အခန်း (၆၈၂-၆၈၄)
Vol. 46 Ch. 682-684
အခန်း ၆၈၂ - သန်းပေါင်းသောင်းချီသော ဥစ္စာပစ္စည်း၊ သွေးဝိညာဉ်ဝါးမြိုခြင်းကျင့်စဉ်
များပြားလှသော ဥစ္စာပစ္စည်းများပင်တည်း။
စိတ်အာရုံသည် သိုလှောင်လက်စွပ်၏ နေရာလွတ်အတွင်းသို့ ရောက်ရှိသွားသည်နှင့် လော့ချန်သည် တည်ငြိမ်သော စိတ်ဓာတ်ရှိသူဖြစ်သော်လည်း အသက်ကို ဝဝရှူလိုက်မိသည်။ သိုလှောင်လက်စွပ်၏ ကျယ်ဝန်းလှသော အတွင်းပိုင်းနေရာတစ်ခုလုံးမှာ အလွန်တန်ဖိုးရှိသည့် ပစ္စည်းများဖြင့် ပြည့်နှက်နေခဲ့၏။
အကြည့်ရောက်ရာ အပြင်ဘက်ဆုံးတွင် သွေးဆေးလုံးများနှင့် ချီစွမ်းအင်ဆေးလုံးများ ထည့်ထားသော သေတ္တာများကို အစီအရီ တွေ့ရပြီး သေတ္တာတစ်လုံးစီ၌ အနည်းဆုံး ဆေးလုံးပေါင်း သောင်းနှင့်ချီ၍ ရှိနေနိုင်သည်။ လော့ချန် တစ်ချက်ကြည့်လိုက်ရာတွင်ပင် ချီစွမ်းအင်ဆေးလုံးနှင့် သွေးအနှစ်သာရဆေးလုံးသေတ္တာပေါင်း ရာနှင့်ချီ၍ ရှိနေပြီး ၎င်းမှာ ငွေစသန်းပေါင်း သောင်းနှင့်ချီသော များပြားလှသည့် ဥစ္စာပစ္စည်းများဖြစ်ကာ တာယွဲ့မင်းဆက်ရှိ အင်အားကြီးမိသားစုအချို့နှင့်ပင် နှိုင်းယှဉ်နိုင်သည်။
ဆေးလုံးသေတ္တာများ၏ ဘေးတွင်မူ များပြားလှသော ရွှေပြား၊ ငွေစများ ရှိနေပြီး ခန့်မှန်းခြေ တွက်ချက်ကြည့်လျှင် အနည်းဆုံး သန်းပေါင်း ထောင်ချီ၍ ရှိနေမည်မှာ သေချာလှပေသည်။
“ဒီမှာတင် ငွေစ သန်းပေါင်း နှစ်သောင်းနီးပါး ရှိနေတာပဲ... သန်မာတဲ့သူတစ်ယောက် ပီသပါပေတယ်”
လော့ချန်၏ ရင်ခုန်သံများ မြန်လာတော့သည်။ ငွေစ သန်းဂဏန်း၊ ဆယ်ဂဏန်းခန့်ကို အစွမ်းထက်သော သွေးကြောနိုးကြားမှုနယ်ပယ် သန်မာသူများအနေဖြင့် လွယ်လွယ်ကူကူ ရရှိနိုင်သော်လည်း စုဆောင်းရန်မှာမူ အတော်လေး ခက်ခဲလှပေသည်။ အဘယ်ကြောင့်ဆိုသော် ကျင့်ကြံဆင့် မြင့်မားလာလေလေ အသုံးစရိတ်မှာ ပိုမိုများပြားလာလေလေ ဖြစ်သောကြောင့်ပင်။
ကြယ်လေးပွင့် ရတနာဆေးလုံးတစ်လုံးဆိုလျှင်ပင် သန်းဂဏန်းခန့် ရှိတတ်ပြီး ကြယ်ငါးပွင့်ဆိုလျှင်မူ ဆယ်သန်းကျော်သွားပြီ ဖြစ်သည်။ ၎င်းမှာ ရတနာလက်နက်များနှင့် အခြားသော အဆောင်အယောင်ပစ္စည်းများ မပါသေးပေ။ သွေးကြောနိုးကြားမှုနယ်ပယ် ကျင့်ကြံသူအများစုမှာ ပုံမှန်ကျင့်ကြံမှုအတွက်ပင် အသည်းအသန် ရှာဖွေနေကြရခြင်းဖြစ်သောကြောင့် အများစုမှာ တစ်သက်လုံး၌ပင် သန်းပေါင်း တစ်ထောင်ခန့် စုမိရန် ခဲယဉ်းလှသည်။
လော့ချန်သည် ယခုကဲ့သို့ များပြားလှသော ဥစ္စာပစ္စည်းများကို ရုတ်တရက် ရရှိလိုက်သောကြောင့် စိတ်လှုပ်ရှားနေခြင်းမှာ အဆန်းမဟုတ်ပေ။ ထို့အပြင် သိုလှောင်လက်စွပ်ထဲ၌ ၎င်းတို့သာ ရှိနေခြင်း မဟုတ်သေးပေ။ ဆေးလုံးများနှင့် ငွေစများအပြင် အထဲတွင် အဖိုးတန်ကျောက်မျက်ရတနာများ၊ ပုလဲများနှင့် အမျိုးမျိုးသော ရတနာပစ္စည်းများ ထည့်ထားသည့် သေတ္တာများလည်း ရှိနေပြီး တစ်ခုချင်းစီမှာ အလွန်တန်ဖိုးရှိလှကာ ထွက်ပေါ်နေသော ရတနာအလင်းတန်းများသည် သိုလှောင်နေရာတစ်ခုလုံးကို လင်းထိန်နေစေတော့သည်။
သေသေချာချာ ကြည့်ရှုရန် အချိန်မရှိသောကြောင့် လော့ချန်သည် အတွင်းဘက်ပိုင်းသို့ ဆက်လက်ကြည့်ရှုလိုက်သည်။ ထိုနေရာတွင် ပစ္စည်းတင်စင်များ အစီအရီ ရှိနေ၏။ စင်များပေါ်၌မူ ဝိညာဉ်ကျောက်များ၊ ရတနာဆေးလုံးများ၊ ရတနာလက်နက်များနှင့် ကျင့်စဉ်စာအုပ်များ အစရှိသည့် ပိုမိုတန်ဖိုးရှိသော အရာများကို တင်ထားသည်။
ဝိညာဉ်ကျောက်အရေအတွက်မှာ ထောင်ဂဏန်းခန့် ရှိနေပြီး အနိမ့်ဆုံးအဆင့်အတန်းပင်လျှင် ကြယ်လေးပွင့် ဖြစ်ကာ ထိုအထဲတွင် ကြယ်ခြောက်ပွင့်ဝိညာဉ်ကျောက်အချို့ပင် ပါဝင်နေသေးသည်။ အတွင်းရှိ သားရဲဝိညာဉ်များထံမှ ရံဖန်ရံခါ ဟိန်းဟောက်သံများ ထွက်ပေါ်နေပြီး ကြောက်မက်ဖွယ်ကောင်းလှသော အငြိုးအတေးများကြောင့် လော့ချန်ပင် ထိတ်လန့်သွားရ၏။ ကြယ်ခြောက်ပွင့်သားရဲဆိုသည်မှာ သန်မာသူများနှင့် တန်းတူအစွမ်းရှိသော သတ္တဝါများ ဖြစ်သောကြောင့် သေဆုံးသွားပြီ ဆိုလျှင်တောင်မှ ကျန်ရှိနေသည့် အရှိန်အဝါမှာ မသေးလှပေ။
“ရတနာတွေပဲ... ဒီလောက်များတဲ့ ဝိညာဉ်ကျောက်တွေဆိုရင် ငါ အကြာကြီး ဝါးမြိုလို့ ရပြီ... အထူးသဖြင့် ဒီကြယ်ခြောက်ပွင့် ဝိညာဉ်ကျောက်တွေကိုတော့ စတုတ္ထနယ်ပယ်ကို တက်လှမ်းတဲ့အခါ သုံးလို့ရတာပေါ့...”
လော့ချန်၏ မျက်ဝန်းများ ဝင်းလက်သွားတော့သည်။ ဤဝိညာဉ်ကျောက်များသည် အခြားသွေးကြောနိုးကြားမှုနယ်ပယ် ကျင့်ကြံသူများအတွက်မူ ဥစ္စာပစ္စည်းအဖြစ် လဲလှယ်ရန်မှလွဲ၍ သိပ်အသုံးမဝင်လှပေ။ သို့ရာတွင် သူ့အတွက်မူ ကျင့်ကြံမှုအရှိန်မြှင့်ရန်အတွက် အဖိုးတန်ရတနာများပင် ဖြစ်၏။ ကျင့်ကြံဆင့် တစ်ဟုန်ထိုး မြင့်တက်လာသည်နှင့်အမျှ လော့ချန်၏ ဝါးမြိုနိုင်စွမ်းမှာလည်း ပိုမိုသန်မာလာခဲ့ရာ တစ်ရက်တည်းနှင့်ပင် ကြယ်လေးပွင့်ဝိညာဉ်ကျောက် အမြောက်အမြားကို ဝါးမြိုနိုင်စွမ်း ရှိနေပြီ ဖြစ်သည်။
ဝိညာဉ်ကျောက်များ၏ အနောက်ကစင်ပေါ်တွင်မူ ဆေးလုံးများကို တင်ထားသည်။ စင်မှာ ခြောက်ထပ်ရှိပြီး ပထမအထပ်မှ ငါးထပ်အထိကို ကြယ်တစ်ပွင့်မှ ကြယ်ငါးပွင့်အထိ အစဉ်လိုက် တင်ထားခြင်း ဖြစ်၏။ ခြောက်ထပ်မြောက်တွင်မူ ဆေးလုံးအနည်းဆုံးဖြစ်ပြီး ပုလင်းအနည်းငယ်သာ ရှိတော့သည်။ လော့ချန် ပုလင်းတစ်လုံးကို ယူကြည့်လိုက်ရာ ၎င်းမှာ ကြယ်ခြောက်ပွင့် ဒဏ်ရာကုဆေးလုံး ဖြစ်ပြီး နာမည်မှာ ‘လူသားဝဲဂယက်သွေးဆေးလုံး’ ဖြစ်လေ၏။
လော့ချန် ပုလင်းအဖုံးကို ဖွင့်လိုက်ရာ အထဲတွင် ဆေးလုံး သုံးလုံး ရှိနေသည်။ ဆေးလုံးများ၌ ကြယ်စင်လိုင်းကြောင်း ခြောက်ကြောင်းစီ ရှိနေပြီး အရောင်မှာ အနီရင့်ရောင် ဖြစ်ကာ မျက်နှာပြင်တွင် ဝဲဂယက်ပုံစံလိုင်းကြောင်းများ ရှိနေ၏။ သေသေချာချာ ကြည့်ရှုလျှင် ထိုလိုင်းကြောင်းများသည် သွေးရောင်ဝဲဂယက်များအလား ရှိနေပြီး အတွင်း၌ လူမျက်နှာများ အမြောက်အများ နိမ့်တုံမြင့်တုံ ဖြစ်နေသလို သွေးအရှိန်အဝါများကလည်း ထိတ်လန့်စရာ ကောင်းလှသည်။ ကြည့်ရသည်မှာ ထူးဆန်းနေသော်လည်း ထွက်ပေါ်လာသည့်ရနံ့မှာမူ စိတ်ကို ကြည်လင်လန်းဆန်းစေသော ရတနာဆေးနံ့ပင် ဖြစ်၏။
“ကြယ်ခြောက်ပွင့် ဒဏ်ရာကုဆေးလုံး... ဒါက ပိုက်ဆံရှိရင်တောင် ဝယ်ဖို့ခက်တဲ့ ရတနာပဲ”
လော့ချန် အလွန်ပင် ဝမ်းမြောက်သွားတော့သည်။ ဒဏ်ရာကုဆေးလုံးများသည် အမြဲတမ်း လူကြိုက်များသောအရာများဖြစ်ပြီး အထူးသဖြင့် အရည်အသွေးမြင့်သော ဆေးလုံးများဆိုလျှင် လေလံပွဲများတွင် လူတိုင်း အလုအယက် ဝယ်ယူကြ၏။ အဘယ်ကြောင့်ဆိုသော် အရေးကြီးသည့်အချိန်၌ အရည်အသွေးမြင့် ဒဏ်ရာကုဆေးလုံးတစ်လုံး ရှိနေခြင်းမှာ အသက်တစ်ဝက် ပိုလာသည်နှင့် တူသောကြောင့်ပင်။ ဘယ်သူမှကိုယ့်အသက်ကို တိုစေချင်မည် မဟုတ်ပေ။
ဤဆေးလုံးသည် သွေးဝိညာဉ်ဂိုဏ်း၏ ထိပ်တန်းဒဏ်ရာကုဆေး ဖြစ်နိုင်ပြီး သာမန်လူများ သုံးစွဲလျှင် ဘေးထွက်ဆိုးကျိုး ရှိနိုင်သော်လည်း လော့ချန်အတွက်မူ ထိုစိုးရိမ်မှုများ မရှိပေ။
“ဟင်... မိစ္ဆာသွေးလောင်ကျွမ်းဆေးလုံး ပါလား”
လော့ချန်သည် ထိုဆေးလုံး၏ ဘေးကပုလင်းကို သတိပြုမိလိုက်သည်။
“မိစ္ဆာသွေးလောင်ကျွမ်းဆေးလုံး... ကြယ်ခြောက်ပွင့် ထိပ်တန်းဆေးလုံး... မိစ္ဆာသားရဲရဲ့ အနှစ်သာရသွေးတွေကို အခြေခံပြီး သွေးသန့်စင်ခြင်းအတတ်နဲ့ လူပေါင်းသောင်းချီရဲ့ အနှစ်သာရသွေးတွေကို ပေါင်းစပ်ဖော်စပ်ထားတာ... သုံးစွဲသူရဲ့ အစွမ်းက တစ်ဟုန်ထိုး မြင့်တက်လာမှာဖြစ်ပြီး အနှစ်သာရသွေးတွေ အစွမ်းကုန် ပေါက်ကွဲတဲ့အချိန်မှာ ခန္ဓာကိုယ်ဟာ မိစ္ဆာသားရဲအသွင် ပြောင်းလဲသွားမှာဖြစ်သလို အစွမ်းကလည်း အထွတ်အထိပ်ကို ရောက်သွားမှာ ဖြစ်တယ်...”
ပုလင်းပေါ်က ဖော်ပြချက်ကို မြင်တွေ့လိုက်ရသည့်အခါ လော့ချန်သည် ယခင်က ထိုသက်လတ်ပိုင်းလူကို လျင်မြန်စွာ သတ်ဖြတ်နိုင်ခဲ့ခြင်းမှာ တကယ့်ကို ကံကောင်းသည်ဟု မှတ်ချက်ပြုလိုက်မိသည်။ တစ်ဖက်လူကို မိစ္ဆာသားရဲအသွင် ပြောင်းလဲခွင့် မပေးခဲ့ခြင်းမှာ အမှန်ပင် ဖြစ်၏။ မဟုတ်ပါက ထိုအချိန်က အစွမ်းနှင့်ဆိုလျှင် အသည်းအသန် တိုက်ခိုက်ရမည်မှာ သေချာလှသည်။
ပုလင်းကို အသာအယာ လှုပ်ကြည့်လိုက်ရာ အတွင်း၌ ဘာမှမရှိတော့ဘဲ ဆေးကုန်နေမှန်း သိလိုက်ရသည်။ ဤအတွက် လော့ချန် စိတ်မပျက်သည့်အပြင် စိတ်ပင် အေးသွားရ၏။ ဤဆေးလုံးက အစွမ်းထက်ပြီး အချိန်တိုအတွင်း၌ ကျင့်ကြံဆင့် နယ်ပယ်တစ်ခုခန့်ကို ခုန်တက်စေနိုင်သည်မှာ မှန်သော်လည်း အရာတိုင်းတွင် ပေးဆပ်မှု ရှိသည်မဟုတ်ပါလော။
ဤဆေးလုံး၏ ဘေးထွက်ဆိုးကျိုးမှာ အလွန်ကြီးမားလှပြီး ဆေးအရှိန်ကုန်သွားလျှင် သုံးစွဲသူ၏ စိတ်ရောကိုယ်ပါ အကြီးအကျယ် ထိခိုက်မည်ဖြစ်သလို သက်တမ်းလည်း သိသိသာသာ တိုသွားမည် ဖြစ်သည်။ ၎င်းမှာ နောင်ခါလာ နောင်ခါဈေး ဆိုသည့်ပုံစံမျိုးဖြစ်သောကြောင့် သက်တမ်းတိုတောင်းသော သွေးဝိညာဉ်ဂိုဏ်းတပည့်များသာ ၎င်းကို ဂရုမစိုက်ကြခြင်း ဖြစ်၏။
“ဒါနဲ့... အဲဒီကျင့်စဉ် ရှိမရှိ ကြည့်ရသေးတာပေါ့”
လော့ချန်သည် သွေးအကြီးအကဲ၏ အနှစ်သာရသွေး သန့်စင်သည့် နည်းလမ်းကို သတိရသွားပြီး ကျင့်စဉ်စာအုပ်များ တင်ထားသော စင်ဆီသို့ တိုက်ရိုက် သွားလိုက်သည်။ စင်ပေါ်တွင် ကျင့်စဉ်စာအုပ် အတော်များများ ရှိနေပြီး အများစုမှာ အလယ်အလတ်အဆင့်များ ဖြစ်ကာ အဆင့်မြင့်ကျင့်စဉ် ခုနစ်အုပ် ရှိနေ၏။ ထိုအထဲမှ တစ်အုပ်ဆိုလျှင် ကြယ်ရှစ်ပွင့် ထိပ်တန်းကျင့်စဉ်ပင် ဖြစ်နေသည်။
၎င်းက လော့ချန်ကို အလွန်ပင် ဝမ်းမြောက်စေသည်။ အဘိုးဖြစ်သူမှာ ယခုအခါ သွေးကြောနိုးကြားမှုနယ်ပယ်သို့ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သော်လည်း ကျင့်ကြံနေသည့် ကျင့်စဉ်မှာမူ သာမန်သာ ရှိသေးသည်။ ၎င်းမှာ ကျင့်ကြံမှုရလဒ်အပေါ် များစွာ ထိခိုက်စေမည် ဖြစ်၏။ သူသည် အဘိုးအတွက် အဆင့်မြင့်ကျင့်စဉ်တစ်ခုကို အမြဲ ရှာဖွေပေးချင်နေခဲ့သောကြောင့် ဤကြယ်ရှစ်ပွင့်ကျင့်စဉ်မှာ အချိန်ကိုက်ပင် ဖြစ်တော့သည်။
ပစ္စည်းတင်စင်၏ အမြင့်ဆုံးအထပ်တွင်မူ ကျင့်စဉ်စာအုပ် တစ်အုပ်တည်းသာ ရှိသည်။ စာအုပ်မှာ သွေးရောင်ဝင်းလက်နေပြီး မျက်နှာဖုံးပေါ်တွင် ထိတ်လန့်စရာကောင်းလှသည့် သွေးရောင်စာလုံး ခြောက်လုံး ရှိနေသည်။ သွေးဝိညာဉ်ဝါးမြိုခြင်းကျင့်စဉ် ဟူ၏။
ဖွင့်ကြည့်လိုက်ရာ...
“သွေးဝိညာဉ်ဝါးမြိုခြင်းကျင့်စဉ်... သွေးဝိညာဉ်ဂိုဏ်းရဲ့ သီးသန့်ကျင့်စဉ်ဖြစ်ပြီး သွေးဝိညာဉ်သခင်က သွေးမိစ္ဆာကို နှစ်ပေါင်းတစ်ရာကြာ လေ့လာပြီးကိုယ်တိုင် ဖန်တီးခဲ့တာ ဖြစ်တယ်... ကျင့်ကြံသူဟာ မိုးမြေကြားက သွေးအနှစ်သာရ အငွေ့အသက်တွေကို ဝါးမြိုစုပ်ယူပြီး မိမိကိုယ်မိမိ သန်မာအောင် လုပ်ဆောင်နိုင်မှာဖြစ်သလို သတ်ဖြတ်ခြင်းနဲ့ ခန္ဓာကိုယ်ကို တည်ဆောက်ပြီး သွေးနဲ့ စိတ်ဝိညာဉ်ကို မွေးမြူရမှာ ဖြစ်တယ်...”
“တကယ့်ကို ယုတ်မာလှတဲ့ ကျင့်စဉ်ပဲ... သတ်ဖြတ်ဖို့အတွက် သက်သက် တည်ရှိနေတာပဲ... ဟွန့်... ဒီသွေးဝိညာဉ်သခင် ဆိုတဲ့လူနဲ့ ငါနဲ့က တကယ့်ကို ရေစက်ရှိတာပဲ”
ကျင့်စဉ်စာအုပ်ထဲက အကြောင်းအရာများကို ကြည့်ရှုရင်း လော့ချန်သည် အေးစက်စွာ ရယ်မောလိုက်ပြီး မျက်ဝန်းထဲ၌ အလင်းတန်းများ ဝင်းလက်သွားတော့သည်။ သူသည် အရင်က ချီရှန်မြို့တွင် အမည်မသိ လူမည်းတစ်ယောက်ကို သတ်ဖြတ်ပြီး အနှစ်သာရသွေးများကို ဝါးမြိုစဉ်တုန်းက ဤသွေးဝိညာဉ်သခင်၏ အကွက်ဆင်မှုကို ခံခဲ့ရဖူးပြီး စိတ်ရောကိုယ်ပါ ပျက်စီးလုနီးပါး ဖြစ်ခဲ့ရ၏။ စစ်မှန်သောနဂါးဗိမာန်၏ ဖိနှိပ်မှုကြောင့်သာ ဘေးကင်းခဲ့ခြင်း ဖြစ်သည်။
ထိုအတွေ့အကြုံကြောင့်ပင် နောက်ပိုင်း သွေးကျီးကန်းလူသားအမြုတေနှင့် တွေ့ဆုံသည့်အခါ သူ့ထံမှ အငွေ့အသက်များကြောင့် တစ်ဖက်လူက သူ့ကို သွေးဝိညာဉ်သခင်၏ တပည့်ဟု ထင်မှတ်သွားခဲ့ခြင်း ဖြစ်သည်။ ၎င်းနှင့်ဆိုလျှင် ဤသည်မှာ လော့ချန်အနေဖြင့် သွေးဝိညာဉ်သခင်၏ ဘွဲ့နာမကို တတိယအကြိမ် မြင်တွေ့ရခြင်း ဖြစ်၏။
သွေးဝိညာဉ်ဝါးမြိုခြင်းကျင့်စဉ်အပေါ် စိတ်ဝင်စားမှု မရှိသောကြောင့် လော့ချန်သည် စာအုပ်ကို အမြန်လှန်ကြည့်လိုက်သည်။ မကြာမီမှာပင် လော့ချန်၏ မျက်ဝန်းများ ဝင်းလက်သွားတော့သည်။ သူသည် ကျင့်စဉ်အတွင်း၌ ဆက်စပ်နေသည့် လျှို့ဝှက်နည်းလမ်းတစ်ခုကို ရှာတွေ့သွားခြင်း ဖြစ်၏။
“သွေးဝိညာဉ်စိတ်ဝိညာဉ်ဆွဲယူခြင်းအတတ်... ဒါပဲ... ဒါပဲဟေ့...”
အခန်း ၆၈၂ ပြီးပါပြီ။
အခန်း ၆၈၃ - အောင်မြင်ခြင်း၊ ရောက်ရှိလာသူ
“သွေးဝိညာဉ်စိတ်ဝိညာဉ်ဆွဲယူခြင်းအတတ်... ကျင့်ကြံသူသည် သန်မာသော သွေးစွမ်းအင် ရှိရန် လိုအပ်၏။ သွေးစွမ်းအင်ကို ခန္ဓာကိုယ်အနှံ့ လှည့်ပတ်စီးဆင်းစေပြီး ဒန်ထျန်တွင် စုစည်းရမည်။ သွေးစွမ်းအင်သည် ဝဲဂယက်အသွင်ပြောင်းပြီး ပင်လယ်ပြင်အလား ဟုန်းဟုန်းထလာသည့်အခါ ဟင်းလင်းပြင်ကို ဖြတ်ကျော်၍ မိုးမြေကြားမှ သွေးအနှစ်သာရ အငွေ့အသက်များကို ဆွဲယူနိုင်လိမ့်မည်။ သွေးစွမ်းအင် သန်မာလေလေ အစွမ်းထက်လေလေပင် ဖြစ်သည်...”
“အမြင့်ဆုံးအဆင့်သို့ ရောက်သည့်အခါတွင်မူ တန်းတူအဆင့်ရှိသော ပြိုင်ဘက်၏ ကာကွယ်ရေးချီစွမ်းအင်ကို ဟင်းလင်းပြင်မှ ဖောက်ထွက်ဖျက်ဆီးနိုင်မည်ဖြစ်သလို စိတ်ဝိညာဉ်ကို ခြောက်ခြားစေပြီး အနှစ်သာရသွေးများကိုပါ နုတ်ယူသတ်ဖြတ်နိုင်လိမ့်မည်”
“ဟင်း... တကယ်ကို ထူးခြားတာပဲ”
သွေးဝိညာဉ်စိတ်ဝိညာဉ်ဆွဲယူခြင်းအတတ်၏ ဖော်ပြချက်ကို ကြည့်ရှုရင်း လော့ချန်သည် ထိတ်လန့်သွားရ၏။ ဤလျှို့ဝှက်ကျင့်စဉ်သည် အမြင့်ဆုံးအဆင့်သို့ ရောက်လျှင် တန်းတူအဆင့်ရှိသော ပြိုင်ဘက်၏ ကာကွယ်ရေးချီကိုပင် ဟင်းလင်းပြင်မှ ဖောက်ထွက်ဖျက်ဆီး၍ အသက်ကို နုတ်ယူနိုင်သည်ဆိုပါတကား။ ၎င်းသည် မည်သို့သော အစွမ်းမျိုးနည်း၊ တကယ့်ကို အံ့မခန်းအတတ်ပညာဖြစ်သောကြောင့် လူတိုင်းကို အံ့ဩသွားစေမည်မှာ သေချာလှပေသည်။
“ဒီ သွေးဝိညာဉ်ဝါးမြိုခြင်းကျင့်စဉ်က ကြယ်ဆယ်ပွင့် နတ်ဆိုးအဆင့် ကျင့်စဉ်ထက်တောင် ပိုပြီး နက်နဲဦးမှာပဲ... သွေးဝိညာဉ်သခင်က ဒီလောက်အထိ အစွမ်းထက်တဲ့ကျင့်စဉ်ကိုကိုယ်တိုင်ဖန်တီးနိုင်တယ်ဆိုရင် သူကိုယ်တိုင်ရဲ့ အစွမ်းအစစ်အမှန်က ဘယ်လောက်အထိ ရှိမလဲ...”
ထိုသို့ တွေးမိလိုက်သည်နှင့် လော့ချန်၏ အကြည့်များသည် တည်ငြိမ်သွားတော့သည်။ သူသည် ကျင်းမိသားစုမှ ထိုသခင်ကို သတိရလိုက်၏။ သွေးဝိညာဉ်သခင်ဖြစ်စေ၊ ထိုကျင်းမိသားစုမှ သခင်ဖြစ်စေ ယခုလက်ရှိ သူနှင့်ဆိုလျှင်မူ လှမ်း၍မမီနိုင်သော တည်ရှိမှုများပင် ဖြစ်တော့သည်။
“ငါ အမြန်ဆုံး သန်မာလာဖို့ လိုတယ်”
အသက်ကို ဝဝရှူလိုက်ပြီး လော့ချန်သည် စိတ်ကို ပြန်လည်တည်ငြိမ်အောင် လုပ်ဆောင်ကာ သွေးဝိညာဉ်စိတ်ဝိညာဉ်ဆွဲယူခြင်းအတတ်၏ ကျင့်ကြံပုံနည်းလမ်းကို သေသေချာချာ လေ့လာလိုက်သည်။
“ဟင်...”
ခဏအကြာတွင်မူ လော့ချန်၏ မျက်မှောင်များ တွန့်ချိုးသွားတော့သည်။ ကျင့်စဉ်စာအုပ်ထဲ၌ သွေးစွမ်းအင်ဝဲဂယက်ကို မည်သို့ကျင့်ကြံရမည်ဆိုသည်အထိသာ ပါရှိပြီး အနောက်ပိုင်းအဆင့်များအတွက်မူ ဘာမှမရှိဘဲ ဟောင်းလောင်းပင် ဖြစ်နေတော့၏။ သွေးဝိညာဉ်ဝါးမြိုခြင်းကျင့်စဉ်သည်လည်း အစုံအလင် မဟုတ်သေးဘဲ သန်မာသူအဆင့်သို့ မတိုင်ခင်အထိ ကျင့်ကြံရမည့် နည်းလမ်းများကိုသာ မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။
“ကြည့်ရတာ ဒီကျင့်စဉ်စာအုပ်က မိတ္တူစာအုပ်ပဲ ဖြစ်မှာပဲ... အဲဒီ သွေးအကြီးအကဲက သန်မာတဲ့သူအဆင့်ပဲ ရှိသေးတာဆိုတော့ သွေးဝိညာဉ်ဝါးမြိုခြင်းကျင့်စဉ်နဲ့ စိတ်ဝိညာဉ်ဆွဲယူခြင်းအတတ် အပြည့်အစုံကို ရဖို့ အရည်အချင်း မရှိသေးတာ ဖြစ်မှာပေါ့”
လော့ချန်သည် တိုးတိုးလေး ရေရွတ်လိုက်မိသည်။ ဤသည်မှာလည်း သိပ်တော့ အံ့ဩစရာ မဟုတ်ပေ။ ရွှမ်ယွမ်ဂိုဏ်းတွင်လည်း အဆင့်မြင့်ကျင့်စဉ် အစစ်အမှန်များကို တပည့်များ ဂိုဏ်းအပြင်ဘက် ယူဆောင်သွားခွင့် မပြုဘဲ တစ်ဝက်ခန့်ကိုသာ မိတ္တူကူးခွင့်ပေးခြင်း သို့မဟုတ် ကျင့်ကြံရမည့်အပိုင်းကိုသာ ကူးခွင့်ပေးခြင်းမျိုး ရှိတတ်၏။ ထိုအပိုင်းကို အောင်မြင်စွာ ကျင့်ကြံပြီးမှသာ တပည့်များသည် ကျင့်စဉ်တိုက်သို့ ပြန်လာပြီး ကျန်ရှိသောအပိုင်းများကို လဲလှယ်ယူရခြင်း ဖြစ်သည်။
၎င်းသည် ဂိုဏ်း၏ သီးသန့်ကျင့်စဉ်များ အပြင်သို့ ပေါက်ကြားမသွားစေရန်နှင့် ဂိုဏ်း၏ အင်အားနှင့် အဆင့်အတန်းကို မထိခိုက်စေရန် တားဆီးသော နည်းလမ်းတစ်ခုပင် ဖြစ်၏။ သွေးဝိညာဉ်ဝါးမြိုခြင်းကျင့်စဉ်မှာ သွေးဝိညာဉ်သခင်၏ကိုယ်ပိုင်ကျင့်စဉ်ဖြစ်သောကြောင့် ၎င်းကို လူတိုင်းကို အလွယ်တကူ ပေးမည်မဟုတ်သလို ပေးရန်လည်း မလိုပေ။ ဤကဲ့သို့သော အဆင့်အတန်းရှိသည့် ကျင့်စဉ်များသည် ကျင့်ကြံရန် အလွန်ခက်ခဲလှပြီး နားလည်ရန် အချိန်အတော်ကြာ လိုအပ်သောကြောင့် ချက်ချင်းကြီး အောင်မြင်မည် မဟုတ်ပေ။
ကျင့်ကြံသူ လိုအပ်သည့်အတိုင်း တစ်ဆင့်ချင်းစီ ပေးအပ်ခြင်းသည် ကျင့်စဉ်ပေါက်ကြားမှုကို တားဆီးနိုင်သလို ဂိုဏ်းဝင်တပည့်များ၏ သစ္စာရှိမှုကိုလည်း ရရှိစေနိုင်သောကြောင့် တစ်ချက်ခုတ် နှစ်ချက်ပြတ် နည်းလမ်းပင် ဖြစ်သည်။
“ဒီအပိုင်းကတော့ ငါသုံးဖို့ လုံလောက်ပါတယ်... ကျန်တဲ့အပိုင်းတွေကိုတော့ နောက်မှပဲ အခွင့်အရေးရရင် ကြည့်ရသေးတာပေါ့”
အနည်းငယ် စိတ်ပျက်သွားသော်လည်း လော့ချန်သည် ချက်ချင်းပင် စိတ်ကို ပြန်ထိန်းလိုက်သည်။ သူသည် သွေးဝိညာဉ်စိတ်ဝိညာဉ်ဆွဲယူခြင်းအတတ်ကို ကျင့်ကြံခြင်းမှာ အဓိကအားဖြင့် သူ၏ ဝါးမြိုနိုင်စွမ်းကို ဖုံးကွယ်ရန်အတွက် ဖြစ်ပြီး အခုလိုမျိုး အချိန်တိုင်း စိုးရိမ်တကြီးနှင့် သတိထားနေရသည့်ဘေးမှကင်းဝေးစေရန်ပင် ဖြစ်၏။
ကျင့်စဉ်စာအုပ်ထဲမှ မှတ်တမ်းအရ သွေးစွမ်းအင်ဝဲဂယက်ကို ကျင့်ကြံအောင်မြင်လျှင် ဟင်းလင်းပြင်မှ အနှစ်သာရသွေးများကို ဆွဲယူနိုင်မည်ဖြစ်သောကြောင့် ၎င်းမှာ သူ အခုလက်ရှိ အရေးတကြီး လိုအပ်နေသော အပိုင်းပင် ဖြစ်သည်။ အလိုချင်ဆုံး ကျင့်စဉ်စာအုပ်ကို ရရှိထားသောကြောင့် လော့ချန်သည် အလွန်ပင် စိတ်လှုပ်ရှားနေပြီး သွေးဝိညာဉ်စိတ်ဝိညာဉ်ဆွဲယူခြင်းအတတ် စာအုပ်ကို တိုက်ရိုက် ထုတ်ယူလိုက်သည်။
“ဝုန်း...”
လက်ကို ဝှေ့ယမ်းလိုက်ပြီး မြေပြင်ပေါ်မှ သိုလှောင်လက်စွပ်များအားလုံးကို ပြန်သိမ်းလိုက်ကာ နောက်မှသာ အချိန်ရလျှင် တစ်ခုချင်းစီ စစ်ဆေးရန် ဆုံးဖြတ်လိုက်သည်။ သူသည် သွေးဝိညာဉ်စိတ်ဝိညာဉ်ဆွဲယူခြင်းအတတ်ကို အခုချက်ချင်း စတင်ကျင့်ကြံချင်နေပြီ ဖြစ်သည်။
“တိုက်ရိုက် ကျင့်လို့ရမလား မသိဘူး...”
ကျင့်စဉ်စာအုပ်ထဲမှ ဖော်ပြချက်အရ သွေးဝိညာဉ်စိတ်ဝိညာဉ်ဆွဲယူခြင်းအတတ်ကို မကျင့်ကြံခင်တွင် သွေးဝိညာဉ်ဝါးမြိုခြင်းကျင့်စဉ်ကို အရင်ကျင့်ရမည်ဖြစ်ပြီး သွေးအနှစ်သာရများကို ဝါးမြိုသန့်စင်ကာ မိမိ၏ သွေးစွမ်းအင်ကို အရင် သန်မာအောင် လုပ်ဆောင်ရမည် ဖြစ်၏။ သွေးစွမ်းအင် လုံလောက်စွာ သန်မာမှသာ စိတ်ဝိညာဉ်ဆွဲယူခြင်းအတတ်ကို ကျင့်ကြံရန် အရည်အချင်းရှိမည်ဖြစ်ပြီး မဟုတ်လျှင်မူ အချည်းနှီး ဖြစ်ရုံတင်မကဘဲကိုယ့်ကိုယ်ကိုယ် ပြန်လည်ထိခိုက်ကာ သွေးစွမ်းအင်များ အကြီးအကျယ် ဆုံးရှုံးသွားနိုင်ပေသည်။
“ငါက ရွှေခန္ဓာအဆင့်ကို ကျင့်ကြံအောင်မြင်ထားသလို နဂါးကျင့်စဉ်ကိုလည်း ကျင့်ပြီး နဂါးအင်အားကို ရရှိထားတာပဲ... နောက်ပြီး ကောင်းကင်မိုးကြိုးသုံးဆင့်စွမ်းရည်နဲ့လည်း ခန္ဓာကိုယ်ကို မိုးကြိုးနဲ့ သန့်စင်ထားတာမို့ ငါ့ရဲ့ သွေးစွမ်းအင် သန်မာမှုက တန်းတူအဆင့် ကျင့်ကြံသူတွေထက် အများကြီး သာလွန်နေပြီး သန်မာတဲ့သူတွေနဲ့တောင် ယှဉ်နိုင်စွမ်း ရှိနေပြီ... ဒါဆို ကျင့်ဖို့ အရည်အချင်း ရှိလောက်မှာပါ...”
လော့ချန်သည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ရာကိုယ်တွင်းမှ သန်မာလှသော သွေးစွမ်းအင်များသည် ရေလှိုင်းများအလား ပြင်းထန်စွာ စီးဆင်းသွားပြီး အသံများပင် ထွက်ပေါ်လာတော့သည်။
“အများကြီး တွေးမနေတော့ဘူး... စမ်းကြည့်လိုက်ရင် သိမှာပဲ”
စာအုပ်ကို လှန်လိုက်ပြီး လော့ချန်သည် မြေပြင်ပေါ်၌ တရားထိုင်လျက် လက်နှစ်ဖက်ကို ဝမ်းဗိုက်ပေါ်တွင် တင်ကာ အာရုံများကို စုစည်းလိုက်ပြီး သွေးဝိညာဉ်စိတ်ဝိညာဉ်ဆွဲယူခြင်းအတတ်၏ နည်းလမ်းအတိုင်းကိုယ်တွင်းမှ သွေးစွမ်းအင်များကို စတင်လှည့်ပတ်လိုက်သည်။
“ဂလု... ဂလု...”
လော့ချန်၏ ထိန်းချုပ်မှုအောက်တွင်ကိုယ်တွင်းမှ သွေးစွမ်းအင် တစ်စိတ်တစ်ပိုင်းသည် မူလသွေးကြောများ၏ ချုပ်နှောင်မှုမှ လွတ်မြောက်သွားခဲ့ပြီး ခန္ဓာကိုယ်အနှံ့မှ သေးငယ်လှသော အကြောအမျှင်များဆီသို့ စတင်ထိုးဖောက်တော့သည်။ ထိုအကြောအမျှင်များသည် အပ်ချည်မျှင်လေးများအလား သေးငယ်လှပြီး မှောင်မိုက်သော ညထဲတွင် ကြယ်စုတန်းများက ဖော်ဆောင်ထားသည့် လျှို့ဝှက်လမ်းကြောင်းများအလား ရှိနေသလို ရှေးဟောင်းအဆောင်လက်ဖွဲ့ပေါ်မှ ဝေဝေဝါးဝါး အလင်းတန်းလေးများနှင့်လည်း တူညီနေသောကြောင့် ရှာဖွေရန် အလွန်ခက်ခဲလှကာ သွေးစွမ်းအင်များကို ထိုမှ ဖြတ်သန်းရန်ဆိုသည်မှာ ပို၍ပင် ခက်ခဲလှပေသည်။
ထိုအချိန်တွင် လော့ချန်၏ သန်မာလှသော စိတ်ဝိညာဉ်စွမ်းအင်က အစွမ်းပြလာတော့၏။ စိတ်ဝိညာဉ်စွမ်းအင်၏ အာရုံခံမှုအောက်တွင် သေးငယ်လှသော အကြောအမျှင် တစ်မျှင်ချင်းစီကို အထင်အရှား မြင်တွေ့နေရသောကြောင့် ဘာအမှားအယွင်းမှ မရှိပေ။
လော့ချန်၏ တွန်းပို့မှုအောက်တွင် သွေးစွမ်းအင်များသည် အတားအဆီးအဆင့်ဆင့်ကို ကျော်ဖြတ်သွားခဲ့ပြီးကိုယ်တွင်း၌ အလွန်ပင် ရှုပ်ထွေးနက်နဲလှသော လမ်းကြောင်းပြမြေပုံတစ်ခုကို ဖော်ဆောင်လိုက်ရာ ဒန်ထျန်ဆိုသော အချက်လေး တစ်ချက်သာ ကျန်တော့သည်။ ဒန်ထျန်ကိုသာ ချိတ်ဆက်လိုက်လျှင် ဤလမ်းကြောင်းပြမြေပုံသည် အစအဆုံး ဆက်သွယ်သွားမည်ဖြစ်ပြီး ပတ်လမ်းတစ်ခု ဖြစ်ပေါ်လာကာ သွေးဝိညာဉ်စိတ်ဝိညာဉ်ဆွဲယူခြင်းအတတ် အောင်မြင်သွားမည် ဖြစ်၏။
သို့သော် ထိုအချက်ကို ချိတ်ဆက်ရန်မှာမူ မလွယ်ကူလှပေ။ ဒန်ထျန်အတွင်း၌ သွေးကြော မရှိသောကြောင့် ၎င်းသည် သွေးကြောသစ်တစ်ခုကို ဖောက်လုပ်ရမည် ဖြစ်သည်။
“ဒါကြောင့်ကိုး... ဒီလျှို့ဝှက်ကျင့်စဉ်က ကျင့်ကြံသူရဲ့ သွေးစွမ်းအင်အပေါ်မှာ အလွန်မြင့်မားတဲ့ တောင်းဆိုမှု ရှိနေတာ... သွေးစွမ်းအင် မသန်မာရင် သွေးစွမ်းအင်တွေကို လှည့်ပတ်ဖို့တောင် မဖြစ်နိုင်ဘူး... ဒန်ထျန်မှာ သွေးကြောသစ် ဖောက်ဖို့ဆိုတာကတော့ ပိုတောင် မဖြစ်နိုင်သေးတယ်...”
တီးတိုးရေရွတ်လိုက်ပြီး လော့ချန်သည် သွေးအနှစ်သာရရတနာလုံးကို ပါးစပ်ထဲ ငုံလိုက်သည်။ အောင်မြင်ခြင်း၊ ရှုံးနိမ့်ခြင်းမှာ ဤတစ်ချက်တည်းပေါ်တွင်သာ ရှိတော့၏။ အာရုံအားလုံးကို စုစည်းလိုက်ပြီး လော့ချန်သည် တစ်ကိုယ်လုံးမှ သွေးစွမ်းအင်များကို နှိုးဆွလျက် ဒန်ထျန်ဆီသို့ အစွမ်းကုန် ထိုးနှက်လိုက်သည်။
“ဘုန်း...”
ဒန်ထျန်သည် အနည်းငယ် တုန်ခါသွားခဲ့ပြီး လော့ချန်သည် မိုးကြိုးပစ်ခံလိုက်ရသလို ခံစားလိုက်ရကာ တစ်ကိုယ်လုံး ဖြူဖျော့သွားတော့သည်။ သွေးအနှစ်သာရရတနာလုံးမှ နွေးထွေးသော စွမ်းအင်များ ချက်ချင်း ထွက်ပေါ်လာခဲ့ပြီး ခန္ဓာကိုယ်အနှံ့သို့ စီးဆင်းသွားကာ ဆုံးရှုံးသွားသည့် သွေးစွမ်းအင်များကို ပြန်လည်ဖြည့်တင်းပေးလိုက်သည်။
ပထမအကြိမ်မှာ ရှုံးနိမ့်မှုနှင့် အဆုံးသတ်သွားခဲ့၏။ လော့ချန်သည် စိတ်ဓာတ်ကျခြင်း မရှိဘဲ သွေးစွမ်းအင်များကို ဆက်လက်ထိန်းချုပ်လျက် ထိုးနှက်နေတော့သည်။
“ဘုန်း... ဘုန်း... ဘုန်း... ဘုန်း...”
မည်မျှကြာသွားသည် မသိရဘဲ အကြိမ်ကြိမ် ကြိုးစားပြီးသည့်နောက်တွင်မူ လော့ချန်သည် အကောင်းဆုံး နေရာတစ်ခုကို ရှာတွေ့သွားခဲ့ပြီး အစွမ်းကုန် ဆက်လက်ထိုးနှက်လိုက်သည်။ နောက်ဆုံးတွင်မူ...
“ခရက်...”
အက်ကွဲသံတစ်ခုနှင့်အတူ လမ်းကြောင်း၏ နောက်ဆုံးအချက်မှာ ပွင့်ထွက်သွားတော့သည်။
“ဝုန်း... ဝုန်း...”
လမ်းကြောင်း ပြီးဆုံးသွားသည့် တစ်ခဏ၌ သွေးစွမ်းအင်များသည် ဆည်ကျိုးသွားသော ရေများအလားကိုယ်တွင်း၌ ဟိန်းဟောက်စီးဆင်းသွားခဲ့ပြီး လှည့်ပတ်မှုအရှိန်သည်လည်း သုံးဆကျော် မြင့်တက်လာကာ တစ်ကိုယ်လုံးမှ သွေးစွမ်းအင်များပါ လိုက်ပါသန်မာလာတော့၏။ ထို့နောက်တွင်မူ ဒန်ထျန်ဆီမှ သိသာလှသော သွေးရောင်အလင်းတန်းများ ထွက်ပေါ်လာခဲ့ပြီး ဝေဝေဝါးဝါးရှိလှသည့် သွေးရောင်စွမ်းအင်အလုံးလေးတစ်ခုမှာ အဆက်မပြတ် လည်ပတ်နေကာ အားအင်များ ပြည့်နှက်နေပုံရတော့သည်။
“သွေးစွမ်းအင်ဝဲဂယက်... အောင်မြင်သွားပြီ...”
လော့ချန်၏ အသံတွင် ဝမ်းမြောက်မှုများ ပြည့်နှက်နေတော့သည်။ မကျင့်ကြံခင်တုန်းကမူ သူသည် သွေးဝိညာဉ်စိတ်ဝိညာဉ်ဆွဲယူခြင်းအတတ်ကို အောင်မြင်ရန် သိပ်ပြီး သေချာမှု မရှိခဲ့ဘဲ စမ်းကြည့်ချင်ရုံသာ ရှိခဲ့ခြင်း ဖြစ်၏။ မည်သို့ပင်ဆိုစေ စိတ်ဝိညာဉ်ဆွဲယူခြင်းအတတ်မှာ နတ်ဆိုးအဆင့် လျှို့ဝှက်ကျင့်စဉ် ဖြစ်သောကြောင့် ကျင့်ချင်တိုင်း ကျင့်၍ရသည် မဟုတ်ပေ။
အရာအားလုံးသည် ယခုလို ချောချောမွေ့မွေ့ ဖြစ်သွားလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။ ဒန်ထျန်ကို ထိုးနှက်ပြီး လမ်းကြောင်းဖောက်သည့်နေရာတွင် အတားအဆီး အနည်းငယ် ရှိခဲ့သည်မှလွဲ၍ ကျန်သည်များမှာ အလိုလို အဆင်ပြေသွားခဲ့ခြင်း ဖြစ်၏။
“ငါ့ရဲ့ သွေးစွမ်းအင် လုံလောက်စွာ သန်မာနေလို့ ဖြစ်မှာပဲ... စိတ်ဝိညာဉ်စွမ်းအင် သန်မာမှုနဲ့ သွေးအနှစ်သာရရတနာလုံးကလည်း အများကြီး ကူညီပေးခဲ့တာပဲ”
ထို့နောက် သူသည် ပတ်ဝန်းကျင်ကို အနည်းငယ် သတိထားကြည့်လိုက်၏။
“ဟင်... မိုးလင်းသွားပြီပဲ”
လော့ချန်သည် ခဏလေးသာ ကျင့်လိုက်ရသည်ဟု ထင်နေသော်လည်း ကောင်းကင်ယံတွင်မူ နေသည် မြင့်နေပြီဖြစ်ရာ နာရီပေါင်းများစွာ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်၏။
“စမ်းကြည့်ရသေးတာပေါ့...”
မတ်တတ်ရပ်လိုက်ပြီး လော့ချန်သည် လေ့ကျင့်ရေးကွင်းထဲမှ ထွက်လာကာ ညာဘက်လက်ငါးချောင်းကို ဖြန့်လိုက်ပြီး ဝိညာဉ်စမ်းရေဆီသို့ သွေးဝိညာဉ်စိတ်ဝိညာဉ်ဆွဲယူခြင်းအတတ်ကို နှိုးဆွလိုက်သည်။
“ဝုန်း...”
ကိုယ်တွင်းမှ သွေးစွမ်းအင်ဝဲဂယက်သည် အနည်းငယ် တုန်ခါသွားခဲ့ပြီး လော့ချန်၏ ညာဘက်လက်သည် သွေးချင်းနီသွားကာ ပုံသဏ္ဌာန်မရှိသော ဆွဲယူအားတစ်ခု ထွက်ပေါ်သွားတော့၏။
“ရှူး...”
ဝိညာဉ်စမ်းရေထဲမှ သွေးရောင်အငွေ့အသက်လေးများ ထွက်ပေါ်လာခဲ့ပြီး လော့ချန်၏ လက်ဝါးထဲတွင် စုစည်းသွားတော့သည်။
“ဟင်... ဒီစမ်းရေထဲမှာ တကယ်ပဲ သွေးအနှစ်သာရ အငွေ့အသက်တွေ ရှိနေတာလား... မနေ့ညက ဘာလို့ မတွေ့ခဲ့တာပါလိမ့်...”
လက်ဖဝါးထဲမှ အနီရင့်ရောင် သွေးအငွေ့အသက်လေးကို ကြည့်ပြီး လော့ချန် အတော်ပင် ထူးဆန်းသွားရသည်။ အခုမှ အောင်မြင်ကာစ စိတ်ဝိညာဉ်ဆွဲယူခြင်းအတတ်မှာ ဟင်းလင်းပြင်မှ သွေးစွမ်းအင်များကို ဆွဲယူရုံသာ ရှိသေးသောကြောင့် လော့ချန်က အစမ်းသုံးကြည့်ရုံသာ ရှိသေးသည်။ သို့သော် ဝိညာဉ်စမ်းရေထဲမှ သွေးအနှစ်သာရများကို တကယ် ဆွဲယူနိုင်လိမ့်မည်ဟု မထင်ထားခဲ့ပေ။
“ဒေါက်... ဒေါက်...”
လော့ချန်သည် အသေးစိတ် ထပ်ကြည့်ရန် ပြင်လိုက်စဉ်မှာပင် အပြင်တံခါးဆီမှ တံခါးခေါက်သံ ထွက်ပေါ်လာသည်။
“ဘယ်သူက ဒီအချိန်မှာ ငါ့ကို လာရှာတာလဲ...”
လော့ချန် အနည်းငယ် အံ့ဩသွားရ၏။
လက်ဖဝါးကို ဆုပ်လိုက်ရာ ထိုသွေးအငွေ့အသက်လေးမှာ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။ လော့ချန်က အသံကိုမြှင့်ပြီး ဆိုလိုက်၏။
“ဝင်လာခဲ့ပါ...”
အခန်း ၆၈၃ ပြီးပါပြီ။
အခန်း ၆၈၄ - ပထမမင်းသား လာရောက်လည်ပတ်မှု၊ ချီမိသားစုထံမှ ခြိမ်းခြောက်မှု
“ကျွီ...”
တံခါးပွင့်သွားပြီး ချောမောလှပသော အစေခံမိန်းကလေးတစ်ဦး ဝင်ရောက်လာသည်။
“ဘာကိစ္စလဲ...”
“သခင်လေး... အပြင်မှာ လူတစ်ယောက် လာရှာနေပါတယ်၊ သခင်လေးရဲ့ သူငယ်ချင်းလို့ ပြောပါတယ်ရှင်”
အစေခံမိန်းကလေး၏ လေသံမှာ ရိုသေကိုင်းညွတ်လှပြီး လော့ချန်ကိုလည်း ခိုး၍ အကဲခတ်နေမိ၏။ လော့ချန်၏အမည်မှာ ယွမ်ချွမ်မြို့၌ ဟိုးဟိုးကျော်နေပြီဖြစ်ရာ သူမလည်း လော့ချန်၏ အဆင့်အတန်းကို သိရှိထားပြီးဖြစ်သည်။ လူအများစုကဲ့သို့ပင် သူသည် ယွမ်ထျန်ယန်ကို စိန်ခေါ်ဝံ့ခြင်းအပေါ် သူမလည်း အလွန်ပင် စူးစမ်းလိုစိတ်ဖြစ်ကာ မယုံနိုင်အောင် ဖြစ်နေရသည်။
“အော်... ငါ့သူငယ်ချင်းတဲ့လား...”
လော့ချန်သည် ယခင်က တွေ့ခဲ့သော ရွှမ်ယွမ်ဂိုဏ်းတပည့် သုံးဦးကို သတိရလိုက်၏။ ထိုသူသုံးဦး နောက်ထပ် ဒုက္ခရောက်နေပြန်ပြီလားဟု သူ ထင်မှတ်လိုက်ခြင်းဖြစ်သည်။ ဘာပဲဖြစ်ဖြစ် အခုအချိန်မှာ မြို့ထဲ၌ လျှပ်ယွမ်ဂိုဏ်းတပည့်များ နေရာအနှံ့ ရှိနေသည်မဟုတ်ပါလော။ ဂိုဏ်းနှစ်ဂိုဏ်းမှ တပည့်များမှာလည်း တစ်ဦးကိုတစ်ဦး ကြည့်မရကြပေ။
“လမ်းပြစမ်း...”
“ဟုတ်ကဲ့ပါရှင်”
လော့ချန် အပြင်သို့ ထွက်လာခဲ့ပြီး ဘေးချင်းကပ်လျက်ရှိသော ‘က-၅’ ဝင်းဘက်သို့ တစ်ချက် လှမ်းကြည့်လိုက်သည်။ ဝင်းတံခါးမှာ တင်းတင်းပိတ်ထားပြီး အတွင်းမှ ချီစွမ်းအင်လှုပ်ရှားမှုများကို ဝေဝေဝါးဝါး ခံစားနေရ၏။ ယင်းလီသည် ကျင့်ကြံနေခြင်း ဖြစ်မှာသေချာသည်။
အမှန်တကယ်တွင်မူ ဤခရီးစဉ်တစ်လျှောက်လုံး၌ ယင်းလီသည် အလွန်ပင် အားထုတ်ကြိုးပမ်းနေသည်ကို လော့ချန် တွေ့ရှိခဲ့ရသည်။ သူမသည် အချိန်ရလျှင် ရသလို ကျင့်ကြံနေလေ့ရှိ၏။ ဤသည်မှာ လော့ချန်ကို ဖိအားတစ်ခု ခံစားရစေသည်။ သူ ကြိုးစားနေသကဲ့သို့ အခြားသူများလည်း ပေါ့ဆနေကြခြင်း မရှိပေ။ တကယ့်ပါရမီရှင်များမှာ သာမန်လူများထက်ပင် ပိုမို၍ ကြိုးစားကြသေးသည်။ ထိုသူများကို လိုက်မီရန်အတွက်ဆိုလျှင် ထူးခြားသော အခွင့်အရေးများ လိုအပ်ရုံတင်မကဘဲ အခြားသူများထက် ပိုမို၍ ပေးဆပ်ရန်လည်း လိုအပ်ပေသည်။
ယင်းလီကို မနှောင့်ယှက်တော့ဘဲ လော့ချန်သည် လှမ်းထွက်ခဲ့၏။ အစေခံမိန်းကလေး၏ လမ်းပြမှုအောက်တွင် လော့ချန်သည် ခြံဝင်းငယ်များကို ဖြတ်ကျော်လာခဲ့ပြီး ပန်းမာန်များဖြင့် ဝေဆာနေသော ကျယ်ဝန်းလှသည့် ခြံဝင်းကြီးအတွင်းသို့ ရောက်ရှိလာသည်။
ခြံဝင်းအတွင်း၌ လူငယ်နှစ်ဦးမှာ တိုးတိုးတိတ်တိတ် စကားပြောဆိုရင်း ငြိမ်သက်စွာ စောင့်ဆိုင်းနေကြသည်။ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးဖြစ်ပြီး အမျိုးသားမှာကိုယ်ဟန်မြင့်မားတောင့်တင်းကာ အကြည့်များမှာ လျှပ်စီးတစ်ခုအလား ထက်မြက်လျက် အရှိန်အဝါကြီးမားလှ၏။ အမျိုးသမီးမှာမူကိုယ်ဟန်လှပတင့်တယ်ပြီး ဆံနွယ်များကို အပေါ်သို့ မြင့်မြင့်စည်းထားကာ ကြည့်ရသည်မှာ အလွန်ပင် ရဲရင့်တက်ကြွလှပေသည်။
“အစ်ကိုတို့ပါလား...”
ထိုသူနှစ်ဦး၏ ရုပ်ရည်ကို အထင်အရှား မြင်လိုက်ရသည့်အခါ လော့ချန် အနည်းငယ် အံ့ဩသွားရသည်။ ၎င်းတို့မှာ ပထမမင်းသား ကျင်းထျန်တူ နှင့် နဝမမင်းသမီး ကျင်းယွီရှီးတို့ ဖြစ်ကြ၏။
“လော့ချန်...”
ထိုသူနှစ်ဦးမှာ ရှေ့သို့ လာရောက် နှုတ်ဆက်ကြသည်။
“ကျွန်တော် ဒီမှာရှိနေတာကို အစ်ကိုတို့ ဘယ်လိုသိတာလဲ...”
ကျင်းယွီရှီးက တောက်ပလှသော အပြုံးလေးဖြင့် ဆိုလိုက်၏။
“ဒါက ဘာဆန်းလို့လဲ... အခုဆိုရင် မင်းက နာမည်ကြီးနေပြီလေ... ငါတို့ ယွမ်ချွမ်မြို့ကို ရောက်တာနဲ့ မင်းရဲ့ နာမည်ကို ကြားနေရတာပဲ... နာမည်ကျော်ကြားမှုနဲ့ ပတ်သက်ရင်တော့ အခုအချိန်မှာ တာယွဲ့မင်းဆက် တစ်ခုလုံးမှာ မင်းကို ယှဉ်နိုင်မယ့်သူ ရှိမှာမဟုတ်တော့ဘူး...”
လော့ချန်က ရယ်မောလျက် ဆိုလိုက်သည်။
“ယွီရှီးကလည်း အရမ်းချဲ့ကားပြောနေပါပြီ...”
“နည်းနည်းမှ မချဲ့ကားပါဘူး...”
ကျင်းယွီရှီးက ခေါင်းခါပြလိုက်၏။
“တခြားကိစ္စတွေကို ထားပါဦး... မင်းက ယွမ်ထျန်ယန်ကို စိန်ခေါ်လိုက်တဲ့ ကိစ္စက တကယ့်ကို ထိတ်လန့်စရာကောင်းပြီး ဟိုးဟိုးကျော်သွားတာလေ...”
“ယွမ်ထျန်ယန်က ကြယ်ဆယ်ပွင့် ဝိညာဉ်သိုင်းဝိညာဉ်ကို နိုးကြားထားသလို နယ်မြေအဆင့်အတန်းစာရင်းထဲ ဝင်ဖို့ လက်တစ်ကမ်းအလိုအထိ ရောက်ခဲ့တဲ့ ထိပ်သီးပါရမီရှင်ကြီးလေ... ဂိုဏ်းကြီးသုံးဂိုဏ်းရဲ့ အတွင်းစည်းမှာ နံပါတ်တစ်လို့ အားလုံးက သတ်မှတ်ထားတာ... ကျွန်မရဲ့ ဆရာတောင် သူ့ကို တာယွဲ့မင်းဆက်ရဲ့ ထိပ်သီးပါရမီရှင်ဖြစ်ပြီး တကယ့်ဓားဆန္ဒကို နားလည်ဖို့ ကြီးမားတဲ့ မျှော်လင့်ချက်ရှိသူလို့ ချီးကျူးဖူးတယ်... ဂိုဏ်းကြီးသုံးဂိုဏ်းရဲ့ အတွင်းစည်းမှာ သူ့ကိုကျော်မယ့်သူ မရှိသလို စီနီယာအစ်မကြီး ယွီလန်ရှင်းတောင် သူ့ကို မမီဘူး...”
စကားပြောရင်း ကျင်းယွီရှီးက လော့ချန်ကို စိုးရိမ်တကြီး ကြည့်ကာ ဆိုလိုက်၏။
“လော့ချန်... မင်း ယွမ်ထျန်ယန်နဲ့ သေးခြင်းရှင်ခြင်းတိုက်ပွဲ တိုက်မယ့်ကိစ္စကို ထပ်ပြီး မစဉ်းစားတော့ဘူးလား... တကယ်လို့ လိုအပ်မယ်ဆိုရင် ကျွန်မရဲ့ အစ်ကိုကြီးကို ကြားဝင်စေ့စပ်ပေးဖို့ ပြောပေးလို့ရပါတယ်... တာယွဲ့မင်းဆက် အတွင်းမှာတော့ ကျွန်မအစ်ကိုကြီးရဲ့ မျက်နှာက အနည်းငယ်တော့ အရာထင်ပါတယ်...”
လော့ချန်က ချက်ချင်းပင် ခေါင်းခါပြလိုက်သည်။
“စကားက အပြင်ကို ထွက်သွားပြီးပြီလေ...ကတိဖျက်လို့ ဘယ်ဖြစ်မှာလဲ...”
ဤစကားကို ကြားလိုက်ရသည့်အခါ ကျင်းထျန်တူမှာ လော့ချန်ကို သေသေချာချာ အကဲခတ်လိုက်ပြီး ရုတ်တရက် အံ့ဩတကြီး ဆိုလိုက်၏။
“လော့ချန်... မင်း သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ အဆင့်မြင့်ပိုင်းကို တက်လှမ်းသွားပြီလား...”
“ဘာ... သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ အဆင့်မြင့်ပိုင်း ဟုတ်လား...”
ကျင်းယွီရှီးသည် လော့ချန်ကို ကြည့်ကာ မျက်လုံးများ ပြူးသွားရသည်။ သူမမှတ်မိသလောက်ဆိုလျှင် သွေးဝိညာဉ်ဂိုဏ်း အခြေစိုက်စခန်းကို တိုက်ခိုက်စဉ်တုန်းက လော့ချန်သည် သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ အစောပိုင်းအဆင့်သာ ရှိသေးသည်ကို သူမ သေသေချာချာ မှတ်မိနေ၏။ ဆယ်ရက်ကျော်အတွင်းမှာတင် သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ အဆင့်မြင့်ပိုင်းကို တက်လှမ်းသွားသည်ဆိုတော့ ဤတိုးတက်မှုမှာ တကယ့်ကို လျင်မြန်လွန်းလှပေသည်။
လော့ချန်က ပြုံးလျက် ဆိုလိုက်၏။
“ဒီရက်ပိုင်းအတွင်း ကံကောင်းလို့ အခွင့်အရေးအချို့ ရခဲ့သလို စီနီယာယင်းလီရဲ့ စောင့်ရှောက်မှုကြောင့်လည်း ကျင့်ကြံဆင့်က အနည်းငယ် တိုးတက်လာတာပါ...”
လော့ချန်သည် ယင်းလီကိုသာ အကြောင်းပြချက်အဖြစ် တိုက်ရိုက် သုံးလိုက်သည်။ ဘာပဲဖြစ်ဖြစ် ဤကိစ္စကို တစ်ဖက်လူက ယင်းလီထံ သွားရောက်စုံစမ်းမှာ မဟုတ်ပေ။
“စီနီယာယင်းလီလည်း ယွမ်ချွမ်မြို့ကို လာတာလား...”
ကျင်းယွီရှီး၏ အာရုံမှာ ချက်ချင်းပင် ပြောင်းလဲသွား၏။
“အင်း... သူ ကျွန်တော်နဲ့အတူ လာတာလေ၊ အထဲမှာ ရှိပါတယ်...”
ကျင်းထျန်တူသည် လော့ချန်ကို စိုက်ကြည့်လိုက်ပြီး ရုတ်တရက် ဆိုလိုက်၏။
“လော့ချန်... မင်း ဒီတစ်ကြိမ် ယွမ်ချွမ်မြို့ကို လာတာက ယွမ်ထျန်ယန်ကို ရင်ဆိုင်ဖို့ ယုံကြည်ချက် ရှိနေလို့ပေါ့လေ...”
လော့ချန်က နှာခေါင်းကို ပွတ်လိုက်ပြီး ဆိုလိုက်၏။
“အနည်းငယ်တော့ ရှိတာပေါ့...”
ဤစကားကို ကြားလိုက်ရသည့်အခါ ကျင်းထျန်တူ၏ မျက်ဝန်းထဲ၌ အလင်းတန်းများ ဝင်းလက်သွားခဲ့သည်။ လော့ချန်၏ စကားမှာ နှိမ့်ချနေသော်လည်း ထိုလေသံအတွင်း၌ ပြင်းထန်လှသော ယုံကြည်ချက်များကို သူ ခံစားလိုက်ရ၏။ သို့သော်လည်း ကျင်းထျန်တူအနေနှင့် ထိုယုံကြည်ချက်မှာ ဘယ်ကနေ ရောက်ရှိလာသနည်းဆိုသည်ကိုမူ မသိရှိပေ။ လော့ချန်၏ ကျင့်ကြံဆင့် တိုးတက်မှုမှာ အံ့ဩစရာကောင်းသော်လည်း မည်သည့်ဘက်မှ ကြည့်ကြည့် ယွမ်ထျန်ယန်နှင့် နှိုင်းယှဉ်ရန် ခက်ခဲနေဆဲ ဖြစ်သည်။
လော့ချန်သည် ဤအကြောင်းအရာကို ဆက်လက် မပြောလိုသဖြင့် မေးလိုက်၏။
“အစ်ကိုတို့ ကျွန်တော့်ကို လာရှာတာက ဒီကိစ္စတစ်ခုတည်းအတွက်တော့ မဟုတ်ဘူး မဟုတ်လား...”
ကျင်းထျန်တူက ခေါင်းညိတ်လိုက်ပြီး အမူအရာမှာ တည်ကြည်သွားတော့သည်။
“ငါ လာတာက မင်းကို သတိပေးချင်လို့ပါ... ချီမိသားစုကို သတိထားပါ...”
“ချီမိသားစုလား...”
လော့ချန် ခဏမျှ မှင်တက်မိသွားရ၏။
ကျင်းယွီရှီးက စကားကို ကြားဖြတ်၍ ဒေါသတကြီး ဆိုလိုက်သည်။
“အရင်တစ်ခါ ငါတို့ကို လိုက်သတ်ဖို့ လူလွှတ်ခဲ့တဲ့ ချီမိသားစုလေ... အဋ္ဌမမင်းသား ကျင်းမင်ရဲ့ မိခင် ချီကြင်ယာရဲ့ မိသားစုပေါ့... မင်းက ချီကူးယွမ်ကို သတ်ပြီး ကျင်းမင်ကို စော်ကားခဲ့ကတည်းက ချီမိသားစုက မင်းကို မျက်စိစပါးမွှေး စူးနေတာ... ပြီးတော့ လွန်ခဲ့တဲ့ ရက်ပိုင်းကလည်း မင်းက လင်းရှာမြို့ မှာ ချီမိသားစုရဲ့ တိုက်ရိုက်တပည့် ချီဟန်ကို သတ်ခဲ့သေးတယ် မဟုတ်လား...”
“ချီဟန် လား...”
လော့ချန်က မျက်ခုံးကို ပင့်လိုက်၏။ သူ ထိုလူကို သတိရလိုက်သည်။ လင်းရှာမြို့တွင် ရှိစဉ်က ထိုသူသည် မြို့တော်ရှိ ချီမိသားစုကို အကြောင်းပြကာ သူ့ကို ခြိမ်းခြောက်ရန် ကြိုးစားခဲ့သော်လည်း လူမှားပြီး ခြိမ်းခြောက်မိခဲ့ခြင်း ဖြစ်သည်။
ကျင်းထျန်တူက ခေါင်းညိတ်လိုက်သည်။
“ချီဟန်က ချီမိသားစုရဲ့ အလားအလာအရှိဆုံး လူငယ်မျိုးဆက်ထဲက တစ်ယောက်ပဲ၊ သူ့ရဲ့ အဒေါ်က ကျင်းမင်ရဲ့ မိခင် ချီကြင်ယာ ဖြစ်သလို ချီကြင်ယာကလည်း သူ့ကို အရမ်းချစ်တာ၊ ချီမိသားစုကလည်း သူ့အပေါ် အများကြီး မျှော်လင့်ထားကြတာလေ”
“ချီဟန်ကို မင်းသတ်လိုက်တဲ့ သတင်း ချီမိသားစုဆီ ရောက်သွားပြီးတဲ့နောက် ချီမိသားစု တစ်ခုလုံး ဒေါသထွက်နေကြတာ၊ ချီမိသားစု ခေါင်းဆောင်ကိုယ်တိုင်က ဘယ်လိုပဲဖြစ်ဖြစ် မင်းရဲ့ အသက်ကို ယူရမယ်လို့ အမိန့်ထုတ်ထားတယ်... မင်းနဲ့ ယွမ်ထျန်ယန် တို့ရဲ့ သေခြင်းရှင်ခြင်းတိုက်ပွဲ သတင်းကြောင့်သာ သူတို့ အခုထိ လှုပ်ရှားမှု မရှိသေးတာ ဖြစ်မှာပဲ...”
ကျင်းထျန်တူက ဆက်မပြောတော့သော်လည်း အဓိပ္ပာယ်မှာ ထင်ရှားလှပေသည်။ ဤ သေခြင်းရှင်ခြင်းတိုက်ပွဲတွင် ချီမိသားစုဝင်များက လော့ချန် သေချာပေါက် ရှုံးနိမ့်မှာဖြစ်သည်ဟု ယူဆထားကြခြင်း ဖြစ်၏။ သေတော့မည့် လူတစ်ယောက်အတွက် သူတို့အနေနှင့် အပင်ပန်းခံ၍ လှုပ်ရှားနေရန် မလိုတော့ပေ။
“ဟဲဟဲ... ဒါဆိုရင်တော့ သူတို့ စိတ်ပျက်ရမှာ သေချာသွားပြီ...”
လော့ချန်က အေးစက်စွာ ရယ်မောလိုက်ပြီး မျက်ဝန်းထဲတွင် သတ်ဖြတ်ခြင်း အငွေ့အသက်များ ဝင်းလက်သွားခဲ့၏။ ချီမိသားစုက အရင်က သူ့ကို လိုက်သတ်ရန် မဟာသန်မာသူကို လွှတ်ခဲ့သည့် ကိစ္စကို သူ မမေ့သေးပေ။
“ကျင်းအစ်ကို... ချီမိသားစုရဲ့ အင်အားက ဘယ်လောက်အထိ ရှိလဲ...”
လော့ချန်က မေးမြန်းလိုက်သည်။
ကျင်းထျန်တူသည် လော့ချန်ကို အံ့ဩတကြီး ကြည့်ကာ ဆိုလိုက်၏။
“ချီကြင်ယာ မျက်နှာသာပေးခံရကတည်းက ချီမိသားစုက အရှိန်အဟုန်နဲ့ တိုးတက်လာခဲ့ပြီး မြို့တော်မှာ နာမည်ကြီး မိသားစုကြီး တစ်ခု ဖြစ်လာခဲ့တာပဲ၊ မိသားစုထဲမှာ သန်မာသူတွေလည်း မနည်းလှဘူး...”
“အရင်က မင်းကို လိုက်သတ်ခဲ့တဲ့ အမည်မသိ ထိပ်သီး မဟာသန်မာသူအပြင် ချီမိသားစုမှာ နောက်ထပ် မဟာသန်မာသူ လေးဦး ရှိသေးတယ်... မိသားစုခေါင်းဆောင် ချီဟောက်ရှန်းက စတုတ္ထနယ်ပယ် အဆင့် ၄ မဟာသန်မာသူဖြစ်ပြီး မဟာအကြီးအကဲက စတုတ္ထနယ်ပယ် အဆင့် ၃ မဟာသန်မာသူ ဖြစ်တယ်... ကျန်တဲ့ နှစ်ယောက်ကတော့ အဆင့် ၁ မဟာသန်မာသူတွေပဲ...”
“ချီဟောက်ရှန်းနဲ့ မဟာအကြီးအကဲတို့ကတော့ မြို့တော်ကနေ အလွယ်တကူ ထွက်လာမှာ မဟုတ်သလို မင်းလို သွေးကြောနိုးကြားမှုနယ်ပယ် ကျင့်ကြံသူလေးတစ်ယောက်ကိုလည်း လိုက်သတ်ဖို့ လာမှာ မဟုတ်ဘူး... မင်း သတိထားရမှာက အဲဒီ အဆင့် ၁ မဟာသန်မာသူ နှစ်ယောက်ပဲ... ငါသိရသလောက်တော့ လွန်ခဲ့တဲ့ ရက်ပိုင်းက အဲဒီလူနှစ်ယောက် ချီမိသားစုကနေ ထွက်သွားကြပြီ... မင်းဆီကို ဦးတည်နေတာ ဖြစ်နိုင်တယ်...”
“တကယ်လို့ မင်း သူတို့နဲ့ တွေ့ခဲ့ရင်တော့ အမြန်ဆုံး ထွက်ပြေးတာ အကောင်းဆုံးပဲ...”
ပထမမင်းသားသည် ချီမိသားစု၏ အခြေအနေကို အကုန်အစင် စုံစမ်းထားပြီးဖြစ်ရာ လော့ချန်ကို အသေးစိတ် ရှင်းပြပေးနေခြင်း ဖြစ်သည်။
“ဟုတ်ကဲ့... သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အစ်ကိုကျင်း၊ ကျွန်တော် သတိထားပါ့မယ်...”
လော့ချန်က ခေါင်းညိတ်လိုက်ပြီး မိမိ၏ အစွမ်းကို ဆန်းစစ်ကြည့်လိုက်၏။ ဓားဆန္ဒအစပျိုးအဆင့် တိုးတက်လာသည်နှင့်အမျှ သူ၏ အစွမ်းမှာလည်း တစ်ဟုန်ထိုး မြင့်တက်လာခဲ့ပြီဖြစ်ရာ သာမန် စတုတ္ထနယ်ပယ် အဆင့် ၁ မဟာသန်မာသူတစ်ဦးကို ထိပ်တိုက်ရင်ဆိုင်ရန် ယုံကြည်ချက် ရှိနေပြီ ဖြစ်သည်။ အနိုင်မရလျှင်ပင် ဘေးကင်းစွာ ဆုတ်ခွာနိုင်ရန်မှာ ပြဿနာမဟုတ်ပေ။ သို့သော်လည်း ထိုကဲ့သို့သော မဟာသန်မာသူ နှစ်ဦးဆိုလျှင်တော့ ထွက်ပြေးရုံသာ ရှိတော့သည်။
ကျင်းထျန်တူနှင့် ကျင်းယွီရှီးတို့မှာမူ လော့ချန်၏ အတွေးကို မသိကြပေ။ အကယ်၍ သိရှိသွားပါက သေချာပေါက် ထိတ်လန့်သွားကြမည် ဖြစ်၏။ သွေးကြောနိုးကြားမှုနယ်ပယ် ကျင့်ကြံဆင့်ဖြင့် မဟာသန်မာသူကို ရင်ဆိုင်ရန်မှာ မဖြစ်နိုင်သည်တော့ မဟုတ်ပေ။ သို့သော်လည်း ထိုသို့ လုပ်ဆောင်နိုင်သူများမှာ နယ်မြေအဆင့်စာရင်း၏ ထိပ်ဆုံး ဆယ်ယောက်အတွင်းရှိ ထိပ်သီးပါရမီရှင်များသာ ဖြစ်ကြပေသည်။ ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးမှာ တာယွဲ့မင်းဆက် တစ်ခုလုံးတွင် တစ်ဦးမျှ မရှိသေးပေ။ ယွမ်ထျန်ယန် ပင်လျှင် ထိုအရည်အချင်း မရှိသေးပေ။
အခန်း ၆၈၄ ပြီးပါပြီ။