ကောင်းကင်တပ်မှ ကျိုယန်ဖေး
Vol. 7 Ch. 64
တင်နိုင်ငံ၏ ဧကရာဇ်ဖြစ်သည့် ချူပိန်က ရုတ်တရက် ပုလ္လင်အား ရိုက်ပုတ်လိုက်သည်။ သို့ဖြစ်ရာ ဘေးတွင် ရှိနေသည့် မိန်းမစိုး နှစ်ဦးပင် ထိတ်လန့်သွားကြသည်။
"ဆုကြေးကကော… အပြင်က စုံစမ်းတဲ့သူတွေကော အခြေအနေ ဘယ်လိုလဲ…"
"အရှင်မင်းကြီး...."
လုံခြုံရေး ဝန်ကြီးမှာ တကိုယ်လုံးပင် တုန်ရီနေသည်။
"စစ်ဆေးဖို့ စာရင်းသွင်းထားတဲ့ သူတွေ ပြန်မလာကြပါဘူး…"
"သေစမ်း…"
ဧကရာဇ် ချူပိန်၏ ဒေါသမီး နိုးကြားတောက်လောင်သွား၏ ။
"သူတို့မှ မစုံစမ်းနိုင်ရင် ဆုကြေးမြင့်လိုက်ကြ… အဆင့်မြင့် ကျင့်ကြံသူတွေကို ဖိတ်တော့လေ… စောင့်ရှောက်သူတွေကကော… ငါ့တို့ ပျိုးထောင်ထားတဲ့ စောင့်ရှောက်သူတွေ ဘယ်ရောက်ကုန်ပြီလဲ…သူတို့ကို ငါ့ဆီလာဖို့ ပြောစမ်း…"
"အရှင်မင်းကြီး ကျင့်ကြံသူတွေ ဖိတ်ကြားဖို့က ဈေးနှုန်းမှာ…"
ဘဏ္ဍာရေးရာ ဝန်ကြီးက တင်ပြလာသည်။
"ငါ့နိုင်ငံက ငွေပြတ်လပ်နေလို့လား… ပိုက်ဆံတိုးလိုက်လေ…"
ဧကရာဇ် ချူပိန်က ဒေါသတကြီး ပြောနေသည်။
"မင်းသားကို သတ်သွားတဲ့ တရားခံက လူဖြစ်ဖြစ် မွန်းစတားဖြစ်ဖြစ် အပိုင်းပိုင်း ဖြတ်ပစ်ရမယ်… သွားကြတော့…"
………
တောင်ဝင်မြို့တော်၏ ပိုင်ယွမ် ဂိတ်တံခါးတွင် ဖြစ်၏ ။
များစွာသော လူများက နိုင်ငံ၏ အကြီးမားဆုံးသော မြို့တော်အတွင်းသို့ ဝင်ရောက်ရန် တန်းစီနေကြသည်။ မြို့တံခါးမှ စီတန်းနေသော လူအုပ်ကြီးတွင် ပိုင်ချူးရန်နှင့် တန်ရော်ဝေတို့လည်း ပါဝင်သည်။
"ဒီမြို့က ရှန်ရွှမ် မြို့တော်ထက်ကို ကြီးတာပါလား…"
တန်ရော်ဝေက ဘေးဘီမှ အဆောက်အဦးများအား ကြည့်ကာ မှတ်ချက်ပေးမိသည်။
"သေချာတာပေါ့… ကုပြည်နယ်မှာက နိုင်ငံဆယ်ခုတောင် ရှိတာ… ကျန်းပြည်နယ်ကတော့ သုံးခုပဲရှိတယ်… နိုင်ငံချင်းယှဉ်ရင် သေချာပေါက် အင်အားကြီးမှာပဲလေ…"
ပိုင်ချူးရန်က လမ်းလျှောက်ရင်းမှ ရှင်းပြနေသည်။
"အို ဟုတ်သားပဲ… ရော်ဝေရေ အခုကစပြီး မင်းရဲ့ စာမေးပွဲ တရားဝင်စတင်ပြီ… နောက်ထပ် ငါဘာမှ မကူညီတော့ဘူး… ကိုယ့်အားကိုယ်ကိုးတော့…"
"ဆရာ နန်းတော်ထဲ ဝင်ဖို့ လိုဦးမလား…"
တန်ရော်ဝေက မေးလာသည်။
"ငါမသိဘူး…"
ချူးရန်က ဖြေကြားပေး၏ ။
"ဟုတ်ပြီလေ…"
ဆရာဖြစ်သူ၏ စကားကြောင့် တန်ရော်ဝေက ရေရွတ်လိုက်ပြန်သည်။
"ဒါဆိုလည်း အခုပဲ နန်းတော်သွားတာပေါ့…"
နိုင်ငံတခု၏ တော်ဝင် မင်းသမီးဖြစ်ခဲ့သော တန်ရော်ဝေမှာ တော်ဝင်နန်းတော်အား အိမ်ဟု သဘောထားသည့် စိတ်ဓာတ်ရှိသည်။ ထို့ကြောင့် နိုင်ငံရပ်ခြား ရောက်နေချိန်တွင်လည်း တော်ဝင်နန်းတော်ကိုသာ အဦးဆုံး ရှာဖွေသည်။ တန်ရော်ဝေက ဘေးဘီသို့ လေ့လာကာ ခရီးဆက်သည်။ ထိုအချိန်တွင် ပိုင်ချူးရန်က စကားမဆိုဘဲ အရိပ်ပမာ လိုက်လာ၏ ။
နန်းတော် ဂိတ်တံခါးသို့ ရောက်ပြီးချိန်၌ အိမ်ရှေ့စံ အမှု၏ ဆုလဒ်အား လျှောက်လွှာဝင်ရသည့် နေရာသို့ မေးမြန်းစူးစမ်းကာ ရောက်ရှိသွားသည်။
ဧကရာဇ် ထုတ်ပြန်ထားသော ဆုကြေးမှာ များပြားလှသည့်အတွက် လူတိုင်း ပါဝင်ခွင့် မရကြချေ။ လျှောက်လွှာတင်သူအား အရည်အချင်း စစ်ဆေးပြီး သတ်မှတ်အရည်အချင်း ပြည့်မှီမှသာ အထဲဝင်ခွင့်ပြုသည်။
အရည်အချင်း စစ်ဆေးမှုမှာ အခြေတည်အဆင့် ရောက်နေသည့် တန်ရော်ဝေ အနေဖြင့် ပမွှားသာ ဖြစ်သည်။ သူမက ခွန်လင်း ဓားခတက် နှစ်ခုအား ထုတ်ပြပြီးချိန်တွင် စစ်ဆေးသူ နှစ်ဦးပင် အံ့ဩသွားကာ ရိုသေစွာဖြင့် ကြိုဆိုသည်။
တံခါးအပြင်၌ တန်ရော်ဝေနှင့် ပိုင်ချူးရန် အပါအဝင် လူများစွာ ရှိနေ၏ ။ တန်ရော်ဝေက ဘေးဘီသို့ ကြည့်လိုက်ရာ အများစုမှာ ချီသန့်စင်ခြင်းအဆင့်များဟာ မြင်မိသည်။ သို့ရာတွင် အခြေတည်အဆင့် ကျင့်ကြံသူများကိုလည်း မြင်နေရသေးသည်။ ကျစ်ဆံမြီးရှည်ဖြင့် မိန်းကလေးနှင့် ဘေးချင်းယှဉ်ရပ်နေသည့် အမျိုးသားနှစ်ဦးလည်း ရှိနေ၏ ။ ကျင့်ကြံသူများအနေဖြင့် ခန္ဓာကိုယ်အား ပြောင်းလဲနိုင်သည်ဖြစ်ရာ အကျဉ်းတန်သူဟူ၍ မမြင်ရနေပေ။
တန်ရော်ဝေ ရောက်လာချိန်၌ အများစုက ခဏတာ အာရုံစိုက်လာကာ အကြည့်လွှဲသွားသည်။ သို့သော်လည်း ကျစ်ဆံမြှီးဖြင့် မိန်းကလေးက တန်ဝေရှိရာသို့ ရောက်လာသည်။
"တွေ့ရတာ ဝမ်းသာပါတယ်…"
ကျစ်ဆံမြှီးရှည်ဖြင့် မိန်းကလေးက နှုတ်ဆက်စကား ပြောလာသည်။
"ချီမင်ဓားဂိုဏ်းကလား…"
တန်ရော်ဝေက ခဏတာ ကြောင်သွားကာ ပိုင်ချူးရန်အား လှည့်ကြည့်မိသည်။ သို့သော်လည်း ပိုင်ချူးရန်က ဘေးရှိ အနီရောင်တိုင်လုံးအား ကြည့်၍ မသိကျွိုးကျွံပြုနေသည်။
တန်ရော်ဝေက ဆရာဖြစ်သူ၏ မှာကြားမှုအား သတိရကာ စိတ်၌ သတိကပ်လိုက်သည်။ ထို့နောက်တွင် တဖက်သူအား လက်ဆွဲနှုတ်ဆက်သည်။
"ဟုတ်တယ် ချီမင်ဓားဂိုဏ်းက တပည့် တန်ရော်ဝေ…"
"ကောင်းကင် စစ်တပ်ဂိုဏ်း ပထမအဆင့် စစ်သည် ကျိုးယန်ဖေး…"
ကျစ်ဆံမြှီးရှည်ဖြင့် မိန်းကလေးက တံဆိပ်ပြား တခုထုတ်ယူကာ ပြုံးပြသည်။
"ဪ ကောင်းကင် စစ်တပ်ကကိုး…"
တန်ရော်ဝေက တံဆိပ်ပြားအား ကြည့်ကာ အတည်ပြုလိုက်သည်။
"အားကျမိပါတယ်လေ…"
ကောင်းကင်စစ်တပ်မှာ စစ်တပ်အမည်ဟု ထင်မှတ်ရသည်။ သို့သော်လည်း တကယ်တမ်းတွင် အမှန်တရား မဟာမိတ်အဖွဲ့၏ ဂိုဏ်းငါးခုမှ တခုသာ ဖြစ်သည်။
အမှန်တရား မဟာမိတ်အဖွဲ့၏ ဂိုဏ်းငါးခု၌ အားသာချက် ကိုယ်စီရှိထားသည်။ ချီမင်ဓားဂိုဏ်းမှာကား အဆင့်တူများတွင်ပင် တိုက်ခိုက်မှု အားသာ၏ ။ ရွှမ်ဖကျောင်းတော်သည် ခုခံမှုစွမ်းရည် အမြင့်ဆုံးပင်။ ရှန်တု ယုလော်က အကြွယ်ဝဆုံးဖြစ်သည်။ ကောင်းကင်စစ်တပ်မှာ အရေအတွက် အများဆုံးတည်း။