← Chapters

အင်း… မဆိုစလောက်တော့ လေ့လာဖူးပါတယ်(၁)။

Vol. 42 Ch. 461

အင်း… မဆိုစလောက်တော့ လေ့လာဖူးပါတယ်(၁)။

Vol. 42 Ch. 461

‘အား... အရမ်းကောင်းတာပဲ... တကယ့်ကို အရမ်းကောင်းတာပဲ...’

‘လောကကြီးမှာ ဒီလို ဖြူစင်တဲ့နှလုံးသား ပိုင်ဆိုင်ထားတဲ့ အမျိုးသားကျင့်ကြံသူ ရှိနေသေးလိမ့်မယ်လို့ တကယ် မထင်ထားခဲ့ဘူး...’

‘ဒါက အပြည့်စုံဆုံး အရုပ်လေးပဲ...’

‘သူ့ကို ကောင်းကောင်း ကစားပြီး... ဒီအမျိုးသားကို လုံးဝ ပျက်စီးသွားအောင်၊ စစ်မှန်တဲ့ အသူရာမိစ္ဆာကျင့်ကြံသူ ဖြစ်သွားအောင် လုပ်ပစ်ချင်လိုက်တာ...’

‘တျဲယီရေ... ဒါက ညည်းရဲ့ ယောက်ျား ဖြစ်ပေမယ့် ဆရာ တောင်းပန်ပါတယ်...’

‘ဆရာက သူ့ကို သဘောကျသွားပြီ... ဒါက ဆရာ့အတွက် တာအိုကိုအောင်မြင်နိုင်မယ့် အခွင့်အရေးပဲ...’

‘တကယ်လို့ အောင်မြင်ခဲ့ရင် နတ်ဘုရားအသွင်ပြောင်းဖို့ မျှော်လင့်ချက် ရှိလာပြီ...’

ချန်ဇီယွင်သည် မျက်နှာလေး နီရဲလာပြီး သူမ၏ ခန္ဓာကိုယ်မှာ ပိုမို စိတ်လှုပ်ရှားလာသည်ကို ခံစားလိုက်ရသည်။

သူမ ကျင့်ကြံထားသော ကောင်းကင်မိစ္ဆာဂိုဏ်း၏ အထွတ်အထိပ် ကျင့်စဉ်ဖြစ်သည့် ကောင်းကင်မိစ္ဆာကျမ်းသည် အခြားကျင့်ကြံသူများကို မိစ္ဆာလမ်းစဉ်သို့ အဆက်မပြတ် ကျရောက်စေရန် လိုအပ်ပေသည်။

အရေအတွက် များလေ၊ အရည်အသွေး မြင့်လေ၊ ရရှိလာမည့် တုံ့ပြန်မှုက ပိုများလေ ဖြစ်သည်။

ဗုဒ္ဓဘာသာကျင့်ကြံသူများ သက်ရှိများကို ကယ်တင်လျှင် ကုသိုလ်ရပြီး နိဗ္ဗာန်ရောက်နိုင်သကဲ့သို့ပင်။

မိစ္ဆာဂိုဏ်းသည်လည်း ထိုနည်းလည်းကောင်းပင်၊ သက်ရှိများကို ပျက်စီးစေနိုင်ပါက ကောင်းကင်မိစ္ဆာစွမ်းအားကို ရရှိပြီး ကျင့်ကြံမှု တိုးတက်လာကာ မိစ္ဆာဘုရင် ဖြစ်လာနိုင်သည်။

သူမသည် ကျိုးစွေ့ကို ကြည့်ရင်း စိတ်ထဲတွင် ပိုမို ကျေနပ်လာတော့သည်။

သူမ၏ နတ်ဘုရားအသွင်ပြောင်းမည့် ခရီးလမ်းသည် ဤအမျိုးသားအပေါ်တွင် မူတည်ကောင်း မူတည်နေပေလိမ့်မည်။

"ဟမ်..."

ထိုအချိန်တွင် ကျိုးစွေ့တစ်ယောက် မျက်တောင်ခတ်လိုက်မိသည်။ ချန်ဇီယွင်၏ ခန္ဓာကိုယ်မှ အချစ်စိတ်များ ပိုမို များပြားစွာ ထွက်ပေါ်လာနေသည်ကို ခံစားလိုက်ရသည်၊ သို့သော် ဤအချစ်စိတ်သည် အနည်းငယ် မှားယွင်းနေပြီး အနည်းငယ် မှောင်မိုက်နေပုံ ရလေသည်။

သူ ငြင်းပယ်လိုက်ပြီးနောက် မျက်နှာသာပေးမှုသည် လျော့နည်းမသွားဘဲ၊ ဆန့်ကျင်ဘက်အားဖြင့် ပိုမို တိုးပွားလာပုံ ရသည်။

'တကယ်ပဲ ဒီဝိညာဉ်သန္ဓေသား အမျိုးသမီးကျင့်ကြံသူတွေက အကုန်လုံးက နာကျင်မှုမှာ သာယာတဲ့သူတွေ ဖြစ်နေတာလား...'

'အလိုလိုက် အကြိုက်ဆောင်နေရင် ပြန်ပြီးတောင် အထင်သေးခံရတတ်တယ်...'

'ငြင်းပယ်လိုက်မှသာ မျက်နှာသာပေးမှု တိုးလာတတ်တယ်ဟ...'

"ကောင်းပါပြီ... ရှင် သဘောမတူမှတော့ ကျွန်မလည်း အတင်းအကြပ် မလုပ်ပါဘူး..."

"တကယ်လို့ ရှင် စိတ်ပြောင်းသွားရင် အချိန်မရွေး ကျွန်မဆီ လာရှာလို့ ရပါတယ်..."

"ကျွန်မရဲ့ အခန်းတံခါးက ရှင့်အတွက် အချိန်မရွေး ဖွင့်ထားမှာပါ...ဟင်း.. ဟင်း…"

ချန်ဇီယွင်သည် ကျိုးစွေ့ကို ညှို့ဓာတ်ပြင်းသော မျက်လုံးများဖြင့် ကြည့်လိုက်ပြီး၊ တစ်ဖက်လူ၏ ရင်ခွင်ထဲသို့ အချိန်မရွေး လဲကျသွားမည့်အလား ဖြစ်နေချေသည်။

'သောက်ကျိုးနည်း… ဒီမိစ္ဆာမလေးကတော့...'

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ကျိုးစွေ့၏ ရင်ထဲတွင် လှိုင်းတံပိုးများ ထသွားရသည်။ အမှန်အတိုင်း ဝန်ခံရလျှင် သူ စိတ်မထိန်းနိုင် ဖြစ်လုနီးပါးပင် ဖြစ်သွားရသည်။ ဤအမျိုးသမီးသည် အမှန်တကယ်ပင် စစ်မှန်သော စုန်းမတစ်ယောက် ဖြစ်လေသည်။

တစ်ဖက်လူ၏ လှုပ်ရှားမှုတိုင်း၊ အပြုံးတိုင်းသည် အဆုံးမဲ့ ဆွဲဆောင်မှုများ ပါဝင်နေချေ၏။

သူ့ကဲ့သို့ အတွေ့အကြုံ ရင့်ကျက်သော ယောက်ျားတစ်ယောက်ပင် စိတ်မထိန်းနိုင် ဖြစ်လုနီးပါး ဖြစ်နေရသည်။ သာမန်ကျင့်ကြံသူသာ ဆိုပါက သူမကြောင့် တာအိုစိတ်နှလုံး ကျိုးပျက်သွားသည်မှာ ကြာပြီဖြစ်သည်။

"အဟွတ် အဟွတ်... ဂိုဏ်းချုပ်ချန် နောက်မနေပါနဲ့ဗျာ..."

"ရောင်းရင်းက ဒီနေရာကို ဦးထားပြီဆိုတော့... ကျုပ်လည်း ရောင်းရင်းနဲ့ မလုတော့ပါဘူး..."

"ကိစ္စမရှိတော့ရင် ကျုပ် အရင်သွားနှင့်တော့မယ်..."

ကျိုးစွေ့သည် ဤမိစ္ဆာမလေးနှင့် ဆက်လက် နေထိုင်၍ မဖြစ်တော့ဟု ခံစားလိုက်ရသည်။ သို့မဟုတ်ပါက သူ သေချာပေါက် စိတ်ထိန်းနိုင်မည် မဟုတ်ပေ။

"ရှင် ဘယ်သွားမလို့လဲ..."

ချန်ဇီယွင်က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

"ဒီကိစ္စကတော့... လောလောဆယ် မသေချာသေးဘူး... နေရာအနှံ့ လျှောက်ကြည့်ဦးမယ်..."

"ဒီနေရာမှာ အခွင့်အရေး တစ်ခုခု တွေ့နိုင်မလားလို့ပါ..."

ကျိုးစွေ့က ပြောလိုက်သည်။

‘အခွင့်အရေး ဟုတ်လား...’

ဤစကားကို ကြားသောအခါ ချန်ဇီယွင်၏ မျက်လုံးများတွင် အရောင်တစ်ချက် လက်သွားသည်။ ဤအမျိုးသားသည် ကံတရား၏ သားတော် ဖြစ်ကြောင်း၊ ခန္ဓာကိုယ်ပေါ်တွင် ကြီးမားသော ကံတရားကို သယ်ဆောင်ထားကြောင်း သူမ ချက်ချင်း သတိရလိုက်သည်။

'မိစ္ဆာသတ် လျှို့ဝှက်နယ်မြေ' ထဲသို့ ရောက်လာခြင်းသည်လည်း မတော်တဆ ရှေးဟောင်း တည်နေရာရွှေ့ပြောင်းအစီအရင် တစ်ခုကို တွေ့ရှိခဲ့၍ ဝင်ရောက်လာခြင်း ဖြစ်သည် မဟုတ်ပါလော။

အတိတ်က သူမတို့ မိစ္ဆာဂိုဏ်းကြီးသုံးခုသည် 'မိစ္ဆာသတ် လျှို့ဝှက်နယ်မြေ' ဝင်ပေါက်ကို ရှာဖွေရန် မည်မျှ ပေးဆပ်ခဲ့ရသည်ကို သိထားရပေမည်၊ သို့သော် ဤကောင်လေးကမူ လွယ်လွယ်ကူကူပင် ဝင်ရောက်လာခဲ့သည်။

ကံတရားသည် အလွန် ကောင်းမွန်လွန်းနေ၏။

ယခုအချိန်ထိ မိစ္ဆာဂိုဏ်းကြီးသုံးခုသည် ဤလျှို့ဝှက်နယ်မြေကို ထိန်းချုပ်ထားသော်လည်း၊ ဝိညာဉ်သန္ဓေသား ကျင့်ကြံသူများ ဝင်ရောက်လိုပါက အတိုင်းအတာတစ်ခုအထိ ပေးဆပ်ရသေးသည်။

ဤအမျိုးသားကဲ့သို့ 'မိစ္ဆာသတ် လျှို့ဝှက်နယ်မြေ' ကို ကိုယ့်အိမ်လို သဘောထားပြီး ဝင်ချင်တိုင်းဝင်၊ ထွက်ချင်တိုင်းထွက် လုပ်၍ မရနိုင်ပေ။

ထင်ရှားသည်မှာ ဤအမျိုးသားနောက်သို့ လိုက်ပါသွားပါက ကြီးမားသော အခွင့်အရေးကို ရရှိနိုင်ကောင်း ရရှိပေလိမ့်မည်။

သူမသည် 'မိစ္ဆာသတ် လျှို့ဝှက်နယ်မြေ' ထဲသို့ အကြိမ်ကြိမ် ဝင်ရောက်ခဲ့ဖူးသည်။

ယခင်အကြိမ်များတွင် အခွင့်အရေး အများအပြား ရရှိခဲ့သော်လည်း၊ ယခုအခါ အခွင့်အရေး ရရှိရန် ပိုမို ခက်ခဲလာသည်ကို တွေ့ရှိရသည်။ ဤအတိုင်း ဆက်သွားပါက ယခုတစ်ကြိမ် သူမ လက်ဗလာဖြင့် ပြန်ရဖွယ် ရှိသည်။

ထို့ကြောင့် သူမသည် ဤအမျိုးသား၏ ကံတရားကို အသုံးပြုပြီး သူမအတွက် အခွင့်အရေး ရှာဖွေလိုခြင်း ဖြစ်သည်။

ထို့အပြင် ယခုတစ်ကြိမ်တွင် ဤအမျိုးသား၏ ကံတရားသည် အမှန်တကယ်ပင် ထိုမျှ စွမ်းအားကြီးမားခြင်း ရှိမရှိကိုလည်း သူမ သိချင်နေသည်။

"ဒီလိုဆိုရင် ကျွန်မလည်း ရှင်နဲ့အတူ လိုက်ခဲ့မယ်..."

"ဘာပဲပြောပြော ဒီနေရာက 'မိစ္ဆာသတ် လျှို့ဝှက်နယ်မြေ' လေ... ရှင် တစ်ယောက်တည်းဆိုရင် သေချာပေါက် ကျွမ်းကျင်မှာ မဟုတ်ဘူး..."

"တကယ်လို့ ကျွန်မရဲ့ အကူအညီပါရင် ရှင် ဒီနေရာက ပတ်ဝန်းကျင်ကို သေချာပေါက် မြန်မြန်ဆန်ဆန် ကျွမ်းကျင်သွားမှာပါ..."

"ပြီးတော့ ကျွန်မရဲ့ ကျင့်ကြံမှုကလည်း မနိမ့်ပါဘူး... တကယ်လို့ တခြား ဝိညာဉ်သန္ဓေသား ကျင့်ကြံသူတွေ၊ ဒါမှမဟုတ် မိစ္ဆာတွေနဲ့ တွေ့ရင်..."

"သေချာပေါက် အကူအညီ ပေးနိုင်မှာပါ..."

ချန်ဇီယွင်သည် ကျိုးစွေ့ကို လေးနက်စွာ ကြည့်လိုက်သည်။ သူမသည် မည်သို့ပင်ဖြစ်စေ ဤအမျိုးသား၏ ဘေးနားတွင် ကပ်နေရန်သာ ဆုံးဖြတ်လိုက်တော့သည်။

တစ်ဖက်လူ မည်သို့ ငြင်းပယ်သည်ဖြစ်စေ သူမ ထက်ကြပ်မကွာ လိုက်ပါသွားမည် ဖြစ်၏။

"ဒါက..."

"ကောင်းပါပြီ... ရောင်းရင်းချန်က ကျုပ်နဲ့အတူ လိုက်ချင်တယ်ဆိုမှတော့ သဘာဝကျကျ ကျုပ်အတွက် ဂုဏ်ယူဝမ်းမြောက်စရာပါပဲ..."

ဤစကားကို ကြားသောအခါ ကျိုးစွေ့သည် ခေတ္တမျှ တုံ့ဆိုင်းနေပြီးနောက် သဘောတူလိုက်သည်။

အဘယ်ကြောင့်ဆိုသော် သူ ငြင်းပယ်လျှင်ပင် အသုံးမဝင်ကြောင်း သိမြင်သောကြောင့် ဖြစ်လေ၏။

ဤအမျိုးသမီးသည် သူ့နောက်လိုက်ရန် ဆုံးဖြတ်ပြီး ဖြစ်သည်။

သို့သော် ကိစ္စမရှိပေ၊ မည်သို့ပင်ဖြစ်စေ ဤအမျိုးသမီးသည် အနှေးနှင့်အမြန် သူ့တာအိုလက်တွဲဖော် ဖြစ်လာမည့်သူ မဟုတ်ပါလော။

သူ့ကိုယ်ပေါ်ရှိ လျှို့ဝှက်ချက် အချို့ကို တစ်ဖက်လူ သိသွားလျှင်လည်း ပြဿနာ ကြီးကြီးမားမား မရှိပေ။

ထို့အပြင် တစ်ဖက်လူနှင့် အတူရှိနေပါက မျက်နှာသာပေးမှုလည်း တရိပ်ရိပ် တက်လာမည်ဖြစ်ပြီး သူ၏ သိမ်းပိုက်ရေးအစီအစဉ်ကို မြန်ဆန်စေပေလိမ့်မည်။

"သိပ်ကောင်းတာပဲ... ရှင် ဘယ်နေရာကို သွားဖို့ စီစဉ်ထားလဲ မသိဘူး..."

ချန်ဇီယွင်က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

"ဒီကိစ္စကတော့... ဟိုဘက်အခြမ်းမှာ အခွင့်အရေး ရှိတယ်လို့ ကျုပ် ခံစားမိတယ်..."

"ဒါကြောင့် အဲ့ဒီဘက်ကို သွားကြည့်ရအောင်..."

ကျိုးစွေ့ အရှေ့မြောက်ဘက် အရပ်ကို ချက်ချင်း ညွှန်ပြလိုက်သည်။ အဘယ်ကြောင့်ဆိုသော် 'ပစ္စည်းရှာဖွေကူ'၏ ညွှန်ပြချက်အရ 'အရပ်ရှစ်မျက်နှာ ကပ်ဘေးရွှေ' တည်နေရာသည် ထိုနေရာတွင် ရှိနေသောကြောင့် ဖြစ်သည်။

သူသည် ယခုတစ်ကြိမ် သူ၏ ရည်ရွယ်ချက်ကို အချိန်ပြည့် မေ့မထားပေ။

"ကောင်းပြီ..."

ချန်ဇီယွင်သည်လည်း သဘာဝကျကျပင် ကန့်ကွက်စရာ မရှိပေ။ သူမသည် ဤအမျိုးသား၏ ကံတရား မည်သို့ရှိသည်ကို အတိအကျ သိမြင်လိုခြင်း ဖြစ်သည်။

တစ်ရက်အကြာတွင်...။

ကျိုးစွေ့နှင့် ချန်ဇီယွင်တို့သည် အဝေးသို့ ပျံသန်းလာကြသည်။

'မိစ္ဆာသတ် လျှို့ဝှက်နယ်မြေ' ၏ ဧရိယာသည် အလွန် ကျယ်ဝန်းပြီး မိုင်ပေါင်း မည်မျှ ရှိသည်ကို မသိနိုင်ပေ။ လိုရာခရီးရောက်ရန် အချိန်အတိုင်းအတာတစ်ခု လိုအပ်ဦးမည် ဖြစ်သည်။

"ဟမ်..."

ထိုအချိန်တွင် ကျိုးစွေ့သည် ရှေ့ရှိ လွင်ပြင်ပေါ်တွင် မိစ္ဆာကောင် ရာဂဏန်းခန့် ပေါ်လာသည်ကို ချက်ချင်း အာရုံခံမိလိုက်သည်။ ၎င်းတို့၏ တစ်ကိုယ်လုံးကို အမည်းရောင် မိစ္ဆာချီများဖြင့် ဖုံးလွှမ်းထားပြီး ခန္ဓာကိုယ်တစ်ခုလုံးမှာ နွားတစ်ကောင်နှင့် တူနေသည်။

၎င်းတို့သည်လည်း ကျိုးစွေ့နှင့် ချန်ဇီယွင်တို့၏ အရှိန်အဝါကို ချက်ချင်း အာရုံခံမိလိုက်ကြပြီး အသားတုံးတွေ့သော ဆာလောင်နေသည့် ဝံပုလွေများကဲ့သို့ ဖြစ်သွားကြတော့သည်။

ရိုးရိုးရှင်းရှင်းပင် အသိစိတ်လွတ်သွားသကဲ့သို့ ရူးသွပ်စွာ ပြေးဝင်လာကြလေသည်။

"ရွှေအမြုတေအဆင့် မိစ္ဆာတစ်သိုက်ပါလား..."

ကျိုးစွေ့ မျက်လုံးများကို မှေးစင်းလိုက်ပြီး ချန်ဇီယွင် လှုပ်ရှားသည်ကို မစောင့်ဘဲ၊ ဓားပျံကို ကိုင်စွဲလျက် ဓားချက်တစ်ချက် ခုတ်ပိုင်းလိုက်ရာ ဓားအလင်းရောင်များ လင်းလက်သွားပြီး အဆုံးမဲ့သော သတ်ဖြတ်ခြင်း အရှိန်အဝါများ ပါဝင်နေချေသည်။

စတုတ္ထအဆင့် ဓားသိုင်းပညာ 'ဓားနှလုံးသားနယ်ပယ်' သို့ ရောက်ရှိပြီးနောက် သူ၏ ဓားချီသည် ပိုမို ထက်ရှလာပြီး နေရာတိုင်းတွင် ရှိနေကာ အရာအားလုံးကို ဓားအဖြစ် အသုံးပြုနိုင်သည်။

များသောအားဖြင့် တိုက်ခိုက်သည့်အခါ၌ အသံမရှိသလို၊ အရိပ်အယောင်လည်း မရှိပေ။ ရန်သူက သတိထားမိချိန်တွင် ခေါင်းနှင့်ကိုယ် အိုးစားကွဲသွားပြီး ဖြစ်သည်။

ဘန်း… ဘန်း… ဘန်း…

နောက်တစ်စက္ကန့်တွင် ဓားအလင်းရောင် ရာပေါင်းများစွာသည် ဤမိစ္ဆာများ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားပြီး၊ ချက်ချင်းပင် ဤမိစ္ဆာများသည် အပိုင်းပိုင်းအစစ ဖြစ်သွားကာ သားသတ်သမားက နွားကို ခုတ်ထစ်သကဲ့သို့ ချက်ချင်းဆိုသလို အပိုင်းပိုင်း ခုတ်ထစ်ခံလိုက်ရတော့သည်။

ချက်ချင်းပင် ခန္ဓာကိုယ်ထဲရှိ မိစ္ဆာအမြုတေများသည်လည်း ကြေမွသွားသည်။ ၎င်းတို့သည် ချက်ချင်း မြေကြီးပေါ်သို့ လဲကျသွားပြီး အသက်စွမ်းအင်များ ပျောက်ကွယ်သွားကြသည်။

"သိပ်ကောင်းတဲ့ ဓားသိုင်းပညာပဲ..."

"စတုတ္ထအဆင့် ဓားသိုင်းပညာ 'ဓားနှလုံးသားနယ်ပယ်' ကို ရောက်ရှိနေတာလား... ရှင်က ဓားသိုင်းပညာနဲ့ ဝိညာဉ်သန္ဓေသား ဖွဲ့စည်းခဲ့တာလား..."

ချန်ဇီယွင်၏ မျက်လုံးများ ပြူးကျယ်သွားပြီး ချယ်ရီသီးလေးကဲ့သို့ နှုတ်ခမ်းပါးလေးသည်လည်း ပွင့်ဟကာ အံ့အားသင့်သွားရသည်။

သူမသည် မူလက ကျိုးစွေ့ အသက်တစ်ရာတွင် ဝိညာဉ်သန္ဓေသား ဖွဲ့စည်းခြင်းသည် သာမန်နည်းလမ်းဖြင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး ဝိညာဉ်သန္ဓေသား အရင်းအမြစ် အမြောက်အမြားကို သုံးစွဲခဲ့သည်ဟု ထင်မှတ်ခဲ့သည်။

မျက်စိရှေ့မှ ဤအမျိုးသားသည် ဓားသိုင်းကျင့်ကြံသူ ဖြစ်နေလိမ့်မည်ဟု မည်သူက ထင်မှတ်ထားပါမည်နည်း။

ထိုသို့ဆိုလျှင် အရင်းအမြစ်များ စုပုံအသုံးပြုခြင်းဖြင့် ရှင်းပြ၍ မရနိုင်တော့ဘဲ၊ ပါရမီထူးချွန်ခြင်း သက်သက်ကြောင့်သာ ဖြစ်ပေသည်။

အကယ်၍ ကောင်းကင်ဓားဂိုဏ်းမှ တစ္ဆေအိုကြီးများ ဤကိစ္စကို သိရှိသွားပါက သေချာပေါက် ရူးသွပ်သွားကြပေလိမ့်မည်။

မည်သို့ပင်ဖြစ်စေ ကောင်းကင်ဓားဂိုဏ်းကဲ့သို့ ရှေးဟောင်းဂိုဏ်းကြီးပင်လျှင် ဝိညာဉ်သန္ဓေသား ဓားသိုင်းကျင့်ကြံသူ တစ်ဦးကို မွေးထုတ်ပေးရန်မှာ အလွန် ခက်ခဲသော ကိစ္စဖြစ်သည်။

အသက်တစ်ရာဖြင့် ဝိညာဉ်သန္ဓေသား ဖွဲ့စည်းသော ဓားသိုင်းကျင့်ကြံသူ ဆိုသည်မှာမှာ ပြောနေစရာပင် မလိုတော့ပေ။

"ဘယ်ကသာ မဟုတ်ရပါဘူးဗျာ... ကျုပ်က ဓားသိုင်းကျင့်ကြံသူ မဟုတ်ပါဘူး..."

"ဓားသိုင်းပညာနဲ့ ပတ်သက်ပြီး မဆိုစလောက်လေး ထိတွေ့ဖူးတာပါ..."

ကျိုးစွေ့က နှိမ့်ချစွာ ပြောလိုက်သည်။

‘ဟင့်… မဆိုစလောက်လေး ထိတွေ့ဖူးတာတဲ့လား...'

'ဒါက မဆိုစလောက်လေး ထိတွေ့ဖူးတာ ဖြစ်နေဦးမယ် အားချီးချီး… ဒါက ဓားနှလုံးသားနယ်ပယ်၊ စတုတ္ထအဆင့် ဓားသိုင်းပညာလေ'

ချန်လန်ပင်လယ်ဒေသ တစ်ခုလုံးတွင် ဤအဆင့်သို့ ရောက်ရှိနိုင်သော ကျင့်ကြံသူများမှာ လက်ချိုးရေလို့ပင် ရသည်။

ဤအမျိုးသားသည်ကား ကိုယ့်ကိုယ်ကိုယ် မဆိုစလောက် ထိတွေ့ဖူးရုံပါဟု ပြောနေသေးသည်လော…။

ချန်ဇီယွင်ခမျာ နှုတ်ခမ်းမဲ့လိုက်မိပြီး ဘာပြောရမှန်း မသိတော့ပေ။

"ဒါပေမဲ့ ဘယ်လိုဖြစ်တာလဲ... ဒီ 'မိစ္ဆာသတ် လျှို့ဝှက်နယ်မြေ' ထဲမှာ ဘာလို့ မိစ္ဆာတွေ ဒီလောက် အများကြီး ရှိနေရတာလဲ..."

ကျိုးစွေ့ မျက်မှောင်ကြုတ်လိုက်သည်။ ဤတစ်ရက်အတွင်း သူသည် မိစ္ဆာအများအပြားနှင့် ကြုံတွေ့ခဲ့ရပြီး၊ အင်အား မကြီးမားလှသလို၊ အများဆုံး ရွှေအမြုတေအဆင့် သို့မဟုတ် အခြေတည်အဆင့်သာ ရှိသော်လည်း၊ ၎င်းတို့၏ အရေအတွက်မှာ အလွန် များပြားပြီး ရေတွက်၍ မကုန်နိုင်ပေ။

သူ ကိုယ်တိုင် မိစ္ဆာပေါင်း မည်မျှ သတ်ဖြတ်ခဲ့သည်ကိုပင် မသိတော့ဘဲ၊ တကယ်ကို စိတ်ပျက်စရာ ကောင်းလှပေသည်။

"မတတ်နိုင်ဘူးလေ..."

"'မိစ္ဆာသတ် လျှို့ဝှက်နယ်မြေ' ကိုယ်တိုင်က မိစ္ဆာတွေကို ချုပ်နှောင်ထားတဲ့ ထောင်တစ်ခုပဲ..."

"ဒီမိစ္ဆာတွေက သက်တမ်းရှည်လျားပြီး... ဒီနေရာမှာ နှစ်သောင်းချီ ပိတ်လှောင်ခံထားရတာတောင် မသေကုန်ကြသေးဘူး..."

"ပိုပြီး ကြောက်စရာကောင်းတာက ဒီမိစ္ဆာတွေရဲ့ မျိုးပွားနိုင်စွမ်းကလည်း အားကောင်းပြီး... တခြား သက်ရှိတွေကိုပါ မိစ္ဆာအသွင် ပြောင်းလဲပစ်နိုင်တယ်..."

"ကြာလာတော့ 'မိစ္ဆာသတ် လျှို့ဝှက်နယ်မြေ' ထဲမှာ မိစ္ဆာအမြောက်အမြား လှည့်လည်သွားလာနေတော့တာပဲ..."

"ပြီးတော့ ဒီမိစ္ဆာတွေက ခန္ဓာကိုယ်ထဲက မိစ္ဆာအမြုတေကို မချေမှုန်းနိုင်မချင်း... ခြေလက်… ခေါင်းတွေ ပြတ်သွားရင်တောင် သေမှာ မဟုတ်ဘူး..."

"ခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေကိုတောင် အလျင်အမြန် ပြန်လည် ကုစားနိုင်သေးတယ်..."

ချန်ဇီယွင်က လေးနက်စွာ ပြောလိုက်သည်။

မိစ္ဆာဂိုဏ်းကြီးသုံးခုသည် 'မိစ္ဆာသတ် လျှို့ဝှက်နယ်မြေ' သို့ ဝင်ရောက်လာသည်မှာ နှစ်ပေါင်းတစ်ထောင် ရှိပြီဖြစ်သော်လည်း၊ 'မိစ္ဆာသတ် လျှို့ဝှက်နယ်မြေ' သို့ ဆယ်ကြိမ်သာ ဝင်ရောက်ဖူးပြီး၊ တစ်ကြိမ်လျှင် တစ်လသာ နေထိုင်နိုင်သည်။

ပေါင်းလိုက်လျှင် ဆယ်လသာ ရှိသေးသည်။

ထို့ကြောင့် သူတို့သည် 'မိစ္ဆာသတ် လျှို့ဝှက်နယ်မြေ' ၏ အစိတ်အပိုင်း အချို့ကိုသာ စူးစမ်းရှာဖွေနိုင်ခဲ့သည်။

ထိုမိစ္ဆာများသည် 'မိစ္ဆာသတ် လျှို့ဝှက်နယ်မြေ' ၏ နေရာအနှံ့အပြားတွင် ရှိနေပြီး အချိန်တိုအတွင်း သတ်ဖြတ်၍ ကုန်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ရံဖန်ရံခါ မိစ္ဆာအုပ်စုကြီး၏ တိုက်ခိုက်မှုကို ခံရတတ်သည်။

မှန်ပေသည်၊ သူတို့ ကြုံတွေ့ရသည်မှာ အဆင့်နိမ့် မိစ္ဆာများသာ ဖြစ်သည်။ ဝိညာဉ်သန္ဓေသား ကျင့်ကြံသူများအတွက် ဖြေရှင်းရန် များစွာ မခက်ခဲလှပေ။

All Chapters