← Chapters

အခန်း (၁၁၁၃-၁၁၁၄)

Vol. 65 Ch. 1113-1114

အခန်း (၁၁၁၃-၁၁၁၄)

Vol. 65 Ch. 1113-1114

အပိုင်း (၁၁၁၃)

ရှမ့်လန်က ပြောလိုက်သည်။ “လောကကို ကြေညာလို့ရတယ်။ လောကကြီး တစ်ခုလုံးက သက်သေအဖြစ် ရှိနေလိမ့်မယ်။ စိန်ခေါ်လွှာတွေကို နိုင်ငံအသီးသီးရဲ့ နန်းတော်တွေနဲ့ သဘာဝလွန် အဖွဲ့အစည်း ခြောက်ခု ခေါင်းဆောင်တွေရဲ့ စားပွဲပေါ်အထိ ပို့ပေးလို့ရတယ်။”

ရင်ဝူမင်သည် ရှမ့်လန်ကို ကြာမြင့်စွာ စိုက်ကြည့်နေပြီး ဖြည်းညင်းစွာ ပြောလိုက်၏ “အရူး... မင်းက အရူးပဲ။”

ရှမ့်လန်က ပြောလိုက်သည်။ “အစ်ကိုကြီး... အခု ခင်ဗျား ရွေးချယ်ရမယ့် အလှည့်ပဲ။ ထျန်းရွှဲ့မြို့ကို ဆက်တိုက်မလား။ တိုက်ရင်တော့ ဂိုဏ်းချုပ်ရန်ကို နဂါးဥအကြောင်း ကျုပ် ပြောပြလိုက်မယ်။ ဒါမှမဟုတ် ခင်ဗျား ဆုတ်ခွာမလား။ ဆုတ်ခွာရင် ကျုပ်တို့ တစ်ဦးချင်း တိုက်ပွဲနဲ့ တော်ဝင်ချန်အင်ပါယာကို ဘယ်သူပိုင်လဲ ဆိုတာ ဆုံးဖြတ်ကြမယ်။ ခင်ဗျားတို့သားအဖ တစ်သက်လုံး တရားဝင် ဖြစ်ဖို့ ကြိုးစားနေတာ မဟုတ်ဘူးလား။ အခု အလွယ်တကူ ရနိုင်ပြီလေ။”

ရင်ဝူမင်သည် မိနစ်အနည်းငယ်ကြာ စကားမပြောဘဲ နေလိုက်သည်။ သူ၏ စိတ်ခံစားချက်များသည် ဒီရေလှိုင်းကဲ့သို့ ဆူပွက်နေ၏။ တစ်နာရီ၏ လေးပုံတစ်ပုံခန့် ကြာချိန်မှာတော့ ရင်ဝူမင် မျက်လုံးဖွင့်လိုက်ပြီး ဖြည်းညင်းစွာ ပြောလိုက်၏။

“ရှမ့်လန်... ငါ့အတွက်တော့ မင်းနဲ့ ယှဉ်ပြိုင်ရတာက ငါ့ဘဝရဲ့ အကြီးမားဆုံး စော်ကားမှုပဲ။ မင်းလို အမှိုက်နဲ့ ယှဉ်ပြိုင်ရမယ့်အစား ငါ့လက်ငါ ဖြတ်ပစ်လိုက်ချင်တယ်။ ဒါက သိုင်းပညာလောကအတွက် အမဲစက်ပဲ။ ငါ့ဘဝ သက်တမ်းတစ်လျှောက်လုံးအတွက်လည်း အမဲစက် ဖြစ်လာလိမ့်မယ်။”

“ခင်ဗျား ပြောတာ မှန်ပါတယ်။”

ရှမ့်လန်က ပြောလိုက်သည်။ “ဒါပေမဲ့ ခင်ဗျား လက်ခံမှာပါ။ အကျိုးအမြတ်က အရမ်း ကြီးမားတယ်လေ။ ပြီးတော့ ကျုပ်က အင်ပါယာကျန်းလီရဲ့ တစ်ဦးတည်းသော သားပဲ။ ကျုပ်နဲ့ တစ်ဦးချင်း တိုက်ပွဲ ယှဉ်နွှဲရတာ ဘာမှ ရှက်စရာ မရှိပါဘူး။”

“ရှက်စရာ ကောင်းတယ်။ အရမ်း ရှက်စရာ ကောင်းတယ်။”

ရင်ဝူမင်က ပြောလိုက်၏။ “ဒါပေမဲ့ မင်းရဲ့ ရူးသွပ်မှုကို ငါ ဖြည့်ဆည်းပေးပါ့မယ်။ မင်းရဲ့စိန်ခေါ်မှုကို ငါ လက်ခံတယ်။”

ရှမ့်လန်က ပြောလိုက်သည်။ “ကတိတည်ပါစေ။”

ရင်ဝူမင်က ပြောလိုက်၏။ “ကတိတည်စေရမယ်။”

.............

တောင်ပင်လယ်၊ အမှောင်ရဲတိုက် .......

ရင်ဝူမင်သည် စေတီတောင်ဂိုဏ်းချုပ်နှင့် ရင်ကွမ်းကို အဖြစ်အပျက် အစုံအလင် ပြောပြလိုက်သည်။ “ယောက္ခမကြီး ၊ အဖေ ... ခွင့်ပြုချက် မတောင်းဘဲ ဆုံးဖြတ်လိုက်မိတဲ့အတွက် တောင်းပန်ပါတယ်။ ကျုပ် ရှမ့်လန်ကို ကတိပေးလိုက်မိပြီ။ လူသိန်းချီရဲ့ ရှေ့မှောက်မှာ သူ ပြောခဲ့တာဆိုတော့ ကျုပ် ငြင်းလို့ မရဘူး။ နောက်ဆုတ်လို့လည်း မရဘူး။”

ဤအချိန်တွင် ဂိုဏ်းချုပ်ရန်နှင့် ရင်ကွမ်းတို့ပင် လုံးဝ ကြောင်အသွားရပြီး အချိန်ကြာမြင့်စွာ တိတ်ဆိတ် နေမိသည်။ ရှမ့်လန်က အရူးမှန်း သူတို့သိသည်။ သို့သော်ငြား ဤမျှထိ ရူးသွပ်လိမ့်မယ်လို့ ထင်မထားခဲ့ကြပေ။ ရင်ဝူမင်ကို တစ်ယောက်ချင်း တိုက်ခိုက်ရန် စိန်ခေါ်သည်တဲ့လား။

ခဏကြာချိန်မှာတော့ ဂိုဏ်းချုပ်ရန်က မေးလိုက်၏။ “အင်ပါယာ ကျန်းလီက တကယ်ပဲ အဲဒီလောက် ရူးသွပ်ခဲ့တာလား။”

ရင်ကွမ်း ခေါင်းခါလိုက်သည်။

“ဟားဟား... ဟားဟားဟား... ”

ဂိုဏ်းချုပ်ရန် ရယ်မောလိုက်သည်။ “စိတ်ဝင်စားစရာပဲ။ သိပ်စိတ်ဝင်စားစရာ ကောင်းတယ်။ ကျုပ်တို့က အဓိကလူတွေ ဖြစ်လာတော့မှာပဲ။”

ရင်ကွမ်း မျက်လုံးမှိတ်ထားလိုက်သည်။ အချိန်အတော်ကြာမှ ပြန်ဖွင့်ကာ ပြောလိုက်၏။ “လောကကို ကြေညာလိုက်ပါ။ မီးတောက်မြို့တော်၊ တခြားနိုင်ငံတွေနဲ့ ကျန်တဲ့ သဘာဝလွန် အင်အားစုကြီး ငါးခု ဆီကိုလည်း စာပို့လိုက်ပါ။ သူတို့ကို သက်သေအဖြစ် ဖိတ်ခေါ်လိုက်။”

......

နောက်ရက်အနည်းငယ် အတွင်းတွင် ချန်နိုင်ငံသစ်နှင့် တော်ဝင်ချန်အင်ပါယာတို့၏ အမိန့်တော်များသည် အရှေ့ဘက်လောက တစ်ခွင်လုံးသို့ ပျံ့နှံ့သွားခဲ့သည်။ ရှမ့်လန်နှင့် ရင်ဝူမင်တို့ သိုင်းပြိုင်ကြမည်ဖြစ်ပြီး အနိုင်ရသူသည် တော်ဝင်ချန်အင်ပါယာ ဟူသော ဘွဲ့နာမကို ရရှိမည်။

အမိန့်တော်ပေါင်း ထောင်သောင်းချီသည် လက်အောက်ခံနိုင်ငံများနှင့် သဘာဝလွန် အင်အားစုများဆီသို့ နှင်းပွင့်များပမာ ပျံသန်းရောက်ရှိသွားကြ၏။ ထို့နောက်တွင် တစ်လောကလုံး တုန်လှုပ်ခြောက်ခြား သွားခဲ့ရသည်။

ပြည်သူသန်းပေါင်းများစွာသည် ဤသတင်းကို ကြားလိုက်ရချိန်မှာတော့ ကောလာဟလ သက်သက်ဟုသာ ဦးစွာ ထင်မှတ်ခဲ့ကြသည်။ ရှမ့်လန် တစ်သောင်း ပေါင်းတိုက်လျှင်ပင် ရင်ဝူမင်၏ လက်တစ်ဖက်ကို နိုင်မည် မဟုတ်ပေ။

သို့သော်ငြား ရှမ့်လန်၏ အမိန့်တော် အစစ်အမှန် ဖြစ်ကြောင်း အတည်ပြုလိုက်ချိန်မှာတော့ မိုးကြိုးပစ် ခံလိုက်ရသကဲ့သို့ ဖြစ်သွားကြ၏။ အရှင်ရှမ့်လန် အံ့ဖွယ်အမှုများ ဖန်တီးတတ်မှန်း သိသော်လည်း ဤအရာကတော့ လွန်ကဲလွန်းသည်။ အကယ်၍ ရင်ဝူမင်ကို အနိုင်ယူနိုင်ခဲ့လျှင် နေမင်းကြီး အနောက်ဘက်မှ ထွက်လာပေလိမ့်မည်။

..................

မီးတောက်မြို့တော် နန်းတော်တွင်း၌ ဖြစ်၏။ တော်ဝင်ရန်အင်ပါယာ၏ အိမ်ရှေ့စံသည်လည်း ရှမ့်လန်နှင့် ရင်ကွမ်းတို့၏ အမိန့်တော်ကို လက်ခံရရှိထားသည်။ သူ့နှုတ်ခမ်းများ တုန်ယင်သွားပြီး အချိန်ကြာမြင့်စွာ စကားမဆိုနိုင် ဖြစ်နေသည်။

မင်းသားလျန်က ပြောလိုက်၏။ “အိမ်ရှေ့စံမင်းသား... ကျန်းလီက ကျုပ်တို့နဲ့ စစ်ခင်းခဲ့ပေမဲ့ နောက်ဆုံးအချိန်ထိ တော်ဝင်ရန်အင်ပါယာကနေ ထွက်ခွာခြင်း မရှိခဲ့ပါဘူး။ အရှေ့ဘက်လောကရဲ့ အရှင်သခင်အနေနဲ့ ဒီကိစ္စကို စောင့်ကြည့်စစ်ဆေးရပါမယ်။”

အိမ်ရှေ့စံက ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။ “မင်းသားလျန်... နုရှောင့်မြို့နဲ့ ချန်မြို့တော်ကို တစ်ခေါက်လောက် သွားပေးပါ။ သူတို့ ဘာကြံစည်နေလဲ မေးကြည့်ပါ။ တော်ဝင်ရန်အင်ပါယာရဲ့ ခွင့်ပြုချက် မပါဘဲ ဒီသိုင်းပြိုင်ပွဲ လုပ်ခွင့်မရှိကြောင်း ပြောလိုက်ပါ။”

“ကောင်းပါပြီ။” မင်းသားလျန်က ပြန်လည် ဖြေကြားလိုက်သည်။ ထို့နောက် သူသည် နှင်းလင်းယုန်ကို စီးနင်းကာ နုရှောင့်မြို့ဘက်သို့ ပျံသန်းသွား၏။

......

အမှန်တကယ်အားဖြင့် လောကသူ လောကသားများသာမက ရှမ့်လန်၏လူများပင် စကားမပြောနိုင်အောင် အံ့အားသင့်ခဲ့ကြရသည်။

နှစ်ဖက်စလုံးမှ အမိန့်တော် ထုတ်ပြန်ပြီးနောက် ရင်ဝူမင်သည် ထျန်းရွှဲ့မြို့ကို တိုက်ခိုက်ခြင်းအား ရပ်တန့်ကာ တပ်ဆုတ်သွားခဲ့၏။

သူ ထျန်းရွှဲ့မြို့နှင့် ရွှဲ့ပြည်နယ်နန်းတွင်းကို ဖျက်ဆီးလိုက်လျှင် ဒေါသဖြေရုံသာဖြစ်ပြီး ရှမ့်လန်၏ ဂုဏ်သိက္ခာကို အကြီးအကျယ် ထိခိုက်စေရုံသာ ရှိသည်။ သို့သော်ငြား ယခု သိုင်းပြိုင်ပွဲတွင် ရှုံးနိမ့်သူသည် တော်ဝင်ချန်အင်ပါယာ၏ တရားဝင်မှုကို လက်လွှတ်ရတော့မည် ဖြစ်သည်။ ရှမ့်လန်၏ ဂုဏ်သိက္ခာ ကျဆင်းရုံသာမက သူ့အဖိုးတန်ဆုံး အရာကိုပါ ဆုံးရှုံးရတော့မည်။

လောကအမြင်တွင် ရှမ့်လန် ပိုင်ဆိုင်သော အစွမ်းအထက်ဆုံး အရာကား အဘယ်နည်း။ ကျန်းလီ၏ သားဖြစ်ခြင်း ဆိုသည့် အထောက်အထားပင် ဖြစ်သည်။ ထို့ကြောင့် သူ အထီးကျန်ပြီး အားနည်းနေချိန်၌ပင် လူပေါင်းများစွာက သူ့ကို တော်ဝင်ချန်အင်ပါယာ၏ အင်ပါယာအဖြစ် သို့မဟုတ် အရှေ့ဘက်လောက၏ လူသားအင်ပါယာ အဖြစ် သတ်မှတ်ခဲ့ကြခြင်း ဖြစ်သည်။ ဤသည်မှာ ကျန်းလီ တစ်ဘဝလုံး ပေးဆပ်ကာ တိုက်ယူပေးခဲ့သော အမွေအနှစ် ဖြစ်သည်။

ရင်ကွမ်းနှင့် သူ့သားတို့ မည်မျှ သန်မာစေကာမူ၊ ပိုင်ဆိုင်သည့် စစ်သည် မည်မျှ များပြားစေကာမူ၊ နယ်မြေ မည်မျှ ကျယ်ပြန့်စေကာမူ သူပုန်အဖြစ်သာ သတ်မှတ်ခံရမည်။ ယခု ရှမ့်လန်သည် တော်ဝင်ချန်အင်ပါယာ၏ တရားဝင်မှုကို လောင်းကြေးထပ်လိုက်ခြင်း ဖြစ်၏။

ဤလုပ်ရပ်သည် အသုံးမကျသော သားဆိုးတစ်ယောက်၏ လုပ်ရပ်ထက်ပင် ဆိုးရွားလှသည်။ အသုံးမကျသော သားဆိုးတစ်ယောက်သည် ဘယ်သူ သေးပိုဝေးဝေး ပေါက်နိုင်သလဲ ဆိုသည်ကို ပြိုင်ဆိုင်ဖို့ ကိုယ့်အိမ်ကိုယ် လောင်းကြေးထပ်လိုက်သကဲ့သို့ပင်။

ထိုအချိန်တွင် နင်ကျန်းသည် ညီလာခံ ကျင်းပနေ၏။ ရှမ့်လန်၏ အမိန့်တော်ကို ကြားလိုက်ရချိန်မှာတော့ တည်ငြိမ်လှပါသည် ဆိုသော နင်ကျန်းပင် လက်ထဲမှ စာလွှာ ပြုတ်ကျသွားခဲ့ရသည်။ တောင်ပြိုလျှင်ပင် မျက်တောင်မခတ်မည့်သူက ယခုကဲ့သို့ လန့်သွားခဲ့ရသည်။

ဝန်ကြီးများအားလုံး အသံတိတ်သွားကြပြီး ဦးနှောက်များ ဗလာဟင်းလင်း ဖြစ်သွားကြသည်။ အချိန်အတော်ကြာမှ လူတိုင်းသည် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသည်။

‘ငါတို့ တော်ဝင်ချန်အင်ပါယာ ဆိုတဲ့ နာမည်ကို ဆုံးရှုံးရတော့မှာလား။’

နင်ကျန်းသည် စာလွှာကို ကုန်းကောက်ပြီး လည်ချောင်းရှင်းကာ ပြောလိုက်၏။ “အင်း... ဆက်ကြတာပေါ့။”

ဤကဲ့သို့သော ဧကရာဇ်၏ နောက်လိုက်ရခြင်းသည် ယခုကဲ့သို့သော မကြာခဏ ထိတ်လန့်ရမည့် ကံကြမ္မာပင် ဖြစ်သည်။

......

တော်ဝင်ရန်အင်ပါယာ မင်းသားလျန်သည် နုရှောင့်မြို့သို့ ထပ်မံ ရောက်ရှိလာသည်။ ယခုတစ်ကြိမ်တွင် ပွင့်ပွင့်လင်းလင်း ဝင်ရောက်လာခြင်း ဖြစ်၏။ “အရှင် ရှမ့်လန်... နောက်နေတာ မဟုတ်ဘူးနော်။”

ရှမ့်လန်က ပြန်ပြောလိုက်သည်။ “မင်းသားလျန်... ကျုပ် ဘယ်တုန်းက နောက်ဖူးလို့လဲ။”

မင်းသားလျန်က ပြောလိုက်၏။ “တခြား ကြံစည်နေတာတွေ မရှိတာ သေချာလား။ ဒါဆိုရင် သန့်စင်တဲ့ သိုင်းပြိုင်ပွဲ ဖြစ်ရမယ်။ တကယ်လို့ လှည့်စားဖို့ ကြိုးစားရင် တော်ဝင်ရန်အင်ပါယာက သဘောတူမှာ မဟုတ်ဘူး။”

လောကလူသားများသည် ရှမ့်လန်ကို အမှန်တကယ် ကြောက်ရွံ့ကြသည်။ ဤလောကသို့ ရောက်လာပြီး တည်းက ရှမ့်လန်သည် စစ်ဗျူဟာ ၃၆ သွယ်ကို အစမှအဆုံး ကစားပြခဲ့သည်။ အထူးသဖြင့် ဆွဲဆောင် ဖြားယောင်းခြင်း ဗျူဟာကို အကြိမ်ကြိမ် အသုံးပြုခဲ့သည်။

‘ဘာ... ဗျူဟာ ၃၆ သွယ်ထဲမှာ ဆွဲဆောင်ဖြားယောင်းခြင်း မပါဘူးလား။ ဒါ အရေးမကြီးဘူး။’

ရှမ့်လန်က လေးနက်စွာ ပြောလိုက်သည်။ “မင်းသားလျန်... ဒါက သန့်စင်တဲ့ သိုင်းပြိုင်ပွဲ ဖြစ်ကြောင်း အာမခံပါတယ်။ တခြား ဉာဏ်ဆင်တာတွေ မပါပါဘူး။”

မင်းသားလျန်က ပြောလိုက်၏။ “အရှေ့ဘက်လောကရဲ့ အရှင်သခင်အနေနဲ့ တော်ဝင်ချန်အင်ပါယာရဲ့ တရားဝင်မှုကို လုယူမယ့် ဒီပြိုင်ပွဲကို တော်ဝင်ရန်အင်ပါယာက ကြီးကြပ်ရလိမ့်မယ်။ ဒါကြောင့် ဒီပြိုင်ပွဲ တကယ်ကျင်းပမယ်ဆိုရင် တော်ဝင်ရန်အင်ပါယာက တရားမျှတမှုနဲ့ လုံခြုံရေးအတွက် တာဝန်ယူရမယ်။ ပြိုင်ပွဲအတွင်းမှာဖြစ်စေ၊ အပြင်မှာဖြစ်စေ ရူးသွပ်တဲ့ကိစ္စတွေ ဖြစ်လာခဲ့ရင် တော်ဝင်ရန်အင်ပါယာက ပြင်းပြင်းထန်ထန် လက်တုံ့ပြန်မယ်။”

“သဘောတူပါတယ်။” ရှမ့်လန် ပြောလိုက်သည်။

မင်းသားလျန်က ဆက်မေးလိုက်၏။ “ပြီးတော့ ပြိုင်ပွဲကို ချန်မြို့တော်မှာ ကျင်းပမှာ သေချာလား။ အဲဒါ ရင်သားအဖရဲ့ ဌာနချုပ်နော်။”

ရှမ့်လန်က ဖြေလိုက်သည်။ “သေချာပါတယ်။ ချန်နိုင်ငံသစ်က ပြည်သူအားလုံးရဲ့ ရှေ့မှောက်မှာ ရင်ဝူမင်ကို ကျုပ် အနိုင်ယူပြချင်တယ်။ ချန်နိုင်ငံသစ်ပြည်သူတွေကို ကာကွယ်နိုင်တဲ့စွမ်းရည် ကျုပ်မှာ ရှိကြောင်း ပြချင်တယ်။”

မင်းသားလျန် ပြုံးလိုက်သည်။ သူ့သိုင်းပညာသည် ရင်ဝူမင်ကို မယှဉ်နိုင်သော်လည်း ရှမ့်လန် တစ်ရာလောက်ကိုတော့ လက်တစ်ဖက်တည်းနှင့် အနိုင်ယူနိုင်၏။

မင်းသားလျန်က ပြောလိုက်သည်။ “ဉာဏ်ဆင်တာတွေ မပါဘူးလို့ ကတိပေးရင် တော်ဝင်ရန်အင်ပါယာက ဒီပြိုင်ပွဲအတွက် အာမခံပေးမယ်။ လုပ်ငန်းစဉ် တစ်ခုလုံးကို ကြီးကြပ်ပေးရုံသာမက ပြိုင်ပွဲကွင်းနဲ့ ပြင်ပ လုံခြုံရေးကိုပါ တာဝန်ယူပေးမယ်။ ခင်ဗျားရဲ့ သံတမန်အဖွဲ့ကို ဘေးကင်းလုံခြုံစွာ ဝင်ထွက်ခွင့် ပြုမယ်။”

“ကျေးဇူးတင်ပါတယ်။”

“ဒါပေမဲ့ အပြန်အလှန်အနေနဲ့ တော်ဝင်ရန်အင်ပါယာရဲ့ တံဆိပ်တုံးကို ဒီသဘောတူညီချက်ပေါ်မှာ ရိုက်နှိပ်ရမယ်။”

ဤသည်မှာ တော်ဝင်ရန်အင်ပါယာသည် အရှေ့ဘက်လောက၏ အရှင်သခင် ဖြစ်ကြောင်း ထပ်မံ အတည်ပြုလိုက်ခြင်းပင်။

သို့သော်ငြား ရှမ့်လန်သည် ဤအချက်ကို ငြင်းပယ်ခြင်း မရှိခဲ့ပေ။ အင်ပါယာ ကျန်းလီပင်လျှင် ငြင်းပယ်ခြင်း မရှိခဲ့ချေ။ သူသည် အမြဲတမ်း အရှင်သခင်အဖြစ်သာ ခံယူခဲ့ပြီး အင်ပါယာအဖြစ် မခံယူခဲ့ပေ။ အဘယ့်ကြောင့် ဆိုသော် အရှေ့ဘက်လောက တစ်ခုလုံးတွင် အင်ပါယာ တစ်ပါးတည်းသာ ရှိနိုင်သောကြောင့်ပင်။ တော်ဝင်ရန်အင်ပါယာကို အပြီးတိုင် အနိုင်မယူနိုင်သရွေ့ သူသည် အင်ပါယာ မဖြစ်နိုင်ပေ။

ထို့နောက် မင်းသားလျန်သည် တော်ဝင်ရန်အင်ပါယာ၏ အမိန့်တော် တစ်စောင်ကို ထုတ်ယူလိုက်သည်။ အကြောင်းအရာမှာ အတူတူပင် ဖြစ်သည်။

ရှမ့်လန်နှင့် ရင်ဝူမင် သိုင်းပြိုင်ကြမည် ဖြစ်ပြီး အနိုင်ရသူသည် တော်ဝင်ချန်အင်ပါယာ ဘွဲ့ကို ရရှိမည်။ သို့သော်ငြား ဤအမိန့်တော်ကို တော်ဝင်ရန်အင်ပါယာ၏ အမြင်ဖြင့် ရေးသားထားခြင်း ဖြစ်သည်။ ရှမ့်လန်နှင့် ရင်ကွမ်း လက်မှတ်ထိုးလိုက်သည်နှင့် တော်ဝင်ရန်အင်ပါယာကို အရှင်သခင် နေရာကို အသိအမှတ်ပြုလိုက်ခြင်း ဖြစ်၏။

လန်ဖုန်း သို့မဟုတ် ဆော့ရွှမ်းတို့သာ ဆိုလျှင် လုံးဝ လက်မှတ်ထိုးမည် မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် သူတို့ စိတ်ထဲတွင် တော်ဝင်ချန်အင်ပါယာသည်လည်း အရှေ့ဘက်လောက၏ အရှင်သခင်ဖြစ်ပြီး တော်ဝင်ရန်အင်ပါယာ နှင့် တန်းတူဖြစ်သည်။ တော်ဝင်ရန်အင်ပါယာ၏အမိန့်ကို အဘယ်ကြောင့် နာခံရမည်နည်း။

သို့သော်ငြား ရှမ့်လန်သည် လက်တွေ့ကျသူ ဖြစ်သည်။ ဤအရာများကို ဂရုမစိုက်ပေ။ ဤလောကတွင် တော်ဝင်ရန်အင်ပါယာ တစ်ခုတည်းကသာ သူ့ကို ကာကွယ်ပေးနိုင်ပြီး ချန်မြို့တော်ရှိ သံတမန်အဖွဲ့ကို ကာကွယ်ပေးနိုင်သည်။ ထို့ကြောင့် ရှမ့်လန်သည် လက်မှတ်ထိုးပြီး တံဆိပ်တုံး ရိုက်နှိပ်လိုက်သည်။

“ဒါဆို ပြန်ခွင့်ပြုပါအုံး။ ချန်မြို့တော်ကို သွားရအုံးမယ်။” မင်းသားလျန် ပြောလိုက်၏။

ထို့နောက် သူသည် နှင်းလင်းယုန်ကို စီးနင်းကာ ချန်မြို့တော်သို့ ပျံသန်းသွားသည်။ အရေးကြီးသော အသေးစိတ် အချက်တစ်ခု ရှိသည်။ သူသည် နုရှောင့်မြို့သို့ ဦးစွာ လာရောက်ပြီးမှ ချန်မြို့တော်သို့ သွားခြင်း ဖြစ်သည်။

......

“အရှင်ရင်ကွမ်း... ဒီသိုင်းပြိုင်ပွဲက ဘယ်လောက်ရယ်စရာကောင်းလဲ ကျုပ်တို့ ဂရုမစိုက်ဘူး။ ရလဒ် ဘယ်လိုဖြစ်မလဲ ဆိုတာလည်း ဂရုမစိုက်ဘူး။ ဒါပေမဲ့ တော်ဝင်ရန်အင်ပါယာက အာမခံပေးထားတာမို့ လုံခြုံရေး အပြည့်အဝ ရှိရမယ်။ နားလည်လား။”

မင်းသားလျန်က ဆက်ပြော၏။ “ခင်ဗျားနဲ့ ရှမ့်လန်ကြား အမုန်းတရား ဘယ်လောက်ကြီးမားလဲ ကျုပ် ဂရုမစိုက်ဘူး။ ဒါပေမဲ့ ပြိုင်ပွဲကာလအတွင်း ရှမ့်လန်နဲ့ သူ့သံတမန်အဖွဲ့ကို ဘာမှ မလုပ်ရဘူး။ အဲဒီအချိန်ကျရင် တခြားနိုင်ငံတွေနဲ့ အင်အားကြီး ဂိုဏ်းခြောက်ဂိုဏ်းက ကိုယ်စားလှယ်တွေလည်း ရောက်လာကြလိမ့်မယ်။ ဒါက ပွဲကြီးပွဲကောင်း ဖြစ်တာမို့ ဘာမှ မဖြစ်စေရဘူး။ တစ်ခုခု ဖြစ်ခဲ့ရင် တော်ဝင်ရန် အင်ပါယာက အဖိုးအခ မရွေးဘဲ လက်တုံ့ပြန်မယ်။”

ရင်ကွမ်း၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ “မင်းသားလျန်... ရင်မျိုးနွယ်က အဲဒီလောက် ယုတ်မာတဲ့ အလုပ်မျိုး မလုပ်ပါဘူး။”

ဤအချိန်တွင် သူ အလွန် ဒေါသထွက်နေပြီ ဖြစ်၏။

‘မင်းသားလျန်... ခင်ဗျား ဘာသဘောလဲ။ ကျုပ်လို သစ္စာဖောက်က ဒီအခွင့်အရေးကို သုံးပြီး ရှမ့်လန်ရဲ့ လူတွေကို တပြိုင်နက်တည်း ရှင်းပစ်မယ်လို့ ထင်နေတာလား။ အဲဒီလို လုပ်လိုက်ရင် ရင်မျိုးနွယ်က လောကကြီးနဲ့ အဆက်အသွယ် ပြတ်သွားမှာပေါ့။’

မင်းသားလျန်က ပြောလိုက်သည်။ “ကောင်းပါပြီ။ အရှင်ရင်... ဒီအမိန့်တော်ပေါ်မှာ လက်မှတ်ထိုးပြီး တံဆိပ်တုံး ထုပေးပါ။”

ရင်ကွမ်းသည် တော်ဝင်ရန်အင်ပါယာ၏ အမိန့်တော်ကို ယူပြီး သေချာ ဖတ်ရှုလိုက်သည်။ ရှမ့်လန်၏ ရည်ရွယ်ချက်က ဘာပဲဖြစ်ဖြစ် ဤပွဲက ကြီးသထက် ကြီးလာပြီး နောက်ဆုတ်လို့ မရတော့ချေ။ အရှေ့ဘက် လောက၏ အရှင်သခင် တော်ဝင်ရန်အင်ပါယာတောင် ဤကစားပွဲထဲ ဝင်ပါလာပြီဖြစ်၏။

ရင်ကွမ်းသည် လက်မှတ်ထိုးပြီး တံဆိပ်တုံး ရိုက်နှိပ်လိုက်သည်။

အပိုင်း (၁၁၁၄)

မင်းသားလျန်က ပြောလိုက်သည်။ “ကောင်းပါပြီ။ ကိစ္စပြီးပါပြီ။ ရင်ဝူမင်နဲ့ ရှမ့်လန်ရဲ့သိုင်းပြိုင်ပွဲကို မတ်လ ၁၉ ရက်နေ့ကျရင် ချန်မြို့တော်မှာ ကျင်းပပါမယ်။ အဲဒီအချိန်ကျရင် လက်အောက်ခံ နိုင်ငံတွေနဲ့ သဘာဝလွန် အဖွဲ့အစည်းတွေရဲ့ ကိုယ်စားလှယ်တွေ လာရောက်ကြပါလိမ့်မယ်။ ဧည့်ခံဖို့ ပြင်ဆင်ထားပါ။”

ရင်ကွမ်းက ပြောလိုက်၏။ “ကျုပ်တို့ ရင်မျိုးနွယ်က လှိုက်လှဲစွာ ကြိုဆိုပါတယ်။”

“နှုတ်ဆက်ပါတယ်။”

......

မင်းသားလျန် ရန်မြို့တော်သို့ ပြန်ရောက်ပြီးနောက် တော်ဝင်ရန်အင်ပါယာ၏ နှင်းလင်းယုန် သံတမန် ရာပေါင်းများစွာသည် ကောင်းကင်သို့ ပျံတက်ပြီး အရပ်လေးမျက်နှာသို့ အမိန့်တော်များ ပို့ဆောင်ကြသည်။

လောကကြီး ထပ်မံ တုန်လှုပ်သွားပြန်၏။ ယခုအခါ ရှမ့်လန်နှင့် ရင်ကွမ်းတို့ ကြေညာရုံသာမက တော်ဝင်ရန်အင်ပါယာကပါ တရားဝင် ကြေညာလာပြီ ဖြစ်သည်။ ဤသိုင်းပြိုင်ပွဲသည် ကံကြမ္မာ အဆုံးအဖြတ်ပွဲ ဖြစ်လာတော့မည်။ ရှမ့်လန် နောက်ဆုတ်ဖို့ အချိန်နှောင်းသွားပြီ ဖြစ်သည်။ ရင်ဝူမင် ဖြစ်စေ၊ ရှမ့်လန် ဖြစ်စေ တစ်ဦးဦးက နောက်ဆုတ်လိုက်လျှင် ရှုံးနိမ့်သည်ဟု သတ်မှတ်ခံရပြီး တော်ဝင်ချန်အင်ပါယာ ဘွဲ့ကို ဆုံးရှုံးမည်။

လောကကြီး တစ်ခုလုံးသည် မတ်လ ၁၉ ရက်နေ့ကို စောင့်မျှော်နေကြသည်။ တိုင်းနိုင်ငံ အသီးသီးသည် သံတမန်အဖွဲ့များ စတင် ဖွဲ့စည်းနေကြပြီ ဖြစ်သည်။ ဝေးလံခေါင်သီသော လက်အောက်ခံနိုင်ငံများမှ ကိုယ်စားလှယ်များသည်လည်း ဤကံကြမ္မာပွဲသို့ လာရောက်ရန် ခရီးစတင်ကြ၏။

အရှေ့ဘက်လောကတွင် လက်အောက်ခံနိုင်ငံ ဒါဇင်များစွာ ရှိသည်။ ထိုအချိန် ရောက်လျှင် ဤသိုင်းပြိုင်ပွဲကို လာရောက်ကြည့်ရှုမည့် သံတမန်ဦးရေသည် သောင်းချီ ရှိနိုင်ပေသည်။ ချန်နိုင်ငံသစ်မှ ကိုယ်စားလှယ်များနှင့် ပေါင်းလိုက်လျှင် လူသောင်းချီ ရှိလာလိမ့်မည်။

......

ဤအချိန်တွင် နုရှောင့်မြို့သည် ထူးဆန်းသော တိတ်ဆိတ်မှုထဲသို့ ကျရောက်နေသည်။ ရှမ့်လန်၏ ဆုံးဖြတ်ချက်ကို အတိုင်ပင်ခံကောင်စီနှင့် စစ်ဘက်ရေးရာဗျူရိုတို့ပင် ကြိုတင် မသိရှိခဲ့ပေ။ နင်ယွမ်ရှန်းနှင့် ချောင်ယောင်းအာတို့သာ ကြိုသိခဲ့ကြသည်။

တစ်လျှောက်လုံးတွင် အရေးကြီးသော ဆုံးဖြတ်ချက်များကို ရှမ့်လန် တစ်ဦးတည်းသာ ချမှတ်လေ့ရှိပြီး ဆွေးနွေးတိုင်ပင်လေ့ မရှိပေ။ နုရှောင့်မြို့သားများ၊ ဝူ၊ ချောင်၊ ရွှဲ့ သုံးနိုင်ငံမှ ပြည်သူများသည် ယုံကြည် လက်ခံရုံသာ တတ်နိုင်ကြ၏။

အရှင်ရှမ့်လန် တော်ဝင်ရန်အင်ပါယာ၏ အနောက်ဘက်ခြမ်း တပ်တော်မှ စစ်သည် ခြောက်သိန်းခွဲကို ချေမှုန်းပစ်မည်ဟု ပြောခဲ့စဉ်က မည်သူ ယုံကြည်ခဲ့သနည်း။ နောက်ဆုံးတွင် သူ လုပ်ပြနိုင်ခဲ့သည်။

ထို့နောက် မင်းသားကျင်း၏ လူသောင်းချီကို ဘေးကင်းစွာ ကယ်ထုတ်လာမည်ဟု ပြောခဲ့သည်။ ထပ်မံ လုပ်ပြနိုင်ခဲ့ပြန်၏။

သို့သော်ငြား ယခုတစ်ကြိမ် ဆုံးဖြတ်ချက်သည် လွန်စွာ တုန်လှုပ်ဖွယ် ကောင်းသည်။ ယခင်က အံ့ဖွယ်အမှုများသည် မဖြစ်နိုင်ဟု ထင်ရသော်လည်း ဉာဏ်ပညာကို အသုံးပြု၍ ရနိုင်သေးသည်။ သို့သော်ငြား ရင်ဝူမင်နှင့် သိုင်းပြိုင်ရာတွင် ဉာဏ်ပညာကို အားကိုး၍ ရနိုင်မည် မဟုတ်ပေ။ စဉ်းစား၍ပင် မရနိုင်သော ကိစ္စပင်။

သို့သော်ငြား အရှင် ရှမ့်လန်က လောကကို ကြေညာလိုက်ပြီဖြစ်ရာ လူတိုင်း ယုံကြည်ပြီး ဆုတောင်းရုံသာ တတ်နိုင်ကြသည်။ လူအများစုမှာ မည်သို့ ဆုတောင်းရမည်ကိုပင် မသိကြပေ။ ပြိုင်ပွဲကျမှ ရင်ဝူမင် ရုတ်တရက် မူးမေ့လဲသွားပါစေလို့ ဆုတောင်းရမည်လား။ သို့မဟုတ် ပြိုင်ပွဲကျမှ မိုးကြိုးပစ်ပြီး ရင်ဝူမင် သေသွားပါစေလို့ ဆုတောင်းရမည်လား။ ကောင်းကင်ကြီးတောင် ရင်ဝူမင်ကို မိုးကြိုးနှင့်ပစ်သတ်နိုင်ပါ့မလား မသေချာပေ။

လူများစွာသည် တော်ဝင်ချန်အင်ပါယာ နာမည်ကို ဆုံးရှုံးဖို့ ဆုံးဖြတ်ချက် ချထားလိုက်ကြသည်။ ရင်ထဲ နာကျင်ရသော်လည်း နာမည်ဆုံးရှုံးခြင်းသည် အရှင်ရှမ့်လန်ကို ဆုံးရှုံးရခြင်းထက် သာပေသည်။ အခြေခံ အုတ်မြစ် ဆုံးရှုံးရခြင်းထက် သာပေသည်။ အဆိုးဆုံး အနေအထားတွင် နုရှောင့်မြို့၏ တပ်သစ်များကို အပြည့်အဝ လေ့ကျင့်ပြီးသည်အထိ စောင့်ဆိုင်းကာ ရင်ကွမ်းနှင့် စေတီတောင်ကို တိုက်ခိုက်ပြီး တော်ဝင်ချန်အင်ပါယာ နာမည်ကို ပြန်ယူရုံသာ ရှိသည်။

......

လူတိုင်းက ရှမ့်လန်၏ ကံကြမ္မာအတွက် ဆုတောင်းနေကြ၏။

ရှမ့်လန် ကိုယ်တိုင်ကရော။ ဤကာလအတွင်း သူသည် နားလည်ရခက်ခဲသော ရှေးဟောင်းဘုရင်၏ ကျမ်းစာလိပ်ကို လေ့လာနေခဲ့သည်။ တိတိကျကျ ပြောရလျှင် ရင်ဝူမင်ကို စိန်ခေါ်လွှာ မပို့မီကပင် အများစုကို လေ့လာပြီးဖြစ်သည်။

ပထမဆုံးအနေဖြင့် သူ့ခန့်မှန်းချက် မှန်ကန်ခဲ့သည်။ ရှေးဟောင်းအကျဉ်းထောင်ထဲမှ ကျန်းကလန် သစ္စာဖောက်၏ အမည်မှာ ကျန်းရှဲ့ ဖြစ်သည်။ သူသည် ကျန်းမင်းဆက်၏ နောက်ဆုံး အိမ်ရှေ့စံ ဖြစ်သည်။ သူ၏သစ္စာဖောက်မှုကြောင့် အနောက်ဘက်ဒေသမှ ပျောက်ဆုံးနိုင်ငံ၏အင်ပါယာသည် အရှေ့ဘက် ရှေးဟောင်းအင်ပါယာ၏ အဓိက လျှို့ဝှက်ချက်များကို သိရှိသွားခဲ့၏။

ထို့ကြောင့် အနောက်ပိုင်းစစ်ပွဲများတွင် ပျောက်ဆုံးနိုင်ငံအင်ပါယာက အနိုင်ရရှိခဲ့ပြီး အရှေ့ဘက် ရှေးဟောင်းအင်ပါယာကို သေစေလောက်သော ထိုးနှက်ချက်များ ပေးနိုင်ခဲ့သည်။ ထို့ကြောင့် ရှေးဟောင်း ကျန်းကလန်သည် ထီးနန်းဆုံးရှုံးခဲ့ပြီး ကျိကလန်က အစားထိုး နေရာယူခဲ့ခြင်း ဖြစ်သည်။

ရှေးဟောင်းရင်ပြင်ရှိ ကျောက်ခေါင်းတလားထဲမှ ဘုရင်သည် ကျန်းရှဲ့၏သား မဟုတ်ဘဲ မြေးဖြစ်သည်။ ကျင်းကန်တောင် ဘုရားကျောင်းတွင် ဒူးထောက်နေသော နောက်ဆုံးဘုရင်သည် ကျန်းရှဲ့၏မြစ် ဖြစ်သည်။ ဆိုလိုသည်မှာ ကျန်းရှဲ့ သစ္စာဖောက်ပြီးနောက် နှစ်ပေါင်း တစ်ရာခန့် အကြာတွင် လောကကြီး တစ်ခုလုံး ပျက်သုဉ်းခြင်းကြီး ကြုံတွေ့ခဲ့ရပြီး ရှေးဟောင်းယဉ်ကျေးမှု ပျက်စီးသွားခဲ့ခြင်း ဖြစ်၏။

ဤကျန်းရှဲ့သည် ရှမ့်လန်နှင့် တူညီသည်။ ကြက်တစ်ကောင်ကိုပင် ဖမ်းချုပ်နိုင်သော အင်အား မရှိပေ။ သို့သော်ငြား သူသည် ဉာဏ်ကြီးရှင် တစ်ဦး ဖြစ်သည်။ နဂါးနှလုံးသား၊ ရှေးဟောင်းဘုရင် လက်စွပ်နှင့် နဂါးဓားတို့ကို သူကိုယ်တိုင် ဖန်တီးခဲ့ခြင်း ဖြစ်သည်။ ထိုအရာတို့သည် ရှေးဟောင်းကျန်းကလန်၏ ကိုယ်ပိုင် ရတနာများ ဖြစ်သည်။

ထိုမျှမက အရှေ့ဘက်အင်ပါယာ၏ အိမ်မက်ဆိုးကျောက်တုံး ယဉ်ကျေးမှု စနစ် အများစုကိုလည်း သူ ဖန်တီးခဲ့ခြင်း ဖြစ်သည်။ သူက သိုင်းပညာ မတတ်သော်လည်း ဤရှေးဟောင်း ကိရိယာ သုံးခုဖြင့် အံ့မခန်း တိုက်ခိုက်နိုင်စွမ်း ရှိခဲ့သည်။ သူ့ခန္ဓာကိုယ်က အလွန် အားနည်းသော်လည်း စိတ်စွမ်းအင် အလွန် အားကောင်းသည်။ ထို့ကြောင့် ဤရှေးဟောင်း ကိရိယာအစုံအလင်သည် အကြွင်းမဲ့ စွမ်းအားကို ထုတ်လွှတ်နိုင်ခဲ့၏။

ထိုသို့ဆိုလျှင် ရှမ့်လန်မှာ ရင်ဝူမင်ကို အနိုင်ယူမည့် နည်းလမ်း ရှိသည်လား။ ရှိသည်။ ရှေးဟောင်းဘုရင်၏ ကျမ်းစာလိပ်ကို အချိန်အကြာကြီး ရှာဖွေပြီးနောက် နောက်ဆုံးတွင် သေစေလောက်သော တိုက်ကွက် တစ်ခုကို တွေ့ရှိခဲ့သည်။

ဤတိုက်ကွက်သည် အစွမ်းအထက်ဆုံး မဟုတ်သော်လည်း စိတ်စွမ်းအင် အလိုအပ်ဆုံး တိုက်ကွက် ဖြစ်သည်။

ရှမ့်လန်၏ အလွန်အားနည်းသော စိတ်စွမ်းအင်ဖြင့်ဆိုလျှင် ဤတိုက်ကွက် တစ်ခုတည်းကိုသာ အသုံးပြုနိုင်မည် ဖြစ်၏။

မည်သည့် တိုက်ကွက်နည်း။ စွမ်းအင်ဝဲကတော့ပင်။ ဟုတ်ပေသည်။ ရှေးဟောင်းအမွေအနှစ် နေရာများ ကြားတွင်ရှိသော စွမ်းအင်ဝဲကတော့ ဖြစ်သည်။ လုပ်ပိုင်ခွင့်ရှိသူများသည် အလွယ်တကူ ဖြတ်သန်းနိုင် သော်လည်း မရှိသူများမှာ အပိုင်းပိုင်းအစစ ဖြစ်သွားရသည်။ ရှမ့်လန် လုပ်ရမည်မှာ နဂါးနှလုံးသားနှင့် နဂါးဓား၏ စွမ်းအင်ကို အသုံးပြုပြီး စိတ်စွမ်းအင်ဖြင့် စွမ်းအင်ဝဲကတော့ တစ်ခု ဖန်တီးရန် ဖြစ်သည်။

ရင်ဝူမင်သာ ဤစွမ်းအင်ဝဲကတော့ထဲ ဝင်လာလျှင် ဘာဖြစ်သွားမည်နည်း။ လုံးဝ စဉ်းစား၍ပင် မရနိုင်ပေ။ အဓိကအချက်မှာ ဤစွမ်းအင်ဝဲကတော့သည် နဂါးနှလုံးသား၏ စွမ်းအင် ထောက်ပံ့မှုအပေါ် လုံးဝ မှီခိုနေခြင်း ဖြစ်သည်။ ရှမ့်လန်က စိတ်စွမ်းအင်ကို အသုံးပြုပြီး ထိုစွမ်းအင်ကို စီမံခန့်ခွဲပေးရုံသာ ဖြစ်သည်။ ဤသည်မှာ စိတ်စွမ်းအင် အသက်သာဆုံး နည်းလမ်း ဖြစ်နေ၏။

ရှမ့်လန်သည် ဤရှေးဟောင်းဘုရင်ကျမ်းစာလိပ်ကို လေ့လာရင်း ဤကိရိယာများတွင် အဆုံးမဲ့ ဖြစ်နိုင်ခြေများ ၊ လုပ်နိုင်စွမ်းများ ရှိနေကြောင်း မြင်တွေ့ခဲ့ရသည်။ နှမြောစရာပင်။ ကျန်းရှဲ့သာ သစ္စာမဖောက်ခဲ့လျှင် သူသည် ရှေးဟောင်း အရှေ့ဘက် အင်ပါယာ၏ အကြီးမြတ်ဆုံး အင်ပါယာ ဖြစ်လာခဲ့ပေလိမ့်မည်။

သူ အဘယ့်ကြောင့် မိမိ၏အင်ပါယာကို သစ္စာဖောက်ခဲ့သနည်း။ အချစ်ကြောင့်လား။ ဘုရင်မ မီဒူဆာကို စွဲလမ်းမိ၍လား။ သိပ်တော့ ယုတ္တိမရှိလှပေ။ ‘

ကျန်းရှဲ့က ဘုရင်မ မီဒူဆာကို ဘယ်လို လျှို့ဝှက်ချက်တွေ ရောင်းစားခဲ့လို့ ရှေးဟောင်းအင်ပါယာက နှစ်တစ်ရာလောက် စစ်ရှုံးခဲ့ရတာလဲ။’

ဤရှေးဟောင်းအမွေအနှစ် နေရာများမှတဆင့် ကြည့်လျှင် ဘုရင်မမီဒူဆာ၏ တပ်တော်သည် ရှေးဟောင်း အရှေ့ဘက် အင်ပါယာ၏ နယ်စပ်အထိ တိုက်ခိုက်နိုင်ခဲ့ကြောင်း ထင်ရှားနေသည်။

လောလောဆယ် ဤသတင်းအချက်အလက် များကို ခဏထားလိုက်ကြစို့။

ရှမ့်လန်သည် ရှစ်ဆယ် ရာခိုင်နှုန်းလောက် နိုင်မည်ဟု ယုံကြည်ချက် ရှိသောကြောင့် ရင်ဝူမင်ကို စိန်ခေါ်ခဲ့ခြင်း ဖြစ်သည်။ ယခု အရာအားလုံး အဆင်သင့် ဖြစ်နေပြီ။ နောက်ဆုံး တစ်ခုသာ လိုတော့သည်။ နဂါးဓား။ ကိရိယာ သုံးခုအနက် အရေးကြီးဆုံး လက်နက် ဖြစ်၏။

‘သောက်ကျိုးနည်း... ပြိုင်ပွဲ နီးနေပြီ။ လက်နက်ကို မတွေ့သေးဘူး။ ရှေးဟောင်းဘုရင် ကျောက်ခေါင်းတလားထဲက ရွှေဓားကို နဂါးဓားလို့ ထင်ခဲ့ပေမဲ့ မဟုတ်ပြန်ဘူး။ ဒါဆို နဂါးဓားအစစ်က ဘယ်မှာလဲ။ ပင်လယ်ထဲ အပ်ရှာသလို ဖြစ်နေပြီလား။ မဟုတ်ဘူး။’

ရှမ့်လန်သည် အရင်ဆုံး သဲလွန်စတစ်ခု ရရှိခဲ့ပြီးနောက် နဂါးဓား ရှိမည့်နေရာကို အတည်ပြုနိုင်ခဲ့သည်။ ကျန်းရှဲ့သည် ကိုယ့်အင်ပါယာကို သစ္စာဖောက်ပြီး ပျောက်ဆုံးနိုင်ငံ အင်ပါယာ၏ ဘုရင်မ မီဒူဆာထံ အဓိက လျှို့ဝှက်ချက်များ ရောင်းစားခဲ့သည်။ မည်သည့် လျှို့ဝှက်ချက်ကြောင့် ရှေးဟောင်းအင်ပါယာ စစ်ရှုံးခဲ့ရသနည်း ဆိုသည်ကို မသိရသေးချေ။

သို့သော်ငြား ရှေးဟောင်းကျမ်းစာ အများအပြား၊ အထူးသဖြင့် ရှေးဟောင်းဘုရင် ကျမ်းစာလိပ်ကို လေ့လာပြီးနောက် ရှမ့်လန်သည် ယေဘုယျ ကောက်ချက်ချနိုင်ခဲ့သည်။

ရှေးဟောင်း ပျောက်ဆုံးနိုင်ငံ အင်ပါယာသည် တစ်ဦးချင်း တိုက်ခိုက်စွမ်းရည် အလွန် ကောင်းမွန်ပြီး ဆန်းကြယ်သော စွမ်းရည်များ ရှိသည်။ ထို့ကြောင့် မိစ္ဆာတြိဂံနယ်မြေထဲတွင် ပင်လယ်မိစ္ဆာ အမျိုးမျိုး ရှိနေပြီး အကြီးဆုံး အကောင်ကြီးများသည် ရဲတိုက်တစ်ခုထက်ပင် ပိုကြီးမားကြခြင်းပင်။

ရှေးဟောင်း အရှေ့ဘက်အင်ပါယာသည် လက်နက်မျိုးစုံကြောင့် အားကောင်းခဲ့ပြီး ရှေးဟောင်းယဉ်ကျေးမှု စနစ်ကို အိမ်မက်ဆိုးကျောက်တုံး အခြေခံပေါ်တွင် တည်ဆောက်ထားသည်။ ထို့ကြောင့် ရှေးဟောင်း အနောက်ဘက် လောကတွင် သတ္တုဟိုက်ဒရိုဂျင် စွမ်းအင်ဗဟိုချက် မရှိ၊ အိမ်မက်ဆိုးကျောက်တုံး စနစ်လည်း မရှိခဲ့ဟု ယူဆရမည်လား။

‘ကျန်းရှဲ့က မီဒူဆာကို ဒီလျှို့ဝှက်ချက်တွေ ရောင်းစားလိုက်မှ အနောက်ဘက်လောကက ဒီအရာတွေ ပိုင်ဆိုင်သွားတာလား။ ဒါက နဂါးဓားနဲ့ မဆိုင်ဘူး။’

အဓိက သတင်းအချက်အလက်မှာ ကျန်းရှဲ့ အဖမ်းမခံရမီ နဂါးဓားကို ဘုရင်မ မီဒူဆာထံ ပေးအပ်ခဲ့ခြင်း ဖြစ်သည်။ ထိုသို့ဆိုလျှင် ဘုရင်မ မီဒူဆာက ကျန်းရှဲ့ အဖမ်းခံရသည်ကို ဤအတိုင်း ကြည့်နေခဲ့သည်လား။ မဟုတ်ချေ။ ရှေးဟောင်းအကျဉ်းထောင် အောက်ခြေတွင် တိုက်ပွဲကြီး ဖြစ်ပွားခဲ့သော လက္ခဏာများ ရှိနေသည်။ ပင်လယ်ကြမ်းပြင် တစ်ခုလုံး စုတ်ပြတ်နေပြီး နေရာတိုင်းတွင် တိုက်ပွဲ အစအနများ ရှိနေသည်။

နောက်တစ်ချက်မှာ ကျူးမိသားစု ရှာတွေ့ခဲ့သော လျှို့ဝှက်စခန်းသည် နဂါးနောင်တ ပစ်လွှတ်ရန် အသုံးပြုသော နေရာ ဖြစ်သည်။ သိသာသည်မှာ အရေးကြီးသောအချိန်တွင် ဤစခန်းမှ လူများသည် နဂါးနောင်တကို မပစ်လွှတ်ဘဲ ရုပ်ကြွင်းများ ဖြစ်သွားခဲ့ကြ၏။

အဘယ်ကြောင့်နည်း။

ရှမ့်လန် ရဲရဲတင်းတင်း ခန့်မှန်းလိုက်သည်။ ဘုရင်မ မီဒူဆာသည် ပျောက်ဆုံးနိုင်ငံ အင်ပါယာတပ်တော်ကို ဦးဆောင်ပြီး ကျန်းရှဲ့ကို လာကယ်ခဲ့သည်။ ရှေးဟောင်း အရှေ့ဘက်အင်ပါယာက နဂါးနောင်တ သုံးပြီး သူတို့ကို ချေမှုန်းရန် စီစဉ်ခဲ့သည်။

သို့သော်ငြား ဤလျှို့ဝှက်စခန်းမှ တပ်မှူးသည် ထိုသို့ မလုပ်ဆောင်ခဲ့ပေ။ မီဒူဆာ၏ အလှကြောင့်လား၊ သို့မဟုတ် ကျန်းရှဲ့ကို သစ္စာရှိ၍လား မသိနိုင်ပေ။ နောက်ဆုံးတွင် မီဒူဆာ၏ ကယ်တင်မှု မအောင်မြင်ခဲ့ပုံ ရသည်။ သို့မဟုတ် ကျန်းရှဲ့ ကိုယ်တိုင်က အကယ်မခံဘဲ အကျဉ်းထောင်ထဲတွင် အပြစ်ဒဏ် ခံယူလိုစိတ် ရှိခဲ့ခြင်းလား မသိပေ။

အတိုချုပ်ပြောရလျှင် ဤရှေးဟောင်းဘုရင် ကျမ်းစာလိပ်ကို လေ့လာရင်း ရှမ့်လန်သည် ရှေးဟောင်းလောက ၏ အဓိက လျှို့ဝှက်ချက်များကို ဖော်ထုတ်နိုင်ခဲ့သည်။ ထို့အပြင် ဤလျှို့ဝှက်ချက်သည် သူ၊ ကျန်းမိသားစု တို့နှင့် သက်ဆိုင်နေသည်။

ဤလျှို့ဝှက်ချက်များသည် အရေးကြီးသော်လည်း ယခုအချိန်တွင် အရေးအကြီးဆုံးမှာ နဂါးဓားကို ရှာဖွေပြီး ရင်ဝူမင်ကို အနိုင်ယူရန် ဖြစ်သည်။ နဂါးဓားသည် မိစ္ဆာတြိဂံနယ်မြေထဲတွင် ရှိနေသည်။ ချစ်သူပေးသော လက်ဆောင် ဖြစ်သောကြောင့် ဘုရင်မ မီဒူဆာ၏ ကိုယ်ပိုင်ပစ္စည်း ဖြစ်နေခဲ့သည်မှာ ကြာပြီ ဖြစ်၏။

ရှမ့်လန်နှင့် ရင်ဝူမင်၏ သိုင်းပြိုင်ပွဲသည် မတ်လ ၁၉ ရက်နေ့တွင် ဖြစ်ပြီး ရက်ပေါင်း ၅၀ ခန့် လိုသေးသည်။ ဤရက်စွဲကို ရှမ့်လန်၊ ရင်ကွမ်းနှင့် တော်ဝင်ရန်အင်ပါယာတို့ ပူးပေါင်း ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ နိုင်ငံ အသီးသီးမှ သံတမန်များ ချန်မြို့တော်သို့ လာရောက်ရန် အချိန်လိုသောကြောင့်ပင်။ အဝေးဆုံး လက်အောက်ခံ နိုင်ငံသည် မိုင်တစ်သောင်းကျော် ဝေးကွာပြီး နှင်းလင်းယုန် မရှိပေ။ မြင်းဖြင့် လာမည်ဆိုလျှင် တစ်လကျော် ကြာမြင့်မည်။

ဤရက် ၅၀ အတွင်း ရှမ့်လန်သည် မိစ္ဆာတြိဂံနယ်မြေသို့ ထပ်မံ သွားရောက်ပြီး နဂါးဓားကို ပြန်ယူရမည် ဖြစ်သည်။

......

“ယောင်ယောင်ကို ခေါ်သွားမလား။”

ချောင်ယောင်းအာက မေးလိုက်၏။ “ယောင်ယောင်က မီဒူဆာရဲ့ ဝိညာဉ် ဆက်ခံသူလေ။”

ရှမ့်လန်သည် ချောင်ယောင်းအာ၏ ကိုယ်ခန္ဓာကို သိမ်းပိုက်ခဲ့ဖူးသော ဘုရင်မ မီဒူဆာကို ပြန်လည် သတိရမိသည်။ ယခင်က တိုက်ဆိုင်မှုဟု ထင်ခဲ့သော်လည်း ယခုအခါ ကံကြမ္မာဆိုးဟု ထင်မြင်မိသည်။ ဘုရင်မ မီဒူဆာသည် အင်ပါယာနှင့် မတူပေ။

ရှေးဟောင်း ပျောက်ဆုံးနိုင်ငံ အင်ပါယာသည် အနောက်ဘက်လောက၏ မိုင်သောင်းချီသော ကုန်းမြေနှင့် ပင်လယ်ကို အုပ်စိုးခဲ့သည်။ ဘုရင်မ မီဒူဆာသည် ထိပ်တန်း ခေါင်းဆောင်ဖြစ်ပြီး ရှေးဟောင်း ပျောက်ဆုံးနိုင်ငံ အင်ပါယာ၏ ဘုရင်ခံနှင့် တူညီသည်။

ရှေးဟောင်း အရှေ့ဘက် အင်ပါယာတွင် ကျိကလန်၊ ကျန်းကလန်၊ ရန်ကလန် စသည်ဖြင့် ရှိကြသည်။ ရှေးဟောင်း ပျောက်ဆုံးနိုင်ငံ အင်ပါယာတွင် တော်ဝင်မိသားစု တစ်ခုတည်းသာ ရှိကောင်းရှိနိုင်ပြီး ၎င်းမှာ လူမျက်နှာ မြွေကိုယ်ခန္ဓာ ရှိသော မီဒူဆာကလန် ဖြစ်သည်။ သို့သော်ငြား အလွန် ထူးဆန်းသော အချက်တစ်ချက် ရှိနေသည်။ ရှေးဟောင်းကျန်းကလန်၏ တိုတမ် (ကိုးကွယ်ရာ အထိမ်းအမှတ် ရုပ်ပုံ) သည်လည်း အဘယ့်ကြောင့် လူမျက်နှာ မြွေကိုယ်ခန္ဓာ ဖြစ်နေရသနည်း။

ယောင်ယောင်ကို ခေါ်သွားသင့်သည်လား။ ယောင်ယောင်သည် မိစ္ဆာတြိဂံနယ်မြေထဲတွင် ပြိုင်ဘက်ကင်း ဖြစ်သည်။ မည်သူမှဖွင့်မရသော မဟာပိရမစ်ကြီးကိုပင် ယောင်ယောင်က လွယ်ကူစွာ ဖွင့်နိုင်ခဲ့သည် မဟုတ်ပါလား။

ဤအချိန်တွင် ရှမ့်လန်သည် သူ၏ပင်ကိုသိစိတ်ကို ယုံကြည်ရမည် ဖြစ်သည်။ ပထမအချက် ယောင်ယောင်ကို သူ့အတွက် စွန့်စားခိုင်းခြင်းမျိုးအား မလိုလားပေ။ ဤကလေးကို စိတ်ပူပန်ခြင်းကင်းစွာ ကြီးပြင်းစေချင်သည်။ ဒုတိယအချက် - ယခုတစ်ကြိမ်တွင် သူသည် ကျန်းရှဲ့၏ မျိုးဆက်ဟူသော အထောက်အထားဖြင့် နဂါးဓားကို သွားယူရမည်။

ကျန်းရှဲ့သည် ဘုရင်မ မီဒူဆာအတွက် ကိုယ့်အင်ပါယာကို သစ္စာဖောက်ခဲ့ပြီး ရှေးဟောင်းကျန်းကလန် ထီးနန်းဆုံးရှုံးစေခဲ့သည်။ ထို့ကြောင့် သူသည် ဘုရင်မမီဒူဆာနှင့် ပျောက်ဆုံးနိုင်ငံအင်ပါယာ အင်အားစုများအတွက် အထူးလူ ဖြစ်မနေဘူးလား။

ယခင်က ရှမ့်လန်တွင် သူ့အထောက်အထားကို သက်သေပြရန် နည်းလမ်း မရှိသော်လည်း ယခု နဂါးနှလုံးသား နှင့် ရှေးဟောင်းကျန်းကလန်၏ ဘုရင်လက်စွပ် ရှိနေပြီဖြစ်သောကြောင့် ကျန်းရှဲ့၏ မျိုးဆက်ဖြစ်ကြောင်း သက်သေပြနိုင်လောက်ပေသည်။

“မခေါ်တော့ဘူး။”

ရှမ့်လန်က ပြောလိုက်၏။ “သူ့ဘာသာ အပူအပင်ကင်းကင်းနဲ့ ဆက်နေပါစေ။”

ထို့နောက် ရှမ့်လန်သည် မည်သူ့ကိုမှ နှုတ်မဆက်ဘဲ ချောင်ယောင်းအာ၏ ကာကွယ်မှုအောက်တွင် တချောင်ကို စီးနင်းကာ မိစ္ဆာတြိဂံနယ်မြေသို့ ထွက်ခွာခဲ့သည်။

......

မိစ္ဆာတြိဂံနယ်မြေသည် နုရှောင့်မြို့နှင့် ကီလိုမီတာ သောင်းချီ ဝေးကွာသည်။ ကံကောင်းစွာဖြင့် တချောင် ရှိနေသည်။ သင်္ဘောနှင့် သွားမည်ဆိုပါက ကြာလွန်းပေလိမ့်မည်။ တစ်ရက်ကျော် ကြာချိန်မှာတော့ ရှမ့်လန်နှင့် တချောင်တို့သည် မိစ္ဆာတြိဂံနယ်မြေ၏ အစွန်အဖျားသို့ ရောက်ရှိလာကြ၏။

ဤနေရာသည် ကမ္ဘာပျက်မည့် နေရာကဲ့သို့ ဖြစ်နေဆဲပင်။ နေ့နှင့် ည မရှိဘဲ ထူထဲသော မြူမဲကြီးများသည် တံတိုင်းကြီးကဲ့သို့ ကီလိုမီတာ ခြောက်ထောင်၊ ခုနစ်ထောင်ခန့် ရှည်လျားကာ ကောင်းကင်နှင့် ပင်လယ် ကြားတွင် တည်ရှိနေသည်။ မြူမဲကြီးများကြားတွင် မရေမတွက်နိုင်သော လျှပ်စီးများလက်နေပြီး လေဆင် နှာမောင်းများ ပေါ်ထွက်ကာ အရာအားလုံးကို ဝါးမျိုနေသည်။

ယခုအချိန်အထိ မိစ္ဆာတြိဂံနယ်မြေသည် တားမြစ်နယ်မြေ ဖြစ်နေဆဲပင်။ နှင်းလင်းယုန် ဖြစ်စေ၊ ရှေးဟောင်း လင်းယုန်ဖြစ်စေ မည်သူမှ ဤနေရာသို့ မဝင်ရဲကြပေ။ နေရာတိုင်းတွင် လျှပ်စီးများ ရှိနေပြီး လေဆင်နှာမောင်းများသည် မည်သည့် ပျံသန်းသော သားရဲကိုမဆို အပိုင်းပိုင်းအစစ ဖြစ်သွားစေနိုင်၏။

All Chapters