ငါ မင်းကို ရိုက်ချိုးပစ်မယ်
Vol. 114 Ch. 1703
“ရွှစ်”
ယဲ့ဖန်က လှစ်ခနဲ လှုပ်ရှားလိုက်ပြီး သူ့ကို ချက်ချင်း သတ်ရန် ရောက်လာသည်။ လူရောက်မလာခင်မှာတင် ပြင်းထန်သော လူသတ်လိုသည့် အငွေ့အသက်က အရင် ပျံ့လွင့်လာပြီး ပြင်းထန် ကြမ်းကြုတ်လွန်းသဖြင့် သက်ရှိများ အားလုံး တုန်လှုပ်သွားကြသည်။
မသိလျင် ရှေးခေတ်မှ နတ်ဘုရားလိုပင်။
“အရူးကောင်၊ မင်း စည်းကျော်လာပြီ၊ မင်းက သေချင်နေမှတော့ ငါ ဖြည့်ဆည်းပေးရတာပေါ့”
ကျိုးမိသားစုခေါင်းဆောင်က လှောင်ရယ်လိုက်သည်။ သူတော်စင်သခင်အဆင့်က သူ့ကို ရန်စရန် ကြိုးစားခြင်းက အချည်းနှီးပင်။ ယင်းက ကိုယ့်သေတွင်း ကိုယ်တူးခြင်းသာ။
ယဲ့ဖန် စိတ်လွတ်နေသလားဟုပင် သူ သံသယ ဝင်မိသည်။ သို့မဟုတ်ပါက ဘယ်လိုလုပ် သူ့ကို တိုက်ခိုက်ရဲ မည်နည်း။
သို့သော် ယဲ့ဖန် သူ့အရှေ့သို့ ရောက်လာသောအခါ အံ့အားသင့်ကောင်းသော လူသတ်လိုသည့် အငွေ့အသက်က သူ့ထံ ပျံ့လွင့်လာသဖြင့် တစ်ခဏမျှ သတိလက်လွတ် ဖြစ်သွားရသည်။ ထို့နောက် သူ့မျက်လုံးအိမ်များ တုန်ခါလာ၏။
*မယုံနိုင်စရာပဲ*
*အံ့ဩဖို့ကောင်းတယ်*
*ဘယ်လိုလုပ် သူတော်စင်သခင်အဆင့်လေးမှာ ဒီလို ကြောက်စရာကောင်းတဲ့ လူသတ်ချင်တဲ့ အငွေ့အသက်တွေ ရှိနေတာလဲ*
ရပ်နေရုံနှင့်တင် လောက၌ ပြိုင်ဘက်ကင်းသော အရှိန်အဝါတစ်ခုကို ခံစားမိနေပြီး ၎င်းက လောကထဲမှ အဖြစ်အပျက် အားလုံးကို ထိန်းချုပ်ကာ ကောင်းကင်တာအိုနှင့် သဟဇာတ ဖြစ်နေပြီး အထွတ်အထိပ်အဆင့်သို့ ရောက်နေသည်ဟု ထင်မှတ်ရသည်။
*သူက သူတော်စင်သခင်အဆင့် မဟုတ်ဘူး*
ထိုအခိုက်တွင် ကျိုးမိသားစုခေါင်းဆောင် ကြက်သီးတဖြန်းဖြန်း ထလာသည်။
ထိုအခိုက်တွင် ယဲ့ဖန်က ရုတ်တရက် တိုက်ခိုက်လာသည်။ သူ၏ ပြင်းထန်သော လက်သီးက ပင်လယ်ပြင်ကို ခွင်းလာသကဲ့သို့ ကောင်းကင်ဘုံ ကိုးလွှာကိုပင် တုန်ခါစေလောက်သည့် ကြောက်စရာကောင်းသော အသံတစ်သံကို ဖြစ်ပေါ်လာစေ၏။
“မင်း …”
ကျိုးမိသားစုခေါင်းဆောင် တွေဝေသွားပြီး သေမတတ် ကြောက်ရွံ့သွားလေသည်။
အပြင်ဘက်တွင်မူ ပြင်းထန်သော အခြေအနေကို သတိထားမိပြီး အိုးရန်မိန်လင်နှင့် အိုးရန်ရှောက်ကျွင်းတို့ ဝမ်းသာအားရ ဖြစ်ကာ ရယ်မောနေကြသည်။
“ဒါ တိုက်ခိုက်နေတာ၊ တိုက်ပွဲပဲ၊ ကျိုးမိသားစုခေါင်းဆောင် လှုပ်ရှားပြီနဲ့တူတယ်၊ ကောင်းတယ်၊ အဲ့ကောင် သေမှာပဲ”
အိုးရန်ရှောက်ကျွင်းက အပြုံးနှင့် ပြောလာသည်။
အိုးရန်မိန်လင်သည်လည်း ညစ်ကျယ်ကျယ် ရယ်မောနေ၏။ အဖြစ်အပျက်များက ဘယ်သောအခါမှ ချောချောမွေ့မွေ့ ပြီးသွားမည် မဟုတ်ဟု သူမ သိနေသည်။ မပူးပေါင်းချင်သည့် လူတစ်ယောက်၊ နှစ်ယောက် ကတော့ အမြဲ ရှိနေမှာပင်။
သူတို့ကိုသာ အနည်းငယ် ရန်စမိပါက ကံဆိုးသူက ယဲ့ဖန်သာ ဖြစ်ပေလိမ့်မည်။
ယဲ့ဖန်၏ တိုက်ခိုက်မှုကို မြင်ပြီး ကျိုးမိသားစုခေါင်းဆောင် ပေါ့ပေါ့တန်တန် သဘောမထားရဲပေ။ သူသည် လက်ဝါးကို ဖြန့်လိုက်ပြီး ဓားသဖွယ် ထက်ရှသော လက်ဝါးဖြင့် ယဲ့ဖန်၏ လက်သီးကို ဒေါသတကြီး ရိုက်ချလေသည်။ သူ့လက်ဝါးမှ ရွှေရောင်အလင်းက အဆက်မပြတ် တောက်ပနေ၏။
“ဝုန်း”
လက်သီးနှင့် လက်ဝါးတို့ ထိပ်တိုက် တွေ့ဆုံသွားပြီးနောက် အရိုးကျိုးသံ ထွက်ပေါ်လာသည်။
ယဲ့ဖန်၏ လက်သီးက ကျိုးမိသားစုခေါင်းဆောင်၏ လက်ဝါးကို ကျိုးကြေသွားစေသည်။ အင်မော်တယ် ဧကရာဇ်အဆင့်၏ သွေးများ ငေါက်ခနဲ ပန်းထွက်လာ၏။
“အား …”
ကျိုးမိသားစုခေါင်းဆောင် အော်ဟစ်၍ ယဲ့ဖန်အား ကြောက်လန့်တကြား ကြည့်လိုက်မိသည်။ ပုရွက်ဆိတ် တစ်ကောင်ထံ၌ ရှုံးနိမ့်သွားလိမ့်မည်ဟု သူ တစ်ခါမှ ထင်မထားမိပါ။ ယခု ညာလက်တစ်ခုလုံး ကျိုးကြေနေပြီး မြှောက်၍ မရတော့ချေ။
*သေစမ်း*
သူသည် အင်မော်တယ် ဧကရာဇ်အဆင့် ဖြစ်ပြီး သူ၏ ခန္ဓာကိုယ်က တာအိုစွမ်းအင်တို့နှင့်အတူ မာကြောနေပြီ ဖြစ်သည်။ ဘယ်လိုလုပ် သူက အလွယ်တကူ ရှုံးနိမ့်မည်နည်း။ ပြင်းထန်သော နာကျင်မှုက သူ့အား ခိုက်ခိုက်တုန် သွားစေသည်။
သူ ကြောက်လန့်သွား၏။ ယခုအခါတွင်မှ ယဲ့ဖန်၏ စွမ်းအင်ကို မမြင်နိုင်လျင် သူ အရူးသာ ဖြစ်ပေတော့မည်။
သူ့အရှေ့မှလူသည် ရိုးရှင်းသော လူတစ်ယောက် မဟုတ်ချေ။ သို့မဟုတ်ပါက သူ့အား အလွယ်တကူ ဒဏ်ရာရအောင် လုပ်နိုင်ရန် မဖြစ်နိုင်ပါ။
“မင်းခွန်အားကို တမင်သက်သက် ဖုံးထားတာလား”
ကျိုးမိသားစုခေါင်းဆောင် ဒေါသထွက်သွားသည်။ ဤလူငယ်လေးက သူတို့ကို တမင်သက်သက် လှည့်စားနေခြင်း ဖြစ်သည်။ သူ့တွင် ဤမျှ တစ်မူထူးခြားသော သန်မာသည့် ခွန်အား ရှိသော်လည်း သူတော်စင်သခင်အဆင့်သာ ဖြစ်ချင်ယောင် ဆောင်နေ၏။ မုန်းစရာ ကောင်းလိုက်လေခြင်း။
ထို့နောက်တွင်မူ ထိတ်လန့်စရာကောင်းသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။
“ဝုန်း”
ယဲ့ဖန်၏ အရှိန်အဝါက ဆက်တိုက် မြင့်တက်နေ၏။
သူတော်စင်သခင် နောက်ဆုံးအဆင့်၊ နတ်ဘုရင်အဆင့်၊ အင်မော်တယ် ဧကရာဇ်အဆင့်။
အင်မော်တယ် ဧကရာဇ် စဦးအဆင့်၊ အလယ်အလတ်အဆင့်၊ နောက်ဆုံးအဆင့်၊ အထွတ်အထိပ်အဆင့်။
တစ်ဟုန်ထိုး မြင့်တက်လာသည့်နှုန်းက အသက်ရှူမဝ ဖြစ်စေသည်။
“အင် … အင်မော်တယ် ဧကရာဇ်အဆင့်”
ထိုအခါ ကျိုးမိသားစုခေါင်းဆောင်၏ မျက်လုံးတွင် ကြောက်စိတ်များ ပြည့်နှက်လာသည်။ သူ့အရှေ့မှလူ၏ သိုင်းအဆင့်သည် သူ့ထက်ပင် မြင့်နေသေးသည်။
*ဟမ်*
အပြင်ဘက်မှ အိုးရန်မိန်လင်နှင့် အခြားသူများလည်း အံ့ဩသွားသည်။
“အင်မော်တယ် ဧကရာဇ်အဆင့် နောက်တစ်ယောက် ရှိသေးတာလား”
“ဒီအရှိန်အဝါက အရမ်း ကြောက်ဖို့ကောင်းတယ်၊ ဒါ အင်မော်တယ် ဧကရာဇ် အထွတ်အထိပ်အဆင့် ဖြစ်လောက်တယ်၊ သူတော်စင်အဆင့်ရောက်ဖို့ တစ်လှမ်းလောက်ပဲ လိုတော့တာ”
အိုးရန်ရှောက်ကျွင်းက မချိုမချဉ် ပြုံးနေပြီး သူ့မျက်နှာတွင် ခက်ထန်မှုတို့ ပြည့်နှက်နေသည်။
“ဒီလိုဆိုရင်တော့ အဲ့ကောင် မသေဘဲ မနေဘူး”
အင်မော်တယ် ဧကရာဇ်အဆင့် နှစ်ယောက်၏ ညှပ်တိုက်ခြင်း၌ ဘယ်လိုလုပ် အသက်ရှင်နိုင်ပါမည်နည်း။
*သေမှာပဲ*
သို့သော် ထိုသို့သောအချိန်၌ ကျိုးမိသားစုခေါင်းဆောင်သည် ယဲ့ဖန်၏ သိုင်းအဆင့်ကို မြင်ပြီး မျက်လုံးများ ပြူးကျယ်လာ၏။
*မကောင်းဆိုးဝါး*
*အိုးရန်ချင်ရွှယ်က မကောင်းဆိုးဝါး*
*သူ့သားကလည်း မကောင်းဆိုးဝါး ဖြစ်နေပါလား*
အိုးရန်ချင်ရွှယ်က ကြောက်စရာကောင်းနေပြီဟု သူတို့ ထင်ထားမိသော်လည်း သူမသားက ပို၍ပင် ကြောက်စရာ ကောင်းနေသည်။
အိုးရန်ချင်ရွှယ်သည် ယဲ့ဖန်အရွယ်၌ အင်မော်တယ် ဧကရာဇ်အဆင့်ကိုပင် မရောက်သေးပေ။ သို့သော် ထိတ်လန့်မှုက အစသာ ရှိပေသေးသည်။
ယဲ့ဖန်၏ ခန္ဓာကိုယ်မှ ကြမ်းကြုတ်သော အရှိန်အဝါတစ်ခုက ကျယ်ပြောသော သမုဒ္ဒရာအလား ပျံ့လွင့်လာပြီး နတ်ဆိုးချီမျှင်စုများက သည်းကြီးမည်းကြီး ထွက်ပေါ်လာ၏။
ယဲ့ဖန်၏ မျက်လုံးထဲတွင် သတ်ဖြတ်ချင်စိတ်တို့ ပွက်ပွက်ဆူနေသည်။
“အခု ကျုပ် ခင်ဗျားကို သတ်ပစ်မယ်”
ဖိနှိပ်လွန်းလှသည်။ ကြမ်းကြုတ်လွန်းလှ၏။
လွန်ခဲ့သည့် မိနစ်ပိုင်းကသာဆိုလျင် ကျိုးမိသားစုခေါင်းဆောင်သည် ထိုစကားကို ကြားမိပါက ငေါက်ငမ်းမိ လောက်သည်။ သို့ရာတွင် ယခုအခါ၌ သူ ကြောက်စိတ်တို့ ပြည့်နှက်နေ၏။
သူ့အရှေ့မှ မကောင်းဆိုးဝါးက တကယ် လုပ်မည့်ပုံပင်။
လေပြင်းများ တိုက်ခတ်လာပြီး ယဲ့ဖန် လက်ကိုမြှောက်လိုက်သောအခါ ဘတ်စကတ်ဘော အရွယ်အစားရှိသော ကြယ်တာရာများ ထွက်ပေါ်လာပြီး ခန်းမအပြည့် နေရာယူလာသည်။
သို့သော် တစ်ခုချင်းစီ၌ မြေဆွဲအား ရှိနေပြီး အလွန် ကြောက်စရာကောင်းလှကာ ကောင်းကင်ဘုံ ဥပဒေသတို့ ပါဝင်နေပြီး ရှေးခေတ် သူတော်စင်များ၏ ဥပဒေသများ ထွင်းထားပုံရသည်။
*သေစမ်း*
ကျိုးမိသားစုခေါင်းဆောင် ကြက်သီးထသွားသည်။ သူ့အရှေ့မှမြင်ကွင်းက သူ့အား သွေးပျက်မတတ် ကြောက်ရွံ့ စေသည်။
သူသာဆိုလျင် ကြယ်တာရာများစွာကို တစ်ပြိုင်တည်း ထိန်းချုပ်နိုင်သော်လည်း မြေဆွဲအားကို တောင့်ခံနိုင်မည် မဟုတ်ပါ။
သို့သော် သူ့အရှေ့မှ မကောင်းဆိုးဝါးက ဒါဇင်ချီသော ကြယ်တာရာများကို ပြိုင်တူ ထိန်းချုပ်နိုင်၏။
*သူ့ခန္ဓာကိုယ်က မယုံနိုင်လောက်အောင် သန်မာတာပဲ*
“ဒူးထောက်”
ယဲ့ဖန် ပြောပြီး လက်ချောင်းကို လှုပ်လိုက်သောအခါ ကြယ်တာရာတစ်လုံးက ကျိုးမိသားစုခေါင်းဆောင်ထံ ပျံသန်း သွားသည်။
ကျိုးမိသားစုခေါင်းဆောင် ကြက်သီးထသွားပြီး တစ်ကိုယ်လုံး အေးစက်သွားသလို ခံစားလိုက်ရသည်။ ဒါဇင်ချီသော ကြယ်တာရာများကို ဖိနှိပ်မှုမရှိဘဲ ထိန်းချုပ်နိုင်သော ဤမျှ သန်မာသည့် လူတစ်ယောက်ကို သူ ပထမဆုံး မြင်ဖူးခြင်းပင်။
ထိုအခိုက်တွင် ကျိုးမိသားစုခေါင်းဆောင်သည် သူ့၌ နောက်ဆုတ်နိုင်မည့် နည်းလမ်း မရှိကြောင်း သိနေသဖြင့် ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်သည်။ သူ လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်၍ လေကိုခွင်းကာ ကြယ်တာရာအား ဆက်တိုက် ထိုးနှက်လိုက်လေသည်။
“ဝုန်း”
ကြောက်စရာကောင်းသော ပေါက်ကွဲသံ ထွက်ပေါ်လာ၏။ ကျိုးမိသားစုတစ်ခုလုံး ပြိုကျလုနီးပါး ဖြစ်သွားပြီး မြေပြင်ပင် တုန်ခါလာသည်။
သို့သော် ဤတိုက်ခိုက်မှုက တားဆီးရ ခက်ခဲသော တိုက်ခိုက်မှုပင်။
ကျိုးမိသားစုခေါင်းဆောင်၏လက်က ထိန်းမရအောင် တုန်ခါနေပြီး ပြင်းထန်သော နာကျင်မှုက သူ့တစ်ကိုယ်လုံးကို စုတ်ဖြဲနေသလိုပင်။
*သန်မာလွန်းတယ်*
*ဒီကောင်က သန်မာလွန်းတယ်*
လက်ရှိတွင် ခွန်အားမဲ့ခြင်းက ဘာလဲဆိုသည်ကို သူ နက်နက်နဲနဲ နားလည်သွားသည်။
ထိုစဉ် ယဲ့ဖန်က နောက်တစ်ကြိမ် တိုက်ခိုက်လာသည်။ သူ လက်ကို မြှောက်လိုက်ပြီး ကြယ်တာရာများက သူ့လက်တွင်း စုဝေးလာသည်။
ထိုအခိုက်တွင် သူသည် ကြယ်တာရာများကို ဖန်ဆင်းသော နတ်ဧကရာဇ်တစ်ပါးနှင့် အသွင်တူနေပြီး နေ၊ လနှင့် ကြယ်တာရာတို့က သူ၏ ထိန်းချုပ်မှုအောက်၌ ရှိနေသည်။
ထိုသို့သောအချိန်၌ ကြယ်တာရာဆယ်စင်းက အတူတူ စုဝေးလာပြီး ရုတ်တရက် အောက်သို့ ကျဆင်းလာသည်။
ကျိုးမိသားစုခေါင်းဆောင် မျက်လုံးအိမ် တုန်ခါသွားပြီး ချောက်ချားသွားလေသည်။ ထိုစဉ် ပြင်းထန်သော သွေးအရှိန်အဝါတစ်ခု ထွက်ပေါ်လာပြီး ဦးခေါင်းထက်မှနေ၍ နဂါးအသွင် သွေးတိုင်အဖြစ် ထွက်ပေါ်ကာ ခေါင်မိုးကို ထိုးဖောက်ပြီး ကြယ်တာရာများကို ဒေါသတကြီး တိုက်ခိုက်လေသည်။
“ဝုန်း”
တောတောင်များနှင့် မြစ်ချောင်းများ တုန်ခါကုန်သည်။ ဤစွမ်းအင်အား ထိတ်လန့်စရာကောင်းသည်ဟု ခေါ်နိုင်ပေသည်။
“ဝုန်း ဝုန်း ဝုန်း”
ကျိုးမိသားစုခေါင်းဆောင် လက်သီး တစ်လုံးပြီးတစ်လုံး ပစ်သွင်း၍ ကျရောက်လာသည့် ကြယ်တာရာများကို အဆက်မပြတ် တိုက်ခိုက်နေ၏။ သူ မတားနိုင်လျင် သေရပေလိမ့်မည်။
“ဂျွတ် ဂျွတ် ဂျွတ်”
သူ့လက်ချောင်းများ ဆက်၍ ပျက်စီးကာ အရိုးများ ကျိုးကြေ၍ သွေးများ စီးကျလာသည်။ ပြင်းထန်သော ဝေဒနာက သူ့အား သတိလစ်စေလုနီးပါးပင်။
သို့သော် လက်ရှိတွင် သူ လုံးဝ သည်းခံမနေနိုင်ပါ။ သူ သေရမည်ကိုမကြောက်ဘဲ ရဲရဲဝံ့ဝံ့ ထိုးနှက်နေသည်။ လက်သီးချက်တိုင်းက လောကကို တုန်လှုပ်စေနိုင်ပြီး တောင်တန်းများနှင့် မြစ်ချောင်းများကို ဝါးမျိုနိုင်သည်။
ဒဏ်ရာက ပိုဆိုးရွားသထက် ဆိုးရွားလာသည်။
လက်ငါးချောင်းလုံး လုံးဝ ကြေမွသွားသည်။ ထို့နောက် လက်ကောက်ဝတ်၊ လက်မောင်း။
“အား…”
ကျိုးမိသားစုခေါင်းဆောင် နာကျင်စွာ အော်ဟစ်လိုက်သည်။ သူ အလွန် နာကျင်လွန်းသဖြင့် တစ်ကိုယ်လုံး တစ်စစီ ဖြစ်ပပြီး ကိုယ်တွင်းအင်္ဂါများ ပျက်စီးတော့မည်ဟုပင် ခံစားနေရသည်။
ကျိုးမိသားစု အိမ်တော်တစ်ခုလုံး ကပြောင်းကပြန်ဖြစ်ကာ ပျက်စီးသွားလေသည်။
ကျိုးမိသားစုဝင်များ ကြောက်လန့်တကြား ဖြစ်ပြီး သူတို့ပါ ထိခိုက်မည်စိုးကာ မီတာရာချီ၍ ထွက်ပြေးကြသည်။
သူတို့အားလုံး အံ့အားသင့်နေကြသည်။ သူတို့၏ မိသားစုခေါင်းဆောင် ဤမျှ အားကုန်သုံး၍ ထပ်မတိုက်ခိုက် တော့သည်က နှစ်ပေါင်း မည်မျှ ကြာနေပြီလဲပင် သူတို့ မမှတ်မိတော့ပါ။
ယခု သူ၏ တိုက်ပွဲဝင်ခွန်အားက အရပ်မျက်နှာအနှံ့သို့ ပျံ့လွင့်နေပြီး လောကကိုပင် ဖျက်စီးတော့ပေမည်။ သူ အလေးအနက်ထား၍ တိုက်ခိုက်ရအောင် အဘယ်သို့သော ရန်သူမျိုးနှင့် ကြုံတွေ့ရသနည်း။
ကြယ်တာရာ ဆယ်စင်းလုံး ပျက်စီးသွားသည်။ သို့သော် ကျိုးမိသားစုခေါင်းဆောင်သည်လည်း နှာခေါင်း ပွန်းပဲ့ကာ မျက်နှာ ရောင်ကိုင်းပြီး သွေးတတောက်တောက် ကျနေ၏။
မသိလျင် ဗုံးတစ်လုံးကြောင့် ဒဏ်ရာရထားသလိုပင်။ အဝတ်အစားများ စုတ်ပြတ်ပြီး အရေပြား ပျက်စီးနေသဖြင့် အလွန် ကြောက်စရာ ကောင်းလှသည်။
သို့သော် ယဲ့ဖန်က တည်ငြိမ်မြဲ တည်ငြိမ်နေဆဲဖြစ်ပြီး ကြယ်တာရာများက သူ့ဘေးပတ်လည်၌ လည်ပတ်နေဆဲ ဖြစ်ကာ ကျိုးမိသားစုခေါင်းဆောင်အား တည်ငြိမ်စွာဖြင့် အရေးမစိုက်စွာ ကြည့်နေသည်။
ကျိုးမိသားစုခေါင်းဆောင် မချိတင်ကဲ ဖြစ်လာပြီး ရှေ့လူများ အဘယ်ကြောင့် လက်လျှော့သွားသလဲ နားလည် လိုက်သည်။
သူ့အရှေ့မှလူသည် နတ်ဆိုးတစ်ကောင်သာ ဖြစ်၏။
“ဝုန်း”
ကျယ်လောင်သော အသံနှင့်အတူ ကြယ်တာရာများအားလုံး ပြိုင်တူ ပျံသန်းလာပြီး လေကိုခွင်းလာသည့်နှုန်းက ကြောက်စရာ ကောင်းလှသည်။ ၎င်းတို့အားလုံး တစ်ပြိုင်တည်း ကျဆင်းလာနေ၏။
ယဲ့ဖန် အသေသတ်ရန် တိုက်ခိုက်လာလေပြီ။
“ဒုန်း”
ကျိုးမိသားစုခေါင်းဆောင် ဒူးထောက်ချလိုက်ပြီး လက်နှစ်ဘက်ကို မြေကြီးနှင့်ကပ်ကာ အသည်းအသန် တောင်းပန် လေသည်။
“သခင်လေး ကျုပ် မှားသွားပါတယ်”
အရှုံးကို လက်ခံလိုက်လေပြီ။ သူ အညံ့ခံလိုက်လေ၏။
ကောင်းကင်ယံ၌ ပြည့်နှက်နေသော ကြယ်တာရာများအားလုံး ရုတ်ချည်းဆိုသလို ပျောက်ကွယ်သွားသည်။
ယဲ့ဖန်က သူ့ကို ကြည့်တောင်မကြည့်ဘဲ နောက်လှည့်၍ ထွက်သွားသည်။ ထိုစဉ် သူ့နားထဲသို့ ခပ်အေးအေး အသံတစ်သံ တိုးဝင်လာ၏။
“စိတ်ဝိညာဉ် ကျောက်တုံး သန်းသုံးဆယ်”
“ဘုန်း”
ထိုအခါတွင်မှ ကျိုးမိသားစုခေါင်းဆောင် အားပျော့စွာ လဲကျသွားပြီး မျက်နှာတစ်ခုလုံး ဖြူရော်ကာ ကျောပြင်၌ ဇောချွေးတို့ဖြင့် ရွှဲရွှဲစိုနေသည်။
တစ်ကိုယ်လုံးက မသိလျင် ရေထဲမှ ဆွဲထုတ်ထားသလိုပင်။ ထို့အပြင် ခန္ဓာကိုယ်က ထိန်းမရအောင် တုန်ယင်နေ၏။
လက်ရှိတွင် သူ့၌ အတွေးတစ်ခုတည်းသာ ရှိသည်။ သူသာ သစ္စာဖောက်လိုက်ပါက ထိုလူက လုံးဝ သက်ညှာမည် မဟုတ်ပါ။
သူ သေလုနီးပါး ဖြစ်ခဲ့ရသည် မဟုတ်ပါတကား။
ဤသို့သော မကောင်းဆိုးဝါးကို သူ ရန်စမိခဲ့သည်။ စိတ်လွတ်နေသူက တစ်ဖက်လူ မဟုတ်ဘဲ သူကိုယ်တိုင် ပင်တည်း။
ထိုစဉ် ကလေးမလေး တစ်ယောက်က ကျိုးမိသားစုခေါင်းဆောင်၏ ရင်ခွင်တွင်းသို့ ပြေးဝင်လာပြီး မျက်ရည်များဖြင့် မေးလေသည်။
“ဖေဖေ၊ ဖေဖေ အဆင်ပြေရဲ့လား”
ကျိုးမိသားစုခေါင်းဆောင်သည် သူမခေါင်းလေးကို ပွတ်သပ်ပေးချင်ပါသော်လည်း သူ့၌ လက်မရှိတော့သည်ကို သတိပြုမိသွားသည်။ ထို့ကြောင့် သူ မချိမရိသာ ပြုံးလိုက်ရသည်။
“စိတ်မပူပါနဲ့ ဖေဖေ အဆင်ပြေပါတယ်”
“အဲ့လူက ဘယ်သူလဲဟင်၊ ဘာလို့ အရမ်း ကြောက်ဖို့ကောင်းရတာလဲ”
“သူက …”
ကျိုးမိသားစု ပို၍ မချိတင်ကဲ ပြုံးလိုက်မိသည်။
“သူက အိုးရန်ချင်ရွှယ်ရဲ့ သားလေ”
နောက်ဆုံးတွင် ဝူမိသားစုသာ ကျန်တော့သည်။
ဝူမိသားစုခေါင်းဆောင်သည် သတင်းကို ရပြီးသည်နှင့် ဆန့်ကျင်ခြင်းကို ရပ်တန့်လိုက်ပြီး စိတ်ပျက်လက်ပျက်နှင့် လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။
“အိုးရန်မျိုးနွယ်ဆီ စိတ်ဝိညာဉ် သလင်းကျောက် သန်းသုံးဆယ် ပို့ဖို့ ပြင်ဆင်လိုက်”
ထို့နောက် သူတစ်ကိုယ်တည်း ကျိန်ဆဲနေသည်။
“အရူးတွေ၊ ဘယ်လောက်ပဲ မဟာမိတ် ဖွဲ့ပါစေ အစကတည်းက ပျက်နေပြီ၊ စိတ်ပျက်ဖို့ကောင်းတယ်”
ညတွင်းချင်းမှာပင် အိမ်တော် ငါးခုလုံး လက်ဆောင်များ ဆက်သကြသည်။
ကျင်းဟွာလမ်းတစ်ခုလုံး အုတ်အော်သောင်းနင်း ဖြစ်ကုန်တော့သည်။ လူတိုင်း သေမတတ် ကြောက်လန့် သွားကြသည်။
လူတစ်ယောက်က အိမ်တော် ငါးခုသို့ တစ်ကိုယ်တည်း ဝင်သွားခဲ့သည်။ ထို့နောက် ဆယ်မိနစ်သာသာလောက်သာ နေပြီး ပြန်ထွက်လာ၏။
ပြီးနောက် ပုန်ကန်နေသော အင်မော်တယ် ဧကရာဇ်အဆင့် ငါးယောက်လုံးက ခေါင်းကိုညွှတ်၍ သူတို့ မပေးဘဲ အချိန်ဆွဲခဲ့သော လက်ဆောင် ပဏ္ဍာများကို ဆက်သလေတော့သည်။