ယောက်ျားဆန်သည့် မိန်းကလေး
Vol. 7 Ch. 66
တန်ရော်ဝေက ကျိုးယန်ဖေး၏ ကမ်လှမ်းမှုအား ခဏကြာ စဉ်းစားသုံးသပ်နေသည်။
တဖက်သူ၏ စကားမှာ အမှန်ပင်။ အဆင့်သုံးဆေးပင်မှာ ပြောပသည့် အရာပင် မဟုတ်ချေ။ တန်ရော်ဝေအနေဖြင့် ဆရာဖြစ်သူ ဆေးဖော်စပ်မှု လေ့လာစဉ်၌ အဆင့်တစ် ဆေးပင်များပိုသာ စမ်းသပ်သုံးစွဲသည်ကို မြင်ဖူးထားသည်။
ထို့အပြင် သူမတို့ နှစ်ဦးမှာ အမှန်တရား မဟာမိတ်အဖွဲ့ရှိ ဂိုဏ်းများမှ တပည့်များ ဖြစ်ကြသည်။ ကျိုးယန်ဖေး အနေဖြင့် အန္တရာယ်ပြုလိုလျှင်ပင် ပေါ်တင်ပြုလုပ်နိုင်မည် မဟုတ်ပေ။ ကောင်းကင်စစ်တပ်၏ အခြေတည်အဆင့် ဖြစ်သည့် ကျိုးယန်ဖေးမှာ စွမ်းအားကောင်းမည် ဖြစ်၏ ။ သို့ဖြစ်ရာ ယခုရှိနေသည့် လူများတွင် အဖွဲ့ဝင်အဖြစ် ရွေးချယ်ရန် အသင့်လျော်ဆုံးသူဟု ယူဆရနိုင်သည်။
ကျိုးယန်ဖေး၏ အမြင်တွင်လည်း တန်ရော်ဝေမှာ သင့်လျော်သူဖြစ်၏ ။ နှစ်ဦးသားက ယုံကြည်မှု ရယူကာ မိတ်ဖွဲ့ရန် လွယ်ကူမည် ဖြစ်သည်။
ထို့ကြောင့် တန်ရော်ဝေက အခြေအနေ သုံးသပ်ကာ ကမ်းလှမ်းမှုအား လက်သင့်ခံလိုက်သည်။
"ဟုတ်ပြီလေ ဒီတခေါက် အတူတူ ပူးပေါင်းကြတာပေါ့ အစ်မကျိုး…"
"ယန်ဖေးလို့ပဲ ခေါ်ပေါ့…"
တန်ရော်ဝေ၏ သဘောတူမှုကြောင့် ကျိုးယန်ဖေးက ရွှင်ပျသွားသည်။
"ဒါဆို အရင်သွားကြတာပေါ့…"
"ငါတို့ တခြားလူတွေကော ခေါ်ဦးမလား…'
တန်ရော်ဝေက ကျိုးယန်ဖေးအား မေးကြည့်သည်။
ကျိုးယန်ဖေး၏ ခြေလှမ်းများ ရပ်တန့်သွားကာ ဘေးဘီသို့ တချက်ဝေ့ကြည့်သည်။
"ဒီနေရာမှာ နင်ကလွဲပြီး တခြားသူတွေက ယုံကြည်လောက်စရာ မရှိနေဘူး…"
…အိုး ယောက်ျားဆန်တဲ့ မိန်းမသားပါလား…
တန်ရော်ဝေက စိတ်အတွင်း၌ မှတ်ချက်ပြုမိသည်။
မိန်းမသား နှစ်ဦး၏ နောက်တွင် ပိုင်ချူးရန်က တစ္ဆေတကောင်ပမာ လိုက်ပါနေသည်။ နန်းတော်အပြင် ရောက်ချိန်၌ ကျိုးယန်ဖေးက သီးခြားနေရာတခုသို့ ဦးဆောင်သွား၏ ။ ထို့နောက်တွင် အမှုအား စတင်ဆွေးနွေးတော့သည်။
"လမ်းမှာတုန်းက ငါသိထားတာ တခုရှိတယ်… အိမ်ရှေ့စံကို သတ်တဲ့သူက သေမျိုးမဟုတ်ဘူး…"
ကျိုးယန်ဖေးက စကားဆက်နေသေးသည်။
"လူသတ်သမားကို ရှာဖို့ ငါတို့ အချက်အလက် လိုသေးတယ်…"
တန်ရော်ဝေက ခေါင်းညိမ့်ကာ ပိုင်ချူးရန်အား ကြည့်မိပြန်သည်။
"ရော်ဝေ နင်ဘာလို့ မောင်လေးပိုင်ကို တချိန်လုံး ကြည့်နေတာတုံး…"
ကျိုးယန်ဖေးပင် အံ့ဩနေလေသည်။
"ဟုတ်တာပေါ့ စီနီယာအစ်မရယ်… အစ်မကျိုး ပြောနေတာကို နားထောင်ပါဦး…"
ပိုင်ချူးရန်က အကြောင်းသင့် ဝင်ပြောသည်။ သို့သော်လည်း တချိန်တည်းတွင် တန်ရော်ဝေ၏ နားသို့ အသံလှိုင်း တိတ်တဆိတ် ပို့လိုက်သေးသည်။
"ငါ့ကို ကြည့်နေတာလား… လည်ပင်းကို သတိထား…"
"ဟုတ်ပြီလေ…"
တန်ရော်ဝေက မျက်မှောင်ကြုံ့လိုက်ကာ ခဏကြာ သုံးသပ်နေသည်။ ထို့နောက်တွင် သုံးသပ်ချက်ပေး၏ ။
"အိမ်ရှေ့စံရဲ့ ခန္ဓာကိုယ်ကို ကြည့်ဖို့လိုမယ်…"
"အကြံကောင်းပဲ…"
ကျိုးယန်ဖေးက ခေါင်းညိမ့်ကာ ချီးကျူးစကား ဆိုလာသည်။
"ဒါပေမယ့် မင်းသားရဲ့ ခန္ဓာကိုယ်မဟုတ်လား…"
မင်းသမီး တဦးဖြစ်သည့်အတွက် တန်ရော်ဝေက တော်ဝင်စည်းမျဉ်းများအား သေချာသိထားသည်။
"တင်နိုင်ငံ တော်ဝင် မိသားစုက ခွင့်ပြုပါ့မလား…"
ကျိုးယန်ဖေးက တည့်တိုးပင် ပြောလာသည်။
"သူတို့ ခွင့်မပေးရင်လည်း ဒီကိစ္စကို ထားလိုက်ကြတာပေါ့…"
ဆွေးနွေးမှု ပြီးဆုံးချိန်၌ ကျိုးယန်ဖေးက တော်ဝင်နန်းတော်သို့ မာန်အပြည့်ဖြင့် လျှောက်လှမ်းသွားသည်။ သူမ၏ စကားအရ ပထမတန်းစား စစ်သည်ဟု သိရသော်လည်း တကယ်တမ်းတွင် အမျိုးသမီး စစ်သူကြီး၏ ဟန်ပန်မျိုး ရှိနေသည်။
တန်ရော်ဝေက အနောက်တွင် ကျန်နေကာ ဆရာဖြစ်သူအား တီးတိုးပြောကြားသည်။
"အစ်မကျိုးက အရှိန်အဝါက အံ့ဩစရာပဲ… ကောင်းကင်စစ်တပ်ရဲ့ တပည့်တွေက ဒီလိုမျိုးတွေပဲလား…"
"ဂိုဏ်းငါးခုမှာ သူတို့က စစ်သည်တွေလိုပဲ စည်းစနစ်ကျတယ်…"
ပိုင်ချူးရန်က ရှင်းပြပေးသည်။
"ဒါပေမယ့် ကျိုးရန်ဖေးရဲ့ အဆင့်အတန်းက သာမန်တပည့်တော့ မဟုတ်ဘူး… သူ့အရည်အချင်းက မင်းနဲ့တူတယ် ပြီးတော့ အခြေတည်အဆင့်မှာ ပထမတန်းစား စစ်သည်ဖြစ်လာတာမို့ တခြားဘက်တွေမှာလည်း အရည်အချင်းမနိမ့်လောက်ဘူး… ကောင်းကင်စစ်တပ်ရဲ့ လူငယ်မျိုးဆက်မှာ ကြီးကြီးမားမား တခုခုပဲ ဖြစ်ရမယ်…"
"ကောင်းကင် စစ်တပ် ခေါင်းဆောင်က ဘယ်လိုမျိုးလဲဆိုတာ သိချင်လာပြီ…"
တန်ရော်ဝေက သိလိုစိတ် ပြင်းပျနေပုံရသည်။
"သူတို့ ဂိုဏ်းခေါင်းဆောင်က ဗိုလ်ချုပ်ကြီးပဲ… တခြားဂိုဏ်းတွေကတော့ ခေါင်းဆောင်လို့ပဲ ခေါ်ကြတာ ဒါပေမယ့် … ပြောရရင်တော့… အဟမ်း… ဆရာ့အထင်တော့ မင်းသူ့ကို စိတ်ပျက်မိမှာ…"
ပိုင်ချူးရန်က ပြုံးကာ ပြောနေခြင်း ဖြစ်သည်။
"ကျူယွမ်ကျီလို မဟုတ်ဘူးလား…'
တန်ရော်ဝေက နဖူး၌ ချွေးပြန်နေသည်။
"ဘယ်ဟုတ်ပါ့မလဲ… ကောင်းကင်စစ်တပ်ရဲ့ ဗိုလ်ချုပ်ကြီးက သွေးဆူတဲ့ စစ်သည်လိုပဲ… ဒီလေ့ကျင့်ရေး ရူးသွပ်တဲ့ကောင်က အယူသည်းလွန်းတယ်… ပြီးတော့ သူ့အယူသည်းတယ်ဆိုတာက ကိုယ့်ကိုယ်ကိုယ် နာကျင်အောင် လုပ်ရတာပေါ့…"
ပြောပြောဆိုဆိုဖြင့် ပိုင်ချူးရန်၏ စိတ်၌ မနှစ်မြို့ဖွယ် အမှတ်တရများအား မြင်ယောင်လာပုံရသည်။ ထို့ကြောင့် သိသိသာသာ မျက်နှာပျက်လာသည်။
'အသေးစိတ် မမေးနဲ့တော့… ငါ့စိတ်ဆင်းရဲတာ မဖြစ်ဖို့ပဲ…"