← Chapters

အခန်း (၆၇၉-၆၈၁)

Vol. 46 Ch. 679-681

အခန်း (၆၇၉-၆၈၁)

Vol. 46 Ch. 679-681

အခန်း ၆၇၉ - ဝိညာဉ်စမ်းရေ၊ ဆယ်နှစ်တိတိ

လော့ချန်သည် ယင်းလီ၏အနောက်မှ လိုက်ပါရင်း ရှေးဟောင်းအဆောက်အအုံတစ်ခု၏ ရှေ့သို့ ရောက်ရှိလာသည်။

ယင်းလီက မိတ်ဆက်ပေးလိုက်သည်။

“ယွမ်ချွမ်မြို့ရဲ့ စမ်းရေက ကျင့်ကြံမှုအတွက် အထောက်အကူဖြစ်ရုံတင်မကဘူး၊ ပင်ပန်းနွမ်းနယ်မှုတွေကိုလည်း ပျောက်ကွယ်စေတယ်၊ စိတ်ဓာတ်ပိုင်းဆိုင်ရာကိုလည်း အားဖြည့်ပေးနိုင်သလို ချီစွမ်းအင်တွေ ပြန်လည်ကောင်းမွန်ဖို့အတွက်လည်း အကျိုးရှိတယ်... ဒီ လီရွှေယွမ်ဂေဟာက ယွမ်ချွမ်မြို့ရဲ့ အကြီးဆုံးစမ်းထွက်ပေါက်ပေါ်မှာ တည်ဆောက်ထားတာဆိုတော့ အကျိုးသက်ရောက်မှုက အကောင်းဆုံးပဲ... မင်း ဒီမှာ သေသေချာချာ အနားယူပြီး အားအင်တွေ ဖြည့်ထားလို့ရတယ်...”

“ကောင်းပါပြီ...”

ဤကာလအတွင်း လော့ချန်သည် အဆက်မပြတ် တိုက်ခိုက်သတ်ဖြတ်နေခဲ့ရသဖြင့် သူလည်း သေသေချာချာ အနားယူလိုနေသည်။

ယင်းလီသည် ဤနေရာသို့ ပထမဆုံးအကြိမ် ရောက်ဖူးခြင်း မဟုတ်မှန်း သိသာလှပေသည်။ သူမသည် ကျွမ်းကျင်စွာပင် ထိပ်တန်းသီးသန့်ဝင်း နှစ်ဝင်းကို ငှားရမ်းလိုက်သည်။

“ဧည့်သည်တော်တို့ ဘယ်နှစ်ရက်လောက် ကြာမလဲရှင်...”

အစေခံမိန်းကလေးက မေးမြန်းလိုက်သည်။

ယင်းလီက ဆိုသည်။

“သုံးရက်လောက် အရင်ယူမယ်...”

လော့ချန်၏ စိတ်ထဲတွင် တစ်စုံတစ်ခု ဖြစ်ပေါ်သွားခဲ့သည်။ သူနှင့် ယွမ်ထျန်ယန်တို့၏ သေခြင်းရှင်ခြင်းတိုက်ပွဲနေ့သို့ ရောက်ရန် လေးရက်သာ လိုတော့သည်။

ကြည့်ရသည်မှာ ဤကာလအတွင်း ယင်းလီသည်လည်း ယွမ်ချွမ်မြို့၌ပင် ဆက်လက်ရှိနေဦးမှာ ဖြစ်ပေသည်။

အစေခံမိန်းကလေးက ပြုံးလျက် ဆိုလိုက်သည်။

“ထိပ်တန်းသီးသန့်ဝင်းက တစ်ရက်ကို ချီစွမ်းအင်ဆေးလုံး သုံးရာပါရှင်... ဝင်းနှစ်ဝင်း သုံးရက်စာဆိုရင် စုစုပေါင်း တစ်ထောင့်ရှစ်ရာ ကျသင့်ပါတယ်...”

တစ်ရက်ကို ဆေးလုံးသုံးရာတဲ့လား။

ဤဈေးနှုန်းက လော့ချန်ကို အံ့ဩသွားစေသည်။ ဆေးလုံးသုံးရာဆိုသည်မှာ ငွေစသန်းပေါင်း သုံးရာနှင့် ညီမျှရာ သာမန်သွေးကြောနိုးကြားမှုနယ်ပယ် ကျင့်ကြံသူများပင် တည်းခိုရန် ခက်ခဲလိမ့်မည်။ သို့သော်လည်း ဤဆေးလုံးအနည်းငယ်မှာ ယခုလော့ချန်အတွက်မူ မပြောပလောက်တော့ပေ။

သူ၏ ရရှိထားသည့် ဥစ္စာပစ္စည်းများကို မစစ်ဆေးရသေးသော်လည်း ဤကာလအတွင်း သူ၏ ရရှိမှုမှာ အလွန်ပင် ထိတ်လန့်စရာကောင်းလှသည်။ သွေးဝိညာဉ်ဂိုဏ်းမှ ထိုမဟာသန်မာသူကြီး၏ကိုယ်ပေါ်တွင်တင် ဥစ္စာပစ္စည်း မည်မျှရှိမည်နည်းဆိုသည်ကို သူပင် မခန့်မှန်းနိုင်တော့ပေ။

“စစ်ဆေးလိုက်ပါဦး...”

လော့ချန်သည် လက်ညှိုးကို ဝှေ့ယမ်းလိုက်ရာ ချီစွမ်းအင်ဆေးလုံး တစ်ထောင့်ရှစ်ရာ ထွက်ပေါ်လာပြီး အစေခံမိန်းကလေးထံသို့ ပေးအပ်လိုက်သည်။

သူသည် ယင်းလီ၏ အတင်းအကျပ်စေခိုင်းမှုကြောင့် ပင်ပမ်းခဲ့ရသော်လည်း ဤခရီးစဉ်အတွင်း သူ၏ ရရှိမှုမှာ ပေးဆပ်ခဲ့ရသည်ထက် များစွာ သာလွန်လှပေသည်။ များပြားလှသော ဥစ္စာပစ္စည်းများကို ရရှိခဲ့ရုံတင်မကဘဲ သူ၏ အစွမ်းမှာလည်း အဆင့်အတော်များများ မြင့်တက်လာခဲ့ရာ ဤသည်မှာ သူမကြောင့်ပင် ဖြစ်ပေသည်။

ယင်းလီက လော့ချန်ကို တစ်ချက်ကြည့်လိုက်သော်လည်း ဘာမှတော့ မပြောပေ။

ဆေးလုံးများ ပေးချေပြီးနောက် ထိုသူနှစ်ဦးသည် အစေခံမိန်းကလေး၏အနောက်မှ လိုက်ပါရင်း ဘေးချင်းကပ်လျက်ရှိသော ဝင်းနှစ်ဝင်း၏ ရှေ့သို့ ရောက်ရှိလာကြသည်။ ဝင်းတံခါးများပေါ်တွင် ‘က-၅’ နှင့် ‘က-၆’ ဟူသော သစ်သားဆိုင်းဘုတ်များ ချိတ်ဆွဲထားသည်။

အစေခံမိန်းကလေးကို ရွှေပြားတစ်ပြား ဘောက်ဆုပေးလိုက်ပြီးနောက် လော့ချန်သည် ယင်းလီကို နှုတ်ဆက်ကာ ‘က-၆’ ဝင်းအတွင်းသို့ ဝင်ရောက်ခဲ့သည်။

ဝင်းအတွင်း၌ နေရာလွတ် အလွန်မကြီးလှဘဲ ရှေ့တွင် အိပ်ဆောင်များ ရှိနေကာ ဘယ်ဘက်တွင် ပေတစ်ရာခန့် ကျယ်ဝန်းသော လေ့ကျင့်ရေးကွင်းလေးတစ်ခု ရှိသည်။ အလယ်တွင် သတ္တုလေ့ကျင့်ရေးတိုင် နှစ်တိုင် ရှိနေပြီး ၎င်းတို့ပေါ်တွင် ဓားရာ၊ ဓားချက်ရာ၊ လက်ဝါးရာ အစရှိသော အစအနများစွာ ရှိနေကာ ထိုအရာများ၏ အနက်ကို ကြည့်ရုံဖြင့် သုံးစွဲခဲ့သူများ၏ အစွမ်းမည်မျှရှိသည်ကို သိနိုင်ပေသည်။

ဝင်း၏ ညာဘက်တွင်မူ ရေပူစမ်းတစ်ခု ရှိနေပြီး အတွင်းမှ စမ်းရေများမှာ နို့နှစ်ရောင်အလား ဖြစ်နေကာ အဆက်မပြတ် ပူဖောင်းများ ထွက်ပေါ်နေသလို မြူခိုးများလည်း ဝေနေတော့သည်။

ထိုမြူခိုးများမှာ အပြင်သို့ လွင့်စဉ်သွားခြင်းမရှိဘဲ စမ်းရေအတွင်း၌သာ ဒြပ်ထည်တစ်ခုအလား စုစည်းနေသဖြင့် အရာအားလုံးမှာ ဝေဝေဝါးဝါး ဖြစ်နေတော့သည်။ ဤသည်မှာ သေချာပေါက် မှော်အစီအရင်တစ်ခု စီရင်ထားခြင်း ဖြစ်ပေသည်။

“တကယ်ကို ကောင်းမွန်တဲ့ ဝိညာဉ်စမ်းရေပဲ... ယင်းလီ ပြောသလို တကယ်ပဲ အစွမ်းထက်လားဆိုတာ ကြည့်ရသေးတာပေါ့...”

လော့ချန်သည် ဝတ်စုံကို ချွတ်လိုက်ပြီး အထဲသို့ ခုန်ဆင်းလိုက်သည်။

“ဝေါ...”

စမ်းရေမှာ အပူရှိန် အနည်းငယ်မျှ မရှိဘဲ အနည်းငယ်ပင် အေးစိမ့်နေသည်။

အထဲသို့ ရောက်သွားသည်နှင့်တစ်ပြိုင်နက် လော့ချန်သည် တစ်ကိုယ်လုံး လန်းဆန်းသွားသလို ခံစားလိုက်ရပြီး ဆယ်ရက်ကျော်ကြာ တင်းကျပ်နေခဲ့သော စိတ်နှင့် လူမှာလည်း အပြည့်အဝ လျော့ပါးသွားတော့သည်။ စိတ်ဓာတ်ပိုင်းဆိုင်ရာမှာ အလွန်ပင် ကြည်လင်သွားခဲ့သလိုကိုယ်တွင်းမှ နှေးကွေးစွာ စီးဆင်းနေသော ချီစွမ်းအင်များမှာလည်း တသွင်သွင်စီးဆင်းနေသော မြစ်ကြီးတစ်စင်းအလား တက်ကြွလှုပ်ရှားလာတော့သည်။

“တကယ်ကို ထူးခြားတာပဲ...”

လော့ချန် အနည်းငယ် အံ့ဩသွားခဲ့ပြီး စိတ်ဝိညာဉ်စွမ်းအင်ကို ထုတ်လွှတ်လျက် ဤစမ်းရေ၏ လျှို့ဝှက်ချက်ကို ကြည့်လိုစိတ် ဖြစ်ပေါ်လာသည်။ လော့ချန်၏ စိတ်ဝိညာဉ်စွမ်းအင်မှာ စမ်းရေစီးကြောင်းအတိုင်း အောက်သို့ ပေပေါင်း ရာနှင့်ချီ၍ ထိုးဆင်းသွားသော်လည်း အဆုံးကို မတွေ့ရသဖြင့် နောက်ဆုံးတွင် လက်လျှော့လိုက်ရသည်။

သို့သော်လည်း စမ်းရေအတွင်း၌ ချီစွမ်းအင်များ အလွန်သိပ်သည်းနေရုံတင်မကဘဲ ဝေဝေဝါးဝါးရှိလှသော ကျောက်စိမ်းအငွေ့အသက် အချို့လည်း ပါရှိနေသည်ကို သူ တွေ့ရှိလိုက်ရသည်။

“ဒါက စမ်းရေရဲ့ ထူးခြားချက် ဖြစ်မှာပဲ...”

လော့ချန်သည် စိတ်ဝိညာဉ်စွမ်းအင်ကို ပြန်သိမ်းလိုက်ပြီး သေသေချာချာ အနားယူရန် ပြင်လိုက်စဉ် တစ်စုံတစ်ခုကို သတိရသွားကာ မိမိဘာသာ ရေရွတ်လိုက်သည်။

“ငါက ချီယွီ၊ ကျိုးယွမ်ချင်း အစရှိတဲ့ အတွင်းစည်း ထိပ်သီးတပည့် ဆယ်ဦးထဲက လေးယောက်ကို သတ်ခဲ့တာလေ... ဒါက သေးငယ်တဲ့ ကိစ္စမဟုတ်ဘူး... ဂိုဏ်းထဲမှာ ဘယ်လိုမျိုး ဂယက်တွေ ထနေမလဲ၊ ဘယ်လို နောက်ဆက်တွဲတွေ ရှိမလဲဆိုတာ မသိရသေးဘူး...”

“ဒါပေမဲ့ ဒီနေ့တွေ့ခဲ့တဲ့ စီနီယာအစ်ကို၊ အစ်မတွေရဲ့ သဘောထားကို ကြည့်ရရင်တော့ သိပ်ပြီး ကိစ္စမရှိလောက်ပါဘူး... ဘာပဲဖြစ်ဖြစ် အသက်ရှင်နေတဲ့ အတွင်းစည်း ထိပ်သီးတပည့်ကမှ အနာဂတ်ရှိမှာလေ၊ သေသွားတဲ့သူကတော့ ဘာမှတန်ဖိုးမရှိတော့ဘူး... နောက်ပြီး သူတို့က ငါ့ကို အရင်စပြီး ရန်ရှာခဲ့တာပဲဥစ္စာ...”

လော့ချန် ခဏမျှ စဉ်းစားလိုက်ပြီးနောက် ဆရာဖြစ်သူကို မေးမြန်းရန် ဆုံးဖြတ်လိုက်သည်။

ယွမ်ချွမ်မြို့နှင့် ရွှမ်ယွမ်ဂိုဏ်းမှာ မိုင်ပေါင်း ဆယ်သိန်းထက် မဝေးလှသဖြင့် တပည့်တံဆိပ်ပြားဖြင့် သတင်းပို့နိုင်သော အကွာအဝေးအတွင်း ရှိနေဆဲဖြစ်သည်။

မဟာအကြီးအကဲ မင်ကျုံးကိုယ်တိုင်ပေးအပ်ထားသော တပည့်တံဆိပ်ပြားကို ထုတ်ယူလိုက်ပြီး လော့ချန်သည် စိတ်ဝိညာဉ်စွမ်းအင်ကို ထည့်သွင်းလိုက်သည်။

“ဝုန်း...”

တံဆိပ်ပြားမှာ အနည်းငယ် တုန်ခါသွားခဲ့ပြီး ပုံသဏ္ဌာန်မရှိသော လှိုင်းတစ်ခု ထွက်ပေါ်သွားသည်။

ချက်ချင်းပင် မဟာအကြီးအကဲ မင်ကျုံး၏ အရှိန်အဝါကြီးမားလှသော အသံ ထွက်ပေါ်လာတော့သည်။

“လော့ချန်...”

“လော့ချန် ဆရာ့ကို ဂါရဝပြုပါတယ်...”

“ဟွန့်... မင်းကတော့ တကယ်ကို ပြဿနာရှာတတ်တာပဲ... ငါ့ရဲ့တပည့်အဖြစ် ခံယူပြီးတာနဲ့ ချက်ချင်းပဲ ငါ့ကို ဒီလောက်ကြီးမားတဲ့ အံ့ဩစရာကို ပေးတယ်ပေါ့... ချီယွီ၊ ဝူထိုက်ယွဲ့၊ ကျိုးယွမ်ချင်း၊ လျိုခန်း ဆိုတဲ့ အတွင်းစည်း ထိပ်သီးတပည့် ဆယ်ဦးထဲက လေးယောက်ကို သတ်ခဲ့ရုံတင်မကဘူး၊ လျှပ်ယွမ်ဂိုဏ်းရဲ့ ဒုတိယတပည့် လျိုကျွယ်ကိုလည်း အစွမ်းကုန် ဖျက်ဆီးပစ်ခဲ့တယ်ပေါ့လေ...”

မဟာအကြီးအကဲ မင်ကျုံး၏ အသံမှာ စမ်းရေအတွင်း၌ ဟိန်းဟောက်သွားတော့သည်။

လော့ချန်သည် ဆရာသမားမှာ ဝမ်းသာနေခြင်းလား သို့မဟုတ် စိတ်ဆိုးနေခြင်းလားဆိုသည်ကို မဝေခွဲနိုင်သဖြင့် ဆိုလိုက်သည်။

“ဆရာ... ကျွန်တော် သူတို့ကို သတ်ခဲ့တာကလည်း မလွှဲမရှောင်သာလို့ပါ...”

“ကောင်းပြီ... မင်း ရှင်းပြမနေပါနဲ့တော့... ကိစ္စရဲ့ အစအဆုံးကို ငါ စုံစမ်းပြီးသားပါ... ဒီကိစ္စမှာ မင်းဘက်က မမှားဘူး၊ ဒါကြောင့် မင်းအတွက် အဆင်ပြေအောင် ငါ အစွမ်းကုန် လုပ်ပေးမယ်... ဒါပေမဲ့ အတွင်းစည်း ထိပ်သီးတပည့် လေးယောက်ကို သတ်ခဲ့တာက သေးငယ်တဲ့ ကိစ္စမဟုတ်တော့ အနည်းငယ်တော့ အပြစ်ပေးခံရာတာ ရှိမှာပဲ...”

စကားပြောရင်း မဟာအကြီးအကဲ မင်ကျုံးသည် လေသံကို ပြောင်း၍ မေးလိုက်သည်။

“ဒါနဲ့... မင်းက ယွမ်ထျန်ယန်နဲ့ ယွမ်ချွမ်မြို့မှာ သေခြင်းရှင်ခြင်းတိုက်ပွဲ တိုက်ခိုက်တော့မယ်လို့ ကြားတယ်... ဟုတ်လား...”

“ဟုတ်ပါတယ်... ကျွန်တော် အခု ယွမ်ချွမ်မြို့ကို ရောက်နေပါပြီ...”

မဟာအကြီးအကဲ မင်ကျုံးသည် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ရုတ်တရက် ဆိုလိုက်သည်။

“လော့ချန်... မင်း အမှန်အတိုင်းဖြေစမ်း... ဒီတိုက်ပွဲမှာ မင်း အနိုင်ရဖို့ ဘယ်နှစ်ပုံလောက် သေချာလဲ... တကယ်လို့ သေချာမှု မရှိဘူးဆိုရင်တော့ မာနကို ရှေ့တန်းမတင်နဲ့... ငါကတော့ မင်းရဲ့ စီနီယာအစ်ကိုလိုမျိုး ဖြစ်သွားမှာကို မမြင်ချင်ဘူး...”

“ဆရာ စိတ်ချပါ... ဒီတိုက်ပွဲမှာ ကျွန်တော်က လုံးဝ အနိုင်ရမှာပါ၊ ယွမ်ထျန်ယန်ကို ကျိန်းသေပေါက် အရှင်မထားဘူးဆရာ...”

“ဘာ...”

မဟာအကြီးအကဲ မင်ကျုံးမှာ အတော်ပင် အံ့ဩသွားမှန်း သိသာလှပေသည်။ သူ၏ လေသံမှာလည်း ယခင်ကထက် ပိုမိုတည်ကြည်သွားတော့သည်။

“ဒါက အသက်နဲ့ ရင်းရတဲ့ ကိစ္စနော်... နောက်ပြောင်မနေနဲ့... ယွမ်ထျန်ယန်က ကြယ်ဆယ်ပွင့် ဝိညာဉ်သိုင်းဝိညာဉ်ကို နိုးကြားထားသလို ဓားဆန္ဒအစပျိုးအဆင့် ဓားသမားလည်း ဖြစ်တာလေ... သူက လျိုကျွယ်နဲ့ နှိုင်းယှဉ်လို့ရတာ မဟုတ်ဘူး...”

လော့ချန်သည် သူ၏ အစွမ်းကို ဆက်လက်ဖုံးကွယ်ထားရန် အစီအစဉ် မရှိတော့ပေ...။ ထို့ကြောင့် တိုက်ရိုက်ပင် ဆိုလိုက်သည်။

“ဆရာ... ကျွန်တော်က သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ အဆင့်မြင့်ပိုင်းကို ချိုးဖျက်နိုင်ခဲ့ပြီဖြစ်သလို ဓားလမ်းစဉ်မှာလည်း ၉၀ ရာနှုန်း ဓားဆန္ဒအစပျိုးအဆင့် အထွတ်အထိပ်ကို ရောက်နေပါပြီ... ခြေတစ်လှမ်းတည်းနဲ့တင် တကယ့်ဓားဆန္ဒကို နားလည်နိုင်တော့မှာပါ... လွန်ခဲ့တဲ့ ရက်အနည်းငယ်ကလည်း မဟာသန်မာသူတစ်ပိုင်း အဆင့်ရှိသူတစ်ယောက်ကိုကိုယ်တိုင် သတ်ဖြတ်နိုင်ခဲ့ပါတယ်... သာမန် မဟာသန်မာသူကြီးတွေကိုတောင် ကျွန်တော် ရင်ဆိုင်နိုင်စွမ်း ရှိပါတယ်...”

“တာယွဲ့မင်းဆက် အတွင်းမှာတော့ မဟာသန်မာသူ အဆင့်အောက်မှာ ကျွန်တော့်ကို ခြိမ်းခြောက်နိုင်မယ့်သူ မရှိတော့ပါဘူး...”

“ခရက်...”

တံဆိပ်ပြားအတွင်းမှ အရာတစ်ခုခု ကြေမွသွားသည့် အသံတစ်ခု ထွက်ပေါ်လာသည်။ တစ်စုံတစ်ခုကို ဆုပ်ကိုင်ချေဖျက်လိုက်သည့်ပုံပင်။

မဟာအကြီးအကဲ မင်ကျုံးသည် လော့ချန်၏ စကားကြောင့် အကြီးအကျယ် တုန်လှုပ်သွားမှန်း သိသာလှပေသည်။ သူ၏ အသက်ရှူသံမှာပင် ပြင်းထန်လာတော့သည်။

“တကယ့်ဓားဆန္ဒကို နားလည်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တာလား... မဟာသန်မာသူတစ်ပိုင်း အဆင့်ကိုတောင် သတ်နိုင်ခဲ့တာလား...”

“ကောင်းတယ်... ကောင်းတယ်... သိပ်ကို ကောင်းတယ်...”

မဟာအကြီးအကဲ မင်ကျုံးက အကြီးအကျယ် ရယ်မောလိုက်ပြီး ‘ကောင်းတယ်’ ဟု သုံးကြိမ်တိုင်တိုင် ဆိုလိုက်သည်။ ထို့နောက် သူ၏ အသံမှာ အလွန်ပင် အေးစက်သွားတော့သည်။

“အရင်တုန်းက လူသားအမြုတေလျှပ်စီးက သူ့ရဲ့ တိုက်ရိုက်တပည့် ရှုတောက်ယန်ကို သုံးပြီး မင်းရဲ့ စီနီယာအစ်ကိုကို သတ်ခိုင်းခဲ့တာလေ... ဒီဒေါသကို ငါ အောင့်ထားခဲ့ရတာ ဆယ်နှစ်ရှိပြီ... ဆယ်နှစ်တိတိပဲ... ဆယ်နှစ်အကြာ ဒီနေ့မှာ ငါတို့ရဲ့ တပည့်တွေက ထပ်ပြီး ထိပ်တိုက်တွေ့ကြပြန်ပြီပေါ့... ဒါက တကယ့်ကို ကံကြမ္မာပဲ...”

“လော့ချန်... ဒီတစ်ကြိမ်မှာ ယွမ်ထျန်ယန်ကို သေချာပေါက် သတ်ပစ်ရမယ်... မင်းရဲ့ စီနီယာအစ်ကိုအတွက်ကတ္တီပါရိုးမှာ အကြွေးပြန်ဆပ်ရမယ်... အဲဒီ လူသားအမြုတေလျှပ်စီးကိုလည်း သူ့ရဲ့ တပည့်ကျော် ဆုံးရှုံးရတဲ့ နာကျင်မှုကို မြည်းစမ်းခိုင်းရမယ်...”

“မင်းသာ ယွမ်ထျန်ယန်ကို သတ်နိုင်မယ်ဆိုရင် ဒါက အကြီးမားဆုံးသော လုပ်ဆောင်မှုပဲ... မင်း ဂိုဏ်းကို ပြန်လာတဲ့အခါ အပြစ်ပေးခံရမှာ မဟုတ်တဲ့အပြင် ဆရာက မင်းကို အကြီးအကျယ် ဆုချဦးမယ်...”

မဟာအကြီးအကဲ မင်ကျုံး၏ အရှိန်အဝါကြီးမားလှသော အသံမှာ စမ်းရေအတွင်း၌ ဟိန်းဟောက်နေတော့သည်။ သူသည် အလွန်ပင် စိတ်လှုပ်ရှားနေတော့သည်။

အခန်း ၆၇၉ ပြီးပါပြီ။

အခန်း ၆၈၀ - သွေးမိစ္ဆာနိုးထခြင်း၊ ခြောက်စက္ကန့်ကြာ ဓားဆန္ဒ

“ဆရာ စိတ်ချပါ... လေးရက်နေရင် ကျွန်တော် စီနီယာအစ်ကိုအတွက် သေချာပေါက်ကလဲ့စားချေပေးပြီး ဆရာ့မျက်နှာပွင့်လန်းအောင် လုပ်ပေးပါ့မယ်...”

“ကောင်းပြီ...”

လော့ချန်သည် မဟာသန်မာသူတစ်ပိုင်း အဆင့်ရှိသူကိုပင် သတ်ဖြတ်နိုင်စွမ်းရှိနေပြီဖြစ်ရာ မဟာအကြီးအကဲ မင်ကျုံးသည်လည်း ဤတိုက်ပွဲရလဒ်အတွက် အတော်ပင် စိတ်အေးသွားရသည်။

ယွမ်ထျန်ယန်သာ မဟာသန်မာသူတစ်ပိုင်း အဆင့်ရှိသူကို သတ်နိုင်မည်ဆိုပါက နယ်မြေအဆင့်စာရင်းတွင် အဆင့် ၁၀၂ သာ ရရှိမှာမဟုတ်ဘဲ စာရင်းထဲ၌ အစောကြီးကတည်းက နာမည်ပေါက်နေမှာ သေချာလှပေသည်။

ဤသို့တွေးမိသည်နှင့် မဟာအကြီးအကဲ မင်ကျုံးက ဆိုလိုက်သည်။

“လော့ချန်... မင်း ယွမ်ထျန်ယန်ကို အနိုင်ယူနိုင်ရင် နယ်မြေအဆင့်စာရင်းထဲ ဝင်ဖို့ အရည်အချင်းရှိသွားပြီ... နယ်မြေအဆင့်စာရင်းထဲ ပါဝင်တာက မင်းအတွက် အကျိုးကျေးဇူးတွေ အများကြီး ရှိစေမှာဆိုတော့ ဒီတိုက်ပွဲပြီးရင် အဲဒီအတွက် ပြင်ဆင်ထားတော့...”

“ကောင်းပါပြီ...”

လော့ချန်သည်လည်း ဤသို့ပင် ရည်ရွယ်ထားပြီးသား ဖြစ်သည်။

သို့သော်လည်း သူ၏ ရည်မှန်းချက်မှာ နယ်မြေအဆင့်စာရင်းထဲ ဝင်ရုံမျှသာမဟုတ်ဘဲ ပထမအဆင့်ကို ရယူရန် ဖြစ်သည်။ အရင်က တာ့ချူဧကရီ လုပ်ဆောင်နိုင်ခဲ့သလို ယွမ်လန်နယ်မြေ တစ်ခုလုံးတွင် အသန်မာဆုံးနှင့် ပြိုင်ဘက်ကင်းသူ ဖြစ်လာရန်ပင် ဖြစ်သည်။

“ယွမ်ထျန်ယန်က လျှပ်ယွမ်ဂိုဏ်းရဲ့ အတွင်းစည်းတပည့်ကြီးဆိုတော့ မင်းလက်ချက်နဲ့ သေသွားရင် လျှပ်ယွမ်ဂိုဏ်းက ဒီအတိုင်း ငြိမ်နေမှာ မဟုတ်ဘူး... တစ်ခုခုတော့ ကောက်ကျစ်လိမ့်မယ်... ဒါကြောင့် ငါ အခုချက်ချင်းပဲ မင်းရဲ့ ဆရာမ ချင်ကွေ့ကို အကြောင်းကြားပြီး ယွမ်ချွမ်မြို့ဆီ လူလွှတ်ခိုင်းလိုက်မယ်... မင်းရဲ့ ဘေးကင်းရေးအတွက်ပေါ့...”

ယင်းလီ ရှိနေသဖြင့် လော့ချန်သည် လျှပ်ယွမ်ဂိုဏ်း၏ ကောက်ကျစ်မှုများကို စိုးရိမ်ခြင်းမရှိပေ။ လျှပ်ယွမ်ဂိုဏ်းမှ မဟာအကြီးအကဲအဆင့် ကျင့်ကြံသူကြီးများကိုယ်တိုင် ဆင်းမလာသရွေ့ပေါ့။

သို့သော်လည်း ဂိုဏ်းကြီးသုံးဂိုဏ်းမှာ နှစ်ပေါင်းများစွာ တိုက်ခိုက်လာခဲ့ကြသဖြင့် တပည့်ချင်းဖြစ်သည့်ကိစ္စကို တပည့်ချင်းသာ ဖြေရှင်းရန် အလေ့အထ ရှိနေကြသည်။

မဟာအကြီးအကဲများဆိုသည်မှာ ဂိုဏ်းတစ်ခု၏ အမာခံ တိုက်ခိုက်ရေးစွမ်းအားများဖြစ်သလို တာယွဲ့မင်းဆက်၏ ထိပ်သီးသန်မာသူကြီးများ ဖြစ်ကြရာ ထိုသူများသာ ပါဝင်လာမည်ဆိုပါက ဤသည်မှာ တပည့်ချင်းကလေးကစားစရာ တိုက်ပွဲမဟုတ်တော့ဘဲ စစ်ပွဲတစ်ခုအဖြစ်သို့ ပြောင်းလဲသွားမှာ သေချာလှပေသည်။

“ကျေးဇူးတင်ပါတယ် ဆရာ...”

လော့ချန်သည် မဟာအကြီးအကဲ မင်ကျုံး၏ အဆိုပြုချက်ကို မငြင်းဆန်ဘဲ ဝမ်းမြောက်စွာ လက်ခံလိုက်သည်။

သူနှင့် ယင်းလီတို့၏ မရေရာသော ပတ်သက်မှုက သူ့ကို စိတ်မသက်မသာ ဖြစ်စေသဖြင့် သူမနှင့် အရှုပ်အရှင်း နည်းနိုင်သမျှ နည်းချင်သလို သူမအပေါ် အကြွေး အများကြီး မတင်လိုပေ။

မဟာအကြီးအကဲ မင်ကျုံးက အနည်းငယ်မျှ ထပ်မံမှာကြားပြီးနောက် သတင်းပေးပို့မှုကို အဆုံးသတ်လိုက်သည်။

အတွင်းစည်း ထိပ်သီးတပည့် ဆယ်ဦးကို သတ်ခဲ့သည့်ကိစ္စမှာ အေးဆေးသွားပြီဖြစ်ရာ လော့ချန်၏ စိတ်ထဲတွင် အတော်ပင် ပေါ့ပါးသွားရသည်။ တံဆိပ်ပြားကို ပြန်သိမ်းလိုက်ပြီး လော့ချန်သည် မျက်လုံးများကို မှိတ်လျက် စမ်းရေထဲတွင် လှဲလျောင်းကာ ဤရှားပါးလှသော အနားယူချိန်လေးကို ခံစားနေတော့သည်။

စမ်းရေ၏ အာနိသင်ကြောင့်လား သို့မဟုတ် ဤကာလအတွင်း စိတ်ကို အလွန်အမင်း တင်းကျပ်ထားခဲ့ရသဖြင့် ပင်ပန်းသွား၍လား မသိရဘဲ ခဏချင်းမှာပင် လော့ချန်သည် အိပ်ပျော်သွားတော့သည်။

ယွမ်ချွမ်မြို့ မြေအောက် ပေတစ်ထောင်ခန့် နက်ရှိုင်းသော နေရာတွင်မူ...

ယှက်နွယ်နေသော မြေအောက်လမ်းကြောင်းများကြားရှိ သွေးမြစ်အလားဖြစ်နေသော ဝိညာဉ်စမ်းရေမှာ ယခုအခါ အရောင်မှာ ပိုမိုတောက်ပလာခဲ့ပြီး နီရဲလှသော သွေးရေများမှာ ပျစ်ခဲနေကာ စမ်းရေ၏ အနက်ရှိုင်းဆုံးနေရာတွင် ဧရာမ သွေးရိပ်ကြီးတစ်ခုကို ဝေဝါးစွာ ထွက်ပေါ်လာခဲ့သည်။

ရုတ်တရက်...

သွေးမြစ်တစ်ခုလုံးမှာ တပွက်ပွက်နှင့် ပြင်းထန်စွာ ဆူပွက်လာတော့သည်။ သွေးနံ့နံလှသော မြူခိုးများ ထွက်ပေါ်လာပြီး မြေအောက်လမ်းကြောင်းတစ်ခုလုံးကို ဖုံးလွှမ်းသွားတော့သည်။

“ဝေါ...”

သွေးမြစ်အတွင်းမှ သွေးလှိုင်းတစ်ခု ထွက်ပေါ်လာခဲ့ပြီး ပုန်းအောင်းနေသော ဧရာမ သွေးရိပ်ကြီးမှာ စမ်းရေထဲမှ ဖြည်းညင်းစွာ ထွက်ပေါ်လာသည်။ ခန္ဓာကိုယ်မှာ သွေးရေများ စုစည်းထားသကဲ့သို့ ရှိနေသော်လည်း မျက်နှာပုံစံမှာမူ အလွန်ပင် ရှင်းလင်းလှပြီး လူနှင့်တူသယောင် ရှိသော်လည်း လူမဟုတ်ပေ။

“ဟဲဟဲ... ငါ့ကို ဒဏ်ရာရအောင် လုပ်ရဲတယ်ပေါ့... ငါ အစွမ်းပြန်ရလာလို့ ပုံသဏ္ဌာန်ဖော်နိုင်တဲ့ အချိန်ကျရင် မင်းတို့အားလုံးကို သွေးစုပ်ပြီး ငါ့ရဲ့ ရုပ်သေးတွေအဖြစ် ပြောင်းပစ်မယ်...”

သွေးရိပ်ကြီးမှာ ပါးစပ်ကို ဟလျက် သတ္တုချင်း ပွတ်တိုက်သကဲ့သို့ စူးရှလှသော ရယ်သံကြီးကို ထုတ်ဖော်လိုက်သည်။ သွေးရောင် မျက်လုံးအစုံမှ သွေးရောင်အလင်းတန်းများ ထွက်ပေါ်နေကာ အလွန်ပင် ယုတ်မာလှသော အမူအရာကို ပြသနေတော့သည်။ လောကရှိ ယုတ်မာမှုအားလုံး စုစည်းထားသည့်အလားပင်။

၎င်းသည် ရုတ်တရက် အပေါ်သို့ လှမ်းကြည့်လိုက်ပြီး သွေးရောင်ပါးစပ်ကြီးကို ဖြဲလျက် ဆိုလိုက်သည်။

“လူတွေ အများကြီးရဲ့ အနှစ်သာရသွေးတွေပဲ... ဒီအနှစ်သာရသွေးတွေကိုသာ ဝါးမြိုလိုက်ရင် ငါ အစွမ်းပြန်ရလာဖို့တင်မကဘဲ ပုံသဏ္ဌာန်ဖော်ဖို့အတွက်ပါ လုံလောက်သွားလိမ့်မယ်...”

“ဝေါ...”

သွေးရိပ်ကြီး၏ကိုယ်ဟန်မှာ တွန့်လိမ်သွားခဲ့ပြီး ဝိညာဉ်စမ်းရေထဲသို့ ပြန်လည် တိုးဝင်သွားတော့သည်။

တစ်ချိန်တည်းမှာပင် အငြိုးအတေးများ ပြည့်နှက်နေသော သွေးရေ အမြောက်အမြားမှာ အရပ်မျက်နှာအနှံ့ရှိ မြေအောက်စမ်းရေများထဲသို့ စိမ့်ဝင်သွားတော့သည်။

မူလက ကျောက်စိမ်းရောင် ဝင်းလက်နေသော ဝိညာဉ်စမ်းရေများမှာ တစ်ဖြည်းဖြည်းနှင့် သွေးရောင်အငွေ့အသက်များ စတင် စွန်းထင်လာတော့သည်။ ထိုအငွေ့အသက်မှာ အလွန်ပင် မသိမသာဖြစ်ပြီး ဝေဝေဝါးဝါးမျှသာ ရှိနေတော့သည်။

သန်းခေါင်ယံ အချိန်တွင်မူ...

လော့ချန်သည် တရားထိုင်ရာမှ နိုးထလာခဲ့သည်။

“နေလို့ကောင်းလိုက်တာ... ဒီလောက်အထိ ပေါ့ပေါ့ပါးပါး မနေရတာ ကြာလှပြီ...”

စမ်းရေထဲမှ ထွက်လာပြီး လော့ချန်သည်ကိုယ်ဟန်ကို ဆန့်ထုတ်လိုက်သည်။

အသက် ၁၆ နှစ်ပင် မပြည့်သေးသော သူ၏ကိုယ်ပေါ်တွင်ကလေးဆန်မှု အနည်းငယ် ကျန်ရှိနေသေးသော်လည်း ကြည့်ရသည်မှာ အလွန်ပင် တင့်တယ်လှသည်။ ပိန်ပါးလှသောကိုယ်ဟန်မှာ အားနည်းခြင်းမရှိဘဲ ကြွက်သားများမှာ ရှင်းလင်းစွာ ပေါ်ထွက်နေကာ အရေပြားမှာလည်း ဝင်းလက်နေသဖြင့် သံမဏိဖြင့် သွန်းလုပ်ထားသော ခန္ဓာကိုယ်အလား ရှိနေတော့သည်။

“ဟင်... ဒဏ်ရာတွေ အကုန်လုံး ပျောက်သွားပြီပဲ...”

လော့ချန် ဆန်းစစ်ကြည့်လိုက်ရာ ဒဏ်ရာပြင်းထန်စဉ်က ရှိခဲ့သော အားနည်းသည့် ခံစားချက်မှာ ပျောက်ကွယ်သွားခဲ့ပြီး စိတ်ဓာတ်မှာလည်း ကြည်လင်နေကာ သွေးစွမ်းအင်မှာလည်း အပြည့်အဝ ပြန်လည်ကောင်းမွန်လာခဲ့ပြီ ဖြစ်သည်။ အရင်ကထက်ပင် ပိုမိုသန်မာလာသကဲ့သို့ ခံစားလိုက်ရသည်။

“အထွတ်အထိပ် အခြေအနေမှာရှိတဲ့ ဓားဆန္ဒက ဘယ်လိုနေမလဲဆိုတာ စမ်းကြည့်ရသေးတာပေါ့...”

ဓားဆန္ဒကို နှိုးဆွလိုက်ပြီး လော့ချန်သည် လက်ညှိုးဖြင့် တစ်ချက် ညွှန်လိုက်သည်။

“ရှူး...”

စမ်းရေအထက်ရှိ မြူခိုးများမှာ ချက်ချင်းပင် နှစ်ခြမ်းကွဲသွားပြီး ပြန်လည်စုစည်းခြင်း မရှိတော့ပေ။ စမ်းရေများမှာ ဓားဆန္ဒကို အခြေခံလျက် ရေစီးကြောင်းဓားတစ်စင်းအဖြစ် စုစည်းသွားတော့သည်။

ယခင်ကနှင့် နှိုင်းယှဉ်လျှင် ဤရေစီးကြောင်းဓားမှာ ပိုမို၍ ဒြပ်ထည်ဆန်လာခဲ့ပြီး ဝင်းလက်တောက်ပနေကာ ဓားသွားမှာလည်း အေးစက်လှသော အလင်းတန်းများ ထွက်ပေါ်နေသဖြင့် ကြည့်ရသည်မှာ တကယ့် ရတနာဓားတစ်စင်းအလား ရှိနေတော့သည်။

“ဝေါ...”

ခြောက်စက္ကန့်ခန့် ကြာမြင့်မှသာ ရေစီးကြောင်းဓားမှာ ပျောက်ကွယ်သွားတော့သည်။

“အရင်က ဓားဆန္ဒက နှစ်စက္ကန့်ပဲ တည်မြဲနိုင်တာလေ... အခုတော့ သုံးဆလောက် ပိုသန်မာလာတာပဲ... ငါ့ကိုယ်ငါ အထင်သေးမိသွားတာပဲ…”

လော့ချန်၏ မျက်နှာတွင် ဝမ်းသာအားရသည့် အပြုံး ပေါ်ထွက်လာသည်။

တကယ့်ဓားဆန္ဒပင်လျှင် အမြဲတမ်း တည်ရှိနေနိုင်သည်မဟုတ်ဘဲ ဓားဆန္ဒသည် ဒြပ်ထည်အဖြစ် မည်မျှအထိ ကြာရှည်တည်မြဲနိုင်သနည်းဆိုသည်က ဓားဆန္ဒ၏ အစွမ်းကို ပြသခြင်း ဖြစ်ပေသည်။

လော့ချန် သိထားသလောက်တော့ သာမန်ဓားဆန္ဒအဆင့် ဓားသမားတစ်ဦးသည် ဓားဆန္ဒကို စတင်နားလည်စတွင် ဓားဆန္ဒကို ခုနစ်စက္ကန့်၊ ရှစ်စက္ကန့်ခန့်သာ တည်မြဲစေနိုင်သည်။

“ဒါဆိုရင် ငါ့ရဲ့ ဓားဆန္ဒက အပြည့်အဝ မနိုးကြားသေးပေမဲ့ စွမ်းအားကတော့ တကယ့်ဓားဆန္ဒနဲ့ နီးစပ်နေပြီပေါ့... ပြင်းထန်လှတဲ့ သတ်ဖြတ်ခြင်း ဓားဆန္ဒနဲ့ပါ ပေါင်းလိုက်မယ်ဆိုရင်တော့ သေချာပေါက် မနိမ့်ပါဘူး... သာလွန်ရင်တောင် သာလွန်ဦးမယ်”

လော့ချန်သည် စိတ်ထဲမှ မျှော်လင့်မိသွားရသည်။

သူ၏ ဓားဆန္ဒမှာ ဓားဆန္ဒအစပျိုးအဆင့်သာ ရှိသေးသော်လည်း ဤမျှအထိ အစွမ်းထက်နေခြင်းဖြစ်ရာ နောင်တစ်ချိန် အောင်မြင်သွားသည့်အခါ မည်မျှအထိ ပြင်းထန်လိမ့်မည်နည်း။

“ငါ့ရဲ့ လက်ရှိအစွမ်းက သာမန် မြေကမ္ဘာနယ်ပယ် မဟာသန်မာသူတွေကို ရင်ဆိုင်နိုင်စွမ်း ရှိပေမဲ့ ကျင့်ကြံဆင့်ကတော့ အားနည်းချက် ဖြစ်နေတုန်းပဲ... မဟာသန်မာသူကြီးတွေကို အနိုင်ယူဖို့ဆိုရင်တော့ သေချာမှု မရှိသေးဘူး”

“သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ အထွတ်အထိပ်၊ ဒါမှမဟုတ် အစွန်းဆုံးအထိ အမြန်ဆုံး တက်လှမ်းနိုင်ဖို့ လိုတယ်... ဒါဆိုရင် ငါ့ရဲ့ အစွမ်းက နောက်တစ်ဆင့်ကို တက်လှမ်းသွားမှာဖြစ်ပြီး မဟာသန်မာသူတွေကိုပါ ကျော်ဖြတ်ပြီး အနိုင်ယူနိုင်လိမ့်မယ်”

ယင်းလီ၏ စကားအရ နယ်မြေအဆင့်စာရင်း၏ ပထမအဆင့်ကို ရယူရန်အတွက်ဆိုလျှင် မဟာသန်မာသူကြီးများကို အနိုင်ယူနိုင်သည့် အစွမ်း ရှိရန် လိုအပ်ပေသည်။

ဓားဆန္ဒနိုးကြားရန်မှာ အခွင့်အရေး လိုအပ်သဖြင့် ထိန်းချုပ်ရန် ခက်ခဲသော်လည်း ကျင့်ကြံဆင့်ကိုမူ လော့ချန်သည် ယွမ်ထျန်ယန်နှင့် တိုက်ပွဲအပြီးတွင် အစွမ်းကုန် မြှင့်တင်ရန် ဆုံးဖြတ်လိုက်သည်။

မဟာသန်မာသူတစ်ပိုင်း အဆင့်ရှိသူနှင့် တိုက်ပွဲအပြီးတွင် သူသည် ကျင့်ကြံဆင့် အတားအဆီးကို ထိတွေ့ခဲ့ရပြီဖြစ်ရာ ကျန်ရှိနေသော မြေကမ္ဘာဝိညာဉ်ဆေးလုံး အနည်းငယ်နှင့်ဆိုလျှင် သွေးကြောနိုးကြားမှုနယ်ပယ် အထွတ်အထိပ်သို့ ရောက်ရန် အချိန်အကြာကြီး လိုမည်မဟုတ်ပေ။

“တစ်ရက်ကို ဆေးလုံးသုံးရာတောင် ပေးထားရတာဆိုတော့ အလကား အဖြစ်မခံနိုင်ဘူး... ဆက်ပြီး ကျင့်ကြံဦးမှပဲ”

လင်းအားမရှိသေးသဖြင့် လော့ချန်သည် အသက်ကို ဝဝရှူလိုက်ကာ မျက်လုံးများကို မှိတ်လျက် ကျင့်ကြံခြင်းနယ်ပယ်အတွင်းသို့ တဖြည်းဖြည်း ဝင်ရောက်သွားတော့သည်။

“ဝူး...”

မကြာမီမှာပင် လော့ချန်သည် မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်ပြီး အသက်ရှူထုတ်လိုက်သည်။

ကျင့်ကြံမှု စတင်သည်နှင့် သူသည် စိတ်ထဲတွင် တစ်စုံတစ်ခုကြောင့် စိတ်မရှည်သလို ခံစားလိုက်ရပြီး မကောင်းသော စိတ်ခံစားချက်များလည်း အဆက်မပြတ် ဖြစ်ပေါ်လာခြင်းကို သတိပြုမိလိုက်ခြင်း ဖြစ်သည်။ ဤအတိုင်း ဆက်သွားလျှင် ကျင့်ကြံမှုရလဒ် မကောင်းရုံတင်မကဘဲ မမျှော်လင့်ထားသော နောက်ဆက်တွဲဆိုးကျိုးများပင် ဖြစ်ပေါ်လာနိုင်ပေသည်။

“ဒီ ဝိညာဉ်စမ်းရေထဲမှာ အကြာကြီး နေလို့မရတာလား... ထားလိုက်ပါတော့... ဒီကာလအတွင်း ရရှိထားတဲ့ ဥစ္စာပစ္စည်းတွေကိုပဲ စစ်ဆေးကြည့်တော့မယ်”

ဝိညာဉ်စမ်းရေ၏ ဘေးထွက်ဆိုးကျိုးဟုသာ လော့ချန် ယူဆလိုက်ပြီး ဝတ်စုံကို ဝတ်ဆင်ကာ လေ့ကျင့်ရေးကွင်းဆီသို့ လျှောက်လှမ်းသွားသည်။ ထိုနေရာတွင် သူ ရရှိထားသည့် ဥစ္စာပစ္စည်းများကို စစ်ဆေးရန် ပြင်လိုက်သည်။

“ပလု...”

သူ ထွက်သွားသည်နှင့်တစ်ပြိုင်နက် စမ်းရေထဲမှ မထင်မရှား ပူဖောင်းတစ်ခု ထွက်ပေါ်လာသည်။ ထိုပူဖောင်းအတွင်း၌ သွေးရောင်အငွေ့အသက် အနည်းငယ် ပါရှိနေပြီး ပူဖောင်းပေါက်ကွဲသွားသည်နှင့် ထိုအငွေ့အသက်များမှာ စမ်းရေထဲတွင် ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။

အခန်း ၆၈၀ ပြီးပါပြီ။

အခန်း ၆၈၁ - မြေကမ္ဘာဝိညာဉ်ဆေးလုံး၊ တစ္ဆေရိပ်လှုပ်ရှားမှုကျင့်စဉ်

လေ့ကျင့်ရေးကွင်းအတွင်းသို့ ရောက်ရှိလာသော်လည်း လော့ချန်၏ စိတ်ထဲတွင် မကောင်းသော စိတ်ခံစားချက် အနည်းငယ်မှာ လွှမ်းမိုးနေဆဲဖြစ်ပြီး တစ်ကိုယ်လုံးမှာလည်း အကြောင်းရင်းမရှိဘဲ စိတ်မရှည်သလို ခံစားနေရသည်။

“ဖြတ်စမ်း...”

စိတ်အာရုံကို နှိုးဆွလိုက်ပြီး လော့ချန်သည် ဓားဆန္ဒကို အစွမ်းကုန် ထုတ်ဖော်လိုက်ရာ ထိုစိတ်မရှည်မှုနှင့် မကောင်းသော စိတ်ခံစားချက်များမှာ ချက်ချင်းပင် အစအနမကျန် ပျောက်ကွယ်သွားတော့သည်။

ဓားဆန္ဒသည် ဒြပ်မဲ့လှသော အမှားများကို ဖြတ်တောက်နိုင်သလို ဓားဆန္ဒကို နားလည်ထားသော ဓားသမားများမှာလည်း စိတ်ဓာတ်ပိုင်းဆိုင်ရာ အလွန်ပင် ကြံ့ခိုင်ကြသဖြင့် အပြင်ပန်းလွှမ်းမိုးမှုများက သူတို့ကို နှောင့်ယှက်ရန် ခက်ခဲလှပေသည်။

“ဝူး...”

ပူပြင်းလှသော အသက်ရှူသံတစ်ချက် ထုတ်လိုက်ပြီးနောက် လော့ချန်သည် ခြေချိတ်ထိုင်ချလိုက်ပြီး ဤကာလအတွင်း ရရှိထားသည့် ဥစ္စာပစ္စည်းများကို တစ်ခုချင်းစီ ထုတ်ယူလိုက်သည်။

“ဒီလောက်တောင် များတာလား...”

သေသေချာချာ မစစ်ဆေးရသေးခင်က သိပ်မထင်ရသော်လည်း ယခုအခါ အကုန်အစင် ထုတ်ယူလိုက်သည့်အခါ လော့ချန်ကိုယ်တိုင်ပင် ထိတ်လန့်သွားရသည်။

သိုလှောင်လက်စွပ် အမျိုးမျိုးမှာပင် တောင်ငယ်လေးတစ်ခုအလား စုပုံနေခဲ့ပြီး အနည်းဆုံး နှစ်ရာ၊ သုံးရာခန့် ရှိပေသည်။ အများစုမှာ သွေးဝိညာဉ်ဂိုဏ်း အခြေစိုက်စခန်းကို တိုက်ခိုက်စဉ်က သွေးဝိညာဉ်ဂိုဏ်းတပည့်များကို သတ်ဖြတ်ပြီး ရရှိခဲ့ခြင်း ဖြစ်ပေသည်။

လော့ချန်သည် လက်စွပ်တစ်ကွင်းကို ကျပန်းယူလိုက်ပြီး စိတ်ဝိညာဉ်စွမ်းအင်ဖြင့် ချီစွမ်းအင်တံဆိပ်ကို ဖျက်ဆီးလျက် ဖွင့်ကြည့်လိုက်သည်။

ဤလက်စွပ်၏ ပိုင်ရှင်မှာ သွေးဝိညာဉ်ဂိုဏ်းမှ သွေးကြောနိုးကြားမှုနယ်ပယ် တပည့်တစ်ဦး ဖြစ်ပုံရ၏။ အတွင်း၌ သွေးအနှစ်သာရဆေးလုံး ရာဂဏန်းခန့်၊ ချီစွမ်းအင်ဆေးလုံး ထောင်ဂဏန်းခန့်နှင့် အခြားသော ဆေးလုံးများ၊ ကျင့်စဉ်စာအုပ်များလည်း မနည်းလှပေ၊ စုစုပေါင်းတန်ဖိုးမှာ ငွေစ သန်းနှစ်ဆယ်၊ သုံးဆယ်ခန့် ရှိပေသည်။

“မဆိုးဘူးပဲ...”

လော့ချန်က ဝမ်းမြောက်စွာ ခေါင်းညိတ်လိုက်သည်။ ဤနေရာတွင် သိုလှောင်လက်စွပ် နှစ်ရာ၊ သုံးရာခန့် ရှိနေသည်မဟုတ်ပါလော။

လက်စွပ်တစ်ကွင်း၏ တန်ဖိုးမှာ ငွေစ သန်းတစ်ဆယ်ခန့်သာ ရှိဦးတော့၊ အကုန်ပေါင်းလိုက်လျှင် သန်းပေါင်း ထောင်ချီသော ဥစ္စာပစ္စည်းများ ဖြစ်ပေသည်။ ဤလက်စွပ်ပိုင်ရှင်များထဲတွင် သွေးကြောနိုးကြားမှုနယ်ပယ် ထိပ်သီးသန်မာသူများစွာ ပါဝင်နေပေသည်။ ထို့အပြင်... ကောင်းကင်နယ်ပယ် မဟာသန်မာသူကြီး တစ်ဦး၏ လက်စွပ်လည်း ပါဝင်နေသေးသည်။

လော့ချန်သည် ကျိုးယွမ်ချင်း အစရှိသော အတွင်းစည်း ထိပ်သီးတပည့် ဆယ်ဦးထဲမှ လေးဦး၏ လက်စွပ်များနှင့် သွေးဝိညာဉ်ဂိုဏ်း မဟာသန်မာသူကြီး၏ လက်စွပ်ကို သီးခြားထုတ်ယူလိုက်သည်။

ပထမဆုံးအနေနှင့် ကျိုးယွမ်ချင်း၏ လက်စွပ်ကို ဖွင့်ကြည့်လိုက်သည်။

ချီစွမ်းအင်ဆေးလုံး သုံးသောင်း ခုနစ်ထောင့် လေးရာ။ ရွှေပြား ငွေစ ရှစ်သောင်း ငါးထောင်။ အခြားသော ဆေးလုံးများ၊ ဝိညာဉ်ကျောက်များ၊ ရတနာပစ္စည်းများ၊ ကျင့်စဉ်စာအုပ်များနှင့် ကြယ်အဆင့် ရတနာလက်နက်များမှာလည်း အပုံလိုက် ရှိနေကာ တစ်ခုချင်းစီ၏ အရည်အသွေးမှာလည်း မနိမ့်လှပေ၊ စုစုပေါင်းတန်ဖိုးမှာ ငွေစ သန်း ခုနစ်ရာ၊ ရှစ်ရာခန့် ရှိပေသည်။

“အတွင်းစည်း ထိပ်သီးတပည့် ဆယ်ဦးဆိုတာ တကယ်ကို မလွယ်ဘူးပဲ...”

လော့ချန်က တအံ့တဩ ချီးကျူးလိုက်သည်။

ယခင်က သူသည် ဆွန်ယင်ယန်တို့ စွန်းမိသားစု၏ ဥစ္စာပစ္စည်းအားလုံးကို သိမ်းယူခဲ့စဉ်ကပင် သန်းနှစ်ထောင်ခန့်သာ ရရှိခဲ့သည်။ ယခုမူ ကျိုးယွမ်ချင်း တစ်ဦးတည်းဆီမှာတင် သန်း ခုနစ်ရာ၊ ရှစ်ရာခန့် ရှိနေခြင်းမှာ တကယ်ကို မသေးလှပေ။ လော့ချန်အတွက် တစ်ခုတည်းသော နှမြောစရာမှာ ကျိုးယွမ်ချင်း၏ လက်စွပ်တစ်ခုလုံးကို နှံ့အောင်ရှာသော်လည်း မြေကမ္ဘာဝိညာဉ်ဆေးလုံးကို ရှာမတွေ့ခဲ့ခြင်းပင်။

“ကြည့်ရတာ သူ အဲဒီတုန်းက လိမ်ပြောခဲ့တာ မဟုတ်ဘူးပဲ... မြေကမ္ဘာဝိညာဉ်ဆေးလုံးက သူ့ဆီမှာ မရှိတာ သေချာတယ်...”

လော့ချန်က နှမြောတသစွာ ခေါင်းခါလိုက်သော်လည်း ချက်ချင်းပင် စိတ်ကို ပြန်လည်တည်ငြိမ်အောင် လုပ်လိုက်သည်။ သူ၏ အလားအလာအရ စတုတ္ထနယ်ပယ်ကို တက်လှမ်းရန်မှာ ပြဿနာမဟုတ်ပေ။ မြေကမ္ဘာဝိညာဉ်ဆေးလုံး မရှိလျှင် အချိန်အနည်းငယ် ပိုပေးရရုံသာ ဖြစ်သည်။

၎င်းအပြင် ယင်းလီက ပြောဖူးသည်မဟုတ်ပါလော၊ သွေးဝိညာဉ်ဂိုဏ်းကိစ္စများ ပြီးဆုံးသွားလျှင် သွေးဝိညာဉ်ဂိုဏ်း အခြေစိုက်စခန်းအစစ်ကို ရှာတွေ့ခဲ့သည့်အတွက် ဆုလာဘ်အဖြစ် မြေကမ္ဘာဝိညာဉ်ဆေးလုံး သုံးလုံးကို သူ ရရှိနိုင်ပေသည်။

ဆက်လက်၍ လော့ချန်သည် လျိုခန်း၊ ဝူထိုက်ယွဲ့နှင့် ချီယွီ တို့၏ လက်စွပ်များကို တစ်ခုချင်းစီ ဖွင့်ကြည့်လိုက်သည်။

လျိုခန်းနှင့် ဝူထိုက်ယွဲ့တို့၏ အဆင့်မှာ ကျိုးယွမ်ချင်းထက် မြင့်မားသော်လည်း သူတို့၏ ပိုင်ဆိုင်မှုမှာမူ ကျိုးယွမ်ချင်းကို မမီကြပေ။ တစ်ဦးလျှင် သန်း သုံးရာ၊ လေးရာခန့်သာ ရှိကြသည်။

ဤသည်မှာလည်း အံ့ဩစရာ မဟုတ်ပေ။ ကျိုးယွမ်ချင်းမှာ အတွင်းစည်း ထိပ်သီးတပည့် ဆယ်ဦးထဲတွင် တစ်ဦးတည်းသော အမျိုးသမီးတပည့်ဖြစ်သလို ရုပ်ရည်လည်း လှပသဖြင့် အတွင်းစည်း၌ သူမကို သဘောကျသူ များပြားလှပေ၏။ အဋ္ဌမမင်းသား ကျင်းမင် ပင်လျှင် သူမကို မျက်စိကျနေသည်မဟုတ်ပါလော။

ပြောရလျှင် ကျိုးယွမ်ချင်းသည် လက်ညှိုးလေး ဝှေ့ယမ်းလိုက်ရုံနှင့်ပင် သူမထံသို့ ချီစွမ်းအင်ဆေးလုံးများ လာရောက်ပေးအပ်မည့်သူမှာ ရေတွက်လို့မရအောင် များပြားလှပေသည်။ သို့သော်လည်း ယခုမူ ထိုဥစ္စာပစ္စည်းအားလုံးမှာ လော့ချန်အတွက်သာ ဖြစ်သွားခဲ့ရလေပြီ။

လော့ချန်သည် ခေါင်းခါလိုက်ပြီး ချီယွီ၏ လက်စွပ်ကို ဖွင့်ကြည့်လိုက်သည်။

အတွင်းစည်း ထိပ်သီးတပည့် ဆယ်ဦးထဲတွင် အဆင့် ၃ ရှိသူပီပီ ချီယွီ၏ ပိုင်ဆိုင်မှုမှာ လော့ချန်ကို စိတ်မပျက်စေခဲ့ပေ။ ချီစွမ်းအင်ဆေးလုံးမှာပင် ခြောက်သောင်းကျော် ရှိနေပြီး ငွေစ သန်းသုံးရာ့သုံးဆယ် ရှိပေသည်။

ဤအရာများတင် သန်းပေါင်း တစ်ထောင်ကျော်နေပြီဖြစ်ပြီး အခြားသော တန်ဖိုးရှိသည့် ပစ္စည်းများလည်း မနည်းလှပေ။

“ဟင်... ဒါက...”

လော့ချန်သည် ခရမ်းရောင် ကျောက်စိမ်းသေတ္တာလေးတစ်ခုကို သတိပြုမိလိုက်သည်။

ဤခရမ်းရောင် သေတ္တာလေးကို သီးသန့်ထားရှိခြင်းဖြစ်ရာ ချီယွီအနေနှင့် ဤအရာကို အလွန်ပင် တန်ဖိုးထားမှန်း သိသာလှသည်။ လော့ချန်သည် သေတ္တာလေးကို ထုတ်ယူလိုက်သည်။

“ဝုန်း...”

ခရမ်းရောင် သေတ္တာလေးကို ဖွင့်လိုက်သည်နှင့် ပြင်းထန်လှသော ရွှေရောင်အငွေ့အသက်များ ချက်ချင်းပင် ထွက်ပေါ်လာခဲ့ပြီး လေ့ကျင့်ရေးကွင်းတစ်ခုလုံးမှာ ရွှေရောင်များ ဝင်းလက်သွားတော့၏။ မွှေးပျံ့လှသော ရနံ့များလည်း ပြည့်နှက်သွားခဲ့ရာ တစ်ချက်မျှ ရှူရှိုက်လိုက်ရုံနှင့်ပင် လော့ချန်သည် စိတ်ဓာတ်များ ကြည်လင်သွားသလို ခံစားလိုက်ရသည်။

သေတ္တာအတွင်း၌ လက်ညှိုးဆစ်ခန့်ရှိသော ဆေးလုံးတစ်လုံး ရှိနေသည်။

ဆေးလုံးမှာ အနည်းငယ်မျှ ကြည်လင်နေသော်လည်း အတွင်းပိုင်း၌မူ အမှောင်ထုများ ရှိနေသဖြင့် လည်ပတ်နေသော အမည်းရောင် ဝဲဂယက်ကြီးတစ်ခုအလား ရှိနေတော့၏။ အပြင်ဘက်မျက်နှာပြင်မှာမူ နီရဲလှသော ရွှေရောင်များ ရှိနေပြီး အပေါ်၌ လိုင်းကြောင်းများမှာ မြေကမ္ဘာ၏ အသွင်သဏ္ဌာန်အလား ရှိနေကာ အလင်းနှင့် အမှောင်၊ မိုးနှင့် မြေတို့ ယှက်နွယ်နေသကဲ့သို့ ရှိနေ၏။ ကြယ်စင်လိုင်းကြောင်း ငါးခုမှာလည်း ပတ်ပတ်လည်၌ ဝင်းလက်နေသဖြင့် အလွန်ပင် တန်ဖိုးရှိလှသော အရည်အသွေးကို ပြသနေတော့သည်။

“ဒါက... မြေကမ္ဘာဝိညာဉ်ဆေးလုံး ပဲ”

လော့ချန်သည် အသက်ကို ဝဝရှူလိုက်မိသည်။

သူသည် မြေကမ္ဘာဝိညာဉ်ဆေးလုံး၏ အသွင်သဏ္ဌာန်ကို ကြားဖူး၏။ ဤဆေးလုံး၏ မျက်နှာပြင်ပေါ်ရှိ လိုင်းကြောင်းများမှာ မြေကမ္ဘာ၏ အသွင်သဏ္ဌာန်ရှိပြီး အလင်းနှင့်အမှောင် ယှက်နွယ်နေကာ ဆေးလုံးတစ်ခုလုံးမှာ ဝိုင်းစက်နေသည်ဆိုသည်မှာ ဤသေတ္တာထဲမှ ဆေးလုံးနှင့် တစ်ထပ်တည်းပင် ဖြစ်ပေသည်။

“ဒါကြောင့်ကိုး... ကျိုးယွမ်ချင်းက လျိုခန်းတို့က ငါ့ရဲ့ ပြိုင်ဘက်မဟုတ်မှန်း သိလို့ ချီယွီကို မြေကမ္ဘာဝိညာဉ်ဆေးလုံးနဲ့ ငါ့အသက်ကို နုတ်ယူဖို့ အကူအညီတောင်းခဲ့တာပဲ... ဒါပေမဲ့ နှမြောစရာကောင်းတာက...”

ချီယွီ လမ်းခုလတ်၌ မိမိကို လာရောက်လုပ်ကြံသည့် ကိစ္စကို တွေးမိလိုက်သည့်အခါ လော့ချန်သည် အရာအားလုံးကို နားလည်သွားတော့သည်။

“လှည့်ပတ်သွားလာရင်း နောက်ဆုံးတော့ ဒီမြေကမ္ဘာဝိညာဉ်ဆေးလုံးက ငါ့လက်ထဲကိုပဲ ရောက်လာတာပဲ... ဒါဆိုရင် ငါ့ရဲ့ ကျင့်ကြံဆင့်က သွေးကြောနိုးကြားမှုနယ်ပယ်ရဲ့ အထွတ်အထိပ်ကို ရောက်တာနဲ့ စတုတ္ထနယ်ပယ်ကို တိုက်ရိုက် တက်လှမ်းနိုင်ပြီပေါ့”

လက်ထဲမှ မြေကမ္ဘာဝိညာဉ်ဆေးလုံးကို ကြည့်ကာ လော့ချန် မနေနိုင်ဘဲ ဝမ်းမြောက်သွားရ၏။ ထို့နောက် ‘ဖတ်’ ခနဲ အသံနှင့်အတူ သေတ္တာလေးကို ပြန်ပိတ်လိုက်ပြီး မျက်ဝန်းထဲတွင် အေးစက်လှသော အလင်းတန်းများ ဝင်းလက်သွားခဲ့သည်။

“ကျင်းမင်... နောက်တစ်ခါတွေ့ရင်တော့ မင်းကို ငါ သေသေချာချာ ကျေးဇူးတင်ရမှာပဲ...”

အေးစက်စွာ ရယ်မောလိုက်ပြီးနောက် လော့ချန်သည် မြေကမ္ဘာဝိညာဉ်ဆေးလုံးကို သေသေချာချာ သိမ်းဆည်းလိုက်သည်။

မြေကမ္ဘာဝိညာဉ်ဆေးလုံးအပြင် လော့ချန်သည် ချီယွီ၏ သိုလှောင်လက်စွပ်အတွင်းမှ ကျင့်စဉ်စာအုပ်တစ်အုပ်ကိုလည်း တွေ့ရှိလိုက်ရသည်။ ၎င်းမှာ ချီယွီ ကျင့်ကြံခဲ့သော တစ္ဆေရိပ်ကိုးချက်ဓားကျင့်စဉ်ပင် ဖြစ်ပေသည်။

လော့ချန်ကို အံ့ဩသွားစေသည်မှာ ဤတစ္ဆေရိပ်ကိုးချက်ဓားကျင့်စဉ်မှာ ကြယ်ဆယ်ပွင့် နတ်ဆိုးအဆင့် ဓားကျင့်စဉ်ဖြစ်ပြီး ၎င်းအတွင်း၌ တစ္ဆေရိပ်လှုပ်ရှားမှုကျင့်စဉ် ဟူသော နတ်ဆိုးအဆင့်ကိုယ်ဟန်လှုပ်ရှားမှုကျင့်စဉ် တစ်စုံလည်း ပါရှိနေသည်။ သို့သော်လည်း နှမြောစရာကောင်းသည်မှာ ထိုကျင့်စဉ်မှာ အစုံအလင်မဟုတ်ဘဲ အလွန်ပင် ပျက်စီးနေကာ တစ်စုံတစ်ယောက်က အတင်းအကျပ် ဆွဲဖြတ်ထားသကဲ့သို့ ရှိနေပြီး အရှေ့ပိုင်းတစ်ဝက်ခန့်ကိုသာ ဖတ်ရှုနိုင်တော့သည်။

“ဒါကြောင့်လည်း ချီယွီရဲ့ ဓားကွက်တွေနဲ့ကိုယ်ဟန်လှုပ်ရှားမှုတွေက အရှိန်အဝါကြီးတယ်လို့ ထင်ရပေမဲ့ အားနည်းချက်တွေ အများကြီး ရှိနေတာကိုး...”

နတ်ဆိုးအဆင့် ကျင့်စဉ်များမှာ မိုးမြေအရှိန်အဝါကို နှိုးဆွရန် လိုအပ်သည်ဖြစ်ရာ သွေးကြောနိုးကြားမှုနယ်ပယ် ကျင့်ကြံသူများအတွက် ဤကဲ့သို့သော ကျင့်စဉ်ကို ကျင့်ကြံရန်မှာ အတင်းအကျပ် လုပ်ဆောင်နေရခြင်းဖြစ်သလို ၎င်း၏ အနှစ်သာရကိုလည်း နားလည်ရန် ခက်ခဲလှပေသည်။ တကယ့်စွမ်းအားကိုလည်း ထုတ်ဖော်နိုင်မှာ မဟုတ်ပေ။ ထို့ပြင် ၎င်းသည် အစုံအလင်လည်း မဟုတ်သေးပေ။

ဤသည်မှာကလေးတစ်ယောက်က ဧရာမ သံတုတ်ကြီးကို ဝှေ့ယမ်းနေသကဲ့သို့ဖြစ်ပြီး အပေါ်ယံကိုသာ ပြသနိုင်ခြင်း ဖြစ်သည်။

သို့သော်လည်း သွေးကြောနိုးကြားမှုနယ်ပယ် ကျင့်ကြံသူများအတွက်မူ နတ်ဆိုးအဆင့် ဓားကျင့်စဉ်၏ အပေါ်ယံလေးသည်ပင်လျှင် အလွန်ပင် ထူးခြားလှပေသည်။

ချီယွီသည် ဤပျက်စီးနေသော ကျင့်စဉ်ကို အခြေခံ၍ အတွင်းစည်း ထိပ်သီးတပည့် ဆယ်ဦး၏ အဆင့် ၃ နေရာကို စိတ်ချလက်ချ ရယူနိုင်ခဲ့ခြင်း ဖြစ်၏။ အကယ်၍ သူသာ လောဘမကြီးဘဲ လော့ချန်နှင့် မတွေ့ခဲ့ပါက နောင်တစ်ချိန်တွင် သေချာပေါက် မဟာသန်မာသူကြီးတစ်ဦး ဖြစ်လာမှာ ဖြစ်ပေသည်။

“ဒီဓားကျင့်စဉ်နဲ့ကိုယ်ဟန်လှုပ်ရှားမှုကျင့်စဉ်က နတ်ဆိုးအဆင့် ကျင့်စဉ်တွေထဲမှာတောင် ထိပ်တန်းတွေ ဖြစ်မှာပဲ... ဂိုဏ်းကြီးသုံးဂိုဏ်း တစ်ခုလုံးမှာတောင် ဒီလိုကျင့်စဉ်မျိုး အနည်းငယ်ပဲ ရှိလိမ့်မယ်... ချီယွီ ဘယ်ကနေ ရခဲ့တာလဲ မသိဘူး...”

ခဏမျှ လှန်လှောကြည့်ပြီးနောက် လော့ချန်သည် ထိုကျင့်စဉ်စာအုပ်ကို ပြန်သိမ်းလိုက်ပြီး နောင်မှသာ သေသေချာချာ လေ့လာရန် ဆုံးဖြတ်လိုက်သည်။

ပျက်စီးနေသည်ဆိုသော်လည်း နတ်ဆိုးအဆင့် ကျင့်စဉ်ဖြစ်သဖြင့် သေသေချာချာ လေ့လာမည်ဆိုပါက သူ၏ ဓားကွက်နှင့်ကိုယ်ဟန်လှုပ်ရှားမှုများအတွက် သေချာပေါက် အထောက်အကူ ဖြစ်စေမှာ ဖြစ်သည်။

နောက်ဆုံးတွင် လော့ချန်သည် သွေးဝိညာဉ်ဂိုဏ်း မဟာသန်မာသူကြီး၏ သိုလှောင်လက်စွပ်ကို ကြည့်လိုက်သည်။

မဟာသန်မာသူကြီးတစ်ဦး ချန်ထားခဲ့သော ချီစွမ်းအင်တံဆိပ်မှာ အလွန်ပင် သန်မာလှသဖြင့် သာမန် သွေးကြောနိုးကြားမှုနယ်ပယ် ကျင့်ကြံသူများအနေနှင့် ဤလက်စွပ်ကို ရရှိခဲ့လျှင်ပင် အတွင်းမှ တံဆိပ်ကို ဖျက်ဆီးရန် ခက်ခဲပေလိမ့်မည်။ သို့သော်လည်း စိတ်ဝိညာဉ်စွမ်းအင် သန်မာလှသော လော့ချန်အတွက်မူ ဤသည်မှာ ခက်ခဲသော ကိစ္စ မဟုတ်ပေ။ ခဏအကြာတွင် လော့ချန်သည် မဟာသန်မာသူကြီး ချန်ထားခဲ့သော ချီစွမ်းအင်တံဆိပ်ကို အကုန်အစင် ဖျက်ဆီးပစ်လိုက်သည်။

“ဝုန်း...”

ဟင်းလင်းပြင်မှာ အနည်းငယ် တုန်ခါသွားခဲ့ပြီး လော့ချန်၏ စိတ်အာရုံမှာ အခန်းတစ်ခန်းခန့် ကျယ်ဝန်းသော နေရာလွတ်တစ်ခုအတွင်းသို့ ရောက်ရှိသွားတော့သည်။

အခန်း ၆၈၁ ပြီးပါပြီ။

All Chapters