အခန်း (၁၁၁၉-၁၁၂၀)
Vol. 65 Ch. 1119-1120
အပိုင်း (၁၁၁၉)
စွမ်းအင်ဝဲကတော့ ပရိုဂရမ်ကို ဉာဏ်ရည်တု စနစ်ထဲ ထည့်သွင်းပြီးနောက် လွှတ်ထုတ်ရန် လိုအပ်ချိန်တွင် ရှမ့်လန်၏ ဉာဏ်ရည်တု စနစ်နှင့် ဦးနှောက်သည် လျင်မြန်စွာ အလုပ်,လုပ်ပြီး နဂါးနှလုံးသား၏ စွမ်းအင်ကို စုစည်းကာ စွမ်းအင်ဝဲကတော့ ဖွဲ့စည်းပြီး နဂါးဓားမှတဆင့် လွှတ်ထုတ်နိုင်မည်။
“စွမ်းအင်ဝဲကတော့ တိုက်ခိုက်မှု... စတင်။” ရှမ့်လန် စိတ်အာရုံကို ရုတ်တရက် လှုပ်ရှားလိုက်သည်။
တစ်ခဏအတွင်းမှာပဲ သူ့စိတ်စွမ်းအင်အားလုံး ကုန်ခမ်းသွားပြီး နှစ်ခြိုက်စွာ အိပ်ပျော်သွားသည်။ သူ့စိတ်စွမ်းအင်သည် အလွန် အားနည်းလှသည်။ စွမ်းအင်ဝဲကတော့ တစ်ကြိမ် လွှတ်ထုတ်လိုက်သည်နှင့် ကုန်ခမ်းသွား၏။
သို့သော်ငြား မအောင်မြင်သေးချေ။ အခြေခံ စွမ်းအင်ဝဲကတော့ ထွက်မလာဘဲ အိပ်ပျော်သွားခဲ့ခြင်း ဖြစ်သည်။ ၁၆ နာရီတိတိ အိပ်ပျော်ပြီးနောက် ရှမ့်လန် နိုးလာသည်။ ထိုအချိန်ကျမှသာ သူ့စိတ်စွမ်းအင် အပြည့်အဝ ပြန်လည် ရရှိလာသည်။
သူ စိတ်ရှုပ်ထွေးပြီး စိတ်ပျက်သွားသည်။ အဘယ့်ကြောင့် မအောင်မြင်ရသနည်း။ သူ့စွမ်းအင်ဝဲကတော့ ပရိုဂရမ်က လုံးဝ မှန်ကန်နေသင့်၏။
‘ဘာလို့ မအောင်မြင်ရတာလဲ။ မဖြစ်နိုင်ဘူး။ တစ်နေရာရာမှာ မှားနေလို့လား။’
ရှမ့်လန် စဉ်းစား၍ မရနိုင်ပေ။ သူ အရှုံးမပေးလိုသောကြောင့် ထပ်မံ ကြိုးစားကြည့်သည်။
“စွမ်းအင်ဝဲကတော့ တိုက်ခိုက်မှု... စတင်။”
တစ်ခဏအတွင်းမှာပဲ ပြန်လည် ရရှိထားသော စိတ်စွမ်းအင် အားလုံး ထပ်မံ ကုန်ခမ်းသွားပြန်သည်။ သို့သော်ငြား မအောင်မြင်သေးပေ။ စွမ်းအင်ဝဲကတော့ ထွက်မလာသေးချေ။ သူ ပြန်နိုးလာချိန်မှာတော့ မတ်လ ၉ ရက်နေ့ ရောက်နေပြီ ဖြစ်သည်။ ရင်ဝူမင်နှင့် သိုင်းပြိုင်ရန် ၁၀ ရက်သာ လိုတော့၏။
ရှမ့်လန် ကိုယ့်ဘဝကိုယ်ပင် သံသယ ဝင်လာသည်။
‘ဘာလို့ မရသေးတာလဲ။ လုံးဝ မှန်ကန်နေတယ် မဟုတ်ဘူးလား။ ဘာလို့လဲ။ ဘာလို့လဲ။ ငါ့ ဒီလောက် ဉာဏ်ကောင်းတာ။ ငါ့ ဉာဏ်ရည်တု စနစ်ကလည်း ဒီလောက် အစွမ်းထက်တာ။ ဘာလို့ မရသေးတာလဲ။’
ထိုအချိန်တွင် ချောင်ယောင်းအာက ပြောလိုက်၏။ “ယောင်ယောင်လေးကို ကြည့်ခိုင်းပါလား။”
ရှမ့်လန် ကြောင်အသွားရသည်။ ‘ယောင်ယောင်က အရမ်း ဉာဏ်ကောင်းပေမဲ့ စွမ်းအင်ဝဲကတော့နဲ့ ပတ်သက်ပြီး ဘာမှမသိသေးတဲ့ ကလေးလေးလေ။ ဘယ်လိုလုပ် ကူညီနိုင်မှာလဲ။’
သို့သော်ငြား ရှမ့်လန် ချက်ချင်း သတိရလိုက်သည်။ ယောင်ယောင်လေး၌ ဘုရင်မမီဒူဆာ၏ ဝိညာဉ် မှတ်ဉာဏ်တွေ ရှိနေသည် မဟုတ်ပါလား။ သူမအနေဖြင့် ကိစ္စရပ်များကို နားမလည်လျှင်ပင် ရှေးဟောင်း မှတ်ဉာဏ်များ ရှိနေနိုင်သည်။ ထို့အပြင် ယောင်ယောင်လေးသည် ပန်းချီဆရာတစ်ဦး ဖြစ်သည်။ သူမ ဆွဲလိုက်သော ပုံများသည် သက်ရှိကဲ့သို့ တူညီရုံသာမက စိတ်ဝိညာဉ်ပါ ပါဝင်နေသကဲ့သို့ ရှိသည်။
......
ရှမ့်လန်သည် တချောင်ကို စီးနင်းကာ လေ့ကျိုးကျွန်းစံအိမ်သို့ သွားရောက်ပြီး ယောင်ယောင်ကို ရှာဖွေလိုက်၏။
“သမီးလေး... ဖေဖေ့ကို ကူညီကြည့်ပေးပါအုံး။ ဒီပုံမှာ ဘာတွေမှားနေလဲ။” ရှမ့်လန် မေးလိုက်သည်။
ထို့နောက် သူသည် ဆယ်စတုရန်းမီတာ ကျယ်ဝန်းသော ပုံကြီးတစ်ချပ်ကို ထုတ်ပြလိုက်သည်။ စွမ်းအင်ဝဲကတော့ ၏ အသေးစိတ် ပုံရိပ်ဖြစ်ပြီး စွမ်းအင်ပစ်ဇယ်တိုင်း (စွမ်းအင်ဝဲတစ်ခုအတွင်းရှိသော စွမ်းအင်အမှုန် -ဘာသာပြန်သူ) နှင့် သက်ဆိုင်နေပုံရသည်။ အလွန် ရှုပ်ထွေးသည်။ ဤပုံကို ကမ္ဘာပေါ်တွင် မည်သူမှ နားလည်နိုင်မည် မဟုတ်ဟု ပြောလျှင် ရ၏။
ယောင်ယောင်လေးသည် ပုံကို ကြည့်ပြီးနောက် တစ်စုံတစ်ခုကို ပြန်ပြောင်းသတိရနေသကဲ့သို့ ဖြစ်သွားသည်။ သူမ၏ မျက်ဝန်းများ ပြောင်းလဲသွားပြီး လူသားနှင့်မတူသော ဆန်းကြယ်သည့် အလင်းရောင်များ စုစည်းလာသည်။
ဤအချိန်တွင် ရှမ့်လန်သည် မီဒူဆာ တော်ဝင်မျိုးနွယ်၏ အထူးမျက်ဝန်းများကို ခံစားလိုက်ရသကဲ့သို့ ဖြစ်သွားသည်။ မီဒူဆာ တော်ဝင်မျိုးနွယ်၏ မျက်လုံးများသည် အလွန် ကြောက်မက်ဖွယ် ကောင်းသည်။ ဘုရင်မ မီဒူဆာ ရွေးချယ် ကြည့်ရှုလိုက်သူများသည် ကျောက်ရုပ် ဖြစ်သွားတတ်သည်။ ဘုရင်မ မီဒူဆာ ရုပ်တု၏ မျက်လုံးများပင်လျှင် ပင်လယ်မွန်းစတားသန်းပေါင်းများစွာကို တွေဝေငေးငိုင်သွားစေ၏။
မကြာမီ ယောင်ယောင်လေးသည် ရှေးဟောင်းမှတ်ဉာဏ်များကို ရှာဖွေတွေ့ရှိသွားပုံ ရသည်။ သူမသည် စုတ်တံတစ်ချောင်းကို ယူလိုက်သော်လည်း မမှီသောကြောင့် ချောင်ယောင်းအာက ပွေ့ချီပေးလိုက်သည်။ ထို့နောက် ယောင်ယောင်လေးသည် မီဒူဆာ တော်ဝင်မျိုးနွယ်၏ ရှေးဟောင်းမှတ်ဉာဏ်များအတိုင်း ရှမ့်လန်၏ စွမ်းအင်ဝဲကတော့ ပုံကြီးပေါ်တွင် နေရာသုံးနေရာကို ပြုပြင်လိုက်သည်။
ထင်ထားသည့်အတိုင်း ရှမ့်လန် မှားယွင်းနေခဲ့သည်။ အမှား သုံးခုသာ ဖြစ်ပြီး တစ်သောင်းပုံတစ်ပုံမျှသာ ရှိသော်လည်း စွမ်းအင်ဝဲကတော့ မအောင်မြင်စေရန် လုံလောက်ခဲ့၏။
ယောင်ယောင်လေး ပြုပြင်ပြီး သည်နှင့် ရှမ့်လန် ချက်ချင်း သဘောပေါက် နားလည်သွားသည်။
“ဖေဖေ... ပြီးပြီ။ သမီး အိပ်ချင်ပြီ။”
ယောင်ယောင်လေးသည် ရှမ့်လန်ကို နမ်းလိုက်ပြီး ချောင်ယောင်းအာ ရင်ခွင်ထဲတွင် အိပ်ပျော်သွား၏။
ဘုရင်မ မီဒူဆာ ပျောက်ကွယ်သွားပြီးတည်းက ယောင်ယောင်လေး၏ ရောဂါပျောက်ကင်းသွားခဲ့သည်။ သူမ လုံးဝ အိပ်ချင်စိတ် မရှိတော့ဘဲ စွမ်းအင် ပြည့်ဝနေတတ်သည်။ ဤသည်မှာ နှစ်နှစ်၊ သုံးနှစ်အတွင်း ပထမဆုံးအကြိမ် အိပ်ချင်ခြင်း ဖြစ်သည်။ ရှေးဟောင်းမှတ်ဉာဏ်များကို ရှာဖွေခြင်းက သူမ၏ စွမ်းအင်ကို အကြီးအကျယ် ကုန်ခမ်းစေခဲ့ပုံ ရသည်။
ရှမ့်လန် ရင်ထဲ နာကျင်သွားရ၏။ “သမီးလေး... ဖေဖေ တောင်းပန်ပါတယ်။ ဖေဖေ မှားပါတယ်။”
နောက်နောင် ယောင်ယောင်လေး၏ စိတ်စွမ်းအင် ကုန်ခမ်းစေမည့်အလုပ် မခိုင်းတော့ပါဟု သူ ကတိပြု လိုက်သည်။ ထိုသို့မဟုတ်ပါက သူ ဖခင်ကောင်း ပီသတော့မည် မဟုတ်ပေ။
......
ယောင်ယောင်လေး ပြုပြင်ပေးလိုက်သော စွမ်းအင်ဝဲကတော့ ပုံကြီးကို ကြည့်ရင်း ရှမ့်လန်သည် ဉာဏ်ရည်တု စနစ်ထဲမှ စွမ်းအင်ဝဲကတော့ ပရိုဂရမ်ကို ပြုပြင်လိုက်သည်။
‘ဒီတစ်ခေါက်တော့ ရလောက်ပါပြီ။ သေချာပေါက် ရရမယ်။’
သူ အသက်ပြင်းပြင်း ရှူလိုက်၏။ “စွမ်းအင်ဝဲကတော့... တိုက်ခိုက်။”
ရှမ့်လန် စိတ်အာရုံကို ရုတ်တရက် လှုပ်ရှားလိုက်သည်။
“ဝုန်း... ” ကြီးမားသော စွမ်းအင်ဝဲကတော့ တစ်ခု ပစ်လွှတ်လိုက်သည်။ တစ်ခဏချင်းမှာပင် ရှမ့်လန် ရှေ့မှ အရာအားလုံး ပြာကျသွားသည်။ ဖျက်ဆီး၍မရနိုင်သော ရုပ်တု၊ ရှေးဟောင်းသံချပ်ကာ အစအနများနှင့် အခြားအရာအားလုံး အမှုန့်ဖြစ်သွား၏။
“ကောင်းတယ်... ကောင်းတယ်။ အောင်မြင်ပြီ။ ရင်ဝူမင်... မင်း သေပြီသာမှတ်။ ဟား ဟား ဟား။”
......
စာရေးသူ၏မှတ်ချက်။ ။ စွမ်းအင်ဝဲကတော့၏ စွမ်းအားသည် အမှန်တကယ် ကြောက်မက်ဖွယ် ကောင်းသည်။ ဤသည်မှာ အခြေခံအဆင့် စွမ်းအင်ဝဲကတော့သာ ရှိသေးသည်။
သို့သော်ငြား လွှတ်ထုတ်ပြီးနောက် ရှမ့်လန်သည် ထပ်မံ ဗလာကျင်းသွားပြန်သည်။ သူ့စိတ်စွမ်းအင်များ ထပ်မံ ကုန်ခမ်းသွားပြန်သည်။ သေချာပေါက် ယခင်က ကျရှုံးတိုင်း မူးမေ့လဲကျသွားသော်လည်း ယခုတစ်ကြိမ် အောင်မြင်ချိန်မှာတော့ မူးမေ့မလဲတော့ပေ။ စွမ်းအင်ဝဲကတော့၏ မှန်ကန်သော လုပ်ငန်းစဉ်သည် စိတ်စွမ်းအင် အနည်းငယ် သက်သာစေကြောင်း ပြသနေ၏။
ယနေ့သည် မတ်လ ၁၀ ရက်နေ့ ဖြစ်ပြီး ရင်ဝူမင်နှင့် သိုင်းပြိုင်ရန် ကိုးရက်သာ လိုတော့သည်။
......
၁၆ နာရီကြာ အိပ်စက်ပြီးနောက် ရှမ့်လန်သည် လေ့ကျိုးကျွန်းစံအိမ်သို့ ထပ်မံ သွားရောက်ခဲ့သည်။ ကိစ္စကြီး တစ်ခုခု ကြုံတိုင်း နင်ယွမ်ရှန်းနှင့် စကားပြောလေ့ရှိသည်။ အတိုင်းအတာ တစ်ခုအထိ နင်ယွမ်ရှန်းသည် သူ၏မိတ်ဆွေရင်း ဖြစ်ပြီး သူတို့နှစ်ဦး အတူတူ လေ့ကျင့်မှုများစွာ ပြုလုပ်ခဲ့ကြသည်။
စိတ်ဝင်စားစရာကောင်းသည်မှာ မင်းသားကျင်း ပြန်ရောက်ပြီးနောက် နင်ယွမ်ရှန်းကို သုံးကြိမ် လာတွေ့သော်လည်း စုနန်နှင့် နန်ကုန်းအိုတို့ တစ်ကြိမ်မှ မလာကြပေ။ သူတို့ သစ္စာဖောက်ခဲ့ကြသည် မဟုတ်ပါလား။
“ဒီသိုင်းပြိုင်ပွဲ ပြီးရင် ဘာဆက်လုပ်မလဲ။” နင်ယွမ်ရှန်း မေးလိုက်၏။
“အနည်းဆုံး နှစ်ဝက်လောက် အချိန်ဆွဲချင်တယ်။” ရှမ့်လန် ဖြေလိုက်သည်။
ဤသိုင်းပြိုင်ပွဲသည် အလွန် ရယ်စရာကောင်းပုံ ရသော်လည်း ရှမ့်လန် အမြင်တွင် သေချာပေါက် နိုင်မည့်ပွဲ ဖြစ်၏။
“နိုင်ပြီးရင် ဘာဖြစ်မလဲ။” နင်ယွမ်ရှန်းက မေးသည်။
“အမိန့်တော် သုံးစောင်လုံးမှာ ရှင်းရှင်းလင်းလင်း ရေးထားတယ်။ နိုင်တဲ့သူက တော်ဝင်ချန်အင်ပါယာရဲ့ တရားဝင် ဘွဲ့နာမကို ရမယ်။”
ရှမ့်လန်က ပြောလိုက်၏။ “ဟုတ်တယ်။ ရင်ဝူမင်နဲ့ သဘောတူထားတဲ့အတိုင်း ကျုပ်နိုင်ရင် ချန်နိုင်ငံသစ်က ကျုပ်ကို သစ္စာရှိရမယ်။ ဒီလောကမှာ တော်ဝင်ချန်အင်ပါယာ တစ်ခုတည်း ရှိနိုင်တယ်။”
နင်ယွမ်ရှန်းက မေးလိုက်သည်။ “နှစ်ဝက် အချိန် လုံလောက်မလား။ ရင်ကွမ်းနဲ့ စေတီတောင်က အကြီးအကျယ် ဆုံးရှုံးထားပေမဲ့ သူတို့မှာ အားကောင်းတဲ့ လျှို့ဝှက်တပ်တော် ရှိနေသေးတယ်။ နောက်တစ်ဆင့် က ရင်ကွမ်း၊ စေတီတောင်တို့နဲ့ အဆုံးအဖြတ် တိုက်ပွဲပဲ။”
နှစ်ဝက်လောက် အချိန် လုံလောက်မည်လား။ မလုံလောက်ချင်သော်လည်း လုံလောက်အောင် လုပ်ရမည်။ နောက်ထပ် နှစ်ဝက်ဆိုလျှင် ရှမ့်လန် အရှေ့ဘက်လောကသို့ ပြန်ရောက်သည်မှာ လေးနှစ်ခန့် ရှိတော့မည်။
တော်ဝင်ချန်အင်ပါယာ၏ နယ်မြေ မပြောင်းလဲသော်လည်း နိုင်ငံအင်အား မြင့်တက်လာခဲ့သည်။ အထူးသဖြင့် မကြာသေးမီက နည်းပညာ ယဉ်ကျေးမှုနှင့် ရှေးဟောင်း အိမ်မက်ဆိုးကျောက်တုံး ယဉ်ကျေးမှု ပေါင်းစပ်ခြင်းသည် အသီးအပွင့်များ ဝေဆာလာခဲ့သည်။
နှစ်ဝက်အတွင်း ပထမမျိုးဆက် အိမ်မက်ဆိုးကျောက်တုံး ရိုင်ဖယ်များ၊ နဂါးအရှိန်အဝါ အသေးစားများနှင့် ငရဲမီးအမြောက်များသည် ပထမသုတ် တပ်သားသစ်များကို တပ်ဆင်ပေးရန် လုံလောက်ပေလိမ့်မည်။
လက်ရှိတွင် ရှမ့်လန်လက်အောက်၌ အမေဇုန်တပ်တော် ၇၀၀၀၊ နိဗ္ဗာန်တပ်တော် ၂၀၀၀၊ ဦးခေါင်းခွံတပ်တော် ၃၅၀၀၀ နှင့် မင်းသားကျင်း၏ တပ်တော် ၅၀၀၀၀ ရှိသည်။ လူ ၆၀၀၀၀ လုံးကို လက်နက်သစ်များ တပ်ဆင်ပေးနိုင်လျှင် ကောင်းချီးမင်္ဂလာပင်။
ရှမ့်လန်သည် လာမည့် အဆုံးအဖြတ် တိုက်ပွဲကို အနိုင်ယူနိုင်မည်ဟု ယုံကြည်ချက် ရှိသည်။ အဓိကအချက်မှာ အခြေအနေက သူ့ကို နှစ်ဝက်လောက် အချိန်ပေးမည်လား ဆိုသည်ပင်။ အချိန်ပိုရလေ ရှမ့်လန်အတွက် ပိုအကျိုးရှိလေ ဖြစ်၏။
အဘယ့်ကြောင့်ဆိုသော် သူ့လက်အောက်တွင် ပညာရှင်ထောင်ချီ ရှိနေပြီဖြစ်သည်။ ရှေးဟောင်း ယဉ်ကျေးမှုနှင့် သိပ္ပံယဉ်ကျေးမှု ပေါင်းစပ်ခြင်း အောင်မြင်လာပြီဖြစ်သောကြောင့် ဖောက်ခွဲအားကောင်းသော တိုးတက်မှုများ ဆက်တိုက် ဖြစ်ပေါ်လာပေလိမ့်မည်။
“နောက်ဆုံးတိုက်ပွဲ... နောက်ဆုံးတိုက်ပွဲ။”
အချိန်တိုင်း ဤသို့ပင် ဖြစ်နေသည်။ တိုက်ပွဲတစ်ခု မစခင် နောက်ထပ် တိုက်ပွဲတစ်ခုအတွက် ပြင်ဆင်နေရသည်။
ရှမ့်လန် ပြုံးကာ ပြောလိုက်၏။ “ဖြစ်နိုင်ရင် တတ်နိုင်သမျှ အချိန်ဆွဲထားချင်တယ်။ ဘာလို့လဲဆိုတော့ ရင်ကွမ်း၊ စေတီတောင်တို့နဲ့ တိုက်ပွဲပြီးရင် အရမ်း အားကောင်းတဲ့ တော်ဝင်ရန်အင်ပါယာကို ရင်ဆိုင်ရအုံးမယ်။ ဒါပေမဲ့ အချိန်က မစောင့်ဘူး။ ရန်သူတွေရဲ့ ခြေလှမ်းတွေကလည်း မရပ်တန့်ဘူး။”
ရင်ကွမ်းသည် နဂါးဥဟု ခေါ်သော အရာမှ ဖြာထွက်သော ရောင်ခြည်သင့်မှုကို နေ့စဉ် ခံစားနေရသည်။ တစ်နှစ်နီးပါး ရှိနေပြီဖြစ်သောကြောင့် အချိန်ကြာလေ သူ့ခန္ဓာကိုယ် ပျက်စီးလေ ဖြစ်မည်။
ထို့အပြင် ရှမ့်လန်နှင့် ရင်ကွမ်းတို့၏ တိုက်ပွဲ အဖြေပေါ်သည်နှင့် တော်ဝင်ရန်အင်ပါယာသည် ချက်ချင်း ဖျက်ဆီးအားပြင်းသော တိုက်ခိုက်မှု ပြုလုပ်ပေလိမ့်မည်။
“တာဝေးပစ် မဟာဗျူဟာမြောက် တိုက်ခိုက်မှု”
ကြားလိုက်ရုံနှင့် ကြက်သီးထစေသည်။ ထို့ကြောင့် ဤနှစ်ဝက်အတွင်း ရင်ကွမ်း၊ စေတီတောင်တို့နှင့် တိုက်ခိုက်ရန် ပြင်ဆင်ရမည့်အပြင် တော်ဝင်ရန်အင်ပါယာ၏ နဂါးနောင်တကို ခုခံကာကွယ်ရန် နည်းလမ်း ရှာရမည်။
နင်ယွမ်ရှန်းက မေးလိုက်သည်။ “နောက်ထပ် နှစ်ဝက်မှာ ဘယ်လို တိုက်မလဲဆိုတဲ့ အစီအစဉ် ရှိလား။”
“ရှိပါတယ်။ အရမ်းကောင်းတဲ့ အစီအစဉ်ပါ။”
သူတို့နှစ်ဦး ဖြည်းညင်းစွာ စစ်တုရင် ကစားနေကြသည်။ နင်ယွမ်ရှန်းသည် အသက်ကြီးလာသောကြောင့် ဦးနှောက်ကို မကြာခဏ အသုံးပြုရန် လိုအပ်သောကြောင့် အလွန် အလေးအနက် ကစားနေသည်။ ရှမ့်လန်မူကား စိတ်မပါသကဲ့သို့ ဖြစ်နေ၏။
ဤအချိန်တွင် သူ့လက်အောက်ရှိ ပညာရှင် ထောင်ချီအနက် ထူးချွန်သူ ဒါဇင်များစွာ ရှိနေပြီ ဖြစ်သည်။ သို့သော်ငြား သူ လိုချင်နေသော လူတစ်ယောက် ရှိသေးသည်။ အနောက်ဘက်လောကမှ အင်ပါယာ ကျန်းလီ၏ တပည့် အဒေါ့ဖ် ဖြစ်သည်။ ဤလူသည် စစ်မှန်သော ဉာဏ်ကြီးရှင် ဖြစ်သည်။ ကံမကောင်းစွာဖြင့် အဒေါ့ဖ် သည် ကျောက်စိမ်းဖြူမြို့ အကျဉ်းထောင်ထဲတွင် ရှိနေလောက်သည်။
ရှမ့်လန်က မေးလိုက်၏။ “ယောက္ခမကြီး... မီးလျှံမြို့တော်အကြောင်း ကြားဖူးလား။ အနောက်ဘက် လောကမှာ ရှိတာ။”
နင်ယွမ်ရှန်း ခေါင်းခါလိုက်သည်။ တစ်ခါမှ မကြားဖူးပေ။
မီးနတ်ဘုရားဂိုဏ်းနှင့် ရှမ့်လန်သည် ရင်းနှီးသော ဆက်ဆံရေး ရှိသည်။ သူတို့သည် ပညာရှင် သုံးသုတ် စေလွှတ်ခဲ့သည်။ ထို့ကြောင့် မီးနတ်ဘုရားဂိုဏ်းတွင် ရှမ့်လန်ကို သစ္စာရှိသော ယဇ်ပုရောဟိတ် ၃၀၀ ကျော် ရှိနေသည်။ သူ မီးလျှံမြို့တော်အကြောင်း စုံစမ်းခိုင်းသော်လည်း သဲလွန်စ မရခဲ့ချေ။
မီးလျှံမြို့တော်၊ မီးနတ်ဘုရားဂိုဏ်း နာမည်ချင်း ဆင်တူသော်လည်း တစ်ဖက်လူများက မကြားဖူးပေ။
“ဒါနဲ့... ကောင်းကင်ပင်လယ်နန်းဆောင်က သဲကန္တာရထဲမှာ တစ်ခုခု ရသွားတယ်လို့ ကြားတယ်။” ရှမ့်လန် ပြောလိုက်သည်။
နင်ယွမ်ရှန်းက ပြောလိုက်၏။ “မဆန်းပါဘူး။ နန်းဆောင်သခင် ကျိုးရှီက အရမ်း စိတ်ချရတဲ့လူ။ ၈၀ ရာခိုင်နှုန်း မသေချာရင် အရှေ့ဘက်လောကက အရာအားလုံးကို စွန့်လွှတ်ပြီး သဲကန္တာရကို သွားမှာ မဟုတ်ဘူး။”
တောင်ပင်လယ်မှ စေတီတောင် ရှေးဟောင်းအမွေအနှစ် နေရာသည် အံ့မခန်းဖြစ်ခဲ့ပြီး မိုင်တစ်သောင်း သဲကန္တာရသည် ဤလောက၏ အသက်ရှင်သန်မှု တားမြစ်နယ်မြေ သုံးခုအနက် တစ်ခု ဖြစ်သည်။
ပထမနေရာ နှစ်ခုကို ရောက်ဖူးပြီဟု ဆိုနိုင်သော်လည်း မိုင်တစ်သောင်း သဲကန္တာရကြီးသည် လျှို့ဝှက်ဆန်းကြယ် နေဆဲပင်။ ကောင်းကင်ပင်လယ်နန်းဆောင်က ဘာတွေ ရရှိခဲ့သလဲ၊ ရှေးဟောင်းအမွေအနှစ် နေရာက ဘယ်လောက် အံ့မခန်း ဖြစ်မလဲ ဆိုတာ မည်သူမှ မသိကြပေ။
“ပြီးတော့ နန်းဆောင်သခင်ကျိုးရှီက မင်း နဲ့ ရင်ဝူမင်ရဲ့ ပြိုင်ပွဲကို လာမလား။ ပြီးခဲ့တဲ့တစ်ခေါက် သဘာဝလွန် အင်အားစု ညီလာခံ အစည်းအဝေးကို သူ တက်ရောက်ခဲ့တယ်။”
ကောင်းကင်ပင်လယ်နန်းဆောင်အကြောင်း ပြောလိုက်ချိန်မှာတော့ နင်ယွမ်ရှန်း၏ လက်က ခဏ ရပ်တန့်သွားသည်။
နင်ဟန်ကို သတိရသွားမှန်း ရှမ့်လန် သိလိုက်သည်။ ထိုတိုက်ပွဲ ပြီးတည်းက နင်ယွမ်ရှန်းသည် နင်ဟန်အကြောင်း တစ်ခွန်းမှ မပြောတော့သလို သေလား၊ ရှင်လားပင် မမေးခဲ့ပေ။
......
မင်းသားကျင်းသည် နုရှောင့်မြို့သို့ ပြန်ရောက်ပြီးနောက် ပြည်ထဲရေး ကိစ္စအဝဝကို တာဝန်ယူလိုက်သည်။ တောင်ပိုင်းဘုရင် အနေဖြင့် တော်ဝင်ချန်အင်ပါယာ၏ ဝန်ကြီးချုပ် ဖြစ်လာကာ နေ့စဉ် အလုပ်များနေခဲ့၏။
စုနန်သည် စစ်ဘက်ရေးရာဗျူရို ဒုတိယအတွင်းဝန် ဖြစ်လာပြီး တပ်သားသစ်လေ့ကျင့်ရေးကို တာဝန်ယူ သည်။
“မင်းသား၊ ဝန်ကြီးချုပ် ဆော့ရွှမ်း” စုနန် ဦးညွှတ် ဂါရဝပြုလိုက်၏။
ဆော့ရွှမ်းက ပြောလိုက်သည်။ “ကြည့်ကောင်းနေပါလား။ ဆယ်နှစ်လောက် ရှိပြီ၊ မင်း မအိုသေးဘူးပဲ။”
စုနန်က ပြန်ပြောလိုက်၏။ “ဝန်ကြီးချုပ် ဆော့ရွှမ်းလည်း အတူတူပါပဲ။”
“ဒီရက်ပိုင်း အလုပ်များနေလား။”
“အင်း ... ကျင်းကန်တောင် အပျက်အစီးတွေကနေ ပြန်လာပြီးနောက် ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု တိုးတက် လာပေမဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာက နောက်ကျကျန်နေခဲ့တယ်။ အရှင်ရဲ့ စစ်ပွဲ အတွေးအခေါ်သစ်ကို မမှီနိုင်တော့ဘူး။ ဒါကြောင့် အစကနေ ပြန်လေ့လာနေရတယ်။ တပ်သစ်ဆိုတာ အဝတ်အစားသစ်တင် မဟုတ်ဘဲ စိတ်ဓာတ်သစ်လည်း ပါဝင်ပါတယ်။”
ဆော့ရွှမ်းက ပြောလိုက်သည်။ “ဟုတ်တယ်။ ကျုပ်တို့ ရန်သူတွေက အရမ်း ထူးခြားတယ်။ နည်းလမ်းဟောင်းတွေ သုံးလို့ မရတော့ဘူး။ ကံကောင်းလို့ ကျုပ်တို့ဆီမှာ နေမင်းကြီးလို လမ်းပြပေးနေတဲ့ အရှင် ရှိနေတာ။ မဟုတ်ရင် အမှောင်ထဲမှာ စမ်းတဝါးဝါး ဖြစ်နေအုံးမှာ။ ခင်ဗျားတို့ ကံကောင်းမယ့်ရက်တွေ ရောက်လာတော့မယ်။ အရှင်... အရှေ့ဘက်လောကကို ပြန်ရောက်တာ သုံးနှစ်ကျော်ပြီ။ တော်ဝင်ချန် အင်ပါယာရဲ့ တပ်တော်က တိုးတက်လာခဲ့ပါပြီ။”
ဤစကားများသည် ပုဂ္ဂိုလ်ရေး ကိုးကွယ်မှုသက်သက် ဖြစ်သော်လည်း နုရှောင့်မြို့တွင် အလွန် ရေပန်းစား၏။
ဆော့ရွှမ်းက ဆက်ပြောလိုက်သည်။ “ပြောရမယ်ဆိုရင် တကယ်ပဲ ဘာမှ လုပ်လို့ မရဘူး။ တောင်ပိုင်းဘုရင် ရောက်လာတော့ တော်ဝင်ချန်အင်ပါယာမှာ ဝန်ကြီးချုပ် ရှိလာပြီ။ ဒါပေမဲ့ စစ်ဘက်ရေးရာဗျူရို အတွင်းဝန် နေရာက လစ်လပ်နေတုန်းပဲ။ ဘယ်သူမှ မယူနိုင်သေးဘူး။”
တော်ဝင်ချန်အင်ပါယာ၏ စစ်ဘက်ရေးရာဗျူရို အတွင်းဝန် ဖြစ်နိုင်မည့်သူ တကယ် မရှိပေ။ လန်ဖုန်း မဖြစ်နိုင်၊ ဂျက်ထန် မဖြစ်နိုင်၊ ဟီလာ မဖြစ်နိုင်၊ ချောင်ယောင်းအာလည်း မဖြစ်နိုင်ပေ။ ဤရာထူးသည် အရည်အချင်း လိုအပ်ရုံသာမက လုပ်သက်၊ အတွေ့အကြုံလည်း လိုအပ်၏။
အဘယ့်ကြောင့်ဆိုသော် တော်ဝင်ချန်အင်ပါယာ၏ စစ်ဘက်ရေးရာဗျူရို အတွင်းဝန် ရာထူးသည် ဝူ၊ ချောင်၊ ရွှဲ့ သုံးနိုင်ငံထက် တစ်ဆင့် မြင့်သောကြောင့်ပင်။ သို့သော်ငြား နုရှောင့်မြို့တွင် ပျံ့ရှောင်းနှင့် ဝူကျိတို့ထက် အတွေ့အကြုံ ပိုရှိသူ မရှိပေ။
အသင့်တော်ဆုံး လူတစ်ယောက် ရှိသည်။ ချောင်ဘုရင် ဖြစ်သည်။ အရည်အချင်း၊ အဆင့်အတန်း အားလုံး ပြည့်စုံသော်လည်း ချောင်ပြည်နယ်က သူ့အား မရှိမဖြစ် လိုအပ်နေသောကြောင့် နယ်စားကြီး ကျင်းကျိုးက ယာယီ တာဝန်ယူထားရသည်။
စစ်ဘက်ရေးရာဗျူရို အတွင်းဝန်ရာထူး လစ်လပ်နေရုံသာမက ရေနက်တပ်ဖွဲ့ အုပ်ချုပ်ရေးမှုး ရာထူးလည်း လစ်လပ်နေသည်။ သင့်တော်သူ မရှိသောကြောင့် နယ်စားကြီး ကျင်းကျိုးကပင် နာမည်ခံ တာဝန်ယူထားရပြန်သည်။ ရေနက်တပ်ဖွဲ့ အုပ်ချုပ်ရေးမှုးရာထူးကို အမှန်တကယ် တာဝန်ယူထားသူမှာ ရွှယ်ရင်ဖြစ်ပြီး သူမက ဤရာထူးနှင့် ကိုက်ညီ၏။
အပိုင်း (၁၁၂၀)
နောက်ဆုံးတွင် ကျင်းကျိုးသည် နယ်စားကြီးအဖြစ် ခန့်အပ်ခံရသည်။ သူသည် တော်ဝင်ချန်အင်ပါယာနှင့် ရွှဲ့ပြည်နယ် နှစ်ခုစလုံး၏ နယ်စားကြီး ဖြစ်သည်။
မူလက ရှမ့်လန်နှင့် ကျင်းမိသားစုသည် ဤအရာကို ဂရုမစိုက်သော်လည်း ဆော့ရွှမ်း၊ လန်ဖုန်းနှင့် ဝူ၊ ချောင်၊ ရွှဲ့ သုံးနိုင်ငံ ဘုရင်များက ကျင်းကျိုးကို နယ်စားကြီး အဖြစ် ခန့်အပ်ရန်၊ ရှမ့်လန်၏ မွေးစားဖခင် ရှမ့်ဝမ်ကို နယ်စားကြီးအဖြစ် ခန့်အပ်ရန် အကြိမ်ကြိမ် တောင်းဆို ခဲ့ကြသည်။ နောက်ဆုံးတွင် ကျင်းကျိုးသာ နယ်စားကြီး ဖြစ်လာပြီး ရှမ့်ဝမ်က ပြင်းပြင်းထန်ထန် ငြင်းဆန် ခဲ့သည်။ သူသည် အစေခံသာ ဖြစ်နိုင်ပြီး မှူးမတ် မဖြစ်နိုင်ဟု ဆိုခဲ့၏။
“ဒီတစ်ခေါက် အရှင် ချန်မြို့တော်ကို သိုင်းပြိုင်ဖို့ သွားတဲ့အခါ သံတမန်အဖွဲ့ ဖွဲ့စည်းဖို့ လိုတယ်။”
ဆော့ရွှမ်းက ပြောလိုက်သည်။ “တောင်ပိုင်းဘုရင်နဲ့ အကြိမ်ကြိမ် ဆွေးနွေးပြီးပြီ။ ဒီသံတမန်အဖွဲ့ကို အရပ်ဘက်အရာရှိတွေ ဦးဆောင်ဖို့ မသင့်တော်ဘူး။ ဒါက အင်အားပြပွဲမို့ စစ်ဘက်အရာရှိ ဦးဆောင်မှ ဖြစ်မယ်။ ဒါကြောင့် ဒီသံတမန်အရာရှိကို စစ်ဘက်ရေးရာဗျူရိုကနေ ရွေးချယ်ရမယ်။ နယ်စားကြီး ကျင်းကျိုးက အဆင့်အတန်း မြင့်ပေမဲ့ အရှင်နဲ့ အရမ်း နီးစပ်လွန်းတယ်။ ဒါကြောင့် ခင်ဗျားကို ဦးဆောင်စေချင်တယ်။”
စုနန် ကြောင်သွား၏။ သူက တော်ဝင်ချန်အင်ပါယာသံတမန်အဖွဲ့ကို ကိုယ်စားပြုရမည်လား။ ဖြစ်သင့်ရဲ့လား။
မင်းသားကျင်းက ပြောလိုက်၏။ “ခင်ဗျား အလုပ်များမှန်း သိပါတယ်။ တပ်သစ် လေ့ကျင့်ရေးကနေ တစ်ရက်တောင် ပျက်ကွက်လို့ မရဘူး။ ဒါပေမဲ့ အရှင်နဲ့အတူ ချန်မြို့တော်ကို လိုက်ပါဖို့က ပိုအရေးကြီးတယ်။ ခင်ဗျားက သိုင်းပညာ ကျွမ်းကျင်တယ်၊ အတွေ့အကြုံ ရှိတယ်၊ အရည်အချင်း ရှိတယ်။ ဒါကြောင့် အသင့်တော်ဆုံးပဲ။”
စုနန်က ပြောလိုက်သည်။ “အရှင်နဲ့ ဝန်ကြီးချုပ် ဆော့ရွှမ်း ယုံကြည်မှတော့ ကျုပ် လိုက်ပါ့မယ်။”
“ကောင်းပြီ။ ဆုံးဖြတ်လိုက်ပြီ။”
......
စိတ်ဝင်စားစရာ ကိစ္စတစ်ခု ရှိသေးသည်။ တော်ဝင်ရန်အင်ပါယာက ရှမ့်လန်နှင့်အတူ ချန်မြို့တော်သို့ လိုက်ပါမည်ဖြစ်ရာ သံတမန်အဖွဲ့ အရွယ်အစားက သေးငယ်၍ မဖြစ်ပေ။ သေးငယ်လျှင် သိက္ခာကျစရာ ဖြစ်လိမ့်မည်။
သို့သော်ငြား ကြီးမားသော သံတမန်အဖွဲ့အတွက် စီးနင်းစရာ တိရစ္ဆာန် လိုအပ်သည်။ အချိန်ကုန် သက်သာစေရန် မြင်းအစား နှင်းလင်းယုန် စီးနင်းခြင်းက အကောင်းဆုံး ဖြစ်သည်။ နုရှောင့်မြို့သည် ချန်မြို့တော်နှင့် မိုင်တစ်သောင်းကျော် ဝေးကွာရာ မြင်းစီးသွားလျှင် ကြာလွန်းပေလိမ့်မည်။
သို့သော်ငြား နုရှောင့်မြို့ရှိ နှင်းလင်းယုန် အရေအတွက်သည် အကောင် ၃၀ မကျော်ပေ။ ထို့ကြောင့် မင်းသားကျင်းသည် ရန်မြို့တော်နှင့် ညှိနှိုင်းကာ တော်ဝင်ရန်အင်ပါယာထံမှ နှင်းလင်းယုန် အကောင် ၁၀၀ ငှားရမ်းရန် တောင်းဆိုခဲ့သည်။ သံတမန် လုပ်ငန်းစဉ် ပြီးဆုံးသည်နှင့် ချက်ချင်း ပြန်ပေးမည်ဟု ကတိပြုခဲ့သည်။
မင်းသားလျန်သည် ဤတောင်းဆိုမှုကို ကြားချိန်မှာတော့ ရူးချင်သလို ဖြစ်သွား၏။ “ဘယ့်နှယ် ... ငါတို့က ရန်သူတွေလေ။ ရန်သူဆီက နှင်းလင်းယုန် ငှားချင်တယ်တဲ့လား။ ခင်ဗျားတို့ တော်ဝင်ချန် အင်ပါယာက အရမ်း ဆင်းရဲလွန်း မနေဘူးလား။”
သို့သော်ငြား တော်ဝင်ရန်အင်ပါယာသည် ဤကိစ္စတွင် သဘောထားကြီးကြောင်း ပြသခဲ့သည်။ တော်ဝင်ရန် အင်ပါယာ အိမ်ရှေ့စံ ကိုယ်တိုင် အမိန့်ထုတ်ပြန်ကာ နုရှောင့်မြို့သို့ နှင်းလင်းယုန် အကောင် ၁၀၀ ငှားရမ်းရန် ခွင့်ပြုခဲ့သည်။ သို့သော်ငြား စစ်ရေးကိစ္စအတွက် အသုံးပြုခွင့်မရှိဘဲ ချန်မြို့တော် သိုင်းပြိုင်ပွဲ ပြီးဆုံးသည်နှင့် ပြန်အပ်ရမည်ဟု စည်းကမ်းချက် ပါရှိသည်။
......
မတ်လ ၁၁ ရက်နေ့တွင် ရှမ့်လန်သည် တချောင်ကို စီးနင်းကာ ချောင်ယောင်းအာ၏ ကာကွယ်မှုအောက်တွင် နုရှောင့်မြို့မှ ထွက်ခွာပြီး ရင်ဝူမင်နှင့် သိုင်းပြိုင်ရန် ချန်မြို့တော်သို့ ဦးတည်ခဲ့၏။
တော်ဝင်ချန် အင်ပါယာ စစ်ဘက်ရေးရာဗျူရို ဒုတိယအတွင်းဝန် စုနန်သည် လူ ၂၀၀ ပါဝင်သော သံတမန်အဖွဲ့ဖြင့် လိုက်ပါခဲ့သည်။
ငါးရက်ကြာ ပျံသန်းပြီးနောက် ရှမ့်လန်၏သံတမန်အဖွဲ့သည် ချန်နိုင်ငံသစ်မြို့တော် ချန်မြို့တော်သို့ ရောက်ရှိခဲ့သည်။ ဤအရှေ့ဘက်လောကတွင် မြို့တော်ကြီး သုံးခု ရှိသည်။ ကျောက်စိမ်းဖြူမြို့တော်၊ ရန်မြို့တော်နှင့် ချန်မြို့တော်။
ချန်မြို့တော်သည် တစ်ချိန်က အရှေ့ဘက်လောကတွင် အထည်ဝါဆုံး မြို့တော် ဖြစ်ခဲ့သည်။ ဆယ်နှစ်ခန့် ကာလအတွင်း ရန်မြို့တော်ကိုပင် ကျော်လွန်ခဲ့ဖူးသည်။ ထိုအချိန်သည် အင်ပါယာကျန်းလီ အထွတ်အထိပ် ရောက်နေချိန် ဖြစ်သည်။ အရှေ့ဘက်လောက တစ်ခုလုံးတွင် ရန်မြို့တော်နှင့် ချန်မြို့တော်သာလျှင် ဘုရင်မြို့တော်ဟု ခေါ်ဆိုထိုက်ခဲ့၏။
ရှမ့်လန်၏ သံတမန်အဖွဲ့ ချန်နိုင်ငံသစ် ကောင်းကင်ယံသို့ ရောက်ရှိချိန်တွင် အပြင်ပိုင်းတွင် တည်ငြိမ်နေသော်လည်း သံတမန်အဖွဲ့တစ်ခုလုံးသည် စိတ်ထဲမှ လှုပ်ရှားနေကြပြီ ဖြစ်သည်။ ဤသည်မှာ တော်ဝင်ချန်အင်ပါယာ၏ အမိမြေ ဖြစ်သည်။ ရင်သားအဖ လက်အောက်တွင် ရှိနေသေးသော်လည်း တော်ဝင်ချန်အင်ပါယာ ပိုင်ဆိုင်သော နယ်မြေ ဖြစ်သည်။
မြေတိုင်း၊ ရွာတိုင်း၊ မြို့တိုင်းသည် အင်ပါယာရှမ့်လန် ပိုင်ဆိုင်သော အရာများ ဖြစ်သည်။ အပိုင်းပိုင်း ကွဲနေသော်လည်း ချန်နိုင်ငံသစ်သည် ကြီးမားဆဲ ဖြစ်သည်။ ရွှဲ့ပြည်နယ်ထက် သုံးဆခန့် ကြီးမားသည်။ ချန်မြို့တော်ကို လှမ်းမြင်လိုက်ရချိန်မှာတော့ သံတမန်အဖွဲ့ တစ်ခုလုံး ဟစ်အော်ကြွေးကြော်ကြ၏။
“အရှင် သက်တော်ရာကျော် ရှည်ပါစေ။”
နုရှောင့်မြို့သည် တော်ဝင်ချန်အင်ပါယာ၏ ယာယီမြို့တော်သာ ဖြစ်သည်။ နုရှောင့်မြို့ရှိ မြေပုံများနှင့် တော်ဝင်ချန်အင်ပါယာ၏ တရားဝင် စာရွက်စာတမ်းများတွင် ဘုရင်မြို့တော် တစ်ခုတည်းသာ ရှိသည်။ ၎င်းမှာ ရင်ကွမ်းလက်ထဲတွင် ရှိနေသေးသော ချင်မြို့တော် ဖြစ်သည်။
ဤသည်မှာ ရှမ့်လန်၊ ချောင်ယောင်းအာ၊ ဟီလာနှင့် လူအများစုအတွက် ချန်မြို့တော်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။ စုနန်ပင်လျှင် ကောင်းကင်မှ စီးမိုးကြည့်ရှုနေခြင်း ဖြစ်သည်။ လောက၏ဒုတိယ အကြီးဆုံးမြို့တော် ဖြစ်ပြီး ရန်မြို့တော်၏ နောက်တွင်သာ ရှိသောမြို့ဖြစ်၏။
ဤမြို့တော်သည် ဝပ်နေသော ကျား၊ ခွေနေသော နဂါးကဲ့သို့ပင်။ ခမ်းနားထည်ဝါမှု၊ လွှမ်းမိုးနိုင်စွမ်းတို့တွင် ချောင်ပြည်နယ်၊ ရွှဲ့ပြည်နယ်၊ ဝူနိုင်ငံ မြို့တော်များထက် များစွာ သာလွန်သည်။ နုရှောင့်မြို့နှင့် ဆိုလျှင် ပို၍ပင် နှိုင်းယှဉ်စရာ မရှိပေ။
ချန်မြို့တော်တွင် အင်ပါယာ အငွေ့အသက် အမှန်တကယ် ရှိနေသည်။ ရှမ့်လန် အကြိမ်ကြိမ် စိတ်ကူးယဉ် ခဲ့ဖူးသော်လည်း အပေါ်စီးမှ မြင်လိုက်ရချိန်မှာတော့ တုန်လှုပ်သွားခဲ့ရသည်။
ခမ်းနားလွန်းသည်။ ကြီးကျယ် လွန်းသည်။ လူဦးရေသန်းချီ ရှိမည်ဖြစ်ပြီး မြို့ရိုး အဝန်းအဝိုင်းသည် မိုင်တစ်ရာကျော် ရှည်လျားသည်။ ရှေးဟောင်း ချန်အန်းနှင့် ပေကျင်းမြို့တော်များပင် ဤမျှ တုန်လှုပ်ဖွယ် အရှိန်အဝါမျိုး မရှိပေ။
မည်သို့ပင်ဆိုစေကာမူ ရှမ့်လန်သည် တော်ဝင်ချန်အင်ပါယာ၏ အရှင်သခင် ဖြစ်သည်။ သူ ချန်မြို့တော် ကောင်းကင်ယံသို့ ရောက်ရှိချိန်မှာတော့ တော်ဝင်ရန်အင်ပါယာ မင်းသားလျန်နှင့် ရင်ကွမ်းတို့ ကိုယ်တိုင် လာရောက် ကြိုဆိုကြသည်။
“အရှင် ရှမ့်လန်... ကျုပ်ရဲ့ ချန်မြို့တော် ခမ်းနားတယ် မဟုတ်လား။ ခင်ဗျားရဲ့ နုရှောင့်မြို့နဲ့ ယှဉ်ရင် ဘယ်လိုနေလဲ။” ရင်ကွမ်းက မေးလိုက်၏။
“အဆတစ်ရာမက ပိုခမ်းနားတယ်။” ရှမ့်လန် ဖြေလိုက်သည်။
စုနန်က ဝင်ပြောလိုက်၏။ “အရှင်ရင်... ချန်မြို့တော်က ကျုပ်တို့အရှင်ရဲ့ ချန်မြို့တော်ပါ။ ခင်ဗျားတို့ ရင်မိသားစု က သိမ်းပိုက်ထားရုံပါ။ ဘာလို့ ခင်ဗျားရဲ့ ချန်မြို့တော်လို့ ပြောနေရတာလဲ။”
ရင်ကွမ်းသည် စုနန်ကို တစ်ချက်ကြည့်ပြီး ရှမ့်လန်ဘက် လှည့်ပြောလိုက်သည်။ “အရှင်ရှမ့်လန်... ကျုပ်ရဲ့ ချန်မြို့တော်ကို အပေါ်စီးက ကြည့်တာ ကိစ္စမရှိပါဘူး။ ဒါပေမဲ့ မသင့်တော်တဲ့ အတွေးတွေတော့ မတွေးပါနဲ့။”
တော်ဝင်ရန်အင်ပါယာ မင်းသားလျန်က ပြောလိုက်၏။ “ကဲ... မိုးချုပ်နေပြီ။ ချန်မြို့တော်ထဲ ဝင်ကြစို့။”
ထို့နောက် ရှမ့်လန်၏ သံတမန်အဖွဲ့သည် ဆင်းသက်ပြီး ချန်မြို့တော် အရှေ့ဘက်တံခါးမှ ဝင်ရောက်ခဲ့ကြ သည်။
......
ဤသည်မှာ ရှမ့်လန် ချန်မြို့တော်သို့ ပထမဆုံးအကြိမ် ခြေချခြင်း ဖြစ်သည်။ ချန်မြို့တော် ပြည်သူများ ရှမ့်လန်၏ မျက်နှာကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းလည်း ဖြစ်၏။
ထူးဆန်းသော တိတ်ဆိတ်မှုကြီး လွှမ်းမိုးနေသည်။ မည်သူမျှ အသံမထွက်ကြပေ။ ဆွေးနွေးသံပင် မကြားရချေ။
ချန်မြို့တော် ပြည်သူများသည် ရှမ့်လန်ကို ရှုပ်ထွေးသော အကြည့်များဖြင့် ကြည့်နေကြသည်။ ရှမ့်လန် ပြန်ကြည့်လိုက်ချိန်မှာတော့ မျက်နှာလွှဲသွားကြသည်။
ကျန်းလီ ရုတ်တရက် သေဆုံးသွားသည်မှာ နှစ်ပေါင်း ၃၀ မပြည့်သေးပေ။ သို့အတွက် အရာရာ လတ်ဆတ်နေဆဲ လိုပင်။ ရှမ့်လန်သည် ချန်မြို့တော်၏ စစ်မှန်သော သခင်ဖြစ်ကြောင်း၊ ရင်သားအဖသည် သူပုန်များသာ ဖြစ်ကြောင်း လူတိုင်း ရင်ထဲတွင် သိနေကြပေလိမ့်မည်။
သို့သော်ငြား ချန်မြို့တော် ပြည်သူများသည် အသက်ရှင်ရပ်တည်ရေးအတွက် ရင်ကွမ်းကို အလုပ်အကျွေး ပြုရန် ရွေးချယ်ခဲ့ကြသည်။ ချန်မြို့တော် ပြည်သူများသာ မဟုတ်ချေ၊ ချန်နိုင်ငံသစ် ဝန်ကြီးများက ပို၍ပင် စိတ်ရှုပ်ထွေးနေကြ၏။
ဤဝန်ကြီးအများစုသည် အသက် ၆၀၊ ၇၀ အရွယ်များ ဖြစ်ကြသည်။ ကျန်းလီ သေဆုံးချိန်က သူတို့သည် လူလတ်ပိုင်း အရွယ်များ ဖြစ်ကြသည်။ သူတို့သည် ယခင်က ကျန်းမိသားစု၏ ဝန်ကြီးများ ဖြစ်ခဲ့သော်လည်း ယခု ရင်မိသားစုကို သစ္စာခံနေကြသည်။ သခင်ဟောင်း၏သားကို ရင်ဆိုင်ရချိန်မှာတော့ အဘယ်သို့ ရှုပ်ထွေးသော ခံစားချက်မျိုး မဖြစ်ဘဲ နေမည်နည်း။
အတိုချုပ် ပြောရလျှင် လေထုသည် အလွန် အနေရခက်ပြီး လေးလံနေသည်။
နုရှောင့်မြို့မှ သံတမန်များသည် အလွန် ဒေါသထွက်နေကြသည်။ ချန်မြို့တော် ပြည်သူများသည် အရှင် ရှမ့်လန်အပေါ် အလွန် အေးစက်လွန်းသည်ဟု ခံစားနေကြရ၏။
‘ဒါ သူတို့ရဲ့ သခင်အစစ်လေ။ ဘာလို့ ဒူးထောက်ပြီး သစ္စာမဆိုကြတာလဲ။ အနည်းဆုံးတော့ မျက်လုံးထဲမှာ နွေးထွေးမှုလေး ပြလို့ မရဘူးလား။’
အထူးသဖြင့် လန်ညီအစ်ကိုများ၊ တုတာ၊ တုအာ၊ လန်ပေါင် စသည့် ကျန်းလီ မွေးမြူခဲ့သော အထူးသွေးမျိုးဆက် ရှိသူများအတွက် ပို၍ ခံစားရသည်။ ချန်မြို့တော်သည် သူတို့၏ အိမ်ဖြစ်သည်။ ယခု အိမ်ပြန်ရောက်သော်လည်း ပြင်ပလူလို ခံစားနေရသည်။
‘ရင်သားအဖက ငါတို့ကို အေးစက်စက် ဆက်ဆံတာ ထားလိုက်ပါတော့။ မင်းတို့ ချင်မြို့တော် ပြည်သူတွေကပါ ဒီလောက် အေးစက်ရသလား။ အရှင် ရှမ့်လန်၏ အထောက်အထား ပေါ်ပေါက်လာတုန်းက မိုင်သောင်းချီ ဝေးကွာသော နိုင်ငံငယ်လေးတွေရဲ့ စစ်သည်တွေတောင် နုရှောင့်မြို့ကို လာပြီး သစ္စာဆိုခဲ့ကြတယ်။ အဲဒီအချိန်တုန်းက ချန်နိုင်ငံသစ်က လူတွေ ဘယ်ရောက်နေကြလဲ။ ချန်မြို့တော်က လူတွေ ဘယ်ရောက်နေကြလဲ။ မင်းတို့ကမှ အရှင် ရှမ့်လန်ကို သစ္စာအရှိဆုံး ဖြစ်သင့်တာ။’
“အရှင်ရှမ့်လန်နဲ့ ရင်ဝူမင်တို့ရဲ့ သိုင်းပြိုင်ပွဲပြီးရင် အရာအားလုံး ပြောင်းလဲသွားမှာပါ။” အရူးလန်က ပြောလိုက်၏။
......
ထို့နောက် ရှမ့်လန်နှင့် သံတမန်အဖွဲ့ကို ယခင်လင်းနယ်စား အိမ်တော်တွင် တည်းခိုရန် စီစဉ်ပေးလိုက်သည်။ ရှမ့်လန်အတွက် အသက်ပေးသွားသော ဦးလေးကျန်းလင်း၏ အိမ်တော်ဖြစ်သည်။ ဤကာလအတွင်း မည်သူမှ ရှမ့်လန်ကို လာရောက် မတွေ့ဆုံကြပေ။
ချန်မြို့တော် အရာရှိများဖြစ်စေ၊ ပြည်သူများဖြစ်စေ လင်းနယ်စားအိမ်တော်ရှေ့မှ ဖြတ်လျှောက်ရန်ပင် မရဲကြပေ။ အထင်လွဲခံရမည် စိုးသောကြောင့် အိမ်တော်နှင့် မီတာ ၁၀၀ အကွာအဝေးအတွင်း မကပ်ရဲကြချေ။
ချန်နိုင်ငံသစ် ပြည်သူများ၏ နှလုံးသားကို ရရှိရန် ခရီးရှည်ကြီး လျှောက်လှမ်းရဦးမည်။
သေချာပေါက် ဤသိုင်းပြိုင်ပွဲသည် အခွင့်ကောင်း တစ်ခု ဖြစ်သည်။ ရှမ့်လန်နှင့် နင်ယွမ်ရှန်း ပြောခဲ့သလိုပင် ရင်မိသားစု ပျက်စီးသွားသည်နှင့် ချန်နိုင်ငံသစ် ပြည်သူများတွင် ရွေးချယ်စရာ မရှိတော့ပေ။ တော်ဝင်ရန် အင်ပါယာကို သစ္စာခံဖို့ဆိုတာ မဖြစ်နိုင်ပေ။
......
မတ်လ ၁၈ ရက် - တိုင်းနိုင်ငံ အသီးသီးနှင့် သဘာဝလွန် အဖွဲ့အစည်း ခြောက်ခု မှ သံတမန်အဖွဲ့များ ရောက်ရှိ လာကြပြီ။ ဤသည်မှာ လွန်ခဲ့သော ဆယ်စုနှစ်များစွာအတွင်း ချန်မြို့တော်၌ အစည်ကားဆုံးအချိန် ဖြစ်သည်။ ကျန်းလီ ရုတ်တရက် သေဆုံးပြီးနောက် လောကဗဟိုချက်သည် ရန်မြို့တော်သာ ဖြစ်ခဲ့သည်။ ချန်မြို့တော် သည် ဘေးရောက်သွားခဲ့သည်။ ရင်ကွမ်း ထီးနန်းတက်ပြီးနောက်တွင်လည်း ဤမျှ ကြီးမားသော သံတမန် အဖွဲ့မျိုး မရှိခဲ့ဖူးပေ။
မည်သည့် နိုင်ငံ၊ မည်သည့်အဖွဲ့အစည်းမှ ပျက်ကွက်ခြင်း မရှိပေ။ ကျောက်စိမ်းဖြူမြို့တော်မှပင် သံတမန် စေလွှတ်ခဲ့သည်။ သဘာဝလွန် အဖွဲ့အစည်း ညီလာခံ အစည်းအဝေး တက်ရောက်ခဲ့သော အမျိုးသမီးပင် ဖြစ်သည်။
စေတီတောင် ဂိုဏ်းချုပ်ရန်၊ ကောင်းကင်ပြစ်ဒဏ်နန်းဆောင် သခင်လေး၊ ကောင်းကင်ပင်လယ် နန်းဆောင်သခင်၊ တုံ့ကျန်း ဘုရားကျောင်း သခင်၊ ရှန့်ကုန်းဘုရားကျောင်း ဒုတိယခေါင်းဆောင် အားလုံး ရောက်ရှိနေကြ၏။
ဝူ၊ ချောင်၊ ရွှဲ့ သုံးနိုင်ငံ ဘုရင်များလည်း ရောက်ရှိနေကြသည်။ ကျင်းနိုင်ငံ အိမ်ရှေ့စံ၊ လျန်နိုင်ငံဘုရင် အားလုံး ရောက်ရှိနေကြသည်။ ခမ်းနားထည်ဝါသော လူစာရင်းပင်။ တော်ဝင်ရန် အင်ပါယာ တစ်ခုတည်းကသာ နိုင်ငံအားလုံးနှင့် အင်အားကြီး ဂိုဏ်းအားလုံးကို စုစည်းနိုင်သော အင်အား ရှိသည်။ သံတမန် အဖွဲ့ဝင်အားလုံး ပေါင်းလိုက်လျှင် လူတစ်သောင်းကျော် ရှိသည်။
ရှမ့်လန်နှင့် ရင်ဝူမင်၏ သိုင်းပြိုင်ပွဲသည် အတော်လေး ရယ်စရာကောင်းသော်လည်း တော်ဝင်ချန်အင်ပါယာ ပိုင်ဆိုင်ခွင့်ကို ဆုံးဖြတ်မည့်ပွဲ ဖြစ်သည်။ လေးနက်ပြီး အရေးကြီးသော ကိစ္စဖြစ်သည်။ တကယ်တော့ လွန်ခဲ့သော ဆယ်စုနှစ်များစွာအတွင်း အကြီးမားဆုံးသော ပွဲကြီးဖြစ်သည်။ ချောင်ဘုရင် လုပ်ကြံခံရမှု ထက်ပင် ပိုမို အရေးကြီး၏။
ဝူ၊ ချောင်၊ ရွှဲ့ သုံးနိုင်ငံ ဘုရင်များလည်း လင်းနယ်စား အိမ်တော်တွင် တည်းခိုကြသည်။
ဝူဘုရင်သည် ရှမ့်လန်ကို ပထမဆုံးအကြိမ် တွေ့ဆုံခြင်း ဖြစ်၏။ “အရှင်ကို ဂါရဝပြုပါတယ်။ သက်တော်ရာကျော် ရှည်ပါစေ။”
......
မတ်လ ၁၈ ရက် ညတွင် အိမ်ရှင်အနေဖြင့် ရင်ကွမ်းသည် နန်းတော်တွင် ကြီးကျယ်ခမ်းနားသော ညစာစားပွဲ ကျင်းပကာ နိုင်ငံအသီးသီးနှင့် သဘာဝလွန် အဖွဲ့အစည်း ခြောက်ခုမှ သံတမန်များကို ဧည့်ခံကျွေးမွေးသည်။
သူ စိတ်လှုပ်ရှားနေမိ၏။
‘ဒါ ပထမဆုံးအကြိမ်ပဲ။ သူ့နန်းတော်ထဲကို ဒီလောက်များပြားတဲ့ သံတမန်အဖွဲ့တွေ ရောက်လာတာ ပထမဆုံးအကြိမ်ပဲ။ တော်ဝင်ရန်အင်ပါယာကို အနိုင်ယူပြီး ရင်ကလန်က လောကအရှင်သခင် ဖြစ်လာမှသာ ဒီလို ခမ်းနားတဲ့ မြင်ကွင်းမျိုး မြင်ရမယ်လို့ ထင်ခဲ့တာ။ သေချာပေါက် ဒီမျိုးဆက်မှာ မြင်ရမယ်လို့ မထင်ခဲ့ဘူး။’
တော်ဝင်ရန်အင်ပါယာကို အနိုင်ယူဖို့ဆိုလျှင် တော်ဝင်ရန်အင်ပါယာ အင်ပါယာ သေဆုံးပြီး အိမ်ရှေ့စံ နန်းတက်မည့်အချိန်ထိ စောင့်ရဦးမည်။ သို့သော်ငြား ဤတစ်ခေါက်က ဂုဏ်ယူစရာ အောင်ပွဲပင်။
“ဘာပဲဖြစ်ဖြစ် မနက်ဖြန်ကျရင် ရင်မိသားစုက တော်ဝင်ချန်အင်ပါယာရဲ့ အရှင်သခင် တရားဝင် ဖြစ်လာတော့မယ်။ သူပုန် မဟုတ်တော့ဘူး။ လောကမှာ အမြင့်မြတ်ဆုံး မိသားစုတွေက ကျိမိသားစုနဲ့ ကျန်းမိသားစုပဲ။”
ရင်ကွမ်းအမြင်တွင် ရှမ့်လန်က တော်ဝင်ချန်အင်ပါယာ နာမည်ကို စွန့်လွှတ်လိုက်ရုံတင် မဟုတ်ချေ။ လောက ဒုတိယ အမြင့်မြတ်ဆုံး မျိုးရိုးနာမည်ကိုပါ စွန့်လွှတ်လိုက်ခြင်းပင်။ မနက်ဖြန်ကစပြီး ရင်မိသားစုက ကျန်းမိသားစု နေရာကို အစားထိုးပြီး လောကဒုတိယ အမြင့်မြတ်ဆုံး မျိုးရိုး ဖြစ်လာတော့ပေမည်။
ညစာစားပွဲအကြောင်း ပြောစရာ သိပ်မရှိချေ။ အမှန်တရား ပြောစရာ မရှိသလို အကျိုးရှိတာ ပြောစရာလည်း မရှိပေ။ ပွဲတစ်လျှောက်လုံး သူက စကားတစ်ခွန်းမှ မပြောခဲ့ချေ။ လူတိုင်း၏ မျက်လုံးထဲ၌ ရှမ့်လန်က လူသေလို ဖြစ်နေသည်။
လူအများစုက ရှမ့်လန် ရူးသွားပြီလားဟု တွေးနေကြ၏။ ဤကဲ့သို့ ဆုံးဖြတ်ချက်မျိုး အဘယ်သို့သော အတွေးဖြင့် ချလိုက်သနည်း။ တကယ် ရူးသွပ်လွန်း၏။ တော်ဝင်ချန်အင်ပါယာ နာမည်ကို ဤအတိုင်း စွန့်လွှတ်လိုက်ခြင်းပင်။ လောကနံပါတ်တစ် ဖြုန်းတီးသူဖြစ်သည်။ အင်ပါယာကျန်းလီ တစ်ဘဝလုံး တည်ဆောက်ခဲ့တဲ့ နိုင်ငံရေး အမွေအနှစ်ကို ရှမ့်လန်က တစ်ရက်တည်းနှင့် ဖျက်ဆီးပစ်လိုက်ခြင်း ဖြစ်၏။
ညစာစားပွဲ တစ်လျှောက်လုံး ရှမ့်လန်၏ ကံကြမ္မာကို ဘယ်သူမှ ဂရုမစိုက်ကြချေ။ သူတို့ ဂရုစိုက်သည်မှာ တစ်ခုတည်း ရှိသည်။
‘ကောင်းကင်ပင်လယ်နန်းဆောင်က သဲကန္တာရထဲမှာ ဘယ်လို ရှေးဟောင်း အမွေအနှစ်မျိုး တွေ့ခဲ့တာလဲ။ ပြီးတော့ နန်းဆောင်သခင် ကျိုးရှီက ဒီတစ်ခေါက် လာစရာ မလိုဘူးလေ။ ဘာလို့ လာတာလဲ။’
သို့သော်ငြား မည်သူမှ မမေးရဲကြချေ။
ည ၁၁ နာရီလောက်တွင် ဤအံ့သြစရာကောင်းပြီး ထူးဆန်းစွာ တိတ်ဆိတ်နေသော ညစာစားပွဲ ပြီးဆုံးသွား၏။
ရှမ့်လန် လင်းနယ်စား အိမ်တော်ကို ပြန်သွားသည်။ ရင်ဝူမင်ကတော့ ပွဲတစ်လျှောက်လုံး ပေါ်မလာခဲ့ချေ။
......
သန်းခေါင်ယံအချိန်၌ ရင်ဝူမင်၊ စေတီတောင် ဂိုဏ်းချုပ်ရန်နှင့် ရင်ကွမ်းတို့ နန်းတော်ခြံဝင်းထဲမှာ ရပ်နေကြသည်။
ကောင်းကင်မှာ လမင်းကြီး သာနေသည်။ ဤပြိုင်ပွဲက ရယ်စရာကောင်း၏။ ရင်ဝူမင်က ရှမ့်လန်ထက် အဆတစ်သန်းလောက် ပိုသန်မာသော်လည်း သူက စေ့စပ်သေချာပြီး လိုအပ်သော ပြင်ဆင်မှုတွေ အားလုံး ပြုလုပ်ထား၏။ သူက အဆင့်အမြင့်ဆုံးနှင့် အစွမ်းအထက်ဆုံး ရှေးဟောင်း သံချပ်ကာကို ဝတ်ဆင်ထားပြီး ရှေးဟောင်းလက်နက်များ၏ ဖျက်ဆီးမှုအားလုံးကို ခံနိုင်ရည် ရှိ၏။
“ဒီရှေးဟောင်းသံချပ်ကာက စေတီတောင်ရဲ့ ရတနာပဲ။ တောင်ပင်လယ် ရှေးဟောင်းအမွေအနှစ် နေရာမှာ တွေ့ခဲ့တဲ့ အဆင့်အမြင့်ဆုံး သံချပ်ကာတစ်ခုဖြစ်တယ်။ အရင်ပိုင်ရှင်က ရှေးဟောင်းအင်ပါယာရဲ့ မင်းသား တစ်ပါးပဲ။ ဒီသံချပ်ကာမှာ သီးခြား စွမ်းအင်အရင်းအမြစ် ပါရှိတယ်။ နဂါးနောင်တက မလှမ်းမကမ်းမှာ ပေါက်ကွဲရင်တောင် ဒီသံချပ်ကာ ဝတ်ထားရင် အန္တရာယ် မရှိဘူး။” ဂိုဏ်းချုပ်ရန်က ရင်ဝူမင်ကို ရှေးဟောင်း အင်ပါယာ မင်းသား သံချပ်ကာ ဝတ်ပေးလိုက်သည်။
“ဒါက ရှေးဟောင်းလက်စွပ်။ ရှေးဟောင်းဘုရင်မှာ အလွန်မြင့်မားတဲ့ လုပ်ပိုင်ခွင့် ရှိတယ်။ ပြီးတော့ စွမ်းအင် တိုက်ခိုက်မှု အများစုကို ကာကွယ်ပေးနိုင်တယ်။” ဂိုဏ်းချုပ်ရန်က ရင်ဝူမင်လက်ချောင်းမှာ လက်စွပ်တစ်ကွင်း စွပ်ပေးလိုက်ပြန်၏။ ရှမ့်လန်၏ လက်စွပ်နှင့် ဆင်တူလှ၏။
ရှေးဟောင်းရင်ပြင်မှာတုန်းက ရှေးဟောင်းအင်ပါယာ အထက်တန်းလွှာ အများစုက လက်စွပ်များ ဝတ်ဆင်ထားသည်ကို ရှမ့်လန် မြင်ခဲ့ရ၏။ ဂိုဏ်းချုပ်ရန် ပေးသော လက်စွပ်က ရှေးဟောင်းလက်စွပ်တွေထဲမှာမှ အဆင့်အလွန်မြင့်၏။ ရှမ့်လန်၏ ရှေးဟောင်းဘုရင် လက်စွပ်ကို မယှဉ်နိုင်သော်လည်း အနှုတ်လက္ခဏာ ပျက်စီးမှု အများစုကို ခံနိုင်ရည် ရှိ၏။ ထို့အပြင် ရင်ဝူမင်က အလွန် သန်မာသောကြောင့် နဂါးနောင်တ အစစ်အမှန် မလှမ်းမကမ်းတွင် ပေါက်ကွဲလျှင်ပင် သေဆုံးမည် မဟုတ်ပေ။