ပိုင်စုဟွမ်
Vol. 2 Ch. 184
ဆရာသခင် ကျန်းရော့ရွှီးက ဂိုဏ်းချုပ် အသစ်သည် ချန်ကျန့်မေနှင့် ဆန်းလျန် တစ်ယောက်ယောက် ဖြစ်လာမည်ဟု လူစောယိကို အသိပေး ထားခဲ့လေသည်။ အစပိုင်းတုန်းက ကျန်းရော့ရွှီးက လူစောယိကို ဂိုဏ်းချုပ်အသစ် ဖြစ်လာရန် ရည်ရွယ် ထားခဲ့လေသည်။
အဘယ်ကြောင့် ဆိုသော် ချန်ကျန့်မေ၏ တစ်သမတ်တည်း သွားတတ်သည့် စရိုက် လက္ခဏာအရ ဂိုဏ်းချုပ် ရာထူးနှင့် သိပ်ပြီး မသင့်တော်လှပေ။ ဆန်းလျန်မှာလည်း လွတ်လပ်စွာ နေထိုင်တတ်သူ တစ်ယောက် ဖြစ်လေသည်။ သို့သော် အခြေအနေ အရပ်ရပ်ကြောင့် လူစောယိ ဟိုင်သန်းအဆင့် တက်ရောက်နိုင်သည့် အချိန်ထိ မစောင့်နိုင်တော့ပေ။ ဆရာသခင် ကျန်းရော့ရွှီး၏ ဒဏ်ရာမှ တစ်နေ့တခြား ဆိုးဝါးလာပြီး မျှော်လင့်ချက် ကင်းမဲ့လာပြီ ဖြစ်လေသည်။
အကယ်၍ ယနေ့ ဂိုဏ်းချုပ် အသစ်အဖြစ် တာဝန်လွှဲပေးခြင်း ခံရသူမှာ ချန်ကျန့်မေ ဖြစ်နေလျှင် ငြင်းပယ်မည့်သူ ရှိမည် မဟုတ်ပေ။ သေစေခြင်း ကျောင်းတော်၏ ဂုဏ်သိက္ခာနှင့် ချန်ကျန့်မေ၏ ဓားစွမ်းရည်ကြောင့် မည်သူမျှ ငြင်းပယ်သည့် စကားကို ပြောရဲကြမည် မဟုတ်ပေ။
ယခု ဆန်းလျန်ကိုတော့ အချို့သော ဆရာသခင်များက ထောက်ခံကြသော်လည်း အချို့သော ဆရာသခင်များ ကလည်း မထောက်ခံကြပေ။
ကယ်ယွမ်းနှင့် ဟုန်ချင်းယာ အပြင် တန်ခိုးစွမ်းအား ကြီးမားသော နောက်ထပ် ဆရာသခင်နှစ်ပါး ရှိသေးသည်။တစ်ယေက်မှာ ယန့်ပုကွေး၏ ဆရာဖြစ်လေသည်။ အနီရောင် ဘူးသီးခြောက်ကို အမြဲ လွယ်ထားသည့် အရက်သမား တာအိုဆရာ ဖြစ်လေသည်။ သူ၏ အမည်မှာလည်း "အရက်သမား တာအိုဆရာ"ပင် ဖြစ်ပြီး ချင်းရွှမ်နတ်တံခါး၏ ခုနစ်ဆယ့်နှစ်ခုမြောက် ပညာရပ်ဖြစ်သည့် "အရက်မူးသိုင်း ကျင့်စဉ်" ကို ကျင့်ကြံထားသူ ဖြစ်လေသည်။ "ဧည့်သည်သုံးထောင် အရက်မူးကျင့်စဉ်" ဖြင့် မြို့တစ်မြို့လုံးကို မည်သူမျှ မသိအောင် အိပ်ငွေ့ချနိုင်သူ ဖြစ်လေသည်။
ထျန်းတိကျန်း၏ ဝိညာဉ် တုန်ခါမှုအရ ထိုအရက် မူးနေသည့် တာအိုဆရာမှာ ဆရာသခင်များ ကြားတွင် တန်ခိုးစွမ်းအား ဒုတိယအဆင့် ရှိသူ ဖြစ်လေသည်။
ဆန်းလျန်မှာ ပုံပြောင်းအဆင့် ကိုးခုဖြင့် ဟိုင်သန်းအဆင့်ကို တက်ရောက် အောင်မြင်ခဲ့သည့်တိုင် ပုရွှီးအဆင့်နှင့် ဖော့ဝမ့်အဆင့် ကျင့်ကြံသူများကိုတော့ ကောင်းစွာ ယှဉ်ပြိုင်နိုင်မည် မဟုတ်ပေ။
သို့သော် ထိုသို့ အဆင့် တက်ရောက်ထားသူများမှာ ချင်းရွှမ်တွင် သိပ်မများလှပေ။ ကျန်းရော့ရွှီး ပြီးလျှင် နောက်ထပ် နှစ်ယောက်မျှသာ ရှိလေသည်။ ကယ်ယွမ်းကိုပါ ထည့်ထွက်မည် ဆိုလျှင်တော့ သုံးယောက်ရှိမည် ဖြစ်လေသည်။ ထိုသုံးယောက် ဆိုသည့် အရေအတွက်သည် ကွမ်းချင်း နတ်ဘုရားဂိုဏ်းနှင့် ယှဉ်လျှင် ဘာမှ မပြောပလောက်ပေ။
ကယ်ယွမ်းမှာ ပုရွှီးအဆင့် တက်ရောက် အောင်မြင်သွားပြီ ဖြစ်လေသည်။ ပြဒါးရှင် စွမ်းအားကို ယင် ဝိညာဉ်စွမ်းအားဖြင့် ပေါင်းစပ်ခြင်းမှာ ဟိုင်သန်းအဆင့် ဖြစ်ပြီး ထိုပေါင်းစပ် ထားသည့် စွမ်းအားကို မြေဆွဲအားနှင့် ဆန့်ကျင်နိုင်အောင် ဆက်လက် ကျင့်ကြံရသည်မှာ ပုရွှီး အဆင့် ဖြစ်လေသည်။ မြေပြင်ပေါ်တွင် ရပ်တည်သည့် အလား လေထဲတွင် ရပ်တည် သွားလာနိုင်ပြီး လေထဲတွင် လမ်းလျှောက်သည့် အဆင့်ကို "ပုရွှီး" အဆင့်ဟု ခေါ်ခြင်း ဖြစ်လေသည်။
ပုရွှီးအဆင့်မှာ ဟိုင်သန်းအဆင့်၏ နောက်ဆက်တွဲ အဆင့်တစ်ခု ဖြစ်ပြီး ဟိုင်သန်းအဆင့်၏ တန်ခိုးစွမ်းအားကို မြှင့်တင်ပေးသည့် အဆင့်တစ်ခုသာ ဖြစ်လေသည်။ ဟိုင်သန်းအဆင့် တက်ရောက်သည့် အရည်အချင်း ပေါ်တွင် မူတည်ပြီး ပုရွှီးအဆင့် တွင်လည်း တန်ခိုးစွမ်းအား ကွာခြားသွားမည် ဖြစ်လေသည်။
ဆန်းလျန်မှာ ဟိုင်သန်းအဆင့်ကို ပုံပြောင်းအဆင့် ကိုးခုဖြင့် အမြင့်ဆုံး တက်ရောက်ခဲ့သူ ဖြစ်လေသည်။ ထို့ကြောင့် မည်သည့် ဟိုင်သန်းအဆင့် ကျင့်ကြံသူကိုမဆို ကောင်းစွာ ရင်ဆိုင် နိုင်လေသည်။ သူက ပေါ့ပါး ထက်မြက်သည့် ဓားတစ်လက် အလား အခြားသူများ၏ လေးလံပြီး ထက်မြက်မှု မရှိသည့် ဓားများကို ဖယ်ရှားနိုင်မည် ဖြစ်လေသည်။
တန်ခိုးစွမ်းအား အမြင့်မားဆုံး ဆရာသခင် ထိုင်ရသည့် ပထမဆုံး ကြမ်းခင်း အဝတ်ပေါ်တွင် ဆရာသခင် တစ်ပါး ရှိနေလေသည်။ ထိုသူမှာ သက်လတ်ပိုင်း အရွယ် ဖြစ်ပြီး အဖြူရောင် ဝတ်ရုံကို ဝတ်ဆင် ထားလေသည်။ သူ၏ အသားအရေမှာ လရောင်ကဲ့သို့ ကြည်လင်နေပြီး ထိုအချက်ကြောင့်ပင် လူအများ ကြားတွင် သူ၏ ပုံသဏ္ဌာန်မှာ ထူးခြားနေလေသည်။
ထိုသူမှာ ဆန်းလျန်၏ ဆရာဘွားဘွားဖြစ်သူ ကျိလင် နတ်သမီးနှင့် မျိုးဆက် တစ်ခုတည်း ဆင်းသက်ခဲ့သည့် ဆရာသခင် တစ်ပါး ဖြစ်ကြောင်း ထျန်းတိကျန်း ဆီမှ သိခွင့်ရလေသည်။ ထိုသူမှာ ခန်းမတစ်ခုလုံးရှိ ဆရာသခင်များ ထဲတွင် အကြီးဆုံး ဆရာသခင် ဖြစ်လေသည်။ သူလေ့ကျင့်ခဲ့သည့် ပညာမှာ "လမင်းရောင်ခြည် ကျင့်စဉ်" ဖြစ်လေသည်။
လွန်ခဲ့သည့် နှစ်ပေါင်းများစွာက ချင်းရွှမ်နတ်တံခါး ဝမ်းနည်းစရာ ဖြစ်ရပ်နှင့် ကြုံတွေ့ခဲ့ရသည့် အချိန်တွင် သူသာ နတ်တံခါးတွင် ရှိခဲ့လျှင် ယန်ရွှီးကို နှိမ်နင်းရန် အတွက် ဆရာသခင် ကျန်းရော့ရွှီးမှာ ထိုမျှလောက် ဒဏ်ရာ အပြင်းအထန် ရခဲ့လိမ့်မည် မဟုတ်ပေ။
ထိုသူ၏ အမည်မှာ ထိုက်ယင်းအရှင် ပိုင်စုဟွမ်ဖြစ်ပြီး ဖော့ဝမ့်အဆင့်ကို အောင်မြင်ပြီးသူ ဖြစ်လေသည်။ သူက တပည့်တစ်ယောက်မျှ လက်ခံထားခြင်း မရှိပေ။ ဂိုဏ်းထဲတွင် တစ်ယောက်တည်းသာ ကျင့်ကြံနေခဲ့သူ ဖြစ်လေသည်။ သူ၏ အသက်အရွယ်နှင့် မျိုးဆက် ရှေးကျမှုကြောင့် ကျန်းရော့ရွှီး ပင်လျှင် သူ့ကို လေးလေးစားစား ဆက်ဆံလေသည်။
အရက်သမား တာအိုဆရာမှာ တစ်ချိန်တည်းမှာပင် မူးနေသည့် ပုံလည်း ပေါက်သလို အမူးပြေနေသည့် ပုံလည်း ပေါက်နေ ပြန်လေသည်။
သူက မျက်လုံးကို ဖွင့်လိုက်ပြီး ....
"ဒီမှာ လူတွေ ဘာလို့ စုပြီး ရောက်နေကြတာလဲ"
ဟု မေးလိုက်လေသည်။ ယန့်ပုကွေးက ပြုံးလိုက်ရင်း....
"ဆရာသခင် ကျန်းရော့ရွှီးက ဂိုဏ်းချုပ်အသစ် တင်မြှောက်တဲ့ အကြောင်း ကြေညာနေတာပါ ဆရာ...."
ဟု ပြန်ဖြေလိုက်သည်။
"အော်... အေး အေး ၊ ကျုပ်ကတော့ သူဘာလုပ်လုပ် သဘော တူပြီးသားပဲ"
အရက်သမား တာအိုဆရာသည် ဝမ်းမြောက်ဝမ်းသာဖြင့်ပင် တစ်ခွန်း ဝင်ပြောလိုက်ပြီး မျက်လုံး ပြန်မှိတ် သွားလေသည်။ သူ့ သဘောထားကို ပြောပြီးသွားပြီ ဖြစ်သည့် အတွက် အခြားသူများ ပြောဆို နေကြသည်များကို လုံးဝ ဂရုမစိုက်တော့ပေ။
သူက အမြဲတမ်း လွတ်လပ်ပေါ့ပါးစွာ နေတတ်သူ ဖြစ်ပြီး အရက် သောက်ခြင်းဖြင့်ပင် အချိန် ကုန်နေတတ်သူ ဖြစ်လေသည်။ အရက်သမား တာအိုဆရာ ပြောသည့် စကားမှာ....
"လောကကြီးမှာ လူတွေ အရက်မူးနေတဲ့ အချိန်ဟာ အရိုးသားဆုံး အချိန်ပဲ"
ဟူ၍ ဖြစ်လေသည်။
ထို အရက်သမား တာအိုဆရာ၏ စကားတစ်ခွန်းကို မည်သူမှ အလေးမထားဘဲ မနေရဲကြပေ။
အရက်သမား တာအိုဆရာ ထိုသို့ ဝင်ပြောလိုက်သည့် အခါတွင်တော့ သဘောမတူသည့် တာအိုဆရာ အချို့ သဘောတူညီသည့် ဘက်သို့ ရောက်သွား ကြပြန်လေသည်။
ကျန်းလင်ရှန့်မှာ ထိုအရက်သမား တာအိုဆရာ၏ စကားကြောင့် မကျေမနပ် ဖြစ်သွားရပြီး ပိုင်စုဟွမ်ကို လှမ်းပြောလိုက်သည်။
"ဆရာဘိုးဘိုး ၊ ဆရာဘိုးဘိုးရော ဒီကိစ္စကို ဘယ်လို သဘောရလဲ"
သူက ချင်းရွှမ် နတ်တံခါးကို စိတ်ပူခြင်းထက် ဆရာသခင် ကျန်းရော့ရွှီး စီစဉ်သမျှကို အရွဲ့တိုက်ပြီး ပျက်စီးအောင် လုပ်ချင်နေခြင်းသာ ဖြစ်လေသည်။
ဆရာဘိုးဘိုး ပိုင်စုဟွမ်က ဆန်းလျန်ကို တည်ငြိမ်စွာ တစ်ချက် လှမ်းကြည့်လိုက်သည်။ တန်ခိုးစွမ်းအား သိပ်မများသည့် ဖိအားတစ်ခု သူ့ဆီသို့ ဝင်ရောက်လာသည်ကို ဆန်းလျန် ခံစား လိုက်ရသည်။ ဆန်းလျန်က ထိုစွမ်းအားကို သူ့ကိုယ်ထဲမှ ရွှေပြဒါး အမြုတေ တန်ခိုးစွမ်းအားဖြင့် ပြန်လည် တွန်းကန် ထားလိုက်သည်။ ပိုင်စုဟွမ်မှာ ဆန်းလျန်ထက် အဆပေါင်းများစွာ တန်ခိုးစွမ်းအား ကြီးမားသူ တစ်ယောက် ဖြစ်ကြောင်း ဆန်းလျန် သိထားလေသည်။ သို့သော် ပိုင်စုဟွမ်နှင့် ကွမ်းချင်း နတ်ဘုရားဂိုဏ်းမှ တာအိုဆရာ ဟွမ်ကျန်းဆိုလျှင် မည်သူက သာမည်လဲ ဆန်းလျန် မခန့်မှန်းတတ်ပေ။
ကွမ်းချင်း နတ်ဘုရား ဂိုဏ်းတွင် လောကနတ်ဘုရား ငါးပါးရှိလေသည်။ ထို နတ်ဘုရား ငါးပါးအပြင် ဟိုင်သန်းအဆင့်ကို ကျော်လွန်ပြီး ဖော့ဝမ့်အဆင့် တက်ရောက်နိုင်ရန် ကျင့်ကြံ နေကြသည့် ကျင့်ကြံသူ ဆယ့်နှစ်ဦး ရှိလေသည်။ ဟွမ်ကျန်းမှာ ထိုဆယ့်နှစ်ဦးထဲတွင် တစ်ဦး အပါအဝင် ဖြစ်သည်။ ထိုဆယ့်နှစ်ဦးကို "ကွမ်းချင်း နတ်ဘုရားဂိုဏ်း၏ နတ်ဘုရား အလောင်းအလျာ ဆယ့်နှစ်ပါး" ဟု တင်စား ခေါ်ဆို ကြလေသည်။ ထိုသို့ နတ်ဘုရား အလောင်းအလျာဟု ခေါ်ဆိုခြင်းမှာ ချီးကျူး ခေါ်ဆိုထားခြင်းမျှသာ ဖြစ်လေသည်။ အဘယ်ကြောင့် ဆိုသော် ထိုသူများမှာ ဟိုင်သန်း အဆင့်ကို ကြီးမားသည့် တန်ခိုးစွမ်းအားများဖြင့် အောင်မြင်ထားသူများ ဖြစ်သည့် အတွက် လောကနတ်ဘုရား ကျိန်းသေ ဖြစ်လာမည်ဟု ယူဆ ကြသောကြောင့် ဖြစ်လေသည်။
ထာဝရ အသက်ရှင်သန်သည့် နတ်ဘုရား သို့မဟုတ် ဗောဓိသကျ ဖြစ်လာရန် ဆိုသည်မှာ မူလဝိညာဉ်ခန္ဓာ ရရှိအောင် ကျင့်ကြံနိုင်သူ သို့မဟုတ် ရွှေခန္ဓာ ရရှိသည် အထိ ကျင့်ကြံနိုင် သူများကိုသာ သတ်မှတ် ခေါ်ဆိုခြင်း ဖြစ်လေသည်။
ကျင်းကွမ်းဝတ် ကျောင်းတော်တွင် ဆန်းလျန်က ဟွမ်ကျန်း၏ တန်ခိုးစွမ်းအားများကို ထိန်းချုပ် နိုင်ခဲ့သည့်တိုင် ဆန်းလျန်၏ တန်ခိုးစွမ်းအားမှာ ဟွမ်ကျန်းထက် သာသည်ဟု မပြောနိုင်သေးပေ။ သူသေကိုယ်သေ တိုက်ခိုက်ကြမည် ဆိုလျှင် ဆန်းလျန်သည် ဟွမ်ကျန်းကို ရှုံးနိမ့်နိုင်ချေ ပိုပြီး များလေသည်။
လက်ရှိအချိန်တွင် ကွမ်းချင်း နတ်ဘုရား ကျောင်းတော်၏ အဓိက ရည်ရွယ်ချက်မှာ ချင်းရွှမ် နတ်တံခါးကို အဓိက နတ်ဘုရား ကျောင်းတော်ကြီး လေးခုနေရာမှ ဖြုတ်ချပြီး ထိုနေရာကို သူတို့ ဝင်ယူရန် ဖြစ်သည်။
အဓိက နတ်ဘုရား ကျောင်းတော် လေးခုတွင် ရှန်ဆန်းကျန်းရန်လုကျိုးယွမ်၏ ရွှမ်ထျန်းဂိုဏ်းမှာ အင်အား အကြီးမားဆုံး ဖြစ်လေသည်။ ကျန်ရှိသည့် နှစ်ဂိုဏ်းမှာလည်း အင်အား အသင့်အတင့်ရှိပြီး ကွမ်းချင်း နတ်ဘုရား ဂိုဏ်းထက်တော့ သာလွန်လေသည်။ ကွမ်းချင်း နတ်ဘုရား ဂိုဏ်းထက် အားနည်းနေသည့် ဂိုဏ်းမှာ ချင်းရွှမ် နတ်တံခါးသာ ဖြစ်နေခဲ့လေသည်။ ချင်းရွှမ် နတ်တံခါးသည် လက်ရှိအချိန်တွင် ကွမ်းချင်း နတ်ဘုရားဂိုဏ်းကို လုံးဝ ယှဉ်ပြိုင်နိုင်သည့် အနေအထား မရှိပေ။
ထိုသို့ဖြစ်ရသည်မှာ ချင်းရွှမ် နတ်တံခါး ပိတ်ထားပြီး စည်းကမ်း တင်းကျပ် ထားသောကြောင့် ဖြစ်ရခြင်း မဟုတ်ပေ။ ချင်းရွှမ် နတ်တံခါးတွင် အလေးအမြတ် ထားဖွယ်ရာ လောကနတ်ဘုရား နည်းပါး နေသောကြောင့် ဖြစ်လေသည်။
ကျိလင်နတ်သမီး နတ်ဘုရား ပြန်ဖြစ်လာသည့် အချိန် ရောက်မှသာ ချင်းရွှမ် နတ်တံခါးမှာ ပြည်လည် အားပြည့် လာခဲ့ရခြင်း ဖြစ်လေသည်။
ဆန်းလျန်နှင့် ထိုက်ယင်း အရှင်ပိုင်စုဟွမ်တို့ တန်ခိုး စွမ်းအားခြင်း ထိခတ်သွားသည်ကို မည်သူမျှ မရိပ်မိလိုက်ကြပေ။ ထိုသို့ ရိုက်ခတ်သွားမိခြင်းမှာ အမှတ်တမဲ့ ဖြစ်သွားခြင်းလား ရည်ရွယ်ချက်ရှိရှိ လုပ်လိုက်ခြင်းလား ဆိုသည်ကိုတော့ ဆန်းလျန် မသိပါ။
"ဂိုဏ်းချုပ် ဆရာသခင် ရာထူးဆိုတာ ဂုဏ်အရမ်းရှိတဲ့ ရာထူးပါပဲ ၊ သူ့မှာ အစွမ်းမရှိဘူး ဆိုရင် ဒီနေရာကို ကြာရှည် ထိန်းသိမ်း ထားနိုင်မယ် မထင်ဘူး ၊ ရော့ရွှီး ၊ ကျုပ်က မင်းကို ဆန့်ကျင်တာ မဟုတ်ပါဘူး ၊ ဒါပေမဲ့ ဆန်းလျန်က ဒီရာထူးကို ယူမယ် ဆိုမှတော့ သူ့တန်ခိုးစွမ်းအား ဘယ်လောက် ရှိလဲဆိုတာ ပြဖို့တော့ လိုတယ်လေ"
ထိုက်ယင်းအရှင် ပိုင်စုဟွမ်က ပြောလိုက်လေသည်။
ထိုင်းယင်းအရှင်၏ အသံမှာ သူ၏ပုံစံနှင့် ယှဉ်လျှင် အလွန် အိုမင်းနေလေသည်။ ထိုအချက်က သူ၏ အသက်မည်မျှ ကြီးပြီ ဖြစ်ကြောင်း ဖော်ပြနေသည်။ ဆရာသခင် ကျန်းရော့ရွှီးမှာ သူ၏စကားကို မလွန်ဆန်ဝံ့ပေ။
ထို့ပြင် ထိုက်ယင်း အရှင်ပိုင်စုဟွမ် ပြောသည့် စကားမှာလည်း သဘာဝကျလေသည်။ ဂိုဏ်းချုပ် တစ်ယောက် ဖြစ်လာပြီးသည့် နောက်ပိုင်း ဆန်းလျန်အနေဖြင့် ထိုကဲ့သို့ ကိစ္စမျိုးကို အနှေးနှင့် အမြန် ရင်ဆိုင်ရမည်သာ ဖြစ်လေသည်။
"ဆန်းလျန် ၊ မင်းကရော ဘယ်လို သဘောရလဲ"
ကျန်းရော့ရွှီးက မေးလိုက်လေသည်။
ဆရာသခင်၏ စွမ်းအားများမှာ တဖြည်းဖြည်း လျော့နည်းနေပြီး ပျောက်ကွယ်လု နီးပါးပင် ဖြစ်နေလေပြီ။ သူ့အတွက် အချိန်မရွေး လူ့လောကမှ ထွက်ခွာသွားမည့် အခြေအနေ ဖြစ်လေသည်။ သို့သော် သူ၏ အသက်ကို သူတတ်နိုင်သမျှ ထိန်းသိမ်းထားပြီး သူ့တွင် တာအိုဆရာ သခင်တစ်ပါး၏ သိက္ခာအပြည့် ရှိလေသည်။
ဆန်းလျန်က ဆရာသခင်ကို လက်နှစ်ဖက် စုပ်ကာ ဂါရဝပြုလိုက်သည်။ သူ၏နဖူးထက်မှ အနီရောင် သင်္ကေတသည် လင်းလက် တောက်ပ နေလေသည်။ ထို့နောက် သူက ဆရာဘိုးဘိုး ပိုင်စုဟွမ်ဘက်သို့ ပြန်လှည့်လိုက်သည်။ သူ့ပုံစံက တည်ငြိမ် လွန်းနေလေသည်။
"ဆရာဘိုးဘိုးက တောင်းဆိုပြီ ဆိုမှတော့ ကျွန်တော် ဘယ်လို တန်ခိုး စွမ်းအားမျိုးကို ပြရမလဲ"
ဆန်းလျန် ပေါ့ပေါ့ပါးပါးပင် မေးလိုက်သည်။
"ဒီခန်းမထဲမှာ ကျုပ်ရဲ့ သိုင်းကွက် သုံးကွက်ကို ခုခံနိုင်တဲ့သူ တစ်ယောက်မှ မရှိဘူး ၊ မင်းက ခုခံနိုင်မယ် ဆိုရင်တော့ ကျုပ်ဘက်က မင်းကို ကန့်ကွက်စရာ မရှိပါဘူး"
ပိုင်စုဟန်က တည်ငြိမ်စွာ ပြောလိုက်သည်။
သူ့စကားကြောင့် ခန်းမထဲတွင် စကားပြောသံ ဆူဆူညံညံနှင့် ဝေဖန်သံများ ပြန်လည် ထွက်ပေါ် လာလေသည်။
ချင်းရွှမ် နတ်တံခါး၏ စည်းကမ်းအရ အချင်းချင်း တိုက်ခိုက်သည်ကို တားမြစ် ထားလေသည်။ သို့သော် ဆရာဘိုးဘိုး ပိုင်စုဟွမ်မှာ ဆရာဘိုးဘိုး တစ်ယောက် ဖြစ်သည်က တစ်ကြောင်း ၊ ဆန်းလျန်၏ တန်ခိုး စွမ်းအားကို စမ်းသပ်ရန် အတွက် သူပြောသည့် အချက်မှာလည်း သဘာဝကျသည်က တစ်ကြောင်း ဖြစ်နေသောကြောင့် ဆရာဘိုးဘိုး ပိုင်စုဟွမ်နှင့် ဆန်းလျန် ပညာပြိုင်ရမည့် အခြေအနေကို လက်ခံရမည့် အနေအထား ဖြစ်သွား ရလေတော့သည်။
***