အခန်း (၁၅၁-၁၅၃)
Vol. 11 Ch. 151-153
အခန်း (၁၅၁) - သူရမ်၏ လက်ရည်စမ်းသပ်မှု
သူရမ်သည် ချင်မန်နှင့် ရွယ်တူခန့် ရှိသည်။ အနားယူကာ ဘဝကို အေးအေးလူလူ ဖြတ်သန်းနေသည့် ချင်မန်မှာ ပူဖောင်းကဲ့သို့ ဖောင်းကားနေသော်လည်း၊ ယနေ့တိုင် လေ့ကျင့်မှုကို မပြတ်သည့် သူရမ်မှာမူ အသက်ခုနစ်ဆယ်ကျော်သော်ငြား ကျယ်ပြန့်သော ပခုံး၊ သန်မာသော ခြေထောက်များနှင့် ဖျတ်လတ်သော လှုပ်ရှားမှုရှိသည့် အံ့ဩဖွယ် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားဆဲ ဖြစ်သည်။
သူသည် လျှပ်စီးကဲ့သို့ မြန်ဆန်သော အမြန်နှုန်းဖြင့် ရှဖေးထံသို့ ခုန်အုပ်လိုက်သည်။ လေထဲတွင် ဝဲနေသော သူ၏ လက်ချောင်းများမှာ သိမ်းငှက်၏ ခြေသည်းများကဲ့သို့ ထက်မြက်နေသည်။
လေထုထဲတွင် သတ်ဖြတ်လိုသော အငွေ့အသက်များနှင့် ရူးသွပ်မှုများ ရောယှက်နေပြီး မည်သူ့ကိုမဆို ထိတ်လန့်သွားစေနိုင်သည်။ ရှဖေးသည် သူ၏ အမြန်နှုန်း စွမ်းအားကို အသုံးပြုကာ ရှောင်တိမ်းခြင်း မပြုဘဲ၊ ထိုအစား တစ်ဖက်လူနှင့် ရင်ဆိုင်ရန် အမြန်နှုန်းဖြင့် ပြေးဝင်သွားသည်။
အမြန်နှုန်း စွမ်းအား အသုံးပြုသူများသည် ဖျတ်လတ်မှုကို အဓိကထားပြီး ရန်သူထံ တည့်တည့် တိုးဝင်ခြင်းမှာ မိမိ၏ အားနည်းချက်ဖြင့် တစ်ဖက်လူ၏ အားသာချက်ကို တိုက်ခိုက်ခြင်းနှင့် တူညီနေသည်။ ဤသည်မှာ သူ၏ အားသာချက်ကို စွန့်လွတ်ကာ ပုံမှန်မဟုတ်သော တိုက်ခိုက်ခြင်းမျိုးဟု ဆိုရမည်။
ရှဖေးသည် သူ၏ မျက်ခုံးများကို တွန့်ချိုးကာ လက်များကို ကာကွယ်သည့် အနေအထားဖြင့် မျက်နှာရှေ့တွင် ထားလိုက်သည်။ သူသည် ခြေထောက်ဖြင့် မြေပြင်ကို ကန်ကျောက်ကာ အမြောက်ဆန်တစ်ခုကဲ့သို့ သူရမ်၏ ဒူးဆစ်များဆီသို့ အပြိုင် ပျံဝဲသွားသည်။
“ဟင်..” သူရမ်က တိုးတိုးလေး ရေရွတ်လိုက်ပြီးနောက် သူ၏ ခန္ဓာကိုယ် အပေါ်ပိုင်းကို ရုတ်တရက် လှည့်ပတ်ကာ လေထဲတွင်ပင် သူ၏ အနေအထားကို ပြောင်းလဲလိုက်သည်။
ထိုခဏတွင် သူ၏ ခန္ဓာကိုယ်မှာ စောင်းငဲ့သွားပြီး ရေမျက်နှာပြင်ပေါ်တွင် ပုစဉ်းရင်ကွဲ ပျံသန်းသကဲ့သို့ ရှဖေးဆီသို့ လှမ်းတက်လိုက်သည်။ ဤတိုက်ခိုက်မှုမှာ ယခင်ကကဲ့သို့ ပြင်းထန်သော အင်အား မပါဝင်တော့ပေ။ အကယ်၍ ရှဖေးသာ သူရမ်၏ အားအပြည့်ပါသော နင်းခြေမှုကို ခံလိုက်ရပါက လွယ်ကူမည် မဟုတ်ပေ။ သိသာသည်မှာ သူရမ်၏ စွမ်းအားမှာ ရှဖေးထက် များစွာ သာလွန်နေခြင်းပင် ဖြစ်သည်။
ရှဖေးမှာ လုပ်ကြံသတ်ဖြတ်ခြင်းနည်းစနစ်ကို သင်ယူထားသည့် အမြန်နှုန်း စွမ်းအား အသုံးပြုသူ တစ်ဦး ဖြစ်သောကြောင့် တိုက်ခိုက်မှု ပုံစံကို မည်သည့် အချိန်တွင်မဆို ပြောင်းလဲနိုင်သည်။ သူရမ်မှာမူ အမြန်နှုန်း စွမ်းအား အသုံးပြုသူ မဟုတ်သလို ကောက်ကျစ်သော ထိုးနှက်ခြင်းနည်းပညာကိုလည်း သင်ယူထားခြင်း မရှိသော်လည်း၊ လေထဲတွင် အချိန်တိုအတွင်း သူ၏ တိုက်ခိုက်မှု နည်းလမ်းကို ပြောင်းလဲနိုင်စွမ်း ရှိနေသည်။ ဤသည်မှာ မဖြစ်နိုင်သည်ကို ဖြစ်အောင် လုပ်နိုင်သည့် သူ၏ ထူးကဲသော စွမ်းအားကို သက်သေပြနေခြင်း ဖြစ်သည်။
“တကယ့်ကို မယုံနိုင်စရာ အမြန်နှုန်းပဲ ” ရှဖေးသည် တုန်လှုပ်သွားပြီး ဘောလုံးတစ်လုံးကဲ့သို့ လိပ်ခွေကာ သူ၏ အမြန်နှုန်းကို မြှင့်တင်လိုက်သည်။
သူတို့နှစ်ဦးမှာ တစ်ဦးနှင့်တစ်ဦး လွဲချော်သွားကြသည်။ ရှဖေးက လေထဲတွင် ရုတ်တရက် အမြန်နှုန်းမြှင့်လိုက်သဖြင့် သူရမ်၏ ခြေလှမ်းမှာ ရှဖေးကို လုံးဝ လွဲချော်သွားခဲ့သည်။
“ဟားဟားဟား.. စိတ်ဝင်စားစရာပဲ။ နောင်ကျရင် အကြိမ်ပေါင်း သုံးရာလောက် တိုက်ခိုက်ကြတာပေါ့။” မြေပြင်ပေါ်သို့ ဆင်းသက်ပြီးနောက် သူရမ်က အားရပါးရ ရယ်မောလိုက်သည်။ သူ၏ မျက်ဝန်းများမှာ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေပြီး အလွန်ပင် လွတ်လပ် ပေါ့ပါးနေပုံရသည်။
ရှဖေးမှာမူ ဘာပြောရမှန်း မသိ ဖြစ်သွားသည်။ ဤအဘိုးကြီးမှာ ကြိုတင် သတိပေးခြင်း မရှိဘဲ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့သည့်အပြင်၊ နောက်တစ်ကြိမ် တိုက်ခိုက်ရန်ပင် ထပ်မံ တောင်းဆိုနေသေးသည်။
အေဗရယ်ကို တွေ့ဆုံရန်သာ စိတ်စောနေသဖြင့် ရှဖေးမှာ သူရမ်နှင့် ထပ်မံ တိုက်ခိုက်လိုစိတ် မရှိပေ။ ထို့ကြောင့် သူသည် ပြုံးရွှင်သော မျက်နှာဖြင့် အဘိုးအိုထံသို့ အပြေးအလွှား သွားကာ လက်နှစ်ဖက်ကို ဆုပ်ကိုင်၍ နှုတ်ဆက်လိုက်သည်။
“ဒီက လူငယ်က လူကြီးမင်းရဲ့ တောင်းဆိုမှုကို လိုက်လျောချင်တာ မှန်ပေမယ့်၊ ကျွန်တော်က အဘိုးကြီး ချင်မန်ကိုယ်စား စာလာပို့တာပါ။ နောက်တစ်ကြိမ်မှပဲ ဆက်ပြီး ယှဉ်ပြိုင်ကြရင် ဘယ်လိုလဲခင်ဗျာ ”
“အင်း..”
သူရမ်က နှာခေါင်းရှုံ့လိုက်သည်။ ရှဖေးက ရိုသေကိုင်းရှိုင်းသည့် လူငယ်တစ်ဦး အနေဖြင့် ပြုမူနေသဖြင့် သူ မည်မျှပင် စိတ်လှုပ်ရှားနေပါစေ၊ ထိုလူငယ်ကို ထပ်မံ တောင်းဆိုရန်မှာ ရှက်စရာ ဖြစ်နေသည်။
ရှဖေး၏ နှိမ့်ချသော အပြုအမူကြောင့် သူရမ်၏ တိုက်ခိုက်လိုသော စိတ်ဆန္ဒများမှာ ပျောက်ကွယ်သွားပြီး အခက်တွေ့စေသည်။ သို့သော် ရှဖေးမှာ သူ၏ မျိုးဆက်သစ် လူငယ်တစ်ဦး ဖြစ်နေသဖြင့် သူသည်လည်း လူကြီးတစ်ဦးကဲ့သို့ ပြုမူရပေမည်။
“မင်း သွားလို့ရပြီ။” သူရမ်က သူ၏ အတွင်းရေးမှူးကို ပြောလိုက်သည်။ ထို့နောက် သူ၏ ထိုင်ခုံသို့ ပြန်သွားကာ အနည်းငယ် စိတ်ပျက်သွားသည့် ပုံပေါ်သည်။ စစ်သည်တော်များ အကြား ခွန်အား တိုင်းတာခြင်းမှာ မူးယစ်ဆေးဝါးကဲ့သို့ စွဲလမ်းစရာ ကောင်းလှရာ၊ တစ်ကွက်တည်းသာ ယှဉ်ပြိုင်လိုက်ရခြင်းက သူရမ်ကို လုံးဝ အားမရ ဖြစ်စေသည်။
“ချင်မန် နေကောင်းရဲ့လား။” သူရမ်သည် ချင်မန်၏ စာကို မဖောက်သေးဘဲ စားပွဲပေါ်တွင် တင်ထားကာ ရှဖေးနှင့် စကားစမြည် ပြောဆိုလိုက်သည်။
“ဟဲဟဲ.. အဘိုးကြီးကတော့ အားအင်တွေ ပြည့်နေတုန်းပါပဲ။ ဒါပေမယ့် သူ မွေးထားတဲ့ အိုဘလက် လို့ ခေါ်တဲ့ ကြောင်နက်ကြီးကတော့ တစ်နေ့ထက်တစ်နေ့ အားနည်းလာလို့ အဘိုးကြီးက အဲ့ဒါကို စိတ်ပူနေတာပါ။” ရှဖေးက ပြုံးလျက် ပြောလိုက်သည်။
“သြော်.. အိုဘလက်လား။ အဲ့ဒါက ချင်မန်ရဲ့ အသက်ပဲ။ သူက အဲ့ဒီကြောင်ကို သားတစ်ယောက်လို ဂရုစိုက်တာ။” ထို့နောက် သူရမ်က ဆက်မေးသည်။
“ဘာလို့ မင်းက ငါ့တိုက်ခိုက်မှုကို ရှောင်မထွက်ဘဲ ငါ့ဒူးဆစ်ကိုပဲ ပစ်မှတ်ထားခဲ့တာလဲ။”
ရှဖေးက တည်ငြိမ်စွာပင် ပြန်လည် ဖြေကြားလိုက်သည်။
“လူကြီးမင်း နောက်နေတာပဲ ဖြစ်ရမယ်။ လူကြီးမင်းရဲ့ တိုက်ခိုက်မှုက ကြောက်စရာ ကောင်းပုံ ပေါက်ပေမယ့် တကယ်တော့ အတုအယောင်ပါ။ တကယ့် တိုက်ကွက်က နောက်မှ လာမှာ။ ကျွန်တော် ဘယ်ကိုပဲ ရှောင်ရှောင် အရေးမကြီးတဲ့အတွက် လူကြီးမင်းရဲ့ အတုအယောင် တိုက်ကွက်ကိုပဲ ပြန်လည် တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်တာပါ။”
သူရမ်၏ မျက်ဝန်းများမှာ စိတ်လှုပ်ရှားမှုကြောင့် တောက်ပသွားပြီး ရှဖေးကို ထိုင်ရန် အချက်ပြလိုက်သည်။ “မင်းရဲ့ ဆရာက ငါ့ရဲ့ တိုက်ကွက် အကြောင်း ပြောပြထားတာ ဖြစ်ရမယ်။ အဲ့ဒီ အဘိုးကြီး ချင်မန်က မင်းကို ဘယ်လို ရှင်းပြထားတာလဲ။”
ရှဖေးမှာ အနည်းငယ် အံ့ဩသွားပြီး ခေါင်းခါပြလိုက်သည်။ “အဘိုးကြီး ချင်မန်က ကျွန်တော့်ဆရာ မဟုတ်သလို၊ လူကြီးမင်းရဲ့ တိုက်ကွက်တွေ အကြောင်းလည်း ဘာမှ ရှင်းမပြထားပါဘူး။”
“ဘာ..” သူရမ်က စားပွဲကို အားဖြင့် ရိုက်လိုက်ပြီး အော်ဟစ်လိုက်သည်။
“ချင်မန်က မင်းရဲ့ ဆရာ မဟုတ်ဘူးလား။”
ရှဖေးက ခေါင်းညိတ်လိုက်သည်။
“အဘိုးကြီးက စာကြည့်တိုက်မှူး တစ်ယောက်ပါ၊ ကျွန်တော်က သူ့လက်အောက်မှာ အလုပ်လုပ်တဲ့ စာကြည့်တိုက် ဝန်ထမ်း တစ်ယောက်ပါ။ အမှန်အတိုင်း ပြောရရင် ကျွန်တော်တို့က အထက်လူကြီးနဲ့ လက်အောက်ငယ်သား ဆက်ဆံရေးပါပဲ။”
“ဒါဆို မင်းက ငါ့တိုက်ကွက်ကို ကိုယ်တိုင် မြင်အောင် ကြည့်ပြီးမှ တန်ပြန် တိုက်ခိုက်ခဲ့တာပေါ့။”
“တကယ်တော့ အဲ့လို မဟုတ်ပါဘူး။ ဆုတ်ခွာတာ ဒါမှမဟုတ် ရှောင်တိမ်းတာက ပိုပြီး အန္တရာယ် များနိုင်တယ်လို့ သတိထားမိလို့ စွန့်စားပြီး တိုက်ခိုက်လိုက်တာပါ။”
“သြော်.. အဲ့လိုလား။” သူရမ်သည် ကုလားထိုင်တွင် မှီလိုက်ပြီး သူ၏ ရှည်လျားလှခြင်း မရှိသော ဆိတ်မုတ်ဆိတ်ဖြူဖြူကို ပွတ်သပ်ရင်း ရေရွတ်လိုက်သည်။ “မင်းက သူ့တပည့် မဟုတ်ဘဲနဲ့ သူက မင်းကို စာလာပို့ခိုင်းတယ်ပေါ့။”
သူရမ်သည် စားပွဲပေါ်ရှိ စာကို ဆက်လက် ဖတ်ရှုလိုက်သည်။ သူသည် ဖတ်ရင်းနှင့် ရယ်မောနေရာမှ ရုတ်တရက် တည်ကြည် လေးနက်သော အမူအရာ ဖြစ်သွားသည်။ စာထဲတွင် ဘာတွေ ရေးထားသည်ကို ရှဖေး မသိသဖြင့် ဘေးတွင် တိတ်ဆိတ်စွာ ရပ်နေလိုက်သည်။
စာဖတ်ပြီးနောက် သူရမ်သည် စာကို စားပွဲအံဆွဲထဲသို့ ထည့်လိုက်ပြီး ရှဖေးကို မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ “မင်းက အသူရာချောက်နက်ကို သွားပြီး မင်းရဲ့ သူငယ်ချင်းကို ရှာမလို့လား။”
ရှဖေးမှာ အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားသည်။ ချင်မန်က သူ အသူရာချောက်နက်ကို သွားမည့် အကြောင်း သူရမ်ကို ပြောပြထားသည်မှာ ပြဿနာ မရှိသော်လည်း၊ အေဗရယ် အကြောင်းကိုပါ ဘာကြောင့် ထည့်ပြောလိုက်ရသနည်း။ သူ၏ ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့်ကို မလေးစားခြင်းပင် ဖြစ်သည်။
“ဟုတ်ပါတယ် ခင်ဗျာ။” ရှဖေးက ပွင့်လင်းစွာ ဝန်ခံလိုက်သည်။
“တခြား ဘာမှ မရှိတော့ရင် ကျွန်တော် ခွင့်ပြုပါဦး။ အဘိုးကြီးက လူကြီးမင်း လက်ဖက်ရည် ကြိုက်တယ်လို့ ပြောလို့ ကျွန်တော့်ရဲ့ ဇာတိမြေက လက်ဖက်ရည် အမျိုးမျိုးကို မြည်းစမ်းကြည့်ဖို့ ယူလာပေးပါတယ် ခင်ဗျာ။”
ရှဖေးသည် လက်ဖက်ရည်ဘူး သုံးဘူးကို ထုတ်ယူကာ စားပွဲပေါ်တွင် တင်လိုက်သည်။ ထိုဘူးများမှာ အလွန်မကြီးမားသော်လည်း တစ်ဘူးလျှင် လက်ဖက်ရည် ခြောက်ကျပ်သားခန့် ပါဝင်သည်။
“ဒါတွေက ထျဲ့ကွမ်းယင်း၊ ယွင်ဝူ နဲ့ မင်ချန်လုံကျင်း လက်ဖက်ရည်တွေပါ။ လူကြီးမင်း ကြိုက်နှစ်သက်တယ် ဆိုရင် နောက်တစ်ခါ ထပ်ယူလာပေးပါ့မယ်။” ရှဖေးက ပြောလိုက်သည်။
ရှဖေးသည် စကားအဆုံးတွင် ထွက်ခွာရန် ပြင်လိုက်သော်လည်း သူရမ်က ဆက်ထိုင်နေရန် အချက်ပြလိုက်သည်။ ရှဖေးသည် အေဗရယ်နှင့် အမြန်ဆုံး တွေ့ချင်နေသော်လည်း သူရမ်၏ အမြန်နှုန်းအဝါကို ရိုသေသောအားဖြင့် ထိုင်ခုံသို့ ပြန်သွားလိုက်သည်။
“ဒီစာထဲမှာ ချင်မန် ဘာရေးထားလဲ မင်းသိလား။” ဟု သူရမ်က မေးလိုက်သည်။
ရှဖေးက ခေါင်းခါပြလိုက်သည်။ “မသိပါဘူး ခင်ဗျာ၊ အဘိုးကြီးက ကျွန်တော့်ကို ဘာမှ မပြောပြထားပါဘူး။”
သူရမ်က ရယ်မောလိုက်သည်။
“ဟဲဟဲ.. ငါ ချင်မန်နဲ့ သိလာတာ ဆယ်စုနှစ်ပေါင်းများစွာ ရှိပြီ၊ ဒါပေမယ့် သူ တစ်စုံတစ်ဦးကို ဒီလောက် ကောင်းကောင်းမွန်မွန် ဆက်ဆံတာ ဒါ ပထမဆုံး မြင်ဖူးတာပဲ။ သူ ငယ်ငယ်တုန်းက ဘယ်လို နာမည်ပြောင် ရှိခဲ့လဲ မင်းသိလား။”
“မသိပါဘူး ခင်ဗျာ။”
“မင်းသိတဲ့ အဲ့ဒီ အဘိုးကြီးက ငယ်ငယ်တုန်းက ‘လူသား ငရဲမင်း’ လို့ လူသိများခဲ့တာ။ သူ့ကို ပြဿနာ ရှာတဲ့သူက အသက်မသေရင်တောင်မှ အနည်းဆုံးတော့ အသားပဲ့သွားတာပဲ။ သူက အကြောင်းပြချက် မရှိဘဲ ရက်စက်ကြမ်းကြုတ်တဲ့ နေရာမှာ နာမည်ကြီးတယ်။ ဒီနှစ်တွေ အတောအတွင်းမှာ သူ့ကို ‘အဘိုးကြီး’ လို့ ခေါ်ရဲတဲ့သူဆိုလို့ မင်း တစ်ယောက်ပဲ ရှိသေးတယ်။ ငါတောင်မှ သူ့ကို အိုချင် လို့ပဲ ခေါ်တာ၊ အဲ့ဒါတောင် သူ စိတ်ကြည်နေတဲ့ အချိန်မှနော်၊ မဟုတ်ရင် သူက မျက်နှာပျက်သွားမှာ ”
သူရမ်က အနည်းငယ် ကြောက်လန့်နေသော ပုံစံဖြင့် ပြောပြသည်။ ရှဖေးသည် သူရမ်၏ စကားများမှာ အမှန်တရား ဖြစ်ကြောင်း သတိထားမိသည်။ သိသာသည်မှာ ချင်မန်သည် တကယ်ပင် ကြောက်စရာ ကောင်းခဲ့ခြင်း ဖြစ်သည်။
သူသည် ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်သည်။ ရှဖေး၏ မျက်လုံးထဲတွင် ချင်မန်မှာ ထူးထူးခြားခြား ဝဖြိုးနေသော အဘိုးအို တစ်ဦးသာ ဖြစ်သည်။ သူတို့ နှစ်ဦးမှာ တစ်ဦးနှင့်တစ်ဦး နောက်ပြောင်နေကြ ဖြစ်သဖြင့် ချင်မန်မှာ ရက်စက်တတ်သူ တစ်ဦး ဖြစ်လိမ့်မည်ဟု သူ မည်သို့မျှ စိတ်ကူး၍ မရပေ။
ရှဖေးသည် စိတ်ဝင်စားသွားပြီး ချင်မန်၏ နက်နဲသော အတိတ်ကို သိချင်စိတ် ပြင်းပြလာသည်။ “အဘိုးကြီးက ဒါတွေနဲ့ ပတ်သက်ပြီး ကျွန်တော့်ကို ဘာမှ မပြောဖူးဘူး။ သူက စတွေ့ကတည်းက စိတ်သဘောထား ကောင်းပြီး အရမ်း ကြင်နာတတ်တာပါ။”
“သူက စိတ်သဘောထား ကောင်းတယ် ဟုတ်လား။” သူရမ်က ပြုံးစစဖြင့် သူ၏ ညာဘက် လက်စွပ်ကို လိပ်တင်လိုက်ရာ ကြောက်စရာ ကောင်းသော အမာရွတ် အမည်းကြီး တစ်ခု ပေါ်လာသည်။
“ဒါကို မြင်လား။ ဒါက မင်းပြောတဲ့ စိတ်သဘောထား ကောင်းတဲ့ အဘိုးကြီး ပေးခဲ့တဲ့ အမာရွတ်ပဲ။ ငါတို့ ဘာကြောင့် တိုက်ခိုက်ခဲ့ကြလဲ မင်းသိလား။”
“မသိပါဘူး ခင်ဗျာ။”
“ဘာလို့လဲဆိုတော့ ငါက သူ့ကို တစ်မျိုးလေး ကြည့်လိုက်မိလို့ပဲ။” သူရမ်က စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။
“ငါတို့ လေ့ကျင့်ရေး စခန်းမှာ လေ့ကျင့်နေတုန်းက ချင်မန်က ဝဝကုတ်ကုတ်လေးနဲ့ ချစ်စရာ ကောင်းနေတယ်လို့ ငါထင်လို့ သူ့ကို ခဏလောက် စိုက်ကြည့်မိတာ။ မင်းရဲ့ အဲ့ဒီ ‘အဘိုးကြီး’ က ဘာမှ မမေးမမြန်းဘဲ သူ့ရဲ့ အင်အား အပြည့်နဲ့ ငါ့ကို တိုက်ခိုက်တော့တာပဲ။ ငါတို့ လေ့ကျင့်ရေး စခန်းမှာ ရှိတဲ့ နှစ်နှစ်အတွင်းမှာ အကြိမ်ပေါင်း ရာနဲ့ချီပြီး တိုက်ခိုက်ခဲ့ကြတယ်။ ငါ့ခန္ဓာကိုယ်ပေါ်က အမာရွတ်တွေရဲ့ တစ်ဝက်က သူပေးခဲ့တာ။ ဒါပေမယ့် ချင်မန်လည်း သက်သာတာ မဟုတ်ပါဘူး၊ ငါ အခု မင်းကို သုံးလိုက်တဲ့ တိုက်ကွက်နဲ့ သူ့ရဲ့ တင်ပါး တစ်ခြမ်းကို ဆွဲဖြဲပစ်ခဲ့တာ။
နောက်ဆုံးတော့ ငါတို့ကြားမှာ ဘယ်သူက အနိုင်ရတယ်၊ ဘယ်သူက အရှုံးရတယ်ဆိုတာ အဖြေ မထွက်ခဲ့ပါဘူး။ ဒါ့အပြင် ငါတို့က တိုက်ရင်းခိုက်ရင်းနဲ့ပဲ သိကျွမ်းလာကြပြီး သူငယ်ချင်းတွေ ဖြစ်သွားခဲ့တာ။ သူ့ကို တိုက်ခိုက်ခဲ့ရတဲ့ နေ့ရက်တွေကို တကယ် သတိရမိတယ်၊ အခုတော့ ငါတို့ နှစ်ယောက်လုံး အိုကုန်ကြပါပြီ။”
သူရမ်က ပြောနေရင်းနှင့် သူ၏ ငယ်စဉ်ဘဝ နေ့ရက်များကို ပြန်လည် လွမ်းမောရင်း အတွေးနယ်ထဲတွင် နစ်ဝင်သွားပုံရသည်။
ရှဖေးမှာမူ တိတ်ဆိတ်စွာ နေရင်း အဘိုးကြီး ချင်မန် တခြားသူနှင့် တိုက်ခိုက်နေသည့် ပုံရိပ်ကို စိတ်ကူးကြည့်ရန် ကြိုးစားနေသော်လည်း၊ ထိုဝဖြိုးနေသော အဘိုးအိုမှာ တစ်ဖက်လူနှင့် လက်ဖန်းလုံးနေမည်ဟု မည်သို့မျှ စိတ်ကူး၍ မရနိုင်ပေ။
ချင်မန်မှာ ကြောက်မက်ဖွယ် အမူအရာ ရှိလိမ့်မည်ဟု ရှဖေး စိတ်ကူးရသည်မှာ ပို၍ပင် ခက်ခဲလှသည်။ သူ့ကို တစ်မျိုး ကြည့်မိရုံဖြင့် တစ်ဖက်လူကို အင်အား အပြည့်ဖြင့် တိုက်ခိုက်သည် ဆိုပါက သူ မည်မျှပင် စိတ်တိုတတ်မည်ကို ခန့်မှန်းကြည့်နိုင်သည်။
သူရမ်က သက်ပြင်းတစ်ချက် ချလိုက်ပြီး လက်ရှိ အခြေအနေသို့ ပြန်လည် ရောက်ရှိလာသည်။ “မင်းက သူ့တပည့် မဟုတ်ပေမယ့် သူက သူ့ရဲ့ တခြား တပည့်တွေထက် မင်းကို ပိုပြီး ကောင်းကောင်းမွန်မွန် ဆက်ဆံနေတာ။ မင်း သူ့ရဲ့ မျက်နှာသာပေးမှုကို ဘယ်လို ရခဲ့လဲဆိုတာ မင်း သိသလား။”
ရှဖေးမှာ ပြောစရာ အကြောင်းပြချက် မရှိပေ။ သူသည် ချင်မန်အတွက် လက်ဖက်ရည်နှင့် မုန့်များ မကြာခဏ ပေးခြင်း၊ အားလပ်ချိန်တွင် စကားပြောပေးခြင်းနှင့် သူကဲ့သို့ပင် ဝဖြိုးနေသော အိုဘလက် ကို ကူညီ စောင့်ရှောက်ပေးခြင်းမှလွဲ၍ ထူးထူးခြားခြား ဘာမှ မလုပ်ပေးခဲ့ပေ။
“ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက် အပေးအယူ တည့်လို့ ဖြစ်မှာပါ။” ရှဖေးက ဝေဝေဝါးဝါးပင် ပြန်လည် ဖြေကြားလိုက်သည်။ သူရမ်က ရှဖေးကို သူ၏ စူးရှသော မျက်ဝန်းများဖြင့် အတော်ကြာအောင် စိုက်ကြည့်နေသဖြင့် ရှဖေးမှာ စိတ်မသက်မသာ ဖြစ်သွားသည်။
“တကယ်တော့ မင်းက ချင်မန် ငယ်ငယ်တုန်းကနဲ့ တော်တော် ဆင်တာပဲ၊ ဒါပေမယ့် မင်းက အဲ့ဒီတုန်းက သူထက်စာရင် အများကြီး ပိုပြီး ရင့်ကျက်ပါတယ်။ သူက ငယ်ငယ်တုန်းကတော့ တကယ့် လူရမ်းကား တစ်ယောက်ပဲ ချင်မန်က မင်း အသူရာချောက်နက်ကို သွားဖို့အတွက် သင့်တော်တဲ့ စစ်သင်္ဘော တစ်စီး စီစဉ်ပေးဖို့ ငါ့ကို တောင်းဆိုထားတယ် ”
ရှဖေးမှာ အံ့အားသင့်သွားသည်။ ချင်မန်က သူ့အတွက် သင်္ဘော အသစ်တစ်စီး ရအောင် လုပ်ပေးချင်နေသည် မဟုတ်ပါလား။
သွေးစုပ်ဖုတ်ကောင် သင်္ဘောမှာ အသူရာချောက်နက်ကြယ်တာရာ နယ်မြေအဆင့် သို့ သွားရောက်ရန် လုံလောက်သော အစွမ်းရှိသဖြင့် ရှဖေးမှာ သင်္ဘော အသစ်တစ်စီး အမှန်တကယ် မလိုအပ်ပေ။ ချင်မန်က သွေးစုပ်ဖုတ်ကောင် သင်္ဘောမှာ သေမင်းတမန် သုံးဖော် ကြယ်တာရာ နယ်မြေအဆင့် ကို စိန်ခေါ်ရန် မလုံလောက်ဟု ထင်နေခြင်း ဖြစ်နိုင်ပါမည်လား။
သူ စဉ်းစားနေစဉ်မှာပင် သူရမ်က ထပ်လောင်း ပြောကြားလိုက်သည်။
“မင်းမှာ အမ်နာသီမာ အမျိုးအစား အထူးတပ်ဖွဲ့သုံး ဖရီးဂိတ် သင်္ဘောတစ်စီး ရှိတယ်လို့ ချင်မန်က ပြောတယ်။”
ရှဖေးက ခေါင်းညိတ်လိုက်သည်။
“ဟုတ်ပါတယ် ခင်ဗျာ။”
“အမ်နာသီမာ က စွမ်းဆောင်ရည် ကောင်းမွန်ပေမယ့် ဖရီးဂိတ် သင်္ဘော အမျိုးအစားပဲ ဖြစ်နေသေးတဲ့အတွက် ပစ်ခတ်နိုင်စွမ်းနဲ့ ကာကွယ်ရေး ပိုင်းမှာ အားနည်းချက် ရှိသေးတယ်။ အတန်းအစား တူညီတဲ့ သင်္ဘောတွေနဲ့ ယှဉ်ရင် ကောင်းမွန်ပေမယ့် ပိုပြီး ကြီးမားတဲ့ သင်္ဘောတွေနဲ့ ယှဉ်ရင်တော့ အားနည်းချက် ရှိလိမ့်မယ်။ ဒါကြောင့် ချင်မန်က မင်းအတွက် တိုက်ပွဲသုံး ခရူဇာ သင်္ဘော တစ်စီး ပေးဖို့ ငါ့ကို တောင်းဆိုထားတာ၊ မင်းရဲ့ အမ်နာသီမာ ကိုတော့ အရန်သင်္ဘော အဖြစ် လေယာဉ်ရုံထဲမှာ ထားနိုင်တယ်။ ချင်မန်က မင်းအတွက် ဒီလောက်အထိ အစွမ်းကုန် ကူညီပေးတာက တကယ်ကို ရှားပါးတဲ့ ကိစ္စပဲ။ မင်း ပြန်ရောက်တဲ့အခါ သူ့ကို တကယ် ကျေးဇူးတင်သင့်တယ်။”
သူရမ်က ပြောလိုက်သည်။
“တိုက်ပွဲသုံး ခရူဇာ သင်္ဘော။” သူရမ်၏ စကားကို ကြားလိုက်ရသောအခါ ရှဖေးမှာ အလွန်ပင် အံ့အားသင့်သွားတော့သည်။
အခန်း (၁၅၂) - ဗက်ဆာ အတန်းအစား တိုက်ပွဲသုံး ခရူဇာ
စစ်သင်္ဘောများ၏ အဆင့်သတ်မှတ်ချက်အရ ဖရီးဂိတ်များမှာ အနိမ့်ဆုံးဖြစ်ပြီး၊ ၎င်းနောက်တွင် ဖျက်သင်္ဘောများ၊ ထို့နောက်တွင် တိုက်ပွဲသုံး ခရူဇာများ၊ ထို့နောက်တွင် တိုက်ပွဲဝင် သင်္ဘောကြီးများနှင့် နောက်ဆုံးတွင် အကြီးမားဆုံးဖြစ်သော အဓိက စစ်သင်္ဘောကြီးများဟူ၍ အဆင့်ဆင့် ရှိကြသည်။
တိုက်ပွဲသုံး ခရူဇာများသည် အံ့ဩဖွယ်ရာ ပစ်ခတ်နိုင်စွမ်းရှိပြီး ထိပ်တန်းအဆင့် ဝေးလံသော ခရီးသွားလာနိုင်စွမ်းကို ပိုင်ဆိုင်ထားကြသည်။ အကယ်၍ တစ်စုံတစ်ဦးသည် အလင်းနှစ် သန်းပေါင်းများစွာ ဝေးကွာသော အန်ဒါရို ကြယ်တာရာ နယ်မြေအဆင့် မှ အသူရာချောက်နက်သို့ ခရီးသွားရန် စီစဉ်ပါက ခရူဇာများသည် ဖရီးဂိတ်များထက် သိသိသာသာ ပို၍ ကောင်းမွန်လှသည်။
ဥပမာအားဖြင့် ခရီးလမ်းခုလတ်တွင် မမျှော်လင့်ဘဲ ဥက္ကာခဲမိုးနှင့် ကြုံတွေ့ရပါက ခရူဇာသည် ၎င်း၏ ကြီးမားသော စွမ်းအင်ဒိုင်းကို အသုံးပြု၍ ပုံမှန်အတိုင်း ဆက်လက် ခရီးနှင်နိုင်သော်လည်း၊ အလားတူ အခြေအနေမျိုးသည် သေးငယ်သော ဖရီးဂိတ်များအတွက်မူ ဘေးအန္တရာယ်တစ်ခု ဖြစ်လာပေလိမ့်မည်။
ဖရီးဂိတ်၏ အားသာချက်မှာ လျင်မြန်စွာ လှုပ်ရှားနိုင်ခြင်းနှင့် ရေဒါတွင် ဖမ်းမိရန် ခက်ခဲခြင်းတို့ ဖြစ်သော်လည်း၊ တိုက်ပွဲသုံး ခရူဇာများမှာမူ ထိုကဲ့သို့သော အပိုအလင်္ကာများ မရှိပေ။ ရန်သူနှင့် ရင်ဆိုင်ရပါက လုပ်ဆောင်စရာ နည်းလမ်း တစ်ခုတည်းသာ ရှိသည်၊ ၎င်းမှာ ကြီးမားသော ပစ်ခတ်အားဖြင့် ရန်သူကို ချေမှုန်းပစ်ရန်ပင် ဖြစ်သည်။
၎င်းတို့၏ အံ့ဩဖွယ်ရာ ပစ်ခတ်အားနှင့် ထူထဲသော သံချပ်ကာများကို အသုံးပြု၍ မိမိကိုယ်ကိုယ် ကာကွယ်ရန်မှာ ဤကြီးမားသော စစ်သင်္ဘောများကို တည်ဆောက်ရခြင်း၏ ရည်ရွယ်ချက်ပင် ဖြစ်သည်။
ဖရီးဂိတ်နှင့် တိုက်ပွဲသုံး ခရူဇာများသည် ဝိသေသလက္ခဏာချင်း ကွဲပြားသကဲ့သို့ ၎င်းတို့၏ တိုက်ခိုက်မှု ပုံစံများမှာလည်း ကွဲပြားကြသည်။ အန္တရာယ်များလှသော သေမင်းတမန် သုံးဖော် ကြယ်တာရာ နယ်မြေအဆင့် သို့ ခရီးသွားရာတွင် ပိုမိုကြီးမားသော စစ်သင်္ဘောကို အသုံးပြုခြင်းက ပိုကောင်းသည်ကို ရှဖေး နားလည်ထားသည်။
ပို၍ အရေးကြီးသည်မှာ ရှဖေးသည် အလုပ်သင် တရားစီရင်သူ အဆင့်သာ ရှိသေးသဖြင့် ဖျက်သင်္ဘောတစ်စီး ပိုင်ဆိုင်ခွင့် မရှိသေးဘဲ၊ ပို၍ကြီးမားသော တိုက်ပွဲသုံး ခရူဇာကို ပိုင်ဆိုင်ရန်မှာ ပို၍ပင် မဖြစ်နိုင်သေးပေ။ ထို့အပြင် ဘီလီယံနှင့်ချီသောတိုက်ပွဲသုံး ခရူဇာများ၏ ဈေးနှုန်းမှာလည်း ကြီးမားသော အတားအဆီးတစ်ခု ဖြစ်နေသည်။
အဆုံးမဲ့သော ဂလက်ဆီများကြား ခရီးသွားရာတွင် ကောင်းမွန်သော စစ်သင်္ဘောတစ်စီးမှာ ကောင်းမွန်သော ဖိနပ်တစ်စုံကဲ့သို့ပင် ဖြစ်ပြီး မိမိသွားလိုသော မည်သည့်နေရာသို့မဆို ပို့ဆောင်ပေးနိုင်သည်။ စကြဝဠာအတွင်း ခရီးသွားသူတိုင်းသည် ပိုမိုကောင်းမွန်သော စစ်သင်္ဘောများ ရရှိရန် အစွမ်းကုန် ကြိုးစားကြသည်၊ အကြောင်းမှာ ၎င်းတို့၏ အသက်အန္တရာယ်မှာ သင်္ဘောပေါ်တွင် မူတည်နေသောကြောင့် ဖြစ်သည်။
ရှဖေးသည် ခဏမျှ စဉ်းစားလိုက်သည်။
“ကျွန်တော်က အလုပ်သင် တရားစီရင်သူ အဆင့်ပဲ ရှိသေးတော့ လိုင်စင်တောင် မရနိုင်သေးပါဘူး။ ဒါကြောင့် တိုက်ပွဲသုံး ခရူဇာ တစ်စီး ရခဲ့ရင်တောင် ကျွန်တော် မောင်းနှင်နိုင်မှာ မဟုတ်ဘူး။ ဒါ့အပြင် ကျွန်တော့်မှာ အဲ့ဒါအတွက် ပေးဖို့ ပိုက်ဆံလည်း မရှိပါဘူး။”
သူရမ်က အားရပါးရ ရယ်မောလိုက်သည်။
“အဲ့ဒါအတွက် မင်းစိတ်ပူစရာ မလိုပါဘူး၊ ငါ့မှာ နည်းလမ်းတွေ ရှိပါတယ်။ မင်းက မင်းမျက်စိကျတဲ့ တစ်စီးကိုပဲ ရွေးလိုက်ရုံပဲ၊ ဒါပေမယ့် ယူနီယံကနေ အနားပေးထားတဲ့ သင်္ဘောတွေထဲကပဲ ရွေးရမှာပေါ့။”
ထို့နောက် သူရမ်သည် ပရိုဂျက်တာ မျက်နှာပြင်ကို ဖွင့်လိုက်ရာ စစ်သင်္ဘောတန်းကြီးများ ပေါ်လာသည်။
တရားစီရင်သူ ယူနီယံသည် အလွန်ကြီးမားသောကြောင့် စစ်သင်္ဘောအုပ်စုပေါင်း ထောင်နှင့်ချီ၍ ပိုင်ဆိုင်ထားရာ၊ နှစ်စဉ် အနားပေးလိုက်သော သင်္ဘောအရေအတွက်မှာလည်း မနည်းလှပေ။ ထိုသင်္ဘော အများစုမှာ ပျက်စီးသွားသောကြောင့် မဟုတ်ဘဲ သက်တမ်းကုန်ဆုံးသွားသောကြောင့်သာ ဖြစ်သည်။
စစ်သင်္ဘောများကို အလွိုင်း အစိတ်အပိုင်းများဖြင့် တည်ဆောက်ထားခြင်း ဖြစ်ပြီး နှစ်အတော်ကြာ အသုံးပြုပြီးနောက်တွင် ပျက်စီးနိုင်ခြေမှာ သိသိသာသာ မြင့်တက်လာသည်။ သို့သော် ဤသည်မှာ ၎င်းတို့ကို အသုံးမပြုနိုင်တော့ဟု ဆိုလိုခြင်း မဟုတ်ပေ၊ သင့်တင့်သော ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်ပြီးပါက အာကာသ ခရီးသွားလာရန်အတွက် ကောင်းမွန်နေဆဲ ဖြစ်သော်လည်း သင်္ဘောသစ်တစ်စီးနှင့် ယှဉ်လျှင်မူ စွမ်းဆောင်ရည် အနည်းငယ် လျော့နည်းနိုင်ပေသည်။
တစ်ပတ်ရစ် တိုက်ပွဲသုံး ခရူဇာတစ်စီး ရရှိနိုင်ခြင်းမှာ ရှဖေးအတွက် သတင်းကောင်းပင် ဖြစ်သဖြင့် သူသည် ဂျေးမရွေးလိုတော့ပေ။ “ပိန်သော်လည်း ကုလားအုတ်မှာ မြင်းထက် ကြီးသည်” ဟူသော စကားအတိုင်း သက်တမ်းကုန်ခါနီး တိုက်ပွဲသုံး ခရူဇာတစ်စီးမှာပင် သေးငယ်သော စစ်သင်္ဘောတစ်စီးထက် ပစ်ခတ်အားနှင့် ကာကွယ်ရေးပိုင်းတွင် ပို၍ သာလွန်နေပါသေးသည်။
“ဒါကတော့ မဖြစ်ဘူး.. ဒါလည်း မဖြစ်သေးဘူး.. ဒီတစ်စီးကတော့.. အဆင်ပြေတယ်။” သူရမ်သည် လက်နက်နှင့် ကိရိယာ တန်ဆာပလာ ဌာန၏ အကြီးအကဲ ဖြစ်သည့်အတိုင်း သင်္ဘောများ၏ အားသာချက်၊ အားနည်းချက်များကို အလွန် ကောင်းမွန်စွာ သိရှိနေသည်။ သူသည် လက်ဝှေ့ယမ်းလိုက်ရာ မျက်နှာပြင်ပေါ်ရှိ တိုက်ပွဲသုံး ခရူဇာ အများစုမှာ ပျောက်ကွယ်သွားပြီး ရွေးချယ်စရာ အစီးနှစ်ဆယ်ခန့်သာ ကျန်တော့သည်။
“ဒီသင်္ဘောတွေရဲ့ စွမ်းဆောင်ရည် ညွှန်းကိန်းတွေက တော်တော်လေး ကောင်းပါတယ်။ မင်းရဲ့ ခရီးစဉ်အတွက် ဘယ်တစ်စီးမဆို လုံလောက်ပါတယ်၊ ဒါကြောင့် မင်းကြိုက်တာ တစ်စီး ရွေးလိုက်တော့။” သူရမ်က ပရိုဂျက်တာ မျက်နှာပြင်ကို ညွှန်ပြရင်း ပြောလိုက်သည်။
ရှဖေးသည် ခေါင်းညိတ်ပြကာ မျက်နှာပြင်ပေါ်ရှိ သင်္ဘောများကို တစ်စီးချင်း လိုက်ကြည့်ပြီး စစ်ဆေးရေး အစီရင်ခံစာများကိုပါ သေချာ ဂရုစိုက် ဖတ်ရှုနေသည်။ ခဏအကြာတွင် ရှဖေးသည် ဂါယန် ဗက်ဆာ အတန်းအစား တိုက်ပွဲသုံး ခရူဇာ တစ်စီးကို ညွှန်ပြလိုက်သည်။
“ဖြစ်နိုင်ရင် ကျွန်တော် ဒါလေးပဲ ယူပါ့မယ်။”
သူရမ်သည် ရှဖေး ညွှန်ပြသည့်နေရာကို ကြည့်ကာ ချက်ချင်းပင် ရယ်မောလိုက်သည်။ “ခြောက်ဆယ့်ငါး ရာခိုင်နှုန်း သစ်လွင်နေသေးတာပဲ။ မဆိုးဘူး၊ သင်္ဘောကို သေချာ ထိန်းသိမ်းထားတာပဲ။”
ဗက်ဆာ တိုက်ပွဲသုံး ခရူဇာများသည် ခရူဇာများထဲတွင် အလွန် ထူးခြားသည်။ ရှဖေးသည် ဤသင်္ဘောကို ရွေးချယ်ရခြင်းမှာ ၎င်းကို သေချာ ထိန်းသိမ်းထားခြင်းကြောင့်သာမကဘဲ ၎င်း၏ ထူးခြားသော တိုက်ခိုက်မှု ပုံစံကြောင့်လည်း ဖြစ်သည်။
အမြောက်များနှင့် ဒုံးကျည်များကို အသုံးပြုသော အခြားသော တိုက်ပွဲသုံး ခရူဇာများနှင့် မတူဘဲ၊ ဗက်ဆာ၏ အဓိက လက်နက်မှာ ဒရုန်းခန်းအတွင်းရှိ ဒရုန်း အစင်းပေါင်း ဒါဇင်နှင့်ချီ၍ ဖြစ်သည်။
၎င်းသည် ရန်သူများကို ဝိုင်းရံ တိုက်ခိုက်ရန်အတွက် လေးလံသော ဒရုန်း အစင်းနှစ်ဆယ်ကို လွှတ်တင်နိုင်ပြီး၊ စစ်သင်္ဘောမှာမူ တိုက်ပွဲ ဖြစ်ပွားနေသည်ကို အဝေးမှ ကြည့်နေရုံဖြင့် ရန်သူများကို သေခြင်းတရားကို မကြောက်သော ဒရုန်းအုပ်ကြီးနှင့် ရင်ဆိုင်စေနိုင်သည်။
ဤသည်မှာ တိုက်ခိုက်ရေးတွင် အထိရောက်ဆုံး နည်းလမ်း မဟုတ်သော်လည်း အကြမ်းတမ်းဆုံး နည်းလမ်း ဖြစ်သည်။ တစ်ဖက်လူ ပျက်စီးသွားသည်ကို အဝေးကနေ အေးအေးဆေးဆေး ကြည့်နေနိုင်ခြင်းမှာ ဤထက် ပို၍ ဘေးကင်းသော တိုက်ခိုက်မှု ပုံစံ ရှိပါဦးမည်လော။
ရှဖေးသည် ထူးခြားသော အချက်များ ရှိသည့် စစ်သင်္ဘောများကို အမြဲ သဘောကျလေ့ ရှိသည်။ လကြတ်ယာဉ် ဖြစ်စေ၊ သွေးစုပ်ဖုတ်ကောင် ဖြစ်စေ နှစ်ခုစလုံးမှာ ကိုယ်ပိုင် ထူးခြားချက်များ ရှိကြသည်။ ရှဖေးတွင် တိုက်ပွဲသုံး ခရူဇာ တစ်စီး ရနိုင်သော အခွင့်အရေး ရလာသောအခါ သူသည် အထူးခြားဆုံး တစ်စီးကိုသာ ရွေးချယ်မည် ဖြစ်သည်။
ထို့အပြင် ဒရုန်းများကို အသုံးပြု၍ ရန်သူကို ညှဉ်းဖန်းနှိပ်စက်ခြင်းမှာ ဗက်ဆာ လုပ်နိုင်သည့် အရာ အားလုံး မဟုတ်ပေ။ အကယ်၍ ၎င်းကို ပြန်လည် ပြုပြင်မွမ်းမံနိုင်ပါက အံ့ဩဖွယ်ရာ အလားအလာများကို ပိုင်ဆိုင်ထားသည်၊ ဤသည်မှာ ရှဖေး မျက်စိကျရခြင်း၏ အကြီးမားဆုံးသော အကြောင်းရင်းပင် ဖြစ်သည်။
ပရိုဂျက်တာ မျက်နှာပြင်ကို အနည်းငယ် နှိပ်လိုက်ရုံဖြင့် သင်္ဘော၏ ခန့်မှန်းခြေ ဈေးနှုန်းဖြစ်သော ကြယ်တာရာဒင်္ဂါး ၁.၅၂ ဘီလီယံမှာ ကြယ်တာရာဒင်္ဂါး သန်းငါးရာ့နှစ်ဆယ်သို့ ပြောင်းလဲသွားသည်။
“ဒီဈေးနှုန်းကို မင်း လက်ခံနိုင်တယ် မဟုတ်လား။” သူရမ်က မေးလိုက်သည်။
ရှဖေးမှာ ဘာပြောရမှန်း မသိ ဖြစ်သွားသည်။ သူရမ်သည် ထိုသင်္ဘောများကို ကိုယ်တိုင် ပိုင်ဆိုင်ထားသကဲ့သို့ ဈေးနှုန်းကို မိမိစိတ်ကြိုက် ပြောင်းလဲနေသည်။ ရှဖေးအတွက် တိုက်ပွဲသုံး ခရူဇာ တစ်စီး ရနိုင်ခြင်းမှာပင် အံ့ဩစရာ ဖြစ်နေသော်လည်း၊ ဗက်ဆာ တိုက်ပွဲသုံး ခရူဇာကို သန်းငါးရာနှင့် ရရှိခြင်းမှာ ဖြစ်နိုင်သမျှ အကောင်းဆုံး ကိစ္စပင် ဖြစ်သည်။
“ကျွန်တော် ဒါကို မယူရဲပါဘူး။ တခြားလူတွေက လူကြီးမင်းရဲ့ နောက်ကွယ်မှာ အတင်းအဖျင်းတွေ ပြောကြမှာ မစိုးရိမ်ဘူးလား။”
“သူတို့ မဝံ့ရဲပါဘူး။ ငါက ဒီလို ညံ့ဖျင်းတဲ့ လက်နက်နဲ့ ကိရိယာ တန်ဆာပလာ ဌာနကို ရာထူးချခံရလို့ တကယ်ကို ဒေါသထွက်နေတာ၊ တခြား ဘယ်သူမဆို လာပြီး ပြဿနာ ရှာမယ်ဆိုရင် ငါ သူတို့ လည်ပင်းညှစ်သတ်မှာကိုပဲ သူတို့ စိုးရိမ်သင့်တယ်။” သူရမ်က ရက်စက်စွာ ပြောလိုက်သည်။
ရှဖေးမှာ ဆွံ့အသွားသည်။ သူရမ်သည် ရာထူးချခံရပြီးမှ ယခုနေရာသို့ ရောက်လာခြင်း ဖြစ်သည်၊ ၎င်းမတိုင်ခင်က သူသည် မည်သည့် ရာထူးကို ရယူထားပါသနည်း။
သူ စဉ်းစားနေစဉ်မှာပင် သူရမ်က ရုတ်တရက် လိမ္မာပါးနပ်စွာဖြင့် ပြောလိုက်သည်။ “မင်း ငါ့ရဲ့ ဒီကတိ တစ်ခုကိုသာ ပေးမယ်ဆိုရင် ဗက်ဆာ တိုက်ပွဲသုံး ခရူဇာက မင်းအတွက် ဖြစ်သွားလိမ့်မယ်၊ ငါကိုယ်တိုင် မဟာမိတ်အဖွဲ့မှာ မှတ်ပုံတင်ပေးဖို့တောင် ကူညီပေးဦးမှာ။”
သူရမ်၏ ထူးခြားသော အမူအရာကို မြင်လိုက်ရသောအခါ ရှဖေးတွင် မကောင်းသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။ ‘သူက ငါ့ဆီကနေ တစ်ခုခုကို စောင့်မျှော်နေတာပဲ။’
…
သုံးနာရီခန့် အကြာတွင် လက်နက်နှင့် ကိရိယာ တန်ဆာပလာ ဌာန၏ လေ့ကျင့်ရေး အခန်း တစ်ခုအတွင်း၌။
သူရမ်သည် သူ၏ ကျေနပ်နေသော မျက်နှာပေါ်မှ ချွေးများကို သုတ်လိုက်ပြီး ရှဖေးကို မြေပြင်ပေါ်မှ ထူပေးလိုက်သည်။ သူရမ်သည် ရှဖေးနှင့် ယှဉ်ပြိုင် တိုက်ခိုက်လိုခြင်းမှလွဲ၍ အခြား ဘာကိုမျှ မလိုလားခြင်း ဖြစ်သည်။
ရှဖေးသည် လှုပ်ရှားလိုက်စဉ်တွင် သူ၏ ခန္ဓာကိုယ် တစ်ခုလုံး နာကျင် ကိုက်ခဲနေမှုကို ခံစားလိုက်ရသည်။ သူနှင့် သူရမ်မှာ လုံးဝ ကွဲပြားသော အဆင့်များတွင် ရှိနေကြသည်။ ပြီးခဲ့သည့် သုံးနာရီအတွင်း ရှဖေးသည် ခရက်ဖ်တီး အပရိုးချ် နှင့် သူ၏ အမြန်နှုန်း စွမ်းအားကို အသုံးပြု၍ ဘယ်ညာ ရှောင်တိမ်းနေခဲ့သော်လည်း၊ သူရမ်၏ ပြင်းထန်သော တိုက်ခိုက်မှုကို ဆယ်ကြိမ်ခန့် ခံလိုက်ရသဖြင့် သူ၏ အရိုးများပင် ကြေမွသွားသကဲ့သို့ ခံစားနေရသည်။
“ငါ လှုပ်ရှားမှု မလုပ်ဖြစ်တာ ကြာပြီ။ နေ့တိုင်း ရုံးခန်းထဲမှာပဲ အောင်းနေရတာ တကယ် ပျင်းစရာ ကောင်းတာ။ မင်းရဲ့ ရှောင်တိမ်းတဲ့ နည်းစနစ်တွေကို ဘယ်က သင်ခဲ့တာလဲ။ ငါ့ရဲ့ တိုက်ခိုက်မှုတွေကို သုံးနာရီကြာအောင် ရှောင်နိုင်တဲ့ ပြိုင်ဘက်မျိုးနဲ့ ရင်ဆိုင်ရတာ တကယ် ရှားပါတယ်။” သူရမ်က ပြုံးလျက် မေးလိုက်သည်။
ရှဖေးသည် ထိုင်ရင်း စီးကရက်တစ်လိပ်ကို မီးညှိလိုက်သည်။ ကောက်ကျစ်သော ထိုးနှက်ချက်မှာ ဖန်တန် ဂိုဏ်းတပည့်များအတွက် အထူး နည်းစနစ် ဖြစ်သောကြောင့် သူ ထုတ်ဖော် မပြောနိုင်သဖြင့် အကြောင်းအရာကို ပြောင်းလိုက်သည်။
“လူကြီးမင်းက ခန္ဓာကိုယ် ပြောင်းလဲခြင်း စွမ်းအား အသုံးပြုသူ မဟုတ်လား။ လူကြီးမင်းက ကျွန်တော့်ရဲ့ တိုက်ကွက်တွေကို သိအောင်ပဲ လုပ်နေပြီး အင်အား အပြည့် မသုံးခဲ့ဘူးလို့ ကျွန်တော် ခံစားရတယ်။”
“ဘာလဲ.. မင်းက ငါ့ကို အင်အား အပြည့် သုံးစေချင်တာလား။” သူရမ်က မေးခွန်းကို ပြန်လည် မေးမြန်းရင်း မကောင်းဆိုးဝါး ဆန်ဆန် ပြုံးလိုက်သည်။
ရှဖေးမှာ တုန်လှုပ်သွားသည်။ စိန်အဆင့် တရားစီရင်သူ တစ်ဦး၏ အင်အား အပြည့်မှာ နောက်ပြောင်စရာ မဟုတ်ပေ။ သူရမ်က ၎င်းကို အတည်ယူလိမ့်မည်ဟု သူ မထင်ခဲ့ပေ။
“ငါ နောက်တာပါ” သူရမ်က ရယ်မောရင်း ပြောလိုက်သည်။
“ဟုတ်တယ်၊ ငါက တကယ်ပဲ ခန္ဓာကိုယ် ပြောင်းလဲခြင်း စွမ်းအား အသုံးပြုသူ တစ်ယောက်ပါ။ ငါ့ခန္ဓာကိုယ်ထဲက အရိုးတိုင်းကို ငါ့စိတ်ကြိုက် လှုပ်ရှား ပြောင်းလဲနိုင်တယ်။ အခုနက တိုက်ပွဲကတော့ စွမ်းအားတွေ မသုံးဘဲ သာမန် တိုက်ခိုက်မှု သက်သက်ပါပဲ။ ဘာပဲဖြစ်ဖြစ် မင်းက အဲ့ဒီ စိတ်ဝေဒနာရှင် အဘိုးကြီး ချင်မန် ပို့လိုက်တဲ့သူပဲ။ ငါသာ မင်းကို ထိခိုက်အောင် လုပ်လိုက်ရင် အဲ့ဒီ အဘိုးကြီးက ငါ့အသက်ကို လာယူမှာ သေချာတယ်။”
သူရမ်က သူ၏ မျက်ဝန်းထဲတွင် ကြောက်ရွံ့မှု အရိပ်အယောင်များဖြင့် ပြောလိုက်သည်။ သူသည် ချင်မန်ကို ရှိန်နေဆဲ ဖြစ်ပုံရသည်။
‘စိန်အဆင့်တွေက တကယ်ကို ရူးသွပ်ကြတာပဲ၊ စွမ်းအားတွေ မသုံးဘဲတောင် ဒီလောက်အထိ အစွမ်းထက်နေကြတာ။ အကယ်၍ သူသာ အင်အား အပြည့် သုံးခဲ့ရင် ငါ့ရဲ့ အဖိုးမတန်တဲ့ အသက်လေးက ခဏလေးအတွင်းမှာ ပျောက်ကွယ်သွားမှာ သေချာတယ်’ ရှဖေးသည် နှုတ်ခမ်းကို တွန့်လိုက်ပြီး တွေးလိုက်မိသည်။
ခဏမျှ အနားယူပြီးနောက် သူတို့ နှစ်ဦးသည် လေ့ကျင့်ရေး အခန်းထဲမှ ဘေးချင်းယှဉ် ထွက်လာခဲ့ကြသည်။ အပြင်တွင် စောင့်နေသော ဆံပင်ကောက်ကောက်နှင့် အတွင်းရေးမှူးမှာ သူရမ်အတွက် ယူနီဖောင်း အသစ်တစ်စုံကို အမြန် ပေးလိုက်ပြီး သူတို့အတွက် သောက်စရာများကိုလည်း ပြင်ဆင်ပေးလိုက်သည်။
ရှဖေးသည် ဖန်ခွက်ကို မော့ချလိုက်သည်။ ချိုချဉ် အရသာရှိသော ထိုသောက်စရာမှာ သူ၏ ခန္ဓာကိုယ်မှ နာကျင်မှုများအပေါ် အံ့ဩဖွယ်ရာ အာနိသင် ရှိပုံရသည်။ ထိုသောက်စရာမှာ သူ၏ ဗိုက်ထဲသို့ ရောက်သွားသည်နှင့် နာကျင်မှုများမှာ လုံးဝနီးပါး ပျောက်ကွယ်သွားသည်။
“မင်း မထွက်ခွာခင် နောက်တစ်ကြိမ် ထပ်လာနိုင်မလား။ နောက်တစ်ခါကျရင်တော့ လက်နက်တွေ သုံးပြီး ယှဉ်ပြိုင်ကြတာပေါ့။” သူရမ်က အကြံပြုလိုက်သည်။
ရှဖေးက လက်ဝှေ့ယမ်းပြလိုက်သည်။
“ကျွန်တော် တကယ် လာချင်တာပါ၊ ဒါပေမယ့် အချိန် သိပ်မရှိတော့ဘူး။ နောက်ထပ် အခွင့်အရေး ရှိတော့မှာ မဟုတ်ဘူးလို့ ထင်ပါတယ်။”
သူရမ်က ရှဖေး၏ ပခုံးကို ပုတ်လိုက်သည်။
“ကောင်းပါပြီ၊ ဒါဆိုရင် မင်း အသူရာချောက်နက်ကနေ ပြန်ထွက်လာနိုင်တဲ့ အခါမှပဲ တွေ့ကြတာပေါ့၊ တကယ်လို့ မင်း ပြန်ထွက်လာနိုင်ခဲ့ရင်ပေါ့လေ။ ငါသိသလောက်တော့ အဲ့ဒီနေရာက အခြေအနေတွေက ပိုပိုပြီး ဆိုးရွားလာနေတယ်။ ဒေသခံ စစ်ဘုရင်တွေကြားက ဆက်ဆံရေးက ပိုပြီး တင်းမာလာနေပြီး တစ်နှစ်အတွင်းမှာ အကြီးအကျယ် တိုက်ပွဲတွေ ဖြစ်ပွားနိုင်တဲ့ အခြေအနေ ရှိနေတယ်။ ချင်မန်က မင်းကို ဒီကို လာခိုင်းတာက အကြောင်းမဲ့ လုပ်တာလို့ မထင်လိုက်နဲ့။ ငါ အဲ့ဒီလူနဲ့ သိလာတာ ဆယ်စုနှစ်ပေါင်းများစွာ ရှိပြီ၊ သူက စိတ်ဓာတ် အရမ်း ဆိုးပေမယ့် တကယ်ကို ထက်မြက်တဲ့လူပဲ။”
ရှဖေးမှာ မှင်တက်သွားသည်။
“သေမင်းတမန် သုံးဖော် ကြယ်တာရာ နယ်မြေအဆင့် က စစ်ဖြစ်တော့မယ့် အခြေအနေမှာ ရှိနေတယ် ဟုတ်လား။ ကျွန်တော် သုတေသန လုပ်တုန်းက ဘာကြောင့် အဲ့ဒီ အရိပ်အယောင်တွေကို မတွေ့ခဲ့ရတာလဲ။”
အကယ်၍ ရှဖေး ထိုနေရာသို့ သွားနေစဉ်မှာပင် သေမင်းတမန် သုံးဖော် ကြယ်တာရာ နယ်မြေအဆင့် ၌ စစ်ပွဲ စတင် ဖြစ်ပွားမည် ဆိုပါက အလွန် ဆိုးရွားလှပေလိမ့်မည်။
သူရမ်က ရယ်မောလိုက်သည်။
“ဟဲဟဲ.. အမှန်တရား ဆိုတာ အမြဲတမ်း လူအနည်းငယ်ရဲ့ လက်ထဲမှာပဲ ရှိတာပါ၊ မင်း မသိတာက ပုံမှန်ပါပဲ။ ချင်မန်မှာ အသူရာချောက်နက်ထဲမှာ တော်တော်လေး စွမ်းဆောင်ရည် ရှိတဲ့ တပည့်တစ်ယောက် ရှိတယ်၊ သူက မင်းကို အဲ့ဒီလူကို သွားရှာဖို့ စာတစ်စောင် ပေးလိုက်သေးလား။”
ရှဖေးက ခေါင်းညိတ်လိုက်သည်။
“ငါသာ မင်းနေရာမှာ ဆိုရင်တော့ အသူရာချောက်နက်ကို ရောက်တာနဲ့ ချင်မန်ရဲ့ တပည့်ကို အရင်ဆုံး သွားရှာမယ်၊ ပြီးမှ အခြေအနေတွေကို စုံစမ်းပြီး မင်းရဲ့ ကိစ္စတွေကို ဆောင်ရွက်မယ်။ ချင်မန်က ဘယ်တော့မှ သာမန်လူ မဟုတ်ဘူး၊ သူ အကြံပေးတာကို လိုက်နာတာက မင်းအတွက် ကောင်းကျိုးပဲ ရှိလိမ့်မယ်။” သူရမ်က စိတ်ရင်းမှန်ဖြင့် အကြံပြုလိုက်သည်။
ရှဖေးသည် အသူရာချောက်နက်သို့ သွားမည်ကို သိလိုက်ရပြီးနောက် နာရီအနည်းငယ်အတွင်းမှာပင် ချင်မန်က ဤအရာ အားလုံးကို အကွက်ကျကျ စီစဉ်ပေးခဲ့လိမ့်မည်ဟု မည်သို့မျှ မတွေးခဲ့မိပေ။
သူသည် ရှဖေးကို တားဆီးခြင်း မပြုဘဲ သူ၏ အာဏာကို အသုံးပြု၍ ရှဖေးအတွက် ဖြစ်နိုင်သမျှ အစီအစဉ်များစွာကို ပြုလုပ်ပေးခဲ့သည်။ ထိုကဲ့သို့သော စီမံခန့်ခွဲမှုနှင့် ဗျူဟာ ချမှတ်နိုင်စွမ်းမှာ လူသားထက် သာလွန်လှသည်။
ရှဖေးသည် ချင်မန်ကို သူ ထင်ထားသကဲ့သို့ သာမန်လူ မဟုတ်ဟု အမြဲ ခံစားရသော်လည်း၊ ယခုအခါတွင် သူ ထင်ထားသည်ထက်ပင် သာလွန်နေသေးသည်။ ထိုဝဖြိုးသော အဘိုးကြီး၏ စွမ်းအားမှာ တကယ်ကို အံ့ဩဖွယ်ရာ ကောင်းလှသည်။
သူရမ်သာ ဤမျှ စကားမများခဲ့ပါက ချင်မန်သည် သူ့အတွက် ဤမျှလောက်အထိ စီစဉ်ပေးခဲ့သည်ကို ရှဖေး သိရှိလိမ့်မည် မဟုတ်ပေ။ ထိုအချက်ကို တွေးမိရင်း ရှဖေးက ရေရွတ်လိုက်သည်။
“အဘိုးကြီး.. ဒီတစ်ခါတော့ ကျွန်တော် ခင်ဗျားကို တကယ်ပဲ အကြွေးတင်သွားပြီ။”
ခရီး မစတင်မီမှာပင် ရှဖေး၏ အသူရာချောက်နက်ခရီးစဉ်မှာ သူ ထင်ထားသည်ထက် ပို၍ လေးလံပြီး ခက်ခဲလှပေသည်။ ရှဖေးသည် ခေါင်းကို ခါယမ်းလိုက်ပြီး သူရမ်ကို နှုတ်ဆက်ကာ ဗီနယ် ၂၄ ဆီသို့ ဦးတည်လိုက်သည်။ လှပသော အေဗရယ်မှာ ယခုအချိန်တွင် ဘာများ လုပ်နေပါလိမ့်။
အခန်း (၁၅၃) - နေဝင်ချိန်အိမ်ယာ
လက်နက်နှင့် ကိရိယာ တန်ဆာပလာ ဌာနမှ ထွက်ခွာပြီးနောက် သူရမ်သည် သူ၏ ရုံးခန်းသို့ ပြန်သွားကာ ချင်မန်ထံသို့ ဗီဒီယိုဖုန်း ခေါ်ဆိုလိုက်သည်။ ပရိုဂျက်တာ မျက်နှာပြင်ပေါ်တွင် ချင်မန်မှာ ကြောင်နက်ကြီးကို ပွေ့ချီထားရင်း အေးအေးလူလူ ရှိနေပုံရသည်။
“အိုချင်.. မင်း အဲ့ဒီကောင်လေးကို ဘယ်ကနေ ရှာတွေ့ခဲ့တာလဲ ” သူရမ်က သူ၏ နက်တိုင်ကို လျှော့ချရင်း မေးလိုက်သည်။ အခန်းထဲတွင် တခြားသူ မရှိသဖြင့် သူ ဝတ်ပျက်စားပျက် ဖြစ်နေသည်ကို မည်သူမျှ မြင်မည် မဟုတ်ကြောင်း သူ စိတ်ချထားသည်။
“ငါ ရှာတွေ့တာ မဟုတ်ပါဘူး၊ ရှဖေးကိုယ်တိုင် ငါ့ဆီကို ရောက်လာတာပါ။” ချင်မန်က ရယ်မောရင်း ပြန်လည် ဖြေကြားလိုက်သည်။
“ငါ ခိုင်းလိုက်တဲ့ ကိစ္စကော ဘယ်လိုလဲ။”
သူရမ်က နှုတ်ခမ်းထောင့်ကို မြှင့်လိုက်ပြီး “သိသာပါတယ်၊ စစ်သင်္ဘော ကိစ္စကတော့ ပြဿနာ မရှိပါဘူး။ ဒါပေမယ့် သူ ဘယ်ကနေ သိုင်းပညာတွေ သင်ခဲ့လဲ ဆိုတာကိုတော့ ငါ မသိခဲ့ရဘူး။ ငါနဲ့ တိုက်ခိုက်နေတုန်းက သူက သူ့ရဲ့ အစွမ်းကုန် မထုတ်သုံးခဲ့သလိုပဲ။”
ချင်မန်က အားရပါးရ ရယ်မောလိုက်ပြီး စားပွဲပေါ်မှ လက်ဖက်ရည်ခွက်ကို မော့ကာ တစ်ငုံ သောက်လိုက်သည်။
“အို.. လေးစားအပ်တဲ့ စိန်အဆင့် တရားစီရင်သူ၊ တိုက်ခိုက်ရေး မာစတာကြီးက လူငယ်လေး တစ်ယောက်ရဲ့ နောက်ကွယ်က စွမ်းအားတွေကို မသိခဲ့ဘူးပေါ့။ အကယ်၍ သူက အစွမ်းကုန် မထုတ်ဘူး ဆိုရင်လည်း မင်းက အတင်းအကျပ် ထုတ်သုံးအောင် လုပ်ရမှာပေါ့။”
ချင်မန်၏ နောက်ပြောင်မှုကြောင့် သူရမ်မှာ စိတ်မသက်မသာ ဖြစ်သွားသော်လည်း ပြန်လည် မငြင်းဆန်ခဲ့ပေ။
“ငါ မလုပ်ချင်ဘူးလို့ မင်းထင်နေတာလား။ ငါ သူ့ကို တကယ်ပဲ အတည်တကျ တိုက်ခိုက်ခဲ့တာပါ၊ ဒါပေမယ့် သူက သူ့ရဲ့ ဝှက်ဖဲတွေကို ထုတ်ပြမယ့်အစား ငါ့ရဲ့ တိုက်ခိုက်မှုကို ဆယ်ကြိမ်လောက် အထိခံဖို့ပဲ ရွေးချယ်ခဲ့တာ။ ငါက သူ့ကို ထိခိုက်သွားမှာ စိုးလို့ အသာလေးပဲ တိုက်ခဲ့တာ။
ဒါပေမယ့် တကယ်ပဲ၊ ရှဖေးမှာ သူ့ရဲ့ အမြန်နှုန်းနဲ့ ခန္ဓာကိုယ် စွမ်းအားတွေအပြင် တခြား ဘယ်လို ဝှက်ဖဲတွေ ရှိနေတယ်လို့ မင်းထင်လို့လဲ။”
ချင်မန်သည် လက်ဖက်ရည်ခွက်ကို ပြန်ချလိုက်ပြီး ဝဖြိုးနေသော အိုဘလက် ကို ပွတ်သပ်ပေးလိုက်သည်။
“သူ ပြန်ရောက်လာတဲ့ အချိန်မှာ သူ့ရဲ့ အငွေ့အသက်တွေက လုံးဝ ပြောင်းလဲသွားတယ်လို့ ငါ ခံစားရတယ်။ ငါ့အထင် မမှားဘူး ဆိုရင် သူက ကျင့်ကြံခြင်း ပိုင်းမှာ အကြီးအကျယ် တိုးတက်မှု ရှိခဲ့တာ ဖြစ်ရမယ်။ အကယ်၍ အမြန်နှုန်း စွမ်းအား တစ်ခုတည်း တိုးတက်လာတာ ဆိုရင် သူ ဒီလောက်အထိ မိမိကိုယ်ကိုယ် ယုံကြည်မှု ရှိနေလိမ့်မယ်လို့ ငါ မယုံဘူး။ တခြား ဘယ်လို အပိုင်းမှာမဆို သူ အံ့ဩစရာ ကောင်းလောက်အောင် တိုးတက်လာတာ ဖြစ်ရမယ်။ မင်းလို တိုက်ခိုက်ရေး မာစတာ တစ်ယောက်နဲ့ ရင်ဆိုင်ရချိန်မှာ သူ ထိတ်လန့်သွားတာမျိုး ရှိလား။”
“မရှိဘူး။” သူရမ်က ခေါင်းခါပြကာ လေးနက်သော အသံဖြင့် ပြောလိုက်သည်။ “သူက ထိတ်လန့်ခြင်း မရှိတဲ့အပြင် တိုက်ခိုက်နေချိန်မှာ အရမ်းကို တည်ငြိမ်နေခဲ့တယ်။ သူက ငါ့ရဲ့ တိုက်ကွက်တွေကို ဘယ်လို ဖြိုခွင်းရမလဲ ဆိုတာကိုပဲ အမြဲ ကြိုးစားနေတာ၊ ဒါပေမယ့် ဘာလို့ သူက ပြန်လည် မတိုက်ခိုက်ခဲ့တာလဲ ဆိုတာကိုတော့ ဘယ်သူ သိနိုင်မှာလဲ။”
ချင်မန်သည် ခေါင်းငုံ့ကာ ခဏမျှ စဉ်းစားလိုက်သည်။
“အတိအကျပဲ။ သူ့လက်ထဲမှာ ပိုပြီး အစွမ်းထက်တဲ့ တစ်ခုခု ရှိနေလို့ပဲ၊ မဟုတ်ရင် သူ ဒီလိုမျိုး ပြုမူမှာ မဟုတ်ဘူး။ မိမိကိုယ်ကိုယ် ယုံကြည်မှု ဆိုတာ ကျင့်ကြံခြင်း အခြေခံပေါ်မှာ တည်ဆောက်ထားတာ။ အခြေခံ မရှိဘဲ ယုံကြည်မှု ရှိနေတာက မာနကြီးတာပဲ၊ ရှဖေးကတော့ အဲ့ဒီလို လူမျိုး မဟုတ်တာ သေချာတယ်။”
သူရမ်က လက်တစ်ဖက်ဖြင့် သူ၏ မုတ်ဆိတ်ကို ကုတ်ရင်း မေးခွန်းထုတ်လိုက်သည်။ “သူ့ရဲ့ ခန္ဓာကိုယ်ကို သူလိုချင်သလို လိမ်ပတ်နိုင်တဲ့ စွမ်းအားကပဲ အံ့ဩစရာ ကောင်းနေပြီ။ အကယ်၍ သူ့မှာ တခြား ဝှက်ဖဲတွေ ရှိနေဦးမယ် ဆိုရင်တော့ အဲ့ဒီ လူငယ်ရဲ့ နောက်ခံက ငါတို့ မြင်နေရတာထက် ပိုပြီး မရိုးရှင်းနိုင်ဘူး။”
“အဲ့ဒါက ငါ နားမလည်နိုင်တဲ့ အချက်ပဲ။” ချင်မန်က ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။ “ငါ သူ့ရဲ့ နောက်ခံကို စုံစမ်းကြည့်ပြီးပြီ၊ ဘာမှ ထူးထူးခြားခြား မရှိပါဘူး။ သူ့ရဲ့ စွမ်းအားတွေက လေထဲကနေ ပေါ်လာသလိုပဲ၊ ပြီးတော့ သူက အဲ့ဒါတွေကို ဘာမှ မဟုတ်သလိုမျိုး ကျွမ်းကျင်အောင် လုပ်နိုင်ခဲ့တာ။”
သူရမ်က ခဏမျှ စဉ်းစားလိုက်သည်။ “သူ့ရဲ့ အမြန်နှုန်းအဝါက အမြဲတမ်း အားနည်းနေတတ်တယ်၊ မင်း သေချာ ဂရုမစိုက်ဘူး ဆိုရင် သတိထားမိမှာ မဟုတ်ဘူး။ သူက လုပ်ကြံသတ်ဖြတ်သူ တွေနဲ့ ပတ်သက်နေတာများလား။”
ချင်မန်က ရယ်မောလိုက်သည်။
“ငါ အဲ့ဒါကို သတိထားမိတာ ကြာပါပြီ။ သူ့ရဲ့ ခြေလှမ်းတွေနဲ့ တိုက်ကွက်တွေက လုပ်ကြံသတ်ဖြတ်သူ တွေနဲ့ တော်တော်လေး ဆင်တူတယ်၊ တိုက်ခိုက်တဲ့ ပုံစံကအစ တူနေတာ။ တစ်ချက်တည်းနဲ့ အသက်ပျောက်သွားစေတာမျိုးပေါ့။ ဒါပေမယ့် ကမ္ဘာမြေက ကောင်လေး တစ်ယောက်က နက်နဲတဲ့ လုပ်ကြံသတ်ဖြတ်သူ တွေနဲ့ ပတ်သက်မှု ရှိနေမယ်လို့ မင်း ယုံကြည်နိုင်ပါ့မလား။”
သူရမ်က ခေါင်းခါပြလိုက်သည်။
“မဖြစ်နိုင်ပါဘူး။ လုပ်ကြံသတ်ဖြတ်သူ မျိုးနွယ်စုက ငယ်ငယ်ကတည်းက လေ့ကျင့်ပေးတာလို့ ပြောကြတယ်၊ ပြီးတော့ သူတို့ တစ်ဘဝလုံးကို လျှို့ဝှက်စွာ ဖြတ်သန်းကြတာ။ ရှဖေးကို ဘယ်လိုပဲ ကြည့်ကြည့် လုပ်ကြံသတ်ဖြတ်သူ တွေရဲ့ ဆက်ခံသူ ဖြစ်ဖို့ မဖြစ်နိုင်ပါဘူး။ လုပ်ကြံသတ်ဖြတ်သူ က ဘယ်သူမှ ဒီလောက်အထိ လူသိရှင်ကြား ရှိနေမှာ မဟုတ်ဘူး။”
ချင်မန်က သက်ပြင်းချလိုက်သည်။ “ထားလိုက်ပါတော့။ အဲ့ဒီအကြောင်းကို ဒီမှာတင် ရပ်လိုက်ကြစို့။ တချို့အရာတွေကို ထာဝရ ဖုံးကွယ်ထားလို့ မရပါဘူး၊ အချိန်တန်ရင် ရှဖေးက သူ့ရဲ့ ဝှက်ဖဲတွေကို ထုတ်ပြလာမှာ သေချာပါတယ်။”
“အဲ့ဒါက ဘယ်အချိန် ဖြစ်မလဲ။”
“သူ တကယ်ပဲ ဒေါသထွက်တဲ့ အချိန် ဒါမှမဟုတ် သေခါနီး အချိန်မျိုးပေါ့။” ဟု ချင်မန်က လိမ္မာပါးနပ်စွာ ပြောလိုက်သည်။
စွမ်းအင်ဒိုင်း အားမြှင့်တင်စက် အတွက် မူပိုင်ခွင့် လျှောက်ထားရသည့် လုပ်ငန်းစဉ်မှာ အလွန်ပင် ရှုပ်ထွေးလှသည်။ ရှဖေးသည် ဗီနယ်-၂၄ သို့ ဦးတည်လိုက်သည့် အချိန်တွင် သူသည် မြို့တော်ဂြိုဟ်၌ သုံးဆယ့်ခြောက် နာရီခန့် အချိန်ကုန်ဆုံးခဲ့ပြီး ဖြစ်သဖြင့် သူ့အတွက် တစ်ရက်ကျော်ကျော်သာ အချိန်ကျန်တော့သည်။
အမြန်နှုန်းမြှင့် ခရီးသည်တင် အာကာသယာဉ်ပေါ်တွင် ရှဖေးသည် ပြတင်းပေါက်နားတွင် ရပ်လျက် အဝေးမှ ကမ္ဘာဂြိုဟ် ပြာပြာကြီးကို စိုက်ကြည့်နေသည်။ အေဗရယ်နှင့် နီးကပ်လာပြီ ဖြစ်သဖြင့် ရှဖေးမှာ ပို၍ တည်ငြိမ်နေသည်။
“အင်တာနက်ကနေ ရှာကြည့်လိုက်ရုံနဲ့ အေဗရယ်က စတားလင့်ခ် ကော်ပိုရေးရှင်းရဲ့ ကျန့်မျိုးနွယ်စုဝင် တစ်ယောက် ဖြစ်နိုင်ခြေ ရှိတယ်ဆိုတာ သိနိုင်ပါတယ်။ အဲ့ဒါက မဟာမိတ်အဖွဲ့ ရဲ့ ထိပ်တန်း စီးပွားရေးလုပ်ငန်း ငါးရာထဲမှာ အဆင့် တစ်ဆယ့်လေး ရှိပြီး နောက်နှစ်အနည်းငယ်အတွင်းမှာ ထိပ်တန်း တစ်ဆယ်ထဲ ဝင်လာဖို့ ရှိတဲ့ စတားလင့်ခ် ကော်ပိုရေးရှင်းပါ။ စကြဝဠာ တစ်ခုလုံးက သူတို့ရဲ့ တည်ရှိမှုကို လေးစား အားကျနေရတာ။” ဖန်တန်က ပြောလိုက်သည်။
“ဒါနဲ့ ဘာဖြစ်လဲ။” ရှဖေးက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
ဖန်တန်က ရယ်မောလိုက်ပြီး ရှဖေးကဲ့သို့ပင် ပြတင်းပေါက် အပြင်ဘက်ကို လှမ်းကြည့်လိုက်သည်။ “မင်းက ကမ္ဘာမြေက ဆင်းရဲတဲ့ ကောင်လေး တစ်ယောက်ပဲ၊ အေဗရယ်ကတော့ စတားလင့်ခ် ကော်ပိုရေးရှင်းရဲ့ ဆက်ခံသူ ဖြစ်ကောင်း ဖြစ်နိုင်တယ်။ အဲ့ဒါမှာ ဘာပြဿနာမှ မရှိဘူးလို့ မင်း တကယ်ပဲ ထင်နေတာလား။”
“မင်း ပြောချင်တာက လူမှုရေး အဆင့်အတန်း ကွာဟချက် ရှိတယ်လို့ ပြောချင်တာလား။” ရှဖေးက ပြုံးလျက် မေးလိုက်သည်။
“အတိအကျပဲ။ ချင်မန်ရဲ့ နှုတ်ဆက်စကားကလည်း အဲ့ဒီအဓိပ္ပာယ်ကိုပဲ ဆိုလိုတာ။”
ရှဖေးသည် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် တက်ကြွစွာ ပြောလိုက်သည်။ “မင်း ကမ္ဘာမြေက ရှေးဟောင်း စာအုပ်တွေကို ဖတ်တာ ကြာပြီပဲ၊ ‘လိုချင်တပ်မက်မှု မရှိခြင်းက မြင့်မြတ်ခြင်းရဲ့ သော့ချက်ပဲ’ ဆိုတဲ့ စကားကို မကြားဖူးဘူးလား ”
“လိုချင်တပ်မက်မှု မရှိခြင်းက မြင့်မြတ်ခြင်းရဲ့ သော့ချက် ဟုတ်လား ”
“ဟုတ်တယ် အေဗရယ်က ချမ်းသာသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ ငါ သူမဆီက ဘာမှ မလိုချင်ဘူး။ အဲ့ဒီအဓိပ္ပာယ်က ငါ သူမဆီကနေ ဘယ်တုန်းကမှ အကျိုးအမြတ် ရဖို့ မကြိုးစားခဲ့သလို နောင်လည်း ကြိုးစားမှာ မဟုတ်ဘူး၊ ဒါဆိုရင် ငါ ဘာလို့ ကိုယ့်ကိုယ်ကိုယ် နိမ့်ကျတယ်လို့ ခံစားနေရမှာလဲ။ တစ်နည်းအားဖြင့် ပြောရရင် ငါ အေဗရယ်ကို လိုချင်တယ် ဆိုရင်လည်း အဲ့ဒါက သူမရဲ့ လူပုဂ္ဂိုလ်ကို ကြိုက်လို့ပဲ ဖြစ်ရမယ်၊ သူမရဲ့ နောက်ခံကို မဟုတ်ဘူး ”
ဖန်တန်က အားရပါးရ ရယ်မောလိုက်ပြီး သူ၏ မျက်ဝန်းများမှာ ပျော်ရွှင်မှုကြောင့် တောက်ပသွားသည်။ “မင်း အဲ့ဒီလို တွေးနိုင်တာ တကယ်ကို ကောင်းပါတယ်။ မင်း သူမရဲ့ မိသားစုထဲမှာ စိတ်ဓာတ်ကျပြီး မတည်မငြိမ် ဖြစ်မှာ စိုးလို့ ငါ သတိပေးတာပါ။ အခုတော့ စိုးရိမ်စရာ မလိုတော့ဘူး ထင်ပါတယ်။
ဒါပေမယ့် ‘လိုချင်တပ်မက်မှု မရှိခြင်းက မြင့်မြတ်ခြင်းရဲ့ သော့ချက်’ ဆိုတဲ့ စကားစုကို ငါ နားမလည်သေးပါဘူး။ ဒါပေမယ့် မင်းရဲ့ ဘိုးဘေးတွေဆီက နောက်ထပ် စကားတစ်ခွန်းကိုတော့ ငါ သင်ယူဖူးတယ်၊ ‘ရွှံ့နဲ့ ပက်ရင် အနည်းဆုံးတော့ စွန်းထင်းသွားမှာပဲ’ တဲ့။ မင်းက ဖြူစင်တဲ့ အမြင်နဲ့ ကြည့်ပေမယ့် တခြားလူတွေကတော့ အဲ့လို ကြည့်မှာ မဟုတ်ဘူး။ မကောင်းတဲ့ သတင်းစကားတွေကိုတော့ မင်း သတိထားရလိမ့်မယ်။”
ဖန်တန်က ပြောပြလိုက်သည်။
လောကကြီးမှာ ထိုသို့ပင် ဖြစ်သည်။ ရှဖေးကဲ့သို့သော လူတစ်ယောက်က အေဗရယ်ကဲ့သို့သော ထိပ်တန်း လူတန်းစား တစ်ယောက်နှင့် ပတ်သက်လာပါက၊ လူအများစုမှာ သူသည် ပိုက်ဆံကြောင့်သာ သူမနှင့် သူငယ်ချင်း ဖြစ်ရသည်ဟု ထင်ကြပေလိမ့်မည်။ ရှဖေး၏ ရည်ရွယ်ချက်ကို မည်သူမျှ ဂရုစိုက်မည် မဟုတ်သလို၊ သိခဲ့လျှင်ပင် ယုံကြည်ကြမည် မဟုတ်ပေ။ နောက်ဆုံးတွင် လောကကြီး တစ်ခုလုံးက ရှဖေးကို မုန်းတီးကြပေလိမ့်မည်။
ထိုအချိန်တွင် အမြန်နှုန်းမြှင့် ခရီးသည်တင် အာကာသယာဉ်မှာ ဆိပ်ကမ်းသို့ ဆင်းသက်လိုက်သည်။ ရှဖေးသည် အပြင်သို့ ထွက်လာသော လူအုပ်ကြီးနောက်သို့ လိုက်ပါရင်း ပွင့်လင်းစွာ မေးလိုက်သည်။
“မင်း ငါ့ကို သိလာတာ ကြာပြီပဲ၊ ငါက အဲ့ဒီလို အရာတွေကို ဂရုစိုက်မယ့် လူမျိုးလို့ မင်း ထင်လား။”
ဖန်တန်မှာ ဘာပြောရမှန်း မသိ ဖြစ်သွားသည်။ ရှဖေး ပြောသည်မှာ မှန်ပါသည်။ အကယ်၍ သူသာ တခြားသူတွေရဲ့ အမြင်ကို ဂရုစိုက်မည် ဆိုပါက သူသည် လုပ်ဖော်ကိုင်ဖက်များ၏ အထင်သေးခြင်းကို ခံရသော စာကြည့်တိုက်မှူး တစ်ယောက် ဖြစ်လာလိမ့်မည် မဟုတ်သလို၊ ချင်မန်နှင့်လည်း သိကျွမ်းလိမ့်မည် မဟုတ်ပေ။
ရှဖေးသည် သူ၏ ကြိုးစားအားထုတ်မှုနှင့် ထူးခြားသော အမြင်များကြောင့် ယခုနေရာသို့ ရောက်လာခြင်း ဖြစ်သည်။ သူသည် အများသွားနေကျ လမ်းကို မရွေးချယ်ဘဲ ခက်ခဲသော လမ်းကိုသာ အကြိမ်ကြိမ် ရွေးချယ်ခဲ့သူ ဖြစ်သည်။
ရှဖေး၏ အတွင်းစိတ်ထဲရှိ တော်လှန်လိုသော စိတ်ဓာတ်ကို ဖန်တန် ရုတ်တရက် မြင်လိုက်ရသည်။ သူသည် ဆင်းရဲသော စက်ဘီးဖြင့် ပစ္စည်းပို့သူ ဘဝမှ စတင်ခဲ့သူ ဖြစ်သောကြောင့် ကြောက်စရာ ဘာမှ မရှိပေ။
“အဆိုးဆုံး ဖြစ်လာရင်လည်း ပစ္စည်းပို့တဲ့ ဘဝကိုပဲ ပြန်သွားမှာပေါ့၊ ဘာဖြစ်လဲ ” ထိုအချက်က ရှဖေးကို ဆက်လက် လျှောက်လှမ်းစေခြင်း ဖြစ်သည်။ ကျရှုံးမှာကို မကြောက်သော လူတစ်ယောက်သည် ဘာကိုမျှ ကြောက်စရာ မလိုပေ။ ဤသည်မှာ သက်သောင့်သက်သာ နေထိုင်နေရသူ အများစုတွင် မရှိသော အရာပင် ဖြစ်သည်။
သူတို့၏ ဘဝများမှာ ပိုမို သက်သောင့်သက်သာ ရှိလေလေ၊ ကျရှုံးမှုနှင့် ဆင်းရဲဒုက္ခကို ပို၍ ကြောက်ရွံ့လေလေ ဖြစ်သည်။ ရှဖေးမှာမူ ထိုအရာများကို အနည်းငယ်မျှ ဂရုမစိုက်ပေ။ ရှဖေးသည် ဘီလီယံနှင့်ချီ၍ ပိုင်ဆိုင်နေပြီ ဖြစ်သော်လည်း ဈေးအပေါဆုံး စီးကရက်ကို သောက်နေဆဲ ဖြစ်ပြီး ငါးဒေါ်လာတန် ခေါက်ဆွဲကြော်ကို စားနေဆဲ ဖြစ်သည်။ သူ့အတွက် အဆိုးဆုံး ဖြစ်နိုင်သည့် အရာမှာ ယခင် ဘဝဟောင်းသို့ ပြန်သွားပြီး ဟုန်ထာရှန်း စီးကရက် သောက်ကာ ခေါက်ဆွဲကြော် စားနေရမည့် ဘဝပင် ဖြစ်သည်။
ဗီနယ်-၂၄ သည် မဟာမိတ်အဖွဲ့ ၏ နည်းပညာ ဗဟိုချက်မ ဖြစ်သည်။ လမ်းမများပေါ်တွင် ကြော်ငြာများအတွက် ကြီးမားသော ပရိုဂျက်တာ မျက်နှာပြင်များ ရှိပြီး ဘယ်ညာတွင် နည်းပညာမြင့် ထုတ်ကုန်များ ရောင်းချသည့် ဆိုင်များ ရှိနေသည်။ နည်းပညာ ကုမ္ပဏီများနှင့် ၎င်းတို့၏ ရုံးချုပ်များ၏ ရှစ်ရာခိုင်နှုန်းကျော်မှာ ဤဂြိုဟ်ပေါ်တွင် ရှိနေပြီး နည်းပညာ ပညာရှင်များ စုဝေးရာ နေရာ ဖြစ်သောကြောင့် လမ်းပေါ်တွင် တွေ့ရသော သာမန် လူတစ်ယောက်မှာပင် ထူးချွန်သော ပရိုဂရမ်မာ တစ်ယောက် ဖြစ်နေနိုင်သည်။
ထို့နောက် ရှဖေးသည် ဟိုဗာကား တစ်စီးပေါ်သို့ တက်ကာ နေဝင်ချိန်အိမ်ယာ ဆီသို့ ဦးတည်လိုက်သည်။
ဟိုဗာကားသည် စည်ကားလှသော မြို့ပြကို ဖြတ်ကျော်ကာ သာယာလှပသော ကျေးလက်ဒေသသို့ ရောက်ရှိလာပြီး မကြာမီမှာပင် တောင်တန်းတစ်ခုနှင့် လိပ်ခုံးပုံ ရေကန်တစ်ခုကို မြင်လိုက်ရသည်။
လခြမ်းတောင် မှာ အလွန်မမြင့်သလို လခြမ်းရေကန် မှာလည်း အလွန်မကြီးမားသော်လည်း ၎င်းတို့ နှစ်ခုမှာ ဘေးချင်းယှဉ် တည်ရှိနေကြပြီး တစ်ခုနှင့်တစ်ခု အလှချင်း ပြိုင်နေကြသည်။
တောင်ခြေတွင် တောင်ထိပ်သို့ ဦးတည်သော အလိုအလျောက် စက်လှေကားများ ရှိသည်။ တောင်လယ်နှင့် တောင်ထိပ်တွင် စိမ်းလန်းသော အဆောက်အအုံ ကြီးတစ်ခု ရှိပြီး ထိုနေရာမှနေ၍ တောင်ခြေရှိ ရေကန်အလှကို ကြည့်ရှုနိုင်ပေလိမ့်မည်။ တောင်ခြေတွင် ပိုမိုကြီးမားသော လေးထောင့်ပုံ အဆောက်အအုံ တစ်ခု ရှိသော်လည်း ထူးထူးခြားခြား ဘာမှ မရှိပေ။ အကယ်၍ အေဗရယ်သာ ဤနေရာတွင် နေထိုင်သည် ဆိုပါက သူမသည် တောင်လယ် သို့မဟုတ် တောင်ထိပ်ရှိ အဆောက်အအုံတွင် နေထိုင်ပေလိမ့်မည်။
လခြမ်းတောင်နှင့် လခြမ်းရေကန်ကို အလွိုင်း ခြံစည်းရိုးများဖြင့် ဝိုင်းရံထားသဖြင့် တက္ကစီမှာ ပတ်လမ်းအတိုင်းသာ မောင်းနှင်နိုင်သည်။ သို့သော် ခရီးသွားများမှာ ခြံစည်းရိုး အပြင်ဘက်တွင် ရပ်ကာ လှပသော လခြမ်းရေကန်ကို ဓာတ်ပုံရိုက်နေကြသည်ကို မကြာခဏ တွေ့ရသည်။
ကျန့်မျိုးနွယ်စုမှာ ထိုလူများကို တားဆီးခြင်း မရှိဘဲ ခြံစည်းရိုး အပြင်ဘက်မှနေ၍ ရှုခင်းများကို ကြည့်ရှု ဓာတ်ပုံရိုက်ခွင့် ပြုထားသည်။ သိသာသည်မှာ ထိုမိသားစုမှာ ပြည်သူများနှင့် အဆင်ပြေစွာ နေထိုင်တတ်ပုံရသည်။
တက္ကစီသည် အရှေ့ဘက် တံခါးဝတွင် ရပ်လိုက်သည်။ ရှဖေးသည် တက္ကစီခ ပေးပြီးနောက် တင်းကျပ်စွာ စောင့်ကြပ်ထားသော ဂိတ်တံခါးဆီသို့ လျှောက်သွားလိုက်သည်။ အပြင်ဘက်တွင် ဝတ်စုံပြည့် ဝတ်ဆင်ထားသော သန်မာသည့် အမျိုးသား နှစ်ဦးမှာ တင်းကျပ်စွာ ပိတ်ထားသော အလွိုင်း ဂိတ်တံခါးကို စောင့်ကြပ်နေကြသည်။
ထိုအမျိုးသား နှစ်ဦးမှာ ရှဖေး ၎င်းတို့ထံသို့ လျှောက်လာသည်ကို မြင်သောအခါ အံ့ဩသွားပြီး ရှဖေးကို ချက်ချင်း တားဆီးလိုက်သည်။
“လူကြီးမင်း.. ဒါက ပုဂ္ဂလိက ပိုင်နက်ပါ။ ဒီကို ဘာကိစ္စ ရှိလို့လဲ ခင်ဗျာ။” ဆံပင်တိုတိုနှင့် အမျိုးသားက ယဉ်ကျေးစွာ မေးမြန်းလိုက်သည်။ ရှဖေးသည် သူ၏ ခြေလှမ်းများကို ရပ်လိုက်ပြီး ပြုံးလျက် ပြန်လည် ဖြေကြားလိုက်သည်။
“ကျွန်တော် အေဗရယ်နဲ့ တွေ့ဖို့ လာတာပါ။”
ရွှေရောင် ဆံပင်နှင့် အခြား အမျိုးသားက မျက်မှောင်ကြုတ်လိုက်သည်။ “ကျွန်တော်တို့ရဲ့ သခင်မလေးနဲ့ တွေ့ဖို့ လာတာ ဟုတ်လား။ ကြိုတင် ချိန်းဆိုထားတာ ရှိပါသလား။”
‘အေဗရယ်က ကျန့်မျိုးနွယ်စုရဲ့ သခင်မလေး ဖြစ်နေလိမ့်မယ်လို့ ဘယ်သူ ထင်မှာလဲ။ ငါ အဲ့ဒီအကြောင်း မေးတိုင်း သူမ ဘာလို့ ရှောင်လွှဲနေခဲ့လဲ ဆိုတာ အခုမှ သိတော့တယ်’ ရှဖေးက ခေါင်းခါပြလိုက်ပြီး တွေးလိုက်မိသည်။
“မရှိပါဘူး။ ရှဖေး ရောက်နေတယ်လို့ သူမကို တစ်ချက်လောက် အကြောင်းကြားပေးလို့ ရမလား။” ရှဖေးက တည်တည်ငြိမ်ငြိမ် တောင်းဆိုလိုက်သည်။ သူသည် အေဗရယ်၏ နောက်ခံကို ကြိုတင် ခန့်မှန်းထားပြီး ဖြစ်သဖြင့် တည်ငြိမ်စွာ နေနိုင်ခြင်း ဖြစ်သည်။
“စိတ်မကောင်းပါဘူး ခင်ဗျာ” ဟု ဆံပင်တိုတိုနှင့် သက်တော်စောင့်က ပြောလိုက်သည်။ “ဧည့်သည်တွေကို ဘဏ္ဍာစိုးကြီးဖန်းကပဲ ကိုင်တွယ်တာပါ။ ကျွန်တော်တို့က လုံခြုံရေး သက်သက်ပဲ။ အကယ်၍ သခင်မလေးနဲ့ တွေ့ချင်တယ် ဆိုရင်တော့ ဘဏ္ဍာစိုးကြီးဖန်းနဲ့ ကြိုတင် ချိန်းဆိုပေးပါ ခင်ဗျာ။ ကျွန်တော်တို့လည်း ဘာမှ လုပ်ပေးလို့ မရပါဘူး။”