← Chapters

အခန်း (၄၄၈-၄၅၀)

Vol. 30 Ch. 448-450

အခန်း (၄၄၈-၄၅၀)

Vol. 30 Ch. 448-450

အပိုင်း ၄၄၈ : မင်း စားဖိုမှူးလုပ်လိုက်တော့

ထိုအမျိုးသားက အေးစက်စက်လေသံဖြင့် မေးလိုက်သည်။

"မင်းက ဘယ်သူလဲ"

ယဲ့ချန်းကမူ အရေးမလုပ်ဟန်ဖြင့် ပြန်ဖြေလိုက်သည်။

"ကျုပ်နာမည် ယဲ့ချန်း... မိုင်ဟိုတယ်ရဲ့ ဥက္ကဋ္ဌပဲ"

ထိုအမျိုးသားက နှာခေါင်းတစ်ချက်ရှုံ့လိုက်၏။

"ငါဘယ်သူလဲဆိုတာ မင်းသိလား။ သိုက်ဟွားလုပ်ငန်းစုရဲ့ အထွေထွေမန်နေဂျာဟူခိုင်ဆိုတာ ကြားဖူးလား"

ယဲ့ချန်းလည်း ခေါင်းခါပြလိုက်၏။

"မကြားဖူးပါဘူး"

ဟူခိုင်က အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။

"ငါတို့က ဝမ်သိုက်လုပ်ငန်းစုရဲ့ လက်ခွဲကွ။ တစ်နှစ်ကို ရောင်းအားတစ်သန်းကျော်ရှိတယ်။ ငါ့ကို ရန်စရင် ဘာဆက်ဖြစ်မယ်ဆိုတာ သိတယ်မလား"

ယဲ့ချန်း ခေါင်းညိတ်ပြလိုက်သည်။

"ခင်ဗျားက မတောင်းပန်နိုင်ဘူးပေါ့ ဟုတ်လား။ ကောင်းပြီလေ။ မန်နေဂျာကျောက် အခုချက်ချင်း ရဲခေါ်လိုက်။ ပြီးရင် စီစီတီဗီမှတ်တမ်းကိုပါ ရဲလက်အပ်လိုက်တော့"

ကျောက်မင်ခမျာ အနည်းငယ်တွေဝေသွားသည်။ မည်သို့ပင်ဖြစ်စေ ဟူခိုင်ဆိုသည်မှာ မိုင်ဟိုတယ်၏ ဖောက်သည်အကြီးစား မဟုတ်ပါလော။ ဝန်ထမ်းတစ်ယောက်ကြောင့် အရေးကြီးဖောက်သည်တစ်ယောက်ကို စော်ကားရခြင်းမှာ မတန်လှဘူးဟု သူ ထင်မိသည်။

ယဲ့ချန်း၏အကြည့်များကား အေးစက်သွားလေတော့သည်။

"ကျုပ်စကားက အရာမရောက်ဘူးလား"

ကျောက်မင်ခမျာ ယဲ့ချန်း၏ မကျေနပ်ဖြစ်နေဟန်လေသံကို ကြားလိုက်ရသဖြင့် အလျင်အမြန် ပြောလိုက်၏။

"ကျွန်တော် အခုချက်ချင်း ရဲခေါ်လိုက်ပါ့မယ်"

ကျောက်မင်တစ်ယောက် တကယ်ရဲခေါ်တော့မည့်ပုံ ပေါက်နေသဖြင့် ဟူခိုင် ပျာယာခတ်သွားသည်။

လောလောဆယ်တွင် ရဲတပ်ဖွဲ့က ဤကဲ့သို့သော ကိစ္စရပ်များကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်နေချိန်ဖြစ်လေရာ တိုင်ချက်ဖွင့်၍ အဖမ်းခံလိုက်ရလျှင် သူလည်း အထွေထွေမန်နေဂျာရာထူးတွင် မြဲတော့မည်မဟုတ်ပေ။

ဟူခိုင်ခမျာ မကျေနပ်သော်လည်း အံတင်းတင်းကြိတ်ပြီး ပြောလိုက်ရတော့သည်။

"ကောင်းပြီလေ။ တောင်းပန်မယ်"

"စားဖိုမှူးလီ... အဲဒီနေ့က ငါ မှားသွားပါတယ်။ ခွင့်လွှတ်ပေးပါ"

ဟူခိုင်က မလိုမလားဖြစ်နေဟန်ဖြင့် ပြောလိုက်သည်။

ယဲ့ချန်းက သူ(မ)အတွက်နှင့် ကုမ္ပဏီ၏ အဓိကဖောက်သည်တစ်ဦးကို ဆန့်ကျင်လိမ့်မည်ဟု လီရှန်းရှန်း ထင်မထားပေ။ ထို့ကြောင့် ရင်ထဲတွင် နွေးထွေးသွားသည်။

တစ်ခုခုဝင်ပြောရန် ပြင်လိုက်ချိန်မှာပင် ယဲ့ချန်းက အေးစက်စက်လေသံဖြင့် ဝင်ပြောလိုက်သည်။

"ခင်ဗျားရဲ့ တောင်းပန်စကားက စိတ်ရင်းမစစ်သလိုပဲ"

ယဲ့ချန်း၏စကားကို ကြားသောအခါ ဟူခိုင် ကြက်သေသေသွားသည်။

"ငါ တောင်းပန်ပြီးပြီလေ။ မင်းက ဘာလိုချင်သေးတာလဲ"

ယဲ့ချန်းကမူ အေးစက်မာကျောစွာ ပြောလိုက်သည်။

"တောင်းပန်ရုံနဲ့သာ ပြီးသွားကြေးဆိုရင် ရဲတွေကို ဘာအတွက် လိုနေဦးမှာလဲ။ ခင်ဗျား တောင်းပန်ချင်တယ်ဆိုရင်လည်း ရပါတယ်။ ကိုယ့်ပါးကိုယ် ဆယ်ချက်လောက်ရိုက်ပြ"

"ဘာကွ"

ဟူခိုင် ဒေါသထွက်သွားသည်။

သူသည် သိုက်ဟွားလုပ်ငန်းစု၏ အထွေထွေမန်နေဂျာဖြစ်ပြီး အတိုင်းအတာတစ်ခုအထိ လူလေးစားခံရသူဖြစ်၏။

ယခုမူ ယဲ့ချန်းက သူ့ကို လူရှေ့သူရှေ့တွင် ကိုယ့်ပါးကိုယ် ရိုက်ခိုင်းနေပေသည်။

ကျောက်မင်နှင့် လီရှန်းရှန်းတို့ပင် ကြောင်အသွားကြသည်။

ဤတောင်းဆိုမှုမှာ စင်စစ်အဓိပ္ပာယ်မရှိပေ။

ယဲ့ချန်းကမူ အမှုမထားဟန်ဖြင့် ပြောလိုက်သည်။

"အခွင့်အရေးက တစ်ခါပဲရှိမယ်နော်။ လက်လွှတ်လိုက်ရင်တော့ ကျုပ်ကို နောက်မှအဆိုးမဆိုနဲ့"

ဟူခိုင်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

"ကောင်လေး... မင်း ကိုယ့်ကိုယ်ကိုယ် ဘာကောင်များမှတ်နေလဲ။ ငါ့လိုလူက ကိုယ့်ပါးကိုယ်ရိုက်ပြရလောက်အောင် မင်းနဲ့တန်လို့လား"

ယဲ့ချန်းကလည်း ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။

"ဒီအခွင့်အရေးကို မလိုချင်ဘူးပေါ့လေ"

ထိုသို့ပြောရင်း ယဲ့ချန်းက ဖုန်းထုတ်လိုက်သည်။

"ဥက္ကဋ္ဌချန်း... ခင်ဗျားလက်အောက်မှာ သိုက်ဟွားလုပ်ငန်းစုဆိုတာ ရှိတယ်မလား"

ချန်းဝမ်ကလည်း အလျင်အမြန် ပြန်ဖြေလိုက်သည်။

"ဟုတ်ကဲ့။ ရှိပါတယ်။ ကျွန်တော်တို့ရဲ့ ကုမ္ပဏီခွဲတစ်ခုပါ"

"အဲဒီကုမ္ပဏီရဲ့ မန်နေဂျာနာမည်က ဟူခိုင်လား"

ချန်းဝမ်ခမျာ အနည်းငယ် အံ့ဩသွားပြီးနောက် အမြန်ပြန်ဖြေလိုက်သည်။

"ဟုတ်ပါတယ် ဥက္ကဋ္ဌယဲ့... သူ့ကိုသိလို့လား"

"အင်း... သူက ကျုပ်ဝန်ထမ်းတွေကို အနိုင်ကျင့်တယ်။ တောင်းပန်ခိုင်းတော့ ကျုပ်ကိုတောင် ခေါင်းမာပြနေတယ်။ ဒါက ခင်ဗျားရွေးထားတဲ့ မန်နေဂျာလား"

ယဲ့ချန်း၏စကားကို ကြားလိုက်ရသောအခါ ချန်းဝမ်၏နှုတ်ခမ်းများ အနည်းငယ် တွန့်သွားသည်။

သောက်ကျိုးနည်း... ဒီဟူခိုင်ကတော့ ကန်းနေတာပဲ။ ပြဿနာရှာစရာလူရှားလို့ ဒီလူ့ကိုမှ သွားထိရတယ်လို့။

ချန်းဝမ်က အမြန်ပြောလိုက်သည်။

"ဥက္ကဋ္ဌယဲ့... စိတ်မဆိုးပါနဲ့။ ကျွန်တော် အခုချက်ချင်း ဖြေရှင်းလိုက်ပါ့မယ်"

ယဲ့ချန်း ဖုန်းချလိုက်သည်နှင့် ဟူခိုင်က လှောင်ပြောင်လေသည်။

"ဟေ့ကောင်... မင်းက ဘယ်သူ့ကို လာခြိမ်းခြောက်နေတာလဲ။ ငါက ဖုန်းဆက်ပြရုံနဲ့ ကြောက်သွားမယ်ထင်လား"

ထိုအချိန်မှာပင် ဟူခိုင်၏ဖုန်းက ရုတ်တရက်မြည်လာသည်။

ဖုန်းခေါ်ဆိုသူ၏နာမည်ကို မြင်လိုက်ရချိန်ဝယ် ဟူခိုင် မျက်နှာပျက်သွားချေသည်။ ဝမ်သိုက်လုပ်ငန်းစု၏ အထွေထွေမန်နေဂျာမှာ ချန်းဝမ်ပင်။

ဖုန်းကိုင်လိုက်သည်နှင့် ချန်းဝမ်၏ ဒေါသတကြီးအော်ဟစ်သံ ထွက်ပေါ်လာသည်။

"ဟူခိုင်... သောက်ကောင်စုတ်... မင်း သေချင်နေတာလား"

ရင်းနှီးနေသော အသံကို ကြားလိုက်ရသဖြင့် ဟူခိုင်၏အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။

"ဥက္ကဋ္ဌချန်း... ခင်ဗျားကိုး"

"ဥက္ကဋ္ဌယဲ့က ဘယ်သူလဲဆိုတာ သိလား။ ငါတို့ဝမ်သိုက်လုပ်ငန်းစုရဲ့ ဥက္ကဋ္ဌကွ။ အဲဒါကို မင်းက သူ့ရှေ့မှာ ဆရာကြီးလုပ်ရဲတယ်ပေါ့လေ"

ချန်းဝမ်က ဒေါသတကြီး ဆူပူကြိမ်းမောင်းလိုက်သည်။

ချန်းဝမ်၏စကားကို ကြားလိုက်ရသောအခါ ဟူခိုင် မျက်နှာပျက်သွားတော့သည်။

"ဥက္ကဋ္ဌချန်း... ကျွန်တော် မသိလို့ပါ"

"မသိရင်လည်း မင်း အလုပ်ပြုတ်ပြီသာမှတ်။ ပြီးရင် မစ္စတာယဲ့ကို သေသေချာချာ တောင်းပန်လိုက်။ မဟုတ်ရင် မိုတုမြို့မှာ ဆက်နေဖို့ မစဉ်းစားနဲ့တော့"

ဖုန်းကျသွားသည့်အခါ ဟူခိုင်၏မျက်နှာကား ဖြူဖပ်ဖြူရော်ဖြစ်သွားလေသည်။

ယဲ့ချန်းတွင် ဤမျှကြီးမားသော နောက်ခံအင်အားမျိုး ရှိလိမ့်မည်ဟု သူ မထင်မှတ်ထားပေ။

ယဲ့ချန်းကမူ အေးစက်မာကျောစွာ မေးလိုက်သည်။

"ဆက်ပြီးမာန်တက်နေဦးမှာလား"

ဟူခိုင်ခမျာ ဒုန်းခနဲ ဒူးထောက်ချလိုက်သည်။

"ဥက္ကဋ္ဌယဲ့... ကျွန်တော် မှားသွားပါတယ်။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ"

ယဲ့ချန်းက အေးတိအေးစက်လေသံဖြင့် ပြောလိုက်သည်။

"ခင်ဗျားကို ကျုပ် အခွင့်အရေးပေးခဲ့ပြီးပြီ။ ခင်ဗျားကမှ တန်ဖိုးမထားတာ။ ရဲစခန်းသွားပြီး ကိုယ့်အပြစ်ကိုယ်ဝန်ခံလိုက်။ ဒါဆိုရင်တော့ သက်ညှာပေးချင်သက်ညှာပေးမှာပေါ့"

"ကျွန်တော်..."

ဟူခိုင်တစ်ယောက် တစ်ကိုယ်လုံးတုန်ရီနေ​ချေသည်။

သူ့မှာ မိသားစုရှိသည်။ အကယ်၍ ကိုယ့်အပြစ်ကိုယ် သွားဝန်ခံလိုက်လျှင် သိက္ခာကျရတော့မည်။

သို့သော် ချန်းဝမ်၏စကားများက သူ့ခေါင်းထဲတွင် ပဲ့တင်ထပ်နေချေသည်။ ယဲ့ချန်းဆိုသည်မှာ ပြဿနာသွားရှာ၍ရသူတစ်ယောက်မဟုတ်သောကြောင့် သူ့တွင် ရွေးချယ်စရာမရှိတော့ပေ။

"ဟုတ်ကဲ့ပါ မစ္စတာယဲ့... ကျွန်တော်က သေသင့်တဲ့ကောင်ပါ။ အခုချက်ချင်း သွားအဖမ်းခံပါ့မယ်"

ထိုသို့ပြောပြီးနောက် ဟူခိုင်က ကိုယ့်ပါးကိုယ်ဆယ်ချက်ဆင့်ရိုက်ပြီး ချက်ချင်းပင် မတ်တတ်ထရပ်ကာ ရဲစခန်းသို့ အဖမ်းခံရန် ထွက်သွားလေသည်။

ထိုနေရာတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။

ကျောက်မင်လည်း ကြောင်အသွားသည်။ သူ့သူဌေးအသစ်က ဤမျှအထိ အရှိန်အဝါကြီးလိမ့်မည်ဟု ထင်မထားပေ။

ဘေးနားရှိ လီရှန်းရှန်းပင် ပါးစပ်အဟောင်းသား ဖြစ်နေပေသည်။

အစတုန်းက ယဲ့ချန်းကို တက္ကစီဒရိုင်ဘာတစ်ယောက်ဟုသာ ထင်ထားသဖြင့် သူ့ကတိစကားများကို အလေးအနက် မထားခဲ့မိပေ။

သို့သော် ယဲ့ချန်းက လက်တွေ့လုပ်ပြလိမ့်မည်ဟု လီရှန်းရှန်း ထင်မထားသည်မှာ အမှန်ပင်။

တစ်ဖက်လူသည် သူ(မ)ကို အလုပ်ပြန်ရအောင် ကူညီပေးရုံသာမက သူ(မ)ဘက်ကပါ ရပ်တည်ပေးခဲ့သေးသည်။

လီရှန်းရှန်းက အကြောင်သား မေးလိုက်သည်။

"ရှင်က တက္ကစီဒရိုင်ဘာမဟုတ်ဘူးလား"

တက္ကစီဒရိုင်ဘာ ဟုတ်လား။

ဘေးနားရှိ ကျောက်မင်မှာမူ နားမလည်နိုင်လောက်အောင် ဖြစ်သွားရသည်။

"ရှန်းရှန်း... ဥက္ကဋ္ဌကို ဘယ်လိုပြောလိုက်တာလဲ။ ဥက္ကဋ္ဌယဲ့က ငါတို့မိုင်ဟိုတယ်ရဲ့ ဥက္ကဋ္ဌ​ကွ"

"အာ... ဒါပေမဲ့ အဲဒီနေ့တုန်းကတော့ တက္ကစီဒရိုင်ဘာပဲဟာကို"

လီရှန်းရှန်းက လျှာတစ်လစ်ထုတ်လျက် ပြောလိုက်သည်။

ယဲ့ချန်းက ပြုံးလိုက်၏။

"ငါတို့ဟိုတယ်က အစားအသောက်လက်ရာကောင်းတယ်ဆိုပြီး နာမည်ကြီးတာ။ ဒါပေမဲ့ ကုမ္ပဏီရဲ့ စွမ်းဆောင်ရည်ပိုင်းကို စစ်ဆေးကြည့်လိုက်တော့ အခုနောက်ပိုင်း အခြေအနေသိပ်မကောင်းဘူး။ အဲဒါကြောင့် မီးဖိုချောင်ဘက်မှာ အပြောင်းအလဲတစ်ခုခုလုပ်သင့်တယ်ထင်တယ်"

ကျောက်မင် အနည်းငယ်ကြောင်အသွားသည်။

"ဘာကိုပြောင်းလဲမလို့လဲဗျ"

ယဲ့ချန်းက ပြောလိုက်သည်။

"လက်ရှိစားဖိုမှူးရဲ့လက်ရာက ကောင်းတယ်ဆိုပေမဲ့ ဧည့်သည်တွေက ဒီလက်ရာကို စားလာတာ ဆယ်နှစ်ကျော်နေပြီဆိုတော့ ငြီးငွေ့နေလောက်ပြီ။ စားဖိုမှူးအသစ်တစ်ယောက်လောက် လဲလိုက်ရင် မကောင်းဘူးလား။ ဒီကောင်မလေးက မဆိုးဘူးထင်တာပဲ"

ထိုသို့ပြောရင်း ယဲ့ချန်းက လီရှန်းရှန်းကို လက်ညှိုးထိုးပြလိုက်သည်။

"ရှင်..."

ယဲ့ချန်း၏စကားကို ကြားသော် လီရှန်းရှန်း အံ့ဩသွားရသည်။

ကျောက်မင်း၏ မျက်နှာထားလည်း အနည်းငယ်ပြောင်းလဲသွားသည်။

"ဥက္ကဋ္ဌယဲ့... ဒါပေမဲ့ ရှန်းရှန်းက ဟိုတယ်ကို အလုပ်ဝင်တာ မကြာသေးဘူးလေ"

ယဲ့ချန်း၏ အကြည့်များကား အေးစက်သွားပြန်သည်။

"ငါက မီးဖိုချောင်ဝန်ထမ်းတစ်ယောက် ခန့်အပ်ဖို့တောင် အာဏာမရှိတာလား"

"ရှိပါတယ်... ရှိပါတယ်ဗျ"

ကျောက်မင်းလည်း အလျင်အမြန်ပြောလိုက်ရသည်။

ယဲ့ချန်းက အေးစက်ခက်ထန်စွာ ပြောလိုက်၏။

"ဒါဆိုလည်း အဆင်ပြေပြီနော်"

ထိုသို့ပြောပြီးနောက် ယဲ့ချန်းက အာဏာရှိသူတစ်ယောက်၏ ဟန်ပန်ဖြင့် မတ်တတ်ထရပ်ပြီး လီရှန်းရှန်းကို တစ်ချက်ကြည့်လိုက်သည်။

"အလုပ်ကိုကောင်းကောင်းလုပ်"

လီရှန်းရှန်းတစ်ယောက် သူ(မ)၏အိပ်မက်များ ဤမျှမြန်မြန်ဆန်ဆန် အကောင်အထည်ပေါ်လာလိမ့်မည်ဟု ထင်မထားပေ။

သို့သော် ဤအရာအားလုံးက ယဲ့ချန်းနှင့် ဆုံတွေ့ခွင့်ရခဲ့သောကြောင့် ဖြစ်လာမှန်း သူ(မ) သိသည်။

လီရှန်းရှန်းက လေးနက်စွာ ပြောလိုက်သည်။

"ဥက္ကဋ္ဌ... ကျွန်မ နားလည်ပါပြီ။ သေချာပေါက် ကြိုးစားပါ့မယ်"

ယဲ့ချန်းလည်း အသာခေါင်းညိတ်ပြပြီး လှည့်ထွက်သွားလေတော့သည်။

ကျောက်မင်ကလည်း လီရှန်းရှန်းကို မီးဖိုချောင်ထဲသို့ ခေါ်သွားသည်။

လီရှန်းရှန်းက မီးဖိုချောင်ကြီးကြပ်ရေးမှူး ဖြစ်သွားကြောင်း ကြားလိုက်ရသောအခါ အကုန်လုံး အံ့ဩကုန်ကြသည်။ အထူးသဖြင့် ဝူပင်းပင်။

"မန်နေဂျာကျောက်... ကျွန်တော် လက်မခံနိုင်ဘူး။ ဒီကောင်မလေးက ဘာမို့လို့လဲ"

ကျောက်မင်းကမူ အေးစက်စက်လေသံဖြင့် ပြန်ပြောလိုက်သည်။

"ဘာလို့လဲဆိုတော့ ဥက္ကဋ္ဌရဲ့ဆုံးဖြတ်ချက်မို့လို့ပေါ့ကွ"

"ဥက္ကဋ္ဌ... ဟုတ်လား"

ကျောက်မင်၏ စကားကြောင့် အားလုံး တိတ်ဆိတ်သွားကြသည်။

မိုင်ဟိုတယ်မှာ ဥက္ကဋ္ဌအသစ် ရောက်နေပြီဖြစ်ကြောင်း သူတို့အားလုံး သိထားကြသည်။

ကျောက်မင်က ဂရုမစိုက်လေဟန်ဖြင့် ပြောလိုက်သည်။

"မနက်ဖြန် မိုတုမြို့ကုန်သည်များအသင်းရဲ့ စီးပွားရေးလုပ်ငန်းရှင်များအစည်းအဝေးရှိတယ်နော်။ အားလုံးကြိုးစားကြ။ ပြဿနာမတက်စေနဲ့"

ဝူပင်း၏ မျက်လုံးထဲတွင် အေးစက်စက်အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

"ငါ မိုင်ဟိုတယ်မှာ ဆယ်နှစ်ကျော်ပေးဆပ်ပြီး လုပ်ကိုင်လာတာ။ အခုတော့ ကောင်မလေးတစ်ယောက်နဲ့ နေရာလဲခံလိုက်ရပြီ။ ဒါကိုတော့ လက်ခံလို့မဖြစ်ဘူး"

ထိုအချိန်တွင် ဂိုထောင်ဘက်သို့ လှမ်းကြည့်ရင်း သူ့မျက်ဝန်းထဲတွင် အေးစက်စက်အလင်းတန်းတစ်ခု လက်ခနဲ ပေါ်လာလေတော့သည်။

••••••••••••••••••

အပိုင်း ၄၄၉: နိုင်ကိုနိုင်ရမည်

ယဲ့ချန်း ဟိုတယ်ထဲမှ ထွက်လာသောအခါ အစ်ကိုထန့်ဆီက ဖုန်းဝင်လာသည်။

"ယဲ့ချန်း... မနက်ဖြန် မိုင်ဟိုတယ်မှာ စီးပွားရေးဆွေးနွေးပွဲတစ်ခုရှိတယ်။ လာကြည့်ချင်လား"

စီးပွားရေးဆွေးနွေးပွဲတဲ့လား။

ထို့ပြင် သူပိုင်သည့် ဟိုတယ်ထဲတွင် ကျင်းပမည်ဖြစ်ရာ ဤသို့သောအခွင့်အရေးမျိုးကို ယဲ့ချန်းအနေနှင့် လက်လွတ်ခံစရာအကြောင်းမရှိပေ။

"ကောင်းပြီလေ။ ကျွန်တော် လာခဲ့ပါ့မယ်"

နောက်တစ်နေ့တွင် ယဲ့ချန်း မိုင်ဟိုတယ်သို့ ရောက်လာခဲ့သည်။

ဟိုတယ်အဝင်ဝတွင်မူ ဇိမ်ခံကားကြီးများက တန်းစီ၍ ရပ်ထားသည်။

ဤစီးပွားရေးဆွေးနွေးပွဲက နှစ်စဉ်ကျင်းပလေ့ရှိပြီး ရင်းနှီးမြှုပ်နှံသူများကို ဆန်းသစ်တီထွင်မှုရှိသော ပရောဂျက်များနှင့် မိတ်ဆက်ပေးရန် ရည်ရွယ်ထားသည်။

ပွဲကျင်းပရာနေရာတွင်မူ အစ်ကိုမာ၊ အစ်ကိုထန်နှင့် အကြီးအကဲရန်တို့လို ရင်းနှီးသူများကို ယဲ့ချန်း တွေ့လိုက်ရသည်။

အတိုချုပ်ပြောရလျှင် ဟွားနိုင်ငံ စီးပွားရေးလောကရှိ ဒိတ်ဒိတ်ကြဲသူဌေးထက်ဝက်ခန့် ရောက်နေကြခြင်းပင်။

ယဲ့ချန်းက ပုံမှန်ဆိုလျှင် သိုသိုသိပ်သိပ်နေတတ်သောကြောင့် သူ့ကိုမှတ်မိသူဟူ၍ သိပ်မရှိချေ။

ထိုအချိန်မှာပင် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်က ယဲ့ချန်းကို လှမ်းကြည့်ပြီး မေးလိုက်၏။

"ဒီလူကြီးမင်းကို သိပ်မရင်းနှီးသလိုပဲ။ ဘယ်လုပ်ငန်းကလဲ"

ယဲ့ချန်းက ပြုံးလိုက်၏။

"ဪ... ကျွန်တော်က တက္ကစီမောင်းပါတယ်"

"တက္ကစီမောင်းတယ် ဟုတ်လား"

ထိုအမျိုးသားမှာ ခဏမျှကြောင်အသွားသည်။

ထို့နောက်တွင်မူ သဘောပေါက်သွားဟန်တူသည်။

"ဒီလူငယ်လေးက ပရောဂျက် လာတင်ပြတာလား။ ဒီနေရာက ရင်းနှီးမြှုပ်နှံသူတွေ ထိုင်တဲ့နေရာကွ။ လုပ်ငန်းရှင်တွေက ဟိုဘက်အခန်းမှာ"

ထိုအချိန်မှာပင် နောက်တစ်ယောက် ထပ်ရောက်လာသည်။

"ဥက္ကဋ္ဌကျန်း ဘာဖြစ်တာလဲ"

ဥက္ကဋ္ဌကျန်းက အထင်သေးလေဟန်အကြည့်ဖြင့် ကြည့်လိုက်၏။

"ဒီကောင်လေးက စွန့်ဦးလုပ်ငန်းရှင်တစ်ယောက်ထင်ပါရဲ့။ ကျုပ်တို့အစည်းအဝေးခန်းထဲကို မှားဝင်လာတဲ့ တက္ကစီဒရိုင်ဘာတစ်ယောက်နေမှာပါ"

"ဟူး... ပွဲစီစဉ်သူတွေကလည်း ဘာဖြစ်လို့များ လူတိုင်းကို ပေးဝင်နေတာလဲမသိဘူး။ တက္ကစီဒရိုင်ဘာတစ်ယောက်ဆီမှာ ဘယ်လိုစီးပွားရေးဆန်းသစ်တီထွင်မှုမျိုး ရှိနိုင်မှာမို့လို့လဲ"

"ဟုတ်ပါ့ဗျာ... မင်းက တက္ကစီဒရိုင်ဘာမဟုတ်လား။ တက္ကစီပဲ သွားမောင်းစမ်းပါ။ ဒီနေရာက မင်းနဲ့မတန်ဘူး"

"အေးလေ... တက္ကစီပရောဂျက်ဆိုရင်တော့ ငါ လုံးဝရင်းနှီးမြှုပ်နှံမှာမဟုတ်ဘူး"

အားလုံးက ယဲ့ချန်းကို ဝိုင်းလှောင်ပြောင်နေကြချိန်ဝယ် ရုတ်တရက်ဆိုသလို လူတစ်ယောက် ဝင်လာလေသည်။

မည်သူမည်ဝါဖြစ်ကြောင်း မြင်လိုက်ရသောအခါ သူတို့၏မျက်နှာထားများ အနည်းငယ်ပြောင်းလဲသွားကြသည်။

ထိုလူမှာ ဥက္ကဋ္ဌထန်ပင်။

ထိုလူတစ်စုက ယဲ့ချန်းကို ထားပစ်ခဲ့ပြီး ဥက္ကဋ္ဌထန်ဆီသို့ အပြေးအလွှား သွားကြလေတော့သည်။

"မင်္ဂလာပါ ဥက္ကဋ္ဌထန်"

"ဥက္ကဋ္ဌထန်... ကျွန်တော်က ကျန်းရှောင်ချန်ပါ။ ကျွန်တော်တို့ အတူညစာစားဖူးတယ်လေ"

"ဥက္ကဋ္ဌထန်... ဒါက ကျွန်တော့်ရဲ့ လိပ်စာကတ်ပါ။ ကျွန်တော်တို့ကုမ္ပဏီက ဥက္ကဋ္ဌရဲ့ လက်အောက်ခံကုမ္ပဏီခွဲနဲ့ ပူးပေါင်းဆောင်ရွက်နေတာပါ"

စောစောက မာနတစ်ခွဲသားနှင့် လူများမှာ အစ်ကိုထန်ကို မြင်လိုက်သည်နှင့် ချက်ချင်းဖားကြတော့သည်။

သို့သော် အစ်ကိုထန်ကမူ သူတို့ကို လျစ်လျူရှုပြီး ယဲ့ချန်းဆီကိုသာ စိတ်လှုပ်ရှားစွာ လျှောက်သွားလိုက်၏။

"မစ္စတာယဲ့... ရောက်နေပြီကိုး"

အစ်ကိုထန်က စကားပြောရင်း ယဲ့ချန်းရှေ့သို့ ရောက်လာပြီး လှိုက်လှိုက်လှဲလှဲ လက်ဆွဲနှုတ်ဆက်လိုက်သည်။

"ကျွန်တော်တို့ မတွေ့ဖြစ်တာတောင် ကြာပြီနော်။ ကျွန်တော် ခင်ဗျားကို တွေ့ဖို့ချိန်းသေးတယ်။ မစ္စတာယဲ့က မအားလို့လေ။ ဒီနေ့မှပဲ ဆုံရတော့တယ်"

အားလုံး ကြောင်အကုန်ကြသည်။

ဘာတွေဖြစ်နေတာလဲ။

ဟိုလူက တက္ကစီဒရိုင်ဘာမဟုတ်ဘူးလား။

ဥက္ကဋ္ဌထန်က တက္ကစီဒရိုင်ဘာတစ်ယောက်ကို ဘာလို့ ဒီလောက်တောင် အလေးထားဆက်ဆံနေရတာလဲ...

ထိုအချိန်မှာပင် နောက်ထပ်သူဌေးကြီးတစ်ယောက် ဝင်လာပြန်သဖြင့် ပွဲက တစ်ဖန်ဆူညံသွားပြန်သည်။

ထိုလူမှာ ဝမ်တာ့မင်ဖြစ်၏။

ယဲ့ချန်းကို မြင်သောအခါ ဝမ်တာ့မင်ကလည်း လှိုက်လှိုက်လှဲလှဲနှုတ်ဆက်သည်။

"ညီလေးယဲ့လည်း လာတာကိုး။ ပြီးခဲ့တဲ့တစ်ခေါက် ညီလေး ဆုံးမပေးလိုက်ပြီးကတည်းက ကျုပ်တို့ဝမ်ခုန်းခုန်း တော်တော်လိမ်မာသွားတယ်"

...

လူအားလုံး : "..."

အားလုံး ပါးစပ်အဟောင်းသားဖြင့် ငေးနေခိုက် နောက်ထပ်သူဌေးတစ်ယောက် ထပ်ရောက်လာပြန်သည်။

အကြီးအကဲရန်ပင်။

အခြားလူများနည်းတူ အကြီးအကဲရန်ကလည်း ယဲ့ချန်းဆီကိုသာ တန်းသွားချေသည်။

နောက်ဆုံးဝင်လာသူကတော့ အစ်ကိုမာဖြစ်၏။

အစ်ကိုမာကလည်း ယဲ့ချန်းကို မြင်သောအခါ အလွန်ရင်းနှီးဟန်ဖြင့် နှုတ်ဆက်ချေသည်။

ယခုအချိန်တွင်မူ ယဲ့ချန်းမှာ ဒိတ်ဒိတ်ကြဲသူ​ဌေးအများစု၏ အာရုံစိုက်ရာဗဟိုချက် ဖြစ်နေလေပြီ။

ဟွားနိုင်ငံ စီးပွားရေးလောက၏ ထိပ်သီးပုဂ္ဂိုလ်များက လူငယ်လေးတစ်ယောက်နားတွင် စုရုံးနေကြသည်ကို မြင်သောအခါ ကျန်လူများလည်း ကြောင်တောင်တောင် ဖြစ်ကုန်ကြသည်။

ဘာတွေဖြစ်ကုန်တာလဲ။

အစောတုန်းက ဥက္ကဋ္ဌကျန်းဆိုလျှင် ခေါင်းရှုပ်နေရှာသည်။

ဤကောင်လေးက သူ့ကိုယ်သူ တက္ကစီဒရိုင်ဘာဟု ပြောခဲ့သည်မဟုတ်လော။ ယခုမူ ဤသူဌေးကြီးများနှင့် ဘာကြောင့် ဤမျှအထိ ရင်းနှီးနေရလေသလဲ။

ယဲ့ချန်းနားတွင် ဝိုင်းနေသူများမှာ ဟွားနိုင်ငံ၏ အထက်တန်းလွှာများဖြစ်ကြောင်း လူတိုင်းသိကြသည်။

သာမန်လုပ်ငန်းရှင်များနှင့် ယှဉ်လျှင် အဆင့်ချင်းလုံးဝမတူပေ။

တစ်နည်းပြောရလျှင် သူတို့က ကပ်ဖားဖို့ပင် အရည်အချင်းမမီကြချေ။

သို့သော် ဤထိပ်သီးပုဂ္ဂိုလ်များအားလုံးက ယဲ့ချန်းကို ဝိုင်းနေကြပေသည်။

ယဲ့ချန်းအား လှောင်ပြောင်ခဲ့သည့်အဖြစ်ကို ပြန်တွေးမိပြီး သူတို့ မျက်နှာပူကုန်ကြသည်။

ဤသည်မှာ ပါးဖြတ်ရိုက်ခံလိုက်ရသလိုပင်။

လက်စသတ်တော့ ဤလူငယ်လေးက ဒိတ်ဒိတ်ကြဲပုဂ္ဂိုလ်တစ်ယောက် ဖြစ်နေပေသည်။

စီးပွားရေးဆွေးနွေးပွဲ စတင်သောအခါ ယဲ့ချန်းကို ရှေ့ဆုံးတန်း၏ အလယ်တည့်တည့်တွင် အစ်ကိုမာနှင့် အတူတွဲပြီး နေရာချပေးလိမ့်မည်ဟု မည်သူမှထင်မထားပေ။

ဤသို့သောနေရာချထားမှုကြောင့် အားလုံး ပိုအံ့ဩသွားကြသည်။

ဒီလူငယ်လေးက ဘယ်သူမို့လို့ ဒီနေရာကိုရထားသလဲ။

ဤဆွေးနွေးပွဲတွင် နေရာထိုင်ခင်းက ရာထူးနှင့် ဝါစဉ်အပေါ် မူတည်ပြီး တင်းတင်းကျပ်ကျပ် စီစဉ်ထားခြင်းပင်။

ယဲ့ချန်း၏ ထိုင်ခုံနေရာက ဘာကို ပြသနေလေသလဲ။

သူသည် ထိုထိပ်သီးပုဂ္ဂိုလ်များထက် သာလွန်နေသည်ဟူသော သဘောလေလား။ သို့သော် မည်သို့ဖြစ်နိုင်မည်နည်း။

လူအများအတွက်တော့ မေးခွန်းထုတ်စရာ ဖြစ်လာချေသည်။

ဒီလူငယ်လေးက အဲဒီနေရာနဲ့ ထိုက်တန်ရဲ့လား...

ယဲ့ချန်းကမူ သူ့ပတ်ဝန်းကျင်ရှိ မေးခွန်းများကို ဂရုမစိုက်ပေ။

အခမ်းအနားမှူးက အဖွင့်အမှာစကား ပြောကြားပြီးနောက် စီးပွားရေးလုပ်ငန်းရှင်များတွေ့ဆုံပွဲကို တရားဝင်စတင်လိုက်၏။

ပထမဆုံးလုပ်ငန်းရှင်က အွန်လိုင်းသင်ကြားရေးအက်ပလီကေးရှင်းတစ်ခုနှင့် မိတ်ဆက်ပေးသည်။

နာမည်ကမူ ရွှယ်ယောင်ရှီပင်။

အက်ပလီကေးရှင်း၏ လုပ်ဆောင်ချက်က အွန်လိုင်းပညာရေးဖြစ်သည်။

ဆရာများက ဗီဒီယိုကောကတစ်ဆင့် ကျောင်းသားများကို စာသင်ပေးမည်။

ဤအကြံဉာဏ်ကို ကြားသောအခါ အားလုံး ခေါင်းတခါခါလုပ်လိုက်ကြသည်။

အွန်လိုင်းသင်ကြားရေး ဟုတ်လား။

အကြံကောင်းသော်ငြား သိပ်လက်တွေ့မကျလှပေ။

ယနေ့ခေတ်တွင် ကျောင်းသားများက နည်းပြဆရာနှင့် သင်ကြသည်။ မည်သူကများ အွန်လိုင်းဆရာနှင့် သင်မည်နည်း။

စွန့်ဦးလုပ်ငန်းရှင်က ပြောလိုက်သည်။

"ကျွန်တော်တို့ရဲ့ရည်မှန်းချက်က ကလေးတွေ အိမ်ထဲကအိမ်ပြင်ထွက်စရာမလိုဘဲ နာမည်ကြီးဆရာတွေနဲ့ သင်ကြားခွင့်ရနိုင်မဲ့ အွန်လိုင်းပညာရေးစနစ်ကို ပံ့ပိုးပေးဖို့ပါ"

ထိုလုပ်ငန်းရှင် ရှင်းပြပြီးနောက် လက်ခုပ်သံခပ်တိုးတိုးသာ ထွက်လာသည်။

ဤအကြံဉာဏ်ကို စိတ်ဝင်စားသူဟူ၍ သိပ်မရှိပေ။

ရင်းနှီးမြှုပ်နှံသူ စတင်ခေါ်ယူသောအခါ ငါးသိန်းက စဖွင့်သော်ငြား ခုနစ်သိန်းမှာပင် ရပ်တန့်သွားသည်။

အွန်လိုင်းပညာရေးဟူသော သဘောတရားမှာ လူအများ နားလည်ရန်အတွက် ခေတ်ရှေ့ပြေးလွန်းနေသည်။

"ကျွန်တော် တစ်သန်းပေးမယ်"

ယဲ့ချန်းက ဝင်ပြောလိုက်၏။

လူကြိုက်နည်းသည့် ဤပရောဂျက်ကို ယဲ့ချန်း ရင်းနှီးမြှုပ်နှံလိုက်ချိန်ဝယ် အားလုံး အံ့ဩကုန်ကြသည်။

"ဒီလူ ရူးသွားတာလား။ ဒီပရောဂျက်ကိုမှ လေလံဆွဲရတယ်လို့"

"ဟုတ်တယ်... ဒီပရောဂျက်က စီးပွားရေးအရ ဘာတန်ဖိုးမှမရှိဘူး"

"ဪ... သူဌေးသားတစ်ယောက် ပိုက်ဆံဖြုန်းနေတာပဲ နေမှာပါကွာ"

...

ယဲ့ချန်းက ဤပရောဂျက်ကို ယူလိုက်ချိန်ဝယ် ကျန်သူဌေးကြီးများမှာ ခဏမျှကြက်သေသေသွားချေသည်။

ယဲ့ချန်းကတော့ သူများ၏အကြည့်ကို ဂရုမစိုက်ပါချေ။ အကြောင်းမှာ သူ အမြတ်ထွက်တော့မည်ဖြစ်ကြောင်း သိနေသောကြောင့်ပင်။

အနာဂတ်တွင် အွန်လိုင်းပညာရေးက ရေပန်းစားလာမည်ဖြစ်လေရာ ရွှယ်ယောင်ရှီကို ငွေတစ်သန်းနှင့် ဝယ်လိုက်ပါက နောက်ပိုင်းတွင် အဆတစ်ထောင်တစ်သောင်းမက ပြန်အမြတ်ရလာလိမ့်မည်။

လုပ်ငန်းရှင်များတွေ့ဆုံပွဲကို ဆက်လက်ကျင်းပခဲ့သည်။

ရွှယ်ယောင်ရှီတွင် ရင်းနှီးမြှုပ်နှံခြင်းကလွဲလျှင် ယဲ့ချန်းက အခြားဘယ်ပရောဂျက်မှာမှ ရင်းနှီးမြှုပ်နှံခြင်းမရှိတော့ပေ။

မကြာခင်မှာပင် နောက်ဆုံးရင်းနှီးမြှုပ်နှံရမည့် ပရောဂျက်အတွက် အလှည့်ရောက်လာသည်။

"အားလုံးပဲ မင်္ဂလာပါ။ ကျွန်တော်က ဝမ်ကျစ်မင်ပါ။ ကျွန်တော့်ပရောဂျက်နာမည်ကတော့ သုန်းဗီဒီယိုပါ"

"သုန်းဗီဒီယို ဟုတ်လား"

ယဲ့ချန်း ခဏတာအံ့ဩသွားချေသည်။

ဝမ်ကျစ်မင်၏ မိတ်ဆက်စကားကို နားထောင်ပြီးနောက် ယဲ့ချန်း ကြောင်အသွားသည်။ ဤသည်မှာ ယခင်ဘဝတုန်းက သုန်းယင်နှင့် အတူတူပင်မဟုတ်လော။

ဤကမ္ဘာတွင် ဗီဒီယိုဝက်ဘ်ဆိုက်များ ရှိသော်ငြား အများစုက ပို့စ်တင်ရုံလောက်သာ ရသည်။

ဝမ်ကျစ်မင်က ဆက်ပြောလေသည်။

"ကျွန်တော်တို့ရဲ့သုန်းဗီဒီယိုက အွန်လိုင်းပေါ်ကို ရောက်နေပါပြီ။ လက်ရှိအကောင့်ဖွင့်ထားတဲ့ အသုံးပြုသူ ငါးသောင်းရှိပြီး မကြာခဏအသုံးပြုသူ တစ်သောင်းဝန်းကျင် ရှိပါတယ်။ ကျယ်ကျယ်ပြန့်ပြန့် မသုံးကြသေးပေမဲ့ အလားအလာရှိတယ်လို့ ကျွန်တော် ယုံကြည်ပါတယ်"

ဤပရောဂျက်က ချက်ချင်းဆိုသလို အားလုံး၏ စိတ်ဝင်စားမှုကို ဆွဲဆောင်လိုက်နိုင်သည်။

"ကျုပ် ငါးသန်းရင်းနှီးမြှုပ်နှံမယ်"

"ခြောက်သန်း"

"ခုနစ်သန်း"

မကြာခင်မှာပင် ပရောဂျက်တန်ဖိုးက ဆယ်သန်းအထိ ထိုးတက်သွားသည်။

ယဲ့ချန်းမှာမူ မျက်လုံးကို အနည်းငယ်မှေးစင်းလိုက်၏။ ဤပရောဂျက်ကို သူ မရရအောင်ယူရန် ဆုံးဖြတ်လိုက်​ချေပြီ။

•••••••••••••••••••••

အပိုင်း ၄၅၀ : ရွေးချယ်စရာမရှိ

အတိတ်ဘဝတုန်းက သုန်းယွီသည် မည်မျှအထိ ခေတ်စားခဲ့သလဲဆိုသည်ကို ယဲ့ချန်း ကောင်းကောင်းသိသည်။

ဤသည်မှာ အပြိုင်ကမ္ဘာတစ်ခု ဖြစ်သော်ငြား သုန်းဗီဒီယိုလည်း သေချာပေါက် ပေါက်မည်ဖြစ်ကြောင်း ယုံကြည်သည်။

သေချာပေါက်ပိုက်ဆံရမည့် အခွင့်အရေးမျိုးကို ယဲ့ချန်းက မည်သို့နှယ် လက်လွှတ်ခံနိုင်မည်နည်း။

ထိုအချိန်တွင် လေလံဈေးက ၁၅သန်းအထိ ရောက်နေလေပြီ။

လုပ်ငန်းရှင်တွေ့ဆုံပွဲတစ်ခုလုံးလည်း အထွတ်အထိပ်သို့ ရောက်နေချေသည်။

ဤလူများက ရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်လာလျှင် အမြင်စူးရှသော စီးပွားရေးလုပ်ငန်းရှင်ကြီးများပင်။

သူတို့အားလုံး သုန်းဗီဒီယို၏ အလားအလာကို မြင်ကြ၏။

အစ်ကိုမာလည်း စိတ်ဝင်တစားဖြင့် ၁၅သန်းပေးလိုက်၏။

ယဲ့ချန်းက မတ်တတ်ထရပ်ပြီး အစီအစဉ်တင်ဆက်သူဆီက မိုက်ခရိုဖုန်းကို တောင်းလိုက်၏။

ထို့နောက် ဝမ်ကျစ်မင်ကို လှမ်းပြောလိုက်သည်။

"ကောင်လေး... ငါ မင်းရဲ့ပရောဂျက်ကို တော်တော်စိတ်ဝင်စားတယ်။ ဒါပေမဲ့ ငါ့ဘက်က ဆယ်သန်းပဲ ရင်းမယ်။ ပြီးတော့ ရှယ်ယာ၅ရာခိုင်နှုန်း မလိုချင်ဘူး။ ၃၅ရာခိုင်နှုန်း လိုချင်တယ်"

ယဲ့ချန်း၏စကားကို ကြားသော် လူတိုင်း ကြောင်အသွားကြသည်။

ဒီကောင် ရူးနေတာပဲဖြစ်ရမယ်...

ဤပရောဂျက်က ယခုလေးတင် ၁၅သန်းအထိ ဈေးခေါ်ထားသည်။ သို့တိုင် ထိုလူကမူ ဆယ်သန်းသာပေးပြီး ရှယ်ယာ ၃၅ရာခိုင်နှုန်းကို တောင်းနေလေသလား။

တစ်ဖက်လူကို အရူးမှတ်နေလေသလား။

လူတိုင်းက ယဲ့ချန်းကို ငတုံးတစ်ယောက်နှယ် ကြည့်နေကြသည်။

ဒီကောင်လေး ရင်းနှီးမြှုပ်နှံမှုအကြောင်း နားမလည်တာ သိသာတယ်... သူသာ နားလည်ရင် ဒီလိုရယ်စရာကောင်းတဲ့စကားမျိုး ပြောမှာမဟုတ်ဘူး....

သူများက ၁၇သန်း ရင်းနှီးမြှုပ်နှံပြီး ရှယ်ယာ ၅ရာခိုင်နှုန်းလောက်သာ လိုချင်ကြသည်။ သူကတော့ ဆယ်သန်းတည်းနှင့် ၃၅ရာခိုင်နှုန်း တောင်းသည်ဆိုခြင်းမှာ အလွန်ရယ်ရပေသည်။

ဤကမ်းလှမ်းချက်က နည်းလွန်းသည်ထက် ပိုဆိုးနေချေပြီ။

ချက်ချင်းဆိုသလိုပင် လူတော်တော်များများမှာ အောင့်မထားနိုင်တော့ဘဲ ဟားတိုက်ရယ်မောလိုက်ကြသည်။

"ဒီသူဌေးလက်သစ်က ဘယ်ကထွက်လာတာလဲကွ"

"ရယ်ရတယ်ဟေ့"

ခန်းမတစ်ခုလုံး ယဲ့ချန်းကို လှောင်ပြောင်ရယ်မောနေသည့် အသံများနှင့် ဆူညံသွားတော့သည်။

ဝမ်ကျစ်မင်လည်း မျက်မှောင်ကြုတ်လိုက်မိ၏။

ယဲ့ချန်း စကားပြောလာစဉ်က ဝမ်ကျစ်မင် အလွန်ဝမ်းသာသွားခဲ့သော်ငြား ယဲ့ချန်းက ဆယ်သန်းသာ ပေးမည်ဟု ကြားလိုက်ရသောအခါ မျက်ခုံးများ တွန့်ချိုးသွားသည်။

ထိုအချိန်တွင် ယဲ့ချန်း၏ဘေးနားတွင် ထိုင်နေသော အစ်ကိုမာနှင့် အစ်ကိုထန်တို့က သူ့ကို စိတ်ဝင်တစား ကြည့်နေကြသည်။

ယဲ့ချန်းက သူဌေးလက်သစ်တစ်ယောက် မဟုတ်ကြောင်းနှင့် အမြင်စူးရှကြောင်း သူတို့ သိထားကြသည်။

သို့သော် ယဲ့ချန်းတွင် မည်သို့သောရည်ရွယ်ချက်မျိုး ရှိနေသလဲဆိုသည်ကိုမူ သူတို့လည်း နားမလည်နိုင်ပေ။

ဝမ်ကျစ်မင်က ငြင်းပယ်ရန် မိုက်ခရိုဖုန်းကို ကောက်ကိုင်လိုက်သော်ငြား ယဲ့ချန်းက ဖြတ်ပြောလိုက်၏။

"ကောင်လေး... အလောတကြီးမငြင်းလိုက်နဲ့နော်။ ငါပြောတာ အရင်နားထောင်ဦး"

"ငါက ဆယ်သန်းပဲ ရင်းနှီးမြှုပ်နှံမယ်ဆိုပေမဲ့ ဆော့ဖ်ဝဲအသစ်တစ်ခုကို ဈေးကွက်ထဲမှာ ဖြန့်ချိတဲ့အခါ ကုန်ကျစရိတ်အများဆုံးက ကြော်ငြာခဆိုတာ မင်းလည်းသိမှာပါ"

"ငါက မောင့်ယာတိုက်ရိုက်ထုတ်လွှင့်ရေးကွန်ရက်ရဲ့ပိုင်ရှင်ပဲ။ ငါတို့ဆီမှာ အင်အားကြီးတဲ့ ဗီဒီယိုအရင်းအမြစ်တွေရှိတယ်။ ငါတို့မောင့်ယာကွန်ရက်က တိုက်ရိုက်ထုတ်လွှင့်သူတွေဆိုရင် ပရိသတ်ပေါင်းသန်းနဲ့ချီပြီးရှိတာ။ သူတို့သာ ကူကြော်ငြာပေးမယ်ဆိုရင် ဘယ်လောက်တောင် ထိရောက်လိုက်မလဲဆိုတာ စဉ်းစားကြည့်"

"ပြီးတော့ ငါက ဂရန်းယူနီဗာ့ဟိုတယ်နဲ့ မိုင်ဂရန်းဟိုတယ်တွေရဲ့ ပိုင်ရှင်ပဲ။ ငါ့ဟိုတယ်တွေထဲမှာ မင်းရဲ့သုန်းဗီဒီယိုကို ကြော်ငြာပေးလို့ရတယ်"

"ပြီး​တော့ ဝမ်သိုက်လုပ်ငန်းစုနဲ့ ရီတာ့လုပ်ငန်းစုရဲ့ အိမ်ခြံမြေတွေ​ရော မိုတုမြို့ထဲက စီးပွားရေးအချက်အချာကျတဲ့ ပရောဂျက်တွေပါ ငါ့အပိုင်တွေချည်းပဲ။ မိုတုမြို့ရဲ့ အဆင့်မြင့် လူနေအိမ်ရာတွေနဲ့ စီးပွားရေးအရင်းအမြစ်တွေအားလုံးနီးပါးကို ငါတစ်ယောက်တည်း လက်ဝါးကြီးအုပ်ထားတာ။ အဲဒီနေရာတွေမှာလည်း သုန်းဗီဒီယိုကို ကြော်ငြာပေးလို့ရသေးတယ်"

"ပြီးတော့ သုန်းဗီဒီယိုကို ဖြန့်ချိတဲ့အခါ မင်းသေချာပေါက် မူပိုင်ခွင့်ပြဿနာတချို့နဲ့ ကြုံရလိမ့်မယ်။ ငါ့ရဲ့ဟွားတုဥပဒေအကျိုးဆောင်လုပ်ငန်းက ဒီဥပဒေရေးရာကိစ္စတွေကို ဖြေရှင်းပေးနိုင်တယ်"

"ငါ့မှာ ပင်မနတ်ဘုရားနည်းပညာကုမ္ပဏီနဲ့ ချီလုံ၃၆၀နည်းပညာကုမ္ပဏီတွေလည်းရှိတော့ နည်းပညာနဲ့ ကွန်ရက်လုံခြုံရေးပြဿနာတွေကိုပါ ဖြေရှင်းပေးနိုင်သေးတယ်"

...

ယဲ့ချန်းက တည်ငြိမ်စွာ ဆက်ပြောလိုက်၏။

"အတိုချုပ်ပြောရရင် သုန်းဗီဒီယိုအနေနဲ့ ရှေ့တိုးတက်ရေးမှာ ကြုံလာရမယ့် အခက်အခဲမှန်သမျှကို ငါဖြေရှင်းပေးနိုင်တယ်။ ဆယ်သန်းရင်းပြီး ရှယ်ယာ၃၅ရာခိုင်နှုန်း ယူမယ်ဆိုတဲ့ ငါ့ကမ်းလှမ်းချက်က မတန်ဘူးလို့ ထင်တုန်းပဲလား"

ခန်းမတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။

လူတိုင်း ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြ၏။

ဤလူငယ်လေးက ဤမျှအထိ အံ့ဖွယ်ကောင်းလိမ့်မည်ဟု မည်သူကမှ ထင်မထားကြပေ။

ဝမ်ကျစ်မင်လည်း ထိုနေရာမှာတင် ကြောင်အသွားသည်။

သူသည် သက်တူရွယ်တူမျှသာရှိသော ယဲ့ချန်းကို မယုံကြည်နိုင်လေဟန် မျက်လုံးများဖြင့် ကြည့်နေမိသည်။

မယုံနိုင်စရာ ကောင်းလွန်းလှသည်။

အစောပိုင်းက ယဲ့ချန်းကို လှောင်ပြောင်ခဲ့ကြသည့် ရင်းနှီးမြှုပ်နှံသူများလည်း ကြက်သေသေကုန်ကြသည်။

အစကတော့ သူတို့သည် ယဲ့ချန်းကို သူဌေးလက်သစ် သို့မဟုတ် သူဌေးသားတစ်ယောက်ဟု ထင်မှတ်ကာ အရေးလုပ်စရာမလိုဘူးဟု ထင်ခဲ့ကြသည်။

ယဲ့ချန်းက သူ့မှာရှိသမျှ ဝှက်ဖဲများကို လှန်ပြလိုက်ချိန်တွင်မူ ရှိသမျှလူအားလုံး အံ့သြမှင်တက်ကုန်ကြသည်။

ဤလုပ်ငန်းများထဲမှ တစ်ခုလောက် ပိုင်ဆိုင်ထားလျှင်ပင် အထင်ကြီးချင်စရာကောင်းနေချေပြီ။ ယဲ့ချန်းက ဤမျှများပြားသော လုပ်ငန်းကြီးများကို ပိုင်ဆိုင်ထားသည်တဲ့လား။

ယဲ့ချန်း၏ဂုဏ်ပုဒ်တစ်ခုမျှ ထုတ်ပြောလိုက်လျှင်ပင် ဤနေရာရှိ လူတိုင်းကို လွှမ်းမိုးနိုင်ပေသည်။

လူအုပ်ကြားထဲဝယ် ပြောဆိုဆွေးနွေးသံများ ဆူညံသွားလေသည်။

"တကယ်ကြီးလား"

"ဒီကောင်လေးက တကယ်ပဲ ဒီလောက်တောင် မိုက်တာလား"

"အေးလေ။ ကြွားနေတာမဟုတ်ဘူးလား။ တကယ်သာ ဒီလောက်အထိ မိုက်နေရင် သူက ဘယ်လိုလုပ်ပြီး လုပ်ငန်းတွေအများကြီးကို ပိုင်ဆိုင်ထားတာလဲ"

သို့သော် သူ့ဘေးနားရှိ ပုဂ္ဂိုလ်ကြီးများ၏ အမူအရာကို မြင်လိုက်ရသောအခါ အားလုံး ပါးစပ်ပိတ်သွားကြသည်။

အစ်ကိုမာနှင့် အခြားလူများက ယဲ့ချန်းနှင့် စကားပြောနေကြသည်ဖြစ်ရာ သူ့သရုပ်မှန်ကို သေချာသိထားကြဟန်ပင်။

ဘုရားရေ... တကယ်ကြီး ဟုတ်နေတာပဲ။

အတုသာဆိုလျှင် ဤပုဂ္ဂိုလ်ကြီးများက သူ့ကို အမှန်အတိုင်းဖွင့်ချနေလောက်ပြီဖြစ်၏။ ယခုမူ တရင်းတနှီးတောင် စကားပြောနေကြသေးသည်။

ယခုမှသာ ဤပုဂ္ဂိုလ်များက ယဲ့ချန်းကို ဘာကြောင့် ဤမျှအထိ လေးလေးစားစား ဆက်ဆံနေရသလဲဆိုသည်ကို လူတိုင်း နားလည်ကြတော့သည်။

ဤသို့သော အဆင့်အတန်းမျိုးနှင့်ဆိုလျှင် သူတို့နှင့် တန်းတူထိုင်ရန် အရည်အချင်းပြည့်မီသည်သာ။

ဤနေရာတွင် ရောက်နေကြသူအားလုံးက စီးပွားရေးလောကထဲတွင် ထိပ်သီးများသာဖြစ်၏။ ပွဲကြီးပွဲကောင်းကိုလည်း အစုံမြင်ဖူးကြသည်။

သို့သော် ယနေ့တွင်မူ ယဲ့ချန်းကြောင့် တုန်လှုပ်သွားရသည်။

ဝမ်ကျစ်မင်ခမျာ နေရာမှာတင် ကြောင်တောင်တောင်လေး ရပ်နေမိသည်။

ယဲ့ချန်း၏စကားများသာ အမှန်ဆိုလျှင် သူ့ပရောဂျက်အတွက် အကြီးအကျယ် အထောက်အကူဖြစ်စေနိုင်သည်။

ပရောဂျက်က ရင်းနှီးမြှုပ်နှံမှုအမြောက်အများရထားသည်ဆိုသော်ငြား အောင်မြင်ဖို့အတွက် ဖြေရှင်းရမည့် ပြဿနာက အများကြီးကျန်နေသေးသည်။

ယဲ့ချန်းက သူ့ပြဿနာအားလုံးနီးပါးကို ဖြေရှင်းပေးလိုက်သလို ဖြစ်သွားလေပြီ။ ယဲ့ချန်း၏ ရင်းနှီးမြှုပ်နှံမှုကိုသာ လက်ခံလိုက်လျှင် သေချာပေါက် အောင်မြင်ပေလိမ့်မည်။

ဝမ်ကျစ်မင် တွေဝေနေရသည့် တစ်ခုတည်းသော အကြောင်းပြချက်မှာ ယဲ့ချန်းတောင်းသည့် ရှယ်ယာက များလွန်းနေခြင်းပင်။ ၃၅ရာခိုင်နှုန်းပင်။

ဝမ်ကျစ်မင်က သက်ပြင်းတစ်ချက်ချပြီး ပြောလိုက်၏။

"မစ္စတာယဲ့... ဆယ်သန်း ရင်းနှီးမြှုပ်နှံမယ်ဆိုတာတော့ ပြဿနာမရှိပါဘူး။ ဒါပေမဲ့ ရှယ်ယာ၃၅ရာခိုင်နှုန်းကိုတော့ ကျွန်တော် လက်မခံနိုင်ဘူး"

ဝမ်ကျစ်မင်၏တုံ့ပြန်မှုကို လူတိုင်း နားလည်နိုင်သည်။

၃၅ရာခိုင်နှုန်းဆိုသည်မှာ မစ္စတာယဲ့ကို ရှယ်ယာအများဆုံး ဖြစ်သွားစေလိမ့်မည်။ ပြောရလျှင် သုန်းဗီဒီယို၏ပိုင်ရှင်လောင်း ဖြစ်သွားသလိုပင်။ ဝမ်ကျစ်မင်အနေနှင့် မည်သို့လက်ခံနိုင်မည်နည်း။

ယဲ့ချန်းကလည်း ဝမ်ကျစ်မင် ငြင်းလိမ့်မည်ဖြစ်ကြောင်း ကြိုသိပြီးဖြစ်လေရာ တည်တည်ငြိမ်ငြိမ်သာ ပြောလိုက်၏။

"ကိစ္စမရှိပါဘူး။ မင်းစဉ်းစားဖို့ နောက်ထပ်တစ်မိနစ် အချိန်ပေးမယ်။ မင်းကို သတိပေးရဦးမယ်။ မင်းရဲ့ သုန်းဗီဒီယိုနည်းပညာက အခက်အခဲကြီးကြီးမားမား ရှိတာမဟုတ်ဘူး။ ငါလုပ်ချင်ရင် ဖြစ်အောင်လုပ်နိုင်တယ်။ ငါနဲ့ ယှဉ်ပြိုင်နိုင်မယ်လို့ မင်းထင်လား။ ဆယ်သန်းနဲ့ ၃၅ရာခိုင်နှုန်းပဲ။ ညှိနှိုင်းစရာမရှိဘူး"

ယဲ့ချန်း၏စကားကိုကြားသော် ဝမ်ကျစ်မင် တစ်ချက်တုန်သွားသည်။

ယဲ့ချန်းက ဝှက်ဖဲအားလုံးကို လှန်ပြလိုက်ပေသည်။ အကယ်၍ သူသာ သုန်းဗီဒီယိုကို ဖန်တီးမည်ဆိုလျှင် ဝမ်ကျစ်မင်အနေနှင့် ယှဉ်ပြိုင်နိုင်မည့်အခွင့်အရေး လုံးဝမရှိပေ။

"ငါ မင်းဆီမှာ ရင်းနှီးမြှုပ်နှံချင်တာက မင်းမှာ အရည်အချင်းရှိတာကို မြင်လို့။ ပြီးတော့ ဒီသုန်းဗီဒီယိုပရောဂျက်က မင်းနဲ့ဆိုရင် ပိုပြီးချောချောမွေ့မွေ့ဖြစ်လိမ့်မယ်လို့ ယုံကြည်လို့ပဲ။ ငါကတိပေးနိုင်တာတစ်ခုက ငါ့အနေနဲ့ ရှယ်ယာ၃၅ရာခိုင်နှုန်းကို ယူထားတယ်ဆိုပေမဲ့ ကုမ္ပဏီရဲ့ ဖွံ့ဖြိုးတိုးတက်မှုအပိုင်းနဲ့ ဝန်ထမ်းခန့်အပ်မှုအပိုင်းတွေမှာ ဝင်စွက်ဖက်မှာ မဟုတ်ဘူး။ ငါက အရမ်းအလုပ်များတယ်။ နေ့တိုင်း တက္ကစီမောင်းရသေးတယ်။ ကုမ္ပဏီကိုလည်း စီမံခန့်ခွဲရတယ်။ ဆိုင်ခန်းငှားခတွေလည်း လိုက်ကောက်ရသေးတယ်ဆိုတော့ တကယ်အချိန်မရှိဘူး"

ပြောပြီးသည်နှင့် ယဲ့ချန်းက ထိုင်ခုံကို မှီချလိုက်ပြီး လက်ဖက်ရည်ကို အေးအေးလူလူ သောက်ရင်း ဝမ်ကျစ်မင်၏အဖြေကို စောင့်နေလိုက်သည်။

ဝမ်ကျစ်မင်ကမူ စင်ပေါ်တွင် မျက်မှောင်ကြုတ်လျက် ရပ်နေရှာသည်။

ယဲ့ချန်းရဲ့စကားများက တည့်တည့်ကြီး မှန်နေချေသည်။ ယဲ့ချန်းပြောသလို သူ့နည်းပညာက အတားအဆီးကြီးကြီးမားမား မရှိချေ။ အခြားလူများလည်း လိုက်လုပ်နိုင်သည်။

သို့သော် အဆက်အသွယ်နှင့် အရင်းအမြစ်အပိုင်းတွင်မူ သူက ယဲ့ချန်းကို ဘယ်လိုမှမယှဉ်နိုင်ချေ။

တကယ်တမ်းပြောရလျှင် ယဲ့ချန်းနှင့် ပူးပေါင်းရုံကလွဲပြီး သူ့မှာ အခြားရွေးချယ်စရာ

မရှိတော့ဘူးဟုပင် ပြောနိုင်သည်။

All Chapters