← Chapters

ကပ်ဘေးမိုးကြိုးစွမ်းအား၊ မိစ္ဆာတို့၏ သဘာဝရန်သူ။

Vol. 42 Ch. 468

ကပ်ဘေးမိုးကြိုးစွမ်းအား၊ မိစ္ဆာတို့၏ သဘာဝရန်သူ။

Vol. 42 Ch. 468

"တကယ့်ကို ဆူညံနေတာပဲ..."

"မိစ္ဆာကျင့်ကြံသူ တစ်သိုက်လောက်နဲ့များ ငါ့ရှေ့မှာ လာပြီး ရဲရဲတင်းတင်း စကားကြီးစကားကျယ် ပြောရဲသေးတယ်..."

"အသက်ရှင်ရတာ ငြီးငွေ့နေပြီပဲ..."

"ဒီနေ့ မင်းတို့အားလုံးကို သတ်ပစ်လိုက်မယ်… အတော်ပဲ ငါလည်း စတုတ္ထအဆင့် မိစ္ဆာသားရဲ ဟင်းစား လိုနေတာနဲ့ အကိုက်ပဲ..."

ဤအချိန်တွင် ကျိုးစွေ့သည် ထိုပင်လယ်မျိုးနွယ်စု ကျင့်ကြံသူများကို တည်ငြိမ်စွာ ကြည့်လိုက်ပြီး၊ စိတ်အေးလက်အေးရှိနေကာ ကြောက်ရွံ့ခြင်း အလျဉ်းမရှိပေ။

"ဘာ..."

ဤစကားကို ကြားသောအခါ အကြီးအကဲလင်းဖုန်း၊ အကြီးအကဲချင်းယဲ့၊ အကြီးအကဲယွီကူ အစရှိသော ပင်လယ်မျိုးနွယ်စု ကျင့်ကြံသူများ၏ မျက်နှာအမူအရာများ အကြီးအကျယ် ပြောင်းလဲသွားပြီး၊ ကျိုးစွေ့ကို ဒေါသတကြီး စိုက်ကြည့်လိုက်ကြကာ ဒေါသအရှိန်အဟုန်များ ရင်ထဲမှ လှိမ့်တက်လာကြတော့သည်။

ဝိညာဉ်သန္ဓေသား အစောပိုင်းအဆင့် လူသားကျင့်ကြံသူလေးကများ သူတို့ရှေ့တွင် လာရောက်ကာ ရဲတင်းနေရဲသည်လော…။

သူတို့ကို ဟင်းချက်စရာ သားရဲများအဖြစ်ပင် သဘောထားနေသေးသည်လော…။

ဤခွေးကောင်လေးသည် မည်သည့်အားကိုးဖြင့် ဤမျှ သတ္တိကောင်းနေရသနည်း…။ စိတ်ဖောက်ပြန်ပြီး ရူးသွားခြင်းပင်လော…။

"ဒါက..."

ချန်ဇီယွင်တစ်ယောက် သူမ၏ မျက်လုံးလှလှလေးများကို ပုတ်ခတ်လိုက်မိတော့သည်။ သူမသည်လည်း ဤအမျိုးသား အဘယ်ကြောင့် ဤမျှ ယုံကြည်မှု အပြည့်ရှိနေရသည် ဆိုခြင်းအား သိပ်နားမလည်နိုင်ပေ။

ထင်ရှားသည်မှာ ကျင့်ကြံမှုသည် ဝိညာဉ်သန္ဓေသား အစောပိုင်းအဆင့်သာ ရှိသေးသော်လည်း၊ ဤပင်လယ်မျိုးနွယ်စု ဝိညာဉ်သန္ဓေသား ကျင့်ကြံသူများကိုမူ လုံးဝ လျစ်လျူရှုရဲနေသည်။

ဤခံစားချက်သည် ပင်လယ်မျိုးနွယ်စု ဝိညာဉ်သန္ဓေသားများက သူ့ကို ဝိုင်းထားခြင်း မဟုတ်ဘဲ၊ သူကသာ ထိုပင်လယ်မျိုးနွယ်စုများကို ဝိုင်းထားသကဲ့သို့ ဖြစ်နေချေသည်။

ဒီယောက်ျားမှာ ဒီပင်လယ်မျိုးနွယ်စု ဝိညာဉ်သန္ဓေသားတွေကို အနိုင်ယူနိုင်တဲ့ အားကိုးတစ်ခုခုများ ရှိနေတာများလား…။

"အိပ်မက်ကမ္ဘာ..."

ကျိုးစွေ့သည် ရှင်းပြရန် ရည်ရွယ်ချက် မရှိဘဲ အနီးနားရှိ 'အိပ်မက်ဝိညာဉ်ကူ' နှင့် ချက်ချင်း ဆက်သွယ်လိုက်သည်။

ယခုအခါ 'အိပ်မက်ဝိညာဉ်ကူ' သည် စတုတ္ထအဆင့် အလယ်အလတ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိထားရပေမည်။ ယခင်ကနှင့် နှိုင်းယှဉ်လျှင် မည်မျှ ပိုမို၍ စွမ်းအားကြီးလာသည်ကို မသိနိုင်ချေ။

ထို့အပြင် နတ်ဘုရားအသွင်ပြောင်းအဆင့်နှင့် နှိုင်းယှဉ်နိုင်သော သူ၏ ဝိညာဉ်စွမ်းအားလည်း ရှိနေသေးသည်။

ထိုနှစ်ခုကို ပေါင်းစပ်လိုက်သောအခါ 'အိပ်မက်ဝိညာဉ်ကူ' ၏ စွမ်းအားကို အကန့်အသတ်ထိတိုင် ထုတ်ဖော်နိုင်ပေသည်။

ဘန်း...

တစ်ခဏအတွင်း မမြင်နိုင်သော ဝိညာဉ်လှိုင်းဂယက်များ ပြန့်ကားသွားပြီး မိုင်တစ်ထောင်ပတ်လည် နယ်မြေကို လွှမ်းခြုံသွားလေသည်။

ကြီးမားသော အိပ်မက်ကမ္ဘာကြီးတစ်ခုက ဤနေရာတွင် ပေါ်ပေါက်လာပြီး ထိုပင်လယ်မျိုးနွယ်စု ကျင့်ကြံသူများကို လွှမ်းခြုံသွားတော့သည်။

ချက်ချင်းပင် ဤနယ်မြေတစ်ခုလုံးတွင် ကြီးမားသော အပြောင်းအလဲများ ဖြစ်ပေါ်လာပြီး၊ ကြီးမားသော ရှေးဟောင်းသစ်တောကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသကဲ့သို့ ရှိလေသည်။

ပင်လယ်မျိုးနွယ်စု ကျင့်ကြံသူများစွာသည် မတူညီသော နေရာများသို့ ကွဲကွာသွားသကဲ့သို့ ဖြစ်သွားရသည်။

ဝိညာဉ်သန္ဓေသား ကျင့်ကြံသူ တစ်ဦးချင်းစီသည်လည်း အိပ်မက်ထဲသို့ ကျရောက်သွားကြသည်။

သူတို့သည် ချက်ချင်းပင် အိပ်မက်ထဲသို့ ရောက်ရှိသွားကြပြီး တစ်စက္ကန့်မျှပင် တောင့်ခံနိုင်ခြင်း မရှိကြပေ။

"မဖြစ်နိုင်တာ... ဒီလောက် စွမ်းအားကြီးတဲ့ ပုံရိပ်ယောင်စွမ်းအားလား..."

"ဝိညာဉ်သန္ဓေသား နှောင်းပိုင်းအဆင့် မဟာကျင့်ကြံသူတွေတောင် ဒီလောက်ပဲ တတ်နိုင်လောက်မယ်..."

ချန်ဇီယွင်၏ မျက်လုံးများ ပြူးကျယ်သွားသည်။ ပတ်ဝန်းကျင် နေရာတိုင်းတွင် ရှိနေသော အိပ်မက်စွမ်းအားများကို သူမ အာရုံခံမိနေပြီး၊ လက်တွေ့ကမ္ဘာကိုပင် အနည်းငယ် သက်ရောက်မှု ရှိနေကာ ဤနယ်မြေသည် ပုံရိပ်ယောင်နှင့် လက်တွေ့ကြားရှိ အက်ကွဲကြောင်းထဲတွင် ရောက်ရှိနေသကဲ့သို့ ဖြစ်နေချေသည်။

အကယ်၍ သူမသည်သာ ဤအမျိုးသား၏ ရန်သူဖြစ်ခဲ့ပါက၊ သူမသည်လည်း စောစီးစွာကပင် အိပ်မက်ထဲသို့ ကျရောက်နေပြီး အချိန်တိုအတွင်း ရုန်းထွက်နိုင်မည် မဟုတ်ချေ။

ဤနတ်ဘုရားစွမ်းရည် တစ်ခုတည်းနှင့်ပင် ထိုအမျိုးသားသည် ပြိုင်ဘက်ကင်းနေလောက်ပြီ ဖြစ်သည်။

ဘုန်း...

သို့သော် ထိုအချိန်တွင် အကြီးအကဲလင်းဖုန်း၊ အကြီးအကဲချင်းယဲ့နှင့် အကြီးအကဲယွီကူတို့၏ ခန္ဓာကိုယ်ပေါ်မှ ကြောက်မက်ဖွယ်ကောင်းသော အမည်းရောင် မိစ္ဆာစွမ်းအားများ ရုတ်တရက် ထွက်ပေါ်လာသည်။

ဤစွမ်းအားသည် အိပ်မက်ကမ္ဘာကို ချက်ချင်းပင် တိုက်စားသွားပြီး အမှောင်နယ်မြေတစ်ခု ဖြစ်ပေါ်လာသကဲ့သို့ ရှိသည်။ ချက်ချင်းပင် သူတို့သည် အိပ်မက်ထဲမှ နိုးထလာကြပြီး အိပ်မက်စွမ်းအားမှ ရုန်းထွက်လာနိုင်ခဲ့ကြသည်။

ဤအချိန်တွင် သူတို့၏ ကျောဘက်၌ ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာပုံရိပ်ယောင်များ ပေါ်လာသကဲ့သို့ ရှိနေလေသည်။

ယခုအချိန်တွင် သူတို့သည် ရုပ်သေးရုပ်များအဖြစ် ပြောင်းလဲသွားပြီး ကိုယ်ပိုင်အသိစိတ် ပျောက်ဆုံးသွားသကဲ့သို့ ဖြစ်နေသည်။

"အင်း..."

"စိတ်ညှို့မိစ္ဆာတွေပဲ... လူတွေရဲ့ စိတ်နှလုံးကို အထူး ပြုစားတတ်တဲ့ မိစ္ဆာ..."

"ရှေးဟောင်းခေတ်တုန်းက လူသားဂိုဏ်းတွေမှာ ကြီးမားတဲ့ ကပ်ဘေးတွေကို ဖြစ်စေခဲ့ဖူးတယ်..."

"အမွေခံတပည့် အများကြီးတောင် သူတို့ရဲ့ ထိန်းချုပ်မှုကို ခံခဲ့ရပြီး... ဂိုဏ်းကို သစ္စာဖောက်တဲ့ ကိစ္စတွေ လုပ်ဆောင်ခဲ့ကြလို့ ကြီးမားတဲ့ ဆုံးရှုံးမှုတွေ ဖြစ်ခဲ့ဖူးတယ်..."

"မင်းတို့က စိတ်ညှို့မိစ္ဆာရဲ့ ထိန်းချုပ်မှုကို ခံထားရပြီး မိစ္ဆာရုပ်သေးရုပ်တွေ ဖြစ်နေကြတာကိုး..."

"မိစ္ဆာသတ် လျှို့ဝှက်နယ်မြေထဲက မိစ္ဆာတွေကို လွှတ်ပေးချင်တာ အံ့သြစရာ မဟုတ်တော့ဘူး... အားလုံးက ဒီ စိတ်ညှို့မိစ္ဆာရဲ့ လက်ချက်ကိုး..."

ကျိုးစွေ့ မျက်လုံးများကို မှေးစင်းလိုက်သည်။

သူ၏ 'နှလုံးသားမျက်လုံး' စွမ်းအား ချက်ချင်း အသက်ဝင်လာပြီး ပင်လယ်မျိုးနွယ်စု ကျင့်ကြံသူသုံးဦး၏ ခန္ဓာကိုယ်ကို ထောက်လှမ်းလိုက်ရာ၊ ကြီးမားသော သတင်းအချက်အလက်များ သူ၏ သိစိတ်ပင်လယ် နက်ရှိုင်းသော နေရာသို့ ဝင်ရောက်လာသည်။

ချက်ချင်းပင် သူတို့၏ ခန္ဓာကိုယ်ပေါ်တွင် စိတ်ညှို့မိစ္ဆာ ထိန်းချုပ်ထားသော ခြေရာလက်ရာများကို သူ သတိပြုမိလိုက်သည်။

၎င်းတို့၏ ခန္ဓာကိုယ်ပေါ်တွင် ပုန်းအောင်းနေသော စိတ်ညှို့မိစ္ဆာများကိုပင် ရှာဖွေတွေ့ရှိလိုက်ရသည်။

ယခင်က သူသည် ဤကဲ့သို့သော မိစ္ဆာမျိုးကို မမြင်ဖူးခဲ့ပေ။

သို့သော် 'နှလုံးသားမျက်လုံး' ၏ စွမ်းအားသည် မမြင်ဖူးသော သက်ရှိများနှင့် အရာဝတ္ထုများကိုပင် ခွဲခြားသိမြင်နိုင်သည် မဟုတ်ပါလော။

မိစ္ဆာဖြစ်လျှင်ပင် အတူတူသာ ဖြစ်၏။

"ခွေးမသား လူသားကောင်..."

"ဒီလောက် စွမ်းအားကြီးတဲ့ ဝိညာဉ်စွမ်းအားကို ပိုင်ဆိုင်ထားတာပဲ..."

"တကယ့်ကို နတ်ဘုရားအသွင်ပြောင်းအဆင့် ပါရမီရှိတဲ့ ပါရမီရှင်တစ်ယောက်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်ပါပေတယ်..."

"မင်းကိုသာ ဆက်ပြီး ကြီးပြင်းခွင့် ပေးလိုက်ရင်... ဒီကမ္ဘာကြီးမှာ နတ်ဘုရားအသွင်ပြောင်းအဆင့် တည်ရှိမှုတစ်ခု ထပ်တိုးလာလိမ့်မယ်..."

"မင်းကို ဆက်ပြီး အသက်ရှင်ခွင့် ပေးလို့မဖြစ်ဘူး..."

စိတ်ညှို့မိစ္ဆာသည် အံ့သြဒေါသထွက်နေမိတော့သည်။

ဤမျှ နက်ရှိုင်းစွာ ပုန်းအောင်းနေသော်လည်း ဤလူသားကျင့်ကြံသူက ချက်ချင်း ရှာဖွေတွေ့ရှိလိမ့်မည်ဟု ထင်မထားခဲ့မိပေ။ သူ၏ တည်ရှိမှုသည် ပုန်းကွယ်စရာ နေရာမရှိသကဲ့သို့ ဖြစ်နေရရှာသည်။

"စိတ်ညှို့မိစ္ဆာ ဟုတ်လား..."

ဤစကားကို ကြားသောအခါ ချန်ဇီယွင်၏ မျက်နှာအမူအရာမှာ အလွန်ပင် လေးနက်သွားသည်။

သူမသည် ကောင်းကင်မိစ္ဆာဂိုဏ်း၏ ရှေးဟောင်းမှတ်တမ်းများစွာထဲတွင် စိတ်ညှို့မိစ္ဆာအကြောင်း ဖတ်ဖူးခဲ့သည်။ ဤသည်မှာ မိစ္ဆာများစွာထဲတွင် ကြောက်မက်ဖွယ် အကောင်းဆုံးသော မိစ္ဆာဖြစ်ပြီး အကောင်အထည်မရှိဘဲ လူ့စိတ်နှလုံးကို ထိန်းချုပ်ရာတွင် ကျွမ်းကျင်ပေသည်။

မိစ္ဆာလမ်းစဉ် ကျင့်ကြံသူများပင်လျှင် သတိမထားမိလိုက်ဘဲ စိတ်ညှို့မိစ္ဆာ၏ ထိန်းချုပ်မှုကို ခံရနိုင်ပြီး တစ်ဖက်လူ၏ ရုပ်သေးရုပ် ဖြစ်သွားနိုင်သည်။

အစောပိုင်းက သူမ အကြီးအကဲချင်းယဲ့နှင့် အခြား ပင်လယ်မျိုးနွယ်စု ကျင့်ကြံသူများကို တစ်စုံတစ်ရာ ထူးဆန်းနေသည်ဟု ခံစားမိပြီး ခန္ဓာကိုယ်ပေါ်တွင် မိစ္ဆာစွမ်းအင်များ သိပ်သည်းနေသည်ဟု ထင်မှတ်ခဲ့ခြင်းမှာ အံ့သြစရာ မဟုတ်တော့ပေ။

ကြည့်ရတာ စိတ်ညှို့မိစ္ဆာရဲ့ ထိန်းချုပ်မှုကို ခံထားရတာကိုး…။

သို့သော် ဤအမျိုးသားက ချက်ချင်း အာရုံခံမိသည်မှာ အမှန်တကယ့်ကို စွမ်းဆောင်နိုင်လွန်းလှ၏။

"ငါ့ကို အသက်ရှင်ခွင့် မပေးဘူး ဟုတ်လား..."

"မင်း ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေပြီ..."

"ဒီနေ့ မင်းတို့အားလုံး ဒီမှာ သေရမယ်၊ ဘယ်သူမှ မင်းတို့ကို မကယ်နိုင်ဘူး..."

ကျိုးစွေ့၏ မျက်လုံးများတွင် အေးစက်သော အလင်းရောင်တစ်ချက် လက်သွားတော့သည်။

တစ်ခဏအတွင်း သူသည် 'မိုးကြိုးကပ်ဘေးကူ' နှင့် ဆက်သွယ်လိုက်သည်။ 'မိုးကြိုးကပ်ဘေးကူ' သည် စတုတ္ထအဆင့် အလယ်အလတ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ စွမ်းအားသည် ယခင်ကထက် မည်မျှ အဆပေါင်းများစွာ တိုးတက်လာသည်ကို မသိနိုင်ချေ။

ပို၍ အရေးကြီးသည်မှာ ကပ်ဘေးမိုးကြိုးစွမ်းအားသည် မိစ္ဆာသားရဲမျိုးနွယ်စု ကျင့်ကြံသူများနှင့် မိစ္ဆာကောင်များ၏ သဘာဝရန်သူ ဖြစ်ပေသည်။

အုန်း...

ချက်ချင်းပင် ခရမ်းရောင် ကပ်ဘေးမိုးကြိုးတစ်စင်းသည် ကောင်းကင်မှ ကျဆင်းလာပြီး ရေပုံးခန့် အရွယ်အစားရှိကာ ကြောက်မက်ဖွယ် စွမ်းအားများ ပါဝင်နေပြီး အကြီးအကဲလင်းဖုန်း၏ အရှိန်အဝါကို ချိန်ရွယ်လိုက်တော့သည်။

ဤကပ်ဘေးမိုးကြိုးသည် ကောင်းကင်ကို နှစ်ပိုင်းခွဲလိုက်သကဲ့သို့ပင် ရှိချေသည်။

"မကောင်းတော့ဘူး..."

အကြီးအကဲလင်းဖုန်း၏ အမွေးအမျှင်များ ထောင်ထသွားပြီး သေဘေးအန္တရာယ်ကို ခံစားလိုက်ရကာ၊ ကောင်းကင်ဘုံကပ်ဘေးကို ကြုံတွေ့နေရသကဲ့သို့ ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်နေမိပြီး လှုပ်ရှား၍ပင် မရနိုင်တော့ပေ။

သူ ရှောင်တိမ်းချင်သော်လည်း ကပ်ဘေးမိုးကြိုး ကျဆင်းလာသော အရှိန်မှာ မြန်ဆန်လွန်းလှ၏။

သူ သတိပြုမိလိုက်ချိန်တွင် ရေပုံးခန့်ရှိသော ဤကပ်ဘေးမိုးကြိုးသည် သူ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်ပြီး ဖြစ်နေချေသည်။

"အား... အား... အား..."

အကြီးအကဲလင်းဖုန်းခမျာ သနားစဖွယ်သာ အော်ဟစ်လိုက်နိုင်သည်။

သူသည် မူလကတည်းက မိစ္ဆာသားရဲကျင့်ကြံသူဖြစ်ရာ ခန္ဓာကိုယ်ထဲတွင် စီးဆင်းနေသော မိစ္ဆာသားရဲစွမ်းအင်သည် ကပ်ဘေးမိုးကြိုး၏ စွမ်းအားကို အကြောက်ရွံ့ဆုံးပင် မဟုတ်ပါလော။

ယခု ဤခရမ်းရောင် ကပ်ဘေးမိုးကြိုးသည် သူ၏ ခန္ဓာကိုယ်ကို ရိုက်ခတ်လိုက်ရာ ခန္ဓာကိုယ်ကို အကြီးအကျယ် ပျက်စီးသွားစေသည်။ တစ်ခဏအတွင်း သူ၏ ခန္ဓာကိုယ်တစ်ခုလုံး နှစ်ပိုင်းကွဲသွားပြီး အလယ်မှ ကွဲထွက်သွားလေသည်။

သူ၏ ခန္ဓာကိုယ်ပေါ်တွင် ကျန်ရစ်နေသော စိတ်ညှို့မိစ္ဆာ၏ စွမ်းအားများလည်း ချက်ချင်း ပျောက်ကွယ်သွားပြီး ပြာဖြစ်သွားလေသည်။

မြေကြီးပေါ်တွင်လည်း မီတာထောင်ချီ ကျယ်ဝန်းသော တွင်းနက်ကြီးတစ်ခု ချက်ချင်းပေါ်လာပြီး ကျောက်ခဲများ ဖုန်မှုန့်များ လွင့်စင်ထသွားပြီး၊ ပတ်ဝန်းကျင်တွင် လျှပ်စီးကြောင်းများစွာ ယှက်သန်းနေကာ တဂျစ်ဂျစ်ပင် မြည်ဟည်းနေသည်။

တိုက်ခိုက်မှု တစ်ချက်တည်းဖြင့် ဝိညာဉ်သန္ဓေသား နှောင်းပိုင်းအဆင့် အကြီးအကဲလင်းဖုန်းကို ချက်ချင်း သတ်ဖြတ်လိုက်နိုင်ပြီး ပြန်လည်ခုခံနိုင်ခွင့်ပင် မရှိခဲ့ချေ။

ကပ်ဘေးမိုးကြိုးစွမ်းအားသည် မိစ္ဆာများနှင့် မိစ္ဆာသားရဲကျင့်ကြံသူများကို လွန်စွာ ဖိနှိပ်နိုင်သည်ဟုသာ ဆိုရပေမည်။

သဘာဝရန်သူကဲ့သို့ပင် ဖြစ်၏။

'မိုးကြိုးကပ်ဘေးကူ' သည် စတုတ္ထအဆင့် အလယ်အလတ်အဆင့်သာ ရှိသေးသော်လည်း သူတို့ကို လွယ်ကူစွာ ဒဏ်ရာအပြင်းအထန် ရစေနိုင်သည်၊ သို့မဟုတ် သတ်ဖြတ်နိုင်ပေသည်။

(စကားချပ် - လူသားကျင့်ကြံသူတွေရဲ့လောကနဲ့ ကမ္ဘာပေါင်းစည်းခြင်း ဖြစ်စဉ် ဖြစ်ဖူးတဲ့ လောက က ၂ ခုပါ။ တစ်ခုက လက်ရှိ မိစ္ဆာလို့ သုံးနှုန်းမိနေတဲ့ အင်မော်တယ်မြူခိုးကျွန်းက သွေးမိစ္ဆာသစ်ပင်နဲ့ လက်ရှိ မိစ္ဆာသတ်လျှို့ဝှက်နယ်မြေကအကောင်တွေပါ။ နောက်တစ်ခုကတော့ ပင်လယ်သားရဲမျိုးနွယ်စုတို့လို မိစ္ဆာသားရဲမျိုးနွယ်စုတွေရဲ့လောကပါ။

လူသားတွေမှာလည်း ချူတျဲယီ၊ ချင်ဇီယွင်တို့လို့ မိစ္ဆာလမ်းစဉ်ကျင့်ကြံသူတွေရှိတော့ လာမယ့်အခန်းတွေကစပြီး ရောထွေးမကုန်အောင်လို့

“သွေးမိစ္ဆာသစ်ပင်” လက်ရှိ “စိတ်ညို့မိစ္ဆာ” ကို “နတ်ဆိုး”၊ သားရဲတွေကိုတော့ “မိစ္ဆာသားရဲ/မိစ္ဆာမျိုးနွယ်ကျင့်ကြံသူ”၊ လူသားမိစ္ဆာလမ်းစဉ် တွေကိုတော့ “မိစ္ဆာလမ်းစဉ်ကျင့်ကြံသူ” လို့ ပြောင်းလဲသုံးစွဲသွားပါမယ်ဗျ)

All Chapters