မင်းရဲ့တန်ခိုး ကျုပ်ကိုခဏငှားပါ
Vol. 2 Ch. 185
ပိုစုဟွမ်က ဆန်းလျန်နှင့် ယှဉ်ပြိုင်မည်ဟု မပြောဘဲ သူ၏ သိုင်းကွက် သုံးကွက်ကိုသာ ခုခံရန် တောင်းဆိုခဲ့လေသည်။ သို့ဖြစ်လျှင် အနာဂတ်တွင် ဆန်းလျန်သည် သူ့ကို မည်သို့ မျက်နှာ ပြဝံ့တော့မည်နည်း။
ဆန်းလျန်သည် ပိုင်စုဟွမ်ထက် ညံ့သည့် သူတစ်ယောက် အဖြစ် လူအများကြားတွင် ပြောစမှတ် ပြုသွားမည် ဖြစ်လေသည်။
ဆန်းလျန်၏ အနေအထားမှာ ဆရာသခင် ကျန်းရော့ရွှီးနှင့် မတူညီပေ။ ဆရာသခင် ကျန်းရော့ရွှီးက ဆရာဘိုးဘိုး ပိုင်စုဟွမ်ကို လေးစားသည့်တိုင် သူတို့ နှစ်ယောက်စလုံးက ဖော့ဝမ့်အဆင့် ကျင့်ကြံသူများ ဖြစ်ကြလေသည်။ ထို့ပြင် ဆရာသခင် ကျန်းရော့ရွှီးကို အားလုံးက ချစ်ခင် လေးစား ကြလေသည်။ ချင်းရွှမ် နတ်တံခါးတွင် သူ့ကို မလေးစားသည့်သူ မရှိပေ။ ပိုင်စုဟွမ်ပင် သူ့ကို ဝေဖန်ခြင်း မရှိပေ။
သို့သော် ဆန်းလျန်ကတော့ ထိုသို့မဟုတ်ပေ။ ငယ်ရွယ်သည့် ဟိုင်သန်းအဆင့် ကျင့်ကြံသူမျှသာ ဖြစ်သည့် အတွက် ဂိုဏ်းချုပ်နေရာ ရယူခြင်းမှာ အတိုက်အခံများစွာ ကြုံတွေ့ရမည် ဖြစ်လေသည်။ ထို့ပြင် ယခုလည်း ဆရာဘိုးဘိုး ပိုင်စုဟွမ် ကိုယ်တိုင်က သူ့ကို ငြင်းပယ်ခဲ့ပြီ ဖြစ်သည့်အတွက် သူ့အတွက် ပိုပြီး ကြိုးစားရန် လိုအပ်လေသည်။
အချို့သူများမှာ နားမလည်နိုင် ဖြစ်ကုန်ကြသည်။ ဆရာဘိုးဘိုး ပိုင်စုဟွမ်မှာ တစ်ယောက်တည်း နေတတ်သည့်သူ ဖြစ်လေသည်။ သူက ဖော့ဝမ့်အဆင့် အောင်မြင်ပြီးသည့်တိုင် နတ်ဘုရား တစ်ပါးအဖြစ် အဆင့် တက်ရောက်နိုင်ခြင်း မရှိသေးပေ။ သို့ဖြစ်ပါလျက် အဘယ်ကြောင့် ယခုကဲ့သို့ ဆန်းလျန်ကို စိန်ခေါ်ရပါသနည်း။
အားလုံးမှာ ကျင့်ကြံသူ အချင်းချင်း ဖြစ်ကြလေသည်။ ဂိုဏ်းချုပ်တစ်ယောက် အဖြစ် တာဝန် ယူရခြင်းက လွန်စွာမှ တာဝန်ကြီးလှသည်။ သာမန် လူများ အတွက်တော့ ထိုရာထူးမှာ ကျောက်စိမ်းကို ရွှေကွပ် ထားသကဲ့သို့ ကောင်းမြတ် လွန်းသည်ဟု ထင်နိုင်ဖွယ်ရာ ရှိလေသည်။
သို့သော် ကျင့်ကြံသူများ၏ အမြင်တွင်တော့ ကျင့်စဉ်လမ်း အဆင့်မြင့်မြင့် လျှောက်လှမ်း နိုင်ရန်သာ လိုအပ်ပြီး ဂိုဏ်းချုပ် ရာထူးမှာ အသုံး မဝင်လှပေ။
ဆရာဘိုးဘိုး ပိုင်စုဟွမ်မှာလည်း ကျင့်စဉ်လမ်း ပြီးဆုံးခြင်း မရှိသေးပေ။ ယခုဘဝတွင် ဖော့ဝမ့်အဆင့် အောင်မြင်သည့်တိုင် နတ်ဘုရား တစ်ပါးအဖြစ် တက်ရောက်နိုင်ခြင်း မရှိပါက သံသရာ တစ်ပတ်လည်ပြီး လူပြန်ဝင်စားကာ အစမှအဆုံး ပြန်လည် ကျင့်ကြံရမည် ဖြစ်လေသည်။ ထို့ကြောင့် မိမိ၏ ကျင့်စဉ်လမ်းကို အာရုံမစိုက်ဘဲ ဆန်းလျန်ကို အခက်တွေ့အောင် အဘယ်ကြောင့် လုပ်ရပါ သနည်းဟု နားမလည်နိုင် ဖြစ်နေကြလေသည်။
ထို့ပြင် ဆန်းလျန်သည် ကျင့်စဉ်လမ်းတွင် လျှင်မြန်စွာ တိုးတက်နေသူ တစ်ယောက် ဖြစ်သည့် အတွက် အနှေးနှင့်အမြန် ဖော့ဝမ့်အဆင့်သို့ ရောက်ရှိလာမည် ဖြစ်လေသည်။ အချိန် အနည်းငယ်သာ သူ့အတွက် လိုအပ်နေခြင်း ဖြစ်လေသည်။ ပိုင်စုဟွမ် အနေဖြင့် မူလဝိညာဉ် ရအောင်သာ မကျင့်ကြံနိုင်လျှင် မကြာခင်တွင် ဘဝ အဆုံးသတ် ရပေလိမ့်မည်။
အကျိုးနှင့် အကြောင်းယှဉ်ပြီး စဉ်းစားမည် ဆိုပါက ယခုကဲ့သို့ စိန်ခေါ်ခြင်းသည် အနာဂတ် အကျိုးအတွက် မကောင်းမွန်နိုင်ပေ။ ဆန်းလျန်ရော၊ ပိုင်စုဟွမ် အတွက်ပါ မကောင်းနိုင်ခြင်း ဖြစ်လေသည်။ ထို့ကြောင့် ပိုင်စုဟွမ်၏ အပြုအမူသည် ပညာရှိတစ်ယောက် ပြုမူသည့် အပြုအမူမျိုး မဟုတ်ဟု တွေးထင် နေကြလေသည်။
ထိုအချက်များ ကြောင့်ပင် အခြားသော ဆရာသခင်များက ဆရာသခင် ကျန်းရော့ရွှီး ပြောသည့်အတိုင်း သဘော တူခဲ့ကြခြင်း ဖြစ်လေသည်။ ထို့ပြင် ချင်းရွှမ် နတ်တံခါးမှာ လွန်ခဲ့သည့် နှစ်ပေါင်း တစ်ရာကျော်ခန့်က ကဲ့သို့ အောင်မြင်နေသည့် နတ်ဘုရားဂိုဏ်း တစ်ခု မဟုတ်တော့ပေ။ ထို့ကြောင့် ဆုတ်ယုတ်နေသည့် ဂိုဏ်းတစ်ခု၏ ဂိုဏ်းချုပ် လုပ်ရန်မှာ လွယ်ကူသည့် ကိစ္စတော့ မဟုတ်ပေ။ ထို့ပြင် နောက်မျိုးဆက်တွင် ဂိုဏ်းချုပ်နေရာ သင့်တော်သူ ဆို၍ ဆန်းလျန်နှင့် ချန်ကျန့်မေ နှစ်ယောက်သာ ရှိလေသည်။
သို့သော် အကျိုးအမြတ် တစ်ခုတော့ ရှိလေသည်။ ဆရာဘိုးဘိုး ပိုင်စုဟွမ်၏ လုပ်ရပ်ကြောင့် ဆန်းလျန်သည် ချင်းရွှမ် နတ်တံခါး၏ ဂိုဏ်းချုပ် ရာထူးကို လွယ်လွယ်နှင့် ရခဲ့ခြင်းမဟုတ် ဆိုသည်ကိုတော့ အခြားသူများ အနေဖြင့် နားလည်သွားမည် ဖြစ်လေသည်။
ဆရာသခင် ကျန်းရော့ရွှီးမှာလည်း ထိုအချက် အားလုံးကို နားလည်ထားပါသည်။ ထို့ကြောင့် ဝင်ရောက် စွက်ဖက်ခြင်း မပြုလုပ်ပေ။ ထို့ပြင် သူ့အနေဖြင့် ယနေ့ နေဝင်ချိန်ပင် မြင်နိုင်ရန် မသေချာတော့သည့် လူတစ်ယောက် ဖြစ်နေလေပြီ။ သူက တိတ်ဆိတ်စွာဖြင့် ဆန်းလျန်ကို ငေးကြည့် နေခဲ့လေသည်။
ချင်းရွှမ် ခန်းမဆောင် တစ်ခုလုံးမှာ ကြက်သီးထစရာ ကောင်းလောက်အောင် တိတ်ဆိတ် နေလေသည်။ ဆန်းလျန်မှာ ဆရာဘိုးဘိုး ပိုင်စုဟွမ်၏ စကားများကို ကြားသည့်တိုင် တည်ငြိမ်နေဆဲ ဖြစ်လေသည်။ တောက်ပနေသည့် ခန်းမဆောင် ကြမ်းပြင်ထက်တွင် သူ၏ အပြာနုရောင် ဝတ်ရုံသည် အရိပ် ထင်နေလေသည်။ သူ၏ ပုံစံမှာလည်း အိပ်မက် ဆန်လွန်းလှလေသည်။
ဆန်းလျန်က မျက်မှောင် ကြုတ်ထားပြီး အကြည့်များကလည်း ပြတ်သား နေလေသည်။ သို့သော် သူ့စကားသံကတော့ သိမ်မွေ့ လှသည်။
"အရင်ပဲဖြစ်ဖြစ် နောက်မှပဲ ဖြစ်ဖြစ် အချိန်တန်ရင်တော့ အောင်မြင်မှုက ရမှာပါပဲ ၊ ဆရာဘိုးဘိုးက သိုင်းကွက် သုံးကွက်ပဲ ခုခံရမယ်လို့ ပြောလိုက်တာဟာ ကျွန်တော့်ကို လျှော့တွက် တာပါပဲ၊ အဲဒီတော့ ကျွန်တော်တို့ ဘယ်သူနိုင်မလဲ ဆိုတာ သိရတဲ့အထိ ယှဉ်ပြိုင်ကြရအောင်"
ဆန်းလျန်၏ စကားကြောင့် ခန်းမထဲရှိ ကျင့်ကြံသူများ အားလုံး အံ့သြ သွားကြရလေသည်။ ဟိုင်သန်း အဆင့်သာ အောင်မြင်ရုံမျှ ရှိသော ဆန်းလျန်သည် ဘယ်လို သတ္တိမျိုးဖြင့် ပိုင်စုဟွမ်ကို ယခုကဲ့သို့ စိန်ခေါ်ရဲရပါသနည်း။
ဆန်းလျန်က ထိုစကားကို တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်ခြင်း ဖြစ်ပြီး သူပြောလိုက်သည့် လေသံကလည်း ပုံမှန်ပင် ဖြစ်လေသည်။ သူ့ပုံစံကလည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိသည့် ပုံစံဖြစ်သည့်တိုင် ထောင်လွှား မောက်မာခြင်း အလျဉ်း ကင်းလေသည်။
ဆန်းလျန်၏ မျက်ဝန်းများသည် တည်ငြိမ်နေသည့် ကန်ရေပြင် တစ်ခုအလား ဖြစ်ပြီး လှိုင်းဂယက် အနည်းငယ်ပင် ထခြင်းမရှိပေ။
သူ၏ပုံစံမှ လရောင်အောက်မှ တိမ်တစ်စအလား ငြိမ်သက် နေသည့်တိုင် လှုပ်ရှားနိုင်သည့် စွမ်းအားနှင့်လည်း ပြည့်ဝနေလေသည်။ သူ၏ ဂုဏ်သရေရှိမှုကို မည်သည့် အရာကမှ ဖုံးကွယ် ထားနိုင်မည် မဟုတ်ပေ။
"မင်းက တော်တော် သတ္တိ ကောင်းတာပဲ ၊ ဒီလို ဆိုမှတော့ နောင်တမရလေနဲ့"
ပိုင်စုဟွမ်က ဆန်းလျန်ကို အေးစက်စွာ စိုက်ကြည့်ရင်း ပြောလိုက်လေသည်။
"ဒါက ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်ဖြစ်လို့ ဖြစ်လာသမျှကို ကျွန်တော် ရင်ဆိုင်မှာပါ ၊ ဒါပေမဲ့ ကျွန်တော်တို့ စပြီး မတိုက်ခိုက်ခင် ကျွန်တော့်ကို နည်းနည်းလောက် ပြင်ဆင်ချိန်ပေးပါ"
ဆန်းလျန်က ပြောလိုက်သည်။
ထို့နောက် သူက ဆရာဘိုးဘိုး ပိုင်စုဟွမ်ကို ဦးညွှတ် အရိုအသေ ပေးရင်း တစ်ချက် ပြုံးလိုက်လေသည်။ ဆန်းလျန်၏ ပုံစံမှာ လွတ်လပ် ပေါ့ပါးနေပြီး သူအနိုင် ရမည်ဟု ယုံကြည်နေသည့်ပုံ ပေါက်နေလေသည်။
ဆန်းလျန်မှာ ချင်းရွှမ် နတ်တံခါးတွင် ထိုက်ရွှီးနည်းဗျူဟာ ကျင့်စဉ်ဖြင့် ဟိုင်သန်း အဆင့် တက်ရောက်သည့် လေးယောက်မြောက်သော တပည့် ဖြစ်ကြောင်း ပိုင်စုဟွမ် ကောင်းကောင်း သိလေသည်။ သို့သော် နှစ်ပေါင်းရာနှင့်ချီ ကျင့်ကြံခဲ့ပြီး မူလဝိညာဉ်ပင် ရရှိလုနီးပါး ဖြစ်နေပြီ ဖြစ်သည့် သူကဲ့သို့သော အဆင့်မြင့် ကျင့်ကြံသူ တစ်ယောက်ကို အနိုင်ရအောင် တိုက်ခိုက်မည်ဟု ဆန်းလျန် ယုံကြည်မှု ရှိနေခြင်းကို သူလုံးဝ နားမလည်နိုင်ပေ။
ပိုုင်စုဟွမ်က ဟိုင်သန်းအဆင့်ကို ပုံပြောင်းအဆင့် ရှစ်ခုဖြင့် တက်ရောက်ခဲ့ခြင်း ဖြစ်လေသည်။ ထို့ကြောင့် ပုံပြောင်းအဆင့် ကိုးဆင့်ဖြင့် ဟိုင်သန်းအဆင့် တက်ရောက်ခဲ့သည့် ဆန်းလျန်နှင့် ယှဉ်လျှင် ကိုယ်တွင်းမှ ရွှေပြဒါး အမြုတေ စွမ်းအားတွင် အရည်အသွေး အနည်းငယ် ကွာမည် ဖြစ်လေသည်။
သို့သော် ထိုမျှလောက် ကွာခြားချက်လေးမှာ မပြောပ လောက်ပေ။
ပိုင်စုဟွမ်မှာ ဖော့ဝမ့်အဆင့် ကျင့်ကြံသူ မဟုတ်ဘဲ ပုရွှီးအဆင့် ကျင့်ကြံသူ ဆိုလျှင်တော့ ဆန်းလျန်အနေဖြင့် အနိုင်ရနိုင်ကောင်း ရနိုင်မည် ဖြစ်လေသည်။ ဆန်းလျန် အနေဖြင့် သူ၏ သိုင်းကွက် သုံးကွက်ကို ခုခံကောင်း ခုခံနိုင်မည် ဖြစ်သော်လည်း သူ့ကို အနိုင်ရရန်မှာ မဖြစ်နိုင်ပေ။
"မင်းကြိုက်သလောက် အချိန်ယူပါ ၊ ရော့ရွှီး စောင့်နိုင်မယ် ဆိုရင်ပေါ့”
ပိုင်စုဟွမ်က ပြန်ပြောလိုက်လေသည်။ ဆန်းလျန်က ပြုံးလိုက်သည်။
သူက တစ်ချက် အသံ ပြုလိုက်သည်နှင့် အစိမ်းရောင် အလင်းတန်းလေး တစ်ခု ခန်းမထဲသို့ ဝင်လာလေသည်။ ထိုအလင်းတန်းလေးမှာ လျှင်မြန်လှသည့် အတွက် မည်သည့် ကျင့်ကြံသူမှ တားဆီးနိုင်ခြင်း မရှိပေ။
ထိုအလင်းတန်းလေးမှာ ဆန်းလျန်ရှေ့တွင် ရပ်တန့် သွားလေသည်။ ထိုအခါမှ ထိုအလင်းတန်းမှာ အစိမ်းရောင် အမွေးများ ရှိသည့် ငှက်ငယ်လေး တစ်ကောင် ဖြစ်ကြောင်း အားလုံး တွေ့မြင် လိုက်ကြရလေသည်။ တည်ငြိမ်သည့် ကျင့်ကြံသူများပင် လှပသည့် ငှက်လေးကို သဘော ကျသွားမိကြ လေသည်။
ချမ်းမော့က ကျင့်ကြံသူများကို ခပ်တည်တည်ပင် ကြည့်လိုက်သည်။ ဆန်းလျန်က ချမ်းမော့၏ ဦးခေါင်းလေးကို အသာလေး ပွတ်ပေးလိုက်သည့်တိုင် ချမ်းမော့မှာ သိပ်ပြီး ကျေနပ်ပုံမရပေ။ ချမ်းမော့မှာ အလွန် မာနကြီးပြီး ထောင်လွှားသည့် ငှက်ငယ်လေးပဲဟု ကူးချိုင်ဝေ့က တွေးနေမိ လေသည်။
ဇာမဏီငှက်ကိုပင် ယှဉ်ပြိုင်နိုင်သည့် “ဟွမ်” ကျမ်းစာထဲမှ ဒဏ္ဍာရီလာ ငှက်လေးနှင့် ဆင်တူနေလေသည်။ ထိုငှက်လေးမျိုးကို ဆန်းလျန် မည်သည့် နေရာက ရှာတွေ့ ခဲ့လေသနည်းဟု ကူးချိုင်ဝေ့မှာ သိချင်နေမိ လေသည်။ အမှန်တော့ ထိုငှက်လေးကပင် ကျမ်းစာထဲမှာ ငှက်ထက် သာလွန် နေသေးသည်။ ထို့ပြင် သူမသည် မိန်းကလေးတစ်ယောက် ဖြစ်သည့် အတွက် လှပသည့် ငှက်လေးကို သဘော ကျနေမိလေတော့သည်။
ချမ်းမော့မှာ စိတ်ရှုပ်နေပုံ ရလေသည်။ ဆန်းလျန်က ချမ်းမော့ကို စိတ်စွမ်းအားဖြင့် ဆက်သွယ်လိုက်ပြီး ချမ်းမော့ထံမှ ထူးဆန်းသည့် စွမ်းအားများ အားလုံးကို သူ့ထံသို့ လွှဲပြောင်းပေးရန် ပြောလိုက်သည်။ ထိုစွမ်းအားများကို ခဏနေလျှင် ပြန်ပေးမည်ဟုလည်း သူက ကတိပေးလိုက်ရသည်။
ချမ်းမော့က ခေါင်းကို လှည့်လိုက်သည်။ သူက ဆန်းလျန်ကို စိုက်ကြည့် နေလိုက်ပြီးမှ ဆန်းလျန်ကို ခေါင်းနှင့် တစ်ချက် ဝေ့လိုက်လေသည်။ ချမ်းမော့ထံမှ ထူးဆန်းသည့် စွမ်းအားများသည် ဆန်းလျန် ဆီသို့ စီးဝင် သွားလေတော့သည်။
ဆန်းလျန် ဟိုင်သန်းအဆင့် တက်ရောက်ပြီးသည့် နောက် သူ၏ အထွတ်ထိပ် ဆုံချက်များ အားလုံးမှာ ရှင်းရှင်းလင်းလင်း ပွင့်သွားခဲ့ပြီ ဖြစ်လေသည်။ ထိုက်ရွှီး တန်ခိုးစွမ်းအားများက ထိုဆုံချက်များဆီသို့ အကြိမ်ပေါင်းများစွာ ဖြတ်သန်း စီးဆင်း နေလေသည်။ ဆန်းလျန်က ဆုံချက်တစ်ခုကို အာရုံ စိုက်လိုက်သည်နှင့် ရောင်စဉ် ရှစ်မျိုးစွမ်းအားများက ခရုပတ်နွယ် လိမ်ကဲ့သို့ စတင် လှည့်ပတ်လေသည်။ ထိုအခါ ထိုက်ရွှီး တန်ခိုးစွမ်းအားသည် ထွက်ပေါ် လာလေသည်။
ထိုတန်ခိုးစွမ်းအား ထွက်ပေါ်လာသည်နှင့် ရွှေပြဒါး အမြုတေနှင့် ချင်ချင်းပင် ပေါင်းစပ် သွားလေသည်။ ထိုစွမ်းအား ပေါင်းစပ်သွားမှုကို သူ၏ ယင် ဝိညာဉ်စွမ်းအားက အဆက်မပြတ် သယ်ဆောင် သွားလေသည်။ ထို့နောက် ယင် ဝိညာဉ်စွမ်းအားသည် ရွှေပြဒါးအမြုတေနှင့် ထိုက်ရွှီး တန်ခိုးစွမ်းအား ပေါင်းစပ်ထားသည့် စွမ်းအားနှင့် ပေါင်းစပ်သွားကာ ခိုင်မာသည့် တန်ခိုစွမ်းအား အစိုင်အခဲ တစ်ခု ဖြစ်တည် သွားလေသည်။
ထိုတန်ခိုးစွမ်းအား ပေါင်းစပ်မှုထဲတွင် ယင်ဝိညာဉ် စွမ်းအားက ငြိမ်သက်ခြင်း မရှိသည့် စွမ်းအား ဖြစ်လေသည်။ ထို ဝိညာဉ်စွမ်းအားက နှလုံးမှသွေးများ ခန္ဓာကိုယ် တစ်လျှောက်သို့ စီးဆင်း နေသကဲ့သို့ အဆုံးမရှိ စီးဆင်းနေလေသည်။ ထိုသို့ ဝိညာဉ်စွမ်းအားစီးဆင်းနေခြင်းက ယင် နှင့် ယန် ပြောင်းလဲမှုကို ဖြစ်ပေါ်စေပြီး နတ်ဘုရား စွမ်းအားများ စတင် လည်ပတ် လာတော့သည်။ ထိုစွမ်းအားများသည် အဆက်မပြတ် ကြီးထွား လာလေသည်။
ထိုတန်ခိုး စွမ်းအားများသည် အဆုံးမရှိသလို တားဆီးနိုင်စွမ်းလည်း မရှိပေ။ မြစ်တစ်စင်း စီးဆင်း နေသကဲ့သို့ပင် ဖြစ်လေသည်။ တစ်ခါတစ်ရံ တုန်ခါသည့် အသံကိုပင် ကြားရသေးသည်။ ထိုတုန်ခါမှုက အသွေးအသားထဲမှ မသန့်စင်မှုများ အားလုံးကို သန့်စင် သွားစေလေသည်။ ထိုအခါ ခန္ဓာကိုယ် တစ်ခုလုံး သန့်စင်ခြင်းသို့ ရောက်ရှိ သွားရလေသည်။
ချမ်းမော့၏ ထူးဆန်းသည့် စွမ်းအားများသည် ဆန်းလျန် ကိုယ်ထဲသို့ စီးဝင်သွားလေသည်။ ထိုစွမ်းအားသည် ဆန်းလျန်ကိုယ်ထဲမှ တန်ခိုးစွမ်းအားနှင့် ချိတ်ဆက် မိသွားလေသည်။ ထို့နောက် တစ်ခုတည်းသော တန်ခိုးစွမ်းအား အဖြစ် ပေါင်းစည်း သွားလေတော့သည်။ ချမ်းမော့၏ ထူးဆန်းသည့် တန်ခိုးစွမ်းအားကြောင့် တည်ငြိမ်စွာ စီးဆင်းနေသည့် မြစ်ရေမှာ ဒီရေ မြင့်တက်လာသည့် အလား ဆန်းလျန်၏ ခန္ဓာကိုယ်ထဲတွင် တန်ခိုးစွမ်းအားများ တဖြည်းဖြည်း မြင့်တက် လာလေတော့သည်။
ဆန်းလျန် ကိုယ်တွင်းမှ တန်ခိုးစွမ်းအား မြင့်တက်လာမှုမှာ အံ့သြစရာ ကောင်းလွန်းလေသည်။
ဆန်းလျန်၏ ဝိညာဉ်စွမ်းအား မြင့်တက်လာသည်ကို ခန်းမထဲရှိ ကျင့်ကြံသူများ အားလုံး ခံစား မိကြလေသည်။ အားနည်းသည့် အချို့သော ကျင့်ကြံသူများသည် ထိုတန်ခိုးစွမ်းအား၏ ဒဏ်ကို ခံနိုင်ရန် သူတို့၏ ဓားများ ၊ ဝိညာဉ်စွမ်းအား ပစ္စည်းများကိုပင် ထုတ်ကာ ကာကွယ် ထားကြရသည်။
တန်ခိုးစွမ်အား မြင့်တက်လာမှုမှာ တိမ်ကိုခွင်းသည့် မြားတစ်စင်းပမာ လျင်မြန် လွန်းလေသည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် အမြင့်ဆုံး အဆင့်သို့ ရောက်ရှိ သွားလေတော့သည်။
အသက်ရှူသံ ဆယ်ချက်မျှ အတွင်းတွင် ဆန်းလျန်၏ ဝိညာဉ်စွမ်းအားသည် ထိပ်ဆုံးအဆင့်သို့ ရောက်ရှိ သွားလေသည်။ ထိုအခါ တန်ခိုးစွမ်းအား မြင့်တက်မှုမှာလည်း ရပ်တန့် သွားလေသည်။ သူ၏ တန်ခိုးစွမ်းအား များမှာ ပိုင်စုဟွမ်၏ တန်ခိုး စွမ်းအားများနှင့် မတူညီကြောင်းကို ထျန်းတိကျန်းမှ တစ်ဆင့် ဆန်းလျန် သိခွင့်ရလေသည်။ ဆန်းလျန် ကိုယ်တိုင်လည်း ထိုမျှ တန်ခိုးစွမ်းအား ကြီးမားခြင်းမျိုး တစ်ခါမှ မဖြစ်ခဲ့ဖူးပေ။ ပထမအကြိမ် ဖြစ်သည့် အတွက် သူ၏ ဝိညာဉ်မှာလည်း ထိုတန်ခိုးစွမ်းအားကို ထိန်းချုပ်ရန် အနည်းငယ် ခက်ခဲ နေရသည်။
သို့သော် ထိုသို့ တန်ခိုး စွမ်းအား ကြီးမားရခြင်းမှာ ချမ်းမော့၏ အကူအညီကြောင့်သာ ဖြစ်လေသည်။ သူက ချမ်းမော့ဆီမှ တန်ခိုးစွမ်အားကို ငှားရမ်းခဲ့ခြင်း ဖြစ်လေသည်။
ချမ်းမော့မှာ နွမ်းလျသွားပြီး အစိမ်းရောင် အမွေးလေးများပင် ညိုးနွမ်း ခြောက်သွေ့ သွားရလေသည်။ ဆန်းလျန်က သူမကို အသာ ပွေ့ယူလိုက်ရင်း ကူးချိုင်ဝေ့ရှေ့သို့ တစ်ခဏအတွင်း ရောက်သွားလေသည်။ မယုံနိုင်လောက်အောင် လျင်မြန် လွန်းလေသည်။
"ဂိုဏ်းတူအစ်မ ၊ ဒီငှက်လေးကို ခဏလောက် ကြည့်ပေးထားပါနော်"
ဟု ဆန်းလျန်က သိမ်မွေ့စွာ ပြောလိုက်လေတော့သည်။
***