မတူညီသည့်တုံ့ပြန်မှုများ
Vol. 2 Ch. 183
ဆရာသခင်များမှ အစ သာမန်တပည့်များ အဆုံး ချင်းရွှမ် ခန်းမဆောင် အတွင်းရှိ အားလုံးသော သူများမှာ ဆန်းလျန်ကို တွေ့လိုက်ရသည်နှင့် အမည် မဖော်နိုင်သည့် ခံစားချက်များကို ခံစား လိုက်ကြရလေသည်။
မိုးနှင့်မြေတွင် တရားဓမ္မ အလင်းတန်း တစ်ခုကို မြင်လိုက်ရသည့် အလား ၊ လူ့လောကတွင် တာအိုကျင့်စဉ် လမ်းသည် ကိုယ်ထင်ပြသည့် အလား ခံစား လိုက်ကြရလေသည်။ ထိုခံစားချက်သည် သူတို့ ရင်ထဲတွင် နင့်နင့်နဲနဲ ဝမ်းနည်း သွားစေလေသည်။
မြစ်ကမ်းနံဘေးတွင် ဘဝ၏ ဆုံးရှုံးမှုများစွာ အတွက် လွမ်းတေး သီဆိုနေသံကို ကြားရသည့် အလား ဝမ်းနည်း ကြေကွဲစွာ ခံစားရခြင်း ဖြစ်လေသည်။
ဆန်းလျန်၏ ပုံစံမှာ မူလ အစဦးကတည်းက စီးဆင်းနေသည့် မြစ်တစ်စင်းသည် တိတ်ဆိတ် နေသည့်တိုင် နက်ရှိုင်းသည့် အသိဉာဏ်ပညာများ ပါဝင်နေသကဲ့သို့ ဖြစ်နေလေသည်။ ထို့ပြင် ဆရာသခင်များက ဆန်းလျန်၏ မျက်ခုံးနှစ်ခုကြားမှ အနီရောင် သင်္ကေတကို တွေ့မြင် လိုက်ကြရသည့် အခါတွင်တော့ သို့လော သို့လော အတွေးများ ဖြစ်ပေါ် လာကြရလေသည်။
ချင်းရွှမ် ခန်းမဆောင်တွင်းသို့ ချင်းရွှမ် နတ်တံခါး တစ်ခုလုံးမှ ဂိုဏ်းသားများ အားလုံး ရောက်ရှိလာကြခြင်း ဖြစ်လေသည်။ "ခေါင်းလောင်းထိုးသံ ကိုးချက်" သည် ကြီးမားသည့် ဖြစ်ရပ်တစ်ခု ဖြစ်သွားပြီဆိုသည့် အဓိပ္ပာယ် ရသောကြောင့် တစ်ယောက်မကျန် ရောက်လာကြခြင်း ဖြစ်လေသည်။
ခန်းမဆောင်ထဲတွင် ဆရာသခင်များ အတွက် တစ်ယောက်ထိုင် ကြမ်းခင်း အဝတ်လေးများ ပေါ်လာသည်။ ဟိုင်သန်းအဆင့် ကျင့်ကြံသူများသည် ထိုကြမ်းခင်း အဝတ်လေးများ ပေါ်တွင် အဆင့်အလိုက် နေရာ ယူလိုက်ကြလေသည်။
ဆရာသခင် ကယ်ယွမ်းနှင့် ဟုန်ချင်းယာတို့မှာလည်း အသီးသီး နေရာ ယူလိုက်ကြလေသည်။
ဟုန်ချင်းယာမှာ ဆန်းလျန်ကို အစကတည်းက အထင်ကြီး လေးစားသူ ဖြစ်လေသည်။ သူက ဆန်းလျန်ကို တပည့် တော်ချင်ခဲ့သော်လည်း အခွင့်မသာခဲ့ပေ။ ယခုတော့ ဆန်းလျန်၏ တန်ခိုးစွမ်းအား များမှာ သူ့ထက် မသာလျှင်တောင် မလျော့ကြောင်း ခန့်မှန်းမိလေသည်။
သို့သော် ဆန်းလျန်မှာ ယခင်က သူသိခဲ့သည့် ဆန်းလျန်နှင့် အတူတူပင် ဖြစ်လေသည်။ ထူးခြားသွားမှုမှာ ကျင့်စဉ်လမ်း အဆင့် မြင့်တက်သွားခြင်း ဖြစ်လေသည်။ ထို့ပြင် သူ့ကို ကြည့်ရသည်မှာ ဟိုင်သန်း အဆင့်ကို အောင်မြင်သွားပြီ ဖြစ်ပုံရသည်။
"ဆရာသခင် ၊ ခေါင်းလောင်းကိုးချက် တီးခတ်တာဆိုတော့ ဘယ်သူများ နတ်ဘုရားအဆင့် အောင်မြင် သွားလို့လဲ"
ဟုန်ချင်းယာက မေးလိုက် လေသည်။
သူက ပထမဆုံး မေးခွန်း မေးလိုက်သည့်သူ ဖြစ်လေသည်။
ဆန်းလျန်မှာ ထူးခြား ဆန်းကျယ်သည့် အငွေ့အသက်များဖြင့် ပြည့်နေပြီး ခန့်မှန်းရခက်သည့် တန်ခိုး စွမ်းအားများကို ပိုင်ဆိုင်ထားသည့်တိုင် နတ်ဘုရားတစ်ပါး မဖြစ်နိုင်သေးပေ။ နတ်ဘုရားတစ်ပါး ဖြစ်ပြီဟု ပြောလျှင် လျှောက်ပြောနေခြင်း ဖြစ်မှန်း လူတိုင်းသိမည် ဖြစ်လေသည်။ ဆန်းလျန် တောင်ပေါ်က ထွက်ခွာသွားသည့် အချိန်တွင် ရုဟွအဆင့်သာ တက်ရောက် နိုင်ခဲ့သေးသည်။
ထို့ကြောင့် တရားအလင်း ပွင့်သည့် အဆင့်ကို ကျော်လွန်ကာ နတ်ဘုရားတစ်ပါး ဖြစ်လာရန်မှာ လုံးဝ မဖြစ်နိုင်သည့် ကိစ္စတစ်ခု ဖြစ်လေသည်။ နတ်ဘုရားတစ်ပါး လူပြန်ဝင်စားပြီး ကျင့်ကြံမည် ဆိုလျှင်တောင် ထိုမျှ မြန်မြန်ဆန်ဆန် ကျင့်စဉ်လမ်း အောင်မြင်နိုင်မည် မဟုတ်ပေ။ အချိန်တိုအတွင်း မူလဝိညာဉ် ရရှိသည့် အဆင့်သို့ ရောက်ရှိရန်မှာ “မိုးမြေ တုန်လှုပ်သည့် နတ်ဒေဝါဆေး” ကို ရရှိမှသာ ဖြစ်နိုင်ပေမည်။ တရားအလင်း ပွင့်ပြီး ထာဝရ အသက် ရှင်သန်သည့် နတ်ဘုရား တစ်ပါး ဖြစ်လာရန်မှာ လွန်စွာမှ ခက်ခဲလွန်းသည့် ကိစ္စဖြစ်သည်။
ဆန်းလျန်မှာ နတ်ဘုရားတစ်ပါး ဝင်စားသည့် လူတစ်ယောက် မဟုတ်ပါ။ သို့သော် သူက အရည်အချင်း ပြည့်ဝသူ တစ်ယောက် ဖြစ်လေသည်။ ထိုအချက်ကို ဟုန်ချင်းယာက ကောင်းကောင်း သိထားလေသည်။ ဆန်းလျန်သည် သူ၏ ကျိဝေ့တုန်း ကျင့်စဉ် အဖြေကို နားလည်ကတည်းက သူက ဆန်းလျန်၏ ကံကြမ္မာကို ခန့်မှန်းပြီးသား ဖြစ်လေသည်။
ထို့ကြောင့် နတ်ဘုရားအဖြစ် အဆင့် တက်ရောက်သူမှာ ဆန်းလျန် မဟုတ်လျှင် ဆရာသခင် ကျန်းရော့ရွှီးသာ ဖြစ်နိုင်ချေ ရှိလေသည်။ သို့သော် ဆရာသခင် ကျန်းရော့ရွှီးမှာ ဒဏ်ရာ အပြင်းအထန် ရထားပြီး မည်သည့်နည်းနှင့်မျှ ပြန်ကောင်းမွန် နိုင်တော့မည် မဟုတ်ကြောင်း သူတို့အားလုံး သိရှိထားကြသည်။
အမှန်တော့ သူအသက် ဆက်ရှင်သန်နိုင်ရန် အတွက် ရေခဲအလင်းပညာကို အသုံးပြုကာ သူ၏ အသက်ဓာတ်ကို ထိန်းသိမ်း ထားခဲ့ရလေသည်။ ထို့ကြောင့် ချင်းရွှမ်တောင် တစ်ခွင်လုံးတွင် နှင်းများ ကျဆင်း နေရခြင်း ဖြစ်လေသည်။
ကံကြမ္မာ မျက်နှာသာ ပေးသောကြောင့် သူ၏ဒဏ်ရာ ပြန်ကောင်းသွားသည် ဆိုလျှင်တောင်မှ လောက နတ်ဘုရား တစ်ပါး အဖြစ် အဆင့်တက်ရန်မှာ မဖြစ်နိုင်သေးပေ။
ထိုသို့ဖြစ်လျှင် မည်သူများ နတ်ဘုရားအဆင့် တက်ရောက် သွားပါသနည်း။ ထို့ကြောင့် ဟုန်ချင်းယာက မယုံမကြည်ဖြစ်ကာ မေးမြန်းလိုက်ခြင်း ဖြစ်လေသည်။
ဆရာသခင် ကျန်းရော့ရွှီးမှာ အသက်မျှဉ်းမျှဉ်းလေးသာ ရှူနေပြီး ဟုန်ချင်းယာမှာ ဆရာသခင်ကို ကြည့်ရက်နိုင်ခြင်း မရှိတော့ပေ။ ဆရာသခင် ကျန်းရော့ရွှီးသာ နတ်ဘုရားတစ်ပါး ဖြစ်သွားမည် ဆိုလျှင် သူ၏ အသက်ရှူသံမှာ ထိုကဲ့သို့ ဖြစ်နေမည် မဟုတ်ပေ။ ဆရာသခင်မှာ လောကမှ ထွက်ခွာသွားရန် အဆင်သင့် ဖြစ်နေပြီ ဖြစ်ကြောင်း သူရိပ်မိလေသည်။
သို့သော် ခေါင်းလောင်းကိုးကြိမ် တီးခတ်ခဲ့ခြင်းက မျှော်လင့်ချက် ရေးရေးကို ဖြစ်ပေါ်စေသည်။
"ဘယ်သူမှ နတ်ဘုရားအဆင့် တက်ရောက်နိုင်ခြင်း မရှိသေးပါဘူး ၊ မင်းတို့ အားလုံးကို ချင်းရွှမ် နတ်တံခါးရဲ့ ဂိုဏ်းချုပ် အသစ်နဲ့ မိတ်ဆက် ပေးချင်လို့ပါ"
ဆရာသခင် ကျန်းရော့ရွှီးက ခန်းမတစ်ခုလုံးကို တစ်ချက် ဝေ့ကြည့်လိုက်ရင်း ပြောလိုက် လေသည်။
"ဘယ်သူ့ကိုလဲ"
ဟုန်ချင်းယာက မေးလိုက်လေသည်။
"ဆန်းလျန်ရဲ့ မျက်ခုံးနှစ်ခု ကြားက ဂိုဏ်းချုပ် သင်္ကေတကို မင်းတို့ မမြင်ကြဘူးလား"
ဆရာသခင် ကျန်းရော့ရွှီးက တည်ငြိမ်စွာပင် မေးလိုက်လေသည်။
ဆန်းလျန် မျက်ခုံး နှစ်ခုကြားရှိ သင်္ကေတကို အားလုံး သတိထားမိကြပါသည်။ သို့သော် ဆရာသခင် အများစုမှာ သူတို့ မြင်သည်ကို “မဖြစ်နိုင်” ဟု တွေးထင် ထားကြလေသည်။ ထို့ပြင် ဆရာသခင် ကျန်းရော့ရွှီးသည် ဂိုဏ်းချုပ်အသစ် ရွေးချယ်လိုက်ခြင်းကို ချင်းရွှမ်ရှိ အခြားသော ဆရာသခင်များနှင့် တိုင်ပင်ခဲ့ခြင်း မရှိခဲ့ပေ။
ဟုန်ချင်းယာက ဆန်းလျန် မျက်ခုံးနှစ်ခုကြားမှ သင်္ကေတကို ကောင်းစွာ သတိပြုမိပါသည်။ သို့သော် သူက သေချာအောင် မေးလိုက်ခြင်း ဖြစ်လေသည်။ ဟုန်ချင်းယာမှာ စိတ်သဘောထား ကောင်းပြီး တည်ငြိမ်သည့် ဆရာသခင်တစ်ပါး ဖြစ်သည့်တိုင် ထိုသတင်းကို ကြားရသည့် အခါတွင်တော့ တုန်လှုပ် သွားရလေသည်။ မည်သို့ပင် ဖြစ်စေ သူကတော့ ဆရာသခင် ကျန်းရော့ရွှီး၏ ဆုံးဖြတ်ချက်ကို လက်ခံမည် ဖြစ်လေသည်။
ချန်ကျန့်မေမှာ ဆရာသခင် ကျန်းရော့ရွှီး၏ နေရာကို ဆက်ခံရန် အသင့်တော်ဆုံး တပည့် ဖြစ်လေသည်။ သို့သော် ဆန်းလျန်၏ စရိုက် လက္ခဏာကတော့ ဆရာသခင် ကျန်းရော့ရွှီးနှင့် ပိုပြီး ဆင်တူ လေသည်။ ဆန်းလျန်က ပါရမီနှင့်ပြည့်စုံသည့် ယောကျ်ားကောင်း တစ်ဦး ဖြစ်သည့် အပြင် ရေနှင့်တူသည့်လူမျိုးလည်း ဖြစ်လေသည်။ ရေကဲ့သို့ပင် အရာအားလုံးကို လက်ခံနိုင်စွမ်းရှိလေသည်။ ထို့ပြင် ဆန်းလျန်က ဆုံးဖြတ်ချက် ခိုင်မာပြီး လူများနှင့် အဆင်ပြေအောင် နေတတ်သူလည်း ဖြစ်သည်။ ထို့ကြောင့် ဟုန်ချင်းယာက ဆန်းလျန်ကို ငြင်းစရာ အကြောင်းမရှိပေ။
ခန်းမတစ်ခုလုံးမှာ ဆရာသခင် ကျန်းရော့ရွှီး၏ စကားကြောင့် လှုပ်လှုပ်ရှားရှား ဖြစ်သွား ကြလေသည်။ ရုတ်တရက် ဖြစ်သွားသည့် ပြောင်းလဲမှုကို လက်ခံနိုင်ရန် ခက်ခဲနေကြလေသည်။
ဆရာသခင်များမှာ ဆန်းလျန်၏ မျက်ခုံး နှစ်ခုကြားမှ သင်္ကေတကို သူတို့ ခန်းမအတွင်းသို့ ဝင်ရောက်လာ ကတည်းက တွေ့မြင်ပါသည်။ သို့သော် သူတို့က မယုံကြည်နိုင် ကြပေ။ သို့သော် သူတို့ မယုံကြည်နိုင်သည့် အဖြစ်အပျက်သည် အမှန်တကယ်ပင် ဖြစ်ပျက် လာခဲ့လေပြီ။
သက်လတ်ပိုင်း အရွယ် ဆရာသခင် တစ်ပါးက အနည်းငယ် မကျေမနပ် လေသံဖြင့် ပြောလိုက်သည်။
"ဆန်းလျန်က ဘယ်လောက်ပဲ အရည်အချင်းရှိရှိ သူက ဘာအတွေ့အကြုံမှ မရှိသေးဘူး ၊ ဂိုဏ်းချုပ် ရာထူးက သူနဲ့ မသင့်တော်ပါဘူး ၊ ပြီးတော့ ဆရာသခင်လည်း အသက် ရှင်နေသေးတာပဲလေ"
ထိုသက်လတ်ပိုင်း အရွယ် တာအိုဆရာမှာ ကျန်းလင်ရှန့် ဖြစ်လေသည်။ သူက ဆရာသခင် ကျန်းရော့ရွှီး၏ တူတော်စပ်လေသည်။ သူက ပုံပြောင်းအဆင့် ငါးဆင့်ဖြင့် ဟိုင်သန်းအဆင့် တက်ရောက် အောင်မြင်ထားသူ ဖြစ်သည်။ ထို့ကြောင့် အလယ်အလတ်အဆင့် ဆရာသခင်တစ်ပါး ဟုပြောနိုင်လေသည်။
သူက နတ်ဒေဝါ အမြုတေကို အသုံးပြုကာ ဟိုင်သန်းအဆင့် အောင်မြင်ထားသူ ဖြစ်သည်။
သူက ဟိုင်သန်းအဆင့် တက်ရောက်နိုင်ရန် အတွက် ချင်းရွှမ်နတ်တံခါးမှ နတ်ဒေဝါ အမြုတေ တစ်ခုကို ဆရာသခင် ကျန်းရော့ရွှီးထံ တောင်းခံ ခဲ့ဖူးလေသည်။ သို့သော် ဆရာသခင်က ခွင့်မပြုခဲ့ပေ။ ထို့ကြောင့် သူက နတ်ဒေဝါ အမြုတေရအောင် အားစိုက် ရှာဖွေခဲ့ရပြီး ကံကောင်းစွာဖြင့် တစ်ခု ရရှိကာ ဟိုင်သန်း အဆင့်ကို ပုံပြောင်းအဆင့် ငါးဆင့်ဖြင့် တက်ရောက်နိုင်ခဲ့လေသည်။ ထို့ကြောင့် ကျန်းလင်ရှန့်က ဦးလေးဖြစ်သူ ကျန်းရော့ရွှီးကို သိပ်ပြီး အမြင်မကြည်လင် လှပေ။ ထို့ကြောင့် ချင်းရွှမ် ခန်းမဆောင်သို့ တစ်ချက်ပင် လာမကြည့်ခဲ့ပေ။
သို့သော် သူရှာဖွေ တွေ့ရှိခဲ့သည့် နတ်ဒေဝါ အမြုတေမှာ ဆရာသခင် ကျန်းရော့ရွှီးက အရိပ်အမြွက် ပြောကြား လိုက်မှုကြောင့် ရှာတွေ့ခဲ့ရခြင်း ဖြစ်လေသည်။
ထိုနတ်ဒေဝါ အမြုတေမှာ ကျန်းရော့ရွှီး လောကတစ်ခွင် သွားလာခဲ့စဉ်က သဲလွန်စရခဲ့သည့် နတ်ဒေဝါ အမြုတေ ဖြစ်ပြီး ချင်းရွှမ်နတ်တံခါးမှ နတ်ဒေဝါ အမြုတေ မဟုတ်ပေ။ ဆရာသခင် ကျန်းရော့ရွှီးသာ တူဖြစ်သူကို ချင်းရွှမ် နတ်တံခါးမှ နတ်ဒေဝါ အမြုတေ ပေးလိုက်လျှင် မျက်နှာ လိုက်သည်ဟု အမည်ထွက်ကာ ဂိုဏ်းထဲတွင် သဘောထား ကွဲလွဲစရာများ ရှိလာမည် ဖြစ်လေသည်။ ထို့ကြောင့် ဆရာသခင် ကျန်းရော့ရွှီးက ကျန်းလင်ရှန့်ကို နတ်ဒေါဝ အမြုတေ တိုက်ရိုက် မပေးဘဲ တစ်ဖက်လှည့်ဖြင့် ရှာဖွေ စေခဲ့ခြင်းသာ ဖြစ်သည်။
ထိုကိစ္စကြောင့် သူတို့ တူဝရီးနှစ်ယောက်၏ ဆက်ဆံရေး ပျက်ပြား သွားရသည့်တိုင် ကျန်းရော့ရွှီးက ထိုအကြောင်းကို ရှင်းပြခဲ့ခြင်းမရှိပါ။
ဆန်းလျန်က ထိုအကြောင်းအရာများကို ထျန်းတိကျန်းမှ တစ်ဆင့် သိရှိထားလေသည်။ မှော်ဝင်ပစ္စည်း ဖြစ်သည့် ထျန်းတိကျန်းမှာ ဝိညာဉ်စွမ်းအား ကောင်းမွန်သည့် အပြင် လူ့သဘော သဘာဝများကိုပါ နားလည်နိုင်စွမ်း ရှိလေသည်။
ထိုအကြောင်းအရာများကို သိခွင့်ရခဲ့သည့်တိုင် ဆန်းလျန်အနေဖြင့် ဆရာသခင်တို့ တူဝရီး နှစ်ယောက်ကြားတွင် ပါဝင် ပတ်သက်လိုခြင်း မရှိပါ။
ကျန်းလင်ရှန့်မှာ ဦးလေးဖြစ်သူ ကျန်းရော့ရွှီး၏ ရည်ရွယ်ချက်ကောင်းကို သိရှိခဲ့ခြင်း မရှိပါ။ သူက ဦးလေး ဖြစ်သူကို စိတ်နာ နေခဲ့လေသည်။
နတ်ဒေဝါအမြုတေ သို့မဟုတ် ပြင်ပပြဒါးရှင်ကို ရှာဖွေနေရသည့် အတွက် သူ့မှာ ဟိုင်သန်းအဆင့် တက်ရောက်ရန် နှစ်ပေါင်းများစွာ ကြာနေခဲ့ရခြင်း ဖြစ်သည်ဟု ကျန်းလင်ရှန့်က တွေးထား လေသည်။
သို့သော် ဆရာသခင် ကျန်းရော့ရွှီး အနေဖြင့်လည်း အခက်အခဲ ရှိလေသည်။ ကျင့်ကြံသူများ ဆိုသည်က မည်မျှပင် လွတ်လပ်ပြီး ဂရုမစိုက်တတ်သည့် သဘောသဘာဝ ရှိစေကာမူ ခံစားချက်မဲ့သည့် မြက်ပင်များ မဟုတ်ပေ။ သူသာ တူဖြစ်သူကို နတ်ဒေဝါ အမြုတေ ပေးလိုက်လျှင် တရားမျှတခြင်း မရှိဟု အနည်းနှင့်အများ ဝေဖန်ခံရမည်သာ ဖြစ်လေသည်။
ထျန်းတိကျန်းက ထိုအချက်ကို ဆန်းလျန်ကို သိခွင့်ပေးသည်မှာ ဆရာသခင် ကျန်းရော့ရွှီးကို နားလည် နိုင်စေရန် အတွက် ဖြစ်လေသည်။ ထို့ကြောင့် ဆန်းလျန်ကလည်း ကျန်းလင်ရှန့်ကို အပြစ် မဆိုတော့ပါ။ ထို့ပြင် သူတို့နှစ်ယောက် ကြားတွင် အခြားသော ရန်ငြိုး ရန်စလည်း မရှိခဲ့ပေ။
ကျန်းရော့ရွှီးက တူဖြစ်သူကို မကြည့်ဘဲ ခပ်ဖြည်းဖြည်း ပြောလိုက်သည်။
"မင်းတို့ အားလုံးကို ကျုပ်သတိပေးခဲ့ပါတယ် ၊ ဒါပေမဲ့ မင်းတို့ဆီက အတည်ပြုချက်တော့ မယူခဲ့ရဘူးပေါ့ ၊ ခေါင်းလောင်း ကိုးချက် တီးတယ် ဆိုတာက ဆန်းလျန် နတ်ဘုရားတစ်ပါး ဖြစ်လာတဲ့ နေ့ကို ကြိုပြီး ဂုဏ်ပြုတဲ့ အနေနဲ့ တီးခတ်ခဲ့တာပါ ၊ ဘာလို့လဲ ဆိုတော့ ဆန်းလျန် နတ်ဘုရားတစ်ပါး ဖြစ်လာတဲ့ အချိန်အထိ ကျုပ်က မနေရတော့ဘူးလေ"
ဟုန်ချင်းယာမှာ ဆရာသခင်၏ စကားကို ကြားရသည့်အခါ မူးမေ့ သတိလစ်တော့မလိုပင် ဖြစ်သွားရလေသည်။ နောက်ဆုံးတော့ ဆိုးရွားသည့် အခြေအနေမှ အဆိုးဆုံး အခြေအနေသို့ ရောက်ခဲ့ရပြီ။ ဆရာသခင် ကျန်းရော့ရွှီး၏ စကားအရ ဆိုလျှင် သူ၏ အခြေအနေမှာ အလွန် ဆိုးဝါးနေပြီ ဖြစ်လေသည်။ ထို့ပြင် ဆရာသခင် ကျန်းရော့ရွှီးသည် ဆန်းလျန်ကို ယုံကြည်ချက် အပြည့် ရှိနေသည့် အတွက်လည်း များစွာ အံ့သြ တုန်လှုပ်သွားရသည်။ ထိုကဲ့သို့ နတ်ဘုရား တစ်ပါး ဖြစ်လာမည်ဟု အတိအကျ ထင်မြင်ချက် မျိုးကို ဆရာသခင်သည် ချန်ကျန့်မေ အပေါ်တွင်ပင် ပေးခဲ့ခြင်း မရှိပေ။
ကျန်းလင်ရှန့် စကား ပြန်မပြောနိုင်ခင်မှာပင် ကယ်ယွမ်းက ချက်ချင်း ဝင်ပြော လိုက်လေသည်။
"ဒီလိုဆိုမှတော့ ဆရာသခင်ရဲ့ ဆုံးဖြတ်ချက်ကို ကျုပ် ငြင်းပယ်စရာ မရှိတော့ပါဘူး"
ချင်းရွှမ်နတ်တံခါးတွင် ကယ်ယွမ်းမှာ ဂုဏ်သရေရှိ ဆရာသခင်တစ်ပါး ဖြစ်သည့်အပြင် စည်းကမ်းဆောင်၏ အကြီးအကဲလည်း ဖြစ်လေသည်။ ထို့ကြောင့် သူ့သဘောထားကို လက်ခံမည့် ဟိုင်သန်းအဆင့် ကျင့်ကြံသူမှာ ဆယ်ယောက်နှင့် အထက်တွင် ရှိလေသည်။
ဟုန်ချင်းယာကလည်း သဘောတူထားပြီး ဖြစ်သဖြင့် သူတို့ နှစ်ယောက် အတွက်တော့ ပြောစရာ မလိုတော့ပေ။
ဆရာသခင်များ၏ တပည့်များ အနေဖြင့်တော့ သူတို့ ဆရာများက သဘောတူလျှင် တပည့်များလည်း နာခံကြမည် ဖြစ်လေသည်။
ထို့ပြင် ဆန်းလျန်မှာလည်း ချင်းရွှမ်နတ်တံခါးမှ တပည့်များနှင့်လည်း အဆင်ပြေသူ တစ်ယောက် ဖြစ်လေသည်။ ဆန်းလျန် ရုတ်တရက် ဂိုဏ်းချုပ် ဖြစ်သွားခြင်းကြောင့် အသား မကျသေးသည့် အတွက် အံ့သြ တုန်လှုပ်ခြင်း ဖြစ်သည်က လွဲပြီး တပည့်ငယ်များကတော့ ဆန်းလျန်ကို ငြင်းပယ်စရာ အကြောင်းမရှိပေ။
လူစောယိမှာ ဆရာသခင် ကျန်းရော့ရွှီး၏ တပည့်ရင်း တစ်ယောက် ဖြစ်သော်လည်း ဆရာသခင်၏ သဘောထားကို ငြင်းပယ်ခြင်း မရှိပါ။ ဆရာသခင် ကျန်းရော့ရွှီး ကိုယ်တိုင်ကလည်း သူ့ကို အစကတည်းကပင် အသိပေးထားပြီး ဖြစ်လေသည်။
ထို့ပြင် သူကိုယ်တိုင်ကလည်း ဆန်းလျန်နှင့် ရင်းနှီးသည့် သူငယ်ချင်းများ ဖြစ်သောကြောင့် ဆန်းလျန်ကို ငြင်းပယ်စရာ မရှိပေ။
***