လူပြန်ဝင်စားခြင်း
Vol. 2 Ch. 188
တိုက်ပွဲမှာ ဆယ်မိနစ်ခန့် အချိန် ကြာခဲ့ပြီ ဖြစ်သည်။ ချင်းရွှမ်ခန်းမဆောင် အပြင်ဘက်တွင် တိုက်ပွဲကို ကြည့်ရှုနေကြသည့် ကျင့်ကြံသူများမှာ ခေါင်းများပင် မူးနေပြီ ဖြစ်လေသည်။
ပိုင်စုဟွမ်၏ တန်ခိုးစွမ်းအားမှာ ကြောက်မက်ဖွယ်ရာ ဖြစ်ကြောင်း သူတို့အားလုံး သိထားပြီးသား ဖြစ်လေသည်။ သို့သော် ဆန်းလျန်၏ တန်ခိုးစွမ်းအားများမှာလည်း သူ့ထက် မသာလျှင်တောင် မလျော့ကြောင်း ယခုတော့ သိခဲ့ကြရပြီ။
ထို့ပြင် ဆန်းလျန် ကျင့်စဉ်လမ်းကို လျှောက်ခဲ့သည်မှာ အချိန်တိုလေးမျှပင် ရှိသေးသည်။ ထိုမျှ အချိန်တိုလေးဖြင့် ပိုင်စုဟွမ် နှစ်ပေါင်းရာနှင့်ချီပြီး ကျင့်ကြံခဲ့သည့် တန်ခိုးစွမ်းအားများကို ယှဉ်ပြိုင်နိုင်ခြင်းမှာ အံ့သြစရာ ကောင်းလှလေသည်။ အချို့သူများမှာ ဆန်းလျန်သည် မကြာမီပင် မူလဝိညာဉ် ရအောင် ကျင့်ကြံနိုင်ပြီး နတ်ဘုရား တစ်ပါးအဖြစ် အဆင့် တက်ရောက်နိုင်မည်ဟု ယုံကြည် နေမိ ကြလေတော့သည်။ ဆန်းလျန်မှာ အသက်တစ်ရာ မပြည့်ခင်ပင် လောက နတ်ဘုရား တစ်ပါး ဖြစ်လာနိုင်သည် မဟုတ်ပါလား။
အသက်တစ်ရာ မပြည့်ခင် လောက နတ်ဘုရား အဆင့် တက်ရောက်နိုင်ခဲ့သူမှာ ရှန်ဆန်းကျန်းရန် လုကျိုးယွမ်သာ ရှိလေသည်။
ဆန်းလျန်ကို လုကျိုးယွမ်နှင့် နှိုင်းယှဉ်ခြင်း မဟုတ်ပါ။ သို့သော် လုကျိုးယွမ်မှာလည်း ဆန်းလျန်ကဲ့သို့ ကျင့်စဉ်လမ်း လျှင်မြန်ခဲ့သူ တစ်ယောက် ဖြစ်သည့်အပြင် လုကျိုးယွမ် ဆန်းလျန်၏ အသက် အရွယ်လောက်က ဆန်းလျန်လောက်ပင် တန်ခိုးစွမ်းအား ကြီးမားနေပြီ ဖြစ်လေသည်။
ပိုင်စုဟွမ်မှာ ဆန်းလျန်ကို အချိန်တိုတိုနှင့် အနိုင်မရနိုင် ဖြစ်နေသည့် အတွက် အခက် တွေ့နေ ရလေတော့သည်။
ထိုစဉ်မှာပင်...
ကောင်းကင်ထက် တစ်နေရာတွင် အအေးဓာတ်များ ဖြစ်တည်လာပြီး ကောင်းကင် တစ်ဝက်မှာ အေးခဲ သွားလေသည်။
လေအေးများ တိုက်ခတ်လာပြီး မိုးမြေစွမ်းအားများ ရပ်တန့် သွားလေသည်။ ဆန်းလျန်နှင့် ပိုင်စုဟွမ်မှာ ဆက်လက် တိုက်ခိုက်၍ မရတော့ဘဲ ရပ်တန့် လိုက်ရလေသည်။
ကောင်းကင်အောက်ရှိ ရေခဲပြင်တွင် ဓားရှည် တစ်လက် ကိုင်ထားသည့် မိန်းကလေး တစ်ယောက် လမ်းလျှောက် လာလေသည်။
သူမက အစိမ်းရောင် ဝတ်ဆင်ထားပြီး ချောမော လှပလွန်းလေသည်။ သူမက ခပ်တည်တည်ပင် ဖြည်းဖြည်းချင်း လမ်းလျှောက် လာလေသည်။ ဆန်းလျန်မှာ လွန်စွာမှ ချောမောသူ တစ်ယောက် ဖြစ်ပါသည်။ သို့သော် ထိုမိန်းမပျိုကတော့ ဆန်းလျန်ထက် အဆပေါင်းများစွာ နှိုင်းရက်စရာ မရှိအောင်ပင် လှပ လွန်းလေသည်။ ဘယ်ပန်းချီ ရေးလို့မမီ ဆိုသည့် အလှတရားမျိုးပင်။
နေရာင်က မိန်းကလေး လျှောက်လာသည့် ရေခဲပြင်ပေါ်သို့ ဖြာကျနေပြီး ရေခဲပြင်မှာ ရောင်စုံ တောက်ပ နေလေသည်။ သို့သော် ထိုလှပသည့် ရှုခင်းမှာ အစိမ်းရောင် မိန်းကလေး၏ အလှတရားနှင့် ယှဉ်လျှင် မိုးနှင့်မြေပမာ ကွာခြား လွန်းလေသည်။
ထိုအစိမ်းရောင် မိန်းကလေးမှာ ကျိလင်နတ်သမီး တစ်ဖြစ်လည်း ချင်းရှောင်း နတ်သမီးပင် ဖြစ်လေသည်။
ချင်းရှောင်း နတ်သမီး၏ မျက်ဝန်းများက အေးစက်နေပြီး မျက်ဝန်းများက ကြယ်စင်ပမာ တလက်လက် တောက်ပနေသည်။ သူမအကြည့်ကို ရင်ဆိုင် လိုက်ရသည်နှင့် ပိုင်စုဟွမ်မှာ စိတ်ထဲတွင် တုန်လှုပ် သွားရသည်။
ပိုင်စုဟွမ်နှင့် ချင်းရှောင်း နတ်သမီးတို့မှာ မျိုးဆက် တစ်ခုတည်းမှ ဆင်းသက် လာကြသည့် ဂိုဏ်းတူ မောင်နှမများ ဖြစ်လေသည်။ ချင်းရှောင်းမှာ ကျင့်စဉ်လမ်းကို နှစ်ဘဝတိတိ လျှောက်လှမ်းခဲ့ပြီး နှစ်ဘဝလုံးတွင် နတ်ဘုရားအဆင့် တက်ရောက်နိုင်ခဲ့သူ ဖြစ်လေသည်။ သို့သော် ပိုင်စုဟွမ်ကတော့ ယခုအချိန်ထိ နတ်ဘုရားအဆင့် တက်ရောက်နိုင်ခြင်း မရှိသေးပေ။ ထို့ကြောင့် လောတွင် သူမမြင်ချင်ဆုံး သူမှာ ချင်းရှောင်းပင် ဖြစ်လေသည်။ သူမကို မြင်တိုင်း အရှက် ကွဲသကဲ့သို့ ခံစားရလေသည်။
ထို့ပြင် အစိမ်းရောင် ဝတ်ဆင်ထားသည့် ချင်းရှောင်း နတ်သမီးမှာ ခရမ်းရောင် ဝတ်ဆင်ထားသည့် ကျိလင် နတ်သမီးကဲ့သို့ စိတ်ကောင်း ဝင်နေသည့် နတ်ဒေဝါတစ်ပါး မဟုတ်ပေ။ ဒေါသ ထွက်နေပြီး စိတ်မထင်လျှင် မထင်သလို အချိန်မရွေး ထပြီး တိုက်ခိုက်မည့်သူ ဖြစ်လေသည်။
ဆန်းလျန်က သူမကို ဂါရဝ ပြုလိုက်ရင်း…
“ဆရာ ဘွားဘွားကို ဂါရဝ ပြုပါတယ်”
ဟု နှုတ်ဆက် လိုက်လေသည်။
ချင်းရှောင်း နတ်သမီးက ဆန်းလျန်ကို တစ်ချက် ကြည့်လိုက်ပြီး အသိအမှတ် ပြုသည့် အနေဖြင့် ခေါင်းတစ်ချက် ညိတ်ပြလိုက်သည်။
“ပိုင်စုဟွမ် ၊ မင်းက ဘယ်လိုကြောင့် ဆန်းလျန်နဲ့ တိုက်ခိုက် နေရတာလဲ ၊ သတ္တိရှိရင် ငါ့ဓားကို လာမြည်းကြည့်စမ်း”
သူမက ပိုင်စုဟွမ်ကို အေးစက်စွာ ပြောလိုက်လေသည်။
ပိုင်စုဟွမ်က သူ၏ဒေါသကို ထိန်းထား လိုက်ရင်း….
“ဆန်းလျန်က ချင်းရွှမ် နတ်တံခါးရဲ့ ဂိုဏ်းချုပ်အသ စ်ဖြစ်လာတော့မှာ ၊ သူက သိပ်ငယ်လွန်းတော့ ပြဿနာတွေ တက်လာနိုင်တယ် ၊ ဒါကြောင့် သူ့တန်ခိုးစွမ်းအားကို စစ်ဆေးတဲ့ အနေနဲ့ ကျုပ်က တိုက်ခိုက်နေတာ ၊ ဒါမှ အားလုံးလည်း သူ့ကို ဂိုဏ်းချုပ် အဖြစ် လက်ခံနိုင်မှာပေါ့”
တတ်နိုင်သမျှ ပေါ့ပေါ့ပါးပါးပုံဖြင့် ပိုင်စုဟွမ်က ပြန်ဖြေလိုက်သည်။
“ကြီးတာ ငယ်တာက ကျင့်စဉ်လမ်းမှာ ဘာအရေးပါလို့လဲ ၊ ဘယ်သူက အရင် ကျင့်စဉ်လမ်း အဆုံးထိ လျှောက်လှမ်းနိုင်လဲ ဆိုတာပဲ အရေးပါတာ ၊ ဆန်းလျန်က အဲဒီ သောက်ရူးတွေထက် အဆတစ်ရာလောက် သာတယ်လေ ၊ ဆန်းလျန်ရဲ့ အရည်အချင်းကို မသိရအောင် သူတို့က ကန်းနေကြသလား”
ချင်းရှောင်းက အေးစက်စွာ ပြုံးရင်း ပြောလိုက်လေသည်။
ထို့နောက်တွင်တော့ ချင်းရှောင်း နတ်သမီးက လေထဲတွင် ရပ်တန့်ရင်း ဓားကို ကိုင်မြှောက် လိုက်သည်။
“ဆန်းလျန် ဂိုဏ်းချုပ် လုပ်မှာကို မကျေနပ်တဲ့သူ ရှိရင် သူနဲ့ လာတိုက်ခွင့် ရှိတယ် ၊ သိုင်းကွက် သုံးကွက်အတွင်း သူက မင်းတို့ကို အနိုင်မယူနိုင်ဘူး ဆိုရင် သူက ဂိုဏ်းချုပ် ဖြစ်ဖို့ မသင့်တော်လို့ပဲ”
ချင်းရှောင်း နတ်သမီးက အေးစက်စွာ ပြောလိုက်သည်။
သူမ ကောင်းကင်ထက်တွင် ရှိနေသည့်တိုင် သူမ၏ အကြည့်က မြင်ရသူတိုင်းကို တုန်လှုပ် သွားစေလေသည်။
ထို့ပြင် သူတို့က ဆန်းလျန်နှင့် ပိုင်စုဟွမ်၏ တိုက်ပွဲကို မြင်တွေ့ပြီးသွားပြီ ဖြစ်သဖြင့် အရက်သမား တာအိုဆရာနှင့် ကယ်ယွမ်းတို့မှ လွဲပြီး ဆန်းလျန်ကို ယှဉ်နိုင်မည့်သူ မရှိကြောင်း သဘော ပေါက်သွားရပြီ ဖြစ်လေသည်။
အရက်သမား တာအိုဆရာနှင့် ဆရာသခင် ကယ်ယွမ်းတို့မှာလည်း ဆန်းလျန်ကို ဂိုဏ်းချုပ် ရာထူး ပေးအပ်သည်ကို အစကတည်းက သဘော တူထားသူများ ဖြစ်ကြသည့် အပြင် ချင်းရှောင်း နတ်သမီး၏ စကားကိုလည်း မသိချင်ယောင် ဆောင်နေကြလေသည်။
ထိုအချိန်တွင် ပိုင်စုဟွမ်မှာ ကျီဖူတောင်ရှိ သူ၏ အဆောင်သို့ ပြန်သွားလေတော့သည်။ သူက ဆန်းလျန်ကို အချိန် ခဏလေးအတွင်း အနိုင်မယူနိုင်ခဲ့သည့် အပြင် ချင်းရှောင်း နတ်သမီးလည်း ရောက်လာသည့် အတွက် မနေချင်တော့ဘဲ ပြန်သွားခြင်း ဖြစ်လေသည်။
ကျန်းရော့ရွှီးသည် ကျောက်သလွန်ထက်တွင် ထိုင်နေသည်။ ချင်းရှောင်း နတ်သမီးကလည်း သူ့ဘေးတွင် ပလ္လင်ငယ်တစ်ခု ဖန်ဆင်းပြီး ထိုင်နေလေသည်။ သူမက သူမ၏ ဓားကို ရင်ခွင်ထဲတွင် ဖက်ထားပြီး မျက်လုံးများကို မှိတ်ထားလေသည်။
ချင်းရွှမ် နတ်တံခါးတွင် ဂိုဏ်းချုပ်ရာထူးထက် မြင့်မားသည့် ရာထူးမရှိပေ။ ထိုဥပဒေမှာ ဆရာဘိုးဘိုး ယွမ်ချင်းကိုယ်တိုင် ချမှတ်ခဲ့သည့် ဥပဒေ ဖြစ်လေသည်။ ချင်းရှောင်း နတ်သမီးမှာ အစကတည်းက ထိုအမြင့်ဆုံး ရာထူးနှင့် ဂုဏ်ပုဒ်ကို လိုချင်စိတ်ရှိသူ မဟုတ်ပေ။ သူမက အချုပ်အနှောင် မရှိ လွတ်လပ်သည့် ဘဝကိုသာ လိုချင်သူ တစ်ယောက် ဖြစ်သည်။
ဆန်းလျန်နှင့် ပိုင်စုယွင်၏တိုက်ပွဲကြောင့် ဆန်းလျန်မှာ အားလုံး၏ လေးစားမှုကို ရရှိခဲ့လေသည်။ ထို့ပြင် ချင်းရှောင်းလည်း ပြန်ရောက်လာကာ ဆန်းလျန်ဘက်မှ ရပ်တည် ပေးခဲ့သည့် အတွက် မည်သူမှ ဆန်းလျန်ကို လူသိရှင်ကြား မဆန့်ကျင် ဝံ့တော့ပေ။
ကျင့်ကြံသူများမှာ ပကာသနများကို နှစ်သက်သူများ မဟုတ်ကြသဖြင့် ဆန်းလျန်၏ ဂိုဏ်းချုပ်ရာထူး ဆက်ခံပွဲမှာလည်း ရိုးရိုးရှင်းရှင်းနှင့်ပင် ပြီးဆုံး ခဲ့လေသည်။
ချင်းရွှမ် နတ်တံခါးမှ ဂိုဏ်းသားအားလုံးက ဆန်းလျန်ကို ဂိုဏ်းချုပ်အဖြစ် အသိအမှတ် ပြုသည့် အနေဖြင့် ဂါရဝပြုကြပြီး ဆန်းလျန်လည်း သူတို့ကို နှုတ်ခွန်းဆက်စကားအနည်းငယ်ပြောခဲ့သည်။ အားလုံး ကိုယ်နေထိုင်ရာ တောင်ထိပ်များသို့ အသီးသီး ပြန်သွားကြသည့် အခါတွက်တော့ ဆန်းလျန်က ဆရာသခင် ကျန်းရော့ရွှီးကို အဖော်ပြုကာ ချင်းရွှမ် ခန်းမဆောင်တွင် နေခဲ့လေသည်။
နေက တဖြည်းဖြည်း ဝင်သွားပြီ ဖြစ်သလို ဆရာသခင် ကျန်းရော့ရွှီး၏ ဘဝမှာလည်း ကုန်ဆုံးရန် နီးကပ်လာပြီ ဖြစ်သည်။
ဆန်းလျန်မှာ တိတ်ဆိတ် ငြိမ်သက်စွာဖြင့် ဆရာသခင် ကျန်းရော့ရွှီးကို ကြည့်နေလေသည်။ ဆရာသခင် ကျန်းရော့ရွှီးသည် အသက်ကို မျှင်းမျှင်းရှူနေပြီး စကားလည်း မပြောတော့ပေ။ ဂိုဏ်းချုပ်ရာထူးကို ယူပြီးသည့် နောက်ပိုင်း ဆန်းလျန်သည် အကောင်းဆုံး ကြိုးစားမည့် လူငယ်လေး ဖြစ်ကြောင်း ကျန်းရော့ရွှီး ကောင်းစွာ သိလေသည်။ ထို့ကြောင့် သူ့စိတ်ထဲတွင် ချင်းရွှမ် နတ်တံခါး အတွက် စိတ်ချသွားလေသည်။ သူ့ရင်ထဲတွင် တစ်ခါမှ မခံစားဖူးသည့် ငြိမ်းချမ်းခြင်းကို ခံစား လိုက်ရလေသည်။
သူပင်ပန်းနေပြီ ဖြစ်ပြီး နောက်ဆုံးတော့ အနားယူခွင့် ရတော့မည်။ သူ့ခန္ဓာကိုယ် ပေါ်တွင် အလင်းရောင် တစ်ချက် ဖြတ်ပြေးသွားပြီး ဆရာသခင်က မျက်လုံး ဖွင့်ကြည့်လိုက်လေသည်။
“ဆရာဒေါ်လေး ကျုပ်သွားရတော့မယ့် အချိန်ကျပြီ”
ဟု သူက ပြောလိုက်လေသည်။
“ဘာများ ပြောချင်တာ ရှိသေးလဲ”
ချင်းရှောင်း နတ်သမီးက မေးလိုက်သည်။
ယခုအချိန်တွင် ကျန်းရော့ရွှီး စဉ်းစားနေသူမှာ သူ၏ ဂိုဏ်းတူညီ ယန်ရွှီး အကြောင်း ဖြစ်လေသည်။ ထိုညီငယ်သည် အရည်အချင်း ပြည့်ဝသူ တစ်ယောက် ဖြစ်ပြီး သူ့နေဖြင့် ညီငယ်ကို အလွန် မုန်းတီးနေခြင်း မရှိခဲ့ပေ။
“ယန်ရွှီး သေသွားပြီလား”
သူက ဖြည်းဖြည်းချင်း မေးလိုက်သည်။
ချင်းရှောင်း နတ်သမီးက တစ်ချက်မျှ စဉ်းစားလိုက်ပြီးမှ….
“မသေချာဘူး”
ဟု ပြန်ပြောလိုက်လေသည်။
“ဟုတ်လား ၊ သူ့လိုလူမျိုးက လှည့်စားမှုတွေနဲ့ ပြည့်နေမှာပဲ ၊ ဒီတစ်ကြိမ်လည်း သူလွတ်သွားပြန်ပြီ ထင်တယ်”
ဆရာသခင် ကျန်းရော့ရွှီးက သက်ပြင်း တစ်ချက် ချရင်း ပြောလိုက်လေသည်။
ချင်းရှောင်း နတ်သမီးက စကား ပြန်မပြောတော့ပါ။ သူမက ကျန်းရော့ရွှီး၏ စိတ်ခံစားချက်များ တည်ငြိမ်သွားအောင် စောင့်ကြည့်နေလေသည်။
နေဝင်သွားပြီ ဖြစ်လေသည်။
မကြာမီ ညအချိန် ရောက်လာတော့မည်။
ချင်းရှောင်း နတ်သမီးက ဓားကိုကိုင်ကာ မတ်တတ် ရပ်လိုက်ပြီး ဓားကို လေထဲသို့ ထိုးညွှန် လိုက်သည်။ လေထဲတွင် လှိုင်းဂယက်များ ထသွားပြီး အနက်ရောင် အပေါက်တစ်ခု ပေါ်လာလေသည်။ ထိုအပေါက်ကို သာမန် မျက်စိဖြင့် မြင်တွေ့နိုင်မည် မဟုတ်ပေ။
ဆရာသခင် ကျန်းရော့ရွှီး၏ တန်ခိုး စွမ်းအားများ ကုန်ဆုံး သွားလေသည်။ နတ်ဘုရား ဝိညာဉ်သည် သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်ခွာပြီး ချင်းရှောင်း နတ်သမီး “ဗလာနယ်ဖျက်ဓား” ကိုအသုံးပြုကာ ဖန်ဆင်းထားသည့် အနက်ရောင် အပေါက်ထဲသို့ ဝင်ရောက် သွားလေတော့သည်။ ထိုအနက်ရောင် အပေါက်ထဲမှ ထူးဆန်းသည့် အနက်ရောင်အငွေ့များ ထွက်နေလေသည်။
ဆန်းလျန်၏ ဝိညာဉ်မှာ တစ်ချက် လှုပ်ရှား သွားလေသည်။ သူကျင့်ကြံနေသည့် စိတ်ဝိညာဉ်များကို ထိန်းချုပ်နိုင်ခြင်း ကျင့်စဉ်တွင် လျှို့ဝှက်ကျင့်စဉ် တစ်ခု ပါလေသည်။ ထိုကျင့်စဉ်မှာ “အသူရာချောက်သို့ ဆက်သွယ်ခြင်း” ဆိုသည့် ကျင့်စဉ် ဖြစ်လေသည်။ ထိုကျင့်စဉ် ကျင့်ကြံတိုင်း ထိုအနက်ရောင် အပေါက်ထဲမှ ထွက်လာသည့် အနက်ရောင် အငွေ့များ ဖုံးလွှမ်းနေသည့် လောကတစ်ခုကို ဆန်းလျန်၏ စိတ်အာရုံတွင် ခံစားမိလေသည်။
သူ၏ ယင်ဝိညာဉ်စွမ်းအားသည် လူးလွန့်လာပြီး ထိုအပေါက်ထဲသို့ တိုးဝင်သွားရန် ဆန္ဒပြင်းပြ လာလေသည်။ ထိုနေရာသည် သူ့အတွက် သေခြင်းရှင်ခြင်းမှ ကင်းလွတ်နိုင်သည့် အခြားသော ပုံသဏ္ဌာန် တစ်ခုကို ပေးတော့မည့် နေရာတစ်ခု အလား ခံစားရလေသည်။
“မင်းရော ဝိညာဉ် နတ်ဘုရား ဖြစ်သွားချင်လား ၊ ငါမင်းကို အသူရာ ချောက်ကိုးထပ်ကို ပို့ပေးလို့ ရတယ်”
ချင်းရှောင်း နတ်သမီးက အေးစက်ပြီး ကြည်လင်သည့် အသံဖြင့် ပြောလိုက်သည်။
ဆန်းလျန်က သူ၏ အတွေးများကို ပြန်စုစည်း လိုက်သည်။
“ဆရာဘွားဘွား ၊ ဆရာသခင်ရဲ့ နတ်ဘုရားဝိညာဉ်ကို အသူရာ ချောက်ကိုးထပ်ကို ပို့လိုက် တာလား ၊ ဒါဆို သူ လူပြန်ဝင်စားလို့ ရမှာလား”
ဆန်းလျန်က မေးလိုက်လေသည်။
(အသူရာချောက် ဆိုတာ တကယ်တော့ မြေအောက် လောကကို ပြောတာပါပဲ၊ ဘာသာပြန်သူက အသူရာချောက်လို့ပဲ ပြန်လေ့ရှိလို့ အဲဒီ အတိုင်းပဲ ဘာသာ ပြန်ပေးလိုက်ပါတယ်)
“သူက သံသရာလည်ခြင်း ဘုံကို ရောက်သွားပြီ ၊ အဲဒီနေရာက အသူရာချောက် ကိုးထပ်ရဲ့ အစိတ်အပိုင်းပဲ ၊ ကျီဖူတောင် အောက်မှာ စီးဆင်းနေတဲ့ ဝိညာဉ်မြစ် ကလည်း အသူရာ ချောက်ကိုးထပ်က စီးထွက်လာတဲ့ ရေပဲ ၊ ဆရာဘိုးဘိုး ယွမ်ချင်းဟာ အဲဒီမြစ်ရေထဲကို သူ့ရဲ့ဓားနဲ့ တစ်ချက် ထိရုံနဲ့ အသူရာချောက်ကို ဆက်သွယ်နိုင်တယ် ၊ ကျန်းရော့ရွှီး လူပြန်ဝင်စားနိုင်မလား ဆိုတာကတော့ သူ့ရဲ့ ကံတရား အပါ်လည်း မူတည်တယ် ၊ ငါလုပ်ပေးနိုင်တာက သူသာ လူပြန်ဝင်စားဖို့ အခွင့်အရေး ရရင် နောက်ဘဝကျရင် တခြားသတ္တဝါ မဖြစ်ဘဲ လူ့ဘဝပြန်ရဖို့ပဲ လုပ်ပေးနိုင်တာ”
ချင်းရှောင်း နတ်သမီးက ရှည်လျားစွာ ရှင်းပြလိုက်လေသည်။
ချင်းရှောင်းက ထိုသို့ စကားအများကြီး ပြောခဲလေသည်။ သူမက ဆန်းလျန်ကို အဆုံးမရှိ ကျယ်ပြောသည့် စကြဝဠာကြီး အတွင်းမှ လျှို့ဝှက်ချက် တစ်ခုကို ပြောပြလိုက်ခြင်းမျှသာ ဖြစ်လေသည်။
“ငါ တစ်ယောက်တည်း တံခါးပိတ် တရား ကျင့်ကြံမှု လုပ်တော့မယ် ၊ ချင်းရွှမ် နတ်တံခါးရဲ့ အတွင်းရေးတွေရော အပြင်က ကိစ္စတွေရော မင်းပဲ ကိုင်တွယ် ရလိမ့်မယ် ၊ မင်းမဖြေရှင်းနိုင်တဲ့ ကိစ္စမျိုး ကြုံလာခဲ့ရင် ထိုက်ဝေ့ ထိုင်ခန်းမဆောင်မှာ ငါ့ရဲ့ ဆရာ ဦးလေးကို သွားရှာပါ”
ချင်းရှောင်းက ဆက်ပြော လိုက်လေသည်။
ပြောပြီးသည်နှင့် သူမသည် ခန်းမဆောင်ထဲမှ လက်ခနဲ ပျောက်ကွယ် သွားလေတော့သည်။ သူမ၏ တန်ခိုးစွမ်းအား များမှာ ခန့်မှန်းရ ခက်လွန်းလှသည်။ သူမ ထွက်ခွာသွားသည်နှင့် မည်သည့် တန်ခိုးစွမ်းအား အငွေ့အသက်မှ ကျန်ရစ်ခဲ့ခြင်း မရှိပေ။ သို့မဟုတ် သူမ၏ တန်ခိုးစွမ်းအား များမှာ ဆန်းလျန် အာရုံခံနိုင်စွမ်း မရှိလောက်အောင် မြင့်မားနေခြင်း ဖြစ်ပေလိမ့်မည်။
***