← Chapters

အသူရာချောက်

Vol. 2 Ch. 189

အသူရာချောက်

Vol. 2 Ch. 189

ချင်းရှောင်း နတ်သမီး ထွက်ခွာသွားသည်နှင့် ချင်းရွှမ်ခန်းမဆောင် တစ်ခုလုံး တိတ်ဆိတ် သွားလေသည်။ အသံ တစ်စက်ကလေးပင် မကြားရတော့ပေ။ ဆရာသခင် ကျန်းရော့ရွှီးသည် ထိုသို့ တိတ်ဆိတ်သည့် ခန်းမဆောင်ထဲတွင် နှစ်ပေါင်းများစွာ တစ်ယောက်တည်း ထိုင်နေကာ ချင်းရွှမ် နတ်တံခါးကို စောင့်ရှောက် နေခဲ့သူ ဖြစ်လေသည်။

ရှေးခေတ် အခါကတည်းက သူတော်စင်များသည် အမြဲတမ်း တစ်ကိုယ်တည်း နေလေ့ ရှိကြသည်။ ဆန်းလျန်၏ ရင်ထဲတွင်တော့ ဆရာသခင် ကျန်းရော့ရွှီးသည် ဆရာသခင် တစ်ပါးသာ မက သူတော်စင် တစ်ပါးလည်း ဖြစ်လေသည်။ ဆရာသခင် ကျန်းရော့ရွှီးမှာ နတ်ဘုရားတစ်ပါး မဟုတ်သည့်တိုင် သူယူခဲ့ရသည့် တာဝန်များ၊ သူ၏ စိတ်ဓာတ် ခိုင်မာခြင်းများကို ဆန်းလျန် နားလည်နိုင်စွမ်း မရှိသေးပါ။

ဆန်းလျန် ချင်းရွှမ် နတ်တံခါးသို့ စတင် ရောက်ရှိသည့် နေ့က ကျင်းချင်း ပြောပြသည့် ဇာတ်လမ်းကို သူသတိ ရနေမိသည်။ ဆရာသခင် ကျန်းရော့ရွှီးမှာ သာမန်တပည့် တစ်ယောက်မျှသာ ဖြစ်လေသည်။ သူက ယခင်မျိုးဆက် ဆရာသခင်၏ အမိန့်အရ ဝါးရုံတောထဲတွင် ဝါးပင်များကို ခုနစ်နှစ် တိုင်တိုင် ခုတ်ခဲ့ရသည်။ ဆရာသခင် ခိုင်းသည်ကို အပြစ်မတင်၊ မငြင်းဆန်ဘဲ ပြုလုပ်ခဲ့လေသည်။ ထိုကဲ့သို့ စိတ်နေစိတ်ထား ရှိသည့်အတွက်ကြောင့်ပင် သူ့ဘဝတွင် အခက်အခဲများ အားလုံးကို ကြံ့ကြံ့ခံကာ ရပ်တည်နိုင်ခဲ့ခြင်း ဖြစ်လေသည်။ ယန်ရွှီးကြောင့်သာ မဟုတ်လျှင် ဆရာသခင်သည် နတ်ဘုရား တစ်ပါး အဖြစ် အဆင့် တက်ရောက်နိုင်မည် ဖြစ်လေသည်။ ယခုကဲ့သို့ ဘဝသံသရာ လည်ပတ်ခြင်းများကို ရင်ဆိုင် ကြုံတွေ့ရမည် မဟုတ်ပေ။

ဆန်းလျန် အတွေးထဲ နစ်မျောနေသည့် အချိန်တွင် ဆရာသခင် ကျန်းရော့ရွှီး၏ ရုပ်အလောင်းသည် ကြယ်ပွင့်လေးများ အလား အသွင်ပြောင်းလဲ သွားကာ သဘာဝတရား အတွင်းသို့ စီးဝင် ပေါင်းစပ် သွားလေတော့သည်။

ယခု နောက်ပိုင်း ရာစုနှစ်များတွင် သူ၏ ရုပ်ခန္ဓာ တည်မြဲနေအောင် ဆရာသခင်သည် အမြင့်ဆုံး စွမ်းအားများ အသုံးပြုခဲ့ ရလေသည်။

သူ၏ နတ်ဘုရားဝိညာဉ် ထွက်ခွာသွားပြီးနောက် သူ၏ ရုပ်ခန္ဓာသည် ဆက်လက် တည်မြဲခြင်းငှာ မစွမ်းသာတော့ပေ။ ဆရာသခင်၏ ရုပ်ခန္ဓာ ပျောက်ကွယ် သွားပြီးနောက် ဝတ်ရုံသာလျှင် ကျန်ရစ် ခဲ့လေသည်။

ဆန်းလျန် သက်ပြင်း ချလိုက်မိသည်။ ဆရာသခင်နှင့် ပြန်လည် ဆုံတွေ့ခွင့် ရမည်ဆိုလျှင်တောင်မှ ဆရာသခင်သည် ဆရာသခင် ကျန်းရော့ရွှီး ဖြစ်နိုင်တော့မည် မဟုတ်ပေ။ ထို့အတူ ဆန်းလျန်မှာလည်း အရင်အတိုင်းပင် ဆန်းလျန် ဖြစ်နေနိုင်ဦးမည်လား မသေချာလှပေ။

ဆန်းလျန်က ဆရာသခင်၏ ဝတ်ရုံကို ကောက်ယူလိုက်ပြီး ခန်းမဆောင် အနောက်ဘက်တွင် လှန်းထား လိုက်လေသည်။ ထို့နောက် ဆန်းလျန်သည် ခန်းမဆောင်ထဲတွင် လှည့်ပတ် လမ်းလျှောက်ရင်း စဉ်းစားခန်း ဝင်နေလေတော့သည်။ ချင်းရွှမ်နတ်တံခါး လောလောဆယ် ရင်ဆိုင်နေရသည့် ပြဿနာမှာ ဂိုဏ်းချုပ် တစ်ယောက်အဖြစ် သူ့ကို အသိအမှတ်ပြုရန် မဟုတ်ပေ။ နောင်နှစ်ပေါင်း နှစ်ဆယ်တွင် ကျင်းပတော့မည့် "လင်ထိုင်" တာအိုပြိုင်ပွဲ ဖြစ်လေသည်။

ချန်ကျန့်မေ ရှိနေလျှင်တော့ ချင်းရွှမ် နတ်တံခါးမှာ လင်ထိုင် တာအိုပြိုင်ပွဲတွင် နောက်ဆုံး အဆင့်၌ ကျန်ရစ်ခဲ့မည် မဟုတ်ပေ။ သို့သော် ချန်ကျန့်မေ တစ်ယောက်တည်း အပေါ်တွင် မျှော်လင့်ချက် ထားနေပြန်လျှင်လည်း သိပ်ပြီး လက်တွေ့ မကျလှပေ။

လင်ထိုင် တာအိုပြိုင်ပွဲသည် လွန်ခဲ့သည့် အချိန်ကတော့ သိပ်ပြီး အရေးမကြီးလှပေ။ မဟာပဲ့တင်သံ ဗိမာန်မှ ကျင့်စဉ်များနှင့် အခြားသော ထူးခြား ဆန်းကျယ်မှုများသည် ကျင့်စဉ်လမ်း အဆင့်ကိုးဆင့် အောင်မြင်ရန် အတွက် အရေးကြီးသည့် အထောက်အပံ့များ ဖြစ်လေသည်။ သို့သော် အဓိက နတ်ဘုရား ကျောင်းတော်ကြီး လေးခုတွင် ကျင့်စဉ်လမ်း အဆင့်ကိုးဆင့်ကို အလျင်အမြန် ပြီးမြောက်အောင် ကျင့်ကြံနိုင်ရန် အတွက် အဆင့်ကျော်ပြီး ကျင့်ကြံနိုင်သည့် ဖြတ်လမ်းနည်း မရှိပေ။

အမှန်တော့ လင်ထိုင် တာအိုပြိုင်ပွဲ ပြုလုပ်သည့် ရည်ရွယ်ချက်မှာ နတ်ဘုရား ဂိုဏ်းများ၏ တန်ခိုးစွမ်းအားကို ပြသနိုင်ရန်သာ ဖြစ်လေသည်။ ချင်းရွှမ် နတ်တံခါးသည် ပြီးခဲ့သည့် ပြိုင်ပွဲတုန်းက ရှုံးနိမ့်ခဲ့ပြီးပြီ ဖြစ်သည့် အတွက် ယခုတစ်ခေါက် ထပ်မံရှုံးနိမ့်မည် ဆိုလျှင် တစ်လောကလုံးမှာ ချင်းရွှမ် နတ်တံခါးကို အထင်သေးကြ ပေတော့မည်။

ကွမ်းချင်း နတ်ဘုရားဂိုဏ်းမှာ အလွန် တန်ခိုးစွမ်းအား ကြီးမားနေပြီ ဖြစ်သည်။ အားနည်းနေသည့် ချင်းရွှမ် နတ်တံခါးသည် နှစ်တစ်ရာအတွင်းမှာပင် ကျင့်ကြံသူ လောကတွင် ဂုဏ်သတင်း မှေးမှိန်ကာ ပျောက်ကွယ် သွားနိုင်လေသည်။ ချင်းရွှမ် နတ်တံခါး ပျောက်ကွယ်သွားသည်နှင့် နေရာဝင်ယူရန် အဆင်သင့် စောင့်နေသည့်သူမှာ ကွမ်းချင်း နတ်ဘုရားဂိုဏ်းပင် ဖြစ်လေသည်။

ထိုပြဿနာကို ဖြေရှင်းနိုင်ရန်မှာ ချင်းရွှမ် နတ်တံခါးတွင် လောကနတ်ဘုရား တစ်ပါး သို့မဟုတ် နှစ်ပါးခန့် ပေါ်ထွက်လာမှသာ ဖြစ်နိုင်ပေလိမ့်မည်။ သို့သော် ချင်းရွှမ် နတ်တံခါးအနေဖြင့် လောကနတ်ဘုရားများပေါ်ထွက်လာရန်မှာ ကံတရားအပေါ်တွင်သာ မူတည်လေသည်။

ထို့ပြင် နှစ်နှစ်ဆယ်ဆိုသည့် အချိန်မှာလည်း အလွန်တိုတောင်းသည့် အချိန်ကာလ တစ်ခုဖြစ်သည့် အတွက် ချန်ကျန့်မေ ပင်လျှင် တရားအလင်း ပွင့်ကာ နတ်ဘုရားတစ်ပါး ဖြစ်လာရန် မဖြစ်နိုင်လောက် သေးပေ။

နတ်ဘုရားတစ်ပါး ဖြစ်လာရန် မျှော်လင့်ချက် ရှိသူမှာ ပိုင်စုဟွမ်သာ ရှိလေသည်။ သို့သော် ဆန်းလျန်က ပိုင်စုဟွမ်နှင့် ပတ်သက်လျှင် အနည်းငယ် သတိထားနေရသည်။ အမှန်တော့ ဆန်းလျန် ဂိုဏ်းချုပ် ရာထူး ပေးအပ်ခံရခြင်းကို ပိုင်စုဟွမ် တားဆီးခြင်းမှာ အကြောင်းပြချက် မခိုင်လုံပေ။

သို့သော် ထိုကိစ္စ နောက်ကွယ်တွင် အကြောင်းတစ်ခုတော့ ရှိမည် ဖြစ်လေသည်။ ထိုအကြောင်းကို ဆန်းလျန် မသိသေးခြင်းသာ ဖြစ်နိုင်သည်။ ချင်းရွှမ် နတ်တံခါး အတွင်းကိစ္စများ မှာတော့ ဆန်းလျန် ဘာမှ သိပ်ပြီး လုပ်ပေးစရာ မလိုအပ်လှပေ။

သူ၏ ဆရာ ဘွားဘွားလည်းဖြစ်၊ ချင်းရွှမ် နတ်တံခါး၏ နတ်ဘုရား တစ်ပါးလည်း ဖြစ်သည့် ကျိလင် နတ်သမီးကိုသာ သူ့ဘက်က တတ်နိုင်သမျှ ကူညီပေးရမည် ဖြစ်လေသည်။ ဆန်းလျန်မှာလည်း အခက်ခဲဆုံး ကျင့်စဉ်တစ်ခု ဖြစ်သည့် ထိုက်ရွှီး နည်းဗျူဟာ ကျင့်စဉ်ဖြင့် ဟိုင်သန်းအဆင့်ကို ပုံပြောင်းအဆင့် ကိုးခုဖြင့် အောင်မြင်ထားသူ ဖြစ်သည့် အတွက် မည်သူ့ကိုမှ စိတ်ပူစရာ မရှိလှပေ။ ချန်ကျန့်မေ ပင်လျှင် သူ့ကို ဆန့်ကျင်ဖို့ ကြိုးစားမည် မဟုတ်ပေ။

ထို့ကြောင့် ချင်းရွှမ် နတ်တံခါး အတွင်း ကိစ္စများမှာ ပုံမှန် လည်ပတ်သည်က လွဲပြီး အခြားလုပ်စရာ သိပ်ပြီး မရှိလှပေ။

ထို့ပြင် အားလုံးက ကျင့်ကြံသူများ ဖြစ်ကြသည့် အတွက် ကျင့်စဉ်လမ်းကိုသာ အာရုံ စိုက်ကြသည့်သူများ ဖြစ်လေသည်။ သူတို့ ကျင့်စဉ်လမ်း အခက်အခဲများနှင့် သူတို့ဟာသူတို့ အလုပ်ရှုပ် နေကြသည့် အတွက် ဆန်းလျန် အနေဖြင့် ဘာမှသွားပြီး အပိုအလုပ်များ လုပ်ပေးနေစရာ မရှိပေ။ စည်းကမ်း တင်းကျပ်ရအောင်လည်း ဆန်းလျန် ကိုယ်တိုင်က စည်းကမ်း တင်းကျပ်သည့် ဂိုဏ်းချုပ် တစ်ယောက် မဖြစ်ချင်လှပေ။

ဆန်းလျန် ဂိုဏ်းချုပ်တာဝန်ကို ယူပြီးသည့်နောက် သူက ဖြစ်လာသမျှ အခက်အခဲတိုင်းကို ကြံ့ကြံ့ခံကာ ဖြတ်သန်းနိုင်ဖို့ လိုလေသည်။ သို့သော် သူ၏ အစီအစဉ်များမှာ ပြီးဆုံးခြင်း မရှိသေးပေ။ ထို့ပြင် သူ၏ ကျင့်စဉ်လမ်းမှာလည်း လိုအပ်ချက်များ ရှိနေသေးသည်။ ထို့ကြောင့် သူ့အနေဖြင့် ပိုပြီး စွမ်းအား ကြီးမားလာအောင် ကျင့်ကြံရန်လည်း လိုအပ်နေသေးသည်။ ပုရွှီး အဆင့်ကတော့ အချိန်တန်လျှင် အောင်မြင်သွားမည်ပဲ ဖြစ်လေသည်။

သို့သော် ဖော့ဝမ့်အဆင့်နှင့် နတ်ဘုရားအဆင့် တက်လှမ်းသည့် အဆင့်ကသာ ခက်ခဲမည် ဖြစ်လေသည်။ တရားအလင်း ပွင့်ကာ နတ်ဘုရား တစ်ပါး ဖြစ်မှသာ ကျင့်စဉ်လမ်း အောင်မြင်ပြီဟု ပြော၍ရမည် ဖြစ်လေသည်။

လက်ရှိ အချိန်တွင်တော့ သူ၏ တန်ခိုးစွမ်းအားများကို မြှင့်တင်နိုင်ရန် အတွက် လေ့လာမှုများ ပြုလုပ်ရမည် ဖြစ်လေသည်။ ထို့ကြောင့် ထိုက်ဝေ့ထိုင် ခန်းမဆောင် ဒုတိယထပ်သို့ သွားရောက် လေ့လာရန် သူဆုံးဖြတ် ထားလေသည်။ ထို့ပြင် ထိုက်ဝေ့ထိုင် ခန်းမဆောင်ကို စောင့်ရှောက်နေသည့် တာအိုဆရာမှာ ချင်းရွှမ် နတ်တံခါး၏ နတ်ဘုရား သုံးပါးထဲမှ တစ်ပါး ဖြစ်ကြောင်း သူသိခဲ့ရပြီ ဖြစ်သည်။

ဆန်းလျန်၏ ဆရာဘွားဘွား ကျိလင်နတ်သမီးလည်း အပြစ် ရင်ဆိုင်ရကာ လူပြန်ဝင်စားသည့် အချိန်၊ အခြားသော နတ်ဘုရား တစ်ပါးကလည်း ဘယ်ဆီ ခရီးလွန်နေမှန်း မသိသည့်အချိန် ထို ထိုက်ဝေ့ထိုင်မှ နတ်ဘုရားသာ မရှိလျှင် ချင်းရွှမ် နတ်တံခါး ဒုက္ခရောက်သည်မှာ ကြာပြီ ဖြစ်လေသည်။

ထို့ပြင် ချင်းရွှမ် နတ်တံခါးမှာ နှစ်ပေါင်း တစ်သောင်းခန့် သက်တမ်း ရှည်ကြာသည့် နတ်ဘုရား ကျောင်းတော်ကြီး တစ်ခု ဖြစ်သည့်အတွက် လောကနတ်ဘုရား တစ်ပါးကသာ ထိုက်ဝေ့ထိုင် ခန်းမဆောင်ရှိ ကျမ်းစာများနှင့် ပန်းချီကားများကို စောင့်ရှောက်နေခြင်း မရှိလျှင် ရှန်ဆန်းကျန်းရန်လုကျိုးယွမ်တို့ ကဲ့သို့ အဆင့်မြင့် လောက နတ်ဘုရားများက မျက်စိ ကျလာမည် ဖြစ်လေသည်။

ဆန်းလျန်က ထိုက်ဝေ့ထိုင် ခန်းမဆောင်သို့ ချက်ချင်း မသွားချင်သေးပါ။ ဟိုင်သန်းအဆင့် တက်ရောက်ပြီး ကတည်းက သူ တောက်လျှောက် စိတ်ပင်ပန်း နေရလေသည်။ ဆရာသခင် ကျန်းရော့ရွှီး ကွယ်လွန် သွားသည့် အတွက်လည်း သူ့မှာ ဝမ်းနည်း ကြေကွဲနေဆဲ ဖြစ်သည်။

ဆရာသခင် ဆုံးပါးသွားပြီးသည့်နောက် ချင်းရွှမ်တောင် တစ်ခွင်တွင် နှင်းများ ကျဆင်းခြင်း မရှိတော့ပေ။ နှင်းများ အရည်ပျော်နေပြီ ဖြစ်သော်လည်း ရာသီဥတုကတော့ အေးစက်နေဆဲ ဖြစ်လေသည်။ ချင်းရွှမ် နတ်တံခါးမှ ကျင့်ကြံသူများမှာ ရာသီဥတုကို ဂရုပြုသည့် သူများ ဖြစ်ကြသော်လည်း ပတ်ဝန်းကျင် ရာသီဥတု၏ အပူအအေး ပြောင်းလဲမှုကိုတော့ ခံစားနိုင်ကြလေသည်။

ချင်းရွှမ်မှ တပည့် အများစုကလည်း ဂိုဏ်းချုပ်အသစ်ကို တိတ်တဆိတ် လေ့လာ နေကြလေသည်။ အမှန်တော့ ဆန်းလျန် အနေဖြင့် ကျန်းလင်ရှန့်ကို အရေးယူမည်ဟု သူတို့က ထင်မှတ်နေကြခြင်း ဖြစ်သည်။ သို့သော် လပေါင်းများစွာ ကြာသည့်တိုင် ဆန်းလျန်က မည်သည့် အရေးယူမှုမှ ပြုလုပ်ခြင်း မရှိခဲ့ပေ။

ချင်းရွှမ် ခန်းမဆောင်သည် အေးစိမ့် နေလေသည်။ တိမ်များကလည်း ထူထပ်နေလေသည်။ တစ်ခါတစ်ရံ ဆန်းလျန်သည် ချင်းရွှမ် ခန်းမဆောင် အပြင်ဘက်ရှိ ကျောက်ဆောင်ထက်တွင် ရပ်နေပြီး အခြားသော တောင်ထိပ် လေးခုကို တိတ်တဆိတ် ကြည့်နေတတ်သည်။

ထိုလူငယ် ဂိုဏ်းချုပ်လေးသည် အတိတ်တစ်ချိန်က ကျင့်ကြံသူ ဂိုဏ်းတူညီအစ်ကို အချင်းချင်း အပေါ်တွင် ကျင့်စဉ်လမ်းနှင့် ပတ်သက်ပြီး အလွန်မှ ကူညီ ပေးခဲ့ဖူးလေသည်။ ထို့ကြောင့် သာမန် တပည့်များ အနေဖြင့် ဆန်းလျန်ကို ခင်မင် ကြလေသည်။ သို့သော် ဆရာသခင် အများစုကတော့ ဆန်းလျန်မှာ ကျင့်စဉ်လမ်းကို အလွန်မြန်ဆန်စွာ တက်ရောက်နိုင်သည့် ထူးခြားသည့် စွမ်းရည်ရှိသူ တစ်ယောက်မျှသာ ဖြစ်သည်ဟု သိရှိထားကြပြီး ဆန်းလျန်၏ စိတ်နေစိတ်ထားကို အပြည့်အဝ နားလည်ခြင်း မရှိကြသေးပေ။

ဆန်းလျန်သည် နှင်းများ အရည် ပျော်ကျသွားသည်ကို တိတ်တဆိတ် ငေးကြည့်နေလေသည်။ ချင်းရွှမ် နတ်တံခါးသည် သူရောက်လာစ အချိန်ကကဲ့သို့ ပြန်ဖြစ်သွားခဲ့ပြီ ဖြစ်လေသည်။ သို့သော် လူအချို့ကတော့ သူနှင့်အတူ မရှိတော့ပေ။

တာအိုဆရာ စန်းဝမ့်နှင့် ဆရာသခင် ကျန်းရော့ရွှီးသာမက သူ၏ ဂိုဏ်းတူ ညီအစ်ကို အချို့လည်း ကွယ်လွန် သွားခဲ့ကြပြီ။ ကျင့်စဉ်လမ်း ဆိုသည်မှာ ခံစားချက် ထား၍ မရပေ။ လူတစ်ယောက်သည် ဘဝ အဆုံးသတ်တော့မည် ဆိုလျှင် ကံတရား အတိုင်းသာ ဖြစ်ပြီး သေခြင်းတရားကို မည်သူမှ တားဆီး၍ မရနိုင်ပေ။

ချမ်းမော့နှင့် ရှောင်ရွှင်မှာ ကောင်းကင်ထက်တွင် ပျံသန်းရင်း ဆော့ကစား နေကြလေသည်။ မိုးမြေစွမ်းအားများ ကလည်း ကောင်းမွန်လှသည့် အတွက် ရှောင်ရွှင်က ချင်းရွှမ် နတ်တံခါးကို နတ်ပြည်ဟု ထင်နေပုံ ရလေသည်။ ချင်းရွှမ် နတ်တံခါးမှ နတ်ဘုရား စွမ်းအားများက ရှောင်ရွှင်၏ ကိုယ်ထဲမှ နတ်မိစ္ဆာ စွမ်းအားများကို ဖျက်စီးပစ်လိုက်ပြီး အသစ်သော ဝိညာဉ်စွမ်းအားများကို ရရှိစေသည့် အတွက် ရှောင်ရွှင်မှာ ပိုပြီး ဝိညာဉ်စွမ်းအား ကောင်းလာခဲ့သည်။

ချမ်းမော့ အတွက်တော့ ဆန်းလျန်မှာ ထိုက်ရွှီး တန်ခိုးစွမ်းအားများစွာ ပြန်ဖြည့် ပေးထားရလေသည်။ သူကောင်းကင်ထက်တွင် ပျံသန်းနေလျှင်တော့ ဆန်းလျန်မှာ သူ၏ အရိပ်ကိုပင် တွေ့မြင်ရခြင်း မရှိပေ။

ချမ်းမော့သည့် ဝိညာဉ်မြစ်ဆီသို့လည်း ပျံသန်း သွားတတ်လေသည်။ ဝိညာဉ် မြစ်ရေသည် သူ့အပေါ်တွင် လုံးဝ သက်ရောက်မှု မရှိပေ။ ထိုမြစ်ရေက ချမ်းမော့၏ အမွေးများကိုပင် ပိုပြီး လှပ လာစေလေသည်။

ဝိညာဉ်မြစ်ရေမှာ အသူရာ ချောက်မှ မြစ်ဖျားခံလာသည့် မြစ်ရေ ဖြစ်လေသည်။ သို့သော် ချင်းရွှမ် နတ်တံခါးသို့ စီးဝင်လာသည့် အခါတွင်တော့ ချင်းရွှမ်နတ်တံခါးမှ နတ်ဘုရား စွမ်းအားများက မြစ်ရေကို သန့်စင် သွားစေလေသည်။ ထို့ပြင် ဝိညာဉ် ဆင့်ခေါ်သူကြောင့်လည်း အမျက်ဒေါသ ပြင်းထန်နေသည့် ဝိညာဉ်များ လုံးဝ မရှိတော့ပေ။

ဝိညာဉ်မြစ်မှာ အသူရာချောက်မှ ခွဲထွက်လာသည့် မြစ်ငယ်လေး တစ်ခုမျှသာ ဖြစ်လေသည်။ အခြား နေရာများတွင်လည်း အခြားသော မြစ်ငယ်လေးများ ရှိနိုင်သေးသလို တစ်ဖက်ကမ်းကို မမြင်နိုင်လောက်အောင် ကျယ်ပြန့်သည့် မြစ်ကြီး တစ်ခုလည်း ရှိနေနိုင်သေးသည်။

***

ယခု တွေ့နေရသည့် မြစ်ရေမှာ ချင်းရွှမ် နတ်တံခါးမှ ဝိညာဉ်မြစ်ရေထက် များစွာပိုပြီး ညစ်ပတ် လေသည်။ ထို့ပြင် ထိုမြစ်ရေထဲတွင် မရေတွက်နိုင်အောင် များပြားသည့် ဒေါသ ထွက်နေသည့် ဝိညာဉ်များကလည်း အော်ဟစ် နေကြလေသည်။ နှစ်ပေါင်းတစ်ရာ ကျင့်ကြံထားသည့် တာအိုဆရာ တစ်ပါးပင်လျှင် ဤနေရာသို့ ရောက်လာလျှင် ကြောက်ရွံ့ တုန်လှုပ်မိမည် ဖြစ်လေသည်။

ဤနေရာ၏ ကောင်းကင်တွင် လရောင် မရှိသလို ကြယ်များလည်း မလင်းလက်ပါ။ ကောင်းကင် တစ်ခုလုံးက မှောင်မဲနေလေသည်။ အလင်းရောင်ဆို၍ မြစ်တွင်းသို့ ပြုတ်မကျသေးသည့် ဒေါသ ထွက်နေသည့် ဝိညာဉ်များမှ ထွက်နေသည့် အလင်းရောင်သာ ရှိလေသည်။

အချို့သော ဒေါသ ထွက်နေသည့် ဝိညာဉ်များမှာ ဝိညာဉ်မြစ်ရေထဲမှ လွတ်မြောက်နိုင်ရန် ကူးခတ် နေကြလေသည်။ သူတို့ကမ်းခြေသို့ ရောက်လာသည့် အချိန်တွင် မမြင်နိုင်သည့် အားတစ်ခုက သူတို့ကို ပြန်ဆွဲချသွားခြင်းကို ခံရလေသည်။

ထိုမမြင်ရသည့် စွမ်းအားမှာ သွေးနီရောင် ပလ္လင်တစ်ခုဆီမှ ထွက်ပေါ်လာခြင်း ဖြစ်လေသည်။ ထိုပလ္လင်ထက်တွင် ရေးထွင်းထားသည့် စာများမှာ အဓိပ္ပာယ် ဖော်ရန် ခက်ခဲလေသည်။ သို့သော် အနှိုင်းမဲ့ မရဏကျင့်စဉ်ကို ကျင့်ကြံ အောင်မြင် သွားလျှင်တော့ ထိုစာများ၏ အဓိပ္ပာယ်ကို နားလည်နိုင်မည် ဖြစ်လေသည်။

အဖြူရောင် ဝတ်ဆင်ထားသည့် လူငယ် တစ်ယောက်သည် ထိုပလ္လင်ထက်တွင် ထိုင်နေလေသည်။ ထိုပလ္လင်မှာ သွေးနီရောင် တောက်ပ နေလေတော့သည်။

***

All Chapters