကဲဖြတ်နိုင်တာက အရှက်ရစရာပဲ မဟုတ်လား။ ဂေါင်ကျန်းက ကျန်တဲ့ ဥတွေကို ကြည့်ပြီး မေးလိုက်၏။
“ဘာပဲဖြစ်ဖြစ်... အမှားမပါအောင်ပဲ လုပ်ကြတာပေါ့။ ဒါဆိုရင် ကျန်တဲ့ဥတွေကို ဘယ်လို လုပ်ကြမလဲ။ အစီရင်ခံစာ မပါဘဲနဲ့တော့ သူတို့ကို ပြန်ပေးလို့ မဖြစ်ဘူး မဟုတ်လား”