← Chapters

အခန်း (၄၄၂-၄၄၄)

Vol. 30 Ch. 442-444

အခန်း (၄၄၂-၄၄၄)

Vol. 30 Ch. 442-444

အပိုင်း ၄၄၂ : ချစ်သူယောင်ဆောင်ခြင်း

ဓာတ်ခွဲခန်းထဲတွင် နျူကလီးယားစွမ်းအင်ကျွမ်းကျင်ပညာရှင်အများအပြားက ယဲ့ချန်း၏လက်ထဲရှိ ပစ္စည်းအသေးလေးကို ကြည့်ရင်း နားမလည်နိုင်ဖြစ်နေကြသည်။

စတားတက္ကသိုလ်၏ ဤသုတေသနစီမံကိန်းအပေါ် အကြီးအကဲချန်က ဘာကြောင့် ဤမျှအထိ အလေးထားနေရသလဲဆိုသည်ကို သူတို့ နားမလည်နိုင်ပေ။

စတားတက္ကသိုလ်ဆိုသည်မှာ နာမည်မကြီးသော သာမန်တက္ကသိုလ်လေးတစ်ခုသာ။ သူတို့ သုတေသနလုပ်ထားသည့်အရာက ဘာများ အံ့သြစရာကောင်းနေလေသလဲ။

ဓာတ်ခွဲခန်းထဲသို့ ရောက်သည်နှင့် အကြီးအကဲချန်မှာ လက်တွေ့စမ်းသပ်မှုကို စတင်ရန် မစောင့်နိုင်တော့ပေ။

စမ်းသပ်မှု စတင်သောအခါ 'ကြယ်စင်အလင်းရောင်'စက်က အပြင်းအထန် လည်ပတ်လာသည်။ ရွှေရောင်အလင်းတန်းတစ်ခုကလည်း စက်၏အဝတွင် ပေါ်ထွက်လာသည်။

ထိုအချိန်မှာပင် ကိရိယာများမှတစ်ဆင့် ဒေတာအချက်အလက်ကောက်ယူမှုများ စတင်လေသည်။

ထုတ်လွှတ်လိုက်သော စွမ်းအင်ပမာဏကို မြင်လိုက်ရသောအခါ အားလုံး မှင်တက်သွားကြသည်။

ဤပစ္စည်းအသေးလေးက တစ်စက္ကန့်လျှင် စွမ်းအင်ဂျူးလ် ငါးဘီလျံအထိ ထုတ်လွှတ်နေချေသည်။

ဒေတာအချက်အလက်များက အံ့မခန်းဖွယ်ကောင်းလှသည်။

အရေးကြီးဆုံးမှာ နျူကလီးယားစွမ်းအင်နှင့်မတူပါဘဲ ယဲ့ချန်းတီထွင်ထားသော စက်ပစ္စည်းက နျူကလီးယားစွမ်းအင်ထက် ပိုမိုများပြားသောစွမ်းအင်ကို ထုတ်လုပ်ပေးနိုင်သော်ငြား မည်သည့် အန္တရာယ်ရှိဓာတ်ပစ္စည်းမှ ထွက်မလာပေ။

ကမ္ဘာပေါ်တွင် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုအကင်းဆုံးစွမ်းအင်ဟု ဆိုနိုင်ပေသည်။

အကြီးအကဲချန်ခမျာ ဒေတာများကို ကြည့်ရင်း လက်များ တုန်ယင်လာသည်။

သူ့သက်တမ်းတစ်လျှောက် ဤမျှအံ့ချီးဖွယ်ကောင်းသော နည်းပညာမျိုးကို မြင်တွေ့ရလိမ့်မည်ဟု မထင်ထားပေ။

ဤနည်းပညာကိုသာ အသုံးပြုလိုက်လျှင် ကမ္ဘာကြီး ပြောင်းလဲသွားလိမ့်မည်ဖြစ်ကြောင်း သူ သိသည်။

လောလောဆယ်တွင် ကမ္ဘာကြီး ရင်ဆိုင်နေရသော အကြီးမားဆုံးပြဿနာမှာ စွမ်းအင်ပြဿနာပင်။

ရေနံပင်ဖြစ်စေ၊ နျူကလီးယားစွမ်းအင်ပင်ဖြစ်စေ နှစ်ခုစလုံးက ညစ်ညမ်းမှုကို အများအပြား ဖြစ်စေနိုင်သည်။

သို့သော် ယဲ့ချန်း၏ နျူကလီးယားပေါင်းစည်းမှုကမူ ညစ်ညမ်းမှုကင်းစင်သော စွမ်းအင်ကို ရရှိစေသည့်အပြင် အခြားစွမ်းအင်အရင်းအမြစ်နှစ်ခုထက်လည်း စွမ်းအင်ပိုထုတ်ပေးနိုင်သည်။

ယခင်က အထင်သေးခဲ့ကြသော ကျွမ်းကျင်ပညာရှင်များမှာ စမ်းသပ်မှုဒေတာများကို ကြည့်ပြီးနောက် ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြသည်။

သူတို့ အထင်သေးခဲ့သော စတားတက္ကသိုလ်က အံ့မခန်းဖွယ်ကောင်းသော နည်းပညာမျိုးကို တကယ်တီထွင်နိုင်လိမ့်မည်ဟု သူတို့ အိပ်မက်ပင်မမက်ခဲ့ဖူးပေ။

အကြီးအကဲချန်က အသက်ပြင်းပြင်းရှူသွင်းပြီး ပြောလိုက်သည်။

"ကျောင်းအုပ်ယဲ့... ဒီနည်းပညာက အရမ်းအံ့သြဖို့ကောင်းတာပဲ။ ကျွန်တော် အထက်ကို တင်ပြထားပြီးပြီ။ သူတို့သာ ဒီဒေတာတွေကိုမြင်ရင် စိတ်ဝင်စားကြမှာသေချာတယ်"

ယဲ့ချန်း ခေါင်းညိတ်ပြလိုက်သည်။

ထိုအချိန်တွင် ဟွားနိုင်ငံတက္ကသိုလ်နည်းပညာပြိုင်ပွဲ၏ ရလဒ်များကို ကြေညာလိုက်သည်။

ယဲ့ချန်း အံ့သြသွားရသည်မှာ အနိုင်ရရှိသူက စတားတက္ကသိုလ်၏ စီမံကိန်းဖြစ်နေခြင်းပင်။

ဆုရရှိသူမှာ စွန်းဟောင်ဖြစ်ပြီး သူ့စီမံကိန်းမှာ ဉာဏ်ရည်တုစက်ရုပ်များအကြောင်းပင်။

ယဲ့ချန်းမှာ ယခုနောက်ပိုင်းတွင် နျူကလီးယားပေါင်းစည်းမှုအပေါ်သာ အာရုံစိုက်နေခဲ့သဖြင့် စွန်းဟောင်ကို သတိမထားမိခဲ့ပေ။

စွန်းဟောင်က တစ်သီးပုဂ္ဂလအနေနှင့် ဝင်ပြိုင်ထားကြောင်း သူသိသော်ငြား နိုင်သွားလိမ့်မည်ဟုတော့ မထင်ထားပေ။

နောက်နောင် ဤကျောင်းသားများကို ပိုဂရုစိုက်ရတော့မည့်ဟန်ပင်။

ယဲ့ချန်း မိုတုမြို့သို့ ပြန်ရောက်သောအခါ ရံဖန်ရံခါ ကျောင်းသွားလိုက်၊ တက္ကစီမောင်းလိုက်နှင့်ပင် အချိန်ကုန်နေသည်။

တစ်နေ့တွင် ရုပ်ရည်ရမှတ်၇၅မှတ်ခန့်ရှိသော အမျိုးသမီးတစ်ယောက် ကားပေါ်သို့ တက်လာသည်။

ထိုအမျိုးသမီး၏ မျက်လုံးထဲတွင် မျက်ရည်စများ ရှိနေသေးသည်ဖြစ်ရာ မကြာသေးခင်ကမှ ငိုထားပုံရသည်။

ထိုအချိန်တွင် အမျိုးသမီး၏ဖုန်းက မြည်လာလေသည်။ သူ(မ)ကလည်း ပြောလိုက်၏။

"ကျန်းကျန့်... ရှင်မရှိလို့ ကမ္ဘာကြီးရပ်သွားမယ် မထင်နဲ့။ ရှင်မရှိလည်း ကျွန်မကောင်းကောင်းနေနိုင်တယ်"

"ရှင့်ကိုပြောလိုက်မယ်။ ကျွန်မ ရည်းစားအသစ်ရနေပြီ။ ကျွန်မကောင်လေးက ရှင့်ထက်ပိုချောတယ်။ ရှင့်ထက် ပိုက်ဆံရှိတယ်။ ရှင်သာ နောင်တရပြီး ကျန်နေခဲ့လိုက်တော့"

ဖုန်းချပြီးနောက် ထိုအမျိုးသမီးခမျာ နောင်တရသွားသလို ခံစားလိုက်ရသည်။

အစောက သူ(မ) လွှတ်ခနဲပြောလိုက်မိသည့်စကားများက ဒေါသကြောင့် ပြောလိုက်မိခြင်းသာ။ တကယ်တမ်းတွင် သူ(မ)မှာ ရည်းစားမရှိချေ။

ယဲ့ချန်းက ပြုံးပြီး ပြောလိုက်၏။

"ကောင်လေးနဲ့ ရန်ဖြစ်ထားတာလား မိန်းကလေး"

ရှယင်က ယဲ့ချန်းကို စိတ်လှုပ်ရှားစွာဖြင့် ကြည့်ပြီး ပြောလိုက်၏။

"ဝိုး... ရှင်က တော်တော်ချောတာပဲ"

ယဲ့ချန်းလည်း ထိုစကားကိုကြားပြီးနောက် တစ်ချက်ကြောင်သွားပြီးမှ ပြန်ဖြေလိုက်သည်။

"အင်း... မဆိုးပါဘူး"

"လူချောလေး... ကျွန်မကို ကူညီလို့ရမလား။ ရှင့်ကို တစ်နာရီလောက် ငှားချင်လို့ပါ။ တစ်ထောင်ပေးပါ့မယ်"

ကောင်မလေး၏စကားကြောင့် ယဲ့ချန်း ကြောင်အသွားသည်။

ယခုခေတ် မိန်းကလေးများက ဤမျှအထိ ပွင့်လင်းကုန်လေပြီလား။

လူတစ်ယောက်ကို အဖော်ပြုရန် ငှားချင်သတဲ့။

ယဲ့ချန်းကမူ နေရခက်ဟန်ဖြင့် ပြောလိုက်၏။

"မိန်းကလေး... ကျွန်တော်က အရည်အချင်းပဲ ရောင်းတာ။ ခန္ဓာကိုယ်ကိုမရောင်းဘူး"

ရှယင်၏ မျက်နှာကား နီရဲသွားလေသည်။

"ရှင်ထင်သလို မဟုတ်ပါဘူး။ ကျွန်မက ရှင့်ကို ဟန်ဆောင်ရည်းစား လုပ်ခိုင်းမလို့ပါ"

ယဲ့ချန်း ငြင်းမည်စိုးသောကြောင့် ရှယင်က ပြောလိုက်လေသည်။

"ကျွန်မ ရည်းစားဟောင်းနဲ့ ရန်ဖြစ်ထားလို့ပါ။ ရှင် ကျွန်မကိုကူညီမှဖြစ်မယ်နော်"

ရှယင်က ဆိုပြန်လေသည်။

"ကျွန်မရည်းစားဟောင်းက ကြွားချင်ဝါချင်နေတာ။ ကြည့်ရတာတော့ အခုတလောမှ ချမ်းသာလာပုံရတယ်။ အမြဲပိုက်ဆံရှိကြောင်း ကြွားပြီး ကျွန်မကို ဒေါသထွက်အောင် လုပ်နေတာ။ ကျွန်မ နောင်တရစေရမယ်တဲ့လေ"

ယဲ့ချန်းခမျာ သူ(မ)၏အဖြစ်ကိုနားထောင်ပြီး ပြောစရာစကားများ ပျောက်ရှသွားသည်။

ဤလူငယ်လေးများက ကြွားဝါရခြင်းကို အလွန်ကြိုက်ကြလေသလား။

ရည်းစားနှင့် ပြတ်သွားသည့်တိုင် ပိုက်ဆံရှိခြင်းမရှိခြင်းကို လိုက်ကြွားပြီး ဘာကြောင့် တမင်သက်သက် ဒေါသထွက်အောင် လုပ်နေရသလဲ။ ဤသည်မှာ နည်းနည်းတော့ မှားနေသလိုပင်။

လမ်းခွဲပြီးနောက် အေးအေးဆေးဆေး နေနိုင်သည်မဟုတ်လော။ သာမန်သူငယ်ချင်းလိုပင် ဆက်နေ၍ ရသေးသည်။

ဘာကြောင့်များ နေ့တိုင်း ဟိတ်ဟန်ထုတ်ပြသည့် ဓာတ်ပုံများ တင်နေရလေသလဲ။

ပိုက်ဆံမရှိစဉ်က ချစ်သူမိန်းကလေးက မိမိနှင့်အတူ ဒုက္ခခံခဲ့သည်။ ယခု မိမိချမ်းသာလာချိန်တွင် သူ့ကို ပစ်ထားခဲ့ပြီး ဟိတ်ဟန်ထုတ်နေပြန်လေသလား။

ဤသို့သောစိတ်ဓာတ်မျိုးက စင်စစ်မကောင်းလှပေ။

ရှယင်လည်း သက်ပြင်းချပြီး ပြောလိုက်၏။

"အောင်မြင်မှုလေး နည်းနည်းရတာကို ဘဝင်မြင့်နေတာတွေ ဟိတ်တစ်လုံးဟန်တစ်လုံးလုပ်ပြနေတာတွေကို သည်းမခံနိုင်လို့ လမ်းခွဲခဲ့တာ"

ပြောရင်းဆိုရင်း ရှယင်က တောင်းပန်လိုက်သည်။

"တက္ကစီဒရိုင်ဘာအစ်ကိုကြီး... သူက ကျွန်မကို ညစာစားဖို့ ချိန်းထားတယ်။ ကြွားချင်လို့ ခေါ်တာပဲနေမှာ။ တောင်းပန်ပါတယ်နော်။ ကျွန်မကို ကူညီပါရှင်"

ယဲ့ချန်းခမျာ ဘာပြောရမှန်းမသိလောက်အောင် ဖြစ်နေသော်လည်း ရည်းစားဟောင်း၏အပြုအမူက နည်းနည်းလွန်လွန်းနေသဖြင့် သဘောတူလိုက်လေသည်။

"ကဲ... ကောင်းပြီလေ"

တက္ကစီဒရိုင်ဘာတစ်ယောက်အနေနှင့် ခရီးသည်က တောင်းဆိုလာလျှင် လိုက်လျောသင့်သည်ဟု ယဲ့ချန်း ခံယူထားသည်။

ယဲ့ချန်းက ဆို၏။

"ဒါပေမဲ့ ပြီးရင် ကျွန်တော့်ကို ကြယ်ငါးပွင့်ပေးဖို့ မမေ့နဲ့နော်"

ကောင်မလေးကလည်း ခေါင်းညိတ်ပြသည်။

"ပြဿနာမရှိပါဘူး"

ယဲ့ချန်းက ကောင်မလေးကိုခေါ်၍ ရည်းစားဟောင်းချိန်းထားသည့် ညစာစားပွဲနေရာသို့ တန်းမောင်းသွားလိုက်သည်။

ထိုကောင်မလေးက စားသောက်ဆိုင်သို့ အရင်သွားနှင့်ပြီး သူ့ကောင်လေးကို မကျေနပ်သဖြင့် စားပွဲအပြည့် ဟင်းပွဲများကို တမင်မှာထားလိုက်သည်။

ဈေးကြီးလှသောဟင်းပွဲများကို တမင်ရွေးမှာထားခြင်းပင်။

ပိုဆိုးသည်မှာ သူ(မ)က တစ်သောင်းကျော်ဖိုးလောက် မှာလိုက်ခြင်းသာ။

စားပွဲအပြည့် ဟင်းပွဲများကို ကြည့်ရင်း ယဲ့ချန်း စကားမပြောနိုင်တော့ပေ။

မင်းရည်းစားဟောင်းက ဟိတ်ဟန်ထုတ်နိုင်တယ်ဆိုရင် မင်းအစွမ်းကလည်း မခေပါလား။

"ဒါနဲ့... ရှင်ဝတ်ထားတဲ့ဝတ်စုံက အဆင်မပြေဘူး။ ကျွန်မ ရှင့်အတွက် ဝတ်စုံတစ်စုံ မှာထားတယ်။ ပေသွားအောင် မလုပ်နဲ့နော်။ ပြီးသွားရင် ပြန်ပေးရမှာ"

ယဲ့ချန်း : "..."

ဝိုး... ပြင်ဆင်မှုက စေ့စပ်သေချာလိုက်တာနော်... အဝတ်အစားတောင် စီစဉ်ထားသေးတယ်..

ဟိတ်ဟန်ထုတ်ပြရမည့် ကြီးကျယ်ခမ်းနားသော ဖျော်ဖြေပွဲတစ်ခုက သူ့ကို စောင့်ကြိုနေသည်ဟုပင် ခံစားလိုက်ရသည်။

သို့သော် ဟိတ်ဟန်ထုတ်ရာတွင် သူ့ကို မည်သူကမီမည်နည်း။

ပြဿနာကား သူများက ဟန်ဆောင်နေခြင်းဖြစ်ပြီး ယဲ့ချန်းကတော့ စင်စစ်အထင်ကြီးချင်စရာကောင်းနေခြင်းပင်။

ယဲ့ချန်းက ပြောလိုက်သည်။

"ကျွန်တော့်ဝတ်စုံက အဆင်ပြေပါတယ်"

ရှယင်က စိုးရိမ်တကြီး ပြောလိုက်၏။

"ဘယ်ရမလဲ။ ကျွန်မက ရှင့်ကို ကုမ္ပဏီစီအီးအိုဆိုပြီး မိတ်ဆက်ပေးချင်တာ။ ဒီဝတ်စုံနဲ့ဆိုရင် စီအီးအိုဂုဏ်နဲ့ လိုက်ပါ့မလား"

ယဲ့ချန်းက ဆိုလေသည်။

"မပူပါနဲ့။ အဝတ်အစားက အရေးမကြီးပါဘူး။ စိတ်နေသဘောထားကသာ အရေးကြီးတာပါ"

"ဒါပေမဲ့..."

ထိုစဉ် သူတို့အနောက်မှ အမျိုးသားတစ်ယောက်၏ အသံက ရုတ်တရက်ထွက်ပေါ်လာသည်။

"ရှယင်... ဒါက မင်းရဲ့ရည်းစားအသစ်ပေါ့"

ယဲ့ချန်း လှည့်ကြည့်လိုက်သောအခါ နိုင်ငံတကာဒီဇိုင်နာအမှတ်တံဆိပ်များကို ဝတ်ဆင်ထားသော လူငယ်တစ်ယောက်က မောက်မာစွာ လျှောက်လာကြောင်း တွေ့လိုက်ရသည်။

ထိုလူငယ်က ရှယင်နှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်၏။

"ဘာဖြစ်တာလဲ။ ပြဇာတ်မစသေးလို့ အဝတ်အစား မလဲရသေးတာလား"

ထိုစကားကို ကြားလိုက်ရသောအခါ ရှယင်၏မျက်နှာကား နီရဲသွားသည်။ လူမိသွားသဖြင့် သူ(မ) အကြီးအကျယ် ရှက်သွားသည်။

ထိုလူက ရှယင်ကို လှောင်ပြောင်လေဟန်အမူအရာဖြင့် ကြည့်လိုက်သည်။

"မင်းက တော်သားပဲ။ ကြုံရာလူတစ်ယောက်ကို ခေါ်လာမယ်။ ဒီဇိုင်နာအဝတ်အစားတွေလဲဝတ်ခိုင်းပြီး ရည်းစားယောင်ဆောင်ခိုင်းတယ်ပေါ့။ ဒါနဲ့ ဒီဘရန်းဝတ်စုံတွေကို ပြီးရင် ပြန်ပေးဖို့ စီစဉ်ထားတာလား"

ရည်းစားဟောင်း၏ လှောင်ပြောင်မှုကို ခံရသောအခါ ရှယင်ခမျာ ရှက်လွန်း၍ မျက်နှာတစ်ခုလုံးနီရဲသွားပြီး ထောင့်တစ်နေရာရာတွင် ဝင်ပုန်းချင်စိတ်ပေါက်သွားသည်။

ထို့နောက် ထိုလူက ယဲ့ချန်းကို ကြည့်လိုက်သည်။

"ကိုယ့်လူ... မင်းက ဘာအလုပ်လုပ်တာလဲ"

ထိုအချိန်မှာပင် ယဲ့ချန်း၏ဖုန်းက မြည်လာလေသည်။

"တက္ကစီအော်ဒါအသစ်တစ်ခု ရရှိပါတယ်"

ဟားဟားဟား...

ထိုလူလည်း အောင့်မထားနိုင်ဘဲ အော်ရယ်လိုက်လေသည်။

"ရှယင်... မင်းအကြိုက်က ပိုကောင်းလာသားပဲ။ တက္ကစီဒရိုင်ဘာတစ်ယောက်ကိုတောင် ရည်းစားတော်ထားတယ်တဲ့"

••••••••••••••••••

အပိုင်း ၄၄၃ : ကားသော့က အတုကြီး

ရှယင်ခမျာ မြေကြီးထဲသို့ တိုးဝင်သွားချင်စိတ် ပေါက်နေသည်။ ဤသည်မှာ ရှက်စရာကောင်းလွန်းလှသည်။

ဟိတ်ဟန်ထုတ်ရန် ဟန်ဆောင်နေကာမှ လူမိသွားခဲ့ရလေပြီ။

ရှယင်လည်း မျက်နှာကို လက်ဖြင့် အုပ်လိုက်မိသည်။

ရည်းစားဟောင်းရှေ့တွင် သူ(မ) သိက္ခာ အကြီးအကျယ်ကျသွားခဲ့ရလေပြီ။

ယဲ့ချန်းက အေးစက်ခက်ထန်စွာ ပြောလိုက်သည်။

"တက္ကစီမောင်းတာ ဘာဖြစ်လို့လဲ"

လုလင်းက မဲ့ပြုံးပြုံးလိုက်၏။

"တက္ကစီမောင်းတာက ဘာမှမဖြစ်ပါဘူး။ ဒါပေမဲ့ ရှယင်... မင်း ငါ့ကိုထားသွားပြီးနောက်ပိုင်း ပိုဆိုးလာတယ်လို့ ပြောရမှာပဲ။ ငါ့လောက် မကောင်းရင်တောင် အဆင့်အတန်းရှိတဲ့လူတစ်ယောက်တော့ ရှာသင့်တာပေါ့"

"တစ်ဆိတ်လောက်... တက္ကစီမောင်းတဲ့လူကို အထင်သေးရဲတဲ့ ယုံကြည်မှုမျိုး ဘယ်ကရတာလဲ"

ယဲ့ချန်း၏စကားကို ကြားသောအခါ လုလင်း ကြောင်အသွားသည်။

ဘာတွေဖြစ်နေတာလဲ...

တက္ကစီမောင်းပြီး ဤမျှအထိ မောက်မာသောလူစားမျိုး လုလင်း တစ်ခါမှမကြုံဖူးပေ။

လုလင်းကတော့ နှာခေါင်းရှုံ့လိုက်သည်။

"ရှောင်ယင်... မင်း ငါ့ကိုထားသွားပြီးကတည်းက သနားစရာကောင်းလောက်အောင် နေနေရတဲ့ပုံပဲ။ ဒီလိုကောင်မျိုးကို ရည်းစားတော်ထားရတယ်လို့ကွာ"

လုလင်းက ပြောရင်းဆိုရင်း ကားသော့တစ်ချောင်းကိုထုတ်ပြီး ဝှေ့ယမ်းပြသည်။

"မြင်လား။ ငါက အခု ဘီအမ်ဒဗလျူမောင်းနေတာ"

လုလင်းက မောက်မာပြီး ဘဝင်မြင့်နေဟန်ပင်။

ရှယင်ခမျာ ဒေါသထွက်လွန်း၍ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်သည်။

သို့သော် သူ(မ)အနေနှင့် ပြန်လည်တုံ့ပြန်ရန် နည်းလမ်းမရှိပေ။

အစကတော့ သူ(မ) ယဲ့ချန်းကို သားနားသယောင် ဟန်ဆောင်ခိုင်းချင်ခဲ့သော်လည်း မစတင်ခင်မှာပင် လူမိသွားခဲ့သည်။ သို့ဖြစ်လေရာ ဘာတတ်နိုင်တော့မည်နည်း။

ထိုအချိန်တွင် ယဲ့ချန်းက ခပ်ဖွဖွပြုံးလိုက်၏။

"ကားသော့ပဲလား။ ဒါဆို ငါ့မှာလည်း ရှိတာပဲ"

ထိုသို့ပြောရင်း ယဲ့ချန်းက ကားသော့နှစ်ချောင်းကိုထုတ်ပြီး စားပွဲပေါ်သို့ တင်လိုက်သည်။

သော့တစ်ချောင်းက ကူလီနန်အတွက်ဖြစ်ပြီး နောက်တစ်ချောင်းက လိုင်ကန်ကားသော့ပင်။

သော့ပုံစံကို ကြည့်ရုံမျှဖြင့် ဇိမ်ခံကားသော့များဖြစ်ကြောင်း မည်သူမဆို သိနိုင်သည်။

အထူးသဖြင့် ကူလီနန်ကားသော့ပေါ်ရှိ ရိုးလ်ရွိုင်စ်တံဆိပ်ကို မြင်လိုက်ရသောအခါ နှစ်ယောက်စလုံး အံ့သြမှင်တက်သွားကြသည်။

ဒါက ဘယ်လိုအခြေအနေကြီးလဲ... တက္ကစီဒရိုင်ဘာက ရိုးလ်ရွိုင်စ်မောင်းသတဲ့လား။

ထိုအချိန်တွင် အနီးအနားရှိ ဝိုင်းများမှ လူတွေကလည်း လှမ်းကြည့်လာကြသည်။

ယဲ့ချန်း စားပွဲပေါ်သို့ ပစ်တင်လိုက်သော သော့များကို မြင်သောအခါ အားလုံး ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြသည်။

အထူးသဖြင့် လုလင်းပင်။

တောက်... ဘီအမ်ဒဗလျူသော့နဲ့ ကြွားတာကို ဟိုကောင်က ရိုးလ်ရွိုင်စ်နဲ့ စူပါကားသော့ကို ထုတ်ပြလိုက်တာပါလား။

အဆင့်အတန်း ကွာခြားမှုက ကြီးမားလွန်းလှသည်။

ရှယင်လည်း ကြောင်အသွားသည်။

ယဲ့ချန်းက သာမန်တက္ကစီဒရိုင်ဘာဖြစ်ကြောင်း သူ(မ) သေချာပေါက်သိသည်။

သူ့မှာ ဘယ်လိုလုပ်ပြီး ဇိမ်ခံကားသော့တွေ ရှိနေရတာလဲ။

အစကမူ ယဲ့ချန်းက ရုပ်ချောသဖြင့် ဒီဇိုင်နာအဝတ်အစား နည်းနည်းဆင်ပေးလိုက်လျှင် သူဌေးသားတစ်ယောက်လို ပြင်ပေးနိုင်လောက်သည်ဟု သူ(မ) ထင်ထားခဲ့သည်။

သူသည် တကယ့်စင်စစ် သူဌေးသားတစ်ယောက် ဖြစ်နေမည်ဟု လုံးဝထင်မထားပေ။

အထူးသဖြင့် ယဲ့ချန်း သော့ပစ်တင်လိုက်သည့် ဟန်ပန်က စတိုင်ကျလွန်းသည်။

ယဲ့ချန်းရှေ့တွင် သူ(မ)ရည်းစားဟောင်း၏ ကြွားဝါမှုက မိုးနှင့်မြေလို ကွာခြားသွားသည်။

ဘေးပတ်ဝန်းကျင်ရှိ လူများလည်း စိတ်လှုပ်ရှားကုန်ကြသည်။

"အမလေး.... ဘာတွေဖြစ်ကုန်တာလဲ။ အဲဒီ တက္ကစီဒရိုင်ဘာဆီမှာ ဇိမ်ခံကားသော့နှစ်ချောင်း တကယ်ရှိနေတယ်ဟ။ တစ်ချောင်းက ကူလီနန်နဲ့တူတယ်။ နောက်တစ်ချောင်းက တစ်ခါမှမမြင်ဖူးတဲ့ ကားသော့ပဲ"

"ဝိုး... ငါ ဒါကို အွန်လိုင်းမှာ တွေ့ဖူးတယ်။ အဲဒါက သန်းတစ်ရာကျော်တန်တဲ့ လိုင်ကန်ကားသော့ထင်တယ်"

ပြောဆိုသံများကို ကြားသောအခါ ယဲ့ချန်းကို ကြည့်သည့်အကြည့်များက လုံးဝပြောင်းလဲသွားကြသည်။

အားကျခြင်း၊ မနာလိုခြင်းနှင့် အံ့သြမှင်တက်ခြင်းများဖြင့် ပြည့်နှက်နေသည်။

ယဲ့ချန်းက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

"သြော်... ဘီအမ်ဒဗလျူလား။ မင်းရဲ့ဘီအမ်ဒဗလျူက ငါ့ကားမီးသီးလောက်ပဲရှိတာ။ နောက်တစ်ခါကျရင် နည်းနည်းအဆင့်မြင့်တာလေး ယူလာပြီး ကြွားစမ်းပါ"

လုလင်း၏နှုတ်ခမ်းကား အနည်းငယ်တွန့်ကွေးသွားသည်။

ဤသည်မှာ ဖြစ်နိုင်ချေမရှိပေ။ တက္ကစီဒရိုင်ဘာတစ်ယောက်က ကူလီနန်နဲ့ လိုင်ကန်ကားကို မည်သို့ပိုင်ဆိုင်နိုင်မည်နည်း။

မဖြစ်နိုင်ဘူး... လှည့်ကွက်တစ်ခုခုတော့ ရှိရမယ်...

မကြာခင်မှာပင် လုလင်း အဖြေရှာတွေ့သွားသည်။

လက်စသတ်တော့ သူတို့က ပုလင်းတူဘူးဆို့တွေပဲကိုး...

တက္ကစီဒရိုင်ဘာတစ်ယောက်က တစ်လလျှင် ဘယ်လောက်ရလေသလဲ။ ဤဇိမ်ခံကားမျိုးကို ဘယ်လိုလုပ်ဝယ်နိုင်မည်နည်း။

ထို့ကြောင့် ကားသော့များက အတုများဖြစ်ရပေမည်။

လုလင်းက လှောင်ပြုံးပြုံးလိုက်သည်။

"ဟားဟား... မင်းက ကားသော့အတုနှစ်ချောင်းနဲ့ လာကြွားပြီး ငါ့ကို နှပ်ချလို့ရမယ် ထင်နေတာလား။ ငါ ဘာအလုပ်လုပ်လဲဆိုတာ မင်းသိလား။ မင်းလို တက္ကစီဒရိုင်ဘာတစ်ယောက်က သန်းတစ်ရာကျော်တန်ကားကိုတောင် ပိုင်တယ်ဆိုတော့ ဘယ်သူ့ကို လာနောက်နေတာလဲ"

ဘေးပတ်ဝန်းကျင်ရှိ လူအုပ်ကြီးလည်း ထောက်ခံသည့်အနေနှင့် ခေါင်းညိတ်လိုက်ကြသည်။

"ဟုတ်ပါ့။ တက္ကစီဒရိုင်ဘာက ဘယ်လိုလုပ်ပြီး ဒီလိုဇိမ်ခံကားတွေ ဝယ်နိုင်မှာလဲ"

"ဟားဟား... ဒီတက္ကစီဒရိုင်ဘာက ရယ်ရတယ်ဟေ့။ ကားသော့အတုတွေနဲ့ လာကြွားနေတယ်"

"ကဲ... အခုတော့ ဟိတ်ဟန်ထုတ်တာ မအောင်မြင်ဘဲ ပါးရိုက်ခံလိုက်ရသလို ဖြစ်သွားပြီ"

ယဲ့ချန်းက ခပ်ဖွဖွပြုံးလိုက်သည်။

"ဘာလဲ... မယုံဘူးလား"

သူသည် ကားသော့များကို ကောက်ယူပြီး အသာနှိပ်လိုက်လေရာ ကားသော့ဆီက တောက်ပသော အလင်းတန်းတစ်ခု ထွက်ပေါ်လာကြောင်း တွေ့လိုက်ရသည်။

လုလင်းခမျာ အောင့်မထားနိုင်ဘဲ ရယ်မောလိုက်ချေသည်။

"ဟားဟား... ငါ သိသားပဲ။ ဒါက ဓာတ်မီးကြီးကိုး။ ဓာတ်မီးနဲ့များ လာကြွားနေသေးတယ်။ ရှယင်... မင်းကောင်လေးက တကယ့်ကောင်ပဲ"

ရှယင်မှာမူ ရှက်လွန်းသဖြင့် မျက်နှာတစ်ခုလုံးနီရဲသွားသည်။

သို့သော် ယဲ့ချန်း၏ ဟိတ်ဟန်ထုတ်နိုင်စွမ်းကို သူ(မ)လည်း အံ့သြမိသည်။

ဤတက္ကစီဒရိုင်ဘာက ဟန်ဆောင်ခြင်းအတတ်ကို အလွန်ပိုင်နိုင်ပေသည်။

သို့သော် ယဲ့ချန်းက အရမ်းချောမောခန့်ညားသောကြောင့် အကယ်၍ သူသာ ဇိမ်ခံကားနှစ်စီးကို တကယ်ပိုင်ဆိုင်သည်ဆိုလျှင် ဤသို့သောယောက်ျားမျိုးက ပြည့်စုံလွန်းနေလေပြီ။

လူအုပ်ကြီး၏ လှောင်ပြောင်မှုကို ယဲ့ချန်းကတော့ မတုန်မလှုပ်သာ ရင်ဆိုင်လိုက်သည်။

ထိုအချိန်တွင် ရိုးလ်ရွိုင်းစ်ကားဝါသနာရှင်တစ်ယောက်က မတ်တတ်ထရပ်လိုက်သည်။

တချို့လူတွေက ကားမဝယ်နိုင်သော်ငြား ကားအကြောင်း နားမလည်ဘူးဟုတော့ ပြောမရပေ။

သူတို့က ကြိုက်နှစ်သက်သည့် ကားများအကြောင်း ဝက်ဘ်ဆိုက်အမျိုးမျိုးတွင် ရှာဖွေဖတ်ရှုတတ်ကြသည်။

အထူးသဖြင့် လိုင်ကန်ကားဆိုသည်မှာ အမျိုးသားအများစု၏ အိပ်မက်ပင်။

သူတို့က ဤကား၏အင်္ဂါရပ်များကို အလွတ်ရနေတတ်ကြသည်။

"မင်းတို့ ရူးနေလား။ ဒါက သော့အတုပေါ့လေ။ လိုင်ကန်ကားသော့က နံရံပေါ်မှာ လိုင်ကန်ကားပုံရိပ်ပေါ်အောင် ထိုးပြနိုင်တယ်။ နံရံကို ကြည့်လိုက်စမ်းပါ"

အားလုံးလည်း လှမ်းကြည့်လိုက်လေရာ နံရံပေါ်တွင် လိုင်ကန်ကား၏ပုံရိပ်က တကယ်ပေါ်နေကြောင်း တွေ့လိုက်ရသည်။

ထိုလူက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

"ဒီကားသော့က အစစ်ပဲဖြစ်ရမယ်"

အားလုံး အံ့သြတုန်လှုပ်သွားကြသည်။

လုလင်းမှာမူ ကြောင်တောင်တောင်ဖြစ်သွားသည်။

ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။

ဒါက အစစ်လား။

ထိုလူက လှောင်ပြုံးပြုံးလိုက်၏။

"မင်းတို့က တကယ်အမြင်မရှိကြတာပဲ။ လောကကြီးအကြောင်း မသိဘူးလား။ ဓာတ်မီးလို့တောင် ပြောရတယ်လို့ကွာ။ မရှက်ဘူးလား"

ထိုအချိန်တွင် ထိုလူမှာ အလွန်ပျော်ရွှင်နေပုံရသည်။

လိုင်ကန်ကားက သူအကြိုက်ဆုံးကားဖြစ်ပြီး ယနေ့ လိုင်ကန်ကားသော့ကို မြင်လိုက်ရသဖြင့် သေချာပေါက် စိတ်လှုပ်ရှားစရာကောင်းနေသည်။

တစ်ယောက်ယောက်က ဤအရာကို သော့အတုပါဟု ပြောဆိုနေခြင်းကို သည်းမခံနိုင်ချေ။

မသိနားမလည်ခြင်းက ကြောက်စရာကောင်းလှသည်။

ဤသည်မှာ သူ့ရင်ထဲရှိ ကားနတ်ဘုရားကို စော်ကားလိုက်သည်နှင့် အတူတူပင်။

လုလင်းခမျာ ပါးဖြတ်ရိုက်ခံလိုက်ရသလို ခံစားလိုက်ရသည်။

ထိုလူက ယဲ့ချန်းကို စိတ်လှုပ်ရှားစွာဖြင့် ကြည့်လိုက်သည်။

"ဒီကားက သန်း၁၂၀တန်တယ်လို့ ကြားတယ်။ ပိုင်ရှင်ကလည်း အရမ်းချမ်းသာတဲ့ သူဌေးကြီးတဲ့။ ဒဏ္ဍာရီလာပုဂ္ဂိုလ်ကြီးကို ဒီနေ့ တွေ့ရလိမ့်မယ်လို့ ထင်မထားဘူး"

အရမ်းချမ်းသာတဲ့ သူဌေးကြီးတဲ့။

ထိုလူ့စကားကို ကြားသောအခါ ထိုနေရာတစ်ခုလုံး ဆူညံသွားပြန်သည်။

ရှယင်လည်း အံ့သြလွန်း၍ ကြက်သေသေသွားသည်။

အစကတော့ သူ(မ)မှာ သူဌေးယောင်ဆောင်ပေးမည့် တက္ကစီဒရိုင်ဘာတစ်ယောက်ကို ရှာချင်ရုံသက်သက်သာ။ တကယ့်သူဌေးစစ်စစ်တစ်ယောက်ကို ရှာတွေ့လိမ့်မယ်ဟု မထင်ထားပေ။

လုလင်းက အပေါ်ယံတွင် အရှုံးပေးလိုက်သော်လည်း သေချာစေရန်အတွက် အွန်လိုင်းတွင် လိုင်ကန်အကြောင်း အမြန်ရှာကြည့်လိုက်သည်။

သေစမ်း... တကယ် သန်း၁၂၀ပေးရတာပဲ။

ထိုအချိန်မှာတော့ လုလင်း၏လက်များကား အနည်းငယ် တုန်ယင်လာသည်။

အထူးသဖြင့် သော့ပုံကို ချဲ့ကြည့်လိုက်သောအခါ ယဲ့ချန်း၏လက်ထဲရှိ သော့များနှင့် တစ်ထပ်တည်းတူနေပေသည်။

ထို့ပြင် လူအများကလည်း ယဲ့ချန်း၏သော့များမှာ အစစ်ဖြစ်ကြောင်း အတည်ပြုပေးကြသည်။

ယဲ့ချန်းက ခပ်ဖွဖွပြုံးလိုက်၏။

"ခင်ဗျားတို့ လာနောက်နေတာလား။ ကျွန်တော်က သာမန်တက္ကစီဒရိုင်ဘာတစ်ယောက်ပါ။ ကျွန်တော့်ဆီမှာ ဘယ်လိုလုပ်ပြီး ဒီလိုဇိမ်ခံကားသော့တွေ ရှိမှာလဲ"

ယဲ့ချန်းက ထိုသို့ပြောနေသော်ငြား အားလုံး၏မျက်နှာမှာမူ မျောက်ဖင်အလား နီရဲသွားလေသည်။

ယဲ့ချန်းက သူတို့ကို လှောင်ပြောင်နေကြောင်း သိသာလှသည်။

ရှယင်ခမျာ အနည်းငယ် ကြောင်အသွားသည်။ လမ်းဘေးရှိ တက္ကစီဒရိုင်ဘာတစ်ယောက်ကို ဆွဲခေါ်လာရာမှ ဒိတ်ဒိတ်ကြဲပုဂ္ဂိုလ်တစ်ယောက်ဖြစ်နေသည်ဆိုခြင်းမှာ စင်စစ်ယုံနိုင်စရာမရှိပေ။

လုလင်းမှာမူ ကြွားဝါမှုမအောင်မြင်သဖြင့် အလွန်စိတ်ပျက်သွားသော်လည်း အခြားနည်းလမ်းတစ်ခုကို အမြန်စဉ်းစားလိုက်သည်။

ကောင်လေး... မင်းက ငါ့ကို ကျော်တက်ချင်တာလား။ ငါက အကြွားဘုရင်ဆိုတာ မင်း မသိဘူးလား။

သူက နှာခေါင်းရှုံ့လိုက်ပြီး ဖုန်းကို ဆွဲထုတ်ကာ အသံကို တမင်မြှင့်ပြောလိုက်သည်။

"အားဟောင်.... မိုသုန်းလမ်းထဲမှာ ဆိုင်ခန်းငှားခကောက်တာ အခြေအနေဘယ်လိုရှိလဲ။ ငါ ဆုံးဖြတ်ချက်ချလိုက်ပြီ။ ဒီလ ဆိုင်ခန်းတိုင်းကို တစ်ထောင်စီ တိုးကောက်လိုက်။ အေး... အေး... မပေးချင်ရင် ဆိုင်ခန်းကို ချက်ချင်းပြန်သိမ်းလိုက်။ ငှားချင်တဲ့လူတွေမှ အများကြီးပဲ"

သူ ဖုန်းပြောနေသည်ကို ကြားသောအခါ အားလုံး မှင်တက်သွားကြသည်။

ဝိုး... မိုသုန်းလမ်းဆိုတာ နာမည်ကြီးမုန့်ဈေးတန်းလမ်းမ မဟုတ်လား။

ထိုနေရာရှိ ဆိုင်ခန်းတစ်ခန်းကို နှစ်သိန်းကျော်သည်ဟု ပြောကြ၏။

လက်စသတ်တော့ ဤလူက ဆိုင်ခန်းငှားထားသည့် သူဌေးတစ်ယောက် ဖြစ်နေချေသည်။

••••••••••••••••••

အပိုင်း ၄၄၄ : ဘော့စ်.. ကျွန်တော် မှားသွားမှန်း သိပါပြီ

မိုသုန်းလမ်းမတွင် သူဌေးသားအမြောက်အများ အခြေချနေကြပြီး ဆိုင်ခန်းငှားခကောက်ရုံမျှဖြင့် တစ်နှစ်လျှင် သန်းဂဏန်းဖြင့် ရနေကြသည်။

ဤလူက မောက်မာထောင်လွှားနေခြင်းမှာလည်း မဆန်းပါချေ။ လက်စသတ်တော့ သူကလည်း ထိုသူဌေးသားများထဲမှ တစ်ယောက်ပင်။

ပတ်ပတ်လည်ရှိ စကားသံများကို နားထောင်ရင်း လုလင်းက ယဲ့ချန်းကို အထင်သေးလေဟန်အပြုံးဖြင့် ကြည့်လိုက်သည်။

"တချို့လူတွေများ ဇိမ်ခံကားလေးတစ်စီးရှိရုံနဲ့ သူတို့ကိုယ်သူတို့ အဟုတ်မှတ်နေတာ။ ငါက အဲဒီလမ်းတစ်လျှောက်လုံးမှာ ဆိုင်ခန်းတွေပိုင်တယ်။ တစ်နှစ်ကို ငှားရမ်းခနဲ့တင် သန်းပေါင်းများစွာရနေတာ။ ကားဆိုတာ သာမန်ပဲ။ ငါ့ဆိုင်ခန်းတွေက နေ့တိုင်း ငွေဝင်နေတာ"

လုလင်းမှာ စကားပြောရင်း ပိုမာန်တက်လာပြီး သံချင်းပင် ညည်းနေလိုက်သေးသည်။ ကြွားဝါတတ်သော ဗီဇလေးက တစ်ဖန်ခေါင်းထောင်လာပြန်သည်။

ရှယင်မှာမူ ကြွားလုံးထုတ်နေသော သူ့ရည်းစားဟောင်းကို ဒေါသတကြီးကြည့်နေမိသည်။

သူ မာန်တက်နေသည်မှာလည်း မဆန်းပါချေ။ သူသည် သူဌေးသားတစ်ယောက် ဖြစ်သွားလေပြီ။

လုလင်းက ကြမ်းတမ်းသောဘဝကို ဖြတ်သန်းခဲ့ရသည်။ ကားအပြင်ဆိုင်တွင် တစ်လလျှင် လစာထောင်ဂဏန်းမျှသာ ရှာနိုင်ခဲ့သဖြင့် တစ်ခါတစ်ရံတွင် ရှယင်၏ထောက်ပံ့မှုကိုပင် ယူခဲ့ရသည်။

ဤလူက ကံကောင်းထောက်မပြီး သူဌေးသားတစ်ယောက်ဖြစ်လာလိမ့်မည်ဟု လုံးဝထင်မထားပေ။

ပိုစိတ်တိုဖို့ကောင်းသောအရာမှာ ဆင်းရဲချိန်တွင် မိမိမှာ ကူညီပေးခဲ့ရသော်ငြား တစ်ဖက်လူ ချမ်းသာသွားချိန်တွင် ပြန်ပေးဆပ်ဖို့နေနေသာသာ တမင်တကာပင် ရန်စနေပေသည်။

ယဲ့ချန်းက ဘာမှမပြောဘဲ တစ်ဖက်လူ၏ကြွားလုံးများကိုသာ တိတ်တိတ်လေးနားထောင်နေပေသည်။

ဤလူက ကြွားဝါရခြင်းကို စွဲလမ်းနေပြီး ယဲ့ချန်းကိုပင် ရန်စလိုဟန်ဖြင့် လှမ်းကြည့်ချေသည်။

"ကိုယ့်လူ.. ဘဝအထွတ်အထိပ်ရောက်တယ်ဆိုတာ ဘာမှန်းသိလား။ ဇိမ်ခံကားတွေမောင်းရတာမျိုးမဟုတ်ဘူး။ ဆိုင်ခန်းငှားခကို သဲ့ယူနေရတာကမှ တကယ့်ဇိမ်ပဲကွ။ သိလား"

"အင်း.. ဆိုင်ခန်းငှားခကောက်တာက သိပ်မဆိုးပါဘူး"

ယဲ့ချန်းက ဘွင်းဘွင်းရှင်းရှင်း ပြန်ဖြေလိုက်သည်။

လုလင်းမှာမူ ယဲ့ချန်း အရှုံးပေးသွားပြီဟု ထင်နေသဖြင့် စိတ်ထဲတွင် အလွန်ကျေနပ်နေပေသည်။

သို့သော် ထိုအချိန်မှာပင် ယဲ့ချန်း၏ဖုန်းက အသံမြည်လာလေသည်။

ဖုန်းခေါ်ဆိုသူကား စီးပွားရေးစင်တာ၏ မန်နေဂျာချန်းပင်။

"ဥက္ကဋ္ဌယဲ့.. စီးပွားရေးစင်တာရဲ့ ဒီနှစ်အတွက် ငှားရမ်းခတွေကို ကောက်ခံပြီးပါပြီ။ စုစုပေါင်းယွမ်၁၂ဘီလျံပါ။ အဲဒါကို ခင်ဗျားရဲ့ကိုယ်ပိုင်အကောင့်ထဲကို လွှဲပြီးပါပြီ"

ယဲ့ချန်း၏ဖုန်းက တက္ကစီမောင်းရန်အတွက် အသုံးပြုခြင်းဖြစ်လေရာ စပီကာအမြဲဖွင့်ထားသည်။

စီးပွားရေးစင်တာနှင့် ၁၂ဘီလျံတဲ့လား...

ယခုလေးတင် ကြွားဝါထားသော လုလင်းမှာ သွေးအန်လုမတတ်ပင်။

သောက်ကျိုးနည်း...

တစ်နှစ်ကို ၁၂ဘီလျံဆိုသည်မှာ အဓိပ္ပာယ်မရှိပေ။

အစောတုန်းက စိတ်ဓာတ်ကျသွားသော ရှယင်ကလည်း ယဲ့ချန်း၏ငှားရမ်းခက ၁၂ဘီလျံဟု ကြားလိုက်ရသောအခါ လုံးဝကြက်သေသေသွားလေသည်။

ယဲ့ချန်းကမူ ထိုစကားကို ကြားသည့်တိုင် တည်ငြိမ်စွာဖြင့် ပြန်ပြောလိုက်၏။

"သိပြီ"

တစ်ဆက်တည်းဆိုသလို မက်ဆေ့ချ်တစ်စောင်ကလည်း ယဲ့ချန်း၏ဖုန်းထဲသို့ ဝင်လာသည်။

အနားတွင်ရပ်နေသော လုလင်းကလည်း လှမ်းကြည့်လိုက်လေရာ ဂဏန်းဆယ်လုံးပါသော နံပါတ်တန်းကြီးတစ်ခုပါသည့် ဘဏ်အသိပေးစာကို မြင်လိုက်ရသည်။

ထိုအချိန်တွင်မူ လုလင်းခမျာ ငိုမိတော့မတတ်ပင်။

အစတုန်းက သူ ထပ်ကြွားချင်ပါသော်ငြား ယဲ့ချန်းက သူ့ကို မညှာမတာအနိုင်ပိုင်းသွားပြန်သည်။

သူ့တွင် ဆိုင်ခန်းတချို့သာ ရှိသော်ငြား ယဲ့ချန်းကမူ အဆောက်အအုံကြီးတစ်ခုလုံးကို ပိုင်ဆိုင်ထားပေသည်။

သူ့ကိုယ်သူ ယဲ့ချန်းနှင့် နှိုင်းယှဉ်နေခြင်းမှာ ကောင်းကင်နှင့်မြေကြီးအလား ကွာဟလွန်းလှသည်။

သူ့နှစ်စဉ်ငှားရမ်းခမှာ တစ်သန်းကျော်ကျော်မျှသာရှိ၏။ ယဲ့ချန်းကမူ ၁၂ဘီလျံအထိ ရှိသည်။ ဤပမာဏကို သူ မည်သို့ ယှဉ်နိုင်မည်နည်း။

ယဲ့ချန်းရှေ့တွင် မည်သို့ကြွားဝါပြခဲ့မိသလဲဆိုသည်ကို ပြန်တွေးမိချိန်ဝယ် လုလင်း၏မျက်နှာကား ချက်ချင်းဆိုသလို ရဲခနဲဖြစ်သွားသည်။

ထိုဖုန်းခေါ်ဆိုမှုတစ်ခုတည်းသာ ရှိသည်ဆိုလျှင် အတုဟု ဆိုနိုင်သေးသည်။

သို့သော် သူက ယဲ့ချန်း၏ဘေးနားတွင် ရှိနေသည်ဖြစ်ရာ ဂဏန်းအရှည်ကြီးနှင့် ဘဏ်အသိပေးစာကို ကောင်းကောင်းမြင်လိုက်ရသည်။ ထိုစာကတော့ အတုမဖြစ်နိုင်ပေ။

ယဲ့ချန်းလည်း ဖုန်းချပြီးနောက် လုလင်းကို ပြုံးတုံ့တုံ့ကြည့်လိုက်လေသည်။

"ငါ့မှာ ဆိုင်ခန်းတွေတော့မရှိဘူး။ အဆောက်အအုံတစ်ခုတည်းပဲရှိတာ။ ပြီးတော့ ငါက ငှားရမ်းခကောက်ဖို့အတွက် ကိုယ်တိုင်လိုက်လုပ်နေစရာမလိုဘူး။ သူများကိုခိုင်းပြီး ငါ့ဘဏ်အကောင့်ထဲကို ထည့်ခိုင်းထားရုံပဲ"

လုလင်းကလည်း ခေါင်းတဆတ်ဆတ်ညိတ်ပြလိုက်သည်။

"ဘော့စ်.. တကယ်အံ့မခန်းပဲဗျာ"

"အင်း.. တကယ်တော့ မင်းလည်း ငါ့လိုမျိုး ပိုင်ဆိုင်မှုစီမံခန့်ခွဲရေးကုမ္ပဏီတစ်ခုကို ငှားလို့ရတာပဲ။ အဲဒါဆိုရင် ဘာမှစိတ်ပူနေစရာမလိုတော့ဘူး။ ဪ.. ငါ့စီမံခန့်ခွဲရေးမန်နေဂျာရဲ့နှစ်စဉ်လစာက သုံးသန်းလောက်ရှိတယ်ထင်တယ်"

လုလင်း : "..."

ငါ့ငှားရမ်းခက တစ်နှစ်ကို တစ်သန်းကျော်လေးပဲရှိတာလေ.. စီမံခန့်ခွဲရေးကုမ္ပဏီတစ်ခုငှားရအောင် ရူးနေလို့လား...

အဆုံးတွင်မူ သူသည် ကြွားဝါပြနေသော်ငြား ယဲ့ချန်းကမှ တကယ့်သူဌေးအစစ်ဖြစ်ကြောင်း လုလင်း နားလည်သွားသည်။

ရှယင်လည်း မမေးဘဲ မနေနိုင်တော့ပေ။

"မစ္စတာယဲ့.. ပိုက်ဆံဒီလောက်တောင်ပေါနေတာ ဘာလို့ တက္ကစီမောင်းနေသေးတာလဲ"

အခြားလူများကလည်း ယဲ့ချန်းကို စူးစမ်းလိုဟန်ဖြင့် ကြည့်နေကြသည်။

တစ်နှစ်လျှင် ငှားရမ်းခ၁၂ဘီလျံဆိုလျှင် တက္ကစီမောင်းနေစရာပင် မလိုတော့ပေ။

အိမ်မှာသာ သက်သောင့်သက်သာဇိမ်ခံနေလျှင် ပိုမကောင်းပေဘူးလား...

ယဲ့ချန်းကမူ ခေါင်းခါပြလိုက်သည်။

"ပိုက်ဆံဆိုတာ ကိန်းဂဏန်းတစ်ခုသက်သက် ဖြစ်လာတဲ့အခါ ဘဝရဲ့အနှစ်သာရတွေ ပျောက်ဆုံးသွားရော။ အဲဒါကြောင့် သုညအဆင့်ကို ပြန်ဆင်းပြီး ရိုးရှင်းမှုရဲ့အရသာကို ခံစားနေတာ"

ယဲ့ချန်း၏စကားများကို သူတို့အားလုံး နားလည်တစ်ဝက်၊ နားမလည်တစ်ဝက်ဖြစ်ကုန်ကြသည်။

ဤသည်မှာ အလွန်အတွေးအခေါ်နက်နဲလှသည်။

လုလင်းမှာမူ ရှက်သွားရသည်။

တစ်နှစ်လျှင် တစ်သန်းကျော်မျှသာ ရှာနိုင်ရုံဖြင့် ကြွားဝါနေပါသော်ငြား ဘီလျံပေါင်းများစွာ ရှာနိုင်သော သူဌေးကြီးကတော့ ဘဝအတွေ့အကြုံယူရန် တက္ကစီမောင်းနေပေသည်။

အမြင်ဆိုသည်မှာ ဘာလဲ။ ကွာဟချက်ဆိုသည်မှာ ဘာလဲ...

ပိုက်ဆံရှိလာသည်နှင့် အောက်ခြေလွတ်သွားခဲ့သည့် သူ့ကိုယ်သူ ပြန်ဆင်ခြင်မိသောအခါ လုလင်း အလွန်ရှက်ရွံ့သွားချေသည်။

ရှယင်ကလည်း အေးစက်စက်သရော်လိုက်သည်။

"တွေ့လား.. အခု တကယ့်ဘော့စ်က ဘယ်သူလဲဆိုတာ မြင်ပြီလား။ ယောကျ်ားတစ်ယောက်က ဆက်တိုက်ကြွားပြနေပြီး သူ့ကိုယ်သူ ဟုတ်လှပြီထင်နေတာ။ ကိုယ့်ထက်သာတဲ့လူတစ်ယောက်တော့ ရှိတယ်ဆိုတာ မသိဘူးလား"

သူ(မ)က သူ(မ)၏ချစ်သူကို စိတ်ပျက်လေဟန်ဖြင့် စူးစူးရဲရဲစိုက်ကြည့်၍ ဒေါသတကြီးပြောလိုက်သည်။

လုလင်းမှာမူ တစ်စုံတစ်ခုကြောင့် ရင်ထဲထိရှသွားဟန်ဖြင့် ရုတ်တရက် မတ်တတ်ထရပ်၍ ယဲ့ချန်းနားသို့သွားကာ ဦးညွတ်လျက် ပြောလိုက်လေသည်။

"မစ္စတာယဲ့.. ကျွန်တော်မှားသွားမှန်းသိပါပြီ။ ကျွန်တော် မာန်မတက်ခဲ့သင့်ဘူး။ အခုကစပြီး ကျွန်တော် နှိမ့်ချပြီးနေပါတော့မယ်"

လုလင်း၏စကားများကို ကြားသော် ရှယင်မှာ အံ့ဩမှင်တက်သွားလေသည်။

ဤသည်မှာ မောက်မာလှသော သူ(မ)၏ရည်စားဟောင်းမှ ဟုတ်ပါလေစ။

လုလင်းကလည်း ရှယင်ကို လှမ်းကြည့်ရင်း ဆက်ပြောလိုက်၏။

"ရှယင်... ကိုယ်တောင်းပန်ပါတယ်။ ကိုယ် မင်းကို အမြဲချစ်ခဲ့တာပါ။ မင်းဆီက အာရုံစိုက်မှုကိုရချင်လို့ အမြဲကြွားဝါပြနေခဲ့တာပါ။ ဒါပေမဲ့ ကိုယ်က အရမ်းတုံးအတာပဲ။ မင်းချစ်သူက အရမ်းကောင်းလွန်းပါတယ်။ အရမ်းလည်းချောတယ်။ ကိုယ်က မင်းနဲ့မတန်ပါဘူး။ မင်းကိုဆုံးရှုံးလိုက်ရတာက ကိုယ့်ဘဝရဲ့အကြီးမားဆုံးနောင်တပါပဲ။ အရမ်းနောင်တရမိတယ်။ ကိုယ်သာ တအားမမောက်မာခဲ့ရင် မင်းလည်း ကိုယ့်ကို ထားသွားမှာမဟုတ်လောက်ဘူး"

လုလင်းက ထိုသို့ပြောရင်း မျက်ရည်များ စီးကျလာသည်။

"ကိုယ် အခုချမ်းသာနေပြီဆိုပေမဲ့ ဘဝက ဗလာကျင်းသွားသလိုပဲ။ မင်းနဲ့အတူ ကုန်ဆုံးခဲ့တဲ့နေ့ရက်တွေကို ကိုယ် အရမ်းသတိရတယ်"

"ကံဆိုးချင်တော့ အရမ်းနောက်ကျသွားပြီ။ မင်းချစ်သူက အရမ်းကောင်းလွန်းပါတယ်။ အရမ်းထက်မြက်တယ်။ မင်းကို မမြတ်နိုးခဲ့မိတာ ကိုယ့်အမှားပါ။ တောင်းပန်ပါတယ်။ ကိုယ် မင်းကို ဆုံးရှုံးလိုက်ရပြီ"

"ရှောင်ယင်.. မင်းပျော်ဖို့ ကိုယ်ဆုတောင်းပေးပါတယ်။ ကိုယ် မင်းကို အမြဲသတိရနေမှာပါ"

လုလင်းက ထိုသို့ပြောပြီးနောက် မတ်တတ်ထရပ်၍ ပြန်ရန်ပြင်လိုက်၏။

ရှောင်ယင်ခမျာ ကြောင်အနေချေသည်။ လုလင်းက ထိုသို့သောစကားမျိုးကို ပြောလာလိမ့်မည်ဟု သူ(မ) လုံးဝထင်မထားပေ။

လုလင်းက သူ(မ)ကို တစ်လျှောက်လုံး ဂရုစိုက်ပြီး ချစ်ပေးခဲ့သည်။

လုလင်း ထွက်သွားတော့မည်ကို မြင်သောအခါ ရှယင်လည်း အငေးသားဖြစ်သွားလေသည်။

ဘေးနားတွင်ရပ်နေသော ယဲ့ချန်းကတော့ တဟားဟားရယ်လိုက်သည်။

"မင်းက ဘာတွေငေးနေတာလဲ။ သူ့နောက်ကိုလိုက်လေ"

ရှယင်၏မျက်လုံးထဲဝယ် မျက်ရည်များ အိုင်ထွန်းနေချေသည်။ သူ(မ)က ယဲ့ချန်းကို ဦးညွှတ်လိုက်၏။

"မစ္စတာယဲ့ ကျေးဇူးတင်ပါတယ်"

ထို့နောက် ရှယင်လည်း အပြင်သို့ ပြေးထွက်ပြီး လုလင်းကို လှမ်းခေါ်လိုက်သည်။

"အရူးကောင် ရပ်စမ်း"

လုလင်းမှာမူ အကြောင်သားပြန်ဖြေလိုက်သည်။

"ရှယင်.. မင်း ကိုယ့်ကို နှစ်သိမ့်ပေးဖို့ မလိုပါဘူး။ ကောင်းကင်ဘုံက ကိုယ့်ကို ဒဏ်ခတ်တာနေမှာပါ"

ရှယင်လည်း လုလင်းကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်လိုက်တော့သည်။

"ငတုံး.. ကျွန်မက ရှင့်ကိုပဲ အမြဲချစ်ခဲ့တာလေ"

လုလင်းမှာမူ တုံ့ခနဲဖြစ်သွားပြီးနောက် ယဲ့ချန်းကို လှမ်းကြည့်လိုက်သည်။

"အဲဒီသူဌေးကရော"

ရှယင်က ရယ်လိုက်၏။

"ကျွန်မကိုမြင်ရင် ရှင် ထပ်ကြွားတော့မယ်ဆိုတာသိလို့ လမ်းမှာ သူနဲ့တွေ့တာနဲ့ ကျွန်မရဲ့ချစ်သူအဖြစ် ဟန်ဆောင်ခိုင်းခဲ့တာ"

လုလင်းခမျာ ခဏမျှတုံ့ဆိုင်းသွားပြီးနောက် စိတ်လှုပ်ရှားသွားလေသည်။

"တကယ်လား"

"ဒါပေါ့"

ရှယင်ကလည်း ရယ်လိုက်သည်။

သူတို့နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်၍ ခါးသက်သက်ငိုကြွေးလိုက်သည်။

ထို့နောက် ရှယင်က လုလင်းကို ယဲ့ချန်းအနားသို့ ဆွဲခေါ်သွားလိုက်သည်။

"မစ္စတာယဲ့.. ကျေးဇူးတင်ပါတယ်။ ရှင့်ကြောင့်သာမဟုတ်ရင် ကျွန်မတို့လည်း ပြန်ပြေလည်မှာမဟုတ်ဘူး"

ရှယင်က ကျေးဇူးတင်စကားပြောလိုက်လေသည်။

"စိတ်ချပါ မစ္စတာယဲ့.. ကျွန်တော် ခင်ဗျားရဲ့အဆုံးအမတွေကို လိုက်နာပါ့မယ်။ အမြဲနှိမ့်ချပြီး ထပ်မကြွားဝါတော့ပါဘူး"

ယဲ့ချန်းလည်း ခပ်ဖွဖွပြုံးလိုက်၏။

"မင်းတို့နှစ်ယောက်က တစ်ဖက်လူရဲ့ခံစားချက်ကို နားလည်သွားကြပြီဆိုတော့ အချင်းချင်းမြတ်နိုးတန်ဖိုးထားကြ။ မင်းတို့တွေ တစ်သက်လုံးပျော်ရွှင်ပါစေလို့ ငါဆုတောင်းပေးပါတယ်"

ထိုအချိန်တွင် လင်းရှစ်ယင်က ဖုန်းခေါ်လာလေသည်။

"ဥက္ကဋ္ဌယဲ့.. အကြီးအကဲချန်က ခေါင်းဆောင်တစ်ယောက်နဲ့အတူ စတားတက္ကသိုလ်ကို ရောက်နေပါတယ်"

All Chapters