အခန်း (၁၁၁၇-၁၁၁၈)
Vol. 65 Ch. 1117-1118
အပိုင်း (၁၁၁၇)
ဟုတ်ပေသည်။ မှန်ကန်ပေသည်။ ထိုမြင်ကွင်းသည် ရှမ့်လန်၏စိတ်ထဲတွင် အလွန် နက်ရှိုင်းစွာ စွဲထင် ကျန်ရစ်ခဲ့သည်။
ရှမ့်လန်က ဆက်ပြောလိုက်၏။ “အဲဒီအချိန်တုန်းက ဘုရင်မမီဒူဆာရဲ့ ရုပ်တုက မိစ္ဆာတြိဂံနယ်မြေထဲမှာ ရှိလိမ့်မယ်လို့ ကျုပ် ခန့်မှန်းခဲ့တယ်။ ဘာလို့လဲဆိုတော့ ဒီနေရာက ပျောက်ဆုံးနိုင်ငံ အင်ပါယာရဲ့ အရှေ့ဘက် စစ်ဆင်ရေး ရှေ့တန်းမြို့တော် ဖြစ်သလို ယာယီ မြို့တော်လည်း ဖြစ်လို့ပဲ။
အခုအချိန်မှာ ဘုရင်မ မီဒူဆာ ရုပ်တုကြီးက ကိုယ်ပျောက်နေပေမဲ့ ပုံရိပ်ယောင်ထဲက အဆောက်အအုံ တည်နေရာတွေကို ကျုပ် ရှင်းရှင်းလင်းလင်း မှတ်မိနေတယ်။ ပင်လယ်ပြင်ပေါ်က သက်ဆိုင်ရာ အဆောက်အအုံတွေကို ရှာလိုက်ရုံပဲ။ သူ ကိုယ်ပျောက်နေရင်တောင် အတိအကျ တွက်ချက်လို့ ရတယ်။”
ပျောက်ဆုံးသွားသော မိစ္ဆာမယ်တော်သည် လေအေးများကို ထပ်မံ ရှူရှိုက်လိုက်မိပြန်သည်။
ရှမ့်လန်က ဆက်ပြောလိုက်၏။ “ပုံရိပ်ယောင်ကို မြင်တုန်းက အသေးစိတ် အချက်အလက်တိုင်းကို မှတ်မိနေပေမဲ့ သိပ်အကြာကြီး မကြည့်ရဲခဲ့ဘူး။ ဒီတစ်ခေါက် နဂါးဓားကို ရှာဖို့အတွက် အဲဒီ မှတ်ဉာဏ်တွေကို ပြန်ဆွဲထုတ်ပြီး အသေးစိတ် လေ့လာခဲ့ရတယ်။
နောက်ဆုံး ရုပ်တုပေါ်မှာ နဂါးဓား ဖွက်ထားလို့ရတဲ့နေရာ မရှိတာကို တွေ့လိုက်ရတယ်။ နားရွက် တစ်နေရာပဲ ရှိတယ်။ ဘုရင်မ ရုပ်တုရဲ့ ဘယ်ဘက်နားမှာ နားပေါက် မပါပေမယ့် ညာဘက်နားမှာ ပါတယ်၊ နားကပ်လည်း ပါတယ်။ ဒါကြောင့်... အဲဒါ နဂါးဓား ဖြစ်ရမယ်။”
ရှမ့်လန်သည် လက်ထဲမှ နဂါးဓားကို ကြည့်လိုက်သည်။ ဟုတ်ပေသည်။ အစစ်ပင်။ ရှေးဟောင်းဘုရင် လက်စွပ်၊ နဂါးနှလုံးသားတို့နှင့် ပြင်းထန်သော စွမ်းအင် ပဲ့တင်ထပ်မှု ဖြစ်ပေါ်နေသည်။ ဓားမဟုတ်၊ သံတုတ်လည်း မဟုတ်၊ လေးမြှောင့်တုတ်နှင့် ခပ်ဆင်ဆင်ပင်။
သို့သော်ငြား ရှေးဟောင်း တရုတ် လေးမြှောင့်တုတ်များသည် လေးထောင့်ပုံစံ ဖြစ်သော်လည်း ရှမ့်လန် လက်ထဲမှ နဂါးဓားသည် တြိဂံပုံစံ ဖြစ်သည်။ အပေါ်တွင် မည်သည့် သင်္ကေတ၊ ရုပ်ကြွမှ မပါရှိပေ။ သာမန်အတိုင်းသာ ဖြစ်ပြီး ၁.၅ မီတာခန့် ရှည်သည်။
မူလက အလွန် လေးလံသော်လည်း ရှမ့်လန် လက်ထဲတွင် ပေါ့ပါးနေသည်။ ရှမ့်လန် သန်မာလွန်း၍မဟုတ်ဘဲ နဂါးနှလုံးသားကြောင့် ဖြစ်၏။
‘ဒါဆို နဂါးဓားလို့ မခေါ်သင့်ဘူးလား။ နဂါးတုတ်လို့ ခေါ်ရမလား။ ထားလိုက်ပါတော့။ နာမည်ပေးပြီးမှတော့ ပြောင်းစရာ မလိုတော့ပါဘူး။’
ယခု ရတနာကို ရရှိပြီဖြစ်သောကြောင့် ရင်ဝူမင်ကို အနိုင်ယူနိုင်ပြီ ဖြစ်သည်။ ထို့အပြင် ချက်ချင်း အနိုင်ယူနိုင်မည် ဖြစ်သည်။ ဉာဏ်ပညာပိုင်းတွင် ပျောက်ဆုံးနိုင်ငံ မိစ္ဆာမယ်တော်ကဲ့သို့သော ဘီလူးကြီး ရှေ့မှောက်တွင်ပင် ရှမ့်လန်သည် ပြိုင်ဘက်ကင်း ဖြစ်သည်။
ရှမ့်လန်က ပြောလိုက်၏။ “ပျောက်ဆုံးနိုင်ငံ မိစ္ဆာမယ်တော်... ကျုပ် နဂါးဓား ရပြီ။ တားချင်သေးလား။”
ဤအချိန်တွင် ရှမ့်လန် ရှေ့မှမြင်ကွင်း ထပ်မံ တုန်ခါသွားပြီး ကြီးမားသော ဘုရင်မ မီဒူဆာ ရုပ်တုကြီး ပြန်လည် ပျောက်ကွယ်သွားသည်။ ပင်လယ်ပြင် တစ်ခုလုံး တိတ်ဆိတ်သွားသည်။
ရှမ့်လန်က ပြောလိုက်၏။ “ပျောက်ဆုံးနိုင်ငံ မိစ္ဆာမယ်တော်... ကျုပ်တို့ကြားမှာ သဘောထားကွဲလွဲမှုတွေ ရှိခဲ့ဖူးပေမဲ့ ကျုပ်တို့က ရန်သူတွေ မဟုတ်ပါဘူး။ မဟာမိတ်တွေတောင် ဖြစ်သေးတယ် မဟုတ်လား။ ရှေးဟောင်း အိမ်ရှေ့စံ ကျန်းရှဲ့က ပျောက်ဆုံးနိုင်ငံ အင်ပါယာရဲ့ မဟာမိတ်၊ ဘုရင်မ မီဒူဆာရဲ့ ချစ်သူလေ။”
တုံ့ပြန်မှု မရှိသေးပေ။
ရှမ့်လန်က ဆက်ပြောလိုက်သည်။ “ဒါဆို ရှေးဟောင်း အိမ်ရှေ့စံကျန်းရှဲ့က ဘာလို့ ကိုယ့်အင်ပါယာကို သစ္စာဖောက်ပြီး ပျောက်ဆုံးနိုင်ငံ အင်ပါယာကို ကူညီခဲ့တာလဲ ပြောပြနိုင်မလား။ ဘုရင်မ မီဒူဆာကို ချစ်မိသွားရုံ သက်သက်လား။ အဲဒီလို မထင်ပါဘူး။”
ပျောက်ဆုံးနိုင်ငံ မိစ္ဆာမယ်တော် တိတ်ဆိတ်နေဆဲပင်။
ရှမ့်လန်က ပြောလိုက်၏။ “ပျောက်ဆုံးနိုင်ငံ မိစ္ဆာမယ်တော်... ကျုပ်တို့ ရန်သူတွေ မဟုတ်ပါဘူး။ တကယ်ပါ။”
အချိန်အတော်ကြာမှ ပျောက်ဆုံးနိုင်ငံ မိစ္ဆာမယ်တော်က ပြောလိုက်သည်။ “ဟုတ်တယ်။ ငါသိတယ်။ ငါတို့ ရန်သူတွေ မဟုတ်ဘူး။ ဒါကြောင့် မင်း ကျန်းကလန် ဘုရင်လက်စွပ် ပြလိုက်တည်းက ငါ မင်းကို ဒုက္ခမပေးတော့တာ။”
ရှမ့်လန်က ပြောလိုက်သည်။ “ထွက်ပြီး တွေ့လို့ ရမလား။”
“မရဘူး။ မလိုအပ်ဘူး။”
ပျောက်ဆုံးနိုင်ငံ မိစ္ဆာမယ်တော်က ပြောလိုက်၏။ “ငါ မတွေ့ချင်ဘူး။”
ရှမ့်လန်က မေးလိုက်သည်။ “ဒါဆို ရှေးဟောင်း အိမ်ရှေ့စံ ကျန်းရှဲ့က ဘာလို့ ကိုယ့်အင်ပါယာကို သစ္စာဖောက်ခဲ့တာလဲ ပြောပြနိုင်မလား။ ဘုရင်မ မီဒူဆာကို သူ ဘာပေးခဲ့တာလဲ။ နောက်ကွယ်က လျှို့ဝှက်ချက်က ဘာလဲ။ ဘာလို့ ဘုရင်မမီဒူဆာက ရှေးဟောင်း အရှေ့ဘက်အင်ပါယာကို လာတိုက်ခိုက်တာလဲ။”
“မပြောနိုင်ဘူး။”
ရှမ့်လန်က ပြောလိုက်သည်။ “ခင်ဗျားရဲ့ အထောက်အထား အစစ်က ဘာလဲ။ ပျောက်ဆုံးနိုင်ငံ ဘုရင်မှာ ဘယ်လို အဆင့်အတန်း ရှိလဲ။ ခင်ဗျား က ဒုတိယ ပျောက်ဆုံးနိုင်ငံ အင်ပါယာကို အနောက်ဘက် အပျက်အစီးတွေမှာ တည်ထောင်ခဲ့တယ်။ အဲဒါက လွန်ခဲ့တဲ့ နှစ်သုံးထောင်ကပဲ ရှိသေးတယ်။”
“မပြောနိုင်ဘူး။”
ရှမ့်လန်က မေးလိုက်သည်။ “ပျောက်ဆုံးနိုင်ငံ အင်ပါယာ အပျက်အစီးထဲက နှင်းတောင်ထိပ်မှာ ပိရမစ်တစ်ခု ရှိတယ်။ အဲဒီထဲမှာ ဘာလျှို့ဝှက်ချက် ရှိလဲ။ ဘယ်လို ဆန်းကြယ်တဲ့ အင်အားစု ရှိလဲ။”
“မပြောနိုင်ဘူး။”
ရှမ့်လန်က မေးလိုက်၏။ “ကျုပ်အဒေါ် အိန်ဂျလာကော... အသက်ရှင်သေးလား။”
“ရှင်တယ်။”
ရှမ့်လန် စိတ်လှုပ်ရှားစွာ မေးလိုက်သည်။ “ဒါဆို သူ ဘယ်မှာလဲ။”
“မပြောနိုင်ဘူး။”
ရှမ့်လန် သက်ပြင်းချလိုက်ပြီး ပြောလိုက်၏။
“ကောင်းပါပြီ။ ဒါဆို... ကျုပ် သွားတော့မယ်။”
“နှုတ်ဆက်ပါတယ်။”
ရှမ့်လန်က ပြောလိုက်သည်။ “အရှင် ပျောက်ဆုံးနိုင်ငံ မိစ္ဆာမယ်တော်... နှုတ်ဆက်ပါတယ်။ ဂရုစိုက်ပါ။”
တစ်ဖက်လူ တိတ်ဆိတ်သွားပြီး လုံးဝ ပေါ်မလာတော့ပေ။
ရှမ့်လန်သည် တချောင်ပခုံးကို ပုတ်ပြီး ပြောလိုက်၏။ “အိမ်ပြန်ကြစို့။”
တချောင်သည် တောင်ပံဖြန့်ကာ မြောက်ဘက်သို့ ပျံသန်းသွားသည်။
နာရီအနည်းငယ် ကြာချိန်မှာတော့ တချောင်သည် မြူမဲများကြားသို့ ထပ်မံ ဝင်ရောက်သွားသည်။ ရှမ့်လန်၏ လမ်းညွှန်မှုအောက်တွင် တချောင်သည် မိုင် ၅၀၀ ရှည်လျားသော မြူမဲများကို အောင်မြင်စွာ ဖြတ်ကျော်ပြီး မိစ္ဆာတြိဂံနယ်မြေမှ ထွက်ခွာကာ အပြင်ဘက် ပင်လယ်ပြင်သို့ ရောက်ရှိလာခဲ့၏။
ရှမ့်လန်သည် မိစ္ဆာတြိဂံနယ်မြေဘက်သို့ လှည့်ကြည့်လိုက်သည်။ ‘ဒီနေရာမှာ တစ်ခုခု ဖြစ်နေတယ်။ ကိစ္စကြီး တစ်ခု ဖြစ်လာတော့မယ်။ တုန်လှုပ်ဖွယ်ရာ အပြောင်းအလဲကြီး တစ်ခု။’
သို့သော်ငြား ရှမ့်လန် တွေးတောနေရန် အချိန်မရှိပေ။ ယခု အရေးအကြီးဆုံးမှာ ရင်ဝူမင်ကို အနိုင်ယူရန် ဖြစ်သည်။ အရာအားလုံး အဆင်သင့် ဖြစ်နေပြီ။ အရှေ့လေလည်း တိုက်ခတ်လာပြီ။ ရင်ဝူမင်ကို အနိုင်ယူဖို့ အချိန်ကာလ တစ်ခုသာ လိုတော့၏။
“ပြန်ကြစို့... ပြန်ကြစို့။”
နောက်တစ်ဆင့်တွင် နဂါးဓား၏ ဆန်းကြယ်သော စွမ်းအားကို ပြသရတော့မည်။
......
ရှမ့်လန် နုရှောင့်မြို့သို့ ရောက်သည်နှင့် ကျန်းချွင်းဟွာ ပြေးလာခဲ့သည်။ “အရှင်... အရှင်... ဒီရက်ပိုင်းတွေက ကျွန်မတို့အတွက် ကံကောင်းတဲ့ နေ့တွေပါပဲ။”
သူမသည် အလွန် စိတ်လှုပ်ရှားနေပုံ ရ၏။
“အရှင်ကို ပြောပြစရာ သတင်းကောင်း သုံးခု ရှိတယ်။ ကျွန်မတို့ ဓာတ်ခွဲခန်းက ဘယ်လောက် အံ့မခန်း တိုးတက်မှုတွေ ရခဲ့လဲဆိုတာ အရှင် စဉ်းစားလို့တောင် ရမှာ မဟုတ်ဘူး။ ဒီလောကကြီးက တကယ်ကို အံ့သြဖို့ ကောင်းတယ်။ အရင်တုန်းက တစ်နှစ်နှစ်နှစ်လောက် ဘာမှ တိုးတက်မှု မရှိဘဲ စိတ်ပူနေခဲ့ရတာ။ ရုတ်တရက် အရာအားလုံး ရှင်းလင်းသွားသလို ပြဿနာတွေ တစ်ခုပြီးတစ်ခု ဖြေရှင်းနိုင်ခဲ့တယ်။”
ရှမ့်လန် ကြောင်အသွားသည်။
‘ဘာရလဒ်တွေလဲ။ ကျန်းချွင်းဟွာကို ဒီလောက်ထိ ပျော်ရွှင်စေတာ ဘာလဲ။’
သိပ္ပံ စမ်းသပ်မှုတွေက တကယ် ထူးဆန်းသည်။ အကြိမ်ထောင်ချီ ကျရှုံးနိုင်ပြီး တစ်ရက်တည်းမှာ အကြိမ်ကြိမ် အောင်မြင်နိုင်သည်။ လုံးဝ ယုတ္တိမရှိပေ။ အောင်ပွဲနတ်သမီး၏ ဖက်နမ်းခြင်းကို ခံလိုက်ရသလိုပင်။ တချောင်ပေါ်မှ ဆင်းသက်ပြီးနောက် ရှမ့်လန်ကို ကျန်းချွင်းဟွာက မြေအောက် ဓာတ်ခွဲခန်းကြီးထဲသို့ တိုက်ရိုက် ဆွဲခေါ်သွား၏။
“ဒါက ကောင်းကင်ပင်လယ်နန်းဆောင်က ပညာရှိကြီး တွိုင်းပါ။ အရင်တုန်းက ပညာရှိကြီး ကျန်းယွီယင်းရဲ့ လုပ်ဖော်ကိုင်ဖက်ပေါ့။ အရှင်က ကောင်းကင်ပင်လယ်နန်းဆောင် စာကြည့်တိုက်ကို ဖျက်ဆီးလိုက်ပြီးနောက် သူက ကျွန်မတို့ဆီ ပထမဆုံး လာရောက် ခိုလှုံခဲ့တာပါ။” ကျန်းချွင်းဟွာက မိတ်ဆက်ပေးလိုက်သည်။
ရှမ့်လန် ကြည့်လိုက်ရာ လူဖြူတစ်ဦး ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ မျက်မှန်ထူကြီး တပ်ထားပြီး ဆံပင်များ ရှုပ်ပွနေကာ မျက်လုံးများ နီရဲနေသည်။ အိုင်းစတိုင်းနှင့် တူ၏။
“အရှင် ရှမ့်လန်... တကယ်တော့ ကျုပ်က ကောင်းကင်ပင်လယ်နန်းဆောင်က ပညာရှိကြီး မဟုတ်ပါဘူး။ ပညာရှင်တောင် မဟုတ်ပါဘူး။”
တွိုင်းက ပြောလိုက်သည်။ “ကျုပ်က စာကူးရေးတဲ့သူ တစ်ယောက်ပါ။ အသက် ၄၉ နှစ်ကျမှ လက်ထောက် ပညာရှင် အဆင့် ရခဲ့တာပါ။ ဒါကြောင့် ဒီပညာရှိကြီးဆိုတဲ့ ဘွဲ့ကို အရှင်က ချီးမြှင့်ပေးမှ ရပါမယ်။”
တွိုင်းသည် စကားပြောရင်း ဆေးလိပ်သောက်နေသည်။ သူ့ပတ်လည်တွင် ဆေးလိပ်တိုများ ပြည့်နှက်နေ၏။ “ဪ ... အရှင်... ဆေးလိပ်သောက်တာ စိတ်မရှိပါနဲ့။ ကျုပ် ဆေးလိပ်က အထူးပြုလုပ်ထားတာပါ။”
တွိုင်းသည် စကားပြောတိုင်း ခေါင်းကို ပြင်းထန်စွာ ခါယမ်းနေသည်။ ထိုအပြုအမူက အလွန် ထူးဆန်းပုံ ပေါက်နေသည်။
ကျန်းချွင်းဟွာက ပြောလိုက်၏။ “သူက သုတေသန လုပ်ရင်း အခက်အခဲတွေ့တိုင်း အိမ်မက်ဆိုး ကျောက်တုံးကို သုံးပြီး ဦးနှောက်ကို လှုံ့ဆော်လေ့ရှိတယ်။ အဲဒါကြောင့် အကျင့်ပါနေတာ။”
‘အင်း... ဒါက ရူးသွပ်နေတဲ့ သိပ္ပံပညာရှင် တစ်ယောက်ပဲ။’
ပညာရှိကြီး တွိုင်းက ပြောလိုက်သည်။ “အရှင်... မူလက ကျုပ်တို့ကို အိမ်မက်ဆိုးကျောက်တုံး ရိုင်ဖယ် သုတေသန လုပ်ခိုင်းခဲ့တယ် မဟုတ်လား။ ကျုပ်တို့ နည်းလမ်း ၁၉ မျိုး သုံးခဲ့တယ်။ အဓိက နည်းလမ်းက ရှေးဟောင်းလေးမြား အယူအဆကို ရိုင်ဖယ်ထဲ ထည့်သွင်းဖို့ပါ။ ဒါပေမဲ့ ဒီအယူအဆက အလုပ်မဖြစ်ဘူးလို့ ကျုပ် ထင်တယ်။ နဂါးအရှိန်အဝါ ပစ်လွှတ်စင် အယူအဆကို အိမ်မက်ဆိုးကျောက်တုံး ရိုင်ဖယ်ပေါ် တပ်ဆင်တာက ပိုပြီး ယုတ္တိရှိမယ် ထင်တယ်။”
“ဟမ်” ရှမ့်လန် အံ့အားသင့်သွားသည်။ နဂါးအရှိန်အဝါ ပစ်လွှတ်စင် ဟုတ်လား။ ထိုအရာက ပေါင်ချိန် သိန်းချီ လေးလံပြီး စတုရန်းမီတာ ရာချီ နေရာယူတဲ့ အရာကြီးပင်။
ပညာရှိကြီး တွိုင်းက ပြောလိုက်၏။ “ဒါကြောင့် နဂါးအရှိန်အဝါ ပစ်လွှတ်စင်ကို လျှော့ချဖို့ လိုတယ်။ မလိုအပ်တဲ့ အိမ်မက်ဆိုးကျောက်တုံး ကိရိယာတွေကို ဖယ်ရှားပြီး သေးငယ်အောင် လုပ်ရမယ်။ တကယ်တော့ မယုံနိုင်လောက်အောင် ခက်ခဲတဲ့ ပြဿနာတွေ ကြုံခဲ့ရတယ်။ ဒါကြောင့် ရှေးဟောင်းဖိနပ်ကို ဖြုတ်ပြီး အထဲက အိမ်မက်ဆိုးကျောက်တုံး ကိရိယာကို လေ့လာခဲ့တယ်။”
ရှမ့်လန် ကြောင်အသွားသည်။ ‘အိမ်မက်ဆိုးကျောက်တုံးက ဖိနပ်၊ ရိုင်ဖယ်တို့နဲ့ ဘာဆိုင်လို့လဲ။’
“၁၉ ရက်လောက် ကြာတော့ ကျုပ် ဖန်တီးနိုင်ခဲ့တယ်။ အရှင် ရှေ့မှာ ရှိနေတာက ကမ္ဘာ့ပထမဆုံး အိမ်မက်ဆိုး ကျောက်တုံး ရိုင်ဖယ်ပါပဲ။”
ပညာရှိကြီး တွိုင်းက ပြောလိုက်သည်။ “သေနတ်ပြောင်းကို တန်စတင် သုတ်လိမ်းထားတယ်။ ကျည်ဆန်တွေ က သံမဏိတွေ ဖြစ်ပြီး တန်စတင် သုတ်လိမ်းထားပါတယ်။ ပြီးတော့ ယမ်းကို လုံးဝ ဖယ်ရှားလိုက်လို့ ရပါပြီ။”
ရှမ့်လန်သည် အိမ်မက်ဆိုးကျောက်တုံး ရိုင်ဖယ်ကို ကောက်ယူပြီး စမ်းသပ်ကြည့်လိုက်သည်။ တကယ့် အကောင်ကြီးပင်။ တစ်နည်းအားဖြင့် ပြောရလျှင် ရိုင်ဖယ်နှင့် မတူတော့ပေ။ ပြောင်းဝက အလွန် ထူထဲပြီး အိမ်မက်ဆိုးကျောက်တုံး ကိရိယာများဖြင့် ပြည့်နှက်နေသည်။ ဒင်အတွင်းပိုင်းတွင် ပိုမို ရှုပ်ထွေးသော အိမ်မက်ဆိုးကျောက်တုံး ကိရိယာများ ရှိနေ၏။
“အရှင်... စမ်းကြည့်ပါအုံး။” ပညာရှိကြီး တွိုင်းက ပြောလိုက်သည်။
ရှမ့်လန်သည် ထူးဆန်းသော ရိုင်ဖယ်ကို မတင်ကာ ရှေ့မှ ပစ်မှတ်ကို ချိန်ပြီး ပစ်ခတ်လိုက်၏။
“ရွှီး... ”
ရှမ့်လန် လန့်သွားသည်။ ကျည်ဆန် အထွက်နှုန်း မြန်လွန်းသည်။
သူ့ ဉာဏ်ရည်တု စနစ်က ပုံရိပ်ကို လျင်မြန်စွာ မှတ်တမ်းတင်ပြီး တွက်ချက်လိုက်သည်။ အိမ်မက်ဆိုး ကျောက်တုံး ရိုင်ဖယ်၏ ကျည်ဆန် အထွက်နှုန်းသည် တစ်စက္ကန့်လျှင် ၁၃၀၀ မီတာအထိ ရောက်ရှိနေသည်။ ဤသည်မှာ ကမ္ဘာမြေမှ စနိုက်ပါ ရိုင်ဖယ်၏ အရှိန်ကို ကျော်လွန်လုနီးပါး ဖြစ်သည်။ ထို့အပြင် ထိရောက်သော အကွာအဝေးသည် မီတာ ၃၀၀၀ ကျော် ရှိပြီး ရှေးဟောင်းလေးမြား၊ ဒူးလေးများထက် များစွာ သာလွန်၏။
“အရှင်... ရှေ့က ပစ်မှတ်က ငရဲတပ်တော်ရဲ့ သံချပ်ကာပါ။ မီတာ ၁၃၀၀ အကွာမှာ ရှိပါတယ်။” ပညာရှိကြီး တွိုင်းက ပြောလိုက်သည်။
ငရဲတပ်တော်၊ သွေးဝိညာဉ် တပ်တော်၊ ကောင်းကင်ပြစ်ဒဏ်တပ်တော် စသည့် လျှို့ဝှက်တပ်တော်များ၏ သံချပ်ကာများသည် ဆင်တူကြသည်။ မျက်နှာပြင်တွင် တန်စတင် တစ်လွှာ၊ အတွင်းပိုင်းတွင် လျှို့ဝှက် သတ္တုစပ်နှင့် အထဲအတွင်းအဆုံးတွင် အပူကာ တစ်လွှာ ပါရှိ၏။
လက်ရှိတွင် ရှမ့်လန်ဘက်မှ မည်သည့်လက်နက်ကမှ ငရဲတပ်တော်၏ သံချပ်ကာကို မဖောက်နိုင်ပေ။ ငရဲမီး မြှားများ၊ တာမိုက် အမြောက်များပင်လျှင် မဖောက်နိုင်ပေ။ အဘယ့်ကြောင့်ဆိုသော် သံချပ်ကာသည် အပူချိန် ဒီဂရီ ၄၀၀၀ ကျော်ကို ခံနိုင်ရည် ရှိသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ရှမ့်လန်၏ တပ်တော်သည် တိုက်ပွဲတွင် ပါဝင်နိုင်ခြင်း မရှိပေ။
နုရှောင့်မြို့ အကျပ်အတည်းများတွင် ရှမ့်လန်သည် နဂါးနောင်တကဲ့သို့သော မဟာဗျူဟာမြောက် လက်နက်ကို စွန့်စား အသုံးပြုခဲ့ရသည်။ ရှမ့်လန်၏ စစ်သည်သောင်းချီသည် ဘေးမှ ရပ်ကြည့်ရုံသာ တတ်နိုင်ခဲ့သည်။ ရန်သူ့ သံချပ်ကာကို ဖောက်နိုင်သော လက်နက် မရှိပေ။ ဤတပ်တော် တိုက်ပွဲဝင်လျှင် အသက်လာပေးသကဲ့သို့ ဖြစ်နေမည် မဟုတ်ပါလား။
သဘာဝလွန်အဖွဲ့အစည်းတို့၏ လျှို့ဝှက်တပ်တော်သည် အလွန် သန်မာသည်။ အရှိန်၊ ခွန်အားနှင့် လျင်မြန်မှုတို့တွင် ထိတ်လန့်ဖွယ် ကောင်းသည်။ သို့သော်ငြား သူတို့၏ သံချပ်ကာကို ဖောက်နိုင်လျှင် သတ်နိုင်မည်။
ရှမ့်လန် အသက်ပြင်းပြင်း ရှူလိုက်ပြီး အိမ်မက်ဆိုးကျောက်တုံး ရိုင်ဖယ်ကို မြှောက်ကာ မီတာ ၁၃၀၀ အကွာရှိ ငရဲတပ်တော် သံချပ်ကာသစ်ကို ချိန်လိုက်သည်။
“ပစ်... ”
“ရွှီး... ” ရှမ့်လန် မောင်းခလုတ် ဆွဲလိုက်သည်။ တစ်စက္ကန့်ကျော်ကျော်လေးသာ ကြာ၏။
“ဒိုင်း... ”
ကျယ်လောင် ပြတ်သားသော အသံနှင့်အတူ ဖျက်ဆီး၍ မရနိုင်သော ငရဲသံချပ်ကာသည် တိုက်ရိုက် ဖောက်ထွင်းခံလိုက်ရပြီး ကြီးမားသော အက်ကွဲကြောင်းကြီး ဖြစ်ပေါ်သွားသည်။
“အောင်ပြီ... အောင်ပြီ။ ကောင်းတယ်... ကောင်းတယ်။”
ရှမ့်လန် အလွန် စိတ်လှုပ်ရှားသွားသည်။ ဤသည်မှာ ကြီးမားသော အောင်ပွဲပင်။ ယခုမှစ၍ နုရှောင့်မြို့ တပ်တော်သည် ပြန်လည်မတိုက်ခိုက်နိုင်သော အခြေအနေမျိုး မရှိတော့ပေ။ နိဗ္ဗာန်တပ်တော်၊ အမေဇုန်တပ်တော်၊ ဦးခေါင်းခွံတပ်တော်... အားလုံး စစ်မြေပြင် ဝင်နိုင်ပြီ ဖြစ်သည်။ ရှမ့်လန်တွင် အင်အားကြီး ဂိုဏ်းများ၏ လျှို့ဝှက်တပ်တော်ကို အမြောက်အမြား ချေမှုန်းနိုင်သော လက်နက် ရှိလာပြီ ဖြစ်၏။
ထို့နောက် ရှမ့်လန် ဆက်တိုက် ပစ်ခတ်လိုက်သည်။
“ရွှီး ရွှီး ရွှီး... ” ကျည်ကတ် တစ်ခုလုံး ကုန်အောင် ပစ်လိုက်သောကြောင့် ငရဲတပ်တော် သံချပ်ကာသည် ပျားအုံကဲ့သို့ ဖြစ်သွား၏။
‘စေတီတောင်... မင်းတို့ ဆက်ပြီး ကြမ်းနေလိုက်အုံး။’
ဤလက်နက်ဖြင့် မြေပြင်တွင်သာမက ဝေဟင်တွင်ပါ အသုံးပြုနိုင်သည်။ ရှမ့်လန်၏ လေသင်္ဘောကြီးများကို ထုတ်လုပ်ထားသည်မှာ ကြာပြီဖြစ်သော်လည်း တစ်နှစ်ကျော်အတွင်း စစ်မြေပြင်တွင် အထောက်အကူ ပြုရုံသာ တတ်နိုင်ခဲ့သည်။ အများဆုံး ထောက်လှမ်းရေး အတွက်သာ အသုံးပြုနိုင်သည်။
ရန်သူ့ နှင်းလင်းယုန် တပ်တော်၊ အထူးသဖြင့် ရှေးဟောင်းလင်းယုန် တပ်တော် အမြောက်အမြား ပျံတက် လာလျှင် ရှမ့်လန်၏ လေသင်္ဘောများသည် အထောက်အကူပြုဖို့ နေနေသာသာ တိုက်ရိုက် ပစ်ချခံရနိုင်၏။
ယခု အိမ်မက်ဆိုးကျောက်တုံး ရိုင်ဖယ် တီထွင်ပြီးပြီဖြစ်ရာ အိမ်မက်ဆိုးကျောက်တုံး စက်သေနတ်ကြီးနှင့် မဝေးတော့ပေ။ လေသင်္ဘောကြီးများပေါ်တွင် တပ်ဆင်လိုက်သည်နှင့် ရန်သူ့ ဝေဟင်တပ်တော်ကို သေစေလောက်သော ထိုးနှက်ချက် ပေးနိုင်မည်။
ထို့အပြင် ရှမ့်လန်၏ ဝပ်စီမံကိန်းသည် ရေနွေးငွေ့ အင်ဂျင်မှ အတွင်းလောင်စာ အင်ဂျင်သို့ အဆင့်မြှင့်တင်ပြီး ဖြစ်သည်။ ဤသို့ဖြင့် ပျံသန်းနှုန်း ပိုမို မြန်ဆန်လာမည်။ အတွင်းလောင်စာအင်ဂျင် အောင်မြင်သည်နှင့် ပန်ကာ လေယာဉ်များကိုလည်း သုတေသန စီမံကိန်းထဲ ထည့်သွင်းနိုင်ပြီ ဖြစ်သည်။ အစောဆုံး လေယာဉ်များသည် သစ်သားနှင့် ပတ္တူစဖြင့်သာ ပြုလုပ်ထားသည် မဟုတ်ပါလား။
“ကျုပ်တို့ လေသင်္ဘောတွေပေါ်မှာ ရှေးဟောင်း အိမ်မက်ဆိုးကျောက်တုံး စွမ်းအင်စက်ရုံ တပ်ဆင်ဖို့ ကြိုးစားခဲ့ပေမဲ့ အခုထိ မဖြေရှင်းနိုင်တဲ့ ပြဿနာတွေ ရှိနေတုန်းပါပဲ။” ပညာရှိကြီး တွိုင်းက ပြောလိုက်သည်။
ရှမ့်လန်က ပြောလိုက်၏။ “ကျန်းချွင်းဟွာ... မင်း ပြောတော့ သတင်းကောင်း သုံးခု ရှိတယ်ဆို။ ပထမ တစ်ခုက အိမ်မက်ဆိုးကျောက်တုံး ရိုင်ဖယ်။ ဒါက သေချာပေါက် သတင်းကောင်းပဲ။ ခေတ်သစ် တစ်ခုကို ဖန်တီးလိုက်တာပဲ။ ဒုတိယ သတင်းကောင်းက ဘာလဲ။”
ကျန်းချွင်းဟွာက ပြောလိုက်သည်။ “ဒုတိယ သတင်းကောင်းကလည်း ပညာရှိကြီး တွိုင်းနဲ့ သက်ဆိုင်ပါတယ်။ လိုက်ခဲ့ပါ။”
......
အပိုင်း (၁၁၁၈)
ထို့နောက် ရှမ့်လန်သည် မြေပြင်ပေါ်သို့ ပြန်တက်လာပြီး လေ့ကျိုးကျွန်းရှိ လျှို့ဝှက် စမ်းသပ်ကွင်းသို့ ရောက်ရှိလာသည်။
“ဒါက ကျွန်မတို့ရဲ့ နဂါးအရှိန်အဝါ ပစ်လွှတ်စင် အသေးစားပါ။”
ကျန်းချွင်းဟွာက ပြောလိုက်၏။ “တကယ်တော့ သူက မူလ နဂါးအရှိန်အဝါ အယူအဆကို လုံးဝ စွန့်လွှတ်လိုက်တာ။ အိမ်မက်ဆိုးကျောက်တုံး ရိုင်ဖယ် အကြီးစားလို့ ခေါ်ရင် ပိုမှန်မယ်။”
ရှမ့်လန် မြင်တွေ့လိုက်ရသည်။ မူလ နဂါးအရှိန်အဝါ ပစ်လွှတ်စင်သည် အလွန် ထူးဆန်းသည်။ ရှေးဟောင်း ဒူးလေးကြီး ပုံစံဖြစ်ပြီး နဂါးနောင်တသည်လည်း မြားကြီးတစ်စင်းပုံစံ ဖြစ်သည်။ ရှေ့မှ နဂါးအရှိန်အဝါ အသေးစားသည် အမြောက်နှင့် အနည်းငယ်တူသော်လည်း ပစ်ခတ်လိုက်လျှင် လေးထောင့်နှင့် အဝိုင်း ဖြစ်နေသည်။ မရေမတွက်နိုင်သော အိမ်မက်ဆိုးကျောက်တုံး ကိရိယာများသည် ပစ်လွှတ်စင် တစ်ခုလုံးကို ရစ်ပတ်ထားသည်။
“နဂါးအရှိန်အဝါ ပစ်လွှတ်စင်က ဘာကိုမဆို ပစ်လွှတ်နိုင်တယ်။ ရှေးဟောင်း စွမ်းအင်ဗဟိုချက် အပါအဝင်ပေါ့။”
ပညာရှိကြီး တွိုင်းက ပြောလိုက်၏။ “ဒါပေမဲ့ ဒါက မလိုအပ်ဘူးလို့ ကျုပ် ထင်တယ်။ ပြောင်းဝကို အသေ လုပ်ထားလို့ ရပါတယ်။”
အလွန် ယုတ္တိရှိပေသည်။ ဤသို့ဆိုလျှင် ပို၍ စနစ်ကျပေလိမ့်မည်။
“ပြီးတော့ သူ့စွမ်းအားကို အမြင့်ဆုံးရရှိဖို့အတွက် ကျုပ်တို့ရဲ့ နဂါးအရှိန်အဝါ အသေးစားကို ဧရာမ အမြောက်ဆံတွေ ပစ်ဖို့ အဓိက အသုံးပြုပါတယ်။” ပညာရှိကြီး တွိုင်းက ပြောလိုက်သည်။
ရှမ့်လန်က မေးလိုက်၏။ “ဧရာမ အမြောက်ဆံတွေလား။ ဘယ်လောက် ကြီးလဲ။”
“နှစ်တန်။”
ရှမ့်လန် ရင်တုန်သွားသည်။ တကယ့် ဧရာမ အမြောက်ဆံပင်။
ဒုတိယ ကမ္ဘာစစ်အတွင်း နာဇီဂျာမနီသည် ရူးသွပ်ဖွယ်ကောင်းသော ဒိုရာအမြောက်ကြီးကို ဖန်တီးခဲ့ဖူးသည်။ ၄၃ မီတာခန့် ရှည်လျားပြီး ပြောင်းမှာ ၃၂.၄၈ မီတာ ရှည်သည်။ အမြောက်တစ်ခုလုံး ၁၃၅၀ တန် လေးလံပြီး ပစ်လိုက်သော အမြောက်ဆံသည် ၇ တန်ကျော် လေးလံကာ ကီလိုမီတာ ၄၀ မှ ၅၀ အထိ ရောက်သည်။ သေချာပေါက် ဤစူပါအမြောက်ကြီးသည် စစ်ပွဲအတွင်း ထင်သလောက် စွမ်းဆောင်ရည် မပြနိုင်ခဲ့ပေ။
ရှမ့်လန်က မေးလိုက်သည်။ “ဒီနဂါးအရှိန်အဝါ အသေးစားက ဘယ်လောက် လေးလဲ။”
“၁၆ တန်။”
ဤအလေးချိန်က လေးလွန်းနေသေးသည်။ သို့သော်ငြား အနည်းဆုံးတော့ ရွှေ့ပြောင်း၍ ရသည်။ ရှမ့်လန်တွင် အလွန် သန်မာသော လူအုပ်ကြီး ရှိနေသည်ကို မမေ့ပါနှင့်။ ထို့ကြောင့် ဤနဂါးအရှိန်အဝါ အသေးစားကို စစ်မြေပြင်တွင် အသုံးပြုနိုင်၏။
ရှမ့်လန်က မေးလိုက်သည်။ “ဒါဆို ဒီနဂါးအရှိန်အဝါ အသေးစားရဲ့ အဝေးဆုံး ပစ်ခတ်နိုင်တဲ့ အကွာအဝေးက ဘယ်လောက်လဲ။”
“၆၅ ကီလိုမီတာ။”
‘ကောင်းတယ်။ ကမ္ဘာမြေက ဒိုရာအမြောက်ကြီးထက် သာတယ်။ ကံမကောင်းစွာနဲ့ နဂါးအရှိန်အဝါကိုတော့ မမှီသေးဘူး။ အဲဒါက ကီလိုမီတာ ၅၀၀ အထိ ပစ်နိုင်တာလေ။’
ပညာရှိကြီး တွိုင်းက ပြောလိုက်၏။ “တကယ်လို့ အမြောက်ဆံရဲ့ အမြီးပိုင်းကို အိမ်မက်ဆိုးကျောက်တုံး ကိရိယာနဲ့ ရိုက်ခတ်လိုက်ရင် သူ့ဘာသာ မီးတောက်တွေ ထုတ်လွှတ်ပြီး သွားနိုင်တယ်။ ဒါဆိုရင် ကီလိုမီတာ ၂၀၀၊ ၃၀၀ ကျော်အထိ ရောက်နိုင်တယ်။ ဒါပေမဲ့ တိကျမှုတော့ လုံးဝ မရှိတော့ဘူး။ နဂါးနောင်တလို တိကျတဲ့အရာမျိုး ကျုပ်တို့ အခုထိ မဖန်တီးနိုင်သေးဘူး။”
“၆၅ ကီလိုမီတာလား။ လုံလောက်ပါပြီ။”
ပညာရှိကြီး တွိုင်းက ပြောလိုက်သည်။ “လက်ရှိမှာ ကျုပ်တို့ကို ကန့်သတ်ထားတာက အမြောက်ဆန်ပါပဲ။ ကျုပ်တို့ရဲ့ယမ်းက အကန့်အသတ် ရောက်နေပြီ။ အရှင်ရှမ့်လန် ပေးတဲ့ ပုံသေနည်းအတိုင်း အပြင်းထန်ဆုံး ယမ်းကို ဖန်တီးနိုင်ခဲ့ပေမဲ့ လုံလောက်မှု မရှိသေးပါဘူး။ ရန်သူ့ လျှို့ဝှက်တပ်တော်ကို ကြီးမားတဲ့ ပျက်စီး ဆုံးရှုံးမှုတွေ ပေးဖို့ မဖြစ်နိုင်သေးဘူး။ ကျုပ်တို့ရဲ့ အိမ်မက်ဆိုးကျောက်တုံး ဗုံးကလည်း စမ်းသပ်အဆင့် မရောက်သေးဘူး။ တောင်းပန်ပါတယ်။ ဒါက ကျုပ်ရဲ့ သုတေသနနယ်ပယ် မဟုတ်လို့ အဓိပ္ပာယ်ရှိတဲ့ အကြံပြုချက် မပေးနိုင်ပါဘူး။”
ရှမ့်လန် ခေါင်းညိတ်လိုက်သည်။ ပညာရှိကြီး တွိုင်း၏ အာရုံစိုက်မှုသည် ပစ်လွှတ်ယာဉ် သုတေသန အပေါ်တွင်သာ ရှိပြီး ပေါက်ကွဲမှု စွမ်းအားအပေါ်တွင် မရှိပေ။
“တတိယ သတင်းကောင်းက ဘာလဲ။” ရှမ့်လန် မေးလိုက်၏။
ကျန်းချွင်းဟွာက ပြောလိုက်သည်။ “အရှင်... လိုက်ခဲ့ပါ။”
......
ထို့နောက် ရှမ့်လန်သည် နောက်ထပ် လျှို့ဝှက်ဓာတ်ခွဲခန်း တစ်ခုသို့ ရောက်ရှိလာသည်။ ဤလျှို့ဝှက် ဓာတ်ခွဲခန်းသည် နုရှောင့်မြို့ရဲတိုက်နှင့် အလွန် ဝေးကွာသည်။ ထို့အပြင် မြေအောက် အလွန်နက်သော နေရာတွင် တည်ရှိပြီး ထိပ်တန်း လျှို့ဝှက်ချက် ဖြစ်သည်။ ထိပ်တန်းလျှို့ဝှက်ချက် ဖြစ်ရခြင်းမှာ အန္တရာယ်အရှိဆုံး ဇီဝဗေဒ စမ်းသပ်မှုများ ပြုလုပ်သောကြောင့်ပင်။
“လေးစားအပ်ပါသော အရှင် ရှမ့်လန်... ပြန်တွေ့ရတာ ဝမ်းသာပါတယ်။”
အနောက်တိုင်း အမျိုးသမီး တစ်ဦး ဦးညွှတ်လိုက်ပြီး ပြောလိုက်သည်။ “ကျွန်မက အရင်တုန်းက မီးနတ်ဘုရားဂိုဏ်းက ယဇ်ပုရောဟိတ်မကြီး အန်နီပါ။ အခုတော့ တော်ဝင်ချန်အင်ပါယာရဲ့ ပညာရှိကြီး အန်နီ ဖြစ်သွားပါပြီ။”
ထို့နောက် သူမသည် ဖန်ပုလင်း တစ်လုံးကို ထုတ်ယူလိုက်သည်။ အတွင်းထဲတွင် တောက်ပသော အစက်အပြောက်လေး တစ်ခု ရှိနေသည်။ မီးပိုးနှင့် တူသော်လည်း ပို၍ သေးငယ်၏။
ရှမ့်လန် တစ်ချက်ကြည့်ရုံဖြင့် မှတ်မိလိုက်သည်။ ငရဲမီးပိုး ဖြစ်သည်။ သုံးလေးကောင်လောက် ဆိုလျှင် လူတစ်ယောက်ကို ပြာကျအောင် လောင်ကျွမ်းနိုင်သည်။ လူ့ခန္ဓာကိုယ်ထဲသို့ အထူးဒြပ်ပေါင်းများ ထိုးသွင်းပြီး သွေးနှင့် ဓာတ်ပြုကာ ကြောက်မက်ဖွယ် မီးလောင်စာ ဖြစ်သွားစေသည်။
ထို့အပြင် ငရဲမီးပိုး၏ အမှုန့်ကို အသုံးပြု၍ အပူချိန် ဒီဂရီ ၄၀၀၀၊ ၅၀၀၀ ရှိသော မီးတောက်များကို ထုတ်လွှတ်သည့် အံ့မခန်း မီးလက်နက်များ ဖန်တီးနိုင်သည်။ အမြောက်ဆံ အမြောက်အမြား ပြုလုပ်နိုင်လျှင် ဖျက်ဆီးအားသည် အလွန် ထိတ်လန့်ဖွယ် ကောင်းပေလိမ့်မည်။
ကံမကောင်းစွာဖြင့် ငရဲမီးပိုးသည် အလွန် တန်ဖိုးကြီးသည်။ မီးနတ်ဘုရားဂိုဏ်းက လက်ဆောင် အကြိမ်ကြိမ် ပေးပို့ခဲ့သော်လည်း ရှမ့်လန်တွင် ကီလိုဂရမ် ဒါဇင်အနည်းငယ်သာ ရှိသည်။ အမြောက်ဆံ အမြောက်အမြား ပြုလုပ်ရန် မဖြစ်နိုင်ပေ။
“ဒါက အရှင် ပေးပို့လိုက်တဲ့ သေတ္တာပါ။ ဒီလောကမှာ အဆန်းကြယ်ဆုံး သေတ္တာ ဖြစ်လောက်တယ်။” ပညာရှိကြီး အန်နီက ပြောလိုက်၏။
ဤသေတ္တာသည် ရှေးဟောင်းကျန်း ဂူသင်္ချိုင်းမှ ရှမ့်လန် ယူဆောင်လာခဲ့သော သေတ္တာ ဖြစ်သည်။ ကျန်းလီ၏ သေတမ်းစ ပါရှိသော သေတ္တာ ဖြစ်၏။ ပုံပန်းသဏ္ဍာန်သည် တော်ဝင်ရန်အင်ပါယာမှ ဆန်းကြယ်သော သေတ္တာနှင့် အလွန် တူညီသော်လည်း အရောင်မတူပေ။
.........
ယဇ်ပုရောဟိတ်မကြီး အန်နီသည် ငရဲမီးပိုးကို သေတ္တာထဲသို့ ထည့်ပြီး အဖုံးပိတ်လိုက်သည်။ “အရှင် ရှမ့်လန်... သုံးနာရီလောက် စောင့်ကြည့်ရအောင်။ အံ့ဖွယ်အမှုတစ်ခု ဖြစ်လာပါလိမ့်မယ်။”
ထို့နောက် သူတို့အားလုံး တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြသည်။ သုံးနာရီ ကုန်ဆုံးသွားသည်။ ပညာရှိကြီး အန်နီသည် သေတ္တာကို ဖွင့်လိုက်ပြီး ငရဲမီးပိုး ပါသော ဖန်ပုလင်းကို ထုတ်ယူလိုက်၏။
ချက်ချင်းပဲ ရှမ့်လန် လုံးဝ ကြောင်အသွားရသည်။ စောစောက ငရဲမီးပိုး တစ်ကောင်တည်းသာ ရှိခဲ့သော်လည်း ယခုအခါ ပုလင်းထဲတွင် အကောင်များစွာ ပြည့်နှက်နေသည်။
“စုစုပေါင်း ၂၅၆ ကောင် ရှိပါတယ်။”
ပညာရှိကြီး အန်နီက ပြောလိုက်၏။ “ဒီဆန်းကြယ်တဲ့ သေတ္တာထဲမှာ ငရဲမီးပိုးတွေက လျင်မြန်စွာ ပွားများနိုင်တယ်။ သုံးနာရီအတွင်း ရှစ်ကြိမ် ပွားများနိုင်ပါတယ်။”
ဤအရာက အရမ်း ကြောက်စရာ ကောင်းသလို အရမ်းလည်း ထူးဆန်းနေသည်။ ကွဲထွက်ရုံ သက်သက် မဟုတ်၊ အဆက်မပြတ် ပွားများနေခြင်း ဖြစ်သည်။ ဤသေတ္တာသည် အမှန်တကယ်ပင် ထိပ်တန်း ရတနာ ဖြစ်ပေသည်။
ထို့အပြင် ပွားများလာသော ငရဲမီးပိုးများသည် မူလအကောင်နှင့် တစ်ပုံစံတည်း တူညီနေသည်။ သူတို့၏ စွမ်းအင် လျော့နည်းသွားခြင်း မရှိဘဲ ပိုမို သန်မာလာကြသည်။ သေချာပေါက် ဤအရာသည် ယုတ္တိမရှိပေ။ စွမ်းအင် တည်မြဲခြင်း နိယာမနှင့် မကိုက်ညီသကဲ့သို့ ဖြစ်နေ၏။
ကမ္ဘာမြေပေါ်တွင် ကိုယ်ပွားနိုင်သော သတ္တဝါများစွာ ရှိသော်လည်း စွမ်းအင် လိုအပ်သည်။ အပင်များပင် နေရောင်ခြည် စွမ်းအင် လိုအပ်သည် မဟုတ်ပါလား။
‘ဒီသေတ္တာထဲက ငရဲမီးပိုးတွေက သူတို့ဘာသာ ပွားများနိုင်တာလား။ မဖြစ်နိုင်ဘူး။’
ငရဲမီးပိုးများ ကွဲထွက် ပွားများနေစဉ်အတွင်း သေတ္တာကိုယ်တိုင်က စွမ်းအင် ဆုံးရှုံးသွားကြောင်း ရှမ့်လန် ကောက်ချက်ချလိုက်သည်။
‘ဒါဆို ဒီသေတ္တာရဲ့ စွမ်းအင် အရင်းအမြစ်က ဘာလဲ။ စွမ်းအင် ကုန်သွားရင် ဘာဖြစ်မလဲ။ နဂါးသွေးခြင်ဆီပဲ။’
ရှမ့်လန် အဖြေကို လွယ်ကူစွာ ရရှိလိုက်သည်။ အဘယ့်ကြောင့်ဆိုသော် ဤသေတ္တာထဲမှ အလွန် ရင်းနှီးသော စွမ်းအင် အရှိန်အဝါကို ရလိုက်သောကြောင့် ဖြစ်သည်။ ၎င်းသည် နဂါးနောင်တ၏ စွမ်းအင် အရှိန်အဝါ ဖြစ်၏။
အရာအားလုံးသည် မူလအခြေအနေသို့ ပြန်ရောက်သွားသကဲ့သို့ပင်။ အိမ်မက်ဆိုးကျောက်တုံး ဆိုသည်မှာ နဂါးပုံဆောင်ခဲ ဖြစ်သည်။ နဂါးနောင်တ၏ စွမ်းအင် အရင်းအမြစ်မှာ နဂါးသွေးခြင်ဆီ ဖြစ်သည်။
‘ဒါဆိုရင် နဂါးတွေက ရှေးဟောင်းလောကရဲ့ အရေးအကြီးဆုံး မဟာဗျူဟာမြောက် အရင်းအမြစ်တွေလား။ အရေးအကြီးဆုံး စွမ်းအင်အရင်းအမြစ်လား။ ဒီလို သေတ္တာမျိုးကမှ နဂါးဥတွေကို အကောင်ဖောက်ပေးနိုင်တာ ဖြစ်မယ်။ ဒါက သိပ်နားလည်ဖို့ လွယ်ပါတယ်။ စွမ်းအင် ဖလှယ်ခြင်းပဲလေ။ နဂါးဥတစ်လုံးကနေ နဂါးတစ်ကောင် ဖြစ်လာဖို့ စွမ်းအင် ပမာဏ အများကြီး လိုအပ်တယ်။ ပြီးတော့ အမြင့်ဆုံး အဆင့်ရှိဖို့ လိုတယ်။ ဒီလို သေတ္တာမျိုးကပဲ ပေးစွမ်းနိုင်မှာ။ ဒါဆို ဒီသေတ္တာကို ဘယ်လိုခေါ်မလဲ။ နဂါးသေတ္တာလား။’
ရှမ့်လန်သည် သူ့ကိုယ်ပေါ်ရှိ နဂါးနှလုံးသားကို သတိရသွားသည်။ ဤအရာသည် အဆက်မပြတ် အစွမ်းထက်သော စွမ်းအင်ကို ထောက်ပံ့ပေးနေပြီး အမှန်တကယ်အားဖြင့် ဓာတ်ပြုကိရိယာ အသေးစားလေး တစ်ခု ဖြစ်သည်။ ၎င်း၏ စွမ်းအင် အရင်းအမြစ်သည်လည်း နဂါးသွေးခြင်ဆီပင် ဖြစ်သည်။ ရှမ့်လန် မြင်ဖူးသည်။
ကမ္ဘာမြေပေါ်ရှိ အင်ဂျင်များကို ဓာတ်ဆီ ဖြည့်ပေးရသကဲ့သို့ ဤနဂါးနှလုံးသားသည်လည်း နဂါးသွေးခြင်ဆီ လိုအပ်သည်။ သေချာပေါက် ငရဲမီးပိုးများ ပွားများရန်အတွက် ဆိုပါက ဤသေတ္တာ၏ စွမ်းအင် သုံးစွဲမှုသည် ပြောပလောက်စရာ မရှိပေ။
‘ဒါဆို ဒီသေတ္တာက အရမ်း အရေးကြီးသွားပြီ။ ငရဲမီးပိုးတွေ ပွားများဖို့ သုံးလို့ရရုံတင်မကဘူး၊ အထူး အိမ်မက်ဆိုးကျောက်တုံးတွေကို အားသွင်းဖို့လည်း သုံးလို့ရနိုင်တယ်။’
နဂါးနောင်တ ဖန်တီးဖို့တောင် ဤအရာမရှိရင် မဖြစ်နိုင်ဘူးလို့ ရှမ့်လန် ခံစားမိ၏။
‘ဒါက ရှေးဟောင်းယဉ်ကျေးမှုရဲ့ မဟာဗျူဟာမြောက် ထိပ်တန်း အရင်းအမြစ်ပဲ။’
ရှမ့်လန်က ပြောလိုက်သည်။ “ပညာရှိကြီးတွိုင်းကို ဆက်ကြိုးစားခိုင်းပါ။ အိမ်မက်ဆိုးကျောက်တုံး ရိုင်ဖယ်ကို အမြန်ဆုံး သေးငယ်အောင် လုပ်ခိုင်းပါ။ ပြီးရင် အမြောက်အမြား ထုတ်လုပ်ပြီး တပ်သားသစ်တွေကို တပ်ဆင်ပေးမယ်။ အထူးသဖြင့် နဂါးအရှိန်အဝါ အသေးစားကို ထပ်ပြီး သေးငယ်အောင် လုပ်နိုင်ရင် အကောင်းဆုံးပဲ။ အလေးချိန်ကို ၁၀ တန်လောက်အထိ ကန့်သတ်ထားသင့်တယ်။ ပြီးရင် အလက် ၃၀ လောက် ထုတ်လုပ်မယ်။”
“ကောင်းပါပြီ၊”
ရှမ့်လန် ဆက်ပြောလိုက်၏။ “ဒီနဂါးသေတ္တာကို သုံးပြီး ငရဲမီးပိုးတွေကို အမြောက်အမြား ပွားများလိုက်ပါ။ အိမ်မက်ဆိုးကျောက်တုံး ဗုံးကို လောလောဆယ် မထုတ်လုပ်နိုင်သေးရင်တောင် ငရဲမီးဗုံး ဒါမှမဟုတ် ငရဲမီးထိပ်ဖူးတွေကို အမြောက်အမြား ထုတ်လုပ်ပါ။”
ကျန်းချွင်းဟွာက မေးလိုက်သည်။ “ကောင်းပါပြီ၊ အချိန် အရမ်းကပ်နေပြီလား။ ဘယ်သူနဲ့ တိုက်ရမှာလဲ။”
ရှမ့်လန်က ပြောလိုက်၏။ “စေတီတောင်နဲ့ ချန်နိုင်ငံသစ်လေ။ ပိုအရေးကြီးတာက ဝူ၊ ချောင်၊ ရွှဲ့ သုံးနိုင်ငံကို ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်တဲ့ စွမ်းရည် ရှိစေချင်တာ။”
ကျန်းချွင်းဟွာက ပြောလိုက်သည်။ “ကောင်းပါပြီ၊ ဒါပေမဲ့ ဒီလိုဆိုရင် ကျွန်မတို့ရဲ့ အိမ်မက်ဆိုးကျောက်တုံး ပုံဆောင်ခဲတွေ အများကြီး ကုန်သွားလိမ့်မယ်။ ပြန်ဖြည့်ဖို့က မဖြစ်နိုင်သလောက်ပဲ။”
ဟုတ်ပေသည်။ အိမ်မက်ဆိုးကျောက်တုံး ပုံဆောင်ခဲ ဆိုသည်မှာ နဂါးပုံဆောင်ခဲ ဖြစ်သည်။ ကြယ်တံခွန် ရိုက်ခတ်မှုမှလွဲ၍ ဤလောကတွင် အခြား နဂါးပုံဆောင်ခဲ ရှိပုံမရပေ။ ရှမ့်လန်သည် ရှေးဟောင်းအမွေအနှစ် နေရာများစွာကို ရှာဖွေခဲ့သော်လည်း မူလ အိမ်မက်ဆိုးကျောက်တုံး ပုံဆောင်ခဲ အစအနကို မတွေ့ခဲ့ရပေ။ အားလုံးသည် အသင့်သုံး အိမ်မက်ဆိုးကျောက်တုံး ကိရိယာများသာ ဖြစ်ကြ၏။
......
ဤသတင်းကောင်း သုံးခုသည် အမှန်တကယ် စိတ်လှုပ်ရှားဖွယ် ကောင်းသည်။ ဆိုလိုသည်မှာ ရှမ့်လန်၏ တော်ဝင်ချန်အင်ပါယာသည် နဂါးနောင်တတစ်ခုတည်းကို အားကိုးပြီး ခံစစ်အနေအထားဖြင့် ရှိနေရတော့မည် မဟုတ်ပေ။
အိမ်မက်ဆိုးကျောက်တုံး ရိုင်ဖယ်နှင့် နဂါးအရှိန်အဝါ အသေးစားတို့သည် ရှေးကျနေသေးသော်လည်း ရှမ့်လန်၏ တပ်တော်ကို အံ့မခန်း တိုက်ခိုက်စွမ်းရည် ရရှိစေရန် လုံလောက်သည်။ ဖောက်ထွက် တိုက်ခိုက်ရန် လုံလောက်သည်။
သေချာပေါက် ရှမ့်လန်၏ ထိပ်တန်း ဦးစားပေးသည် ရင်ဝူမင်ကို အနိုင်ယူရန် ဖြစ်သည်။ အိမ်မက်ဆိုး ကျောက်တုံး ရိုင်ဖယ်၊ နဂါးအရှိန်အဝါ အသေးစားနှင့် ငရဲမီးဗုံးများ ထုတ်လုပ်ရန် အချိန် လိုအပ်သည်။ နောက်တစ်ဆင့်တွင် ရှမ့်လန်သည် စွမ်းအင်ဝဲကတော့ကို ဆက်လက် သုတေသန ပြုလုပ်လို၏။
ရှေးဟောင်းဘုရင် လက်စွပ်၊ နဂါးနှလုံးသားနှင့် နဂါးဓားတို့ အားလုံး စုံလင်နေပြီ ဖြစ်သည်။ ရှေးဟောင်းဘုရင် လက်စွပ်က လုပ်ပိုင်ခွင့်ကို ပေးသည်။ နဂါးနှလုံးသားက စွမ်းအင်ကို ပေးသည်။ နဂါးဓားက တိုက်ခိုက်ရေး လက်နက် ဖြစ်သည်။ ထို့နောက် အလွန် အရေးကြီးသော အရာတစ်ခု ကျန်သေးသည်။ ၎င်းမှာ ရှမ့်လန် ကိုယ်တိုင် ဖြစ်၏။ သူသည် ဤကိရိယာများ၏ ဝိညာဉ် ဖြစ်သည်။
ပျောက်ဆုံးနိုင်ငံ မိစ္ဆာမယ်တော် ပြောသည်မှာ မှန်ကန်သည်။ ဉာဏ်အကောင်းဆုံး လူသားသာလျှင် အိမ်ရှေ့စံ ကျန်းရှဲ့၏ ကိရိယာများကို ဆက်ခံနိုင်သည်။ ဤကိရိယာများသည် အဆုံးမဲ့ ဖြစ်နိုင်ခြေများကို ပေးစွမ်းနိုင်သော်လည်း ရှမ့်လန်သည် စွမ်းအင်ဝဲကတော့ အပါအဝင် တိုက်ခိုက်မှု ပုံစံတိုင်းကို ကိုယ်တိုင် ပုံစံဆွဲရမည်။
စွမ်းအင်ဝဲကတော့များ၏ အဆင့်သည်လည်း မတူညီကြပေ။ ဥပမာအားဖြင့် ရှေးဟောင်းအကျဉ်းထောင်တွင် ရှမ့်လန်သည် ဒုတိယ စွမ်းအင်ဝဲကတော့ကိုပင် ဝင်ရောက်နိုင်ခြင်း မရှိခဲ့ပေ။ စွမ်းအင်ဝဲကတော့ တိုက်ခိုက်မှုကို စီစဉ်လိုလျှင် ထိုအရာတို့ကို အသေအချာ နားလည် သဘောပေါက်ပြီး ခွဲခြမ်းစိတ်ဖြာနိုင်ရမည်။
ထို့နောက်တွင် ရှမ့်လန်သည် အချိန်အများစုကို ရှေးဟောင်းအကျဉ်းထောင်တွင် ကုန်ဆုံးပြီး စွမ်းအင် ဝဲကတော့များနှင့် ရင်ဆိုင်နေခဲ့သည်။
ပွင့်လိုက်၊ ပိတ်လိုက်၊ ပွင့်လိုက်၊ ပိတ်လိုက်။ ထပ်ခါထပ်ခါ သူသည် ဝဲကတော့များကို ဖြတ်သန်းကာ ကြည့်ရှု ခံစားနေခဲ့၏။
ထို့နောက် သူသည် ရရှိသော အချက်အလက် အားလုံးကို ဉာဏ်ရည်တု စနစ်ထဲသို့ ထည့်သွင်းပြီး ခွဲခြမ်း စိတ်ဖြာခိုင်းသည်။ နောက်ဆုံးတွင် ရရှိသော အချက်အလက် ပမာဏသည် ထိတ်လန့်ဖွယ် ကောင်းလှသည်။ ဂစ်ဂါဘိုက် ရာပေါင်းများစွာ ရှိသည်။
ဤသည်မှာ စွမ်းအင်ဝဲကတော့ တစ်ခုတည်း၏ အချက်အလက် ပမာဏသာ ရှိသေးသည်။ ကံကောင်းစွာဖြင့် ရှမ့်လန်၏ ဦးနှောက်ကို သိုလှောင်ရေး ကြားခံအဖြစ် အသုံးပြုနိုင်သောကြောင့် တော်သေးသည်။ ထိုသို့ မဟုတ်ပါက ဉာဏ်ရည်တုစနစ်၏ ဟာ့ဒ်ဒစ်သည် လုံလောက်မည် မဟုတ်ပေ။ လူ့ဦးနှောက်၏ မှတ်ဉာဏ် သိုလှောင်နိုင်မှု ပမာဏသည် တီရာဘိုက် သန်းတစ်ထောင်ခန့် ရှိသည်။
စွမ်းအင်ဝဲကတော့၏ အချက်အလက်များကို ရယူရုံဖြင့် မလုံလောက်ပေ။ စွမ်းအင်ဝဲကတော့ ဖွဲ့စည်းပုံကို အနက်ရှိုင်းဆုံး ရှင်းပြထားသော ရှေးဟောင်းကျမ်းစာများနှင့် ကျမ်းစာလိပ်များကိုလည်း ဖတ်ရှုရမည်။
ရှမ့်လန်သည် စွမ်းအင်ဝဲကတော့ကို တိုက်ရိုက် စီစဉ်ပြီး လွှတ်ထုတ်လိုလျှင် သူ့၌ စိတ်စွမ်းအင်နှင့် ဉာဏ်ရည်တု စနစ် ရှိလျှင်ပင် စွမ်းအင်ဝဲကတော့၏ တစ်ထောင်ပုံ ၊ တစ်ပုံကိုပင် လွှတ်ထုတ်နိုင်မည် မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် အလွန် များပြားသော ကိန်းဂဏန်းများ ပါဝင် ပတ်သက်နေသောကြောင့် ဖြစ်၏။
‘ဘယ်အမှတ်၊ ဘယ်ကိုသြဒိနိတ်၊ ဘယ်လို စွမ်းအင်မျိုး ထုတ်လွှတ်ရမလဲ၊ ဘယ်အဆင့် စွမ်းအင်မျိုးလဲ။’
ဤသည်မှာ အထူး စွမ်းအင်ပစ်ဇယ်များကို ဆက်စပ်ပြီး စွမ်းအင်ဝဲကတော့ တစ်ခု ဖန်တီးသကဲ့သို့ ဖြစ်နေသည်။ မည်သို့ ဖြစ်နိုင်မည်နည်း။ မဖြစ်နိုင်သော ကိစ္စပင်။ တကယ်ဆိုလျှင် စွမ်းအင် ပုံသေနည်း တစ်ခု ရှိရမည်။ သူသည် ဤပုံသေနည်းကို ခွဲခြမ်းစိတ်ဖြာပြီး နဂါးနှလုံးသားနှင့် နဂါးဓားကို သက်ဆိုင်ရာ စွမ်းအင် ဓာတ်ပြုမှု ဖြစ်စေကာ စွမ်းအင်ဝဲကတော့ လွှတ်ထုတ်လိုက်ရုံသာ ဖြစ်သည်။
ထို့ကြောင့် ရှမ့်လန် နောက်တစ်ဆင့် လုပ်ရမည်မှာ သူ့ဉာဏ်ပညာ၊ ဉာဏ်ရည်တု စနစ်နှင့် ရှေးဟောင်းကျမ်းစာ သုတေသနများကို အသုံးပြုပြီး အရိုးရှင်းဆုံး စွမ်းအင်ဝဲကတော့ ပရိုဂရမ်ကို ရေးဆွဲရန် ဖြစ်သည်။ ဤနည်းဖြင့် စိတ်စွမ်းအင် အဆပေါင်း ထောင်ချီ သက်သာစေနိုင်၏။
ဤအချက်ကို နားလည်လိုက်ချိန်မှာတော့ ရှမ့်လန်၏ နှလုံးသားသည် အမှန်တကယ် တုန်လှုပ်သွားခဲ့ရသည်။ ကျန်းရှဲ့သည် အလွန် အံ့မခန်း ဖြစ်လွန်းသည်။ သူသည် သွေးမျိုးရိုး၊ ခွန်အားနှင့် သိုင်းပညာတို့ကို အမှန်တကယ် ကျော်လွန်ခဲ့သည်။ သူသည် ဉာဏ်ပညာကိုသာ လုံးဝ အသုံးပြုပြီး ထိပ်တန်း ပညာရှင် တစ်ဦး ဖြစ်လာခဲ့သည်။
ဤလုပ်ငန်းစဉ်သည် ရှမ့်လန်အတွက်လည်း အလွန် ခက်ခဲလှသည်။ ရှေးဟောင်းမှတ်တမ်း အားလုံးကို သူ ရှာဖွေခဲ့သော်လည်း စွမ်းအင်ဝဲကတော့အကြောင်း များများစားစား မတွေ့ရပေ။ ရှေးဟောင်းဘုရင် ကျမ်းစာလိပ်များတွင် မှတ်တမ်းများ ရှိသော်လည်း အလွန် လျှို့ဝှက်ဆန်းကြယ်ပြီး နက်နဲလွန်းလှ၏။
ကျန်းရှဲ့သည် ဉာဏ်ကြီးရှင်ဖြစ်သောကြောင့် သူတစ်ဦးတည်းသာ နားလည်နိုင်သော အရာများစွာ ရှိနေသည်။ အခြားသူများအတွက်မူ ကောင်းကင်ကျမ်းစာကဲ့သို့ ဖြစ်နေသည်။ ဤသည်မှာ ရှမ့်လန်၏ ဉာဏ်ပညာကို အကြီးမားဆုံး စမ်းသပ်မှု ဖြစ်နိုင်၏။ သူ့ဉာဏ်ရည်တု စနစ်ကိုလည်း အကြီးမားဆုံး စမ်းသပ်မှု ဖြစ်သည်။
သူ့ဦးနှောက်နှင့် ဉာဏ်ရည်တု စနစ်သည် အချိန်တိုင်းနီးပါး တွက်ချက်မှုများဖြင့် ဝန်ပိနေ၏။
တစ်ရက်၊ နှစ်ရက်၊ ငါးရက်၊ ဆယ်ရက်၊ ရက်နှစ်ဆယ်... ၂၈ ရက် တိတိ ကုန်ဆုံးသွားပြီ ဖြစ်သည်။
ယခုအခါ မတ်လ ၅ ရက်နေ့ ရောက်ရှိလာပြီး ရှမ့်လန်သည် စွမ်းအင်ဝဲကတော့ ပုံသေနည်းကို မပြီးမြောက်သေးပေ။
မတ်လ ၆ ရက်။ မတ်လ ၇ ရက်။
တစ်လတိတိ မအိပ်ဘဲ ကြိုးစားပြီးနောက် ရှမ့်လန်သည် အခြေခံ စွမ်းအင်ဝဲကတော့ ပရိုဂရမ်ကို နောက်ဆုံးတွင် ပြီးမြောက်အောင် ရေးဆွဲနိုင်ခဲ့သည်။ နောက်တစ်ဆင့်တွင် အံ့ဖွယ်အမှုတစ်ခုကို မျက်ဝါးထင်ထင် တွေ့မြင်ရတော့မည်။