အခန်း (၁၁၁၁-၁၁၁၂)
Vol. 65 Ch. 1111-1112
အပိုင်း (၁၁၁၁)
“လက်စားချေမယ်။ လက်စားချေမယ်။ လက်စားချေမယ်။”
ဤသည်မှာ ရင်ကွမ်းနှင့် စေတီတောင် ဂိုဏ်းချုပ်ရန်တို့၏ တူညီသော ဆန္ဒ ဖြစ်သည်။ ယခုတစ်ကြိမ်တွင် သူတို့သည် ရှမ့်လန်ကြောင့် အကြီးအကျယ် ရှုံးနိမ့်ခဲ့ရသည်။ မျက်နှာပျက်ရုံသာမက အကြီးအကျယ်လည်း ဆုံးရှုံးခဲ့ရသည်။ ရှမ့်လန်ကို ထိုအကြွေး ပြန်ဆပ်ရမည်ဖြစ်ပြီး အနာကျင်ရဆုံးသော တိုက်ခိုက်မှုကို ပေးရမည်။
ရင်သားအဖသည် ထျန်းရွှဲ့မြို့ကို ဖျက်ဆီးပြီး နင်ကလန် တော်ဝင်မိသားစု တစ်ခုလုံးကို သတ်ပစ်လိုက်လျှင်ပင် ရှမ့်လန်အား ထိရောက်သော ပျက်စီးဆုံးရှုံးမှု ဖြစ်စေမည် မဟုတ်ကြောင်း သိနားလည်ကြသည်။ သို့သော်ငြား ရှမ့်လန်၏ နှလုံးသားကို နာကျင်စေပြီး သူ့ဂုဏ်သိက္ခာကို အကြီးအကျယ် ထိခိုက်စေနိုင်မည်။
ရှမ့်လန်နှင့် နင်ကျန်းတို့ မည်မျှ ရင်းနှီးသနည်း။ သူနှင့် ကျန်းချုံး၊ ပျံ့ရှောင် စသော သူတို့နှင့် မည်မျှ ရင်းနှီးသနည်း။ ရွှဲ့ပြည်နယ်နန်းတွင်းမှ လူအားလုံးကို သတ်ပစ်လိုက်လျှင် ရှမ့်လန် ရင်ကွဲပက်လက်ဖြစ်ပြီး သွေးသုံးပိဿာလောက် အန်ထွက်လာစေရန် လုံလောက်ပေသည်။
ရှမ့်လန်တွင် နဂါးနောင်တ တစ်ခုတည်းသာ ရှိပြီး ၎င်းကို နုရှောင့်မြို့ကို ကာကွယ်ရန် အသုံးပြုထားသည်။ ထျန်းရွှဲ့မြို့ကို ကာကွယ်ရန် သူ့တွင် နောက်ထပ် ဘာအင်အား ကျန်သေးသနည်း။
ကြည့်ကြသေးတာပေါ့။ ထျန်းရွှဲ့မြို့၏ ခံစစ်လား။
ရင်ဝူမင်၏ တပ်တော် ရှေ့မှောက်တွင် ၎င်းသည် ရယ်စရာပြက်လုံး တစ်ခုသာ ဖြစ်၏။ ရင်ဝူမင် တပ်တော်၏ ၆၀ ရာခိုင်နှုန်းကျော်သည် ရှေးဟောင်းကိရိယာများ တပ်ဆင်ထားသော လျှို့ဝှက် ငရဲတပ်တော် ဖြစ်ကြောင်း သိထားရမည်။ ထို့အပြင် ဝေဟင်တွင် အထူးစစ်သည် တစ်ထောင်ကျော် ရှိနေသလို ရှေးဟောင်း ဒူးလေးကြီးများလည်း မရေမတွက်နိုင်အောင် ရှိနေ၏။
ရင်ဝူမင်၏ တပ်တော် ရှေ့မှောက်တွင် ရွှဲ့ပြည်နယ်၏ ခံစစ်စည်းသည် စက္ကူတစ်ရွက်ထက်ပင် ပို၍ ကျိုးပဲ့လွယ်သည်။ ရေစိမ်ထားသော စက္ကူတစ်ရွက်ကဲ့သို့ပင်။
တစ်နာရီ၏ လေးပုံတစ်ပုံ မပြည့်မီအချိန်အတွင်း ထျန်းရွှဲ့မြို့၏ ခံစစ်စည်းကို သူ ဖျက်ဆီးပစ်နိုင်မည်။ တစ်နာရီ မပြည့်မီအချိန်အတွင်း သူ့ဝေဟင် အထူးစစ်သည်များသည် ရွှဲ့ပြည်နယ် နန်းတော်ကို သိမ်းပိုက်နိုင်ပြီး ရွှဲ့ပြည်နယ် အရာရှိအားလုံးကို တစ်ကြိမ်တည်းဖြင့် ဖမ်းဆီးနိုင်မည်။
“ရှမ့်လန်... မင်း ဂရုစိုက်တဲ့လူတွေ များလွန်းတယ်။ ဆိုလိုတာက မင်းမှာ အားနည်းချက်တွေ များလွန်းဖို့ ကံပါလာတာပဲ။ မင်းသားကျင်းရဲ့ လူသောင်းချီကို ဓားစာခံ လုပ်လို့မရရင် ရွှဲ့ပြည်နယ်ဘုရင်နဲ့ ဝန်ကြီးတွေက အတူတူပဲ။ ထျန်းရွှဲ့မြို့က ပြည်သူတွေလည်း အတူတူပဲ။ သူတို့ကို သုံးပြီး မင်းကို ခြိမ်းခြောက်လို့ ရတယ်။ မင်းသားကျင်းရဲ့ လူသောင်းချီကို မင်း ဂရုစိုက်တယ်ဆိုရင် နင်ကျန်းနဲ့ တခြားလူတွေကိုရော ဂရုမစိုက်ဘူးလား။”
ရက်အနည်းငယ် နေ့ညမပြတ် ချီတက်ပြီးနောက် သူတို့သည် ချောင်ပြည်နယ်နှင့် ရွှဲ့ပြည်နယ် မြို့ကြီး များစွာကို ဖြတ်ကျော်ခဲ့ကြသည်။ ရင်ဝူမင်သည် ထိုမြို့များကို လုံးဝ လျစ်လျူရှုကာ ထျန်းရွှဲ့မြို့ဆီသို့ တည့်မတ်စွာ ဦးတည်ခဲ့သည်။ ဤအချိန်တွင် ရွှဲ့ပြည်နယ်မြို့တော် ထျန်းရွှဲ့မြို့သည် သူတို့၏ မျက်စိရှေ့မှောက်သို့ ရောက်ရှိနေပြီ ဖြစ်၏။
လက်စားချေမည်။ လက်စားချေမည်။ အကြမ်းတမ်းဆုံး လက်စားချေမည်။
ရင်ဝူမင် ရုတ်တရက် အမိန့်ပေးလိုက်သည်။ “တပ်တော်... တိုက်ခိုက်။ ရွှဲ့ပြည်နယ် ခံစစ်တပ်သား နှစ်သိန်းစလုံးကို တစ်ယောက်မကျန် သတ်ပစ်။ ဝေဟင် အထူးစစ်သည်တွေ... ရွှဲ့ပြည်နယ် နန်းတော်ကို တိုက်ခိုက်ပြီး အရာရှိအားလုံးကို ဖမ်းဆီး။”
ရင်ဝူမင်၏ အမိန့်ပေးသံ အဆုံးတွင် စစ်သည် တစ်သိန်းကျော် ပါဝင်သော သူ့တပ်တော်ကြီးသည် ဒီရေလှိုင်းလုံးကြီးကဲ့သို့ ရွှဲ့ပြည်နယ် နန်းတော်ဆီသို့ တိုးဝင်သွားကြသည်။ အထူးစစ်သည် တစ်ထောင်ကျော် သည် နှင်းလင်းယုန်များကို စီးနင်းကာ လျှပ်စီးကဲ့သို့ လျင်မြန်သော အရှိန်ဖြင့် ရွှဲ့ပြည်နယ် နန်းတော်ဆီသို့ ပျံသန်းသွားကြ၏။
“တစ်နာရီအတွင်း ဒီတိုက်ပွဲကို အပြီးသတ်မယ်။”
..................
အဓိပ္ပာယ် တစ်မျိုးဖြင့် ပြောရလျှင် ရွှဲ့ပြည်နယ် မြို့တော် ထျန်းရွှဲ့မြို့သည် ထိုးဖောက်၍ မရနိုင်သော ခံတပ်မြို့ ဖြစ်သည်။ စစ်ဘက်ရေးရာဗျူရို ဒုတိယသံတမန်နှင့် ထျန်းရွှဲ့မြို့ ကာကွယ်ရေးတပ်မှုး နင်ချီသည် စစ်သည်အင်အား နှစ်သိန်းကို ကွပ်ကဲကာ ကီလိုမီတာ ငါးဆယ်ရှည်လျားသော မြို့ရိုးကို စောင့်ကြပ်နေသည်။
သူတို့တွင် သံချပ်ကာ အသစ်များ တပ်ဆင်ထားပြီး ရိုင်ဖယ်သေနတ် တစ်သောင်းကျော် တပ်ဆင်ထားသော တပ်သားသစ် အချို့လည်း ပါဝင်သည်။ ထိုမျှမက ဟောင်ဝစ်ဇာ အမြောက် ၅၀၀ ကျော်နှင့် ကျည်ဆံအမျိုးမျိုးလည်း ရှိနေ၏။
ထိုကဲ့သို့သော တပ်တော်သည် ချန်နိုင်ငံသစ်နှင့် စေတီတောင်မှ အထူးစစ်သည်များကို ယှဉ်ပြိုင်နိုင်မည် မဟုတ်သလို ငရဲတပ်တော်ကိုလည်း ယှဉ်နိုင်မည် မဟုတ်ပေ။ သို့သော်ငြား ချန်နိုင်ငံသစ်၏ သာမန်စစ်သည်များကို သေချာပေါက် ယှဉ်ပြိုင်နိုင်မည် ဖြစ်ပြီး အသာစီးပင် ရနိုင်သေးသည်။
သို့သော်ငြား ရင်ဝူမင်တပ်တော်၏ ထက်ဝက်နီးပါးသည် ငရဲတပ်တော်မှ ဖြစ်ပြီး ဝေဟင်စစ်သည် တစ်ထောင်ကျော်လည်း ပါဝင်နေသည်။ ရှမ့်လန်၏ နုရှောင့်မြို့သည် ဖွံ့ဖြိုးမှု နှေးကွေးနေသေးသည်။ နည်းပညာနှင့် ရှေးဟောင်းယဉ်ကျေးမှု ပေါင်းစပ်ခြင်း လမ်းကြောင်းသည် မှန်ကန်သော်လည်း ခေတ်မီ လက်နက်များစွာသည် ဓာတ်ခွဲခန်းထဲ၌သာ ရှိနေသေး၏။
ဥပမာအားဖြင့် ငရဲမီး ဗုံးသစ်၊ အိပ်မက်ဆိုးကျောက် ဗုံးသစ် စသည်တို့ ဖြစ်သည်။ ကံမကောင်းစွာဖြင့် ဤလက်နက်များသည် ဓာတ်ခွဲခန်း အဆင့်တွင်သာ ရှိသေးပြီး အမြောက်အမြား ထုတ်လုပ်နိုင်ခြင်း၊ တပ်ဆင်နိုင်ခြင်း မရှိသေးပေ။ ထို့ကြောင့် ရွှဲ့ပြည်နယ်၏ စစ်သည် နှစ်သိန်းသည် ရင်ဝူမင်ကို တားဆီးနိုင်မည် မဟုတ်ပေ။
...........
ရွှဲ့ပြည်နယ်နန်းတော်တွင်း၌ ယနေ့ နံနက် ညီလာခံ မရှိပေ။ အရာရှိအများစုသည် နေအိမ်များ၌သာ ရှိနေကြပြီး အရေးပါသော ဝန်ကြီးတစ်ဒါဇင်ခန့်နှင့် နင်ကျန်းတို့သာ စာကြည့်ဆောင်၌ ရှိနေကြသည်။
နင်ကျန်းက ဖြည်းညင်းစွာ ပြောလိုက်၏။ “တချို့လူတွေက ပြောကြတယ်။ ဝူ၊ ချောင်၊ ရွှဲ့ သုံးနိုင်ငံက အရှင်မင်းကြီး ရှမ့်လန်အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်နေတယ်။ ကျုပ်တို့ သုံးနိုင်ငံရဲ့ နန်းတွင်းတွေ ရှိနေစရာ မလိုတော့ဘူးတဲ့။ ဒါမှမဟုတ် ကျုပ်တို့ ဘုရင်သုံးပါးစလုံး နန်းတွင်းကို နုရှောင့်မြို့ဆီ ရွှေ့သင့်တယ်လို့ ပြောကြတယ်။
ဒါပေမဲ့ ကျုပ် ဒါကို သဘောမတူဘူး။ နုရှောင့်မြို့က ကျုပ်တို့ရဲ့ယာယီမြို့တော်ဖြစ်ပြီး တော်ဝင်ချန် အင်ပါယာရဲ့ ထိပ်တန်းအဆင့်အတန်းကို ကိုယ်စားပြုတယ်။ ဒါပေမဲ့ သုံးနိုင်ငံရဲ့ လူအင်အားနဲ့ အရင်းအမြစ်တွေက တော်ဝင်ချန်အင်ပါယာရဲ့ အခြေခံအုတ်မြစ်ပဲ။ ကျုပ်တို့ ထွက်သွားလိုက်ရင် ဘယ်သူက အစားအစာ၊ ကုန်ကြမ်း၊ လူ့စွမ်းအားအရင်းအမြစ်နဲ့ စစ်သည်တွေကို တော်ဝင်ချန်အင်ပါယာဆီ ဆက်တိုက် ပို့ပေးမှာလဲ။”
ဤစကားမှာ မှန်ကန်ပေသည်။ နုရှောင့်မြို့သည် မူလက ကုန်သွယ်ရေး မြို့တော် ဖြစ်သော်လည်း ယခုအခါ စက်မှုဇုန် ဗဟိုချက်၊ ရှေးဟောင်းနှင့် နည်းပညာ ယဉ်ကျေးမှု သုတေသန ဗဟိုချက် ဖြစ်လာခဲ့သည်။ လူဦးရေသည် ခြောက်သောင်းမှ သုံးသိန်းအထိ ထိုးတက်သွားခဲ့သည်။ တစ်နှစ်ကျော် ကာလအတွင်း ဝူ၊ ချောင်၊ ရွှဲ့ သုံးနိုင်ငံသည် လူပေါင်းသိန်းချီနှင့် မရေမတွက်နိုင်သော အစားအစာ၊ အရင်းအမြစ်များကို နုရှောင့်မြို့သို့ ပေးပို့ခဲ့သည်။
နုရှောင့်မြို့ တစ်ခုတည်း မဟုတ်ပေ။ ကောင်းကင်လေကျွန်းပေါ်တွင် လူသောင်းချီ ရှိနေသလို ဝမ်ကျားကျွန်း ပေါ်တွင်လည်း လူတစ်သိန်းနီးပါး ရှိနေသည်။ ထိုလူအားလုံးကို သုံးနိုင်ငံက ထောက်ပံ့ထားခြင်း ဖြစ်သည်။ နုရှောင့်မြို့သည် မည်သည့်အရာကိုမှ ထုတ်လုပ်ခြင်း မရှိတော့ပေ။
ရှမ့်လန်၏ ကွပ်ကဲမှုအောက်တွင် စက်ရုံပေါင်း ရာချီရှိနေပြီး လက်မှုပညာရှင် နှစ်သိန်းကျော် ရှိသည်။ သူတို့သည် သံချပ်ကာ၊ လက်နက် စသည်တို့ကို မရေမတွက်နိုင်အောင် ထုတ်လုပ်နေကြသည်။ ဝမ်ကျားကျွန်းမှ သံမဏိနှင့် သတ္တုများကို အားကိုးရုံဖြင့် မလုံလောက်သောကြောင့် ဝူ၊ ချောင်၊ ရွှဲ့ သုံးနိုင်ငံ၏ ထောက်ပံ့မှုကို ဆက်လက် အားကိုးနေရဆဲ ဖြစ်၏။
တော်ဝင်ချန်အင်ပါယာ လက်ရှိ လေ့ကျင့်ပေးနေသော တပ်သစ်များလည်း ရှိနေသေးသည်။ လူအင်အား သုံးသိန်းကျော် ရှိလာမည်ဖြစ်ရာ ဝူ၊ ချောင်၊ ရွှဲ့ သုံးနိုင်ငံ၏ လူအင်အားကိုသာ အားကိုးနေရသည်။ ရန်သူ၏ အထူးတပ်ဖွဲ့များနှင့် လျှို့ဝှက်တပ်တော်ကို ရင်ဆိုင်ရာတွင် ရှမ့်လန်၏ မူလ အစီအစဉ်ဖြစ်သော ရိုင်ဖယ်နှင့် စက်သေနတ်များကို အသုံးပြုခြင်းသည် သာမန်အဖြစ်မှ လုံးဝ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
ကြယ်တံခွန် ရိုက်ခတ်မှုကြောင့် သူသည် နက္ခတ်တာရာ အရေအတွက်မျှ များပြားသော အိပ်မက်ဆိုး သလင်းကျောက်များကို ရရှိခဲ့သည်။ ရှေးဟောင်းယဉ်ကျေးမှုသည် အိပ်မက်ဆိုးကျောက်တုံးများကို အသုံးပြု၍ ရှေးဟောင်းဒူးလေးများ ပြုလုပ်ရန်သာ သိရှိကြသည်။ ရှေးဟောင်းဒူးလေးများသည် နဂါးအရှိန်အဝါ ပစ်လွှတ်စင် ဖြစ်နေလျှင်ပင် ဒူးလေးကြီးပုံစံသာ ရှိနေသေးသည်။ နဂါးနောင်တကဲ့သို့သော မဟာဗျူဟာမြောက် လက်နက်ပင်လျှင် မြားကြီးတစ်စင်း ပုံစံသာ ရှိနေ၏။
ရှမ့်လန်သည် ခေတ်မီ ရိုင်ဖယ်၊ စက်သေနတ်နှင့် အမြောက်များကို ကျော်လွန်၍ ဖန်တီးရန် စီစဉ်ထားသည်။ အိပ်မက်ဆိုးကျောက်တုံး ရိုင်ဖယ်၊ အိပ်မက်ဆိုးကျောက်တုံး အမြောက်၊ အိပ်မက်ဆိုးကျောက်တုံး လေယာဉ် စသည်တို့ကို တီထွင်ရန် ရည်မှန်းထားသည်။
ဤသည်မှာ နည်းပညာ ယဉ်ကျေးမှုနှင့် ရှေးဟောင်းယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်ခြင်း၏ အထွတ်အထိပ် ဖြစ်သည်။ ခေတ်မီ နည်းပညာ ယဉ်ကျေးမှု၏ ဒီဇိုင်း အယူအဆများနှင့် ရှေးဟောင်း ယဉ်ကျေးမှု၏ အိပ်မက်ဆိုးကျောက်တုံးကို စွမ်းအင်အရင်းအမြစ်အဖြစ် ပေါင်းစပ်အသုံးပြုကာ အစွမ်း အထက်ဆုံး လက်နက်များကို ဖန်တီးနိုင်၏။
ဤလက်နက်များကို ထုတ်လုပ်ပြီး အမြောက်အမြား တပ်ဆင်လိုက်သည်နှင့် စေတီတောင်နှင့် တော်ဝင်ရန် အင်ပါယာ၏ လျှို့ဝှက်တပ်တော်သည် သူတို့၏ ပြိုင်ဘက် ဖြစ်လာမည် မဟုတ်တော့ပေ။ ငရဲသံချပ်ကာ၊ ရှေးဟောင်းသံချပ်ကာ အရာအားလုံးသည် ခြောက်သွေ့နေသော ပေါင်းပင်များကို ဖျက်ဆီး ချေမှုန်းသကဲ့သို့ လွယ်ကူသွားပေလိမ့်မည်။
ကံမကောင်းစွာဖြင့် ရှေးဟောင်းနှင့် နည်းပညာ ယဉ်ကျေးမှု ပေါင်းစပ်ထားသော ဤလက်နက်သစ်များသည် စမ်းသပ်ဆဲအဆင့်တွင်သာ ရှိနေသေးသည်။ အချို့မှာ ပုံဆွဲသည့်အဆင့်တွင်သာ ရှိနေသေး၏။ အမြောက်အမြား တပ်ဆင်နိုင်ရန် အချိန်ကြာမြင့်ဦးမှာ ဖြစ်သည်။ စကားပုံအတိုင်းပင် အနာဂတ်သည် တောက်ပသော်လည်း လက်ရှိ ခရီးစဉ်သည် ကြမ်းတမ်းလှ၏။
ဤလက်နက်များကို အမြောက်အမြား ထုတ်လုပ်ပြီး တော်ဝင်ချန်အင်ပါယာ၏ တပ်သားသစ်များ၌ တပ်ဆင်နိုင်ခဲ့လျှင် ရှမ့်လန် စွန့်စားစရာ မလိုတော့ပေ။ တပ်သားသစ်များသည် ရန်သူကို အလွယ်တကူ ရှင်းလင်းပစ်နိုင်မည်။ သို့သော်ငြား ဤအရာအားလုံးသည် ဝူ၊ ချောင်၊ ရွှဲ့ သုံးနိုင်ငံ၏ လူအင်အားနှင့် အရင်းအမြစ်များ အပေါ်တွင်သာ မူတည်နေသည်။
“ကျုပ်တို့ဆီမှာ စစ်သည်သိန်းချီ ရှိပေမဲ့ ရင်ဝူမင်ရဲ့ လူသောင်းချီကို မတားနိုင်ဘူး။ ဘာကြောင့်လဲ။”
နင်ကျန်းက ပြောလိုက်၏။ “ဒါက တော်ဝင်ရန်အင်ပါယာနဲ့ အင်အားကြီး ဂိုဏ်းတွေက တခြားနိုင်ငံတွေကို အချိန်အကြာကြီး ဖိနှိပ်ထားခဲ့တဲ့ ရလဒ်ပဲ။ သူတို့က ရှေးဟောင်းယဉ်ကျေးမှုကို ပိတ်ပင်ပြီး သူတို့ပဲ လက်ဝါးကြီးအုပ်ဖို့ နည်းလမ်းပေါင်းစုံ သုံးခဲ့ကြတယ်။ အချိန်ကြာလာတာနဲ့အမျှ ကျုပ်တို့ အလွန်အမင်း အားနည်းလာခဲ့တယ်။
အင်ပါယာ ကျန်းလီက ဒီအချက်ကို ချိုးဖျက်ပြီး အဆင့်မြင့် ယဉ်ကျေးမှုကို သူတို့လက်ထဲက လွတ်မြောက်စေချင်ခဲ့တယ်။ ဒါပေမဲ့ သူ ကပ်ဘေးသင့်ခဲ့ပြီး ကြီးကျယ်တဲ့ လုပ်ငန်းစဉ်ကြီး နှစ်ပေါင်း ၂၀ ကျော် နှောင့်နှေးခဲ့ရတယ်။ အခု အရှင်ရှမ့်လန်က ဒီတာဝန်ကြီးကို ပခုံးပြောင်းယူပြီး ကျုပ်တို့ကို ရှေ့ဆီ ခေါ်ဆောင်နေပြီ။
ရင်ဝူမင်က ကျုပ်တို့ကို ဓားစာခံအဖြစ်ဖမ်းဆီးပြီး အရှင်မင်းကြီး ရှမ့်လန်ကို ခြိမ်းခြောက်နိုင်မယ်၊ တော်ဝင်ချန်အင်ပါယာရဲ့ ကြီးကျယ်တဲ့ တိုးတက်မှုကို တားဆီးနိုင်မယ်လို့ ထင်နေတာလား။ တကယ် ရယ်စရာ ကောင်းလွန်းတယ်။”
နင်ကျန်းက အေးစက်စွာ ရယ်မောလိုက်ပြီး ဆက်ပြောသည်။ “ချူဘုရင်၊ ဝူဘုရင်နဲ့ ကျုပ်တို့ ဆုံးဖြတ်ချက် ချပြီးပြီ။ ကျုပ်တို့ ဘုရင်သုံးပါး အချိန်မရွေး သေဆုံးနိုင်တယ်။ တော်ဝင်ချန်အင်ပါယာ ဖွံ့ဖြိုးတိုးတက်မှုရဲ့ အခြေခံအုတ်မြစ်က ကျုပ်တို့ ဘုရင်သုံးပါး မဟုတ်ဘူး။ ဒီမှာရှိနေတဲ့ ဝန်ကြီးတွေလည်း မဟုတ်ဘူး။
သုံးနိုင်ငံက ပြည်သူ သန်းပေါင်းများစွာသာ ဖြစ်တယ်။ သူတို့ ရှိနေသရွေ့ တော်ဝင်ချန်အင်ပါယာရဲ့ တိုးတက်မှုကို ဘယ်သူမှ တားဆီးနိုင်မှာ မဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ ဝူ၊ ချောင်၊ ရွှဲ့ သုံးနိုင်ငံက ပြည်သူ သန်းပေါင်းများစွာဟာ တစ်စိတ်တစ်ဝမ်းတည်း စည်းလုံးနေကြလို့ပဲ။
ဝန်ကြီးအပေါင်းတို့... ရင်ဝူမင်ရဲ့ တပ်တော် ဘယ်လောက် နီးကပ်နေပါစေ၊ ရင်ဝူမင်ရဲ့ ဝေဟင်တပ်တော် နောက်ထပ် ၁၅ မိနစ်အတွင်း နန်းတော်ကို ရောက်လာမယ် ဆိုရင်တောင် ကျုပ်တို့ အလုပ်ကို ဆက်လုပ်ကြရအောင်။ အင်ပါယာ တိုးတက်ဖို့ မိနစ်တိုင်းကို အသုံးချရမယ်။”
ရှိနေသော ဝန်ကြီးတစ်ဒါဇင်ခန့် ဒူးထောက်လိုက်ပြီး ပြောလိုက်၏။ “အမိန့်တော်အတိုင်းပါ ဘုရင်မင်းမြတ်။”
ထို့နောက် အတိုင်ပင်ခံကောင်စီ၊ အတွင်းဝန်ရုံးနှင့် ဝန်ကြီးဌာန ခြောက်ခုတို့သည် အလုပ်ဆက်လုပ်ကြသည်။ သူတို့တွင် လုပ်စရာများ မကုန်နိုင်အောင် ရှိနေသည်။
.......................
ရင်ဝူမင်၏ နှင်းလင်းယုန် တစ်ထောင်ကျော် ပါဝင်သော တပ်တော်သည် အမြင့်ပေ သုံးထောင်တွင် ပျံသန်းလျက် တပ်ခွဲကြီး ဒါဇင်ပေါင်းများစွာအဖြစ် ဖွဲ့စည်းထားသည်။ ထျန်းရွှဲ့မြို့မှနေ၍ ကောင်းကင်တွင် ကျိုင်းကောင်အုပ်သဖွယ် မရေမတွက်နိုင်သော အနက်ရောင် အစက်အပြောက်များကို ရှင်းလင်းစွာ မြင်တွေ့နေရ၏။
လောကကြီး ပြောင်းလဲသွားခဲ့ပြီ။ ယခင်က မမြင်ဖူး မကြားဖူးသော အရာများစွာ ပေါ်ထွက်လာခဲ့သည်။ ယခင်က အင်ပါယာ ကျန်းလီကြောင့် လောကကြီး အပြောင်းအလဲကြီး ဖြစ်ပေါ်ခဲ့သည်။ ယခုတစ်ကြိမ်တွင် ရှမ့်လန် ပေါ်ထွန်းလာမှုကြောင့် လောကကြီး တစ်ခုလုံး အကြီးအကျယ် ပြောင်းလဲသွားပြန်သည်။
ရင်ဝူမင်၏ နှင်းလင်းယုန် တပ်တော်သည် ထျန်းရွှဲ့မြို့နှင့် ပိုမို နီးကပ်လာသည်။ မကြာမီ သူတို့သည် ကောင်းကင်စည်းကို ဖြတ်ကျော်ပြီး ထျန်းရွှဲ့မြို့ ဝေဟင်ပိုင်နက်ထဲသို့ ဝင်ရောက်လာတော့မည်။
ထိုအချိန်တွင် ကောင်းကင်ယံမှ ကျယ်လောင်သော အသံကြီးတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။
“ရင်ဝူမင်... ထွက်ခဲ့ပြီး စကားပြောစမ်း။” ထို့နောက် တိမ်တိုက်များကြားမှ အသံထက်မြန်သော သားရဲကြီး ထွက်ပေါ်လာသည်။ ရှမ့်လန်နှင့် ချောင်ယောင်းအာသည် ၎င်းအပေါ်တွင် စီးနင်းလျက်သား ရှိနေဆဲ ဖြစ်၏။
တချောင်ကို နှင်းလင်းယုန် တပ်တော်ကြီးနှင့် တစ်ယောက်တည်း တိုက်ခိုက်ခိုင်းမည်လား။ ၎င်းမှာ မဖြစ်နိုင်သလောက်ပင်။ မည်မျှ စွမ်းအားကြီးမားပါစေ အနိုင်ရနိုင်မည် မဟုတ်ပေ။ မည်သို့ပင်ဆိုစေကာမူ ၎င်းသည် အသံထက်မြန်သော သားရဲတစ်ကောင်သာ ဖြစ်ပြီး ဒဏ္ဍာရီလာ နဂါး မဟုတ်ပေ။
ရင်ဝူမင် ကြောင်အသွားရသည်။ ‘ဒါ ရှမ့်လန်ရဲ့ အသံလား။ သူ ဘယ်တုန်းက ဒီလောက် ကျယ်လောင်တဲ့ အသံ ပြုလုပ်နိုင်သွားတာလဲ။’
ရှမ့်လန်သည် အလွန် အားနည်း၏။ ထို့ကြောင့် သူ့အသံသည်လည်း အားနည်းသည်။ မီတာ ၁၀၀ အကွာအဝေး ကိုပင် ရောက်အောင် မအော်နိုင်ပေ။ ထို့ကြောင့် သူသည် အချိန်တိုင်း အရူးကြီး၏ လူလုပ် အသံချဲ့စက်ဟု ခေါ်သော အရာကို အသုံးပြုရ၏။
ယခု သူ့အသံက ကောင်းကင်ယံ တစ်ခုလုံးကို ပဲ့တင်ထပ်စေသည်လား။ အဘယ့်ကြောင့်ဆိုသော် ရှမ့်လန်၏ အိပ်မက်ဆိုးကျောက်တုံး အသံချဲ့စက်သည် နောက်ဆုံးတွင် အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့ပြီ ဖြစ်သောကြောင့် ဖြစ်သည်။
ဤအရာ၏ သဘောတရားမှာ အလွန် ရိုးရှင်းသည်။ အသံလှိုင်းများကို ချဲ့ထွင်ခြင်းသာ ဖြစ်၏။ သို့သော်ငြား ယခုမှသာ အောင်မြင်စွာ တီထွင်နိုင်ခဲ့ခြင်း ဖြစ်၏။
ရှမ့်လန်သည် ရှေးဟောင်းရင်ပြင်ရှိ ကျောက်ခေါင်းတလားထဲတွင် ပျောက်ဆုံးသွားခဲ့ကြောင်း ရင်ဝူမင် ကောင်းစွာ သိထားသည်။ လူယုတ်မာတို့ အသက်ရှည်သည်ဟူသော သဘောတရားကို သိထားသော်လည်း ရှမ့်လန်တစ်ယောက် ယခုတစ်ကြိမ်တွင် လုံးဝ ပျောက်ကွယ်သွားပြီဟု ရင်ဝူမင် တွေးတောမိခဲ့သည်။ ရက်အနည်းငယ် အတွင်းမှာပဲ ပြန်ပေါ်လာလိမ့်မည်ဟု ထင်မထားခဲ့မိ။ တကယ်ပင် နှစ်ထောင်ချီ အသက်ရှည်မည့် လူယုတ်မာမျိုးဖြစ်သည်။
“ရင်ဝူမင်... အစ်ကိုကြီး... လာပြီး စကားပြောပါအုံး။” ရှမ့်လန် ထပ်မံ အော်ဟစ်လိုက်သည်။ ရင်ဝူမင်သည် ရှေးဟောင်းလင်းယုန်ကြီးကို စီးနင်းကာ အမြင့်ပေ တစ်သောင်းတစ်ထောင်အထိ ပျံတက်ပြီး ရှမ့်လန်နှင့် လာရောက် တွေ့ဆုံလိုက်၏။
ရှမ့်လန်သည် တချောင်ကို စီးနင်းလျက် အမြင့်ပေ တစ်သောင်းနှစ်ထောင်တွင် စောင့်ဆိုင်းနေသည်။ မည်သို့ပင်ဖြစ်စေ သူသည် ရင်ဝူမင်နှင့် ဘေးကင်းသော အကွာအဝေး တစ်ခု၌ အမြဲ ထိန်းသိမ်းထားသည်။
နှစ်ဝက်ကျော် ကြာပြီးနောက် သူတို့နှစ်ဦး နောက်ဆုံးတွင် ပြန်လည် ဆုံတွေ့ကြပြီ ဖြစ်၏။
ရှမ့်လန်က စောင့်ဆိုင်းပြီး ပြောလိုက်သည်။ “အစ်ကိုကြီး ရင်ဝူမင်... ထျန်းရွှဲ့မြို့နဲ့ ရွှဲ့ပြည်နယ်နန်းတော်ကို မတိုက်ခိုက်ဘဲ နေလို့ မရဘူးလား။”
“မင်း ဘယ်လိုထင်လဲ။”
ရင်ဝူမင်က ပြောလိုက်၏။ “ညီလေး ရှမ့်လန် ... မင်း လုပ်ချင်ရာ လုပ်လို့ရမယ် ထင်နေတာလား။ ငါ့ညီလေး ရင်ဝူချယ်ကို မင်းသတ်ခဲ့တယ်။ ငါတို့ ချန်နိုင်ငံသစ်နဲ့ စေတီတောင်ကို လက်ဖဝါးပေါ်တင်ပြီး ကစားခဲ့တယ်။
ငါတို့ရဲ့ နဂါးနောင်တကို ခိုးယူပြီး ငါတို့ရဲ့ ရှေးဟောင်းအမွေအနှစ် နေရာကို ဖောက်ခွဲခဲ့တယ်။ ဒီကိစ္စတွေ အားလုံးက တကယ်ကို မေ့ပျောက်လို့ မရနိုင်တဲ့ အရာတွေပဲ။ ငါ ဒေါသထွက်လွန်းလို့ အံကြိတ်ထားရတယ်။ ဒါကြောင့် ငါတို့ လက်စားချေရမယ်။ ရက်ရက်စက်စက် လက်စားချေရမယ်။”
ရှမ့်လန်က ပြောလိုက်သည်။ “ထျန်းရွှဲ့မြို့က လူပေါင်းသိန်းချီကို သတ်ပစ်လိုက်တော့ရော ဘာထူးမှာလဲ။ နင်ကျန်းနဲ့ ရွှဲ့ပြည်နယ် အရာရှိ အားလုံးကို ဖမ်းလိုက်တော့ရော ဘာဖြစ်မှာလဲ။”
ရင်ဝူမင်က ပြောလိုက်၏။ “ငါ့ဒေါသကို ဖြေဖျောက်မလို့လေ။ ဒေါသဖြေတာ... မရဘူးလား။”
ရှမ့်လန်က ပြောလိုက်သည်။ “ဒါပေမဲ့ ခင်ဗျားရဲ နှလုံးသားထဲမှာ အကျိုးအမြတ်က အရေးအကြီးဆုံး မဟုတ်ဘူးလား။”
“ပါးစပ်ပိတ်ထား။ ဘာမှ မပြောနဲ့တော့။”
.....
အပိုင်း (၁၁၁၂)
ရင်ဝူမင်က ပြောလိုက်၏။ “မင်းရဲ့ လူပေါင်း သိန်းချီကို သတ်ပြီးမှ စကားပြောလည်း မနောက်ကျပါဘူး။ နင်ကျန်းနဲ့ ကျန်းချုံးကို ဖမ်းပြီးတဲ့အထိ စောင့်လိုက်ပါအုံး။”
ရှမ့်လန်က ဖြည်းညင်းစွာ ပြောလိုက်သည်။ “အစ်ကိုကြီး... နဂါးဥက ဘယ်လိုလဲ။ အကောင်ပေါက်ပြီလား။”
ဤစကားကို ကြားချိန်မှာတော့ ရင်ဝူမင်၏ မျက်နှာအမူအရာ အကြီးအကျယ် ပြောင်းလဲသွားသည်။ သူသည် ဘေးဘီဝဲယာကို လျင်မြန်စွာ ကြည့်လိုက်သည်၊ တစ်စုံတစ်ယောက် ကြားသွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်၏။ ကံကောင်းစွာဖြင့် ရှမ့်လန်၏ အသံမှာ အလွန် တိုးညင်းသောကြောင့် သူတစ်ယောက်တည်းသာ ကြားလိုက်ရ၏။
“အကောင် မပေါက်သေးဘူးမလား။”
ရှမ့်လန်က ပြောလိုက်သည်။ “မထင်မှတ်ထားတာတွေ မဖြစ်လာရင် ခင်ဗျား နောက်ထပ် ဆယ်စုနှစ်ချီ၊ ရာစုနှစ်ချီ ကြာရင်တောင် ဒီနဂါးဥကို အကောင်ပေါက်အောင် လုပ်နိုင်မှာ မဟုတ်ဘူး။”
ရှမ့်လန် ဆက်ပြောလိုက်၏။ “ကျုပ် တော်ဝင်ရန်အင်ပါယာနဲ့ သဘောတူညီမှု တစ်ခု လုပ်ခဲ့တယ်။ တော်ဝင်ရန်အင်ပါယာ က တာဝေးပစ် မဟာဗျူဟာမြောက် တိုက်ခိုက်မှု ပြုလုပ်ပြီး ကျင်းကန် တောင်ခြေက ခင်ဗျားတို့ လူသောင်းချီကို သတ်ပစ်ခဲ့တယ်။ ဒါက တော်ဝင်ရန်အင်ပါယာ ပေးဆပ်လိုက်ရတဲ့ တန်ဖိုးပဲ။ ကျုပ်က ဘာတန်ဖိုးပေးဆပ်ခဲ့လဲ ခင်ဗျားသိလား အစ်ကိုကြီး။”
ရင်ဝူမင် ပြန်မဖြေပေ။ မင်းသားလျန်နှင့် ရှမ့်လန်ကြားတွင် လျှို့ဝှက် သဘောတူညီမှု တစ်ခု ရှိကြောင်း သူ သိသည်။ သို့သော်ငြား ထိုသဘောတူညီမှု၏ အသေးစိတ် အချက်အလက်များကို သူ မသိပေ။ အဘယ့်ကြောင့်ဆိုသော် လူငါးဦးထက်ပို၍ မသိကြသောကြောင့်ပင်။
သူလည်း အလွန် သိချင်နေသည်။ ရှမ့်လန် ဘာတန်ဖိုး ပေးဆပ်ခဲ့သနည်း။ တော်ဝင်ရန်အင်ပါယာက အဘယ့်ကြောင့် ဤမျှ ကြီးမားသော တန်ဖိုးပေးဆပ်ပြီး တာဝေးပစ် မဟာဗျူဟာမြောက် တိုက်ခိုက်မှုကို ပြုလုပ်ခဲ့သနည်း။
ရှမ့်လန်က ပြောလိုက်သည်။ “တော်ဝင်ရန်အင်ပါယာက ကျုပ်ကို သေတ္တာတစ်လုံး ဖွင့်ခိုင်းခဲ့တယ်။ အလွန် ထူးခြားတဲ့ သေတ္တာတစ်လုံး။ သေတ္တာထဲမှာ ဘာရှိလဲဆိုတာ ကျုပ် အရမ်း၊ အရမ်း သိချင်ခဲ့တာ။ ကျုပ် စဉ်းစားလို့ မရဘူး။
တော်ဝင်ရန်အင်ပါယာက ပညာရှင်တွေ ဆယ်စုနှစ်ချီပြီး ဖွင့်ဖို့ ကြိုးစားခဲ့ပေမယ့် ဘယ်သူမှ မဖွင့်နိုင်ခဲ့ကြဘူး။ ဘာကြောင့်လဲဆိုတော့ အဲဒီအရာက ကျုပ်တစ်ယောက်တည်းသာ ဖြေရှင်းနိုင်တဲ့ အလွန် ခက်ခဲတဲ့ သင်္ချာပုစ္ဆာ ဖြစ်နေလို့ပဲ။ ကျုပ် အရောင်လေးမျိုး သီအိုရီကိုသုံးပြီး တောင်ပင်လယ် ရှေးဟောင်းအမွေအနှစ် နေရာကို ဖွင့်ပေးခဲ့သလိုမျိုးပေါ့။”
ရင်ဝူမင်က ပြောလိုက်၏။ “ဆက်ပြော။”
ရှမ့်လန်က ပြောလိုက်သည်။ “ကျုပ် အရမ်း သိချင်နေတဲ့ အချက်တစ်ချက် ရှိတယ်။ တော်ဝင်ရန်အင်ပါယာက ကျုပ် အထောက်အထားကို အတည်ပြုပြီးတာ ကြာပြီ။ အဲဒီအချိန်တုန်းက ကျုပ် ရွှယ်ကလန်ကိုတောင် မချေမှုန်းရသေးဘူး။ အဲဒီအချိန်တုန်းက သူတို့ ကျုပ်ကို ဖမ်းပြီး အဲဒီ အဖိုးတန် သေတ္တာရဲ့ စကားဝှက်ကို ဖွင့်ခိုင်းလို့ ရသားနဲ့။ ဘာလို့ မလုပ်ခဲ့တာလဲ။ ဘာလို့ အခုမှ ကျုပ်ကို ဒီသေတ္တာ ဖွင့်ခိုင်းတာလဲ။”
ရင်ဝူမင်၏ စိတ်ထဲတွင် အဖြေရနေပြီ ဖြစ်သည်။ သူ အနည်းငယ် လှုပ်လှုပ်ရှားရှား ဖြစ်သွား၏။
ရှမ့်လန်က ပြောလိုက်သည်။ “ကျုပ် ဖွင့်ပြီးတဲ့နောက် အတွင်းထဲမှာ ဘာရတနာမှ မရှိဘဲ လုံးဝ ဟာလာဟင်းလင်း ဖြစ်နေတာကို အာရုံခံလိုက်ရတယ်။ အဲဒီတော့ ကျုပ် ရဲရဲတင်းတင်း ခန့်မှန်းချက် တစ်ခု လုပ်လိုက်တယ်။ ဒီသေတ္တာက နဂါးဥ အကောင်ဖောက်ဖို့ သုံးတဲ့အရာပဲ။
အခုမှ ဖွင့်ဖို့ လိုအပ်လာရတဲ့ အကြောင်းရင်းက ကြယ်တံခွန်က တင်းယွမ်မြို့ကို ဝင်တိုက်ပြီး နဂါးဥကို ယူဆောင်လာခဲ့လို့ပဲ။ ဒါကြောင့် ဒီသေတ္တာကို ကြိုဖွင့်ထားလည်း အလကားပဲလေ။ အစ်ကိုကြီးရင်... ခင်ဗျား ဒီနဂါးဥကို ကောင်းကောင်း စောင့်ရှောက်ထားနော်။ တော်ဝင်ရန်အင်ပါယာကို လာမယူစေနဲ့အုံး။”
ရင်ဝူမင်၏ မျက်ခမ်းများက လှုပ်ခတ်သွားသည်။ ပြီးနောက် ပြောလိုက်သည်။ “ရှမ့်လန်... ဒီကိစ္စက ဒီနေ့ ငါ့ရဲ့ စစ်ပွဲနဲ့ ဘာဆိုင်လို့လဲ။”
ရှမ့်လန်က ပြောလိုက်၏။ “အစ်ကိုကြီး... ပြီးခဲ့တဲ့တစ်ခေါက်တုန်းက ခင်ဗျား ဂိုဏ်းချုပ်ရန်ကို လှည့်စားခဲ့လို့ သူ အငြိုးထားနေပြီ။ ခင်ဗျားနဲ့ စေတီတောင်ကြားမှာ အကြွင်းမဲ့ မဟာဗျူဟာမြောက် ယုံကြည်မှု ရှိမှ ဖြစ်မယ်။ ခင်ဗျားတို့ လျှို့ဝှက်စခန်းတစ်ခုကို အသိမပေးဘဲ ဖွက်ထားတဲ့ ကိစ္စကတင် သူ့ကို ဒေါသထွက်ဖို့ လုံလောက်နေပြီ။ ခင်ဗျားတို့က နဂါးဥကို ဖွက်ထားတယ် ဆိုတာ သူ သိသွားရင် ဘာဖြစ်မယ် ထင်လဲ။”
ရင်ဝူမင်၏ မျက်နှာ အေးစက်သွားသည်။ ရှမ့်လန်သည် နောက်ဆုံးတွင် ဤကိစ္စကို အသုံးပြု၍ သူ့ကို ခြိမ်းခြောက်လာခဲ့ပြီ ဖြစ်သည်။ အဖမ်းခံရစဉ်က ၊ သူ၏ ဘယ်လက် ပြတ်တောက်လုနီးပါး ဖြစ်နေချိန်၌ပင် ရှမ့်လန်သည် ဤကိစ္စကို အသုံးပြု၍ ရင်သားအဖကို မခြိမ်းခြောက်ခဲ့ပေ။
ယခု ထျန်းရွှဲ့မြို့နှင့် နင်ကျန်းကို ကာကွယ်ရန် နောက်ဆုံး၌ ဤဝှက်ဖဲကို ထုတ်သုံးလိုက်ပြီ ဖြစ်သည်။ ရင်သားအဖ နဂါးဥကို ဖွက်ထားကြောင်း ဂိုဏ်းချုပ်ရန် သိသွားသည်နှင့် စေတီတောင်နှင့် သူတို့ကြားရှိ မဟာဗျူဟာမြောက် ယုံကြည်မှုသည် ပျက်စီးသွားမည်။
“ဒီကိစ္စက အရမ်း အရေးကြီးတယ်။ ဂိုဏ်းချုပ်ရန် သိသွားတာနဲ့ စေတီတောင်နဲ့ ရင်ကလန်ကြားက အက်ကြောင်းက ပြန်ဖာထေးလို့ ရမှာ မဟုတ်တော့ဘူး။”
ရှမ့်လန်က ဆက်ပြောလိုက်သည်။ “ခင်ဗျားက ဒီနဂါးဥကို ဂိုဏ်းချုပ်ရန်လက်ထဲ အပ်လိုက်ဖို့ ဆန္ဒရှိရင်တော့ တစ်မျိုးပေါ့။ ဒါပေမဲ့ ခင်ဗျား ဆန္ဒရှိရဲ့လား။”
ရင်ဝူမင်က ပြောလိုက်၏။ “ဆန္ဒမရှိစရာ ဘာမှ မရှိဘူး။ ငါက ချင်နိုင်ငံသစ်ရဲ့ အိမ်ရှေ့စံသာမက စေတီတောင်ရဲ့ ဆက်ခံသူလည်း ဖြစ်တယ်။ မင်းသမီးဖူတူက ဂိုဏ်းချုပ်ရန်ကို သစ္စာဖောက်သွားမှန်း မင်းသိသားပဲ။ ဒါကြောင့် ငါ့နေရာကို ဘယ်သူမှ အစားထိုးလို့ မရဘူး။ နဂါးဥကို ဂိုဏ်းချုပ်ရန်လက်ထဲ အပ်လိုက်တော့ကော ဘာဖြစ်လဲ။ နောက်ဆုံးကျတော့ ငါ့လက်ထဲ ပြန်ရောက်လာမှာပဲ။”
“တကယ်လား။”
ရှမ့်လန်က မထီမဲ့မြင် ပြုံးလိုက်သည်။ “ဂိုဏ်းချုပ်ရန်မှာ တခြားအကြံအစည် မရှိဘူး၊ သားစဉ်မြေးဆက် ကျော်ပြီး ထီးနန်းလွှဲတာမျိုး လုပ်မှာ မဟုတ်ဘူးလို့ ခင်ဗျား ဘယ်လိုလုပ် သေချာနိုင်မှာလဲ။ သူက အကြာကြီး ... အရမ်း အကြာကြီး အသက်ရှင်နေဦးမှာ။ ရန်ယင်ယင်ကို ကုသပြီး သားယောက်ျားလေး မွေးဖွားအောင် လုပ်ပေးနိုင်ခဲ့ရင် စေတီတောင်ရဲ့ အမွေအနှစ်က ခင်ဗျားလက်ထဲ ရောက်ချင်မှ ရောက်မှာ။ ဂိုဏ်းချုပ်ရန်ရဲ့ မြေးလက်ထဲ တိုက်ရိုက် ရောက်သွားနိုင်တယ်။”
ရှမ့်လန်က ရင်ဝူမင် အစိုးရိမ်ဆုံး အချက်ကို ထောက်ပြလိုက်ခြင်း ဖြစ်သည်။ ဤကဲ့သို့သော အဖြစ်အပျက်မျိုး မှာ သမိုင်းတွင်လည်း မရှားပေ။ မင်မင်းဆက် အစောပိုင်းကာလတွင် ကျူးပြောင်း သေဆုံးပြီးနောက် ကျူးယွမ်ကျန်းသည် အခြားသားများကို ထီးနန်းမလွှဲဘဲ မြေးဖြစ်သူ ကျူးယွမ်ဝမ်ကို တိုက်ရိုက် လွှဲပြောင်း ပေးခဲ့ဖူးသည် မဟုတ်ပါလား။
ရှမ့်လန်က ဆက်ပြောလိုက်သည်။ “ဒါကြောင့် နဂါးဥကို ဂိုဏ်းချုပ်ရန်လက်ထဲ ပေးလိုက်မယ်ဆိုတဲ့ စကားမျိုး လာမပြောနဲ့။ ခင်ဗျားတို့ သဘောတူမှာ မဟုတ်ဘူး။ ဒါက ခင်ဗျားတို့ရဲ့ အသက်သွေးကြောပဲ။ အရှေ့ဘက် လောကကို သိမ်းပိုက်ဖို့အတွက် အကြီးမားဆုံး အပေးအယူ လက်နက်ပဲ။”
ရင်ဝူမင်က ပြောလိုက်သည်။ “ရှမ့်လန်... ငါ မင်းကို မေးစရာ တစ်ခုရှိတယ်။ ဒီလောက် တန်ဖိုးရှိတဲ့ နဂါးဥကို မင်း ဘာလို့ ငါတို့လက်ထဲ ရောက်အောင် လုပ်ပေးခဲ့တာလဲ။ မင်း တကယ်ပဲ လက်လွှတ်လိုက်ဖို့ ဆန္ဒရှိလို့လား။”
ဤမေးခွန်းကို ရင်ဝူမင် တွေးတောနေသည်မှာ ကြာပြီ ဖြစ်နိုင်၏။
“ဟူး... ”
ရှမ့်လန် သက်ပြင်းချလိုက်ပြီး စက္ကန့်အနည်းငယ်ကြာ ဘာမျှ ပြန်မပြောပေ။ ထို့နောက် သူက ကိုယ့်ကိုယ်ကိုယ် သရော်သောလေသံဖြင့် ပြောလိုက်သည်။ “နဂါးဥက ကျုပ်လက်ထဲမှာ ရှိနေတာထက် ခင်ဗျားတို့လက်ထဲမှာ ရှိနေတာ ပိုလုံခြုံတယ်။ သာမန်လူက အပြစ်မရှိပေမဲ့ ရတနာပိုင်ဆိုင်ရင် အပြစ် ဖြစ်တတ်တယ်လေ။
ကျုပ်လက်ထဲ ရှိနေရင် နုရှောင့်မြို့က တော်ဝင်ရန်အင်ပါယာရဲ့ တာဝေးပစ် မဟာဗျူဟာမြောက် တိုက်ခိုက်မှု ကို ဘယ်လို ခံနိုင်ရည် ရှိမှာလဲ။ ကျုပ်မှာ ရှေးဟောင်း ကြားဖြတ်ဟန့်တားရေး ကိရိယာ မရှိဘူး။ ခင်ဗျားတို့ သားအဖလို သိုင်းပညာလည်း မရှိဘူး။ ဒါပေမဲ့ စိတ်မပူပါနဲ့။ နောက်ပိုင်း ကျုပ် ပိုသန်မာလာပြီး ခင်ဗျားတို့ သားအဖကို အနိုင်ယူပြီးတဲ့အခါကျရင် သေချာပေါက် ပြန်ယူမှာပါ။”
ရင်ဝူမင်က ပြောလိုက်၏။ “ဒါဆိုရင်တော့ မင်း အကြာကြီး စောင့်ရလိမ့်မယ်။ မင်း အရိုးဆွေး သွားရင်တောင် အဲဒီနေ့ ရောက်ချင်မှ ရောက်လာမှာ။”
ရှမ့်လန်က ဆက်ပြောလိုက်သည်။ “အစ်ကိုကြီး... ကျန်းကလန်ရဲ့ သစ္စာဖောက်ဆိုတဲ့ ဂုဏ်ပုဒ်က သိပ်နားထောင်လို့ မကောင်းဘူး မဟုတ်လား။”
ရင်ဝူမင်က ပြောလိုက်၏။ “ငါက သစ္စာဖောက်ဆိုတာ မင်း လာသတိပေးစရာ မလိုပါဘူး။ ငါ့မွေးစားဖခင် ကျန်းလီကို သစ္စာဖောက်ပြီး ကျန်းတော်ဝင်မိသားစုကို သတ်ပစ်ခဲ့တယ်။ ချောင်ယောင်းအာကို ဒဏ်ရာ ရစေခဲ့ပြီး မင်းကိုလည်း ဖမ်းဆီးခဲ့တယ်။ မင်း ပြန်သွားပြီး ငါ့နာမည်ကို အခါတစ်ရာလောက် ရေးမှတ်ထား လိုက်ပေါ့။”
ရှမ့်လန်က ပြောလိုက်သည်။ “ဒီလောကမှာ တော်ဝင်ချန်အင်ပါယာ တစ်ခုတည်း ရှိတယ်။ ခင်ဗျားတို့ သားအဖက တော်ဝင်ချန်အင်ပါယာရဲ့ တရားဝင်မှုကို အိပ်မက်မက်နေကြတာ မဟုတ်လား။ ချန်နိုင်ငံသစ်က ပြည်သူတွေက ခင်ဗျားတို့ကို အထင်သေးပေမဲ့ သူတို့အကျိုးစီးပွားအတွက် ခင်ဗျားတို့ကို သစ္စာရှိနေကြတုန်းပဲ။
ကျုပ်အထောက်အထား ပေါ်ပေါက်လာပြီးတဲ့နောက် သူတို့က ကျုပ်ကို ရင်ထဲက လှိုက်လှိုက်လှဲလှဲ ထောက်ခံချင်ကြပေမဲ့ စစ်မီးလျှံတွေ ဆက်လက် တောက်လောင်နေမှာကို ကြောက်ကြတယ်။ ကျုပ်မှာ သူတို့ကို ကာကွယ်နိုင်မယ့် အင်အားမရှိမှာကို စိုးရိမ်ကြတယ်။ ဒါကြောင့် သူတို့က ခင်ဗျားတို့ သားအဖကို သစ္စာရှိနေကြတုန်းပဲ မဟုတ်လား။”
ရင်ဝူမင်သည် ဤအချက်ကို ရှမ့်လန်ထက် ပို၍ သိနားလည်သည်။ ချန်နိုင်ငံသစ်မှ ပြည်သူများသည် အလွန် ရှုပ်ထွေးသည်။ စိတ်ခံစားမှုအရ သူတို့သည် ရှမ့်လန်ကို သစ္စာရှိကြသော်လည်း ဦးနှောက်အရမူ ရင်မိသားစုကို သစ္စာရှိကြသည်။
ထို့ကြောင့် ရှမ့်လန်သည် ချန်နိုင်ငံသစ်တွင် စစ်မီးမတောက်လောင်စေလိုကြောင်း နင်ယွမ်ရှန်းကို အကြိမ်ကြိမ် ပြောခဲ့ခြင်း ဖြစ်သည်။ လိုလည်း မလိုပေ။ ချန်နိုင်ငံသစ် ပြည်သူများ၏ သစ္စာရှိမှုကို လိုချင်လျှင် ရင်သားအဖကို အနိုင်ယူပြီး သတ်ပစ်လိုက်ရုံသာ ရှိ၏။
ရင်သားအဖ သေဆုံးသွားသည်နှင့် ရှမ့်လန်သည် သွေးတစ်စက်မျှ မကျစေဘဲ ချန်နိုင်ငံသစ်၏ သစ္စာရှိမှုကို ရရှိပေလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် ထိုလူများသည် မူလတည်းက ကျန်းလီကို သစ္စာရှိခဲ့ကြသူများ ဖြစ်သောကြောင့်ပင်။ ထို့အပြင် ရှမ့်လန်သာ ရင်သားအဖကို သတ်နိုင်ခဲ့လျှင် သူ့စွမ်းဆောင်ရည်ကို သက်သေပြနိုင်မည် ဖြစ်ပြီး ချန်နိုင်ငံသစ် ပြည်သူများကို ကာကွယ်နိုင်ကြောင်း သက်သေပြရာ ရောက်မည်။
ရှမ့်လန်က ဆက်ပြောလိုက်သည်။ “အစ်ကိုကြီး... ခင်ဗျားရဲ့ သိုင်းပညာက တကယ်ပဲ အားကောင်းပါတယ်။ ကျုပ်မိန်းမ ချောင်ယောင်းအာက ကျုပ်သိသမျှထဲမှာ အားအကောင်းဆုံး ဆိုပေမဲ့ သူတောင် ခင်ဗျားကို ရှုံးနိမ့်ခဲ့တယ်။ ခင်ဗျားက တကယ်ပဲ ကျုပ်အဖေရဲ့ တစ်ဦးတည်းသော တပည့်ရင်းပါပဲ။”
ရင်ဝူမင်က ပြောလိုက်၏။ “ချောင်ယောင်းအာမှာ ရှိတာ အကုန် ငါ့မှာ ရှိတယ်။ ချောင်ယောင်းအာမှာ မရှိတာတွေလည်း ငါ့မှာ ရှိတယ်လို့ ငါ ပြောပြီးပြီပဲ။”
ရှမ့်လန်က မေးလိုက်သည်။ “အစ်ကိုကြီး... ကျုပ်ရဲ့ သိုင်းပညာကိုကျတော့ ဘယ်လိုမြင်လဲ။”
ရင်ဝူမင် ပါးစပ်ပိတ်ထားလိုက်ပြီး စကားတစ်ခွန်းမှ မပြောပေ။ စကားတစ်ခွန်း ပြောလိုက်လျှင်ပင် ကြီးမားသော စော်ကားမှု ဖြစ်ပေလိမ့်မည်။ ရှမ့်လန်၏ သိုင်းပညာလား။ ရှမ့်လန်၌ သိုင်းပညာ မရှိရုံသာမက ကြက်တစ်ကောင်ကိုတောင် နိုင်အောင် မတိုက်နိုင်ပေ။ ချန်နိုင်ငံသစ်မှ အညံ့ဖျင်းဆုံး ပြည်သူ့စစ်ပင်လျှင် ရှမ့်လန်ကို ချက်ချင်း သတ်ပစ်နိုင်သည်။ လမ်းဘေးမှ လူမိုက်တစ်ယောက်တောင် ရှမ့်လန်ကို ချက်ချင်း အနိုင်ယူနိုင်၏။
ရှမ့်လန်က ထပ်မေးလိုက်သည်။ “အစ်ကိုကြီး... ခင်ဗျားနဲ့ ယှဉ်ရင် ကျုပ် သိုင်းပညာက ဘယ်လိုနေလဲ။”
ရင်ဝူမင်သည် ရယ်ချင်သလို၊ ဒေါသထွက်သလို ခံစားလိုက်ရသည်။ သူသည် စကားမပြောရုံသာမက မျက်လုံးများကိုပါ မှိတ်ထားလိုက်မိ၏။
ရှမ့်လန်က ပြောလိုက်သည်။ “အစ်ကိုကြီး... ခင်ဗျားနဲ့ ကျုပ် သိုင်းပညာ ကွာခြားချက်က ကျားနဲ့ ယုန် ကွာခြားသလို၊ မိုးနဲ့ မြေ ကွာခြားသလိုပဲ။ မဟုတ်ဘူး။ အဲဒါထက် ပိုသေးတယ်။ ကျားနဲ့ လောက်ကောင် ကွာခြားသလိုပဲ။”
‘အင်း... မင်းရဲ့ ဥပမာက တော်တော် ထူးခြားပြီး ကွက်ကွက်ကွင်းကွင်း ရှိသားပဲ။ နည်းနည်း ရွံစရာ ကောင်းနေတာက လွဲရင်ပေါ့။’
ရှမ့်လန် ခဏမျှ စဉ်းစားပြီး ပြောလိုက်၏။ “အစ်ကိုကြီး... ကျုပ်မှာ အရမ်း ရူးသွပ်တဲ့ အကြံပြုချက် တစ်ခုရှိတယ်။ ကြားပြီးရင် ရူးမသွားနဲ့အုံး။”
ရင်ဝူမင်၏ မျက်လုံးများ အေးစက်သွားပြီး ပြောလိုက်သည်။ “ပြော။”
ရှမ့်လန်က ပြောလိုက်၏။ “ရက်သတ်မှတ်ပြီး လူသိရှင်ကြား သိုင်းပြိုင်ပွဲ လုပ်မယ်လို့ လောကကို ကြေညာလိုက်ကြရအောင်။ ကျုပ် ရှုံးရင် တော်ဝင်ချန်အင်ပါယာရဲ့ နာမည်ကို ရင်ကလန် ပိုင်ဆိုင်သွားမယ်။ ခင်ဗျားတို့က သူပုန်တွေ မဟုတ်တော့ဘူး။ အဲဒီအချိန်ကစပြီး ရင်ကလန်က တော်ဝင်ချန်အင်ပါယာရဲ့ အရှင်သခင် ဖြစ်သွားလိမ့်မယ်။
ကျုပ် နိုင်ရင် ချန်နိုင်ငံသစ် ပြည်သူတွေက ကျုပ်ကို လုံးဝ သစ္စာရှိလာပြီး တော်ဝင်ချန်အင်ပါယာရဲ့ အစိတ်အပိုင်း ဖြစ်လာလိမ့်မယ်။ ရင်ကလန်က ချင်နိုင်ငံသစ် ထီးနန်းကို အလိုအလျောက် စွန့်လွှတ်ရမယ်။ ဘယ်လိုလဲ။”
ရင်ဝူမင် လုံးဝ ကြောင်အသွားရသည်။ သူ့ဘဝတွင် အရာရာကို ကြုံတွေ့ခဲ့ဖူးသည်။ ကျန်းလီ သေဆုံးချိန်တွင် သူသည် လူကြီးဖြစ်နေပြီ။ အသက် ၃၀ မကျော်သေးသော်လည်း လူလတ်ပိုင်း အရွယ်ရောက်နေပြီ ဖြစ်သည်။ သို့သော်ငြား သူ့သိုင်းပညာ စွမ်းအားကြောင့် အသက် ၁၀၀ ကျော်အထိ အလွယ်တကူ နေနိုင်ရာ ဤအသက်အရွယ်ကို လူငယ်ဟု ခေါ်လျှင်လည်း မမှားပေ။
ဤမျှ နှစ်ပေါင်းများစွာ နေထိုင်လာပြီးနောက် သူ မမြင်ဖူးတာ ဘာရှိသနည်း။ သို့သော်ငြား အိမ်ရှေ့စံ ရင်ဝူမင်သည် ရှမ့်လန်ကြောင့် လုံးဝ တုန်လှုပ်သွားခဲ့ရသည်။
‘ရှမ့်လန် ရူးသွားပြီလား။ အတိတ်တုန်းက ရူးသွပ်တဲ့ ကိစ္စတွေ အများကြီး လုပ်ခဲ့ပြီး အားလုံး အောင်မြင်ခဲ့တယ်။ ဒါပေမဲ့ အဲဒါတွေ အကုန်ပေါင်းလိုက်ရင်တောင် ဒီကိစ္စရဲ့ တစ်ဝက်လောက်တောင် မရူးသွပ်ဘူး။’
မည်မျှ တုန်လှုပ်စရာ ကောင်းလိုက်သနည်းဆိုလျှင် သူ နားကြားမှားနေသည်လားဟု သံသယ ဝင်မိသည် ထိပင်။ ချောင်ယောင်းအာတောင် ရင်ဝူမင်ကို မနိုင်ချေ။ ရှမ့်လန်တစ်ယောက် မဆိုထားနှင့် ရှမ့်လန် တစ်သောင်းလောက် ရှိလျှင်တောင် ရင်ဝူမင်၏ လက်ညှိုးတစ်ချောင်းကို နိုင်မှာ မဟုတ်ချေ။
ရှမ့်လန်က ဆက်ပြောလိုက်၏။ “သဘာဝလွန်အဖွဲ့အစည်း ခြောက်ခု၊ တော်ဝင်ရန်အင်ပါယာနဲ့ တခြားနိုင်ငံ အားလုံးကို သက်သေအဖြစ် ဖိတ်ခေါ်လို့ ရတယ်။ ကျုပ် ရှုံးရင် တော်ဝင်ချန်အင်ပါယာ အရှင်သခင် ဆိုတဲ့ ဘွဲ့ကို လူတိုင်းရှေ့မှာ ခင်ဗျားတို့ ရင်ကလန်ဆီ လွှဲပြောင်းပေးမယ်။ အဲဒီအချိန်ကစပြီး ခင်ဗျားတို့က သူပုန် မဟုတ်တော့ဘူး။”
ရင်ဝူမင်၏ နှလုံးခုန် မြန်လာသည်။ ဤသည်မှာ ရင်ကလန်၏ အိပ်မက်ပင် မဟုတ်ပါလား။ ရုတ်တရက် ရှမ့်လန်သည် အိပ်မက်ဆိုးကျောက် အသံချဲ့စက်ကို အသုံးပြုကာ အော်ဟစ်လိုက်သည်။
“ရင်ဝူမင်... ကျုပ်တို့ သူသေကိုယ်သေ သိုင်းပြိုင်ကြရအောင်။ ဘယ်သူနိုင်နိုင် တော်ဝင်ချန်အင်ပါယာရဲ့ အရှင်သခင် ဖြစ်ကြေး။ ခင်ဗျား သွေးရဲလား။ သဘာဝလွန်အဖွဲ့အစည်း ခြောက်ခု၊ တိုင်းနိုင်ငံ အသီးသီး၊ ပြည်သူ သန်းပေါင်းများစွာနဲ့ ချန်နိုင်ငံသစ် ပြည်သူတွေ အားလုံး သက်သေအဖြစ် ရှိနေကြလိမ့်မယ်။ ဒီသိုင်းပြိုင်ပွဲကို ချန်နိုင်ငံ မြို့တော်မှာ ကျင်းပလို့တောင် ရတယ်။ ခင်ဗျား သွေးရဲလား။”
အိပ်မက်ဆိုးကျောက်တုံး အသံချဲ့စက်သည် အလွန် အစွမ်းထက်လှသည်။ ကောင်းကင်နှင့် မြေကြီးကို တုန်ဟီးသွားစေ၏။ အဘယ့်ကြောင့်ဆိုသော် မြေပြင်ပေါ်တွင် အလားတူ အိပ်မက်ဆိုးကျောက်တုံး အသံဖမ်းစက် ရာပေါင်းများစွာ တပ်ဆင်ထားသောကြောင့်ပင်။ ထို့ကြောင့် ရှမ့်လန်၏ အသံသည် နေရာတိုင်းသို့ ရောက်ရှိနေ၏။
ဤနေ့အတွက် သူ ပြင်ဆင်နေသည်မှာ ကြာပြီ ဖြစ်သည်။ သူနှင့် နင်ယွမ်ရှန်းသည် လွန်ခဲ့သော လပိုင်း တည်းက ဤအစီအစဉ်ကို ရေးဆွဲခဲ့ကြသည်။ ထို့အပြင် သူသည် ထျန်းရွှဲ့မြို့သို့ လွန်ခဲ့သော နှစ်ရက်တည်းက ရောက်ရှိနေပြီး ရင်ဝူမင် တိုက်ခိုက်လာမည့် အချိန်ကို စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။
သူ အော်ဟစ်လိုက်ချိန်မှာတော့ ရင်ဝူမင်၏ မြေပြင်တပ်တော် စစ်သည် သိန်းချီနှင့် ဝေဟင် နှင်းလင်းယုန် တပ်တော်တို့သည် ရှင်းလင်းပြတ်သားစွာ ကြားလိုက်ရသည်။ ထို့နောက် သူတို့သည် မိုးကြိုးပစ်ချ ခံလိုက်ရသကဲ့သို့ ဖြစ်သွားပြီး ကိုယ့်ဘဝကိုယ်ပင် သံသယ ဝင်သွားကြ၏။
‘ငါ... ငါ နားကြားမှားနေတာလား။ အားနည်းလွန်းတဲ့ ရှမ့်လန်က အိမ်ရှေ့စံ ရင်ဝူမင်နဲ့ သိုင်းပြိုင်ချင်တယ် တဲ့လား။ ပြီးတော့ တော်ဝင်ချန်အင်ပါယာ ပိုင်ဆိုင်ခွင့်ကို ဆုံးဖြတ်မယ်တဲ့လား။ ဒီလောကမှာ ဒီထက် ရယ်စရာကောင်းတာ ရှိအုံးမလား။’
ရှမ့်လန်က အော်ဟစ်လိုက်ပြန်သည်။ “ရင်ဝူမင်... ခင်ဗျား သတ္တိရှိလား။”
ရင်ဝူမင်၌သာ သွေးမရှိလျှင် ကမ္ဘာကျော် ဟာသ ဖြစ်သွားပေလိမ့်မည်။ ရင်ဝူမင်သည် သေချာပေါက် အလွန် ဒေါသ ထွက်သွား၏။
‘ရှမ့်လန်... မင်းလို အမှိုက်က ငါ့ကို စိန်ခေါ်ဖို့ ဘာအရည်အချင်း ရှိလို့လဲ။ သိုင်းပညာကို ဘာမှတ်နေသလဲ။ ယင်ကောင်လောက်တောင် အားမရှိတဲ့ မင်းက ငါ့လို နဂါးကို စိန်ခေါ်ဖို့ ဘာအရည်အချင်း ရှိလို့လဲ။’
ရှမ့်လန် ထပ်မံ အော်ဟစ်လိုက်သည်။ “ရင်ဝူမင်... သတ္တိရှိလား”
သူ့အသံသည် ကောင်းကင်ယံ တစ်ခုလုံးကို ထပ်မံ ပဲ့တင်ထပ်သွားသည်။ ရင်ဝူမင်၏ လက်အောက်ခံ စစ်သည် သိန်းချီ ရှင်းလင်းစွာ ကြားလိုက်ရ၏။
ရင်ဝူမင်က မေးလိုက်သည်။ “ရှမ့်လန်... မင်း သေချာလို့လား။”