အခန်း (၁၁၀၅-၁၁၀၆)
Vol. 65 Ch. 1105-1106
အပိုင်း (၁၁၀၅)
အချိန်များစွာ ကျန်ရှိနေသေးသည်။ မင်းသားကျင်းနှင့် လူသောင်းချီသော အုပ်စုသည် လွတ်မြောက်ရန် အနည်းဆုံး တစ်လခန့် အချိန်ယူရဦးမည်။ ထို့ကြောင့် ရှမ့်လန်အစစ်သည်လည်း ရှေးဟောင်းအပျက်အစီး နယ်မြေထဲ၌ အနည်းဆုံး တစ်လခန့် နေရပေဦးမည်။ ထိုအချိန်ကာလသည် ရှေးဟောင်းအပျက်အစီး နယ်မြေထဲတွင် ရှမ့်လန်ကို ရှာဖွေရန် လုံလောက်သည်ထက် ပိုနေသေး၏။
ဂိုဏ်းချုပ်ရန်က အမိန့်ပေးလိုက်သည်။ "ဒီနေရာကို ခင်ဗျား တာဝန်ယူထားလိုက်... ကျုပ် ပျက်စီးမှု အခြေအနေကို သွားစစ်ဆေးလိုက်မယ်..."
ရင်ကွမ်းက ပြန်ပြောလိုက်၏။ "စိတ်ချပါ အစ်ကိုကြီးရန်..."
ထို့နောက် ဂိုဏ်းချုပ်ရန်သည် ရှေးဟောင်းလင်းယုန်ကို စီးနင်းကာ အရှေ့ဘက် ကျောက်မဲကျွန်းရှိ ရှေးဟောင်း အပျက်အစီးနယ်မြေ အဝင်ဝဆီသို့ ပျံသန်းသွားခဲ့သည်။ ကျင်းကန်တောင်မှ ဘာကြောင့် မဝင်သနည်း။ အကြောင်းမှာ လူအားလုံး ထွက်ခွာပြီးနောက် ကျင်းကန်တောင် ရှေးဟောင်းအပျက်အစီးနယ်မြေ အဝင်ဝ ပိတ်သွားသောကြောင့် ဖြစ်၏။ ဒုတိယအချက်မှာ ကျင်းကန်တောင် ရှေးဟောင်းအပျက်အစီးနယ်မြေ၏ စွမ်းအင်ကုန်ခမ်းသွားခြင်းနှင့် စွမ်းအင်ဝဲကတော့ ပိတ်သွားခြင်းကို ဂိုဏ်းချုပ်ရန် မသိရှိသေးပေ။
........................
ဂိုဏ်းချုပ်ရန်သည် ကျောက်မဲကျွန်းသို့ ပျံသန်းသွားပြီး တောင်ဘက်ပင်လယ် ရှေးဟောင်းအပျက်အစီး နယ်မြေထဲသို့ ဝင်ရောက်ခဲ့သည်။ ထို့နောက် ရှေးဟောင်းအပျက်အစီးနယ်မြေအတွင်း မိုင်ထောင်ချီ ပျံသန်းပြီး မူလ စွမ်းအင်ဝဲကတော့ တည်ရှိရာနေရာသို့ ရောက်ရှိလာခဲ့၏။
လမ်းတစ်လျှောက်တွင် ဂိုဏ်းချုပ်ရန်၏ နှလုံးသားမှာ သွေးချင်းချင်းနီအောင် နာကျင်နေရသည်။ ပျက်စီးမှုမှာ ကြီးမားလွန်းလှ၏။ မိုင်ရာချီသော နယ်မြေများ ပျက်စီးပြီး နေရာအများအပြား ရေလွှမ်းမိုးခံထားရသည်။ လျှို့ဝှက်ဂိုဒေါင်များ နှင့် စမ်းသပ်ခန်း ပေါင်းများစွာ ပျက်စီးဆုံးရှုံးခဲ့ရပြီ ဖြစ်၏။
အကြီးအကဲလင်က လာရောက်သတင်းပို့သည်။ "ဂိုဏ်းချုပ်... ပျက်စီးမှုက အရမ်းများပါတယ်။ အနည်းဆုံး စတုရန်းကီလိုမီတာ နှစ်ထောင်လောက် ပြိုကျပျက်စီးပြီး လူတစ်သောင်းကျော် သေဆုံးခဲ့ပါတယ်..."
ထိုစကားကို ကြားချိန်မှာတော့ ဂိုဏ်းချုပ်ရန်သည် သွေးတစ်လုတ် အန်ထွက်မတတ် ဖြစ်သွားရသည်။ လူတစ်သောင်း ကျော် သေဆုံးခဲ့သည်လား။
"ပေါက်ကွဲမှုကြီး ဖြစ်ပွားတဲ့နေရာက လက်ရှိ ကျုပ်တို့ တူးဖော်နေတဲ့ ဗဟိုချက်မနေရာ ဖြစ်နေလို့ပါ။ အဲဒီနေရာမှာ ပညာရှင်တွေ၊ မဟာပညာရှင်တွေနဲ့ စောင့်ကြပ်နေတဲ့ ငရဲတပ်တော်သား အများအပြား ရှိနေပါတယ်..."
"လက်ရှိမှာတော့ အက်ကွဲကြောင်းတွေကို ပြုပြင်ဖို့ လူသောင်းချီ စေလွှတ်ထားပါတယ်။ ကံကောင်းတာက ဒီရှေးဟောင်း အပျက်အစီးနယ်မြေ အစိတ်အပိုင်းတွေက တစ်ခုနဲ့တစ်ခု သီးခြားစီ ဖြစ်နေတာပါ။ မဟုတ်ရင် ရှေးဟောင်း မြို့တော်တစ်ခုလုံး ရေလွှမ်းမိုးခံရနိုင်ပါတယ်။ ဒါပေမဲ့ အခြေအနေကတော့ အန္တရာယ် များနေတုန်းပါပဲ..."
မဟာပညာရှင်တစ်ဦးကလည်း ဖြည့်စွက်ပြောလိုက်သည်။ "နောက်ထပ် ပေါက်ကွဲမှုကြီးတစ်ခု ထပ်ဖြစ်တာနဲ့ ရှေးဟောင်းအပျက်အစီး နယ်မြေတစ်ခုလုံး ရေလွှမ်းမိုးခံရနိုင်ပါတယ်။ အဲဒီလိုဆိုရင် ဆက်လက်တူးဖော်ဖို့ ပိုပြီး ခက်ခဲသွားပါလိမ့်မယ်..."
"ဂိုဏ်းချုပ်ရန်... ရှေးဟောင်းအပျက်အစီးနယ်မြေတစ်ခုလုံးက အရမ်းကို ကျိုးပဲ့လွယ်တဲ့ အခြေအနေ ဖြစ်နေပါပြီ။ နောက်ထပ် ပေါက်ကွဲမှုကြီး ထပ်ဖြစ်လို့ မရတော့ပါဘူး..."
ဂိုဏ်းချုပ်ရန်က ခက်ထန်စွာဖြင့် မေးမြန်းလိုက်၏။ "အဲဒီအချိန်က စွမ်းအင်ဝဲကတော့ကို ဘယ်သူ စောင့်နေတာလဲ..."
အကြီးအကဲလင်က ဆိုသည်။ "ကျုပ်ညီ လင်ယန်ပါ။ သူက ငရဲတပ်တော်က တပ်မှူးပါ..."
"သူ့ကို အခုချက်ချင်း ခေါ်လိုက်..." ဂိုဏ်းချုပ်ရန်က အမိန့်ပေးလိုက်၏။
ခဏကြာပြီးနောက် ငရဲတပ်တော်မှ တပ်မှူးလင်ယန် ရောက်ရှိလာပြီး ဒူးထောက်လိုက်သည်။ "ဂိုဏ်းချုပ်ကို ဂါရဝပြုပါတယ်..."
ဂိုဏ်းချုပ်ရန်က မေး၏။ "စွမ်းအင်ဝဲကတော့ ဘယ်အချိန် ပျောက်သွားတာလဲ..."
တပ်မှူးလင်ယန်က ဖြေသည်။ "ရှမ့်လန် တီထွင်ခဲ့တဲ့ အချိန်နာရီအရဆိုရင် နေ့လယ် နှစ်နာရီလောက်ပါ..."
ဂိုဏ်းချုပ်ရန်က ဆက်မေး၏။ "စွမ်းအင်ဝဲကတော့ ပျောက်သွားတဲ့အချိန်မှာ အနောက်ကနေ လိုက်လာတဲ့သူ ရှိလား..."
"မရှိပါဘူး..."
တပ်မှူးလင်ယန်က ဖြေသည်။ "စွမ်းအင်ဝဲကတော့ ပျောက်သွားပြီး ချက်ချင်းပဲ ကျုပ် လူတစ်ရာကျော်လွှတ်ပြီး စစ်ဆေးခိုင်းပေမဲ့ ဘယ်သူ့ကိုမှ မတွေ့ခဲ့ရပါဘူး..."
ဂိုဏ်းချုပ်ရန်က မေး၏။ "အဲဒီနောက်ပိုင်း ကျုပ်တို့ဆီကို ခိုးဝင်လာတဲ့သူ ရှိလား..."
တပ်မှူးလင်ယန်က ဖြေသည်။ "မရှိပါဘူး..."
ဂိုဏ်းချုပ်ရန်က ထပ်မေး၏။ "စွမ်းအင်ဝဲကတော့ရဲ့ ဟိုဘက်ခြမ်းကနေ ကူးလာတဲ့သူရော ရှိလား..."
တပ်မှူးလင်ယန်က ခဏမျှ စဉ်းစားပြီး ခေါင်းညိတ်လိုက်သည်။ "ရှိပါတယ်။ လေးယောက်ပါ။ အထူးစစ်သည်တော် နှစ်ယောက်က အကျဉ်းသားနှစ်ယောက်ကို ဖမ်းခေါ်လာတာပါ။ အဲဒီအကျဉ်းသားတွေက ရှမ့်လန်ရဲ့ တပည့်ရင်းတွေ ဖြစ်တဲ့ ဝူလဲ့နဲ့ အရူးလန်ပါ။"
ဂိုဏ်းချုပ်ရန်၏ မျက်နှာ ပေါ်ရှိ ကြွက်သားများက ရုတ်တရက် တုန်ခါသွား၏။ "အဲဒီနှစ်ယောက်က ကျုပ်တို့ရဲ့ အထူး စစ်သည်တော်တွေဆိုတာ သေချာလား..."
တပ်မှူးလင်ယန်က ဖြေသည်။ "သေချာပါတယ်။ မျက်နှာဖုံး ချွတ်ခိုင်းပြီး စစ်ဆေးခဲ့တာပါ။ အထူးစစ်သည်တော်တွေရဲ့ လက္ခဏာရပ်တွေ ပါရှိပါတယ်..."
အထူးစစ်သည်တော်များသည် သွေးကြောပြောင်းလဲခြင်း အကြိမ်ကြိမ် ပြုလုပ်ထားရသောကြောင့် ရုပ်ပိုင်းဆိုင်ရာ လက္ခဏာရပ်များမှာ အလွန်ထင်ရှားသည်။ သို့သော်ငြား ဂိုဏ်းချုပ်ရန်သည် အမှန်တရားကို ရိပ်မိလိုက်ပြီ ဖြစ်သည်။ သူ၏မျက်နှာက တုန်ယင်သွားပြီး ထိုနှစ်ယောက်မှာ ရှမ့်လန်နှင့် ချောင်ယောင်းအာ ဖြစ်ကြောင်း ချက်ချင်း ကောက်ချက်ချလိုက်မိသည်။
“အဲဒီနှစ်ယောက် ဘယ်ကိုသွားလဲ။”
“ဒုတိယ အကျဉ်းထောင်ပါ။”
ဂိုဏ်းချုပ်ရန်က အမိန့်ပေးလိုက်၏။ “ဒုတိယ အကျဉ်းထောင်ကို ချက်ချင်း လူလွှတ်ပြီး စစ်ဆေးခိုင်းလိုက်၊ အဲဒီအကျဉ်းသား နှစ်ယောက် ရှိ၊ မရှိ ကြည့်ခိုင်းပါ။”
ငရဲတပ်တော်မှ တပ်မှူးလင်ယန်က တွန့်ဆုတ်စွာ ပြောသည်။ “ဂိုဏ်းချုပ်... ဒုတိယ အကျဉ်းထောင်လည်း ပေါက်ကွဲမှု အကွာအဝေးထဲမှာ ပါသွားပါတယ်။ အဲဒီအကျဉ်းသားနှစ်ယောက် ရှိနေရင်တောင် ပြာကျသွား လောက်ပါပြီ။”
ဂိုဏ်းချုပ်ရန်၏ မျက်နှာထား ပြောင်းလဲသွားသည်။ ပြီးနောက် အော်ပြောလိုက်၏။ “ရှေးဟောင်းအပျက်အစီး နယ်မြေထဲက အထူးစစ်သည်တော်တွေနဲ့ ငရဲတပ်သားတွေ အကုန်စုစည်းလိုက်၊ မိုင်တစ်ရာ ပတ်လည်အတွင်း ပိုက်စိတ်တိုက် ရှာဖွေစမ်း။ မြေပုံယူခဲ့စမ်း... မြေပုံယူခဲ့...”
မကြာမီ ဂိုဏ်းချုပ်ရန်၏ ရှေ့တွင် ရှေးဟောင်းအပျက်အစီးနယ်မြေ မြေပုံတစ်ခု ပေါ်လာခဲ့သည်။ အဆောက် အအုံများနှင့် မြို့တော်ဖွဲ့စည်းပုံကို ရှင်းလင်းစွာ ပြသထားပြီး ပျက်စီးသွားသော နေရာများကိုလည်း မှတ်သားထားသည်။
ဂိုဏ်းချုပ်ရန်သည် မြေပုံပေါ်တွင် လျင်မြန်စွာ တွက်ချက်ပြီး တစ်ခုပြီးတစ်ခု ပယ်ဖျက်လိုက်သည်။ သူ၏ ပစ်မှတ်မှာ စွမ်းအင်ဗဟိုချက် ထိန်းချုပ်ခန်း ဖြစ်သည်။ ထိုနေရာမှသာလျှင် စွမ်းအင်ဗဟိုချက်များကို ဖောက်ခွဲရန် ခလုတ်နှိပ်နိုင်မည် ဖြစ်သည်။
“ဒီနေရာ... အမှတ် ၃၉ စွမ်းအင်ဗဟိုချက် ထိန်းချုပ်ခန်း...”
ဂိုဏ်းချုပ်ရန်က ဆုံးဖြတ်ချက်ချလိုက်၏။ “ငါ့နောက်ကို လိုက်ခဲ့ကြ...”
ထို့နောက် ဂိုဏ်းချုပ်ရန်သည် အကြီးအကဲအချို့နှင့် အထူးစစ်သည်တော် ရာဂဏန်းကို ဦးဆောင်ကာ အမှတ် ၃၉ စွမ်းအင်ဗဟိုချက် ထိန်းချုပ်ခန်းဆီသို့ ထွက်ခွာသွားသည်။ သူသည် အမှန်တကယ် စွမ်းအားကြီးမား လှပေသည်။ တိုတောင်းလှသော အချိန်အတွင်း တည်နေရာအတိအကျကို ရှာဖွေနိုင်ခဲ့သည်။
…………….
ဆယ့်ငါးမိနစ် ကြာပြီးနောက် ဂိုဏ်းချုပ်ရန်နှင့် လူထောင်ပေါင်းများစွာသည် အမှတ် ၃၉ ထိန်းချုပ်ခန်းကို ဝိုင်းရံလိုက်ကြ၏။
“ရှမ့်လန်... မင်းအထဲမှာ ရှိနေတယ်ဆိုတာ ကျုပ် သိတယ်။”
ဂိုဏ်းချုပ်ရန်က ဖြည်းညင်းစွာ ပြောလိုက်သည်။ “အပြင်ငလူက မင်းရဲ့ ကိုယ်ပွားပဲ မဟုတ်လား။ သိပ်တူလွန်းတယ်။ ဟာကွက်မရှိလောက်အောင်ပါပဲ။ တကယ့်ကို အံ့မခန်းပါပဲ။”
စွမ်းအင်ဗဟို ထိန်းချုပ်ခန်းထဲမှ မည်သည့်တုံ့ပြန်သံမှ မကြားရပေ။
“ဒီနေရာက နုရှောင့်မြို့နဲ့ အရမ်း ဝေးတယ်။ ဒါကြောင့် မင်းသားကျင်းတို့ ပြန်ရောက်ဖို့ အနည်းဆုံး တစ်လလောက် ကြာလိမ့်မယ်။ ဒီကြားထဲမှာ မင်း ဘာလုပ်မှာလဲ။ စွမ်းအင်ဗဟို ထိန်းချုပ်ခန်းထဲမှာပဲ တစ်သက်လုံး နေတော့မှာလား။”
အတွင်းမှ တုံ့ပြန်သံ မရှိသော်လည်း ရှမ့်လန် ရှိနေမည်ဟု ဂိုဏ်းချုပ်ရန် အခိုင်အမာ ယုံကြည်ထား၏။
“လူခေါ်လိုက်စမ်း။” ဂိုဏ်းချုပ်ရန်က အမိန့်ပေးလိုက်သည်။
ချက်ချင်းပဲ ပညာရှင်တစ်ယောက် ရောက်ရှိလာ၏။
ဂိုဏ်းချုပ်ရန်က မေးသည်။ “စွမ်းအင်ဗဟို ထိန်းချုပ်ခန်း တံခါးကို ဘယ်တော့ ဖွင့်နိုင်မလဲ။ စကားဝှက်ကို ဖြေရှင်းဖို့ ဘယ်လောက်ကြာမလဲ။”
စေတီတောင် မဟာပညာရှင်က ဆို၏။ “စွမ်းအင်ဗဟို ထိန်းချုပ်ခန်းက သိပ်အရေးမကြီးလို့ သက်ဆိုင်ရာ တွက်ချက်မှုတွေ မလုပ်ထားပါဘူး။ သုညကနေ ပြန်စရမှာမို့ အနည်းဆုံး သုံးလလောက် ကြာပါလိမ့်မယ်။”
ဂိုဏ်းချုပ်ရန်သည် ထိုမဟာပညာရှင်ကို ရိုက်သတ်ချင်စိတ် ပေါက်သွားသည်။
“နာကျည်းမှုကို ခေါ်လာခဲ့...”
သုံးရက် ကြာပြီးနောက် နာကျည်းမှု ရောက်ရှိလာခဲ့သည်။ သူသည် အသိဉာဏ်ကင်းမဲ့သော တိုက်ပွဲဝင် နတ်ဆိုး ဖြစ်နေလေ၏။
“ရှမ့်လန်... နာကျည်းမှုက ကျန်းလီရဲ့ သွေးမျိုးဆက်ဆက် ဖြစ်သလို မင်းရဲ့ နောက်လိုက် တပည့် အရင်းခေါက်ခေါက် တစ်ယောက်ပဲ။”
ဂိုဏ်းချုပ်ရန်က ခြိမ်းခြောက်လိုက်သည်။ “မင်းသားကျင်းတို့ လွတ်မြောက်ဖို့ မင်းက အသက်စွန့်ဖို့ ဝန်မလေးဘူးဆိုတော့ နာကျည်းမှုဆိုရင် ဘယ်လိုလုပ်မလဲ။ မင်းထွက်မလာရင် နာကျည်းမှုကို မင်းရှေ့မှာ သတ်ပြရလိမ့်မယ်။”
စွမ်းအင်ဗဟို ထိန်းချုပ်ခန်းသည် တိတ်ဆိတ်နေဆဲ ဖြစ်ပြီး မည်သည့်တုံ့ပြန်မှုမှ မရှိပေ။
“ရှမ့်လန်... မင်းအထဲမှာ ရှိနေတယ်ဆိုတာ ကျုပ် သိတယ်။ အခုဆို မင်းသားကျင်းတို့က မိုင် ၅၀၀ တောင် မရောက်သေးဘူး။ ကျုပ်ကို ဆက်ပြီး ခြိမ်းခြောက်ချင်ရင် မင်းဒီအထဲမှာပဲ ဆက်နေရလိမ့်မယ်။
ကျုပ် ဆယ်စက္ကန့် ရေတွက်မယ်။ ထွက်မလာရင် နာကျည်းမှု ခေါင်းကို ဖြတ်ပစ်မယ်။ တစ်ဆယ်.. ကိုး... ရှစ်... ခုနစ်... ခြောက်... နှစ်... တစ်... သုည...”
ဂိုဏ်းချုပ်ရန် ရေတွက်၍ပြီးသွားသော်လည်း အတွင်းမှ တုံ့ပြန်မှု မရှိသေးပေ။
“သတ်လိုက်...” ဂိုဏ်းချုပ်ရန် အမိန့်ပေးလိုက်သည်။
အကြီးအကဲလင်သည် ဓားကို မြှောက်ကာ နာကျည်းမှု၏ လည်ပင်းကို ပိုင်းချလိုက်သည်။ သို့သော်ငြား နာကျည်းမှု၏ လည်ပင်းနားရောက်သည်နှင့် ဓားချက် ရပ်တန့်သွားသည်။ အဘယ်ကြောင့်ဆိုသော် အတွင်းမှ တုံ့ပြန်မှု မရှိသောကြောင့်ပင်။ နာကျည်းမှုသည် စေတီတောင်၏ တိုက်ပွဲဝင်နတ်ဆိုး ဖြစ်နေပြီ ဖြစ်သောကြောင့် အလကားသက်သက် အသေသတ်လိုက်၍ မဖြစ်ပေ။
ထို့နောက် ဂိုဏ်းချုပ်ရန်သည် နောက်ထပ် ငါးရက်တိုင်တိုင် ဝိုင်းရံထားပြီး ခြိမ်းခြောက်မှု အမျိုးမျိုး ပြုလုပ်သော်လည်း အထဲမှ တုံ့ပြန်မှု မရှိခဲ့ပေ။ ထိုသို့ ဖြစ်လေလေ ရှမ့်လန် ရှိနေသည်ဟု ဂိုဏ်းချုပ်ရန် ပိုမို သေချာလေ ဖြစ်၏။
“ဆက်ပြီး ဝိုင်းထား၊ ရှမ့်လန်နဲ့ ချောင်ယောင်းအာ အထဲမှာ ရှိနေမှာ သေချာတယ်။ သူတို့ကို အလွတ်မပေးနဲ့။”
ဂိုဏ်းချုပ်ရန်သည် ရှေးဟောင်းလင်းယုန်ကို စီးနင်းကာ မြေပြင်ပေါ်သို့ ပြန်တက်လာခဲ့သည်။ ၁၂ နာရီ ကြာပြီးနောက် ဂိုဏ်းချုပ်ရန်သည် ရှမ့်လန်အတု ရှိရာသို့ ပြန်ရောက်လာသည်။
ရက်အနည်းငယ် ကြာသွားပြီ ဖြစ်သောကြောင့် မင်းသားကျင်းတို့သည် မိုင် ၁၀၀၀ ကျော် ဝေးကွာသွားပြီ ဖြစ်သည်။ မှန်သည် ရှမ့်လန်အဖြစ် ဟန်ဆောင်ထားသော်လည်း ပေ ၁၃၀၀၀ အမြင့်တွင် ရက်ပေါင်းများစွာ နေထိုင်ရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် နေ့စဉ် အချိန်တစ်ဝက်ခန့် ပျောက်ကွယ်သွားလေ့ ရှိသည်။ သို့သော်ငြား ယခုအချိန်ထိ သူ ရှိနေသည်မှာ စေတီတောင်တပ်တော်ကို တားဆီးလိုသောကြောင့် ဖြစ်၏။
ဂိုဏ်းချုပ်ရန်က ဖြည်းညင်းစွာ ပြောလိုက်သည်။ “မင်းက ရှမ့်လန်အစစ် မဟုတ်ဘူး။ ကိုယ်ပွားပဲ။”
မှန်က နှုတ်ခမ်းမဲ့ကာ ပခုံးတွန့်ပြလိုက်သည်။ သူသည် မည်သည့်တုံ့ပြန်မှုမှမပေးသလို ဟာကွက်လည်း မပြပေ။
“ရှမ့်လန်အစစ်က ရှေးဟောင်းအပျက်အစီးနယ်မြေ အမှတ် ၃၉ ထိန်းချုပ်ခန်းထဲမှာ ရှိနေတယ်။ သူ့ကို သေချာ ဝိုင်းထားပြီးပြီ။ အတောင်ပံ ပါရင်တောင် မလွတ်နိုင်တော့ဘူး။”
မှန်က ဘာမှ မပြောပေ။
ဂိုဏ်းချုပ်ရန်က ဆက်ပြော၏။ “ဒီတော့ ဘာဆက်ဖြစ်မယ်ဆိုတာ မင်းသိလား။”
“အသေးစိတ် နားထောင်ချင်ပါတယ်။” မှန်က ပြုံးလျက် ဆိုသည်။
ဂိုဏ်းချုပ်ရန်က ရှင်းပြ၏။ “မင်းနဲ့ ရှမ့်လန်က အဝေးကြီးကနေ ဆက်သွယ်လို့ မရနိုင်ဘူး။ အစပိုင်းက ပေါက်ကွဲမှု နှစ်ခုက ကြိုတင်သတ်မှတ်ထားတဲ့ အချိန်အတိုင်း ပေါက်ကွဲတာ။ မင်းက ဟန်ဆောင်ပြီး သရုပ်ဆောင်ပြတာပဲ ရှိတယ်။ မင်းသားကျင်းတို့က မိုင်နှစ်ထောင်ကျော်ပဲ ရောက်သေးတယ်။ ငါ့ရဲ့ အထူး စစ်သည်တော် တစ်ထောင်ကျော်က အလွယ်တကူ လိုက်ပြီး သတ်ဖြတ်နိုင်တယ်။ ရှေးဟောင်းအပျက်အစီး နယ်မြေထဲက ရှမ့်လန်ကလည်း အဝိုင်းခံထားရတော့ အပြင်က အခြေအနေကို မသိနိုင်ဘူး။ ဒါကြောင့် ပေါက်ကွဲမှုကြီး ဖြစ်လာမှာ မဟုတ်ဘူး။”
မှန်က ပြုံးနေဆဲ ဖြစ်ပြီး ဘာမှ မပြောပေ။
ဂိုဏ်းချုပ်ရန်က အမိန့်ပေးလိုက်သည်။ “နှင်းလင်းယုန်တပ်ဖွဲ့... မင်းသားကျင်းတို့နောက် လိုက်ပြီး လူတစ်သောင်းလောက်ကို အရင် သတ်ပစ်လိုက်...”
“အမိန့်အတိုင်းပါ။” နှင်းလင်းယုန်တပ်ဖွဲ့ခေါင်းဆောင်က တုံ့ပြန်လိုက်၏။
ထို့နောက် နှင်းလင်းယုန် တစ်ထောင်သည် ကောင်းကင်သို့ ပျံတက်ပြီး မင်းသားကျင်းတို့နောက်သို့ လိုက်ပါ သွားကြသည်။ ဂိုဏ်းချုပ်ရန်၏အမိန့်အရ လူတစ်သောင်းကို အရင်သတ်ဖြတ်မည်။ လူတစ်သောင်းကို သတ်ဖြတ်ခြင်းက အဓိက ရည်ရွယ်ချက် မဟုတ်ပေ။ ဒေါသဖြေဖျောက်ရန် ဖြစ်သလို ဂိုဏ်းချုပ်ရန်၏ တွက်ချက်မှု မှန်ကန်ကြောင်း သက်သေပြရန်သာ ဖြစ်သည်။
ရှေ့မှ ရှမ့်လန်သည် အတုအယောင် ဖြစ်သည်။ ရှမ့်လန်အစစ်သည် စွမ်းအင်ဗဟို ထိန်းချုပ်ခန်းထဲ၌ ရှိနေသည်။ ဤနှင်းလင်းယုန် တစ်ထောင်သည် အထူးစစ်သည်တော်များ ဖြစ်သောကြောင့် မင်းသားကျင်း၏ လူတစ်သောင်းကို သတ်ဖြတ်ရန်မှာ လွယ်ကူ၏။ မိနစ်ပိုင်းအတွင်း ပြီးမြောက်နိုင်၏။
ဂိုဏ်းချုပ်ရန်က လှောင်ပြောင်လိုက်သည်။ “ကိုယ်ပွားကောင်... အခုအမှန်အတိုင်းပြောပြီး လက်နက်ချရင် နောက်မကျသေးဘူး။ မဟုတ်ရင် မင်းသားကျင်းရဲ့ လူတစ်သောင်း သေရလိမ့်မယ်။”
ရင်ကွမ်းကလည်း ဝင်ရောက်ပြောဆို၏။ “ရှမ့်လန်ကိုယ်ပွား... မင်းက ရှမ့်လန်ဆိုရင် ရှေးဟောင်း အပျက်အစီး နယ်မြေကို ဆက်တိုက် ဖျက်ဆီးနိုင်တယ်ဆို၊ အခု ငါတို့က မင်းသားကျင်းနောက်ကို လိုက်တော့မယ်။ မင်း နောက်ထပ် ဖျက်ဆီးပြလေ။ ပေါက်ကွဲမှုကြီး လုပ်ပြလေ။”
ဂိုဏ်းချုပ်ရန်က ဖြည့်စွက်ပြောသည်။ “မင်းသားကျင်းက မိုင် ၂၃၀၀ အကွာမှာ ရှိနေပြီ။ နှင်းလင်းယုန် တပ်ဖွဲ့အတွက် ခြောက်နာရီဆိုရင် အမီလိုက်နိုင်ပြီး သတ်ဖြတ်ပွဲ စတင်နိုင်ပြီ။”
မှန်က လက်ခုပ်စတင်တီးလိုက်၏။ “ဖြောင်း... ဖြောင်း... ဖြောင်း...”
မှန်က ရယ်မောလိုက်သည်။ “တကယ့်ကို ပြောင်မြောက်တဲ့ သုံးသပ်ချက်ပါပဲ။ ဒါပေမဲ့ ကစားပွဲပုံစံကို ပြောင်းကြည့်ရအောင်။ ဂိုဏ်းချုပ်ရန်... နှင်းလင်းယုန်တပ်ဖွဲ့ကို ရှေ့ဆက်မတိုးဖို့ အမိန့်ပေးလိုက်ပါ။ အဲဒီမှာပဲ ရပ်နေပါစေ။”
“ဘာကြောင့်လဲ။”
“နောက်ထပ် ၁၃ နာရီလောက်ကြာရင် ပေါက်ကွဲမှုကြီး စတင်တော့မှာမို့လို့ပါ။ ပြီးတော့ ၂၄ နာရီတိုင်း ထပ်ပေါက်ကွဲနေမှာပါ။ လက်ရှိ ခင်ဗျားရဲ့ ရှေးဟောင်းအပျက်အစီးနယ်မြေ အမိုးခုံးက ပြိုကျလုဆဲဆဲ ဖြစ်နေပြီ။ နောက်ထပ် ပေါက်ကွဲမှုကြီး ဖြစ်တာနဲ့ ပင်လယ်ရေတွေ ဝင်လာပြီး နယ်မြေတစ်ခုလုံး ရေလွှမ်းမိုး သွားလိမ့်မယ်။”
ဂိုဏ်းချုပ်ရန်၏ မျက်နှာ တစ်ချက် ရှုံ့မဲ့သွား၏။
မှန်က ဆက်ပြောသည်။ “စွမ်းအင်ဗဟိုချက် အကြီးစား ၅၀ ကို ကိုယ်တိုင်ဖျက်ဆီးမယ့် အစီအစဉ် ရေးဆွဲထားပြီးသားပါ။ အချိန်ကျတာနဲ့ ပေါက်ကွဲလိမ့်မယ်။ မပေါက်ကွဲအောင် လုပ်ဖို့က လွယ်ပါတယ်။ စကားဝှက် ရိုက်ထည့်ပြီး ရပ်တန့်လိုက်ရုံပါပဲ။ ဒါပေမဲ့ စကားဝှက်ကို ကျုပ်တစ်ယောက်တည်းပဲ သိတာ ခက်နေတယ်။”
ဂိုဏ်းချုပ်ရန်နှင့် ရင်ကွမ်းတို့၏ မျက်နှာထား ပြောင်းလဲသွား၏။
“နောက်ထပ် ပေါက်ကွဲမယ့် စွမ်းအင်ဗဟိုချက်က အမှတ် ၁၃၅ ပါ။ အချင်း ၆ မီတာလောက်ရှိပြီး မက်တယ်လစ်ဟိုက်ဒရိုဂျင် (အာကာသဒုံးပျံများလွှတ်တင်ရာတွင် ထိုအရာကို လောင်စာအဖြစ် အသုံးပြုကြသည်- ဘာသာပြန်သူ) တန်ချိန် ၁၀၀ လောက် ပါဝင်ပါတယ်။ ပေါက်ကွဲရင် ဘယ်လောက် ပြင်းထန်မလဲ စဉ်းစားသာ ကြည့်ပေတော့။ မယုံရင် သွားကြည့်လိုက်ပါ။”
ဂိုဏ်းချုပ်ရန် မျက်နှာပျက်သွားပြီး လက်ဝှေ့ယမ်းပြလိုက်သည်။ ဝူကြွယ်သည် ရှေးဟောင်းလင်းယုန်ဖြင့် ပျံသန်းလာသည်။ “ရှေးဟောင်းအပျက်အစီးနယ်မြေထဲ ဝင်ပြီး အမှတ် ၁၃၅ ကို စစ်ဆေးကြည့်။”
“ကောင်းပါပြီ။”
မှန်က လှမ်းပြောလိုက်၏။ “ကျင်းကန်တောင် ရှေးဟောင်းအပျက်အစီးနယ်မြေရဲ့ စွမ်းအင်က ကုန်သွားပြီ။ ဒါကြောင့် အဝင်အထွက် တံခါးလည်း ထိန်းချုပ်မှု လွတ်နေပြီ။ ကျင်းကန်တောင်ကနေ ဝင်ထွက်လို့ ရပါတယ်။ ဒါဆိုရင် မိုင် ၁၀၀ လောက်ပဲ သွားစရာ လိုပါလိမ့်မယ်။”
ဂိုဏ်းချုပ်ရန် ခေါင်းညိတ်လိုက်သည်။ ဝူကြွယ်သည် ကျင်းကန်တောင်မှတဆင့် ဝင်ရောက်ပြီး အထူး လမ်းကြောင်း အတိုင်း တောင်ပင်လယ် ရှေးဟောင်းအပျက်အစီးနယ်မြေထဲသို့ ဝင်ရောက်သွားသည်။ ထိုနေရာတွင် လေထုမရှိသလောက် ဖြစ်နေသောကြောင့် ဝူကြွယ်၏ ရှေးဟောင်းသံချပ်ကာမှ လေကို အသုံးပြုရသည်။
သူသည် အမှတ် ၁၃၅ စွမ်းအင်ဗဟိုဆီသို့ အမြန်ဆုံး သွားရောက်ခဲ့၏။ ဤစွမ်းအင်ဗဟိုချက်သည် လျှို့ဝှက်စမ်းသပ်ခန်း သုံးခုနှင့် လက်နက်တိုက်တစ်ခုအတွက် စွမ်းအင်ပေးထားခြင်း ဖြစ်သည်။ ပေါက်ကွဲပါက အကျိုးဆက်ကို တွေးကြည့်၍ပင် မရနိုင်ပေ။ အမိုးခုံး ပျက်စီးပြီး ရေဝင်လာမည်မှာ သေချာသလောက် ရှိ၏။
ယခင်က စွမ်းအင်ဗဟိုချက် အသေးစားများကိုသာ ဖောက်ခွဲခဲ့ခြင်း ဖြစ်သည်။ လျှို့ဝှက်လက်နက်တိုက် ပျက်စီးလျှင်ပင် နဂါးနောင်တကဲ့သို့ လက်နက်များက ခိုင်ခံ့သောကြောင့် မပျက်စီးနိုင်ပေ။ သို့သော်ငြား စမ်းသပ်ခန်းများ မှ ပစ္စည်းများမှာမူ ပျက်စီးသွားပေလိမ့်မည်။
“မြန်မြန်... မြန်မြန်...”
ဝူကြွယ်သည် အမှတ် ၁၃၅ စွမ်းအင်ဗဟို ရှေ့သို့ ရောက်ရှိလာသည်။ ထင်ထားသည့်အတိုင်း ကိုယ်တိုင် ဖျက်ဆီးမည့် ရေတွက်သံကို ကြားလိုက်ရ၏။ ကြိမ်နှုန်းအရ နောက်ထပ် ၁၀ နာရီခန့်သာ လိုတော့ကြောင်း တွက်ချက်မိသည်။
“မြန်မြန်... ပညာရှင်အဖွဲ့ကို အမိန့်ပေးလိုက်။ ဒီစွမ်းအင်ဗဟိုချက်ရဲ့ ကိုယ်တိုင်ဖျက်ဆီးမှု စနစ်ကို ချက်ချင်း ရပ်တန့်ခိုင်း။” ဝူကြွယ်က အော်ဟစ် အမိန့်ပေးလိုက်၏။
ထို့နောက် ပညာရှင် ဒါဇင်ပေါင်းများစွာ ရောက်ရှိလာကြသည်။ သူတို့သည် နည်းလမ်းစုံသုံး၍ ကြိုးစားကြ သော်လည်း အချည်းနှီးပင်။
....................
အပိုင်း (၁၁၀၆)
နာရီအနည်းငယ် ကြာပြီးနောက် ဝူကြွယ်သည် ဂိုဏ်းချုပ်ရန်နှင့် ရင်ကွမ်းတို့ထံ ပြန်ရောက်လာသည်။ “ဂိုဏ်းချုပ်၊ အရှင်ရင်... အမှတ် ၁၃၅ စွမ်းအင်ဗဟိုက တကယ်ပဲ ကိုယ်တိုင်ဖျက်ဆီးဖို့ ရေတွက်နေပါပြီ။ ရှစ်နာရီတောင် မလိုတော့ပါဘူး။ ပညာရှင်အဖွဲ့ကို တားခိုင်းလိုက်ပါပြီ။ သူတို့ အစွမ်းကုန် ကြိုးစားနေပေမဲ့ မျှော်လင့်ချက် သိပ်မရှိပါဘူး။” ဝူကြွယ်က တုန်ယင်နေသော အသံဖြင့် ပြောလိုက်သည်။
ဂိုဏ်းချုပ်ရန်နှင့် ရင်ကွမ်းတို့ နာကျင်စွာ မျက်လုံးမှိတ်လိုက်ကြ၏။
မှန်က လှောင်ပြောင်လိုက်သည်။ “အခု ယုံပြီလား။ ရှေးဟောင်းအပျက်အစီးနယ်မြေ တစ်ခုလုံးမှာ နောက်ထပ် စွမ်းအင်ဗဟိုချက် ၂၅ ခုက ကိုယ်တိုင်ဖျက်ဆီးမယ့် အစီအစဉ် စတင်နေပြီ။ ၂၄ နာရီတိုင်း တစ်ခုစီ ပေါက်ကွဲလိမ့်မယ်။ ခင်ဗျားတို့ရဲ့ပညာရှင်အဖွဲ့နဲ့ ဖြေရှင်းချင်တယ် ဟုတ်လား။ လုံးဝ မဖြစ်နိုင်ဘူး။ ရှေးဟောင်းအပျက်အစီး နယ်မြေကို ကာကွယ်ချင်ရင် နည်းလမ်းတစ်ခုပဲ ရှိတယ်။ အဲဒါက ကျုပ်ပေးမယ့် စကားဝှက်ပဲ။”
ဂိုဏ်းချုပ်ရန်နှင့် ရင်ကွမ်းတို့ တစ်ချက် တုန်လှုပ်သွားကြသည်။ သူတို့သည် ဦးဆောင်နိုင်စွမ်းကို ထပ်မံ ဆုံးရှုံးလိုက်ရပြန်လေသည်။
မှန်က ဆက်ပြောသည်။ “အခုကစပြီး ၂၄ နာရီတိုင်း စကားဝှက် လာပေးမယ်။ အပေးအယူက တစ်ခုတည်းပဲ။ ခင်ဗျားတို့ တပ်တော်က နောက်ကမလိုက်ရဘူး။ မင်းသားကျင်းရဲ့ လူတွေကို နုရှောင့်မြို့ဆီ ဘေးကင်းကင်း ပြန်ရောက်ပါစေ။ အကယ်၍ ခင်ဗျားတို့ မရိုးသားတာ တစ်ခုခု လုပ်တယ်လို့ သိရရင်၊ မင်းသားကျင်းရဲ့ လူတစ်ယောက်ယောက် ထိခိုက်သေဆုံးရင်၊ ရှေးဟောင်းအပျက်အစီးနယ်မြေ ဆက်လက် ပျက်စီးမယ့် ကံကြမ္မာကို လက်ခံလိုက်ပါ။”
ထို့နောက် သူသည် ဘောလုံးတစ်လုံးကို ပစ်ချပေးလိုက်၏။ “ဒီဘောလုံးထဲမှာ အမှတ် ၁၃၅ စွမ်းအင်ဗဟိုချက်ကို ရပ်တန့်မယ့် စကားဝှက် ရှိတယ်။ ကဲ... သွားခွင့်ပြုပါအုံး။”
ဝူကြွယ်က ဘောလုံးကို ဖမ်းယူလိုက်သည်။ သေချာစစ်ဆေးပြီးမှ ဂိုဏ်းချုပ်ရန်လက်ထဲ ထည့်ပေးလိုက်သည်။
ဂိုဏ်းချုပ်ရန် ဖွင့်ကြည့်လိုက်တော့ စာရွက်တစ်ရွက်ပေါ်တွင် စကားဝှက် ရေးထားသည်ကို တွေ့ရသည်။ စာလုံးရေ ၃၀ ကျော် ရှိပြီး ဖြေရှင်းရန် မဖြစ်နိုင်သော စကားဝှက် ဖြစ်၏။
“ဒီစကားဝှက်ကို သုံးပြီး အမှတ် ၁၃၅ ကို ရပ်တန့်ကြည့်၊ အလုပ်ဖြစ်၊ မဖြစ် စမ်းကြည့်လိုက်။”
“ကောင်းပါပြီ။” ဝူကြွယ်သည် ကျင်းကန်တောင်မှ တဆင့် ဝင်ရောက်ပြီး အမှတ် ၁၃၅ စွမ်းအင်ဗဟိုဆီသို့ ပြန်သွားသည်။ စာရွက်ပေါ်မှ စကားဝှက်ကို ရိုက်ထည့်လိုက်ချိန်မှာတော့ ကိုယ်တိုင်ဖျက်ဆီးမည့် အစီအစဉ် အောင်မြင်စွာ ရပ်တန့်သွားသည်။
………….
နာရီအနည်းငယ် ကြာပြီးနောက် ဝူကြွယ်သည် ဂိုဏ်းချုပ်ရန်ရှေ့သို့ ပြန်ရောက်လာ၏။
“ဂိုဏ်းချုပ်... ရှမ့်လန် ပေးလိုက်တဲ့ စကားဝှက်က အစစ်ပါ။ ပြီးတော့ နောက်ထပ် အမှတ် ၁၅၃ စွမ်းအင်ဗဟိုချက်က ကိုယ်တိုင်ဖျက်ဆီးမယ့် အစီအစဉ် စတင်နေပြီ ဆိုတာ သိခဲ့ရပါတယ်။ ၂၈ နာရီ လိုပါသေးတယ်။ ပညာရှင်အဖွဲ့က ဖြေရှင်းဖို့ ကြိုးစားနေပေမဲ့....”
ဂိုဏ်းချုပ်ရန် သက်ပြင်းရှည် ချလိုက်မိသည်။ ထိုအချိန်တွင် ရှမ့်လန်နှင့် သူ၏လူများသည် အရိပ်အယောင်ပင် မကျန်တော့ဘဲ ပျောက်ကွယ်သွားကြပြီ ဖြစ်သည်။
“တပ်တွေအားလုံး ဆုတ်ခွာပြီး အခြေစိုက်စခန်းကို ပြန်ကြ... မင်းသားကျင်းနောက် လိုက်တာ ရပ်လိုက်။ ရှမ့်လန် စကားဝှက် လာပို့မှာကို စောင့်မယ်။”
ဂိုဏ်းချုပ်ရန်၏အမိန့်အရ တပ်တော် တစ်သိန်းသည် လုံးဝ ဆုတ်ခွာသွားခဲ့သည်။ နှင်းလင်းယုန်တပ်ဖွဲ့ တစ်ထောင်သည်လည်း မင်းသားကျင်းနောက် လိုက်နေခြင်းကို ရပ်တန့်လိုက်ကြ၏။
....................
ထိုနည်းအတိုင်း ၂၅ ရက် ကြာမြင့်ပြီးနောက် မင်းသားကျင်းနှင့် လူအများအပြားသည် နုရှောင့်မြို့၏ ရေတပ်သင်္ဘောပေါ်သို့ တက်ရောက်နိုင်ခဲ့ကြပြီ ဖြစ်သည်။ ရှမ့်လန်၏ ကယ်ဆယ်ရေး စီမံကိန်းသည် အောင်မြင်သွားခဲ့၏။ ဤကစားပွဲတွင် ရှမ့်လန်သည် ဂိုဏ်းချုပ်ရန်နှင့် ရင်ကွမ်းတို့ကို အပြတ်အသတ် အနိုင်ရရှိခဲ့သည်။
လွန်ခဲ့သော ၂၅ ရက်အတွင်း ရှမ့်လန်သည် နေ့စဉ် စကားဝှက် ပေးပို့ခဲ့၏။
နောက်ဆုံးရက်တွင် ဖြစ်သည်။ တောင်ပင်လယ် ရှေးဟောင်းအပျက်အစီးနယ်မြေရှိ စွမ်းအင်ဗဟိုချက် အားလုံးသည် ကိုယ်တိုင်ဖျက်ဆီးမည့် အစီအစဉ်များ ရပ်တန့်သွားပြီ ဖြစ်သည်။
သို့သော်ငြား ဂိုဏ်းချုပ်ရန်သည် စိတ်ချရစေရန် ပညာရှင်ထောင်ပေါင်းများစွာ၊ အထူး စစ်သည်တော်များနှင့် ငရဲတပ်တော်သားများကို ရှေးဟောင်းအပျက်အစီးနယ်မြေမှ ခေတ္တ ဆုတ်ခွာခိုင်းထားသည်။ သူသည် အထူး စစ်သည်တော် အနည်းငယ်ကို ဦးဆောင်ပြီး စွမ်းအင်ဗဟိုချက် ထိန်းချုပ်ခန်းကို ဆက်လက် ဝိုင်းရံထား၏။
ရှမ့်လန် အထဲတွင် ရှိနေမည်ဟု သူယုံကြည်နေဆဲ ဖြစ်သည်။ ဝိုင်းရံထားသမျှ ကာလပတ်လုံး ရှမ့်လန် ထွက်ပြေးနိုင်မည် မဟုတ်ပေ။
ထိုအချိန်၌ ...
“ကျွီ”
အစမှအဆုံးထိ ပိတ်ထားသော တံခါး ပွင့်သွားခဲ့သည်။ အထူးစစ်သည်တော် ဒါဇင်ပေါင်းများစွာ အထဲသို့ ဝင်ရောက်သွားသော်လည်း အခန်းမှာ ဟာလာဟင်းလင်း ဖြစ်နေသည်။ လူရိပ်လူယောင်ပင် မတွေ့ရပေ။
ဂိုဏ်းချုပ်ရန် ကိုယ်တိုင် ဝင်ရောက်ကြည့်ရှုလိုက်၏။
“ဂိုဏ်းချုပ်... ရှမ့်လန် မရှိပါဘူး။ ဘယ်သူမှ မရှိပါဘူး။” တပ်မှူးလင်ယန်က အစီရင်ခံသည်။
မဖြစ်နိုင်ပေ။ လုံးဝ မဖြစ်နိုင်ပေ။ ရှမ့်လန်သည် ဤစွမ်းအင်ဗဟိုချက် ထိန်းချုပ်ခန်းထဲမှနေ၍ အရာအားလုံးကို ထိန်းချုပ်နေခြင်း ဖြစ်သည်။ သူ မရှိဘဲ နေပါမည်လား။ အပြင်မှ လူသည် ရှမ့်လန်၏ ကိုယ်ပွားသာ ဖြစ်သည်။
ထိုအချိန်၌ “တီ... တီ... တီ... တီ...” ရုတ်တရက် နားကွဲမတတ် အသံမြည်ဟည်းလာခဲ့သည်။ စွမ်းအင်ဗဟိုချက် ဖောက်ခွဲမည့် သတိပေးသံ ဖြစ်၏။
ဝူကြွယ် မျက်နှာပျက်သွားသည်။ “ဂိုဏ်းချုပ်... ဒါ ရှမ့်လန်ရဲ့ ထောင်ချောက်ပါ။ ကျုပ်တို့ ဝင်လာမယ်ဆိုတာ သိလို့ အကုန်ဖောက်ခွဲပစ်ဖို့ လုပ်ထားတာပါ။”
“ပြေး... ပြေး... ပြေး...”
ဝူကြွယ် စကားမဆုံးခင်မှာပဲ ဂိုဏ်းချုပ်ရန်သည် လျှပ်စီးကဲ့သို့ လျင်မြန်စွာ ဆုတ်ခွာ သွားခဲ့ပြီ ဖြစ်သည်။ ဒုတိယလူမှာ ဝူကြွယ် ဖြစ်သည်။ ကျန်ရှိနေသော အထူးစစ်သည်တော်များသည်လည်း ရှေးဟောင်း သံချပ်ကာ၏ စွမ်းအားကို အစွမ်းကုန်ထုတ်ပြီး သွေးရူးသွေးတန်း ထွက်ပြေးကြ၏။
“တီ... တီ... တီ... တီ...” သတိပေးသံသည် ပိုမို မြန်ဆန်လာ၏။ ထို့နောက် …
“ဝုန်း... ဝုန်း... ဝုန်း...”
ကြောက်မက်ဖွယ် ပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာသည်။ စွမ်းအင်ဗဟိုချက်တစ်ခု ပေါက်ကွဲသွားခြင်း ဖြစ်၏။ စွမ်းအင်ဗဟိုချက် ထိန်းချုပ်ခန်းသည် မြေလှန်ခံလိုက်ရသကဲ့သို့ ပျက်စီးသွားသည်။ ရှေးဟောင်းအပျက်အစီး နယ်မြေ၏ အမိုးခုံးတွင် အက်ကွဲကြောင်းကြီး ပေါ်လာပြီး ပင်လယ်ရေများ အရှိန်ပြင်းစွာ ဝင်ရောက်လာသည်။
“ဒီနေရာကို ပိတ်ဆို့လိုက်။ အပိုင်းလိုက် ခွဲခြားပစ်လိုက်။”
ဂိုဏ်းချုပ်ရန်က မျက်လုံးပြူး၊ မျက်စံပြုးဖြင့် အော်ဟစ်လိုက်သည်။ အချိန်မီ မပိတ်ဆို့နိုင်ပါက ကျန်ရှိနေသော ရှေးဟောင်း အပျက်အစီးနယ်မြေ တစ်ခုလုံး ရေလွှမ်းမိုးခံရပေလိမ့်မည်။
သူ၏ နှလုံးသားထဲ၌ အကြီးအကျယ် အော်ဟစ်နေပြီး သွေးအန်ချင်စိတ် ပေါက်လာသည်။ ကစားပွဲတွင် သူတို့ ဤမျှလောက် အရေးနိမ့်ခဲ့ရသည်လား။ မင်းသားကျင်း၏ လူသောင်းချီကို ဘေးကင်းစွာ ပြန်လွှတ်ပေးလိုက်ရုံ သာမက သူ၏ ရှေးဟောင်းအပျက်အစီးနယ်မြေလည်း ပျက်စီးခဲ့ရ၏။
သူ့တစ်ကိုယ်လုံး တုန်ယင်နေပြီး ခေါင်းများ မူးဝေလာသည်။ ထို့နောက် ရင်ကွမ်းဘက် လှည့်ကာ ပြောလိုက်သည်။ “ရင်ဝူမင်ကို အမိန့်ပေးလိုက်။ ထျန်းရွှဲ့မြို့ကို တိုက်ခိုက်ပြီး နင်မျိုးနွယ် တော်ဝင်မိသားစုကို မျိုးဖြုတ်သတ်ပစ်ခိုင်းလိုက်။”
သူ ကလဲ့စား ချေရမည်။ သွေးအပျက်ဆုံး ကလဲ့စားကို ချေရမည်။
………………..
စွမ်းအင်ဗဟိုချက် ထိန်းချုပ်ခန်း ပေါက်ကွဲပြီးနောက် အမိုးခုံး ပွင့်ထွက်သွားကာ ထိုနေရာတစ်ခုလုံး ရေလွှမ်းမိုး သွားခဲ့သည်။ စွမ်းအင်ဗဟိုချက် ထိန်းချုပ်ခန်း ကြမ်းပြင်၌ အက်ကွဲကြောင်းတစ်ခု ပေါ်လာပြီး လူလေးယောက် ထွက်ပေါ်လာသည်။ ရှမ့်လန်၊ ချောင်ယောင်းအာ၊ အရူးလန်နှင့် ဝူလဲ့ တို့ ဖြစ်ကြ၏။
နှစ်ယောက်မှာ ရှေးဟောင်းသံချပ်ကာ ဝတ်ဆင်ထားပြီး ကျန်နှစ်ယောက်မှာ ငရဲတပ်တော် သံချပ်ကာ ဝတ်ဆင်ထား ကြသည်။ ပေါက်ကွဲမှု ဖြစ်ပွားစဉ်အတွင်း သူတို့က မြေအောက် လျှို့ဝှက်ခန်းထဲတွင် ပုန်းခိုနေခဲ့ကြခြင်း ဖြစ်သည်။
ရှမ့်လန်က အမိန့်ပေးလိုက်၏။ “ဒီနေရာက အမိုးခုံး ပွင့်ထွက်သွားပြီ။ ရေမျက်နှာပြင်နဲ့ တိုက်ရိုက် ဆက်သွယ်သွားပြီ။ ဝူလဲ့၊ အရူးလန်... မင်းတို့နှစ်ယောက် ရေထဲကနေ ချက်ချင်းထွက်ပြီး ကုန်းမြေပေါ် ပြန်တက်ကြ။ ပြီးရင် နုရှောင့်မြို့ကို ပြန်ကြတော့။ ယောင်းအာနဲ့ ငါ လုပ်စရာ ရှိသေးတယ်။”
“ကောင်းပါပြီ။”
ဝူလဲ့နှင့် အရူးလန်တို့သည် ရေအထက်သို့ ကူးခတ်သွားကြသည်။ ချောင်ယောင်းအာသည် ရှမ့်လန်ကို သယ်ဆောင်ပြီး အနောက်ဘက်သို့ ပျံသန်းသွားသည်။ တန်ဖိုးရှိသော ဝရုန်းသုန်းကား အခြေအနေကို အသုံးချပြီး မူလ စွမ်းအင်ဝဲကကော့ နေရာကို ဖြတ်ကျော်ကာ အထူးလမ်းကြောင်းမှတဆင့် ကျင်းကန်တောင် ရှေးဟောင်းအပျက်အစီး နယ်မြေကို ဖြတ်ကျော်ကာ ရှေးဟောင်းရင်ပြင်သို့ ဝင်ရောက်လိုက်သည်။
သူက ရှေးဟောင်းဘုရင်၏ ခေါင်းတလားဆီသို့ သွားရောက်ပြီး ဘုရင့်ဓားကို ယူဆောင်လိုခြင်း ဖြစ်၏။ ပြီးခဲ့သည့်အကြိမ်က သူ မယူနိုင်ခဲ့သော ဓားဖြစ်သည်။ သူ့တွင် ရှေးဟောင်းဘုရင်၏ လက်စွပ်နှင့် နဂါးနှလုံးသား ရှိပြီး ဖြစ်၏။
သူ၏ ခန့်မှန်းချက်အရ ဤကိရိယာအစုံအလင်တွင် သုံးပိုင်း ပါဝင်သည်။ ရှေးဟောင်းဘုရင် လက်စွပ်က အကာအကွယ် အတွက် ဖြစ်ပြီး နဂါးနှလုံးသားက ခံစစ်အတွက် ဖြစ်သည်။ တိုက်ခိုက်ရေး လက်နက်တစ်ခု လိုအပ်နေသေးသည်။
ကိရိယာ သုံးခုစလုံး ရရှိပါက ရင်ဝူမင်ကို တရားသဖြင့် အနိုင်ယူနိုင်မည့် နည်းလမ်းကို ရှာတွေ့နိုင်ပေလိမ့်မည်။
ဤအဖိုးတန် ကိရိယာသုံးခု ပေါင်းစပ်မှု၌ နဂါးဓားဟု ရှမ့်လန်အမည်ပေးထားသော တိုက်ခိုက်ရေး လက်နက်တစ်ခု လိုအပ်နေ၏။
ရှေးဟောင်း ရင်ပြင် ခေါင်းတလားထဲမှ ဘုရင်ကိုင်ဆောင်ထားသော ဓားသည် နဂါးဓား ဖြစ်နိုင်ကြောင်း ရှမ့်လန် ခန့်မှန်းထားသည်။ ထိုအရာက ရင်ဝူမင်ကို အနိုင်ယူရန် သော့ချက် ဖြစ်သည်။
……….
ချောင်ယောင်းအာသည် ရှမ့်လန်ကို သယ်ဆောင်ကာ ကီလိုမီတာ ရာချီ ရှည်လျားသော အထူးလမ်းကြောင်း အတိုင်း ပြေးလွှားသွားသည်။ ကျင်းကန်တောင် ရှေးဟောင်းအပျက်အစီးနယ်မြေ၌ စွမ်းအင်ကုန်ခမ်း သွားသည်မှာ တစ်လခန့် ရှိပြီ ဖြစ်သည်။ အတွင်းရှိ လေထုမှာ ကုန်ဆုံးသွားပြီ ဖြစ်သောကြောင့် မည်သူမှ အသက်ရှင်ရန် မလွယ်ကူပေ။ ချောင်ယောင်းအာသည် အောက်ဆီဂျင်ဘူးအချို့ကို သယ်ဆောင်ကာ ရှမ့်လန်နှင့်အတူ ပြေးလွှားနေခြင်း ဖြစ်၏။
အထူးလမ်းကြောင်း တစ်ဝက်ခန့်မှာ ဆိုးရွားစွာ ပျက်စီးနေပြီ ဖြစ်သည်။ လေထု မရှိသည့်အပြင် အပူချိန်မှာလည်း အလွန်မြင့်မားနေ၏။ သို့သော်ငြား ရှေးဟောင်းသံချပ်ကာ ဝတ်ဆင်ထားသော ချောင်ယောင်းအာ အတွက် ကိစ္စမရှိပေ။
အထူးလမ်းကြောင်း အဆုံးတွင် စွမ်းအင်ဝဲကကော့လည်း မရှိတော့ပေ။ ကျင်းကန်တောင်နှင့် ရှေးဟောင်း ရင်ပြင်ကြားရှိ စွမ်းအင်ဝဲကကော့က စွမ်းအင်ကုန်ခမ်းသွားသောကြောင့် ပျောက်ကွယ်သွားခြင်း ဖြစ်၏။ ရှမ့်လန်နှင့် ချောင်ယောင်းအာသည် နယ်နိမိတ်ကို ဖြတ်ကျော်ပြီး ရှေးဟောင်းရင်ပြင်ထဲသို့ ဝင်ရောက် သွားသည်။ ဤနေရာတွင်လည်း စွမ်းအင်ကုန်ခမ်းခါနီး ဖြစ်သောကြောင့် အလွန် မှောင်မိုက်နေသည်။
ရင်ပြင်တစ်ခုလုံးသည် ယခင်အတိုင်း ခြောက်ခြားဖွယ် ကောင်းလောက်အောင် တိတ်ဆိတ်နေသည်။ ရှေးဟောင်းလူသား ရုပ်တု ထောင်ပေါင်းများစွာသည် စီတန်းလျက် ရပ်တန့်နေကြဆဲ ဖြစ်၏။ ချောင်ယောင်းအာ က ထိုရုပ်တုများကို မြင်ချိန်မှာတော့ ကြောင်အသွားမိ၏။
“မြန်မြန်... ငါတို့ မြန်မြန်သွားမှ ဖြစ်မယ်။ အလယ်က ခန်းမဆောင်ဆီ ခေါ်သွားပေး။”
ချောင်ယောင်းအာသည် ရှမ့်လန်ကို သယ်ဆောင်လျက် ရင်ပြင်အလယ်ရှိ ခန်းမဆောင်ထဲသို့ အမြန် ပြေးဝင်သွားသည်။ အတွင်း၌ ကျောက်ခေါင်းတလားတစ်ခု ရှိသည်။ ရှေးဟောင်းနဂါးဓား ရှိနေလောက်သည်။ မကြာမီ သူသည် ကိရိယာ သုံးခုစလုံး ပိုင်ဆိုင်ရတော့မည်။
ရှမ့်လန်သည် ကျောက်ခေါင်းတလားပေါ်ရှိ လက်ဝါးရာ အချိုင့်ထဲသို့ လက်ကို ဖိနှိပ်လိုက်ပြီး ရှေးဟောင်းဘုရင် လက်စွပ်နှင့် ချိတ်ဆက်လိုက်သည်။
“ကျွီ..” ချက်ချင်းပဲ ကျောက်ခေါင်းတလား ပွင့်သွား၏။
“ဒိန်း...”
ရှမ့်လန်၏ ရင်ဘတ်ထဲမှ နဂါးနှလုံးသား ကိရိယာသည် ပြင်းထန်စွာ တုန်ခါသွားသည်။ ရှေးဟောင်းဘုရင်၏ ရုပ်အလောင်းသည် ငြိမ်သက်စွာ လဲလျောင်းနေဆဲဖြစ်ပြီး လက်ထဲတွင် ခမ်းနားထည်ဝါသော ဓားတစ်လက်ကို ကိုင်ဆောင်ထားသည်။
“ဒါ နဂါးဓားလား။ ရင်ဝူမင်ကို အနိုင်ယူမယ့် သော့ချက် လက်နက်လား။ ရှေးဟောင်းဘုရင် လက်နက်တွေရဲ့ အရေးပါဆုံး အစိတ်အပိုင်းလား။” ရှမ့်လန်က ဓားကို လှမ်းယူလိုက်၏။
ပြီးခဲ့သည့်အကြိမ်က အစွမ်းကုန် ကြိုးစားသော်လည်း မရွေ့လျားခဲ့သော ဓားသည် ယခုအခါ အလွယ်တကူ ပါလာခဲ့၏။ မူလက ရိုးရိုး ရွှေရောင်ဓား ဖြစ်သော်လည်း ရှမ့်လန်၏ လက်ထဲ ရောက်သည်နှင့် တောက်ပသော အလင်းရောင်များ ဖြာထွက်လာသည်။ နဂါးဟိန်းသံကဲ့သို့ အသံများ ထွက်ပေါ်လာသည်။
ထိုအချိန်၌ ရုတ်တရက် လက်ခုပ်တီးသံ တစ်ခု ပေါ်ထွက်လာ၏။
“ဖြောင်း... ဖြောင်း... ဖြောင်း...”
“အရှင်ရှမ့်လန်... မတွေ့တာတောင် ကြာပြီပဲ။ နေကောင်းရဲ့လား။”
ဤအသံကို မကြားရသည်မှာ ကြာခဲ့ပြီ ဖြစ်၏။ လေးနှစ်ကျော်မျှပင် ရှိခဲ့လေပြီ။ သို့သော်ငြား ထိုသူသည် သူ့အတွက် မေ့ဖျောက်၍ မရနိုင်သော လူတစ်ဦး ဖြစ်သည်။ သူမသည် ရှမ့်လန်နှင့် ထိတွေ့ဆက်ဆံမှု မများသော်လည်း အရေးကြီးချိန်တွင် ရှမ့်လန်ကို ကောင်းကောင်း ဒုက္ခပေးခဲ့သူ ဖြစ်၏။ အမုန်းတရား သည် နင်ဟန်နှင့် တန်းတူပင် ဖြစ်သည်။ ထိုအမျိုးသမီးမှာ မင်းသမီး ကျိရွှမ်ပင် ဖြစ်သည်။ သူမသည် အင်အားကြီး ဂိုဏ်းခြောက်ဂိုဏ်းနှင့် ဆွေးနွေးပွဲများတွင် တော်ဝင်ရန်အင်ပါယာကို ကိုယ်စားပြု တက်ရောက်ခဲ့သူ ဖြစ်သည်။
လွန်ခဲ့သောလေးနှစ်က ရှမ့်လန်သည် မိမိကိုယ်ကို ရောဂါပိုး သယ်ဆောင်သူအဖြစ် အသုံးချကာ သူမနှင့် နင်ဟန်ကို ပလိပ်ရောဂါ ကူးစက်စေခဲ့သည်။ နောက်ဆုံးအချိန်တွင် ပင်နီဆလင် ထိုးပေးကာ အသက်ကယ်ခဲ့ သော်လည်း သူမနှင့် နင်ဟန်တို့သည် ပိုးမွှားမျိုးစုံ ကူးစက်ခံခဲ့ရသည်။ ထိုပိုးမွှားများ၏ တိုက်ခိုက်မှုကို ခံခဲ့ရသည်။ ထို့နောက် သူမသည် လူမြင်ကွင်းမှ လုံးဝ ပျောက်ကွယ်သွားခဲ့၏။
ထိုစဉ်က ကျန်းလီသည် အလွန် မောက်မာခဲ့သည်။ လောကပေါ်ရှိ မင်းသမီးအားလုံးကို သားဖြစ်သူနှင့် လက်ထပ်ပေးမည်ဟု ကြွေးကြော်ခဲ့သည်။ မျိုးရိုးစဉ်ဆက် ကျိကလန်နှင့် ကျန်းကလန်သည် လက်ဆက်ခဲ့ကြသောကြောင့် ထုံးတမ်းစဉ်လာအရ မင်းသမီးကျိရွှမ်သည်လည်း ရှမ့်လန်၏ ဇနီး ဖြစ်သင့်ပေသည်။
ရှမ့်လန်၏ မျက်ဝန်းများတွင် မျက်ရည်များ ပြည့်လျှံလျက် ဝမ်းသာအားရ ပြောလိုက်၏။ “အစ်မ ကျိရွှမ်... မတွေ့ရတာ ကြာပြီပဲ။ လေးနှစ်တောင် ရှိပြီနော်။ ကျုပ် အရမ်း လွမ်းနေခဲ့တာ။ အစ်မရွှမ်အာ... ဒီနှစ်တွေမှာ နေကောင်းရဲ့လား။”
မင်းသမီး ကျိရွှမ်က ဆိုလိုက်သည်။ “ရှင်ကျေးဇူးနဲ့ ကျွန်မ ကောင်းကောင်း နေခဲ့ရပါတယ်။”
မင်းသမီး ကျိရွှမ်၏ စကားသံ အဆုံးတွင် လူရိပ်များ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာကြ၏။
‘ငါးယောက်၊ ဆယ်ယောက်၊ အယောက် နှစ်ဆယ်၊ အယောက် သုံးဆယ်... ထားလိုက်ပါတော့။’
ရှမ့်လန် ရေတွက်မနေတော့ပေ။ လူအင်အားမှာ များပြားလွန်း၏။ သူတို့အားလုံးသည် ရှေးဟောင်းသံချပ်ကာ ဝတ်ဆင်ထားသော အထူးစစ်သည်များ ဖြစ်ကြပြီး အနည်းဆုံး မဟာပညာရှင် အဆင့်များ ဖြစ်ကြသည်။
ရင်ပြင်ကျယ်ကြီးထဲတွင် ရှေးဟောင်းလူသား ရုပ်ကြွင်းပေါင်း သိန်းချီရှိနေသောကြောင့် လူပေါင်း ရာနှင့်ချီ ပုန်းအောင်းနိုင်ခြင်းမှာ အဆန်းမဟုတ်ပေ။
မဟာပညာရှင် တစ်ရာကျော်သည် ရှမ့်လန်နှင့် ချောင်ယောင်းအာ တို့ကို ဝိုင်းထားလိုက်ကြ၏။
ကောင်းကင်သို့ တက်ရန် လမ်းမရှိ၊ ငရဲသို့ဆင်းရန် တံခါးမရှိ ဆိုသည်မှာ ဤအခြေအနေပင်လား။
သို့သော်ငြား ရှမ့်လန်သည် မည်သို့မှခံစားရပုံ မရပေ။ သူက တက်ကြွစွာဖြင့် မေးလိုက်သည်။ “အစ်မ ရွှမ်းအာ... ဒီနှစ်တွေမှာ ဘယ်ရောက်နေတာလဲ။ ကျောက်စိမ်းဖြူမြို့ကို ရောက်နေတာဆို။ တကယ်လား။”
မင်းသမီး ကျိရွှမ်က ဖြေလိုက်၏။ “အမှန်ပါပဲ။”
ရှမ့်လန်က ဆက်ပြောလိုက်သည်။ “ကျုပ်အဘိုးကို တွေ့ခဲ့လား။ သူ နေကောင်းရဲ့လား။ ကျုပ် သူ့ကို အရမ်းလွမ်းတာပဲ။ ကျန်းမာရေးကော ကောင်းရဲ့လား။ တစ်နေ့ကို ထမင်း ဘယ်လောက် စားနိုင်လဲ။”
‘ရှင့်မှာ အရှက်ဆိုတာ မရှိတော့ဘူးလား။ ရှင့်အမေက ကျောက်စိမ်းဖြူမြို့က မင်းသမီး ဟုတ်မဟုတ်တောင် မသေချာဘူး။ ဟုတ်ခဲ့ရင်တောင် ရှင့်ကို အသိအမှတ်ပြုချင်ပုံ မရဘူး။ ကျောက်စိမ်းဖြူမြို့က ရှင်နဲ့ သူတို့ကြား စည်းခြားထားတာ မမြင်ဘူးလား။’
မင်းသမီး ကျိရွှမ်က သူ့ကို လျစ်လျူရှုကာ ဖြည်းညင်းစွာ လျှောက်လာခဲ့သည်။ ကျောက်စိမ်းဖြူမြို့တွင် လေးနှစ်ကြာ နေထိုင်ပြီးနောက် သူမသည် ကျောက်စိမ်းဖြူမြို့သူနှင့် တူလာခဲ့၏။ အသားအရေနှင့် မျက်နှာသည် နှင်းကဲ့သို့ ဖြူဥနေပြီး ဆံနွယ်များသည် အပြာရောင် ဖြစ်နေသည်။ လေးနှစ်ကြာ မတွေ့ရသည့် နောက်တွင် သူမသည် ပို၍ လှပလာခဲ့သည်။ မင်းသမီး နင်ဟန်နှင့် အလှချင်း ပြိုင်ဆိုင်နေသကဲ့သို့ပင်။
သူမသည် အလှတရားတို့၏ ထိပ်ဖျားတွင် ရပ်တည်လိုပုံရသည်။ အထူးသဖြင့် သူမ၏ မျက်ဝန်းများတွင် ကြီးမားသော ပြောင်းလဲမှု ဖြစ်ပေါ်နေ၏။ လူကို ကြည့်လိုက်သည်နှင့် အကြည့်များက ဓာတ်အားလှိုင်းတစ်ခု ရှိသကဲ့သို့ တစ်ဖက်လူကို တုန်လှုပ်သွားစေနိုင်သည်။ သူမ၏ ကိုယ်ခန္ဓာကောက်ကြောင်းသည်လည်း ပန်းချီဆရာတစ်ဦး ရေးဆွဲထားသကဲ့သို့ ဖြစ်နေကာ ဆန်းကြယ်သော အလှတရားတို့နှင့် ပေါင်းစပ်ထားသလိုပင်။