← Chapters

ခန္ဓာကိုယ်နဲ့ပဲ ပေးဆပ်ပါရစေ၊ ဘယ်ယောက်ျားက ဒီလိုစမ်းသပ်မှုကို တောင့်ခံနိုင်မှာလဲ(၃)။

Vol. 42 Ch. 466

ခန္ဓာကိုယ်နဲ့ပဲ ပေးဆပ်ပါရစေ၊ ဘယ်ယောက်ျားက ဒီလိုစမ်းသပ်မှုကို တောင့်ခံနိုင်မှာလဲ(၃)။

Vol. 42 Ch. 466

ဤအချိန်တွင် မိစ္ဆာသတ်လျှို့ဝှက်နယ်မြေတစ်နေရာ၌...။

ပင်လယ်မျိုးနွယ်စု ကျင့်ကြံသူအများအပြား အလွန် စိတ်လှုပ်ရှားနေကြသည်။

အဘယ်ကြောင့်ဆိုသော် အစောပိုင်းက သူတို့ ဝင်ရောက်တိုက်ခိုက်ပြီး မိစ္ဆာသတ်လျှို့ဝှက်နယ်မြေ၏ တားမြစ်အစီအရင် အများအပြားကို ဖျက်ဆီးလိုက်သောကြောင့် ဖြစ်သည်။

မိစ္ဆာသတ်လျှို့ဝှက်နယ်မြေတစ်ခုလုံးတွင် မိစ္ဆာများကို ချုပ်နှောင်ထားသည်မှာ 'အရပ်ရှစ်မျက်နှာ မိစ္ဆာချုပ်မျှော်စင်' တစ်ခုတည်း မဟုတ်ဘဲ၊ အမှန်တကယ်တွင် နေရာအနှံ့အပြားကို အစီအရင်ကြီးများဖြင့် ဖုံးလွှမ်းထားပြီး မိစ္ဆာအများအပြားကို ချုပ်နှောင်ထားခြင်း ဖြစ်သည်။

သို့သော် ယခုအချိန်တွင် ဤပင်လယ်မျိုးနွယ်စု ကျင့်ကြံသူများက ဝင်ရောက်တိုက်ခိုက်ကာ တားမြစ်အစီအရင်များကို ဖျက်ဆီးလိုက်ပြီး အတွင်းထဲရှိ မိစ္ဆာများကို အကုန်လွှတ်ပေးလိုက်ရာ၊ ၎င်းတို့သည် ရေလှိုင်းများကဲ့သို့ အုံနဲ့ကျင်းနဲ့ ထွက်ပေါ်လာပြီး မိစ္ဆာသတ်လျှို့ဝှက်နယ်မြေတစ်ခုလုံးကို စတင် မွှေနှောက်နေကြတော့သည်။

"အကြီးအကဲလင်းဖုန်း၊ အကြီးအကဲချင်းယဲ့၊ အကြီးအကဲယွီကူ... ခင်ဗျားတို့ တကယ်ကို အရမ်းတော်တာပဲ..."

"မိစ္ဆာဂိုဏ်းကြီးသုံးခုတောင် မဖျက်ဆီးနိုင်တဲ့ ဒီနေရာက ပဉ္စမအဆင့် တားမြစ်အစီအရင်တွေကို ခင်ဗျားတို့က လွယ်လွယ်ကူကူ ဖျက်ဆီးနိုင်ခဲ့တယ်..."

"ခင်ဗျားတို့ ဒီနေရာက တားမြစ်အစီအရင်တွေရဲ့ ဟာကွက်ကို ဘယ်လို သိကြတာလဲ..."

ပင်လယ်မျိုးနွယ်စု ကျင့်ကြံသူအများအပြားသည် ဤစတုတ္ထအဆင့် ထိပ်တန်း ပင်လယ်မျိုးနွယ်စု အကြီးအကဲသုံးဦးကို လေးစားအားကျစွာ ကြည့်နေကြသည်။

သူတို့က ဤနေရာရှိ တားမြစ်အစီအရင်များကို ဖျက်ဆီးရန် အလွန် ခက်ခဲလိမ့်မည်ဟု ထင်မှတ်ထားခဲ့ကြသည်။

သို့သော် ဤအကြီးအကဲသုံးဦးသည် လျှောက်ဖူးနေကျလမ်းဟောင်းအတိုင်း လျှောက်လှမ်းနေသကဲ့သို့ လွယ်လွယ်ကူကူပင် ဖျက်ဆီးလိုက်ကြသည်။

ဤနေရာကို စောစီးစွာကပင် ကျွမ်းကျင်နေသကဲ့သို့ ဖြစ်နေပြီး မည်သို့မျှ ယုံကြည်နိုင်စရာ မရှိပေ။

ရိုးရိုးသားသား ဆိုရလျှင် သူတို့သည် မတော်တဆမှု တစ်ခုခု ဖြစ်လာမည်ကို စိုးရိမ်နေခဲ့ကြပြီး၊ ကိစ္စရပ်များမှာ ဤကဲ့သို့ ချောမွေ့စွာ ပြီးဆုံးသွားလိမ့်မည်ဟု မထင်ထားခဲ့ကြပေ။

"ဟားဟား... ကလေးကစားစရာပါပဲ..."

"ဒီနေရာက တားမြစ်အစီအရင်တွေက နှစ်တွေကြာလာလို့ ပျက်စီးယိုယွင်းနေပြီး အရင်ကနဲ့ မတူတော့ဘဲ ဟာကွက်တွေ အများကြီး ပေါ်နေပြီ..."

"ပြီးတော့ ဒီတစ်ခါ ငါတို့က ပဉ္စမအဆင့် တားမြစ်ဖြိုခွင်းအဆောင်တွေနဲ့ တားမြစ်ဖြိုခွင်းပစ္စည်း အများကြီး ယူလာခဲ့တာလေ..."

"ဒီနေရာက တားမြစ်အစီအရင်တွေကို ဖြိုခွင်းတာက ငှက်ပျောသီးအခွံနွှာသလို လွယ်ကူတဲ့ကိစ္စပါပဲ... ဟားဟား…"

အကြီးအကဲလင်းဖုန်းက ကျယ်လောင်စွာ ရယ်မောလိုက်လေသည်။

သို့သော် သူ၏ မျက်လုံးသူငယ်အိမ် အတွင်းပိုင်း၌မူ ကြောက်မက်ဖွယ် မိစ္ဆာအခိုးအငွေ့ အမျှင်တန်းများ ပါဝင်နေသည်ကို မည်သူမျှ မမြင်တွေ့လိုက်ကြပေ။ ခန္ဓာကိုယ်အတွင်းပိုင်းရှိ ဝိညာဉ်သည် မိစ္ဆာအရှိန်အဝါ၏ တိုက်စားခြင်းကို ခံလိုက်ရသည်မှာ ကြာမြင့်နေပြီဖြစ်သည်။

အကြီးအကဲလင်းဖုန်း တစ်ဦးတည်းသာ မဟုတ်ဘဲ၊ အကြီးအကဲချင်းယဲ့နှင့် အကြီးအကဲယွီကူတို့လည်း ထိုနည်းလည်းကောင်းပင်။

အဘယ်ကြောင့်ဆိုသော် သူတို့သည် လွန်ခဲ့သောအကြိမ် မိစ္ဆာသတ်လျှို့ဝှက်နယ်မြေသို့ ဝင်ရောက်စဉ်ကတည်းက ဝိညာဉ်သန္ဓေသားအဆင့် 'စိတ်ညှို့မိစ္ဆာ'၏ ထိန်းချုပ်ခြင်းကို ခံလိုက်ရသောကြောင့် ဖြစ်သည်။

'စိတ်ညှို့မိစ္ဆာ' သည် မရေမတွက်နိုင်သော မိစ္ဆာများထဲတွင် အထူးခြားဆုံးသော မျိုးစိတ်တစ်မျိုး ဖြစ်သည်။

၎င်းသည် အသွင်သဏ္ဌာန်မရှိသလို၊ အသံနှင့် အရောင်အဆင်းမဲ့ပြီး လူ့စိတ်ကို လှည့်စားခြင်း၊ စိတ်ကို ထိန်းချုပ်ခြင်းတို့၌ ကျွမ်းကျင်ကြသည်။

ဝိညာဉ်သန္ဓေသား ကျင့်ကြံသူပင်လျှင် ၎င်းတို့၏ ထိန်းချုပ်မှုကို တွန်းလှန်ရန် ခက်ခဲသည်။

အကြီးအကဲလင်းဖုန်းနှင့် အခြားသူများသည် ယခင် မိစ္ဆာသတ်လျှို့ဝှက်နယ်မြေသို့ ဝင်ရောက်စဉ် မတော်တဆ 'စိတ်ညှို့မိစ္ဆာ'၏ ထိန်းချုပ်ခြင်းကို ခံလိုက်ရပြီး ၎င်း၏ လက်ပါးစေများ ဖြစ်လာခဲ့ကြသည်။

'စိတ်ညှို့မိစ္ဆာ' က သူတို့ကို ထိန်းချုပ်ရန် ရွေးချယ်ရခြင်း အကြောင်းရင်းမှာ...။

မိစ္ဆာသတ်လျှို့ဝှက်နယ်မြေ တစ်ခုလုံးတွင် 'မြောက်ပိုင်းကြယ်ခုနစ်ပွင့် မိစ္ဆာသတ်အစီအရင်' ရှိနေသဖြင့် သူတို့ မိစ္ဆာများ ထွက်ပြေး၍ မရနိုင်သောကြောင့် ဖြစ်သည်။

ထွက်ပြေးရန် ကြိုးစားသည်နှင့်တပြိုင်နက် အစီအရင်၏ တိုက်ခိုက်ခြင်းကို ခံရပြီး အလောင်းပင် ရှာမရအောင် သေဆုံးသွားရပေမည်။

ထို့ကြောင့် ၎င်းသည် ဤပင်လယ်မျိုးနွယ်စု ကျင့်ကြံသူများကို အသုံးပြုပြီး မိမိလွတ်မြောက်အောင် ကူညီခိုင်းရခြင်းပင်။

ထင်ရှားသည်မှာ အစီအစဉ်သည် အလွန်ပင် ချောမွေ့စွာ ပြီးဆုံးသွားသည်။

ဤပင်လယ်မျိုးနွယ်စု အကြီးအကဲသုံးဦးသည် လှည့်စားခံလိုက်ရပြီး ပင်လယ်မျိုးနွယ်စု ကျင့်ကြံသူ အမြောက်အမြားကို ခေါ်ဆောင်လာကာ မိစ္ဆာများ လွတ်မြောက်ရန် ကူညီပေးခဲ့ကြသည်။

မည်သို့ပင်ဖြစ်စေ မိစ္ဆာသတ်လျှို့ဝှက်နယ်မြေထဲရှိ တားမြစ်အစီအရင် အများအပြားသည် မိစ္ဆာများကိုသာ အထူးသီးသန့် ဖိနှိပ်ထားသည်။

လူသားကျင့်ကြံသူများနှင့် သားရဲကျင့်ကြံသူများကိုမူ ဖိနှိပ်ခြင်း မရှိပေ။

ထို့ကြောင့် မိစ္ဆာများသည်လည်း အခြားသူများ၏ အင်အားကို အသုံးပြုပြီး တားမြစ်အစီအရင်များကို ဖျက်ဆီးကာ ထောင်ချောက်ထဲမှ ထွက်ပြေးရန်သာ တတ်နိုင်ကြသည်။

'စိတ်ညှို့မိစ္ဆာ'၏ အကူအညီကြောင့်ပင် ဤပင်လယ်မျိုးနွယ်စု ကျင့်ကြံသူများသည် ဤနေရာရှိ တားမြစ်အစီအရင်များကို ဤမျှ လွယ်ကူစွာ ဖြိုခွင်းနိုင်ခဲ့ခြင်း ဖြစ်သည်။

"သွားကြ..."

"အရပ်ရှစ်မျက်နှာ မိစ္ဆာချုပ်မျှော်စင်ဆီ ချက်ချင်း သွားကြ..."

"အဲ့ဒီက တားမြစ်အစီအရင်ကို ဖျက်ဆီးပြီး... အရပ်ရှစ်မျက်နှာ မိစ္ဆာချုပ်မျှော်စင်ထဲက မိစ္ဆာတွေကို အကုန်လွှတ်ပေးလိုက်..."

"ဒါမှသာ ငါတို့ မိစ္ဆာသတ်လျှို့ဝှက်နယ်မြေကနေ ထွက်ပြေးနိုင်မှာ..."

ဤအချိန်တွင် 'စိတ်ညှို့မိစ္ဆာ' သည် အကြီးအကဲလင်းဖုန်း၏ စိတ်နှလုံး အနက်ပိုင်းတွင် ပုန်းအောင်းနေပြီး ဤပင်လယ်မျိုးနွယ်စု ကျင့်ကြံသူများကို အမိန့်ပေးလိုက်လေသည်။

အမှန်တကယ်တွင် ဤကာလအတွင်း ဤပင်လယ်မျိုးနွယ်စု ကျင့်ကြံသူများသည် 'စိတ်ညှို့မိစ္ဆာ'၏ စွမ်းအား တိုက်စားခြင်းကို ခံလိုက်ရပြီး၊ စိတ်ဓာတ်များသည် မသိလိုက်ဘာသာ ပြောင်းလဲသွားကာ ပြောင်းလဲမှုများအား သတိမထားမိတော့ချေ။

အားလုံးသည် 'စိတ်ညှို့မိစ္ဆာ'၏ ရုပ်သေးရုပ်များ ဖြစ်လာခဲ့ကြတော့သည်။

"ကောင်းပါပြီ..."

ပင်လယ်မျိုးနွယ်စု ကျင့်ကြံသူ အများအပြား၏ ခန္ဓာကိုယ်ပေါ်တွင် နက်ရှိုင်းသော သတ်ဖြတ်ခြင်းအရှိန်အဝါများ ဖုံးလွှမ်းနေပြီး 'အရပ်ရှစ်မျက်နှာ မိစ္ဆာချုပ်မျှော်စင်' ဆီသို့ ချက်ချင်း ပျံသန်းသွားကြလေသည်။

၎င်းတို့သာမက ပတ်ဝန်းကျင်ရှိ မိစ္ဆာများသည်လည်း ရေလှိုင်းများကဲ့သို့ လှိမ့်ဝင်လာကြသည်။

"သိပ်ကောင်းတယ်... ငါတို့ကို ဒီလောက်ကြာကြာ ပိတ်လှောင်ထားတာ… နောက်ဆုံးတော့ ငါတို့ လွတ်မြောက်နိုင်ခဲ့ပြီ..."

"မိစ္ဆာသတ်ဂိုဏ်း... မင်းတို့ ဘယ်လောက်ပဲ စွမ်းအားကြီးပါစေ... နှစ်ကာလတွေရဲ့ တိုက်စားမှုကို တောင့်မခံနိုင်ပါဘူး..."

"အရင်တုန်းက နာမည်ကြီးခဲ့တဲ့ လူသားမျိုးနွယ် နတ်ဘုရားအသွင်ပြောင်းအဆင့် ဂိုဏ်းက အခုတော့ အပျက်အစီး ဖြစ်သွားပြီ မဟုတ်လား..."

"ဒါပေမဲ့ ငါတို့ မိစ္ဆာတွေကသာ ထာဝရ တည်တံ့နေတာ..."

"ငါ့ကို စောင့်နေကြစမ်း... လွတ်မြောက်ပြီးတာနဲ့ လူသားမျိုးနွယ်ကို သေချာပေါက် မျိုးဖြုတ်ပစ်ပြီး... ဒီကမ္ဘာကြီးကို မိစ္ဆာကမ္ဘာအဖြစ် ပြောင်းလဲပစ်မယ်... လူသားမျိုးနွယ်ကို ဘယ်တော့မှ ခေါင်းမထောင်နိုင်အောင် လုပ်ပစ်မယ်..."

'စိတ်ညှို့မိစ္ဆာ'၏ ခန္ဓာကိုယ်ပေါ်တွင် နက်ရှိုင်းသော မိစ္ဆာအခိုးအငွေ့များ ဖုံးလွှမ်းနေပြီး တွေ့မြင်သူတိုင်းကို ကြက်သီးထစေနိုင်သည်။

၎င်းသည် ဤနေရာမှ ထွက်ခွာပြီး သတ်ဖြတ်ပွဲ ကျင်းပရန် မစောင့်နိုင်တော့ပေ။

…………

ဝုန်း...

ဤအချိန်တွင် တားမြစ်အစီအရင် အများအပြား ပျက်စီးသွားသည်နှင့်အမျှ မိစ္ဆာအမြောက်အမြား ထောင်ချောက်ထဲမှ ထွက်ပြေးလာကြပြီး၊ အဆုံးမဲ့ မိစ္ဆာအရှိန်အဝါများ အရပ်လေးမျက်နှာသို့ ပျံ့နှံ့သွားကာ လျှို့ဝှက်နယ်မြေ ကမ္ဘာတစ်ခုလုံးကို သက်ရောက်မှု ရှိသွားသည်။

ကောင်းကင်တစ်ခုလုံးကို အမည်းရောင် မိစ္ဆာအရှိန်အဝါများ ဖုံးလွှမ်းသွားပြီး တိမ်မည်းများ နေကိုကွယ်ထားသကဲ့သို့ ဖြစ်နေသည်။

ပတ်ဝန်းကျင် အပူချိန်သည်လည်း အရှိန်အဟုန်ဖြင့် ကျဆင်းသွားပြီး လေတိုက်သံများ ဆူညံနေလေသည်။‌ မြေကြီးပေါ်တွင် ထူထဲသော ရေခဲလွှာများပင် ဖြစ်ပေါ်လာသည်။

မိစ္ဆာအများအပြားသည် ရေလှိုင်းများကဲ့သို့ အရပ်လေးမျက်နှာသို့ ပြေးလွှားနေကြသည်။

ဤသည်မှာ ချိပ်ပိတ်ခံရသော မျောက်ဘုရင်စွန်းဝူခုန်းတစ်ယောက် လွတ်မြောက်လာသကဲ့သို့ပင်။

ကံကောင်းထောက်မစွာဖြင့် ဤနေရာသည် မိစ္ဆာသတ်လျှို့ဝှက်နယ်မြေ ဖြစ်ပြီး လူ့လောက မဟုတ်ပေ။ သို့မဟုတ်ပါက သေချာပေါက် သာမန်လူအများအပြား ဒုက္ခရောက်ကြပေလိမ့်မည်။

ချက်ချင်းပင် ကောင်းကင်မိစ္ဆာဂိုဏ်း၊ ဟေးရှားနန်းတော်နှင့် ရွှမ်ယင်ဂိုဏ်းဟူသော ဝိညာဉ်သန္ဓေသား ဂိုဏ်းကြီးသုံးခုမှ ကျင့်ကြံသူများသည် မျက်နှာပျက်သွားကြရသည်။

သူတို့သည် ဤလှုပ်ရှားမှုကို ပထမဆုံးအကြိမ် အာရုံခံမိလိုက်ကြသည်။

"သေစမ်း... ဘာတွေ ဖြစ်ကုန်တာလဲ... ဘာလို့ မိစ္ဆာအများကြီး လွတ်မြောက်လာကြတာလဲ... အခု နေရာတိုင်းမှာ မိစ္ဆာတွေချည်းပဲ... သူတို့က ငါတို့ကို အကုန်သတ်ချင်နေတာပဲ... ဘယ်လိုလုပ် ဒီလိုမျိုး အပြောင်းအလဲ ဖြစ်လာရတာလဲ..."

ဝိညာဉ်သန္ဓေသား ကျင့်ကြံသူတစ်ဦး၏ မျက်နှာအမူအရာမှာ အဆုံးစွန်ထိတိုင် အရုပ်ဆိုးနေလေသည်။

သူသည် ဤသည်မှာ အလွန်တရာ ဘေးကင်းသော ရတနာရှာဖွေရေး ခရီးစဉ်တစ်ခုဖြစ်ပြီး အန္တရာယ် သိပ်မရှိလောက်ဟု ထင်ထားခဲ့သည်။

သို့သော် မည်သူ ထင်မှတ်ထားပါမည်နည်း။ မိစ္ဆာအမြောက်အမြား စတင် ဆူပူသောင်းကျန်းလာပြီး မိစ္ဆာသတ်လျှို့ဝှက်နယ်မြေထဲတွင် မွှေနှောက်နေကြချေသည်။

ဝိညာဉ်သန္ဓေသားအဆင့် စွမ်းအားဖြင့်ပင် တောင့်ခံနိုင်ချင်မှ တောင့်ခံနိုင်ပေလိမ့်မည်။

"မပြောတတ်ဘူး... ကြည့်ရတာ မိစ္ဆာသတ်လျှို့ဝှက်နယ်မြေမှာ ကြီးမားတဲ့ အပြောင်းအလဲ ဖြစ်သွားပုံပဲ... တစ်ယောက်ယောက်က ဒီနေရာက တားမြစ်အစီအရင်တွေကို ထိမိပြီး ဒီမိစ္ဆာတွေကို လွှတ်ပေးလိုက်တာများလား..."

"အခု ဒါတွေကို စဉ်းစားရမယ့်အချိန် မဟုတ်တော့ဘူး... စောစောက မိစ္ဆာသတ်လျှို့ဝှက်နယ်မြေရဲ့ ထွက်ပေါက်တံခါးကြီး လုံးဝ ပိတ်သွားတာ ငါ တွေ့လိုက်တယ်... အဓိပ္ပါယ်က ငါတို့ လက်ရှိအချိန်မှာ ပြန်ထွက်လို့ မရတော့ဘူး..."

"မဖြစ်နိုင်တာ... နောက်မနေစမ်းပါနဲ့ကွာ... လဝက်လောက် အချိန်ကျန်သေးတယ် မဟုတ်ဘူးလား... ဘာလို့ တံခါးကြီး ပိတ်သွားရတာလဲ..."

"မပြောတတ်ဘူး... ဒါက မိစ္ဆာသတ်လျှို့ဝှက်နယ်မြေရဲ့ အရေးပေါ် အစီအမံ ဖြစ်လောက်တယ်... ဒီနေရာက အစကတည်းက မိစ္ဆာတွေကို ဖမ်းချုပ်ထားတဲ့ ထောင်လေ... မိစ္ဆာတွေ ထွက်ပြေးဖို့ ကြိုးစားတာနဲ့ လျှို့ဝှက်နယ်မြေ တံခါးမကြီး ပိတ်သွားပြီး... ဘယ်သူမှ ဝင်ထွက်ခွင့်မရှိတော့ဘူး... ဒီမိစ္ဆာကပ်ဘေးကို မဖြေရှင်းနိုင်သရွေ့ လျှို့ဝှက်နယ်မြေ တံခါးမကြီး ပြန်ပွင့်လာမယ် မထင်ဘူး..."

"သေစမ်း... ဘယ်မအေဘေးက ဒီမိစ္ဆာတွေကို လွှတ်ပေးလိုက်လဲဆိုတာ ငါ မသိစေနဲ့... မဟုတ်ရင် ငါ သူ့ကို လုံးဝ အလွှတ်ပေးမှာ မဟုတ်ဘူး..."

"ဒါတွေ ပြောမနေနဲ့တော့... ငါတို့ အမြန် ပြေးကြတာ ပိုကောင်းတယ်... ဒီမှာ ဆက်နေရင် မိစ္ဆာတွေ ဝိုင်းပြီး သတ်တာ ခံရလိမ့်မယ်..."

ဝိညာဉ်သန္ဓေသား ကျင့်ကြံသူအများအပြား ဆွေးနွေးငြင်းခုံနေကြပြီး မျက်နှာများမှာ ဒယ်အိုးဖင်ကဲ့သို့ မဲမှောင်နေကြသည်။

သူတို့သည် ရတနာရှာဖို့ပင် ဂရုမစိုက်နိုင်တော့ပေ။

အားလုံးသည် အရပ်လေးမျက်နှာသို့ ထွက်ပြေးကြပြီး မိစ္ဆာများ၏ လိုက်လံသတ်ဖြတ်မှုကို ရှောင်တိမ်းနေကြရတော့သည်။

All Chapters