← Chapters

အချိန်စက်ဝန်း ရေစီးဆင်း

Vol. 2 Ch. 187

အချိန်စက်ဝန်း ရေစီးဆင်း

Vol. 2 Ch. 187

ဓားဝိညာဉ်သည် ပြဒါး အလင်းတန်း တစ်ခုအလား ပျံသန်းသွားပြီး လေထဲသို့ တိုးဝင် သွားလေသည်။ ထိုဓားဝိညာဉ်မှာ ရောင်စဉ်ရှစ်မျိုး ဓားဝိညာဉ် မဟုတ်ပေ။ သန့်စင်သည့် အဖြူရောင် အလင်းတန်း ရှိသည့် ဓားဝိညာဉ်မျှသာ ဖြစ်လေသည်။

ထိုဓားဝိညာဉ်က ကောင်းကင်ထက်တွင် ဇင်ယော် တစ်ကောင်အလား ပျံသန်းသွားပြီး အရိပ်ပင် ထင်ကျန်ခဲ့ခြင်း မရှိပေ။

ဓားဝိညာဉ်သည် ပိုင်စုဟွမ် လက်ဝါး ရိုက်ချက်မှ ထွက်ပေါ်လာသည့် မိုးမြေစွမ်းအား လှိုင်းလုံးများ ကြားထဲသို့ လျှပ်စီးလက်သည့် အလား တိုးဝင်သွားပြီး မိုးမြေစွမ်းအားများကို ဖြတ်တောက် လိုက်လေသည်။ ထို့နောက် ဓားဝိညာဉ်သည် ထိုက်ယင်း အလင်းစွမ်းအားထဲတွင် ထောင်နှင့် ချီသည့် ကြယ်စင်လေးများ အလား ခွဲဖြာ ထွက်သွားလေသည်။

ခွဲဖြာသွားသည့် ဓားဝိညာဉ် အလင်းစက်လေးများသည် ရွေ့လျားနေသည့် မိုးမြေ စွမ်းအားများနှင့် ဆက်သွယ် သွားပြီး ထောင်ပေါင်း များစွာသော ဓားဝိညာဉ် အလင်းတန်းများ အလင်းတန်းများ ထွက်ပေါ်လာကာ ထိုအလင်းတန်းများက ထိုက်ယင်း အလင်းစွမ်းအားကို ဖြတ်တောက် လိုက်လေတော့သည်။

ထိုင်ယင်း အလင်းစွမ်းအားမှာ တစ်စစီ ပြတ်တောက် သွားလေသည်။ ပြတ်တောက်သွားသည့် ထိုင်ယင်း အလင်းတန်း အပိုင်းအစများမှာ မက်မွန်ပန်းများ ကဲ့သို့ လေထဲသို့ ကျဆင်းသွားပြီး မိုးမြေ စွမ်းအားများဖြင့် ထပ်မံ ပေါင်းစပ်ကာ ဆန်းလျန်ဆီသို့ ဆက်လက် တိုးဝင်သွားကြလေသည်။

ပိုင်စုဟွမ်မှာ တည်ငြိမ်နေပြီး အသဲအသန် တိုက်ခိုက် နေရသည့်ပုံ မဟုတ်ပေ။ သူ၏ မျက်ဝန်းထဲတွင် ဆန်းလျန်ကို လှောင်ပြောင်သည့် အရိပ်အယောင်များ ဖြတ်ပြေး သွားလေသည်။ ထိုအကြည့်က ဆန်းလျန်မှာ ကလေးသာသာ အဆင့်မျှသာ ရှိသေးသည်ဟု ပြောနေသကဲ့သို့ပင်။

ဆန်းလျန်ကလည်း လွယ်လွယ်နှင့် အလျှော့ ပေးတတ်သည့်သူ မဟုတ်ပါ။ ရေကဲ့သို့ တည်ငြိမ်နေသည့် သူ၏ စိတ်အစဉ်တွင် အကြောက်တရား လှိုင်းများ တစ်ချက်မျှပင် ရိုက်ခတ်လာခြင်း မရှိပေ။ ဆန်းလျန်က သူ့ဆီသို့ ဝင်ရောက်လာသည် ထိုက်ယင်း အလင်းစွမ်းအားကို အာရုံ ခံကြည့် လိုက်သည်။ ထိုက်ယင်း အလင်းတန်း အပိုင်းအစလေးများမှာ ပြန်လည် ပေါင်းစည်း သွားပြီး မြစ်တစ်စင်း အလား ဆန်းလျန်ဆီသို့ ထပ်မံ တိုးဝင်လာလေသည်။

ဆန်းလျန်၏ ဓားဝိညာဉ်ကလည်း ထိုအလင်းတန်းကို ထပ်မံပြီး အပိုင်းပိုင်း ဖြတ်တောက် လိုက်ပြန်လေသည်။ သို့သော် အလင်းတန်း အပိုင်းအစလေး များက ပြန်လည် ပေါင်းစည်းသွားပြီး ဆန်းလျန်ဆီသို့ တိုးဝင်လာဆဲ ဖြစ်လေသည်။

ဆန်းလျန် အတွေးတစ်ချက် လက်ခနဲ ဖြစ်သွားလေသည်။ သူက ထိုက်ယင်း အလင်း စွမ်းအားများကို ဓားဝိညာဉ်ဖြင့် ဆက်လက် တိုက်ခိုက်ရမည်လား သို့မဟုတ် ရှောင်လိုက်ရမည်လား စဉ်းစား နေလေသည်။ သို့သော် ပိုင်စုဟွမ်ကတော့ တည်ငြိမ် နေလေသည်။ ပိုင်စုဟွမ်က ဆန်းလျန်ကို ဝိညာဉ်စွမ်းအားဖြင့် အာရုံ စူးစိုက်ထားခြင်း ဖြစ်သည်။

ဆန်းလျန်က ဓားဝိညာဉ်ဖြင့် တိုက်ခိုက်ခြင်းကို ရပ်တန့်လိုက်ပြီး ထိုက်ယင်း အလင်းတန်းကိုလည်း တိုက်ခိုက်ခြင်း မပြုလုပ်တော့ပေ။ သူက တည်ငြိမ်စွာဖြင့်ပင် ထိုင်ယင်း အလင်းတန်းများ သူ့ဆီသို့ ဝင်ရောက်လာခြင်းကို လက်ခံ လိုက်လေသည်။

ထိုအခါ ဆန်းလျန်၏ ထိုက်ရွှီး တန်ခိုးစွမ်းအားများ ထွက်ပေါ် လာလေသည်။ ဆန်းလျန်က ထိုက်ရွှီး နည်းဗျူဟာ ကျင့်စဉ်အဆင့် လေးဆင့်မှ ကန့်သတ်ခြင်း အဆင့်ကို ဖော်ထုတ်လိုက်သည်။ ကန့်သတ်ခြင်း အဆင့်မှ "ဟွ" နည်းဗျူဟာကို အသုံး ပြုလိုက်လေသည်။ ကန့်သတ်ခြင်း အဆင့်တွင် ရှန်း ၊ ခဲ့ ၊ ကျိ ၊ ဟွ ဆိုသည့် နည်းဗျူဟာ လေးခု ရှိလေသည်။

ဆန်းလျန်၏ ခန္ဓာကိုယ်ကို ကာကွယ် ပေးသည့် အလင်းရောင် အလွှာပါးလေးတစ်ခု ထွက်ပေါ် လာသည်။ ဆန်းလျန်ဆီသို့ ဝင်ရောက်လာသည့် ထိုက်ယင်း အလင်းစွမ်းအားသည် ထို အလွှာပါးလေး ထဲသို့ စိမ့်ဝင် သွားပြီး ဖြည်းဖြည်းချင်း ပျောက်ကွယ် သွားလေတော့သည်။

ထိုင်ယင်း အလင်းစွမ်းအားများ အားလုံး ပျောက်ကွယ် သွားသည်နှင့် အလင်းရောင် အလွှာပါးလေးမှာလည်း ပျောက်ကွယ် သွားလေသည်။

ထိုက်ယင်း အလင်းစွမ်းအားများကို အမြစ်ပြတ် သုတ်သင်ရန်မှာ မလွယ်ကူလှပါ။ ဆန်းလျန်က ထိုက်ရွှီး တန်ခိုးစွမ်းအားကို အသုံးပြုပြီး သုတ်သင်လိုက်ခြင်း ဖြစ်လေသည်။  ထိုက်ယင်း အလင်း စွမ်းအားမှာ ထိုက်ယင်း လရောင်၏ အနှစ်သာရကို စုပ်ယူပြီး ဖန်ဆင်းထားသည့် တန်ခိုးစွမ်းအား ဖြစ်သည့်အတွက် ခိုင်မာသည့် တန်ခိုးစွမ်းအား တစ်ခု ဖြစ်လေသည်။ ထိုတန်ခိုး စွမ်းအားကို အသန့်စင်ဆုံး “ယင်” စွမ်းအားဟု ပြော၍ ရလေသည်။ ဆန်းလျန်၏ ထိုက်ရွှီး နည်းဗျူဟာ ကျင့်စဉ်မှ "ဟွ" နည်းဗျူဟာ ပင်လျှင် ထိုစွမ်းအားများကို စုပ်ယူနိုင်သည့်တိုင် ပြန်လည် ပေါင်းစပ် အသုံးချနိုင်သည် အထိ ပြုလုပ်နိုင်ခြင်း မရှိပေ။

ပိုင်စုဟွမ်မှာ ထိုက်ယင်း အလင်းစွမ်းအားကို တစ်စိုက်မတ်မတ် ကျင့်ကြံခဲ့သည့်သူ ဖြစ်လေသည်။ လောကနတ်ဘုရား တစ်ပါး အဖြစ် တက်ရောက်နိုင်မည် ဆိုလျှင်တောင် ထိုက်ယင်း မူလဝိညာဉ် ခန္ဓာဖြင့် တက်ရောက်မည့်သူ ဖြစ်လေသည်။ ထိုက်ယင်း အလင်း စွမ်းအားမှာ တာအို ကျင့်စဉ်များ ထဲတွင် အထင်ကြီး လောက်စရာ ကျင့်စဉ်တစ်ခု ဖြစ်လေသည်။

ထိုက်ယင်းခန္ဓာ ရရှိလျှင် “ထိုက်ယင်းဓားသိုင်း” ဟုခေါ်ဆိုသည့် "အချိန်စက်ဝန်း ဓားသိုင်း" ကိုပါ တစ်ခါတည်း ကျင့်ကြံ အောင်မြင်မည် ဖြစ်လေသည်။ ထိုဓားသိုင်းမှာ တစ်ချက်ထိုး ခုတ်ရုံဖြင့် အရာ အားလုံးကို ပြာကျ သွားစေ နိုင်လေသည်။

သို့သော် ပိုင်စုဟွမ်၏ ထိုက်ယင်း အလင်းစွမ်းအားက ထိုမျှလောက် အဆင့် မြင့်မားခြင်း မရှိသေးပေ။ သို့သော် သူက "အချိန်စက်ဝန်း ရေစီးဆင်း" အဆင့်ထိ ကျင့်ကြံ အောင်မြင်ခဲ့ပြီ ဖြစ်လေသည်။ ထို့ကြောင့် ထိုက်ယင်း အလင်းစွမ်အားသည် ဆန်းလျန်ဆီသို့ မြစ်ရေအလား စီးဆင်းလာပြီး ဓားဝိညာဉ်ဖြင့် တားဆီး၍ မရနိုင်ခြင်း ဖြစ်လေသည်။ ရေကိုဓားနှင့် ပိုင်း၍ မရနိုင်သလို "အချိန်စက်ဝန်း ရေစီးဆင်း" အဆင့် ရောက်နေသည့် ထိုက်ယင်း အလင်းစွမ်းအားကိုလည်း ဓားဖြင့် ပိုင်းဖြတ်၍ မရနိုင်ပေ။ ထိုသို့ ပိုင်းဖြတ်ပါကလည်း မိုးမြေစွမ်းအားများကို ပိုပြီး ပြင်းထန် လာစေပြီး ရေကြီး ရေလျှံခြင်း ဖြစ်သကဲ့သို့ တန်ခိုးစွမ်းအားများ အရှိန်ဖြင့် ဝင်ရောက်လာမည်သာ ဖြစ်လေသည်။

ဆန်းလျန်၏ ဓားဝိညာဉ်ဖြင့် ဖြတ်တောက်မှုက ထိုက်ယင်း အလင်းစွမ်းအားကို ရပ်တန့်နိုင်ခြင်း မရှိသည်ကို ဆန်းလျန်က ချက်ချင်း သဘော ပေါက်သွားသည်။

ဆန်းလျန်က ထိုက်ယင်း အလင်းစွမ်းအား၏ မူရင်း အနှစ်သာရကို တစ်ခဏ အတွင်းပင် သဘောပေါက် သွားသည့် အတွက် ဓားဝိညာဉ်ကို အသုံးမပြုတော့ဘဲ ထိုက်ရွှီးနည်းဗျူဟာကို ပြောင်းလဲ အသုံးပြုလိုက်ခြင်း ဖြစ်လေသည်။ ထိုက်ယင်း အလင်းစွမ်းအားများကို ဆန်းလျန်က ထိုက်ရွှီး တန်ခိုးစွမ်းအားများ အသုံးပြုကာ စုပ်ယူပစ်လိုက်ပြီး ထိုက်ရွှီး အလင်း စွမ်းအား အဖြစ် ပြောင်းလဲ ပစ်လိုက်လေသည်။

ယခုတစ်ကြိမ် တွင်တော့ ပိုင်စုဟွမ်၏ အကြည့်များက လေးနက်သွားပြီး ဆန်းလျန်ကို သူနှင့် လက်ရည်တူသူ တစ်ဦးအဖြစ် သတ်မှတ် လိုက်လေသည်။ သူ ဆန်းလျန်ကို အထင်မသေးရဲတော့ပေ။

ပိုင်စုဟွမ်က နှစ်ပေါင်း ရာနှင့်ချီပြီး ကျင့်ကြံခဲ့သည့် တန်ခိုးစွမ်းအားများကို လွန်စွာမှ တန်ဖိုးထားပြီး ဂုဏ်ယူသူ ဖြစ်လေသည်။ သူက တပည့်မမွေးဘဲ တစ်ယောက်တည်း နေခဲ့ခြင်းမှာ ဘာမှ မဟုတ်သည့် သာမန်လူများကို တပည့်မွေးရန် စိတ်မဝင်စားသောကြောင့် ဖြစ်လေသည်။

ထို့ပြင် အခြားသူများကို သင်ပြပေးရန်လည်း အချိန်မပေးနိုင်ပေ။ သူ၏ ကျင့်စဉ်လမ်း တိုးတက်ရန်သာ အာရုံ စိုက်ချင်မိလေသည်။

သို့သော်...

လက်ရှိ အချိန်တွင်တော့ သူ၏ ရည်ရွယ်ချက်များ အားလုံးကို မေ့လျော့သွားခဲ့ပြီး ပြိုင်ဘက်ကောင်း တစ်ယောက် ဖြစ်သည့် ဆန်းလျန်နှင့်သာ တိုက်ခိုက် ချင်နေတော့သည်။ ပြိုင်ဘက်ကောင်း ဆိုသည်က တွေ့ရခဲလေသည်။

တိုက်ပွဲ စတိုက်ကတည်းက ဆန်းလျန်မှာ တွေးချိန်ပင် သိပ်မရှိပါ။ သူက ပိုင်စုဟွမ်ကို ပေါ့ပေါ့တန်တန် သဘော မထားဝံ့ပေ။

ယခုတော့ ဆန်းလျန် လက်ထဲတွင် ဓားတစ်လက်ကို ကိုင်ထားလေသည်။ ထိုဓား၏ အလယ်တွင် အဝါရောင်များ တောက်ပ နေလေသည်။

ဆန်းလျန်က ဓားကို ဝှေ့ယမ်း လိုက်သည်။ သူ၏ သိုင်းကွက်မှာ ပေါ့ပါးလွတ်လပ်နေလေသည်။

သူ၏လက်ထဲမှဓားမှာ လရောင်အောင်တွင် ဟိုမှဒီမှ ပျံသန်းနေသည့် ငှက်လေး တစ်ကောင်နှင့်ပင် တူလေသည်။ မည်သည့်နေရာမှ ပေါ်ထွက်လာမှန်း မသိသလို မည်သည့် နေရာသို့ ထွက်ခွာမည်လည်း ခန့်မှန်း၍ မရနိုင်ပေ။

"ဆန်းလျန်... မင်းက အတော် သတ္တိကောင်းကိုး..."

ပိုင်စုဟွမ် ပြောလိုက်လေသည်။

ဆန်းလျန်၏ ဓားသိုင်းမှာ ချင်းရွှမ်မှ တပည့်များကြားတွင် ချန်ကျန့်မေ ပြီးလျှင် အတော်ဆုံး ဖြစ်လေသည်။ သူ၏ ဓားသိုင်း ကစားဟန်တွင် တာအိုဆရာ တစ်ပါး၏ ခမ်းနားမှုကို တွေ့မြင် ရလေသည်။

ဆန်းလျန်၏ ဓားဝိညာဉ်ကို ပိုင်စုဟွမ်က ရင်ဆိုင်လိုက်သည်။ သူက ဓားဝိညာဉ်ကို ခုခံလိုက်ခြင်း မဟုတ်ဘဲ ပြန်လည် တိုက်ခိုက်ခြင်းဖြင့် ရင်ဆိုင်လိုက်ခြင်း ဖြစ်လေသည်။ သူက လေထဲသို့ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်ပြီး စွမ်းအားလှိုင်း တစ်ခုက ဆန်းလျန်၏ ဓားဝိညာဉ်ဆီသို့ ဝင်ရောက် သွားလေသည်။

ထိုလက်ဝါး ရိုက်ချက်တွင် လျှင်မြန်သည့် အရှိန်ဖြင့် တန်ခိုးစွမ်းအားများ ပါဝင်လေသည်။ ထိုစွမ်းအားကြောင့် ဆန်းလျန်၏ ဓားဝိညာဉ်သာမက တောင်တစ်ခုလုံးကိုပါ အပိုင်းပိုင်း ကျိုးပျက် သွားနိုင်လေသည်။

ထိုလက်ဝါးသိုင်းကို "တောင်ဖြို လက်ဝါးသိုင်း" ဟု ခေါ်လေသည်။

သာမန် ကျင့်ကြံသူ တစ်ယောက်သည် ထိုသိုင်းကွက်ကို အသုံးပြုနိုင်မည် မဟုတ်ပေ။ ထိုသိုင်းကွက် အသုံးပြုရန် အတွက် ကြံ့ခိုင်သည့် ခန္ဓာကိုယ်ရှိရန် လိုအပ်သလို တန်ခိုးစွမ်းအား လျင်မြန်ရန်လည်း လိုအပ်လေသည်။ ကျင့်ကြံသူ၏ ခန္ဓကိုယ်တွင်းမှ တန်ခိုးစွမ်းအားကို လျင်မြန်သည့် အရှိန်ဖြင့် လက်ဝါးတွင်းသို့ ပိုဆောင်ရသည့် သိုင်းကွက် ဖြစ်လေသည်။ ထိုလက်ဝါးရိုက်ချက် ထိမိပါက စွမ်းအားလျှင်မြန်မှု ဒဏ်ကို မခံနိုင်ဘဲ ခန္ဓာကိုယ်မှာ တစ်စစီ ပေါက်ကွဲ ထွက်သွားနိုင်လေသည်။

ထိုလက်ဝါး ရိုက်ချက်ကြောင့် ဆန်းလျန်က ကြောက်ရွံ့သွားခြင်း မရှိသည့်အပြင် ဓားဝိညာဉ်ကိုပင် ရှေ့သို့ ထံမံတိုးဝင်ကာ တိုက်ခိုက် လိုက်သည်။ လက်ဝါး ရိုက်ချက်ဖြင့် ဓားဝိညာဉ် ထိခတ်သွားပြီး ဓားဝိညာဉ် ထိပ်ဖျားမှာ တုန်ခါ သွားလေသည်။ ကြီးမားသည့် ပေါက်ကွဲသံကြီး တစ်ခု ထွက်ပေါ်လာကာ မြေပြင်ထက်တွင် အစိမ်းရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာလေသည်။ တိုက်ခိုက်မှုများ ပြင်းထန်လွန်းသည့် အတွက် ချင်းရွှမ် နတ်တံခါးကို ကာကွယ်ထားသည့် အရံအတား ပေါ်ထွက်လာခြင်း ဖြစ်လေသည်။

ချင်းရွှမ်ခန်းမ အပြင်ဘက်ရှိ ကျင့်ကြံသူများမှာ တန်ခိုးစွမ်းအား တုန်ခါမှုများကို ခံစား နေကြရလေသည်။

ဤသည်ကို ကြည့်ခြင်းအားဖြင့် ပိုင်စုဟွမ်၏ တောင်ဖြို လက်ဝါးသိုင်းမှာ မည်မျှ ကြောက်စရာ ကောင်းကြောင်း သိနိုင်လေသည်။

ဆန်းလျန်က ဓားဝိညာဉ်ကို ဖြတ်သန်းကာ သူ့ဆီ ဝင်ရောက်လာသော တိမ်ဖြို လက်ဝါးသိုင်း စွမ်းအားလှိုင်းများကို ထိုက်ရွှီး တန်ခိုးစွမ်းအား အသုံးပြုကာ အသာအယာ လမ်းကြောင်း လွှဲပေး လိုက်လေသည်။

ပိုင်စုဟွမ်သည် ယခုကဲ့သို့ တိမ်ဖြို လက်ဝါးသိုင်းကို လှလှပပ ခုခံသွားသည်ကို ပထမဆုံး အကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်လေသည်။ ဆန်းလျန်သည် သူကိုယ်တိုင် မရိပ်မိသည့် အချိန်မှာပင် တန်ပြန် တိုက်ခိုက်မှုတွင် အလွန်တော်သူ တစ်ယောက် ဖြစ်နေချေပြီ တကား။

ဆန်းလျန်မှာ အလွန် အရည်အချင်း ရှိသူ ဖြစ်ပြီး ထိုက်ရွှီး တန်ခိုး စွမ်းအားများမှာလည်း အံ့သြစရာ ကောင်းလောက်အောင် အစွမ်း ထက်သည်ကို ပိုင်စုဟွမ် လေးလေးနက်နက် အသိအမှတ် ပြုလိုက်မိသည်။

အမှန်တော့ တန်ခိုးစွမ်းအား ယှဉ်ပြိုင်ရခြင်းကို ဆန်းလျန်က ကြောက်ရွံ့ခြင်း အလျဉ်းမရှိပါ။ သူက ကန့်သတ်ခြင်း အဆင့်မှ "ကျိ" နည်းဗျူဟာကို အသုံးပြုပြီး တိမ်ဖြို လက်ဝါးသိုင်းကို လမ်းကြောင်း လွှဲပေးလိုက်ခြင်း ဖြစ်လေသည်။ ထိုက်ရွှီး နည်းဗျူဟာ ကျင့်စဉ်မှာ စွမ်းအင် ရွေ့လျားမှုများကို ကျော်လွှားနိုင်သည့် အပြည့်စုံဆုံး ကျင့်စဉ်တစ်ခု ဖြစ်လေသည်။

တောင်ဖြို လက်ဝါးသိုင်းမှာ ကြီးမား သိပ်သည်းသည့် တန်ခိုးစွမ်းအားများ ပါဝင်ပြီး အလွန် အစွမ်းထက်သည်မှာ သံသယ ဖြစ်စရာ မလိုပေ။ သို့သော် ထိုလက်ဝါးသိုင်းမှ စွမ်းအင် ရွေ့လျားမှုမှာ တစ်သမတ်တည်း ရွေ့လျားခြင်း ဖြစ်လေသည်။ ထို့ကြောင့် ဆန်းလျန် အနေဖြင့်လည်း ခုခံနိုင်မည့် နည်းလမ်းကို တွေ့ရှိသွားခြင်း ဖြစ်လေသည်။

အမှန်တော့ သူ့ဆီသို့ ဂင်ရောက်လာသော စွမ်းအားလှိုင်းများကို လမ်းကြောင်း လွှဲပေးလိုက်သည့် ဆန်းလျန်၏ လှုပ်ရှားမှုမှာ အန္တရာယ်များသည့် လုပ်ရပ် ဖြစ်လေသည်။ ဆန်းလျန် လမ်းကြောင်း လွှဲလိုက်သည့် တန်ခိုးစွမ်းအားမှာ လမ်းကြောင်း လွဲသွားခြင်းသာ ဖြစ်ပြီး ပျက်စီးသွားခြင်း မဟုတ်သည့် အတွက် အခြားသော တောတောင် ရေမြေများတွင် ထိခိုက်မှုများ ဖြစ်ပေါ် နိုင်လေသည်။

ပိုင်စုဟွမ်က ထိုအချက်ကို သဘောပေါက်ခြင်း မရှိပါ။ သူ၏ ပခုံးနှစ်ဖက်မှာ တုန်လှုပ်နေပြီး ဆန်းလျန်ကို ရှုထောင့် ပေါင်းစုံမှ တန်ခိုးစွမ်းအားများ ထုတ်လွှတ်ကာ တိုက်ခိုက် လိုက်လေသည်။

ထိုခဏအတွင်းမှာပင် ဆန်းလျန်မှာ မြစ်ရေစီးကြောင်းများ အကြားတွင် ရောက်ရှိနေသလို ခံစား လိုက်ရလေသည်။ ပိုင်စုဟွမ်သာ သက်ညှာမှု မရှိလျှင် ဒုက္ခ ရောက်သွားနိုင်သည့် အနေအထား ဖြစ်လေသည်။

သို့သော် ဆန်းလျန်မှာ တည်ငြိမ်နေပြီး မိမိကိုယ်ကို ယုံကြည်မှု ရှိနေဆဲ ဖြစ်လေသည်။ သူက ဝင်ရောက် လာသည့် စွမ်းအားလှိုင်းများကို ထိပ်တိုက် ရင်ဆိုင်ရန် ဆုံးဖြတ် လိုက်သည်။ ကောင်းကင်ထက်မှ ဓားဝိညာဉ်သည် နဂါးတစ်ကောင်အလား ရွေ့လျားလာသည်နှင့် မြေပြင်ထက်မှ ချင်းရွှမ် နတ်တံခါး၏ အရံအတားမှာလည်း လှိုင်းများ ပြင်းထန်စွာ ထလာလေတော့သည်။

***

All Chapters