အခန်း (၆၇၆-၆၇၈)
Vol. 46 Ch. 676-678
အခန်း ၆၇၆ - လော့ချန်နှင့် နယ်မြေအဆင့်စာရင်း
ယင်းလီ၏ စကားကို ကြားလိုက်ရသည့်အခါ လော့ချန်က မနေနိုင်ဘဲ ရယ်မောလျက် ဆိုလိုက်သည်။
“ဒီလိုဆိုရင်တော့ ကျွန်တော် အသုံးမကျတဲ့သိုင်းဝိညာဉ်ကို နိုးကြားထားတာက အဆိုးချည်းတော့ မဟုတ်ဘူးပေါ့...”
“မင်းကတော့ တကယ့်ကို အကောင်းမြင်တတ်တာပဲ...”
လော့ချန်၏ တည်ငြိမ်လှသော သဘောထားကြောင့် ယင်းလီသည် သူ့ကို စိတ်ထဲမှ ပို၍ အထင်ကြီးသွားမိသည်။ သူမက တည်ငြိမ်စွာ ဆိုလိုက်သည်။
“ဘေးဒုက္ခနောက်မှာ ကံကောင်းခြင်း ရှိတတ်သလို၊ ကံကောင်းခြင်းနောက်မှာလည်း ဘေးဒုက္ခ ရှိတတ်တာပဲလေ... ဒီလောကမှာ ဘယ်အရာကမှ အကောင်းချည်းပဲ ဒါမှမဟုတ် အဆိုးချည်းပဲဆိုတာ မရှိပါဘူး...”
စကားပြောရင်း ယင်းလီသည် လော့ချန်ကို ကြည့်ကာ လေသံမှာ ခဏမျှ ရပ်တန့်သွားသည်။ သူမသည် ခုနစ်ရောင်စမ်းရေတွင်း၌ ဖြစ်ပျက်ခဲ့သော ထို မတော်တဆမှုကို သတိရသွားခြင်း ဖြစ်ပေသည်။
ထို မတော်တဆမှုကြောင့်ပင် သူမသည် ထိပ်သီး ကောင်းကင်နယ်ပယ် မဟာသန်မာသူတစ်ဦးအဖြစ် တက်လှမ်းနိုင်ခဲ့ခြင်း မဟုတ်ပါလော။
ယင်းလီ၏ စိုက်ကြည့်ခြင်းကို ခံလိုက်ရသည့်အခါ လော့ချန်၏ စိတ်ထဲတွင် အနည်းငယ် မနေတတ်သလို ဖြစ်သွားရသည်။ ယင်းလီ၏ မျက်နှာအမူအရာမှာ တစ်မျိုးဖြစ်သွားသည်ဟု သူ ခံစားလိုက်ရသဖြင့် စမ်းသပ်သည့်အနေနှင့် မေးလိုက်သည်။
“စီနီယာအစ်မ ယင်းလီ...”
မိမိကိုယ်မိမိ အာရုံလွတ်သွားမှန်း သတိပြုမိလိုက်သဖြင့် ယင်းလီသည် ချက်ချင်းပင် အကြည့်ကို လွှဲလိုက်ပြီး တသွင်သွင်စီးဆင်းနေသော မြစ်ကြီးကို ကြည့်ကာ ဆိုလိုက်သည်။
“ရှေးယခင်ကတည်းက အသုံးမကျတဲ့သိုင်းဝိညာဉ်ကို နိုးကြားထားတဲ့သူတွေက အောင်မြင်မှုရဖို့ ခက်ခဲကြတာပဲ... သွေးကြောနိုးကြားမှုနယ်ပယ်ကို ကျော်လွန်နိုင်တဲ့သူကတောင် အလွန်နည်းပါးတာဆိုတော့ မဟာသန်မာသူအဆင့်ကို ရောက်ဖို့ဆိုတာကတော့ ရှားမှရှားပဲပေါ့...”
“လျှပ်ယွမ်ဂိုဏ်းက အသုံးမကျတဲ့သိုင်းဝိညာဉ်ကို နိုးကြားထားတဲ့သူတစ်ယောက်ကို အရေးစိုက်မှာမဟုတ်သလို ခြိမ်းခြောက်မှုတစ်ခုအနေနဲ့လည်း မြင်မှာမဟုတ်ဘူး... ဒါပေမဲ့ မင်းသာ ယွမ်ထျန်ယန်ကို သတ်လိုက်မယ်ဆိုရင်တော့ အရာအားလုံးက ပြောင်းလဲသွားလိမ့်မယ်... သူတို့ရဲ့ အရှိန်အဝါကို ထိန်းသိမ်းဖို့အတွက်ဆိုရင်တောင် လျှပ်ယွမ်ဂိုဏ်းက မင်းကို အလွယ်တကူ လွှတ်ထားမှာ မဟုတ်ဘူး... အဲဒီအချိန်ကျရင် အဆုံးမရှိတဲ့ ဒုက္ခတွေ ရောက်လာနိုင်တာမို့ မင်းအနေနဲ့ ကြိုတင်ပြင်ဆင်ထားသင့်တယ်...”
ယင်းလီသည် အကြောင်းအကျိုးများကို စိတ်ရှည်လက်ရှည် ရှင်းပြနေခြင်းဖြစ်ရာ ယခင်ကနှင့် များစွာ ကွဲပြားနေတော့သည်။
“ကျွန်တော့်ကို စိတ်ပူပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာအစ်မ...”
လော့ချန်သည် အသက်ကို ဝဝရှူလိုက်ပြီး တည်ငြိမ်စွာ ဆိုလိုက်သည်။
“ကျွန်တော်က ပြဿနာကို အရင်ရှာတဲ့သူမဟုတ်သလို၊ကိုယ့်ကို ပြဿနာလာရှာရင်လည်း ကြောက်နေမယ့်သူ မဟုတ်ပါဘူး...”
ဤစကားကို ကြားလိုက်ရသည့်အခါ ယင်းလီ၏ မျက်ဝန်းထဲတွင် ထူးဆန်းသော အလင်းတန်းများ ဝင်းလက်သွားခဲ့သည်။ လျှပ်ယွမ်ဂိုဏ်းနှင့် ရင်ဆိုင်ရမှာကိုပင် လော့ချန်၏ မျက်ဝန်းထဲ၌ တွန့်ဆုတ်သည့် အရိပ်အယောင် အနည်းငယ်မျှ သူမ မတွေ့ရပေ။
ဤကဲ့သို့သော စိတ်ဓာတ်မျိုးမှာ လူငယ်မျိုးဆက်ထဲတွင်သာမက လူဟောင်းကြီးများထဲတွင်ပင် တွေ့ရခဲလှပေသည်။
‘ဒါကြောင့်လည်း သူ့ရဲ့ ဓားဆန္ဒက ဒီလောက်အထိ အရှိန်အဟုန်နဲ့ တိုးတက်နေတာကိုး...’
ယင်းလီသည် စိတ်ထဲမှ ချီးကျူးမိသွားရသည်။
ဓားလမ်းစဉ် ပါရမီ အားကောင်းသည်။ စိတ်ဝိညာဉ်စွမ်းအင် သန်မာသည်။ စိတ်ဓာတ် ကြံ့ခိုင်သည်။ လော့ချန်သည် ထိပ်သီးဓားသမားတစ်ဦး ဖြစ်လာရန်အတွက် လိုအပ်သော အရည်အချင်းများ အားလုံးကို ပိုင်ဆိုင်ထားပြီး ဖြစ်ရာ တစ်ခုတည်းသော အားနည်းချက်မှာ အသုံးမကျသည့်သိုင်းဝိညာဉ်သာ ဖြစ်ပေတော့သည်။
“သွားကြစို့... ဒီကနေ ယွမ်ချွမ်မြို့ကို သွားဖို့က ခရီးအတော်လိုသေးတယ်...”
ယင်းလီက လက်ကို ဝှေ့ယမ်းလိုက်ရာ နှင်းမှုန်များ ဝဲလည်လာခဲ့ပြီး ဧရာမ ရေခဲမြွေကြီးတစ်ကောင် ပေါ်ထွက်လာသည်။
လော့ချန်က အံ့ဩတကြီး မေးလိုက်သည်။
“စီနီယာအစ်မက လော့ရှာဂိုဏ်းကို ပြန်မှာ မဟုတ်ဘူးလား...”
“ဟုတ်တယ်လေ... လမ်းကြုံတာနဲ့ မင်းကို ယွမ်ချွမ်မြို့အထိ ပို့ပေးမလို့ပါ...”
ယင်းလီက တည်ငြိမ်စွာ ပြန်လည်ဖြေကြားလိုက်ပြီး ရေခဲမြွေကြီးပေါ်သို့ အရင်ဆုံး တက်လှမ်းလိုက်သည်။
လော့ချန်သည် စိတ်ထဲမှ တိုးတိုးလေး ရေရွတ်မိသည်။
‘ဒါက ဘယ်နေရာက လမ်းကြုံတာလဲ...’
လော့ရှာဂိုဏ်းမှာ အနောက်ဘက်တွင်ရှိပြီး ယွမ်ချွမ်မြို့မှာ အနောက်မြောက်ဘက်တွင် ရှိသည်။ ယွမ်ချွမ်မြို့ကို အရင်သွားပြီးမှ လော့ရှာဂိုဏ်းကို ပြန်မည်ဆိုလျှင် အဝေးကြီးကို ပတ်သွားရမှာဖြစ်သဖြင့် ခရီးမှာ များစွာ ပိုမိုဝေးကွာသွားမှာ ဖြစ်ပေသည်။
ထိုစဉ် ယင်းလီ၏ အေးစက်လှသော အကြည့်က ရောက်ရှိလာသည်။
“မတက်သေးဘူးလား...”
“ဟုတ်ကဲ့... လာပါပြီ...”
လော့ချန်သည် နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်ပြီး စိတ်ထဲမှ အတွေးများကို ဖျောက်ပစ်ကာ တက်လှမ်းလိုက်သည်။
“ဝှစ်...”
ရေခဲမြွေကြီးသည် အေးစက်သော လေပြင်းများကို သယ်ဆောင်လျက် ဟင်းလင်းပြင်သို့ ထိုးတက်သွားတော့သည်။
တိမ်ပင်လယ်၏ အထက်တွင် ယင်းလီသည် ရေခဲမြွေကြီး၏ ဦးခေါင်းပိုင်းတွင် ရပ်နေခဲ့ပြီး သူမ၏ ဆံနွယ်များနှင့် ဝတ်စုံစလေးမှာ လေထဲတွင် လွင့်ပျံနေကာ ကြည့်ရသည်မှာ အပြစ်ပြောစရာမရှိအောင် တင့်တယ်လှပြီး ပြင်းထန်လှသော လေတိုးသံများကိုလည်း သူမက ကာကွယ်ပေးထားတော့သည်။
လော့ချန်မှာမူ ဘာမှလုပ်စရာမရှိသဖြင့် ခြေချိတ်ထိုင်ချလိုက်ပြီး သွေးအနှစ်သာရရတနာလုံးကို ထုတ်ယူလျက် ဒဏ်ရာများကို အားစိုက် ကုသနေတော့သည်။ ဤနေရာမှ ယွမ်ချွမ်မြို့သို့ မိုင်ပေါင်း သောင်းနှင့်ချီ၍ ဝေးကွာသော်လည်း ရေခဲမြွေကြီး၏ အရှိန်ဖြင့်ဆိုလျှင် နာရီအနည်းငယ်အတွင်း ရောက်ရှိနိုင်ပေသည်။
သို့သော်လည်း ယင်းလီက အရှိန်ကို လျှော့ချထားသဖြင့် ရေခဲမြွေကြီးမှာ တိမ်တိုက်များကြားတွင် အေးဆေးစွာ ပျံသန်းနေတော့သည်။
နောက်တစ်နေ့ နံနက်ခင်းတွင်...
လော့ချန်သည် မျက်လုံးများကို ဖွင့်လိုက်သည်။ ထက်မြက်လှသော အကြည့်များမှာ လျှပ်စီးတစ်ခုအလား ရှိနေခဲ့ပြီး ရှေ့ရှိ တိမ်တိုက်များကို အလိုလို ပြတ်တောက်သွားစေတော့သည်။
“ရွှပ်...”
မီးလျှံကျောက်စိမ်းရတနာဓားကို အိမ်မှ ဆွဲထုတ်လိုက်ပြီး လော့ချန်သည် သိုင်းဝိညာဉ်နှင့် ချီစွမ်းအင်များကို အစွမ်းကုန် နှိုးဆွလိုက်ကာ ဓားကို အောက်သို့ ပြင်းထန်စွာ ခုတ်ပိုင်းလိုက်သည်။
“ဗြီး...”
ဤဓားချက်၏ အစွမ်းမှာ မှန်းဆ၍မရနိုင်အောင် ပြင်းထန်လှပြီး မိုးကြိုးလျှပ်စီးတစ်ခုအလား ကောင်းကင်တစ်ခုလုံးကို လင်းထိန်သွားစေတော့သည်။
နောက်တစ်ခဏတွင်...
“ဘုန်း...”
ရှေ့ရှိ တိမ်ပင်လယ်ကြီးမှာ ရေစက်ရေပေါက်များအလား အရပ်မျက်နှာအနှံ့ လွင့်စဉ်သွားခဲ့ပြီး မိုင်ပေါင်းများစွာ ရှည်လျားလှသော မျဉ်းဖြောင့် အက်ကွဲရာကြီးတစ်ခု ပေါ်ထွက်လာတော့သည်။ ဓားချီ ကျရောက်သွားသည့်အောက်ခြေရှိ တောင်ကုန်းများမှာလည်း အဆက်မပြတ် ပြိုလဲပျက်စီးကုန်ပြီး ဤဓားချီ၏ အရှိန်အဝါကို လုံးဝ တောင့်မခံနိုင်ကြပေ။
“တကယ်ကို ပြင်းတာပဲ... ငါ့ရဲ့ အစွမ်းကို ငါကိုယ်တိုင်တောင် အထင်သေးမိသွားတာပဲ...”
လော့ချန်၏ မျက်ဝန်းများ ဝင်းလက်သွားခဲ့သည်။
သွေးအနှစ်သာရရတနာလုံး၏ အကျိုးသက်ရောက်မှုကြောင့် သူ၏ သွေးစွမ်းအင်မှာ အပြည့်အဝ ပြန်လည်ကောင်းမွန်လာခဲ့ပြီဖြစ်သလို ဒဏ်ရာမှာလည်း ကိုးဆယ်ရာခိုင်နှုန်းကျော် ပြန်ကောင်းသွားပြီ ဖြစ်သည်။
ကျန်ရှိနေသော ချီစွမ်းအင်နှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ ပင်ပန်းမှုများကို အားဖြည့်ရန်အတွက်သာ အချိန်အနည်းငယ် လိုအပ်တော့သည်။
ဒဏ်ရာများမှာ အတော်အတန် ပြန်ကောင်းသွားပြီဖြစ်ရာ လော့ချန်သည် လက်ယားလာခဲ့ပြီး မိမိ၏ အစွမ်းကို စမ်းသပ်ကြည့်လိုခြင်း ဖြစ်သည်။
ရလဒ်မှာမူ သူ၏ မှန်းချက်ထက် သာလွန်နေတော့သည်။ ဤဓားချက်၏ အရှိန်အဝါမှာ သန်မာသော သက်လက်ပိုင်းလူကို သတ်ဖြတ်ခဲ့သည့် ဓားချက်နှင့် တူညီနေချေပြီ။
အမှန်တော့ ယခုအခါ သူသည် အပြည့်အဝ ပြန်လည်ကောင်းမွန်ခြင်း မရှိသေးသလို သိုင်းဝိညာဉ်နှင့် ဓားဆန္ဒကို နှိုးဆွလိုက်ခြင်းမှလွဲ၍ နဂါးကျင့်စဉ်ကိုလည်း မသုံးစွဲရသေးပေ။ လော့ချန်၏ ခန့်မှန်းချက်အရ ဤဓားချက်မှာ သူ၏ အထွတ်အထိပ် တိုက်ခိုက်ရေးစွမ်းအား၏ ခြောက်ဆယ်၊ ခုနစ်ဆယ်ရာခိုင်နှုန်းခန့်သာ ရှိသေးသည်။
ဖြစ်နိုင်လျှင် လော့ချန်သည် သွေးဝိညာဉ်ဂိုဏ်းမှ ထို သန်မာသော သက်လတ်ပိုင်းလူနှင့် နောက်ထပ် တစ်ကြိမ်လောက် ပြန်ပြီး တိုက်ခိုက်ကြည့်ချင်မိသည်။ ထိုအခါကျလျှင် သူ့ကို အပြတ်ရှင်းရန်အတွက် ဘယ်နှစ်ချက်လောက် လိုမည်နည်းဆိုသည်ကို တွေ့မြင်ရပေမည်။
ဆယ်ချက်လား...။
ဒါမှမဟုတ် နှစ်ချက်၊ သုံးချက်လောက်ပဲလား...။
“မင်း တော်တော်လေး ပြန်ကောင်းလာပြီပဲ...”
ဘေးနားမှ ယင်းလီ၏ အသံ ထွက်ပေါ်လာသည်။
“အင်း...”
လော့ချန် သတိပြန်ဝင်လာခဲ့ပြီး ဓားကို အိမ်ထဲသို့ ပြန်ထည့်လိုက်သည်။ ယင်းလီသည် တိမ်ပင်လယ်ကြားတွင် ဖြစ်ပေါ်နေသော ဧရာမ ဓားရာကြီးကို ကြည့်ကာ ခေါင်းညိတ်၍ ချီးကျူးလိုက်သည်။
“ဒီဓားချက်ရဲ့ အရှိန်အဝါက မဆိုးဘူးပဲ... သာမန် မြေကမ္ဘာနယ်ပယ် မဟာသန်မာသူတွေတောင် ဒီဓားချက်ကို ရှောင်တိမ်းကြရလိမ့်မယ်... ဒီဓားတစ်ချက်တည်းနဲ့တင် မင်းက တာယွဲ့မင်းဆက်ရဲ့ သွေးကြောနိုးကြားမှုနယ်ပယ်မှာ အုပ်စိုးနိုင်ပြီလို့ ပြောလို့ရသလို ဂိုဏ်းကြီးသုံးဂိုဏ်းရဲ့ အတွင်းစည်းမှာလည်း မင်းကို ယှဉ်နိုင်မယ့်သူ မရှိတော့ဘူး... ယွမ်လန်နယ်မြေ တစ်ခုလုံးမှာဆိုရင်တောင် မင်းက မဆိုးဘူးလို့ ပြောလို့ရသလို နယ်မြေအဆင့်စာရင်း ထဲမှာ ပါဝင်နိုင်တဲ့ အရည်အချင်း ရှိနေပြီ... မင်းရဲ့ အဆင့်ကလည်း အရမ်းနိမ့်မှာ မဟုတ်ဘူး...”
နယ်မြေအဆင့်စာရင်း။
လော့ချန်၏ စိတ်ထဲတွင် တစ်စုံတစ်ခု ဖြစ်ပေါ်သွားခဲ့ပြီး မနေနိုင်ဘဲ မေးမြန်းလိုက်သည်။
“စီနီယာအစ်မ ယင်းလီ... ကျွန်တော်က သွေးကြောနိုးကြားမှုနယ်ပယ် နယ်မြေအဆင့်စာရင်းမှာ အဆင့်ဘယ်လောက်လောက် ရနိုင်မယ်လို့ ထင်လဲ...”
ယင်းလီက ခဏမျှ စဉ်းစားလိုက်ပြီး ဆိုလိုက်သည်။
“ကံကောင်းရင်တော့ အဆင့် ဆယ်ဂဏန်း ပတ်ဝန်းကျင်လောက် ရဖို့က ပြဿနာမရှိပါဘူး...”
“အဆင့် ဆယ်ဂဏန်း ပတ်ဝန်းကျင် ဟုတ်လား...”
လော့ချန်က မျက်မှောင်ကြုတ်လိုက်သည်။
သူသည် အထွတ်အထိပ် တိုက်ခိုက်ရေးစွမ်းအားကို မထုတ်ဖော်ရသေးသော်လည်း ဤဓားချက်ကပင် မြေကမ္ဘာနယ်ပယ် မဟာသန်မာသူကြီးများနှင့် တူညီနေပြီဖြစ်ရာ အဆင့်ဆယ်ခုအတွင်းမှာ စိတ်ချလက်ချ ပါဝင်နိုင်မည် သို့မဟုတ် ဒီထက်ပိုမြင့်မည့် အဆင့်ကို ရလိမ့်မည်ဟု သူ ယူဆထားခြင်း ဖြစ်ပေသည်။ ယခုမူ အဆင့် ဆယ်ဂဏန်း ပတ်ဝန်းကျင်သာ ရနိုင်မှာဖြစ်ပြီး ကံကောင်းဖို့ပါ လိုဦးမည်ဆိုသည်က သူ မထင်မှတ်ထားသော အချက် ဖြစ်နေတော့သည်။
ဤသို့ဆိုလျှင် သူသည် အထွတ်အထိပ် အစွမ်းကို ထုတ်ဖော်လျှင်ပင် နယ်မြေအဆင့်စာရင်း၏ ပထမအဆင့်ကို ရယူရန် ခက်ခဲလိမ့်မည် မဟုတ်ပါလော။
“ဘာလဲ... မင်းက မကျေနပ်သေးဘူးလား...”
လော့ချန်၏ အမူအရာကို မြင်လိုက်ရသည့်အခါ ယင်းလီက အသာအယာ ခေါင်းခါလိုက်ပြီး သူသည် နယ်မြေအဆင့်စာရင်းအကြောင်းကို မသိသေးဟု ယူဆကာ ရှင်းပြလိုက်သည်။
“ယွမ်လန်နယ်မြေ တစ်ခုလုံးက နိုင်ငံပေါင်း ဆယ်ဂဏန်းခန့်မှာရှိတဲ့ သွေးကြောနိုးကြားမှုနယ်ပယ် သန်မာသူတွေဆိုတာ မြစ်ထဲက ငါးတွေလိုပဲ ရေတွက်လို့မရအောင် များပြားလှတာလေ... ဒါပေမဲ့ အဲဒီထဲကမှ လူတစ်ရာပဲ နယ်မြေအဆင့်စာရင်း ထဲမှာ ပါဝင်နိုင်တာ... ဒါက ဘယ်လောက်အထိ ခက်ခဲမလဲဆိုတာ တွေးကြည့်လို့ရပါတယ်... ကောင်းကင်ပေါ် တက်ရတာထက်တောင် ပိုပြီး ခက်ခဲတယ်လို့ ပြောလို့ရတယ်...”
“လျှပ်ယွမ်ဂိုဏ်းရဲ့ ယွမ်ထျန်ယန်က နာမည်ကြီးလှပေမဲ့ သူ အစွမ်းကုန် ကြိုးစားခဲ့တာတောင် အဆင့် တစ်ရာ့နှစ်ပဲ ရခဲ့တာ... နယ်မြေအဆင့်စာရင်း ထဲမှာ ပါဝင်နိုင်ခြင်း မရှိခဲ့ဘူး... ဒါကတောင် ငါတို့ ဂိုဏ်းကြီးသုံးဂိုဏ်းရဲ့ ဒီနှစ်တွေအတွင်းမှာ အတော်လေး တောက်ပတဲ့ ရလဒ်လို့ ပြောလို့ရတယ်...”
“တကယ်လို့ မင်းသာ နယ်မြေအဆင့်စာရင်း ထဲမှာ ပါဝင်နိုင်ခဲ့မယ်ဆိုရင် အဆင့် တစ်ရာပဲ ဖြစ်နေပါစေဦး... တာယွဲ့မင်းဆက် တစ်ခုလုံးကို ဟိုးဟိုးကျော်သွားစေမှာဖြစ်သလို ကြီးမားလှတဲ့ ဂုဏ်သိက္ခာနဲ့ အကျိုးအမြတ်တွေကို ရရှိမှာပဲ...”
“တကယ်လို့ အဆင့် တစ်ဆယ်အတွင်းကို ဝင်သွားခဲ့မယ်ဆိုရင်တော့ မင်းက ရွှမ်ယွမ်ဂိုဏ်းရဲ့ သူရဲကောင်းကြီး ဖြစ်သွားမှာပဲ... အဲဒီအချိန်ကျရင် ရွှမ်ယွမ်ဂိုဏ်းထဲမှာ မင်းရဲ့ အဆင့်အတန်းက တစ်ဟုန်ထိုး ပြောင်းလဲသွားမှာဖြစ်သလို ထိပ်သီးတိုက်ရိုက်တပည့် ဆယ်ဦးနဲ့ တန်းတူဖြစ်ဖို့ဆိုတာ ဘာမှမဟုတ်တော့ဘူး...”
လော့ချန်က အံ့ဩတကြီး မေးလိုက်သည်။
“ဒီလောက်အထိတောင် အံ့ဩစရာ ကောင်းတာလား...”
“တကယ့် အမှန်တရားက ဒီထက်တောင် ပိုပြီးတော့ အံ့ဩစရာ ကောင်းပါသေးတယ်... နယ်မြေအဆင့်စာရင်း ထဲမှာ ပါဝင်နိုင်ခြင်းက မင်းရဲ့ အစွမ်းကို သက်သေပြရုံတင်မကဘဲ ဂုဏ်သိက္ခာနဲ့ နာမည်ကျော်ကြားမှုတွေရမှာဖြစ်သလို မင်းရဲ့ ဂိုဏ်းနဲ့ မင်းကိုယ်တိုင်အတွက်လည်း များပြားလှတဲ့ ဥစ္စာပစ္စည်းတွေကို ရရှိမှာပဲ...”
“နောက်တစ်ချက်က... ဒီကိစ္စက ရှေးဟောင်းဂိုဏ်းတစ်ခုရဲ့ လျှို့ဝှက်ချက်တွေနဲ့လည်း ပတ်သက်နေတယ်လို့ ကြားဖူးတယ်... နယ်မြေအဆင့်စာရင်း ထဲမှာ ပါဝင်နိုင်ခြင်းက မိမိရဲ့ ကံတရားအပေါ်မှာ သက်ရောက်မှု ရှိနိုင်တယ်တဲ့... အထူးသဖြင့် အဆင့် တစ်ဆယ်အတွင်းဆိုရင် သက်ရောက်မှုက အကြီးမားဆုံးပဲတဲ့...”
အခန်း ၆၇၆ ပြီးပါပြီ။
အခန်း ၆၇၇ - ယုရှန်နတ်ဘုရားဂိုဏ်း... ယွမ်ချွမ်မြို့အောက်ခြေမှ သွေးရိပ်
“ကံတရားလား... အဲဒါက ဘာကို ဆိုလိုတာလဲ...”
လော့ချန် အတော်ပင် စူးစမ်းလိုစိတ် ပြင်းထန်သွားရသည်။
ယခင်က သူသည် နယ်မြေအဆင့်စာရင်းနှင့် အလွန်ဝေးကွာနေခဲ့သဖြင့် အသိအမြင် များစွာမရှိခဲ့ဘဲ ဤသတင်းများကို ယခုမှ ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သည်။
ယင်းလီက ဆိုလိုက်သည်။
“ကံတရားနဲ့ ပတ်သက်ပြီး ရှင်းပြချက်တွေ အများကြီး ရှိပါတယ်... အချို့ကတော့ ဒါကို မိုးမြေရဲ့ အသက်ရှူသံလို့ ပြောကြသလို၊ အချို့ကတော့ မြေကမ္ဘာရဲ့ နဂါးအကြောတွေ၊ လူသားတွေရဲ့ ကံကြမ္မာ စသဖြင့် အမျိုးမျိုး ပြောကြတာပေါ့... သေချာတာတစ်ခုကတော့ ကံတရားက လူတစ်ယောက်ရဲ့ကဏ္ဍစုံအပေါ်မှာ သက်ရောက်မှု ရှိနိုင်တာပဲ... ဥပမာပေးရရင် တူညီတဲ့ကမ်းပါးယံတစ်ခုပေါ်ကနေ ပြုတ်ကျခဲ့ရင်တောင် ကံတရား အားနည်းတဲ့သူက တစ်စစီ ကြေမွပျက်စီးသွားမှာဖြစ်ပြီး ကံတရား အားကောင်းတဲ့သူကတော့ မသေရုံတင်မကဘဲ ထူးခြားတဲ့ အခွင့်အရေးတွေကိုတောင် ရရှိသွားနိုင်တာမျိုးပေါ့...”
“ကံတရားဆိုတာ ဒြပ်မဲ့လှသလို အရမ်းလည်း နက်နဲလှတယ်... နယ်ပယ်တစ်ခုကို မရောက်မချင်းတော့ ဒါရဲ့ အနှစ်သာရကို နားလည်ဖို့ ခက်ခဲလိမ့်မယ်... ငါသိထားတာတွေကလည်း အကန့်အသတ်နဲ့ပဲ ရှိပါသေးတယ်...”
ယင်းလီက အသာအယာ ခေါင်းခါလိုက်ပြီး လော့ချန်ကို ကြည့်ကာ ဆက်ပြောသည်။
“မင်းမှာ နယ်မြေအဆင့်စာရင်းထဲ ပါဝင်နိုင်တဲ့ အရည်အချင်း ရှိနေမှတော့ သေချာပေါက် ကြိုးစားသင့်တယ်... နယ်မြေအဆင့်စာရင်းက ကံတရားကို တိုးတက်စေတယ်ဆိုတဲ့ စကားက ခိုင်လုံတဲ့ အထောက်အထား မရှိဘူးဆိုပေမဲ့ အခြေအမြစ် မရှိတာတော့ မဟုတ်ဘူး...”
“ရှေးယခင်ကတည်းက အသက် ၁၈ နှစ်မတိုင်ခင်မှာ နယ်မြေအဆင့်စာရင်းထဲ ပါဝင်နိုင်တဲ့သူတွေက နောင်တစ်ချိန်မှာ အောင်မြင်မှုတွေ ရရှိခဲ့ကြတာချည်းပဲ... အဆင့်မြင့်လေ အောင်မြင်မှုက ပိုကြီးမားလေပဲ... အရင်က တာ့ချူဧကရီ ဆိုရင် အသက် ၁၄ နှစ်အရွယ်မှာတင် သွေးကြောနိုးကြားမှုနယ်ပယ် နယ်မြေအဆင့်စာရင်းကို အုပ်စိုးခဲ့သလို ကုန်းမြေကြီးအဆင့်စာရင်း မှာလည်း ထိပ်ဆုံးက ပါဝင်ခဲ့တာလေ... အသက် ၂၂ နှစ်မှာတော့ အရှေ့ကုန်းမြေကြီးရဲ့ လူသားအမြုတေစာရင်းမှာ ပထမအဆင့်ကို ရရှိခဲ့ပြီး အရှေ့ကုန်းမြေကြီးရဲ့ နံပါတ်တစ် လူသားအမြုတေ ဖြစ်လာခဲ့တယ်... နောက်ပိုင်းမှာတော့ တစ်လှမ်းချင်း တက်လှမ်းရင်း ဧကရီအဖြစ် ဘွဲ့ထူးခံယူနိုင်ခဲ့ပြီး အရှေ့ကုန်းမြေကြီးရဲ့ နှစ်ပေါင်းတစ်ထောင်အတွင်းမှာ အသက်အငယ်ဆုံး ဧကရီ ဖြစ်လာခဲ့တာပေါ့...”
“တာ့ချူဧကရီက... အသက် ၁၄ နှစ်မှာတင် သွေးကြောနိုးကြားမှုနယ်ပယ် နယ်မြေအဆင့်စာရင်းကို အုပ်စိုးခဲ့တာလား...”
လော့ချန်သည် တာ့ချူဧကရီ၏ ဘွဲ့နာမကို နောက်ထပ်တစ်ကြိမ် ကြားလိုက်ရပြန်သည်။
သန်မာသူကြီးများ၏ စံချိန်တင်မှုများနှင့် ပတ်သက်လာလျှင် သူမသည် အမြဲတမ်း ပထမ ဖြစ်နေတတ်သည်။ ယခုအခါ သူမသည် ပျောက်ကွယ်သွားခဲ့ပြီဖြစ်သော်လည်း သူမ ချန်ရစ်ခဲ့သော ဒဏ္ဍာရီများမှာမူ နှစ်ပေါင်း ထောင်ချီအတွင်းရှိ ပါရမီရှင်များအားလုံးကို လွှမ်းမိုးထားဆဲဖြစ်ရာ သူမ၏ တောက်ပမှုကို မည်သူမျှ မယှဉ်နိုင်ပေ။
ဤသည်မှာ လော့ချန်ကို ဖိအားတစ်ခု ခံစားရစေသည်။
သူသည် ယခုအခါ အသက် ၁၅ နှစ် ရှိနေပြီဖြစ်ပြီး တာယွဲ့မင်းဆက် အတွင်းမှာတော့ အောင်မြင်မှု အတော်အတန် ရှိနေပြီဟု ပြောနိုင်သော်လည်း ဤ တာ့ချူဧကရီနှင့် နှိုင်းယှဉ်လိုက်လျှင်မူ ဘာမှမဟုတ်တော့ပေ။
ယင်းလီသည် လော့ချန်၏ ခံစားချက်ကို နားလည်သဖြင့် သက်ပြင်းတစ်ချက်ချလျက် ဆိုလိုက်သည်။
“တာ့ချူဧကရီ ဆိုတာ နှစ်ပေါင်း ထောင်ချီမှ တစ်ယောက် ပေါ်ထွက်လာတတ်တဲ့ ပါရမီရှင် ဧကရီကြီးလေ... မိစ္ဆာတွေထဲက မိစ္ဆာပဲ... သူ တင်ခဲ့တဲ့ စံချိန်တွေကို ငါတို့ ယွမ်လန်နယ်မြေ တင်မကဘူး အရှေ့ကုန်းမြေကြီး တစ်ခုလုံးမှာတောင် နောက်ထပ် နှစ်ပေါင်း တစ်ထောင်ကြာရင်တောင် တစ်ယောက်ယောက်က ချိုးဖျက်နိုင်ဖို့ ခက်ပါလိမ့်မယ်... ဒါကြောင့် သူနဲ့ သွားပြီး မနှိုင်းယှဉ်တာ အကောင်းဆုံးပဲ... မဟုတ်ရင်တော့ကိုယ့်ကိုယ်ကိုယ် စိတ်ဆင်းရဲအောင် လုပ်နေသလို ဖြစ်လိမ့်မယ်...”
လော့ချန်က ခေါင်းညိတ်ပြလိုက်ပြီး မေးလိုက်သည်။
“စီနီယာအစ်မ ယင်းလီ... ကျွန်တော်တို့ ယွမ်လန်နယ်မြေ သွေးကြောနိုးကြားမှုနယ်ပယ် နယ်မြေအဆင့်စာရင်းရဲ့ ထိပ်ဆုံး ဆယ်ယောက်က ဘယ်လောက်အထိ အစွမ်းထက်လဲ...”
“အော်... မင်းက ထိပ်ဆုံး ဆယ်ယောက်ထဲဝင်ဖို့ ကြံစည်နေတာလား...”
ယင်းလီက မျက်ခုံးလေးများကို ပင့်လိုက်ပြီး ဖြည်းညင်းစွာ ဆိုလိုက်သည်။
“ဒါက တကယ်ကို မလွယ်ကူတဲ့ ကိစ္စပဲ...”
“နယ်မြေအဆင့်စာရင်းရဲ့ ထိပ်ဆုံး ဆယ်ယောက် ဆိုတာ နိုင်ငံအသီးသီးက ထိပ်သီး ပါရမီရှင်တွေပဲလေ... အဲဒီထဲမှာ မြေကမ္ဘာသိုင်းဝိညာဉ်တင်မကဘူး ကောင်းကင်သိုင်းဝိညာဉ်ကို နိုးကြားထားတဲ့ နတ်ဆိုးအဆင့် ပါရမီရှင်တွေတောင် ပါဝင်နေတာ...”
“သူတို့က ကျင့်ကြံဆင့်မှာ သွေးကြောနိုးကြားမှုနယ်ပယ်ရဲ့ အထွတ်အထိပ်ကို ရောက်နေရုံတင်မကဘဲ ကျင့်ကြံထားတဲ့ ကျင့်စဉ်တွေ၊ အတတ်ပညာတွေကလည်း ထိပ်တန်းတွေချည်းပဲ... ဘာအားနည်းချက်မှ မရှိသလို အစွမ်းထက်လှတဲ့ သိုင်းဝိညာဉ် စွမ်းရည်တွေကိုလည်း နိုးကြားထားကြတာ... တစ်ယောက်ချင်းစီမှာ မြေကမ္ဘာနယ်ပယ် မဟာသန်မာသူတစ်ဦးကို ထိပ်တိုက်ရင်ဆိုင်နိုင်တဲ့ အစွမ်းရှိကြသလို ထိပ်ဆုံး သုံးယောက် ဆိုရင်တော့ မဟာသန်မာသူကြီးတွေကိုတောင် အနိုင်ယူနိုင်တဲ့အထိ တိုက်ခိုက်ရေးစွမ်းအားက ထိတ်လန့်စရာ ကောင်းလှတယ်...”
“မင်းက အဲဒီလူတွေနဲ့ ယှဉ်ပြိုင်ချင်တယ်ဆိုရင်တော့ မင်းရဲ့ အစွမ်းက အနည်းဆုံးတော့ အဆင့်တစ်ခုလောက် ထပ်ပြီး မြင့်တက်လာဖို့ လိုလိမ့်မယ်...”
မဟာသန်မာသူကြီးတွေကို အနိုင်ယူနိုင်တာတဲ့လား...။
လော့ချန် စိတ်ထဲတွင် တုန်လှုပ်သွားရသလို မိမိ၏ လက်ရှိအစွမ်းကိုလည်း ပြန်လည် ဆန်းစစ်ကြည့်မိသည်။
သူ၏ လက်ရှိ အထွတ်အထိပ် တိုက်ခိုက်ရေးစွမ်းအားမှာ သာမန် မြေကမ္ဘာနယ်ပယ် မဟာသန်မာသူတစ်ဦးကို ထိပ်တိုက်ရင်ဆိုင်ရန် လုံလောက်မှု ရှိသည်။
သို့သော်လည်း မဟာသန်မာသူကြီးတစ်ဦးကို အနိုင်ယူရန်အတွက်မူ သူ သေချာပေါက် မပြောနိုင်သေးပေ။ သို့သော်လည်း လော့ချန်သည် ယုံကြည်ချက်များ လျော့နည်းသွားခြင်း မရှိပေ။ သူ၏ ကျင့်ကြံဆင့်မှာ မကြာမီတွင် သွေးကြောနိုးကြားမှုနယ်ပယ် အထွတ်အထိပ်သို့ တက်လှမ်းတော့မှာ ဖြစ်သဖြင့် ထိုအချိန်တွင် အစွမ်းမှာ ပိုမိုမြင့်မားလာမှာ ဖြစ်သည်။
၎င်းအပြင် သူ၏ ဓားဆန္ဒမှာလည်း ခြေတစ်လှမ်းမျှသာ လိုတော့ပြီး အောင်မြင်သွားပါက တကယ့်ဓားဆန္ဒအဆင့် ဓားသမားတစ်ဦး ဖြစ်လာမှာ ဖြစ်သည်။ အရေးကြီးဆုံးအချက်မှာ သူသည် ပြင်းထန်လှသော သတ်ဖြတ်ခြင်း ဓားဆန္ဒကို နားလည်ထားခြင်း ဖြစ်ပေသည်။
တကယ့်ဓားဆန္ဒအဆင့် ဓားသမားတစ်ဦး ဖြစ်လာသည်နှင့် သူ၏ အစွမ်းတိုးတက်မှုမှာ အခြားသော ဓားသမားများထက် များစွာ ပိုမိုကြီးမားမှာ သေချာလှပေသည်။ မည်မျှအထိ သန်မာလာမည်နည်းဆိုသည်ကိုမူ သူလည်း မသိသေးပေ။ သို့သော်လည်း သာမန် မြေကမ္ဘာနယ်ပယ် မဟာသန်မာသူတစ်ဦးကို အနိုင်ယူရန်မှာမူ ခက်ခဲသော ကိစ္စ မဟုတ်တော့မှာ သေချာလှပေသည်။
ယင်းလီသည် လော့ချန် စကားမပြောဘဲ တိတ်ဆိတ်နေသဖြင့် သူ စိတ်ဓာတ်ကျသွားသည်ဟု ယူဆကာ ဖျောင်းဖျလိုက်သည်။
“မင်းအနေနဲ့ စိတ်ဓာတ်ကျစရာ မလိုပါဘူး... မင်းရဲ့ သတ်ဖြတ်ခြင်း ဓားဆန္ဒက အရမ်းကို သန်မာလှတာလေ... တကယ့်ဓားဆန္ဒအဆင့်ကို ရောက်သွားနိုင်မယ်ဆိုရင်တော့ နယ်မြေအဆင့်စာရင်း ရဲ့ ထိပ်ဆုံး ဆယ်ယောက်၊ ဒါမှမဟုတ် ထိပ်ဆုံး ငါးယောက် အတွင်းကို ဝင်ဖို့ဆိုတာ ပြဿနာ မရှိပါဘူး... ဒါပေမဲ့ သွေးကြောနိုးကြားမှုနယ်ပယ် မှာတင် တကယ့်ဓားဆန္ဒကို နားလည်နိုင်ဖို့တော့ လိုလိမ့်မယ်...”
“ထိပ်ဆုံး ငါးယောက် လား...”
လော့ချန်က ခေါင်းခါလိုက်ပြီး ပြုံးလျက် ဆိုလိုက်သည်။
“ယှဉ်ပြိုင်မယ်ဆိုမှတော့ ပထမအဆင့်ကိုပဲ ယှဉ်ပြိုင်တာ ပိုကောင်းလိမ့်မယ်...”
လော့ချန်၏ ရည်မှန်းချက်မှာ ဘယ်သောအခါမှ မပြောင်းလဲခဲ့ပေ။ ၎င်းမှာ နယ်မြေအဆင့်စာရင်းတွင် ပထမအဆင့်ကို ရယူပြီး သွေးကြောနိုးကြားမှုနယ်ပယ် ကျင့်ကြံသူများထဲတွင် အသန်မာဆုံးနှင့် ပြိုင်ဘက်ကင်းသူ ဖြစ်လာရန်ပင် ဖြစ်သည်။ ယခင်က တာ့ချူဧကရီ လုပ်ဆောင်နိုင်ခဲ့သလို သူလည်း လုပ်ဆောင်နိုင်ရမည် ဖြစ်သည်။
“ပထမအဆင့် လား...”
ယင်းလီ ခဏမျှ မှင်တက်မိသွားခဲ့ပြီး လော့ချန်ကို သေသေချာချာ စိုက်ကြည့်လိုက်သည်။ လော့ချန် နောက်ပြောင်နေခြင်း ဟုတ်မဟုတ် သူမ မဝေခွဲနိုင်ပေ။
ဤ ကောင်လေးမှာ အသက်အရွယ်အရ ငယ်ရွယ်သော်လည်း သူမအတွက်တော့ အမြဲတမ်း မှန်းဆရခက်သော ခံစားချက်မျိုးကို ပေးစွမ်းနေတော့သည်။
လော့ချန်သည် ဤအချက်အပေါ်တွင် အချိန်အကြာကြီး မပေးတော့ဘဲ နယ်မြေအဆင့်စာရင်းနှင့် ပတ်သက်သော မေးခွန်းအချို့ကို ထပ်မံ မေးမြန်းလိုက်သည်။ ယင်းလီကလည်း သူမ သိသမျှကို အကုန်အစင် ရှင်းပြပေးနေတော့သည်။
“စီနီယာအစ်မ ယင်းလီ... နယ်မြေအဆင့်စာရင်းက ရှေးဟောင်းဂိုဏ်းတစ်ခုနဲ့ ပတ်သက်နေတယ်လို့ ပြောတယ်နော်... အဲဒီ ရှေးဟောင်းဂိုဏ်းရဲ့ နာမည်က ဘာလဲဟင်...”
ယင်းလီက အသက်ကို ဝဝရှူလိုက်ပြီး ဆိုလိုက်သည်။
“အဲဒီ ရှေးဟောင်းဂိုဏ်းရဲ့ နာမည်က ယုရှန်နတ်ဘုရားဂိုဏ်းလို့ ခေါ်တယ်...”
“ယုရှန်နတ်ဘုရားဂိုဏ်းလား... နတ်ဘုရားတွေကိုတောင် အုပ်စိုးတာတဲ့လား... ဒီနာမည်က အရမ်းကို မာနကြီးလွန်းတာပဲ...”
လော့ချန်က တအံ့တဩ ရေရွတ်လိုက်ပြီး ထူးဆန်းစွာ မေးလိုက်ပြန်သည်။
“ကျွန်တော်တို့ ရွှမ်ယွမ်ဂိုဏ်းရဲ့ ရွှမ်ယွမ်မှတ်တမ်းထဲမှာ ယုရှန်နတ်ဘုရားဂိုဏ်းနဲ့ ပတ်သက်တဲ့ မှတ်တမ်းကို မတွေ့ဖူးပါဘူး... ကျွန်တော် ကြည့်တာ လွဲသွားလို့လား မသိဘူး...”
ရွှမ်ယွမ်မှတ်တမ်းတွင် ကျင့်ကြံခြင်းကမ္ဘာနှင့် ပတ်သက်၍ စုံလင်စွာ ဖော်ပြထားပြီး ရှေးဟောင်းခေတ်မှ နာမည်ကြီး အင်အားစုများစွာ ပါဝင်သော်လည်း ယုရှန်နတ်ဘုရားဂိုဏ်း အကြောင်းကိုမူ လော့ချန် မမြင်ဖူးပေ။
ယင်းလီက ခေါင်းခါပြလိုက်သည်။
“မင်း ကြည့်တာ လွဲသွားတာ မဟုတ်ပါဘူး... ယုရှန်နတ်ဘုရားဂိုဏ်း တည်ရှိခဲ့တဲ့ အဲဒီ သမိုင်းကြောင်း တစ်ခုလုံးက တစ်စုံတစ်ယောက်ရဲ့ ရည်ရွယ်ချက်ရှိရှိ ဖျောက်ပစ်ခြင်းကို ခံလိုက်ရပုံရတယ်... လူအများစုက ဒါကို မသိကြပါဘူး... ငါလည်း ရှေးဟောင်းစာအုပ်တစ်အုပ်ထဲကနေ မမျှော်လင့်ဘဲ တွေ့ခဲ့ရတာလေ...”
“ရှေးဟောင်းစာအုပ်ထဲက မှတ်တမ်းအရ ယုရှန်နတ်ဘုရားဂိုဏ်းဟာ ရှေးဟောင်းခေတ်ရဲ့ ထိပ်သီး အင်အားစုတွေထဲက တစ်ခုဖြစ်ပြီး ဂိုဏ်းထဲမှာ သန်မာသူကြီးတွေ ရေတွက်လို့မရအောင် ရှိခဲ့တာတဲ့... ဂိုဏ်းချုပ်ဆိုရင် အဲဒီခေတ်ရဲ့ အဦးဆုံးသူဖြစ်ပြီး ဘယ်သူမှ ယှဉ်လို့မရဘူးတဲ့... ဒါပေမဲ့ နှမြောစရာကောင်းတာက ယုရှန်နတ်ဘုရားဂိုဏ်း အထွတ်အထိပ် ရောက်နေတဲ့အချိန်မှာတင် တစ်ညတည်းနဲ့ ဂိုဏ်းတစ်ခုလုံး မြေလှန်ဖျက်ဆီးခံလိုက်ရပြီး အဲဒီကတည်းက ပျောက်ကွယ်သွားခဲ့တာပဲ... သူတို့ တည်ရှိခဲ့တဲ့ သဲလွန်စတွေကိုတောင် တစ်စုံတစ်ယောက်က ရည်ရွယ်ချက်ရှိရှိ ဖျောက်ပစ်ခဲ့တယ်တဲ့...”
“တစ်ညတည်းနဲ့ မြေလှန်ဖျက်ဆီးခံလိုက်ရတာတဲ့လား... ဒါက အရမ်းကို မယုံနိုင်စရာ ကောင်းတာပဲ... ဘယ်သူလုပ်ခဲ့တာလဲ...”
လော့ချန် အကြီးအကျယ် တုန်လှုပ်သွားရသည်။ ဤသည်မှာ သူ စဉ်းစား၍မရနိုင်သော အခြေအနေ ဖြစ်ပေသည်။
ရှေးဟောင်းခေတ်၏ ထိပ်သီးအင်အားစုကြီးတစ်ခုကို တစ်ညတည်းနှင့် ဖျက်ဆီးပစ်ရုံတင်မက တည်ရှိခဲ့သည့် သဲလွန်စတွေကိုပါ အကုန်အစင် ဖျောက်ပစ်နိုင်သည်မှာ ဘယ်လိုမျိုး အစွမ်းမျိုးလဲ...။
ဒါက နတ်ဘုရားတွေရဲ့ အစွမ်းနဲ့တောင် နီးစပ်နေပြီ...။
“မသိရပါဘူး... အဲဒီစာအုပ်ကို ရေးခဲ့တဲ့သူကလည်း ဒီကိစ္စကို သေချာမသိပုံရသလို မှတ်တမ်းတွေကလည်း မစုံလင်ဘူးလေ... အဲဒီတုန်းက ဘာတွေ ဖြစ်ပျက်ခဲ့သလဲဆိုတာကတော့ ဘယ်သူမှ မသိနိုင်တော့ပါဘူး...”
လော့ချန်၏ စိတ်ထဲတွင် ချီးကျူးမိသွားရသည်။ကမ္ဘာကြီးက ကျယ်ဝန်းလှသဖြင့် သူ မြင်တွေ့ဖူးသည်မှာ အလွန်ပင် နည်းပါးလှပါသေးသည်။
ထိုစဉ် ရေခဲမြွေကြီး၏ အရှိန်မှာ ရုတ်တရက် နှေးကွေးသွားတော့သည်။
“ယွမ်ချွမ်မြို့ကို ရောက်ပြီ...”
ယင်းလီက ဆိုလိုက်သည်။
လော့ချန် အောက်ခြေသို့ လှမ်းကြည့်လိုက်ရာ အကြည့်၏ အဆုံးတွင် မြို့တစ်မြို့ကို လှမ်းမြင်လိုက်ရသည်။
ကောင်းကင်ယံ၌ နေရောင်ခြည်မှာ တောက်ပနေသော်လည်း တစ်မြို့လုံးမှာ နို့နှစ်ရောင် မြူခိုးပါးပါးလေးများ ဖုံးလွှမ်းနေခဲ့ပြီး နေရောင်အောက်တွင် ရောင်စုံအလင်းတန်းများ ဝင်းလက်နေသဖြင့် ကြည့်ရသည်မှာ အလွန်ပင် ထူးခြားလှပေသည်။
ယင်းလီသည် ယခင်က ယွမ်ချွမ်မြို့သို့ ရောက်ဖူးသဖြင့် ရှင်းပြလိုက်သည်။
“ယွမ်ချွမ်မြို့ရဲ့ အောက်ခြေမှာ မြေအောက် ဝိညာဉ်စမ်းချောင်းတွေ ရှိတယ်... အဲဒီစမ်းချောင်းတွေက လူတွေကို ကျင့်ကြံတဲ့အခါမှာ ပိုပြီးတော့ အာရုံစူးစိုက်နိုင်စေသလို ကျင့်ကြံခြင်း အရှိန်ကိုလည်း အတော်အတန် မြန်ဆန်စေတယ်... ဒါကြောင့် ကျင့်ကြံသူ အမြောက်အမြားက ဒီမြို့ကို လာရောက်လေ့ ရှိကြတာပေါ့...”
“သွားကြစို့... အထဲဝင်ရအောင်...”
လူအများအပြား၏ အာရုံစိုက်ခြင်းကို မခံချင်သဖြင့် ယင်းလီက လက်ကို ဝှေ့ယမ်းလိုက်ရာ ရေခဲမြွေကြီးမှာ ပျောက်ကွယ်သွားတော့သည်။
“ဝှစ်... ဝှစ်...”
ထိုသူနှစ်ဦးသည် ဟင်းလင်းပြင်တွင် ပျံသန်းလျက် ယွမ်ချွမ်မြို့ဆီသို့ ဦးတည်သွားကြတော့သည်။
ယွမ်ချွမ်မြို့ မြေအောက် နက်ရှိုင်းသော နေရာတွင်မူ မြေအောက်လှိုင်ဂူလမ်းကြောင်းများမှာ အရပ်မျက်နှာအနှံ့ ယှက်နွယ်နေခဲ့ပြီး နို့နှစ်ရောင် မြေအောက်စမ်းရေများမှာ တသွင်သွင် စီးဆင်းနေတော့သည်။
မထင်မရှား မြေအောက်လမ်းကြောင်းတစ်ခုအတွင်း၌မူ မြူခိုးများမှာ နို့နှစ်ရောင် မဟုတ်ဘဲ ထူးဆန်းလှသော သွေးရောင်များ ဖုံးလွှမ်းနေခဲ့ပြီး စမ်းရေများမှာလည်း သွေးရောင်များအလား ဖြစ်နေသဖြင့် သွေးမြစ်ကြီးတစ်ခုအလား ရှိနေတော့သည်။
သွေးမြစ်အတွင်း၌မူ ဧရာမ သွေးရိပ်ကြီးတစ်ခုမှာ ဝေဝေဝါးဝါး ပေါ်ထွက်နေခဲ့ပြီး ရေစီးကြောင်းနှင့်အတူ နိမ့်တုံမြင့်တုံဖြင့် မျောလွင့်နေတော့သည်။
အခန်း ၆၇၇ ပြီးပါပြီ။
အခန်း ၆၇၈ - မင်းမှာ သတ္တိရှိရင် မပြေးနဲ့
ယွမ်ချွမ်မြို့ တံခါးဝတွင် အရပ်ရပ်မှ သူရဲကောင်းများ စုဝေးရောက်ရှိနေကြပြီး သွေးကြောနိုးကြားမှုနယ်ပယ် သန်မာသူများမှာလည်း အဆက်မပြတ် ဝင်ထွက်သွားလာနေကြသည်။ ထိုအထဲတွင် ဂိုဏ်းကြီးသုံးဂိုဏ်းမှ အတွင်းစည်းတပည့်များလည်း မနည်းလှပေ။
“ငါတို့ ယွမ်ချွမ်မြို့ကို ဘာလို့ ရုတ်တရက် သန်မာသူတွေ အများကြီး ရောက်လာကြတာလဲ... သွေးဝိညာဉ်ဂိုဏ်း အခြေစိုက်စခန်းကို ရှင်းလင်းပြီးသွားပြီ မဟုတ်လား...”
“အိုကျွမ်း... မင်းကတော့ သတင်းအရမ်းနောက်ကျနေတာပဲ... နောက်လေးရက်နေရင် လျှပ်ယွမ်ဂိုဏ်း အတွင်းစည်း တပည့်ကြီး ယွမ်ထျန်ယန်နဲ့ ရွှမ်ယွမ်ဂိုဏ်း အတွင်းစည်း ထိပ်သီးတပည့် ဆယ်ဦးထဲက လော့ချန်တို့ ငါတို့ ယွမ်ချွမ်မြို့မှာ သေခြင်းရှင်ခြင်းတိုက်ပွဲ တိုက်ခိုက်ကြတော့မှာလေ... ဒီသတင်းက ပျံ့နေတာ ကြာလှပြီ”
“ဒီလိုကိစ္စမျိုး ရှိလို့လား... မဖြစ်နိုင်တာ... ယွမ်ထျန်ယန်က ဂိုဏ်းသုံးဂိုဏ်း အတွင်းစည်းမှာ နံပါတ်တစ်လို့ အများက သတ်မှတ်ထားတာလေ... ကြယ်ဆယ်ပွင့် စိတ်ဝိညာဉ်အဆင့် သိုင်းဝိညာဉ်ကို နိုးကြားထားသလို ဓားဆန္ဒအစပျိုးအဆင့် ဓားသမားလည်း ဖြစ်တာပဲ... လော့ရှာဂိုဏ်း တပည့်ကြီး ယွီလန်ရှင်းနဲ့ ရွှမ်ယွမ်ဂိုဏ်း တပည့်ကြီး ဖန်ယွဲ့ယန်တို့တောင် သူ့ကို မယှဉ်နိုင်ကြဘူး...”
ကျွမ်းမျိုးနွယ်စုဝင် သက်လတ်ပိုင်းလူ ကျင့်ကြံသူက ခေါင်းကို အကြိမ်ကြိမ် ခါယမ်းလျက် ဆိုသည်။
“ဒီလော့ချန်က စိတ်များ လွတ်သွားတာလား မသိဘူး... ယွမ်ထျန်ယန်နဲ့ သေခြင်းရှင်ခြင်းတိုက်ပွဲ စိန်ခေါ်ရဲတယ်ဆိုတော့... ဒါကကိုယ့်သေတွင်းကိုယ် တူးတာ မဟုတ်ဘူးလား...”
“ကိုယ့်ကိုယ်ကိုယ် အထင်ကြီးသွားတာ ဖြစ်မှာပါ။ နှစ်နှစ်အတွင်းမှာ အပြင်စည်းတပည့်အဆင့်ကနေ အတွင်းစည်း ထိပ်သီးတပည့် ဆယ်ဦးအဆင့်အထိ တက်လှမ်းလာနိုင်ခဲ့တာဆိုတော့ ဘယ်သူမဆို အဲဒီလို ဖြစ်သွားနိုင်တာပဲ။ ဒါပေမဲ့ လော့ချန်ကိုလည်း အထင်သေးလို့တော့ မရဘူး။ သွေးဝိညာဉ်ဂိုဏ်း အခြေစိုက်စခန်းကို တိုက်ခိုက်တုန်းက သူက ဓားတစ်ချက်တည်းနဲ့ လျှပ်ယွမ်ဂိုဏ်းရဲ့ ဒုတိယတပည့် လျိုကျွယ်ကို ဒဏ်ရာအပြင်းအထန် ရစေခဲ့တာလေ...”
“ဒါလည်း မလုံလောက်သေးပါဘူး... ယွမ်ထျန်ယန်က နယ်မြေအဆင့်စာရင်းထဲ ဝင်ဖို့ လက်တစ်ကမ်းအလိုအထိ ရောက်ခဲ့တဲ့ ပါရမီရှင်ကြီးလေ... တာယွဲ့မင်းဆက် တစ်ခုလုံးမှာ မြေကမ္ဘာနယ်ပယ် မဟာသန်မာသူ အဆင့်အောက်မှာ သူ့ကို ခြိမ်းခြောက်နိုင်မယ့်သူ မရှိတော့ဘူး...”
“အင်း... ယွမ်ထျန်ယန်က အရမ်းသန်မာလွန်းတယ်... ငါတို့ တာယွဲ့မင်းဆက်ရဲ့ သွေးကြောနိုးကြားမှုနယ်ပယ် ကျင့်ကြံသူတွေထဲမှာ သူကတော့ အပြတ်အသတ်ကို သန်မာနေတာ...”
လူအများမှာ လော့ချန်နှင့် ယွမ်ထျန်ယန်တို့၏ နောက်လေးရက်မှ တိုက်ပွဲအကြောင်းကို အားတက်သရော ဆွေးနွေးနေကြသည်။ လူအများစုကတော့ လော့ချန်သည် မိမိကိုယ်မိမိ အစွမ်းမရှိဘဲ သေတွင်းတူးနေခြင်းသာ ဖြစ်သည်ဟု ယူဆထားကြသည်။
“လူတွေ စည်ကားနေပါလား...”
လော့ချန်သည် လူအများ၏ ပြောဆိုချက်များကို ကြားလိုက်ရသည့်အခါ အတော်ပင် အံ့ဩသွားရသည်။ ယင်းလီက ဆိုသည်။
“ဒါပေါ့... ယွမ်ထျန်ယန်က ဂိုဏ်းသုံးဂိုဏ်း အတွင်းစည်းရဲ့ ဘုရင်လို့ အများက သတ်မှတ်ထားသလို နယ်မြေအဆင့်စာရင်းထဲ ဝင်ဖို့ နီးစပ်ခဲ့သူဆိုတော့ တာယွဲ့မင်းဆက် တစ်ခုလုံးမှာ နာမည်ကြီးတာ မဆန်းပါဘူး... မင်းတို့ရဲ့ အဆင့်အတန်းတွေနဲ့ပါ ပေါင်းလိုက်ရင် မင်းနဲ့သူ့ရဲ့ သေခြင်းရှင်ခြင်းတိုက်ပွဲက တာယွဲ့မင်းဆက် တစ်ခုလုံးကို ဟိုးဟိုးကျော်သွားမှာ သေချာတယ်...”
လော့ချန်သည် ဤတိုက်ပွဲ၏ သက်ရောက်မှုမှာ ဤမျှအထိ ကြီးမားလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သို့သော်လည်း ဤသည်မှာ ကောင်းမွန်သည့် အချက်ဖြစ်ပြီး သူ့ကို အထင်သေးနေသော သူများကို ပါးစပ်ပိတ်သွားအောင် လုပ်ရန် အခွင့်အရေးတစ်ခုပင် ဖြစ်သည်။
“ဟွန့်... မင်းတို့တွေ သိပ်ပြီး မျှော်လင့်မနေကြနဲ့ဦး... ငါ့အထင်တော့ လော့ချန်က လေးရက်နေရင် သေချာပေါက် ရောက်မလာရဲပါဘူး... အသုံးမကျတဲ့သိုင်းဝိညာဉ်ကို နိုးကြားထားတဲ့ အသုံးမကျတဲ့သူက ငါတို့ရဲ့ စီနီယာအစ်ကိုကြီးနဲ့ ဘယ်မှာ အသေအလဲ တိုက်ခိုက်ရဲမှာလဲ...”
ရုတ်တရက် အေးစက်သော ရယ်မောသံတစ်ခု ထွက်ပေါ်လာသည်။ ထိုအသံမှာ အလွန်ပင် စူးရှလှပေသည်။ လူတိုင်း လှမ်းကြည့်လိုက်ကြရာ လျှပ်ယွမ်ဂိုဏ်း အတွင်းစည်းတပည့်အချို့ စုဝေးနေကြသည်ကို မြင်လိုက်ရသည်။ စကားပြောလိုက်သူမှာ မျက်နှာရှည်ရှည်နှင့် လူငယ်တစ်ဦးဖြစ်ပြီး ကျင့်ကြံဆင့်မှာ သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၈ ရှိသဖြင့် အားနည်းသူ မဟုတ်ပေ။
“ရွှမ်ယွမ်ဂိုဏ်းရဲ့ အတွင်းစည်း ထိပ်သီးတပည့် ဆယ်ဦးဆိုတဲ့သူက လူအများရှေ့မှာကတိပေးထားပြီးမှ ရောက်မလာရဲဘူးဆိုရင်တော့ တကယ့်ကို ရယ်စရာကြီး ဖြစ်သွားမှာပဲ... ရွှမ်ယွမ်ဂိုဏ်း တစ်ခုလုံးလည်း အရှက်ကွဲမှာပေါ့...”
“ဟုတ်တာပေါ့...”
လျှပ်ယွမ်ဂိုဏ်း တပည့်အချို့က လော့ချန်နှင့် ရွှမ်ယွမ်ဂိုဏ်းကို အစွမ်းကုန် နှိမ့်ချပြောဆိုလျက် လှောင်ပြောင်နေကြသည်။ ထိုမျက်နှာရှည်နှင့် လူငယ်က အကြည့်တစ်ချက် ဝေ့ဝဲလိုက်ရာ လူအုပ်ကြားမှ ရွှမ်ယွမ်ဂိုဏ်း တပည့် သုံးဦးကို မြင်တွေ့သွားသဖြင့် အသံကို မြှင့်ကာ ဆိုလိုက်သည်။
“ဟဲဟဲ... ရွှမ်ယွမ်ဂိုဏ်း တပည့်တွေလည်း မှတ်ထားသင့်တာက... အစွမ်းမရှိရင် ခေါင်းငုံ့ပြီးပဲ နေကြစမ်းပါ... မဟုတ်ရင်တော့ အရှက်ရရုံတင်မကဘူး၊ အခန့်မသင့်ရင် အသက်ပါ ဆုံးရှုံးသွားနိုင်တယ်...”
ဤစကားကို ကြားလိုက်ရသည့်အခါ ရွှမ်ယွမ်ဂိုဏ်း တပည့် သုံးဦးမှာ အလွန်ပင် ဒေါသထွက်သွားကြသည်။ အမျိုးသမီးတပည့် တစ်ဦးက မနေနိုင်ဘဲ ပြန်လည် တုံ့ပြန်လိုက်သည်။
“စီနီယာလော့ချန်က အစွမ်းမရှိဘူးဆိုရင် သူက ဓားတစ်ချက်တည်းနဲ့ ဒဏ်ရာအပြင်းအထန် ရအောင် လုပ်ခဲ့တဲ့ လျှပ်ယွမ်ဂိုဏ်း ဒုတိယတပည့် လျိုကျွယ်ကရော ဘာလဲ... အဆင့်မရှိတဲ့ အသုံးမကျတဲ့သူလား...”
“မင်းက ဘာမို့လို့လဲ... စီနီယာကျူးကို ဒီလိုစကားမျိုး ပြောရဲတာလား...”
လျိုကျွယ် ဒဏ်ရာရခဲ့သည့် ကိစ္စမှာ လျှပ်ယွမ်ဂိုဏ်း တပည့်များအတွက် ဆူးတစ်ချောင်းအလား ဖြစ်နေခဲ့ရာ ယခုအခါ လူအများရှေ့တွင် အပြောခံလိုက်ရသဖြင့် လျှပ်ယွမ်ဂိုဏ်း တပည့်များမှာ ချက်ချင်းပင် ဒေါသထွက်သွားကြသည်။
“ဘယ်သူက အသုံးမကျတဲ့သူလဲဆိုတာ ငါပြမယ်...”
မျက်နှာရှည်နှင့် လူငယ်က မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး ထိုအမျိုးသမီးတပည့်ထံသို့ လက်ဝါးတစ်ချက် ရိုက်နှက်လိုက်သည်။
“ဘုန်း...”
လေထုမှာ ပြင်းထန်စွာ လှုပ်ရှားသွားခဲ့ပြီး ပူပြင်းလှသော ချီစွမ်းအင်များမှာ ဧရာမ မီးလျှံကွင်းကြီးတစ်ခုအဖြစ် ပြောင်းလဲသွားကာ အမျိုးသမီးတပည့်ကို လွှမ်းခြုံသွားတော့သည်။ ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်မှာလည်း ပြင်းထန်စွာ တုန်ခါသွားတော့သည်။ ဤအမျိုးသမီးတပည့်မှာ သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၆ သာ ရှိသေးသဖြင့် ချက်ချင်းပင်ကိုယ်ဟန်မတည်မငြိမ် ဖြစ်သွားခဲ့ပြီး သွေးစွမ်းအင်များ ဆူပွက်လာတော့သည်။ သူမသည် သွားကို တင်းတင်းစေ့လျက် အစွမ်းကုန် တုံ့ပြန်ရန် ပြင်လိုက်သည်။
ရုတ်တရက်...
လူရိပ်တစ်ခုမှာ သူမ၏ ရှေ့တွင် ပေါ်ထွက်လာခဲ့ပြီး ခြေတစ်လှမ်း လှမ်းလိုက်သည်။
“ဘုန်း...”
ရိုးရှင်းလှသော ခြေလှမ်းတစ်လှမ်းတည်းနှင့်ပင် မီးလျှံကွင်းကြီးမှာ ပေါက်ကွဲသွားခဲ့ပြီး မီးစများအဖြစ် လွင့်စဉ်သွားတော့သည်။ မျက်နှာရှည်နှင့် လူငယ်မှာ အနောက်သို့ အကြိမ်ကြိမ် ဆုတ်ခွာသွားရပြီး ပါးစပ်မှ သွေးများစွာ ပန်းထွက်လာတော့သည်။
“စီနီယာကျူး...”
လျှပ်ယွမ်ဂိုဏ်း အတွင်းစည်းတပည့်များမှာ ထိတ်လန့်သွားကြသည်။ ပတ်ဝန်းကျင်ရှိ လူအများ၏ အကြည့်မှာလည်း ထိုလူသစ်ထံသို့ ရောက်ရှိသွားကြတော့သည်။ အပြာရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး ခါးတွင် ဓားတစ်စင်း ချိတ်ဆွဲထားသည့် တင့်တယ်လှသောကိုယ်ဟန်နှင့် ကြည်လင်သော မျက်နှာရှိသည့် လူငယ်လေးတစ်ဦး ဖြစ်ပေသည်။
“ဘုရားရေ... ဒါ လော့ချန်ပဲ...”
အနီးနားရှိ လူအတော်များများမှာ သွေးဝိညာဉ်ဂိုဏ်း အခြေစိုက်စခန်း တိုက်ပွဲတွင် ပါဝင်ခဲ့ကြသူများဖြစ်ရာ တောင်ထိပ်ပေါ်ရှိ လော့ချန်၏ အရှိန်အဝါကြီးမားလှသော ပုံစံမှာ သူတို့၏ စိတ်ထဲတွင် စွဲထင်နေခဲ့သဖြင့် လော့ချန်ကို ချက်ချင်းပင် မှတ်မိသွားကြခြင်း ဖြစ်သည်။
“ဘာ... သူက လော့ချန် ဟုတ်လား...”
“လော့ချန်က ယွမ်ချွမ်မြို့ကို ရောက်လာတာလား... သူက တကယ်ပဲ ယွမ်ထျန်ယန်နဲ့ အသေအလဲ တိုက်ခိုက်ဖို့ ကြံစည်နေတာလား...”
လော့ချန် ရောက်လာလိမ့်မည်ဟု မထင်ထားခဲ့ကြသောသူများမှာ အံ့အားသင့်နေကြပြီး လျှပ်ယွမ်ဂိုဏ်း တပည့်များလည်း အပါအဝင် ဖြစ်သည်။ မျက်နှာရှည်နှင့် လူငယ်မှာ တစ္ဆေတစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ ဖြစ်နေခဲ့ပြီး သူသည် လော့ချန်၏ ပြိုင်ဘက်မဟုတ်မှန်း သိသဖြင့် စိတ်ထဲရှိ ကြောက်ရွံ့မှုများကို ထိန်းချုပ်ကာ ဆိုလိုက်သည်။
“လော့ချန်... မင်းက တကယ်ပဲ သတ္တိရှိပြီး ယွမ်ချွမ်မြို့ကို လာဝံ့တာပဲ... စီနီယာအစ်ကို ယွမ်ထျန်ယန်က ဒီအနီးအနားမှာပဲ ရှိတယ်... ငါ အခုချက်ချင်း သွားပြောလိုက်မယ်... မင်းမှာ သတ္တိရှိရင် မပြေးနဲ့... သွားကြစို့...”
သူသည် ယွမ်ထျန်ယန်၏ အမည်ကို တမင်တကာ သုံးလိုက်ခြင်း ဖြစ်သည်။ ယွမ်ထျန်ယန်၏ အမည်ရှိရုံနှင့် လော့ချန်သည် သူတို့ကို ဘာမှလုပ်ရဲမှာ မဟုတ်ဟု သူ ယူဆထားသည်။
“ဝှစ်...”
“ဝှစ်...”
လျှပ်ယွမ်ဂိုဏ်း တပည့် လေးဦးမှာ ဟင်းလင်းပြင်သို့ ထိုးတက်သွားကြပြီး ခဏမျှပင် မနေရဲကြပေ။
“ငါက မင်းတို့ကို လွှတ်ပေးမယ်လို့ ပြောလိုက်မိလို့လား...”
လော့ချန်က အေးစက်စွာ ရယ်မောလိုက်ပြီး လက်ချောင်းများကို စောင်းတီးသကဲ့သို့ လှုပ်ရှားလိုက်ရာ ထက်မြက်လှသော ချီစွမ်းအင်များမှာ ဓားချီများအဖြစ် ပြောင်းလဲသွားပြီး တစ်ဟုန်ထိုး ထွက်ပေါ်သွားတော့သည်။
“လော့ချန်... မင်း သေချင်နေတာပဲ... အား...”
“အား...”
“အား...”
လျှပ်ယွမ်ဂိုဏ်း တပည့် လေးဦးမှာ လော့ချန်က ဤမျှအထိ ရက်စက်လိမ့်မည်ဟု မထင်ထားခဲ့ကြသဖြင့် အစွမ်းကုန် ခုခံကြသည်။ သို့သော်လည်း သူတို့၏ တိုက်ခိုက်မှုနှင့် ကာကွယ်ရေးချီစွမ်းအင်များမှာ ဓားချီရှေ့တွင် စက္ကူအလား ပျော့ညံ့သွားခဲ့ပြီး ခဏချင်းမှာပင် ပေါက်ကွဲသွားကာ သွေးများ ပန်းထွက်လျက် အဝေးသို့ လွင့်စဉ်သွားကြတော့သည်။
“မီတာထောင်ချီ အကွာကနေ လက်ညှိုးနဲ့ တိုက်ခိုက်တာတောင် ဒီလောက်အထိ ပြင်းတာလား...”
“ဆယ်ရက်လောက်ပဲ ရှိသေးတာကို... သူက ပိုပြီးတော့ သန်မာလာသလိုပဲ...”
လူတိုင်း ထိတ်လန့်သွားကြသည်။
“စီနီယာလော့ချန်...”
“စီနီယာလော့ချန်ကို နှုတ်ဆက်ပါတယ်...”
ရွှမ်ယွမ်ဂိုဏ်းတပည့် သုံးဦးမှာ သတိပြန်ဝင်လာခဲ့ပြီး အလျင်အမြန်ပင် လာရောက် နှုတ်ဆက်ကြရာ မျက်ဝန်းထဲတွင် လေးစားမှုများဖြင့် ပြည့်နှက်နေတော့သည်။ လော့ချန် ပြသလိုက်သော အစွမ်းမှာ သူတို့ကို စိတ်ထဲမှ လေးစားသွားစေခဲ့ပြီ ဖြစ်သည်။ စောစောက ထွက်ရပ်ခဲ့သော အမျိုးသမီးတပည့်က မျက်မှောင်လေးကြုတ်လျက် စိုးရိမ်တကြီး မေးလိုက်သည်။
“စီနီယာ... စီနီယာက တကယ်ပဲ ယွမ်ထျန်ယန်နဲ့ သေခြင်းရှင်ခြင်းတိုက်ပွဲ ဆင်နွှဲမှာလား... ယွမ်ထျန်ယန်ရဲ့ ကျင့်ကြံဆင့်က မဟာသန်မာသူတစ်ပိုင်း အဆင့်ကို ရောက်နေပြီလို့ ကျွန်မ ကြားတယ်... နောက်ပြီး ၉၀ ရာနှုန်း ဓားဆန္ဒကိုလည်း နားလည်ထားသေးတယ်...”
လော့ချန်က ခေါင်းကို ခါယမ်းလိုက်ပြီး ဆိုလိုက်သည်။
“စိတ်ချပါ... ဒီကိစ္စကို ငါ အစီအစဉ် ရှိပါတယ်...”
ထိုစဉ် လှပတင့်တယ်လှသော လူရိပ်တစ်ခု ဘေးနား၌ ပေါ်ထွက်လာသည်။
“သွားကြစို့...”
ယင်းလီက စကားလုံး နှစ်လုံးကို တည်ငြိမ်စွာ ဆိုလိုက်ရာ ပတ်ဝန်းကျင်ရှိ လေထုမှာပင် အေးစက်သွားသကဲ့သို့ ရှိနေတော့သည်။ သူမသည် မြို့တံခါးဆီသို့ တိုက်ရိုက် လျှောက်လှမ်းသွားသည်။
“ကောင်းပြီ... ဒီရက်ပိုင်း ငါ ယွမ်ချွမ်မြို့မှာပဲ ရှိနေမှာပါ... မင်းတို့ တစ်ခုခုရှိရင် လာရှာနိုင်ပါတယ်”
လော့ချန်သည် စကားတစ်ခွင် ချန်ထားခဲ့ပြီး အနောက်မှ လိုက်ပါသွားတော့သည်။ လူတိုင်းမှာ ထိုအခါမှသာ ယင်းလီကို သတိပြုမိသွားကြသည်။
“ဟိုမှာကြည့်... ဒါ လော့ရှာဂိုဏ်းရဲ့ ထိပ်သီးတိုက်ရိုက်တပည့် ယင်းလီ မဟုတ်လား...”
“သူက လော့ချန်နဲ့ အတူရှိနေတာလား...”
“ဒါက တိုက်ဆိုင်တာပဲ ဖြစ်မှာပါ... သူတို့နှစ်ယောက်က ဘယ်လိုမှ မပတ်သက်နိုင်ပါဘူး...”
ထိုသူနှစ်ဦး၏ အဆင့်အတန်းမှာ ကွာခြားလွန်းလှသော်လည်း အတူတူ လျှောက်လှမ်းသွားသည်မှာ လူအများအပြားကို ဆွေးနွေးစရာ ဖြစ်သွားစေတော့သည်။ သူတို့ ပျောက်ကွယ်သွားသည့်အခါ ထောင့်တစ်နေရာမှ လျှပ်ယွမ်ဂိုဏ်း တပည့် နှစ်ဦးမှာမူ မျက်နှာပျက်လျက် ထွက်ပေါ်လာကြသည်။
“လော့ချန်က အရမ်းကို မာနကြီးလွန်းတာပဲ...”
“စိတ်ချပါ... သူ ဒီလောက် မာနကြီးနိုင်တာ ရက်အနည်းငယ်ပဲ ကျန်တော့တယ်... သွားကြစို့... စီနီယာယွမ်ကို သွားရှာကြမယ်...”
အခန်း ၆၇၈ ပြီးပါပြီ။