အခန်း (၁၁၀၉-၁၁၁၀)
Vol. 65 Ch. 1109-1110
အပိုင်း (၁၁၀၉)
ရှမ့်လန် ကြောင်သွားသည်။ “ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။”
သေချာ ကြည့်လိုက်ချိန်မှာတော့ သေတ္တာပေါ်တွင် စာရေးထားသည်ကို တွေ့လိုက်ရသည်။ “ငါ့ ဆက်ခံသူ မှလွဲ၍ မည်သူမျှ ဖွင့်ခွင့်မရှိ။ ကျန်းလီ။”
ထို့အပြင် ရှမ့်လန် အံ့သြစွာ တွေ့ရှိလိုက်ရသည်မှာ ဤသေတ္တာသည် တော်ဝင်ရန်အင်ပါယာ သူ့အား ဖွင့်ခိုင်းခဲ့သော ရှေးဟောင်း ရတနာသေတ္တာနှင့် အလွန် တူညီနေခြင်းပင်။ ဟုတ်ပေသည်။ အလွန် တူညီသော်လည်း အတိအကျ တူသည်တော့ မဟုတ်ပေ။
ယခင်က မင်းသားကျင်း ပြောခဲ့ဖူးသည်မှာ ရှေးဟောင်းအမွေအနှစ် နေရာ ဝင်ပေါက်ရှိ သုဒ္ဓကိန်း ပုစ္ဆာသည် အလွန်ခက်ခဲပြီး သူ လုံးဝ ဖြေရှင်း၍ မရခဲ့ဟု ဆိုသည်။ သို့သော်ငြား မင်းသားကျင်း ဤနေရာသို့ ရောက်လာချိန်တွင် အဖြေမှာ သေတ္တာပေါ်တွင် ရေးသားပြီးသား ဖြစ်နေသည်။ အင်ပါယာ ကျန်းလီသည် ဤနေရာကို စူးစမ်းရှာဖွေခဲ့ပြီး အဖိုးတန် ရှေးဟောင်းကျမ်းစာ အများအပြားကို ခွဲခြားစိတ်ဖြာခဲ့သည်။ များစွာကိုလည်း ဖော်ထုတ်နိုင်ခဲ့သည်။
ထိုအချိန်မှစ၍ မင်းသားကျင်းသည် မိမိကိုယ်ကို အင်ပါယာ ကျန်းလီ၏ တပည့်အဖြစ် ခံယူခဲ့ခြင်း ဖြစ်သည်။ အင်ပါယာကျန်းလီ၏ ရတနာသေတ္တာသည် ဤနေရာ၌ ကျန်ရစ်နေမည်ဟု မည်သူ ထင်ထားမည်နည်း။
ထို့အပြင် သူ့တပည့်သာလျှင် ဖွင့်ခွင့်ရှိသည်လား။ အတွင်း၌ ရှိနေသောအရာသည် အလွန်တရာ တန်ဖိုးကြီးမားမည်မှာ သေချာ၏။
ဘာများ ဖြစ်မည်နည်း။ တကယ့် နဂါးဥလား။ သို့မဟုတ် ထို့ထက်ပိုပြီး ကြီးမြတ်သော အရာလား။
...................
ရှမ့်လန်သည် သေတ္တာကို သေချာစွာ စစ်ဆေးကြည့်ရှုလိုက်၏။ တော်ဝင်ရန်အင်ပါယာ သူ့အား ဖွင့်ခိုင်းခဲ့သည့် သေတ္တာ နှင့် တစ်ပုံစံတည်း တူညီနေသည်။ တစ်ကုဗမီတာ အရွယ်အစားခန့်ရှိသည့် ကုဗတုံးတစ်ခု ဖြစ်သည်။ သို့သော်ငြား သေတ္တာနှစ်ခု၏ အရောင်ချင်းတော့ မတူပေ။
တော်ဝင်ရန်အင်ပါယာက ထိုသေတ္တာဖြင့် သူ့အား မည်သည့်အရာ ပြုလုပ်စေလိုကြောင်း ရှမ့်လန် မသိသေးပေ။
သို့သော်ငြား ပြဿနာတစ်ခု ရှိနေသည်။ အင်ပါယာ ကျန်းလီသည် ဤသေတ္တာကို အဘယ်ကြောင့် ဤနေရာ၌ ထားခဲ့သနည်း။ သူ့သားမြေးများ ဤနေရာသို့ ရောက်လာမည်ကို ကြိုသိနေခဲ့သည်လား။ ဤသည်မှာ လုံးဝ မဖြစ်နိုင်သည့် ကိစ္စပင်။ သို့မဟုတ် အခြား ဆက်စပ်မှု တစ်စုံတစ်ရာ ရှိနေသည်လား။
ထို့နောက် သေတ္တာကို မည်သို့ ဖွင့်ရမည်နည်း။ စကားဝှက် ရိုက်ထည့်ရန် နေရာလည်း မပါရှိပေ။ ရှမ့်လန်၏ အကြည့်သည် သေတ္တာပေါ်ရှိ စာလုံးများပေါ်သို့ ကျရောက်သွားသည်။ “ငါ့ဆက်ခံသူမှလွဲ၍ မည်သူမျှ ဖွင့်ခွင့်မရှိ။ ကျန်းလီ။”
“ဖွင့်”
ဟူသော စာလုံးအောက်တွင် ချိုင့်ခွက်တစ်ခု ရှိသည်။ ယန္တရား တစ်ခုခု ရှိမည်ဆိုလျှင် ထိုနေရာတွင် ဖြစ်နိုင်၏။
ရှမ့်လန်သည် လက်ချောင်းကို ထိုချိုင့်ခွက်ပေါ်သို့ တင်လိုက်သည်။ ‘လက်ဗွေရာ စနစ်များလား။ ဒီခေတ်မှာ ဒီလောက်အထိ ခေတ်မီမည် မဟုတ်ပေ။’
“အား... ”
ရုတ်တရက် သူ့လက်ချောင်းသည် တစ်စုံတစ်ခု၏ အကိုက်ခံလိုက်ရသကဲ့သို့ နာကျင်သွားသည်။ အကိုက်ခံရသလို ခံစားရသည် မဟုတ်၊ အမှန်တကယ် အကိုက်ခံလိုက်ရခြင်း ဖြစ်၏။ အလွန် သေးသွယ် ရှည်လျားသော သတ္တဝါတစ်ကောင် ဖြစ်ပုံရသည်။ မြွေတစ်မျိုးများလား။ ရှေးဟောင်းမြွေလား။
ဤနေရာ၏ သဘာဝနှင့် ကိုက်ညီမှု ရှိပေသည်။ ဤရှေးဟောင်းအမွေအနှစ် နေရာသည် မြွေတစ်သောင်း လှိုဏ်ဂူနှင့် ဆက်စပ်နေပြီး မြွေပေါင်း မရေမတွက်နိုင်အောင် ရှိနေသည် မဟုတ်ပါလား။
ရှမ့်လန်ကို ကိုက်ပြီး သွေးစုပ်ယူပြီးနောက် သေတ္တာထဲတွင် လှုပ်ရှားမှုတစ်ခု ဖြစ်ပေါ်လာသည်။ ရှေးဟောင်းမြွေ တစ်ကောင် သေတ္တာထဲတွင် ကူးခတ်သွားလာနေသကဲ့သို့ပင်။ ရုတ်တရက် သေတ္တာကို အတွင်းဘက်မှ သော့ဖွင့်လိုက်သလို ခံစားလိုက်ရသည်။
‘သောက်ကျိုးနည်း... ဒါက ခေတ်မီလွန်းမနေဘူးလား။ သက်ရှိခန္ဓာ သော့ခတ်စနစ်လား။’
ရှေးဟောင်းမြွေကို အသုံးပြု၍ သွေးမျိုးရိုးကို စစ်ဆေးခြင်း ဖြစ်၏။ သွေးအမျိုးအစား တူညီမှသာ သေတ္တာကို အတွင်းဘက်မှ ဖွင့်ပေးမည် ဖြစ်သည်။ သွေးအမျိုးအစား မတူပါက အကိုက်ခံရသူသည် အဆိပ်သင့် သေဆုံးသွားလိမ့်မည်။
မကြာမီ သေတ္တာပေါ်တွင် အက်ရာတစ်ခု ပေါ်လာ၏။
“ကျွန်မ ဖွင့်လိုက်မယ်။” ချောင်ယောင်းအာက ပြောလိုက်သည်။
အတွင်းထဲတွင် ရှမ့်လန်ကို အန္တရာယ်ပြုမည့် ယန္တရားများ ပါရှိမည်ကို စိုးရိမ်သောကြောင့် သူမက ရှေ့တိုးကာ သေတ္တာကို ဖွင့်လိုက်ခြင်းပက်။ သို့သော်ငြား သေတ္တာထဲတွင် ဘာမျှ မရှိဘဲ ဟာလာဟင်းလင်း ဖြစ်နေ၏။
‘ရတနာ ဘယ်မှာလဲ။ နဂါးဥကော။ ဘာလို့ ဘာမှ မရှိရတာလဲ။ ကုဗတစ်မီတာလောက်ရှိတဲ့ သေတ္တာထဲမှာ ဘာမှ မရှိဘူးတဲ့လား။ ဒါ ဖြစ်သင့်ရဲ့လား။’
သို့သော်ငြား ရှမ့်လန်သည် အတွင်းထဲ၌ စာတစ်စောင်ကို လျင်မြန်စွာ တွေ့ရှိလိုက်သည်။ စာအိတ်ပေါ်တွင် ဘာမှ ရေးမထားပေ။ “ငါ့သားအတွက်” ဆိုသည်မျိုးပင် ရေးသားထားခြင်း မရှိချေ။ ရှမ့်လန်က စာအိတ်ကို ဖောက်ပြီး အတွင်းမှ စာရွက်ကို ထုတ်ယူလိုက်၏။ အင်ပါယာ ကျန်းလီ၏ လက်ရေးများ ပေါ်ထွက်လာသည်။
သူက ကျန်းလီ၏ ကိုယ်ပိုင်လက်ရေးကို မြင်ဖူးသည်။ အနောက်ဘက်ဒေသ ရှီလွန်နိုင်ငံ ဘုရင်မမြို့တော်၏ မြေအောက်ဂူသင်္ချိုင်းတွင် လက်ရေးမူတစ်ခု ရရှိခဲ့ဖူးသည်။ ၎င်းမှာ သူ့အဖေကျန်းလီက သူ့အစ်မ မင်းသမီးဟယ်လင် အတွက် ထားရစ်ခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်က ကျန်းလီ၏ လက်ရေးများသည် နဂါးပျံများ၊ ဖီးနစ်ငှက်များ ကခုန်နေသကဲ့သို့ ရှိသည်။ စာလုံးတိုင်းသည် မောက်မာမှုနှင့် ဓားအော်ရာများ ပြည့်နှက်နေပြီး စက္ကူပေါ်မှ ပျံထွက်လုမတတ် ရှိခဲ့၏။
သို့သော်ငြား ယခုလက်ရှိ စာရွက်ပေါ်မှ လက်ရေးများသည် များစွာတည်ငြိမ်နေပြီး အနည်းငယ် ပင်ပန်း နွမ်းနယ်နေပုံ ပေါက်သည်။ သူ့လက်ရေးပင် ဖြစ်သော်လည်း စာလုံးများသည် ကြွတက်မနေတော့ဘဲ လေးနက်မှုများ ပါဝင်နေသည်။ အချိန်အတော်ကြာမှ ရှမ့်လန်သည် လှုပ်ရှားနေသော စိတ်အစဉ်ကို ထိန်းချုပ်ကာ စာကို ဖတ်ရှုလိုက်သည်။
“ကလေး... မင်းက ယောက်ျားလေးလား။ မိန်းကလေးလား ငါမသိဘူး။ မင်း ရှိ၊ မရှိတောင် ငါ မသိဘူး။ ဒါပေမဲ့ မင်း ဒီစာကို ဖတ်နေရပြီဆိုရင် ငါ ရှုံးနိမ့်သွားပြီ၊ ဒီလောကမှာ မရှိတော့ဘူး ဆိုတဲ့ အဓိပ္ပာယ်ပဲ။”
ပထမဆုံး စာပိုဒ်ကို ဖတ်လိုက်သည်နှင့် ရှမ့်လန်၏ နှလုံးသားသည် အနည်းငယ် တုန်လှုပ်သွားရသည်။ လူတိုင်း၏ အမြင်တွင် ကျန်းလီသည် စိတ်ဓာတ်ကြံ့ခိုင်ပြီး အောင်နိုင်မည်ဟူသော ယုံကြည်ချက် အပြည့်ရှိသူ ဖြစ်သည်။ သို့သော်ငြား ဤစာကို ကြည့်ခြင်းအားဖြင့် သူသည် သူ၏ ဆိုးရွားသော ကံကြမ္မာကို ကြိုတင် မြင်တွေ့နေပုံ ရ၏။
“မင်းက ငါ့ရဲ့ လုပ်ငန်းဆောင်တာတွေကို ဆက်မခံဘဲ သာမန်လူတစ်ယောက် အနေနဲ့ အေးအေးချမ်းချမ်း နေသွားရင် ကောင်းမွန်ပေမဲ့ ဒီစာကို ဖတ်နေရပြီဆိုရင် မင်း ငါ့လမ်းစဉ်ကို လိုက်နေပြီ ဆိုတဲ့ အဓိပ္ပာယ်ပဲ။ ဖခင်တစ်ယောက် အနေနဲ့ အောင်မြင်မှုဆီ ဘယ်လို လျှောက်လှမ်းရမလဲ၊ ကျရှုံးမှုကို ဘယ်လို ရှောင်ရှားရမလဲ ဆိုတာကို အနှစ်ချုပ်ပြီး ပြောပြချင်တယ်။
ဒါပေမဲ့ ဘယ်လောက်ပဲ စဉ်းစား၊ စဉ်းစား စာတစ်ဝက်တောင် ရေးလို့ မထွက်ဘူး။ လူတစ်ယောက်က စီးပွားရေး အသေးစားလေး လုပ်တဲ့အခါ ဘာကြောင့် အောင်မြင်လဲဆိုတာ သူတို့ကိုယ်တိုင် မသိကြဘူး။ ကျရှုံးတဲ့အခါကျရင်လည်း ဘာကြောင့် ကျရှုံးမှန်း မသိကြပြန်ဘူး။ အဲလို သဘောပဲ။”
ကျန်းလီ၏ စကားများသည် မှန်ကန်လွန်းလှသည်။ ဤလောကကြီးသည် ထိုသို့ပင် ဖြစ်လေ့ရှိ၏။ စီးပွားရေး အသေးစားလေးများ အောင်မြင်ခြင်းသည် လေသင့်၍ ဖြစ်တတ်သည်။ လေလာလျှင် ဝက်များပင် ပျံသန်းနိုင်သည်။ လေငြိမ်သွားလျှင် စွန်များပင် ပြုတ်ကျတတ်သည်။
“ဒါပေမဲ့ ငါတို့ လုပ်ဆောင်နေတာက စီးပွားရေး အကြီးစားကြီး။ ဒီလောကမှာ အကြီးကျယ်ဆုံးသော အလုပ်ပဲ။ ငါသာ ရှုံးနိမ့်ခဲ့ရင် အကြောင်းရင်း တစ်ခုတည်းပဲ ရှိတယ်။ အဲဒါက ငါ့ကံကြမ္မာအချိန်အခါ မရောက်သေးလို့ပဲ။ ငါ့အစီအစဉ် အများစုက နောက်ထပ် ဆယ်စုနှစ်အနည်းငယ်ကြာမှ အသီးအပွင့် ခံစားရမဲ့ အရာတွေ။ ဒါပေမဲ့ ရန်သူတွေက ငါ့ကို ဆယ်စုနှစ်ချီပြီး အချိန်ပေးမှာ မဟုတ်ဘူး။”
ဤစာကြောင်း တစ်ကြောင်းတည်းနှင့်ပင် ရှမ့်လန် ဆဲရေးချင်စိတ် ပေါက်သွားသည်။ ကျန်းလီသည် လွန်ခဲ့သော ဆယ်စုနှစ်များစွာက မဟာဗျူဟာ မည်မျှ ချမှတ်ခဲ့သနည်း။
နောက်ဆုံးတွင် ထိုအရာအားလုံးသည် တော်ဝင်ရန်အင်ပါယာနှင့် အခြား အင်အားကြီးဂိုဏ်းများ အတွက် အကျိုးရှိသွားစေခဲ့သည်။
“ဒီအစီအစဉ်တွေ အားလုံး မင်းလက်ထဲ ရောက်ချင်မှ ရောက်လိမ့်မယ်။ ဒါပေမဲ့ ဖခင်တစ်ယောက်အနေနဲ့ ငါ မင်းအတွက် အကြီးမားဆုံးသော အမွေအနှစ် တစ်ခု ချန်ထားခဲ့တယ်။ ဒီအမွေအနှစ်က ငါပိုင်ဆိုင်သမျှ အရာ အားလုံးထက် သာလွန်သလို တော်ဝင်ချန်အင်ပါယာ တစ်ခုလုံးထက်တောင် တန်ဖိုးရှိတယ်။”
ရှမ့်လန် အံ့သြမှင်သက်သွားမိသည်။ ‘ဒီလောက်ထိ အံ့မခန်း အမွေအနှစ်လား။ ဘာများ ဖြစ်မလဲ။ ဒီလောကမှာ မဟာချန်အင်ပါယာ တစ်ခုလုံးထက် ပိုတန်ဖိုးရှိတာ ရှိသေးလို့လား။’
ရှိပေသည်။ ရှမ့်လန်အတွက် အင်ပါယာတစ်ခုသည် တန်ဖိုး သိပ်မရှိလှပေ။ သူ့တာဝန်သည် လက်စားချေရန်နှင့် တော်ဝင်ရန်အင်ပါယာကို အနိုင်ယူရန် ဖြစ်သည်။ ဤရည်မှန်းချက်ကို ပြည့်မြောက်အောင် ကူညီနိုင်သရွေ့ ထိုအရာသည် တန်ဖိုးအရှိဆုံး အရာဖြစ်ပေမည်။
“ဖခင်တစ်ယောက် အနေနဲ့ ငါ့မှာ အရိပ်တစ်ခု ရှိတယ်။ သူ့နာမည်က ကွေ့ဝူ။ သူက အမြဲတမ်း အရိပ်ထဲမှာပဲ ပုန်းအောင်း နေတတ်တယ်။ ငါမွေးဖွားလာတည်းက ငါ့ကို ကာကွယ်ပေးခဲ့တဲ့သူ။ ငါနဲ့ ခွဲလို့မရတဲ့သူပေါ့။”
“ကွေ့ဝူ...”
ရှမ့်လန် ဤနာမည်ကို တစ်ခါမျှ မကြားဖူးပေ။ အတိုင်းအတာတစ်ခုအထိ ပြောရလျှင် ရွှယ်ရင်သည် ကျန်းလီ၏ တပည့်အရင်း ဖြစ်သည်။ သို့သော်ငြား သူမဆီမှ ကွေ့ဝူအကြောင်း တစ်ခါမှ မကြားဖူးပေ။
“ဖခင်တစ်ယောက်အနေနဲ့ ငါက ကွေ့ဝူကို အဲဒီ အတန်ဖိုးအရှိဆုံး အမွေအနှစ်ကိုယူပြီး အရှေ့ဘက်လောက ကနေ အနောက်ဘက်လောကဆီ သွားခိုင်းလိုက်တယ်။ ဒီအရာက တော်ဝင်ရန်အင်ပါယာကို အနိုင်ယူမယ့် သော့ချက်ပဲ။ မင်း အရွယ်ရောက်လာတဲ့အခါ ဒီအရာကလည်း ကြီးထွားလာပြီး မဟာဗျူဟာမြောက် လက်နက်တစ်ခု ဖြစ်လာလိမ့်မယ်။”
‘ကြီးထွားလာနိုင်တယ်လား။ ပြီးတော့ မဟာဗျူဟာမြောက် လက်နက်တဲ့လား။ ဘာများ ဖြစ်နိုင်မလဲ။’
ရှမ့်လန် ပထမဆုံး တွေးမိသည်မှာ နဂါးပင် ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် နဂါးဥသည် သူ့စိတ်ထဲတွင် အလွန် စွဲထင်ကျန်ရစ်နေသောကြောင့် ဖြစ်၏။
မီးနဂါးကြယ်တံခွန် မြေပြင်ပေါ်သို့ ပျက်ကျစဉ်က ကျဉ်းမြောင်းသော ချိုင့်ခွက်တစ်ခု ဖြစ်ပေါ်ခဲ့သည်။ ထိုအရာ၏ အကြေးခွံရာများသည် နဂါးဥနှင့် အမှန်တကယ် တူညီသည်။
ရှမ့်လန် ရဲရဲတင်းတင်း တွေးကြည့် လိုက်သည်။ အကယ်၍ ထိုစဉ်က ကျန်းလီသည် နဂါးဥကို အမှန်တကယ် ရရှိခဲ့ပြီး အကောင်ပေါက်အောင် လုပ်နိုင်ခဲ့လျှင် အခြေအနေ မည်သို့ ရှိမည်နည်း။
အချိန်သည် လူကို မစောင့်ပေ။ အကောင်ပေါက်ကာစ နဂါးသည် တိုက်ခိုက်နိုင်စွမ်း သိပ်ရှိမည် မဟုတ်။ ကြီးထွားလာရန် အနည်းဆုံး ဆယ်စုနှစ်အနည်းငယ် လိုအပ်မည် ဖြစ်သည်။ သို့သော်ငြား ရန်သူများက ကျန်းလီကို ထိုမျှလောက် အချိန်ပေးမည် မဟုတ်ပေ။ သူနှင့် တော်ဝင်ရန်အင်ပါယာကြား နောက်ဆုံးတိုက်ပွဲ စတင်တော့မည် ဖြစ်သည်။ ထို့ကြောင့် ကျန်းလီက သူ့ကံကြမ္မာအချိန်အခါ မရောက်သေးဟု စိတ်လျော့ခဲ့ခြင်း ဖြစ်နိုင်၏။
သို့သော်ငြား ကျန်းလီ၏ အတန်ဖိုးအရှိဆုံး အမွေအနှစ်သည် နဂါးတစ်ကောင်သာ အမှန်တကယ် ဖြစ်ခဲ့လျှင် ၎င်းသည် လောကနိယာမကို ဆန့်ကျင်သည့် အရာ ဖြစ်ပေလိမ့်မည်။ တော်ဝင်ရန်အင်ပါယာကို အနိုင်ယူမည့် စစ်မှန်သော မဟာဗျူဟာမြောက် လက်နက် ဖြစ်လာပေလိမ့်မည်။
“ကွေ့ဝူက အနောက်ဘက်ဒေသ မီးလျှံမြို့တော်မှာ ရှိတယ်။ ငါ့ရဲ့ ဆက်ခံသူ ... မင်း သူ့ကို ရှာပြီး ငါ့အမွေအနှစ်ကို ယူဆောင်နိုင်တယ်။ မှတ်ထားပါ။ ငါ့အမွေအနှစ်ကို မရခင် တော်ဝင်ရန်အင်ပါယာကို မတိုက်ခိုက်မိပါစေနဲ့။ သတိထားပါ၊ သတိထားပါ။””
မီးလျှံမြို့တော်... ရှမ့်လန်သည် အနောက်ဘက်ဒေသတွင် အချိန်အကြာကြီး နေထိုင်ခဲ့သော်လည်း မီးလျှံမြို့တော်ဟူသော အမည်ကို တစ်ခါမှ မကြားဖူးပေ။
“နောက်ဆုံးအနေနဲ့ ငါသေဆုံးသွားခဲ့ရင် ငါ့သေဆုံးမှု အကြောင်းရင်းကို စုံစမ်းဖို့ မကြိုးစားပါနဲ့။ ငါ့အတွက် လက်စားချေဖို့ မစဉ်းစားပါနဲ့။ လူသတ်တရားခံဆိုတာကိုလည်း လိုက်မရှာပါနဲ့။ မှတ်ထားပါ၊ သတိထားပါ။ နောက်ဆုံး ငါ့စိတ်ထဲမှာ မင်းပုံရိပ်ကို မှန်းဆကြည့်မိတယ်။”
ဤစာကြောင်းများက စာ၏ နောက်ဆုံး စာသားများ ဖြစ်၏။ ဤသည်မှာ စာတစ်စောင် သက်သက် မဟုတ်။ ကျန်းလီ၏ သေတမ်းစာဟု ပြောလျှင် ရသည်။ သူသည် မည်သည့် စိတ်ခံစားမှုကိုမှ ထုတ်မပြလိုသော်လည်း နောက်ဆုံးတွင် မထိန်းချုပ်နိုင်တော့ပေ။ ရှမ့်လန်သည် နောက်ဆုံးစာကြောင်းများကို အချိန်ကြာမြင့်စွာ ငေးကြည့်နေမိသည်။
ဤစာကို ဖတ်ပြီးနောက် ရှမ့်လန်သည် ခံစားချက် တစ်ခုတည်းကိုသာ ရရှိလိုက်သည်။ အဆိုးမြင်ခြင်း၊ စိတ်ပျက်အားငယ်ခြင်းနှင့် မျှော်လင့်ချက် ရောင်ခြည် မှေးမှိန်ခြင်း တို့ပင်။ ကျန်းလီသည် မိမိ၏ ရှုံးနိမ့်မှုနှင့် သေဆုံးမှုကိုပါ ကြိုတင် မြင်တွေ့ခဲ့ပုံရသည်။ ထို့အပြင် သူ့သား မွေးဖွားလာမည်လား၊ အသက်ရှင် ကျန်ရစ်မည်လား ဆိုသည်ပင် မသေချာပေ။
ဤသေတမ်းစာတွင် သူသည် စိတ်ခံစားချက်အားလုံးကို အတတ်နိုင်ဆုံး ဖိနှိပ်ထားခဲ့သည်။ ဤသည်မှာ သူ့စရိုက် မဟုတ်ပေ။ သို့သော်ငြား သူ ရုတ်တရက် သေဆုံးရခြင်း လျှို့ဝှက်ချက်ကဲ့သို့သော အရာများကို ရိပ်မိသွားမည် စိုး၍ ဖြစ်နိုင်၏။
ထို့အပြင် ဤစာထဲတွင် အနောက်ဘက်ဒေသ မီးလျှံမြို့တော်၏ တည်နေရာကို မပြောထားသလို ကွေ့ဝူကို မည်သို့ရှာရမည် ဆိုသည်ကိုလည်း ထည့်မရေးထားပေ။ သူ့အမွေအနှစ်က ဘာလဲဆိုတာကိုလည်း တိတိကျကျ မပြောထားပေ။ ဤသည်က ဘာကို သက်သေပြနေသနည်း။
ဤစာသည် ရှမ့်လန်လက်ထဲ သေချာပေါက် ရောက်မည်ဟု အာမခံချက် မပေးရဲသောကြောင့် အလွန်အမင်း ရှင်းလင်းအောင် မရေးရဲခဲ့ခြင်း ဖြစ်နိုင်သည်။ ထိုစဉ်က ကျန်းလီ၏ အခြေအနေသည် အလွန် ဆိုးရွားနေပြီ ဖြစ်ကြောင်း ထင်ရှားသည်။ သို့သော်ငြား လောကအမြင်တွင် ကျန်းလီသည် ပြိုင်ဘက်ကင်း ဖြစ်နေဆဲ ဖြစ်၏။ သူသာ ရုတ်တရက် မသေဆုံးခဲ့လျှင် အကြွင်းမဲ့ အောင်ပွဲ ရရှိတော့မှာ ဖြစ်သည်။ တော်ဝင်ရန်အင်ပါယာ ကိုပင် အနိုင်ယူ ဖျက်ဆီးနိုင်တော့မည်။
‘အကြောင်းရင်းက ဘာလဲ။ ဘာကြောင့် သူ ဒီလောက် အဆိုးမြင်နေရတာလဲ။’
ရှမ့်လန်သည် စာကို ထပ်ခါတလဲလဲ ဖတ်ရှုပြီး အလင်းရောင်တွင် ထောင်ကြည့်ကာ လျှို့ဝှက်စာကြောင်းများ ပါမပါ စစ်ဆေး ကြည့်သည်။ သို့သော်ငြား ဘာမှ မရှိပေ။ စာတွင် ပါသည်မှာ ဤမျှသာ ဖြစ်၏။
ရှမ့်လန်သည် ထပ်ခါထပ်ခါ ဖတ်ရှုပြီး ဦးနှောက်ထဲတွင် မှတ်တမ်းတင်ထားလိုက်သည်။ မိနစ်အနည်းငယ် ကြာချိန်မှာတော့ စာရွက်သည် ရုတ်တရက် မီးထလောင်သည်။ တားဆီး၍ မရနိုင်တော့ပေ။ တစ်ခဏ အတွင်းမှာပဲ စာတစ်စောင်လုံး ပြာကျသွားသည်။
ရှမ့်လန်သည် အသံမထွက်ဘဲ ကြာမြင့်စွာ ကြောင်ငေးနေမိ၏။
ရုတ်တရက် ချောင်ယောင်းအာက မေးလိုက်သည်။ “ရှင် ဒီနေရာကို ရောက်လာမယ်ဆိုတာ အရှင်ကျန်းလီက ဘယ်လိုလုပ် သိနေတာလဲ။”
ရှမ့်လန် ခေါင်းခါလိုက်သည်။ အချို့သော အသေးစိတ် အချက်အလက်များကို သူ မတွေးတောလိုပေ။ အဘယ့်ကြောင့်ဆိုသော် အမှန်တရားသည် ကြမ်းတမ်းခက်ထန်သော သားရဲတစ်ကောင်နှင့် တူလှသောကြောင့်ပင်။
သို့သော်ငြား ရှမ့်လန် အမှန်တကယ် သိလိုသော အချက်တစ်ချက် ရှိနေသည်။ ဤစာ မည်မျှရှိသနည်း။ တစ်စောင်တည်းသာ ရှိခြင်းလား။ သို့မဟုတ် မိတ္တူအများအပြား ရှိနေသည်လား။ ကျန်းလီ သွားရောက် ခဲ့သော ရှေးဟောင်းအမွေအနှစ် နေရာတိုင်း၏ အနက်ရှိုင်းဆုံး လျှို့ဝှက်ခန်းများတွင် ဤကဲ့သို့ သေတ္တာ တစ်လုံးစီ ရှိနေနိုင်သည်လား။ ရှမ့်လန်အနေဖြင့် ထိုနေရာများထဲမှ တစ်နေရာရာသို့ ရောက်ရှိသွားရုံဖြင့် ဤသေတမ်းစာကို မြင်တွေ့နိုင်မည်လား။
‘အနောက်လောက၊ မီးလျှံမြို့တော်၊ ကွေ့ဝူ၊ နဂါး... ဟုတ်လား။’
ဤသော့ချက်စာလုံးများသည် ရှမ့်လန်၏ စိတ်ထဲတွင် ပေါ်ထွက်လာသော်လည်း မည်သို့ပင်ဖြစ်စေ ယခုအချိန်တွင် သူသည် အနောက်လောကသို့ မသွားနိုင်သေးပေ။ တော်ဝင်ရန်အင်ပါယာကို မဆိုထားနှင့်၊ စေတီတောင်နှင့် ရင်ကွမ်းကိုပင် သူ မချေမှုန်းရသေးပေ။
ထို့အပြင် အလွန် အရေးကြီးသော အချက်တစ်ချက် ရှိနေသေးသည်။ ကျန်းလီ၏ သေတမ်းစာတွင် ကျောက်စိမ်းဖြူမြို့တော်အကြောင်း အဘယ်ကြောင့် လုံးဝ မပါဝင်ရသနည်း။ ဤသည်မှာ ပုံမှန် မဟုတ်ပေ။ ကျောက်စိမ်းဖြူမြို့တော်သည် ကျန်းလီအတွက် အလွန် အရေးပါသောနေရာ ဖြစ်သည် မဟုတ်ပါလား။
ရှမ့်လန်သည် ကြမ်းပြင်ပေါ်တွင် လဲလျောင်းရင်း မျက်နှာကြက်ကို ငေးမောကာ တွေးတောနေမိသည်။ ဤနေရာရှိ အရာအားလုံးကို ရှေးဟောင်းကျောက်သားများဖြင့် ထွင်းထုထားပြီး နေရာတိုင်းတွင် မြွေရုပ်များ ရှိနေသည်။ မြွေတစ်သောင်းလှိုဏ်ဂူကို ထားလိုက်ပါတော့။ ကျင်းကန်တောင်ရှိ ဘုရားကျောင်းတွင်လည်း လူမျက်နှာ မြွေကိုယ်ခန္ဓာပုံစံကို ကိုးကွယ်ထားကြသည်။ အလွန် ထူးဆန်းလှ၏။
ချောင်ယောင်းအာက မေးလိုက်သည်။ “နဂါးဓားက ဂိုဏ်းချုပ်ရန်လက်ထဲ ရောက်သွားပြီ။ ကျွန်မတို့ ဘာဆက်လုပ်ကြမလဲ။”
ရှမ့်လန် ခေါင်းခါပြီး ပြောလိုက်၏။ “မဟုတ်ဘူး။ အဲဒါ နဂါးဓား မဟုတ်ဘူး။”
အပိုင်း (၁၁၁၀)
ချောင်ယောင်းအာက ပြောလိုက်သည်။ “မဟုတ်ဘူး ဟုတ်လား။ ဒါပေမဲ့ အဲဒီဓားက အရမ်း ဆန်းကြယ်တယ်နော်။ နဂါးဓားရဲ့ အင်္ဂါရပ်တွေနဲ့လည်း ကိုက်ညီနေတာပဲ။”
မှန်ပေသည်။ နဂါးနှလုံးသားကို ရှေးဟောင်းအင်ပါယာ ကျန်းမင်းဆက်၏ သစ္စာဖောက် ကိုယ်ခန္ဓာပေါ်တွင် တပ်ဆင်ထားခဲ့သည်။ ထို့အပြင် ထိုသစ္စာဖောက်သည် ကျန်းမင်းဆက်မှ ဖြစ်ကြောင်း ရှင်းလင်းစွာ ရေးသားထားခဲ့၏။
သို့သော်ငြား ကျင်းကန်တောင် ရှေးဟောင်းအမွေအနှစ် ဘုရားကျောင်းနှင့် ရှေးဟောင်းရင်ပြင်ရှိ ကျောက်ခေါင်းတလားတို့မှ ဘုရင်နှစ်ပါး၏ ဝတ်စုံများနှင့် သရဖူများကို ကြည့်ခြင်းအားဖြင့် သူတို့သည် အင်ပါယာများ မဟုတ်ဘဲ ဘုရင်များသာ ဖြစ်ကြောင်း ရှမ့်လန် အသေအချာ တွေ့မြင်ခဲ့ရသည်။ ဤသည်က ဘာကို သက်သေပြနေသနည်း။ သူတို့ ထီးနန်းဆုံးရှုံးခဲ့ရသည် ဆိုလိုခြင်းလား။ အကြီးမားဆုံးသော သစ္စာဖောက်ကြောင့် ရှေးဟောင်းကျန်းကလန် ထီးနန်းဆုံးရှုံးခဲ့ရခြင်းလား။
မည်သို့ပင်ဆိုစေကာမူ ဤပုဂ္ဂိုလ်သုံးဦးစလုံးသည် ရှေးဟောင်းကျန်းကလန်မှ ဖြစ်ကြသည်မှာ ယုံမှားဖွယ် မရှိပေ။ သစ္စာဖောက်သည် အစောဆုံးခေတ်မှ ဖြစ်ပြီး၊ ထို့နောက်မှ ကျောက်ခေါင်းတလားထဲမှ ရှေးဟောင်းဘုရင်နှင့် ် ဘုရားကျောင်းထဲ၌ ဒူးထောက်နေသော ရှေးဟောင်းဘုရင်တို့ ဖြစ်နိုင်သည်။
ဤပုဂ္ဂိုလ်သုံးဦးသည် မျိုးဆက်သုံးဆက် ဖြစ်လိမ့်မည်ဟု ရှမ့်လန် ရဲရဲတင်းတင်း ခန့်မှန်းလိုက်သည်။ နဂါးနှလုံးသားသည် ကျန်းကလန် သစ္စာဖောက်၏ ကိုယ်ခန္ဓာတွင် ရှိနေပြီး ရှေးဟောင်းဘုရင် လက်စွပ်သည် ကျန်းကလန်၏ နောက်ဆုံးဘုရင် လက်ထဲတွင် ရှိနေသည်။ ထို့ကြောင့် နဂါးဓားသည် ကျောက်ခေါင်းတလား ထဲမှ ဘုရင်၏ ကိုယ်ခန္ဓာတွင် ရှိနေသင့်ပြီး မြှုပ်နှံခံရချိန်၌ ထိုဓားကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ထားခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် မည်သို့ပင် ကြည့်စေကာမူ ထိုဓားသည် နဂါးဓား ဖြစ်သင့်သော်လည်း ရှမ့်လန်က မဟုတ်ဟု ငြင်းဆိုနေ၏။
ရှမ့်လန်က ပြောလိုက်သည်။ “နဂါးဓား ဆိုတာက ငါ့ရဲ့ ခန့်မှန်းချက် သက်သက်ပါပဲ။ ဒီကိရိယာ အစုံအလင်မှာ သုံးခုရှိတယ်လို့ ကျုပ် ခံစားမိတယ်။ နောက်ထပ် လက်နက်တစ်ခု ရှိကို ရှိရမယ်။ ဒါပေမဲ့ ဓားလား၊ ဓားမော့လား၊ တခြားအရာလား ဆိုတာတော့ လုံးဝ မသိရသေးဘူး။ ငါ့လက်ထဲ ရောက်မှသာ သေချာပေါက် ပြောနိုင်လိမ့်မယ်။ ဒါပေမဲ့ အဲဒီရွှေဓားကတော့ နဂါးဓား မဟုတ်တာ သေချာတယ်။ ကိုင်ကြည့်လိုက်တာနဲ့ ကျုပ် သိတယ်။ တန်ဖိုးရှိတာ မှန်ပေမယ့် အဲဒါ နဂါးဓား မဟုတ်ဘူး။”
ဤအချိန်တွင် အချိန်သည် လူကို မစောင့်ကြောင်း ရှမ့်လန် အမှန်တကယ် ခံစားလိုက်ရသည်။ သူသည် ဖွံ့ဖြိုးတိုးတက်ရန် အချိန်အလုံအလောက် လိုချင်သည်။ ရှေးစကားအတိုင်း ဖြည်းဖြည်းချင်း ဖွံ့ဖြိုးတိုးတက်ပြီး မဆင်မခြင် မလုပ်လိုပေ။
သို့သော်ငြား ရန်သူက သူ့အား အချိန်ပေးမည် မဟုတ်။ ယခုတစ်ကြိမ်တွင် ရင်ကွမ်းနှင့် စေတီတောင်တို့သည် အကြီးအကျယ် ရှုံးနိမ့်ခဲ့ရသည်။ ရှမ့်လန်ကို မဖမ်းမိရုံသာမက မင်းသားကျင်းနှင့် လူပေါင်း သောင်းချီကိုလည်း လွတ်မြောက်ခွင့် ပေးလိုက်ရသည်။ တောင်ပင်လယ် ရှေးဟောင်းအမွေအနှစ် နေရာကြီးတစ်ခုလုံး ပြိုကျ ပျက်စီးသွားပြီး ထိခိုက်သေဆုံးမှုများစွာ ရှိခဲ့သည်။
သူတို့ ဘာလုပ်ကြမည်နည်း။ သေချာပေါက် လက်စားချေပေလိမ့်မည်။ အကြမ်းတမ်းဆုံး လက်စားချေမှု ပြုလုပ်ပေလိမ့်မည်။
ရင်ဝူမင်၏ တပ်တော်သည် လက်ရှိတွင် ချောင်ပြည်နယ် မြောက်ဘက်နယ်စပ်၌ ရှိနေသည်။ သင်သာဆိုလျှင် ဘာလုပ်မည်နည်း။ ချောင်ပြည်နယ်ထဲသို့ တိုက်ရိုက် ဝင်ရောက်ပြီး မြို့တော်ကို ဖျက်ဆီးပစ်နိုင်ပေသည်။ သို့သော်ငြား နိုင်ငံသုံးနိုင်ငံအနက် ရွှဲ့ပြည်နယ်သည် ရှမ့်လန်နှင့် ဆက်ဆံရေး အနီးစပ်ဆုံး ဖြစ်သည်။ သူတို့ လက်စားချေလိုလျှင် ရွှဲ့ပြည်နယ် မြို့တော်ကို ဖျက်ဆီးခြင်းဖြင့် ရှမ့်လန်ကို အနာကျင်ရဆုံးသော တိုက်ခိုက်မှုအဖြစ် ပြုလုပ်ပေလိမ့်မည်။
ရှမ့်လန်က ပြောလိုက်သည်။ “သွားကြစို့။ ဒီနေရာကနေ မြန်မြန် ထွက်ကြရအောင်။ မထင်မှတ်ထားတာတွေ မဖြစ်လာရင် ရင်ဝူမင်ရဲ့တပ်တော်က ငါတို့ကို အရူးအမူး လက်စားချေဖို့ တောင်ဘက်ကို ဦးတည် ချီတက်နေ လောက်ပြီ။”
ဤနေရာသည် မြွေတစ်သောင်းလှိုဏ်ဂူ၏ အနက်ရှိုင်းဆုံး ကျောက်ခန်းမ ဖြစ်သည်။ ဂူသင်္ချိုင်းတစ်ခု ဖြစ်နိုင်၏။ အဘယ့်ကြောင့်ဆိုသော် ရှမ့်လန်သည် ကျောက်ခေါင်းတလား တစ်ခုကို တွေ့ရှိခဲ့သော်လည်း အတွင်း၌ ဟာလာဟင်းလင်း ဖြစ်နေသောကြောင့်ပင်။
သူ့ခန့်မှန်းချက် မမှားလျှင် ဤနေရာသည် ရှေးဟောင်းကျန်းကလန် အင်ပါယာ တစ်ပါးပါး၏ ဂူသင်္ချိုင်း ဖြစ်သင့်သည်။ သို့သော်ငြား အဘယ့်ကြောင့် ရုပ်အလောင်း မရှိရသနည်း။ သို့သော်ငြား ထိုသို့သာ ဖြစ်ခဲ့လျှင် ကျန်းလီက သူ့သေတမ်းစာကို ဤနေရာ၌ ထားခဲ့ခြင်းမှာ တိုက်ဆိုင်မှု မဟုတ်ပေ။ ရှမ့်လန်သည်လည်း ကျန်းကလန် တော်ဝင်မိသားစု၏ မျိုးဆက်တစ်ဦး ဖြစ်ရာ ဘိုးဘေး၏ ဂူသင်္ချိုင်းကို ရှာတွေ့ခြင်းမှာ ဖြစ်သင့်သော ကိစ္စပင်။
ဤကျောက်ခေါင်းတလားသည် ဟာလာဟင်းလင်း ဖြစ်နေသော်လည်း ယခုအခါ အလောင်းတစ်လောင်း ရှိနေပြီ ဖြစ်သည်။ ၎င်းမှာ ရှေးဟောင်းရင်ပြင်ရှိ ကျောက်ခေါင်းတလားထဲမှ ရှေးဟောင်းဘုရင်၏ ရုပ်အလောင်း ဖြစ်၏။
ရှမ့်လန်က ယင်ယန်လမ်း အိပ်မက်ဆိုးကျောက်တုံး ခလုတ်ကို နှိပ်လိုက်စဉ်က ဤရုပ်အလောင်းသည် သူနှင့်အတူ ပါလာခဲ့ခြင်း ဖြစ်သည်။ ထို့နောက် ချောင်ယောင်းအာက ထိုရုပ်အလောင်းကို သယ်ဆောင်ကာ ရှေးဟောင်းဘုရင်၏ အထူးလမ်းကြောင်းအတိုင်း ကီလိုမီတာ နှစ်ထောင်ကျော် ခရီးနှင်ပြီး ဤနေရာသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် ရုပ်အလောင်းသည် ပုပ်သိုးခြင်းမရှိဘဲ သက်ရှိကဲ့သို့ လတ်ဆတ်နေဆဲ ဖြစ်သည်။
“သူ့ကို ဒီသေတ္တာကြီးထဲ ထည့်လိုက်။” ရှမ့်လန် ပြောလိုက်၏။
ချောင်ယောင်းအာသည် ရှေးဟောင်းကျန်းကလန် ဘုရင်၏ ရုပ်အလောင်းကို သေတ္တာထဲသို့ ထည့်လိုက်သည်။
ထို့နောက် ရှမ့်လန်သည် ဂူသင်္ချိုင်းကို လေ့လာကာ မည်သို့ ဖွင့်ရမည်၊ မည်သို့ ထွက်ခွာရမည်ကို ကြံဆသည်။
........................
ဂူသင်္ချိုင်းသည် သိပ်မကြီးလှပေ။ စတုရန်းမီတာ တစ်ရာခန့်သာ ရှိသည်။ နံရံများနှင့် ကြမ်းပြင်တွင် လူမျက်နှာ မြွေကိုယ်ခန္ဓာပုံစံ ရုပ်ကြွများ ထွင်းထုထားသည်။ ဤသည်မှာ ရှေးဟောင်းကျန်းကလန် ကိုးကွယ်ခဲ့သော တိုတမ် (Totem) ဖြစ်နိုင်၏။ [Totem ဆိုသည်မှာ ရှေးမျိုးနွယ်စုများ၏ တစ်စုံတစ်ခုသော ကိုးကွယ်ရာဖြစ်သည်။ ဥပမာ - သစ်ပင် ၊ ကျား ၊ ခြင်္သေ့ ၊ မြွေပင် ဖြစ်နိုင်သည် - ဘာသာပြန်သူ]
သို့သော်ငြား မည်သည့် ယန္တရားမှ မရှိ၊ ဝင်ပေါက် ထွက်ပေါက်လည်း မရှိပေ။ အလွန် ထူးဆန်းလှသည်။ အိပ်မက်ဆိုးကျောက် ခလုတ်များ မရှိ၊ လက်ဝါးရာများ မရှိ၊ ဘာမှ မရှိပေ။
“ဘယ်လို ဖွင့်ရမလဲ။ ဘယ်လို ထွက်ရမလဲ။”
ရှမ့်လန်သည် အချိန်ကြာမြင့်စွာ လေ့လာခဲ့ပြီး ရုပ်ကြွများပေါ်ရှိ အပေါက်များနှင့် မျက်လုံးများကို ရှာဖွေကြည့်သော်လည်း အရာမထင်ခဲ့ပေ။ သူ ဒီမှာ ပိတ်မိနေပြီလား။ မဖြစ်နိုင်ပေ။ အင်ပါယာ ကျန်းလီသည် ဤနေရာသို့ ဝင်ထွက်သွားလာခဲ့ဖူးသည်။
ထိုစဉ် နှင်းကဲ့သို့ ဖြူဖွေးသော မြွေတစ်ကောင် တွားသွားလာသည်။ ထိုမြွေကို သူ ရင်းနှီးနေသည်။ ထိုမြွေသည် ရှမ့်လန်ရှေ့သို့ ရောက်လာပြီး ခေါင်းထောင်ကာ သူ့မျက်လုံးများကို စိုက်ကြည့်နေသည်။ မြွေတစ်သောင်း လှိုဏ်ဂူမှ မြွေဘုရင်ပင် ဖြစ်သည်။ ဦးခေါင်းပေါ်တွင် အမောက်ပါရှိပြီး နှင်းကဲ့သို့ ဖြူဖွေးသော ကိုယ်ခန္ဓာနှင့် အတူ ဆန်းကြယ်သော အရောင်အသွေးများ စုံလင်စွာ ရှိသည်။ အမှောင်ထုထဲတွင် အလင်းရောင်များ ထွက်ပေါ်နေပြီး အားကောင်းသော စွမ်းအင် အရှိန်အဝါကို ထုတ်လွှတ်နေ၏။
မြွေဘုရင်သည် ရှမ့်လန်ကို မြင်လျှင် ကောင်းစွာ မှတ်မိနေသည်။ ပထမတစ်ကြိမ်တုန်းက ထိုမြွေဘုရင်သည် သူ့အနားမှ အလျှင်အမြန် ထွက်ခွာသွားသည်။ ထို့နောက် သိန်းချီသော မြွေအုပ်ကြီး သည်လည်း ရေစီးကြောင်းကဲ့သို့ လျှင်လျှင်မြန်မြန် ထွက်ခွာသွားခဲ့သည်။ သူတို့သည် ရှမ့်လန်နှင့် လေးစားသမှုဖြင့် ခပ်ခွာခွာ နေလိုသော သဘောထားမျိုး ရှိခဲ့သည်။ ယခုရော မည်သို့ဖြစ်မည်နည်း။
“မတွေ့ရတာ ကြာပြီပဲ။” ရှမ့်လန် နှုတ်ဆက်လိုက်ပြီး ၎င်း၏ လည်ပင်းကို ကိုင်ရန် လက်လှမ်းလိုက်သည်။
မြွေဘုရင်သည် အလွန် မောက်မာ၏။ လျှပ်စီးကဲ့သို့ လျင်မြန်စွာ ရှောင်တိမ်းလိုက်သော်လည်း ခဏအကြာတွင် ပြန်လည် ရပ်တန့်သွားပြီး ရှမ့်လန်အား သူ့လည်ပင်းကို ကိုင်ခွင့်ပြုလိုက်သည်။ မြွေဘုရင်၏ အကြည့်သည် သူ့လက်ချောင်းရှိ ရှေးဟောင်းဘုရင် လက်စွပ်ပေါ်သို့ ရောက်ရှိနေကြောင်း ရှမ့်လန် အာရုံခံမိလိုက်၏။
“ဒီနှစ်တွေမှာ နေကောင်းရဲ့လား။ မင်းရဲ့ နောက်လိုက်တွေကော အဆင်ပြေရဲ့လား။” ရှမ့်လန် မေးလိုက်သည်။
ဤရှေးဟောင်းအမွေအနှစ် တည်နေရာကို ကောင်းကင်ပင်လယ်နန်းဆောင်က သိမ်းပိုက်ခဲ့ပြီးနောက် စေတီတောင် က လုယူဖျက်ဆီးခဲ့ရာ ဤအဆိပ်ပြင်းမြွေ သိန်းပေါင်းများစွာ ထိခိုက်မှု ရှိ၊ မရှိ သူ မသိရပေ။
မြွေဘုရင်က သူ့ကို ပြန်မဖြေပေ။ ရှမ့်လန်၏ အထိအတွေ့ကို ခံယူပြီးနောက် လျှပ်စီးတန်းကဲ့သို့ တွားသွားကာ အပေါက်တစ်ပေါက်ထဲသို့ တိုးဝင်သွားသည်။ တစ်ချိန်တည်းမှာပင် အရောင်အသွေးစုံလင်သော မြွေကောင်ရေ သိန်းချီ ပေါ်ထွက်လာကြသည်။ သူတို့သည် နံရံအတွင်းပိုင်းသို့ အဆက်မပြတ် တိုးဝင်သွားကြ၏။
“ကလစ်... ကလစ်... ”
“ဒုန်း... ဒုန်း... ဒုန်း... ”
သော့ပေါင်းများစွာ ပွင့်သွားသကဲ့သို့ အသံများ ထွက်ပေါ်လာသည်။ ရှမ့်လန် လုံးဝ ကြောင်အသွားရသည်။ ကျန်းမင်းဆက်၏ ရှေးဟောင်းဂူသင်္ချိုင်းကို အိပ်မက်ဆိုးကျောက်ဖြင့် ဖွင့်ရသည် မဟုတ်ဘဲ မြွေတစ်သောင်း သော့ဖြင့် ဖွင့်ရလိမ့်မည်ဟု သူ ထင်မထားခဲ့မိပေ။ မြွေထောင်ပေါင်းများစွာသည် သော့ပင် ဖြစ်သည်။ ကျန်းမင်းဆက်မှ လူများကို အာရုံခံမိမှသာ သူတို့က ဤနေရာကို ဖွင့်ပေးခြင်း ဖြစ်သည်။
ခဏအကြာတွင် “ဝုန်း... ဝုန်း... ဝုန်း...”
ကျယ်လောင်သော အသံနှင့်အတူ ရှေ့မှ တံခါးတစ်ချပ် ဖြည်းညင်းစွာ ပွင့်သွားသည်။ ရှေ့တွင် မြစ်တစ်စင်း ရှိနေ၏။ မြေအောက်မြစ် ဖြစ်သည်။ မြွေတစ်သောင်းလှိုဏ်ဂူ အတွင်းတွင် မြေအောက်မြစ်တစ်စင်း ရှိသော်လည်း ထိုမြစ်ရေသည် ရှေးဟောင်းဂူသင်္ချိုင်းအတွင်းသို့ စီးဝင်ခြင်း မရှိပေ။
နှင်းကဲ့သို့ ဖြူဖွေးသော မြွေဘုရင်သည် အပေါက်ထဲမှ ထွက်လာပြီး မြေအောက်မြစ်ထဲသို့ ဦးဆောင် ဝင်ရောက်သွားသည်။ ချောင်ယောင်းအာက ဘယ်လက်ဖြင့် သေတ္တာကြီးကို သယ်ဆောင်ကာ ညာလက်ဖြင့် ရှမ့်လန်ကို ပွေ့ဖက်လျက် မြွေဘုရင်နောက်သို့ လိုက်ပါသွား၏။
“ဝုန်း... ဝုန်း... ဝုန်း...”
သူတို့နောက်မှ ဂူသင်္ချိုင်းတံခါးကြီးသည် ဖြည်းညင်းစွာ ပြန်ပိတ်သွားသည်။
မြွေဘုရင်၏ ဦးဆောင်မှုဖြင့် ချောင်ယောင်းအာသည် ရှမ့်လန်ကို ခေါ်ဆောင်ကာ မြေအောက်မြစ် ရေဆန် လမ်းကြောင်းအတိုင်း ကူးခတ်သွားသည်။ မူလက စေတီတောင်မှ စစ်သည်များနှင့် တွေ့ဆုံမည်ကို ရှမ့်လန် စိုးရိမ်ခဲ့သည်။ သို့သော်ငြား နောက်ပိုင်းတွင် ထိုစိုးရိမ်စိတ် ပျောက်ကွယ်သွား၏။ အဘယ့်ကြောင့်ဆိုသော် မြွေဘုရင်သည် မြေအောက်မြစ်ထဲတွင် အချိန်အကြာကြီး ကူးခတ်သွားခဲ့သောကြောင့်ပင်။
ခြောက်နာရီကျော်မျှ ကြာမြင့်ခဲ့၏။ ဤမျှ မြန်ဆန်းသော အရှိန်ဖြင့်ဆိုလျှင် ကီလိုမီတာ တစ်ရာ၊ နှစ်ရာခန့် ခရီးရောက်ခဲ့ပြီ ဖြစ်သည်။ ရှေးဟောင်းအမွေအနှစ် နယ်မြေ အကွာအဝေးကို ကျော်လွန်ခဲ့ပြီ ဖြစ်၏။ နောက်ဆုံးတွင် ရှေ့မှ မြွေဘုရင် ရပ်တန့်သွားသည်။ ရှေ့မှ မြေအောက်မြစ်သည် လမ်းဆုံးသို့ ရောက်ရှိသွားပြီး တံခါးတစ်ချပ် ပိတ်ဆို့ထား၏။
ရှမ့်လန် နောက်ထပ် ဆန်းကြယ်မှု တစ်ခုကို မြင်တွေ့လိုက်ရပြန်သည်။ တံခါးသည် လုံခြုံစွာ ပိတ်ထားပုံ ရသော်လည်း ရေများ အဆက်မပြတ် စိမ့်ထွက်နေသည်။ တံခါးပေါ်တွင်လည်း လူမျက်နှာ မြွေကိုယ်ခန္ဓာပုံ ရုပ်ကြွတစ်ခု ရှိနေသည်။ ကျင်းကန်တောင် ရှေးဟောင်းအမွေအနှစ် ဘုရားကျောင်းမှ ရုပ်ကြွနှင့် တစ်ပုံစံတည်း တူညီနေသည်။
မြွေဘုရင်သည် တံခါးပေါက်ရှိ အပေါက်ထဲသို့ တိုးဝင်သွားပြီး အတွင်းသို့ ကူးခတ်သွား၏။
“ကလစ်... ကလစ်...”
တံခါးအတွင်းမှ သော့များ ထပ်မံ ပွင့်သွားပြန်သည်။ ခဏအကြာတွင် တံခါးပွင့်သွား၏။ အပြင်ဘက်တွင် သာမန် မြစ်တစ်စင်း ရှိနေပြီး မြေပြင်ပေါ်သို့ ပြန်လည် ရောက်ရှိနိုင်ပြီ ဖြစ်သည်။
ရှမ့်လန်သည် မြွေဘုရင်ကို ကြည့်ကာ လက်ပြလိုက်၏။ “နှုတ်ဆက်ပါတယ်။”
မြွေဘုရင်သည် ရှမ့်လန်ကို တစ်ချက်ကြည့်ပြီးနောက် ကျောက်တံခါးက ဖြည်းညင်းစွာ ပြန်ပိတ်သွားသည်။ ၎င်းသည် မြွေတစ်သောင်းလှိုဏ်ဂူသို့ လျင်မြန်စွာ ပြန်လည် ကူးခတ်သွားသည်။ မြွေဘုရင်သည် ရှေးဟောင်းကျန်းကလန် ဂူသင်္ချိုင်း၏ အစောင့်အရှောက် ဖြစ်နေခဲ့သည်။ ၎င်း၏ မိသားစုသည် ဤဂူသင်္ချိုင်း ကို မျိုးဆက်ပေါင်းများစွာ စောင့်ရှောက်လာခဲ့ကြခြင်း ဖြစ်သည်။
............
သူတို့သည် မြစ်ထဲမှ ကူးခတ်ထွက်လာပြီး မြေပြင်ပေါ်သို့ ပြန်လည် ရောက်ရှိလာကြ၏။
ဤနေရာသည် သဲကန္တာရလူရိုင်းနယ်မြေ၏ မြောက်ဘက်ပိုင်းဖြစ်ပြီး ကျူးဟုန်ရွှဲ့၏ မီးတောက်များ နောက်ဆုံး လောင်ကျွမ်းခဲ့သော နေရာ ဖြစ်သည်။ ဤမျဉ်း၏ တောင်ဘက်ရှိ သစ်တောအားလုံး မီးလောင်ကျွမ်းခဲ့ရသည်။ ဤမျဉ်း၏ မြောက်ဘက်ရှိ သစ်တောအားလုံး မီးဘေးမှာ ကင်းလွတ်ကာ ကျန်ရစ်ခဲ့သည်။
ချောင်ယောင်းအာသည် ရှမ့်လန်ကို ပွေ့ချီကာ ပြေးလွှားသည်။ သူမ၏ အရှိန်သည် အလွန် ထိတ်လန့်ဖွယ် ကောင်းလှပြီး မည်သည့် မြင်းထက်မဆို ပိုမို မြန်ဆန်းသည်။ တစ်နာရီလျှင် မိုင်သုံး၊ လေးရာနှုန်းအထိ ရောက်ရှိနိုင်ပြီး အတွင်းအားကို မသုံးဘဲ သွေးမျိုးဆက်စွမ်းအားကိုသာ လုံးဝ အသုံးပြုထားခြင်း ဖြစ်သည်။ သူမသည် မောပန်းခြင်းဆိုသည်ကို မသိသည့်အလားပင်။
တစ်ရက်အတွင်းမှာပဲ သူတို့နှစ်ဦးသည် သဲကန္တာရလူရိုင်းနယ်မြေမှ ထွက်ခွာပြီး တောင်ပိုင်းနိုင်ငံတော်သို့ ဝင်ရောက်ခဲ့သည်။ နောက်ထပ် နေ့တစ်ဝက်အကြာတွင် ရွှဲ့ပြည်နယ် ထျန်းနန်ပြည်နယ်သို့ ဝင်ရောက် ခဲ့ကြ၏။
နောက်ထပ် နေ့တစ်ဝက်အကြာတွင် ရှမ့်လန်နှင့် ချောင်ယောင်းအာတို့သည် ရွှမ်ဝူနယ်စား အိမ်တော်သို့ ပြန်လည် ရောက်ရှိလာကြပြီ ဖြစ်သည်။
“အရှင့်ကို ဂါရဝပြုပါတယ်။”
“အရှင့်ကို ဂါရဝပြုပါတယ်။” စစ်သည် ရာပေါင်းများစွာက ညီညာစွာ ဒူးထောက် ဂါရဝပြုကြ၏။
ဤနေရာသည် ယခင်က သူ့အိမ်ဖြစ်ခဲ့သော်လည်း ပြန်ရောက်လာပြီးတည်းက ဤနေရာတွင် တစ်ခါမှ မတည်းခိုခဲ့ပေ။ ကျင်းကျိုးနှင့် ဇနီး၊ ကျင်းမူကုန်းတို့သည်လည်း ဤနေရာတွင် မနေခဲ့ကြပေ။ အချိန်အများစုတွင် သူတို့သည် နုရှောင့်မြို့၌သာ ရှိနေကြသည်။ ကျင်းမူလန် မရှိတော့သည့်အတွက် ဤအိမ်ဟောင်းက အိမ်နှင့် မတူတော့ပေ။ အတိတ်ကို သတိရခြင်းမှ ရှောင်ရှားရန် မည်သူမှ ဤနေရာတွင် မနေချင်ကြတော့။
“အရှင်... ရေနက်တပ်ဖွဲ့က အရေးပေါ် သတင်းပို့လာပါတယ်။ ရင်ဝူမင်ရဲ့ စစ်သည်သိန်းချီတဲ့ တပ်တော်ကြီးက ချောင်ပြည်နယ်ထဲကို ဝင်ရောက်နေပါပြီ။ ဒါပေမဲ့ သူတို့က ချောင်ပြည်နယ် မြို့တော်ကို မတိုက်ခိုက်ဘဲ အရှေ့ဘက်ကို ဦးတည်နေပါတယ်။ မမှားဘူးဆိုရင် သူ့ပစ်မှတ်က ရွှဲ့ပြည်နယ် မြို့တော် ဖြစ်ပါလိမ့်မယ်။”
ဝူ၊ ချောင်နှင့် တော်ဝင်ချန်အင်ပါယာ သုံးနိုင်ငံစလုံးတွင် ရေနက်တပ်ဖွဲ့ ကိုယ်စီ ရှိကြပြီး ထောက်လှမ်းရေး သတင်းများမှာ အတူတူနီးပါး ဖြစ်သည်။ ရှမ့်လန်သည် ရွှမ်ဝူနယ်စားအိမ်တော်သို့ ရောက်သည်နှင့် နှင်းလင်းယုန် စီးနင်းသော အထူးစစ်သည် တစ်ဦးကို နုရှောင့်မြို့သို့ သတင်းပို့ရန် ချက်ချင်း စေလွှတ် လိုက်သည်။ အချိန်မရှိတော့သောကြောင့် ရှမ့်လန်သည် နုရှောင့်မြို့သို့ပင် ပြန်ချိန် မရတော့ပေ။
“ဒီအမိန့်တော်က မင်းသားကျင်းအတွက်ပဲ။ ရှားကျင်းကို တောင်ပိုင်းဘုရင်၊ တော်ဝင်ချန်အင်ပါယာ ဝန်ကြီးချုပ် အဖြစ် ခန့်အပ်ပြီး ပြည်ထဲရေး ကိစ္စတွေကို တာဝန်ယူစေတယ်။”
“စုနန်ကို တော်ဝတင်ချန်အင်ပါယာ စစ်ဘက်ရေးရာဗျူရို ဒုတိယအတွင်းဝန်အဖြစ် ခန့်အပ်တယ်။ လန်တို၊ လန်ဖုန်းတို့နဲ့အတူ တပ်သစ်တွေကို လေ့ကျင့်ပေးရမယ်။”
“ဒါက ရွှယ်ရင်အတွက် လျှို့ဝှက်စာ။ သူ့လက်ထဲ ကိုယ်တိုင် ထည့်ပေးလိုက်ပါ။”
“တချောင်ကို ရွှမ်ဝူနယ်စားအိမ်တော်ဆီ အမြန်ဆုံး လာခိုင်းလိုက်ပါ။”
ရှမ့်လန်သည် အမိန့်တော် ရေးသားပြီး အိပ်မက်ဆိုးကျောက်တုံး သေတ္တာထဲသို့ ထည့်ကာ အထူးစစ်သည်အား ပေးအပ်လိုက်သည်။
“ကောင်းပါပြီ၊” တော်ဝင်ချန်အင်ပါယာ၏ အထူးစစ်သည်သည် နှင်းလင်းယုန်ကို စီးနင်းကာ နုရှောင့်မြို့ ဘက်သို့ ချက်ချင်း ပျံသန်းသွား၏။
နာရီအနည်းငယ် ကြာချိန်မှာတော့ ရွှမ်ဝူနယ်စားအိမ်တော် ကောင်းကင်ယံတွင် အနက်ရောင် အရိပ်ပေါင်း တစ်ဒါဇင်ခန့် ပျံသန်းလာကြသည်။ ဦးဆောင်လာသူမှာ သားရဲပျံကြီး ဖြစ်၏။ ၎င်းသည် တိုက်ရိုက် ထိုးဆင်းလာပြီး ရှမ့်လန်ဘေးသို့ ဆင်းသက်လိုက်သည်။ ခဏအကြာတွင် နှင်းလင်းယုန် တစ်ဒါဇင် ဆင်းသက်လာကြသည်။ ၎င်းတို့ပေါ်တွင် ရှေးဟောင်း သံချပ်ကာ ဝတ်ဆင်ထားသော မဟာပညာရှင် အထူးစစ်သည် အယောက်သုံးဆယ်ကျော် ပါလာကြသည်။
“လူဆယ်ယောက်က ဒီသေတ္တာကြီးကို နုရှောင့်မြို့ဆီ ပြန်သယ်သွားပြီး ရဲတိုက်အောက်မှာ ဖွက်ထားလိုက်။” ရှမ့်လန်က အမိန့်ပေးလိုက်၏။
“ကောင်းပါပြီ၊”
မဟာပညာရှင် ဆယ်ဦးသည် ချက်ချင်း ပြန်လည် ပျံတက်သွားပြီး သေတ္တာကြီးကို သယ်ဆောင်ကာ နုရှောင့်မြို့ဘက်သို့ ပျံသန်းသွားကြသည်။
ရှမ့်လန်သည်လည်း မရပ်တန့်နေပေ။ သူနှင့် ချောင်ယောင်းအာသည် တချောင်ကို စီးနင်းကာ ကောင်းကင်ယံသို့ ပျံတက်လိုက်ကြ၏။
“အရှိန်ပြင်းပြင်း ပျံ။ ငါတို့ရဲ့ ပန်းတိုင်က ထျန်းရွှဲ့မြို့။”
သူ၏အမိန့်ပေးသံ အဆုံးတွင် မဟာပညာရှင် အထူးစစ်သည် အယောက် ၂၀ သည် နှင်းလင်းယုန်များကို စီးနင်းပြီး ရှမ့်လန်၏ နောက်မှနေ၍ ရွှဲ့ပြည်နယ် မြို့တော်သို့ လိုက်ပါသွားကြသည်။
အမှန်တကယ် အရေးပေါ်နေပြီ ဖြစ်ပြီး တစ်ခဏမှပင် နှောင့်နှေး၍ မရတော့ပေ။
...........