← Chapters

စိတ်ညှို့နတ်ဆိုးကို ဝါးမြိုခြင်း၊ အိပ်မက်ဝိညာဉ်ကူ စတုတ္ထအဆင့် ထိပ်တန်းအဆင့်သို့ တက်လှမ်းခြင်း(၁)။

Vol. 42 Ch. 469

စိတ်ညှို့နတ်ဆိုးကို ဝါးမြိုခြင်း၊ အိပ်မက်ဝိညာဉ်ကူ စတုတ္ထအဆင့် ထိပ်တန်းအဆင့်သို့ တက်လှမ်းခြင်း(၁)။

Vol. 42 Ch. 469

"ဒါက..."

ဘေးနားရှိ ချန်ဇီယွင်သည် မျက်လုံးအဝိုင်းသား ဖြစ်သွားပြီး သူမ၏မျက်စိရှေ့မှ မြင်ကွင်းကို မယုံကြည်နိုင်လောက်အောင် ဖြစ်သွားရလေ၏။ သူမ၏ရင်ထဲတွင် အလွန်တရာ တုန်လှုပ်နေမိချေသည်။

ဤအကြီးအကဲလင်းဖုန်းသည် ပင်လယ်မျိုးနွယ်စု၏ နာမည်ကျော်ကြားလှသော စတုတ္ထအဆင့် ထိပ်တန်းအဆင့် မိစ္ဆာသားရဲကျင့်ကြံသူတစ်ဦး ဖြစ်ကြောင်း သိထားရပေမည်။ သူ၏စွမ်းအားသည် အလွန်တရာ ပြင်းထန်ပြီး ချန်လန်ပင်လယ်ဒေသတွင် နှစ်ပေါင်းမည်မျှ ကြာမြင့်စွာ ကျင်လည်ခဲ့သည်ကို မသိနိုင်ချေ။

သို့သော် ယခုမူ တိုက်ခိုက်မှု တစ်ချက်တည်းဖြင့် ဤအမျိုးသားက အကြီးအကဲလင်းဖုန်းကို အပြတ်ရှင်းပစ်လိုက်လေပြီ။

သိထားရမည်မှာ ဤအမျိုးသားသည် လက်ရှိတွင် ဝိညာဉ်သန္ဓေသား အစောပိုင်းအဆင့် ကျင့်ကြံသူသာ ဖြစ်သေးသည်။ တိုက်ခိုက်ရေးစွမ်းရည်က အဘယ်ကြောင့် ဤမျှ ကြောက်မက်ဖွယ် ကောင်းနေရသနည်း။

ဤသည်မှာ နတ်ဘုရားအသွင်ပြောင်းအဆင့် ပါရမီရှင် ဆိုသည်လော…။

ဤကဲ့သို့သော ပါရမီအရည်အသွေးသည် နတ်ဘုရားအသွင်ပြောင်းအဆင့်သို့ တက်လှမ်းနိုင်မည့် အရည်အချင်းကို ကိုယ်စားပြုရုံသာမက၊ တစ်ဖက်လူတွင် အဆင့်တူ၌ ပြိုင်ဘက်ကင်းပြီး အဆင့်ကျော် တိုက်ခိုက်နိုင်သော စွမ်းအားရှိကြောင်းကိုပါ ကိုယ်စားပြုနေပေသည်။

ထိုသို့ဖြစ်မှသာ နှစ်တစ်ထောင်မှ တစ်ယောက် ပေါ်ထွန်းသော ပါရမီရှင်ဟု ခေါ်ဆိုထိုက်ပေ၏။

ယခုအခါ သူမသည် နတ်ဘုရားအသွင်ပြောင်းအဆင့် ပါရမီရှင် ဆိုသည့် အဓိပ္ပာယ်ကို အနည်းငယ် နားလည်လာခဲ့ပြီ ဖြစ်သည်။

"ကပ်ဘေးမိုးကြိုးစွမ်းအား... မင်းက တကယ်ပဲ ကပ်ဘေးမိုးကြိုးစွမ်းအားကို ပိုင်ဆိုင်ထားတာလား..."

"လူသားကျင့်ကြံသူလေး တစ်ယောက်က... ဒီလိုစွမ်းအားမျိုးကို ဘယ်လိုလုပ် ပိုင်ဆိုင်နိုင်မှာလဲ... လုံးဝကို အဓိပ္ပာယ်မရှိလိုက်တာ..."

စိတ်ညှို့နတ်ဆိုးခမျာ လုံးဝ ကြောင်အသွားရလေသည်။

သူ့ရှေ့မှ ဤလူသားကျင့်ကြံသူသည် ဤမျှအထိ ကြောက်မက်ဖွယ် ကောင်းနေလိမ့်မည်ဟု သူ သေသွားသည့်တိုင် ထင်မှတ်မထားခဲ့မိပေ။

ရှေးဟောင်းခေတ်က လူသားကျင့်ကြံသူများထဲတွင် မိုးကြိုးနတ်ဘုရားစွမ်းရည်ကို ပိုင်ဆိုင်သူများ ရှိခဲ့သော်လည်း၊ ၎င်းတို့မှာ သာမန်မိုးကြိုးများသာ ဖြစ်ကြသည်။

နတ်ဆိုးများနှင့် မိစ္ဆာသားရဲကျင့်ကြံသူများအပေါ် အတိုင်းအတာတစ်ခုအထိ ထိခိုက်စေနိုင်သော်လည်း၊ ယင်းသည် အကန့်အသတ်ပင်။

သို့သော် ကပ်ဘေးမိုးကြိုးစွမ်းအားမှာမူ မတူညီပေ။

၎င်းသည် ကောင်းကင်နှင့် မြေကြီးကြားမှ ဆင်းသက်လာသော ကြောက်မက်ဖွယ် စွမ်းအားတစ်ခုဖြစ်ပြီး ကောင်းကင်ဘုံ၏ပြစ်ဒဏ်ခတ်ခြင်း စွမ်းအားအမျိုးအစား ဖြစ်သည်။

၎င်းတို့၏အကာအကွယ်ကို ထိုးဖောက်နိုင်ပြီး မိမိ၏ မူလခန္ဓာကို တိုက်ရိုက် ထိခိုက်စေနိုင်သည်။

ပြန်လည်ကောင်းမွန်နိုင်စွမ်း မည်မျှပင် အားကောင်းသည်ဖြစ်စေ အသုံးဝင်မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ကပ်ဘေးမိုးကြိုးစွမ်းအားသည် ၎င်းတို့၏ ခန္ဓာကိုယ် ပြန်လည်ကုသမှုကို တားဆီးထားမည်ဖြစ်ပြီး၊ ၎င်းတို့ကို အမှန်တကယ်ပင် ဝိညာဉ်ကွဲကြေကာ ပျက်စီးသွားစေနိုင်သည်။

ဤသည်မှာ သာမန် လူသားကျင့်ကြံသူများ ပိုင်ဆိုင်နိုင်သော စွမ်းအား မဟုတ်ချေ။

ဝိညာဉ်လောကထဲရှိ သက်ရှိများထဲတွင်ပင် ကပ်ဘေးမိုးကြိုးစွမ်းအားကို ပိုင်ဆိုင်သူ မရှိသလောက် ရှားပါးလှသည်။

ဤအခိုက်အတန့်တွင် သူသည် ရှေ့မှ လူသားကျင့်ကြံသူအပေါ် အကဲဖြတ်ချက်ကို အကန့်အသတ်မရှိ မြှင့်တင်လိုက်ရတော့သည်။

ရှေးဟောင်းခေတ်က နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူများ၏ ခြိမ်းခြောက်မှုသည်ပင် ဤအမျိုးသားနှင့် နှိုင်းယှဉ်လျှင် ဘာမှ မဟုတ်တော့ပေ။

အကယ်၍ ဤအမျိုးသားသာ နတ်ဘုရားအသွင်ပြောင်းအဆင့်သို့ တက်လှမ်းသွားပါက၊ ဤကမ္ဘာလောကရှိ နတ်ဆိုးများကို အမှန်တကယ် မျိုးဖြုတ်ပစ်နိုင်ပေလိမ့်မည်။

နတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးများကို ပိတ်လှောင်ထားရန်ပင် မလိုအပ်တော့ပေ။

ဤလူသား ပိုင်ဆိုင်ထားသော ကပ်ဘေးမိုးကြိုးစွမ်းအား တစ်ခုတည်းဖြင့်ပင် နတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးများကို သုတ်သင်နိုင်စွမ်း ရှိနေသည်။

သံသယဖြစ်ဖွယ်မလို၊ ဤခွေးကောင်သည် နတ်ဆိုးမျိုးနွယ်စု၏ အကြီးမားဆုံးသော သဘာဝရန်သူနှင့် ခြိမ်းခြောက်မှု ဖြစ်လာမည်ဖြစ်ရာ၊ စောစီးစွာ ရှင်းလင်းပစ်ရပေမည်။

သို့မဟုတ်ပါက အနာဂတ်တွင် နတ်ဆိုးမျိုးနွယ်စုသည် သေချာပေါက် ဆုံးရှုံးမှု ကြီးမားလာမည်ဖြစ်ပြီး သေကျေပျက်စီးမှုများ မရေမတွက်နိုင်အောင် ဖြစ်လာပေလိမ့်မည်။

"သူ့ကို သတ်... အားလုံးဝိုင်းပြီး သူ့ကို သတ်ပစ်ကြစမ်း..."

စိတ်ညှို့နတ်ဆိုးသည် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး ပင်လယ်မျိုးနွယ်စု ကျင့်ကြံသူအများအပြားကို ချက်ချင်း အမိန့်ပေးလိုက်သည်။

မည်သို့ပင်ဖြစ်စေ ဤလူသားကျင့်ကြံသူကို မဖြစ်မနေ သတ်ဖြတ်ရမည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဤလူသားကျင့်ကြံသူ ပိုင်ဆိုင်ထားသော စွမ်းအားသည် နတ်ဆိုးများအတွက် အလွန်တရာ ခြိမ်းခြောက်မှု ကြီးမားလွန်းသောကြောင့် ဖြစ်သည်။

ကျောချမ်းစရာကောင်းသော အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်လေ၏။

"တိုက်ခိုက်ချင်တာလား... အိပ်မက်မမက်စမ်းနဲ့..."

ဤအချိန်တွင် ချန်ဇီယွင်သည်လည်း နောက်ဆုံးတွင် လှုပ်ရှားလိုက်လေသည်။

သူမသည် ပင်လယ်မျိုးနွယ်စု ကျင့်ကြံသူများ ကျိုးစွေ့ကို တိုက်ခိုက်သည်ကို လက်ပိုက်ကြည့်နေမည် မဟုတ်ပေ။

ဝိညာဉ်သန္ဓေသား နှောင်းပိုင်းအဆင့် မဟာကျင့်ကြံသူ၊ ကောင်းကင်မိစ္ဆာဂိုဏ်း၏ ဂိုဏ်းချုပ်တစ်ဦးအနေဖြင့် သူမ၏ နတ်ဘုရားစွမ်းရည်သည် ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်စေနိုင်စွမ်း ရှိသည်။

အထွတ်အထိပ်ဝိညာဉ်ရတနာ… တောင်ထွတ်တစ်ထောင်…။

ဤသည်မှာ သူမ ပိုင်ဆိုင်ထားသော စွမ်းအားကြီးမားသည့် အထွတ်အထိပ် ဝိညာဉ်ရတနာများထဲမှ တစ်ခုဖြစ်ပြီး စွမ်းအား အကန့်အသတ်မရှိပေ။

ဝုန်း...

သူမသည် လက်ဟန်တစ်ချက် ဖော်လိုက်ပြီး ဤမှော်ရတနာကို ချက်ချင်း ထုတ်လွှတ်လိုက်သည်။

အပြင်ပန်းအားဖြင့် လက်ဝါးအရွယ်အစားခန့်သာရှိသော အဝါရောင်တောင်ထွတ်လေး ဖြစ်သော်လည်း၊ လေထဲသို့ ရောက်ရှိသွားသည်နှင့်တပြိုင်နက် လေကို စုပ်ယူကာ ကြီးထွားလာပြီး၊ ချက်ချင်းပင် ပေတစ်ထောင်မြင့်သော တောင်ကြီးတစ်လုံးအဖြစ် ပြောင်းလဲကာ ကောင်းကင်ယံတွင် နေရာယူလိုက်ပြီး ကိုယ်ထည်ပေါ်မှ စွမ်းအားကြီးမားသော မြေကမ္ဘာစွမ်းအားများ ထုတ်လွှတ်နေလေသည်။

နောက်တစ်စက္ကန့်တွင် သူမ၏ နုနယ်သော လက်ကလေးကို ညင်သာစွာ ဝှေ့ယမ်းလိုက်သည်။

ချက်ချင်းပင် ပေတစ်ထောင်မြင့်သော တောင်ထွတ်များ တစ်ခုပြီးတစ်ခု ပြုတ်ကျလာပြီး ကောင်းကင်ပြိုကျကာ မြေကြီးကွဲအက်သွားသကဲ့သို့ ဖြစ်ပေါ်လာစေသည်။ ၎င်းတို့ထဲတွင် မြေကမ္ဘာစွမ်းအားများ ပါဝင်နေပြီး အလွန်တရာ လေးလံလှသဖြင့် မြေကြီးကိုပင် ပြားချပ်သွားစေနိုင်သည်။

ဤစွမ်းအားသည် ဝိညာဉ်သန္ဓေသား နှောင်းပိုင်းအဆင့် မဟာကျင့်ကြံသူများကို မသတ်ဖြတ်နိုင်သော်လည်း၊ ဝိညာဉ်သန္ဓေသား အစောပိုင်းအဆင့် ကျင့်ကြံသူများအတွက်မူ သေစေနိုင်သော တိုက်ကွက်ဖြစ်ပြီး လုံးဝ ခုခံနိုင်စွမ်း မရှိချေ။

ဒုန်း... ဒုန်း... ဒုန်း...

တောင်ထွတ်ပေါင်း ဆယ်ရာချီ ပြုတ်ကျလာပြီး၊ ဝိညာဉ်သန္ဓေသား အစောပိုင်းအဆင့် ပင်လယ်မျိုးနွယ်စု ကျင့်ကြံသူ ဒါဇင်ပေါင်းများစွာ၏ ခန္ဓာကိုယ်ပေါ်သို့ ပြင်းထန်စွာ ရိုက်ချလိုက်လေသည်။

ချန်ဇီယွင် ဤမျှ ကောက်ကျစ်လိမ့်မည်ဟု သူတို့ မည်သို့ ထင်မှတ်ထားပါမည်နည်း…။

ဝိညာဉ်သန္ဓေသား နှောင်းပိုင်းအဆင့် မဟာကျင့်ကြံသူများကို မတိုက်ခိုက်ဘဲ၊ အားနည်းသူများကို ရွေးချယ်ပြီး အနိုင်ကျင့်နေခြင်းသာ ဖြစ်သည်။

မမှည့်သေးသော တည်သီးများကို ရွေးချယ်ပြီး ဆွတ်ခူးနေခြင်းပင်။

ချက်ချင်းပင် သူတို့သည် ကြိုတင်ပြင်ဆင်ချိန် မရလိုက်ဘဲ တောင်ထွတ်များ၏ ဖိနှိပ်တိုက်ခိုက်မှုကို ဆက်တိုက် ခံလိုက်ရလေသည်။

ပင်လယ်မျိုးနွယ်စု ကျင့်ကြံသူများ၏ သန်မာသော ရုပ်ခန္ဓာဖြင့်ပင် အသုံးမဝင်တော့ချေ။

ခန္ဓာကိုယ်တစ်ခုလုံး ချက်ချင်းဆိုသလို လေးပိုင်း၊ငါးပိုင်း ကွဲကာ အသားစများအဖြစ် ပြောင်းလဲသွားကြသည်။

မြေကြီးပေါ်တွင်လည်း ကြီးမားသော တွင်းနက်ကြီးများ ချက်ချင်း ပေါ်လာသည်။

မိုင်တစ်ရာပတ်လည် ဧရိယာသည် ဖျက်ဆီးခံလိုက်ရပြီး ပြိုကျသွားကာ တွင်းပေါက်များစွာ ပေါ်လာပြီး၊ ကြောက်မက်ဖွယ် အက်ကွဲကြောင်းများသည် မိုင်ရာချီအထိ ရှည်လျားစွာ ဖြစ်ပေါ်လာကာ ပင့်ကူအိမ်ကဲ့သို့ ရှုပ်ထွေးနေလေတော့သည်။

တိုက်ခိုက်မှု တစ်ချက်တည်းဖြင့် ဝိညာဉ်သန္ဓေသား အစောပိုင်းအဆင့် ပင်လယ်မျိုးနွယ်စု ကျင့်ကြံသူ ဒါဇင်ပေါင်းများစွာကို သတ်ဖြတ်လိုက်ခြင်း ဖြစ်သည်။

ဤသည်မှာ အထွတ်အထိပ် ဝိညာဉ်ရတနာ 'တောင်ထွတ်တစ်ထောင်' ၏ စွမ်းအားပင်၊ အမှန်တကယ် ပြိုင်ဘက်ကင်းလှပေသည်။

"အရမ်းကြမ်းချက်..."

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ကျိုးစွေ့သည်လည်း အံ့သြချီးကျူးမိလေ၏။

ဤအမျိုးသမီးသည် ကောင်းကင်မိစ္ဆာဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်ရခြင်းနှင့် ထိုက်တန်လှပေသည်။ ချန်လန်ပင်လယ်ဒေသတွင် နှစ်ပေါင်းရာချီ ကျော်ကြားခဲ့ခြင်းမှာ အကြောင်းမဲ့ မဟုတ်ပေ။

ဤတိုက်ခိုက်မှု တစ်ချက်တည်းဖြင့်ပင် ဝိညာဉ်သန္ဓေသား နှောင်းပိုင်းအဆင့် မဟာကျင့်ကြံသူတစ်ဦး၏ ခမ်းနားမှုကို ပြသရန် လုံလောက်နေပြီ ဖြစ်သည်။

ထင်ရှားသည်မှာ ဝိညာဉ်သန္ဓေသား နှောင်းပိုင်းအဆင့် မဟာကျင့်ကြံသူ အများအပြားကြားတွင်ပင် သူမသည် ရှေ့တန်းတွင် ပါဝင်လောက်ပေသည်။

အမျိုးသမီးတစ်ဦးအနေဖြင့် ကောင်းကင်မိစ္ဆာဂိုဏ်းမှ မိစ္ဆာလမ်းစဉ်ကျင့်ကြံသူ အများအပြားကို ဖိနှိပ်ထားနိုင်ခြင်းမှာ အံ့သြစရာ မဟုတ်တော့ပေ။

အကယ်၍ စွမ်းအားကြီးမားသော အင်အားမရှိပါက ဤအချက်ကို လုပ်ဆောင်နိုင်မည် မဟုတ်ချေ။

"နင်တို့... နင်တို့ ခွေးမောင်နှံ..."

စိတ်ညှို့နတ်ဆိုးခမျာ အံ့သြဒေါသထွက်နေရရှာသည်။

သူသည် အချိန်များစွာ အကုန်ခံပြီးမှ ဤမျှများပြားသော ပင်လယ်မျိုးနွယ်စု ဝိညာဉ်သန္ဓေသား ကျင့်ကြံသူများကို မြှောက်ပင့်စည်းရုံးထားနိုင်ခဲ့ခြင်း ဖြစ်သည်။

မူလက ၎င်းတို့သည် သူ့အတွက် အနာဂတ်လက်ပါးစေများ ဖြစ်လာကြမည့်သူများ ဖြစ်သည်။

သို့သော် ယခုမူ ဤအမျိုးသမီးနှင့် ကျိုးစွေ့တို့ ပူးပေါင်းပြီး ပင်လယ်မျိုးနွယ်စု ကျင့်ကြံသူ အများအပြားကို သတ်ဖြတ်ပစ်လိုက်လေပြီ။

ဤအတိုင်းသာ ဆက်သွားပါက သူကိုယ်တိုင်ပင် ဤနေရာတွင် သေဆုံးသွားနိုင်သည်။

‘ပြေးရမယ်... မဖြစ်မနေ ပြေးမှ ရမယ်...’

ဤအခိုက်အတန့်တွင် သူ ပိုင်ဆိုင်ထားသော စွမ်းအားသည် ဤမကောင်းဆိုးဝါးဆန်သော လူသားကျင့်ကြံသူ၏ ပြိုင်ဘက် လုံးဝမဟုတ်ကြောင်း နက်နက်နဲနဲ သဘောပေါက်လိုက်ရသည်။

တစ်ဖက်လူ၏ ခြိမ်းခြောက်မှုသည် အမှန်တကယ်ပင် ကြီးမားလွန်းလှသည်။

အနာဂတ်တွင် နတ်ဆိုးမျိုးနွယ်စု၏ ရင်ဘတ်ထဲသို့ စိုက်ဝင်နေသော ဆူးတစ်ချောင်း ဖြစ်လာမည်မှာ သေချာပေသည်။

ပြဿနာမှာ သူသည် ဤမကောင်းဆိုးဝါးကောင်ကို မနိုင်ခြင်းပင်။ ဇွတ်အတင်း ဆက်တိုက်နေပါက သူ၏ အသက်လေးပါ ပါသွားပေရော့မည်။

ဤမကောင်းဆိုးဝါးဆန်သော လူသားကို အခြားနတ်ဆိုးများ ဖြေရှင်းပါစေတော့။

မည်သို့ပင်ဆိုစေ နတ်ဆိုးမျိုးနွယ်စုသည် အလွန် ကြီးမားပြီး စွမ်းအားရှင်များ မရေမတွက်နိုင်အောင် ရှိသည်။

လူသားကျင့်ကြံသူလေး တစ်ယောက်ကို ဖြေရှင်းရန်မှာ အလွန် လွယ်ကူသော ကိစ္စဖြစ်ရာ၊ သူကိုယ်တိုင် လှုပ်ရှားစရာ မလိုပေ။

ဝှစ်...

တစ်ခဏအတွင်း အကြီးအကဲချင်းယဲ့နှင့် အကြီးအကဲယွီကူ ဟူသော ဝိညာဉ်သန္ဓေသား နှောင်းပိုင်းအဆင့် ကျင့်ကြံသူနှစ်ဦးသည် စကားတစ်ခွန်းမျှ မပြောတော့ဘဲ၊ သူတို့၏ ခန္ဓာကိုယ်ပေါ်တွင် အနက်ရောင် အလင်းတန်းများ ဖုံးလွှမ်းသွားပြီး မိမိကိုယ်ကို လုံခြုံစွာ ကာကွယ်လိုက်ကြသည်။

နောက်တစ်စက္ကန့်တွင် သူတို့သည် နေရာမှ ပျံတက်သွားပြီး အဝေးသို့ ထွက်ပြေးကြလေသည်။

ယခုအချိန်တွင် ဤလူသားကျင့်ကြံသူ၏ ခြိမ်းခြောက်မှုကို ဂရုမစိုက်နိုင်တော့ပေ။

ကိုယ့်အသက် ကိုယ်လွတ်အောင် အရင် ပြေးရမည်သာ ဖြစ်ပေ၏။

"ထွက်ပြေးချင်တာလား... အဲ့လောက် လွယ်မလား..."

"မိုးကြိုးပင်လယ်..."

ကျိုးစွေ့၏ မျက်လုံးများတွင် အေးစက်သော အလင်းရောင်တစ်ချက် လက်သွားသည်။ သူသည် ဤပင်လယ်မျိုးနွယ်စု ကျင့်ကြံသူများကို ထွက်ပြေးခွင့်ပေးမည် မဟုတ်ပေ။ အကယ်၍ ထွက်ပြေးလွတ်မြောက်သွားပါက နောင်အနာဂတ်တွင် ဒုက္ခပေးလာနိုင်ပြီး၊ ရန်သူများက အမှောင်ထဲမှနေ၍ သူ့ကို အမြဲတစေ စောင့်ကြည့်နေပေလိမ့်မည်။

ဤကဲ့သို့သော ရန်သူများအတွက် သူသည် အမြစ်ပြတ် သုတ်သင်ရှင်းလင်းရသည်ကို နှစ်သက်ပေသည်။

အထူးသဖြင့် ဤစိတ်ညှို့နတ်ဆိုးသည် သူ၏ ဘေးနားရှိ လူများအတွက် ခြိမ်းခြောက်မှု ကြီးမားလွန်းသည်။ သူသည် ဤကဲ့သို့သော နတ်ဆိုးမျိုးကို အသက်ရှင်ခွင့် ပေးထားမည် မဟုတ်ချေ။

ထို့ကြောင့် ဤအခိုက်အတန့်တွင် သူသည် 'မိုးကြိုးကပ်ဘေးကူ'၏ ကြီးမားသောစွမ်းအားကို ချက်ချင်း ထုတ်ဖော်လိုက်ရာ၊ ကောင်းကင်ယံထက် မိုင်ရာချီ ဧရိယာကို အဆုံးမဲ့သော အမည်းရောင် ကပ်ဘေးတိမ်တိုက်များ ဖုံးလွှမ်းသွားလေသည်။

All Chapters