အခန်း (၄၃၉-၄၄၁)
Vol. 30 Ch. 439-441
အပိုင်း ၄၃၉ : အမြင့်ဆုံးအဆင့်ရှိ ထိပ်တန်းအဖွဲ့အစည်း
စုရှောင်နွမ်က အေးစက်စက်လေသံဖြင့် ပြောလိုက်သည်။
"သမီးဘာလုပ်လုပ် အဖေနဲ့မဆိုင်ပါဘူး"
စုဖုန်းက နှာခေါင်းတစ်ချက်ရှုံ့လိုက်သည်။
"ငါနဲ့မဆိုင်ဘူး ဟုတ်လား။ ငါ့ပိုက်ဆံသာမရှိရင် နင့်အမေ ဒီလောက်ကောင်းတဲ့ဆေးရုံမှာ တက်နိုင်ပါ့မလား"
ထို့နောက် စုဖုန်းက တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားသည်။
"ဒါနဲ့... ရှောင်နွမ်... နင်တို့ ဘာလို့ အခန်းပြောင်းလိုက်တာလဲ။ ဒီအခန်းက အရင်အခန်းထက် ပိုကောင်းသလိုပဲ"
"သြော် သိပြီ။ ဒါက ဒါရိုက်တာလုရဲ့လက်ချက်ပဲ ဖြစ်ရမယ်။ တွေ့လား... နင့်အဖေက အစွမ်းအစရှိပါသေးတယ်"
စုဖုန်းက သူ့သမီးရှေ့တွင် ကြွားဝါရမည့်အခွင့်အရေးကို လက်လွတ်မခံပေ။
စုရှောင်နွမ်က အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။
"အဖေ... ဒီအခန်းက အဖေနဲ့ ဘာမှမဆိုင်ပါဘူး။ သမီးသူငယ်ချင်းက ပြောင်းပေးထားတာ"
"နင့်သူငယ်ချင်း ဟုတ်လား"
ထိုအချိန်မှသာ အခန်းထဲတွင် အခြားလူတစ်ယောက် ရှိနေသေးကြောင်း စုဖုန်း သတိထားမိသွားသည်။
အစကတော့ စုဖုန်း ကြွားဝါချင်ခဲ့သော်လည်း အလကားဖြစ်သွားရသည်။
သူ့အကြည့်က ယဲ့ချန်းထံသို့ ရောက်သွားသည်။
"ကောင်လေး... မင်းက စုရှောင်နွမ်ရဲ့ချစ်သူလား"
စုရှောင်နွမ်က ကမန်းကတန်း ဝင်ပြောလိုက်သည်။
"အဖေ... သမီးတို့က ရိုးရိုးသူငယ်ချင်းတွေပါ"
စုဖုန်းက မေးလိုက်၏။
"ကောင်လေး... ဘာအလုပ်လုပ်တာလဲ"
"ကျွန်တော် တက္ကစီမောင်းပါတယ်ဗျ"
ယဲ့ချန်းကလည်း ရိုးသားစွာ ဖြေလိုက်သည်။
"ဘာ... တက္ကစီမောင်းတာလား"
ယဲ့ချန်း၏စကားကို ကြားသောအခါ စုဖုန်း ပေါက်ကွဲလုနီးပါးဖြစ်သွားသည်။
"ရှောင်နွမ်... နင် အပြင်မှာ ဘယ်လိုလူစားမျိုးတွေနဲ့ ပေါင်းသင်းနေတာလဲ။ ကြည့်စမ်း... တက္ကစီဒရိုင်ဘာတဲ့လား။ ဒီလိုလူမျိုးက နင်နဲ့ ဘယ်လိုလုပ်ပြီးတန်မှာလဲ"
"ဘာလို့မတန်ရမှာလဲ။ အနည်းဆုံးတော့ သူက မေမေ့အတွက် အကောင်းဆုံးအခန်းတစ်ခန်းရအောင် စီစဉ်ပေးနိုင်သေးတယ်။ အဖေ့ထက်တော့ သာပါတယ်"
စုဖုန်း ခဏမျှဆွံ့အသွားသည်။
ယဲ့ချန်းလို တက္ကစီဒရိုင်ဘာတစ်ယောက်က ရှောင်နွမ့်အမေကို အထူးကုသဆောင်တွင် နေနိုင်အောင် မည်သို့စီစဉ်ပေးနိုင်သလဲဆိုသည်ကို သူ သိချင်နေမိသည်။
ဤကောင်လေး၏ ဆွေမျိုးတစ်ယောက်ယောက် ဆေးရုံထဲတွင် ရှိနေခြင်းဖြစ်ရမည်။
သမီးဖြစ်သူထံမှ အပြောအဆိုခံလိုက်ရသဖြင့် စုဖုန်း အနည်းငယ် မကျေမနပ်ဖြစ်သွားသည်။
"အထူးခန်းမှာနေရုံနဲ့ ဘာအသုံးကျမှာလဲ။ အရေးကြီးဆုံးက ဆရာဝန်ကောင်းကောင်း ရဖို့ပဲ"
အစကမူ သူ့သမီးက သူ့ကို အကူအညီတောင်းလိမ့်မည်ဟု ထင်ထားသော်ငြား စုရှောင်နွမ်က အထင်သေးလေဟန်အပြုံးဖြင့် ဘာမှမပြောချေ။
စုရှောင်နွမ်၏ မျက်နှာထားကို မြင်လိုက်ရသောအခါ စုဖုန်း ဒေါသထွက်လာသည်။
သူက ဘယ်သူလဲ။ ဆေးလောကထဲတွင် သြဇာအာဏာရှိသော သူဌေးတစ်ယောက်ပင်။
ဟွားနိုင်ငံရှိ ဆေးရုံထက်ဝက်ခန့်က သူတင်သွင်းသော ဆေးဘက်ဆိုင်ရာပစ္စည်းများကို သုံးစွဲနေကြရသည်။ ယခုမူ သမီးအရင်းက သူ့ကို သံသယဝင်နေချေသည်။
"မယုံနိုင်ဘူး။ ငါ့အဆက်အသွယ်က တက္ကစီဒရိုင်ဘာလောက်တောင် မကောင်းဘဲနေပါ့မလား"
စုဖုန်းက နှာခေါင်းတစ်ချက်ရှုံ့လိုက်၏။
"ကောင်းပြီလေ... ငါသိသလောက်ဆိုရင် ရန်အိုက်ဆေးရုံမှာ နင့်အမေကို ကုပေးနေတာက ဒေါက်တာလီယန်ပဲ။ သူက ဟွားနိုင်ငံဆေးလောကမှာ ထိပ်သီးပညာရှင်တစ်ယောက်။ ငါတောင် ကံကောင်းလို့ သူနဲ့ ညစာအတူစားဖူးတာ။ နင့်ချစ်သူတက္ကစီဒရိုင်ဘာမှာ အဲဒီလိုအဆက်အသွယ်မျိုး ရှိလို့လား"
စုဖုန်းက ပြောရင်းဆိုရင်း သူ့အစွမ်းအစကို ပြသရန် ဖုန်းထုတ်လိုက်သည်။
"ဟယ်လို... ဒေါက်တာလီလား။ ကျုပ်ရဲ့ဇနီးဟောင်း ဖျားနာနေတာ ခွဲစိတ်ကုသဖို့လိုနေလို့။ ဒေါက်တာ အားမလားမသိဘူး။ သြော်... တစ်ပတ်လောက်စောင့်ရမယ် ဟုတ်လား။ ရပါတယ် ကိစ္စမရှိပါဘူး။ ကျေးဇူးအများကြီးတင်ပါတယ် ဒေါက်တာလီ"
ဖုန်းချပြီးနောက် စုဖုန်းက ဆောင့်ကြွားဆောင့်ကြွားနိုင်နေပေသည်။
"တွေ့လား... ဒါက နင့်အဖေရဲ့ အဆက်အသွယ်ပဲ။ နောက်တစ်ပတ်နေရင် နင့်အမေကို သူကိုယ်တိုင် ခွဲစိတ်ပေးမယ်လို့ ဒေါက်တာလီက ပြောတယ်"
မူလကတော့ သူ့သမီး၏မျက်နှာတွင် လေးစားအားကျမှု သို့မဟုတ် အံ့သြမှုအရိပ်အယောင်များကို မြင်တွေ့ရလိမ့်မည်ဟု ထင်ထားခဲ့သည်။
သို့သော် သူ(မ)၏မျက်နှာပေါ်တွင် အထင်သေးလေဟန်အရိပ်အယောင်ကိုသာ တွေ့လိုက်ရသဖြင့် စုဖုန်း စိတ်ပျက်သွားသည်။
ဟွားနိုင်ငံရဲ့ အတော်ဆုံးဒေါက်တာလီယန်ကိုတောင် ငါ ချိန်းပေးထားတာလေ... ဒါတောင် အထင်ကြီးစရာမကောင်းဘူးလား။
ငါ့သမီးက 'အဖေ အရမ်းတော်တာပဲ'လို့ပြောပြီး ငါ့ကို လေးစားအားကျတဲ့ မျက်လုံးတွေနဲ့ ကြည့်ရမှာမဟုတ်ဘူးလား။
စုဖုန်းခမျာ အကြာကြီး ကြွားလုံးထုတ်နေသော်လည်း သူမျှော်လင့်ထားသည့် တုံ့ပြန်မှုမျိူးကို လုံးဝမရရှိခဲ့ပေ။
စုရှောင်နွမ်က ဆို၏။
"အဖေ... မလိုတော့ပါဘူး။ မေမေ့အတွက် ဆရာဝန် စီစဉ်ပြီးသားပါ"
စုဖုန်းက မကျေမနပ် ပြောလိုက်လေသည်။
"ရှောင်နွမ်... နင် တဖြည်းဖြည်းနဲ့ ပြောရဆိုရ ခက်လာပါလား။ နင့်အမေ ရောဂါအတွက်ဆိုမှတော့ အကောင်းဆုံးဆရာဝန်ကို ရှာပေးရမှာပေါ့"
ထိုသို့ပြောပြီးနောက် စုဖုန်းက ယဲ့ချန်းကို အထင်သေးဟန်ဖြင့် ကြည့်လိုက်သည်။
"ကောင်လေး... မင်းသာ ငါ့သမီးရဲ့ချစ်သူဖြစ်ချင်ရင် ငါ့လောက် မတော်ရင်တောင်မှ ငါ့အဆက်အသွယ်ရဲ့ တစ်ဝက်လောက်တော့ ရှိသင့်တယ်ကွ။ နားလည်လား"
ထိုအချိန်တွင် ယဲ့ချန်း၏ဖုန်းက ရုတ်တရက်မြည်လာသည်။
"ဒေါက်တာလီ... ကျွန်တော် ယဲ့ချန်းပါ။ ဟုတ်ကဲ့... ကျွန်တော်တို့ အထူးကုသဆောင်မှာ ရောက်နေပါတယ်။ သြော်...အရင်ဆုံး စစ်ဆေးမှုလုပ်ပြီးမှ ခွဲစိတ်မယ်ဆိုတဲ့ သဘောလား။ ဟုတ်ကဲ့... ဟုတ်ကဲ့... အဆင်ပြေသလိုသာ လုပ်ပါ"
သူက ဖုန်းချပြီး တည်ငြိမ်စွာ ပြောလိုက်၏။
"ဦးလေး... ကျွန်တော့်အစွမ်းအစက ဦးလေးထက် နည်းနည်းပိုသာမယ့်ပုံပဲ။ ဒေါက်တာလီယန်က အန်တီ့ကို အခုချက်ချင်းခွဲစိတ်ပေးမယ်တဲ့"
"ဘာ..."
စုဖုန်း ချက်ချင်းဆိုသလို ကြောင်အသွားသည်။
ရန်အိုက်ဆေးရုံ၏ တာဝန်ခံဆရာဝန်တစ်ဦးဖြစ်သည့် လီယန်သည် အလွန်နာမည်ကြီးလှ၏။ သူ့ကို ချက်ချင်း ခွဲစိတ်ခိုင်းဖို့ဆိုသည်မှာ ဆေးရုံအုပ်အဆင့်ရှိမှသာ ရပေမည်။
ဒီကောင်လေး နောက်နေတာပဲဖြစ်ရမယ်....
"ကောင်လေး... မင်းက ငါ့ကို ငါ့သမီးလို လွယ်လွယ်လေးနှပ်ချလို့ရမယ်များ ထင်နေလား။ မင်းခေါ်လိုက်တာနဲ့ လာရအောင်ဒေါက်တာလီယန်ကို ဘယ်သူမှတ်လို့လဲ။ ဘယ်သူ့ကို လာနောက်နေတာလဲ"
ထိုစဉ် အခန်းတံခါး ပွင့်သွားပြီး ဆံပင်ခပ်ဖြူဖြူ ဆရာဝန်တစ်ယောက် ဝင်လာသည်။ သူ့နောက်တွင် ဂျူတီကုတ်အဖြူဝတ်ထားသော လူတစ်ဒါဇင်ကျော်ခန့် ပါလာချေသည်။
လီယန်လား...
ဝင်လာသော လူကြီးကို မြင်လိုက်ရသောအခါ စုဖုန်း ချက်ချင်းဆိုသလို ပါးစပ်အဟောင်းသားဖြစ်သွားသည်။
လီယန်လည်း စုဖုန်းကို မြင်လိုက်ရချိန်ဝယ် ခြေလှမ်းတန့်သွားပြီး နေရခက်သွားသည်။
အစောကပင် စုဖုန်း သူ့ကို ဖုန်းဆက်ချိန်တွင် အစည်းအဝေးရှိသောကြောင့် မအားဘူးဟု ပြောလိုက်မိသည်။ သို့သော် မျက်တောင်တစ်ခတ်အတွင်းမှာပင် လူချင်းလာဆုံနေလေပြီ။
စုဖုန်းကမူ ပို၍ပင် မျက်နှာပူသွားရသည်။
ကြည့်ရသည်မှာ ယဲ့ချန်း၏စကားက မှန်နေပုံရသည်။ ဒေါက်တာလီယန်ကို သူ တကယ်လှမ်းခေါ်လိုက်ခြင်းပင်။
သူ့အနေနှင့် ဒေါက်တာလီကို ဖိတ်ခေါ်လိုက်လျှင် တစ်ပတ်စောင့်ရမည်ဖြစ်သော်ငြား ယဲ့ချန်း ဖိတ်ခေါ်လိုက်သောအခါ ချက်ချင်းခွဲစိတ်ပေးနိုင်လေသည်။ သူတို့နှစ်ယောက်ကြားရှိ ကွာခြားချက်မှာ အမှန်တကယ် ကြီးမားလွန်းလှသည်။
ဤသည်မှာ ဘာကိုညွှန်ပြနေသလဲ။
ယဲ့ချန်း၏ သြဇာအာဏာက သူ့ထက် အဆပေါင်းများစွာ ပိုကြီးမားကြောင်း ပြသနေခြင်းပင်။
သူ့မှာ ကြွားဝါချင်ခဲ့သော်လည်း နောက်ဆုံးတွင် ကိုယ်ရှူးကိုယ်ပက်သလို မယုံနိုင်လောက်အောင် အရှက်ကွဲခဲ့ရသည်။
သို့သော် စုဖုန်းက အတွေ့အကြုံရင့်သန်သူပီပီ ပြုံးပြုံးလေး မျက်နှာချိုသွေးလိုက်သည်။
"ဒေါက်တာလီ... ခင်ဗျား အစည်းအဝေးမရှိဘူးပဲ။ တိုက်ဆိုင်လိုက်တာဗျာ။ ခင်ဗျား လာကြည့်တဲ့လူနာက ကျွန်တော်ပြောတဲ့လူနာပါပဲ"
လီယန်က စုဖုန်းကို ခေါင်းတစ်ချက်သာ ညိတ်ပြလိုက်ပြီး ယဲ့ချန်းထံသို့ အမြန်လျှောက်သွားလိုက်သည်။
"ဥက္ကဋ္ဌယဲ့... ကျွန်တော်ရောက်ပါပြီ"
"အင်း... ပင်ပန်းသွားပြီ"
ယဲ့ချန်းက အေးအေးလူလူ တုံ့ပြန်လိုက်သည်။
ထိုအမူအရာမှာ အထက်လူကြီးက လက်အောက်ငယ်သားကို တာဝန်ပေးအပ်နေသလိုပင်။
လီယန်က တုံ့ပြန်လိုက်၏။
"ဥက္ကဋ္ဌယဲ့အတွက် အလုပ်လုပ်ပေးရတာ ကျွန်တော့်အတွက်တော့ ဂုဏ်ယူစရာပါပဲ။ ကျွန်တော် အစွမ်းကုန်ကြိုးစားပါ့မယ်"
အလွန်လေးစားခံရသော လီယန်က ယဲ့ချန်းရှေ့တွင် ဤမျှရိုကျိုးနေသည်ကို မြင်လိုက်ရသောအခါ စုဖုန်း ကျောက်ရုပ်သဖွယ် ဖြစ်သွားလေသည်။
ဒီလူငယ်လေးက ဘယ်သူမို့လို့ ဒီလောက်တောင် သြဇာညောင်းနေရတာလဲ။
စုဖုန်းမှာ လုံးဝဝေခွဲမရဖြစ်နေတော့သည်။
မေမေစုက ပြောလိုက်၏။
"ဒေါက်တာ... ဒါဆို ဒေါက်တာ့ကိုပဲ ဒုက္ခပေးရတော့မယ်။ ကျွန်မ ကုသမှုမှာ သေချာပေါက်ပူးပေါင်းပေးမှာပါ"
"အင်း... ဒါပေမဲ့ ဒီတစ်ခါ မစ္စတာယဲ့ဖိတ်ခေါ်ထားတာ ကျွန်တော်တစ်ယောက်တည်း မဟုတ်ပါဘူး။ မိုတုမြို့ ရန်အိုက်ဆေးရုံက ဆေးရုံအုပ်ချန်းကိုလည်း ဖိတ်ထားပါတယ်။ ဆေးရုံအုပ်ချန်းကလည်း ဒီနယ်ပယ်မှာ ကျွမ်းကျင်ပညာရှင်ပါပဲ။ ကျွန်တော်တို့နှစ်ယောက်ပေါင်းပြီး ကုပေးမှာဆိုတော့ ခင်ဗျားရဲ့ရောဂါက သေချာပေါက် ကုသလို့ရပါတယ်"
စုဖုန်း လုံးဝအံ့အားသင့်သွားသည်။
ဘာ... ဆေးရုံအုပ်ချန်းကိုယ်တိုင် ကုသပေးမှာလား။
လီယန်၏စကားကို ကြားသောအခါ စုဖုန်းသာမက စုရှောင်နွမ်ပါ အံ့အားသင့်သွားသည်။
ရန်အိုက်ဆေးရုံက ဆေးရုံအုပ်ချန်းကိုယ်တိုင် ပါဝင်လာအောင် လုပ်နိုင်သည်ဖြစ်ရာ ယဲ့ချန်း၏နောက်ခံအင်အားက သာမန်မဟုတ်လောက်ပေ။
ဆေးရုံအုပ်ချန်းဆိုသည်မှာ ဟွားနိုင်ငံရှိ နှလုံးရောဂါကုသရေးနယ်ပယ်တွင် ထိပ်သီးပုဂ္ဂိုလ်တစ်ဦးဖြစ်၏။
သူ့ကို ကိုယ်တိုင်ကုသပေးအောင် ခေါ်နိုင်သည်ဆိုခြင်းမှာ ခေါ်နိုင်သူ၏ဂုဏ်ဒြပ်က အလွန်မြင့်မားမှသာ ရပေမည်။
ယဲ့ချန်းက ဆေးရုံအုပ်ချန်းကို တကယ်ဖိတ်ခေါ်လိုက်တာပဲ။
စုရှောင်နွမ်၏ မျက်ဝန်းလှလှလေးထဲတွင် အံ့သြထိတ်လန့်သွားသော အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
ယခုလို ထိပ်တန်းကျွမ်းကျင်ပညာရှင်များကို ဖိတ်ခေါ်နိုင်အောင် ယဲ့ချန်း ဘယ်လိုလုပ်လိုက်လေသလဲ။
ထိုမျှသာမက ရောက်လာသည့် လူအုပ်ကြီးထဲတွင် ရန်အိုက်ဆေးရုံဌာနပေါင်းစုံမှ ကျွမ်းကျင်ပညာရှင်များလည်း ပါဝင်နေကြောင်း စုဖုန်း သတိထားမိလိုက်သည်။
CTဌာနမှ ပညာရှင်များနှင့် ဓာတ်ခွဲခန်းဌာနမှ ပညာရှင်များ ပါဝင်ပြီး တစ်ယောက်ချင်းစီတိုင်းကလည်း ဆေးလောကတွင် အလွန် လေးစားခံရသူများပင်။
ယနေ့တွင် သူတို့အားလုံးက မေမေစုကို ကုသပေးရန် ဤနေရာသို့ စုဝေးရောက်ရှိနေကြခြင်းဖြစ်၏။
စုဖုန်းမှာမူ လုံးဝဆွံ့အသွားချေသည်။
ရန်အိုက်ဆေးရုံက ကျွမ်းကျင်ပညာရှင်အားလုံးကို ဖိတ်ခေါ်နိုင်သည်အထိ ယဲ့ချန်းမှာ ဘယ်လိုရာထူးအဆင့်အတန်းမျိုး ရှိနေလေသလဲ။
မေမေစုကို ကုသပေးမည့်အဖွဲ့က ရန်အိုက်ဆေးရုံ၏ အမြင့်ဆုံးအဆင့်ရှိသော ထိပ်တန်းအဖွဲ့တစ်ခုဖြစ်သည်ဟု ဆိုနိုင်ပေသည်။
••••••••••••••••••
အပိုင်း ၄၄၀ : လက်တွေ့စမ်းသပ်မှု အောင်မြင်ခြင်း
ဒါရိုက်တာလီယန်က ကျွမ်းကျင်ပညာရှင်အဖွဲ့ကို ဦးဆောင်ပြီး မေမေစုကို ခန္ဓာကိုယ်တစ်ခုလုံး သေချာစစ်ဆေးပေးသည်။
ယဲ့ချန်းကလည်း ကုသမှုဆိုင်ရာ အကြံပြုချက်အချို့ကို ပေးရှာသည်။
ယဲ့ချန်းတွင် နတ်ဘုရားအဆင့် ဆေးပညာစွမ်းရည် ပိုင်ဆိုင်ထားသည် မဟုတ်ပါလော။
လီယန်က ပြုံးလျက် ပြောလိုက်၏။
"မိန်းကလေးစု... မင်းရဲ့အမေအတွက် တိုင်းရင်းဆေးနဲ့ အနောက်တိုင်းဆေးပညာ ပေါင်းစပ်ထားတဲ့ ကုသမှုအစီအစဉ်တစ်ခုကို ကျွန်တော်တို့ ရေးဆွဲထားပါတယ်။ မကြာခင် ပြန်ကောင်းလာမယ်လို့လည်း ယုံကြည်ပါတယ်"
စုရှောင်နွမ်က စိတ်လှုပ်ရှားစွာဖြင့် ခေါင်းညိတ်ပြလိုက်၏။
"အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်ရှင်"
ထို့နောက် ဆေးရုံရှိ ဌာနပေါင်းစုံမှ ကျွမ်းကျင်ပညာရှင်များကလည်း လာရောက်နှုတ်ဆက်ဂါရဝပြုကြလေသည်။
စုဖုန်းမှာ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။
ပုံမှန်ဆိုလျှင် သူကိုယ်တိုင် ဦးညွှတ်ပြီး အရိုအသေပေးနေကျ ဤဒါရိုက်တာများက ယခုမူ ယဲ့ချန်းကို ဦးညွတ်အရိုအသေပေးနေကြသည်။
ယဲ့ချန်းက တကယ်တမ်း ဘယ်သူများလဲ။
စုဖုန်းက ကြွားဝါရခြင်းကို ကြိုက်သော်ငြား တိတ်တဆိတ်ကြွားဝါခြင်းမှာ ကြောက်စရာအကောင်းဆုံးဖြစ်ကြောင်း သူ နားလည်လိုက်သည်။
ယဲ့ချန်းက စကားတစ်ခွန်းမှ မပြောသော်လည်း သူ့လုပ်ရပ်များက အကြွားဘုရင်စုဖုန်းကို လှလှပပကျရှုံးသွားစေခဲ့သည်။
ကျွမ်းကျင်ပညာရှင်များ ပြန်သွားပြီးနောက် စုဖုန်းက စုရှောင်နွမ်ကို ဘေးသို့ ဆွဲခေါ်လိုက်သည်။
"ရှောင်နွမ်... အဖေ့ကို အမှန်အတိုင်းပြောစမ်း။ ယဲ့ချန်းက ဘာအလုပ်လုပ်တာလဲ"
စုရှောင်နွမ်ကလည်း ပြန်ဖြေသည်။
"သမီး ပြောပြီးပြီလေ။ ယဲ့ချန်းက တက္ကစီဒရိုင်ဘာပါဆို"
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
စုဖုန်း မျက်မှောင်ကြုတ်လိုက်မိသည်။
တက္ကစီဒရိုင်ဘာဆိုသည်မှာ ယုံနိုင်စရာမရှိချေ။
မေမေစုက ပြောလိုက်သည်။
"စုဖုန်း... ရှင် အခုထိ လက်မခံနိုင်သေးဘူးလား။ ယဲ့ချန်းက ရှင့်ထက် အများကြီးသာတယ်"
မေမေစုက စုဖုန်းကို ညှာတာမှုမရှိဘဲ ဝေဖန်လိုက်သည်။
စုဖုန်းခမျာ ရှက်လွန်းသဖြင့် မျက်နှာတစ်ခုလုံး နီရဲသွားတော့သည်။ တကယ်လည်း ယနေ့ သူ အကြီးအကျယ် သိက္ခာကျသွားသလို ခံစားလိုက်ရသည်။
မေမေစုက စုရှောင်နွမ်ကို ပြောလိုက်၏။
"ရှောင်နွမ်... သမီးကိစ္စကို မေမေပဲ ဆုံးဖြတ်ပေးမယ်။ သမီးရဲ့လက်တွဲဖော်ကို သမီးကိုယ်တိုင်ပဲ ရွေးချယ်။ ဘယ်သူမှ သမီးကို အတင်းအကျပ် ဖိအားပေးလို့ မရစေရဘူး"
စုဖုန်း : "ဒါပေမဲ့..."
"ဒါပေမဲ့ ဘာဖြစ်လဲ။ ရှောင်နွမ်က ကျွန်မသွေးသားပါ။ သူ့ကို အနိုင်ကျင့်ဖို့ကြိုးစားတဲ့ ဘယ်သူမဆို ကျွန်မ အဆုံးထိတိုက်ခိုက်သွားမယ်"
စုဖုန်း : "..."
ယနေ့အခြေအနေမှာ သူ့အတွက် စင်စစ်မကောင်းလှပေ။ ကြွားဝါဖို့ကြိုးစားသမျှ ဆက်တိုက် အရာမထင်ဘဲ ရှုံးနိမ့်ခဲ့ရသဖြင့် စုဖုန်းတစ်ယောက် စိတ်ပျက်လက်ပျက် ဖြစ်နေသည်။
"ကောင်းပြီလေ။ အားကျောက်...ကျန်းမာရေး ဂရုစိုက်နော်။ ကုမ္ပဏီမှာ လုပ်စရာကိစ္စတွေရှိသေးလို့ ကိုယ် အရင်သွားနှင့်မယ်"
ယဲ့ချန်းကတော့ စုရှောင်နွမ်၊ မေမေစုတို့နှင့် ခဏမျှ စကားစမြည်ပြောပြီးနောက် ပြန်လာခဲ့လိုက်သည်။
စတားတက္ကသိုလ်....
လွန်ခဲ့သည့် ရက်အနည်းငယ်ကတည်းက ဝမ်မုန့်နှင့် အခြားလူတစ်သိုက်ခမျာ ဓာတ်ခွဲခန်းထဲမှာပင် အချိန်ကုန်နေခဲ့ကြသည်။
သူတို့တစ်သိုက် ဓာတ်ကူပစ္စည်းအမျိုးအစား တစ်ရာကျော်ကို စမ်းသပ်ခဲ့သော်လည်း အလုပ်မဖြစ်သေးပေ။
"ဝမ်မုန့်... ငါတို့ သုတေသနလမ်းကြောင်းမှားနေတာများလား"
ကျောင်းသားတစ်ယောက်က မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။
"ငါ့ပင်ကိုယ်သိစိတ်ကို ငါယုံတယ်။ လုံးဝမှားမှာမဟုတ်ဘူး။ ငါတို့ နည်းနည်းလေးလိုနေတာ။ နည်းနည်းလေး ထပ်ကြိုးစားလိုက်ရင် အောင်မြင်သွားမှာပါ"
သိပ္ပံပညာက ဇွဲလုံ့လရှိရန်လိုအပ်ကြောင်း ဝမ်မုန့် နားလည်သည်။
အနည်းငယ် လွဲချော်သွားရုံမျှဖြင့် အောင်မြင်မှုနှင့် လွဲချော်သွားနိုင်သည်။
"ဆက်ကြိုးစားကြရအောင်။ နောက်တစ်ခေါက် စမ်းသပ်မှုက ငါတို့အောင်မြင်မယ့်အကြိမ် ဖြစ်ချင်ဖြစ်မှာ"
ဝမ်မုန့်လည်း အသက်ပြင်းပြင်းရှူသွင်းပြီး အားလုံးကို အားပေးလိုက်သည်။
ဝမ်မုန့်၏စကားကို ကြားသောအခါ အားလုံး စိတ်ဓာတ်တက်ကြွလာကြပြန်သည်။
သူတို့ ရက်ပေါင်းများစွာကြာအောင် ကြိုးစားတိုက်ခိုက်ခဲ့ကြသည် မဟုတ်ပါလော။ ယခုမှ လက်လျှော့လိုက်လျှင် နောင်တရစရာကောင်းသည်။
ထို့ကြောင့် သူတို့ စမ်းသပ်မှုကို ပြန်လည်စတင်လိုက်ကြသည်။
ဤတစ်ခေါက်မှာမူ အခြားဓာတ်ပစ္စည်းတစ်မျိုးကို ပြောင်းလဲချိန်ညှိလိုက်ကြသည်။
လေးယောက်သားမှာ စက်ကို စူးစိုက်ကြည့်နေကြသည်။
သို့သော် စိတ်ပျက်စရာကောင်းသည်မှာ ဓာတ်ကူပစ္စည်း ထည့်လိုက်ပြီးသည့်တိုင် ဘာမှဖြစ်မလာပေ။
ငါတို့ ထပ်ကျရှုံးပြန်ပြီလား....
ထိုစဉ် စက်၏ စွမ်းအင်ပြဘားတန်းက ရုတ်တရက် ထောင်တက်သွားသည်။
ဒေတာအချက်အလက်များလည်း အဆမတန် တိုးပွားလာတော့သည်။
လေးယောက်သား စိတ်လှုပ်ရှားမှုကြောင့် တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်လိုက်ကြသည်။
"ငါတို့ လုပ်နိုင်ခဲ့ပြီ"
"အံ့သြဖို့ကောင်းလိုက်တာ... နောက်ဆုံးတော့ ငါတို့ အောင်မြင်ပြီကွ"
"ငါတို့ကြိုးစားရကျိုးနပ်သွားပြီဟေ့"
...
ဒေတာအချက်အလက်များအရ ဤဓာတ်ကူပစ္စည်းကို ထည့်ပေါင်းလိုက်လျှင် နျူကလီးယားပေါင်းစည်းမှုမှ မြို့တစ်မြို့လုံးကို လျှပ်စစ်မီး ထုတ်ပေးနိုင်လောက်သည့် ကြီးမားသော စွမ်းအင်ကို ထုတ်လုပ်ပေးလိမ့်မည်။
လက်တွေ့စမ်းသပ်မှုက သူတို့ အောင်ပွဲဆင်နိုင်ပြီဖြစ်ကြောင်း သက်သေပြလိုက်သည်။
လေးယောက်သား ဝမ်းသာလွန်း၍ မျက်ရည်ကျကုန်ကြသည်။
ဤစမ်းသပ်မှုအတွက် သူတို့ အများကြီးပေးဆပ်ခဲ့ရသည်။
စားသောက်ခြင်းနှင့် အိပ်စက်ခြင်းကလွဲလျှင် သူတို့၏ကျန်အချိန်အားလုံးကို ဤစမ်းသပ်မှုတွင်သာ မြုပ်နှံထားခဲ့သည်ဟု ဆိုနိုင်ပေသည်။
ထို့နောက် စမ်းသပ်မှုဒေတာများကို စေ့စပ်သေချာစွာ မှတ်တမ်းတင်လိုက်ကြသည်။
ယဲ့ချန်း အလုပ်တစ်ခု ပြီးစီးသွားချိန်မှာပင် ဝမ်မုန့်ထံမှ ဖုန်းဝင်လာသည်။
"ကျောင်းအုပ်ယဲ့... ကျွန်တော်တို့ အောင်မြင်သွားပြီဗျ"
ထိုသတင်းကို ကြားလိုက်ရသော် ယဲ့ချန်း အလွန် ဝမ်းသာသွားသည်။
ကျောင်းသို့ရောက်သောအခါ ယဲ့ချန်း သူတို့၏ စမ်းသပ်မှုဒေတာများကို ပြန်လည်စစ်ဆေးကြည့်လိုက်သည်။ သူ့ဒီဇိုင်းနှင့် အနည်းငယ် ကွဲလွဲမှုရှိသော်လည်း ဤကဲ့သို့သောကွဲလွဲမှုမျိုးမှာ စမ်းသပ်မှုများတွင် ဖြစ်လေ့ဖြစ်ထရှိသော ကိစ္စပင်။
နျူကလီးယားပေါင်းစည်းခြင်းဆိုသည်မှာ နိုင်ငံပေါင်းများစွာက စူးစမ်းလေ့လာနေကြသည့် နယ်ပယ်တစ်ခုပင်။
လူအင်အားနှင့် ငွေအင်အားအများအပြား ရင်းနှီးမြှုပ်နှံထားလျှင်ပင် စတားတက္ကသိုလ်အနေနှင့် ဤစမ်းသပ်မှုကို အောင်မြင်လိမ့်မည်ဟု မည်သူမှ ထင်ထားခဲ့ကြမည်မဟုတ်ပေ။
'ကြယ်စင်အလင်းရောင်'စီမံကိန်းက နောက်ဆုံးတွင်မူ ပြီးစီးသွားခဲ့လေပြီ။
လေးယောက်သား ယဲ့ချန်းကို စိုးရိမ်တကြီးကြည့်နေကြသည်။
ယဲ့ချန်းက ခပ်ဖွဖွပြုံးလိုက်၏။
"ငါပေးထားတဲ့တာဝန်ကို အောင်မြင်စွာ ပြီးမြောက်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်"
ယဲ့ချန်း၏အသိအမှတ်ပြုမှုကို ရလိုက်သဖြင့် လေးယောက်သား စိတ်လှုပ်ရှားစွာဖြင့် အချင်းချင်းပွေ့ဖက်လိုက်ကြပြန်သည်။
"ကျောင်းအုပ်ကြီး... ကျွန်တော်တို့ လုပ်နိုင်ခဲ့ပြီ။ ကျေးဇူးအများကြီးတင်ပါတယ်ဗျာ"
ကျောင်းသားလေးယောက်၏ မျက်နှာပေါ်ရှိ စိတ်လှုပ်ရှားမှုများကို ကြည့်ရင်း ယဲ့ချန်း ကျေနပ်ပီတိဖြစ်မိသည်။
တကယ်တော့ ယဲ့ချန်းက ဤစမ်းသပ်မှု၏ သဘောတရားများကို ဟိုးယခင်ကတည်းက နားလည်သဘောပေါက်ထားပြီးဖြစ်လေရာ သူတို့ ဘယ်နေရာတွင် မှားနေသလဲဆိုသည်ကိုပါ သိပြီးသားဖြစ်၏။ သို့သော် ကျောင်းသားများကို ကိုယ်တိုင် ရှာဖွေတွေ့ရှိစေချင်သောကြောင့် ထုတ်မပြောခဲ့ခြင်းပင်။
ယဲ့ချန်းက ပြောလိုက်၏။
"မင်းတို့ရဲ့အောင်မြင်မှုက မင်းတို့ရဲ့ မလျော့သော ဇွဲလုံ့လကြောင့် ရခဲ့တာပါကွာ"
ဝမ်မုန့်က စိတ်ရင်းစစ်မှန်စွာ ပြောလိုက်လေသည်။
"ကျောင်းအုပ်ယဲ့... ကျွန်တော်တို့ရဲ့အောင်မြင်မှုက ကျောင်းအုပ်ကြီးနဲ့ စတားတက္ကသိုလ်ကြောင့်ပါ။ ကျောင်းအုပ်ကြီးက ကျွန်တော်တို့ကို ဘဝသစ်တစ်ခု ပေးခဲ့တာပါ။ မဟုတ်ရင် ကျွန်တော်တို့အိပ်မက်တွေကို စွန့်လွှတ်လိုက်ရတာ ကြာပေါ့"
သူတို့အားလုံး မျက်ရည်ဝဲကုန်ကြသည်။
ယဲ့ချန်းကို သူတို့၏ပဲ့ကိုင်ရှင်ဟု သတ်မှတ်နိုင်သည်။ သူသာမရှိလျှင် သူတို့အားလုံး အမှောင်ထုထဲတွင် လမ်းပျောက်နေကြဦးမည်သာ။
"ကဲ... ဒီစမ်းသပ်မှုက အောင်မြင်သွားပေမဲ့ သိပ္ပံပညာလမ်းကြောင်းက အဆုံးမရှိဘူး။ ရှေ့ဆက်ပြီး ကြိုးစားသွားရမှာပဲ။ မင်းတို့ကို စောင့်ကြိုနေတဲ့ စမ်းသပ်မှုတွေလည်း အများကြီးရှိသေးတယ်"
သူတို့သည် ယဲ့ချန်းနှင့်အတူ လက်တွေ့စမ်းသပ်မှု လုပ်ငန်းစဉ်အသေးစိတ်ကို ဆွေးနွေးခဲ့ကြသည်။ ထို့နောက် ယဲ့ချန်း၏ ဆန်းစစ်သုံးသပ်မှုကို နားထောင်ပြီးနောက် ပြန်သွားကြသည်။
ပြန်ထွက်လာပြီးနောက် အဆောင်သို့ တန်းပြန်ပြီး ချက်ချင်း အိပ်မောကျသွားလေသည်။
သူတို့ ပင်ပန်းနေကြချေပြီ။ သူတို့ကို ဆက်လက်ရပ်တည်နိုင်စေခဲ့သည်မှာ စိတ်ဓာတ်ခွန်အားသာဖြစ်လေရာ ယခု တာဝန်ပြီးဆုံးသွားချိန်တွင် ပင်ပန်းနွမ်းနယ်မှုကလည်း ချက်ချင်း ဝင်ရောက်လာသည်။
နိုင်ငံအများစုတွင် ဤစမ်းသပ်မှုက သီအိုရီအဆင့်မှာသာ ရှိသေးသောကြောင့် ယနေ့ခေတ်တွင် ဤစမ်းသပ်မှုက ခေတ်ရှေ့ပြေးနေသည်ဟု ယူဆနိုင်သည်။
သို့သော် သူတို့ အောင်မြင်ခဲ့ပြီဖြစ်၏။
ဤသတင်းသာ ပေါက်ကြားသွားလျှင် တစ်ကမ္ဘာလုံး သေချာပေါက် တုန်လှုပ်သွားလိမ့်မည်။
နောက်တစ်နေ့မနက်တွင် ဝမ်မုန့်တစ်ယောက် ဝက်ဘ်ဆိုက်စာမျက်နှာကို စိတ်လှုပ်ရှားစွာ ကြည့်နေချေသည်။
"အားလုံးပဲ ကြည့်ကြ... ၁၈ကြိမ်မြောက် ဟွားနိုင်ငံ နည်းပညာပြိုင်ပွဲ စတော့မယ်တဲ့။ ငါတို့သာ 'ကြယ်စင်အလင်းရောင်'စီမံကိန်းနဲ့ ဝင်ပြိုင်ရင် သေချာပေါက်နိုင်မှာ"
"ဒါပေါ့... ပါမောက္ခယဲ့ကိုယ်တိုင်ကတောင် ငါတို့ရဲ့စမ်းသပ်မှုက ခေတ်ရှေ့ပြေးနေတယ်လို့ ပြောထားတာပဲ"
လေးယောက်သား 'ကြယ်စင်အလင်းရောင်'စီမံကိန်းဖြင့် နည်းပညာပြိုင်ပွဲ ဝင်ပြိုင်ရန် ဆုံးဖြတ်လိုက်ကြသည်။
သူတို့ အနိုင်ရချင်ကြသည်။ သူတို့မိသားစုနှင့် အခြားလူများအားလုံးကို သူတို့၏အစွမ်းအစဖြင့် သက်သေပြချင်ကြသည်။
ဆုံးဖြတ်ချက်ချပြီးနောက် လေးယောက်သား ယဲ့ချန်းကို သွားရှာကြသည်။
စီမံကိန်းကို သူတို့ သုတေသနပြုလုပ်ခဲ့ကြသော်လည်း ယဲ့ချန်း၏သီအိုရီနှင့် ဒီဇိုင်းအပေါ် အခြေခံထားခြင်းဖြစ်လေရာ ပြိုင်ပွဲဝင်ရန် ယဲ့ချန်း၏သဘောတူညီချက်ကို လိုအပ်ပေသည်။
သူတို့လေးယောက်လည်း ယဲ့ချန်းနှင့် ဆွေးနွေးလိုက်သည်။
"မင်းတို့က 'ကြယ်စင်အလင်းရောင်'နဲ့ ပြိုင်ပွဲဝင်ချင်တယ်ပေါ့"
"ဟုတ်ကဲ့ ကျောင်းအုပ်ကြီး... ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ် သက်သေပြချင်လို့ပါ။ ကျွန်တော်တို့ စတားတက္ကသိုလ်ကို ဝင်လာတုန်းက ဒုတိယတန်းအဆင့်ကျောင်းဆိုပြီး လူတော်တော်များများက လှောင်ပြောင်ခဲ့ကြတယ်။ အခု စတားတက္ကသိုလ်က ဘယ်လောက်ကောင်းလဲဆိုတာ သူတို့ကို ပြချင်လို့ပါ"
ယဲ့ချန်း ပြုံးလိုက်မိသည်။
"'ကြယ်စင်အလင်းရောင်'နဲ့ ပြိုင်ပွဲဝင်တာက နည်းနည်းတော့ မတရားသလို ဖြစ်နေလိမ့်မယ်"
ဤစီမံကိန်းက တက္ကသိုလ်အဆင့် နည်းပညာပြိုင်ပွဲများတွင်သာမက ကမ္ဘာ့ထိပ်တန်းပြိုင်ပွဲများတွင် ဝင်ပြိုင်လျှင်ပင် သေချာပေါက် ပထမဆုရမည့်အရာပင်။
•••••••••••••••
အပိုင်း ၄၄၁ : သူတို့ ဝင်ပြိုင်လို့မရဘူး
ဝမ်မုန့်တို့တစ်သိုက်လုံး၏ စိုးရိမ်တကြီးဖြစ်နေသော မျက်နှာထားများကို ကြည့်ရင်း ယဲ့ချန်း ခပ်ဖွဖွပြုံးလိုက်မိသည်။
"ငါ ပြောပြီးသားလေ။ ဒီစီမံကိန်းကို သုတေသနလုပ်ပြီးတာနဲ့ မင်းတို့အပိုင်ဖြစ်သွားပြီလို့"
ယဲ့ချန်း၏စကားကို ကြားသောအခါ ဝမ်မုန့်၏မျက်နှာကား ဝင်းပသွားသည်။
"ကျောင်းအုပ်ကြီး... သဘောတူလိုက်တာလား"
"ဒါပေါ့"
ယဲ့ချန်း ခေါင်းညိတ်ပြလိုက်သည်။
သူတို့ကို ပြိုင်ပွဲဝင်ခွင့်ပေးလိုက်ခြင်းမှာ စတားတက္ကသိုလ်အတွက် သေချာပေါက် အကျိုးရှိစေလိမ့်မည်။
သူတို့သာ ချန်ပီယံဆုရခဲ့လျှင် ဟွားနိုင်ငံရှိ နာမည်ကြီးကျောင်းများအားလုံးလည်း စတားတက္ကသိုလ်၏ အစွမ်းအစကို သိသွားကြလိမ့်မည်။
စတားတက္ကသိုလ်သည် နောက်နှစ်တွင် ကျောင်းသားသစ်များ လက်ခံရဦးမည်ဖြစ်လေရာ လူသိများလာခြင်းကား နောက်နှစ် ကျောင်းဝင်ခွင့်အတွက် အကျိုးရှိစေမည်။
"ကျေးဇူးအများကြီးတင်ပါတယ် ကျောင်းအုပ်ကြီး"
ဝမ်မုန့်တို့လည်း ယဲ့ချန်းကို ပြိုင်တူဦးညွတ်လျက် အရိုအသေပေးလိုက်ကြသည်။
ယဲ့ချန်းက ခပ်ဖွဖွပြုံး၏။
"မင်းတို့ရဲ့စွမ်းဆောင်ရည်တွေ အကောင်းဆုံးဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်"
ဟွားနိုင်ငံတက္ကသိုလ်သိပ္ပံနှင့်နည်းပညာပြိုင်ပွဲကို နှစ်စဉ်နှစ်တိုင်း ဟွားနိုင်ငံရုပ်သံလိုင်းမှ တိုက်ရိုက်ထုတ်လွှင့်ပြသလေ့ရှိသည်။
ထို့ကြောင့် သူတို့သာ ပြိုင်ပွဲဝင်လျှင် တီဗီတွင်ပါ ပါလာနိုင်သည့် အခွင့်အရေးရှိသည်။
မိဘများက သူတို့ကို တီဗီတွင် မြင်တွေ့ရတော့မည်ဟု တွေးမိသော် လေးယောက်သား အလွန်စိတ်လှုပ်ရှားနေကြသည်။
ဝမ်မုန့်နှင့် ကျန်သုံးယောက်လည်း သူတို့၏စီမံကိန်းကို သယ်ဆောင်ပြီး လေဆိပ်သို့ ရောက်လာကြသည်။
ယဲ့ချန်းကမူ မိုတုလေဆိပ်တွင် သူတို့ကို စောင့်နေပေသည်။
"သွားကြစို့... ငါ့ကိုယ်ပိုင်လေယာဉ်နဲ့ သွားမယ်"
ယဲ့ချန်းက ပြုံးလျက် ပြောလိုက်သည်။
"ဘုရားရေ... ကျောင်းအုပ်ကြီးက မိုက်လိုက်တာ။ ကိုယ်ပိုင်လေယာဉ်တောင် ရှိတယ်တဲ့"
ယဲ့ချန်းကလည်း ပြုံးလိုက်သည်။
"မင်းတို့တွေလည်း ကြိုးစားရင် ပိုင်ဆိုင်နိုင်ပါတယ်"
ယဲ့ချန်းက သူ့ကိုယ်ပိုင်လေယာဉ်ဖြင့် ဤလေးယောက်ကို ပြိုင်ပွဲကျင်းပရာ ဟွားနိုင်ငံသိပ္ပံနှင့်နည်းပညာခန်းမသို့ ခေါ်ဆောင်သွားသည်။
ယခုတစ်ကြိမ်တွင် ဟွားနိုင်ငံတက္ကသိုလ်သိပ္ပံနှင့်နည်းပညာပြိုင်ပွဲ၌ ဟွားနိုင်ငံရှိ အဓိကနာမည်ကြီးကျောင်းများမှ အသင်းများ ပါဝင်ယှဉ်ပြိုင်ကြသည်။
နှစ်စဉ်နှစ်တိုင်း ချန်ပီယံဆုကို ဟွားချင်းတက္ကသိုလ်၊ အင်ပါယာမြို့တော်တက္ကသိုလ်နှင့် မိုတုတက္ကသိုလ်တို့ကသာ ရယူလေ့ရှိသည်။
ယဲ့ချန်းက အဖွဲ့ကိုဦးဆောင်၍ စာရင်းသွင်းပြီးနောက် ပွဲစီစဉ်သူများ စီစဉ်ပေးထားသော ဟိုတယ်သို့ သွားရောက်တည်းခိုသည်။
ထိုအချိန်တွင် ဟွားနိုင်ငံသိပ္ပံတက္ကသိုလ်၌...
လီစန်းက အကြီးအကဲဟွား၏ရုံးခန်းသို့ ရောက်လာသည်။
"အကြီးအကဲဟွား... စတားတက္ကသိုလ်က ကျောင်းသားတချို့ ဟွားနိုင်ငံသိပ္ပံနှင့်နည်းပညာပြိုင်ပွဲကို 'ကြယ်စင်အလင်းရောင်'စီမံကိန်း ယူလာကြတယ်လို့ သတင်းရထားပါတယ်"
"ဘာ..."
အကြီးအကဲဟွားခမျာ ရုတ်ခြည်း မတ်တတ်ထရပ်လိုက်သည်။
ဝမ်မုန့်တို့တစ်သိုက် ပြိုင်ပွဲဝင်ခြင်းမှာ ဘာကိုပြသနေလေသလဲ။
သူတို့၏စမ်းသပ်မှု အောင်မြင်သွားပြီဖြစ်ကြောင်း ပြသနေပေသည်။
ချန်ဟွားက ပြီးခဲ့သည့်တစ်ခေါက် စတားတက္ကသိုလ်မှ ပြန်လာကတည်းက စတားတက္ကသိုလ်၏ လှုပ်ရှားမှုများအကြောင်း လီစန်းကို အမြဲအသိပေးခိုင်းထားသည်။
ထင်မှတ်မထားပါဘဲ ဤကျောင်းသားများက ထိုကဲ့သို့သော ခေတ်ရှေ့ပြေးနည်းပညာကို ပြိုင်ပွဲသို့ ယူဆောင်သွားကြသည်။
ဤစီမံကိန်းသာ ပေါက်ကြားသွားပါက ကမ္ဘာတစ်ဝန်းလုံးကို သေချာပေါက် တုန်လှုပ်ချောက်ချားသွားစေလိမ့်မည်။
ချန်ဟွားက ဖုန်းကောက်ကိုင်ပြီးနောက် ပြိုင်ပွဲဥက္ကဋ္ဌ၏ ဖုန်းနံပါတ်ကို ခေါ်ဆိုလိုက်သည်။
"အကြီးအကဲဝေ့... ကျုပ် အကူအညီတစ်ခု တောင်းချင်လို့ပါ။ တက္ကသိုလ်ပေါင်းစုံသိပ္ပံနှင့်နည်းပညာပြိုင်ပွဲမှာ စတားတက္ကသိုလ်က ကျောင်းသားတချို့ ဝင်ပြိုင်နေတယ်။ သူတို့ရဲ့စီမံကိန်းက ဘာလဲဆိုတာ တစ်ချက်လောက်ကြည့်ပေးပါဦး"
"ကောင်းပါပြီ အစ်ကိုချန်"
ဝေ့မင်နှင့် ချန်ဟွားတို့က ကောလိပ်ကျောင်းသားဘဝကတည်းက အတန်းဖော်များဖြစ်ပြီး ဆက်ဆံရေး အလွန်ကောင်းမွန်ကြသည်။
ထို့ကြောင့် ဖုန်းချပြီးသည်နှင့် အကြီးအကဲဝေ့လည်း ချက်ချင်းစုံစမ်းလေတော့သည်။
မကြာခင် ဝေ့မင်တစ်ယောက် စတားတက္ကသိုလ်၏ စာရင်းသွင်းအချက်အလက်များကို ရှာတွေ့သွားသည်။
"အစ်ကိုချန်... သူတို့စာရင်းသွင်းထားတဲ့ စီမံကိန်းက 'ကြယ်စင်အလင်းရောင်'တဲ့"
စတားတက္ကသိုလ် ပြိုင်ပွဲဝင်သည့်ကိစ္စနှင့် ပတ်သက်၍ ဝေ့မင် သိပ်အရေးတယူမရှိခဲ့ပေ။
သို့သော် ဝေ့မင်၏စကားကို ကြားသောအခါ ချန်ဟွားမှာမူ စိတ်လှုပ်ရှားသွားသည်။
"'ကြယ်စင်အလင်းရောင်'ဆိုတာ နျူကလီးယားပေါင်းစည်းမှုဓာတ်ပေါင်းဖိုပဲ ဖြစ်ရမယ်။ သူတို့ တကယ် အောင်မြင်သွားပြီပဲ"
အကြီးအကဲချန်ခမျာ အလွန်အမင်း စိတ်လှုပ်ရှားနေသည်။ အကယ်၍ ဤစီမံကိန်းသာ အောင်မြင်သွားပါက ဟွားနိုင်ငံ၏နည်းပညာလည်း ကမ္ဘာတွင် တစ်ဆင့်သာလွန်ပြီး ဦးဆောင်နိုင်တော့မည်ဖြစ်၏။
သို့သော် ဤစီမံကိန်းကို ယခုအချိန်တွင် ထုတ်ဖော်ပြသ၍ မရသေးကြောင်း ချန်ဟွား ကောင်းကောင်းနားလည်သည်။
ပေါက်ကြားသွားလျှင် တစ်ကမ္ဘာလုံး တုန်လှုပ်သွားပေလိမ့်မည်။
အခြားနိုင်ငံများကလည်း ဤနည်းပညာကို ရယူရန် နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားကြလိမ့်မည်။
ထို့ကြောင့် ချန်ဟွား ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။ စတားတက္ကသိုလ်ကျောင်းသားများကို ပြိုင်ပွဲဝင်ခွင့် လုံးဝမပေးနိုင်ပေ။
ဟွားနိုင်ငံသိပ္ပံနှင့်နည်းပညာပြိုင်ပွဲ၏ စည်းမျဉ်းများမှာ တက္ကသိုလ်ပါမောက္ခငါးဦးက ကျောင်းသားများ၏ လက်ရာများကို အမှတ်ပေးရမည်ဖြစ်၏။
အကဲဖြတ်ဆရာများအနေနှင့် ထိုလက်ရာ၏ နည်းပညာအဆင့်အတန်းနှင့် လက်တွေ့အသုံးဝင်မှုတန်ဖိုးအပေါ် မူတည်၍ အမှတ်ပေးကြရမည်။
အနိမ့်ဆုံးအမှတ်နှင့် အမြင့်ဆုံးအမှတ်ကို ဖယ်ရှားပြီး ကျန်အမှတ်များထဲတွင် ရမှတ်အမြင့်ဆုံးရသူကသာ ချန်ပီယံပင်။
ထိုအချိန်တွင် ပြိုင်ပွဲစတင်နေချေပြီ။
နောက်ထပ်ပြိုင်ပွဲဝင်တစ်ဦး ယှဉ်ပြိုင်ပြီးလျှင် စတားတက္ကသိုလ်၏အလှည့် ရောက်တော့မည်။
ဝမ်မုန့်တစ်ယောက် စိတ်လှုပ်ရှားစွာဖြင့် လက်နှစ်ဖက်ကို ပွတ်သပ်နေမိသည်။
စင်ပေါ်ရှိ ပြိုင်ပွဲဝင်က ဟွားချင်းတက္ကသိုလ်မှ ဖြစ်ပြီး သူတို့၏စီမံကိန်းမှာ ဉာဏ်ရည်တုစက်ရုပ်ဖြစ်သည်။
ဟွားချင်းတက္ကသိုလ်သည် သူတို့၏ အဆင့်မြင့်နည်းပညာကို အားကိုး၍ ၉.၈မှတ်ထိ ရရှိခဲ့သည်။
ဝမ်မုန့် စင်ပေါ်တက်ရမည့်အလှည့် ရောက်လာလေပြီ။ သူလည်း အသက်ပြင်းပြင်းရှူသွင်းပြီး မတ်တတ်ထရပ်လိုက်သည်။
သို့သော် ထိုအချိန်မှာပင် ရုတ်တရက်ဆန်သော အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာသည်။
ယူနီဖောင်းဝတ်ထားသော အစောင့်တပ်ဖွဲ့တစ်ဖွဲ့က ခန်းမထဲသို့ သုတ်တီးသုတ်ပျာ ဝင်ရောက်လာကြသည်။
အဖွဲ့ကို ဦးဆောင်လာသူမှာ ချန်ဟွားပင်။
စတားတက္ကသိုလ်ကျောင်းသားများ ပြိုင်ပွဲလာပြိုင်ကြောင်း သိလိုက်ရသောအခါ ချန်ဟွားလည်း အခြေအနေကို အထက်လူကြီးများထံ ချက်ချင်း တင်ပြလိုက်သည်။
အထက်လူကြီးများကလည်း ဤကိစ္စကို အလွန်အလေးထားသဖြင့် လုံခြုံရေးများကို ချက်ချင်းစေလွှတ်လိုက်သည်။
ဤသည်မှာ ခေတ်ရှေ့ပြေးနည်းပညာ မဟုတ်ပါလော။ တစ်ယောက်ယောက်ခိုးသွားလျှင် မည်သို့လုပ်မည်နည်း။
ချန်ဟွားလည်း ယဲ့ချန်းနှင့် ကျောင်းသားများထံသို့ တန်းတန်းမတ်မတ် လျှောက်သွားလိုက်သည်။
"ကျောင်းအုပ်ယဲ့... ခင်ဗျားရဲ့ကျောင်းသားတွေ ပြိုင်ပွဲဝင်လို့မရဘူး"
ထိုစကားကို ကြားသောအခါ ယဲ့ချန်း မျက်မှောင်ကြုတ်လိုက်မိသည်။
"ဘာဖြစ်လို့လဲ"
"ဒီလိုလုပ်ပါ ကျောင်းအုပ်ယဲ့... ကျုပ်နဲ့ သီးသန့်စကားပြောရအောင်။ ဆွေးနွေးစရာတစ်ခုရှိလို့ပါ"
ယဲ့ချန်းနှင့် ရင်ဆိုင်ရသောအခါ ချန်ဟွား၏ လေသံက ချက်ချင်းဆိုသလို နူးညံ့သွားသည်။
ယဲ့ချန်းက ဤမျှထူးချွန်သည့် လူတော်များကို ပြုစုပျိုးထောင်ပေးထားသည်ဖြစ်ရာ စင်စစ်ချီးကျူးထိုက်သည်မဟုတ်လော။
အကြီးအကဲချန်ပင်လျှင် ယဲ့ချန်းကို မလေးစားဘဲ မနေနိုင်ပေ။
အကြီးအကဲချန်က ယဲ့ချန်းကို ရုံးခန်းတစ်ခန်းဆီသို့ ခေါ်သွားပြီး တံခါးဝတွင် အစောင့်များချထားကာ မည်သူမှ အနားမကပ်စေရန် တားမြစ်ထားလိုက်သည်။
"ကျောင်းအုပ်ယဲ့... ခင်ဗျားတို့ရဲ့ 'ကြယ်စင်အလင်းရောင်'စီမံကိန်းက အောင်မြင်သွားပြီပဲ"
ယဲ့ချန်း ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်ပါတယ်။ ဒီကျောင်းသားတွေက အရမ်းတော်တာ။ သုတေသနကို အောင်မြင်အောင်လုပ်နိုင်ခဲ့ကြတယ်"
"ကောင်းလိုက်တာ... ကျောင်းအုပ်ယဲ့ ဒီစီမံကိန်းရဲ့ နည်းပညာက ကမ္ဘာကို ဦးဆောင်နိုင်တဲ့အဆင့်နော်။ ပြိုင်ပွဲမှာသာ ထုတ်ပြလိုက်ရင် ခင်ဗျားတို့အတွက် ဒုက္ခအများကြီးရောက်နိုင်တယ်။ ကျောင်းသားတွေရဲ့ အသက်အန္တရာယ်ကိုပါ ထိခိုက်စေနိုင်တယ်"
နိုင်ငံများကြားရှိ နည်းပညာတိုက်ပွဲများက အပြိုင်အဆိုင် ပြင်းထန်လှပြီး နျူကလီးယားပေါင်းစည်းမှုဆိုသည်မှာ ကမ္ဘာ့ပြိုင်ဆိုင်မှုအနေအထားကို ပြောင်းလဲပစ်နိုင်သည်။
ထို့ကြောင့် ဤနည်းပညာသာ ပေါက်ကြားသွားပါက အခြားနိုင်ငံများက ဤစီမံကိန်းကိုရယူရန် အကြမ်းပတမ်း ကြိုးပမ်းကြမည်မှာ သေချာသည်။
ထိုစကားကို ကြားသောအခါ ယဲ့ချန်း ခေါင်းတညိတ်ညိတ်လုပ်လိုက်သည်။
"အကြီးအကဲချန်... ဒါဆို ကျွန်တော်တို့ ပြိုင်ပွဲက နှုတ်ထွက်လိုက်ပါ့မယ်။ ဒါပေမဲ့ ကလေးတွေအတွက်တော့ တော်တော်မတရားသလိုဖြစ်နေတယ်။ သူတို့ခမျာလည်း အသိအမှတ်ပြုခံချင်ကြတာကိုး"
အကြီးအကဲချန်က ပြောလိုက်သည်။
"စိတ်ချပါ။ ကလေးတွေနဲ့ထိုက်တန်တဲ့ ဂုဏ်ပြုမှုကို ရစေရမယ်"
ယဲ့ချန်းက ဆို၏။
"ဒါဆိုရင်တော့ ကောင်းတာပေါ့"
ယဲ့ချန်း ခေါင်းညိတ်လိုက်ပြီး ကျောင်းသားများကို လှမ်းခေါ်လိုက်သည်။
ထို့နောက် အခြေအနေကို ရှင်းပြလိုက်သည်။
ကျောင်းသားများမှာ အလွန်စိတ်ပျက်သွားကြသော်ငြား လက်ခံလိုက်ကြသည်။
ဒါက သူတို့ကောင်းဖို့အတွက်ပဲလေ...
ချန်ဟွားက ဆို၏။
"ကျောင်းအုပ်ယဲ့... ခင်ဗျားတို့ သုတေသနလုပ်ထားတဲ့ 'ကြယ်စင်အလင်းရောင်'ကို တစ်ချက်လောက် ကြည့်လို့ရမလား"
ယဲ့ချန်းက 'ကြယ်စင်အလင်းရောင်'စက်ကို အကြီးအကဲချန်ကိုပြရန် ဝမ်မုန့်အား ပြောလိုက်သည်။
အကြီးအကဲချန်ခမျာ 'ကြယ်စင်အလင်းရောင်'ပရောဂျက်ကို မြင်သောအခါ မျက်လုံးများ အရောင်တောက်သွားသည်။
ဤ'ကြယ်စင်အလင်းရောင်'က ယခင်ကနှင့် လုံးဝမတူဘဲ ကွဲပြားနေသည်ကို သူ ခံစားမိသည်။
ဤတစ်ခေါက်တွင် 'ကြယ်စင်အလင်းရောင်'က ပြီးပြည့်စုံသော လက်ရာတစ်ခု ဖြစ်နေချေပြီ။
"မင်းတို့ ဒီလောက်မြန်မြန်ကြီး အောင်မြင်သွားတာလား"
ကျောင်းသားများက ဤမျှတိုတောင်းသော အချိန်အတွင်း ဤလက်ရာကို ပြီးစီးအောင် လုပ်နိုင်ခဲ့သဖြင့် ချန်ဟွား အနည်းငယ်အံ့သြသွားသည်။
ဝမ်မုန့်က ဆို၏။
"ဟုတ်ကဲ့... အစတုန်းက ပြဿနာနည်းနည်းတက်ခဲ့ပေမယ့် နောက်ဆုံးတော့ ဖြေရှင်းနိုင်ခဲ့ပါတယ်"
ချန်ဟွား ခေါင်းညိတ်လိုက်သည်။
"မင်းတို့က အရမ်းတော်တာပဲ။ ငါတို့က သီအိုရီအဆင့်မှာပဲ ရှိသေးတာ။ မင်းတို့ကတော့ ပြီးတောင်ပြီးသွားပြီ။ နည်းပညာပိုင်းဆိုင်ရာတွေ ပြီးသွားပေမဲ့ မူပိုင်ခွင့်လျှောက်တာလိုမျိုးကိစ္စတွေ အများကြီးကျန်သေးတယ်။ အဲဒါတွေက ငါ့တာဝန်ထားလိုက်"
ယဲ့ချန်း ခေါင်းညိတ်ပြလိုက်သည်။
ဤအပိုင်းတွင် အကြီးအကဲချန်က ကျွမ်းကျင်ပညာရှင်ဖြစ်သည့်အတွက် သူ့ကို အပ်နှံလိုက်ခြင်းမှာ အများကြီးသက်သာသည်။
ချန်ဟွားက လူအမြောက်အများကို သိပ္ပံတက္ကသိုလ်သို့ ဖိတ်ခေါ်လိုက်သည်။ ရလဒ်များထွက်ပေါ်လာပြီဖြစ်လေရာ ဤ'ကြယ်စင်အလင်းရောင်'က စင်စစ်ထူးခြားမှုရှိမရှိ စမ်းသပ်စစ်ဆေးရန် လိုအပ်ပေသည်။