ထိုက်ယင်းအလင်းစွမ်းအား
Vol. 2 Ch. 186
ကူးချိုင်ဝေ့က ဆန်းလျန် တောင်းသည့် အကူအညီကို လက်ခံလိုက်ရင်း ချမ်းမော့ကို တည်ကြည်စွာ ကြည့်လိုက်သည်။ သူမက ဆန်းလျန်ဆီမှ ငှက်လေးကို ယူလိုက်သည်နှင့် ချမ်းမော့မှာ ပေါ့ပါးနေသည့် အတွက် အံ့သြသွားရသည်။ ထို့ပြင် သူမကိုယ်ထဲမှ ထိုက်ရွှီး တန်ခိုး စွမ်းအားများမှာ ငှက်လေးဆီသို့ စီးဝင် ကုန်လေတော့သည်။
ကူးချိုင်ဝေ့မှာ များစွာ အံ့သြ သွားရလေသည်။
"ထိုက်ရွှီး တန်ခိုးစွမ်းအားတွေက ဒီငှက်လေးရဲ့ အသက်ဓာတ် စွမ်းအားကို ဖြည့်ပေးတယ် ဂိုဏ်းတူအစ်မ ၊ အများကြီးတော့ စီးဝင်သွားအောင် မလုပ်နဲ့ပေါ့ ၊ ကျွန်တော့် ယှဉ်ပြိုင်ပွဲပြီးရင် ကျွန်တော် သူ့ဆီက ယူထားတဲ့ စွမ်းအားကို သူ့ကို ပြန်ပေးမှာပါ"
ဆန်းလျန်က ကူးချိုင်ဝေ့ကို စိတ်စွမ်းအားဖြင့် စကား ပြောလိုက်လေသည်။
ဆန်းလျန် စကားကို ကြားမှ ကူးချိုင်ဝေ့မှာ စိတ်သက်သာရာ ရသွားလေသည်။ သို့သော် ထိုက်ရွှီး တန်ခိုးစွမ်းအားများက ငှက်ငယ်လေး၏ အသက်ဓာတ် စွမ်းအားကို ဖြည့်ပေးနိုင်သည် ဆိုသည့် အတွက် သူမမှာ အံ့သြမဆုံး ဖြစ်နေရသည်။ ထိုငှက်လေး အကြောင်းကို သူမ သိချင်နေမိသည်။ ဆန်းလျန် ပြောစကားအရ ဆိုလျှင် ဆန်းလျန်က ထိုငှက်လေးထံမှ စွမ်းအားကို ယူထားခြင်း ဖြစ်လေသည်။ လွန်စွာမှပင် ထူးဆန်း လှလေသည် တကား။
ဆန်းလျန် ဟိုင်သန်းအဆင့်ကို ပုံပြောင်းအဆင့် ကိုးခုဖြင့် တက်ရောက်ပြီးသည့် နောက် သူ၏ တန်ခိုး စွမ်းအားများမှာ များစွာ သန့်စင် လာလေသည်။ ထို့ကြောင့် သာမန် အသက်ဓာတ် စွမ်းအား တစ်ခုသည် အချိန်တိုလေး အတွင်းမှာပင် ထိုက်ရွှီး တန်ခိုး စွမ်းအားနှင့် ပေါင်းစပ်ရန်မှာ မဖြစ်နိုင်ပေ။ အနည်းငယ် ပေါင်းစပ်မိသွားလျှင်ပင် ပုံမှန် မဟုတ်သည့် အခြေအနေ ဖြစ်လေသည်။
ထို့ကြေင့် ကူးချိုင်ဝေ့မှာ နားမလည်နိုင် ဖြစ်နေရလေသည်။ သို့သော် နောက်မှ ဆန်းလျန်ကို မေးကြည့် တော့မည်ဟု စိတ်ကူးလိုက်လေသည်။ ဆန်းလျန်က သူသိသမျှ သူမကို ပြောပြမည်ပဲ ဖြစ်လေသည်။ ထို့ကြောင့် လောလောဆယ်တွင် ချမ်းမော့ ကိုယ်ထဲသို့ ထိုက်ရွှီး တန်ခိုးစွမ်းအားများ သွင်းပေး လိုက်လေသည်။ သူမသည် တန်ခိုးစွမ်းအား ကြီးမားသည့်တိုင် ရုဟွအဆင့်တွင်ပင် နှစ်ပေါင်းများစွာ ကြာအောင် ရပ်တန့် နေခဲ့လေသည်။ ထိုသို့ ဖြစ်ရသည်မှာ သူမ လျှောက်လှမ်းနေသည့် ကျင့်စဉ်လမ်းကို သူမကိုယ်တိုင် နားမလည် သေးသောကြောင့် ဖြစ်လေသည်။
သူမသည် ကျင့်ကြံမှုလည်း လျော့နည်းခြင်း မရှိခဲ့သလို ဝိညာဉ် စွမ်းအားလည်း ကောင်းမွန်သည့် တစ်ယောက် ဖြစ်လေသည်။ သို့တိုင်အောင် အဆင့်မတက်နိုင် ဖြစ်နေရခြင်းမှာ ထိုက်ရွှီး နည်းဗျူဟာ ကျင့်စဉ်မှာ ကျင့်ကြံရ ခက်ခဲသည့် ကျင့်စဉ်တစ်ခု ဖြစ်သောကြောင့် ဖြစ်လေသည်။ ထိုက်ရွှီး နည်းဗျူဟာ ကျင့်စဉ်၏ သဘော သဘာဝမှာ ထိုကဲ့သို့ပင် ဖြစ်လေသည်။
သာမန်ထက် ထူးခြားသည့် ဆန်းလျန်ကို လူမျိုးသာလျှင် ထိုက်ရွှီး နည်းဗျူဟာ ကျင့်စဉ်ဖြင့် ဟိုင်သန်း အဆင့်ကို အချိန်တိုအတွင်း တက်ရောက်နိုင်ခြင်း ဖြစ်လေသည်။
ထို့ပြင် ဝိညာဉ်မြစ်ထဲတွင် ဆယ့်ခြောက်နှစ်ခန့် ရေစိမ်ပြီး ကျင့်ကြံနေခဲ့ခြင်းက ကျင့်စဉ်လမ်း အောင်မြင်ရန် အတွက် များစွာ အထောက်အကူ ဖြစ်ခဲ့လေသည်။
ယခုတော့ ဆန်းလျန်မှာ အကြောက်အလန့်မရှိ သတ္တိအပြည့် ရှိနေလေသည်။
"ကျွန်တောတို့ ဒီခန်းမထဲမှာ တိုက်ခိုက်လို့ မရလောက်ဘူး ၊ ဆရာဘိုးဘိုး ကြွပါ…"
ဆန်းလျန်က ပိုင်စုဟွမ်ကို ပြုံးပြရင်း ပြောလိုက်လေသည်။
သူတို့ နှစ်ယောက်၏ ကျင့်ကြံမှု အဆင့်မှာ မည်မျှကွာသည် ဖြစ်စေ သူတို့ ယှဉ်ပြိုင် တိုက်ခိုက်ဖို့ ဆုံးဖြတ်ပြီးပြီ ဖြစ်သည့် အတွက် သူသေကိုယ်သေ တိုက်ပွဲတစ်ခု အလား ဖြစ်သွားပေလိမ့်မည်။ အနိုင်အရှုံး ဆုံးဖြတ်နိုင်ရန်မျှသာ တိုက်ခိုက်၍ ရမည် မဟုတ်ပေ။ အနိုင်အရှုံး ကွဲပြားရန်မှာ သူသေကိုယ်သေ တိုက်မှသာ ရမည်သာ ဖြစ်လေသည်။
ပိုင်စုဟွမ်ကလည် နားလည်စွာဖြင့် ခေါင်းတစ်ချက် ညိတ်လိုက်သည်။ ဆန်းလျန်၏ တန်ခိုးစွမ်အားများ ရုတ်တရက် မြင့်တက် သွားခြင်း အတွက် သူအံ့သြမိသော်လည်း ထိုတန်ခိုး စွမ်းအားများက သူ့ကို တားဆီးနိုင်ခြင်း မရှိပါ။ သို့သော် သူ့အနေဖြင့် ဆန်းလျန်တွင် ထိုသို့သော နည်းလမ်းများ ရှိလိမ့်မည်ဟု မျှော်လင့် မထားခဲ့မိပေ။
ထို့ပြင် ပိုင်စုဟွမ်က မာနကြီးသူ တစ်ယောက် ဖြစ်သည့် အတွက် ဆန်းလျန်၏ ပညာလေးလောက်ကို အမှုမထားပါ။ သူ၏ တန်ခိုးစွမ်းအား ဖြင့်ပင် အနိုင်ယူနိုင် လေသည်။
ဆန်းလျန် ခန်းမထဲမှ ထွက်ခွာ လာလေသည်။ ထို့နောက် ရောင်စဉ်တန်းလေး တစ်ခုအလား တိမ်ပေါ်သို့ လှစ်ခနဲ တက်သွားလေသည်။ သူ၏ တန်ခိုးစွမ်းအား များမှာ ပြင်းထန်လွန်းနေသည့် အတွက်ကြောင့် ဝိညာဉ် စွမ်းအားများမှာလည် ပြင်းထန် နေလေသည်။ သူ၏ တန်ခိုး စွမ်းအားများက တိမ်များကိုပင် ရပ်တန့် သွားစေလေသည်။ ချင်းရွှမ်တောင်၏ တောင်ထိပ် ငါးခုသည် နှင်းများဖြင့် ဖုံးလွှမ်းနေလေသည်။ နေ့အလင်းရောင်သည် တောင်များထက်သို့ ဖြာကျနေသည်။ ဆန်းလျန်သည် လေထဲတွင် တည်ငြိမ်စွာ ရပ်တန့် နေလေသည်။ သူ၏ပုံစံမှာ လွန်စွာမှ လှပလွန်းပြီး ပန်းချီကားထဲမှ နတ်ဘုရား တစ်ပါးနှင့်ပင် တူနေလေတော့သည်။
ပိုင်စုဟွမ်၏ မျက်နှာမှာ ခံစားချက် ကင်းမဲ့နေလေသည်။ သူက ကြမ်းခင်း အဝတ်ပေါ်မှ ထလိုက်ပြီး ခန်းမ အပြင်ဘက်သို့ ထွက်လိုက်သည်။ ထို့နောက် လေထဲသို့ အခြေတစ်လှမ်းချင်း လှမ်းကာ တက်သွားလေသည်။ မြေစွဲအားက သူ့ကို သက်ရောက်မှု မရှိပေ။
သူက ကောင်းကင်နှင့်မြေကြီးကို ကြိုက်သလို သွားလာနိုင်သူ တစ်ယောက်ဖြစ်လေသည်။
ပိုင်စုဟန်က ဆန်းလျန်ကို စိုက်ကြည့်လိုက်သည်။ အေးစက်နေသည့် အကြည့်မျိုး မဟုတ်သလို မလိုမုန်းထား အကြည့်မျိုးလည်း မဟုတ်ပါ။ သူက ဆန်းလျန်ကို ဒီအတိုင်းပင် ကြည့်နေခြင်း ဖြစ်လေသည်။ နှစ်ပေါင်းများစွာ နတ်ဘုရား တစ်ပါးအဆင့် တက်ရောက်နိုင်လု နီးပါး ကျင့်ကြံခဲ့သည့် သူ၏စိတ်သည် မည်သည့် အကြောင်းကြောင့်မျှ မတုန်လှုပ်တတ်ပေ။ သို့သော် သူ့နေဖြင့် နတ်ဘုရား တစ်ပါး ဖြစ်လာရန်မှာ နတ်ဘုရား တန်ခိုးစွမ်းအားဖြင့် မူလဝိညာဉ် ရရှိအောင် ကျင့်ကြံနိုင်ရန်သာ လိုတော့သည်။
သူက ကျင့်စဉ်လမ်း အဆင့် ကိုးဆင့်လုံး ပြီးမြောက်ခဲ့ပြီ ဖြစ်လေသည်။
ထို့ကြောင့် ဆန်းလျန်၏ ဝိညာဉ် စွမ်းအား ကြီးမားမှုက သူ့ကို မတုန်လှုပ်စေပါ။ သူက ဆန်းလျန်ကို အေးဆေးစွာပင် ကြည့်လိုက်ပြီး သူ့ကိုယ်ထဲမှ တန်ခိုးစွမ်းအားကို ထုတ်လိုက်သည်။
"ဆရာဘိုးဘိုးက အကြီးဖြစ်လို့ အရင် စတိုက်ပါဗျာ"
ဆန်းလျန်က အပြုံးမပျက် ပြောလိုက်သည်။
ဆန်းလျန်က သူ၏ပြိုင်ဘက်ကို အရင်စတိုက်ရန် ပြောသည့် စကားကိုပင် ပေါ့ပေါ့ပါးပါးဖြင့် သာမန်မျှသာ ပြောလိုက်ခြင်း ဖြစ်လေသည်။
ချင်းရွှမ် ခန်းမဆောင်ထဲမှ လူများ ထွက်ခွာလာပြီး တိုက်ပွဲကို စိတ်ဝင်တစား စောင့်ကြည့် နေကြလေသည်။ ဆရာသခင် ကျန်းရော့ရွှီး ပင်လျှင် ထွက်လာလေသည်။ သူ့ကို လူစောယိက တွဲထား ပေးရသည်။ လူ့လောကမှ ထွက်ခွာရမည့် အချိန်နီးနေပြီ ဖြစ်သည့်တိုင် သူ၏ အမြင် အာရုံကတော့ ကောင်းမွန်နေဆဲ ဖြစ်လေသည်။
ဆန်းလျန်မှာ တန်ခိုးစွမ်းအားများ မည်မျှ ကြီးမားနေပါစေ ပိုင်စုဟွမ်ကို အနိုင် တိုက်ခိုက် နိုင်ရန်မှာ လွယ်ကူသည့် ကိစ္စတော့ မဟုတ်ပေ။
သို့သော် ယခုအချိန်ထိ ဆန်းလျန်လုပ်နေသမျှ ကိစ္စတိုင်းသည် ဆရာသခင် ကျန်းရော့ရွှီးကို အံ့သြခြင်းမက အံ့သြ နေစေလေသည်။ ဆန်းလျန်ကို ဂိုဏ်းချုပ်ရာထူး ပေးခြင်းကို ပိုင်စုဟွမ်က ကန့်ကွက်လျှင်တောင်မှ ကျန်းရော့ရွှီးက သူ၏ ဆုံးဖြတ်ချက်ကို မပြင်နိုင်ဘဲ ဆန်းလျန်ကိုပင် ဂိုဏ်းချုပ် ရာထူးပေးဖို့ ဆုံးဖြတ်ထားပြီးသား ဖြစ်လေသည်။ သို့သော် ဂိုဏ်းချုပ်ရာထူးဖြင့် ထိုက်တန်သူ အဖြစ် ဆန်းလျန် ကိုယ်တိုင် သက်သေ ပြနိုင်လျှင်တော့ အကောင်းဆုံး ဖြစ်လေသည်။
အမှန်တော့ ကျင့်ကြံသူ အများစုမှာ ကျင့်စဉ်လမ်းကိုသာ လိုက်ချင်ကြသူများ ဖြစ်ပြီး မည်သူမျှ ဂိုဏ်းချုပ် လုပ်ချင်စိတ် မရှိကြပေ။ ပိုင်စုဟွမ်ပင်လျှင် သူ့ကို ဂိုဏ်းချုပ်ရာထူး ပေးလျှင် လက်ခံမည့် လူစား မဟုတ်ပေ။
ဆန်းလျန်မှာ လွတ်လပ်မှုကို ပိုပြီး မြတ်နိုးသူ ဖြစ်သည့်အတွက် ပိုပြီးပင် ဂိုဏ်းချုပ် မလုပ်ချင်ခဲ့ပေ။
ဆရာသခင် ကျန်းရော့ရွှီး ရင်ထဲတွင် သက်ပြင်း တစ်ချက်ကို ကြိတ်ပြီး ချလိုက်မိလေသည်။ ဆန်းလျန်သည် ခက်ခဲလှသည့် ဂိုဏ်းချုပ် ရာထူးကို လိုချင်လွန်းသောကြောင့် ရယူခဲ့သူ တစ်ယောက် မဟုတ်ခဲ့ရှာပေ။ ဆရာသခင် ဖြစ်သူ၏ စကားကို မငြင်းဆန်းလိုသည့် အတွက်ကြောင့်သာ လက်ခံခဲ့ခြင်း ရဖြစ်ကြောင်း ကျန်းရော့ရွှီး ကောင်းကောင်း သိလေသည်။
"မင်းရဲ့ အရည်အချင်းနဲ့ မင်းရဲ့ ကျင့်ကြံမှု အဆင့်နဲ့ဆိုရင် ဘာလို့ ဂိုဏ်းချုပ်တစ်ယောက် လုပ်နေမှာလဲ ၊ မင်း ကျန်းရော့ရွှီးကို ကျေးဇူး ပြန်ဆပ်ချင်တယ် ဆိုရင်တောင် တခြား နည်းလမ်းနဲ့ ကျေးဇူးဆပ်လို့ ရတာပဲ ၊ ဒါပေမဲ့ မင်း ဂိုဏ်းချုပ်တစ်ယောက် ဖြစ်လာပြီ ဆိုရင်တော့ မင်းရဲ့ လွတ်လပ်မှုတွေ အကုန် ဆုံးရှုံးရလိမ့်မယ် ၊ မင်းကိုယ်မင်း ဒုက္ခရောက်အောင် ဘာလို့ လုပ်ရတာလဲကွာ"
ပိုင်စုဟွမ်က ပြောလိုက်လေသည်။
ဆန်းလျန်က အဝေးရှိ နှင်းများကို ငေးကြည့်နေလေသည်။
"လွတ်လပ်မှုကို ရှာဖွေတယ် ဆိုတာ မရှိလို့ ရှာဖွေတာမှ မဟုတ်တာ ၊ နန်ဟွာ ကျမ်းစာထဲမှာ ပြောထားတယ် မဟုတ်လား … အစပြုခြင်းကို မမေ့သင့်ပေမဲ့ အဆုံးသတ်ကိုတော့ မမေးမြန်းသင့်ဘူး ၊ လွတ်လပ်မှုဆိုတာ ကိုယ့်အပေါ်ပဲ မူတည်ပါတယ် ၊ လွတ်လပ်မှုကို လိုချင်တယ် ဆိုရင်လည်း မေ့လိုက်ပါ ၊ ဒါဆို နှလုံးသားလည်း မနာကျင်ရသလို ကျင့်စဉ်လမ်းကိုလည်း မထိခိုက်တော့ဘူး ၊ သူတစ်ပါးကိုလည်း ကူညီရာရောက်တယ်" တဲ့ ၊ ကျွန်တော့် နှလုံးသားက စေခိုင်းတဲ့ အတိုင်း ကျွန်တော် လုပ်တာပါ ၊ ဖြစ်လာမယ့် အရာအားလုံးကို ကြိုတွေးထားပြီးသားပါ"
ဆန်းလျန်က ပြန်ပြော လိုက်လေသည်။
ဆန်းလျန်က နန်ဟွာကျမ်းစာကို ရွတ်ပြမိသည်မှာ သူ့ကိုယ်သူ မည်သည့် နေရာက လာသည် ဆိုသည့် အချက်နှင့် သူ၏ အနာဂတ်ကိုလည်း မသိနိုင်သည်ကို သတိထားမိစေရန် ရွတ်လိုက်မိခြင်း ဖြစ်လေသည်။ အရာအားလုံးက သူ့သဘောသူဆောင်သည်ချည်းပင်ဖြစ်သည်။
ဖြစ်လာသမျှကို လက်ခံရမည်သာပင် ဖြစ်လေသည်။ ရှေ့ဆက်ရမည့်ကျင့်စဉ်လမ်း မပျက်စီးရအောင် ထိန်းသိမ်းရမည်ဖြစ်သလို ဖြစ်လာသမျှကိုလည်း ရင်ဆိုင်ရမည်သာဖြစ်လေသည်။
ထိုစကားကိုပြောနေချိန်တွင် ဆန်းလျန်၏ပုံစံမှာ …
လွတ်လပ်စွာ လွင့်မျောနေသည့် တိမ်တိုက်လေး တစ်စနှင့်တူသလို တောင်တစ်ခွင် ဖြတ်သန်း စီးဆင်းနေသည့် စမ်းချောင်းလေး တစ်စင်းနှင့်လည်း တူလေသည်။ သူ့ခန္ဓာကိုယ်ထဲမှ တန်ခိုး စွမ်းအားများက ပြင်ပသို့ စီးထွက်နေပြီး လေပြေတစ်ခု အလားလည်း ပေါ့ပါး နေသေးသည်။ ဆန်းလျန်ဆီတွင် ခမ်းနားမှုတစ်ခုကို ပိုင်စုဟွမ်ပင် မြင်တွေ့ နေရလေသည်။
ပိုင်စုဟွမ်မှာ ချင်းရွှမ်တောင် တစ်ခွင်မှ မိုးမြေစွမ်းအားများ ဆန်းလျန်ဆီသို့ စီးဝင် ပေါင်းစပ်နေသည်ကို သိနေလေသည်။ ထို့ကြောင့် ဆန်းလျန်၏ တန်ခိုးစွမ်းအားများကို ယခုအချိန်တွင် တားဆီးနိုင်ခြင်း မရှိပါက သူ့အတွက် နိုင်ချေ လျော့နည်း သွားနိုင်လေသည်။
လူသား၏ စွမ်းအား ဆိုသည်မှာ သဘာဝတရား၏ စွမ်းအားလောက် မမြင့်မားနိုင်ပေ။
ဆန်းလျန်ဆီမှ တန်ခိုးစွမ်းအားများမှာ ထိုက်ရွှီး နည်းဗျူဟာ ကျင့်စဉ်၏ တန်ခိုးစွမ်းအားပင် ဖြစ်လေသည်။ သူက ချင်းရွှမ်နတ်တံခါးမှ ဆရာဘိုးဘိုး တစ်ယောက် ဖြစ်သည့်အတွက် ထိုတန်ခိုး စွမ်းအားကို ကောင်းစွာ သိလေသည်။
"ကောင်လေး ၊ ကျုပ် တိုက်ခိုက်တော့မယ် ၊ သတိထားပါ"
သူက ဖြည်းညင်းစွာ ပြောလိုက်လေသည်။
ပိုင်စုဟွမ်က မည်သည့် လက်နက်ကိုမှ အသုံးပြုခြင်း မရှိပါ။ သူ့တွင် လက်နက် မရှိသောကြောင့် အသုံးမပြုခြင်း မဟုတ်ပါ။ ဆန်းလျန်ကဲ့သို့ ဟိုင်သန်းအဆင့် ကျင့်ကြံသူ တစ်ယောက်ကို လက်နက်သုံးပြီး တိုက်ခိုက်လျှင် ချင်းရွှမ် နတ်တံခါးမှ တပည့်များ သူ့ကို မလေးမစား ဖြစ်ကြမည် ဖြစ်သောကြောင့် ဖြစ်လေသည်။
အနိုင်အရှုံး ကွဲပြားအောင် တိုက်ခိုက်ရမည် ဖြစ်သည့်တိုင် သူက ဆန်းလျန်ကို ဒဏ်ရာ အပြင်းအထန် ရအောင် တိုက်ခိုက်လိုစိတ် မရှိပါ။ ထိုသို့ တိုက်ခိုက် လိုက်ပါက ဂုဏ်သိက္ခာ ထိခိုက်သူမှာ သူသာလျှင် ဖြစ်ပေလိမ့်မည်။
သူက လက်ဝါးတစ်ချက် ဆန်းလျန်ဆီသို့ ရိုက်ထုတ်လိုက်ပြီး ငွေရောင် အလင်းတန်း တစ်ချက် လင်းလက် သွားလေသည်။ ထိုအလင်းတန်းမှာ လမင်းရောင်ခြည် ကျင့်စဉ်၏ ထိုက်ယင်း အလင်းစွမ်းအား ဖြစ်လေသည်။
ထိုက်ယင်းလရောင်၏ အနှစ်သာရကို စုပ်ယူပြီး ကျင့်ကြံရသည့် တန်ခိုးစွမ်းအား ဖြစ်လေသည်။ ထိုထိုက်ယင်း အလင်းစွမ်းအားမှာ ခန့်မှန်းရ ခက်လေသည်။ သာမန် ဓားဝိညာဉ် တစ်ခုထက် ပိုပြီး တန်ခိုးစွမ်းအား ကြီးမားလေသည်။ ထို့ပြင် ပုံသဏ္ဌာန် မျိုးစုံလည်း ပြောင်းလဲ နိုင်လေသည်။
ထိုက်ယင်း အလင်းစွမ်းအား ထွက်ပေါ်လာသည်နှင့် မိုးမြေစွမ်းအားများလည်း တစ်ပြိုင်တည်း ဖြစ်တည် လာလေသည်။ စွမ်းအားလှိုင်းများသည် လေထဲတွင် ရပ်နေသည့် ဆန်းလျန်ဆီသို့ တစ်ရှိန်ထိုး ဝင်ရောက် သွားကြလေသည်။ ထိုက်ယင်း အလင်းစွမ်းအား ဖြတ်သန်းသွားလျှင် မြေပြင်တွင်ပင် လမ်းအသစ် တစ်လမ်း ဖြစ်လာနိုင်သည် အထိ စွမ်းအား ကြီးမားလေသည်။
ထိုက်ယင်း အလင်းစွမ်းအား၏ အရှိန်က သူ့မျက်နှာကို ရိုက်ခတ်လာသည်နှင့် ဆန်းလျန်က မျက်လုံးကို အသာမှေး စင်းလိုက်ပြီး လက်နှစ်ချောင်းဖြင့် ဓားဝိညာဉ်တစ်ခုကို ထုတ်လွှတ် လိုက်လေသည်။ တောက်ပသည့် ဓားဝိညာဉ် အလင်းတန်းသည် ဆန်းလျန်ဆီမှ ပျံသန်း ထွက်ခွာ သွားလေတော့သည်။
***