အခန်း (၁၅၄-၁၅၆)
Vol. 11 Ch. 154-156
အခန်း (၁၅၄) - ထိုးဖောက်တိုက်ခိုက်ခြင်း
လုံခြုံရေးဝန်ထမ်းနှစ်ဦးမှာ အလွန်ပင် ယဉ်ကျေးပျူငှာကြသဖြင့် ရှဖေးသည်လည်း ၎င်းတို့အပေါ် သင့်လျော်သော ရိုသေမှုကို ပြသခဲ့သည်။ သူသည် သိုလှောင်လက်စွပ်ကို တစ်ချက်ပွတ်လိုက်ပြီး ကြိုတင်ပြင်ဆင်ထားသော ငွေများကို ၎င်းတို့အား တိတ်တဆိတ် ကမ်းပေးလိုက်သည်။
စောင့်ကြပ်သူများကို လာဘ်ထိုးခြင်းမှာ အလွန်ပင် နည်းပညာဆန်သော အတတ်ပညာတစ်ခု ဖြစ်သည်။ ပထမဦးစွာ ပေးရမည့် ပမာဏကို သိရမည်ဖြစ်ရာ နည်းလွန်းပါက ၎င်းတို့က ဂရုစိုက်မည်မဟုတ်သလို၊ များလွန်းပါကလည်း တစ်စုံတစ်ရာ မရိုးသားသော ရည်ရွယ်ချက်ရှိသည်ဟု ထင်ကာ ပိုမိုသတိထားသွားပေလိမ့်မည်။
ဒုတိယအချက်မှာ ငွေပေးကမ်းသည့် ပုံစံကို ဂရုစိုက်ရမည် ဖြစ်သည်။ ကြယ်တာရာဒင်္ဂါး တစ်သိန်းတန် ငွေစက္ကူနှစ်ရွက်ကို လေးထောင့်ပုံစံ ခေါက်ထားပြီး လက်ညှိုးနှင့် လက်ခလယ်ကြားတွင် ညှပ်ကာ တတ်နိုင်သမျှ မသိမသာ ဖြစ်အောင် ပြုမူရသည်။
“ကျွန်တော်က တခြားဂြိုဟ်ကလာတဲ့ အေဗရယ်ရဲ့ သူငယ်ချင်းပါ၊ သခင်မလေးကို အကြောင်းကြားဖို့ အခွင့်အရေး မရလိုက်လို့ပါ။ ဒါလေးကို သူမကို ပေးလိုက်ပြီး ကျွန်တော်ရောက်နေတဲ့အကြောင်း ပြောပေးလို့ ရမလားခင်ဗျာ၊ ကျေးဇူးတင်ပါတယ်” ရှဖေးက နှိမ့်ချစွာ ပြောဆိုရင်း ပြုံးရွှင်သော မျက်နှာဖြင့် ငွေစက္ကူနှစ်ရွက်ကို သူ၏ ညာလက်ဖြင့် ကမ်းပေးလိုက်သည်။
ဆံပင်တိုတိုနှင့် လုံခြုံရေးဝန်ထမ်းသည် ရှဖေး၏ လက်ထဲတွင် တစ်စုံတစ်ခု ရှိနေသည်ကို သတိပြုမိသွားသည်။ အနီးကပ်ကြည့်လိုက်သောအခါ တစ်သိန်းတန် ငွေစက္ကူကြီး နှစ်ရွက်ဖြစ်နေသည်ကို တွေ့လိုက်ရ၏။ ငွေစက္ကူများကို အလွန်သေသပ်စွာ ခေါက်ထားပြီး ဂဏန်းများမှာ အပေါ်သို့ မျက်နှာမူနေသဖြင့် ပမာဏ မည်မျှများပြားသည်ကို တစ်ချက်ကြည့်ရုံဖြင့် သိနိုင်သည်။
ရွှေရောင်ဆံပင်နှင့် အမျိုးသားသည်လည်း ငွေများကို ငုံ့ကြည့်လိုက်ပြီးနောက် ၎င်းတို့နှစ်ဦးမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။ ရွှေရောင်ဆံပင်နှင့် အမျိုးသားက သူ၏ လုပ်ဖော်ကိုင်ဖက်ကို ခေါင်းညိတ်ပြလိုက်ရာ ဆံပင်တိုနှင့်လူက ပြုံးလျက် ပြန်ပြောသည်။
“ခဏလောက် စောင့်ပေးပါဦး ခင်ဗျာ၊ ကျွန်တော် သွားပြောပေးပါ့မယ်။ ဒါပေမယ့် သခင်မလေးက တွေ့ချင်၊ မတွေ့ချင်ကတော့ ကျွန်တော်တို့နဲ့ မဆိုင်ဘူးနော်”
“တကယ် ကျေးဇူးတင်ပါတယ်” ရှဖေးက အနည်းငယ် ဦးညွှတ်ကာ ပြုံးလျက် ပြောလိုက်သည်။
စောင့်ကြပ်သူများကို လာဘ်ထိုးခြင်းမှာ ရှေးကျသော နည်းလမ်းတစ်ခု ဖြစ်သော်လည်း အမြဲတမ်း ထိရောက်သော နည်းလမ်းလည်း ဖြစ်သည်။ လူတိုင်း၏ အတွင်းစိတ်တွင် လောဘဆိုသည်မှာ ရှိကြသည် မဟုတ်ပါလော။ ဤလုံခြုံရေးဝန်ထမ်းများမှာ လစာ အလွန်အမင်း မရကြသဖြင့် လစာပြင်ပမှ ငွေကြေးရရှိခြင်းကို သဘာဝအတိုင်းပင် ပျော်ရွှင်ကြပေလိမ့်မည်။ သို့သော် သတင်းစကားလေး တစ်ခွန်းပါးရုံဖြင့် ရရှိမည့် ကြယ်တာရာဒင်္ဂါး နှစ်သိန်းကို ငြင်းပယ်လိုက်ခြင်းမှာတော့ ရာစုနှစ်၏ ဟာသတစ်ခု ဖြစ်သွားပေလိမ့်မည်။
ခဏအကြာတွင် ဆံပင်တိုနှင့် အမျိုးသားမှာ အိမ်ယာအတွင်းမှ ဒေါသတကြီး ထွက်လာသည်။ သူသည် အသက်ကို ပြင်းပြင်းရှူနေပြီး မျက်နှာမှာလည်း နီမြန်းနေသည်။ ရှဖေး မျက်မှောင်ကြုတ်လိုက်သည်။ ဘာဖြစ်ခဲ့သည်ကို သူ မသိသော်လည်း ကောင်းသောကိစ္စတော့ မဖြစ်နိုင်ပေ။
ဆံပင်တိုနှင့်လူက ရှဖေး၏ မျက်နှာပေါ်သို့ ငွေများကို ပစ်ပေါက်လိုက်သည်။
“ဒီမနက် စောစောစီးစီး ဒီလောက်အထိ အဆူခံရလိမ့်မယ်လို့ မထင်ထားဘူး။ မင်းပိုက်ဆံတွေ ယူပြီး ငါ့မျက်စိရှေ့က အခုချက်ချင်း ပျောက်သွားစမ်း။ သခင်မလေးက မင်းကို မတွေ့ချင်ဘူးတဲ့”
သူပေးခဲ့သော ငွေများမှာ စော်ကားစွာဖြင့် သူ၏ မျက်နှာပေါ်သို့ ပြန်လည် ရောက်ရှိလာသည်။ ရှဖေးသည် ရင်ထဲတွင် အေးစက်မှုကို ခံစားနေရသော်လည်း တည်ငြိမ်စွာပင် နေလိုက်သည်။ သို့သော် သူ၏ အတွင်းစိတ်ထဲတွင်မူ အမည်မသိ ဒေါသတရားများ ပေါက်ဖွားလာခဲ့သည်။
“အေဗရယ်ကိုယ်တိုင်က ငါ့ကို မတွေ့ချင်တာလား၊ ဒါမှမဟုတ် တခြားတစ်ယောက်က ပြောခိုင်းတာလား” ရှဖေးက လက်များကို အိတ်ကပ်ထဲ ထည့်ကာ အဝေးသို့ လှမ်းကြည့်ရင်း အေးစက်စွာ ပြောလိုက်သည်။
“သခင်မလေးက မင်းကို လုံးဝ မသိဘူးလို့ ပြောတယ်၊ အခု ထွက်သွားတော့” ဆံပင်တိုနှင့်လူက အလျင်အမြန် ပြန်ပြောသည်။ သူသည် အထဲသို့ စိတ်လှုပ်ရှားစွာ ဝင်သွားသော်လည်း ရှဖေးထံသို့ ရိုင်းစိုင်းသော စကားလုံးများဖြင့် ပြန်ရောက်လာခြင်း ဖြစ်သည်။ ကြားထဲတွင် တစ်စုံတစ်ခု ဖြစ်ပျက်ခဲ့သည်မှာ သေချာသည်။
“ကောင်းပြီလေ၊ အေဗရယ်ကိုယ်တိုင်က ပြောတာဆိုရင်တော့ ငါ သွားပါ့မယ်” ရှဖေးက သူ၏ ဒေါသကို ထိန်းချုပ်ရင်း တည်ငြိမ်စွာ ပြောလိုက်သည်။
“မင်းက ဘာကောင်မို့လို့လဲ။ သခင်မလေးကို မင်းတွေ့ချင်တိုင်း တွေ့ရမယ် ထင်နေတာလား။ သွား.. ငါ့မျက်စိရှေ့က ထွက်သွားစမ်း” ဆံပင်တိုနှင့်လူက ရှဖေးကို မညှာမတာပင် ပြင်းပြင်းထန်ထန် တွန်းထုတ်လိုက်သည်။
ဂိတ်တံခါးအတွင်းမှ လူအုပ်စုတစ်စု ထွက်လာသည်။ ၎င်းတို့သည်လည်း အနက်ရောင် ဝတ်စုံများကို ဝတ်ဆင်ထားပြီး လည်ပင်းတွင် လည်စည်းပုဆိုးများကို တပ်ဆင်ထားကြသည်။
နေကာမျက်မှန် တပ်ထားသော ကတုံးနှင့် အမျိုးသားမှာ လက်ပိုက်လျက် ရှဖေးကို သတ်ဖြတ်လိုသော အငွေ့အသက်များ ပြည့်နှက်နေသည့် မျက်ဝန်းများဖြင့် ပွင့်လင်းစွာ စိုက်ကြည့်နေသည်။ လူတိုင်း၏ အာရုံမှာ ရှဖေးထံသို့ ရောက်နေပြီး သူသည် ၎င်းတို့၏ ပစ်မှတ်ဖြစ်ကြောင်း သိသာလှသည်။
ထိုခဏတွင် ရှဖေး၏ မိုက်ခရိုကွန်ပျူတာမှာ မီးနီများ လင်းလက်လျက် မြည်လာသည်။
ရှဖေး မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။ ၎င်းမှာ လုံခြုံရေးဌာနမှ ချက်ချင်း ထွက်ခွာရန် အကြောင်းကြားစာ ဖြစ်သည်။ ထိုသတိပေးချက်တွင် ရှဖေး၏ မြို့တော်အတွင်း နေထိုင်ခွင့် အချိန်ကုန်ဆုံးသွားပြီ ဖြစ်သဖြင့် သုံးနာရီအတွင်း ထွက်ခွာရမည်ဖြစ်ကြောင်း၊ မထွက်ခွာပါက မြို့တော်၏ ဥပဒေများကို ချိုးဖောက်မှုဖြင့် တရားစွဲဆိုခံရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
“တော်တော်လေး ထက်မြက်တဲ့ အကွက်ပဲ” ဖန်တန်က ခါးသီးစွာ ပြောလိုက်သည်။ “မင်းရဲ့ ဗီဇာ သက်တမ်းကုန်ဖို့ သုံးဆယ့်လေးနာရီ ကျန်သေးတာ သေချာတယ်၊ ဒါပေမယ့် သတင်းထွက်သွားတာနဲ့ ချက်ချင်း သက်တမ်းကုန်သွားတယ်။ ကျန့်မိသားစုက မင်းကို အတင်းအကျပ် ထွက်ခွာခိုင်းနေတယ်ဆိုတာ မင်း နားလည်မှာပါ”
ရှဖေး၏ ရင်ထဲတွင် ခံစားချက်များမှာ ပေါက်ကွဲလုနီးပါး ဖြစ်နေသော်လည်း သူသည် တည်ငြိမ်မှုကို မဆုံးရှုံးစေခဲ့ပေ။
မျက်စိတစ်မှိတ်အတွင်းမှာပင် ရှဖေးသည် နေကာမျက်မှန်နှင့် လူ၏ ရှေ့တွင် ပေါ်လာသည်။ “ငါ တစ်ခုပဲ သိချင်တယ်။ အေဗရယ်က ငါ့ကို မတွေ့ချင်တာလား၊ ဒါမှမဟုတ် တစ်စုံတစ်ယောက်က ငါ့ကို အေဗရယ်နဲ့ မတွေ့စေချင်တာလား”
ရုတ်တရက် ဖြစ်ပျက်သွားသဖြင့် အခြား သက်တော်စောင့်များမှာ ထိတ်လန့်သွားကြသည်။ ရှဖေး၏ အမြန်နှုန်းမှာ အလွန်ပင် မြန်ဆန်လှရာ၊ လုံခြုံရေး အများစုမှာ ရှဖေးကဲ့သို့သော လူမျိုးကို ယှဉ်နိုင်စွမ်း မရှိကြပေ။ သို့သော် နေကာမျက်မှန်နှင့် ကတုံးမှာမူ အလွန်ပင် တည်ငြိမ်နေသည်။
“သုံးနာရီဆိုတာ အချိန်အများကြီး မဟုတ်ဘူး။ မင်း အခု ထွက်သွားတာက လူတိုင်းအတွက် ပိုကောင်းလိမ့်မယ်”
ရှဖေး၏ နှုတ်ခမ်းထောင့်များ မြင့်တက်သွားပြီးနောက် သူသည် ရုတ်တရက် အားရပါးရ ရယ်မောလိုက်သည်။ “အကယ်၍ ငါ မထွက်သွားဘူးဆိုရင်ကော”
ထိုစကားထဲတွင် ပြင်းထန်သော ရက်စက်မှု အငွေ့အသက်များ ပါဝင်နေသည်။ ရှဖေး၏ အမြန်နှုန်းအဝါမှာ ရုတ်တရက် ပြောင်းလဲသွားပြီး အံ့ဩဖွယ်ရာ သတ်ဖြတ်လိုသော အငွေ့အသက်များ ထွက်ပေါ်လာသည်။
နေကာမျက်မှန်နှင့်လူမှာ မျက်မှောင်ကြုတ်သွားသည်။ ရှဖေး၏ သတ်ဖြတ်လိုသော အငွေ့အသက်မှာ သူ့ထက် မနည်းသည်ကို သူ သတိပြုမိလိုက်ရာ သူ၏ ကျောရိုးထဲအထိပင် စိမ့်တက်သွားသည်။ ဤသည်မှာ ခြိမ်းခြောက်မှု သက်သက် မဟုတ်ဘဲ တကယ့် သတ်ဖြတ်လိုသော ဆန္ဒသာ ဖြစ်ပြီး၊ များပြားလှသော အခက်အခဲများကို ဖြတ်သန်းခဲ့သူများသာ ပိုင်ဆိုင်နိုင်သည့် အရာဖြစ်သည်။
“မင်း မထွက်သွားဘူးဆိုရင်တော့ ငါ မင်းကို အတင်းအကျပ် ထွက်သွားအောင် လုပ်ရလိမ့်မယ်” နေကာမျက်မှန်နှင့်လူက တည်ငြိမ်စွာ ပြောလိုက်သည်။
သတ်ဖြတ်လိုသော အငွေ့အသက် နှစ်ခုမှာ တစ်ခုနှင့်တစ်ခု ထိတွေ့ကာ ရန်စနေကြသည်။
ရှဖေးသည် ကျန့်မိသားစုမှ လုံခြုံရေးဝန်ထမ်း ဆယ်ဦးကျော်နှင့် ရင်ဆိုင်ရတော့မည့်ပုံ ပေါ်သော်လည်း၊ တကယ်တော့ ဤသည်မှာ နှစ်ဦးချင်း ယှဉ်ပြိုင်မှုသာ ဖြစ်သည်။ ၎င်းတို့၏ လေ့ကျင့်မှုများကြောင့် အခြားလူများမှာ ဤကဲ့သို့သော တိုက်ပွဲတွင် ပါဝင်ပတ်သက်လိမ့်မည် မဟုတ်ပေ။
ရှဖေး၏ ရဲတင်းသော စိန်ခေါ်မှုကို ရင်ဆိုင်ရာတွင် နေကာမျက်မှန်နှင့်လူသည် ရှဖေး၏ အမြန်နှုန်းအဝါကို လွှမ်းမိုးရန် ပိုမိုပြင်းထန်သော အငွေ့အသက်ကို ထုတ်ဖော်လိုက်သည်။ သို့သော် ရှဖေး၏ သတ်ဖြတ်လိုသော အငွေ့အသက်မှာလည်း အလျှော့ပေးလိုသော ဆန္ဒမရှိဘဲ ပိုမို မြင့်တက်လာခဲ့သည်။
“ထားလိုက်ပါတော့၊ သူက ခွင့်မပြုရင်တောင် ငါတို့မှာ တခြားနည်းလမ်းတွေ ရှိပါတယ်ဟ မင်းအငွေ့အသက်တွေကို ဖုံးကွယ်ပီး တောင်နောက်ဘက်ကနေ ပတ်သွားပြီး အေဗရယ်ဆီ သွားကြရအောင်” ဖန်တန်က စိုးရိမ်သော အသံဖြင့် ပြောလိုက်သည်။
သာမန်အားဖြင့် ရှဖေးသည် လုပ်ကြံသတ်ဖြတ်မှု နည်းစနစ်များကို ပိုမို အသုံးပြုလေ့ရှိပြီး ၎င်းမှာ သူ အကျွမ်းကျင်ဆုံး နည်းလမ်းလည်း ဖြစ်သည်။ ရှဖေးသည် ဖန်တန်ထံမှ လုပ်ကြံသတ်ဖြတ်ခြင်းနည်းလမ်းမျာကို အချိန်အတော်ကြာ သင်ယူခဲ့သော်လည်း သူ၏ စစ်သည်တော် စိတ်ဓာတ်မှာ ဘယ်သောအခါမှ ပျောက်ကွယ်မသွားသည်ကို ဖန်တန် သိရှိသည်။
ရှဖေးသည် ယခုအခါတွင် အချိန်မရွေး ပေါက်ကွဲနိုင်သော မီးတောင်တစ်ခုကဲ့သို့ ဒေါသထွက်နေသည်။ ဤခဏတွင် သူသည် မိမိကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း မရှိတော့ဘဲ ရင်ထဲတွင် ပိတ်လှောင်ထားသမျှ ဒေါသများကို ထုတ်လွှတ်နေသည်။ ဤသို့ ပြုမူခြင်းက သူ့ကို အခက်အခဲများစွာ ဖြစ်စေနိုင်သည်။ သူတို့မှာ မြို့တော်၏ အတွင်းစည်းထဲတွင် ရှိနေကြခြင်း ဖြစ်ရာ လူတိုင်း မိမိစိတ်ကြိုက် ပြုမူနိုင်သော နေရာမဟုတ်ပေ။
မည်သို့ပင် ဖြစ်စေ ဤလူများမှာ အေဗရယ်၏ မိသားစုဝင်များ ဖြစ်သောကြောင့် နောက်နောင်တွင် အနေရခက်ခြင်း မရှိစေရန် သူ ထည့်သွင်းစဉ်းစားရပေဦးမည်။
ဖန်တန်၏ စကားမှာ အကြောင်းပြချက် ခိုင်လုံသော်လည်း ရှဖေးမှာ ထိုအရာများကို နားမဝင်တော့ပေ။ ဒေါသဆိုသည်မှာ ရေနှင့်တူပြီး တစ်ခါ ထုတ်လွှတ်လိုက်ပြီးပါက ပြန်လည် ရုပ်သိမ်းရန် မလွယ်ကူပေ။
“တကယ့် ဟာသပဲ” ရှဖေးက အေးစက်စွာ ပြောလိုက်သည်။
“ငါ့မိန်းမနဲ့ တွေ့ဖို့အတွက် ငါက ဘာလို့ ခိုးကြောင်ခိုးဝှက် လုပ်နေရမှာလဲ”
သူသည် သာမန်အားဖြင့် ဖန်တန်နှင့် စိတ်ချင်း ဆက်သွယ်ကာ ပြောဆိုလေ့ရှိသော်လည်း၊ ယခုအခါတွင် ရှဖေးမှာ ဒေါသ၏ လွှမ်းမိုးခြင်းကို ခံထားရသဖြင့် သူ၏ အဖြေကို အော်ဟစ်ကာ ပြောဆိုလိုက်ခြင်း ဖြစ်သည်။
ထိုစကားကို ကြားလိုက်ရသောအခါ လုံခြုံရေးဝန်ထမ်း အားလုံး၏ မျက်ဝန်းများတွင် ဒေါသရိပ်များ ထင်ဟပ်လာသည်။
“မင်း သခင်မလေးကို ဘယ်လို ခေါ်လိုက်တာလဲ”
“ကောင်လေး.. မင်း ဒီနေရာမှာ ဒီလောက်အထိ ရိုင်းရိုင်းစိုင်းစိုင်း ပြုမူရဲအောင် သတ္တိတွေ ဘယ်က ရလာတာလဲ”
ရှဖေးမှာ အနည်းငယ်မျှပင် တုန်လှုပ်ခြင်း မရှိပေ။ သူသည် သိုလှောင်လက်စွပ်ကို ညင်သာစွာ ပွတ်လိုက်ရာ တောက်ပလှသော ‘ကောင်းကင်လဓား’မှာ ထွက်ပေါ်လာပြီး ၎င်း၏ ထူးဆန်းသော ပုံသဏ္ဌာန်ကြောင့် လူတိုင်းမှာ တုန်လှုပ်သွားကြသည်။
“ကောင်းကင်လဓား။” နေကာမျက်မှန်နှင့်လူ၏ တည်ငြိမ်သော မျက်နှာမှာ ပျောက်ကွယ်သွားပြီး သူ၏ မျက်ဝန်းများမှာ လေးနက်သွားသည်။ “ဒါက နောက်ဆုံး သတိပေးချက်ပဲ။ မင်း နောက်တစ်မိနစ်အတွင်းမှာ ပျောက်မသွားဘူးဆိုရင် ငါ အတင်းအကျပ် လုပ်ရလိမ့်မယ်”
ကောင်းကင်လဓားကို သူ၏ ညာလက်မောင်းတွင် တပ်ဆင်လိုက်ပြီး ရှဖေးက လေးနက်သော အသံဖြင့် ပြန်ပြောသည်။
“စကားတွေ အများကြီး မပြောနဲ့တော့။ တိုက်ချင်တယ် ဆိုရင်လည်း တိုက်ကြတာပေါ့”
တိုတောင်းလှသော ထိုစကားစုမှာ တိုက်ခိုက်လိုသော ဆန္ဒများဖြင့် ပြည့်နှက်နေသည်။
“အားလုံး နောက်ဆုတ်လိုက်ကြ” နေကာမျက်မှန်နှင့်လူက အော်ဟစ်လိုက်ရာ အခြား သက်တော်စောင့်များမှာ အဝေးသို့ အလျင်အမြန် ဆုတ်ခွာသွားကြသည်။
နေကာမျက်မှန်နှင့်လူသည် တိုက်ခိုက်မည့် အနေအထားကို ပြုလုပ်လိုက်ပြီး ဆယ့်သုံးပိုင်းပါသော ခြောက်ဖက်မြင် လေနှင်တံ ကို ထုတ်ယူကာ သူ၏ ရင်ဘတ်ရှေ့တွင် ကန့်လန့်ဖြတ် ကိုင်ထားလိုက်သည်။
“မင်းရဲ့ အဆင့်ကို မင်းသိစမ်း။ ခွင့်ပြုချက် မရဘဲ အတင်းအကျပ် ဝင်ဖို့ ကြိုးစားနေတာ တကယ့်ကို အကြောင်းပြချက် မရှိတဲ့ ကိစ္စပဲ။ ဒါက မင်းကိုယ်တိုင် ရှာတဲ့ ဘေးပဲ” နေကာမျက်မှန်နှင့်လူက သူ၏ မျက်ဝန်းများတွင် ဒေါသ မီးတောက်များဖြင့် ပြင်းထန်စွာ ပြောလိုက်သည်။
လုံခြုံရေးဝန်ထမ်း တစ်ဦးမှာ အခြေအနေ၏ အရေးကြီးပုံကို နောက်ဆုံးတွင် နားလည်သွားသည်။ “အစ်ကိုရှင်း က တကယ်ပဲ သူ့ရဲ့ လက်နက်ကို ထုတ်သုံးလိုက်ပြီ။ အဲ့ဒီကောင်လေးက တကယ်ပဲ အဲ့လောက်အထိ အစွမ်းထက်နေလို့လား”
“ဟုတ်ပ။ ငါ အစ်ကိုရှင်း သူ့လက်နက်ကို သုံးတာ ဒါ ပထမဆုံး မြင်ဖူးတာပဲ”
“ငါတို့ ရဲတွေကို ခေါ်သင့်လား”
“ရဲတွေကို ခေါ်မယ် ဟုတ်လား။ ကျန့်မိသားစုရဲ့ ကိစ္စတွေမှာ ရဲတွေ ဝင်ပါဖို့ ဘယ်တုန်းက အခွင့်အရေး ရခဲ့လို့လဲ”
“အနည်းဆုံးတော့ ဘဏ္ဍာစိုးကြီးဖန်းကို အကြောင်းကြားသင့်တယ်”
“မှန်တယ်၊ ဘဏ္ဍာစိုးကြီးဖန်းဆီကို ဖုန်းဆက်လိုက်ကြစို့”
လုံခြုံရေးဝန်ထမ်းများကြားတွင် စကားသံများ ဆူညံနေသည်။ သိသာသည်မှာ ထို ‘အစ်ကိုရှင်း’ ဆိုသူမှာ ၎င်းတို့ကြားတွင် အလွန် လေးစားခြင်း ခံရသူ ဖြစ်ပြီး သူ၏ လက်နက်ကို ထုတ်သုံးခြင်းမှာ အလွန် ကြီးမားသော ကိစ္စတစ်ခု ဖြစ်ပုံရသည်။
“အကြောင်းပြချက် ဟုတ်လား” ရှဖေးက တုံ့ဆိုင်းခြင်း မရှိဘဲ ပြန်လည် တုံ့ပြန်လိုက်သည်။ “ငါ အကြောင်းပြချက် ပေးချင်ရင် ပေးမယ်၊ မပေးချင်ရင်လည်း မပေးဘူး။”
ထိုခဏမှာပင် ပုံရိပ်နှစ်ခုမှာ တစ်ခုနှင့်တစ်ခု ထိတွေ့သွားကြသည်။ ဆယ့်သုံးပိုင်းပါသော အလွိုင်းနှင်တံနှင့် ရှဖေး၏ ကောင်းကင်လဓားတို့မှာ ခဏမျှ ထိတွေ့ပြီးနောက် တစ်ဖက်စီသို့ လွင့်ထွက်သွားကြသည်။ သတ္တုချင်း ထိတွေ့သံမှာ လေထုထဲတွင် စူးရှစွာ ပျံ့နှံ့သွားသည်။
ထိုထိတွေ့မှုမှ မည်သူမျှ အသာမရခဲ့ပေ။
“ထပ်ချတာပေါ့” ရှဖေးက သူ၏ မျက်ဝန်းများတွင် ဒေါသရိပ်များဖြင့် အော်ဟစ်လိုက်သည်။
ထိုခဏမှာပင် ကောင်းကင်လဓားမှာ မူလ စက်ဝိုင်းပုံ ဓားသွား ခြောက်ခုမှ ဆယ့်နှစ်ခုသို့ ပြောင်းလဲသွားပြီး ၎င်း၏ အလျားမှာ နှစ်ဆမျှ ရှည်လျားသွားသည်။
နေကာမျက်မှန်နှင့်လူသည် သူ၏ နှင်တံကို ရှဖေး၏ ခန္ဓာကိုယ် အောက်ပိုင်းသို့ ဝှေ့ယမ်းလိုက်သည်။ လေပြင်းများမှာ တစ်ဟုန်းဟုန်း တိုက်ခတ်လာသည်။ ရှဖေးသည် သူ၏ ခြေဖျားဖြင့် မြေပြင်ကို ညင်သာစွာ ကန်ကျောက်ကာ လေထဲသို့ ပျံတက်သွားပြီး ကောင်းကင်လဓားဖြင့် အောက်သို့ ခုတ်ချလိုက်သည်။
ကောက်ကျစ်သော ထိုးနှက်ချက်မှာ လုပ်ကြံသတ်ဖြတ်မှုအတွက် အထူးပြုသော်လည်း၊ ယခုတစ်ကြိမ်တွင် ရှဖေးမှာ သူအမြဲ တိုက်ခိုက်သကဲ့သို့ မဟုတ်ပေ။ ထိုအစား သူသည် ပြင်းထန်သော တိုက်ခိုက်မှုများကိုသာ အသုံးပြုနေသည်၊ သိသာသည်မှာ သူ၏ ရင်ထဲရှိ ဒေါသများမှာ ငြိမ်သက်မသွားသေးခြင်းပင် ဖြစ်သည်။
နေကာမျက်မှန်နှင့်လူသည် သူ၏ မျက်စိရှေ့သို့ ရောက်လာသော ကောင်းကင်လဓားကို ကြည့်ကာ ပါးစပ်မှ လေကို ညင်သာစွာ မှုတ်ထုတ်လိုက်သည်။ လေပြင်းတစ်ခုမှာ ထက်မြက်သော ဓားတစ်လက်ကဲ့သို့ ရုတ်တရက် ထွက်ပေါ်လာသည်။
ရှဖေးမှာ သူ၏ မျက်နှာပေါ်သို့ လေပြင်းများ တိုက်ခတ်လာသည်ကို ခံစားလိုက်ရသဖြင့် သူ၏ ခန္ဓာကိုယ်ကို မယုံနိုင်စရာ ကောင်းသော နည်းလမ်းဖြင့် ဘယ်ဘက်သို့ လိမ်ဖယ်ကာ ရှောင်တိမ်းလိုက်သည်။ သတိမထားမိနိုင်သော လေပြင်းတစ်ခုမှာ ရှဖေး၏ ဘေးမှ ဖြတ်သန်းသွားပြီး သူ၏ အင်္ကျီကို ဆွဲဖြဲပစ်လိုက်သည်။
“ဒီလူမှာ ‘နယူမက်တစ် မီတီအို’စွမ်းအား ရှိနေတာပဲ။ အကျဉ်းချုပ် ပြောရရင် သူက ပါးစပ်ကနေ အံ့ဩဖွယ်ရာ အမြန်နှုန်းနဲ့ လေတွေကို မှုတ်ထုတ်နိုင်တာ၊ ဒါကြောင့် သူက အဝေးရော အနီးရော တိုက်ခိုက်တဲ့ နေရာမှာ တော်တော်လေး ကောင်းတယ်။ သတိထား” ဖန်တန်က အလျင်အမြန် ပြောလိုက်သည်။ ရှဖေးမှာ ဒေါသ၏ လွှမ်းမိုးခြင်းကို ခံနေရသဖြင့် သူသည် တိုက်ပွဲ၏ အခြေအနေကို ပိုင်းခြား စိတ်ဖြာပေးရန်သာ အာရုံစိုက်နေတော့သည်။
လုံခြုံရေးဝန်ထမ်းများမှာ အားပေးနေကြသည်။
“အစ်ကိုရှင်း.. အဲ့ဒီ အဆင့်မရှိတဲ့ လူယုတ်မာကို သင်ခန်းစာ ပေးလိုက်စမ်းပါ”
“မင်း သေတော့မယ် ကောင်လေး”
ရှဖေးသည် ၎င်းတို့၏ ရန်စမှုများကို အနည်းငယ်မျှပင် ဂရုမစိုက်ပေ။ သူသည် ခြေထောက်နှစ်ဖက်ကို မြေပြင်ပေါ်တွင် ခိုင်မာစွာ ထားလိုက်ပြီး ကောင်းကင်လဓားပေါ်ရှိ ခလုတ်ကို နှိပ်လိုက်ရာ စက်ဝိုင်းပုံ ဓားသွား တစ်ဆယ့်ရှစ်ခုလုံးမှာ အပြည့်အဝ ပေါ်ထွက်လာသည်။
၎င်းမှာ ကောင်းကင်လဓား၏ အကြမ်းတမ်းဆုံး ပုံစံဖြစ်သော ‘တောင်နှင့် ပင်လယ် ဖြိုခွင်းခြင်း’ပင် ဖြစ်သည်။
“မင်း အဲ့ဒါကို သုံးမလို့လား”
ရှဖေးက ပြုံးစစဖြင့် ပြန်ပြောလိုက်သည်။
“ငါ သုံးလို့ မရဘူးလား ”
အခန်း (၁၅၅) - ဒုတိယမြောက် စွမ်းအား
ရှဖေးသည် တည်ငြိမ်အေးဆေးသူတစ်ဦး ဖြစ်သည်မှာ ငြင်းမရပေ။ သူသည် ခွဲခြမ်းစိတ်ဖြာခြင်း၊ ကျိုးကြောင်းဆင်ခြင်ခြင်းနှင့် ရန်သူ အားနည်းချက်အရှိဆုံးအချိန်တွင် သူတို့၏လည်ပင်းကို အမှတ်အသားတစ်ခု ညင်သာစွာ ချန်ထားခဲ့ရခြင်းကို နှစ်သက်သည်။ သို့သော် ဤသည်မှာ ရှဖေးတွင် ဒေါသတရားမရှိဟု မဆိုလိုပေ။
မည်သည့်အမျိုးသားမဆို သွေးပူလာချိန်၊ ဒေါသထွက်လာချိန်တွင် စိတ်လိုက်မာန်ပါ ပြုမူတတ်သည့် အတိုင်းအတာတစ်ခု ရှိစမြဲပင်။ ယခုအချိန်တွင်မူ သူ၏အတွင်းစိတ်ထဲ၌ ကြာရှည်စွာ ပိတ်လှောင်ထားခဲ့သော ဒေါသတရားများမှာ ပွက်ပွက်ဆူလာခဲ့ပြီ ဖြစ်သည်။
မည်သူမျှ သူ့ကို တားဆီးနိုင်တော့မည်မဟုတ်။
“ငါ့လမ်းကို ပိတ်တဲ့သူ ဘယ်သူမဆို အသေပဲ” ရှဖေးက ကောင်းကင်လဓားကို ကိုင်ဆွဲရင်း ဒေါသတကြီး ကြေညာလိုက်သည်။
အေးစက်လှသော သတ်ဖြတ်လိုသည့် အငွေ့အသက်များမှာ ခြိမ်းခြောက်မှုရိပ်များဖြင့် လေထုထဲတွင် ပြည့်နှက်သွားသည်။
“ကြောက်စရာကောင်းတဲ့ သတ်ဖြတ်လိုတဲ့ အငွေ့အသက်ပဲ” ဟု နေကာမျက်မှန်နှင့်လူက ရေရွတ်လိုက်သည်။ “မင်းကို ဒီအတိုင်း လွှတ်ပေးလို့ မဖြစ်တော့ဘူး။”
သူသည် လေတစ်ချက်ကို ပြင်းပြင်းထန်ထန် မှုတ်ထုတ်လိုက်ရာ ထိုလေမှာ အံ့ဩဖွယ်ရာ အမြန်နှုန်းအဝါဖြင့် ထွက်ပေါ်လာသည်။ ထိုဖိသိပ်ထားသော လေလုံးကြီးမှာ အမြောက်ဆန်တစ်ခုကဲ့သို့ ပစ်လွှတ်လိုက်ခြင်း ဖြစ်သည်။ ၎င်းမှာ မမြင်နိုင်သော်လည်း ထင်ရှားသော သတ်ဖြတ်လိုသည့် အာနိသင်များ ပါဝင်နေသည်။
“ဖယ်စမ်း ”
ရှဖေး၏ မျက်ဝန်းများမှာ နီမြန်းလာသည်။ သူသည် ရှောင်တိမ်းခြင်း မရှိသည့်အပြင် ထို လေလုံးကြီးဆီသို့ တိုးဝင်သွားသည်။ လျှပ်စီးလက်သကဲ့သို့ပင် ကောင်းကင်လဓားမှာ အောက်သို့ ခုတ်ချလိုက်ပြီး ထိုဒြပ်မဲ့ လေလုံးကြီးကို ဖျက်ဆီးပစ်လိုက်သည်။
အလွန်အမင်း ဖိသိပ်ထားသော လေလုံးကြီး ပျက်စီးသွားသောအခါ ကြီးမားသော ပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာသည်။ ပြင်းထန်သော လေပြင်းများမှာ တစ်ဟုန်းဟုန်း တိုက်ခတ်လာသည်။
ပတ်ဝန်းကျင်ရှိ မြေပြင်မှာ ထိုပေါက်ကွဲမှုဒဏ်ကြောင့် ဖရိုဖရဲ ဖြစ်သွားပြီး အနီးနားရှိ သက်တော်စောင့်များမှာလည်း သူတို့၏ မျက်လုံးများကို အမြန် အုပ်လိုက်ကြရသည်။ ပြင်းထန်သော လေစီးကြောင်းကြောင့် ကောင်းစွာ လေ့ကျင့်ထားသော စစ်သည်တော်အချို့မှာပင် လဲကျသွားကြသည်။
ရှဖေးသည် ထိုပြင်းထန်သော လေစီးကြောင်းကြားမှ မည်သို့ ဖြတ်သန်းလာသည်ကို မည်သူမျှ မသိလိုက်ပေ။ သူတို့ ပြန်ကြည့်လိုက်ချိန်တွင်မူ ကောင်းကင်လဓားမှာ နေကာမျက်မှန်နှင့်လူ၏ ဦးခေါင်းဆီသို့ တည့်တည့် တိုးဝင်နေပြီ ဖြစ်သည်။
ကောင်းကင်လဓားသည် လေထုကို ဆွဲဖြဲကာ အကြမ်းတမ်းဆုံး နည်းလမ်းဖြင့် အောက်သို့ ဝှေ့ယမ်းဆင်းလာသည်။
“မကောင်းတော့ဘူး ” နေကာမျက်မှန်နှင့်လူသည် ရှဖေးက ဤကဲ့သို့ နှစ်ဦးနှစ်ဖက် ထိခိုက်မည့် အစီအစဉ်ဖြင့် ရဲရဲဝံ့ဝံ့ တိုက်ခိုက်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ကောင်းကင်လဓားမှာ ၎င်း၏ အပြင်းထန်ဆုံး ပုံစံတွင် ရှိနေသည်။ ၎င်း၏ အမြန်နှုန်းအဟုန်မှာ အလွန် ပြင်းထန်လှသဖြင့် ထိပ်တိုက်ရင်ဆိုင်ရန် မဖြစ်နိုင်ပေ။
သူသည် ခြေထောက်နှစ်ဖက်ဖြင့် မြေပြင်ကို ကန်ကျောက်ကာ အနောက်သို့ အမြန် ဆုတ်ခွာလိုက်သည်။ သူ၏ ခြေဖျားများ မြေပြင်မှ ကြွတက်သွားသည့် ခဏမှာပင် ကောင်းကင်လဓားမှာ ထိုနေရာသို့ ကျရောက်သွားသည်။
သူ၏ ခန္ဓာကိုယ်ကို လွဲချော်သွားသော ထိုလက်နက်သည် ပေါင်ရာချီ လေးလံသော တူကြီးတစ်လက်၏ အားအင်ဖြင့် မြေပြင်ကို ရိုက်ခတ်လိုက်သည်။
ဘန်....
ထိုရိုက်ချက်မှာ အလွန် ပြင်းထန်လှသည်။
မြေပြင်ပေါ်ရှိ ကျောက်ပြားဖြူများမှာ ချက်ချင်းပင် ဖုန်မှုန့်များ ဖြစ်သွားပြီး အပိုင်းအစများမှာ အရပ်မျက်နှာ အနှံ့သို့ လွင့်စင်သွားသည်။ မြေပြင်တွင်လည်း တစ်မီတာခန့် နက်သော ကျင်းကြီးတစ်ခု ကျန်ရစ်ခဲ့သည်။
နေကာမျက်မှန်နှင့်လူမှာ အလျင်အမြန် ဆုတ်ခွာလိုက်ရသဖြင့် ဟန်ချက်ပျက်သွားသည်။ သူ မြေပြင်ပေါ်သို့ မလဲကျမီ လက်ဖြင့် မြေပြင်ကို ထောက်ကာ ဟန်ချက်ပြန်ယူလိုက်ပြီး ဆယ်လှမ်းခန့် ဆုတ်ခွာကာ ရပ်လိုက်သည်။
လွင့်စင်လာသော ကျောက်စအစများကြောင့် သူ၏ ခန္ဓာကိုယ်တွင် ဒဏ်ရာများစွာ ရရှိသွားပြီး သူ၏ လှပသော အနက်ရောင် ဝတ်စုံမှာလည်း စုတ်ပြတ်သတ်သွားကာ သွေးများ စွန်းထင်နေသော ပေါင်သားများပင် ပေါ်ထွက်နေသည်။
‘သီသီလေးပဲ ’ ဟု နေကာမျက်မှန်နှင့်လူက ချွေးများကို သုတ်ရင်း တွေးလိုက်မိသည်။
ရှဖေး၏ တိုက်ကွက်မှာ သူ၏ ကန့်သတ်ချက်ကို ကျော်လွန်နေပြီ ဖြစ်သည်။ အကယ်၍ သူသာ ဆုတ်ခွာမည့်အစား ထိပ်တိုက် ရင်ဆိုင်ရန် ရွေးချယ်ခဲ့ပါက ရလဒ်မှာ ဆိုးရွားသွားပေလိမ့်မည်။
“အစ်ကိုရှင်း.. အဆင်ပြေရဲ့လား”
ကြည့်နေကြသော လုံခြုံရေးဝန်ထမ်းများမှာ အလွန်ပင် မှင်တက်သွားကြသည်။ သူတို့ အလွန် လေးစားရသော အစ်ကိုရှင်းမှာ ရှဖေး၏ တိုက်ကွက်ကြောင့် တကယ်ပင် ထိခိုက်ဒဏ်ရာ ရသွားသဖြင့် သူတို့၏ ရင်ထဲတွင် ကြောက်ရွံ့မှုနှင့် တုန်လှုပ်မှုများ ဖြစ်ပေါ်လာသည်။
ဤလူငယ်မှာ ဘယ်က ရောက်လာပြီး သူတို့၏ အစ်ကိုရှင်းကို မည်သို့ ဒဏ်ရာရအောင် လုပ်နိုင်ခဲ့သနည်း။ ဖုန်မှုန့်များ ငြိမ်သက်သွားသောအခါ ရှဖေး၏ ပုံစံကို မြင်လိုက်ရသဖြင့် လုံခြုံရေးဝန်ထမ်းများမှာ ပို၍ပင် ထိတ်လန့်သွားကြသည်။
သူသည် တိုက်ပွဲဝင်ဝတ်စုံကို ဝတ်ဆင်မထားသဖြင့် သူ၏ လီနင်းတံဆိပ် တီရှပ်ဟောင်းလေးမှာ အစိပ်စိပ်အမွှာမွှာ ဖြစ်သွားပြီ ဖြစ်သည်။ ယခုအခါ ရှဖေးသည် စုတ်ပြတ်နေသော ဘောင်းဘီတိုတစ်ထည်သာ ဝတ်ဆင်ထားပြီး ကျန်ခန္ဓာကိုယ် အစိတ်အပိုင်းများမှာ နေရောင်အောက်တွင် ဗလာကျင်းနေသည်။
သူ့ခြေထောက်တွင် ဝတ်ဆင်ထားသော ဘောင်းဘီတိုနှင့် တိုက်ပွဲဝင်ဖိနပ်များမှာ လေအရိပ်အမှတ် ၄တိုက်ပွဲဝင်ဝတ်စုံ၏ အစိတ်အပိုင်းများ ဖြစ်သည်။ ဤအရာ နှစ်ခုမှလွဲ၍ ကျန်အဝတ်အစား အားလုံးမှာ ပေါက်ကွဲမှုကြောင့် အစုတ်စုတ်အပြတ်ပြတ် ဖြစ်သွားပြီး ရှဖေး၏ ခန္ဓာကိုယ်ပေါ်တွင် နိုင်ငံစုံ အလံများကဲ့သို့ တွဲလောင်းကျနေသည်။
နေကာမျက်မှန်နှင့်လူသည် ရှဖေး၏ ခန္ဓာကိုယ်ပေါ်တွင် တစ်ခုနှင့်တစ်ခု ထပ်နေသော အညိုရောင် အမာရွတ်များစွာ ရှိနေသည်ကို ရုတ်တရက် သတိပြုမိလိုက်သည်။ ရှဖေး၏ ဆံပင်နက်ဖြူကြားနှင့် ပြင်းထန်လှသော အမူအရာတို့ ပေါင်းစပ်လိုက်သောအခါ သူသည် ငရဲတွင်းမှ တက်လာသော မိစ္ဆာတစ်ကောင်ကဲ့သို့ ကြောက်မက်ဖွယ်ရာ အငွေ့အသက်များကို ထုတ်လွှတ်နေသည်။
“မဖြစ်နိုင်တာ အသက် နှစ်ဆယ်တောင် မပြည့်သေးတဲ့သူက ဒီလောက်အထိ များပြားတဲ့ တိုက်ပွဲ အတွေ့အကြုံတွေ ရှိနေတယ် ဟုတ်လား ” နေကာမျက်မှန်နှင့်လူက တအံ့တဩ ရေရွတ်လိုက်သည်။ ရှဖေး၏ ခန္ဓာကိုယ်ပေါ်မှ အမာရွတ်များမှာ သူ့ထက် ပိုများရုံသာမကဘဲ သူ၏ သတ်ဖြတ်လိုသော ဆန္ဒမှာလည်း သူ့ထက် ပိုမို ပြင်းထန်ပြီး ရက်စက်လှသည်။
အမာရွတ်များမှာ အတုဖြစ်နိုင်သော်လည်း၊ ဤအံ့ဩဖွယ်ရာ သတ်ဖြတ်လိုသည့် အငွေ့အသက်ကိုမူ အတုလုပ်၍ မရပေ။ အသက် နှစ်ဆယ်ပင် မပြည့်သေးသော လူငယ်တစ်ဦးအပေါ်တွင် သူ အရေးနိမ့်နေသည်ဟု တွေးမိသောအခါ သူသည် အလွန် စိတ်မသက်မသာ ဖြစ်သွားသည်။
သူသည် ဒဏ္ဍာရီအဆင့်ရှိ ‘နယူမက်တစ် မီတီအို’ စွမ်းအား အသုံးပြုသူ တစ်ဦး ဖြစ်ကြောင်း သိထားသင့်သည်။ ရှဖေးကဲ့သို့ အသက် နှစ်ဆယ်ပင် မပြည့်သေးသူထံတွင် ရှုံးနိမ့်ခြင်းကို သူ မည်သို့မျှ လက်မခံနိုင်ပေ။ ထို့အပြင် ဤတိုက်ပွဲ၏ ရလဒ်မှာ သာမန် ရှုံးနိမ့်မှုမျိုး မဟုတ်ဘဲ အပြတ်အသတ် ရှုံးနိမ့်နေခြင်းမျိုးပင်။
သူသည် ရှဖေးကဲ့သို့ ကျွမ်းကျင်မှု မရှိသလို၊ ရှဖေးကဲ့သို့ သတ်ဖြတ်လိုသော ဆန္ဒလည်း မပြင်းထန်ပေ။ အခြေအနေအရ ကြည့်လျှင် သူသည် ရှဖေးကဲ့သို့ တိုက်ပွဲ အတွေ့အကြုံပင် မရှိသလို ဖြစ်နေသည်။
သူ့ရှေ့မှ လူငယ်မှာ အသက် နှစ်ဆယ်ပင် မပြည့်သေးပေ။ နေကာမျက်မှန်နှင့်လူသည် ရှဖေးမှာ လူသားတစ်ယောက် ဟုတ်မဟုတ်ကိုပင် သံသယ ဝင်လာခဲ့သည်။
ဝူး
ရှဖေးသည် ပြုံးစစဖြင့် တိုက်ပွဲမြေပြင်မှ လခြမ်းတောင်ဘက်သို့ ခုန်ထွက်သွားသည်။
ရှဖေး၏ ရည်မှန်းချက်မှာ ရိုးရှင်းပါသည်။ ဘာပဲဖြစ်ဖြစ် သူ အေဗရယ်နှင့် အနည်းဆုံး တစ်ကြိမ်တော့ တွေ့ချင်သည်။ အကယ်၍ မည်သူမဆို သူ့လမ်းကို ပိတ်ဆို့လာပါက ရှဖေးသည် မညှာမတာပင် ဖြတ်ကျော်သွားမည် ဖြစ်သည်။
နေကာမျက်မှန်နှင့်လူနှင့် ဆက်လက် တိုက်ခိုက်နေရန်မှာ အချိန်မဟုတ်ကြောင်း သိထားသဖြင့် ရှဖေးသည် အိမ်ယာဆီသို့ တိုက်ရိုက်သွားကာ အေဗရယ်ကို ရှာဖွေရန် ဆုံးဖြတ်လိုက်သည်။
ရှဖေး အိမ်ယာဆီသို့ ဦးတည်နေသည်ကို မြင်သောအခါ သူသည်လည်း အလျင်အမြန် နောက်မှ လိုက်သွားသည်။ ကံမကောင်းစွာဖြင့် သူ၏ အမြန်နှုန်းမှာ ရှဖေးကို မယှဉ်နိုင်ပေ။
ဘုန်း ဘုန်း ဘုန်း
လေလုံးကြီး သုံးလုံးမှာ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာပြီး ရှဖေး၏ ကျောပြင်ဆီသို့ ဦးတည် တိုးဝင်သွားသည်။
ရှဖေးသည် နောက်သို့ လှည့်မကြည့်ဘဲ သူ၏ ကျွမ်းကျင်လှသော ခရက်ဖ်တီး အပရိုးချ် ကို အသုံးပြု၍ ထိုလေစီးကြောင်း သုံးခုကို ရှောင်တိမ်းကာ တောင်ပေါ်သို့ ဆက်လက် တက်သွားသည်။ တောင်လယ်တွင် လူအများ ရှုခင်းကြည့်နိုင်ရန် ပြုလုပ်ထားသော ပလက်ဖောင်းကျယ်ကြီးနှင့် ရှေးဟောင်း ပုံစံ အဆောက်အအုံကြီး တစ်ခု ရှိသည်။
သူသည် ထိုပလက်ဖောင်းပေါ်သို့ ခြေချလိုက်သည့် ခဏတွင် သူ၏ ခန္ဓာကိုယ်မှာ မမြင်နိုင်သော တံတိုင်းတစ်ခုကို တိုက်မိသကဲ့သို့ တောင့်တင်းသွားသည်။
“ငါ့လမ်းက ဖယ်စမ်း” ရှဖေးက အော်ဟစ်လိုက်ပြီး ထိုမမြင်နိုင်သော တံတိုင်းကို တွန်းလှန်ရန် သူ၏ ခန္ဓာကိုယ် အစိတ်အပိုင်း တိုင်းကို အသုံးချလိုက်သည်။ သူ၏ နဖူးပေါ်တွင် အကြောများ ထောင်ထွက်လာပြီး ကြွက်သားများမှာလည်း ဖောင်းကားလာသည်။ ဤသည်မှာ စွမ်းအင်ချင်း ယှဉ်ပြိုင်မှုပင် ဖြစ်သည်။ ရှဖေး၏ ခန္ဓာကိုယ်မှာ စပရိန်တစ်ခုကဲ့သို့ ကျုံ့လိုက်ပွလိုက် ဖြစ်နေပြီး အကယ်၍ သူသာ လက်လျှော့လိုက်ပါက သူသည် အဝေးတစ်နေရာသို့ လွင့်ထွက်သွားပေလိမ့်မည်။
‘လက်လျှော့မယ် ဟုတ်လား’ ရှဖေးက အဲ့ဒီအကြောင်းကို တစ်ခါမှ မတွေးဖူးပေ။ အေဗရယ်မှာ သိပ်မဝေးတော့သော နေရာတွင် ရှိနေသည်၊ သူ ဘာကြောင့် လက်လျှော့ရမှာလဲ။ သူ ဘယ်တော့မှ လက်လျှော့မှာ မဟုတ်ဘူး။
ရှဖေးသည် သူ၏ အသက်နှင့်ရင်း၍ ကြိုးစားနေစဉ်တွင် ပတ်ဝန်းကျင်ရှိ လေထုမှာ အကြီးအကျယ် ဖရိုဖရဲ ဖြစ်လာသည်။ မမြင်နိုင်သော တံတိုင်းမှာလည်း ရှဖေး၏ တွန်းအားကြောင့် ချိုင့်ဝင်သွားသည်။
ထိုခဏတွင် နေကာမျက်မှန်နှင့်လူမှာ အမှီလိုက်လာပြီး အဝေးမှနေ၍ ‘နယူမက်တစ် မီတီအို’ သုံးလုံးကို ထပ်မံ ပစ်လွှတ်လိုက်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုတိုက်ကွက်များမှာ သူ၏ ကျောဘက်သို့ ရောက်ရှိလာသည်။ ရှဖေးသည် နှုတ်ခမ်းကို တင်းတင်းစေ့ကာ ဘေးသို့ အနည်းငယ် ရှောင်လိုက်သည်။
ဘုန်း ဘုန်း ဘုန်း
ထိုလေလုံးကြီး သုံးလုံးမှာ မမြင်နိုင်သော တံတိုင်းပေါ်သို့ ကျရောက်သွားပြီး နားကွဲမတတ် ပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာသည်။ မမြင်နိုင်သော တံတိုင်းပေါ်တွင် ဂယက်လှိုင်းများ ထွက်ပေါ်လာပြီး အပြင်ဘက်သို့ ပြန့်နှံ့သွားသည်။
“အခုပဲ ”
သူ၏ ညာလက်မှ ကောင်းကင်လဓားကို ဆန့်ထုတ်လိုက်ပြီး တံတိုင်းအတွင်းသို့ ထိုးသွင်းလိုက်သည်။
သူသည် သူ၏ ခြေထောက်နှစ်ဖက်မှ ရှိသမျှ အင်အား အားလုံးကို အသုံးပြုလိုက်ရာ ပလက်ဖောင်းပေါ်ရှိ ကျောက်ပြားဖြူများမှာ ကြေမွသွားပြီး နက်ရှိုင်းသော ခြေရာနှစ်ခု ကျန်ရစ်ခဲ့သည်။
“ကွဲစမ်း”
တံတိုင်းမှာ လေလုံးကြီးများ၏ တိုက်ခိုက်မှုကြောင့် ပြန်လည် မတည်ငြိမ်သေးပေ။ ရှဖေး၏ အစွမ်းကုန် တိုက်ခိုက်မှုနှင့် ပေါင်းစပ်လိုက်သောအခါ တံတိုင်းပေါ်တွင် အက်ကြောင်းတစ်ခု ပေါ်ထွက်လာသည်။
ရှဖေးသည် ထိုအက်ကြောင်းကြားမှ အလျင်အမြန် တိုးဝင်လိုက်ပြီး အကြိမ်အနည်းငယ် လိမ့်ကာ အိမ်ယာအတွင်းသို့ ဆက်လက် ဝင်ရောက်သွားသည်။
ခြေလှမ်းနှစ်လှမ်းခန့် အကြာတွင် ရှဖေးသည် နောက်ထပ် မမြင်နိုင်သော တံတိုင်းတစ်ခုနှင့် ထပ်မံ ရင်ဆိုင်ရပြန်သည်။ ယခုတစ်ကြိမ်တွင်မူ ၎င်းမှာ ရှဖေး၏ လမ်းကို ပိတ်ဆို့ထားရုံသာမကဘဲ ရှဖေးကို လေးထောင့်ပုံစံ ပုံးတစ်ခုအတွင်းတွင် ပိတ်လှောင်ထားသကဲ့သို့ ဖြစ်နေသည်။
ရှဖေးမှာ ဒေါသတရားများဖြင့် တံတိုင်းကို ထပ်မံ ဆွဲဖြဲရန် ပြင်ဆင်လိုက်သည်။ ထိုခဏတွင် အဝေးမှနေ၍ အိုမင်းပြီး စူးရှသော အသံတစ်ခု ထွက်ပေါ်လာသည်။
“မင်းက ရှဖေး မဟုတ်လား” ထိုအသံနှင့်အတူ အနက်ရောင် ဝတ်စုံ ဝတ်ဆင်ထားသော အဘိုးအို တစ်ဦးမှာ တောင်ပေါ်မှ ရှဖေးထံသို့ ဆင်းလာသည်။
သူသည် အသက် ခုနစ်ဆယ်ခန့် ရှိပုံရပြီး သူ၏ အနက်ရောင် ဝတ်စုံမှာ အပြင်ဘက်ရှိ သက်တော်စောင့်များ ဝတ်ဆင်ထားသည်နှင့် ဆင်တူသော်လည်း သူ၏ ဝတ်စုံတွင် အနက်ရောင် လည်စည်းနှင့် လိုက်ဖက်သော ပိုးလက်အိတ် တစ်စုံ ပါဝင်သည်။ သူ၏ မုတ်ဆိတ်များကို ပြောင်စင်အောင် ရိတ်ထားပြီး သူ၏ ငွေရောင် ဆံပင်များကိုလည်း သေသေသပ်သပ် ဖီးလိမ်းထားသည်။
သူ၏ မှုန်ဝါးနေသော မျက်ဝန်းများမှ အလင်းတန်း တစ်ခု ထွက်ပေါ်လာပြီး ရှဖေးကို စိုက်ကြည့်လိုက်သည်။
ရှဖေးသည် တည့်တည့် မတ်မတ် ရပ်လိုက်ပြီး လေးမီတာနီးပါး ရှည်လျားသော ကောင်းကင်လဓားကို ပခုံးပေါ်တွင် တင်လိုက်သည်။ “ဟုတ်ပါတယ်။ ခင်ဗျား ကျွန်တော့်ကို သိလို့လား။”
အဘိုးအိုသည် ရှဖေးနှင့် မီတာ နှစ်ဆယ်ခန့် အကွာအဝေးသို့ ချဉ်းကပ်လာပြီး ပြုံးလျက် ပြောလိုက်သည်။ “သိလည်း သိတယ်၊ မသိလည်း မသိပါဘူး။”
“ဘာကို ဆိုလိုတာလဲ။” ရှဖေးက လေးနက်သော အသံဖြင့် ပြောဆိုရင်း ရှေ့သို့ တစ်လှမ်း တိုးလိုက်သည်။
“သခင်မလေးက မင်းကို သိတယ်၊ ငါကလည်း ဘဏ္ဍာစိုး ဆိုတော့ မင်းကို သိတာပေါ့။” ဟု အဘိုးအိုက တည်ငြိမ်စွာ ရှင်းပြလိုက်သည်။
“ဒါဆို ခင်ဗျားက ဘဏ္ဍာစိုးကြီးဖန်းပေါ့။”
“ဟုတ်ပါတယ်။ ငါ့နာမည်က ဖန်းဟိုင်ပါ။ ဖန်းမျိုးနွယ်စုက ကျန့်မိသားစုကို ပြုစုစောင့်ရှောက်လာတာ ခုနစ်ဆက်၊ ရှစ်ဆက်လောက် ရှိပါပြီ။” ဖန်းဟိုင်က ပြန်လည် ပြောပြသည်။
ရှဖေးသည် အဘိုးကြီး၏ မိသားစု သမိုင်းကြောင်းကို စိတ်မဝင်စားဘဲ လိုရင်းကိုသာ တိုက်ရိုက် ပြောလိုက်သည်။ “ကျွန်တော် အေဗရယ်နဲ့ တွေ့ချင်တယ်။”
ဖန်းဟိုင်က ပြုံးလျက် ခေါင်းခါပြလိုက်သည်။ “မင်းရဲ့ ခံစားချက်ကို ငါ နားလည်ပါတယ်၊ ဒါပေမယ့် မင်း သခင်မလေးကို တွေ့လို့ မရဘူး။”
“ဘာဖြစ်လို့လဲ။”
“ဒါက မင်းရဲ့ ကောင်းကျိုးအတွက်ပါ။”
ရှဖေးသည် ထိုအဖြေကို ကြားသောအခါ ရယ်မောလိုက်သည်။ “ကျွန်တော့် ကောင်းကျိုးအတွက် ဟုတ်လား။ ဒါကတော့ ရာစုနှစ်ရဲ့ ဟာသတစ်ခုပဲ။ ကျွန်တော့်အတွက် ဘယ်အရာက ကောင်းတယ်၊ ဘယ်အရာက ဆိုးတယ် ဆိုတာ ခင်ဗျားတို့နဲ့ မဆိုင်ပါဘူး။”
ထိုအချိန်တွင် သူ၏ နောက်ကွယ်မှ လုံခြုံရေးဝန်ထမ်းများမှာ အမှီလိုက်လာကြပြီ ဖြစ်သည်။ ဖန်းဟိုင်ကို မြင်သောအခါ ၎င်းတို့ အားလုံးမှာ ဦးညွှတ် နှုတ်ဆက်ကြသည်။ နေကာမျက်မှန်နှင့်လူမှာမူ လက်သီးဆုပ်ကာ ရိုသေစွာ နှုတ်ဆက်လိုက်သည်။ “အဖေ။”
ဖန်းဟိုင်က ခေါင်းညိတ်ပြလိုက်ပြီး ဖရိုဖရဲ ဖြစ်နေသော ဖန်းရှင်း ကို ပြောလိုက်သည်။
“ရှင်း.. သွားပြီး အဝတ်အစား လဲလိုက်တော့။ မင်း ဒီမှာ ရှိနေဖို့ မလိုတော့ဘူး။ တခြားလူတွေလည်း ထွက်သွားကြတော့။”
ဖန်းရှင်းနှင့် အခြား လုံခြုံရေးဝန်ထမ်းများမှာ အလျင်အမြန် ခေါင်းညိတ်ပြကာ မောဖန်းနွမ်းနယ်သော အမူအရာများဖြင့် တောင်အောက်သို့ ပြန်ဆင်းသွားကြရာ၊ တောင်လယ်တွင် ဖန်းဟိုင်နှင့် ရှဖေးတို့ နှစ်ဦးတည်းသာ ကျန်ရစ်ခဲ့သည်။
“သူတို့က သားအဖတွေ ဖြစ်နေတာပဲ။ သူတို့ရဲ့ စွမ်းအားတွေက လေကို အခြေခံထားတာ မဆန်းပါဘူး။ ဒါပေမယ့် အဖေဖြစ်သူရဲ့ ‘နယူမက်တစ် တောင်မြစ် က သူ့သားရဲ့ ‘နယူမက်တစ် မီတီအို’ ထက် အများကြီး ပိုပြီး အစွမ်းထက်တယ်။ သူက တကယ့် ပြိုင်ဘက်ကောင်းပဲ။” ဖန်တန်က ပြောလိုက်သည်။
ရှဖေး၏ စိတ်ထဲတွင် ထိုအရာများကို ဂရုမစိုက်ပေ။ သူ၏ စိတ်ထဲတွင် တောင်ထိပ်သို့ အမြန် တက်ကာ အေဗရယ်ကို တွေ့ရန်သာ ရှိသည်။
“ခင်ဗျားရဲ့ သားက ကျွန်တော့်ကို မတားနိုင်ခဲ့ဘူး၊ ခင်ဗျားလည်း တားနိုင်မှာ မဟုတ်ဘူး။” ဟု ရှဖေးက လေးနက်သော အသံဖြင့် ပြောလိုက်သည်။
ဖန်းဟိုင်က ပြုံးလိုက်သည်။ “ငါ မစမ်းကြည့်ဘဲနဲ့ ဘယ်လို သိနိုင်မှာလဲ။”
ရှဖေးသည် ကောင်းကင်လဓားပေါ်ရှိ ခလုတ်ကို နှိပ်လိုက်ရာ ဓားသွား တစ်ဆယ့်ရှစ်ခုမှာ တစ်ခုနှင့်တစ်ခု ကွဲထွက်သွားသည်။ သူသည် သူ၏ စိတ်စွမ်းအားကို အသုံးပြုလိုက်ရာ စက်ဝိုင်းပုံ ဓားသွားများမှာ လေထဲတွင် စတင် လည်ပတ်လာကြသည်။
ဖန်းဟိုင်မှာ အလွန်ပင် မှင်တက်သွားသည်။
“ရှဖေး.. မင်းမှာ အမြန်နှုန်း စွမ်းအားအပြင် စိတ်စွမ်းအား အသုံးပြုနိုင်တဲ့ စွမ်းအားပါ ရှိနေတာပဲ ”
အခန်း (၁၅၆) - ငှက်မွှေး
ကိုးဖက်မြင် စက်ဝိုင်းပုံ ဓားသွား တစ်ဆယ့်ရှစ်ခုမှာ လေထဲတွင် မတူညီသော အမြန်နှုန်းများဖြင့် လည်ပတ်နေကြသည်။
“ကွဲစမ်း ”
ရှဖေး အော်ဟစ်လိုက်သည်နှင့် ဓားသွားများအားလုံး စုစည်းသွားပြီး ကောင်းကင်ယံမှ ဥက္ကာခဲတစ်ခုကဲ့သို့ မမြင်နိုင်သော လေတံတိုင်းဆီသို့ တိုးဝင်သွားသည်။ ထိုဓားသွားများသည် လျှပ်စစ်လွှတစ်ခုကဲ့သို့ အလွန်မြန်သော အမြန်နှုန်းဖြင့် လည်ပတ်နေသဖြင့် ပုံရိပ်ယောင်ကိုသာ မြင်တွေ့နိုင်သည်။
ဤကဲ့သို့ လည်ပတ်တိုက်ခိုက်ခြင်းမှာ ဖိသိပ်ထားသော လေတံတိုင်းကို ဖောက်ထွင်းရန် အကောင်းဆုံးနည်းလမ်း ဖြစ်သည်။ ၎င်းသည် လျှပ်စစ်လွန်ပူတစ်ခုကဲ့သို့ သိပ်သည်းလှသော လေထုကို ဆွဲဖြဲပစ်လိုက်သည်။
ဖန်းဟိုင်မှာ အလွန်ပင် မှင်တက်သွားသည်။ သူသည် ရှဖေး၏ ဓားသွားများအောက်တွင် တံတိုင်း ပျက်စီးမသွားစေရန် လက်နှစ်ဖက်ကို ပူးကပ်လိုက်ပြီး ပထမတံတိုင်းပေါ်တွင် နောက်ထပ် တံတိုင်းတစ်ခုကို ထပ်ဆင့် လိုက်သည်။ သို့သော် ဖန်းဟိုင်သည် စိတ်စွမ်းအား ၏ အစွမ်းကို လျှော့တွက်ထားခဲ့မိသည်။
ဝူး ဝူး
ဓားသွားများသည် လေတံတိုင်းများနှင့် ခဏမျှ ထိတွေ့ပြီးနောက် တံတိုင်းများကို ဖောက်ထွင်းသွားသည်။ ထိုတံတိုင်းများသည် ရှဖေး၏ အစွမ်းထက်လှသော စွမ်းအားရှေ့တွင် စက္ကူကဲ့သို့ပင် အားနည်းလွန်းနေသည်။
ဂွပ်
ရှဖေးသည် ပျက်စီးသွားသော လေတံတိုင်းကို အထည်စတစ်ခုအား ဆွဲဖြဲသကဲ့သို့ သူ၏လက်ဖြင့် ဆွဲဖြဲကာ အတွင်းသို့ လှမ်းဝင်လိုက်သည်။
“ပြန်လာခဲ့ ”
လည်ပတ်နေသော ဓားသွားများသည် ကောင်းကင်လဓားပေါ်သို့ ပြန်လည် ရောက်ရှိသွားပြီး လက်နက်မှာ မူလပုံစံသို့ ပြန်လည် ပြောင်းလဲသွားသည်။
“သူက စိတ်စွမ်းအား အသုံးပြုနိုင်တဲ့သူပါလား ”
“ဒါဆို သူ့မှာ စွမ်းအားနှစ်ခု ရှိနေတာပေါ့။ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ”
ဖန်းဟိုင်သည် မျက်မှောင်ကြုတ်လိုက်မိသည်။ ရှဖေးတွင် အမြန်နှုန်း စွမ်းအားသာမက စိတ်စွမ်းအား စွမ်းအားပါ ရှိနေလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။
မဟာမိတ်အဖွဲ့ ထဲတွင် မရေးမသားထားသော စည်းမျဉ်းတစ်ခု ရှိသည်။ ထိပ်တန်း စစ်သည်တော်တစ်ယောက် ဖြစ်လိုပါက စွမ်းအား တစ်ခုထက်ပို၍ မရှိသင့်ပေ။ အဘယ်ကြောင့်ဆိုသော် မတူညီသော စွမ်းအားနှစ်ခုကို အဆင့်တူအောင် လေ့ကျင့်နိုင်သူ မည်သူမျှ မရှိခဲ့ဖူးသောကြောင့် ဖြစ်သည်။ သို့သော် ရှဖေးမှာ ထိုစည်းမျဉ်းကို ချိုးဖောက်လိုက်ပြီ ဖြစ်သည်။
သူ့တွင် စွမ်းအားနှစ်ခု ရှိနေရုံသာမက ထိုစွမ်းအား နှစ်ခုလုံးမှာလည်း ကြယ်တာရာနယ်မြေအဆင့်အထိ တန်းတူ လေ့ကျင့်ထားပြီး ဖြစ်သည်။ စွမ်းအားနှစ်ခု ပိုင်ဆိုင်ထားခြင်းမှာ တစ်ပေါင်းတစ်မှာ နှစ်ဖြစ်ရုံသာမကဘဲ တစ်ခုနှင့်တစ်ခု ပေါင်းစပ်လိုက်ပါက ပိုမိုကြီးမားသော အစွမ်းကို ရရှိစေသည်။
ချင်မန်သည် ရှဖေး၏ အငွေ့အသက် ပြောင်းလဲသွားသည်ကို သတိထားမိခဲ့သည်။ သူသည် ရှဖေးက နည်းစနစ်အသစ်တစ်ခုကို သင်ယူခဲ့ပြီး ၎င်းမှ ယုံကြည်မှုများ ရရှိကာ တည်ငြိမ်နေခြင်းဟု ထင်မှတ်ခဲ့သည်။ သို့သော် သူ ထက်ဝက်သာ မှန်ခဲ့သည်။ ရှဖေး သန်မာလာပြီး တည်ငြိမ်လာသည်မှာ မှန်သော်လည်း ၎င်းမှာ နည်းစနစ်အသစ်ကြောင့် မဟုတ်ဘဲ စွမ်းအားအသစ်တစ်ခုကြောင့် ဖြစ်နေသည်။
စိတ်စွမ်းအား
၎င်းမှာ ရှဖေး၏ နောက်ကွယ်မှ အကြီးမားဆုံးသော အင်အားပင် ဖြစ်သည်။ ယခုအခါ သူသည် အလွန်ပင် ထူးခြားလှသော စွမ်းအားနှစ်မျိုးသုံးတစ်ဦး ဖြစ်လာခဲ့ပြီ။
( ဒီဇာတ်လမ်းရဲ့ အဆင့်ခွဲခြားမှုကို အောက်ပါအတိုင်းနားလည်နိုင်ပါတယ်ခင်ဗျ။
ကြယ်တာရာအလင်း ကြယ်တာရာအခြေခံ ကြယ်တာရာနယ်ေမြအဆင့် ကြယ်တာရာမြစ်အဆင့် ဒဏ္ဍာရီလာအဆင့် ထာဝရအဆင့် လက်ရှိအချိန်ထိ ဖော်ပြပြီး အဆင့်များကို အနိမ့်မှ အမြင့်အထိ အတန်းလိုက်စီထားပါတယ်ခင်ဗျာ
ဒါကိုမှ အခြေခံ အလယ်အလတ် အဆင့်မြင့် အဲ့လိုမျိုး ထပ်ပေါင်းခွဲခြားထားပါတယ်။ )
ရှဖေးသည် စွမ်းအားနှစ်ခုလုံး၏ အစွမ်းကုန်ကို မထုတ်ဖော်နိုင်သေးသော်လည်း၊ အားကောင်းသော ရန်သူကို ရင်ဆိုင်ရန်အတွက် သူ့တွင် အရင်းအမြစ်များ ပိုမို ရှိလာခဲ့ပြီ ဖြစ်သည်။
သေလုမြောပါး အခြေအနေများစွာမှ ရရှိခဲ့သော တိုက်ပွဲ အတွေ့အကြုံများ။ စွမ်းအားနှစ်ခု၏ ထိတ်လန့်ဖွယ် ကောင်းသော ပေါင်းစပ်မှု။ ထိုအရာများက ရှဖေးကို အံ့ဩဖွယ်ရာ ယုံကြည်မှုနှင့် တည်ငြိမ်မှုကို ပိုင်ဆိုင်စေခြင်း ဖြစ်သည်။
ရှဖေးသည် ကောင်းကင်လဓားကို ဖန်းဟိုင်ထံသို့ ချိန်ရွယ်ရင်း တည်ငြိမ်စွာ ပြောလိုက်သည်။
“ဘာပဲဖြစ်ဖြစ် ငါ အေဗရယ်နဲ့ တွေ့ကို တွေ့ရမယ်၊ ဘယ်သူမှ ငါ့ကို တားလို့ မရဘူး။”
အမြန်နှုန်းအဝါ။
အံ့ဩဖွယ်ရာ အမြန်နှုန်းအဝါ။
တားဆီး၍ မရနိုင်သော အမြန်နှုန်းအဝါများမှာ ရှဖေးထံမှ ထွက်ပေါ်နေသည်။ ရှဖေး၏ ရင်ထဲတွင် ဒေါသတရားများ ပွက်ပွက်ဆူနေဆဲ ဖြစ်သည်။ သူ့လမ်းကို ပိတ်ဆို့လာသူ မည်သူမဆို မညှာမတာ အပိုင်းပိုင်း အပြတ်ပြတ် အလုပ်ခံရမည်မှာ သေချာလှသည်။
ဖန်းဟိုင်၏ မျက်နှာတွင် အံ့ဩမှုများ ထင်ဟပ်နေသည်။ သူသည် ရှဖေး၏ အမြန်နှုန်းအဝါကြောင့် တကယ်ပင် တုန်လှုပ်သွားခြင်း ဖြစ်သည်။ သို့သော် သူသည် ချက်ချင်းပင် တည်ငြိမ်မှုကို ပြန်လည် ရယူလိုက်သည်။
ရှဖေးသည် အမွေအနှစ်ဂြိုဟပေါ်မှ သတ်ဖြတ်မှုများ အပြီးတွင် သူ၏ စိတ်စွမ်းအားကို အပြည့်အဝ ထိန်းချုပ်နိုင်လာခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်မှစ၍ သူသည် စစ်မှန်သော စိတ်စွမ်းအား အသုံးပြုသူ တစ်ဦး ဖြစ်လာခဲ့သည်။ ရှဖေး၏ လက်နက်ဖြစ်သော ကောင်းကင်လဓားမှာလည်း ခရိုး အလွိုင်းဟုခေါ်သော လူသား၏ ဦးနှောက်လှိုင်းများနှင့် တုံ့ပြန်နိုင်သော ပစ္စည်းဖြင့် ပြုလုပ်ထားသဖြင့် စိတ်စွမ်းအားဖြင့် ထိန်းချုပ်ရန် အလွန် သင့်လျော်လှသည်။
“ဒါက နေဝင်ချိန်အိမ်ယာပါ။ ဒီကို ခွင့်ပြုချက်မရှိဘဲ ကျူးကျော်ဝင်ရောက်ရင် ဘာဖြစ်မလဲဆိုတာ မင်း သိလား။” ဖန်းဟိုင်က ပြုံးလျက် ယဉ်ကျေးစွာ မေးမြန်းလိုက်သည်။
“မသိဘူး၊ သိလည်း မသိချင်ဘူး။”
“မင်းနဲ့ သခင်မလေးက မတူညီတဲ့ ကမ္ဘာနှစ်ခုမှာ နေထိုင်နေကြတဲ့ မတူညီတဲ့ လူနှစ်ယောက်ပဲ။” ဖန်းဟိုင်က လေးနက်စွာ ပြောလိုက်သည်။ ရှဖေးသည် ထိုစကားစုကို မကြာသေးမီက အကြိမ်ပေါင်းများစွာ ကြားခဲ့ရသဖြင့် ငြီးငွေ့နေပြီ ဖြစ်သည်။ လူတိုင်းက သူသည် အေဗရယ်ကို ပိုက်ဆံကြောင့် ပတ်သက်နေသည်ဟု ထင်နေကြသည်။
“ကျွန်တော် သိတယ်။” ရှဖေးက မျက်မှောင်ကြုတ်ကာ ပြန်ပြောလိုက်သည်။
“ဒါတောင် မင်းက သခင်မလေးကို တွေ့ဖို့ ဇွတ်ကြိုးစားနေတုန်းပဲလား။”
“ကျွန်တော် ခင်ဗျားတို့ရဲ့ သခင်မလေးကို လာရှာတာ မဟုတ်ဘူး၊ အေဗရယ်ကို လာရှာတာ။”
“အေဗရယ်က သခင်မလေးပဲ၊ သခင်မလေးကလည်း အေဗရယ်ပဲလေ။”
“ကျွန်တော် သိတယ်။”
“မင်း သိတယ် ဟုတ်လား။”
ရှဖေးက ခပ်ခြောက်ခြောက် ရယ်မောရင်း ပြန်မေးလိုက်သည်။ “ခင်ဗျား ဘာပြောချင်တာလဲ။”
“သခင်မလေးကို စိတ်အနှောင့်အယှက် ပေးတာမျိုးကို ရပ်တန်းက ရပ်စေချင်တယ်။” ဖန်းဟိုင်က ခဏမျှ ကြာပြီးနောက် ပြောလိုက်သည်။
“စိတ်အနှောင့်အယှက် ဟုတ်လား။” ရှဖေးက နှုတ်ခမ်းကို တွန့်လိုက်ရင်း “ကျွန်တော် စိတ်အနှောင့်အယှက် ပေးနေသလား ဆိုတာကို အေဗရယ်ကိုယ်တိုင်ပဲ ဆုံးဖြတ်ပါလိမ့်မယ်။ ခင်ဗျားတို့ကတော့ ဒီကိစ္စထဲ ဝင်မပါရင် ရပါပြီ။”
ထိုသို့ ပြောပြီးနောက် ရှဖေးသည် တောင်ပေါ်သို့ ဆက်လက် တက်သွားသည်။ ယခုတစ်ကြိမ်တွင် သူ မပြေးတော့ဘဲ လှေကားထစ်များအတိုင်း ဖြည်းဖြည်းနှင့် မှန်မှန် လျှောက်သွားသည်။
တောင်အောက်သို့ ဆုတ်ခွာသွားသော လုံခြုံရေးဝန်ထမ်းများနှင့် တောင်ပေါ်တွင် စောင့်ကြပ်နေသူများ စုဝေးလာကြသည်။ ၎င်းတို့သည် လက်နက်များကို ကိုင်ဆောင်ကာ ရှဖေးကို အဝေးမှ စိုက်ကြည့်နေကြသည်။ ရှဖေးသည် ဝိုင်းရံခြင်း ခံထားရသော်လည်း ဘာတစ်ခွန်းမှ မပြောဘဲ သူ၏ ခြေလှမ်းများကို ခိုင်ခိုင်မာမာ လှမ်းနေဆဲ ဖြစ်သည်။
“သူ့ကို ဖမ်းကြ”
မည်သူ အော်လိုက်သည် မသိသော်လည်း လုံခြုံရေးဝန်ထမ်းများသည် ရှဖေးထံသို့ လက်နက်များကို ကိုင်ဆောင်ကာ အလျင်အမြန် ပြေးဝင်လာကြသည်။ ဖန်းဟိုင်သည် ခေါင်းခါပြကာ ခပ်ခြောက်ခြောက် ရယ်မောလိုက်ပြီး ရှဖေး၏ နောက်ကွယ်မှနေ၍ တောင်ထိပ်သို့ လိုက်ပါလာသည်။ သူသည် လုံခြုံရေးဝန်ထမ်းများကိုဖြစ်စေ၊ ရှဖေးကိုဖြစ်စေ တားဆီးရန် ရည်ရွယ်ချက် မရှိပေ။
မကြာမီမှာပင် ရှေ့ဆုံးမှ တိုးဝင်လာသော လုံခြုံရေးဝန်ထမ်း ခုနစ်ဦး ရှစ်ဦးခန့်မှာ နာကျင်စွာဖြင့် မြေပြင်ပေါ်သို့ လဲကျသွားကြသည်။ ရှဖေးသည် ၎င်းတို့အား တစ်သက်လုံး ဒုက္ခိတဖြစ်သွားအောင် မလုပ်ဘဲ တိုက်ခိုက်နိုင်စွမ်း မရှိရုံလောက်သာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ ကျန်ရှိသော လုံခြုံရေးဝန်ထမ်းများမှာ ရှဖေး ရှေ့သို့ တစ်လှမ်း တိုးလာတိုင်း အနောက်သို့ တစ်လှမ်း ဆုတ်ခွာသွားကြသည်။
ယခုအချိန်တွင် ရှဖေးသည် ဒေါသထွက်နေသော သားရဲတစ်ကောင်ကဲ့သို့ ဖြစ်နေပြီး သူ၏ နီမြန်းနေသော မျက်ဝန်းများနှင့် အေးစက်သော မျက်နှာထားကြောင့် လူတိုင်း၏ ရင်ထဲတွင် ကြောက်ရွံ့မှုများ ဖြစ်ပေါ်နေသည်။
“ဘဏ္ဍာစိုး ဖန်း.. ကျွန်တော်တို့ ဘာလုပ်သင့်လဲ။”
“ဟုတ်တယ်.. ကျွန်တော်တို့ သူ့ကို တားရမယ်၊ မဟုတ်ရင် သခင်ကြီး ဒေါသထွက်လိမ့်မယ်။”
လုံခြုံရေးဝန်ထမ်းများမှာ ဖန်းဟိုင်ထံမှ အကူအညီ တောင်းနေကြသော်လည်း ထိုဘဏ္ဍာစိုး အဘိုးကြီးမှာ နားပင်းနေသူကဲ့သို့ ဘာမှ ပြန်မပြောပေ။
ရာနှင့်ချီသော လူများမှာ ရှဖေးကို ဝိုင်းရံထားသော်လည်း မည်သူမျှ တိုက်ခိုက်ရဲခြင်း မရှိကြပေ။ ရှဖေးမှာလည်း သူလုပ်ချင်ရာကိုသာ လုပ်မည်ဟူသော အမူအရာဖြင့် မည်သူ့စကားကိုမျှ နားမဝင်တော့ဘဲ ရှေ့သို့သာ ဆက်လက် လျှောက်လှမ်းနေသည်။
ရုတ်တရက်— ရှဖေး ထိတ်လန့်သွားသည်။
သူ၏ သာမန်ထက် ထူးကဲသော အာရုံခံနိုင်စွမ်းက အန္တရာယ်ရှိသော အငွေ့အသက်တစ်ခုကို ခံစားမိလိုက်သည်။ လခြမ်းတောင်ထိပ်တွင် ထူးဆန်းသော အရာတစ်ခု ဖြစ်ပျက်နေသကဲ့သို့ပင်။
“ပြင်းထန်တဲ့ အငွေ့အသက်တစ်ခု ရှိနေတယ်။”
ယခုအချိန်တွင် လုံခြုံရေးဝန်ထမ်း အားလုံးမှာ သူ့ကို ဝိုင်းရံထားသဖြင့် တောင်ထိပ်ရှိ လုံခြုံရေးမှာ အားအနည်းဆုံး ဖြစ်နေသည်။ ၎င်းမှာ တစ်စုံတစ်ယောက် ခိုးကြောင်ခိုးဝှက် လုပ်ဆောင်ရန် အကောင်းဆုံး အခွင့်အရေးပင် ဖြစ်သည်။
“အေဗရယ်”
ရှဖေးသည် ချက်ချင်းပင် မြေပြင်ကို ကန်ကျောက်ကာ တောင်ထိပ်သို့ အစွမ်းကုန် အမြန်နှုန်းဖြင့် ပြေးတက်သွားသည်။
“လမ်းဖယ်စမ်း”
သူ၏ စိတ်ထဲတွင် အေဗရယ်ကိုသာ အာရုံစိုက်ထားသဖြင့် သူသည် ညှာတာမှု ပြသရန် မစဉ်းစားတော့ပေ။ ကောင်းကင်လဓားကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ လမ်းပိတ်နေသော လုံခြုံရေးဝန်ထမ်း အများအပြားမှာ ဘေးသို့ လွင့်စင်သွားကြသည်။ ဖန်းဟိုင်သည်လည်း တောင်ထိပ်တွင် တစ်စုံတစ်ခု မှားယွင်းနေသည်ကို အာရုံခံမိလိုက်သဖြင့် ရှဖေး၏ နောက်ကွယ်မှ အလျင်အမြန် လိုက်ပါလာသည်။
“တောင်ထိပ်ကို သွားကြ.. မြန်မြန် ” ဖန်းဟိုင်က အော်ဟစ်လိုက်သည်။
လူတိုင်းမှာ အံ့ဩသွားကြသည်။ ဘာကြောင့် ရှဖေးနှင့် ဖန်းဟိုင်မှာ မျက်စိတစ်မှိတ်အတွင်း တစ်သံတည်း ထွက်ပေါ်လာသည်ကို နားမလည်နိုင် ဖြစ်နေကြသည်။ ၎င်းတို့ အားလုံးမှာ ရှဖေးနှင့် ဖန်းဟိုင်တို့နောက်သို့ လိုက်ပါကာ တောင်ထိပ်သို့ အပြေး တက်သွားကြသည်။
ဝူး
ရှဖေးသည် သူ၏ အစွမ်းကုန် အမြန်နှုန်းဖြင့် နှစ်စက္ကန့်အတွင်းမှာပင် တောင်ထိပ်သို့ ရောက်ရှိသွားသည်။ တောင်ထိပ်တွင် ခမ်းနားသော အဆောက်အအုံ သုံးခု တည်ရှိနေသည်။ ရှဖေးသည် သူ၏ ဟန်ချက်ကို ပြန်မယူနိုင်သေးမီမှာပင် ဦးရေပြား တစ်ခုလုံး ထုံကျင်သွားသည်ကို ခံစားလိုက်ရသည်။ မြေပြင်ပေါ်တွင် လည်ပင်း၌ ဒဏ်ရာများဖြင့် လဲကျနေသော လုံခြုံရေးဝန်ထမ်း အချို့ကို မြင်လိုက်ရသည်။ သွေးများမှာ စီးထွက်နေဆဲ ဖြစ်သဖြင့် ၎င်းတို့ သေဆုံးသည်မှာ မကြာသေးကြောင်း သိသာသည်။
“မကောင်းတော့ဘူး.. ချုံခိုတိုက်ခိုက်ခံရတာပဲ ” ရှဖေး ရေရွတ်လိုက်သည်။
ဖန်တန်သည် မြေပြင်ပေါ်သို့ ဒူးထောက်ကာ လုံခြုံရေးဝန်ထမ်း တစ်ဦး၏ ဒဏ်ရာကို စစ်ဆေးကြည့်လိုက်သည်။
“မကောင်းတော့ဘူး ‘ဖီးနစ်တောင်ပံတိုက်ကွက်ပဲ။ ငှက်မွှေးတွေရဲ့ လက်ချက်များလား။ ငှက်မွှေး ဆိုတာ လုပ်ကြံသတ်ဖြတ်သူ တွေလိုပဲ ကြေးစားလူသတ်အဖွဲ့အစည်း တစ်ခုပဲ။ သူတို့ကို မြန်မြန် ရှာရမယ်။” ဖန်တန်က လေးနက်သော အသံဖြင့် ပြောလိုက်သည်။
ရှဖေးက ခေါင်းညိတ်လိုက်ပြီး သူ၏ အငွေ့အသက်ကို ဖျောက်ကွယ်ကာ အကြီးဆုံး အဆောက်အအုံဆီသို့ ခိုးကြောင်ခိုးဝှက် ချဉ်းကပ်လိုက်သည်။ သူ၏ အာရုံအရ ရန်သူများမှာ ထိုအထဲတွင် ရှိနေနိုင်သည်ဟု ခံစားရသည်။
တိုက်ပွဲဝင်ဝတ်စုံ မပါဘဲ အလွန်မြန်သော အမြန်နှုန်းဖြင့် ပြေးလာရသဖြင့် ရှဖေး၏ ခန္ဓာကိုယ်တွင် နာကျင်မှုကို ခံစားနေရသည်။ သို့သော် သူသည် ယခင်ကထက် ပိုမို ကြံ့ခိုင်လာခဲ့ပြီ ဖြစ်သည်။
ရုတ်တရက်အဆောက်အအုံ၏ တံခါးများ ပွင့်လာသည်။ ထူးဆန်းသော လက်နက်များကို ကိုင်ဆောင်ထားသည့် အနက်ရောင် ဝတ်စုံဝတ် အမျိုးသား လေးဦး ထွက်ပေါ်လာသည်။ ၎င်းတို့အနက် တစ်ဦးမှာ ပုခုံးပေါ်တွင် လူတစ်ယောက်ကို စောင်ဖြင့် ပတ်ကာ ထမ်းပိုးထားသည်။ ၎င်းတို့ ထွက်လာချိန်တွင် ရှဖေးကလည်း အထဲသို့ တိုးဝင်သွားရာ နှစ်ဖက်စလုံးမှာ တစ်ဦးကိုတစ်ဦး မြင်တွေ့သွားကြသည်။
မီတာ အနည်းငယ်သာ ကွာဝေးသော အကွာအဝေးတွင် ရှဖေး တုံ့ပြန်ရန် စက္ကန့်၏ သောင်းဂဏန်းပုံ တစ်ပုံခန့်သာ အချိန်ရလိုက်သည်။ အနက်ရောင် ဝတ်စုံဝတ် လေးဦးမှာလည်း ချက်ချင်းပင် နှစ်ဖွဲ့ ကွဲသွားသည်။ လူထမ်းထားသော တစ်ဦးမှာ အထဲသို့ ပြန်ဝင်သွားပြီး ကျန်သုံးဦးမှာ ရှဖေးထံသို့ တိုးဝင်လာကြသည်။
၎င်းတို့မှာလည်း အသက်ရှူနှုန်း ထိန်းချုပ်ခြင်းနှင့် ဆင်တူသော စွမ်းအားများ ရှိကြကြောင်း ရှဖေး သိလိုက်သည်။ ၎င်းတို့မှာ ကျွမ်းကျင်သော လူသတ်သမားများ ဖြစ်ကြသည်။
“လွှတ်လိုက်စမ်း ” ရှဖေး အော်ဟစ်လိုက်ရာ ဓားသွား တစ်ဆယ့်ငါးခုမှာ အနက်ရောင် ဝတ်စုံဝတ် သုံးဦးထံသို့ လှပသော ဂယက်လှိုင်းများဖြင့် တိုးဝင်သွားသည်။ ထိုဓားသွားများသည် ၎င်းတို့၏ ထွက်ပြေးပေါက် အားလုံးကို ပိတ်ဆို့ထားလိုက်သည်။
ဝူး
မျက်စိတစ်မှိတ်အတွင်းမှာပင် ရှဖေးသည် ထိုသုံးဦးကို ကျော်ဖြတ်သွားပြီး အလောင်း သုံးလောင်းကို ချန်ထားရစ်ခဲ့သည်။ ရှဖေးသည် တစ်ဦးကို လက်ဖြင့် သတ်လိုက်ပြီး ကျန်နှစ်ဦးကို စိတ်စွမ်းအားဖြင့် သတ်လိုက်ခြင်း ဖြစ်သည်။
အဆောက်အအုံအတွင်းရှိ အနက်ရောင် ဝတ်စုံဝတ် အမျိုးသားမှာ သူ၏ လက်အောက်ငယ်သားများ အသတ်ခံရသည်ကို မြင်သောအခါ အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး တောင်အောက်ဘက်သို့ ခုန်ချလိုက်သည်။ တစ်ချိန်တည်းမှာပင် သူသည် သူ၏ လက်မောင်းပေါ်ရှိ ကိရိယာလေးတစ်ခုကို နှိပ်လိုက်ရာ တစ်စုံတစ်ဦးထံသို့ အချက်ပြလိုက်ပုံရသည်။
ထိုအဆောက်အအုံ၏ နောက်ကွယ်မှာ အလွန် မတ်စောက်သော ချောက်ကမ်းပါးကြီး ဖြစ်သည်။ ရှဖေးသည် ထိုလူ ထမ်းထားသည်မှာ အေဗရယ် ဟုတ်မဟုတ် မသိသော်လည်း၊ သူသည် ထိုလူနောက်သို့ ချောက်ကမ်းပါးထဲသို့ လိုက်ပါ ခုန်ချလိုက်တော့သည်။