← Chapters

အခန်း (၁၁၂၁-၁၁၂၂)

Vol. 65 Ch. 1121-1122

အခန်း (၁၁၂၁-၁၁၂၂)

Vol. 65 Ch. 1121-1122

အပိုင်း (၁၁၂၁)

“ဒါက ရှေးဟောင်းဘုရင် ဓား။ ဖျက်ဆီးလို့ မရဘူး။ ဘယ်လို ရှေးဟောင်းကိရိယာကိုမဆို အလွယ်တကူ ဖျက်ဆီးပစ်နိုင်တယ်။”

ဂိုဏ်းချုပ်ရန်က ရွှေဓားကို ရင်ဝူမင် လက်ထဲ ထည့်ပေးလိုက်သည်။ “ဒါက ရှေးဟောင်း ရင်ပြင် ကျောက်ခေါင်းတလား ထဲက ရခဲ့တာ။ ရှမ့်လန်က နဂါးဓားလို့ ထင်ခဲ့ဖူးတယ်။ ဘာပဲဖြစ်ဖြစ် ရှေးဟောင်းဘုရင် ပိုင်ဆိုင်ခဲ့တာပဲ။

ရှမ့်လန်က အရမ်း ကောက်ကျစ်တယ်။ သူ အရင်က ကြွားခဲ့တာတွေ အကုန်တကယ် ဖြစ်လာတယ်။ ဒါကြောင့် မင်းရဲ့သိုင်းပညာက သူ့ထက် အဆတစ်သန်း ပိုသန်မာရင်တောင် အစွမ်းကုန် ကြိုးစားရမယ်။” ရင်ကွမ်းက ပြောလိုက်၏။

“ရှမ့်လန်က ဒီသိုင်းပြိုင်ပွဲကို စိန်ခေါ်ရဲတာ အကြောင်းရင်း တစ်ခုခု သေချာပေါက် ရှိမှာပဲ။ ဒါပေမဲ့ ရှေးဟောင်းကိရိယာ တချို့လောက်ပဲ ဖြစ်မှာပါ။ ဘယ်လို ရှေးဟောင်းကိရိယာပဲ ဖြစ်ဖြစ် မင်းဝတ်ထားတဲ့ ကိရိယာတွေကို မယှဉ်နိုင်ပါဘူး။ ဒီသိုင်းပြိုင်ပွဲမှာ မင်း နိုင်မှာ သေချာတယ်။”

ဂိုဏ်းချုပ်ရန်က ပြောလိုက်သည်။ “ရှမ့်လန်ကို မသတ်နဲ့။ ဒုက္ခိတ ဖြစ်အောင်ပဲလုပ်။ နဂါးနောင်တ ပစ်လွှတ်ဖို့ သူ့ကို လိုသေးတယ်။”

“ကောင်းပါပြီ၊” ရင်ဝူမင် ပြန်ဖြေလိုက်၏။

......

မတ်လ ၁၉ ရက်။ လူတိုင်း စောင့်မျှော်နေသော နေ့ရက် ရောက်ရှိလာ၏။ အရှေ့ဘက်လောက တစ်ခုလုံး အာရုံစိုက်နေသော ပွဲကြီးပွဲကောင်း ရောက်ရှိလာပြီဖြစ်သည်။

တော်ဝင်ရန်အင်ပါယာနှင့် ချန်နိုင်ငံသစ်တို့သည် ရှမ့်လန်နှင့် ရင်ဝူမင် သိုင်းပြိုင်ပွဲအတွက် ရက်ပေါင်း ၅၀ ကြာ ပြင်ဆင်ခဲ့ကြသည်။ ပြိုင်ပွဲကို ချန်မြို့တော် မဟာပြိုင်ပွဲကွင်းကြီးတွင် ကျင်းပမည် ဖြစ်၏။

မဟာပြိုင်ပွဲကွင်းကြီးသည် အလွန် ကြီးမားသည်။ စတုရန်းမီတာ သိန်းချီ ကျယ်ဝန်းပြီး လူ ၅၀၀၀၀ ဆံ့သည်။ နိုင်ငံအသီးသီးနှင့် သဘာဝလွန် အင်အားစုခြောက်ခုမှ လူတစ်သောင်းခန့် ရှိသည်။ ကျန် လူ ၄၀၀၀၀ မှာ ချန်နိုင်ငံသစ်မှ မှူးမတ်များနှင့် ပြည်သူ့ကိုယ်စားလှယ် ၁၀၀၀၀ ဖြစ်သည်။

လူ ၅၀၀၀၀ ရှိပြီး နေရာလွတ် မရှိပေ။ သေချာပေါက် လူတိုင်းစိတ်ထဲတွင် ဤပွဲသည် ရင်ခုန်စရာ မရှိသော သိုင်းပြိုင်ပွဲ ဖြစ်သည်။ သမိုင်းတစ်လျှောက် အရယ်ရဆုံး ပြိုင်ပွဲလည်း ဖြစ်သည်။ ထို့ကြောင့် မည်သူမှ လောင်းကြေး မထပ်ကြပေ။ အလေးပေးမှု ၁၀၀၀၀ အချိုး ၁ ဖြစ်လျှင်ပင် မည်သူမှ လောင်းမည် မဟုတ်ပေ။

အဘယ့်ကြောင့်ဆိုသော် ပင်လယ်ရေ ပြောင်းပြန်စီး၊ တောင်တွေ ပြောင်းပြန်ဖြစ်၊ နေအနောက်ဘက်က ထွက်လျှင်တောင် တခြားရလဒ် ထွက်လာမှာ မဟုတ်သောကြောင့်ဖြစ်သည်။ ရှမ့်လန် ချက်ချင်း အသတ်ခံရမည်။ အိပ်မက်ထဲမှာ ဖြစ်စေ၊ လက်တွေ့မှာ ဖြစ်စေ၊ အရယ်ရဆုံး စာအုပ်တွေထဲမှာဖြစ်စေ ထိုအရာကက တစ်ခုတည်းသော အဖြေဖြစ်သည်။

သို့သော်ငြား ဤအခိုက်အတန့်ကို မျက်ဝါးထင်ထင် မြင်တွေ့ရခြင်းကပင် ကောင်းမွန်သည် မဟုတ်ပါလား။ ဤသိုင်းပြိုင်ပွဲသည် ရယ်စရာကောင်းနေသော်လည်း ရှမ့်လန်သည် အင်ပါယာကျန်းလီ၏ သားဖြစ်ပေသည်။ ထို့အပြင် သူသည် အံ့ဖွယ်အမှုများစွာကို ဖန်တီးခဲ့ဖူးသူ ဖြစ်၏။

ထို့ကြောင့် ရှမ့်လန်၏ ရှုံးနိမ့်မှုသည်လည်း သမိုင်းဝင် ဖြစ်ရပ်တစ်ခု ဖြစ်လာပေလိမ့်မည်။ ရင်ဝူမင်၏ လက်ချက်ဖြင့် ရှမ့်လန် အသတ်ခံရသည်ကို ကြည့်ရှုရခြင်းသည် သမိုင်းကို သက်သေပြုနေခြင်းပင် ဖြစ်သည်။

အထူးသဖြင့် ချန်နိုင်ငံသစ်မှ မှူးမတ်များနှင့် ပြည်သူများအတွက် ပို၍ အရေးပါသည်။ သူတို့အများစုသည် မူလက ရှမ့်လန်ကို ထောက်ခံခဲ့ကြသည်။ သို့သော်ငြား ရှမ့်လန်က ဤသိုင်းပြိုင်ပွဲကို စိန်ခေါ်လိုက်သည့် အချိန်မှစ၍ အားလုံး၏စိတ်နှလုံးသည် ဒီရေလှိုင်းလုံးကြီးပုံစံဖြင့် ရင်သားအဖထံသို့ ပြောင်းလဲ ရောက်ရှိသွား ကြသည်။ သူတို့အားလုံး ရင်ကလန်ကို သစ္စာရှိသွားကြ၏။

အဘယ့်ကြောင့်ဆိုသော် ရှမ့်လန်သည် ရူးသွပ်လွန်းသောကြောင့် ဖြစ်သည်။ အရူးတစ်ယောက်ပင်လျှင် ဤကဲ့သို့ သိုင်းပြိုင်ပွဲမျိုးကို စိန်ခေါ်ရဲမည် မဟုတ်ပေ။ တော်ဝင်ချန်အင်ပါယာ၏ နာမည်နာမကို ဟာသတစ်ခု အဖြစ် သဘောထားနေခြင်းလား။ အရူးတစ်ယောက်ကို ဘယ်သူက သစ္စာခံရဲမည်နည်း။ အရူးတစ်ယောက်ရဲ့ ကာကွယ်မှုကို ဘယ်သူက ယူရဲမည်နည်း။ ဤလောကရှိလူများသည် ဉာဏ်ရှိသူများသာ ဖြစ်ကြသည်။

......

မဟာပြိုင်ပွဲကွင်းကြီးအတွင်းရှိ လူငါးသောင်းသည် တိတ်ဆိတ်ငြိမ်သက်နေကြ၏။

တော်ဝင်ရန်ဘုရင်မှ မင်းသားလျန်သည် ရန်မြို့တော်၏ အမိန့်တော်ကို ဖတ်ကြားနေသည်။ နာရီဝက်ခန့် ဖတ်ကြားပြီးနောက် အဆုံးသတ်သွားခဲ့သည်။

“အရှင် ရှမ့်လန်၊ အိမ်ရှေ့စံ ရင်ဝူမင်... နောက်ဆုံးအနေနဲ့ အတည်ပြုပါရစေ။ ဒီပြိုင်ပွဲကို ဆက်လုပ်မှာ သေချာလား။” မင်းသားလျန် မေးလိုက်၏။

“သေချာတယ်။” ရှမ့်လန် ဖြေလိုက်သည်။

“သေချာတယ်။” ရင်ဝူမင် ဖြေလိုက်၏။

မင်းသားလျန်က ဆက်ပြောသည်။ “နောက်ဆုံးအနေနဲ့ ထပ်မေးပါရစေ။ ဒီသိုင်းပြိုင်ပွဲက တော်ဝင်ချန် အင်ပါယာရဲ့ ပိုင်ရှင်အစစ်အမှန်ကို ဆုံးဖြတ်ပေးမှာ ဖြစ်ပါတယ်။ ရှုံးတဲ့သူက တော်ဝင်ချန်အင်ပါယာ ဆိုတဲ့ နာမည်နာမကို လုံးဝ လက်လွှတ်ရပါလိမ့်မယ်။ သေချာပါသလား။”

“သေချာတယ်။”

“သေချာတယ်။”

မင်းသားလျန်က ပြောလိုက်၏။ “ဒါက သိုင်းပြိုင်ပွဲ ဖြစ်ပါတယ်။ လက်နက်တွေက မျက်စိမပါပါဘူး။ ကျုပ်တို့က တရားမျှတမှု ရှိ၊ မရှိကိုပဲ သက်သေပြုပေးမှာပါ။ အသက်အန္တရာယ်အတွက်တော့ ဝင်ရောက် စွက်ဖက်မှာ မဟုတ်ပါဘူး။ ဒါက အသက်စွန့်စာချုပ်ပါ။ လက်မှတ်ထိုးမှာ သေချာလား။”

သူသည် သွေးရောင်လွှမ်းနေသော အသက်စွန့် စာချုပ်ကို ထုတ်ယူလိုက်သည်။ ၎င်းကို တော်ဝင်ရန်အင်ပါယာ အိမ်ရှေ့စံ ကိုယ်တိုင် ဟင်္သာပြဒါးဖြင့် ရေးသားထားခြင်း ဖြစ်သည်။ အသက်စွန့်စာချုပ်ကို လက်မှတ်ရေးထိုးပြီးသည်နှင့် သေသည်၊ ရှင်သည် အရေးမကြီးတော့ပေ။ ပြိုင်ပွဲကွင်းထဲတွင် ရင်ဝူမင်က ရှမ့်လန်ကို အပိုင်းပိုင်း ခုတ်ထစ်လိုက်လျှင်ပင် တာဝန်ယူစရာ မလိုပေ။ နိုင်ငံတော် ပုန်ကန်မှုဖြင့် အရေးယူခံရမည် မဟုတ်ပေ။

ရင်ဝူမင်သည် စေ့စပ်သေချာစွာ လက်မှတ်ထိုးလိုက်ပြီး ရှမ့်လန်မှာမူ ပေါ့ပေါ့ပါးပါးဖြင့် လက်မှတ် ရေးထိုးလိုက်သည်။

နှစ်ဦးစလုံး အသက်စွန့် စာချုပ်ပေါ်တွင် လက်မှတ်ရေးထိုးပြီးကြပြီ ဖြစ်သည်။ တော်ဝင်ရန်အင်ပါယာ မင်းသားလျန်သည် အသက်စွန့် စာချုပ်နှင့် အမိန့်တော် သုံးစောင်ကို မြှောက်ကိုင်လိုက်ပြီး ကြွေးကြော် လိုက်၏။

“ဒီသိုင်းပြိုင်ပွဲကို တော်ဝင်ရန်အင်ပါယာက သက်သေပြုလိုက်ပြီ။”

သဘာဝလွန် အင်အားစုခြောက်ခုမှ ကိုယ်စားလှယ်များ လက်မြှောက်လိုက်ကြသည်။ “ကျုပ်တို့ သက်သေပြု ပါတယ်။”

တိုင်းနိုင်ငံ အသီးသီးမှ ကိုယ်စားလှယ်များ လက်မြှောက်လိုက်ကြ၏။ “ကျုပ်တို့ သက်သေပြုပါတယ်။”

ချန်နိုင်ငံသစ်မှ မှူးမတ်များနှင့် ပြည်သူများ ညာလက်သီးများ မြှောက်လိုက်ကြသည်။ “ကျုပ်တို့ သက်သေပြုပါတယ်။”

မင်းသားလျန်က ပြောလိုက်သည်။ “လောကကြီးတစ်ခုလုံးက ဒီသိုင်းပြိုင်ပွဲကို သက်သေပြုနေပါတယ်။ အနိုင်ရသူက တော်ဝင်ချန်အင်ပါယာရဲ့ တရားဝင် ဘွဲ့နာမကို ရရှိပါလိမ့်မယ်။ အရှင်ရှမ့်လန်၊ အိမ်ရှေ့စံ ရင်ဝူမင်... စက်ဝိုင်းထဲ ဝင်ကြပါ။”

ရှမ့်လန်နှင့် ရင်ဝူမင်တို့သည် ပြိုင်ပွဲကွင်း အလယ်သို့ ဖြည်းညင်းစွာ လျှောက်လှမ်းသွားကြသည်။ အချင်း မီတာ ၃၀ ခန့်ရှိသော စက်ဝိုင်းတစ်ခု ဖြစ်သည်။ သူတို့နှစ်ဦးသည် ၂၅ မီတာခန့် ကွာဝေးသော နေရာတွင် မျက်နှာချင်းဆိုင် ရပ်လိုက်ကြ၏။

ပြိုင်ပွဲကွင်း၏ အထင်ရှားဆုံးနေရာတွင် ခေါင်းလောင်း ၁၀ လုံးကျော်နှင့် သဲနာရီ ၂၀ ကို ချထားသည်။ မွန်းတည့်ချိန်တွင် ပြိုင်ပွဲ တရားဝင် စတင်မည် ဖြစ်သည်။ သဲနာရီထဲမှ ရွှေရောင် သဲပွင့်များသည် အဆက်မပြတ် စီးဆင်းကျနေပြီး အချိန်များ ကုန်ဆုံးနေသည်။ ပြိုင်ပွဲစမည့် အချိန် ပိုမို နီးကပ်လာသည်။

ဆယ်မိနစ်၊ ငါးမိနစ်၊ သုံးမိနစ်၊ တစ်မိနစ်။ လူတိုင်း အသက်အောင့်ထားကြသည်။ မျက်လုံးများကို ပြူးကျယ်စွာ ဖွင့်ထားကြပြီး မျက်တောင်မခတ်မိစေရန် ကြိုးစားနေကြသည်။ အဘယ့်ကြောင့်ဆိုသော် ဤသိုင်းပြိုင်ပွဲ သည် အလွန် လျင်မြန်ပေလိမ့်မည်။ မျက်စိတစ်မှိတ်အတွင်း ပြီးဆုံးသွားပေလိမ့်မည်။

ဤသည်မှာ သမိုင်းကို သက်သေပြုမည့် အခိုက်အတန့်၊ ရှမ့်လန်၏ နိဂုံးကို မြင်တွေ့ရမည့် အခိုက်အတန့် ဖြစ်သည်။ တစ်စက္ကန့်လေးပင် လွတ်သွား၍ မဖြစ်ပေ။

ဝူ၊ ချောင်၊ ရွှဲ့ သုံးနိုင်ငံ ဘုရင်များ၊ စုနန်နှင့် အခြားသူများသည် အသက်ရှူရန်ပင် ခက်ခဲနေကြသည်။ နှလုံးသားများ နာကျင်စွာ ခုန်နေသည်။ သူတို့သည် ရှမ့်လန်ကို ယုံကြည်မှု အပြည့်ရှိပြီး အရှင် ရှမ့်လန်သည် အံ့ဖွယ်အမှုများ ဖန်တီးရန် မွေးဖွားလာသူဟု ယုံကြည်သော်လည်း ဤသိုင်းပြိုင်ပွဲ၏ စွမ်းရည် ကွာဟချက်သည် ကြီးမားလွန်းသည်။ အဆန်းကြယ်ဆုံး အိပ်မက်များထဲတွင်ပင် ရှမ့်လန် နိုင်မည်ဟု သူတို့ မမက်ရဲကြပေ။

ပြိုင်ပွဲစရန် ဆယ်စက္ကန့်သာ လိုတော့သည်။

ကိုးစက္ကန့်... ရင်ဝူမင်သည် မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး ရွှေဓားကို ဖြည်းညင်းစွာ မြှောက်လိုက်၏။

ရှမ့်လန်သည်လည်း လက်ထဲမှ နဂါးဓားကို မြှောက်လိုက်သည်။

နှစ်ဦးစလုံး အသက်အောင့်ထားကြ၏။

ရင်ဝူမင်၏ မျက်ဝန်းများတွင် ရူးသွပ်မှုများ ၊ ယစ်မူးမှုများ စတင် ပေါ်ပေါက်လာသည်။

‘နားထောင်ကြည့်စမ်း။ ခြေသံတွေ နီးလာပြီ။ မကြာခင်မှာ ရင်မိသားစုက သူပုန် မဟုတ်တော့ဘူး။ တော်ဝင်ချန်အင်ပါယာရဲ့ တစ်ခုတည်းသော တရားဝင် မိသားစု ဖြစ်လာတော့မယ်။ မကြာခင်မှာ ရင်မိသားစုက ကျန်းမိသားစုနေရာကို အစားထိုးပြီး လောကရဲ့ ဒုတိယ အမြင့်မြတ်ဆုံးမျိုးရိုး ဖြစ်လာတော့မယ်။

အရှင် ကျန်းလီ... ခင်ဗျားက ရင်မိသားစုအတွက် ကျေးဇူးကြီးမားလှပါတယ်။ ခင်ဗျားရဲ့ သေဆုံးမှုက ကျုပ်တို့ကို ထီးနန်းဆက်ခံနိုင်အောင် ကူညီပေးခဲ့တယ်။ အခု ခင်ဗျားရဲ့သားက ကျုပ်တို့ကို ထပ်ပြီး အောင်မြင်အောင် ကူညီပေးတော့မယ်။ သူ့ရဲ့နိဂုံးက ရင်မိသားစုရဲ့ ရည်မှန်းချက်ကြီး အောင်မြင်ဖို့ အထောက်အကူ ဖြစ်စေလိမ့်မယ်။ ရင်မိသားစုက ကျန်းမိသားစုရဲ့အလောင်းတွေပေါ် နင်းပြီး ကြီးပွားတိုးတက်ဖို့ ကံပါလာပြီးသားပဲ။’

“သုံး... နှစ်... တစ်... အချိန်ကျပြီ။”

သဲနာရီ အားလုံး ကုန်ဆုံးသွားပြီ ဖြစ်၏။ ခေါင်းလောင်းများ အားလုံး တပြိုင်နက် မြည်ဟီးလာသည်။ သေမင်းတမန် ခေါင်းလောင်းသံကဲ့သို့ပင်။

“ဒေါင်... ပြိုင်ပွဲ တရားဝင် စတင်ပါပြီ။”

ရင်ဝူမင်၏ခန္ဓာကိုယ်သည် ချက်ချင်းပဲ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဥက္ကာခဲကဲ့သို့ ရှမ့်လန်ထံသို့ ပြေးဝင်သွားသည်။

‘ရှမ့်လန်... မင်းလို အမှိုက်က သေသင့်ပြီ။ လမ်းလျှောက်အလောင်းကောင် ဖြစ်သွားစမ်း။ ငါ့ရင်မိသားစုရဲ့ အာဏာစက် တည်မြဲဖို့ ကူညီလိုက်စမ်း။’

ထိုအချိန်၌ပဲ ရှမ့်လန်၏ စိတ်ထဲတွင် အတွေးတစ်ချက် လက်ခနဲ ဖြတ်သန်းသွား၏။

“စွမ်းအင်ဝဲကတော့... အခြေခံအဆင့်... တိုက်ခိုက်စမ်း။”

ချက်ချင်းပဲ ရှေးဟောင်းခေတ်မှ စွမ်းအား၊ နဂါးသွေးခြင်ဆီမှ စွမ်းအားနှင့် ဤလောက၏ အမြင့်ဆုံးအဆင့် စွမ်းအင်များသည် နဂါးနှလုံးသားထဲတွင် စုစည်းသွားသည်။ ရှမ့်လန်၏ခန္ဓာကိုယ်မှတဆင့် နဂါးဓားထဲသို့ တိုးဝင်သွားသည်။

ထို့နောက် ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာသည်။ လောကကြီး တစ်ခုလုံးတွင် မကြားရသော နဂါးဟိန်းသံ တစ်ခုသည် လေဟာနယ်ထဲ၌ ပြည့်နှက်သွားသကဲ့သို့ ဖြစ်သွားသည်။ ကြီးမားသော စွမ်းအင်ဝဲကတော့ တစ်ခုသည် ရင်ဝူမင်ထံသို့ ဝင်ရောက်သွား၏။

“...... ” ကျယ်လောင်သောအသံ မထွက်ပေါ်ပေ။ အသံမဲ့နေသည်။

ချန်နိုင်ငံသစ်၏ အိမ်ရှေ့စံ၊ ကမ္ဘာ့ထိပ်တန်း သိုင်းပညာရှင်၊ အင်ပါယာ ကျန်းလီ၏ တပည့်ရင်း ဖြစ်သူ ရင်ဝူမင်သည် မီတာ ထောင်ချီ လွင့်စင်သွားသည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ အရာအားလုံးသည် တစ်လက်မ မကျန် ကြေမွ ပျက်စီးသွားသည်။ ပြိုင်ပွဲစတင်သည်နှင့် ပြီးဆုံးသွားခဲ့သည်။

တစ်ခဏအတွင်းမှာပဲ ရင်ဝူမင် အသတ်ခံလိုက်ရပြီ ဖြစ်၏။

“ဝုန်း... ”

ရင်ဝူမင်၏ ခန္ဓာကိုယ်သည် အမြောက်ဆံကဲ့သို့ လွင့်ထွက်သွားသည်။ စောစောက သူ ရှမ့်လန်ထံသို့ ပြေးဝင်သွားသော အရှိန်သည် အလွန် မြန်ဆန်သော်လည်း ယခု ပြန်ကန်ထွက်လာသော အရှိန်သည် ပို၍ပင် မြန်ဆန်သည်။ သူ့သံချပ်ကာများ ကြေမွပျက်စီးနေစဉ်အတွင်း သူ့ခန္ဓာကိုယ်ထဲမှ ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာသည်။

“ဘုန်း... ဘုန်း... ဘုန်း... ”

ဆက်တိုက် ပေါက်ကွဲမှုများနှင့်အတူ သွေးများသည် ရေပန်းကဲ့သို့ ဖြာထွက်လာ၏။

ဖြာထွက်လာသည်နှင့် တပြိုင်နက် သွေးများသည် အမှုန့်များ ဖြစ်သွားကြသည်။ ထို့ကြောင့် ရင်ဝူမင်၏ ခန္ဓာကိုယ်သည် အနီရောင် ဗုံးတစ်လုံးကဲ့သို့ ဖြစ်နေသည်။ လေထဲတွင် ပျံသန်းနေစဉ် အနီရောင် မြူမှုန်များ အဆုံးမဲ့ ဖြာထွက်နေသည်။

ထို့နောက် သူ့ခန္ဓာကိုယ်သည် မဟာပြိုင်ပွဲကွင်းကြီး၏ ကြီးမားသော ကျောက်တိုင်ကြီးကို ဝင်ဆောင့်မိ၏။

ထိုမှသာ ကျယ်လောင်သော အသံ ထွက်ပေါ်လာသည်။ အချင်း တစ်မီတာကျော်ရှိသော ကျောက်တိုင်ကြီး ကျိုးသွားသည်။ ရင်ဝူမင်သည် သွေးသံရဲရဲဖြင့် ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားပြီး မလှုပ်မယှက် ဖြစ်နေတော့သည်။

‘သောက်ကျိုးနည်း...’

ဤအချိန်တွင် ရှမ့်လန်၏ စိတ်စွမ်းအင် လုံးဝ ကုန်ခမ်းသွားပြီ ဖြစ်သည်။ သူ မူးမေ့မလဲအောင် မနည်း ထိန်းထားရသည်။ သူ့ရှေ့မှ မြင်ကွင်းကြောင့် သူ လုံးဝ အံ့အားသင့်သွားခဲ့ရ၏။

‘စွမ်းအင်ဝဲကတော့ရဲ့ စွမ်းအားက ဒီလောက် မပြင်းထန်သင့်ဘူး။’

ရင်ဝူမင်သည် ထိပ်တန်း ရှေးဟောင်းသံချပ်ကာ ဝတ်ဆင်ထားသော်လည်း ယခုအခါ လုံးဝနီးပါး ကြေမွ ပျက်စီးသွားခဲ့ပြီ။ သူ့ခန္ဓာကိုယ်တစ်ခုလုံးတွင် ဒဏ်ရာမရသောနေရာဟူ၍ တစ်လက်မမှ မရှိပေ။ ခန္ဓာကိုယ်ပေါ်တွင် အပေါက်ငယ်ပေါင်း သောင်းချီ ဖြစ်ပေါ်နေပြီး အားလုံး ပေါက်ကွဲထွက်ထားခြင်း ဖြစ်သည်။

‘ဘာလို့ ဒီလောက်ထိ ဖြစ်သွားရတာလဲ။’

အခြေခံ စွမ်းအင်ဝဲကတော့သည် အားကောင်းသော်လည်း ဤမျှ ကောင်းကင်ကို ဆန့်ကျင်နိုင်သော အစွမ်းမျိုး မရှိသင့်ပေ။ အကြောင်းရင်းမှာ ရင်ဝူမင်၏ သိုင်းပညာ အလွန် ကောင်းမွန်လွန်းသောကြောင့် ဖြစ်သည်။ ဤပြိုင်ပွဲသည် သူ့အတွက် သိက္ခာကျစရာ ဖြစ်သည်။ ရှမ့်လန်က အလွန်အားနည်းလွန်းရာ သူ့ကို အကြိမ်တစ်သောင်း သတ်နိုင်လျှင်လည်း အသုံးမဝင်ပေ။ နောင်တွင် လူတိုင်းက ရင်ဝူမင်အကြောင်း ပြောလျှင် ရှမ့်လန်နှင့် ပြိုင်ပွဲကို သတိရကြမည် ဖြစ်ပြီး သူ့ကို အထင်သေးကြပေလိမ့်မည်။

ဤသည်မှာ လင်ကျစ်လင်းနှင့် ဖန်းညီမတို့ တစ်တိုင်းပြည်လုံးရှေ့တွင် အလှချင်းပြိုင်သကဲ့သို့ပင်။ လင်ကျစ်လင်း အကြိမ်တစ်ရာ နိုင်လျှင်လည်း သူမ၏ တန်ဖိုး ကျဆင်းသွားမည်သာ ဖြစ်သည်။ ထို့ကြောင့် ဤပြိုင်ပွဲတွင် ရှမ့်လန်ကို ဒုက္ခိတဖြစ်အောင် လုပ်ရုံသာမက လူတိုင်းကို အံ့အားသင့်သွားစေမည့် ဖျော်ဖြေမှု တစ်ခု ပြုလုပ်ရန် လိုအပ်သည်။

သူသည် သူ့ခန္ဓာကိုယ်ထဲရှိ အတွင်းအား အားလုံးကို စုစည်းပြီး ရင်သပ်ရှုမောဖွယ် စွမ်းဆောင်ရည်ကို ပြသလိုခဲ့သည်။

“အတွင်းအား အထူးပဲ့တင်ထပ်မှု။”

ပထမဆုံး သူသည် လက်တစ်ဖက်တည်းဖြင့် ရှမ့်လန်ကို ကီလိုမီတာ တစ်ရာလောက် လွင့်စင်သွားအောင် လုပ်ပြီး ဒုက္ခိတ ဖြစ်စေမည်။ ထို့နောက် ရင်ဝူမင်သည် မြေပြင်ကို ညင်သာစွာ နင်းလိုက်ပြီး သူ့ခန္ဓာကိုယ်ထဲရှိ အတွင်းအားနှင့် စစ်မှန်သော ချီစွမ်းအင် အားလုံးကို ထုတ်လွှတ်လိုက်မည်။

အချင်း မီတာ ၃၀ ရှိသော ပြိုင်ပွဲစင်မြင့်သည် လုံးဝ ပြိုကျသွားပြီး အရာအားလုံး အမှုန့်ဖြစ်သွားမည်။ ဤသည်မှာ အတွင်းအား အထူးပဲ့တင်ထပ်မှု ဖြစ်သည်။ လုံးဝ လှပသည်၊ လုံးဝ တုန်လှုပ်ဖွယ် ကောင်းသည်၊ လူတိုင်းကို ဤမြင်ကွင်းအား ထာဝရ အမှတ်ရစေမည်။ နောင်တွင် ဤပြိုင်ပွဲအကြောင်း ပြောလျှင် ရှမ့်လန်ကို အနိုင်ယူခဲ့ခြင်း မဟုတ်ဘဲ ဤမြင်ကွင်းကိုသာ အမှတ်ရနေကြလိမ့်မည်။

အတွင်းအား ပဲ့တင်ထပ်မှုဖြင့် ပြိုင်ပွဲစင်မြင့်ကို ဖျက်ဆီးပြီးနောက် ရင်ဝူမင်က အေးဆေးစွာ ပြောလိုက်မည်။ “ဒီသိုင်းပြိုင်ပွဲက သိက္ခာကျစရာပဲ။ ဒါကြောင့် ဒီစင်မြင့်ကို ဖျက်ဆီးပစ်လိုက်ပြီ။ ဒီနေ့ ဖြစ်ပျက်ခဲ့တာတွေကို ဘယ်တော့မှ မဖြစ်ခဲ့သလို သဘောထားလိုက်ကြပါ။”

သူသာ အောင်မြင်ခဲ့လျှင် သေချာပေါက် အထူးအောင်မြင်သော ဝါကြွားမှုကြီး ဖြစ်လာပေလိမ့်မည်။ ထို့ကြောင့် ထိုအချိန်တွင် ရင်ဝူမင်သည် သူ့ခန္ဓာကိုယ်ထဲ၌ အတွင်းအားနှင့် သွေးမျိုးရိုး စွမ်းအားအားလုံးကို စုစည်းနေခဲ့သည်။ သူ့ခန္ဓာကိုယ် တစ်ခုလုံးသည် ပေါက်ကွဲတော့မည့် ဗုံးတစ်လုံးကဲ့သို့ ဖြစ်နေသည်။

သို့သော်ငြား ရင်ဝူမင် အတွင်းအား မထုတ်လွှတ်နိုင်မီ ရှမ့်လန်၏ စွမ်းအင်ဝဲကတော့က ဝင်ဆောင့်လိုက်ရာ ရင်ဝူမင်၏ ရှေးဟောင်းသံချပ်ကာကို ဖျက်ဆီးပစ်လိုက်သည်။ ရင်ဝူမင်၏ ခန္ဓာကိုယ်ထဲရှိ အံ့မခန်း အတွင်းအားများ ပေါက်ကွဲထွက်လာသည်။ ထို့ကြောင့် ရင်ဝူမင်သည် အပေါက်များစွာဖြင့် ပြည့်နှက်နေသော အနီရောင်ဗုံး ဖြစ်သွားရခြင်းပင်။ ရိုးရှင်းစွာ ပြောရလျှင် ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။

ပြိုင်ပွဲကွင်း တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။ လူတိုင်း၏ ဦးနှောက်များ ဗလာဖြစ်သွားပြီး တုံ့ပြန်နိုင်စွမ်း ပျောက်ဆုံးသွားကြ၏။

တော်ဝင်ရန်အင်ပါယာ မင်းသားလျန် အပါအဝင် ဖြစ်သည်။ အမှန်အတိုင်း ပြောရလျှင် သူသည် ရှမ့်လန်၏ အံ့ဖွယ်အမှုများကို ကိုယ်တိုင် မြင်တွေ့ခဲ့ဖူးသည်။ ထို့ကြောင့် ဤသိုင်းပြိုင်ပွဲအပေါ် အမြင်မတူပေ။

ရှမ့်လန် မည်သို့ အနိုင်ယူမည်ကို မသိသော်လည်း ရှမ့်လန် ရှုံးချင်မှ ရှုံးလိမ့်မည်ဟု ခံစားမိခဲ့သည်။ သို့သော်ငြား တကယ်တမ်း ဖြစ်ပျက်လာချိန်မှာတော့ သူ အသက်ရှူရ ခက်ခဲသကဲ့သို့ ခံစားလိုက်ရသည်။

‘ဘယ်... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဘာဖြစ်သွားတာလဲ။ ရှမ့်လန် ဘယ်လိုလုပ်လိုက်တာလဲ။’

ရွှဲ့ဘုရင် နင်ကျန်း၊ ဝူဘုရင်နှင့် ချောင်ဘုရင်တို့သည်လည်း လုံးဝ ကြောင်အသွားကြသည်။ အရာအားလုံးသည် လျင်မြန်လွန်းလှသည်။ တစ်စက္ကန့်ပင် မကြာလိုက်ပေ။ စတင်သည်နှင့် ပြီးဆုံးသွားခဲ့သည်။ ထို့အပြင် သူတို့၏ အင်ပါယာ ရှမ့်လန်က ရင်ဝူမင်ကို ချက်ချင်း အနိုင်ယူလိုက်သည်လား။

‘ဘုရားရေ... အဆန်းကြယ်ဆုံး အိပ်မက်ထဲမှာတောင် ဒီလိုမြင်ကွင်းမျိုး မမက်ရဲကြပါဘူး။’

လုံးဝ တုန်လှုပ်သွားပြီးနောက် ခေတ္တမျှ ထုံထိုင်းသွားကြသည်။ စက္ကန့် ၃၀ ကြာပြီးနောက် အကန့်အသတ်မဲ့ ပျော်ရွှင်မှုများ ပေါက်ကွဲထွက်ပေါ်လာသည်။

‘ကောင်းကင်ဘုံရေ... ငါတို့ နိုင်ပြီ။ အရှင် ရှမ့်လန် နိုင်ပြီ။ သူ နောက်ထပ် အံ့ဖွယ်အမှု တစ်ခု ဖန်တီးလိုက် ပြန်ပြီ။’

အပိုင်း (၁၁၂၂)

“အရှင် သက်တော်ရာကျော် ရှည်ပါစေ။”

“အရှင် ရှမ့်လန် သက်တော်ရာကျော် ရှည်ပါစေ။”

ဝူ၊ ချောင်၊ ရွှဲ့ ဘုရင်များ ဦးစွာ ကြွေးကြော်လိုက်ကြသည်။

ထို့နောက် စုနန်နှင့် နုရှောင့်မြို့ သံတမန်အဖွဲ့ဝင် အားလုံး လိုက်ပါ ကြွေးကြော်ကြ၏။

အထူးသဖြင့် စုနန်သည် ကြောင်အနေဆဲ ဖြစ်သည်။ လွန်ခဲ့သော နှစ်အနည်းငယ်က ဖြစ်ရပ်ကို ပြန်လည် သတိရမိသည်။ သူသည်လည်း ဤကဲ့သို့ နားမလည်နိုင်သော နည်းလမ်းဖြင့် ရှုံးနိမ့်ခဲ့ရဖူးသည်။ သူ သေချာပေါက် နိုင်တော့မည်ဟု ထင်နေချိန်တွင် ချင်ဘုရင် အာယုထိုင် သေဆုံးပြီး ချင်တပ်တော် သတ်ဖြတ်ခံလိုက်ရသော သတင်းဆိုး ရောက်လာခဲ့သည်။

ထို့နောက် ကျန်းချုံး ခုခံနေရာမြို့တော်ကို ဝိုင်းရံထားသော စုကလန် တပ်တော် အသတ်ခံလိုက်ရသော သတင်း ထပ်ရောက်လာသည်။ ထိုစဉ်က အခြေအနေ ကောင်းမွန်နေသော်လည်း သူတို့ လုံးဝ ရှုံးနိမ့်ခဲ့ရသည်။ နောက်ဆုံးတွင် သူ စုနန်ကို ကာကွယ်ရန် မိသားစု တစ်ခုလုံး အသက်ပေးခဲ့ရ၏။

သို့သော်ငြား ရင်ဝူမင် သည် ပို၍ပင် နားမလည်နိုင် ဖြစ်နေလောက်သည်။ ဘာဖြစ်သွားမှန်း မသိလိုက်မီ သူ အသတ်ခံလိုက်ရပြီ ဖြစ်သည်။

အချိန်အတော်ကြာမှ စုနန်သည် စိတ်ထဲမှ ကြွေးကြော်လိုက်၏။ ‘အရှင် ရှမ့်လန်က တကယ် ဆန်းကြယ်တယ်။’

......

အချိန်အတော်ကြာမှ တော်ဝင်ရန်အင်ပါယာ မင်းသားလျန်သည် သူ့တာဝန်ကို ပြန်လည် သတိရလာသည်။ သူသည် ရင်ဝူမင် ကျရောက်နေသော နေရာသို့ ဖြည်းညင်းစွာ လျှောက်သွားလိုက်သည်။ လူတိုင်း၏ မျက်လုံးများသည် သူ့နောက်သို့ လိုက်ပါသွားကြသည်။

အချိန်အတော်ကြာ လျှောက်လှမ်းပြီးနောက် မင်းသားလျန်သည် ရင်ဝူမင် ရှေ့သို့ ရောက်ရှိသွားသည်။ သူသည် ရင်ဝူမင်၏ အသက်ရှူသံကို ဦးစွာ စစ်ဆေးပြီး လည်ပင်းသွေးကြောကို စမ်းသပ်လိုက်သည်။ ထို့နောက် သူ့အကြည့်သည် ရင်ဝူမင်၏ ရင်ဘတ်ပေါ်သို့ ရောက်ရှိသွားသည်။ ရင်ဘတ်တွင် အပေါက်ကြီးတစ်ပေါက် ဖြစ်နေပြီး နှလုံးပင် ပေါက်ကွဲထွက်သွားပြီ ဖြစ်၏။

ရင်ဝူမင်သည် အလွန် သန်မာလွန်းသည်။ သူ့ခန္ဓာကိုယ်ထဲရှိ အတွင်းအားနှင့် သက်စောင့်စွမ်းအင် အားလုံး သည် သွေးကြောထဲတွင် ပေါက်ကွဲသွားခဲ့၏။

မည်မျှ ပြင်းထန်လိုက်သနည်း။ ကြေကွဲဖွယ် မြင်ကွင်းပင်။ မျက်နှာကိုပင် သေချာ မမြင်ရတော့ပေ။ မျက်နှာတစ်ခုလုံး ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။

မင်းသားလျန် စကားပြောရန် ပါးစပ်ဟလိုက်သော်လည်း လည်ချောင်းတွင် တစ်စုံတစ်ခု ပိတ်ဆို့နေသကဲ့သို့ ခံစားလိုက်ရသည်။ ရန်မြို့တော်တွင် ရင်ဝူမင် ရှိနေစဉ်က မြင်ကွင်းများ သူ့စိတ်ထဲ ပေါ်လာသည်။ သူသည် အလွန် စွမ်းအားကြီးသော လူတစ်ယောက် ဖြစ်၏။

လွန်ခဲ့သောတစ်နှစ်ခန့်က သူသည် စေတီတောင်ကို ကိုယ်စားပြုပြီး သဘာဝလွန် အဖွဲ့အစည်း ညီလာခံ အစည်းအဝေး တက်ရောက်ခဲ့သည်။ ထိုစဉ်က သူ မည်မျှ တက်ကြွပြီး သူရဲကောင်းဆန်ခဲ့သနည်း။ တကယ်တော့ လွန်ခဲ့သော တစ်နှစ်ကတင် မဟုတ်ပေ။ ဤနှစ်များအတွင်း သူသည် ရန်မြို့တော်သို့ မကြာခဏ လာရောက်လေ့ရှိသည်။ သူသည် အရှေ့ဘက်လောက တစ်ခုလုံးတွင် ဩဇာတက္ကမကြီးမားသူ တစ်ဦး ဖြစ်သည်။ သို့သော်ငြား ယခု သူ ဤအတိုင်း ထွက်ခွာသွားပြီဖြစ်သည်။

လူတိုင်း မင်းသားလျန်ကို စိုက်ကြည့်နေကြ၏။

‘ဘာလို့ စကားမပြောတာလဲ။’

မင်းသားလျန် ဖြည်းညင်းစွာ ပြောလိုက်သည်။ “အိမ်ရှေ့စံ ရင်ဝူမင်... သေဆုံးသွားပါပြီ။”

တိတ်ဆိတ်နေဆဲပင်။ မင်းသားလျန် အသံမြှင့်ပြီး ပြောလိုက်၏။ “အိမ်ရှေ့စံ ရင်ဝူမင် သေဆုံးသွားပါပြီ။”

ထို့နောက် ပြိုင်ပွဲကွင်း တစ်ခုလုံး ပွက်လောရိုက်သွားသည်။ လူတိုင်း အာမေဋိတ်သံများ ထွက်ပေါ်လာသည်။ “ဘယ်... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ အိမ်ရှေ့စံ ရင်ဝူမင်က ရှမ့်လန်ထက် အဆတစ်သောင်းမက ပိုသန်မာတယ်။ အခု သူ သေသွားပြီတဲ့လား။ ရှမ့်လန်က အားနည်းတယ်ဆို။ ပြီးတော့ သူက ရင်ဝူမင်ကိုတောင် မထိရသေးဘူး။”

အချိန်အတော်ကြာမှ လူတိုင်း၏ အကြည့်သည် ရင်ကွမ်းပေါ်သို့ ရောက်ရှိသွားသည်။ သူသည် ထပ်မံ၍ အားလုံးသောသူတို့၏ အာရုံစူးစိုက်ရာ ဖြစ်လာပြန်သည်။ အိမ်ရှင်အနေဖြင့် ၊ ချန်နိုင်ငံသစ် ဘုရင် အနေဖြင့် ရင်ကွမ်းသည် အထင်ရှားဆုံးနေရာတွင် ထိုင်နေ၏။

သူ့ဘေးတွင် ဂိုဏ်းချုပ်ရန်နှင့် ကောင်းကင်ပင်လယ် နန်းဆောင်သခင် ကျိုးရှီတို့ ရှိနေကြသည်။ အဆင့်အတန်း အမြင့်ဆုံး ပုဂ္ဂိုလ်များသည် ထိုနေရာတွင် ထိုင်နေကြသည်။ သီးသန့် စင်မြင့်တစ်ခု ဖြစ်ပြီး မြင့်မားကာ တောက်ပလွန်းသည်။

ရင်ကွမ်း၏ အရပ်ရှည်ရှည် ခန္ဓာကိုယ်သည် မလှုပ်မယှက် ရပ်နေပြီး ရင်ဝူမင်၏ အလောင်းကို အဝေးမှ စိုက်ကြည့်နေ၏။

မင်းသားလျန်က ထပ်ပြောသည်။ “အိမ်ရှေ့စံ ရင်ဝူမင် သေဆုံးသွားပါပြီ။”

ချက်ချင်းပဲ .... “အဟွတ်... ”

ရင်ကွမ်း ပါးစပ်ထဲမှ သွေးတစ်လုပ် အန်ထွက်လာသည်။ သူ့ခန္ဓာကိုယ်ကြီး တုန်ခါသွားပြီး အချိန်မရွေး လဲကျတော့မည့်အလားပင်။

“အရှင်ရင်... ” နန်းဆောင်သခင် ကျိုးရှီက သူ့ကို တွဲထူရန် လက်လှမ်းလိုက်၏။

ရင်ကွမ်း လက်ကာပြလိုက်သည်။ ခဏကြာ တုန်ယင်ပြီးနောက် သူ ငြိမ်သက်သွားသည်။ ပါးစပ်ထောင့်မှ သွေးများကို သုတ်လိုက်ပြီး ရင်ကွမ်းသည် စင်မြင့်ပေါ်မှ ခုန်ဆင်းကာ ရင်ဝူမင် အလောင်းရှိရာသို့ ဖြည်းညင်းစွာ လျှောက်သွားလိုက်သည်။

ခြေလှမ်းတိုင်းတွင် သွေးများ မြေကြီးပေါ်သို့ ကျဆင်းနေသည်။ ခြေလှမ်းတိုင်းတွင် မြေကြီးများ အက်ကွဲ သွားသည်။ မာကျောသော မြေကြီးပေါ်တွင် နက်ရှိုင်းသော ခြေရာများ ထင်ကျန်ရစ်ခဲ့သည်။ လူအများ၏ အကြည့်အောက်တွင် ရင်ကွမ်းသည် ရင်ဝူမင် အနားသို့ ဖြည်းညင်းစွာ ရောက်ရှိသွား၏။

ကြည့်ရတာ ဆိုးရွားလွန်းသည်။ ခန္ဓာကိုယ် ပုံသဏ္ဍာန်ပင် မပီသတော့ပေ။ မျက်နှာကိုလည်း သေချာ မမြင်ရတော့။ ခန္ဓာကိုယ်တစ်ခုလုံး အပေါက်များဖြင့် ပြည့်နှက်နေသည်။ နှလုံးနေရာတွင် အပေါက်ကြီး တစ်ပေါက် ဖြစ်နေသည်။

ရင်ကွမ်း၏ ခန္ဓာကိုယ် တုန်ယင်သွားသည်။ သူ့ခန္ဓာကိုယ်ကြီးသည် ပေါက်ကွဲတော့မည့် မီးတောင်တစ်ခုကဲ့သို့ ဖြစ်နေ၏။

“ဟူး... ဟူး... ဟူး... ”

အသက်ရှူတိုင်း သွေးများ အန်ထွက်နေသည်။ သားရဲတစ်ကောင်၏ ဟိန်းသံကဲ့သို့ ဖြစ်နေပြီး ပြိုင်ပွဲကွင်း တစ်ခုလုံး သူ့အသက်ရှူသံကို ကြားနေရသည်။

ရင်ဝူချယ် သေဆုံးသတင်းကြားရစဉ်က ရင်ကွမ်း အလွန် ဝမ်းနည်းခဲ့သည်။ သို့သော်ငြား ရင်ဝူမင် သေဆုံးသွားချိန်မှာတော့ သူ့လောကကြီး တစ်ခုလုံး ပြိုလဲသွားသကဲ့သို့ ခံစားလိုက်ရသည်။ နှလုံးသား သေဆုံးသွားသကဲ့သို့ ခံစားလိုက်ရသည်။ ဤသည်မှာ သူ၏ဂုဏ်ယူစရာနှင့် သူ့ဘဝတစ်လျှောက်လုံး၏ မျှော်လင့်ချက် ဖြစ်၏။

ရင်ကွမ်း၏ အန္တိမအိပ်မက်မှာ တော်ဝင်ရန်အင်ပါယာကို အနိုင်ယူပြီး အရှေ့ဘက်လောက၏ အရှင်သခင် ဖြစ်လာရန်ပင်။ သို့သော်ငြား သူ့မျိုးဆက်တွင် အောင်မြင်နိုင်မည်ဟု မမျှော်လင့်ရဲခဲ့ပေ။ မျှော်လင့်ချက် အားလုံးကို ရင်ဝူမင်အပေါ် ပုံအပ်ထားခဲ့ခြင်း ဖြစ်သည်။ ယခုမူ သူ၏မျှော်လင့်ချက် ပျက်စီးသွားခဲ့ပေပြီ။

ရင်ကွမ်းသည် ရင်ဝူမင်၏အလောင်းကို ဂရုတစိုက် ပွေ့ချီပြီး ပြိုင်ပွဲကွင်း အလယ်သို့ ဖြည်းညင်းစွာ ပြန်လျှောက်လာသည်။ အချင်း မီတာ ၃၀ ရှိသော စက်ဝိုင်း ဖြစ်သည်။ ဤအချိန်တွင် ရှမ့်လန်သည် စက်ဝိုင်းအပြင်ဘက်တွင် ရပ်နေသည်။

သူ ရှမ့်လန်ကို တိတ်ဆိတ်စွာ ကြည့်ပြီး ပြောလိုက်၏။ “ငါ့သား သေပြီ။ ဒါကြောင့် သူ့အဖော်လိုက်ဖို့ မင်းတို့လူ သိန်းချီ လိုတယ်။”

ထို့နောက် ရင်ကွမ်းသည် ခြေထောက်ဖြင့် ညင်သာစွာ နင်းလိုက်သည်။

“ဘုန်း... ”

တစ်ခဏချင်းမှာပင် မီတာ ၃၀ ကျယ်ဝန်းသော စက်ဝိုင်းကြီး ပြိုကျသွားသည်။ အတွင်းမှ လူအားလုံး အမှုန့်ဖြစ်သွားသည်။ ရင်ဝူမင် မလုပ်နိုင်ခဲ့သော်လည်း ရင်ကွမ်း လုပ်နိုင်ခဲ့သည်။ အံ့မခန်းပင်။

ဤသည်မှာ အတွင်းအား အထူးပဲ့တင်ထပ်မှု ဖြစ်သည်။ မည်ကဲ့သို့သော အစွမ်းထက်သည့် သိုင်းပညာမျိုး လိုအပ်သနည်း။ အနည်းဆုံးတော့ ရှမ့်လန် စဉ်းစား၍ မရနိုင်ပေ။ အဘယ့်ကြောင့်ဆိုသော် ၎င်းသည် တိုက်ရိုက် ပေါက်ကွဲခြင်း မဟုတ်ဘဲ အသံမဲ့ ပေါက်ကွဲခြင်း ဖြစ်သောကြောင့်ပင်။

ခေတ်သစ် ကမ္ဘာမြေမှ တိကျသော ပေါက်ကွဲမှုများကဲ့သို့ပင်။ တစ်ခဏချင်းမှာပင် အဆောက်အအုံ တစ်ခုလုံး ပြိုကျသွားခဲ့သော်လည်း အစအနများ လွင့်စင်ခြင်း မရှိပေ။ ရှေ့မှ မြင်ကွင်းသည် ပို၍ပင် အံ့မခန်း ဖြစ်နေသည်။ စင်မြင့်တစ်ခုလုံး ချက်ချင်း ပြာကျသွားပြီး အသံမှာ မိုးပျံပူဖောင်း ပေါက်ကွဲသံထက်ပင် တိုးညင်း နေသေးသည်။

“ရှမ့်လန်... မင်း ဘယ်လိုလုပ်လိုက်လဲ ငါ ဂရုမစိုက်ဘူး။ ဘယ်လို အံ့ဖွယ်အမှု ဖန်တီးလိုက်လဲ ငါ ဂရုမစိုက်ဘူး။ ဒါပေမဲ့ ဝူမင်အတွက် မင်းရဲ့လူ တစ်သန်းလောက်ကို မြှုပ်နှံပေးရမယ်။” ရင်ကွမ်း ပြောလိုက်သည်။ ထို့နောက် ရင်ဝူမင်ကို ပွေ့ချီပြီး ထွက်ခွာသွား၏။

......

ပြိုင်ပွဲကွင်း တစ်ခုလုံး တိတ်ဆိတ်နေဆဲ ဖြစ်သည်။ တော်ဝင်ရန်အင်ပါယာ မင်းသားလျန်သည် အင်ပါယာ စင်မြင့်သို့ ပြန်ရောက်လာသည်။ တိုင်းနိုင်ငံ အသီးသီးမှ သံတမန်များ၊ သဘာဝလွန်အင်အားစုများမှ ကိုယ်စားလှယ်များနှင့် ဆွေးနွေးရန် လိုအပ်သည်။

ဤသိုင်းပြိုင်ပွဲကို တော်ဝင်ရန်အင်ပါယာ၏ အမိန့်တော်ဖြင့် သက်သေပြု ကြီးကြပ်ခဲ့ခြင်း ဖြစ်သည်။ သို့သော်ငြား ဖြစ်စဉ်တစ်ခုလုံးသည် အလွန် ထူးဆန်းလွန်းသည်။ ထို့ကြောင့် ဤပြိုင်ပွဲသည် အစစ်အမှန် ဖြစ်မဖြစ်၊ အကျုံးဝင်မှု ရှိမရှိ ဆွေးနွေးရန် အစည်းအဝေး ကျင်းပရမည် ဖြစ်သည်။ အင်ပါယာ စင်မြင့်တွင် လူ ၃၀ ထက်မပိုပေ။ နိုင်ငံငယ်လေးများမှ ကိုယ်စားလှယ်များသည် စကားပြောခွင့် မရှိကြပေ။

“ဒီသိုင်းပြိုင်ပွဲ ရလဒ်ကို ကျုပ် ပြင်းပြင်းထန်ထန် သံသယ ဖြစ်မိတယ်။ ရှမ့်လန်က အားနည်းမှန်း လူတိုင်း သိကြတာပဲ။ အိမ်ရှေ့စံ ရင်ဝူမင်ကို သူ ဘယ်လို အနိုင်ယူလိုက်တာလဲ။”

တုံ့ကျန်းဘုရားကျောင်း သခင်က ပြောလိုက်၏။ “သေချာပေါက် ဉာဏ်ဆင်မှု တစ်ခုခု ရှိရမယ်။ ဒါ သေချာပေါက် ဉာဏ်ဆင်မှုပဲ။ သိုင်းပညာလောကအတွက် အမဲစက်ပဲ။”

တုံ့ကျန်းဘုရားကျောင်းနှင့် ရှမ့်လန်တို့ကြားတွင် နက်ရှိုင်းသော အမုန်းတရား ရှိသည်။ ထို့ကြောင့် ကျန်းလီ သည် တုံ့ကျန်းဘုရားကျောင်းအတွက် ကျေးဇူးရှင် ဖြစ်လင့်ကစား သူတို့က ပထမဆုံး ထကန့်ကွက်ကြခြင်း ဖြစ်သည်။

ထို့နောက် လျန်နိုင်ငံဘုရင်က ပြောလိုက်၏။ “ကျုပ်လည်း ဒီသိုင်းပြိုင်ပွဲရဲ့ တရားမျှတမှုကို သံသယ ဖြစ်မိတယ်။ ရှမ့်လန်ကို ဆင့်ခေါ်ပြီး ရင်ဝူမင်ကို ဘယ်လိုသတ်ခဲ့လဲဆိုတာ အသေးစိတ် ရှင်းပြခိုင်းဖို့ အကြံပြုလိုပါတယ်။”

ကောင်းကင်ပြစ်ဒဏ်နန်းဆောင် သခင်လေး ကျိဝူလန်က ဖြည်းညင်းစွာ ပြောလိုက်သည်။ “ကျုပ်လည်း သဘောတူပါတယ်။ ရှမ့်လန်ကို စေ့စေ့စပ်စပ် စစ်ဆေးပြီး ရင်ဝူမင်ကို ဘယ်လိုသတ်ခဲ့လဲ ဖော်ထုတ်သင့်ပါတယ်။”

မင်းသားလျန်သည် ကျောက်စိမ်းဖြူမြို့တော် သံတမန်၊ စေတီတောင် ဂိုဏ်းချုပ်နှင့် ကောင်းကင်ပင်လယ် နန်းဆောင် သခင်တို့ကို ကြည့်ပြီး မေးလိုက်၏။ “ခင်ဗျားတို့ သုံးယောက် ဘယ်လိုထင်လဲ။”

စေတီတောင် ဂိုဏ်းချုပ်ရန်က ပြောလိုက်သည်။ “ဒါဆို သူ့ကို ဆင့်ခေါ်ပြီး မေးမြန်းလိုက်ပါ။”

မင်းသားလျန်က ပြောလိုက်၏။ “ကောင်းပြီ။ အရှင် ရှမ့်လန်ကို ဆင့်ခေါ်လိုက်ပါ။”

......

ခဏအကြာတွင် ရှမ့်လန်သည် စိန်ခေါ်သူ စင်မြင့်သို့ ရောက်ရှိလာပြီး ဒိုင်လူကြီး ၃၀ ရှေ့တွင် ထိုင်လိုက်သည်။

သူ့စိတ်စွမ်းအင် ကုန်ခမ်းလုနီးပါး ဖြစ်နေပြီး အချိန်မရွေး အိပ်ပျော်သွားနိုင်သည်။

ချန်နိုင်ငံသစ် မင်းသား ရင်ဝူချန်က အေးစက်စွာ ပြောလိုက်သည်။ “ရှမ့်လန်... ငါ့အစ်ကိုကို မင်း ဘယ်လို သတ်လိုက်တာလဲ။ ချက်ချင်း ပြောစမ်း။”

ရင်ဝူချန်သည် ရှုပ်ထွေးသော ခံစားချက်များ ဖြစ်ပေါ်နေသည်။ ရင်ဝူမင်နှင့် ရင်ဝူချယ် သေဆုံးသွားပြီနောက် သူက ချန်နိုင်ငံသစ်၏ နောက်ထပ် အိမ်ရှေ့စံ ဖြစ်လာမည်လား။

မင်းသားလျန်က ပြောလိုက်၏။ “အရှင် ရှမ့်လန်... ခင်ဗျား အားနည်းတယ် ဆိုတာ လူတိုင်း သိကြတယ်နော်။”

“ဟုတ်တယ်။”

“ဒါဆို အခုရော အဲဒီအတိုင်းပဲလား။ သိုင်းပညာ မတတ်ဘူးလား။”

“မတတ်ဘူး။”

“သိုင်းပညာ လုံးဝ မတတ်ဘဲနဲ့ ရင်ဝူမင်ကို ဘယ်လို အနိုင်ယူပြီး သတ်လိုက်တာလဲ။ ခုံသမာဓိအဖွဲ့ တစ်ခုလုံးက သံသယ ဖြစ်နေကြတယ်။ ဒါကြောင့် အမှန်တရားကို သိချင်တယ်။ လောကကြီးကို ရှင်းပြချင်တယ်။”

“မဖြေနိုင်ဘူး။” ရှမ့်လန် ဂရုမစိုက်သလို ဖြေလိုက်သည်။

ဤစကားကြားလိုက်သည်နှင့် ရှိနေသူအားလုံး ကြောင်အသွားကြ၏။

‘ရှမ့်လန်... မင်းက ဒီလောက် မောက်မာတာလား။ သဘာဝလွန် အင်အားစုတွေရဲ့ ကိုယ်စားလှယ် အားလုံး ရှိနေတယ်။ ဒီပြိုင်ပွဲ တရားမျှတမှု ရှိမရှိ ဆိုတာ သူတို့အပေါ် မူတည်နေတယ်။ ဒါကို မင်းက မဖြေနိုင်ဘူး ပြောတယ်လား။ ဘယ်လောက်တောင် မောက်မာလိုက်သလဲ။’

မင်းသားလျန်က ပြောလိုက်သည်။ “အရှင် ရှမ့်လန်... ဒီပြိုင်ပွဲက သေရေးရှင်ရေး ကိစ္စတင် မဟုတ်ဘူး။ တော်ဝင်ချန်အင်ပါယာရဲ့ တရားဝင်မှုနဲ့လည်း သက်ဆိုင်နေတယ်။ ခင်ဗျား ရှင်းရှင်းလင်းလင်း မဖြေရှင်းရင် လောကကြီးကို ရှင်းပြလို့ရမှာ မဟုတ်ဘူး။”

ရှမ့်လန် ပြုံးပြီး ပြောလိုက်၏။ “ခင်ဗျားတို့ လန့်သွားကြတာ မဟုတ်ဘူးလား။ ကျုပ်လို အားနည်းတဲ့ကောင်က ရင်ဝူမင်ကို ဘယ်လို သတ်လိုက်နိုင်လဲ ဆိုပြီးလေ။ ခင်ဗျားတို့ မသိနားမလည်တဲ့ အရာတွေကို ကြောက်နေကြတာ။ ဒါကြောင့် အဖြေရှာချင်နေကြတာ။ ရင်ဝူမင်အတွက် တရားမျှတမှု ရှာပေးချင်တာ ဟုတ်လို့လား။”

သူ့စကားများက ပို၍ မောက်မာလာသည်။

“ဘုန်း... ”

ကျင်းဘုရင် စားပွဲကို ရိုက်ပြီး အေးစက်စွာ ပြောလိုက်၏။ “အရှင် ရှမ့်လန်... မမေ့ပါနဲ့။ ခင်ဗျားက ကိုယ့်ဟာကိုယ် တော်ဝင်ချန်အင်ပါယာ အင်ပါယာလို့ ကြွေးကြော်ထားပေမဲ့ လောကကြီးက အသိအမှတ် မပြုသေးဘူး။ တံခါးပိတ်ပြီး အင်ပါယာ လုပ်နေတာ။ ခင်ဗျား ဒီလိုဆက်လုပ်နေရင် ကျုပ်တို့ ပြင်းပြင်းထန်ထန် တုံ့ပြန်တာကို အပြစ်မတင်နဲ့။ ခင်ဗျားက လှည့်ဖြားမှုတင် မကဘူး၊ လူသတ်မှုနဲ့ပါ အပြစ် ရှိနိုင်တယ်။”

တုံ့ကျန်းဘုရားကျောင်း သခင်က ပြောလိုက်သည်။ “အရှင် ရှမ့်လန်... ခင်ဗျား ဒီလောက် အားနည်းနေလျက်နဲ့ အိမ်ရှေ့စံ ရင်ဝူမင်ကို ဘယ်လို သတ်ခဲ့လဲ ဆိုတာ ဒီနေ့ ရှင်းပြရမယ်။ မဟုတ်ရင် ဒီနေ့ပြိုင်ပွဲကို ပျက်ပြယ်တယ်လို့ ကြေညာရလိမ့်မယ်။”

ရှမ့်လန် လက်ညှိုးထောင်ပြီး ပြောလိုက်၏။ “ပထမအချက်... ကျုပ်က တော်ဝင်ချန်အင်ပါယာရဲ့ အင်ပါယာပဲ။ ခင်ဗျားတို့ အသိအမှတ်ပြုဖို့ လိုလို့လား။ ကျုပ် အရှေ့ဘက်လောက တစ်ခုလုံးကို သိမ်းပိုက်ပြီးတဲ့အခါကျရင် ခင်ဗျားတို့ ကျုပ်ဆီကို ဒူးထောက် ခိုလှုံလာကြမှာပဲ။ ဒီမှာရှိတဲ့ လူတွေအားလုံးက အများဆုံး ဘုရင်အဆင့်ပဲ ရှိကြတာ။ တော်ဝင်ချန်အင်ပါယာ အင်ပါယာကို အသိအမှတ်ပြုဖို့ ဘာအရည်အချင်း ရှိလို့လဲ။”

“ဒုတိယအချက်... ဒီနေ့ ပြိုင်ပွဲမှာ ကျုပ်ရည်ရွယ်ချက်က ရင်ဝူမင်ကို သတ်ဖို့ပဲ။ အခု ကျုပ် အောင်မြင်သွားပြီ။ ကျုပ် အရမ်း ပျော်တယ်။ ကျန်တာတွေကတော့ အရေးမကြီးပါဘူး။ တတိယအချက်... ကျုပ်မှာ သိုင်းပညာ မရှိသေးဘူး။ ရင်ဝူမင်က ကျုပ်ထက် အဆတစ်သန်း ပိုသန်မာတယ်။ ဒါပေမဲ့ ကျုပ် သူ့ကို ချက်ချင်း သတ်လိုက်နိုင်တယ်။ ဒါ အံ့ဖွယ်အမှုပဲ။ ကျုပ် ဘယ်လိုလုပ်လိုက်လဲ သိချင်လား ..... မပြောပြဘူး။ ဝူး .. ဟူး ... ဟူး ..... ”

“စတုတ္ထအချက်... စေတီတောင်သခင် ဂိုဏ်းချုပ်ရန်၊ အခု ရင်ဝူမင် သေသွားပြီဆိုတော့ စေတီတောင်နဲ့ လက်ဆက်မယ့်သူ မရှိတော့ဘူး။ ကျုပ်တို့ကြားမှာ သဘောထားကွဲလွဲမှုတွေ ရှိခဲ့ပေမယ့် အသေအကြေ ဖြစ်လောက်တဲ့အထိ မဟုတ်ပါဘူး။ ပြီးတာတွေ ပြီးပါစေတော့။ အရေးကြီးတာက ရှေ့ဆက်ဖို့ မဟုတ်ဘူးလား။ မင်းသမီး ရန်ယင်ယင် ဘယ်လိုနေလဲ။ ကျုပ် သူ့ကို သိပ်သတိရတာပဲ။ ကျုပ် အရင်စကားပဲ ထပ်ပြောမယ်။ မင်းသမီး ရန်ယင်ယင်ကို ပုံမှန်ဖြစ်အောင် ကုသပေးနိုင်တယ်။ ကလေးမွေးပေးနိုင်တယ်။”

ရှမ့်လန် စိတ်အားထက်သန်စွာ ပြောလိုက်သည်။ “အရင်တုန်းက ကျုပ်တို့ကြားမှာ ရင်ဝူမင် ရှိနေခဲ့တယ်။ အခု သူ သေသွားပြီ ဆိုတော့ အတားအဆီး မရှိတော့ဘူး မဟုတ်လား။ စေတီတောင်နဲ့ ကျုပ် လက်ဆက်တာက ကောင်းကင်ဖူးစာပဲ။ မင်းသမီး ရန်ယင်ယင်ကို ကုသပေးပြီးရင် ခင်ဗျားမှာ ဆက်ခံသူ ရှိလာလိမ့်မယ်။ နောင်ကျရင် ကလေးက ဘယ်လို သွေးမျိုးရိုး ရှိလာမလဲ။ ဘယ်လောက်တောင် ကောင်းကင်ကို ဆန့်ကျင်နိုင်မလဲ။ စဉ်းစားကြည့်ပါအုံး။ သူ့လက်ထဲမှာ စေတီတောင်က ဘယ်လောက် အစွမ်းထက်လာမလဲ။

ဒါကြောင့် ဂိုဏ်းချုပ်ရန်... ပြန်ပြီး သေချာ စဉ်းစားပါ။ ကျုပ်တို့က ယောကျ်ားတွေပဲ။ ခွင့်မလွှတ်နိုင်စရာ အမုန်းတရား မရှိပါဘူး။ မနေ့က ရန်ငြိုးတွေကို လေထဲ လွင့်ပါသွားပါစေတော့။ ယောက္ခမကြီး... သားမက်ရဲ့ ဂါရဝပြုမှုကို လက်ခံပေးပါ။”

ရှမ့်လန် မတ်တတ်ရပ်ပြီး ဂိုဏ်းချုပ်ရန်ကို လက်သီးဆုပ် ဂါရဝပြုလိုက်၏။

ရှိနေသူ အားလုံး လုံးဝ ကြောင်အသွားကြသည်။ မျက်စိရှေ့မှ မြင်ကွင်းကို မယုံကြည်နိုင် ဖြစ်နေကြသည်။

‘ရှမ့်လန်... မင်း လွန်လွန်းမနေဘူးလား။ ရင်ဝူမင် အလောင်းတောင် မအေးသေးဘူး။ မင်းက သူနဲ့ စေ့စပ်ထားသူကို ပေါ်ပေါ်တင်တင် လုနေပြီလား။ စေတီတောင်နဲ့ ချန်နိုင်ငံသစ်ကြား သွေးခွဲနေပြီလား။’

ရှမ့်လန်က ဆက်ပြောလိုက်၏။ “ဂိုဏ်းချုပ်ရန်... အခု ရင်ဝူမင် သေသွားပြီဆိုတော့ ချန်နိုင်ငံသစ်မှာ ထီးနန်းဆက်ခံမယ့်သူ မရှိတော့ဘူး။ ဒီသစ်ပင်ပေါ်မှာ အကြာကြီး တွဲလောင်းခိုမနေပါနဲ့တော့။ ကျုပ်က မနက်ဖြန်ရဲ့ အမွေခံ အစစ်အမှန်ပါ။ ခင်ဗျားရဲ့ စံပြ သားမက်လောင်းပါ။ ကျုပ် အိပ်ရာနိုးရင် ကောင်းကောင်း စကားပြောကြရအောင်။”

“ဟမ်” လူအုပ်ကြီး တစ်ခုလုံး တိတ်ဆိတ်သွားပြီး ရှမ့်လန်၏ အရှက်မဲ့သော ဖျော်ဖြေမှုကို တိတ်ဆိတ်စွာ ကြည့်နေကြသည်။ လူအများစုက တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေကြသည်။ အဘယ့်ကြောင့် ဆိုသော် သူတို့အများစုသည် ရှမ့်လန်နှင့် တစ်ခါမှ မဆက်ဆံဖူးသောကြောင့်ပင်၊

“အစ်ကိုကြီး... ဒီရှမ့်လန်က အမြဲတမ်း ဒီလောက် အရှက်မဲ့တာလား။”

“ဟုတ်တယ်။ ဟုတ်တယ်။ သူက အမြဲတမ်း ဒီလောက် အရှက်မဲ့တာ။”

“တကယ် အံ့သြစရာပဲ။ အရှက်အမဲ့ဆုံး ဆိုတာ မရှိဘူး။ ပိုပြီး အရှက်မဲ့တာပဲ ရှိတယ်။”

စေတီတောင် ဂိုဏ်းချုပ်ရန်၏ မျက်နှာ စိမ်းပုပ်သွားသည်။ ‘ရှမ့်လန်... မင်း ... ကောင်စုတ်။ လူယုတ်မာ။ လူတိုင်းရှေ့မှာ ဒီလိုစကားမျိုး ပြောရဲတယ်ပေါ့။ ငါ့စေတီတောင်ကို ဘာမှတ်နေလဲ။ ပြည့်တန်ဆာရုံ မှတ်နေလား။’

All Chapters