← Chapters

အခန်း (၄၃၆-၄၃၈)

Vol. 30 Ch. 436-438

အခန်း (၄၃၆-၄၃၈)

Vol. 30 Ch. 436-438

အပိုင်း ၄၃၆ : ရဟတ်ယာဉ်ဖြင့် ကျောင်းတက်ခြင်း

မုန့်ဝမ်ထင်က ပြောလိုက်၏။

"ဒါပေမဲ့ ဘယ်လိုလုပ်ရမှန်း မသိဘူးလေ။ ငါက အရင်က ယောကျ်ားတစ်ယောက်ကို လိုက်ပိုးပန်းဖူးတာမှ မဟုတ်တာ"

လီယောင်ယောင်က ဆို၏။

"နင်ကတော့ အလိုက်တာဟာ။ ဈေးဝယ်ထွက်တာတို့ ရုပ်ရှင်ကြည့်တာတို့လုပ်ဖို့ သူ့ကို အပြင်ခေါ်ထုတ်လေ။ ရှောင်မေ့ကလည်း သူ့ကို သဘောကျတယ်မလား။ နင်တို့တွေ အပန်းဖြေဥယျာဉ်ကို အတူသွားလို့ရတာပဲ။ အချိန်အကြာကြီး အတူကုန်ဆုံးလိုက်ရင် သံယောဇဉ်တွေတိုးလာမှာပါ"

"နင်ပြောတာကရော စိတ်ချရရဲ့လား။ နင်လည်း ရည်းစားထားဖူးတာ မဟုတ်ဘဲနဲ့"

မုန့်ဝမ်ထင်က သံသယစိတ်ဖြင့် မေးလိုက်သည်။

လီယောင်ယောင်က ပြောလိုက်၏။

"ငါက ရည်းစားမထားဖူးပေမဲ့ အမှန်တရားတစ်ခုကိုတော့ သိတယ်နော်။ ယောကျ်ားတစ်ယောက်ကို မြန်မြန်ဖမ်းဆုပ်မထားရင် သူက သေချာပေါက်ထွက်ပြေးသွားမှာ"

မုန့်ဝမ်ထင်လည်း နှုတ်ခမ်းကိုက်လျက် ဆုံးဖြတ်ချက်ကြီးတစ်ခု ချလိုက်သည့်အလား ပြောလိုက်သည်။

"ကောင်းပြီလေ... ငါ စမ်းကြည့်လိုက်မယ်"

"အဲဒါမှ ငါ့သူငယ်ချင်း။ ကြိုးစားထား။ နင်က အတော်ဆုံးပဲ။ လိုအပ်တာရှိရင် ငါ့ကိုပြော"

...

နောက်တစ်နေ့ မနက်စောစောတွင် မုန့်ဝမ်ထင်တစ်ယောက် ရှောင်မေ့အတွက် မနက်စာ ပြင်ဆင်ပေးပြီးနောက် အဝတ်အစားလဲလိုက်သည်။

ယနေ့ ရှောင်မေ့မှာ အလွန်ပျော်ရွှင်နေလေသည်။

"မွေးစားဖေဖေက ဒီနေ့ သမီးကို ကျောင်းလိုက်ပို့ပေးမယ်လို့ ပြောထားတယ်"

မုန့်ဝမ်ထင်လည်း လက်ပတ်နာရီကို တစ်ချက်ကြည့်လိုက်သည်။

"ဒါပေမဲ့ ဒီနေ့ တနင်္လာနေ့ဆိုတော့ ကားပိုကျပ်မှာ။ ကားမောင်းသွားရင် လမ်းပိတ်ပြီး ကျောင်းနောက်ကျနေလိမ့်မယ်"

သူ(မ) ပြတင်းပေါက်အပြင်ဘက်သို့ လှမ်းကြည့်လိုက်လေရာ အိမ်ရှေ့လမ်းမကြီးပေါ်တွင် ကားများ တန်းစီပိတ်ဆို့နေကြောင်း တွေ့လိုက်ရသည်။

ထိုအချိန်မှာပင် မုန့်ဝမ်ထင်မှာ ဟိန်းထွက်လာသော အသံကြီးတစ်သံကို ရုတ်တရက်ကြားလိုက်ရသည်။

ထို့နောက် ရဟတ်ယာဉ်တစ်စင်းက အဝေးက ဖြည်းညင်းစွာ ပျံသန်းလာသည်ကို မြင်လိုက်ရ၏။

"အာ... ငါတို့ဆီမှာသာ ရဟတ်ယာဉ်တစ်စင်း ရှိရင် သေချာပေါက်နောက်ကျမှာမဟုတ်ဘူး"

မုန့်ဝမ်ထင် တစ်ကိုယ်တည်းတခစ်ခစ်ရယ်မောလိုက်မိသည်။ ဤသည်မှာ နေ့ခင်းကြောင်တောင် အိမ်မက်မက်နေခြင်းသက်သက်သာ။

ရဟတ်ယာဉ်ဆိုသည်မှာ အလွန်ချမ်းသာသော သူဌေးများသာ ပိုင်ဆိုင်နိုင်သောအရာ မဟုတ်လော။

သို့သော် ထိုအခိုက်အတန့်ဝယ် မုန့်ဝမ်ထင် ရုတ်တရက်ကြောင်အသွားသည်။

အ​ကြောင်းမှာ ရဟတ်ယာဉ်က ပျံသန်းထွက်ခွာမသွားဘဲ ဝေဟင်ထက်တွင် တစ်ပတ်ဝဲကာ သူ(မ)တို့၏ရပ်ကွက်ရှိ ကွင်းပြင်ထဲသို့ ဆင်းသက်လာသောကြောင့်ပင်။

ဝိုး... ငါတို့ရပ်ကွက်ထဲမှာ သူဌေးတစ်ယောက် ရှိတာများလား။

ထိုအချိန်တွင် ချောမောခန့်ညားသော အမျိုးသားတစ်ယောက်က ရဟတ်ယာဉ်ပေါ်မှ ဆင်းလာလေသည်။

ခဏအကြာဝယ် မုန့်ဝမ်ထင်၏ဖုန်းက အသံမြည်လာသည်။

"ဝမ်ထင်... ကျွန်တော် ယဲ့ချန်းပါ။ ရှောင်မေ့ကို ကျောင်းပို့ပေးဖို့ လာကြိုတာ"

"အာ... ရှင်က ဘယ်မှာလဲ"

မုန့်ဝမ်ထင်က မေးလိုက်သည်။

ယဲ့ချန်းက ဆို၏။

"ကွင်းပြင်ထဲက ရဟတ်ယာဉ်ကို မြင်လား။ အဲဒါ ကျွန်တော် မောင်းလာတာလေ"

"ဘာ... ရဟတ်ယာဉ်မောင်းလာတာလား"

မုန့်ဝမ်ထင်ခမျာ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။

ထို့နောက် ရှောင်မေ့လက်ကိုဆွဲပြီး ကွင်းပြင်ဘက်သို့ ထွက်လာခဲ့သော်လည်း ယုံရခက်နေဆဲပင်။

"ဘုရားရေ... တကယ်ကြီး ရဟတ်ယာဉ်ပါလား"

ယဲ့ချန်းက ရဟတ်ယာဉ်ဘေးတွင် ရပ်နေပြီး ဟားမစ်ဝတ်စုံနှင့် လက်ကောက်ဝတ်ထက်တွင် ပါတက်ခ်ဖီလစ်နာရီကို ဝတ်ဆင်ထားလေရာ အလွန်တရာကြည့်ကောင်းလွန်းလှသည်။

မုန့်ဝမ်ထင်က အံ့သြတကြီးဖြင့် မေးလိုက်သည်။

"ဒီရဟတ်ယာဉ်က ရှင့်ဟာလား"

"ဟုတ်တယ်။ ဒီမနက် လမ်းပိတ်နေတာတွေ့လို့ ရှောင်မေ့ကျောင်းနောက်ကျမှာစိုးတာနဲ့ ရဟတ်ယာဉ်ပဲ မောင်းလာလိုက်တာ"

"ဒါနဲ့... ရှောင်မေ့ကို ကျောင်းပို့ပြီးရင် မင်းကို ရုံးလိုက်ပို့ပေးမယ်လေ"

"ကောင်းပါပြီ"

မုန့်ဝမ်ထင် ခေါင်းညိတ်ပြလိုက်သည်။

ဘေးနားတွင်ရပ်နေသော ရှောင်မေ့ခမျာ အပျော်လုံးစို့နေချေသည်။

"မွေးစားဖေဖေက အရမ်းမိုက်တာပဲ။ သမီးကို ရဟတ်ယာဉ်နဲ့ ကျောင်းလိုက်ပို့မှာတဲ့။ ရှယ်ပဲ။ ဖန်ဖန်တော့ သူ့အိမ်က ဘီအမ်ဒဗလျူကားအကြောင်း ကြွားရဲဦးမလားဆိုတာ ကြည့်ရသေးတာပေါ့"

ယဲ့ချန်းလည်း ခပ်ဖွဖွပြုံးလိုက်သည်။

"မပူပါနဲ့။ ဒီနေ့ကစပြီး ဘယ်သူကမှ ငါတို့ရှောင်မေ့ကို အထင်မသေးရဲစေရဘူး"

ရဟတ်ယာဉ်ပေါ်သို့ ရောက်သည်နှင့် ရှောင်မေ့တစ်ယောက် အပြင်ဘက်ရှိ ရှုခင်းများကို တောက်လျှောက်ငေးနေတော့သည်။

"မေမေ ကြည့်ပါဦး။ ဟိုကားတွေက ပုရွက်ဆိတ်လေးတွေကျနေတာပဲ"

သို့သော် မုန့်ဝမ်ထင်မှာမူ အပြင်ဘက်ရှုခင်းကို စိတ်မဝင်စားနိုင်ဘဲ ယဲ့ချန်းထံကိုသာ အကြည့်ရောက်နေပေသည်။

"ဘုရားရေ... ဒီလူက လူကုံထံသူဌေးတစ်ယောက်ဖြစ်နေတာလား။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ဒီလိုလူမျိုးက အရမ်းထူးခြားလွန်းတယ်"

ယခုအချိန်တွင် မုန့်ဝမ်ထင်၏ နှလုံးသားလေးမှာ အရည်ပျော်ကျနေချေပြီ။

မိုတုအမှတ်(၁)မူလတန်းကျောင်း

မိဘများက ကျောင်းသားများကို ကျောင်းလိုက်ပို့နေကြသည်။

BMW 740ကားကို မောင်းလာသော ဖန်ဖန့်အမေက ပြောလိုက်သည်။

"ဖန်ဖန်... နောက်ဆိုရင် သား စာတော်တဲ့ကလေးတွေနဲ့ ပိုပေါင်းရမယ်နော်။ ဟိုရှောင်မေ့က ချစ်စရာကောင်းပေမဲ့ သူ့အိမ်မှာ ပိုက်ဆံလည်းမရှိ နောက်ခံအသိုင်းအဝိုင်းလည်းမရှိဘူး။ အဲဒါကြောင့် သူ့အတွက်နဲ့ အချိန်ကုန်မခံနဲ့။ နားလည်လား"

"ဟုတ်ကဲ့။ နားလည်ပါပြီ မေမေ"

ထိုအချိန်တွင် ဖန်ဖန်က ရုတ်တရက် ခေါင်းမော့ကြည့်လိုက်လေရာ ရဟတ်ယာဉ်တစ်စင်းကို တွေ့လိုက်ရသည်။

"မေမေ ကြည့်ဦး။ ရဟတ်ယာဉ်ကြီး"

ဖန်ဖန်၏အမေက အမှုမထားဟန်ဖြင့် မှတ်ချက်ပေးလိုက်သည်။

"ရဟတ်ယာဉ်မြင်တာ ဘာထူးဆန်းလို့လဲ။ သားအတန်းဖော်ရဲ့ ရဟတ်ယာဉ်မှ မဟုတ်တာ"

"မေမေ... ရဟတ်ယာဉ်က သားတို့ကျောင်းထဲက ကစားကွင်းကို ဆင်းနေသလိုပဲ"

"ဘာ"

သားဖြစ်သူ၏စကားကို ကြားသောအခါ ဖန်ဖန်၏အမေလည်း အံ့သြသွားသည်။

အမှန်ပင် ရဟတ်ယာဉ်က ကစားကွင်းထဲသို့ ဖြည်းညင်းစွာ ဆင်းသက်နေသည်။

ကျောင်းတစ်ကျောင်းလုံး ဆူညံသွားသည်။

"ဘုရားရေ... ဘယ်သူ့မိဘမို့လို့ ကလေးကို ရဟတ်ယာဉ်နဲ့ ကျောင်းလိုက်ပို့တာလဲဟ"

"အေးလေ... ဒီမိသားစုက ရွှေတွင်းပိုင်ရှင်များလားမသိဘူး"

ဖန်ဖန့်အမေ၏ မျက်လုံးများ အရောင်တောက်သွားချေသည်။

"သား... သားအတန်းဖော် ဟုတ်မဟုတ် သေချာကြည့်ဦး။ အဲဒီလိုကလေးမျိုးနဲ့ အဆက်အသွယ်လုပ်ထားမှ ဖြစ်မယ်"

ထိုအချိန်တွင် ရဟတ်ယာဉ်တံခါး ပွင့်သွားပြီးနောက် ယဲ့ချန်းက ရှောင်မေ့ကို ပွေ့ချီလျက် ဆင်းလာသည်။

ဖန်ဖန်ခမျာ ​အကြောင်သား​​ပြောလိုက်လေသည်။

"မေမေ... ရဟတ်ယာဉ်ပေါ်ကဆင်းလာတာ ရှောင်မေ့နဲ့ သူ့အဖေလားမသိဘူး"

"ဘာ"

ဖန်ဖန့်အမေမှာ အကြီးအကျယ်တုန်လှုပ်သွားသည်။

သူ(မ)က သားဖြစ်သူကို စိတ်လှုပ်ရှားစွာ ပြောလိုက်လေသည်။

"ဖန်ဖန်... ဒါ သားအတွက် အခွင့်အရေးပဲ။ လက်စသတ်တော့ ရှောင်မေ့တို့အိမ်က ချမ်းသာတာကိုး။ ရှောင်မေ့နဲ့ သူငယ်ချင်းကောင်း ဖြစ်အောင်ပေါင်းနော်။ ပြီးရင် သူ့ကို ရအောင်ကြိုးစား"

...

ယဲ့ချန်းက ရှောင်မေ့ကို ရဟတ်ယာဉ်ဖြင့် ကျောင်းလိုက်ပို့ကြောင်း ကျောင်းသားများနှင့် မိဘများအားလုံးနီးပါး မြင်တွေ့လိုက်ကြသည်။

ရှောင်မေ့၏အတန်းဖော်အများစုက သူ့မိသားစုကို မပြည့်စုံဘူးဟု ထင်ခဲ့ကြသော်လည်း ယခုလိုခန့်ညားချောမောသော အဖေဖြစ်သူက ရဟတ်ယာဉ်ဖြင့် ကျောင်းလိုက်ပို့ကြောင်း မြင်လိုက်ရသောအခါ အားလုံး ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြသည်။

လက်စသတ်တော့ ငါတို့အတန်းထဲမှာ အမိုက်ဆုံးက ရှောင်မေ့ပါလား။

ရှောင်မေ့ကတော့ ကျောင်းလွယ်အိတ်လေးကို လွယ်လျက် ပျော်ရွှင်စွာ ခုန်ပေါက်ရင်း အတန်းထဲသို့ ဝင်သွားလေသည်။

ကျောင်းသားများအားလုံး၏ အကြည့်က သူ(မ)ထံတွင်သာ ရှိ၏။

"ရှောင်မေ့မှာ အဖေရှိတာပဲ"

"ရှောင်မေ့အဖေက သူဌေးကြီးဟ"

"ဘုရားရေ... ဒါကမှ တကယ့်သူဌေးသမီးအစစ်"

ကျောင်းဝရှိ မိဘများအားလုံးလည်း ဆွံ့အကုန်ကြသည်။

အထူးသဖြင့် ဘီအမ်ဒဗလျူများ၊ မာစီးတီးဘန့်စ်များ မောင်းလာကြသော မိဘများမှာ အံ့အားသင့်နေကြချေသည်။

သူတို့ကမူ ဘီအမ်ဒဗလျူများ၊ မာစီးတီးဘန့်စ်များ မောင်းရုံဖြင့် ဂုဏ်ရှိပြီဟု ထင်နေကြသည်။ ယခုမူ တစ်ဖက်လူက ရဟတ်ယာဉ်နှင့် ရောက်ချလာသည်ဖြစ်ရာ မည်သို့နှယ်ယှဉ်နိုင်တော့မည်နည်း။

ရဟတ်ယာဉ်ပေါ်တွင် မုန့်ဝမ်ထင်က ကျေးဇူးတင်စကား​ပြောလိုက်၏။

"ယဲ့ချန်း... ကျေးဇူးအများကြီးတင်ပါတယ်"

ယဲ့ချန်းက ပြုံးစစဖြင့် စနောက်လိုက်သည်။

"ဘယ်လိုကျေးဇူးဆပ်မှာလဲ"

မုန့်ဝမ်ထင်၏ မျက်နှာလေးကား ရှက်သွေးဖြာသွားသည်။

မုန့်ဝမ်ထင်ရှက်နေသည်ကို မြင်သောအခါ ယဲ့ချန်းလည်း ရယ်မောလိုက်၏။

"စတာပါ။ မင်းကိုအလုပ်လိုက်ပို့ပေးမယ်လေ"

လူတိုင်း၏ တအံ့တသြအကြည့်များအောက်တွင် ရဟတ်ယာဉ်က ပျံတက်ပြီး မုန့်ဝမ်ထင်၏ကုမ္ပဏီသို့ ဦးတည်သွားလေသည်။

ထိုအချိန်တွင် ဟွားလျန်အဆောက်အအုံရှေ့တွင် တောက်ပြောင်လှသော လမ်ဘော်ဂီနီပြိုင်ကားဆယ်စီး ရပ်ထားသည်။

ပြိုင်ကားများ၏ရှေ့တွင် ပန်းများစွာ ခင်းကျင်းထားသည်။

ပန်းများကို အသည်းပုံသဏ္ဌာန် စီရီထားပြီး တစ်ယောက်က ဗီနိုင်းတစ်ခုကို ကိုင်ထားသည်။

"မုန့်ဝမ်ထင် ကိုယ်မင်းကိုချစ်တယ်"

ဟွားလျန်ကုမ္ပဏီရှိ အမျိုးသမီးဝန်ထမ်းအမြောက်အများမှာ ဇိမ်ခံကားများရှေ့ရှိ လူချောလေးကိုကြည့်ပြီး မျက်ဝန်းများအရောင်တောက်သွားလေသည်။

ထိုလူချောလေးက နိုင်ငံတကာဘရန်းအဝတ်အစားများကို ဝတ်ဆင်ထားပြီး ရုပ်ချောသည့်အပြင် အရေးအကြီးဆုံးအချက်မှာ သူ့တွင် ပိုက်ဆံရှိပေသည်။

လမ်ဘော်ဂီနီဆယ်စီးနှင့် ချစ်ခွင့်ပန်ခြင်းမှာမူ အထင်ကြီးချင်စရာကောင်းလှသည်။

"ငါ့ကိုချစ်ခွင့်လာပန်တာဆိုရင် ဘယ်လောက်ကောင်းမလဲ"

"ဘယ်ကောင်မလေးကများ ဒီလောက်ကံကောင်းတာလဲ"

စွန်းရှင်းက လက်ကောက်ဝတ်ထက်ရှိ ရိုးလက်စ်နာရီကို တစ်ချက်ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။

ပုံမှန်ဆိုလျှင် ဝမ်ထင်က ယခုအချိန်တွင် ကုမ္ပဏီကို ရောက်နေကျပင်။ ယနေ့မှ ဘာကြောင့်ရောက်မလာသေးသလဲ။

ထိုအချိန်မှာပင် ဝုန်းခနဲမြည်သံတစ်ခုကို ရုတ်တရက်ကြားလိုက်ရပြီး ရဟတ်ယာဉ်တစ်စင်းက ဖြည်းညင်းစွာ ဆင်းသက်လာလေတော့သည်။

••••••••••••••

အပိုင်း ၄၃၇ : စုရှောင်နွမ်နှင့် ချိန်းတွေ့ခြင်း

ရဟတ်ယာဉ် ဆင်းသက်လာသောအခါ လေပြင်းတိုက်ခတ်မှုကြောင့် မြေပြင်ပေါ်ရှိ ပန်းများအားလုံး လွင့်စင်ကုန်ပြီး ဗီနိုင်းဆိုင်းဘုတ်ပါ အစအနမကျန်အောင် လွင့်ပါသွားလေသည်။

အထူးသဖြင့် စွန်းရှင်း၏ အမိုက်စားဆံပင်ပုံစံမှာ လေတိုက်ခံလိုက်ရသဖြင့် ငှက်သိုက်အလား ရှုပ်ပွသွားလေတော့သည်။

"သေစမ်း... ဘာတွေဖြစ်ကုန်တာလဲ"

စွန်းရှင်းခမျာ ရုတ်တရက်ကြောင်သွားချေသည်။

ဆင်းသက်လာသော ရဟတ်ယာဉ်က သူ အသေအချာပြင်ဆင်ထားသည့် ချစ်ခွင့်ပန်မည့် အစီအစဉ်ကို ဖျက်ဆီးပစ်လိမ့်မည်ဟု လုံးဝထင်မထားပေ။

စွန်းရှင်း စိတ်တိုသွားသော်ငြား ဘာမှလည်းမလုပ်ရဲပေ။

ယခုလိုရဟတ်ယာဉ်မျိုးကို မောင်းလာနိုင်သူဆိုလျှင် သေချာပေါက် သူဌေးကြီးတစ်ယောက်ယောက်သာ ဖြစ်ရမည်။

အကယ်၍ ထိုလူကသာ သူမထိပါးသင့်သော လူတစ်ယောက်ဖြစ်နေပါက ပြဿနာအကြီးအကျယ် တက်ပေလိမ့်မည်။

ရဟတ်ယာဉ်က မြေပြင်ပေါ်သို့ ဆင်းသက်လာသည်။

လူတိုင်း၏အကြည့်က ခမ်းနားထည်ဝါလှသော ရဟတ်ယာဉ်ပေါ်တွင်သာ ကျရောက်နေသည်။

လူငယ်တစ်ယောက်က ရဟတ်ယာဉ်ကို မြင်သောအခါ ကြက်သေသေသွားချေသည်။

"ဒါက ဟွားနိုင်ငံရဲ့ အဆင့်မြင့်ဆုံး Z-20ရဟတ်ယာဉ်နဲ့ တူတယ်။ တန်ဖိုးက တစ်ဘီလျံကျော်လောက် ရှိတာ။ အရေးကြီးဆုံးအချက်က အဲဒါကိုဝယ်ဖို့ အဆက်အသွယ်ရှိမှရမှာ"

ထိုစကားကို ကြားသောအခါ စွန်းရှင်း မျက်နှာပျက်သွားသည်။

ရဟတ်ယာဉ်ရပ်သွားသည်နှင့် တံခါးပွင့်လာပြီးနောက် မုန့်ဝမ်ထင်နှင့် ယဲ့ချန်းတို့ အတူဆင်းလာကြသည်။

မုန့်ဝမ်ထင်နှင့် အမျိုးသားတစ်ယောက် ရဟတ်ယာဉ်ပေါ်က ဆင်းလာသည်ကို မြင်သောအခါ စွန်းရှင်း၏အမူအရာကား ရုတ်တရက်ပြောင်းလဲသွားသည်။

သူ့ကိုယ်သူ ငတုံးတစ်ယောက်နှယ် ခံစားလိုက်ရသည်။

သူ့မှာတော့ ချစ်ခွင့်ပန်ဖို့ ကြိုးစားနေသော်ငြား သူသဘောကျသော ကောင်မလေးကတော့ အခြားယောကျ်ားတစ်ယောက်နှင့်အတူ ရဟတ်ယာဉ်ပေါ်က ဆင်းလာသည်။

အဆိုးဆုံးအပိုင်းမှာ ထိုအမျိုးသားက သူ့ထက် ပိုချောနေသည့်အပြင် ရဟတ်ယာဉ်တစ်စင်းပါ ပိုင်ဆိုင်ထားခြင်းပင်။

အစကမူ လမ်ဘော်ဂီနီဆယ်စီး စီစဉ်ထားနိုင်ခဲ့သဖြင့် သူ့ကိုယ်သူ တော်တော်အထင်ကြီးချင်စရာကောင်းနေပြီဟုပင် ထင်ခဲ့မိသည်။

သို့သော် ဤမျှခမ်းနားလွန်းလှသော ရဟတ်ယာဉ်ကြီး၏ရှေ့တွင်မူ သူ့လမ်ဘော်ဂီနီဆယ်စီးမှာ သေးနုပ်သွားရသည်။

သို့ရာတွင် စွန်းရှင်းကမူ မုန့်ဝမ်ထင်ကို အလွန်သဘောကျလှသဖြင့် ထိုမျှလွယ်လွယ်ကူကူဖြင့် လက်မလျှော့နိုင်ပေ။

စွန်းရှင်းခမျာ အံတင်းတင်းကြိတ်ပြီး ရှုပ်ပွနေသော ဆံပင်များကိုသပ်တင်ကာ မုန့်ဝမ်ထင်ရှေ့သို့ လျှောက်သွားလိုက်သည်။

"ဝမ်ထင်... မင်း သိလား။ မြင်မြင်ချင်းကတည်းက ကိုယ် မင်းကို ချစ်မိသွားတာ။ ကိုယ့်ကောင်မလေး လုပ်ပေးနိုင်မလား"

အခြေအနေက အနည်းငယ်ရှုပ်ထွေးနေသော်လည်း စွန်းရှင်းကမူ သတ္တိမွေးပြီး ချစ်ခွင့်ပန်လိုက်သည်။

ထိုအချိန်တွင် မိန်းမပွေရှုပ်သည့် သူဌေးသားများက ​စတင်ကြွေးကြော်အော်ဟစ်ကြလေတော့သည်။

တချို့က ဘေးနားမှ မြှောက်ပေးကြသည်။

"လက်ခံလိုက်ပါ... လက်ခံလိုက်ပါ"

မုန့်ဝမ်ထင်၏ မျက်နှာထားမှာမူ အနည်းငယ်အေးစက်သွားသည်။

စွန်းရှင်းက သူ(မ)ကို လိုက်ပိုးနေသည်မှာ ကြာလှလေပြီ။ သူတို့နှစ်ယောက်ကြားတွင် မဖြစ်နိုင်ကြောင်း သူ(မ)ကလည်း ရှင်းရှင်းလင်းလင်းပြောပြီးသားပင်။

သို့သော် ကုမ္ပဏီအဝင်ဝတွင် ဤမျှကြီးကျယ်ခမ်းနားသော မြင်ကွင်းမျိုးကို ဖန်တီးလိမ့်မည်ဟု ထင်မထားပေ။

ဤလုပ်ရပ်မှာ ပုံရိပ်ကောင်းမျိုး မဟုတ်ကြောင်းမှာမူ ထည့်ပြောစရာပင် မလိုပေ။

ထို့ပြင် ယဲ့ချန်းက သူ(မ)ဘေးနားတွင် ရှိနေသည်။

မုန့်ဝမ်ထင်လည်း အေးစက်မာကျောစွာ ပြောလိုက်၏။

"စွန်းရှင်း... ရှင်နဲ့ကျွန်မက မလိုက်ဖက်ဘူးလို့ အရင်ကတည်းက ပြောပြီးသားလေ"

"ဝမ်ထင်... အဆင်ပြေပါတယ်။ မလိုက်ဖက်တဲ့အချက်တွေကို ကိုယ် ပြင်နိုင်ပါတယ်"

ဘေးနားရှိ ယဲ့ချန်းကမူ မုန့်ဝမ်ထင်၏ မျက်နှာထားကို ကြည့်ရုံမျှဖြင့် စွန်းရှင်းကို မကြိုက်မှန်း သိလိုက်သည်။

ယဲ့ချန်းက တည်ငြိမ်စွာ ဝင်ပြောလိုက်သည်။

"မင်းက ငါ့လောက် ချောလို့လား။ ရဟတ်ယာဉ်ရော ရှိလို့လား။ အဲဒါတွေက မင်းနဲ့မလိုက်ဖက်ရတဲ့ အကြောင်းရင်းတွေပဲ။ ငါက ဝမ်ထင်ရဲ့ချစ်သူ။ ဒီတော့ မင်းလက်လျှော့လိုက်တော့"

"မင်း..."

စွန်းရှင်း ဒေါသထွက်သွားသော်လည်း စကားတစ်ခွန်းမှ ပြန်မပြောနိုင်ပေ။

ယဲ့ချန်း၏စကားလည်း မှန်နေသည်။ သူသည် ရုပ်သန့်သည့်အထဲ ပါသော်လည်း ယဲ့ချန်းလောက်တော့ မချောပေ။

သို့သော် ဤသည်မှာ မည်သူနှင့် ယှဉ်သလဲဆိုသည့်အချက်အပေါ် မူတည်သည်။

ယဲ့ချန်း၏ရှေ့တွင်မူ သူ့ကို သာမန်လူတစ်ယောက်ဟု သတ်မှတ်နိုင်သည်။

သူသည် လမ်ဘော်ဂီနီကားကို မောင်း၏။

သာမန်လူများနှင့်ယှဉ်လျှင် အထင်ကြီးချင်စရာကောင်းသော်လည်း ယဲ့ချန်းနှင့်ယှဉ်လိုက်လျှင်မူ ဘာမှမဟုတ်တော့ပေ။

ယဲ့ချန်းက စွန်းရှင်း၏ပခုံးကို ပုတ်လိုက်၏။

"ကိုယ့်လူ... ဘာမှမယှဉ်နိုင်မှတော့ မေ့လိုက်ပါတော့"

ထို့နောက် ယဲ့ချန်းက မုန့်ဝမ်ထင်၏လက်ကို ဆုပ်ကိုင်လိုက်၏။

"အချစ်... အလုပ်ကြိုးစားနော်။ အကောင်းဆုံး လုပ်ခဲ့"

မုန့်ဝမ်ထင် လုံးဝကြက်သေသေသွားသည်။

ယဲ့ချန်းက သူ့ကိုယ်သူ သူ(မ)၏ချစ်သူဟု ဝန်ခံပြောဆိုလိမ့်မည်ဟု အိမ်မက်ပင် မမက်ဖူးပေ။

ဤခံစားချက်မှာ ကြည်နူးစရာကောင်းလှသည်။

ယဲ့ချန်းက မုန့်ဝမ်ထင်၏ ချစ်စရာကောင်းသော နှာခေါင်းလေးကို ချစ်စနိုးဖြင့် ဆွဲလိုက်သည်။

"အရူးမလေး... ဘာတွေတွေးနေတာလဲ"

"ဘာမှမဟုတ်ပါဘူး။ တာ့တာ"

စကားပြောပြီးသည်နှင့် သူ(မ)က မျက်နှာအရဲသားဖြင့် ကုမ္ပဏီထဲသို့ ပြေးဝင်သွားသည်။

ထိုမြင်ကွင်းကိုကြည့်ပြီး စွန်းရှင်းမှာမူ ပါးစပ်အဟောင်းသားဖြစ်နေတော့သည်။

သူ မကျေနပ်သော်လည်း ရွေးချယ်စရာမရှိပေ။

ယဲ့ချန်း ပြောသလိုပင်။ သူက ယဲ့ချန်းလောက်လည်း မချောသလို ပိုက်ဆံကလည်း မရှိလေရာ ဘာများသွားယှဉ်ရဦးမည်နည်း။

စွန်းရှင်းမှာ မလိုလားသော်ငြား ယဲ့ချန်းလို ပုဂ္ဂိုလ်တစ်ယောက်ရှေ့တွင်မူ ခေါင်းငုံ့ရုံသာ တတ်နိုင်တော့သည်။

ကောင်းကင်ပေါ်သို့ ပျံတက်သွားသော ရဟတ်ယာဉ်ကိုကြည့်ရင်း စွန်းရှင်း အံတကြိတ်ကြိတ်လုပ်နေမိသည်။

"တစ်နေ့ကျရင် ငါလည်း ရဟတ်ယာဉ်ဝယ်စီးပြမယ်"

...

ထိုအချိန်တွင် ယဲ့ချန်း၏ဖုန်းက မြည်လာသည်။

"ဟယ်လို... မစ္စတာယဲ့လား"

ယဲ့ချန်းလည်း ခဏမျှတွေဝေသွားပြီး မေးလိုက်လေသည်။

"ဘယ်သူပါလဲ"

"ကျွန်မ စုရှောင်နွမ်ပါ"

"မင်္ဂလာပါ"

တိုက်ရိုက်ထုတ်လွှင့်သူတစ်ယောက်က သူ့ကို ကိုယ်တိုင်ဆက်သွယ်လာသဖြင့် ယဲ့ချန်း အံ့သြသွားသည်။

"ယဲ့ချန်း... ရှင်နဲ့ အပြင်မှာ တွေ့လို့ရမလား။ ခုနကမှ သို့ယွီတိုက်ရိုက်ထုတ်လွှင့်ရေးအဖွဲ့က ကျွန်မကို ဆက်သွယ်လာတယ်။ ရှင်လှူလိုက်တဲ့ ပိုက်ဆံတွေကို တစ်ပြားမှမဖြတ်ဘဲ မျှော်လင့်ချက်မူလတန်းကျောင်းဆောက်လုပ်ရေးအတွက် သုံးပေးမယ်တဲ့။ ပြီးတော့ ကျောင်းအတွက် တံတားတွေလမ်းတွေဖောက်ဖို့လည်း ရန်ပုံငွေထောက်ပံ့ပေးမယ်လို့ ပြောတယ်။ အဲဒါကြောင့် ကလေးတွေကိုယ်စား ရှင့်ကို ကျွန်မကိုယ်တိုင် ကျေးဇူးတင်ချင်လို့ပါ"

ယဲ့ချန်းကလည်း ပြောလိုက်သည်။

"ရတာပေါ့"

စတားဘတ်ကော်ဖီဆိုင်သို့ ယဲ့ချန်း ဝင်သွားသောအခါ အလွန်လှပချောမောသော မိန်းကလေးတစ်ယောက်က ထိုင်ခုံတွင် ကော်ဖီသောက်နေကြောင်း တွေ့လိုက်ရသည်။

အပြင်တွင်မူ စုရှောင်နွမ်က အွန်လိုင်းပေါ်တွင် မြင်ရသည်ထက်ပင် ပိုလှနေသေးသည်။

ယဲ့ချန်းလည်း အနားသို့ လျှောက်သွားလိုက်၏။

"ခွင့်ပြုပါ... မိန်းကလေးက စုရှောင်နွမ်လား"

ယဲ့ချန်းကို မြင်လိုက်ရသောအခါ စုရှောင်နွမ်မှာ ကြက်သေသေသွားသည်။

ယဲ့ချန်းက ဤမျှအထိ ချောမောပြီး ငယ်ရွယ်လိမ့်မည်ဟု သူ(မ) ထင်မထားချေ။

"ရှင်က တက္ကစီဒရိုင်ဘာအစ်ကိုကြီးလား"

ယဲ့ချန်း ခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်ပါတယ်။ ကျွန်တော်ပါပဲ"

စုရှောင်နွမ်က ပြောလိုက်သည်။

"ရှင်က ဒီလောက်အထိငယ်ပြီး ချောလိမ့်မယ်လို့ ကျွန်မမထင်ထားဘူး"

"ဒါဆို ကျွန်တော်က ထိပ်ပြောင်ပြောင်ဦးလေးကြီးဖြစ်နေမှ သဘာဝကျမယ်လို့ ဆိုလိုတာလား"

ထိုစကားကို ကြားသောအခါ စုရှောင်နွမ်၏မျက်နှာလေးမှာ အနည်းငယ်ရဲသွားသည်။

"အဲဒီလိုပြောတာတာ မဟုတ်ပါဘူး။ ကျွန်မက ဝမ်းသာလွန်းလို့ပါ"

အစတုန်းကတော့ စုရှောင်နွမ်အနေနှင့် တစ်ဖက်လူသာ အသက်ကြီးနေပါက သူတို့နှစ်ယောက်ကြားတွင် စကားပြောဆိုဆက်ဆံရန် အဆင်မပြေဘဲ နေလိမ့်မည်ဟု စိတ်ပူခဲ့သေးသည်။

ယခု ယဲ့ချန်းက သူ(မ)နှင့် ရွယ်တူခန့်ဖြစ်ကြောင်း မြင်လိုက်ရမှသာ စိတ်အေးသွားရသည်။

စုရှောင်နွမ်လည်း မှတ်စုစာအုပ်တစ်အုပ် ထုတ်လိုက်သည်။

"ဒါက တောင်ပေါ်ဒေသက ကလေးတွေ ရှင့်အတွက်ရေးပေးလိုက်တဲ့ ကျေးဇူးတင်စာတွေပါ"

ယဲ့ချန်းက မှတ်စုစာအုပ်ကိုယူပြီး လှန်လှောဖတ်ရှုလိုက်သည်။

ထိုအထဲတွင် ကလေးများဆွဲထားသော ပန်းချီကားများနှင့်အတူ ကျေးဇူးတင်စကားများကိုပါ ရေးသားထား​သည်။

ထို့နောက် စုရှောင်နွမ်က အိတ်ကြီးတစ်လုံးကို ထုတ်ယူလိုက်ပြန်၏။

"ဒါက ကလေးတွေ ရှင့်အတွက် ခူးပေးလိုက်တဲ့ တောင်ပေါ်သစ်သီးတွေပါ။ သူတို့ခမျာ ဒီအသီးတွေရဖို့ တောင်တွေအများကြီးတက်ပြီး ခူးခဲ့ကြတာ"

ထိုစကားကို ကြားသောအခါ ယဲ့ချန်း၏ရင်ထဲထိရှသွားရသည်။

"အာ... သူတို့ကို ကျွန်တော့်အစား ကျေးဇူးတင်ကြောင်း ပြောပေးပါဦး"

"မစ္စတာယဲ့ကလည်း အားနာနေပြန်ပြီ။ သူတို့ကမှ ရှင့်ကို ကျေးဇူးတင်ရမှာပါ။ ရှင်က သူတို့အတွက် မျှော်လင့်ချက်တွေပေးခဲ့တာလေ"

တောင်ပေါ်ရှိ ကလေးများမှာ အရိုးသားဆုံးနှင့် ကျေးဇူးအသိတတ်ဆုံးလူများပင်။

သူတို့နှစ်ယောက် အတန်ကြာသည်အထိ စကားစမြည်ပြောဖြစ်ကြသည်။ အများအားဖြင့် တောင်ပေါ်ဒေသရှိ စာသင်ကျောင်းဆောက်လုပ်ရေးအကြောင်းများသာ။

ရုတ်ခြည်းပင် စုရှောင်နွမ်၏ဖုန်းက ထမြည်လာသည်။

"ဘာ... မေမေ နေမကောင်းဖြစ်လို့လား"

စုရှောင်နွမ် မျက်နှာပျက်သွားသည်။

ဖုန်းချပြီးနောက် စုရှောင်နွမ်က ပြောလိုက်၏။

"မစ္စတာယဲ့... တောင်းပန်ပါတယ်။ ကျွန်မ ရန်အိုက်ဆေးရုံကို သွားမှဖြစ်မယ်"

ယဲ့ချန်းက ခေါင်းညိတ်ပြလိုက်၏။

"ကျွန်တော် လိုက်ပို့ပေးမယ်လေ"

စုရှောင်နွမ်ကလည်း ဆို၏။

"ကောင်းပါပြီ"

ယဲ့ချန်း၏ကားကို မြင်လိုက်ရသောအခါ စုရှောင်နွမ် အံ့သြသွားရသည်။

ယဲ့ချန်းက သူ(မ)အား သန်းပေါင်းများစွာ လှူဒါန်းခဲ့သောကြောင့် ကျီလိကားတစ်စီးကို မောင်းလိမ့်မည်ဟု မထင်ထားပေ။

သူ(မ)၏စိတ်ထဲတွင် ယဲ့ချန်းက ပြိုင်ကားတစ်စီး မောင်းလိမ့်မည်ဟု ထင်မှတ်ထားသည်။

ထို့ကြောင့် စုရှောင်နွမ်လည်း စူစမ်းလိုဟန်ဖြင့် မေးလိုက်သည်။

"ယဲ့ချန်း... ရှင်က တကယ်တက္ကစီမောင်းတာလား"

ယဲ့ချန်းက ခေါင်းညိတ်ပြလိုက်သည်။

"ဒါပေါ့။ တက္ကစီအထူးယာဉ်လေးက ကြိုဆိုပါတယ်။ ဝန်ဆောင်မှုကောင်းတယ်လို့ ခံစားရရင် ကြယ်ငါးပွင့်ပေးဖို့မမေ့နဲ့နော်"

••••••••••••••••••

အပိုင်း ၄၃၈ : အရာအားလုံး ငါ့တာဝန်ထား

ယဲ့ချန်းလည်း ကားမောင်းပြီး စုရှောင်နွမ်ကို ဆေးရုံသို့ လိုက်ပို့ပေးလိုက်သည်။

"မစ္စတာယဲ့... ကျေးဇူးတင်ပါတယ်"

စုရှောင်နွမ်က ပြောလိုက်သည်။

"ကျွန်တော်လည်း အန်တီ့ကို ဝင်တွေ့သွားလိုက်ဦးမယ်"

ယဲ့ချန်းက ပြုံး၍ ပြောလိုက်သည်။

"ဒါပေမဲ့..."

"ကျွန်တော်တို့က မိတ်ဆွေတွေဖြစ်နေကြပြီမဟုတ်လား"

တကယ်တော့ ယဲ့ချန်း လိုက်သွားရသည့် အကြောင်းအရင်းမှာ ရန်အိုက်ဆေးရုံက သူ့အပိုင်ဖြစ်နေသောကြောင့်ပင်။ အကယ်၍ စုရှောင်နွမ်သာ အကူအညီလိုအပ်ပါက သူ ကူညီပေးနိုင်လိမ့်မည်။

ယဲ့ချန်းအနေနှင့် စုရှောင်နွမ်ကို အလွန်လေးစားမိသည်။

ယုံကြည်ချက်တစ်ခုအတွက်နှင့် မိန်းကလေးတစ်ယောက်က တောင်ပေါ်ဒေသမှာ နှစ်ပေါင်းများစွာ နေထိုင်ခဲ့သည်။

ဤသို့သောစိတ်ဓာတ်မျိုးကြောင့် ယဲ့ချန်း သူ(မ)ကို ပိုလေးစားသွားခြင်းပင်။

ထို့ကြောင့် အခု စုရှောင်နွမ် အခက်ကြုံနေရချိန်တွင် ယဲ့ချန်းအနေနှင့် တစ်ဖက်တစ်လမ်းက ကူညီပေးချင်မိသည်။

"ဒါဆို ကျေးဇူးတင်ပါတယ်နော်"

စုရှောင်နွမ် ခေါင်းညိတ်ပြလိုက်သည်။

ယဲ့ချန်းက ဆို၏။

"မင်း အရင်သွားနှင့်လေ။ ကျွန်တော် သစ်သီးနည်းနည်းဝယ်ပြီးမှ လိုက်ခဲ့မယ်"

"ကောင်းပါပြီ"

စုရှောင်နွမ်လည်း ခေါင်းညိတ်ပြပြီးနောက် လူနာဆောင်ဘက်သို့ ထွက်သွားလေသည်။

ခုတင်ပေါ်တွင်လှဲနေသော မိခင်ဖြစ်သူကို မြင်လိုက်ရသောအခါ စုရှောင်နွမ်၏ရင်ထဲတွင် ဆစ်ခနဲနာကျင်သွားရသည်။

စုရှောင်နွမ် ငယ်စဉ်ကတည်းက သူ့မိဘများမှာ ကွာရှင်းခဲ့ကြသည်။

စုရှောင်နွမ်က ဖခင်နှင့်အတူ နေထိုင်ခဲ့သော်လည်း မိခင်အပေါ် သံယောဇဉ်ကြီးမားပေသည်။

"မေမေ... စိတ်မပူနဲ့နော်။ သမီး မေမေ့ရောဂါကို ပျောက်အောင်ကုပေးမှာပါ"

စုရှောင်နွမ်က ပြောလိုက်သည်။

မေမေစုကလည်း ပြုံးတုံးတုံ့ဖြင့် ပြောလိုက်သည်။

"အရူးမလေး... မေမေ ဘာမှမဖြစ်ပါဘူး။ ဒီရောဂါဖြစ်နေတာလည်း နှစ်တွေအများကြီးကြာနေပြီ။ ဆေးရုံတွေလည်း အများကြီးပြဖူးပေမဲ့ ဘယ်ဆေးရုံကမှ မကုပေးနိုင်ခဲ့ဘူးလေ။ မေမေက ရိုးရိုးဆေးရုံပဲတက်မလို့ လုပ်ထားတာ။ သမီးအဖေက ရန်အိုက်ဆေးရုံမှာတက်ဖို့ အတင်းစီစဉ်လိုက်တာ"

"သူ အရင်တုန်းက မေမေ့အပေါ် မကောင်းခဲ့တာတွေနဲ့စာရင် ဒီလောက်တော့ စီစဉ်ပေးသင့်တာပေါ့"

စုရှောင်နွမ်ကလည်း နှုတ်ခမ်းစူလျက် ပြောလိုက်သည်။

"ကဲပါ... သမီးအဖေပြောတာတော့ သမီး အိမ်ကထွက်သွားတာ တော်တော်ကြာနေပြီတဲ့။ သူ့ဆီ ဖုန်းလည်းမဆက်ဘူး။ ဝီချက်ကနေ စာပို့တာတောင် စာမပြန်ဘူးဆို"

စုရှောင်နွမ်က နှာခေါင်းရှုံ့လိုက်လေသည်။

"သူစိတ်ပူချင်ရင် ပူပါစေပေါ့"

"ဟွန်း... သူက သမီးကို အိမ်ထောင်ချပေးပြီး အသုံးချချင်နေတာလေ။ ဝေးပါသေးတယ်"

စုရှောင်နွမ် စူပုပ်ပုပ်လုပ်လိုက်သည်။

မေမေစုကမူ ခေါင်းခါယမ်းလိုက်မိသည်။ ကလေးက အရွယ်ရောက်နေပြီဖြစ်သည့်အပြင် ဤနှစ်များတစ်လျှောက်လုံး သူ(မ)အနေနှင့် သမီးဖြစ်သူအပေါ် အားနာစိတ်လည်း ရှိနေသဖြင့် ဘာမှဆက်မပြောတော့ပေ။

ထိုအချိန်တွင် ယဲ့ချန်းက အထဲသို့ဝင်လာသည်။

စုရှောင်နွမ်လည်း ကမန်းကတန်း မတ်တတ်ထရပ်ပြီး မိတ်ဆက်ပေးလိုက်သည်။

"မေမေ... ဒါက သမီးမိတ်ဆွေ ယဲ့ချန်းတဲ့။ မေမေနေမကောင်းဘူးဆိုလို့ လာတွေ့တာ"

ယဲ့ချန်းက သစ်သီးခြင်းကို ကိုင်ထားရင်း ပြုံးလိုက်၏။

"မင်္ဂလာပါ အန်တီ"

ယဲ့ချန်းကို မြင်လိုက်ရသောအခါ မေမေစုလည်း အနည်းငယ်အံ့သြသွားပြီးနောက် ပြုံးတုံ့တုံ့ဖြင့် စုရှောင်နွမ်ကို တီးတိုးကပ်ပြောလိုက်သည်။

"ရှောင်နွမ်... ဒါက သမီးကောင်လေးလား"

စုရှောင်နွမ်မှာမူ ခေါင်းခါပြလိုက်သည်။

"မဟုတ်ပါဘူး။ ရိုးရိုးသူငယ်ချင်းပါ"

"မေမေ့ကို လာလိမ်မနေနဲ့။ မေမေလည်း ငယ်ရာကကြီးလာတာနော်"

မေမေစုက မေးလိုက်၏။

"ရှောင်ချန်း... ဘယ်မှာအလုပ်လုပ်တာလဲ"

ယဲ့ချန်းက ခပ်ဖွဖွပြုံးလိုက်သည်။

"ကျွန်တော် တက္ကစီမောင်းပါတယ်ဗျ"

"တက္ကစီမောင်းတာလား"

မေမေစုမှာ အနည်းငယ်မျက်မှောင်ကြုတ်မိသော်ငြား ဘာမှတော့မပြောပေ။

ထိုအချိန်တွင် စုရှောင်နွမ်က မေးလိုက်သည်။

"မေမေ... မေမေ့ရောဂါကို ဘယ်ဆရာဝန်က ကုပေးနေတာလဲ"

မေမေစုလည်း သက်ပြင်းချလိုက်လေသည်။

"ရန်အိုက်ဆေးရုံက ဟွားနိုင်ငံမှာ အကောင်းဆုံးဆိုတော့ လူနာတွေက များတယ်လေ။ တန်းစီပြီးစောင့်နေရတုန်းပဲ။ သမီးအဖေကတော့ တစ်ခုခုလုပ်ပေးဖို့ ကြိုးစားနေပါတယ်"

ဘေးနားရှိ ယဲ့ချန်းက ပြောလိုက်သည်။

"အန်တီ... ကျွန်တော် ကူညီပေးရမလား"

မေမေစုက ယဲ့ချန်းကို ကြည့်လိုက်သော်လည်း ခေါင်းခါပြလိုက်သည်။

"ကျေးဇူးပါပဲ ရှောင်ချန်းရယ်။ ရှောင်နွမ်ရဲ့အဖေ စီစဉ်နေပါတယ်"

မေမေစုကတော့ ယဲ့ချန်းတွင် အစွမ်းအစရှိသည်ဟု မယုံကြည်ပေ။

သူက တက္ကစီဒရိုင်ဘာလေးပဲလေ.. ဘာအဆက်အသွယ်များ ရှိနိုင်မှာမို့လို့လဲ...

သူတို့နှစ်ယောက်သာ မတွဲရသေးဘူးဆိုလျှင် ဤတက္ကစီဒရိုင်ဘာနှင့် ဝေးဝေးနေဖို့ သမီးဖြစ်သူကို ပြောရမလားဟုပင် တွေးလိုက်မိသည်။

ယဲ့ချန်းက ရုပ်ချောပြီး စိတ်သဘောထား ကောင်းမွန်သော်လည်း ဤခေတ်ကြီးမှာ ငွေကြေးချမ်းသာမှုကို တန်ဖိုးထားသည့်ခေတ်မျိုး ဖြစ်နေပေသည်။

သူ့သမီးသာ တက္ကစီဒရိုင်ဘာတစ်ယောက်ကို လက်ထပ်လိုက်ရင် ပျော်ရွှင်သာယာသောဘဝကို မည်သို့ရနိုင်မည်နည်း။

ယဲ့ချန်း စိတ်မကောင်းဖြစ်သွားမည်စိုးသဖြင့် မေမေစုက ရှင်းပြလိုက်သေးသည်။

"ယဲ့ချန်း... ရှောင်နွမ့်အဖေက ဆေးဘက်ဆိုင်ရာစက်ကိရိယာလုပ်ငန်းမှာ အလုပ်လုပ်တာဆိုတော့ ဆေးရုံနဲ့ အဆက်အသွယ်ရှိတယ်လေ။ သူ စီစဉ်လို့ရလောက်ပါတယ်"

ယဲ့ချန်းက သာမန်တက္ကစီဒရိုင်ဘာတစ်ယောက် မဟုတ်ကြောင်း သိနေသော စုရှောင်နွမ်ကမူ ဝင်ပြောလိုက်သည်။

"သူ့ကို အကူအညီတောင်းနေစရာ မလိုပါဘူး။ အကူအညီတောင်းလိုက်ရင် လေကြီးပြနေဦးမယ်။ ယဲ့ချန်းကို ကူညီခိုင်းလိုက်တာ ပိုကောင်းမယ်ထင်တယ်"

စုရှောင်နွမ်၏စကားကို ကြားသောအခါ မေမေစု မျက်မှောင်ကြုတ်လိုက်မိသည်။

အဖေဖြစ်သူ ရှိပါလျက်နှင့် ယဲ့ချန်းကို အကူအညီတောင်းမည်ဆိုခြင်းကြောင့် သူ(မ)နှင့် ယဲ့ချန်းကြားရှိ ဆက်ဆံရေးက ရိုးရှင်းပုံမရပေ။

သို့သော် မေမေစုက ခေါင်းညိတ်ပြလိုက်၏။

"ဒါဆိုလည်း ရှောင်ချန်းကိုပဲ ဒုက္ခပေးရတော့မယ်ကွယ်"

တကယ်တော့ မေမေစု၏ ရည်ရွယ်ချက်မှာ စုရှောင်နွမ်နှင့် ယဲ့ချန်းကို လက်တွေ့ဘဝ၏ အခက်အခဲနှင့် ရင်ဆိုင်စေလိုခြင်းသာ။ သို့မှသာ ဤခေတ်ကြီးက ငွေကြေးနှင့် နောက်ခံအင်အားအပေါ် မူတည်နေကြောင်း သူတို့ နားလည်လာကြမည်ဖြစ်၏။

ယဲ့ချန်းက ပြုံးလိုက်၏။

"အန်တီ... စိတ်မပူပါနဲ့။ ကျွန်တော် အကောင်းဆုံးဆရာဝန်ကို ရှာပေးပါ့မယ်။ ပြီးတော့ ရိုးရိုးအခန်းမှာ ဘယ်နေလို့ဖြစ်မလဲ။ အထူးခန်းကိုရွှေ့ဖို့ ကျွန်တော် စီစဉ်ပေးပါ့မယ်"

ယဲ့ချန်း၏စကားကို ကြားသောအခါ မေမေစု အံ့သြသွားသည်။

ဆေးရုံဆေးခန်းကို မကြာခဏပြနေရသူဖြစ်သဖြင့် ရန်အိုက်ဆေးရုံတွင် တက်ခွင့်ရဖို့ ဘယ်လောက်ခက်ခဲကြောင်း သူ(မ) ကောင်းကောင်းသိသည်။

ရိုးရိုးအခန်းရဖို့ပင် အလွန်ခက်ခဲလှသည်။

အထူးခန်းဆိုသည်မှာ အရာရှိကြီးများနှင့် သူဌေးကြီးများသာ တက်ခွင့်ရသည့်နေရာပင်။

တက္ကစီဒရိုင်ဘာတစ်ယောက်က မည်သို့နှယ် ထိုမျှအထိ အစွမ်းအစရှိနိုင်မည်နည်း။

မေမေစုက ယဲ့ချန်းကို ကြွားဝါတတ်သူတစ်ယောက်ဟု ထင်သွားသည်။

ရှောင်နွမ်တစ်ယောက် ယဲ့ချန်းထံတွင် လိမ်လည်လှည့်ဖြားခံရမည်ကိုပင် သူ(မ) စိုးရိမ်သွားသည်။

နာရီဝက်ခန့်ကြာသောအခါ ဇိမ်ခံအထူးခန်းထဲတွင် လှဲနေရသော မေမေစုခမျာ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။

ရှောင်နွမ်၏အဖေမှာ ရိုးရိုးအခန်းရရန်ပင် အသည်းအသန်ကြိုးစားနေရချိန်တွင် ယဲ့ချန်းကတော့ စကားတစ်ခွန်းတည်းဖြင့် အရာအားလုံးကို ဖြေရှင်းပေးလိုက်သည်။

ထို့ပြင် ရန်အိုက်ဆေးရုံရှိ အတော်ဆုံးကျွမ်းကျင်ပညာရှင်ကို ယဲ့ချန်းက သူ(မ)အတွက် ရှာဖွေပေးထားကြောင်း ဖုန်းထဲကတစ်ဆင့် ကြားသိလိုက်ရသဖြင့် ယခု ရောဂါပျောက်ကင်းနိုင်ချေ ရှိသွားပြီဖြစ်၏။

မေမေစုက စိုးရိမ်တကြီး ပြောလိုက်သည်။

"ဒီအခန်းက အရမ်းဈေးကြီးမှာပဲနော်"

အမှန်ပင်။ ရန်အိုက်ဆေးရုံ၏ အထူးခန်းမှာ ဈေးကြီးပေသည်။ တစ်နာရီလျှင် တစ်ထောင်နှုန်း ကောက်ခံခြင်းဖြစ်လေရာ တစ်ရက်ကို လေးထောင်ကျော်ခန့် ကျသင့်မည်ဖြစ်၏။

သို့သော် ယဲ့ချန်းက ခပ်ဖွဖွပြုံးလိုက်သည်။

"အန်တီ... ပိုက်ဆံကိစ္စ မပူပါနဲ့။ ကျွန်တော် ရှင်းလိုက်ပါမယ်"

မေမေစုက ပြောလိုက်၏။

"ရှောင်နွမ်... သမီးကောင်လေးက အစွမ်းအစရှိသားပဲ"

"ဟားဟား... ယဲ့ချန်းက တော်တယ်လို့ သမီး ပြောသားပဲ။ မေမေမှ မယုံတာ။ သမီးရဲ့အာဏာရှင်အဖေထက် အများကြီးသာတယ်"

မေမေစုက စူးစမ်းလိုဟန်ဖြင့် မေးလိုက်သည်။

"ရှောင်နွမ်... ယဲ့ချန်းက တကယ်တက္ကစီမောင်းတာလား"

စုရှောင်နွမ်က ရယ်လိုက်၏။

"မေမေ့ဘာသာ စဉ်းစားကြည့်လေ။ ယဲ့ချန်းက သိုသိုသိပ်သိပ်နေနေရုံပါ"

"ဟုတ်ပြီ ဟုတ်ပြီ... အခုခေတ်မှာ သူဌေးတွေ တက္ကစီမောင်းတာက ခေတ်စားနေတယ်လို့ မေမေလည်း ကြားတယ်"

မေမေစု ရယ်မောလိုက်သည်။

ယခုအချိန်တွင် ယဲ့ချန်းအပေါ်ထားရှိသော မေမေစု၏အမြင်များ လုံးဝပြောင်းလဲသွားပြီး ယခင်ကထက် ပိုသဘောကျသွားတော့သည်။

ယခုလိုအထူးခန်းမျိုးက သာမန်လူများ ဝင်ခွင့်ရနိုင်သည့်နေရာ မဟုတ်ကြောင်း မေမေစုသိထားသည်။

သူ(မ)မိတ်ဆွေဖြစ်သူ ကမ္ဘာ့ထိပ်တန်းကုမ္ပဏီကြီးတစ်ခုမှ စီအီးအိုတစ်ယောက်ဆိုလျှင် တစ်ရက်ကို တစ်သောင်းပေးမည်ဟု ပြောခဲ့သည့်တိုင် အခန်းမရခဲ့ဘူးဟု ကြားဖူးသည်။

အထူးခန်းက အလွန်ရှားပါးပြီး လိုချင်သူ များလွန်းလှသည်။

မေမေစုက တီးတိုးပြောလိုက်သည်။

"ရှောင်နွမ်... သမီးကောင်လေးက ဘာအလုပ်လုပ်တာလဲ"

စုရှောင်နွမ်လည်း ခေါင်းခါပြလိုက်သည်။

"သမီးလည်း မသိဘူး။ တက္ကစီမောင်းတယ်ဆိုတာပဲသိတာ"

တက္ကစီမောင်းတာတဲ့လား။

မေမေစု ခါးသက်သက်ပြုံးလိုက်ချေသည်။

တက္ကစီမောင်းရုံမျှဖြင့် ဘယ်လိုလုပ်ပြီး ဤမျှအထိ အစွမ်းအစရှိနိုင်မည်နည်း။

ထိုစဉ် အခန်းတံခါး ပွင့်သွားပြီး လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်က ခြေလှမ်းကျဲကြီးများဖြင့် ဝင်ရောက်လာသည်။

ဝင်လာသောအမျိုးသားမှာ စုရှောင်နွမ်၏အဖေ စုဖုန်းပင်။

စုဖုန်းက လွှမ်းမိုးချုပ်ကိုင်လိုဟန်ဖြင့် စုရှောင်နွမ်ကို စူးစူးဝါးဝါးစိုက်ကြည့်လိုက်၏။

"ရှောင်နွမ်... ဒီကောင်မစုတ်လေး ဒီရက်ပိုင်း ဘယ်တွေသွားနေတာလဲ။ နင် အရွယ်ရောက်နေပြီဆိုပြီး ငါမရိုက်ရဲဘူးများ ထင်နေတာလား"

"ရိုက်ရဲရင် ရိုက်ကြည့်လိုက်လေ"

မေမေစုက ဘေးနားက အေးစက်ခက်ထန်စွာ ဝင်ပြောလိုက်သည်။

မေမေစု၏ အေးစက်လှသော အကြည့်ကို မြင်လိုက်ရသောအခါ စုဖုန်း ချက်ချင်းငြိမ်ကျသွားသည်။

ငယ်စဉ်က သူသည် မယားငယ်ထားပြီး မေမေစုကို ပစ်ထားခဲ့ဖူးသော်လည်း သူ(မ)အပေါ် အမြဲအားနာနေခဲ့သည်။

ထို့ကြောင့် ယခုတစ်ကြိမ် မေမေစု နေမကောင်းဖြစ်ကြောင်း သိလိုက်ရသောအခါ ငွေကုန်ကြေးကျခံပြီး အကောင်းဆုံးဆေးရုံတွင် ထားပေးထားခြင်းပင်။

"အားကျောက်... ကိုယ်က စိတ်ပူလို့ပြောနေတာပါ။ ဒီကောင်မလေးက တော်တော်ဆိုးလာတယ်။ တိုက်ရိုက်ထုတ်လွှင့်သူ လုပ်တယ်တဲ့။ ပြီးတော့ တောင်ပေါ်မှာတောင် စာသွားသင်နေသေးတယ်။ အဲဒါတွေလုပ်တော့ အနာဂတ်က ဘယ်လိုလုပ်ပြီး ကောင်းနိုင်မှာလဲ"

All Chapters