← Chapters

အခန်း (၁၁၁၅-၁၁၁၆)

Vol. 65 Ch. 1115-1116

အခန်း (၁၁၁၅-၁၁၁၆)

Vol. 65 Ch. 1115-1116

အပိုင်း (၁၁၁၅)

ထိုမျှမက ပင်လယ်မွန်းစတား သန်းပေါင်းများစွာလည်း ရှိနေသေးသည်။ အချို့သော ပင်လယ်မိစ္ဆာများသည် အလွန် အစွမ်းထက်ပြီး ရဲတိုက်ကြီးတစ်ခုကိုပင် အလွယ်တကူ ဖျက်ဆီးပစ်နိုင်သည်။ သူတို့အတွက်မူ ဤနေရာသည် ပျောက်ဆုံးနိုင်ငံအင်ပါယာ၏ နယ်မြေဖြစ်ပြီး ပြင်ပလူများ ဝင်ရောက်ခြင်းသည် ကျူးကျော်ခြင်းပင် ဖြစ်သည်။

ယခင်က ရှမ့်လန် မကြောက်မရွံ့ ဝင်ရောက်ခဲ့သော်လည်း ယခုတစ်ကြိမ်တွင် မတူတော့ပေ။ မိစ္ဆာတြိဂံနယ်မြေ ပိရမစ် အကျပ်အတည်းနှင့် ကြုံတွေ့ပြီးနောက် ပင်လယ်မွန်းစတား တပ်တော်သည် သူ့ကို ဘေးကင်းစွာ ပြန်ပို့ ပေးခဲ့ပြီး သူ့လူများကိုလည်း မတိုက်ခိုက်ခဲ့ပေ။ ဤသည်မှာ နားလည်မှု တစ်ခုပင်။

ပင်လယ်မွန်းစတား တပ်တော်က ထုတ်မပြောသော်လည်း ရှမ့်လန်သည် မိစ္ဆာတြိဂံနယ်မြေကို နောက်တစ်ကြိမ် မကျူးကျော်တော့ပါ၊ ပျောက်ဆုံးနိုင်ငံ အင်ပါယာ နယ်မြေထဲ မဝင်တော့ပါဟု နားလည်မှု ယူထားခဲ့၏။

ရှမ့်လန်သည် အိမ်မက်ဆိုးကျောက်တုံး အသံချဲ့စက်ကို ထုတ်ယူကာ အော်ဟစ်လိုက်သည်။

“ဘုရင်မ မီဒူဆာရဲ့ တပ်တော်၊ ပျောက်ဆုံးနိုင်ငံ အင်ပါယာရဲ့ မျိုးဆက်များ... ကျုပ် ရှမ့်လန်ပါ။ မိစ္ဆာတြိဂံနယ်မြေထဲ ဝင်ခွင့်တောင်းပါတယ်။”

မိစ္ဆာတြိဂံနယ်မြေထဲမှ မည်သည့် တုံ့ပြန်မှုမှ မရှိပေ။

ရှမ့်လန် ထပ်မံ ပြောလိုက်၏။ “ပျောက်ဆုံးနိုင်ငံ အင်ပါယာရဲ့ မျိုးဆက်များ... ကျုပ် ရှမ့်လန်ပါ။ မိစ္ဆာတြိဂံနယ်မြေထဲ ဝင်ခွင့်တောင်းပါတယ်။”

တုံ့ပြန်မှု မရှိသေးပေ။

ရှမ့်လန်သည် အတင်းအဓမ္မ ဝင်ရောက်ခြင်း မပြုဘဲ ထပ်ခါထပ်ခါ အော်ဟစ်နေခဲ့သည်။ တစ်ရက်နှင့် တစ်ည ကုန်ဆုံးသွားသည်။

နှစ်ရက်နှင့် နှစ်ည ကုန်ဆုံးသွား၏။

တချောင်သည် စိတ်မရှည်တော့ဘဲ ရှမ့်လန်နှင့်အတူ အတင်း ဝင်ရောက်ရန် ပြင်ဆင်နေသည်။ မိစ္ဆာတြိဂံ နယ်မြေအပေါ်ထားရှိသော သူ၏ ရန်လိုမှုကို ရှမ့်လန် ခံစားမိသည်။ မျိုးရိုးဗီဇ မှတ်ဉာဏ်နှင့် သက်ဆိုင် ပေလိမ့်မည်။ သူတို့ကို ပျောက်ဆုံးနိုင်ငံ အင်ပါယာကို တိုက်ခိုက်ရန် မွေးမြူခဲ့ခြင်း ဖြစ်နိုင်သည်။

သုံးရက်နှင့် သုံးည ကုန်ဆုံးသွားသည်။ ရှမ့်လန် မမောမပန်း အော်ဟစ်နေဆဲပင်။

“ပျောက်ဆုံးနိုင်ငံအင်ပါယာရဲ့ မျိုးဆက်များ... ကျုပ် ရှမ့်လန်ပါ။ မိစ္ဆာတြိဂံနယ်မြေထဲ ဝင်ခွင့်တောင်းပါတယ်။”

“ဝုန်း... ဝုန်း... ဝုန်း...”

ရုတ်တရက် ကောင်းကင်နှင့် မြေကြီးကြားတွင် အံ့မခန်း မိုးကြိုးသံကြီး ဟိန်းထွက်လာသည်။ ပင်လယ်ပြင်တွင် ဆူနာမီလှိုင်းလုံးကြီးများ ထကြွလာသည်။ မိုင်ရာချီ ရှည်လျားသော လျှပ်စီးတန်းကြီးများ သည် လောကကြီးကို ဆွဲဖြဲတော့မည့်အလား ပေါ်ထွက်လာ၏။

ထို့နောက် ကြောက်မက်ဖွယ်ရာ မြင်ကွင်းတစ်ခု ပေါ်လာသည်။ လောကတံတိုင်းကြီးသဖွယ် ဖြစ်နေသော မိုင်ခြောက်ထောင် ခုနစ်ထောင်ခန့် ရှည်လျားသည့် မြူမဲကြီးများပေါ်တွင် မျက်နှာကြီးတစ်ခု ပေါ်ထွက်လာသည်။ ထူးဆန်းပြီး ကြောက်စရာကောင်းသော မျက်နှာကြီးသည် မွန်းစတားတစ်ကောင်နှင့် မတူဘဲ မိစ္ဆာနတ်ဘုရား တစ်ပါးနှင့် တူနေသည်။

‘ဒါ... ဒါကလည်း ရှေးဟောင်း ပျောက်ဆုံးနိုင်ငံ အင်ပါယာရဲ့ မျိုးနွယ်စုပဲလား။’

သို့သော်ငြား ရှမ့်လန် ဤကဲ့သို့သော ပင်လယ်မွန်းစတားမျိုး တစ်ခါမှ မမြင်ဖူးပေ။ မြွေမျက်နှာနှင့် တူသလို လူနှင့်လည်း တူနေသည်။ နဖူးအလယ်တွင် မျက်လုံးတစ်လုံး ပါရှိပြီး ခေါင်းပေါ်တွင် ဦးချိုများ၊ အရိုးဆူးများဖြင့် ဖုံးလွှမ်းနေသည်။ ပါးစပ်ဖွင့်လိုက်ချိန်မှာတော့ အထပ်ထပ်သော သွားများ ရှုပ်ထွေးပွေလီစွာ ရှိနေ၏။

အရုပ်ဆိုးလိုက်သည့်ဖြစ်ခြင်း။ ဘီလူးကောင် ၊ နတ်ဆိုးနှင့်လည်း တူသည်၊ ဂြိုဟ်သားနှင့်လည်း တူသည်။ ဂိမ်းထဲမှ အခြေခံအကျဆုံးနှင့် အရုပ်ဆိုးဆုံး နာဂါမိစ္ဆာနှင့်လည်း တူသည်။ အတိုချုပ် ပြောရလျှင် ဘာကောင်လဲ သူ မသိပေ။ ၎င်း၏ မျက်နှာကို မရေမတွက်နိုင်သော မီးခိုးငွေ့များဖြင့် ဖွဲ့စည်းထားပြီး အလွန် ကြီးမားသည်။ မိုင်ရာချီ မြင့်မားသည်။

“အရှင်ရှမ့်လန်... ဘယ်သူ့ကိုမှ ဝင်ခွင့်မပေးဘူးဆိုတဲ့ နားလည်မှု ငါတို့ ယူထားပြီးပြီလေ။ ဒီနေရာက ပျောက်ဆုံးနိုင်ငံ အင်ပါယာရဲ့ နယ်မြေပဲ။”

ဘီလူးမျက်နှာကြီး တွန့်လိမ်သွားပြီး မရေမတွက်နိုင်သော အရိုးဆူးများ လှုပ်ခတ်သွားကာ ပြင်းထန်သော ရန်လိုမှုကို ထုတ်လွှတ်လိုက်၏။ “အရှင်ရှမ့်လန်... ထွက်သွားပါ။ မဟုတ်ရင် သတ်ဖြတ်မှုကို စတင်ရလိမ့်မယ်။”

မြူမဲများဖြင့် ဖွဲ့စည်းထားသော ဘီလူးမျက်နှာကြီးသည် ပါးစပ်ဟလိုက်ရာ မိုင်ဆယ်ချီ ကျယ်ဝန်းသော လေဆင်နှာမောင်းကြီး တစ်ခု ဖြစ်ပေါ်လာသည်။ ဤဘီလူးကောင်ကြီး၏ ခန္ဓာကိုယ် အမှန်တကယ် ကြီးမားခြင်း မဟုတ်ဘဲ မြူမဲများကို ထိန်းချုပ်ကာ ကြီးမားသော မျက်နှာကြီးတစ်ခုဖြစ်အောင် ဖန်တီးထားခြင်း ဖြစ်သည်။ ရှမ့်လန် မထွက်သွားလျှင် ၎င်းသည် ရှမ့်လန်၊ တချောင်နှင့် ချောင်ယောင်းအာတို့ ကို ဝါးမျိုပြီး အပိုင်းပိုင်း ချေမှုန်းပစ်မည်။

ရှမ့်လန်က ပြောလိုက်သည်။ “အရှင် ပျောက်ဆုံးနိုင်ငံ အင်ပါယာရဲ့ စစ်သေနာပတိ... ကျုပ်မှာ အရေးကြီးကိစ္စ ရှိလို့ပါ။”

ဘီလူးမျက်နှာကြီးက စတင် ရေတွက်လိုက်၏။ “သုံး...၊ နှစ်...၊ တစ်... ”

ထို့နောက် ၎င်း၏ပါးစပ်ကြီးသည် ရူးသွပ်စွာ စတင် ဝါးမျိုလေတော့သည်။ ကြီးမားသော လေဆင် နှာမောင်းကြီး တုန်ခါသွားပြီး အံ့မခန်း စုပ်ယူအားကို ထုတ်လွှတ်လိုက်သည်။ မီတာထောင်ချီ ဝေးကွာနေသော်လည်း ရှမ့်လန်၊ တချောင်နှင့် ချောင်ယောင်းအာတို့သည် ပါးစပ်ပေါက်ထဲသို့ တိုက်ရိုက် ပါသွားကြသည်။

သဘာဝတရား၏ စွမ်းအားရှေ့မှောက်တွင် ခုခံနိုင်စွမ်း လုံးဝ မရှိပေ။ ထို့နောက် အတွင်းမှ လေဆင် နှာမောင်းသည် ပြင်းထန်သော စွမ်းအားကို ထုတ်လွှတ်ပြီး ရှမ့်လန်ကို အပိုင်းပိုင်း ချေမှုန်းရန် ကြိုးစား၏။

ရှမ့်လန်သည် လက်ထဲမှ ရှေးဟောင်းဘုရင် လက်စွပ်ကို မြှောက်ကာ အော်ဟစ်လိုက်သည်။ “ကျုပ်က ဘုရင်မ မီဒူဆာရဲ့ချစ်သူ အရှင်ကျန်းရှဲ့ရဲ့ မျိုးဆက်ပဲ။ ကျုပ်က သူ့ရဲ့ တစ်ဦးတည်းသော ဆက်ခံသူပဲ။ ရှေးဟောင်း ကျန်းကလန်ကို ကိုယ်စားပြုပြီး ကျုပ်တို့ပိုင်တဲ့ နဂါးဓားကို လာပြန်ယူတာ။”

ရှမ့်လန်၏အော်သံအဆုံးတွင် ရှေးဟောင်းဘုရင်လက်စွပ်မှ တောက်ပသော အလင်းရောင်များ ဖြာထွက် လာ၏။

.........

ရှမ့်လန် နောက်တစ်ကြိမ် နိုးလာချိန်မှာတော့ မိစ္ဆာတြိဂံနယ်မြေထဲသို့ ရောက်ရှိနေပြီ ဖြစ်၏။ သူသည် ကျောက်တိုက်တစ်ခုထဲတွင် ရှိနေသော်လည်း ပတ်လည်တွင် ကျောက်တုံးများဖြင့် ဝန်းရံထားသောကြောင့် အပြင်ဘက်ကို လုံးဝ မြင်တွေ့ရခြင်း မရှိပေ။

ရှမ့်လန်က မေးလိုက်သည်။ “ပြီးခဲ့တဲ့တစ်ခေါက် မိစ္ဆာတြိဂံနယ်မြေကို ရောက်တုန်းက ပျောက်ဆုံးနိုင်ငံ အင်ပါယာရဲ့ မျိုးဆက် အားလုံးနီးပါးကို တွေ့ခဲ့ရပေမယ့် ခင်ဗျားကို မတွေ့ခဲ့ရပါဘူး။”

ဘီလူးကြီးက ဖြည်းညင်းစွာ ပြောလိုက်၏။ “အရှင်ရှမ့်လန်... ပျောက်ဆုံးနိုင်ငံ အင်ပါယာအကြောင်း ခင်ဗျား ကောင်းကောင်း နားလည်ထားတယ် ဆိုရင် ကျုပ် ဘယ်သူလဲ ဆိုတာ သိသင့်တယ် မဟုတ်လား။”

ကံမကောင်းစွာဖြင့် ရှမ့်လန်သည် ပျောက်ဆုံးနိုင်ငံ အင်ပါယာအကြောင်း အများကြီး လေ့လာမထားခဲ့ပေ။ ရှေးဟောင်းကျန်းကလန် ကျမ်းစာလိပ်ထဲတွင် အနည်းငယ် ဖော်ပြထားသော်လည်း အချက်အလက်များ မစုံလင်ပေ။

ရှမ့်လန်က ပြောလိုက်သည်။ “ကျုပ် မမှားဘူးဆိုရင် ကျုပ်ဘိုးဘေးကျန်းရှဲ့နဲ့ ပျောက်ဆုံးနိုင်ငံ အင်ပါယာကြားမှာ စာချုပ်တစ်ခု ရှိခဲ့တယ် မဟုတ်လား။ သူ ဘုရင်မကို ပေးခဲ့တဲ့ ပစ္စည်းတွေကို ကျုပ် ပြန်ယူခွင့် ရှိသင့်တယ်။ ဘာပဲဖြစ်ဖြစ် ဒါတွေက ကျန်းကလန်ရဲ့ ပစ္စည်းတွေလေ။”

ဘီလူးကြီး ရယ်မောလိုက်၏။ “မှန်တယ်။ အိမ်ရှေ့စံကျန်းရှဲ့က ပျောက်ဆုံးနိုင်ငံ အင်ပါယာကို အရေးကြီးတဲ့ ပစ္စည်းတချို့ ပေးခဲ့တယ်။ ဒါပေမဲ့ ဘာတွေပေးခဲ့လဲ သိလား။”

ရှမ့်လန် တကယ်မသိချေ။ ရှေးဟောင်းဘုရင်ကျမ်းစာလိပ်မှ သူသိရသော တစ်ခုတည်းသော အဖြေမှာ နဂါးဓား ဖြစ်သည်။

“ဒီတစ်ခေါက် ကျုပ် ပြန်ယူချင်တာ နဂါးဓား တစ်လက်တည်းပါ။ အိမ်ရှေ့စံကျန်းရှဲ့က ဘုရင်မကို ပေးခဲ့တဲ့ ပစ္စည်းတွေထဲက တစ်ခု မဟုတ်လား။” ရှမ့်လန်က မေးလိုက်၏။

ဘီလူးကြီးက ဖြည်းညင်းစွာ ဖြေလိုက်သည်။ “ဟုတ်တယ်။ ရှိနေတယ်။”

ရှမ့်လန်က ထပ်မေးလိုက်သည်။ “ပြီးခဲ့တဲ့တစ်ခေါက် မိစ္ဆာတြိဂံနယ်မြေကို ရောက်တုန်းက ခင်ဗျားကို ဘာလို့ မတွေ့ခဲ့ရတာလဲ။ ခင်ဗျားက ပျောက်ဆုံးနိုင်ငံအင်ပါယာ မျိုးဆက်တွေရဲ့ ခေါင်းဆောင် ဖြစ်သင့်တယ် မဟုတ်လား။”

ဘီလူးကြီးက ပြန်ဖြေလိုက်၏။ “သမိုင်းကြောင်း ပြောင်းလဲသွားပြီ။ လောကကြီး ပြောင်းလဲသွားပြီ။ ရှေးဟောင်း အရာတချို့ နိုးထလာခဲ့ကြပြီ။”

မီးနဂါးကြယ်တံခွန် ရိုက်ခတ်မှုကြောင့်လား။ ထို့ကြောင့် ရှေးဟောင်းသတ္တဝါတချို့ နိုးထလာခဲ့သည်လား။

ရှမ့်လန်က ပြောလိုက်သည်။ “လိုရင်းကိုပဲ ပြောကြရအောင်။ ကျုပ်က ကျန်းကလန်ပိုင်တဲ့ နဂါးဓားကို ပြန်ယူဖို့ လာခဲ့တာပါ။”

ဘီလူးကြီးက မေး၏။ “အရှင်ရှမ့်လန်... ခင်ဗျားက ဒီလောကမှာ ဉာဏ်အကောင်းဆုံး လူသားလို့ ကြားထားတယ်။”

“မြှောက်လွန်းပါပြီ။”

ဘီလူးကြီးက ပြောလိုက်သည်။ “အိမ်ရှေ့စံကျန်းရှဲ့က တစ်ချိန်တုန်းက အရှေ့ဘက်လောကရဲ့ ပညာရှိတစ်ပါး ဖြစ်ခဲ့တယ်။ ခင်ဗျားက ရှေးဟောင်းဘုရင် လက်စွပ် ဝတ်ထားရုံ၊ သူ့သွေးမျိုးရိုး ရှိနေရုံနဲ့ သူ့ဆက်ခံသူ ဖြစ်မလာနိုင်ဘူး။ အဓိကက ဉာဏ်ပညာပဲ။ နားလည်လား။”

“အသေးစိတ် ရှင်းပြပေးပါအုံး။”

ဘီလူးကြီးက ပြောလိုက်၏။ “ကျုပ် ခင်ဗျားကို မေးခွန်း သုံးခု မေးမယ်။ ဖြေနိုင်ရင် နဂါးဓား ပေးမယ်။ ဘယ်လိုလဲ။ ဒါဆိုရင် ခင်ဗျားက ရှေးဟောင်း အိမ်ရှေ့စံကျန်းရှဲ့ရဲ့ ဆက်ခံသူဖြစ်ဖို့ အရည်အချင်း ရှိတယ်လို့ သတ်မှတ်လို့ ရပြီ။”

“မေးခွန်းသုံးခုလား။ မေးပါ။” ရှမ့်လန် ပြောလိုက်သည်။

“ဒါဆို သေချာကြည့်။ ဒါ ပထမဆုံး မေးခွန်း။” ဘီလူးကြီး ပြော၏။

ထို့နောက် ရှမ့်လန်၏ ရှေ့မှောက်တွင် မြူမဲများ စုစည်းကာ စက်ဝိုင်းဆယ်ခုဖြင့် ဖွဲ့စည်းထားသော တြိဂံပုံစံ တစ်ခု ပေါ်လာသည်။ ပုံစံမှာ အောက်ပါအတိုင်း ဖြစ်သည်။

၀

၀၀

၀၀၀

၀၀၀၀

ဘီလူးကြီးက ပြောလိုက်၏။ “အရှင်ရှမ့်လန်... ဒီတြိဂံကို ပြောင်းပြန်လှန်ဖို့ စက်ဝိုင်း သုံးခုပဲ ရွှေ့ခွင့်ရှိတယ်။ ခင်ဗျားမှာ သုံးစက္ကန့်ပဲ အချိန်ရမယ်။”

ဆိုလိုသည်မှာ ပုံမှန်တြိဂံကို အောက်ပါအတိုင်း ပြောင်းပြန်တြိဂံ ဖြစ်စေရမည်လား။

၀၀၀၀

၀၀၀

၀၀

၀

“ခင်ဗျားမှာ သုံးစက္ကန့်ပဲ ရှိတယ်။ သုံး... နှစ်... တစ်... အချိန်ကုန်ပြီ။” ဘီလူးကြီး ရေတွက်လိုက်သည်။

ရှမ့်လန်က ချက်ချင်း ဖြေလိုက်၏။ “ထိပ်ဆုံးက တစ်လုံးကို အောက်ဆုံး ရွှေ့လိုက်။ ပြီးရင် အောက်ဆုံးတန်းက ဘယ်ဘက်အစွန်ဆုံး တစ်လုံးနဲ့ ညာဘက်အစွန်ဆုံး တစ်လုံးကို ဒုတိယတန်းရဲ့ ဘေးတစ်ဖက်စီ ရွှေ့လိုက်။ ဒါဆိုရင် လေးလုံးတန်းက နှစ်လုံးတန်း ဖြစ်သွားမယ်။ နှစ်လုံးတန်းက လေးလုံးတန်း ဖြစ်သွားမယ်။ တြိဂံ ပြောင်းပြန် ဖြစ်သွားပြီ။”

ဤမေးခွန်းက လွယ်လွန်းလှသည်။ ဆယ်နှစ်သား ကလေးတောင် ဖြေနိုင်သည့် မေးခွန်းမျိုး ဖြစ်သည်။ ရှေးဟောင်းဘီလူးကြီး မေးသော မေးခွန်းနှင့်ပင် မတူပေ။

“ဖြောင်း ဖြောင်း ဖြောင်း... ” ပျောက်ဆုံးနိုင်ငံမှ ဘီလူးများ လက်ခုပ်တီးလိုက်ကြသည်။

“နောက်ထပ် ဒုတိယမေးခွန်း။ အရှင်ရှမ့်လန်... သေချာ နားထောင်ပါ။”

ဘီလူးကြီးက မေးလိုက်၏။ “ကျုပ် ဘယ်သူလဲ။ ခင်ဗျားမှာ သုံးစက္ကန့်ပဲ အချိန်ရတယ်။”

ဤမေးခွန်းက တကယ် ခက်ခဲသည်။ စောစောက မျက်နှာကို မြင်လိုက်ရချိန်မှာတော့ ရှမ့်လန် အလွန် အံ့အားသင့်သွားခဲ့သည်။ လောကတံတိုင်းကြီးပေါ်မှ မျက်နှာကြီးသည် ထူထဲသောမြူမဲများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ အလွန် ကြီးမားပြီး မိုင်တစ်ရာခန့် မြင့်မားသည်။ ထိုမျက်နှာကြီးသည် ကြောက်မက်ဖွယ် ကောင်းပြီး ဆန်းကြယ်ကာ လျှို့ဝှက်နက်နဲသည်။ ရှေးဟောင်းမှတ်တမ်းများထဲတွင်ပင် ရှမ့်လန် တစ်ခါမှ မမြင်ဖူးခဲ့ပေ။

‘ဒီဘီလူးက ဘယ်သူလဲဆိုတာ ဘယ်သူသိမှာလဲ။ ဘာမျိုးစိတ်လဲ ဆိုတာတောင် သူ မသိ’

“သုံး... နှစ်... တစ်... အချိန်ကုန်ပြီ။”

ဘီလူးကြီးက ပြောလိုက်သည်။ “မဖြေနိုင်ဘူးလား။ ဒါဆိုရင်တော့ စိတ်မကောင်းပါဘူး။ ခင်ဗျား ဉာဏ်မကောင်းသေးဘူး။ ဒီနဂါးဓားကို ခင်ဗျားဆီ ပြန်မပေးနိုင်တော့ဘူး။”

ရှမ့်လန်က ပြောလိုက်၏။ “ပျောက်ဆုံးသွားသော မိစ္ဆာမယ်တော် ဒါမှမဟုတ် ကျိန်စာသင့် ဘုရင်မလို့ ခေါ်ရမလား။ ပြန်တွေ့ကြပြီပေါ့။ နေကောင်းရဲ့လား။ ကျုပ်အဒေါ် အိန်ဂျလာ ဘယ်လိုနေလဲ။ သူ ဘယ်မှာလဲ။”

ထိုကြောက်မက်ဖွယ်ရာ ဘီလူးကြီးသည် လုံးဝ အံ့အားသင့်သွားခဲ့သည်။ ရှမ့်လန်က သူ့အထောက်အထားကို ရိပ်မိသွားသည်လား။

‘ဘယ်... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။’

ပြောရလျှင် ဤကျိန်စာသင့် ဘုရင်မ သို့မဟုတ် ပျောက်ဆုံးသွားသော မိစ္ဆာမယ်တော်သည် အနောက်ဘက် လောကတွင် ရှမ့်လန် မြင်ဖူးသမျှ အသန်မာဆုံး သတ္တဝါ ဖြစ်သည်။ သူမတွင် ပြိုင်ဘက်ကင်း စိတ်စွမ်းအင် ရှိသည်။

သူမ၏ စိတ်စွမ်းအင်သည် နှစ်ထောင်ချီ တည်ရှိခဲ့ပြီး ဆယ်စုနှစ်အနည်းငယ် သို့မဟုတ် ရာစုနှစ်အနည်းငယ် ကြာတိုင်း ကိုယ်ခန္ဓာအသစ်တစ်ခုကို သိမ်းပိုက်လေ့ရှိသည်။ သူမ နောက်ဆုံး သိမ်းပိုက်ခဲ့သော ကိုယ်ခန္ဓာမှာ ဟီလာ၏ မိခင်၊ ဦးခေါင်းခွံဂိုဏ်း တည်ထောင်သူ၊ ခေါင်းဆောင် အိန်ဂျလာ ဖြစ်၏။

ထို့အပြင် ဤကျိန်စာသင့် ဘုရင်မသည် ရေဘဝဲကြီး တစ်ကောင်ကို ထိန်းချုပ်ထားပြီး သူမ၏ စိတ်စွမ်းအင်ဖြင့် ပျောက်ဆုံးနိုင်ငံ အင်ပါယာ အပျက်အစီးတစ်ခုလုံးကို လွှမ်းခြုံထားနိုင်ခဲ့သည်။ ထို့ကြောင့် ဦးခေါင်းခွံဂိုဏ်း ရေတပ်သည် ဆယ်စုနှစ်ချီ ပိတ်မိနေခဲ့ပြီး ထွက်မလာနိုင်ခဲ့ခြင်း ဖြစ်သည်။

လွန်ခဲ့သော နှစ်နှစ်က ရှမ့်လန်သည် ရှေးဟောင်း စွမ်းအင်ဗဟိုချက်ကို ဖောက်ခွဲပြီး ထိုရေဘဝဲကြီးကို သတ်ပစ်ခဲ့သည်။ သို့သော်ငြား အိန်ဂျလာ ပျောက်ဆုံးသွားခဲ့ပြီး ကျိန်စာသင့် ဘုရင်မ၏ စိတ်စွမ်းအင်လည်း အစအနမကျန် ပျောက်ကွယ်သွားခဲ့သည်။ သူမ မိစ္ဆာတြိဂံနယ်မြေသို့ ရောက်လာလိမ့်မည်ဟု မည်သူ ထင်ထားမည်နည်း။

“ကျုပ် ဖြေတာ မှန်ရဲ့လား။ အရှင်။” ရှမ့်လန် မေးလိုက်၏။

ဘီလူးကြီး အချိန်ကြာမြင့်စွာ တိတ်ဆိတ်နေပြီးမှ ပြောလိုက်သည်။ “မင်း တကယ်ပဲ ဉာဏ်ကောင်းတာပဲ။ ဒါပေမဲ့ အရမ်း မပျော်ပါနဲ့အုံး။ တတိယမေးခွန်း ကျန်သေးတယ်။”

ကျိန်စာသင့်ဘုရင်မနှင့် ရှမ့်လန်တို့ကြားတွင် အငြိုးအတေး ရှိခဲ့ဖူးသောကြောင့် သူမသည် ရှမ့်လန်ကို ကူညီလိုစိတ် ရှိမည် မဟုတ်ပေ။ ဤတတိယမေးခွန်းသည် အလွန် ခက်ခဲပေလိမ့်မည်။ အဖြေရှာမရသော မေးခွန်းမျိုးပင် ဖြစ်နိုင်ချေ ရှိ၏။

အချိန်အတော်ကြာမှ ဘီလူးကြီးက မေးလိုက်သည်။ “တတိယမေးခွန်းကို သေချာ နားထောင်။ ငါတို့ လောကကြီးက ဂြိုဟ်တစ်လုံး ဖြစ်တယ်။ ဒီဂြိုဟ်ရဲ့ ထုထည်က ဘယ်လောက်လဲ။”

‘သောက်ကျိုးနည်း... ဒီမေးခွန်းက တကယ် ခက်ခဲလွန်းတယ်။’

လုံးဝ ဖြေရှင်းလို့ မရနိုင်တဲ့ မေးခွန်းမျိုးပင်။ ရှမ့်လန် ဖတ်ဖူးသမျှ ရှေးဟောင်းကျမ်းစာများထဲတွင် သက်ဆိုင်ရာ အချက်အလက် လုံးဝ မပါရှိပေ။ တစ်လုံး တစ်ပါဒမျှပင် မပါရှိချေ။

ဘီလူးကြီးက မောက်မာစွာ ပြောလိုက်၏။ “မင်းမှာ သုံးစက္ကန့်ပဲ အချိန်ရမယ်။ သုံး... နှစ်... တစ်... အချိန်ကုန်ပြီ။ အရှင်ရှမ့်လန်... အဖြေ မရှိဘူးလား။ ဒါဆိုရင်တော့ စိတ်မကောင်းပါဘူး။ ဒီနဂါးဓားကို မပေးနိုင်တော့ဘူး။”

ရှမ့်လန်က ချက်ချင်း ဖြေလိုက်သည်။ “ကျုပ်တို့ဂြိုဟ်ရဲ့ ထုထည်က ၃၉၆၇၃၆၇၅၈၉၉၇၈ ကုဗမီတာ ဖြစ်ပါတယ်။”

အပိုင်း (၁၁၁၆)

ဤအဖြေကို ကြားလိုက်ရချိန်မှာတော့ ကျိန်စာသင့် ဘုရင်မ လုံးဝ ကြောင်အသွားရသည်။ ကိုယ့်နားကိုယ် မယုံနိုင်အောင် ဖြစ်သွား၏။

‘ဒါ... ဒါ မဖြစ်နိုင်ဘူး။ လုံးဝ မဖြစ်နိုင်ဘူး။ ဒီမေးခွန်းက အရမ်း ခက်ခဲလွန်းတယ်။ ရှမ့်လန် ဘယ်လိုလုပ် သိနိုင်မှာလဲ။ တွက်ချက်လို့ ရနိုင်တဲ့အရာ မဟုတ်ဘူးလေ။’

သို့သော်ငြား ရှမ့်လန်၏ အဖြေသည် အလွန် တိကျနေသည်။ သူမ သိထားသော အဖြေထက်ပင် ဂဏန်းငါးလုံး ပိုမို တိကျနေသေးသည်။ ကျိန်စာသင့်ဘုရင်မ ကိုယ်တိုင် တွက်ချက်ထားခြင်း မဟုတ်ဘဲ ရှေးဟောင်း ယဉ်ကျေးမှု မှတ်တမ်းများမှ တိုက်ရိုက် ရရှိထားခြင်း ဖြစ်သည်။

အချိန်အတော်ကြာမှ ဘီလူးကြီးက မေးလိုက်၏။ “မင်း... မင်း သက်ဆိုင်ရာ မှတ်တမ်းတွေကို ဖတ်ဖူးတာလား။”

“မဟုတ်ပါဘူး။”

ရှမ့်လန်က ဖြေလိုက်သည်။ “ကျုပ် တွက်ချက်လိုက်တာပါ။”

ဘီလူးကြီးက ပြောလိုက်၏။ “မဖြစ်နိုင်ဘူး။ ဒါ တွက်ချက်လို့ရတဲ့အရာ မဟုတ်ဘူး။ တိုင်းတာလို့လည်း မရဘူး။”

ရှမ့်လန်က ရှင်းပြလိုက်သည်။ “ဒီမေးခွန်းက ရိုးရှင်းပါတယ်။ ဒီဂြိုဟ်က စက်ဝိုင်းပုံသဏ္ဍာန် ရှိတယ်။ လေငြိမ်၊ ရေငြိမ်နေတဲ့အချိန် ပင်လယ်ပြင်ပေါ်က မီတာ ၂၀ မြင့်တဲ့ ရွက်တိုင်ကို ဘယ်လောက်ဝေးဝေးကနေ မမြင်နိုင်တော့ဘူးလဲ ဆိုတာ တိုင်းတာလို့ ရတယ်။ အဲဒီကနေ ရေဒီယန်ကို တွက်တယ်။ ရေဒီယန်ကနေ ဂြိုဟ်ရဲ့ အချင်းဝက်ကို တွက်တယ်။ အချင်းဝက်ကနေ ထုထည်ကို တွက်တယ်။”

[ရေဒီယန် ဆိုတာ ထောင့်ကို တိုင်းတဲ့ ယူနစ်တစ်ခုပါ - ဘာသာပြန်သူ]

“ကျုပ် ဒီစမ်းသပ်မှုကို ၁၃၅ ကြိမ် လုပ်ခဲ့တယ်။ နောက်ဆုံးမှာ အတိကျဆုံး ကိန်းဂဏန်းကို ရခဲ့တာပါ။ ဒါပေမဲ့ ဒီကိန်းဂဏန်းက လုံးဝ တိကျတယ်လို့ မဆိုလိုပါဘူး။ ဒါပေမဲ့ ခင်ဗျား သိထားတဲ့ အဖြေထက်တော့ ပိုတိကျမှာ သေချာပါတယ်။”

ထပ်မံ တိတ်ဆိတ်သွားပြန်သည်။ အချိန်အတော်ကြာမှ ဘီလူးကြီးက ပြောလိုက်၏ “အရှင်ရှမ့်လန်... မင်းက တကယ်ပဲ ဒီလောကမှာ ဉာဏ်အကောင်းဆုံး လူသားပါပဲ။”

ရှမ့်လန်က ပြောလိုက်သည်။ “ချီးကျူးတဲ့အတွက် ကျေးဇူးပါ။ ဒါဆိုရင် နဂါးဓားကို ပြန်ပေးပါတော့။”

“မင်း နိုင်ပါတယ်။ အရှင်ရှမ့်လန်။”

ဘီလူးကြီးက ပြောလိုက်၏။ “နဂါးဓား ယူဖို့ မင်းကို ခေါ်သွားပေးပါမယ်။”

.........

ခဏကြာချိန်မှာတော့ မီးပိုးတစ်ကောင် သူ့ရှေ့တွင် ပေါ်လာသည်။

“မီးပိုးနောက် လိုက်ခဲ့ပါ။” ဘီလူးကြီးက ပြောလိုက်၏။

ရှမ့်လန်သည် မတ်တတ်ရပ်ပြီး မီးပိုးကောင်နောက်သို့ လိုက်သွားလိုက်သည်။ ရှည်လျားသော ဥမင် လှိုဏ်ခေါင်းကို ဖြတ်သန်းပြီးနောက် သူသည် အောက်သို့ အဆက်မပြတ် ဆင်းသက်သွားခဲ့သည်။ အနက် မည်မျှရှိသည် မသိ၊ ကိုယ့်ဘဝကိုယ်ပင် သံသယ ဝင်မိသည်အထိ နက်ရှိုင်းသည်။

မီတာ ၅၀၀၀၊ မီတာ ၁၀၀၀၀၊ မီတာ ၂၀၀၀၀၊ မီတာ ၃၀၀၀၀။ လမ်းတစ်လျှောက်တွင် တံခါးမည်မျှ ဖြတ်ကျော်ခဲ့သည် မသိတော့ပေ။ သို့သော်ငြား ဖွင့်စရာ မလို၊ တံခါးရှေ့ ရောက်သည်နှင့် အလိုအလျောက် ပွင့်သွား၏။

နောက်ဆုံးတွင် ပိရမစ်၏ အနက်ရှိုင်းဆုံး အပိုင်းရှိ ဂူသင်္ချိုင်းတစ်ခုသို့ ရောက်ရှိသွားသည်။ ထိုနေရာတွင် ကျောက်ခေါင်းတလား တစ်ခုလည်း ရှိနေသည်။

ဘီလူးကြီးက ပြောလိုက်၏။ “အရှင်ရှမ့်လန်... ဒီကျောက်ခေါင်းတလား မျက်နှာပြင်ပေါ်မှာ ပစ္စည်းသုံးခု မြှုပ်နှံထားတယ်။ ဓားတစ်လက်၊ ရာဇလှံတံ တစ်ချောင်းနဲ့ မှန် တစ်ချပ်တို့ပဲ။”

ရှမ့်လန် ကြည့်လိုက်ရာ အမှန်ပင် ရှိနေသည်ကို တွေ့လိုက်ရသည်။

ဘီလူးကြီးက ဆက်ပြော၏။ “ဒီပစ္စည်းသုံးခုစလုံးကို ဘုရင်မ မီဒူဆာနဲ့အတူ မြှုပ်နှံထားခဲ့တာ။ ဒါပေမဲ့ တစ်ခုတည်းကသာ နဂါးဓား အစစ်ဖြစ်တယ်။ မင်း ရွေးချယ်ခွင့် တစ်ကြိမ်ပဲ ရမယ်။ ရွေးပါတော့။”

ရှမ့်လန် မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ပစ္စည်းသုံးခုကို သေချာ ကြည့်လိုက်သည်။ နဂါးဓားကို သူ အာရုံခံနိုင်သင့်သည် မဟုတ်ပါလား။ ရှေးဟောင်းဘုရင် လက်စွပ်၊ နဂါးနှလုံးသားတို့နှင့် တစ်စုံတည်း ဖြစ်သည်။ သို့သော်ငြား သောက်ကျိုးနည်း... သုံးခုစလုံးက အချင်းချင်း အာရုံခံနေကြပြီး အားလုံး အတူတူနီးပါး ဖြစ်နေသည်။

‘ကံစမ်းပြီး ရွေးရတော့မှာလား။ ဘယ်လိုလုပ်မလဲ။’

ရှမ့်လန်က နဂါးဓားဟု နာမည်ပေးထားသောကြောင့် ဓားဖြစ်သင့်သည် မဟုတ်ပါလား။ သို့သော်ငြား ဤကိစ္စကို ရှင်းပြရန် ခက်ခဲသည်။ ရှမ့်လန်က လက်နက်ပုံစံ မည်သို့ရှိမှန်းမသိဘဲ မိမိဘာသာ နာမည်ပေးထားခြင်းသာ ဖြစ်၏။

“အရှင်ရှမ့်လန်... မြန်မြန် ရွေးပါ။ မင်းမှာ သုံးစက္ကန့်ပဲ အချိန်ရမယ်။ သုံး... နှစ်... တစ်... အချိန်ကုန်ပြီ။ ရွေးပါတော့။” ဘီလူးကြီး၏ အသံ ထပ်မံ ထွက်ပေါ်လာသည်။

ရှမ့်လန်သည် စကားတစ်ခွန်းမှ မဆိုဘဲ မှန်ကို လှမ်းယူလိုက်သည်။ ဘီလူးကြီးသည် လေအေးများကို ရှူရှိုက်လိုက်ပြီး ပြောလိုက်၏။

“အရှင်ရှမ့်လန်... မင်းက တကယ်ပဲ ဉာဏ်အကောင်းဆုံး လူသားပါပဲ။ မင်း လိုချင်တာ ရပြီဆိုတော့ ထွက်သွားပါတော့။”

‘ဒီမှန်က နဂါးဓားတဲ့လား။’

ထို့နောက် ဘီလူးကြီး၏ အသံ လုံးဝ ပျောက်ကွယ်သွားသည်။

......

ရှမ့်လန်သည် ပြန်လည် လျှောက်လှမ်းလာပြီး ပိရမစ် အောက်ခြေ ဂူသင်္ချိုင်းမှ ထွက်ခွာကာ လျှို့ဝှက် လမ်းကြောင်းအတိုင်း အပေါ်သို့ တက်လာခဲ့သည်။ မီတာ သောင်းချီ လမ်းလျှောက်ပြီးနောက် ခွန်အား ကုန်ခမ်းလုနီးပါး ဖြစ်ကာ ရေအောက် ပိရမစ်ကြီးထဲမှ ထွက်လာနိုင်ခဲ့၏။

မိစ္ဆာတြိဂံနယ်မြေသည် အေးချမ်းသာယာပြီး လှပနေဆဲပင်။ ပင်လယ်ရေသည် ကြည်လင်နေပြီး ပျောက်ဆုံးနိုင်ငံ အင်ပါယာ တစ်ခုလုံးသည် ပင်လယ်ရေမျက်နှာပြင်ပေါ်တွင် တစ်ဝက်ပေါ် တစ်ဝက်မြုပ်လျက် ရှိနေသည်။

ဤဗိသုကာ လက်ရာသည် ရှေးဟောင်း အရှေ့ဘက်လောကနှင့် ကွဲပြားသော်လည်း အတော်လေး နီးစပ်မှု ရှိသည်။ ရှေးဟောင်း ပျောက်ဆုံးနိုင်ငံ အင်ပါယာသည် လျင်မြန်စွာ နယ်မြေချဲ့ထွင်ခဲ့သည်။ အတိုင်းအတာ တစ်ခုအထိ ဘုရင်မ မီဒူဆာသည် ရှေးဟောင်း အရှေ့ဘက် အင်ပါယာနှင့် စစ်ပွဲတွင် အသာစီး ရခဲ့ပုံပေါ်သည်။

ပိရမစ်ကြီး အပြင်ဘက်တွင် တချောင်သည် ရေကစားနေပြီး ချောင်ယောင်းအာသည် မျက်လုံးမှိတ်လျက် တင်ပျဉ်ခွေ ထိုင်နေ၏။

“ရပြီလား။ သွားကြစို့။” ချောင်ယောင်းအာက ပြောပြီးနောက် တချောင်ကို လက်ပြလိုက်သည်။

တချောင်သည် မလိုလားစွာဖြင့် ပျံသန်းလာသည်။ ရေကစား၍ မဝသေးသည့်အပြင် ဤနေရာရှိ စွမ်းအင်ကလည်း ဆွဲဆောင်မှု ကောင်းလွန်းနေသည်။ ချောင်ယောင်းအာသည် ရှမ့်လန်ကို ပွေ့ချီကာ တချောင်ကျောပေါ်သို့ ခုန်တက်လိုက်၏။

တချောင်သည် တောင်ပံဖြန့်ကာ မြောက်ဘက်သို့ ဦးတည်ပျံသန်းပြီး မိစ္ဆာတြိဂံနယ်မြေမှ ထွက်ခွာရန် ပြင်ဆင်လိုက်သည်။ ထိုစဉ်မှာပဲ မီးတောက်ကဲ့သို့ ငှက်တစ်ကောင် ပေါ်လာပြီး ရှေ့မှ လမ်းပြပေးနေသည်။ မိစ္ဆာတြိဂံနယ်မြေ၏ လောကတံတိုင်းသည် အလွန် အန္တရာယ်များလှသောကြောင့် ပျောက်ဆုံးနိုင်ငံ အင်ပါယာ မျိုးဆက်များ၏ လမ်းပြမှုမပါလျှင် မည်သူမှ ထွက်နိုင်မည် မဟုတ်ပေ။ မြူမဲများ၊ လျှပ်စီးများနှင့် လေဆင်နှာမောင်းများ ကြားတွင် ထာဝရ ပိတ်မိနေပေလိမ့်မည်။

တချောင်သည် ဆက်လက် ပျံသန်းနေသည်။ ချောင်ယောင်းအာသည် ရှမ့်လန်လက်ထဲမှ ပစ္စည်းကို မြင်လိုက်ရချိန်မှာတော့ မနေနိုင်ဘဲ မေးလိုက်သည်။ “နဂါးဓားက မှန်ဖြစ်နေတာလား။”

ဟုတ်ပေသည်။ နဂါးဓားက မှန် ဖြစ်နေသည်လား။ သို့သော်ငြား ဤအရာက ပို၍ ယုတ္တိရှိပုံရသည်။ မှန် သည် ပို၍ ဆန်းကြယ်ပြီး လျှို့ဝှက်ဆန်းကြယ်သော လက်နက်နှင့် ပိုတူ၏။

သို့သော်ငြား ရှမ့်လန် ရုတ်တရက် အေးစက်စွာ ရယ်မောလိုက်သည်။ “ကျိန်စာသင့် ဘုရင်မ... ပျော်ရဲ့လား။ ပုံရိပ်ယောင်တွေ အများကြီး ဖန်တီးရတာ သိပ်ပျော်ဖို့ကောင်းမှာပဲ။”

ဤစကားပြောလိုက်သည်နှင့် လေထဲတွင် ထူးဆန်းသော ရယ်မောသံ ပေါ်ထွက်လာပြီး သူ့အမြင်အာရုံထဲရှိ အရာအားလုံး တွန့်လိမ်ပြောင်းလဲသွားကြသည်။ ထို့နောက် ပတ်ဝန်းကျင် တစ်ခုလုံး ပြောင်းလဲသွားသည်။ ရှမ့်လန်သည် မိစ္ဆာတြိဂံနယ်မြေထဲတွင် ရှိမနေခဲ့ပေ။ ပတ်ဝန်းကျင်ရှိ ပင်လယ်၊ ပိရမစ်ကြီး၊ ပျောက်ဆုံးနိုင်ငံ အင်ပါယာ အပျက်အစီးများနှင့် အဆောက်အအုံများ အားလုံး ပျောက်ကွယ်သွားခဲ့၏။

ပတ်ဝန်းကျင် အရာအားလုံးသည် မြူမဲများသာဖြစ်ပြီး မလှမ်းမကမ်းတွင် လေဆင်နှာမောင်းများ တိုက်ခတ်နေကာ လျှပ်စီးများ ရူးသွပ်စွာ ပစ်ချနေသည်။ သူသည် လောကတံတိုင်း မြူမဲများ အတွင်းတွင် ဘီလူးမျက်နှာကြီး၏ ဝဲကတော့ အတွင်းတွင် ရှိနေဆဲ ဖြစ်သည်။ စောစောက ကြုံတွေ့ခဲ့ရသမျှ အရာအားလုံးသည် ပုံရိပ်ယောင်များသာ ဖြစ်သည်။ ဤသည်မှာ ပျောက်ဆုံးသွားသော မိစ္ဆာမယ်တော်၏ အထူးစွမ်းရည် ဖြစ်သည်။

“ဟား ဟား ဟား... ”

ကျိန်စာသင့် ဘုရင်မ ရယ်မောလိုက်၏။ “အရှင်ရှမ့်လန်... မင်းက တကယ်ပဲ ဉာဏ်ကောင်းတာပဲ။ လွန်ခဲ့တဲ့ နှစ်နှစ်၊ သုံးနှစ်လောက်က ငါဖန်တီးခဲ့တဲ့ ပုံရိပ်ယောင်က မင်းကို မလှည့်စားနိုင်ခဲ့ဘူး။ အခုလည်း မလှည့်စားနိုင်ပြန်ဘူး။”

“ဒုန်း... ဒုန်း... ဒုန်း...”

ကီလိုမီတာ ရာချီ ရှည်လျားသော လျှပ်စီးတန်းများသည် ကောင်းကင်ကို ရူးသွပ်စွာ ဆွဲဖြဲနေပြီး ကြီးမားသော လေဆင်နှာမောင်းကြီးများ တိုက်ခတ်နေသည်။ ရှမ့်လန်နှင့် တချောင်ကို အချိန်မရွေး အပိုင်းပိုင်း ဆွဲဖြဲပစ်တော့မည့်အလားပင်။ နေရာတိုင်းတွင် အန္တရာယ်များ ပြည့်နှက်နေသည်။

ကျိန်စာသင့် ဘုရင်မ (သို့မဟုတ်) ပျောက်ဆုံးသွားသော မိစ္ဆာမယ်တော် ဖြစ်သည့် ဘီလူးကြီးက ဖြည်းညင်းစွာ ပြောလိုက်၏။ “အရှင်ရှမ့်လန်... အိမ်ရှေ့စံကျန်းရှဲ့ပိုင်တဲ့ နဂါးဓားကို ပြန်ယူချင်တယ်ဆိုရင် ငါ မကန့်ကွက်ပါဘူး။ မတားပါဘူး။ ဒါပေမဲ့ ငါ ကူညီမှာ မဟုတ်ဘူး။ မင်း စွမ်းဆောင်နိုင်ရင် ကီလိုမီတာ ၅၀၀ အကွာအဝေးရှိတဲ့ မြူမဲတွေ၊ လျှပ်စီးတွေ၊ ဝဲကတော့တွေကို ဖြတ်ကျော်ပြီး မိစ္ဆာတြိဂံနယ်မြေထဲ ဝင်သွားလိုက်။

ဒါက ကောင်းကင်ပေါ်တက်ရသလို ခက်ခဲလိမ့်မယ်။ မင်းရဲ့ပျံသန်းတဲ့ သားရဲက ဘယ်လောက်ပဲ သန်မာပါစေ လျှပ်စီးတွေနဲ့ လေဆင်နှာမောင်းတွေကို ခံနိုင်ရည် ရှိမှာ မဟုတ်ဘူး။ ပြီးတော့ မိစ္ဆာတြိဂံ နယ်မြေထဲ ဝင်ရောက်သွားရင်တောင် နဂါးဓားကို ရှာတွေ့နိုင်ပါ့မလား။ မိစ္ဆာတြိဂံနယ်မြေ တစ်ခုလုံးက ကီလိုမီတာ ၇၀၀၀ ကျယ်ဝန်းတယ်။ မင်းက နဂါးဓား ဆိုတာ ဘာမှန်းတောင် မသိဘူး။ ဘယ်မှာရှိမှန်းလည်း မသိဘူး။ ဘယ်လို ရှာမလဲ။”

ဘီလူးကြီး ရယ်မောလိုက်ပြီး ဆက်ပြောသည်။ “ဒါကြောင့် လက်လျော့လိုက်ပါ အရှင်ရှမ့်လန်။ ပြန်လိုက်ပါတော့။ ဒီပစ္စည်းက ပျောက်ဆုံးနိုင်ငံ အင်ပါယာပိုင် ပစ္စည်းပါ။ ပြန်ယူဖို့ စိတ်ကူးမယဉ်ပါနဲ့။”

သို့သော်ငြား ရှမ့်လန်သည် ကောင်းကင်ဘုံမှ ကူညီလိုက်သကဲ့သို့ တချောင်ကို ထိန်းချုပ်ကာ ပျံသန်းပြီး ကီလိုမီတာ ၅၀၀ ရှည်လျားသော မြူမဲများကြား ဖြတ်သန်းသွားသည်။ သူသည် လျှပ်စီးများနှင့် လေဆင်နှာမောင်း အားလုံးကို ရှောင်တိမ်းနိုင်ခဲ့၏။

‘ဘယ်... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။’

ဤလျှပ်စီးများနှင့် လေဆင်နှာမောင်းများသည် လုံးဝ ကျပန်း ဖြစ်ပေါ်နေခြင်း ဖြစ်သည်။ ရှမ့်လန် ဘယ်လို ရှောင်တိမ်းနိုင်သနည်း။

ဘီလူးကြီးက တုန်လှုပ်စွာ မေးလိုက်သည်။ “မင်း... မင်း ဘယ်လို ရှောင်နိုင်တာလဲ။”

ရှမ့်လန်က ဖြေလိုက်၏။ “ဒီလေဆင်နှာမောင်းတွေနဲ့ လျှပ်စီးတွေက ကျပန်းလို့ ထင်ရပေမဲ့ တကယ်တော့ ဖြစ်ပေါ်စေတဲ့ ပုံသေနည်း ရှိတယ်။ နှစ်ပေါင်း တစ်သောင်းကျော်ကြာ လေဆင်နှာမောင်းတွေနဲ့ လျှပ်စီးတွေဟာ ဒီပုံသေနည်းအတိုင်း အချိန်ကျရင်၊ နေရာကျရင် ဖြစ်ပေါ်လာကြတာ။ ကျုပ် နှစ်ခေါက်လောက် ဝင်ထွက်လိုက်တာနဲ့ ဒီပုံသေနည်းကို အချိန်တိုအတွင်း တွက်ချက်နိုင်ပြီး ဘေးကင်းလုံခြုံတဲ့ လမ်းကြောင်းကို ရှာတွေ့နိုင်တယ်။ တကယ်တော့ မလွယ်ပါဘူး။ တွက်ချက်မှုပေါင်း သန်းရာချီ လုပ်ရတာပါ။”

ဘီလူးကြီး ထပ်မံ အံ့အားသင့်သွားပြန်သည်။ ယခုတစ်ကြိမ်တွင် ရှမ့်လန်သည် ဤလောက၌ ဉာဏ်အကောင်းဆုံး လူသားဖြစ်ကြောင်း သူမ အမှန်တကယ် လက်ခံလိုက်ရသည်။

ဤသို့ဖြင့် ရှမ့်လန်သည် စိတ်ထဲရှိ ပုံသေနည်းအတိုင်း ဘေးကင်းလုံခြုံသော လမ်းကြောင်းကို တွက်ချက်ပြီး တချောင်ကို ထိန်းချုပ်ကာ ကီလိုမီတာ ၅၀၀ ရှည်လျားသော မြူမဲများကို ဖြတ်သန်းပြီး လျှပ်စီးများနှင့် လေဆင်နှာမောင်းများ အားလုံးကို ရှောင်တိမ်းကာ မိစ္ဆာတြိဂံနယ်မြေထဲသို့ ဝင်ရောက်သွားနိုင်ခဲ့၏။

ယခုတစ်ကြိမ်တွင် အမှန်တကယ် ဝင်ရောက်သွားခြင်း ဖြစ်၏။ မိစ္ဆာတြိဂံနယ်မြေသည် ယခင်ကအတိုင်း အေးချမ်းသာယာပြီး လှပနေဆဲပင်။ သို့သော်ငြား ရှမ့်လန် ပေါ်လာသည်နှင့် ပင်လယ်ပြင်တွင် မရေမတွက်နိုင်သော ပင်လယ်မိစ္ဆာများ ပေါ်ထွက်လာကြသည်။ ဒါဇင်၊ ရာ၊ သောင်း၊ သိန်း၊ သန်းချီ ရှိနေသည်။

အကြီးဆုံး ပင်လယ်မိစ္ဆာကြီးသည် ရဲတိုက်ကြီး တစ်ခုမျှ ကြီးမားသည်။

သို့သော်ငြား အနောက်ဘက် ပျောက်ဆုံးနိုင်ငံ အင်ပါယာ အပျက်အစီးများမှ ကျိန်စာသင့် ဘုရင်မသည် မည်သည့်နေရာတွင်မှ မတွေ့ရသော်လည်း နေရာတိုင်းတွင် ရှိနေသကဲ့သို့ ဖြစ်နေသည်။ သူမ အနောက်ဘက်မှ မိစ္ဆာတြိဂံနယ်မြေသို့ မည်သို့ရောက်လာကြောင်း ရှမ့်လန် မသိပေ။

ရှမ့်လန်သည် သူ့အထောက်အထားကို ထုတ်ပြလိုက်ပြီ ဖြစ်သောကြောင့် မိစ္ဆာတြိဂံနယ်မြေမှ ပင်လယ်မွန်းစတားများသည် သူ့ကို အန္တရာယ် မပြုနိုင်တော့ပေ။ အဘယ့်ကြောင့်ဆိုသော် သူသည် ကျန်းရှဲ့၏ မျိုးဆက်ဖြစ်ပြီး ကျန်းကလန် ဘုရင်လက်စွပ်ကို ပိုင်ဆိုင်ထားသောကြောင့်ပင်။

အတိုင်းအတာ တစ်ခုအထိ ပြောရလျှင် အိမ်ရှေ့စံ ကျန်းရှဲ့သည် ရှေးဟောင်း ပျောက်ဆုံးနိုင်ငံ အင်ပါယာကို ကယ်တင်ခဲ့သူ ဖြစ်ပြီး ဘုရင်မ မီဒူဆာ၏ ချစ်သူလည်း ဖြစ်သည်။

“အရှင်ရှမ့်လန်... မင်း တကယ်ပဲ အံ့သြဖို့ ကောင်းပါတယ်။”

ဘီလူးကြီး (ပျောက်ဆုံးသွားသော မိစ္ဆာမယ်တော်) က ပြောလိုက်၏။ “ဒါပေမဲ့ မိစ္ဆာတြိဂံနယ်မြေက အဆုံးမဲ့ ကျယ်ပြောတယ်။ မိုင်ခုနစ်ထောင် ကျယ်ဝန်းပြီး အဆောက်အအုံတွေ မရေမတွက်နိုင်အောင် ရှိတယ်။ နဂါးဓား ဘယ်မှာရှိလဲ မင်းသိလား။ ဒါကို ပင်လယ်ထဲ အပ်ရှာတယ်လို့ ခေါ်ရမလား။

အရှင်ရှမ့်လန်... ငါ အရင်စကားပဲ ထပ်ပြောမယ်။ မင်းက အိမ်ရှေ့စံ ကျန်းရှဲ့ရဲ့ မျိုးဆက်မို့ ငါ မင်းကို ဒုက္ခမပေးဘူး။ နဂါးဓား ယူတာကိုလည်း မတားဘူး။ ဒါပေမဲ့ ငါ ဒီအတိုင်း ရပ်ကြည့်နေမယ်။ မင်း ဒီမှာ နှစ်အနည်းငယ်၊ ဆယ်စုနှစ် အနည်းငယ် နေရင်တောင် နဂါးဓားကို ရှာတွေ့ချင်မှ တွေ့မှာ။”

ဤစကားမှာ မှန်ကန်သည်။ တကယ်ပင် ပင်လယ်ထဲ အပ်ရှာသကဲ့သို့ ဖြစ်နေသည်။ ဆယ်စုနှစ် အနည်းငယ် မဆိုထားနှင့်၊ ရာစုနှစ် အနည်းငယ် ကြာလျှင်ပင် ရှာတွေ့နိုင်မည် မဟုတ်ပေ။ အမှန်တကယ်အားဖြင့် ရှမ့်လန် ရှာမတွေ့နိုင်ဟု ပျောက်ဆုံးသွားသော မိစ္ဆာမယ်တော် အကြွင်းမဲ့ ယုံကြည်ထားသည်။ အဘယ့်ကြောင့်ဆိုသော် နဂါးဓားကို အလျှို့ဝှက်ဆုံး နေရာတွင် ဖွက်ထားသောကြောင့်ပင်။

သို့သော်ငြား ရှမ့်လန်သည် ပစ်မှတ်ဆီသို့ တည့်မတ်စွာ ဦးတည်သွားနေသည်။ သူသည် တချောင်ကို ထိန်းချုပ်ကာ မိစ္ဆာတြိဂံနယ်မြေ အတွင်းပိုင်းသို့ ဝင်ရောက်သွားပြီး အဆောက်အအုံ အစုအဝေးတစ်ခုဆီသို့ ပျံသန်းသွားသည်။ မိုင် ၃၀၀၀ တိတိ ပျံသန်းသွားခဲ့သည်။

“ရပ်။” ရှမ့်လန်၏ အမိန့်ပေးသံ အဆုံးတွင် တချောင် ရပ်တန့်လိုက်ပြီး လေထဲတွင် ပျံဝဲနေ၏။

ရှမ့်လန် ပျံဝဲနေသော နေရာသည် ဟာလာဟင်းလင်း ဖြစ်နေသော ပင်လယ်ပြင်သာ ဖြစ်သည်။ ရှမ့်လန် မျက်လုံးမှိတ်ပြီး ပြန်လည် စဉ်းစားလိုက်သည်။ ဉာဏ်ရည်တု စနစ်ထဲမှ ပုံရိပ်ကို ပြန်လည် ဖော်ထုတ် လိုက်သည်။

“အရှင်ရှမ့်လန်... လက်လျော့လိုက်ပါတော့။ လက်လျော့လိုက်ပါတော့။”

ပျောက်ဆုံးသွားသော မိစ္ဆာမယ်တော် ရယ်မောပြီး ပြောလိုက်၏။ “မင်း ဘာမှ ရမှာ မဟုတ်ဘူး။ ဘာမှ ရှာတွေ့မှာ မဟုတ်ဘူး။”

ရှမ့်လန်သည် စိတ်ထဲတွင် ဆက်လက် တွက်ချက်နေပြီး အမိန့်ပေးလိုက်သည်။ “တချောင်... အပေါ်ကို ၁၈၉ မီတာ တက်။”

တချောင်သည် အလွန် ဉာဏ်ကောင်းသောကြောင့် ဒေါင်လိုက် ပျံတက်ပြီး ၁၈၉ မီတာ တိတိ ရောက်ချိန်မှာတော့ ရပ်တန့်လိုက်သည်။ တစ်လက်မမှ မပို၊ တစ်လက်မမှ မလိုချေ။

ရှမ့်လန် ထပ်မံ ပြောလိုက်၏။ “တချောင်... ရှေ့ကို ၁၉ မီတာခွဲ တိုး။”

တချောင်သည် ရှေ့သို့ ၁၉ မီတာခွဲ တိုးလိုက်သည်။ တစ်လက်မမှ မပို၊ တစ်လက်မမှ မလိုပေ။ ရှမ့်လန်သည် လက်လှမ်းပြီး ဆွဲယူလိုက်သည်။ ကြည့်ရသည်မှာ လေကို ဆွဲယူလိုက်သကဲ့သို့ ဖြစ်နေသည်။

“ဝုန်း... ”

ရုတ်တရက် ပင်လယ်ပြင် တစ်ခုလုံး တုန်ခါသွားပြီး ကောင်းကင် အရောင်များ ရုတ်တရက် ပြောင်းလဲသွား၏။

ပျောက်ဆုံးသွားသော မိစ္ဆာမယ်တော် လေအေးများကို ရှူရှိုက်လိုက်ပြီး မယုံကြည်နိုင်သော အသံဖြင့် လှမ်းပြောလိုက်သည်။

‘ဘယ်... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ရှမ့်လန် ဘယ်လိုလုပ် ရှာတွေ့တာလဲ။ ဒီလောက် မြန်မြန်၊ ဒီလောက် တိတိကျကျ။’

ထိုအချိန်တွင် ရှမ့်လန် ရှေ့မှပုံရိပ်သည် တုန်ခါသကဲ့သို့ ဖြစ်နေပြီး သူ့လက်ထဲတွင် တစ်စုံတစ်ခု ရောက်ရှိနေပြီ ဖြစ်သည်။ ရှေ့မှ ပုံရိပ် ထပ်မံ တုန်ခါသွားပြီးနောက် ကြီးမားသော ရုပ်တုကြီးတစ်ခု ပင်လယ်ပြင်ပေါ်တွင် မတ်မတ် ရပ်တည်နေ၏။

ထိုအရာက ဘုရင်မ မီဒူဆာရဲ့ ရုပ်တုကြီးဖြစ်ပြီး ကျောလှည့်ထားခြင်း ဖြစ်သည်။ ရှမ့်လန် တည့်တည့် မကြည့်ရဲပေ။ ရုပ်တု၏အကြည့်နှင့် ဆုံမိပါက ဝိညာဉ် လွင့်ပါးသွားနိုင်သည် မဟုတ်ပါလား။ ရှမ့်လန် ဆွဲထုတ်လိုက်သည်မှာ ရုပ်တု၏ နားကပ် ဖြစ်သည်။

‘ဒါ... ဒါက နဂါးဓားပဲ။’

ရှေးဟောင်း ကိရိယာများအနက် အရေးကြီးဆုံး လက်နက်။ စောဏက နဂါးဓား ဖြစ်စေ၊ ဘုရင်မ မီဒူဆာ ရုပ်တုကြီး ဖြစ်စေ၊ အားလုံးသည် ကိုယ်ပျောက်နေကြပြီး လုံးဝ မြင်တွေ့ရခြင်း မရှိခဲ့ပေ။

ပျောက်ဆုံးသွားသော မိစ္ဆာမယ်တော် တုန်လှုပ်စွာ ပြောလိုက်၏။ “ရှမ့်လန်... မင်း... မင်း ဘယ်လိုလုပ် ရှာတွေ့တာလဲ။ ဘယ်စာအုပ်ထဲမှာ ဖတ်ဖူးတာလဲ။”

ရှမ့်လန်က ပြောလိုက်သည်။ “ဘယ်စာအုပ်မှ မရှိပါဘူး။ အနောက်ဘက် ပျောက်ဆုံးနိုင်ငံ အင်ပါယာ အပျက်အစီးတွေကို မှတ်မိလား။ နေ့တိုင်း ကြီးမားတဲ့ ပုံရိပ်ယောင်ကြီး ပေါ်လာတတ်တယ်။ အဲဒီ အလင်းရောင် ပုံရိပ်က ဘုရင်မ မီဒူဆာရဲ့ ရုပ်တုကြီးပဲ။ ပင်လယ်မွန်းစတားတွေ အဲဒီရုပ်တုကို မြင်လိုက်တာနဲ့ ချက်ချင်း မိန်းမောသွားကြပြီး တိုက်ခိုက်မှုတွေ ရပ်တန့်သွားကြတယ်။ အသက်သေမှာကိုတောင် ဂရုမစိုက်ကြတော့ဘူး။”

All Chapters