မတော်တဆ သတ်ဖြတ်မိနိုင်ခြင်း
Vol. 7 Ch. 67
ကျိုးယန်ဖေး၊ တန်ရော်ဝေနှင့် ပိုင်ချူးရန်တို့ သုံးဦးက တင်နိုင်ငံ တော်ဝင် နန်းတော်ဆီသို့ ဦးတည်နေကြသည်။ ကျိုးယန်ဖေးက အပြင်ဘက်ရှိ အစောင့်များအား နိုင့်ထက်စီးနင်း ပြုကျင့်ခဲ့ကာ တော်ဝင်အစောင့်များဖြင့် တွေ့ဆုံ၍ နန်းတော်သို့ ဝင်ခွင့်တောင်းသည်။
ခဏကြာပြီးချိန်၌ ချွေးပြန်နေသည့် မိန်းမစိုး နှစ်ဦး ရောက်လာကာ ဧည့်သည်တော် သုံးဦးအား နန်းတော်သို့ ဖိတ်ခေါ်သည်။
မိန်းမစိုးများ၏ ဦးဆောင်မှု၌ ကျယ်ပြန့်သည့် နန်းတော်အတွင်းတွင် အချိန်တခုကြာ သွားလိုက်ရသည်။ အချိုးအကွေ့ပေါင်းများစွာ ဖြတ်ကျော်ပြီးနောက်တွင် တိတ်ဆိတ်သည့် ခြံဝန်းတခု အနီးသို့ ရောက်သွား၏ ။
ခြံဝန်းအတွင်း၌ ကိုယ်ကာယ လေ့ကျင့်ရေး ကိရိယာများ စုံလင်လွန်းလှသည်။ ခြံဝန်းအလယ်တွင် ကိုယ်အပေါ်ပိုင်း ဗလာကျင်းနေသည့် တောင့်တင်းသန်မာသူ တဦးရှိနေသည်။ အရပ်အားဖြင့် နှစ်မီတာခွဲခန့် ရှိ၏ ။ ထိုသူက အလေးမနေပြီး နဖူးမှ ချွေးများ အငွေ့ပြန်နေသည်ကိုပင် မြင်နိုင်နေသည်။
မိန်းမစိုးနှင့်အတူ ဧည့်သည်တော် သုံးဦးရောက်လာသည့်အတွက် လူသန်ကြီးက အလေးတုံးအား အောက်ချကာ မိန်းမစိုးငယ် တဦးကိုင်ထားသည့် ဗန်းအတွင်းမှ သဘက်အား ယူဆောင်၍ ချွေးသုတ်သည်။
"ငါက ဒီနိုင်ငံ ထူးထောင်တဲ့ ဧကရာဇ် ချူပိန်ပဲ…"
လူသန်ကြီးက သဘက်အား ဗန်းအတွင်းသို့ ပစ်ထည့်ပြန်သည်။
"မင်းတို့ သုံးယောက်က ငါ့သားကို မြင်ချင်ကြတယ်ဆို…"
"ဟုတ်တယ်…"
ကျိုးယန်ဖေးက တုန်လှုပ်ခြောက်ခြားခြင်း မရှိဘဲ တည်ငြိမ်စွာဖြင့် ပြန်ဖြေသည်။
"ကောင်းပြီလေ…"
ဧကရာဇ် ချူပိန်က ခဏကြာ စဉ်းစားကာ ရှေ့တိုးလာ၏ ။
"ငါ့လက်ဝါးချက်ကို မြည်းကြည့်စမ်း…"
လူသန်ကြီး၏ ခန္ဓာကိုယ်၌ ရွေရောင်စွမ်းအင်များ ပြည့်နေပြီး ကြွက်သားများသည်လည်း ဒေါသထွက်နေသည့် နဂါးအလား ရုန်းကြွနေသည်။ ဧကရာဇ်က လက်ဝါးချက်ဖြင့် ပိုင်ချူးရန်အား စတင်တိုက်ခိုက်သည်။
ပိုင်ချူးရန်က မတုန်မလှုပ်ဘဲ ရပ်နေသည်။ တန်ရော်ဝေမှာ မျက်လုံးဝေ့ကြည့်ကာ လက်ဝါးအား ပင့်တင်လိုက်သည်။ ကျိုးယန်ဖေးသည်လည်း ရှေ့တလှမ်းတိုး၍ တုန်လှုပ်ခြင်း ကင်းစွယဖြင့် လက်ဝါးချက်ထုတ်သည်။
လက်ဝါးချက် နှစ်ခု ဆုံပြီးချိန်၌ ရွှေရောင်စွမ်းအင်မှာ အေးခဲမှု၏ ရစ်ပတ်ခြင်းခံလိုက်ရသည်။ ထို့နောက်တွင် ဘေးသို့ ပြန့်ကျဲပျက်စီးသွားရာ ရေခဲအပိုင်းအစများသာ ကျန်တော့သည်။
ကျိုးယန်ဖေးနှင့် ဧကရာဇ်တို့က ကိုယ်စီ နောက်ဆုတ်သွား၏ ။ ကျိုးယန်ဖေးက မျက်နှာအမူအရာ မပြောင်းသော်လည်း ဧကရာဇ်မှာ မျက်နှာနီမြန်းသွားသည်။ သို့ဖြစ်ရာ ခဏကြာပြီးမှသာ မူလအနေအထား ပြန်ဖြစ်သွားသည်။
"အရှင်မင်းကြီးက အားကောင်းတာပဲ…"
ကျိုးယန်ဖေးက ချီးကျူးလိုက်၏ ။
"သေမျိုးတွေရဲ့ ကိုယ်ခံပညာအတတ်နဲ့ ဒီလို ခုခံနိုင်တဲ့သူ ရှားပါတယ်…"
"ဟားဟား မင်းက ယောက်ျားတွေထက် သန်မာမှု မလျော့ဘူးပဲ…"
ဧကရာဇ်က ပြုံးကာ ပြောလာသည်။
"ဒီကို လူတော်တော်များများ ရောက်လာဖူးတယ်… မင်းတို့လိုပဲပေါ့… ဒါပေမယ့် သူတို့ကတော့ မအောင်မြင်သွားဘူး… ပြောကြတာတော့ အခြေတည်အဆင့်က သေမျိုးစစ်သည်ထက် ဘယ်လောက်သာတယ်ပေါ့ ဒါနဲ့ ငါစစ်ဆေးကြည့်တော့ ငါ့လက်ဝါးချက်ကိုတောင် မတားဆီးနိုင်ကြဘူး… မင်းက ပထမဆုံး တားဆီးနိုင်တဲ့သူ…"
"ကံကောင်းတာရယ် ဆရာကောင်း ရှိတာကြောင့်ပါ…"
ကျိုးယန်ဖေးက ဝံ့ကြွားခြင်း မရှိနေပေ။
ထို့နောက် နှစ်ဦးသားက တဦးကိုတဦးကြည့်၍ တိုက်ခိုက်မှု အရင်းပြု၍ မိတ်ဆွေဖြစ်သည့်အလား ရယ်မောကြသည်။
"ဒါဆို အရှင်မင်းကြီး အိမ်ရှေ့စံ အလောင်းကို စစ်ဆေးခွင့်ပေးမှာလား…"
ရယ်မောပြီးချိန်၌ ကျိုးယန်ဖေးက မေးလိုက်သည်။
"ကောင်းပြီလေ မင်းရဲ့ အင်အားက ငါ့ထက်သာတာပဲ…"
ဧကရာဇ် ချူပိန်က ခဏကြာ စဉ်းစား သုံးသပ်ကာ လက်ရမ်းမိသည်။
"မင်းတို့ တောင်းဆိုတာကို လက်ခံရမှာပေါ့…"
"အရှင်မင်းကြီး စဉ်းစားပါဦး…"
ဘေးတွင် ရှိနေသည့် မိန်းမစိုးက သတိပေးစကား ဆိုနေသည်။
"ဒါက တော်ဝင် အရှင့်သားရဲ့ အဖိုးတန် ခန္ဓာကိုယ်ပါ…"
"သူတောင် သေပြီလေ… ခန္ဓာကိုယ်ကျန်တော့ကော ဘာအရေးလဲ… ဒါက ငါ့နေရာဝင်ပြီး ထီးနန်းဆက်ခံနိုင်မှာလား…"
ဧကရာဇ် ချူပိန်က မျက်မှောင်ကြုံ့၍ ဒေါသတကြီး မှတ်ချက်ပေးသည်။
"အနည်းဆုံး အလုပ်ဖြစ်ရင်တော့ လူသတ်သမား ဘယ်သူဆိုတာ သိဖို့ကူညီပေးနိုင်ရင် ကောင်းမယ်…"
မိန်းမစိုးဖြစ်သူက တုန်လှုပ်ခြောက်ခြားစွာဖြင့် ဒူးတုပ်သွား၏ ။ ထို့နောက် မြေပြင်၌ ဒူးထောက်ကာ တောင်းပန်ကြောင်း ရေရွတ်နေတော့သည်။
ဧကရာဇ် ချူပိန်က အသက်ပြင်းပြင်းရှူသွင်းကာ ဒေါသအား ထိန်းချုပ်လိုက်သည်။ ထို့နောက် ပိုင်ချူးရန်နှင့် တန်ရော်ဝေတို့အား စိုက်ကြည့်ကာ…
"ဒီနှစ်ယောက်က အဖော်တွေလား… သူတို့ အင်အားကကော…"
"မဟုတ်ဘူး… ဒါက မောင်လေး… ကျင့်ကြံမှု သိပ်မမြင့်သေးဘူး…"
ကျိုးယန်ဖေးက သေချာရှင်းပြနေသည်။
"ဒါပေမယ့် သူကတော့ ငါ့လိုပဲ နာမည်ကြီး ဂိုဏ်းတခုက ပြီးတော့ငါ့ထက်တော့ အားမနည်းဘူး…"
"အို…"
ဧကရာဇ်က တန်ရော်ဝေအား ကညည့်ကာ သုံးသပ်လာသည်။
"အားနည်းတဲ့ မိန်းကလေးပဲ…"
"အရှင်မင်းကြီး ကျွန်တော်မျိုးမလည်း မိန်းကလေးပါပဲ…"
ကျိုးယန်ဖေးက ဝင်ပြောသည်။
"မတူဘူး… တချက်ကြည့်တာနဲ့တင် မင်းက သူရဲကောင်းဆန်ပြီး သန်မာတာ မြင်ရတယ်…"
ဧကရာဇ်က လက်ရမ်းကာ ပြောပြန်သည်။
"ဒါပေမယ့် ဒီကောင်မလေးကတော့ အားနည်းတယ်… သူသာ စကားပြောမလာရင် သာမန်လိုပဲ… ငါ့သမီးတော်တွေလိုတောင် မဟုတ်နေဘူး…"
…ငါက မိန်းကလေးမဆန်တော့ မိန်းမ မဟုတ်ဘူး ပြောချင်တာလား…
ကျိုးယန်ဖေးက မျက်နှာပျက်သွားတော့သည်။